တိရိစ္ဆာန်တို့ ယာတောမြေ (၂ - ၁)


အင်္ဂလိပ်စာကနေ မြန်မာလို ဘာသာပြန်ကြတဲ့ အထဲမှာ သမ္မာကျမ်းစာအုပ် ရယ်၊ အနိုင်မခံ ဆိုတဲ့ ကဗျာကို အကြိုက်ဆုံးပါ။ သမ္မာကျမ်းစာအုပ်က လူတိုင်း ဖတ်လို့ရတဲ့ စာအုပ်ဖြစ်တယ်။ မြန်မာစာ ဖတ်ဖို့ အင်္ဂလိပ်စာတတ်စရာမလိုပဲ ဖတ်လို့ရတဲ့ စာမျိုးပေါ့။ သိပ်ကောင်းတယ်။ အခုခေတ်မြန်မာစာပေတွေကမှာ မြန်မာစာ ဖတ်ဖို့ တော်တန် အင်္ဂလိပ်စာတတ်ဖို့ လိုတယ်။ အနိုင်မခံ ကတော့ Invictus ဆိုတဲ့ ကဗျာကို ပြန်ယူတာ သိပ်ပြီး အဓိပ္ပာယ် ထိမိတာပဲ။ ဗိုလ်ချုပ် ပြန်တာ သိပ်ကောင်းတယ်။ ကိုယ်ကိုယ်တိုင် သူနေရာဝင်ပြီး ဘာသာပြန်ရင် အဲဒီလို ထွက်မှာ မဟုတ်ဘူး။ အခု ဒီ တိရိစ္ဆာန်တို့ ယာတောမြေ ဆိုတာလည်း Animal Farm ကို ဘာသာပြန်တာ။ စင်းလုံးချော ပြီးပြည့်စုံတဲ့ ဘာသာပြန်စာပေတော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ သို့ပေမယ့် စာရေးသူရဲ့ အရေးအသားနဲ့ ကြိုးစားမှုတစ်ခုပါ။ ဖန်တီးမှုတော့ မဟုတ်ပါဘူး။ ဘာသာပြန် တာကိုး။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အခန်း(၂)
နောက် သုံးရက်လောက်ကြာပြီးသော် ဖိုးဝက်ဖြူကြီး သည် အိမ်ပျော်နေရင်းပင် ငြိမ်သက် အေးချမ်းစွာ ဘဝမီးဇာကုန်ခန်း သေဆုံးသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကို ရိတ်သိမ်းပြီးစ ယာမြေ ၏ တဖက်စွန်း အခြေတွင် မြုတ်နှံလိုက်ကြသည်။

အဲဒီတုန်းက တပေါင်းလဆန်း အစောပိုင်းလောက် ဖြစ်သည်။ အဲဒီနောက်ပိုင်း သုံးလလောက်အတွင်း လျှို့ဝှက် လှုပ်ရှားမှုများ ရှိလာကြသည်။ ဖ်ိုးဝက်ဖြူကြီး ပြောကြားခဲ့သော စကားတို့က ယာတောမြေတွင် ရှိသော တိရိစ္ဆာန်တို့ကို အသိတရား ပိုမို ရရှိစေကာ ဘဝကို အတွေးသစ် အမြင်သစ်တို့ဖြင့် ရှု့မြင်တတ်စေသည်။ ဖိုးဝက်ဖြူကြီး ခန့်မှန်းခဲ့သော ပုန်ကန်ထကြွမည့် အရေးအခင်း ဘယ်တော့ ဖြစ်မလဲဆိုတာကိုတော့ ယာတောမြေမှ တိရိစ္ဆာန်တို့ မခန့်မှန်နိုင်ကြ။ သူတို့ အသက်ရှင်နေစဉ် ကာလအတွင်း ဖြစ်ပွားလိမ့်မည်လို့လည်း သူတို့ စဉ်းစားမိချင်မှ စဉ်းစားမိကြလိမ့်မည်။ သိုပေမယ့် ဖြစ်ပွားလာမည့် ပုန်ကန်ထကြွမှုအတွက် ပြင်ဆင်ထားရမည့် တာဝန် သူတို့တွင် ရှိသည်ကိုတော့ ကောင်းကောင်းကြီး နားလည်ထားကြသည်။ ပညာပေးရေး၊ စည်းရုံး လှုံ့ဆော်ရေး တာဝန်တို့သည် ဝက်တို့၏ တာဝန် အလိုလိုဖြစ်လာသည်။ ယေဘူယျအားဖြင့် ဝက်တို့သည် စည်းရုံးလှုံ့ဆော်သည့် တာဝန်တွင် အတော်ဆုံး တိရိစ္ဆာန်များဟု သတ်မှတ်ထားကြသည်။ ဝက်တို့ အကြားတွင် ပိုမို ထူးချွန်သော ဝက်ပျိုသိုး နှစ်ကောင်မှာ ဖြူတုတ် နှင့် သန်းရွှေတို့ ဖြစ်ကြသည်။ သူတို့သည် ကိုသာဒွန်းက ရောင်းရန်အတွက် သပ်သပ်မျိုးဖောက်ထားသော အကောင်များသည်။ သန်းရွှေသည် အကောင်ကြီးကြီး၊ ကြောက်မက်ဖွယ် အသွင် အပြင်ရှိသော ကျောက်ဆည် ဝက်သိုးမျိုးဖြစ်သည်။ ယာတောမြေတွင် တစ်ကောင်တည်းသော ကျောက်ဆည် ဝက်သိုးဖြစ်သည်။ စကား အများကြီး မပြော။ သို့ပေမယ့် သူလိုရာ ရအောင်ယူသော အစွမ်းအစရှိသူဟု သိထားကြသည်။ ဖြူတုတ် ကတော့ သန်းရွှေနှင့် စာလျင် စကားတွေအများကြီးပြော၊ စွဲဆောင်နိုင်စွမ်းရှိသော ဝက်တစ်ကောင် ဖြစ်သည်။ အပြောအဟော လည်း ကောင်းသလို၊ အရာရာကို တွေးတောစီမံ တတ်သော အကောင်လည်း ဖြစ်သည်။ သို့ရာတွင် သူ၏ အမှုအကျင့်သည် အပြောနှင့် မညီ လေးလေးနက်နက် မရှိသူဟု အားလုံးက သတ်မှတ်ထားကြသည်။ ယာတောမြေတွင် ရှိသော အခြားသော ဝက်များမှာ သာမန်ဝက်များသာ ဖြစ်ကြသည်။ သာမန်ဝက်များ အကြားတွင် ခပ်သေးသေး ခပ်ဝဝ နှင့် “ကွာစိ” အား သိသူများကြသည်။ ပါးစုံ မို့မို့၊ မျက်လုံး လက်လက်၊ စူးစူးရှရှအသံနှင့် သွက်လက် ချက်ချာသည်။ စကားပြောကောင်းသူလည်း ဖြစ်သည်။ အငြင်း အခုန်ဖြစ်လို့ ခက်ခက်ခဲခဲ ဖြေရှင်းရတော့မည့် အပိုင်းရောက်လျင် သူသည် ဟိုရှောင် ဒီရှောင်လုပ်ကာ အမြီှးတရမ်းရမ်းနှင့် လိုရာကို ဆွဲယူပြောဆိုစွမ်းရှိသူ ဖြစ်သည်။ ကွာစိသည် အမဲကို အဖြူ ဖြစ်အောင် ပြောနိုင်စွမ်းရှိသူဟု အများသူငြာက ပြောကြသည်။

ထိုဝက်သုံးကောင်တို့သည် ဖိုးဝက်ဖြူကြီး ပြောဟောခဲ့သော အကြောင်းအရာတို့ကို အသေးစိတ် ဆန်းစစ်ကာ စဉ်းစားစရာ အတွေးအခေါ်အဖြစ် တည်ဆောက်ယူကြသည်။ ထိုအတွေးအခေါ်ကို သူတို့က တိရိစ္ဆာန်ဝါဒဟု အမည် သမုတ်သည်။ ကိုသာဒွန်း အိမ်ရာဝင်သွားသည့် နောက် ညတိုင်းလိုလို သူတို့သည် စပါးကျီထဲတွင် လျို့ဝှက် တွေ့ဆုံကြကာ တိရိစ္ဆာန်ဝါဒ၏ သဘောတရားရေးရာများကို အခြား တိရိစ္ဆာန်များအား အသေးစိတ်ရှင်းလင်းပြကြသည်။ အစပိုင်းတွင် အားလုံးသည် စိတ်ပါဝင်စားမှု သိပ်မရှိကြ။ ပျင်းရိပျင်းတွဲနှင့် တွေ့ဆုံ ဆွေးနွေးကြသည်။ အချို့ တိရိစ္ဆာန်များက ကိုသာဒွန်းပေါ်တွင် သခင်ကဲ့သို့ သစ္စာတရား ထားရှိဖို့ ပြောဆိုကြသည်။ “ကိုသာဒွန်က ငါတို့ကို ကျွေးမွေးထားတာ။ သူမရှိရင် ငါတို့ အစာငတ်ပြီး သေကုန်လိမ့်မယ်” ဟု မရင့်ကျက်သေးသော အမြင်တို့ ရှိကြသည်။ အချို့သော တိရိစ္ဆာန်များကလည်း “ငါတို့ သေသွားပြီးမှ ဘာဖြစ်ဖြစ် ငါတို့က ဘာ ဂရုစိုက်စရာ လိုသေးလို့လဲ” ဟူသော မေးခွန်းမျိုး မေးကြသည်။ အချို့ကလည်း “ဒီ တော်လှန်ပုန်ကန် မှု ဖြစ်သွားလို့ ငါတို့တွေ အလုပ် လုပ်လုပ်၊ မလုပ်လုပ် ဘာများ ထူးခြားသွားမှာလဲ” ဟူသော အတွေးမျိုး ရှိကြသည်။ ဝက်တို့သည် ထိုကဲသို့သောတိရိစ္ဆာန်များကို နားလည် သဘောပေါက်အောင် ခက်ခက်ခဲခဲ ရှင်းလင်းပြောပြရသည်။ ထိုသို့သော အတွေးအခေါ်တို့သည် တိရိစ္ဆာန်ဝါဒ၏ အဓိက အယူအဆတို့နှင့် ဆန့်ကျင်ကြောင်း နားလည် သဘောပေါက်အောင် ပြောသည်။ မေးခွန်းများ ပြန်လည် မေးမြန်းကြသည်ထဲမှ တန်ဖိုးမရှိ အဓိပ္ပာယ် မရှိဆုံးသော မေးခွန်းမှာ အဖြူရောင်မြင်းမ မိုမိုမေးသော မေးခွန်းဖြစ်သည်။ သူမက ဖြူတုတ်ကို ပထမဦးဆုံး မေးသော မေးခွန်းမှာ “တော်လှန် ပုန်ကန်မှုတွေ ပြီးသွားလျင် သကြားခဲတွေ စားရအုံးမှာလား” လို့ မေးသည်။

“မစား ရဘူး” ဟု ဖြူတုတ်က အခိုင် အမာ ပြန်ပြောသည်။ “ငါတို့ ဒီ ယာတောမြေမှာ သကြားခဲ လုပ်ဖို့ အစီအစဉ် မရှိဘူး။ ပြီးတော့ နင့်အတွက် သကြားခဲတွေ မလိုအပ်ဘူး။ နင့် အတွက် ဂျုံနှင့် မြက်ခြောက်တွေဟာ လုံလောက်တယ်”

“ဒါဆို ငါ့ လည်ဆံမွှေးမှာ ဖဲစည်းလှလှလေးတွေရော တပ်ခွင့် ရမှလား” လို့ မိုမိုက မေးပြန်တယ်။

“ရဲဘော် မိုမို.. နင် မြတ်နိုးနေတဲ့ အဲဒီ ဖဲစည်းကြိုးတွေဟာ အခိုင်းခံ အစေခံ ကျွန်တွေရဲ့ အမှတ်တံဆိပ်တွေသာ ဖြစ်တယ်။ လွတ်လပ်မှု တရားဟာ အဲဒီ ဖဲစည်းကြိုးတွေထက် ပို ထိုက်တန်တယ်လို့ မယုံကြည်ဘူးလား”

မိုမိုလည်း ယုံကြည် သဘောတူသည်ဟု ဆိုလိုက်သည်။ သို့ပေမယ့် သူမသည် လုံးလုံးလျားလျား သဘောတူ လက်ခံသည့် အသွင်တော့ မရှိ။

ထို့အပြင် ဝက်တို့သည် ကျီးနက်ကြီး ဦးမိုး ပြောထားသော အလိမ်အညာတို့ကို ခက်ခက်ခဲခဲဖြင့် တန်ပြန် ဖြေရှင်း ကြရသည်။ ဦးမိုးသည် ကိုသာဒွန်း၏ လက်သပ်အိမ်မွေး တိရိစ္ဆာန်ဖြစ်သည်။ လျို့ဝှက် စုံထောက်လည်း ဖြစ်သလို လုပ်ကြံသတင်းများ ဖြန့်ဖြူးသူလည်း ဖြစ်သည်။ သူသည် စကားပြော တော်သူဖြစ်သည်။ သူသည် ချိုချဉ်သကြားခဲ တောင် ဟုခေါ်သော ထူးခြားဆန်းကြယ်လှသည့် တိုင်းပြည်ရှိသော နေရာကို သိသည်ဟု ဆိုသည်။ တိရိစ္ဆာန်များ သေဆုံးသွားသည့် အခါ ထိုတိုင်းပြည်သို့ သွားကြရသည်ဟု ဆိုသည်။ ထိုတိုင်းပြည်သည် မိုးကောင်းကင် အထက် တစ်နေရာတွင် ရှိသည်။ မိုးတိမ်တောင်တို့၏ အထက် ခပ်လှမ်းလှမ်း အဝေးတစ်နေရာ တွင် ရှိသည်ဟု ဦးမိုးက ဆိုသည်။ ချိုချဉ်သကြားခဲ တောင်တွင် ခုနှစ်ရက် ပတ်လုံး သည် တနင်္ဂနွေ နေ့ဖြစ်သည်။ သကြားခဲများ ၊ ပိုက်ဆံခြည် ပင်များ ခြံပတ်ပတ်လည်တွင် စီတန်းပေါက်နေကြသည်ဟု ဆိုသည်။သို့ပေမယ့် တိရိစ္ဆာန်များသည် ဦးမိုးကို မုန်းတီးကြသည်။ ဦးမိုးသည် စိတ်ကူးယဉ် စကားများသာ ပြောပြီး လက်တွေ့ အလုပ်ကြတော့ ဘာမှ မလုပ်ချေ။ ဒါတောင် အချို့ တိရိစ္ဆာန်များသည် ဦးမိုးပြောသော စိတ်ကူးယဉ်ပုံပြင်ဖြစ်သည့် ချိုချဉ်သကြားခဲ တောင် ကို ယုံကြည် မျှော်လင့် နေကြသည်။ ထို့ကြောင့်ပင် ဝက်တို့သည် အလွန်အမင်း တန်ပြန်ငြင်းခုန်ကြရကာ လောကတွင် ထိုကဲ့သို့သော နေရာမျိုး မရှိကြောင်း တိုက်တွန်းပြောဆိုကြသည်။

သူတို့၏ ယုံကြည်အားကိုးရဆုံးသော နောက်လိုက်မှာ လှည်းဆွဲမြင်းနှစ်ကောင် ဖြစ်သော ဘိုးနီ နှင့် ခင်တုတ်တို့ဖြစ်သည်။ သူတို့နှစ်ကောင်သည် ကိုယ်တိုင် စဉ်းစားတွေးခေါ်ဖို့ ရာ အလွန် ထုံထိုင်း ခက်ခဲသည့် အတွက် ဝက်တို့အား ဆရာတင်ထားရသည်။ ဝက်တို့ ပြောသမျှ လက်ခံယုံကြည်သည်။ အခြားတိရိစ္ဆာန်များ ကို တဆင့်ပြန်ပြောသည့်အခါတွင်လည်း ထွေထွေထူးထူး ငြင်းခုန်လေ့ မရှိကြ။ စပါးကျီထဲတွင်လုပ်သော လျို့ဝှက်တွေ့ဆုံဆွေးနွေးပွဲတိုင်း မပျက်မကွက် တက်ရောက်လေ့ရှိသည်။ ဗမာပြည်ရဲ့ မျိုးချစ် အာဇာနည်များ သီချင်းကို ဦးဆောင်သီဆိုကာ ထိုသီချင်းဖြင့် တွေ့ဆုံတွေးနွေးပွဲကို အမြဲတမ်း အဆုံးသပ်လေ့ရှိသည်။

အားလုံးမျှော်လင့်ထားသည်ထက် ပုန်ကန်ထကြွမှုမှာ ပိုမို စောစီးစွာဖြင့် အလွယ်တကူ ဖြစ်ပေါ်ခဲ့သည်။ ကိုသာဒွန်းသည် အုပ်ချုပ်မှုကြမ်းသော ယာရှင် တစ်ယောက်ဖြစ်သည့် အပြင် လွန်ခဲ့သော နှစ်များတုန်းက အလုပ်ကြိုးစားကာ အလွန် အလုပ်လုပ်နိုင်စွမ်းရှိခဲ့သည်။ သို့သော် အခုတလောတွင် သူ၏ နှိမ့်ပါး ကျရှုံးသော နေ့ရက်များသို့ ရောက်ရှိလာသည်။ တရားရုံး အမှုတစ်ခုတွင် ငွေများ ဆုံးရှုံးသွားပြီးနောက် စိတ်နှလုံး ခြုံးခြုံးကျကာ အရက်ကိုသာ အဖေါ်ပြု အချိန်ကုန်နေတော့သည်။ တစ်နေကုန်လုံး မီးဖိုဆောင်၌ ကြိမ်ကုလားထိုင် ပေါ်တွင် ထိုင်ကာ သတင်းစာတွေ ဖတ်လိုက်၊ အရက်ကလေး သောက်လိုက်၊ ရံဖန်ရံခါ သူမွေးထားသော ကျီးနက်ကြီး ဦမိုးအား ဘီယာ စိမ်ထားသော ပေါင်မုန့် ဘေးသားလေးများ ကြွေးနေလေ့ရှိသည်။ ကိုသာဒွန်း၏ တပည့် လက်ပန်းများလည်း အလုပ်မလုပ်ကြ။ အချောင်ခိုကြသည်။ ယာမြေခြံထဲတွင်လည်း မျက်ရိုင်းပင်များ အပြည့် ပေါက်နေတော့သည်။ အဆောက်အဦးတို့သည်လည်း အမိုးအကာ မရှိကြတော့။ ခြံစည်းရိုးနွယ်ပင်တို့ ပေါက်ချင်တိုင်း ပေါက်ကြသည်။ တိရိစ္ဆာန်တို့ကိုလည်း အစာ လောက်ငှအောင် မကျွေးကြ။

နယုန်လထဲ ရောက်လာသည်။ မြက်ပင်တို့ ရိတ်သိမ်းဖို့ အချိန်တန်ပြီ။ မိုးတွင်း ဝင်ခါစ စနေနေ့ တစ်နေ့တွင်၊ ကိုသာဒွန်း မေမြို့ တက်သွားသည်။ ညမ်တော စားသောက်ဆိုင်တွင် အမူးလွန်ကာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းအထိ အိမ်ပြန်မလာနိုင်ခဲ့။ သူ့တပည့်များကလည်း မနက်စောစော နွားနို့ညှစ်ပြီးသည့်နောက် ယုန်လိုက် ထွက်သွားကြသည်။ ခြံထဲရှိ တိရိစ္ဆာန်များကို အစားကျွေးဖို့ သတိမရကြချေ။ ကိုသာဒွန်း အိမ်ပြန်ရောက်ရောက်ခြင်း၊ ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် ရတနာပုံသတင်းစာ ဖတ်ရင်း အိပ်ပျော်သွားသည်။ ည နေပင် စောင်းလာသည်။ တိရိစ္ဆာန်များလည်း အစာ မစားရသေးချေ။ နောက်ဆုံးတွင် သူတို့ သည်းမခံနိုင်ကြတော့။ နွားမတစ်ကောင်သည် အစာသိုလှောင်ခန်း တံခါးကို ဦးချိုနှင့် ချိုးဖောက်ပစ်လိုက်သည်။ ထို့နောက် တိရိစ္ဆာန်အားလုံး အစားအစာများကို ဝင်ရောက် ယူငင်ကြလေသည်။ ကိုသာဒွန်း နိုးလာသည်။ မကြာခင်တွင် သူနှင့် သူ့တပည့် လေးယောက် ကြာပွတ်ကိုယ်စီနှင့် အစာသိုလှောင်ခန်းထဲသို့ ရောက်လာကာ တွေ့ကရာကို ရိုက်နှက် ကြလေတော့သည်။ ဆာလောင် မွတ်သိပ်နေသော တိရိစ္ဆာန်အားလုံး သည်းခံနိုင်စွမ်း မရှိတော့။ ဘာမှ ကြိုတင် စီစဉ် တိုင်ပင် ထားခြင်း မရှိပဲ တိရိစ္ဆာန်များက သူတို့ကို နှိတ်စက်သူများအား ပြင်းပြင်းထန်ထန် တန်ပြန် ပစ်တိုက်ကြသည်။ ကိုသာဒွန်းနှင့် သူတပည့်များလည်း ဖင်အကန်ခံရသည်။ ဘက်ပေါင်းစုံမှလည်း ကန်ကျောက်ခံရသည်။ အခြေအနေသည် လုံးလုံးလျားလျား အထိမ်းအကွပ်မဲ့သွားသည်။ တိရိစ္ဆာန်များ အခုလို တန်ပြန်ခုံခံတာ သူတို့ တခါမျှ မတွေ့ဘူးချေ။ သူတို့ စိတ်တိုင်းကျ နှိတ်စက်ချင်တိုင်း နှိတ်စက်၊ ရိုက်နှက် ချင်တိုင်း ရိုက်နှက် ခဲ့သော သတ္တဝါများက အခုလို ထကြွတုံ့ပြန်ကြသောအခါ သူတို့ သွေးပျက်လုမခန်း ကြောက်ရွံ့သွားကြသည်။ တခဏမျှ ကြာပြီးနောက် သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ လက်လျှော့လိုက်ကြကာ ဖနောင့်နှင့် တင်ပါး တသားတည်းကျအောင် ထွက်ပြေးကြသည်။ တစ်မိနစ်ခန့် အကြာတွင် ကိုသာဒွန်းနှင့် တပည့်လေးယောက်လည်း လှည်းလမ်းအတိုင်း တစ်ချိုးတည်း လမ်းမကြီးပေါ်ရောက်သည် အထိ ထွက်ပြေးသွားသည်။ တိရိစ္ဆာန်များက နောက်မှ လိုက်လျက် အောင်ပွဲခံကြလေသည်။

ကိုသာဒွန်း ကတော်သည် အိပ်ခန်း ပြူတင်းပေါက်မှ လှမ်းကြည့်ကာ အဖြစ်အပျက် အလုံးစုံကို မြင်တွေ့လိုက်သည်။ ပိုင်ဆိုင်သည့် ပစ္စည်းအနည်းငယ်ကို ကတ္တီပါအိပ်ထဲတွင် ထည့်ကာ ခြံ၏ အခြားထွက်ပေါက်မှနေ၍ တိတ်တဆိတ် အလျင်အမြန်ထွက်ပြေးလေသည်။ ကျီးနက်ကြီး ဦးမိုးလည်း ထုတ်တန်းမှ ပျံထွက်ကာ ကျီးအာသံပေးလျက် သူမနောက်မှ လိုက်ရသည်။ ထိုအချိန်တွင် တိရိစ္ဆာန်များက ကိုသာဒွန်းနှင့် သူလူ့များကို လမ်းမပေါ်ထိ မောင်းထုက်လိုက်ကာ ထုတ်တန်းငါးတန်းရှိသာ ခြံတံခါးကို ပိတ်ပစ်လိုက်သည်။ တိရိစ္ဆာန်များ ကိုယ်တိုင်ပြန်လည် မသုံးသပ်မိ်သေးခင် ပုန်ကန် ထကြွမှုသည် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ကိုသာဒွန်းကို မောင်းထုတ်ခဲ့သည်။ မြန်တိုင်း မွေးမြူရေးခြံသည် တိရိစ္ဆာန်တို့ လက်အောက်သို့ ရောက်လာသည်။

No comments:

Post a Comment