ကူလီ မောင်သန်းအေး(၁)

လူ့လောကတွင် အဖြစ်အပျက်ပေါင်းမြောက်မြားစွာတို့ မျက်တောင်တစ်မှိတ်၊ လျှပ်တပျက် တဒင်္ဂခဏ အခိုက်အတန့်ကာလအတွင်း သိန်းသောင်းချီကာ ဖြစ်ပျက်ကြသည်။အနန္တနှင့် နှိုင်းယှဉ်မှရသော ဤလောကကြီး၏ အဖြစ်အပျက်တို့တွင် ကျွန်ုပ်တို့သည် အလွန်သေးနုပ်သော မြူမှုန်ကလေးမျှသာဖြစ်သည်။ လောကအချိန်ကာလ ယန္တတရားပေါ်မှ ကျွန်ုပ်တို့ ဖြတ်သန်းကြသည့် အခါတွင် ကျွန်ုပ်တို့၏ အဖြစ်အပျက်တို့သည် သူလိုငါလို့ သာမန်မျှသာဖြစ်သည်။ အဘယ်ကြောင့်ဆို့သော် ကျွန်ုပ်တို့သည် အချိန်ယန္တရား၏ လှည့်စားရာသို့ ပါဝင်စီးမျောကာ မိမိတို့၏ ဖြစ်တည်ရာ ဘဝကို သူ့အလိုလိုဖြစ်ပျက်ကြသည်ဟု ယူဆနေကြသောကြောင့်ဖြစ်သည်။ ကံ၏စေမံရာ၊ သို့တည်မဟုတ် ဘုရားသခင်၏ ဖန်တီးရာ အဖြစ်သို့ တာဝန်တွေပေး ပုံအပ်ထားကြရင်း ကိုယ်လွတ်ရုန်းကြရသည်။ မနက်မိုးလင်းလို့ အိပ်ရာထက်မှာ မှိန်းနေစဉ် နေ့စဉ်ကြားရသော ကျီးအာသံတို့သည် သာမန်မျှသာ ဖြစ်သည်ဟု လူတို့၏ မသိစိတ်မှ အလိုလို လျစ်လျူရှု တုံ့ပြန်ကြသည်။ ထိုမှတဖန် မနက်အလုပ်ခွင်သို့ အမှီ အပြေးအလွားသွားစဉ် လမ်းဘေးတွင် တွေ့ရသော အဘွားအိုတစ်ယောက်နှင့်မြေကလေးအရွယ် ကလေးမတို့ မြေတွင်ဝတ်တွားခယ တောင်းရမ်းစားသောက်နေသည်ကို တွေ့ရသောအခါ ထိုကဲ့သို့ အဖြစ်အပျက်မျိုး မြင်တွေ့ရဖန်များတော့ မထူးဆန်းတော့ဟု ယူဆကြပြန်သည်။ ညလူခြေတိတ်သည့်အခါ မိန်းကလေးငယ်တို့ အလှတို့ပျက်ပြယ်ကာ တိတ်တခိုးမျက်ရည်တို့ဖြင့် ပူပြင်းသောဘဝလမ်းကို နင်းလျှောက်ကြသည်ကို သိကြလျက်နှင့် မြေနှိမ့်ရာ လှံစိုက်ကြသည်။ ကျပ်တည်းလားသော စာဝတ်နေရေး နှင့် စီးပွားရေး၊ အာဏာနှင့် ဥစ္စာဓနတို့၏ အုပ်စိုးမှုအောက်တွင် နလံမထူနိုင်သော ဥပဒေတို့ကြောင့် ကျွန်ုပ်တို့၏ လူ့ဘဝသည် မီးလောင်ကျွမ်းလျက် ဆင်းရဲနွမ်းပါးလာခြင်းတို့၏ သားကောင်တို့ မြေသို့ချနင်း ဖျက်ဆီးခံကြရသည်။

အကယ်ဤသာ အကြင်သူတစ်ပါးသည် လူ့လောက ကမ္ဘာမှလွန်မြောက်ကာ ဒြပ်မဲ့သောဖြစ်တည်ရာ အရပ်မှ ကျွန်ုပ်တို့ကို စောင့်ကြည့်ပါက စိုးရိမ်ကြောင့်ကြခြင်းနှင့် အကြောက်တရားတို့ အစဉ်ဖုံးလွှမ်းနေသော ဘဝဖြစ်စဉ်တို့သည် လူတိုင်း လူတိုင်းဘဝတွင် နေစဉ်ထင်ဟပ်နေလျက်ရှိသည်ကို တွေ့ရပေလိမ့်မည်။ ထိုကဲ့သို့ အပျက်တရား နှင့် ယိုယွင်းပျက်ဆီးခြင်းကို ဆောင်သော နိမိတ်တို့သည် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ အရိုးစွဲသလို့ မထူးဆန်းသော အရာတစ်ခုလို ထင်မှတ်မှားမိကြပေလိမ့်မည်။သို့သော် စိုးရိမ်ကြောင့်ကြခြင်းတို့သည် ပြုပြင်ပြောင်းလဲလိုခြင်းဆိုသော မြော်လင့်ချက်အသွင်ကူးပြောင်းလျက်၊ အကြောက်တရားတို့ နယ်နိမိတ်ကုန် ရပ်တန့်ကုန်ဆုံးကာ ပုန်ကန်ထကြွရတတ်သည်။ စတေးလိုက်ရသော အသက်သွေးများ၊ မျက်ရည်များ၊ နာကျည်းချက်များ.စသည်တို့သည် ချိန်ကိုက်ဗုံးသဖွယ် လှုပ်တုတ်လှုပ်တုတ်နှင့် တစ်စတစ်စကြီးထွားလာကာ စနက်တံသည့် မည်သည့်အချိန်တွင် ပေါက်ကွဲမည်ကို ကြည့်ရှုနေရသလိုပင်။

ကျွန်ုပ်တို့သည် ကာယ ခွန်အားဗလ အရာတွင်၄င်း၊ အတတ်ပညာ အသိပညာ ဉာဏဗလ အရာတွင်၄င်း အလွန်တရာထူးကဲပြောင်မြောက်သော လူသားများအဖြစ်မွေးဖွားလာကြရသည်မဟုတ်။ သို့တည်းမဟုတ် လူပေါ်လူဇော် ဖြစ်ဖို့အတွက် စနစ်တကျ ပြုစုပျိုးထောင် မြေတောင်မြောက်ပေးခံရသည့် အခွင့်၊ ဆည်းပူးလေ့လာသုံးသပ်ခွင့်တို့ မရရှိခဲ့ကြရသည့် အားလျော်စွာ လူ့ဘိတ်ချေးများ ဖြစ်လာကြရသည်။ ထိုလူ့ဘိတ်ချေးမှ မွေးဖွားသည့် သားသမီးများလည်း ထို့အတိုင်း အခွင့်အရေးတွေ ဆက်လက်ဆုံးရှုံးနေသေးသမျှ လူ့ဘိတ်ချေးများ ဖြစ်နေကြရအုံးမည်။ လူ့ဘိတ်ချေးဆိုသည်မှာ မိမိတို့နှင့် ယှဉ်ပြိုင် အကဲဖြတ် ချိန်ထိုးကြည့်မည့် အရာများ၊ အကြောင်းတရားများ မရှိသ၍ နွားချေရာခွက်ထဲမှ ဖားသူငယ်ပမာ မိမိတို့သည်သာ အကောင်းဆုံးပမာ ထင်မှတ်မှားကြသည်။ ဘောင်ခတ်ခံထားရသော ဘဝထဲတွင် မိမိတို့၏ ဘဝအဖြစ်အပျက်တို့သည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဟု ထင်မှတ်မှားလျက် အကြောင်းအားလျော်စွာ နွားချေရာခွက်ထဲမှ ခုန်ထွက်ကြည့်သည့် အခိုက်တွင်မှ မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကြလျက် မိမိတို့ မသိလိုက် မသိဘာသာ ဖြတ်သန်းနေရသော ဘဝတို့ကို ပြန်လည် ဝေဖန်ဆန်းစစ်ကြသည်။ ငါတို့ဘဝတွေဟာ လှောင်အိမ်ထဲက ငှက်တွေလို အပြင်လောကနဲ့ အဆက်ဖြတ် ပိတ်လှောင်ခံထားရပါလားဆိုတာကို သိလာကြရတယ်။ ဝေဖန်ဆန်းစစ်နိုင်စွမ်းသော အသိပညာ တို့ကို အလျက်အမြန် ဖြည့်တင်းကြလျက် ကျွန်ုပ်တို့ နေစဉ်မြင်တွေ့နေကြရသော စိုးရိမ်ကြောင့်ကြခြင်းနှင့် အကြောက်တရားတို့ဖုံးလွှမ်းနေသော ဘဝ ကန့်လာကာနောက်ကွယ်မှ အကြောင်းတရားတို့ကို မြင်အောင် ကြည့်လာကြသည်။ ဝေဖန်ဆန်းစစ်ကြသည်။ အကြောင်းတရားကို သုံးသပ်သည်။ အရင်းအမြင်ကို ရေဆုံးမြေဆုံးလိုက်ကြည့်သည်။ လူအနည်းစုကွက်ကွက်လေးကို မြင်တွေ့ ကြားသိနေရသည့်ဘဝမှ ကျော်လွန်ကာ လူအများစု အတိုင်းအတာဖြင့် ချိန်ထိုးတွက်ဆလာကြသည်။ ကျွန်ုပ်တို့ ဘဝတွေ ဘာအတွက်ကြောင့် ဆင်းရဲကြရသလဲ၊ ဒါဟာ ပုံမှန်မှဟုတ်ရဲ့လား၊ လူချင်းတူလျက်နဲ့ ငါတို့လူမျိုးတွေအတွက် လိုအပ်ချက်တွေဖြည့်တင်းနိုင်ဖို့ ဘာတွေဆုံးရှုံးနေကြရသလဲ အစရှိတဲ့ မေးခွန်းများမေးလာကာ အဖြေရှာကြသည်။

မောင်သန်းအေးဆိုသူသည် အထက်က ဖေါ်ပြလတ္တံ့သော လူ့ဘိတ်ချေးတစ်ယောက်ဖြစ်ကာ ထိုဘဝမှ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲသွားသော လူဇော်တစ်ယောက်လည်းဖြစ်လေသည်။သူကို သိကျွမ်းရစဉ်က လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်သည်။ ကျွန်ုပ်အထက်မြန်မာပြည် မန္တလေးသို့ အလုပ်ကိစ္စတစ်ခုဖြင့် ရောက်သွားသည့် အခိုက် စျေးချို ရုံတော်ကြီးရှိ ကုန်သည်ပွဲစား သူငယ်ချင်း ကိုကျော်နိုင် ဆိုသူ၏ နေအိမ်တွင် တည်းခိုနေစဉ် ထိုပွဲရုံအိမ်သို့ နေ့စဉ်ကုန်တင် ကုန်ချ ကူလီအလုပ် လုပ်နေသော မောင်သန်းအေးကို စတင်သိကျွမ်းခဲ့ရသည်။
မန္တလေးသို့ ဆိုက်ရောက်သည့် အချိန်၌ ညဖြစ်သည်က တစ်ကြောင်း၊ ခရီးကလည်း ပန်းလာကာ အိပ်ချင်နေသည့်အပြင် ညအချိန်် သူငယ်ချင်း၏ ပွဲရုံအိမ်သည် လုပ်ငန်းများ ရပ်ဆိုင်ထားသောကြောင့် မန္တလေး ရုံတော်ကြီး ပတ်ဝန်းကျင်ကို သေချာ စုံငှအောင် သတိမထားမိခဲ့ချေ။ နောက်တနေ့ မိုးလင်၍ ကားဟွန်းသံများ၊ မော်တော်ကား၊ ဆိုင်ကယ် သံများ နှင့်အတူ စျေးသည် စျေးဝယ်တို့၏ အသံစုံများကို ကြားရတော့မှ အိပ်ရာထဲတွင် ဆက်လက် အိပ်စက်ခြင်း လုံးဝမတတ်နိုင်တော့သည့် အခါ၊ လေးတွဲသော မျက်လုံးကို ဖွင့်လျက် မန္တလေးမြို့ စျေးချိုရုံတော်ကြီးကို စူးစမ်းလေ့လာဖို့ နိုးထခဲ့ရသည်။
ကျွန်ုပ် အိပ်ရာမှ နိုးနှင့် နေသည်ကို သိသည်နှင့် သူငယ်ချင်းဖြစ်သူ ကျော်နိုင်က မနက်စာ စားဖို့ လာခေါ်သည်။
“ဘကောင်းရေ….မနက်စာ စားဖို့ သွားကြရအောင်ဟေ့..”
“ဟ..မနက်စာ အိမ်မှာ မစားကြဘူးလား”
“ငါတို့လို စီးပွားရေးသမားတွေကတော့ မနက်စာကို အပြင်လက်ဖက်ရည်ဆိုင်မှာပဲ စားကြတယ်ကွ။ ဆိုင်မှာက လူစုံတော့ မနက်စာလည်းစား အလုပ်ကိစ္စလည်း ပြောရင်းဆိုရင်းပေါ့ကွာ။”
“အေးဟ..ငါလည်း မန္တလေးက ခွဲသွားတာ ကြာပြီဆိုတော့…မင်းတို့ အထာတွေ ငါလည်း မသိတော့ဘူး.. မင်းစီစဉ်တာပဲ လိုက်နာရတော့မှာပဲ ”

ဤသို့ဖြင့် ကျွန်ုပ်လည်း မန္တလေးမြိုး၏ နံနက်ခင်း မနက်စာကို အပြင်ထွက် စားရန် အဝတ်လဲပြင်ဆင်ပြီး ကျော်နိုင်တို့ ပွဲရုံအိမ်ရှေ့သို့ ထွက်လိုက်သည်တွင် ပျားအုံတစ်အုံကို ပတ်ပတ်လည် ခြံရံလျက် ဝင်ချည် ထွက်ချည်ဖြင့် တစ်ဝှီဝှီအော်မြည်နေကြသော ပျားများကို တွေ့လိုက်ရသလို လူပေါင်းစုံတို့ ဟိုတစ်ဆိုင်ဝင်၊ ဒီတစ်ဆိုင်ထွက်ဖြင့် စျေးချိုရုံတော်ကြီးဆိုသော ပျားအုံကြီးကို အုံဖွဲ့အမှီပြုနေကြသည်ကို တွေ့ရတော့သည်။
“အစ်ကိုက ရန်ကုန်က လာတာလား”
ရုတ်တရက် မေးခွန်းမေးသံနှင့်အတူ စွတ်ကျယ်လက်ပြတ် အမြဲဝတ်သောကြောင့် နေလောင်ထားသည့် လက္ခဏာရှိသည့် မွဲပြာရောင် အသားအရည် နှင့် ရည်ရည်မွန်မွန် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
“ကျွန်တော်နာမည်က မောင်သန်းအေးပါ။ ကိုကျော်နိုင်တို့ဆီမှာ ကူလီလုပ်ပါတယ်”

ပစ္စည်းအတင်အချ ကုန်ထမ်း ကူလီလုပ်တာကို ကူလီလုပ်ပါတယ်ဟု ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားဖြင့် ပြောဆိုကာ မိတ်ဆက်လာသော မောင်သန်းအေးဆိုသည့် အသက် အစိတ်အရွယ် လူရွယ်ကလေးကို ကြည့်ကာ ရိုးသားမည့်ပုံပဲဟု စိတ်ထဲမှ ကြိတ်ပြီး ကောက်ချက်ချမိသည်။ တော်တန်ရုံ မိမိကိုယ်မိမိ ယုံကြည်ချက် အားနည်းသူတို့သည့် တစ်ပါးသူ လူစိမ်းတို့နှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံမိတ်ဆက်ကြသည့်အခါ မိမိတို့ တော်ကြောင်း၊ တတ်ကြောင်း တို့ကို သာသာထိုးထိုး အလေးပေးပြောလျက် တဖက်သားမှ အထင်ကြီးစေရန် အလို့ငှာ ကြိုးစားဟန်ဆောင် အားထုတ်ကြလေ့ရှိသည်။ မိမိတို့၏ အသက်မွေးဝမ်းကြောင်းသည့် လုပ်ငန်းသည့် သေးနုတ်နေသည့် လုပ်ငန်းဖြစ်သည့် တိုင်အောင် အဆင်ပြေချောမွေ့ လှပသော စကားလုံးတို့ သုံးလျက် ဆင်ဝှေ့ရန်ရှောင်သောနည်းဖြင့် နားဝင်ချိုအောင် လှည့်ပတ်ပြောဆိုတတ်လေ့ရှိသည်။ မောင်သန်းအေးသည်ကာ ကျွန်ုပ်ကို လာရောက် မိတ်ဆက်သည့် အခါတွင် သူသည်ကူလီလုပ်ကြောင်း တဲ့ထိုးကြီး ပြောသည့်အချက်အပေါ်ကျွန်ုပ် သဘောကျမိသည်။ သူသည် အတ္တာဟိ အတ္တနော နာထောဆိုသည့် မိမိကိုယ်ကို ယုံကြည်ကိုးစားသူ အမျိုးအစားထဲမှ တစ်ယောက်ပင်ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။

“အေး..ရန်ကုန်က လာတာ ဆိုကြပါစို့..တကယ်တော့ အစ်ကိုလည်း မန္တလေးမှာမွေး မန္တလေးမှာကြီးခဲ့တဲ့ သူ တစ်ယောက်ပဲ”
“ဟုတ်လား..ကောင်းတာပေါ့ အစ်ကိုယ်ရ။ အရင်တုန်းက ကိုကျော်နိုင်ဆီကို ရန်ကုန်က သူ့ရဲ့ စီးပွားဖက် ဧည့်သည်နဲ့ သားတစ်ယောက် လာလည်ဖူးတယ်…အဲဒီ ဧည်သည်ရဲ့ သား ရန်ကုန်သား ပြောတဲ့ စကားတွေ ကျွန်တော် နားကိုမလည်ဘူး။ ဘာတဲ့..သူတစ်ခုခု နားမလည်ဘူးဆိုရင်…မင်းတို့ဟာတွေက အစားကြီးပဲ လို့ ပြောတယ်. အဲဒါ ကျွန်တော်တို့က လာလဲ အစားကြီး ဆိုတာလို့ မေးတော့..သူကဘာပြန်ပြောသလဲဆိုတော့..သူပိုပြီး စားသွားပြီတဲ့…..ကျွန်တော်တော့ အဲဒီလိုမျိုး ရန်ကုန်ကလူတွေပြောတဲ့ ဘန်းစကားတွေ မကြိုက်ပေါင်ဗျာ”

တွေ့တွေ့ခြင်း စိတ်လိုလက်ရ စိတ်အားထက်သန်စွာဖြင့် မိမိအကြိုက်၊ ခံစားချက်တို့ကို ဖွင့်ဟ ထုတ်ဖေါ်ပြောပြသော မောင်သန်းအေးစကားကို ကျွန်ုပ်ဟက်ဟက်ပက်ပက် ရီမောမိသည်။
“ဟား…ဟား….ဟား…..မောင်သန်းအေးပြောတာ အစ်ကို နားလည်တယ်..တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလိုပေါ့ကွာ..နောက်ပြီး ဘာသာစကားဆိုတာ ပြောင်းလဲနေတဲ့ သဘောတရားလဲရှိတယ်ကွ.”
“ဒါတော့ ဒါပေါ့ အစ်ကိုရာ. ဒါပေမယ့် အဓိပ္ပာယ် နှစ်မျိုး သုံးမျိုးနဲ့ ဝိဟာရ မကွဲတဲ့ စကားလုံး အသုံးအနှုံးတွေကြတော့ လူတိုင်းစေ့ နားမလည်နိုင်တော့ ဘူးပေါ့”

မောင်သန်းအေး စကားကြောင့် ရီမောနေတဲ့ ကျွန်ုပ် အတွေးထဲ လျှပ်စီးလက်သလို ဖြတ်ကနဲ ရန်ကုန် ရောက်ခါစ တွေ့ကြုံခဲ့ရတဲ့ ဒေသသုံး စကားအပြောင်းအလဲတွေကို သတိရမိတယ်။ ကြက်သွန်အချဉ် နှင့် မုန့်တီကြိုက်တဲ့ မန္တလေးသား ကျွန်ုပ်အတွက် ရန်ကုန်မှာ ပထမဦးဆုံးအကြိမ် နန်းကြီးသုပ်ကို မှာစားတော့ ကြက်ဥပြုတ်များ လှီးပြီး သုပ်သော နန်းကြီးသုပ်နှင့် သခွါးသီးကို ကြက်သွန်အစား အချဉ်အဖြစ်သုံးသည်ကို ထူးဆန်းစွာ မြင်တွေ့ဖူးခဲ့သည်။တက္ကသိုလ်ကျောင်းသား ဘဝ အဆောင်နေစဉ် လှည်းတန်းစျေးမှာ စျေးဝယ်တော့လည်း ခါကြက်ဥဆိုတာကို နားမလည်ကြ။ မုန်းလာဥအနီဟု ပြောမှ စျေးသည်များ နားလည်ကြသည်။ ကြာတော့လည်း နယ်ပေါင်းစုံ၊ ဒေသပေါင်းစုံမှာ အသုံးအနှုန်းများ၊ လေယူလေသိမ်းများကို ကျက်မိသွားသည်။

သို့ပေသည့် အခုလို ကုန်းထမ်းသမား မောင်သန်းအေးဆိုသူ လူငယ်တစ်ယောက်ထံမှ မြန်မာစကားအပေါ် ထားရှိသော သူ၏ အယူအဆကြားရတော့ ကျွနု်ပ်၏ စိတ်အာရုံကို ခေါင်းလောင်းတီးသလို သူ့အကြောင်း ပိုမိုသိချင်စိတ် ပြင်းပြလာသည်။ သူသည် စာပေ၊ ယဉ်ကျေးမှု အတွေးအခေါ်တို့နှင့် အလှမ်းမဝေး မစိမ်းလှသော လူငယ်ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။ မွဲပြာရောင် အသားအရည်နှင့် ကုန်ထမ်းရလွန်း၍ ကုန်းထနေသော ပုခုံးဂုတ်ပိုးသားတို့ဖြင့် ဤလူငယ်တစ်ယောက်သည် နုညံ့ယဉ်ကျေးသော စာပေ အတွေးအခေါ်တို့ကို ထမ်းပိုးထားလေသည်။
“မောင်သန်းအေး..အစ်ကိုနဲ့ ကျော်နိုင်က မနက်စာ အပြင်သွားကြမလို….မောင်သန်းအေးပါ လိုက်ခဲ့စေချင်တယ်။ စကားစမြည်လည်း ပြောကြရတာပေါ့”

ဝန်ထမ်း အလုပ်သမားအားလုံးကို သူငယ်ချင်းကဲ့သို့ ပြောဆိုဆက်ဆံလေ့ရှိသော သူငယ်ချင်းဖြစ်သူ ကျော်နိုင်သည် သူ၏ ဂျစ်ကား အစုတ်ကလေးဖြင့် မနက်စာ အပြင်သွားစားဖို့ အဆင်သင့် ဖြစ်လေသည်။ ကိုယ်ပိုင်စီးပွာရေး လုပ်ငန်းတစ်ခုကို တစ်ယောက်တည်း ဦးဆောင်ဦးရွက်ပြု၌ အလုပ်သမားများနှင့် ရင်နှီးစွာ ဆက်ဆံတတ်သော သူ၏စီမံခန့်ခွဲတတ်မှုသည် အကျိုးရှိသောနည်းဗျူဟာတစ်ခုပင်။ မည်သို့ပင် ဖြစ်စေကာ သူ၏ ဝန်ထမ်းအားလုံးသည် လွတ်လပ်သည့် အသွင်သဏ္ဍာန်ရှိကြသည်။ ကျွန်ုပ်၏ ဖိတ်ခေါ်မှုကို ကျော်နိုင်သည် ကန့်ကွက်ခြင်း မရှိ လိုလိုလားလား ရှိသလို၊ မောင်သန်းအေးကိုယ်၌လည်း စိတ်ပါလက်ပါဖြင့် လွယ်လင့်တကူ ခေါင်းငြိမ့်သည်။

ကျော်နိုင် မောင်းသော ဂျစ်ကားဟောင်း အစုတ်ကလေးကို ကျွန်ုပ်က ရှေ့တွင် ထိုင်လျက်၊ မောင်သန်းအေးက နောက်တွင် ထိုင်ကာ မန္တလေးမြို့၏ မနက်စာကို စားကြမည်ဟု အားခဲလျက် သုံးယောက်သား မြိုင်မြိုင်ဆိုင်ဆိုင် စကားပြောကြရင်း ရုံတော်ကြီး မှ ထွက်ခဲ့ကြသည်။ မနက်ခင်း လို့သာ ဆိုပေသည့် ကျွန်ုပ်တို့ ထွက်လာခဲ့သည် အချိန်ကို ကြည့်လိုက်တော့ ကိုးနာရီခွဲပြီးသွားလို့ ဆယ်နာရီ ထိုးလုထိုခင် ရှိလှပြီ။ မန္တလေးမြို့၏ နံနက်ခင်း ဆယ်နာရီ နေသည် မွန့်တည့် နေ တမျှ ပူစပ်ပူလောင် ရှိလှသည်။စက်ဘီးများလည်း လမ်းမကြီးများ အတိုင်း ဥဒဟို ဖြတ်သန်းသွားလာကြသည်။ စက်ဘီးစီးသူများသည် တစ်ခါတစ်ရံ မော်တော်ကားသွားနေသည့် လမ်းမအလယ်သို့် ရိမ်းလာတတ်သည့်အတွက် မော်တော်ကား ဟွန်းသံကို အလျင်းသင့်လျှင် သင့်လို တစ်တီတီမြည်အောင် တီးကြရသည်။ သို့ရာတွင် မန္တလေးမြို့၏ လမ်းစည်းကမ်းသည် သူ့အထာနှင့်သူ။ စက်ဘီးများ စက်ဘီးနိုင် အစုလိုက် အပြုံလိုက် လမ်းဖြတ်ကူးကြသည်။

စက်ဘီးများ၊ ဆိုင်ကယ်များ၊ မော်တော်ကားများ လမ်းဘေးတစ်ဖက်တစ်ချက်တွင် ရပ်ထားကြလျက် လူတော်တော်များဖြင့် စည်းစည်းကားကားရှိလှသော လက်ဖက်ရည်ဆိုင်ရှေ့သို့ ကျော်နိုင်၏ ဂျစ်ကားကို ရပ်လိုက်တော့မှ မင်းသီဟ ဆိုသည့် ဆိုင်းဘုတ်ကို စတင်တွေ့ရတော့သည်။ လက်ဖက်ရည်ဆိုင်လို့ ဆိုပေသည့် လက်ဖက်ရည် ကော်ဖီသာ ရောင်းသည် မဟုတ်။ ပလာတာ၊ ထပ်တစ်ရာ၊ မုန့်တီ၊ ခေါက်ဆွဲ၊ မြီးရှည်၊ စမူဆာ၊ ပေါက်ဆီ အစရှိသည်တို့ အစုံရသည်။

ကျော်နိုင် နှင့် မောင်သန်းအေးတို့က မုန့်တီကို အမဲအကျောနှင့် မှာစားသည်။ ကျွန်ုပ်က ထပ်တစ်ရာကျွပ်ကျွပ်ကို ပဲနှင့် စားလိုသည့် အာသီသ ရှိသည်နှင့် ပဲ ထပ်တစ်ရာကို မှာစားသည်။ ထို့ နောက် ကျွန်ုပ်တို့ ၏ မန္တလေးမြို့ နံနက်ခင်း စကားဝိုင်းကို စတင်ကြသည်တွင် ကျွန်ုပ်ကပဲ မောင်သန်းအေး အကြောင်းကို အများဆုံးမေးဖြစ်သည်။ သူသည် မိဘများ မရှိ။ ဆွေမျိုးညာတိ မောင်နှမသားချင်းများလည်း မရှိ။ တစ်ကိုယ်ရည် တစ်ကာယ ဘဝကို တစ်စတစ်စ တိုးတက်အောင် ပြုပြင် ပြောင်လဲ ကြိုးစားနေသော လူငယ်တစ်ယောက်လည်း ဖြစ်သည်ကို လေ့လာရသည်။

ထိုစဉ်က ပြောပြသော မောင်သန်းအေး၏ ဘဝဇာတ်စုံကို ဟိုတစ်စ၊ ဒီတစ်စ စကားပြောသလို ဖြစ်မနေစေရန် အလို့ငှာ ကာယကံရှင်မောင်သန်းအေး၏ တောင်ဆိုချက်အတိုင်း အောက်ပါအတိုင်း ဝတ္တုဆန်ဆန် ရေးသားပြလိုက်ပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++
မန္တလေးမှ စစ်ကိုင်းကို အသွား အဝ(အင်းဝ)သို့ ခွဲထွက်သွားသည့် လမ်းမဆုံတွင် အင်းဝစစ်ကိုင်း ကားဂိတ်ရှိသည်။ ထိုကားဂိတ်တွင် ခရီးသည်တင် ဒတ်ဆန်းကားများ၊ ဟိုင်းလတ်ကားများ ခရီးတစ်ထောက် ရပ်နားကာ ကုန်တင် ကုန်ချလုပ်ကြသည်။ ထိုကဲ့သို့ ခရီးသည်များ ပေါင်းစုံမိသည့် အချိန်ကို ရနိုင်သလောက် အလုအယက် စျေးရောင်းကြသော ဒုတ်ထိုးအချဉ်သည်များ၊ ငုံးဥပြုတ်ရောင်းကြသူများ၊ အစရှိသဖြင့် ယောက်ယက်ခတ်လျက် ရှိတတ်သည်။ လွန်ခဲ့သော အနှစ် နှစ်ဆယ့်ငါးနှစ် ဝန်ကျင်ခန့်က ထို အင်းဝစစ်ကိုင်း ကားဂိတ်တွင် ဝါးပိုးဝါးအဆစ် အလုံး ကြီးကြီး နှစ်လုံးကို လက်တစ်ဖက်တစ်ချက်တွင် ကိုယ်စီကိုင်ကာ လူစည်ကားသည့်် အခိုက်အတန့်ကို စောင့်လျက် တောင်းရမ်းလျက်ရှိသည့် သူဖုန်းစား သားအမိ နှစ်ယောက်ကို တွေ့ဖူး သတိပြုမိသူများ ရှိကောင်း ရှိကြလိမ့်မည်။
အစာ အဟာရ ချိုတဲ့ကာ လောကဓံ အထုအထောင်းကို နှစ်ရှည်လများ ခံစားနေရသော ကြောင့် မွဲပိန်ခြောက်သွေ့နေသော အသားအရည် ခန္ဓာကိုယ်ရှိသည့် မိခင်ဖြစ်သူ၏ ပုံပန်းသဏ္ဍာန်သည် လိုအပ်သည်ထက် ပိုမို ရင့်ရော် အိုမင်းနေသည့် အသွင်အပြင်ရှိသည်။ အသားအရည် မည်းမည်း ခြောက်ခြောက် မျက်နှာတွင် ချေးအလိတ်လိတ် ကပ်ကာ ဘောင်းဘီတို ညစ်ညစ်နွမ်းနွမ်းကိုသာ ဝတ်ထားသည့် ခုနစ်နှစ်အရွယ် ကောင်လေးသည် မိခင်ဖြစ်သူ၏ နံဘေးတွင် ဆောင့်ကြောင့် ထိုင်လျက် တွေ့သမျှ လူအားလုံးကို စူးစမ်းလေ့လာနေဆဲ။ သူ၏ အသွင်သဏ္ဍာန်သည် အမြဲဆာလောင်မွတ်သိပ်နေမှန်း သိသာလှသည်။ တောင်းရမ်းစားသောက်ရသည့် ဘဝဖြစ်သည့်အားလျော်စွာ မိခင်ဖြစ်သူ၏ ဦးခေါင်းသည် အရာရာကို အမြဲ ဦးညွတ် နေလေ့ရှိသည်။ ဂရုတစိုက်နှင့် သတိထားကြည့်မိလျင် တစ်ခါတစ်ရံမှသာ မော့်ကြည့်သော သူမ၏ မျက်လုံးတို့သည် ခံစားချက် ဗလာနတ္ထိ၊ မှုန်မှိုင်းအားနည်းနေသော မျက်ဝန်းအိမ်တို့သည် အလွယ်တကူကျိုးလွယ် ပဲ့လွယ်သော ဖန်သားလွာ ပါးပါးလျှပ်လျှပ် တစ်ခုကဲ့သို့ ပျက်ဆီးဆုံးရှုံးမှုကို စောင့်စားနေရသလိုရှိလှသည်။

ကတ္တရာလမ်းဘေးတွင် သားအမိနှစ်ယောက် ဆောင့်ကြောင့်ထိုက်လျက် တွန့်လိန် ပိန်ရှုံ့နေသော ဒန်ခွက်ကလေးကို သူဖုန်းစားခွက်အဖြစ် ရှေ့တွင်ချကာ မြေပြင်တွင် ဝါလုံးကြီးများကို စည်းချက်ကျကျ ဒေါင်လိုက် ဆောင့်ကာဆောင့်ကာဖြင့် ဝါးလုံးလှိုင်သံထွက်အောင် တီးကျသည်။ အမေဖြစ်သူသည် ပိုမိုကြီးသော ဝါးဆစ်ကို သုံးလျက် သားဖြစ်သူ ကလေးငယ်သည် အတော်အတန် သေးငယ်သော ဝါးဆစ်ဖြင့် မိခင်ဖြစ်သူနှင့်အညီ စီးဝါးကိုက် အဝင်အထွက်မှန်အောင် တီးသည်။ ထို့နောက် ထိုကောင်လေးကပင် ဆွဲဆွဲငင်ငင်ရှိလှသော အသံဖြင့် ထိုအချိန်အခါက ခေတ်စားသော ပေါ်ပင် သီချင်းတို့ကို သီဆိုလျက် ကားဂိတ်တွင် ခရီးတစ်ထောက်နားသူတို့ကို ကြိုးစား ဆွဲဆောင်လေ့ရှိသည်။ ထိုကောင်လေးသည် နောင်အခါ ကျွန်ုပ်၏ သူငယ်ချင်း ကျော်နိုင်၏ ပွဲရုံတွင် ကူလီလုပ်လျက် မြန်မာစကားကို ဠာန် ဌာန်ကရိုဏ်းကျကျ ပြောဆို ဆက်ဆံတတ်သော မောင်သန်းအေးပင် ဖြစ်သည်။

3 comments:

ma fly (rainforest) said...

welcome back.It's been such a long time we've been waiting for your new post. Your introduction part is really great describing human's ignorant nature regarding unhappy and unlucky experiences of people, unjustice happenings and unpleasant stories which are happening daily in real life. Hope you wont mind if i point out just only minor flaws like few errors of Burmese spellings and mixing up of writing style for 2 times ( the sentence ended with "tae" instead of "thee"). Apart from those minor flaws, your story gives us food for thought and can make us hope eagerly for the next coming of this story. Thanks a lot for writing good posts.

:P said...

အသစ်တွေ့လို့ လာဖတ်ပါတယ်...။ မောင်သန်းအေးအကြောင်းစောင့်ဖတ်နေပါတယ်။
အောက်ဆု့းစာကြောင်းနားမှာ ဠာန်ကရိုဏ်းလား၊ ဌာန်ကရိုဏ်းလား မကွဲဘူးဖြစ်နေပါတယ်..။

Ba Kaung said...

ဟုတ်ပါရဲ့။ ပြင်ပေးလိုက်ပါမယ်။

Post a Comment