လိုမိုဂရပ်ဖီ( Lomography )


လိုမိုဂရပ်ဖီ(Lomography) အကြောင်း မြန်မာပြည် စာဖတ် ပရိတ်သတ် သိသူနည်းကြလိမ့်မယ် ထင်တာနဲ့ သိအောင်၊ ပြီးတော့ လိုမို ကင်မရာတွေ အကြောင်း တစေ့တစောင်းအပြင် လိုမိုကင်မရာတွေနဲ့ ရိုက်ထားတဲ့ ပုံတွေ တွေ့ဖူး မြင်ဖူးအောင်လို့ ဆိုပြီး ရေးဖို့ အကြံဖြစ်လာတာပါ။

ဓါတ်ပုံပညာရပ် အကြောင်း ရေးသည့် အကြောင်းအရာ မဟုတ်သည့် အတွက် လူတန်းစားအားလုံး နားလည်စေသည့် အသုံးအနှုန်းများသာ ရေးထားလေသည်။

ကိုယ်ကိုယ်တိုင် လည်း လိုမိုဂရပ်ဖီ အကြောင်း သိလာတာ လွန်ခဲ့တဲ့ ခုနစ် နှစ်ကျော် ၊ ရှစ်နှစ် လောက်တုန်းကပါ။ အဲဒီတုန်းက ဒီ လိုမိုအကြောင်း စိတ်ဝင်စားသူတွေ အလွန်နည်းသေးတယ်။ ပြီးတော့အဲဒီ အချိန်အခါတုန်းက လိုမိုကို ရိုက်ပြီးရင် ရိုးရိုး ဓါတ်ပုံဆိုင်တွေမှာ ကူယူ ပုံတွေ ထုတ်လို့မရဘူး။ ဘာလို့လဲဆိုတော့ လိုမိုကင်မရာက ရိုးရိုး ဓါတ်ပုံဖလင်ကို အသုံးပြုထားခြင်း မဟုတ်ပဲ၊ သီခြား လိုမိုဖလင်ကို အသုံးပြုထားတာဖြစ်တယ်။

လိုမိုဖလင်ကို ပုံထုတ်ချင်တယ်ဆိုရင် ဖလင်လိပ်ကို စာတိုက်ကနေတဆင့် ပုံကူယူပေးတဲ့ ဆိုင်ဆီကို ပို့ပေးရတာ။ လိုမိုဖလင်လိပ် ဝယ်မယ်ဆိုရင်လည်း အင်တာနက်က မှာရတာဆိုတော့ လူထုလူတန်းစားတွေအားလုံးထဲကို ထဲထဲဝင်ဝင် အလွယ်တကူ ရောက်မလာသေးဘူးပေါ့။

ဒါပေမယ့် အခုနောက်ပိုင်း ထုတ်လာတဲ့က လိုမိုကင်မရာတွေကတော့ ရိုးရိုးဖလင်တွေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ စာရေးသူ အသုံးပြုသော Yasuhara T981 (Kinkakuji Gold Edition) http://shop.lomography.com/yasuhara/t981.html ကင်မရာသည် လိုမိုကင်မရာ တစ်ခု
မဟုတ်ပေမယ့် လိုမိုကင်မရာ ထုတ်လုပ်သည့် အဖွဲ့အစည်း၌သာ ဝယ်ယူရရှိနိုင်သော ကင်မရာအမျိုးအစားဖြစ်သည်။ ထုတ်လုပ်စဉ်က အလုံးရေ ငါးဆယ်သာ ထုတ်လုပ်ခဲ့သည့် အတွက် ယခုအချိန်တွင် ထိုကဲ့သို့ ကင်မရာမျိုးအား ဝယ်ယူ၍ မရနိုင်တော့ပေ။

(လိုမိုပုံ မဟုတ်ပါ)




ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ ကင်ကဂုချိ ဘုရားကျောင်း(Kinkakuji Temple) သို့ စာရေးသူ ရောက်စဉ်က ထိုဘုရားကျောင်း၏ အနုပညာမြောက်ပုံ၊ အေးချမ်းတည်ငြိမ်ဟန်တို့က စာရေးသူအား အလွန်စွဲဆောင်ပါသည်။ ယခု Yasuhara T981(Gold Edition) ကင်မရာသည် ထို ကင်ကဂုချိ ဘုရားကျောင်းကို ရည်စူး ထုတ်လုပ်ထားသည်။

ဒီ လိုမိုကင်မရာတွေနဲ့ လိုမိုဂရပ်ဖီ နည်းပညာတွေကို စတင်ခဲ့တာက သြစတီယား(Austria) နိုင်ငံ လိုမိုအဖွဲ့အစည်းမှ ဖြစ်ပါသည်။ လိုမိုဆိုသည့် အမည်သည် ပထမ ကမ္ဘာစစ်အတွင်း သေနတ်ပစ် မှန်ပြောင်းများ ထုပ်လုပ်သော ရုရှား(Russia) နိုင်ငံမှ လိုမို ကုမ္ပဏီကို အစွဲပြုလျက် မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဒီနေရာမှာ လိုမိုကင်မရာနဲ့ ရိုက်ပြီး ထုတ်ထားတဲ့ ပုံတွေကို ဓါတ်ပုံ(Photo) လို့ မခေါ်တော့ဘူး။ လိုမို(Lomo) လို့ပဲ ခေါ်ဝေါ် သုံးစွဲတယ်။ ဒီအသုံးအနှုံးကို စတင်သုံးစွဲ့လာကြတာလည်း သိပ်ပြီးတော့ မကြာကြသေးဘူး။ လွန်ခဲ့တဲ့ ကိုးနှစ်၊ ဆယ်နှစ်လောက်ကပဲ။ လိုမိုကင်မရာတွေကို စတင် တီထွင်ရောင်းချခဲ့တဲ့ လိုမို အဖွဲ့အစည်းကပဲ စတင် သုံးစွဲခဲ့ကြတာ။

မြန်မာစကားမှာ ဖိုတို(photo) ဆိုတဲ့ အင်္ဂလိပ်စာလုံးအတွက် ဓါတ်ပုံဆိုတဲ့ ဝေါဟာရ ရှိတယ်။ လိုမို(Lomo) ဆိုတဲ့ စာလုံးအသစ်အတွက်တော့ မြန်မာဝေါဟာရ မရှိသေးဘူး။ အင်္ဂလိပ်စကားလုံးကို မွေးစာသမှုပြုပြီး လိုမိုလို့ပဲ ခေါ်ရမလား၊ ဓါတ်ပုံလို့ပဲ ဆက်လက် ခေါ်ဝေါ်သုံးစွဲကြမလားဆိုတာ ဒါက ခေတ်ကာလ လူအဖွဲ့အစည်း လူတွေ လက်ခံကျင့်သုံးလာမဲ့ အပေါ်မူတည် သလို၊ ဘာသာစကားတွေ တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားပုံတို့နဲ့လည်း ဆိုင်မှာပေါ့။

လိုမိုဂရပ်ဖီ ဆိုတာက လျှပ်တပြက်ရိုက်တဲ့ ပုံတွေ၊ နေ့စဉ် ရိုးရိုး သာမန် အဝတ်အစားတွေနဲ့ လူတွေ သွားလာလှုပ်ရှားပုံတွေ၊ အရောင်းအသွေးစုံတဲ့ အဆောက်အဦးပုံ တွေကို ဦးစားပေးလေ့ရှိသည်။ လိုမိုပုံတွေကို ကြည့်လိုက်ရင် အရောင်အသွေး စိုစိုပြေပြေနဲ့ တောက်ပနေလေ့ရှိပြီး၊ အိပ်ဇ်ပိုရှာ(exposure) လည်း မျှတရန် မလို၊ ပုံထဲတွင် ပါဝင်သော အရာများ(objects) သည်လည်း တခါတရံ ဝေဝါးနေတတ်သည်။





လိုမိုပုံများသည် မမျှော်လင့်ပဲ ရုတ်တရက် ချက်ကောင်းကို ယူပြီး လျှတ်တပြက် ရိုက်လိုက် သကဲ့သို ထင်ရကာ ပုံအရိုက်ခံရသူ၊ သို့မဟုတ် ရိုက်လိုက်သူ၊ သို့်မဟုတ် ပြင်ပမှ ကြည့်ရှု့ခံစားသူအနေဖြင့် "ဟာ..ဒီပုံလေး ရိုက်ဖြစ်လိုက်သလား .. ရိုက်မိလိုက်သလား...ကောင်းတယ်" ဟုပြောရလောက်အောင် ပျော်ရွှင်မှုပေးနိုင်လေသည်။

လိုမိုကင်မရာကို အသုံးပြုသူများအနေဖြင့် ခက်ခဲသော ဓါတ်ပုံပညာရပ်များ အကြောင်း စဉ်းစားသိရှိရန် မလို။ ရိုးရှင်းသော ပကတိစိတ်ဖြင့်သာ မိမိ စိတ်ကူတည့်ရာ အတိုင်း နေ့စဉ် ဖြစ်ပျက်လေ့ရှိသော မြင်ကွင်းများ၊ ပတ်ဝန်ကျင်၊ ရှု့ခင်း၊ လူများ လှုပ်ရှားသွားလာဟန်များကို လွယ်ကူ လျက်မြန်စွာ မှတ်တမ်းတင်ရုံပင်ဖြစ်သည်။ ထို့အပြင် လိုမိုကင်မရာများသည် အလွန်အားနည်းသော အလင်ရောင်ရှိသည့် အနေအထားများအောက်တွင် ပုံများကို ရိုက်ယူလို့ ရသည်။

လိုမိုဂရပ်ဖီ၏ ဆောင်ပုဒ်သည် "မစဉ်းစာနဲ့၊ ရိုက်လိုက်ပါ" ဟုဆိုထားသည်။ ဆိုသည့်အတိုင်း မိမိတို့ မျက်စိအောက်တွင် ရောက်လာသော မြင်ကွင်း၊ အရာဝတ္ထုမှန်သမျှ တွေမြင်သည့် အတိုင်း ပုံများကို ရိုက်ယူလို့ ရပါသည်။ လိုမိုကင်မရာ အမျိုးအစား အများစု၏ မှန်ဘီလူး(Lens) များသည် ထူးခြားသော ရိုက်ချက်များ၊ ဆန်းသစ်သော အရောင်သက်ရောက်မှုဖြင့် ပုံများရရှိစေရင် ထုတ်လုပ်ထားပါသည်။

အချို့သော ဓါတ်ပုံပညာရှင်များက လိုမိုကင်မရာ အချို့၏ မှန်ဘီဘူးများ စွမ်းဆောင်နိုင်ချက်ကြောင့် ရလာသည် ပုံများသည် အဆန်းမဟုတ်။ ကွန်ပျုတာ ဂရပ်ဖစ် ဆော့ဖ်ဝဲ(Graphic Software)များ အသုံပြုကာ ကွန်ပျုတာနည်းပညာဖြင့် ဖန်တီးယူ၍လည်း ရနိုင်သည်ဟု ဆိုကြသည်။

ဒီဂျစ်တယ် ကင်မရာများ ခေတ်စားနေချိန်တွင် လိုမိုအဖွဲ့မှ ရိုးရိုးဖလင်ကိုသာ အသုံးပြုသော ခေတ်ဟောင်းမှ ပုံစံများကို အခြေခံကာ ဒီဇိုင်းဆန်းသည့် ကင်မရာများကို အောင်မြင်စွာ ထုတ်လုပ်ရောင်းချလျက်ရှိနေသည်။

လိုမိုကင်မရာများသည် မှန်ဘီလူး တစ်ခုမှ လေးခုအထိပါသည့် အမျိုးအစားများ မျိုးစုံရှိသည်။ မှန်ဘီလူး လေးခုပါသော လိုမိုကင်မရာသည် ဖလင်တကွက်ထဲအတွင်း ပုံရိပ်လေးမျိုး ထုပ်လုပ်ပေးနိုင်စွမ်းရှိသည်။





တစ်ခုတော့ ရှိသည်။ ဖလင်ကင်မရာဖြစ်သည့် အတွက် ဖလင် တစ်လိပ်လုံးကုန်မှ ထိုဖလင်လိပ်ကို ကူးဆေးကာ မိမိရိုက်ထားသော ပုံများကို ကြည့်နိုင်လေသည်။ ဒီဂျစ်တယ် ကင်မရာဆိုရင်တော့ ခုရိုက် ခုကြည့် ၍ရသည်။






အနန္တမေတ္တာဖြင့်
ဘကောင်း

ဟိုတုန်းက စာစု


ချစ်ဇနီးက ကိုယ့်ရဲ့ စာတိုပေစ၊ လက်ရေးစာအုပ်တွေ အမြဲသိမ်းထားတဲ့အတွက် အဲဒီအထဲက ထွက်လာတဲ့ စာအုပ်တစ်အုပ်ထဲမှာ ရေးတို့ထားတဲ့
ဟိုတုန်းက စာစုတစ်စုပါ။ ဘယ်က ဘယ်လို ရေးတို့လိုက်တယ်ဆိုတာတော့ မမှတ်မိတော့ပါ။ ဒီကနေ့ ပြန်ဖတ်မိပြီး ပြန်ကြိုက်လို့ ရေးပေးလိုက်တယ်။

ငါတို့ဟာ လူငယ်တွေဖြစ်တယ်။
ဒါပေမယ့် ငါတို့ဟာ လမ်းပေါ်မှာ ရည်ရွယ်ချက် မရှိ၊ မျှော်မှန်းချက် နတ္ထိနဲ့ လျှောက်နေတဲ့ လူငယ်တွေ မဟုတ်ဖူး။
          ငါတို့မှာ   ယုံကြည်ချက်ဆိုတာ      ရှိတယ်။
          ငါတို့မှာ   မျှော်လင့်ချက်ဆိုတာလဲ  ရှိတယ်။
          ငါတို့မှာ   အားမာန်နဲ့ သတ္တိလဲ      ရှိတယ်။

ငါတို့တတွေဟာ
          အားမာန်        ကို   အားမာန်ချင်း
          သတ္တိ            ကို   သတ္တိချင်း
          ယုံကြည်ချက်   ကို   ယုံကြည်ချက်ချင်း
          မျှော်လင့်ချက်  ကို   မျှော်လင့်ချက်ချင်း
          အားပြိုင် တိုက်ခိုက်ကြရလိမ့်မယ်။


အနန္တမေတ္တာဖြင့်
ဘကောင်း

ဗယ်လင်တိုင်းလားကွယ်..လို့


မောင်ရေ...
အုံးစက်ရာထက် မိန်းမောမူးခိုက်
တီတာချိုမြ လေညင်းသွဲ့လို့
ပွင့်လွာပန်းချပ် ဖွဲဖွဲလှုပ်မျှ
ရွရွကြွေလို့ မြေမှာခသို့
သံသာနှောတဲ့ ဖွဖွခေါ်သံ
နားမှာသဲ့သဲ့ ကြားရခိုက်ဝယ်
အိမ်သူသက်ထား ချစ်ဇနီးက
လာလဲှ့ ထလှဲ့ တွန်းထူ လှုပ်နိုး
အနမ်းမိုးကြဲ လွှမ်းမိုးဆဲမှာ
တစ်မိုးသောက်လို့ တစ်လင်းသစ်ကာ
နိုးထရသည် နံနက်ခင်း။

မောင်ရေ...
မွေ့မွေ့ညင်သာ ရစ်ကာနှောင်သိမ်း
ပွေ့ယူချီလှဲ့ ထွေးပွေ့လှည့်လို့
ဆောင့်ဆောင့်ခြေပြင်း ငြူစူနူတ်ခမ်း
ကမ်းလင့်လက်နဲ့ မျှော်ကာစောင့်ငှဲ့
ရင်အုပ်ကျယ်ကျယ် ပခုံထက်ဝယ်
ဟီလေးခိုစီး တွဲကာနားမှ
နွေးထွေးလုံခြုံ စက်ပျော်တတ်၏
စကားလည်းဆို ချော့မြူတတ်သည်
ကြောက်အားနွဲ့ပို သူ့လိပ်ပြာအား
မှီနားမှေးမှိတ် တိုးတိတ်ဆိုညည်း
တေးသိပ်ရသည် နေ့လယ်ခင်း။

မောင်ရေ...
ကြည်နူးမဆုံး တပြုံးပြုံးနှင့်
ပြန်လာရာလမ်း ဝေးတစ်ဆုံးသို့
ဝမ်းသာအယ်လှဲ မျှော်ကာစောင့်ကြည့်
မောင့်ခြေသံကြား ကိုယ်ထင်ပြမှ
အလွမ်းလည်းပြေ နေစိမ့်ပျော်သည်
တို့ဖူးဖြူကို ဟင်းရည်လုပ်လို့
တူယှဉ်နှစ်ကိုယ် လက်ချင်းဆုံကာ
နှစ်တစ် ခေါ်တဲ့ နှစ်ယောက်တစ်ပွဲ
ချိုမြိန်ဆိမ့်ဆိမ့် နွဲတဲ့ညစာ
ဆီမီးဖယောင် မငြိမ်းသရွေ့
တူယှဉ်တွဲမယ့် ညနေခင်း။

အနန္တမေတ္တာဖြင့်
ဘကောင်း

သားချစ် အမေ


အမေ့သည်းညှာ သည်ချစ်သားလည်း
ငယ်သွေးလည်းပျောက် လူလုံးမြောက်ခဲ့ပါပြီ။

တစ်မိတစ်ယောက် ထွန်းပြောင်မြောက်ဖို့
မေ့ချစ်သားလည်း
ရိုးကုတ်အားထုတ် ကြိုးစားခဲ့ပါသေးသည်။

အမေ့မေတ္တာ သားရင်တွင်းမှာ
စွမ်းရည်သတ္တိ ခွန်အားအဖြစ်
ဖြစ်တည်လန်းဆန်း တည်တံနေပါသည်။

သားလျှောက်လှမ်းရာ သည်ပန်းတိုင်ဆီ
လှမ်းရာခရီးဝယ်
ပုလဲဥသွယ် မေ့မျက်ရည်လမ်း
နင်းလျှောက်ခဲ့ရ ပါသေးသည်။

မေတ္တာရင်လှိုင်း မေ့ရှိုက်သံလည်း
ရင်မှာမချိ သောကအတိ
ကြိမ်ဖန်များစွား ကြားခဲ့ရသေးသည်။

သားလျှောက်လှမ်းရာ သည်ခရီးက
အမေ့ဆီလား ဝေးရာလားလို့
ကြိမ်ဖန်များစွာ စဉ်းစားမိလည်း
သားချစ်မောင်ကား
ပို၍ပို၍ ဝေးရာဆီမှာ
အမေ့ရှိုက်သံ လွမ်းဆွေးမှုမှာ
မျှော်ရမ်းမှန်းဆ တမ်းတတနှင့်
နှစ်လရာသီ ပြောင်းခဲ့ပါပြီ။

အနန္တမေတ္တာဖြင့်
ဘကောင်း
(ဒီဇင်ဘာလ၊၂၀၀၀)

ဟိုတုန်းက အပျင်းပြေ


နယူယောက်ရွာခေါ် သည်စခန်းမှာပ
သင်္ကြန်ရခိုင် သဘင်ပွဲကို
ဆင်ယင်ကာကျင်းပ ကြတာမို့
ပေါင်းဖော်နဲ့ ဆွေသဟာ
ဟိုဟိုဒီက ရွှေမြန်မာနဲ့
ကညာမဒီ မရွှေချောတို့
ပေါင်းဆုံကြ ဤဌာနီ
စားစရာစုံ ပျော်ရွှင်စရာ ကစားပွဲ
ဈေးရောင်းသူ မယ်မြန်မာတို့
ပြောဆိုပုံ ဆန်းဟာဖြင့်
အီဖေကိုယ် ပြုံးမိရပြန်
ကိုယ်မေးတော့ "ဘယ်လောက်လဲ"
မအဝှာ မသိတဲ့ဈေးနုန်း
လှည့်မေးကာ မြန်စကားနဲ့
ကိုယ့်ကို ပြောတော့
"သစ် စ် အစ် စ် ဖိုး ဒေါ်လာ ပါ"

အနန္တမေတ္တာဖြင့်
ဘကောင်း
(ဂျုလိုင်လ၊၂၀၀၁)

ရေသန့်ဘူး


(က)
လေးတွဲနေသော မျက်ခွံကို အတင်းအားယူဖွင့်ကြည့်လိုက်တော့ နေရောင် အလင်းစစ ပျိုးလို့ အိမ်ထရံ အပေါက် တွေထဲကနေတောင် နေပျောက်လေးတွေ အတင်းတိုးဝင်ရောက်နေကြပြီ။ နှင်းက သိပ်ပြီးတော့ မကွဲချင်သေး။ ရထားဝင်လာတော့မယ့် အချိန်က နီးနေပြီကော။

ဒီနှစ် မန္တလေး ဆောင်းက ခါတိုင်းနှစ်တွေထက် ပိုလို့တောင် အေးတယ် ထင်ပါရဲ့။ နှင်းမှုံ ဝေ့ဝေ့ ဝါးဝါးကို ဆောင်းနံနက်ခင်း အာရုံတက် နေက မနည်း ဖြိုခွဲပြီး အလင်းရောင်တန်း မျှင်မျှင်စစ တွေက တဖြည်းဖြည်း တိုးဝင်ကာ နေရာယူနေသည်။ ရထား လမ်းဘေးတစ်လျှောက် ဟိုတစ်စ ဒီတစ်စ ကိုယ်စီ မီးလှုံနေကြတဲ့ မီးဖိုတွေဆီက မီးခိုးတွေကလည်း ဝေ့ကာ ဝေ့ကာနဲ့ လေထုထဲက နှင်းတွေကို မောင်းထုတ်ပစ်နေသည်။

ဟိုဟိုဒီဒီ မြက်ခင်းပြင်စုက တစ်ညလုံး ဖမ်းဆုပ်ယူထားသော နှင်းရည်စက်ကလေးများကို ရွက်ဖျားလေးများအပေါ်တွင် တွဲလောင်း ချိတ်ခိုစေလျက် နံနက်ခင်း နေတက် အလာကို စောင့်စားကာ နေခြည် နွေးနွေးထွေးထွေအောက်တွင် တလက်လက် တောက်ပနေလေ့ရှိသည်။

လယ်ကွင်း ရိုးပြတ်ကို ဖြတ်ပြီး တသွေ့သွေ့ တိုက်ခတ်လာတဲ့ ဆောင်းလေက စိမ့်ကနဲ့ စိမ့်ကနဲ့ အရိုးထိအောင် ကျဉ်ပြီး အေးလွန်းလှသည်။ တစ်ညလုံ အအေးဒဏ် ကြံကြံခံခဲ့ရသည့် အိမ်ခေါင်းမိုးနှင့် အိမ်နံရံတို့သည်လည်း နှင်းရည်တို့နှင့် စိုစိုစွတ်စွတ် ဖြစ်နေသည်။ အိမ်လိုသာ ဆိုရတယ် တကယ်တော့ တဲပါ။ အဝင်းအကာလည်း မရှိ။ တဲ နံရံကလည်း ကျိုးတို့ကျဲတဲ အပေါက်တွေနဲ့။ ဝါးကပ်ကို ဂုန်နှီအိပ်နဲ့ တွဲပြီး ကာရုံလေး ကာထားရတာ ဆိုတော့ အအေးဓာတ်က ဝင်ချင်တိုင်း စိမ့်စိမ့်ပြီး ဝင်တော့တာပေါ့။

အိမ်အင်္ဂါရပ် နဲ့ ညီတာဆိုလို့ ကိုယ်တစ်ပိုင်းပေါ် အိမ်သာလေး တစ်ခုတော့ ရှိပါတယ်။ တဲ အနောက်ဖက်မှာ။ ကျင်းတူးပြီး ဝါးတိုင် လေးတိုင် နဲ့ ထိုင်စရာ နေရာကို ဂုန်နှီအိပ်ကလေးနဲ့တွဲပြီး ကားထားရုံလေးပါ။ အိမ်သာ ဆောက်ခါစတုံးက ဝါးကပ်ကလေး တစ်ချပ်စီတော့ ဘေးနှစ်ဖက်မှာ ကားထားပါရဲ့။ ဒါပေမယ့် စက္ကူအစား ဝါးကပ်က ဝါးချောင်းတွေ ချိုး ချိုးပြီး အိမ်သာ နောက်ဖေး ကိစ္စကို ဖြေရှင်း ကြရတော့ ဝါးကပ်လည်း တဖြည်းဖြည်းနဲ့ ကုန်ပြီး ဂုန်နှီအိပ်ပဲ ကျန်တော့တယ်။

ဟိုဘက်အိမ်က လှမောင်တို့ မွေးထားတဲ့ လင်းကြက်ကလည်း တွန်ပြီးသွားပြီ။ အိမ်ဘေးနား ဘုံးကြီးကျောင်းဆီက အုံးမောင်းလည်း ခေါက်ပြီးသွားပြီ။ အိပ်ရာက မထချင်သေး။ ဆောင်လေနဲ့ အတူ လှမောင်တို့ အိမ်နောက်ဖေး ဝက်ခြံက ဝက်ချေးနံ့က သုတ်ကနဲ ဝေ့ပြီး ပါလာတယ်။ တဲအနောက်က အိမ်သာ အနံ့ကလည်း တခါတရံ တွဲပြီးပါလာတတ်သေးတယ်။ လေ ဘယ်ဘက်က ဘယ်လို ဝေ့ပြီး ဖြတ်သန်းလာတယ်ဆိုတာ ကျင့်သားရပြီး ယဉ်ပါးနေတဲ့ နားခေါင်းက အလိုလို သိနေသည်။

ကိုယ့်အိမ်က အိမ်သာနံကို ရှုရှိုက်မိတော့မှာ အိမ်သာကျင်း အသစ် တူးရအုံးမှာ ပါလားလို့ သတိရမိတယ်။ နေရာလွတ်တွေကတော့ အများကြီး။ ဒါပေမယ့် ဒီတစ်ခါတော့ ရထားဖြတ်သွားရင် မမြင်ရတဲ့ ဖက် ကွယ်ပြီးတော့ ဆောက်မှ။ အခုအိမ်သာက အိမ်သာတက်နေတုံး ရထားဖြတ်သွားရင် ကိုယ်က ငုတ်တုန်ကြီး ကိုယ်တစ်ပိုင်းပေါ် ထိုင်နေတာကို ရထားပေါ်ကလူတွေက မြင်နေရတာ။ အဲဒါကို မိန်းမဖြစ်သူက တဗျစ်တောက်တောက် ပြောလို့ကို မပြီးနိုင်ဘူး။

(ခ)
အအေးဒဏ်ကြောင့် ခြေထောက် နှစ်ခုလုံးကလည်း တင်းပြီး တောင့်တောင့်ကြီး ဖြစ်နေသည်။ ရှိစုမဲ့စု ဆောင်စုတ်ကလေးကို ကွေးကွေးလေး အတင်းလုခြုံထားတဲ့ အငယ်ကောင် နဲ့ အကြီးမ ကို ကြည့်ပြီး ငယ်ငယ်တုန်းကလည်း သူတို့လို ခြုံခဲ့ရတာ သတိရမိသည်။ တကယ်တော့ ဘကောင်းတို့လို့ ရထားသံလမ်းမ နံဘေး မြို့အပြင် ရွာနီးချုပ်စပ်မှာ နေရတဲ့ဘဝက ဘာမှ မပြောင်းလဲသေးဘူး။ ကိုယ်တွေတုံးကလည်း ဒီလို ဘဝ။ နောက် ကိုယ်က မွေးထားတဲ့ သားသမီးတွေလည်း ဒီလိုဘဝပဲပေါ့။ ဘာထူးဆန်းတာ လိုက်လို့။

ကိုယ်က လယ်ထွန်ရအောင် လယ်သမားလည်း မဟုတ်။ လယ်မြေ၊ လယ်ထွန်နွား၊ ထွန်တုံး၊ လယ်အကြောင်း ဘာမှ နားမလည်။ ဒီတော့ လယ်မလုပ်။ အတန်းပညာလည်း မတတ်တော့ လုပ်ကိုင် မစားတတ်ဘူး။ တကယ်တော့ ဘကောင်းဘဝက အိမ်ခြေမဲ့ သာသာပါပဲ။ မိန်မနဲ့ ကလေးနှစ်ယောက် ရှိနေလို့သာ မိသားစု တစ်စုကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံမှာ နေတဲ့ မြန်မာ နိုင်ငံသားလို့ ခေါ်လို့ရတာ။ နေစရာက မရှိတော့ မြို့ အပြင်ထွက်၊ လယ်ကွက်တွေ နားက မြေကွက်လပ် တစ်ခုမှာ တဲလေးထိုးပြီး နေကြရတာပေါ့။

နောက်တော့ ကိုယ်လို ဆင်းရဲမွဲပြာကျနေတဲ့လူတွေ သိပ်ပြီး များသွားတော့ ရပ်ကွက်ဖြစ်လာတော့တာပဲ။ လှမောင်ကတော့ နောက်မှ ရောက်လာတာ။ ဒါပေမယ့် ဝက်ပိုင်ရှင်တောင် ဖြစ်နေပြီ။ ဒီကောင့် မိသားစုက နည်းနည်း လည်လည်ဝယ်ဝယ် ရှိတယ်။ ဒီကောင့် သမီးတွေဆိုရင် ရပ်ကွက်ဘေး ဘုန်းကြီးကျောင်းမှာ နေ့ခင်းဖက် ဘုန်းကြီးတွေ ဆွမ်းကျန်စွန့်တဲ့အချိန်ဆိုရင် အမြဲ အရင် ရောက်နေလေ့ ရှိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကောင့် မိသားစုက ကိုယ့်မိသားစုထက်စာရင်တော့ ဗိုက်ထဲကို ဖြည့်ဖို့ ထမင်းလေး တစ်လုပ် နှစ်လုပ် ဘုန်းကြီး စွန့်တာရတတ်တယ်။

ဒီကောင့် ဝက်ကလည်း အိမ်တကာ လှည့်ပြီး တွေ့ရာစား၊ တခါတရံ လယ်ကွင်းထဲအထိ ရောက်သွားပြီး လယ်သမားတွေရဲ့ ပြောင်းဖူးခင်းတွေကို မွှေလေ့ ရှိတယ်။ ဘယ်တော့ ဟင်းအိုးထဲ ရောက်သွား မလဲ မသိဘူး။ ဟိုတလောဆီကပဲ လယ်သမား ဦးအောင်ထက်က ဒီကောင့်ဝက်ကို ဓားကြိမ်း ကြိမ်းထားပြီးပြီ။လှမောင် ကလည်း ဘယ်ခံမလဲ။ သူ ချမ်းသာသမျှ ဒီဝက်ကလေး တစ်ကောင်ပဲ ရှိတာ။ ဒီဝက် ဝမ်းဝဖို့ ကိုလည်း သူစဉ်းစားရအုံးမှာပေါ့။

ဘကောင်းတို့ အဲဒီနေ့တုန်းက ငါးသွား ထောင်နေတော့ ပွဲကြီးပွဲကောင်း ရန်ဖြစ်တာ လွတ်သွားတယ်။ ဘယ် ဘကောင်းသာရှိရင် လှမောင်ကို ကူပြီး နှက်ပြီးသာပဲ။ ဒီကောင် ဝက်ပေါ်ရင် ကိုယ်လည်း ရောယောင် ဝင်ပြီး လက်ဝေခံလို့ ရတာပေါ့။

ဒီဝက်ကလေးကလည်း စုဖူး စုသလို ငယ်ငယ်လေးကတည်းက မွေးလာတာ အခုဆိုရင် တော်တော် ကြီးပြီး စူစူဖြိုးဖြိုးတောင်ဖြစ်နေပြီ။ ဒီကောင် ဝက်ပေါ်မယ် ပေါ်မယ်နဲ့ ပြောပြောနေတာ ဘယ်တော့ ပေါ်မလဲ မသိဘူး။

လှမောင်အိမ်က ဝက်ချေးနံ့ကို အိပ်ရာ မထခင် တချက် ရှုရှိုက်လိုက်ပြီး အငယ်ကောင် နဲ့ သမီး အကြီးမကို မန္တလေး ရထား အမှီ နိုးရတော့မယ်။ ဆောင်ရာသီရဲ့ ချမ်းအေးလှတဲ့ နံနက်ခင်းမှာ အခုလို ဆက်အိပ်ရရင်တော့ ထမင်းငတ်မှာ အသေအချာပဲ။

“အေးမ… ချမ်းသာ… ထတော့.. မင်းဘိုးအေ ဟိုမှာ ရထား ဝင်လာတော့မယ်”


(ဂ)
အဓိက က အငယ်ကောင် ချမ်းသာ။ ဒီကောင်က အခုဆိုရင် ခြောက်နှစ်ပြည့်ပြီး ခုနစ် နှစ် ထဲ ရောက်နေပြီ။ အမြဲ ဆာလောင်နေတဲ့ ဗိုက်ကလေးနဲ့ အစာရေစာ ကောင်းကောင်း မစားရတော့ လူကောင်က ထွားသင့် သလောက် မထွားပဲ ပိန်လှီနေတာ။

ဘကောင်း ဘဝက မိဘအစဉ် အဆက် ဆင်းရဲလွန်းလို့ အငယ်ကောင်မွေးတော့ ဒီကောင့်ကို ဆင်းရဲတွင်းထဲက လွတ်ပါစေတော့ ဆိုပြီး နာမယ်ကို ချမ်းသာ လို့ ပေးခဲ့တာ။ မိဘအနေနဲ့ ချမ်းသာတဲ့ အမွေ ပေးနိုင်တာဆိုလို့ နာမယ် ပဲ တတ်နိုင်တာလေ။

ဒါပေမယ့် ဒီကောင့် ဆိုရင် ဘယ်လို စန်းပါမှန်းမသိဘူး လူတိုင်းက ချစ်ပြီး သနားကြတယ်။ မျက်လုံး မျက်ဆံ နက်နက် ဝိုင်းဝိုင်း၊ ဆီနဲ့ ဝေးနေလို့ နီကြောင်ကြောင် ဆံပင် ကွေးကွေးကောက်ကောက် လေးတွေနဲ့ ကလေးသဘာ၀ အရာရာကို အပြစ်ကင်းစင်တဲ့ မျက်လုံးနဲ့ ပဲ ကြည့်ရှုတတ်တယ်။

အကြီးမ အေးမနဲ့ ချမ်းသာ က အထက်အောက် နှစ်နှစ်ပဲ ကွာတယ်။ အေးမက ချမ်းသာလောက်တော့ စန်းမကောင်းဘူး။ ဒါပေမယ့် အငယ်ကောင် ချမ်းသာကို သူလိုက်ပြီး ကြည့်ပေးဖော်ရတယ်။ သူတို့ မောင်နှမ နှစ်ယောက် ပေါင်းရင်တော့ မန္တလေး ရထားတစ်စင်း ဝင်လာတိုင်း ရေသန့်ဘူးခွံလေးတွေ အနည်းဆုံး ငါးဘူး၊ခြောက်ဘူးလောက်တော့ ရတတ်တယ်။ ကံကောင်းတဲ့ နေ့တွေဆိုရင် သူတို့ လက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ အိမ်ပြန်လာတယ်။ ဆယ်ဘူးကျော်ကျော်လောက်တော့ စီတာပေါ့။

ရေသန့်ဘူးခွံတွေကလည်း ရိုးရိုးသာမန် ဘူးအခွံအကျွတ်ဆိုရင်တော့ ငါးကျပ်၊ အခွံအပျော့ ပလပ်စတိပ်သား အနှောက်ဆိုရင် နှစ်ဆယ်ကျပ်လောက် အထိ ရတတ်တယ်။ သောက်ရေသန့်အပြည့်ပါတဲ့ ရေသန့်ဘူး တစ်ဘူး အနိမ့်ဆုံး ငွေတစ်ရာကျပ်လောက် ရှိတဲ့ ခေတ်ကြီးထဲမှာ၊ ဘူးခွံတွေက ပြန်ရောင်းစားလို့ရတာတယ်။ ဘကောင်းတို့မိသားစုကတော့ အလကားရတဲ့ မြစ်ရေပဲသောက်ပြီး သူများတွေ ရေသန့် သောက်ပြီး စွန့်ပစ်တဲ့ ဘူးခွံတွေကို လိုက်ကောက်၊ ရောင်းရငွေနဲ့ တစ်ဝမ်းတစ်ထွား ရသလောက် ဖြည့်ပေါ့။

ကိုယ်ကိုယ်တိုင်လည်း အတင်းမနည်း မျက်လုံးကို အားယူဖွင့်ကြည့်ရင်း ချမ်းလွန်းလို့ ကိုယ်ငွေ့နဲ့ နွေးအောင် တစ်ယောက်ကို တစ်ယောက် ဖက်ကာ ကွေးကွေးလေး အိပ်နေကြရတဲ့ မောင်နှမ နှစ်ယောက်ကိုလည်း လှုပ်နိုးရသည်။ လေဘေး သကတ်လတ်အနွေးထည်ကိုယ်စီ ဝတ်ထားတဲ့ မောင်နှမ နှစ်ယောက်၊ အနွေးထည်ကလည်း အရောင်အဆင်းမဲ့လို့ ဂျီးအထပ်ထပ်စွဲကာ ညိုညစ်ညစ်ရောင်ဖြစ်နေ၏။ စောင် မကာနိုင်တဲ့ သူတို့ရဲ့လက်ချောင်း၊ ခြေချောင်းလေးတွေရဲ့ အသားတွေက ထိလိုက်တော့ အေးစက်လို့နေတော့သည်။

ကိုယ့် လက်တွေကလည်း ဘာထူးမှာတုံး။ ထုံကျဉ်နေတဲ့ လက်ချောင်းတွေကို ကွေးချည် ဆန့်ချည် လုပ်ကာ လက်ဖဝါးချင်း ပွတ်လျက် အပူဓာတ်ကို တတ်နိုင်သလောက် ထုတ်ယူရသည်။ ဘေးမှာ ပါးစပ်ဟလျက် ကုလားသေ ကုလားမော အိပ်နေတဲ့ မိန်းမကို တချက်ကြည့် ကာ စောင်တစ်ခုလုံးကို သူ့အပေါ်သို့ ခြုံလွှမ်းပေးလိုက်သည်။ သူလည်း တစ်နေကုန် တစ်နေခန်း သန်းခေါင်တလွဲအထိ ဘူတာရုံမှာ ဈေးရောင်းရတာ ပင်းပန်းရှာသည်ပဲ။

(ဃ)
သံလင်ဗန်းထဲမှာ ထည့်ထားတဲ့ လက်ကျန် မြေပဲပြုတ်တွေက ဘကောင်းကို လှောင်ပြောင်နေသလိုပင်။ ဘကောင်း ညကတည်းက ဘာမှ မစားရသေး။ မိန်းမလုပ်တဲ့သူက မနေ့ညက အိမ်ပြန်ရောက်တော့ အမိန့်ပေးထားပြီးပြီ။
"ဒါပဲနော်.. ကျုပ် အရင်းမရသေးဘူး။ဒါတွေ ကုန်အောင် မနက်ဖြန် ဆက်ရောင်းရမှာ.. စားလို့မရဘူးတော့"
အငယ်နှစ်ကောင်ကတော့ မြေပဲပြုတ် တစ်ဘူးစီ ညစာအဖြစ် စားလိုက်ရသေးသည်။

ဆာလောင်နေတဲ့ ဗိုက်ကို အသာအယာ လစ်လျုရှု့ရင်း အိပ်ရာမှ ထကာ ရထားအမှီ ပြေးရပေအုံးမည်။ နောက်ကျလို့ မဖြစ်။ အတတ်နိုင်ဆုံး ရေသန့်ဘူးခွံ ဆယ်ဘူးလောက်တော့ ရအောင် လုပ်ရမည်။ အဆင်ပြေရင် ရရာအတွဲအပေါ်တက်လိုက်သွားမည်။ ပစ္စည်း အလေးအပေါ့ အနည်းအများ ရှိသည့် ခရီးသည်များ ကို လိုက်လံ အကဲခတ်ကာ အထမ်းအမား လိုမလို မေးမြန်းရင်း၊ ကံကောင်းလျှင် ပစ္စည်းထမ်းပိုးခ ငါးရာလောက်တော့ စီနိုင်သည်။

ဒီတစ်ခေါက် ပစ္စည်းထမ်းပိုးခရရင်တော့ ရာဘာ ဖိနပ်ကလေး တစ်ရံလောက်တော့ ဝယ်စီးချင်သည်။ ဘကောင်းတွင် စီးစရာ ဖိနပ် မရှိသည်မှာ ကြာပြီကော။ အေးမ နဲ့ ချမ်းသာ အတွက်လည်း ဝယ်ပေးရအုံးမည်။ "ဟူး......." သက်ပြင်းကို အားရပါးရ မှုတ်ထုပ်လိုက်ပြီး ဖိနပ် ကိစ္စကို ခေါင်းထဲမှာ ထုတ်လိုက်သည်။ လှုပ်လီ လှုပ်လဲ့နှင့် နိုးလာကြသော မောင်နှစ်မ နှစ်ယောက်လည်း အိပ်မှုန်စုံမွားဖြင့် နေ့စဉ် လုပ်ကြရသည့် လုပ်ငန်းစဉ်အတွက် သွားရန် တာစူးနေကြရသည်။

အေးလွန်းလို့ မျက်နှာ မသစ်နိုင်။ ကလေးနှစ်ယောက်ကို ဦးဆောင်ပြီး ဘကောင်း ကိုယ်တိုင် ရထားသံလမ်းမဘက် ဦးတည်ထွက်လာခဲ့သည်။ အကွက်အကွင်းကောင်းပြီး ကျောက်တုံးကျောက်ခဲ မရှိသော ဘက်ကို အေးမနှင့် ချမ်းသာ အား ထားရစ်ခဲ့ပြီး ကိုယ် ကိုယ်တိုင် အတွဲပေါ် ခုန်တက်နိုင်မည် နေရာကောင်းကို ရွေးရသည်။

သူလိုကိုယ်လို ရထားအလာကို စောင့်နေကြသော အိမ်နီးနားချင်းမှ ကလေးငယ်များ၊ ကလေးကြီးများ၊ လူကြီးများ တော်တော်များများဖြင့် စုံစုံလင်လင်ရှိလှသည်။ လှမောင် သမီးနှစ်ယောက်လည်း ရောက်နှင့်နေကြပြီ။ ဝက်တစ်ကောင် ပိုင်ထားသော လှမောင်ကတော့ မနက်အစောပိုင်းဝင်သည့် ရထားတွေအတွက် သိပ်ပြီး ဒုက္ဓခံကာ မစောင့်။ အိပ်ရာထက်တွင် အိပ်ကောင်းနေအုံးပေါ့။ အပျိုပေါက် အရွယ် သူ့ သမီး နှစ်ယောက်ကိုတော့ ပလပ်စတစ်ဘူးခွံလာကောက်ခိုင်းထားသည်။

ဟိုတစ်စ ဒီတစ်စ မီးလှုံနေကြသော သက်ကြီးရွယ်အို အဘိုးကြီး အဘွားကြီးများလည်း မြေးငယ်များ၊ ဆွေမျိုးသားချင်းများဖြင့် လှုပ်လှုပ်ရွရွ အသက်ဝင်နေသော ရထားလမ်းဘေး ဝဲယာ နံနက်ခင်း မြင်းကွင်းကို ငေးမော ကြည့်ရှု့နေကြ၏။

လယ်လုပ်ငန်းခွင်သို့ သွားကြသည့် လယ်သမားများ၊ နွားလည်းများကလည်း ခလောက်သံ တင်တင် ဒေါင်ဒေါင်နှင့် ဆောင်းနံနက်ခင်းကို အသက်သွင်းနေကြ၏။ နွားလည်းမရှိသူ သူရင်းငှားတို့ကတော့ ပေါက်ပြား၊ ပေါက်တူး၊ တံစဉ်များ ထမ်းကာ ရိုးပြတ်ကို ဖြတ်လျက် လမ်းလျှောက်ကြသည်။


(င)
“ဘော်……..” ဟူုသော ကျယ်လောင်သော ရထားဥသြဆွဲသံ သဲ့သဲ့ကို အဝေးမှာ ကြားနေရပြီ။ တွင်းထဲမှ ထွက်လာသော မြွေတစ်ကောင်း ပမာ လယ်ကွင်းနှစ်ဖက် အကြား နှင်းထု ဝေ့ဝေ့ ဝါးဝါးကို ဖြတ်လျက် ရန်ကုန်-မန္တလေး ရထား တရွေ့ရွေ့လာနေသည်ကို မြင်နေရပြီ။

အေးမနှင့် ချမ်းသာ တို့ကို လှမ်းကြည့်လိုက်တော့ သူတို့လည်း အခြား ကလးတစ်သိုက်နှင့် အတူ လှုပ်လှုပ်ရွရွ နှင့် ရထားအလာကို စိတ်လှုပ်ရှားစွား မျှော်ကြည့် နေကြသည်။ ဘကောင်းလို ရထားအတွဲ ခိုလိုက်ပြီး ကူလီထမ်းကြမည့် ယောင်္ကျားသားများက ပုဆိုးကို ခပ်တိုတို ပြင်ဝတ်ကြလျက် အသင့် နေရာယူကြ၏။

တဖြည်းဖြည်းနှင့် ရထားတစ်စင်းလုံး ရုပ်လုံးပေါ်လာသည်။ ဤကဲ့သို့ ကလေးများ၊ လူကြီးများ နှင့် စောင့်မျှော်နေကြသော ဘကောင်းတို့လို ရပ်ကွက်မှစပြီး မန္တလေးမြို့နယ်ထဲသို့ ဝင်လာသည်နှင့် ရထားလည်း အရှိန်လျှော့ရသည်။
“ဘော်…..” ဟူသော ဒုတိယ အကြိမ် ရထားဥသြသံက ကျယ်လောင်စွာ အော်မြည်လျက် ရထားခေါင်းက အစပြုကာ ဂျူန်းဂျူန်းဂျက်ဂျက် အသံပေးလျက် သံလမ်းပေါ် တဖြည်းဖြည်းချင်း လိမ့်ဆင်းလာသည်။

ခွေးများကလည်း ဟောင်လျက်၊ သနပ်ခါး ပါးကွက်ကြားများနှင့် လယ်သူမ လုံမေပျိုများကလည်း လက်ဝှေ့ရမ်းပြကြလျက်၊ ပတ်ဝန်ကျင် တစ်ခုလုံး အရာရာ ဆူညံလှုပ်ရှားသွားသည်။ ကလေးငယ်များ က ခုန်ပေါက်ကြ၊ လူကြီးများက ရထားစီးနေသည့် လူများကို ငေးမောကြည့်ရှု့၊ သက်ကြီးရွယ်အိုများ၏ အကြည့်များကလည်း မှိုင်းမှိုင်းညို့ညို့.. ဤပြရုပ်သည်ပေလျှင် အသက်အရွယ်အပိုင်အခြား၊ ဘဝလူနေမှု အဆင့် ကွာခြားမှုတို့၏ ပုံရိပ်ရောင်များ ဖြစ်လေသည်။

ကလေးငယ်၊ ကလေးကြီးများ အားလုံး ရထားနှင့် အမှီ ပြေးကြလေပြီ။ အေးမနှင့် ချမ်းသာတို့ မောင်နှမ နှစ်ယောက်လည်း အခြားကလေးငယ်များနှင်အပြိုင် ရထားနှင့် ရင်ဘောင်တန်းကာ ပြေးလိုက်ကြ၏။ ထို့နောက် နေစဉ် အမြဲ အကျင့်ဖြစ်နေသော တောင်းပန်းသနားခံသည့် အော်သံများ ဖြင့် ဟိုဟိုဒီဒီ စူးစူရှရှ ရထားခုတ်မောင်းသံနှင့် အပြိုင် အော်ကြလေသည်။

“ရေသန့် ဘူးလေးတွေ ချပေးခဲ့ပါ ခင်ဗျာ” “ ရေသန့် ဘူးခွံလေးတွေ ချပေးခဲ့ပါ ရှင်” “သားတို့ကို ရေသန့်ဘူးလေးတွေ ချပေးခဲ့ပါ” “သမီးတို့ကို ရေသန့် ဘူးလေးတွေ ချပေးခဲ့ပါ”

ဖိနပ် မပါ၊ ခြေထောက် ဗလာကျင်း။ မည်းမည်း ချိတ်ချိတ် နှင့် ကလေးငယ်များ၊ ခလုတ်တိုက်လဲပြိုကာ ငိုယို ကျန်ရစ် ခဲ့သူများလည်း ရှိသည်။ ဇွဲကောင်းစွာ ဖြင့် ရထားအတွဲအပေါ်မှ လူများကို တောင်ပန်း အသနားခံလျက် ပြေးလိုက်နေသူများလည်း ရှိသည်။ ခွေရော လူပါ ရထားနောက်ကို လိုက်ကြသည်။

ဆောင်းရာသီ အအေးဓာတ်ကြောင့် ရထားစီး ခရီးသည်တော်တော်များများသည် ရထားတံခါးကို အလုံပိတ်ထားကြသည်။ အချို့လည်း ရေသန့်ဘူးများ ချပေးရန် အော်သံများကြောင့် တံခါးဖွင့်လျက် ရေသန့်ဘူးခွံများကို ပစ်ချပေးကြသည်။ တစ်ချို့ က စားစရာ မုန့်ထုပ်များပါ ပစ်ချပေးသည်။

ကလေးငယ်များ၏ အသက်အန္တရာယ်က လက်တစ်ကမ်း အတွင်းမှာ ရှိနေသည်။ ရထားသံလမ်းအပေါ် တလိမ့်လိမ့်နှင့် မောင်းနှင် သွားနေသာ ရထားသံဘီးလုံးများ၏ ကြိတ်ချေသံများက သေမင်းတမန် ခေါ်သံများလို ရေသံဘူးခွံနှင့် စားစရာနောက် အငမ်းမရလိုက်ကြရသော ကလေးငယ်များ၏ နုနယ်လှသည့် လက်ချောင်း လေးများသည် စိုးရိမ်ဖွယ် အတိ။

(စ)
ရထားအတွဲ တစ်တွဲအပေါ်မှ ရေသန့် ဘူးခွံ ပစ်ချပေးမည့် အရိပ်အယောက် ရုတ်တရက် တွေ့လိုက်ရသည်နှင့် အေးမ ခြေလှမ်းကို မြန်နိုင်သမျှ မြန်အောင် ပြေးကာ ထိုရထား အတွဲကိုသာ အာရုံစိုက်ပြီး ပြေးလိုက်လေသည်။ ချမ်းသာက နောက်မှ အမှီလိုက်လျက် မောင်နှမ နှစ်ယောက် အစွမ်းကုန်ပြေးလိုက်ရသည်။ ဦလှမောင်၏ သမီးအငယ်မကလည်း လျင်သည်။ ချက်ခြင်း ပြေးလိုက်လာသည်။

ကျောက်ခဲ သလဲ အချွန် အငုတ်တို့ကို ကျော်ဖြတ်ရသည်။ ဖိနပ်မစီးတာ ကြာပြီဖြစ်သော ခြေဖဝါးတို့လည်း အသမာများတက်ကာ တော်ရုံတန်ရုံ ကျောက်ခဲ အကြမ်းတို့ကို မမှုတော့။

“ ရေသန့် ဘူးခွံလေးတွေ ချပေးခဲ့ပါ ရှင်” “ ရေသန့် ဘူးခွံလေးတွေ ချပေးခဲ့ပါ” ပါးစပ်မှ အဆက်မပြတ် တိုးရှိုးတောင်းပန် ဟစ်အော်လျက် အေးမ နှင့် ချမ်းသာ ရထားအတွဲနောက်သို့ ပြေးလွှား လိုက်နေစဉ် ရထားပေါ်မှ ရေသန့်ဘူး နှစ်ဘူး ဝဲပျံကျလာသည်။

ကြည့်လိုက်တော့ ရေသန့်ဘူးတွေက ဘူးကြီးတွေ။ ပြီးတော့ ဈေးကောင်းရမည့် ဘူးခွံအပျော့စား။ အေးမ ဝမ်းသာသွားသည်။ ရှေ့ ခြေလှမ်း ဆယ်လှမ်းအတွင်းမှာပင် ရေသန့်ဘူးကြီးနှစ်ဘူးက ဝင့်ဝင့်ကြွားကြွား။ လာယူပါ၊ ကောက်လှဲ့ပါ ခေါ်နေသည်။

ရုတ်တရက် “အား…..” ဟု နာကျင်စွာနှင့် ချမ်းသာ ရဲ့ အော်သံ အနောက်မှာ ကြားလိုက်ရသည်။ မောင်နှမ နှစ်ယောက် တစ်ယောက် အသံ တစ်ယောက် အလိုလို သိနေသည်။ လှည့်ကြည့်လိုက်တော့ သံလမ်းနဘေးက ကျောက်ခဲပုံလေးတွင် ခွေခွေလေး လဲနေသော ချမ်းသာကို တွေ့လိုက်ရ၏။ ဘေးမှာက တဂျိန်းဂျိန်းနှင့် ကြိတ်ဝါးသွားနေသော ရထားသံဘီးလုံးများက ချမ်းသာနှင့် လက်တကမ်း အကွာတွင် ရှိနေသည်။

ချမ်သာတစ်ယောက် အနောက်က ပြေးလိုက်လာရင်း ကျောက်ခဲနှင့် ခလုပ်တိုက် လဲကာ သံလမ်းဘေးတွင် လဲချေပြီ။ တော်သေးသည်။ ရထားဘီလုံး နှင့် ညှိပြီး ပါမသွားတာ။ ဒါတောင် ရထားအတွဲ၏ ကိုယ်ထည်များက ချမ်းသာ အပေါ်တွင် မိုးနေကာ တရိပ်ရိပ်နှင့် ဖြတ်သန်း သွားနေသည်။

အေးမလည်း ပြေးနေဆဲ ခြေလှမ်းကို တုံ့ကနဲ ရပ်ကာ ချမ်းသာကို ရထားလမ်းနှင့် ဝေးရာသို့ ဆွဲထုပ်ရန် အနောက်သို့ ပြန်လှည့်ရတော့သည်။ထိုစဉ် ဦးလှမောင်၏ သမီးအငယ်မသည် ရုတ်တရက် အေးမကို ကျော်ဖြတ်ကာ ရေသန့်ဘူးနှစ်ဘူး ရှိရာသို့ ရောက်သွားသည်။ သွားပြီ။ အေးမတို့ မောင်နှမအတွက် ပစ်ချပေးခဲ့သော ရေသန့်ဘူးတွေ သူများ ရသွားပြီ။

“ဟီး..ဟီး…….ဟီး နာတယ်..နာတယ်”
ကလေးငယ် သဘာဝ ကျယ်လောင်စွာ ငိုးကြွေးနေသော ချမ်းသာ၏ အသံကြောင့် ရထားအပေါ် မှ အစောင့်များ ခေါင်းထုတ်ကြည့်ကြသည်။ ရထားနှင့် ထိခိုက်မိခြင်း မရှိသည်က တကြောင်း၊ ထိုအပြင် လူတစ်ကိုယ်လုံး ရထားအောက်သို့ ရောက်သွားခြင်း မဟုတ်သည်က တကြောင်း ရထားကို ရပ်ရန် အချက်မပြတော့ပဲ ကြည့်ရုံသာ ကြည့်နေကြသည်။

(ဆ)
ရထားအပေါ်သို့ ခုန်တက်ရန် အားယူ ပြင်ဆင်နေသော ဘကောင်းတစ်ယောက်လည်း ရုတ်တရက် သားအငယ် ချမ်းသာ လဲကြနေကာ အော်ဟစ်ငိုကြွေးသံကြောင့် သားရှိရာသို့ အပြေးသွားကာ သံလမ်းနှင့် ဝေးရာလို့ ဆွဲထုတ်ရသည်။

ခလုတ်တိုက်ကာ ကျောက်ခဲများနှင့် ရိုက်မိ၍ နာကျဉ်သည့်အပြင်၊ ရထားဘီလုံးများဖြင့် အသက်အန္တရာယ် နီးကပ်စွာ သေခြင်းတရား၏ လက်တကမ်း အတွင်း ရောက်ခဲ့ရသည့် ချမ်းသာ ကလေးသည် တုန်ယင်နေသည်။ အဖေလုပ်သူ ဘကောင်း၏ လက်ကို တဖက်က ဆုပ်ကိုင်လျက်၊ တဖက်က အစ်မဖြစ်သူ အေးမကို ဆုပ်ကိုင်ထားကာ သားအဖ သုံးယောက်သား တဖြည်းဖြည်း ဝေးသွားသော ရထားကြီးကို ငေးမော ကြည့်ရှု့နေကြရလေသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ကိုယ်ရေးပြီး ကိုယ်ကြိုက်ရာ


မောင်ဟာလေ
လင်းလက်တောက်ပ အာကာထက်က
တိမ်မျှင်တွေကို ဆွဲယူဖမ်းဆုပ်
ရောယှက်မွေနှောက် သဏ္ဍာန်ရုပ်ကို
နု၏တရောင် ရင့်၏တလှည့်
ချည်နှောင်သိမ်းဖွဲ့ နွဲ့ယဉ်ယဉ်သို့
ပြည့်စုံခွန်းအား လက်အစုံဖြင့်
ဖန်ဆင်းထွေချိမ့်
ပြုံးစရူပါ မူရာကြော့ကို
သိမ်ငယ်တုန်လှုပ် ညွှတ်တွားခယ
အလှဘုရား ဖူးမြော်ပါ၏

မောင်ဟာလေ
ှတီတီတာတာ နားရည်ချိုမြ
တောတောင်ရေမြေ နေမင်းလမင်း
လေပြေညင်းသွဲ့ ကြွားကြွားဝင့်ချယ်
ဖူးငုံပွင့်သစ် ပန်းစကားဖြင့်
ဆန်းသစ်ထွေသီ ခွန်းတုံ့ဖွဲ့နွဲ့
မြေခကြယ်ကြွေ ပဉ္စလက်ဖြင့်
ရေးသားချယ်လည်း
ချစ်သူခြေလှမ်း မွမွချီဟန်
သိမ်းနုတ်နုယဉ် ပွင့်ဖတ်ခင်းကျင်း
ဖော်ကျူးဆိုခွင့် မဝန့်မိပါ။

မောင်ဟာလေ
အလွမ်းတွေပေါ် အလွမ်းဆင့်လို့
ဝိုင်ရည်ချိုမြ စိမ့်စိမ့်မက်မက်
မက်မက်ရှိုက်ရှိုက် အိပ်မက်ယောင်ဝါး
သူယောင်လေးလား ချစ်သူလားဟု
ပွေ့ဖက် ယူငင် ဟစ်ကြွေးမြည်တမ်း
လွမ်းတသသ တေးညင်းသီသို့
တီးခတ်ပါလည်း
ပီဘိလျစ်လျုု မျက်ကွယ်ပြုတတ်
ချစ်သူ့ကေသာ ကျော့ပိတုန်းကို
လှုပ်ခတ်နိုင်စွမ်း နွမ်းပါးလှ၏

မောင်ဟာလေ
ပွေ့ပွေ့ဖက်ဖက် ကြင်ကြင်နာနာ
လာလှဲ့ဆွဲယူ ညို့ယူအနမ်း
မိုးစမ်းပန်းမျှ ဖွဲဖွဲသဲလို့
ရွာသွန်းစွေစ လွတ်ကာတိမ်းမူး
ရစ်ယူနှောင်ဖွဲ့ သိမ့်သိမ့်ဝေဆင်း
မျက်တောင်စင်းသို့ ဖမ်းစားသူယောင်
ပြုစားပါလည်း
လွင့်ပါးထွက်ခွာ မှုံဝါးကွယ်ပျောက်
ချိုမြိန်နုတ်ခမ်း ဝတ်ရည်လွှလွှ
လွမ်းတသသ မှန်းဆမိ၏

မောင်ဟာလေ
မြတ်နိုးလွမ်းဒဏ် တိုက်စားချုငင်
ကြမ္မာရဟတ် လေအဝှေ့တက်
ကြွေလင့်နွမ်းလျော် မွေ့ကာပွေလတ်
ရေပြင် ကမ်းပါ သွင်သွင်စီးခက်
တင်သည့် ကမ်းပါ နားသည့်ခိုရာ
ခြေရာမဲ့လို့ ပျောက်ဆုံးလမ်းသွယ်
တည်ရာနှောင်ကြိုး
ထုံးသည့်နှလုံး နေဆဲခိုက်ဝယ်
တွန်းထိုးလှိုင်းခတ် ပင့်ယူခြွေဖျက်
ကြွေမွပျက်သုံး ရော်ရီတိမ်းပါး
သစ်ရွက်ခြောက်ကလေးပါ။

အနန္တမေတ္တာဖြင့်
ဘကောင်း