စီးပွားရေး သီအိုရီထုတ်ကြည့်ခြင်း


ဒီရက်ပိုင်းမှာ အလုပ်များပုံက ဘယ်ကနေ ဘယ်လိုအချိန်တွေ ပျောက်ဆုံးကုန်မှန်းမသိဘူး။ ကိုယ်ဖတ်နေကျ ဟိုဟိုဒီဒီ စာတိုပေစတွေနဲ့ ဝတ္ထုဖတ်တဲ့ အချိန်ကလည်း ရေချိုးခန်း ဝင်တဲ့ အချိန်လောက်ပဲ ရှိတော့တယ်။ နောက်ပြီး ညွှန့်စံရဲ့ အနောက်တိုင်း စာပေယဉ်ကျေးမှု ဒေါက်တာဘွဲ့အတွက် စာတွေ ကူဖတ်ပေးပြီး စာတမ်းပြုစုဖို့ကလည်း ရှိသေးတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ လုပ်ရမယ့် အလုပ်ဆိုတော့လည်း အပျင်းကြီးနေလို့ မဖြစ်ချေဘူး။ ကိုအောင်မိုးဝင်းရဲ့ အင်တာနက်သတင်း မီဒီယာ ဝက်ဆိုဒ်ကို ဖန်တီးပေးဖို့ကလည်း လုပ်လက်စ။ အဲဒါကလည်း ရပ်ထားလို့ မဖြစ်ပြန်ဘူး။ အဲဒီကြားထဲမှာ ငယ်ငယ်လေးကတည်းက လုပ်ချင်နေခဲ့တဲ့၊ လုပ်ဖို့လည်း ရည်မှန်းချက်တွေ ထားခဲ့တဲ့ ကိုယ်ပိုင် လုပ်ငန်းတွေပေါ့။စွန့်ဦး စီးပွားတည်ထွင်သူ ဖြစ်ဖို့အတွက် အယူအဆအသစ်တွေနဲ့ ကြံဆပြီး အစပျိုးနေရတုံး။ ဘဝရပ်တည်နေရေးအတွက် အလုပ်ကို တာဝန်ကျေပွန်အောင် လုပ်ရတဲ့ အချိန်၊ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းရေးအတွက် အားကစားလုပ်ရတဲ့ အချိန်၊ သာယာတဲ့အိမ်ထောင် အတွက် အတူတကွ ဖန်တီးရမယ့် အချိန်၊ အဲဒါတွေကို နုတ်လိုက်ပြီးတော့မှ ကျန်တဲ့ အချိန်လေးထဲမှာ ကိုယ်လုပ်ချင်တာတွေ လုပ်ရတော့မှာ။ ဒီတော့ ဘလော့မှာစာရေးဖို့အချိန် တစ်နာရီလောက် ရဖို့ အချိန်ကို တစ်ခါပြန်ပြီး စီမံခန့်ခွဲရတယ်။ အိပ်မက်တွေထဲမှာတော့ စာလုံးတွေ၊ စကားလုံးတွေက အတောင်ပံတွေပေါက်လို့ ဟိုဟိုဒီဒီ ဝဲပျံနေကြတာ လိုက်ဖမ်းလို့ကို မမိနိုင်ဘူး။

အဲဒီတော့ ဗဟုသုတရဖို့ အလို့ငှာ အစုရှယ်ယာ(stock)အကြောင်းလေး တီးမိခေါက်မိကြရအောင် နည်းနည်းပါးပါးလေး ရေးလိုက်အုံးမယ်။ စာကလည်း မရေးတာ ကြာပြီဆိုတော့ လောလောဆယ် ဖတ်စရာလေး တစ်ခုဖြစ်သွားအောင်လို့ပါ။ ကိုယ်က ဘောဂဗေဒကို အထူးပြုလေ့လာလိုက်စားခဲ့တဲ့သူမဟုတ်ဘူး။ နောက်ပြီး ကိုယ်ကြီးပြင်းခဲ့တဲ့ ဘဝကလည်း နိုင်ငံတကာ စီးပွားရေးကို ဝင်ဆံ့ဖို့ မဆိုထားနဲ့ မြန်မာပြည်ရဲ့ စီးပွားရေး စျေးကွက်ကို တောင် မကပ်နိုင်ဘူး။ ဘုရားပွဲစျေးတွေမှာ ဆိုင်ခင်းပြီး လေးဘေးထည် ရောင်းခဲ့ရတဲ့ စီးပွားရေးလောက်ပဲအကျွမ်းတဝင်ရှိတယ်။ ဟဲ..ဟဲ..ပိုက်ဆံ ငါးကျပ် တစ်ဆယ် မြတ်ဖို့ အားပေါက်အောင် ရောင်းရတဲ့ အရောင်းစျေးသည်မျိုးပေါ့။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်တုန်းက မေမြို့ ညမ်တောစျေးပွဲမှာ စျေးရောင်းနေတဲ့ ဘကောင်းကို တွေ့ဖူးကြလိမ့်မယ်။ အဲဒီတော့ အခုလို နိုင်ငံတကာ အစုရှယ်ယာ အကြောင်းရေးတဲ့အခါ လက်ရှိ အတွေ့အကြုံကိုပဲ အခြေခံပြီး ရေးရမှာဆိုတော့ ပညာရှင်တွေလို သီအိုတွေ လှိုင်နေအောင် မသုံးပဲ၊ လက်တွေကြတဲ့ ဘက်ကပဲ ချဉ်းကပ်ပြီးရေးမယ်။

လူငယ်တွေ နိုင်ငံတကာကို ချေဦးလှည့်ကျတော့မယ်ဆိုရင် ရိုးရိုးကျင့် မြင့်မြင့်ကြံဆိုတဲ့ စိတ်ထားကို ထားဖို့ အလွန်တရာ အရေးကြီးတယ်။ ရိုးရိုးကျင့်ဖို့ အတွက် စာရိတ္တကောင်းတွေရှိဖို့ လိုတယ်။ နိုင်ငံကြီးသား စိတ်ထားတွေ ထားတတ်ဖို့လိုတယ်။ နိုင်ငံတကာက အဆင့်အတန်းမြင့်မားတွေ စာကောင်းပေကောင်းတွေဖို့ ရှာဖွေလေ့လာပြီး နိုင်ငံတကာယဉ်ကျေးမှုမှာ ကိုယ့်ရဲ့ မြန်မာယဉ်ကျေးမှုနဲ့ ဝင်ရောင် ယှဉ်ပြိုင်ကြရမှာ ဖြစ်တယ်။ မြင့်မြင့်ကြံကြပြီဟေ့လို့ ဆိုလိုက်ရင်လည်း နိုင်ငံတကာမှာ ကိုယ်က အခိုင်းခံဖို့ သွားတာထက် ကိုယ်က သူများကို ခိုင်ဖို့၊ ကိုယ်က သူများကို အုပ်စိုးဖို့ဆိုတဲ့ ရည်ရွယ်ချက် ရည်မှန်းချက်နဲ့ ပြင်ဆင်ကြရမယ်။ ကိုယ့်အတွက် လိုအပ်တဲ့ လက်နက်ကိရိယာ တွေကို တတ်ဆင်ရမှာပေါ့။ ဘာသာစကားတွေ တစ်မျိုးမက ပြောတတ်ဆိုတတ်အောင် လေ့လာ၊ အထူးသဖြင့် အင်္ဂလိပ်စာ၊စကားပေါ့။ ပြီးတော့ ကိုယ်ကျွမ်းကျင်တဲ့ ပညာကို တဖက်ကမ်းခပ်အောင် ကြိုးစားရမယ်။ကိုယ်တတ်ထားတဲ့ ပညာရပ် အပေါ်မှ ယောင်တိယောင်ဝါးဖြစ်နေပြီလို့ ထင်ရင် ထပ်ပြီး ကြိုးစား။ ဘယ်လောက်အထိ ကျွမ်းကျင်တတ်မြောက်ဖို့ လိုသလဲဆို တရေးနိုး ထမေး…အဖြေရှိတယ် ဆိုတဲ့ ယုံကြည်ချက်မျိုးပေါ့။ ကိုယ်တတ်ထားတဲ့ ပညာရပ်အပေါ်မှာ ကျွမ်းကျင်ပြီဟေ့လို့ ယုံကြည်မှုရှိလာရင် ခေါင်ဆောင်မှုပညာတွေ၊ စီမံခန့်ခွဲ အုပ်ချုပ်မှုပညာတွေကို၊ စွန့်ဦး စီးပွားတည်ထွင်မှု တွေအကြောင်း လေ့လာ။ ဒီလိုနဲ့ နိုင်ငံတကာမှာ မြန်မာတွေ နေရာယူလာကြရင် နောက်တက်လာမယ့် လူငယ်တွေအတွက် အခွင့်အလမ်းတွေရမယ်။ တိုင်းပြည် ပြန်လည် ထူထောင်ကြတဲ့အခါ အဲဒီလို လူတွေက မရှိမဖြစ် လိုလာကြမှာပေါ့။

စာရေးသူ ကိုယ်တိုင်က ငယ်ငယ်ကတည်းက အလုပ်အရမ်းလုပ်ချင်တာ။ ဘာအလုပ်ဖြစ်ဖြစ် လုပ်ချင်တာပဲ။ အဖေသုံးဘီးကား မောင်းတော့ ကားနောက်လိုက်တဲ့ စပယ်ယာ လုပ်တယ်။ အဲဒီတုန်းက အဖေ့သုံးဘီးကားက ရုံတော်ကြီးမှာ ဂိတ်ထိုးတာ။ ညနေကားသိမ်းပြီဆိုရင် စျေးချိုကနေ ဘုရားကြီးကို တစ်ယောက်နှစ်ကျပ်နဲ့ လူခေါ်ပြီး ကားဆွဲတယ်။ နောက် နည်းနည်းကြီးလာတော့ လေဘေးထည် ရောင်းတယ်။ နောက် စျေးချိုတိုက်တန်းက ဖိနပ်ဆိုင်မှာ ဖိနပ်ရောင်းတယ်။(အားတဲ့ အခါများကြတော့ အဲဒီ စျေးချိုတိုက်တန်းမှာ ဖိနပ်ရောင်းခဲ့တဲ့ အတွေ့အကြုံလေး ရေးရမှာပေါ့။) အဲဒီ ဖိနပ်ဆိုင်မှာ အလုပ်လုပ်တုန်းက ရတဲ့ လခက တစ်ခ သုံးထောင်။ အဲဒီ ပိုက်ဆံကို စုပြီး ရေဒီယို ကက်ဆက် ပြုပြင်သင်တန်းတက်။ပြီးတော့ အိမ်မှာ “တန်” ဆိုတဲ့ နာမည်နဲ့ ရေဒီယို၊ ကက်ဆက်ပြင်ဆိုင် ဖွင့်တယ်။ မအောင်မြင်ဘူး။ နည်းနည်းပါးပါးလေးပဲ ပြင်လိုက်ရတယ်။ “တန်” ဆိုတဲ့ နာမည်က စာရေးသူ တရုတ်စာ၊ စကားကို လေ့လာတုန်းက ရလာတဲ့ တရုတ်စာလုံးတစ်လုံးရဲ့ အသံထွက်ပါ။ နောက် တက္ကသိုလ်တက်ရတော့ အဲဒါတွေ ရပ်သွားတယ်။ တက္ကသိုလ် သုံးတန်ပြီးတော့ အလုပ်က လုပ်ချင်လာပြန်ရော။ အဲဒီအချိန်မှာ ကျောင်းပြီးသွားတဲ့ လူတွေက တစ်ယောက်ပြီး တစ်ယောက်အစုရှယ်ယာတွေ စပ်ပြီး ကုမ္ပဏီတွေ ထောင်တော့ အားကျတယ်။ ဒါပေမယ့် ကိုယ့် ပညာက မပြည့်စုံသေးဘူး။ ငွေးကြေးက မရှိသေးဘူး။ ဒီတော့ ရန်ကုန်မှာနေပြီ အိမ်တွေကိုလိုက် ကွန်ပျုတာပြင်တယ်။ ဒီတော့ လူတွေ အကြောင်းပိုသိလာရတာပေါ့။ အဲဒီတုန်းက ကိုယ်က အစုရှယ်ယာတွေ ထည့်နိုင်တဲ့ အနေအထားမရှိတော့ ကိုယ့်ကိုယ်ကို အားမရဘူး။ ကိုယ့် အရည်အချင်းတွေကို ပြန်လည် ဆန်းစစ်ရတယ်။ ဒီလိုနဲ့ စိတ်ထဲမှာ ဆူးကလေး တစ်ချောင်း ပေါက်လာပြီး တေးထားရတော့တာပေါ့။

နောက်ပိုင်းနှစ်တွေမှာ စာရေးသူ နိုင်ငံတကာကို ခြေဆန့်တော့ အစုရှယ်ယာ(stock)တွေဆိုတာ အလွယ်တကူ ဝယ်လို့ရတယ် ရောင်းလို့ တယ်ဆိုတဲ့ အမြင်တွေရှိလာတယ်။ ကုမ္ပဏီတွေ ဘယ်လို ထူထောင်ရမယ်။ အတွေးအခေါ် အကြံကောင်း ဉာဏ်ကောင်းတွေရှိမယ်ဆိုရင် စွန့်စားဦးဆောင်ပြီး လုပ်ငန်းတွေ လုပ်လို့ရတယ် ဆိုတဲ့(entrepreneurship) လမ်းစ အမြင်တွေ တွေ့ရှိလာတယ်။ စွန့်ဦး စီးပွားလုပ်ဆောင်မည့်သူ(entrepreneur) တစ်ယောက်ဟာ စျေးကွက်မှာ မရှိသေးတဲ့ အတွေးအခေါ် အကြံဉာဏ်ရှိရင် အဲဒီ အကြံဉာဏ်ကို အကောင်းအထည်ဖေါ်ဖို့ ပညာရှင်နဲ့ ငွေကြေးအရင်းအနှီး တွေလိုလာတယ်။ အဲဒါတွေကို ရအောင် ချဉ်းကပ် စည်းရုံးရတာ သူ့ရဲ့ ပညာပဲ။ Microsoft ၊ Google ၊Youtube အစရှိတဲ့ အောင်မြင်နေတဲ့ ကုမ္ပဏီတွေဟာ အကြံဉာဏ် အတွေးအခေါ်ကောင်းက စခဲ့ကြတာပဲ။ သူတို့ဟာ ကျောထောက်နောက်ခံ ငွေကြေး အထောက်အပံပေးမယ့် သူတွေကို ချဉ်းကပ်ပြီး လုပ်ငန်းတွေကို စခဲ့ကြတယ်။ နောက်တော့ ငွေကြေး အရင်းအနှီးကို ပိုပြီး ကြီးမား လာအောင်လို့ အများနဲ့ သက်ဆိုင်တဲ့ အစုရှယ်ယာ အဖြစ် ဖွင့်ပေးလိုက်တော့ လူတိုင်းလူတိုင်း အစုရှယ်ယာတွေ ဝယ်လို့ ရလာတောပေါ့။

ကုမ္ပဏီတစ်ခုက ပစ္စည်းတစ်ခုကို တီထွင်ဖန်တီးလိုက်ပြီး စျေးကွက်မှာ ဝင်တဲ့ အခါ အဲဒီ ပစ္စည်းအပေါ်မှာ ယုံကြည်မှုရှိတဲ့ လူတွေက အစုရှယ်ယာတွေ ဝယ်ပြီး ရင်းနှီးမြုတ်နှံကြတယ်။ ဥပမာ ကုမ္ပဏီက အရင်းအနှီး ၁၀၀၀-ကျပ်လောက် လိုတယ် ဆိုကြပါစို့။ ဒီတော့ အစုရှယ်ယာ တစ်ခုကို ၁-ကျပ်နဲ့ အခုတစ်ထောင် ရောင်းမယ်။ နောက်တော့ ကုမ္ပဏီက အောင်မြင်မှုရှိလာပြီး အမြတ်တွေရလာတဲ့ အခါ အစုရှယ်ယာတွေရဲ့ တန်ဖိုးလည်း တက်သွားမယ်။ အဲဒီတော့ နိုင်ငံတကာမှာ အစုရှယ်ယာတွေကို ရောင်းဖို့၊ ဝယ်ဖို့ ဘယ်လိုလုပ်ကြသလဲလို့ မေးစရာရှိလာတယ်။ ကျွန်တော်တို့ စျေးဝယ်စရာရှိရင် စျေးကို သွားပြီး စျေးဝယ်ရတယ်။အဲဒီလိုပဲ အစုရှယ်ယာတွေကို ဝယ်ချင်ရင် အစုရှယ်ယာစျေးကွက်(stock market)မှာ ဝယ်ရတယ်။

ကမ္ဘာပေါ်မှာ စီပွားရေးလုပ်ငန်းတွေ အမြောက်အမြား ရှိနေတဲ့အတွက် အစုရှယ်ယာစျေးကွက်မှာလည်း လူတကာ ဝယ်လို့ ရအောင် အစုရှယ်ယာတွေ ဖွင့်ပြီးရောင်းတဲ့ ကုမ္ပဏီတွေ အများကြီးရှိတယ်။ အဲဒီ ကုမ္ပဏီတွေ ရဲ့ တိုးတက်အောင်မြင်မှု အခြေအနေတွေကို ကြည့်ပြီး အစုရှယ်ယာတွေကို ဝယ်ယူသူတွေလည်း ရှိတယ်။ ဝယ်ထားတဲ့ အစုရှယ်ယာတွေကို ပြန်လည် ရောင်းချလိုတဲ့ သူတွေလည်း ရှိတယ်။ အဲဒီတော့ အစုရှယ်ယာ ဝယ်လိုသူတွေ၊ ရောင်လိုသူတွေနဲ့ နေ့စဉ် အရောင်းအဝယ်ဖြစ်နေတဲ့ စျေးကွက်ကို အစုရှယ်ယာစျေးကွက်လို့ ခေါ်ရမှာပေါ့။ ဝယ်လိုသူနဲ့ ရောင်းလိုသူတို့ရဲ့ အစုရှယ်ယာတွေ ချိတ်ဆက်ပေးရတာကို stock exchange လို့လည်း ခေါ်တယ်။ Nasdaq, New York Stock Exchange (NYSE) တို့ ဆိုတာတွေက အမေရိက အစုရှယ်ယာစျေးကွက်ရဲ့ exchange တွေပဲ။ ဒါပေမယ့် ဒီအစုရှယ်ယာစျေးကွက်ဆိုတာ ကျွန်တော်တို့ ကျောက်မြောင်းစျေး၊ ဗိုလ်ချုပ်အောင်ဆန်းစျေးတွေလို လူကိုယ်တိုင်သွားပြီး ကျွန်တော် ဒီကုမ္ပဏီရဲ့ အစုရှယ်ယာ ဘယ်လောက်ဖိုး ဝယ်ချင်ပါတယ်လို့ ပြောပြီး ဝယ်လို့ မရဘူး။ ကြားထဲမှာ ရောင်းခွင့် ဝယ်ခွင့်ရှိထားတဲ့ ပွဲစား(broker) တွေပဲ ဒီ exchange တွေမှာ အရောင်းအဝယ်လုပ်ပေးကြရတယ်။

ဝယ်လိုသူက ပွဲစား(broker) နဲ့ ချိတ်ဆက်ပြီး အဲဒီ ပွဲစားဆီမှာပဲ ကိုယ်ပိုင် စာရင်း(account) တစ်ခု ဖွင့်ရတယ်။ ပြီးတော့မှ ကိုယ်ဝယ်ယူလိုတဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာ အရေအတွက်ကို ပွဲစားကိုပြောလိုက်တော့မှ ပွဲစားကတဆင့် သူရဲ့ အချိတ်အဆက်နဲ့ Nasdaq, NYSE တို့မှာ ဝယ်ယူလိုတဲ့ အစုရှယ်ယာအရေအတွက်ကို တင်ပြပေးလိုက်တယ်။ အဲဒီအခါ Nasdaq, NYSE အစရှိတဲ့ stock exchange တွေက ဝယ်လိုသူတောင်းဆိုတဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာ ရောင်းလိုအားကို ရှာရတယ်။ ရောင်းလိုသူနဲ့ ဝယ်လိုသူ တွေ့ရင် အရောင်းအဝယ်ဖြစ်ပြီ။ အစုရှယ်ယာစျေးကွက်မှာတော့ အစုရှယ်ယာတွေက ကုဋေ သန်း ချီပြီး နေ့စဉ် အရောင်းအဝယ်ဖြစ်ကြတယ်။ ပုံမှန်အားဖြင့် stock exchange တွေကနေ အစုရှယ်ယာတွေကို ဝယ်ပေးလိုက်တာက ပွဲစား။ ဒီတော့ အဲဒီ အစုရှယ်ယာတွေက ကြားပွဲစားရဲ့ စာရင်းဇယားနဲ့ပဲဲ နာမည်ပေါက်တယ်။ ပြီးတော့မှ ကိုယ်ရဲ့ စာရင်းဇယားက ကြားပွဲစားဆီမှာ နာမည်ပေါက်မယ်။ ကိုယ်က အစုရှယ်ယာ ပိုင်ဆိုင်ကြောင်း stock exchange ရဲ့ စာရင်းဇယားတွေမှာ နာမည် မပေါက်ဘူး။ နာမည်ပေါက် လိုချင်ကြောင်း တောင်းဆိုလို့တော့ ရတယ်။ဒါက အကြမ်းအားဖြင့် ပြောတာပါ။

ပွဲစား(broker) တွေက အမျိုးမျိုးရှိတယ်။ အမေရိက စျေးကွက်၊ ဥရောပ စျေးကွက်၊ အာရှ စျေးကွက် အတွက် အစရှိသဖြင့်ပေါ့။ ကိုယ်က ဘယ်စျေးကွက်မှာ စိတ်ဝင်စားသလဲ။ ဘယ်လိုမျိုး စီးပွားရေး လုပ်ငန်းရဲ့ အစုရှယ်ယာတွေကို ဝယ်ပြီး ရင်းနှီးမြုတ်နှံချင်သလဲအပေါ် မူတည်မှာပေါ့။ နောက်ပြီး အစုရှယ်ယာ ဝယ်တယ် ရောင်းတယ်လုပ်တဲ့အခါ ပွဲစားတွေကတဆင့် သွားရတော့ ပွဲစားခ(brokerage)ပေးရတယ်။ ပွဲစားတွေ အမျိုးမျိုး ပွဲစားခ ယူပုံခြင်း မတူကြဘူး။ အများအားဖြင့် ပွဲစားတွေက အွန်လိုင်း၊ ဖုန်းတွေက ကဆင့် အရောင်းအဝယ် လုပ်ပေးကြတယ်။ etrade.com, sharebuilder.com, scottrade.com,.. ဒါတွေဟာ အမေရိက စျေးကွက်အတွက် ပွဲစားတွေပဲပေါ့။

အစုရှယ်ယာတွေ ဝယ်ယူတော့မယ်၊ ရင်းနှီးမြုတ်နှံမယ်လို့ ဆုံးဖြတ်ရင် စျေးကွက်ကို သေသေချာချာ လေ့လာ နားလည်ထားဖို့ လိုအပ်တယ်။ စိတ်လောစရာမလိုဘူး။ စျေးကွက်မှာ အစုရှယ်ယာတွေက သန်းနဲ့ချီပြီး ရှိတယ်။ အချိန်မရွေးဝယ်လို့ရတယ်။ stock, mutual funds, options..အစရှိသဖြင့် အမျိုးမျိုး ရင်းနှီးမြုတ်နှံလို့ ရတာတွေ ရှိပေမယ့်..အခုတော့ အစုရှယ်ယာ(stock) အကြောင်းပဲ ပြောမယ်။ စာရေးသူအမြင်ကတော့ အစုရှယ်ယာတွေကို ဝယ်ယူရောင်းဝယ် ကြရတာ စျေးကွက်သီအိုရီ(ဒါက ကျွန်တော် ဖန်တီးတဲ့ စကားအနေနဲ့ ပြောတာပါ) ထုတ်ရတာလို့ မြင်တယ်။ ကိုယ်ထုတ်တဲ့ သီအိုရီမှန်ရင် အကျိုးအမြတ်ရမယ်။ ကိုယ့် သီအိုရီမှားရင် ရှုံးမယ်ပေါ့။ နောက်ပြီး အစုရှယ်ယာမျိုးက စျေးကွက်မှာ အတက်အကျ သိပ်မြန်ပြီး အလွန်စွန့်စားရတဲ့ အလုပ်မျိုး။ အစုရှယ်ယာတွေရဲ့ Graph မျဉ်းတွေကို ကြည့်ရင် လှိုင်းတွေပဲ။ တက်လိုက်၊ ကျလိုက်နဲ့။ ဂရပ်မျဉ်းတွေက တစ်ဖြောင့်တည်း ဖြည်းဖြည်ခြင်း တက်သွားတာမျိုး မဟုတ်ဘူး။

စာရေးသူက ကံဆိုတာကို အယုံအကြည်ရှိတဲ့သူမဟုတ်တော့ မြတ်မှာပဲဆိုပြီး ကံစမ်းတဲ့ သဘောမျိုးနဲ့ အစုရှယ်ယာတွေ ဝယ်ယူတာမျိုး မလုပ်ဘူး။ လုပ်ဖို့လည်း အားမပေးဘူး။ စားရေးသူ ကိုယ်တိုင် ဘာလို့ ဒါတွေ လုပ်ရသလဲဆိုတော့ ရှေ့ကပြောခဲ့သလို့ ငယ်ငယ်တုန်းက လေဘေးရောင်းခဲ့တဲ့သူတစ်ယောက်အနေနဲ့ နိုင်ငံတကာစျေးကွက်အကြောင်း တီးမိခေါက်မိအောင်၊ မသိသေးတာတွေ သိအောင်၊ နောက်ပြီး စျေးကွက် သီအိုရီ ထုတ်ကြည့်ချင်လို့။ စျေးကွက်သီအိုရီ ထုတ်တယ်ဆိုတာ ထွေထွေထူးထူးတော့ ဘာမှ မဟုတ်ပါဘူး။ လက်ရှိ နိုင်ငံရဲ့ စီးပွားရေး ပေါ်လစီ၊ စျေးကွက် လမ်းကြောင်း၊ အစရှိတဲ့ သတင်းအချက်အလက်တွေကို စုစည်းပြီးတော့ အဲဒါတွေက ကိုယ်ဝယ်ယူလိုတဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာ အတက်အကျကို ဆုံးဖြတ်ကြည့်ရတာပေါ့။ နောက်ပြီး ကိုယ်ဝယ်ယူလိုတဲ့ ကုမ္ပဏီကလည်း ဘယ်လိုမျိုး တီထွင်မှုအသစ်တွေ ထုတ်လာနိုင်မလဲ၊ တနှစ်စာ ပထမပတ် စာရင်းရှင်းတမ်းတွေမှာ အမြတ်အစွန်းမှရှိရဲ့လား၊ ဝန်ထမ်းတွေ ငှားနေလား၊ လျှော့ချနေလား၊ အမျိုးမျိုးပေါ့။ ယုတ်စွအဆုံး အခုလို ပွင့်လင်းရာသီ နွေဦးမှာ လူတွေ ခရီးထွက်တာ များရင် ဘယ်လိုမျိုး စီးပွားရေးစျေးကွက်တွေမှာ တိုးတက်နိုင်လဲ။ အဲဒီလောက်ထိ တွက်ဆကြည့်ရမှာပေါ့။ ဘက်ပေါင်းစုံ၊ ရှု့ထောင်ပေါင်းစုံကနေကြည့်ပြီး ကိုယ်ရဲ့ သီအိုရီ ကိုယ်ထုတ်၊ ကိုယ်ဝယ်ချင်တဲ့ အစုရှယ်ယာကို ဝယ်၊ ရောင်းချင်တဲ့ အချိန်မှာ ပြန်ရောင်း။ ကိုယ့် သီအိုရီမှန်ဖို့ သတင်း အချက်အလက်ဆိုတာ အဓိက အရေးကြီးဆုံးပဲ။

လက်ရှိ ကမ္ဘာရဲ့ စီးပွားရေး အခြေအနေကို ကြည့်ကြရအောင်။ နိုင်ငံတကာမှာ စီးပွားရေးတွေကျ၊ လူတွေ အလုပ်တွေပြုတ်၊ အလုပ်ရှိတဲ့ လူကလည်း တထိတ်ထတ်နဲ့ ငါ ဘယ်တော့ အလုပ်ဖြုတ်ခံရမလဲလို့ စိုးရိမ်စိတ်နဲ့။ ကမ္ဘာ့စီးပွားရေးက အဆိုးရွားဆုံး အခြေအနေ(great depression) ကိုတော့ ဖြတ်ကျော်ပြီးသွားပြီလို့ ဆိုရမယ်။ ဟိုး..အောက်ဆုံး အဆင့်ကို ရောက်သွားခဲ့တဲ့ အစုရှယ်ယာတွေရဲ့ တန်ဖိုးတွေဟာလည်း လှုပ်လီလှုပ်လဲ့နဲ့ ပြန်တက်လာပြီ။ ဆိုတော့ကား..ဒီအချိန်ဟာ အစုရှယ်ယာတွေ ဝယ်ပြီး ရင်းနှီးမြုတ်နှံလို့ အကောင်းဆုံး အချိန်ပဲလို့ ပြောရမှာပဲ။ စာရေးသူလို ခေါင်းအရှုပ်ခံပြီး တွက်ချက် ရောင်းဝယ် မနေပဲ၊ ကိုယ်ယုံကြည်တဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို ဝယ်ထားလိုက်ရင် အရှည်မှာ အသေအချာ အမြတ်အစွန်းရရှိနိုင်တာပေါ့။ ဗဟုသုတရဖို့၊ အတွေအကြုံရဖို့ အလို့ငှာ စမ်းသပ်ကြည့်ချင်တယ် ဆိုရင်လည်း ငါးရာဖိုးဖြစ်စေ၊ တစ်ထောင်ဖိုးဖြစ်စေ စမ်းကြည်ပေါ့။

မိုက်ကရိုဆော့လို ကုမ္ပဏီမျိုးက ဟိုအရင်တုန်းက အစုရှယ်တစ်ခုကို ၃၀-ဒေါ်လာ လောက်ရှိခဲ့ပေမယ့် ၁၅-ဒေါ်လာ အထိ ကျဆင်းသွားခဲ့တယ်။ အခုချိန်မှာ ပြန်တက်လာတယ်ဆိုတော့ အကြမ်းဖျင်း အစုရှယ်ယာ တစ်ခုတန်ဖိုး ၂၀-ဒေါ်လာ ပြန်ဖြစ်လာပြီ။ စီးတီဂရု(Citi Group Bank) ဆိုရင် အစုရှယ်ယာ တစ်ခုတန်ဖိုး ၂၃-ဒေါ်လာခွဲလောက်ကနေ ၉၇-ပြား အထိ ထိုးဆင်းသွားခဲ့တာ အခုဆိုရင် အစုရှယ်ယာ တစ်ခုတန်ဖိုး ၄-ဒေါ်လာလောက် ပြန်ဖြစ်လာပြီ။ ရာဟူး(Yahoo) ဆိုရင် ၂၈-ဒေါ်လာကနေ ၉-ဒေါ်လာ လောက်အထိ ကျဆင်းသွားခဲ့တယ်။ အခု ၁၄-ဒေါ်လာ၊ ၁၅-ဒေါ်လာ ဝန်းကျင် ပြန်ဖြစ်လာပြီ။ ဆိုလိုတာက စီးပွားရေး ပြန်လည် ဦးမော့လာခဲ့ရင် ဒီအစုရှယ်ယာတန်ဖိုးတွေလည်း တရိတ်ရိတ်နဲ့ ပြန်လည် တက်လာရမှာပေါ့။

ဒီနေ့တော့ ဒါလောက်ပဲ တော်သေးပြီ။

အနန္တမေတ္တာဖြင့်
ဘကောင်း

ကူလီ မောင်သန်းအေး(၁)

လူ့လောကတွင် အဖြစ်အပျက်ပေါင်းမြောက်မြားစွာတို့ မျက်တောင်တစ်မှိတ်၊ လျှပ်တပျက် တဒင်္ဂခဏ အခိုက်အတန့်ကာလအတွင်း သိန်းသောင်းချီကာ ဖြစ်ပျက်ကြသည်။အနန္တနှင့် နှိုင်းယှဉ်မှရသော ဤလောကကြီး၏ အဖြစ်အပျက်တို့တွင် ကျွန်ုပ်တို့သည် အလွန်သေးနုပ်သော မြူမှုန်ကလေးမျှသာဖြစ်သည်။ လောကအချိန်ကာလ ယန္တတရားပေါ်မှ ကျွန်ုပ်တို့ ဖြတ်သန်းကြသည့် အခါတွင် ကျွန်ုပ်တို့၏ အဖြစ်အပျက်တို့သည် သူလိုငါလို့ သာမန်မျှသာဖြစ်သည်။ အဘယ်ကြောင့်ဆို့သော် ကျွန်ုပ်တို့သည် အချိန်ယန္တရား၏ လှည့်စားရာသို့ ပါဝင်စီးမျောကာ မိမိတို့၏ ဖြစ်တည်ရာ ဘဝကို သူ့အလိုလိုဖြစ်ပျက်ကြသည်ဟု ယူဆနေကြသောကြောင့်ဖြစ်သည်။ ကံ၏စေမံရာ၊ သို့တည်မဟုတ် ဘုရားသခင်၏ ဖန်တီးရာ အဖြစ်သို့ တာဝန်တွေပေး ပုံအပ်ထားကြရင်း ကိုယ်လွတ်ရုန်းကြရသည်။ မနက်မိုးလင်းလို့ အိပ်ရာထက်မှာ မှိန်းနေစဉ် နေ့စဉ်ကြားရသော ကျီးအာသံတို့သည် သာမန်မျှသာ ဖြစ်သည်ဟု လူတို့၏ မသိစိတ်မှ အလိုလို လျစ်လျူရှု တုံ့ပြန်ကြသည်။ ထိုမှတဖန် မနက်အလုပ်ခွင်သို့ အမှီ အပြေးအလွားသွားစဉ် လမ်းဘေးတွင် တွေ့ရသော အဘွားအိုတစ်ယောက်နှင့်မြေကလေးအရွယ် ကလေးမတို့ မြေတွင်ဝတ်တွားခယ တောင်းရမ်းစားသောက်နေသည်ကို တွေ့ရသောအခါ ထိုကဲ့သို့ အဖြစ်အပျက်မျိုး မြင်တွေ့ရဖန်များတော့ မထူးဆန်းတော့ဟု ယူဆကြပြန်သည်။ ညလူခြေတိတ်သည့်အခါ မိန်းကလေးငယ်တို့ အလှတို့ပျက်ပြယ်ကာ တိတ်တခိုးမျက်ရည်တို့ဖြင့် ပူပြင်းသောဘဝလမ်းကို နင်းလျှောက်ကြသည်ကို သိကြလျက်နှင့် မြေနှိမ့်ရာ လှံစိုက်ကြသည်။ ကျပ်တည်းလားသော စာဝတ်နေရေး နှင့် စီးပွားရေး၊ အာဏာနှင့် ဥစ္စာဓနတို့၏ အုပ်စိုးမှုအောက်တွင် နလံမထူနိုင်သော ဥပဒေတို့ကြောင့် ကျွန်ုပ်တို့၏ လူ့ဘဝသည် မီးလောင်ကျွမ်းလျက် ဆင်းရဲနွမ်းပါးလာခြင်းတို့၏ သားကောင်တို့ မြေသို့ချနင်း ဖျက်ဆီးခံကြရသည်။

အကယ်ဤသာ အကြင်သူတစ်ပါးသည် လူ့လောက ကမ္ဘာမှလွန်မြောက်ကာ ဒြပ်မဲ့သောဖြစ်တည်ရာ အရပ်မှ ကျွန်ုပ်တို့ကို စောင့်ကြည့်ပါက စိုးရိမ်ကြောင့်ကြခြင်းနှင့် အကြောက်တရားတို့ အစဉ်ဖုံးလွှမ်းနေသော ဘဝဖြစ်စဉ်တို့သည် လူတိုင်း လူတိုင်းဘဝတွင် နေစဉ်ထင်ဟပ်နေလျက်ရှိသည်ကို တွေ့ရပေလိမ့်မည်။ ထိုကဲ့သို့ အပျက်တရား နှင့် ယိုယွင်းပျက်ဆီးခြင်းကို ဆောင်သော နိမိတ်တို့သည် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ အရိုးစွဲသလို့ မထူးဆန်းသော အရာတစ်ခုလို ထင်မှတ်မှားမိကြပေလိမ့်မည်။သို့သော် စိုးရိမ်ကြောင့်ကြခြင်းတို့သည် ပြုပြင်ပြောင်းလဲလိုခြင်းဆိုသော မြော်လင့်ချက်အသွင်ကူးပြောင်းလျက်၊ အကြောက်တရားတို့ နယ်နိမိတ်ကုန် ရပ်တန့်ကုန်ဆုံးကာ ပုန်ကန်ထကြွရတတ်သည်။ စတေးလိုက်ရသော အသက်သွေးများ၊ မျက်ရည်များ၊ နာကျည်းချက်များ.စသည်တို့သည် ချိန်ကိုက်ဗုံးသဖွယ် လှုပ်တုတ်လှုပ်တုတ်နှင့် တစ်စတစ်စကြီးထွားလာကာ စနက်တံသည့် မည်သည့်အချိန်တွင် ပေါက်ကွဲမည်ကို ကြည့်ရှုနေရသလိုပင်။

ကျွန်ုပ်တို့သည် ကာယ ခွန်အားဗလ အရာတွင်၄င်း၊ အတတ်ပညာ အသိပညာ ဉာဏဗလ အရာတွင်၄င်း အလွန်တရာထူးကဲပြောင်မြောက်သော လူသားများအဖြစ်မွေးဖွားလာကြရသည်မဟုတ်။ သို့တည်းမဟုတ် လူပေါ်လူဇော် ဖြစ်ဖို့အတွက် စနစ်တကျ ပြုစုပျိုးထောင် မြေတောင်မြောက်ပေးခံရသည့် အခွင့်၊ ဆည်းပူးလေ့လာသုံးသပ်ခွင့်တို့ မရရှိခဲ့ကြရသည့် အားလျော်စွာ လူ့ဘိတ်ချေးများ ဖြစ်လာကြရသည်။ ထိုလူ့ဘိတ်ချေးမှ မွေးဖွားသည့် သားသမီးများလည်း ထို့အတိုင်း အခွင့်အရေးတွေ ဆက်လက်ဆုံးရှုံးနေသေးသမျှ လူ့ဘိတ်ချေးများ ဖြစ်နေကြရအုံးမည်။ လူ့ဘိတ်ချေးဆိုသည်မှာ မိမိတို့နှင့် ယှဉ်ပြိုင် အကဲဖြတ် ချိန်ထိုးကြည့်မည့် အရာများ၊ အကြောင်းတရားများ မရှိသ၍ နွားချေရာခွက်ထဲမှ ဖားသူငယ်ပမာ မိမိတို့သည်သာ အကောင်းဆုံးပမာ ထင်မှတ်မှားကြသည်။ ဘောင်ခတ်ခံထားရသော ဘဝထဲတွင် မိမိတို့၏ ဘဝအဖြစ်အပျက်တို့သည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဟု ထင်မှတ်မှားလျက် အကြောင်းအားလျော်စွာ နွားချေရာခွက်ထဲမှ ခုန်ထွက်ကြည့်သည့် အခိုက်တွင်မှ မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကြလျက် မိမိတို့ မသိလိုက် မသိဘာသာ ဖြတ်သန်းနေရသော ဘဝတို့ကို ပြန်လည် ဝေဖန်ဆန်းစစ်ကြသည်။ ငါတို့ဘဝတွေဟာ လှောင်အိမ်ထဲက ငှက်တွေလို အပြင်လောကနဲ့ အဆက်ဖြတ် ပိတ်လှောင်ခံထားရပါလားဆိုတာကို သိလာကြရတယ်။ ဝေဖန်ဆန်းစစ်နိုင်စွမ်းသော အသိပညာ တို့ကို အလျက်အမြန် ဖြည့်တင်းကြလျက် ကျွန်ုပ်တို့ နေစဉ်မြင်တွေ့နေကြရသော စိုးရိမ်ကြောင့်ကြခြင်းနှင့် အကြောက်တရားတို့ဖုံးလွှမ်းနေသော ဘဝ ကန့်လာကာနောက်ကွယ်မှ အကြောင်းတရားတို့ကို မြင်အောင် ကြည့်လာကြသည်။ ဝေဖန်ဆန်းစစ်ကြသည်။ အကြောင်းတရားကို သုံးသပ်သည်။ အရင်းအမြင်ကို ရေဆုံးမြေဆုံးလိုက်ကြည့်သည်။ လူအနည်းစုကွက်ကွက်လေးကို မြင်တွေ့ ကြားသိနေရသည့်ဘဝမှ ကျော်လွန်ကာ လူအများစု အတိုင်းအတာဖြင့် ချိန်ထိုးတွက်ဆလာကြသည်။ ကျွန်ုပ်တို့ ဘဝတွေ ဘာအတွက်ကြောင့် ဆင်းရဲကြရသလဲ၊ ဒါဟာ ပုံမှန်မှဟုတ်ရဲ့လား၊ လူချင်းတူလျက်နဲ့ ငါတို့လူမျိုးတွေအတွက် လိုအပ်ချက်တွေဖြည့်တင်းနိုင်ဖို့ ဘာတွေဆုံးရှုံးနေကြရသလဲ အစရှိတဲ့ မေးခွန်းများမေးလာကာ အဖြေရှာကြသည်။

မောင်သန်းအေးဆိုသူသည် အထက်က ဖေါ်ပြလတ္တံ့သော လူ့ဘိတ်ချေးတစ်ယောက်ဖြစ်ကာ ထိုဘဝမှ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲသွားသော လူဇော်တစ်ယောက်လည်းဖြစ်လေသည်။သူကို သိကျွမ်းရစဉ်က လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်သည်။ ကျွန်ုပ်အထက်မြန်မာပြည် မန္တလေးသို့ အလုပ်ကိစ္စတစ်ခုဖြင့် ရောက်သွားသည့် အခိုက် စျေးချို ရုံတော်ကြီးရှိ ကုန်သည်ပွဲစား သူငယ်ချင်း ကိုကျော်နိုင် ဆိုသူ၏ နေအိမ်တွင် တည်းခိုနေစဉ် ထိုပွဲရုံအိမ်သို့ နေ့စဉ်ကုန်တင် ကုန်ချ ကူလီအလုပ် လုပ်နေသော မောင်သန်းအေးကို စတင်သိကျွမ်းခဲ့ရသည်။
မန္တလေးသို့ ဆိုက်ရောက်သည့် အချိန်၌ ညဖြစ်သည်က တစ်ကြောင်း၊ ခရီးကလည်း ပန်းလာကာ အိပ်ချင်နေသည့်အပြင် ညအချိန်် သူငယ်ချင်း၏ ပွဲရုံအိမ်သည် လုပ်ငန်းများ ရပ်ဆိုင်ထားသောကြောင့် မန္တလေး ရုံတော်ကြီး ပတ်ဝန်းကျင်ကို သေချာ စုံငှအောင် သတိမထားမိခဲ့ချေ။ နောက်တနေ့ မိုးလင်၍ ကားဟွန်းသံများ၊ မော်တော်ကား၊ ဆိုင်ကယ် သံများ နှင့်အတူ စျေးသည် စျေးဝယ်တို့၏ အသံစုံများကို ကြားရတော့မှ အိပ်ရာထဲတွင် ဆက်လက် အိပ်စက်ခြင်း လုံးဝမတတ်နိုင်တော့သည့် အခါ၊ လေးတွဲသော မျက်လုံးကို ဖွင့်လျက် မန္တလေးမြို့ စျေးချိုရုံတော်ကြီးကို စူးစမ်းလေ့လာဖို့ နိုးထခဲ့ရသည်။
ကျွန်ုပ် အိပ်ရာမှ နိုးနှင့် နေသည်ကို သိသည်နှင့် သူငယ်ချင်းဖြစ်သူ ကျော်နိုင်က မနက်စာ စားဖို့ လာခေါ်သည်။
“ဘကောင်းရေ….မနက်စာ စားဖို့ သွားကြရအောင်ဟေ့..”
“ဟ..မနက်စာ အိမ်မှာ မစားကြဘူးလား”
“ငါတို့လို စီးပွားရေးသမားတွေကတော့ မနက်စာကို အပြင်လက်ဖက်ရည်ဆိုင်မှာပဲ စားကြတယ်ကွ။ ဆိုင်မှာက လူစုံတော့ မနက်စာလည်းစား အလုပ်ကိစ္စလည်း ပြောရင်းဆိုရင်းပေါ့ကွာ။”
“အေးဟ..ငါလည်း မန္တလေးက ခွဲသွားတာ ကြာပြီဆိုတော့…မင်းတို့ အထာတွေ ငါလည်း မသိတော့ဘူး.. မင်းစီစဉ်တာပဲ လိုက်နာရတော့မှာပဲ ”

ဤသို့ဖြင့် ကျွန်ုပ်လည်း မန္တလေးမြိုး၏ နံနက်ခင်း မနက်စာကို အပြင်ထွက် စားရန် အဝတ်လဲပြင်ဆင်ပြီး ကျော်နိုင်တို့ ပွဲရုံအိမ်ရှေ့သို့ ထွက်လိုက်သည်တွင် ပျားအုံတစ်အုံကို ပတ်ပတ်လည် ခြံရံလျက် ဝင်ချည် ထွက်ချည်ဖြင့် တစ်ဝှီဝှီအော်မြည်နေကြသော ပျားများကို တွေ့လိုက်ရသလို လူပေါင်းစုံတို့ ဟိုတစ်ဆိုင်ဝင်၊ ဒီတစ်ဆိုင်ထွက်ဖြင့် စျေးချိုရုံတော်ကြီးဆိုသော ပျားအုံကြီးကို အုံဖွဲ့အမှီပြုနေကြသည်ကို တွေ့ရတော့သည်။
“အစ်ကိုက ရန်ကုန်က လာတာလား”
ရုတ်တရက် မေးခွန်းမေးသံနှင့်အတူ စွတ်ကျယ်လက်ပြတ် အမြဲဝတ်သောကြောင့် နေလောင်ထားသည့် လက္ခဏာရှိသည့် မွဲပြာရောင် အသားအရည် နှင့် ရည်ရည်မွန်မွန် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
“ကျွန်တော်နာမည်က မောင်သန်းအေးပါ။ ကိုကျော်နိုင်တို့ဆီမှာ ကူလီလုပ်ပါတယ်”

ပစ္စည်းအတင်အချ ကုန်ထမ်း ကူလီလုပ်တာကို ကူလီလုပ်ပါတယ်ဟု ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားဖြင့် ပြောဆိုကာ မိတ်ဆက်လာသော မောင်သန်းအေးဆိုသည့် အသက် အစိတ်အရွယ် လူရွယ်ကလေးကို ကြည့်ကာ ရိုးသားမည့်ပုံပဲဟု စိတ်ထဲမှ ကြိတ်ပြီး ကောက်ချက်ချမိသည်။ တော်တန်ရုံ မိမိကိုယ်မိမိ ယုံကြည်ချက် အားနည်းသူတို့သည့် တစ်ပါးသူ လူစိမ်းတို့နှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံမိတ်ဆက်ကြသည့်အခါ မိမိတို့ တော်ကြောင်း၊ တတ်ကြောင်း တို့ကို သာသာထိုးထိုး အလေးပေးပြောလျက် တဖက်သားမှ အထင်ကြီးစေရန် အလို့ငှာ ကြိုးစားဟန်ဆောင် အားထုတ်ကြလေ့ရှိသည်။ မိမိတို့၏ အသက်မွေးဝမ်းကြောင်းသည့် လုပ်ငန်းသည့် သေးနုတ်နေသည့် လုပ်ငန်းဖြစ်သည့် တိုင်အောင် အဆင်ပြေချောမွေ့ လှပသော စကားလုံးတို့ သုံးလျက် ဆင်ဝှေ့ရန်ရှောင်သောနည်းဖြင့် နားဝင်ချိုအောင် လှည့်ပတ်ပြောဆိုတတ်လေ့ရှိသည်။ မောင်သန်းအေးသည်ကာ ကျွန်ုပ်ကို လာရောက် မိတ်ဆက်သည့် အခါတွင် သူသည်ကူလီလုပ်ကြောင်း တဲ့ထိုးကြီး ပြောသည့်အချက်အပေါ်ကျွန်ုပ် သဘောကျမိသည်။ သူသည် အတ္တာဟိ အတ္တနော နာထောဆိုသည့် မိမိကိုယ်ကို ယုံကြည်ကိုးစားသူ အမျိုးအစားထဲမှ တစ်ယောက်ပင်ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။

“အေး..ရန်ကုန်က လာတာ ဆိုကြပါစို့..တကယ်တော့ အစ်ကိုလည်း မန္တလေးမှာမွေး မန္တလေးမှာကြီးခဲ့တဲ့ သူ တစ်ယောက်ပဲ”
“ဟုတ်လား..ကောင်းတာပေါ့ အစ်ကိုယ်ရ။ အရင်တုန်းက ကိုကျော်နိုင်ဆီကို ရန်ကုန်က သူ့ရဲ့ စီးပွားဖက် ဧည့်သည်နဲ့ သားတစ်ယောက် လာလည်ဖူးတယ်…အဲဒီ ဧည်သည်ရဲ့ သား ရန်ကုန်သား ပြောတဲ့ စကားတွေ ကျွန်တော် နားကိုမလည်ဘူး။ ဘာတဲ့..သူတစ်ခုခု နားမလည်ဘူးဆိုရင်…မင်းတို့ဟာတွေက အစားကြီးပဲ လို့ ပြောတယ်. အဲဒါ ကျွန်တော်တို့က လာလဲ အစားကြီး ဆိုတာလို့ မေးတော့..သူကဘာပြန်ပြောသလဲဆိုတော့..သူပိုပြီး စားသွားပြီတဲ့…..ကျွန်တော်တော့ အဲဒီလိုမျိုး ရန်ကုန်ကလူတွေပြောတဲ့ ဘန်းစကားတွေ မကြိုက်ပေါင်ဗျာ”

တွေ့တွေ့ခြင်း စိတ်လိုလက်ရ စိတ်အားထက်သန်စွာဖြင့် မိမိအကြိုက်၊ ခံစားချက်တို့ကို ဖွင့်ဟ ထုတ်ဖေါ်ပြောပြသော မောင်သန်းအေးစကားကို ကျွန်ုပ်ဟက်ဟက်ပက်ပက် ရီမောမိသည်။
“ဟား…ဟား….ဟား…..မောင်သန်းအေးပြောတာ အစ်ကို နားလည်တယ်..တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလိုပေါ့ကွာ..နောက်ပြီး ဘာသာစကားဆိုတာ ပြောင်းလဲနေတဲ့ သဘောတရားလဲရှိတယ်ကွ.”
“ဒါတော့ ဒါပေါ့ အစ်ကိုရာ. ဒါပေမယ့် အဓိပ္ပာယ် နှစ်မျိုး သုံးမျိုးနဲ့ ဝိဟာရ မကွဲတဲ့ စကားလုံး အသုံးအနှုံးတွေကြတော့ လူတိုင်းစေ့ နားမလည်နိုင်တော့ ဘူးပေါ့”

မောင်သန်းအေး စကားကြောင့် ရီမောနေတဲ့ ကျွန်ုပ် အတွေးထဲ လျှပ်စီးလက်သလို ဖြတ်ကနဲ ရန်ကုန် ရောက်ခါစ တွေ့ကြုံခဲ့ရတဲ့ ဒေသသုံး စကားအပြောင်းအလဲတွေကို သတိရမိတယ်။ ကြက်သွန်အချဉ် နှင့် မုန့်တီကြိုက်တဲ့ မန္တလေးသား ကျွန်ုပ်အတွက် ရန်ကုန်မှာ ပထမဦးဆုံးအကြိမ် နန်းကြီးသုပ်ကို မှာစားတော့ ကြက်ဥပြုတ်များ လှီးပြီး သုပ်သော နန်းကြီးသုပ်နှင့် သခွါးသီးကို ကြက်သွန်အစား အချဉ်အဖြစ်သုံးသည်ကို ထူးဆန်းစွာ မြင်တွေ့ဖူးခဲ့သည်။တက္ကသိုလ်ကျောင်းသား ဘဝ အဆောင်နေစဉ် လှည်းတန်းစျေးမှာ စျေးဝယ်တော့လည်း ခါကြက်ဥဆိုတာကို နားမလည်ကြ။ မုန်းလာဥအနီဟု ပြောမှ စျေးသည်များ နားလည်ကြသည်။ ကြာတော့လည်း နယ်ပေါင်းစုံ၊ ဒေသပေါင်းစုံမှာ အသုံးအနှုန်းများ၊ လေယူလေသိမ်းများကို ကျက်မိသွားသည်။

သို့ပေသည့် အခုလို ကုန်းထမ်းသမား မောင်သန်းအေးဆိုသူ လူငယ်တစ်ယောက်ထံမှ မြန်မာစကားအပေါ် ထားရှိသော သူ၏ အယူအဆကြားရတော့ ကျွနု်ပ်၏ စိတ်အာရုံကို ခေါင်းလောင်းတီးသလို သူ့အကြောင်း ပိုမိုသိချင်စိတ် ပြင်းပြလာသည်။ သူသည် စာပေ၊ ယဉ်ကျေးမှု အတွေးအခေါ်တို့နှင့် အလှမ်းမဝေး မစိမ်းလှသော လူငယ်ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။ မွဲပြာရောင် အသားအရည်နှင့် ကုန်ထမ်းရလွန်း၍ ကုန်းထနေသော ပုခုံးဂုတ်ပိုးသားတို့ဖြင့် ဤလူငယ်တစ်ယောက်သည် နုညံ့ယဉ်ကျေးသော စာပေ အတွေးအခေါ်တို့ကို ထမ်းပိုးထားလေသည်။
“မောင်သန်းအေး..အစ်ကိုနဲ့ ကျော်နိုင်က မနက်စာ အပြင်သွားကြမလို….မောင်သန်းအေးပါ လိုက်ခဲ့စေချင်တယ်။ စကားစမြည်လည်း ပြောကြရတာပေါ့”

ဝန်ထမ်း အလုပ်သမားအားလုံးကို သူငယ်ချင်းကဲ့သို့ ပြောဆိုဆက်ဆံလေ့ရှိသော သူငယ်ချင်းဖြစ်သူ ကျော်နိုင်သည် သူ၏ ဂျစ်ကား အစုတ်ကလေးဖြင့် မနက်စာ အပြင်သွားစားဖို့ အဆင်သင့် ဖြစ်လေသည်။ ကိုယ်ပိုင်စီးပွာရေး လုပ်ငန်းတစ်ခုကို တစ်ယောက်တည်း ဦးဆောင်ဦးရွက်ပြု၌ အလုပ်သမားများနှင့် ရင်နှီးစွာ ဆက်ဆံတတ်သော သူ၏စီမံခန့်ခွဲတတ်မှုသည် အကျိုးရှိသောနည်းဗျူဟာတစ်ခုပင်။ မည်သို့ပင် ဖြစ်စေကာ သူ၏ ဝန်ထမ်းအားလုံးသည် လွတ်လပ်သည့် အသွင်သဏ္ဍာန်ရှိကြသည်။ ကျွန်ုပ်၏ ဖိတ်ခေါ်မှုကို ကျော်နိုင်သည် ကန့်ကွက်ခြင်း မရှိ လိုလိုလားလား ရှိသလို၊ မောင်သန်းအေးကိုယ်၌လည်း စိတ်ပါလက်ပါဖြင့် လွယ်လင့်တကူ ခေါင်းငြိမ့်သည်။

ကျော်နိုင် မောင်းသော ဂျစ်ကားဟောင်း အစုတ်ကလေးကို ကျွန်ုပ်က ရှေ့တွင် ထိုင်လျက်၊ မောင်သန်းအေးက နောက်တွင် ထိုင်ကာ မန္တလေးမြို့၏ မနက်စာကို စားကြမည်ဟု အားခဲလျက် သုံးယောက်သား မြိုင်မြိုင်ဆိုင်ဆိုင် စကားပြောကြရင်း ရုံတော်ကြီး မှ ထွက်ခဲ့ကြသည်။ မနက်ခင်း လို့သာ ဆိုပေသည့် ကျွန်ုပ်တို့ ထွက်လာခဲ့သည် အချိန်ကို ကြည့်လိုက်တော့ ကိုးနာရီခွဲပြီးသွားလို့ ဆယ်နာရီ ထိုးလုထိုခင် ရှိလှပြီ။ မန္တလေးမြို့၏ နံနက်ခင်း ဆယ်နာရီ နေသည် မွန့်တည့် နေ တမျှ ပူစပ်ပူလောင် ရှိလှသည်။စက်ဘီးများလည်း လမ်းမကြီးများ အတိုင်း ဥဒဟို ဖြတ်သန်းသွားလာကြသည်။ စက်ဘီးစီးသူများသည် တစ်ခါတစ်ရံ မော်တော်ကားသွားနေသည့် လမ်းမအလယ်သို့် ရိမ်းလာတတ်သည့်အတွက် မော်တော်ကား ဟွန်းသံကို အလျင်းသင့်လျှင် သင့်လို တစ်တီတီမြည်အောင် တီးကြရသည်။ သို့ရာတွင် မန္တလေးမြို့၏ လမ်းစည်းကမ်းသည် သူ့အထာနှင့်သူ။ စက်ဘီးများ စက်ဘီးနိုင် အစုလိုက် အပြုံလိုက် လမ်းဖြတ်ကူးကြသည်။

စက်ဘီးများ၊ ဆိုင်ကယ်များ၊ မော်တော်ကားများ လမ်းဘေးတစ်ဖက်တစ်ချက်တွင် ရပ်ထားကြလျက် လူတော်တော်များဖြင့် စည်းစည်းကားကားရှိလှသော လက်ဖက်ရည်ဆိုင်ရှေ့သို့ ကျော်နိုင်၏ ဂျစ်ကားကို ရပ်လိုက်တော့မှ မင်းသီဟ ဆိုသည့် ဆိုင်းဘုတ်ကို စတင်တွေ့ရတော့သည်။ လက်ဖက်ရည်ဆိုင်လို့ ဆိုပေသည့် လက်ဖက်ရည် ကော်ဖီသာ ရောင်းသည် မဟုတ်။ ပလာတာ၊ ထပ်တစ်ရာ၊ မုန့်တီ၊ ခေါက်ဆွဲ၊ မြီးရှည်၊ စမူဆာ၊ ပေါက်ဆီ အစရှိသည်တို့ အစုံရသည်။

ကျော်နိုင် နှင့် မောင်သန်းအေးတို့က မုန့်တီကို အမဲအကျောနှင့် မှာစားသည်။ ကျွန်ုပ်က ထပ်တစ်ရာကျွပ်ကျွပ်ကို ပဲနှင့် စားလိုသည့် အာသီသ ရှိသည်နှင့် ပဲ ထပ်တစ်ရာကို မှာစားသည်။ ထို့ နောက် ကျွန်ုပ်တို့ ၏ မန္တလေးမြို့ နံနက်ခင်း စကားဝိုင်းကို စတင်ကြသည်တွင် ကျွန်ုပ်ကပဲ မောင်သန်းအေး အကြောင်းကို အများဆုံးမေးဖြစ်သည်။ သူသည် မိဘများ မရှိ။ ဆွေမျိုးညာတိ မောင်နှမသားချင်းများလည်း မရှိ။ တစ်ကိုယ်ရည် တစ်ကာယ ဘဝကို တစ်စတစ်စ တိုးတက်အောင် ပြုပြင် ပြောင်လဲ ကြိုးစားနေသော လူငယ်တစ်ယောက်လည်း ဖြစ်သည်ကို လေ့လာရသည်။

ထိုစဉ်က ပြောပြသော မောင်သန်းအေး၏ ဘဝဇာတ်စုံကို ဟိုတစ်စ၊ ဒီတစ်စ စကားပြောသလို ဖြစ်မနေစေရန် အလို့ငှာ ကာယကံရှင်မောင်သန်းအေး၏ တောင်ဆိုချက်အတိုင်း အောက်ပါအတိုင်း ဝတ္တုဆန်ဆန် ရေးသားပြလိုက်ပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++
မန္တလေးမှ စစ်ကိုင်းကို အသွား အဝ(အင်းဝ)သို့ ခွဲထွက်သွားသည့် လမ်းမဆုံတွင် အင်းဝစစ်ကိုင်း ကားဂိတ်ရှိသည်။ ထိုကားဂိတ်တွင် ခရီးသည်တင် ဒတ်ဆန်းကားများ၊ ဟိုင်းလတ်ကားများ ခရီးတစ်ထောက် ရပ်နားကာ ကုန်တင် ကုန်ချလုပ်ကြသည်။ ထိုကဲ့သို့ ခရီးသည်များ ပေါင်းစုံမိသည့် အချိန်ကို ရနိုင်သလောက် အလုအယက် စျေးရောင်းကြသော ဒုတ်ထိုးအချဉ်သည်များ၊ ငုံးဥပြုတ်ရောင်းကြသူများ၊ အစရှိသဖြင့် ယောက်ယက်ခတ်လျက် ရှိတတ်သည်။ လွန်ခဲ့သော အနှစ် နှစ်ဆယ့်ငါးနှစ် ဝန်ကျင်ခန့်က ထို အင်းဝစစ်ကိုင်း ကားဂိတ်တွင် ဝါးပိုးဝါးအဆစ် အလုံး ကြီးကြီး နှစ်လုံးကို လက်တစ်ဖက်တစ်ချက်တွင် ကိုယ်စီကိုင်ကာ လူစည်ကားသည့်် အခိုက်အတန့်ကို စောင့်လျက် တောင်းရမ်းလျက်ရှိသည့် သူဖုန်းစား သားအမိ နှစ်ယောက်ကို တွေ့ဖူး သတိပြုမိသူများ ရှိကောင်း ရှိကြလိမ့်မည်။
အစာ အဟာရ ချိုတဲ့ကာ လောကဓံ အထုအထောင်းကို နှစ်ရှည်လများ ခံစားနေရသော ကြောင့် မွဲပိန်ခြောက်သွေ့နေသော အသားအရည် ခန္ဓာကိုယ်ရှိသည့် မိခင်ဖြစ်သူ၏ ပုံပန်းသဏ္ဍာန်သည် လိုအပ်သည်ထက် ပိုမို ရင့်ရော် အိုမင်းနေသည့် အသွင်အပြင်ရှိသည်။ အသားအရည် မည်းမည်း ခြောက်ခြောက် မျက်နှာတွင် ချေးအလိတ်လိတ် ကပ်ကာ ဘောင်းဘီတို ညစ်ညစ်နွမ်းနွမ်းကိုသာ ဝတ်ထားသည့် ခုနစ်နှစ်အရွယ် ကောင်လေးသည် မိခင်ဖြစ်သူ၏ နံဘေးတွင် ဆောင့်ကြောင့် ထိုင်လျက် တွေ့သမျှ လူအားလုံးကို စူးစမ်းလေ့လာနေဆဲ။ သူ၏ အသွင်သဏ္ဍာန်သည် အမြဲဆာလောင်မွတ်သိပ်နေမှန်း သိသာလှသည်။ တောင်းရမ်းစားသောက်ရသည့် ဘဝဖြစ်သည့်အားလျော်စွာ မိခင်ဖြစ်သူ၏ ဦးခေါင်းသည် အရာရာကို အမြဲ ဦးညွတ် နေလေ့ရှိသည်။ ဂရုတစိုက်နှင့် သတိထားကြည့်မိလျင် တစ်ခါတစ်ရံမှသာ မော့်ကြည့်သော သူမ၏ မျက်လုံးတို့သည် ခံစားချက် ဗလာနတ္ထိ၊ မှုန်မှိုင်းအားနည်းနေသော မျက်ဝန်းအိမ်တို့သည် အလွယ်တကူကျိုးလွယ် ပဲ့လွယ်သော ဖန်သားလွာ ပါးပါးလျှပ်လျှပ် တစ်ခုကဲ့သို့ ပျက်ဆီးဆုံးရှုံးမှုကို စောင့်စားနေရသလိုရှိလှသည်။

ကတ္တရာလမ်းဘေးတွင် သားအမိနှစ်ယောက် ဆောင့်ကြောင့်ထိုက်လျက် တွန့်လိန် ပိန်ရှုံ့နေသော ဒန်ခွက်ကလေးကို သူဖုန်းစားခွက်အဖြစ် ရှေ့တွင်ချကာ မြေပြင်တွင် ဝါလုံးကြီးများကို စည်းချက်ကျကျ ဒေါင်လိုက် ဆောင့်ကာဆောင့်ကာဖြင့် ဝါးလုံးလှိုင်သံထွက်အောင် တီးကျသည်။ အမေဖြစ်သူသည် ပိုမိုကြီးသော ဝါးဆစ်ကို သုံးလျက် သားဖြစ်သူ ကလေးငယ်သည် အတော်အတန် သေးငယ်သော ဝါးဆစ်ဖြင့် မိခင်ဖြစ်သူနှင့်အညီ စီးဝါးကိုက် အဝင်အထွက်မှန်အောင် တီးသည်။ ထို့နောက် ထိုကောင်လေးကပင် ဆွဲဆွဲငင်ငင်ရှိလှသော အသံဖြင့် ထိုအချိန်အခါက ခေတ်စားသော ပေါ်ပင် သီချင်းတို့ကို သီဆိုလျက် ကားဂိတ်တွင် ခရီးတစ်ထောက်နားသူတို့ကို ကြိုးစား ဆွဲဆောင်လေ့ရှိသည်။ ထိုကောင်လေးသည် နောင်အခါ ကျွန်ုပ်၏ သူငယ်ချင်း ကျော်နိုင်၏ ပွဲရုံတွင် ကူလီလုပ်လျက် မြန်မာစကားကို ဠာန် ဌာန်ကရိုဏ်းကျကျ ပြောဆို ဆက်ဆံတတ်သော မောင်သန်းအေးပင် ဖြစ်သည်။

ထုံးကုံးသူကို ပြောပေးပါ (၃)


အေးအေးမာကတော့ ရှေ့မှာ ထိုင်လျက် ဘကောင်းဘက်လှည့်ပြီး ခဲတံ သို့မဟုတ် ပေတံ ငှားသလိုလိုနှင့် ဘကောင်းတွက်ပြီးသမျှ အဖြေများကို လှည့်ကာ လှည့်ကာ ကြည်လေ့ရှိသည်။ ပြီးတော့ ငှားထားသည့် ခဲတံ၊ ပေတံတို့ကို ပြန်ပေးဖို့ သတိမရတော့။ သူမ အကျင့်က အဲဒီလို။

အခုလည်း ဘကောင်းသချင်္ာတွက်ပြီးတော ပုံဆွဲဖို့ ခဲတံလိုက်ရှာတော့ ဘယ်မှ ရှာလို့ မရ။ ခုံအောက် ငုံ့ကြည့်သည်။ မတွေ့။
ငတော် ကို လှည့်ကာ မေးကြည့်ရသည်။
“ငတော်..ငါ့ခဲတံ ယူထားလား”
“ငါ မယူထားဘူး”
ငတော်ကတော့ ညာမပြောတတ်။ ဘကောင်း တစ်လောကလုံးကို တရားခံစစ် စစ်သလို လိုက်မေးရတော့မည်။ ခုံအောက်မှာ မရှိတာလည်း အသေအချာ။ နံဘေးက ခုံအောက်တွေပါ အကုန် ရှာကြည့် ပြီးပြီ။ ဘကောင်း စိတ် နည်းနည်း တိုလာသည်။ ဘယ်နဲ့ ဒီခဲတံက ဘယ်ကို ရောက်သွားရပြန်တာတုံး။
“လှိုင်ဘွား မင်း ငါ့ခဲတံ ယူထားသေးလား”
လှိုင်ဘွားသည် ခေါင်းသာ ရမ်းပြနိုင်တော့သည်။ သူ့တွင် အခုထိတိုင်း သချင်္ာပုစ္ဆာတွေက တွက်လို့ မပြီးနိုင်သေး။ ဘကောင်းတို့သူငယ်ချင်း အုပ်စုတွင် လှိုင်ဘွားသည် ဉာဏ်ထိုင်းအထိုင်းဆုံး။ ခေါင်းသာ ရမ်းပြနိုင်သော လှိုင်ဘွားက ရှေ့တွင် ထိုင်နေသော အေးအေးမာ နောက်ကျောကို တချက်လှမ်းကြည့်လျက် မေးတချက်ငေါ့ပြသည်။ သဘောကတော့ အေးအေးမာ ယူထားနိုင်သည်ပေါ့။

ရှေ့တွင် ထိုင်နေသော အေးအေးမာကို လှမ်းကြည့်လိုက်တော့ တွေ့ပါပြီ။ အလဲ့ သူမက ဘကောင်း ခဲတံနှင့်ပင် သချင်္ာတွေ အသေအချာ တွက်နေသည်။ ဘကောင်း စိတ်က နဂိုကတည်းက မြန်ပါဘိနဲ့။ သူ့ခဲတံကို အေးအေးမာယူပြီး သုံးနေတာ မကြိုက်။ စိတ်တိုသွားသည်။
“အေးအေးမာ..ငါ့ခဲတံ ပြန်ပေး..အဲဒါ ငါ့ခဲတံ…နင်ငါ့ခဲတံ ခိုးထားတယ်”
နောက်ကနေ ဘကောင်းက လှမ်းပြောတော့ အေးအေးမာ ရုတ်တရက် ကြောင်အမ်းအမ်းဖြစ်သွားသည်။ ပြီးတော့ သူ့ကို လည်း ခဲတံ ခိုးထားတယ်တဲ့။ အဆုံးအစမရှိ ဗြုန်းကနဲ လှမ်းပြောပြီး စွတ်စွတ်စွဲစွဲ။ အေးအေးမာကို ဒါမျိုး လာပြောလို့ကတော့ အခြားလူဆိုဘယ်ရမလဲ။ အေးအေးမာ နူတ်က တစ်ခါတည်း ပြန်ပက်ထဲ့လိုက်မှာ။ ဒါပေမယ့် ဘကောင်းကိုတော့ အေးအေးမာ ရှိန်သည်။ ရှိန်တာထက် ပိုပြီးတော့ ခင်တွယ်မှုကပိုများသည်။
“ရော့..နင့်ခဲတံဆို ပြန်ယူ. ငါ့ ခုံအောက်က ကောက်တွေ့တာ။ နင့်ခဲတံမှန်း မသိလို့”
အေးအေးမာ နောက်လှည့်ပြီး ဘကောင်းကို ခဲတံပြန်ပေးသည်။ သို့သော် ဒီလို အလွယ်တကူနှင့် ဘကောင်း မကျေနပ်နိုင်။
“နင် ခိုးထားတာပါ…သူခိုး..နင် သူခိုး”
“ငါ မခိုးဘူး…ငါကောက်ရတာ”
“မဟုတ်ဘူး..နင်သူခိုး…သူခိုး..”
ကျူရှင် မလာခင် ကတည်းက မကျေမနပ်ဖြစ်နေသော ဘကောင်း။ အခု အကွက်တွေ့သည်နှင့် အေးအေးမာကို ပြန်ပြီး ကလဲစား ချေတော့သည်။
အေးအေးမာ ဘာမှ ဆက်မပြောတော့။ ရှေ့ပြန်လှည့်သွားပြီး ခေါင်းငုံ့ကာ အခြားခံတံ တစ်ချောင်းဖြင့် သချင်္ာဆက်တွက်နေသည်။ ဒါပေသည့် ဘကောင်း၏ စကားသံက ရပ်မသွား။
နောက်တွင် ထိုင်လျက် တိုးတိုး တိုးတိုးနှင့် ကဗျာရွတ်သလို့ မပြတ်တမ်း ရွတ်နေတော့သည်။
“သူခိုး.. ဓါးမြ..သူခိုး.. ဓါးမြ…သူခိုး…ဓါးမြ….”
အေးအေးမာကို သူခိုးဟု စွတ်စွဲရတာ အားမရတော ဓါးပြဟုပါ ထည့်ပြီး စွတ်စွဲတော့သည်။

ငတော်သည် ပြဿနာထဲ ဝင်မပါရဲ။ ဘေးတွင် အသာအယာကုတ်လျက် ဘကောင်း၏ သီးချင်းညည်းသလို ယိုးစွတ်သံကို နားထောင်နေသည်။ လှိုင်ဘွားကတော့ တချက် ခေါင်းထောင်ကြည့်သည်။ ပြီးတော့ ခေါင်းတစ်ချက် ကုတ်ကာ သချင်္ာဆက်တွက်နေသည်။ သူကပဲ ဘကောင်းရဲ့ ခဲတံကို အေးအေးမားထံလှမ်းကြည့်ဖို့ မေးငေါ့ပြခဲ့တာ မဟုတ်လော။ အခု ခဲတံပြန်တွေ့တော့ သူ့တာဝန် ပြီးပြီ။ ကျန်တာ သူနဲ့ မဆိုင်တော့။သချင်္ာပြီးအောင် တွက်ဖို့ အရေးကြီးသည်။

အေးအေးမာ ငိုလေပြီ။ ရှည်ရှည် သွယ်သွယ် သူမပခုံးပြင်ကလေးသည် တသိမ့်သိမ့် လှုပ်ကာလှုက်ကာ တုန်ခါနေတော့မှ အေးအေးမာတစ်ယောက် ငိုနေမှန်း ဘကောင်း သိတော့သည်။ အိ ကနဲ ရှိုက်သံက တိုးတိတ် ညင်သာစွာ တစ်ချက်တစ်ချက် ထွက်လာသည်။ မျက်ရည်ပေါက်သေးသေးသွယ်သွယ်တို့က ဖြူဖြူဖွေးဖွေးစာရွက်တို့ အပေါ် အသာအယာ စီးဆင်းကျနေသည်။ အေးအေးမာက ငိုတာတောင် အသံကျယ်ကျယ်လောင်လောင်နှင့် ဗြဲကနဲ မငို။ မိန်းကလေး ပီသစွာ အသာအယာငိုသည်။ လက်ဖမိုး ညိုညိုဖြင့် မျက်ရည်စတို့ကို သုတ်သည်။

အေးအေးမာရဲ့ငိုသံကြားတော့မှ ဘကောင်းအသံတိတ်သွားသည်။ သို့သော် စူစူပုတ်ပုတ်နှင့် မကျေမနပ်ဖြစ်နေသော ဘကောင်းမျက်နှာကတော့ ပြော့ပြောင်းမသွားသေး။ အေးအေးမာ ငိုတော့ ထို ခဲတံဇာတ်လမ်းက ထိုမှာတင် အဆုံးမသတ်သွား။
“အေးအေးမာ..ဘာလို့ ငိုနေတာလဲ”
ကြီးကြီးရဲ့ အသံက ဘကောင်းတို့ ထိုင်နေသည့် ခုံနောက်မှ စူးစူးရှရှ ထွက်ပေါ်လာသည်။ ကြီးကြီးရဲ့ မေးခွန်းကြောင့် ကျူရှင်ခန်းထဲတွင် ထိုင်နေသာ ကျောင်းသူကျောင်းသား အားလုံး ၏ မျက်လုံးက အေးအေးမာဆီ စုပြုံရောက်သွားကြသည်။ တစ်ခန်းလုံး တိတ်ဆိတ်သွားလျက် ကြီးကြီးကို လှမ်းကြည့်လိုက်ပြီး အလိုက်တသိ ကိုယ်စီ ခေါင်းကို အတတ်နိုင်ဆုံး ပုဝင်ထားကြသည်။ မကြောက်ကြပဲ နေမလား။ ကြီးကြီးလက် ထဲမှာ ရိုက်ဖို့ ကြိမ်လုံးက အဆင်သင့် ကိုင်ထားတာကိုး။ ပြီးတော့ ကြီးကြီးပုံစံက အေးအေးမာ ငိုနေသည့် ကိစ္စကို အသေအချာဖြေရှင်းတော့မည့်ပုံ။
“အေးအေးမာ..ဘာလို့ ငိုနေတာလဲ..ကြီးကြီးမေးတာ ဖြေလေ”
ကြီးကြီးထံမှ ဒုတိယအကြိမ် မေးခွန်းထွက်လာတော့ ရှိုက်ငိုနေသော အေးအေးမာ အသံတိတ်သွားသည်။ မျက်ရည်စတို့ဖြင့် ဝင်းလက် စိုစွတ်နေသော မျက်လုံးဝိုင်းဝိုင်စက်စက်တို့သည် ကြီးကြီးကို အားကိုးတကြီးကြည့်လိုက်သည်။
“ဘကောင်းက သမီးကို သူခိုးလို့ ခေါ်လို့”
မျက်ရည်တို့ စိုရွှဲနေသော သူမ၏ နူတ်ခမ်းတို့သည် ငိုရှိုက်သံတို့ဖြင့် မဲ့ကာရွဲ့ကာ တွန့်လိမ်လျက် ကြီးကြီးကို တိုင်းတန်းတော့သည်။
သည်တော့မှ ကြီးကြီးမျက်လုံးက ဘကောင်းဆီရောက်သွားသည်။ ခေါင်းငုံ့ကာ သချင်္ာစာအုပ်ကို ရည်ရွယ်ချက်မရှိ ဟိုလှန်ဒီလှန်ဖြင့် ကိုယ့်အပြစ်ကို ကိုယ်သိသော ဘကောင်းက ကြီးကြီး မျက်နှာကို မကြည့်ရဲ။ ဤသည်ကိုက ဘကောင်း သူ့အပြစ်ကို ဝန်ခံပြီးဖြစ်သည်။
“ဘကောင်း..”
လေသံနည်းနည်းမာလာသော ကြီးကြီး ခေါ်သံကြောင့် ဘကောင်း ခေါင်းမော့လာသည်။ မျက်လုံး ပေကလပ် ပေကလပ် မျက်နှာ ငယ်ငယ်ဖြင့် ဘကောင်းမျက်နှာက အသနားခံသည့်ပုံ။ သို့မဟုတ် အယူခံဝင်မည့်ပုံ။
သို့သော် ကြီးကြီး၏ မျက်နှာထားက တင်းတင်းနှင့် စီရင်ချက် ချမည့် တရားသူကြီး၏ အသွင်။
“ဘကောင်း….အေးအေးမာကို ဘာလို့ သူခိုးလို့ ခေါ်တာတုံး”
“သူက ကျွန်တော့် ခဲတံကို ခိုးထားလို့”
“သမီး မခိုးထားဘူး ကြီးကြီး. ခုံအောက်က ကောက်တွေ့ထားတာ..အဲဒါ…သူက သမီးကို သူခိုး ဓါးမြ လို့ ခေါ်နေတာ”
ကြီးကြီးရှေ့မှာ အေးအေးမာက မခံ။ ကြီးကြီးရှေ့တွင် ဒီလို ယိုးစွတ်တာကိုတော့ ခေါင်းငုံ့မခံတော့။

စမြိတ်ခုံ ရွာသူတို့သည် ငရုတ်သီးကြော်တွေ စားပြီး နုတ်သီးကောင်း လျှာကောင်း ကက်ကက်လန်တွေချည်လား မသိ။ ဘကောင်းတစ်ယောက် ထိုကဲ့သို့ စမြိတ်ခုံ ရွာသူနှင့် အပြိုင် ကြီးကြီးရှေ့တွင် ဖြေရှင်းချက်တွေ ထုတ်မနေချင်။ နဂိုကတည်းကမှ ဘကောင်း၏ ဆန္ဒက အေးအေးမာအပေါ် အနိုင်ရဖို့ပင်။ အေးအေးမာငိုခဲ့သည်။ ထို့ကြောင့် ဘကောင်း အေးအေးမာ ပေါ် အနိုင်ရခဲ့ပြီဟု ထင်သည်။ သို့သော် ကြီးကြီးတစ်ယောက် စာသင်ခန်းထဲတွင် ရှိနေသည်ကို ဘကောင်း သတိမရ။
“သူက မခိုးထားတာကို နင်က ဘာလို့ သူများကို သူခိုး ဓါးမြလို့ ခေါ်ပြီး ရိုင်းပြရတာတုံး..လက်ဖဝါးဖြန့်စမ်း”
ကြီးကြီး၏ ကြိမ်တော်က ဘကောင်း၏ လက်ဖဝါးပေါ် တဖြန်းဖြန်းနှင့် ကျလာသည်။ ထိုကြိမ်သံနှင့် အတူ ဘကောင်း၏ မျက်နှာမှ မျက်ရည် မျက်ပေါက်တို့ ပြိုးပြိုးပြိုက်ပြိုက် အပြိုင် ကျဆင်းလာသည်။ ထို့အပြင် တစ်ခန်းလုံး ကြားလောက်အောင် တစ်ဗြဲဗြဲ နှင့် ဘကောင်း၏ ငိုသံကလည်း အေးအေးမာ၏ ငိုသံကို တိတ်စေသည်။ ဗုံလုံးတစ်လှည့် ငါးပျံတစ်လှည့် ပင်။ ဘကောင်း အေးအေးမာကို ငိုအောင် လုပ်ခဲ့သည်။ အခုတော့ ဘကောင်းအလှည့်ပေါ့။ အေးအေးမာ ငိုတုန်းက တိုးတိုးတိတ်တိတ်နှင့် ညင်ညင်သာသာ ရှိသလောက် ဘကောင်းငိုတော့ တစ်ခန်းလုံးကြားစေလျက် အုန်းဆံနေအောင် ငိုသည်။

ဘကောင်း ငိုတော့ အေးအေးမာ လည်း စိတ်မကောင်း။ ညိုးငယ်သော မျက်နှာကလေးဖြင့်သာ ဘကောင်းကို လှည့်ကြည့် နိုင်သည်။ တစ်ခန်းလုံးကလည်း တိတ်ဆိတ်စွာပင် ဘကောင်းကို အသာအယာ ဝိုင်းကြည့်ကြသည်။ ငတော်နှင့် လှိုင်ဘွားတိုလည်း ငြိမ်ကုတ်နေကြသည်။ စကားတစ်ခွန်းမျှ ဟဟ မဆိုရဲ။ ဘကောင်း၏ ဘေးတစ်ချက်တွင် ခေါင်းငုံ့ကာ သချင်္ာစာအုပ်ထဲတွင် အာရုံစိုက်လျက် သချင်္ာတွက်နေသယောက် ဟန်ကိုယ့်ဖို့ကြသည်။

ဘကောင်းတစ်ယောက် တစ်ကယ်တန်း ငိုရှိုက်ရပြီးဆိုတော့ ပါးစပ်ကလေး ဟလျက် အသက်ဝအောင် ရှုရသည်။ မျက်ရည် မျက်ပေါက်တို့ကို လက်ဖမိုးဖြင့် သိမ်းနိုင်သလောက်သိမ်းကာ လက်ချောင်းတွေ အကြားမှ ဘယ်သူတွေ သူ့ကို ဝိုင်းကြည့် နေသလဲဟု အကဲခတ်ရသေးသည်။ အလိုလေး.. တစ်ခန်းလုံး ဝိုင်းကြည့် နေကြပါလား.။ အတန်းသူ အတန်းသားတွေ ရှေ့တွင် ငိုရတော့ အလွန် ရှက်သည်။ သို့သော် ကြီးကြီး ရိုက်တော့လည်း ဝမ်းနည်းစိတ်ဖြင့် ငိုရသည်။ ကိုယ့်ကိုယ်ကို အပြစ်သား ပမာ အားလုံးရှေ့တွင် ရှက်ရွံမိသည်။ စာပွဲပေါ်တွင် တင်ထားသော ခဲတံကလည်း ဘကောင်းကို လှောင်ပြောင် နေသလို့ပင်။ ယုတ်စွအဆုံး ထို အသက်မဲ့သည် ခဲတံကလေး တစ်ချောင်းကိုပင် ဘကောင်း မကြည့်ရဲ။ ဖြစ်နိုင်လျှင် တစ်ကိုယ်လုံး မြေလျှိုးပြီး နေလိုက်ချင်သည်။ ထိုခဲတံ ပင် မကတော့ ဘကောင်း၏ ပုံဆွဲစာအုပ်ထဲမှ ဓါးကိုင် သူရဲကောင်းတို့ကပင် ဘကောင်းကို ရှုတ်ချနေသည်ဟု ထင်သည်။ အရာရာသည် မလှပတော့။ မငိုအောင် ကိုယ့်ကိုယ်ကို ကြီးစားပြီး ထိန်းသည်။ သို့သော် ဝမ်းနည်းသည့် စိတ်အာရုံကို ကျော်လွန် အနိုင်ရအောင် မလုပ်နိုင်။ ရှိုက်သံတို့သည်သာ အဆက်မပြတ်ထွက်နေသည်။ ငိုရှိုက်ရသဖြင့် အသက်ရှုမဝဖြစ်ကာ ပါးစပ်ဟလျက် ကြိုးစားပြီး အသက်မှန်အောင် ရှုသည်။ ဘကောင်း၏ ငယ်ရွယ် နုနယ်သည့် နှလုံးသားတွင် ဆူးတောင်လေး တစ်ချောင်း မသိလိုက် မသိဘာသာ စိုက်ဝင်သွားသည်။ ငိုရှိုက်သံတို့ဖြင့် အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်တိုင်း ဆူးတောင်လေးသည် နှလုံးသားထဲတွင် ပိုမိုနစ်ဝင်သွားတော့သည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကြီးကြီးသည် အပြစ်ရှိသည့် ကျောင်းသူ ကျောင်းသားတို့၏ လက်ဖဝါးကို ကြိမ်ဖြင့် ရိုက်ကာ ဆုံးမသည်။ မိန်းကလေး တစ်ယောက်အပေါ် ရင့်သီး ရိုင်းပြသော စကားလုံးတို့ဖြင့် ရိုင်းစိုင်းခဲ့သော ဘကောင်း၏ ငယ်စဉ်တုန်းက အပြစ်တို့အား ကြီးကြီးက ရိုက်နှက်ကာ ပြစ်ဒဏ်ပေးခဲ့သည်။ သို့ရာတွင် ထိုစဉ်တုန်းက ဆူးတောင်ကလေးတစ်ချောင်း ဘကောင်း၏ နှလုံးသားထဲတွင် ထိုးထွင်း ပေါက်ရောက်ခဲ့သည်ကို ကြီးကြီးမသိခဲ့ချေ။ အေးအေးမာလည်း မသိ။ ငတော် နှင့် လှိုက်ဘွားတို့လည်း မသိခဲ့ကြချေ။

အသိတရား၊ ဉာဏ်ပညာ၊ ဝေဖန်သုံးသပ်နိုင်မှု၊ တာဝန်ယူနိုင်စွမ်းသော သတ္တိခွန်အားတို့သည် အချိန်အခါ တို့ ပြောင်းလဲလာသည်နှင့် အမျှ ရင့်သန် ခိုင်မြဲလာသော သဘောတရားရှိကြသည်။ ပြီးခဲ့သည့် အကြောင်းအရာတို့ကို လက်ရှိပစ္စုပ္ပန် ဝေဖန်သုံးသပ်နိုင်စွမ်းတို့ဖြင့် ပြန်ပြောင်း လေ့လာသုံးသပ်မိလျှင် ချို့ယွင်းချက်၊ ဟာကွက်၊ အမှားပေါင်း မြောက်မြားစွာတို့ကို တွေ့ရတတ်လေ့ရှိသည်။ ဤသည်ကား လူတို့ ဖြစ်တည်မှု ၏ တစ်စိတ် တစ်ဒေသပင်။ ၄င်းတို့ကို မသိလိုက် မသိဘာသာ အလိုက်သင့် စီးမျှော သွားစေလျက် ဘဝ စက်ယန္တရား ကို ပုံမှန် မောင်းနှင် သွားတတ်ကြသူများ ရှိသည်။ သို့သော် ညဉ့်နက်သန်းခေါင် အိပ်မက်မှ ရောင်ရမ်း နိုးထကာ လရောင်ကို မျှော်ကြည့်သူ တစ်ယောက်အတွက် ငယ်စဉ်တုန်းက ပြောခဲ့မိသော ရိုင်းပြသည့် စကားတစ်ခွန်းအပေါ် မှီတွယ် စွဲလန်းနေဆဲပင်။ ပြောခဲ့မိသော စကားတို့အပေါ် ရှက်ရွံနေဆဲ။

ထို ထုံးကုံးသူမ အခု ဘယ်များ ရောက်နေသည် မသိချေ။ အိမ်ထောင်တွေကျကာ သားသမီးတွေ တစ်စုနှင့် မိန်းမကြီး ပုံစံများ ဖြစ်နေလိမ့်မလား။ သို့တည်းမဟုတ် ပညာတတ် သူမကြီးဖြစ်ကာ နိုင်ငံတစ်ကာတွင် အများသူငှာနှင့် ရင်ဘောင်တန်းကာ မော်မော်ကျော့ကျော့ ဖြစ်နေမလား။ မည်သို့ပင် ဖြစ်စေကာ သူ့တွင် သူမအား ပြောပြစရာ စကားရှိခဲ့သည်။

အကယ်၍သာ ဤညဉ့်နက်သန်းခေါင် လေဆိုင်တို့ ခရီးတစ်ခေါက် ကြုံဆုံလို့ ချမ်းသာရ ဘုရား တောင်ဖက်မုတ် လှည်းဘီးကြီးနှင့် အိမ်ရှေ့သို့ ရောက်ခဲ့လျှင် သူမကို ပြောပြပေးပါ။ သူ၏ တောင်းပန်စကားအား တိုးတိုးညင်သာ လေဆိုင်တို့နှင့် စကားပါးလိုက်ကြောင်းပေါ့။

ညသည် တိတ်ဆိတ်နေဆဲ။ သူ အိပ်ရာပေါ်သို့ ပြန်လှဲချလိုက်သည်။ ညကလည်း အေးချမ်းလိုက်တာကွယ်။ ဘာသံမှ မကြားရတော့ဘူး။ မျက်ခွံကို အသာအယာ ညင်သာစွာ ပိတ်လိုက်သည်။ တဖြည်းဖြည်းနှင့် အိပ်စက်ခြင်းက လွှမ်းခြုံလို့လာသည်။ သူ့နှလုံးသားလည်း အတော်အတန် ပေါ့ပါးသွားသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ထုံးကုံးသူကို ပြောပေးပါ (၂)


ညနေ သုံးနာရီ ထိုးလျှင် ဒေါ်မမကြီး၏ ကျူရှင်တက်ရအုံးမည်။ စည်းကမ်းကြီးသော ဆရာမကြီး၏ ကျူရှင်ကိုတော့ မတက်ပဲ မနေရဲ။ အခြေခံပညာ သုံးတန်း တက်နေသော ဘကောင်း၊လှိုင်ဘွားနှင့် ငတော်တို့ သုံးယောက် ကျောင်းပိတ်ရက်အတွင်း အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်မမကြီးထံ ၌ ဂဏန်းသင်္ချာကို လေ့လာရသည်။ ငတော် အခုချိန်ထိ ပေါ်မလာရင်တော့ ဘကောင်းတို့ ပုရစ်လိုက်နိုက်ဖို့ အချိန်မရှိတော့။ ကျူရှင်ပဲ သွားတက်ရတော့မည်။

ထိုနေ့က ချမ်းသာရ ဘုရားထဲ လှည့်လည်ကာ ပုရစ်နိုက်ကြရန်ဖြစ်သည်။ နိုက်လို့ရသည့် ပုရစ်များသည် ဘကောင်းတို့အတွက် အောင်ပွဲရ ဆုလဒ်များ ဖြစ်သည်။ တွင်းအောင်း သတ္တဝါအများအပြားရှိသည့်အထဲက ပုရစ်တွင်းကို ခွဲခြားရှာကြသည်။ မြေပုံ စုစုမို့မို့လေးများကို မျက်စိလျင်လျင် ဖြင့် ရှာရသည်။ မြေခွေးတွင်း နှင့် ပုရစ်တွင်းသည် ခပ်ဆင်ဆင်လေးရှိသည်။ မြေစာပုံ၏ ပုံသဏ္ဍန်၊ အရွယ်အစား၊ မြေစာ အကျစ်အပွကို ကြည့်လျက် ပုရစ်တွင်းကို ခွဲခြားသိသည်။ ရလာသည့် ပုရစ်များကို ပုရစ်တိုက်ကြသည်။ ပလတ်စတစ်အိပ်ထဲတွင် ထည့်ကာ ပုရစ်ဆိုသည့် သတ္တဝါကို သတ္တဗေဒပညာရှင်တစ်ယောက်အလား ဖင်ပြန် ခေါင်းပြန် အခေါက်ခေါက် အခါခါ ကြည့်ကြသည်။

ထို ချမ်းသာရဘုရား အနောက်ဖက်စောင်းတန်းသည် ဘကောင်းတို့ သူငယ်ချင်းအုပ်စု အချိန်းအချက်ပြုသည့် စုရပ်လည်းဖြစ်သည်။ အနောက်ဖက် စောင်းတန်းမှ ဆင်းလိုက်လျှင် အဆုံး၌ သင်္ဂါဇာချောင်းက ဗေဒါတွေ အပြည့် ဖွေးဖွေးလှုပ်မျှရှိသည်။ ခရမ်းရောင် ဗေဒါပန်းပွင့်တို့သည် အချိန်အခါ မရွေး ဟိုတစ်ဆုပ်၊ ဒီတစ်ဆုပ် ပွင့်အာကြသည်။ ရေဘုတ်ငှက်တို့သည်လည်း ဗေဒါတွေ အကြား ခိုအောင်းလျက်ရှိကြသည်။ ဗေဒါပင်တို့ သေဆုံးသောအခါ ရွှံညွှန်ဖြစ်သွားကြပြီး ချောင်းမြေအဖြစ်ကျန်ရစ်ခဲ့သည်။ ထိုဗေဒါချောင်း၌ပင် အိမ်ဝက်တို့ ရွှံလူးကြသလို ချောင်းနံဘေးတစ်လျှောက်ရှိ လူနေအိမ်တို့မှလည်း ရှိသမျှ အညစ်အကြးကို ဗေဒါချောင်းထဲသို့ စွန့်ပစ်ကြသည်။

ပုရစ်နှိုက်ဖို့ အချိန်မရှိတော့လျှင် သင်္ဂါဇာချောင်းပေါ် လေတံခွန်(စွန်)လိုက်ရအောင်လည်း စွန်လွှတ်သူများလည်း မရှိသေးချေ။ ထိုဗေဒါချောင်းသည် ဗေဒါတွေ ထူထူထည်ထည် ရှိလို့ပင် ဘကောင်းတို့ စွန်လိုက်သည့် အခါ ချောင်းအပေါ် ဗေဒါတွေဖိကာဖိကာ ဟိုဖက်ကမ်း ဒီဖက်ကမ်း ဖြတ်ကူးကြသည်။ သင်္ဂါဇာချောင်း တံတားပေါ်တွင် စွန်လွှတ်၊ စွန်ဖြတ်သူများ ရှိသည့် အခါ ဘကောင်းတို့ က စွန်လိုက်ကြသည်ပင်။ ထို ချောင်း၏ ဗေဒါတွေအပေါ် စွန့်စွန့်စားစား နင်းဖြတ်ကာ လိုက်လို့ရသည့် စွန်တို့သည်လည်း အောင်ပွဲရ အထိမ်းအမှတ် တစ်ခုပင်။ စွန်လိုက်သည့် အချိန်များဆိုလျင် အခြားသူများ စွန်ဖြတ်နေသည်ကို မော့တော့ မော့တော့နှင့် ဘကောင်းတို့ သူငယ်ချင်း တစ်သိုက် ထိုသင်္ဂါဇာချောင်း တံတားပေါ် ခြေချင်းလိမ်အောင် ရောက်ရက်ခတ်ရှိကြသည်။ စွန်လိုက်သည့် အချိန် တံတားပေါ်မှာ ဗိုက်နာလို့ကတော့ အိမ်ပြန်ပြီး နောက်ဖေးသွားသည့် ထုံစံမရှိ။ တံတားတိုင်ဖက်လျက် ကိစ္စကို ဖြေရှင်းကြသည်။ ချောင်းထဲက ငါးတွေ စားပေရော့ဟယ်။ တံတားပေါ်မှာတော့ လူတွေက ဖြတ်သွား ဖြတ်လာ။ စွန်ဖြတ်တာ ကြည့်ဖို့ကတော့ အလွတ်ခံလို့ မဖြစ်။ အဲဒီလောက် အထိ ဘကောင်းတို့ ကစားမက်တာ။

ပုရစ်နိုက် ထွက်ရန် ဘကောင်းတို့ သူငယ်ချင်း အုပ်စု ဘုရား အနောက်ဖက် စောင်းတန်းတွင် တွေ့ရန် အသေအချာ ပြောထားရက်သားနှင့် ငတော် ရောက်မလာသေးချေ။
လှိုင်ဘွားသည် စိတ်မရှည်တော့။
“သွားကြမယ်ကွာ… ဒီကောင် သူ့ဘာသာသူ လိုက်လာလိမ့်မယ်”
ဘကောင်းကတော့ ငတော်တို့ အိမ်အထိလိုက်သွားပြီး ငတော်ကို ခေါ်လိုသည်။ အဖေါ်များလေ ပိုကောင်လေ။ ပြီးတော့ သူတို့ နှစ်ယောက်တည်းသွားလျင် ဘုရားထဲ၌ နတ်ဖွက်ခံရမှာ ကြောက်သည်။ တချိန်တည်းမှာပင် ဒေါ်မမကြီး၏ ကျုရှင်ကိုလည်း သွားရအုံးမည်ဟု စိတ်ကချီတုံချတုံ ဖြစ်နေသည်။
“ငါတို့ ဘုရားထဲမှာ လူစုခွဲပြီး သွားရင် နတ်ဖွက်ခံရလိမ့်မယ်..ဒီကောင့်အိမ် သွားခေါ်ရအောင်ကွာ..ပြီးတော့ ကျုရှင်လည်း တက်ရအုံးမယ်”
ဘုရားထဲတွင် နတ်ဖွက်ခံရမည်ဆိုသော ဘကောင်းစကားကြောင့် လှိုင်ဘွား ကြောစိမ့်သွားသည်။ ဟုတ်တော့လည်း ဟုတ်သည်။ ဒီရက်ပိုင်း ချမ်းသာရ ထုံးကုံး ရပ်ကွက်ဘုရားပွဲက နီးလာပြီဆိုတော့ ဘုရားထဲက နတ်တွေ အပျော်ကျူးပြီး ကလေးတွေကို ဖွက်တန်း ကစားတတ်လေ့ရှိသည်။ ပြီးခဲ့တဲ့နှစ် ဘုရားပွဲတုန်းကလည်း အခြားရပ်ကွက်က ကောင်လေးတစ်ယောက်တောက် ဘုရားထဲမှာ နတ်ဖွက်ခံရသည်ဟု ကျောင်းတွင် ကျောင်းသားအချင်းချင်း တစ်ယောက်စကား တစ်ယောက်နားဖြင့် တီးတိုး ပြောနေကြသည်။

ချမ်းသာရဘုရားပွဲ အကြောင်းကို လှိုင်ဘွားစဉ်းစားမိတော့မှ ငတော်တို့ အိမ်တွင်လည်း ဘုရားပွဲအတွင်း လူစည်နေပြီလား မသိချေ။ ငတော် အဖေက အရက်သမား။ အိမ်တွင် အရက်လည်းရောင်းသည်။ အခုလို ဘုရားပွဲရက်တွေဆို သူရို့အိမ်တွင် အရက်ပိုပြီး ရောင်းကောင်းသည်။ ငတော်က အရက်ကူရောင်းရသည်။ ငတော် အမေက ခဝါလည်း လုပ်သည်။ငတော် အမေက ငတော်ကို ပညာတတ် ဖြစ်စေချင်သည်။ သို့သော် သူရို့၏ ဘဝအခြေအနေက အခြားသူများထက် ပိုမိုပြီး ရုန်းကန်လှုပ်ရှားရသည်။ စိတ်ကူး ရည်မှန်ချက်တို့အတွက် စဉ်းစာရမည့် အချိန် သူရို့တွင် များများစားစား မရှိ။

လှိုင်ဘွားနှင့် ဘကောင်းတို့ နှစ်ယောက်ကတော့ လူကြီးတွေမသိအောင် ကိုယ်စီအိမ်က မရမကခိုးထွက်ခဲ့ကြသည်။
“ဘကောင်း…မင်းတို့အိမ်က ဘုရားပွဲ ဘာကျွေးမှာတုန်း”
ငတော်ကိုစောင့်ရန် စိတ်မရှည်ဖြစ်နေသော လှိုင်ဘွား၏ အာရုံက အစားအစာ အကြောင်းရောက်သွားသည်။ ချမ်းသာရဘုရားပွဲရက်များ စတင်ပြီဆိုလျှင် ထုံကုံးရပ်ကွက်ထဲရှိ အိမ်တိုင်းမှ စားစရာများ ကျွေးကြလေ့ ရှိသည်။
“ဒီနှစ်လည်း ငပိကြော်နဲ့ ဇီးပူသီးပဲလေ..”
“အေးကွ..ငတို့ အိမ်လည်း ငပိကြော်နဲ့ ဇီးပူသီးပဲ ကျွေးမှာတဲ့”
ဇီးဖြူသီးကို ဇီးပူသီးဟု ပဲခေါ်လေ့ရှိသည်က ထုံးကုံးသားတို့ ထုံးစံလေလာ၊ ကလေးဘဝက အသံထွက် မမှန်လို့ပဲလား မသိချေ။
ထုံးကုံးရပ်ကွက်ရှိ အိမ်တိုင်း အိမ်တိုင်းကတော့ ဘုရားပွဲရက်အတွင်း အိမ်အလည်လာသည့် ဧည့်သည်တိုင်းအား ငပိကြော် နှင့် ဇီးဖြူသီး ကျွေးလေ့ရှိသည်။ ပိုက်ဆံ တတ်နိုင်သည့် အိမ်ကတော့ ဆနွင်းမကင်း၊ ကြာဇံဟင်း များဖြင့် တည်ခင်းဧည့်ခံကြသည်ပေါ့။

ဘကောင်းစကား အဆုံးတွင် အဝေးဆီမှ လာနေသော ငတော်ကို လှမ်းတွေ့လိုက်သည်။
အသားညိုညိုညစ်ညစ်နှင့် ငတော်သည် ခေါင်းတွင် အုန်းဆီစိုရွှဲအောင်လိမ်းထားသည်။ ကျောင်းပိတ်ရက်ဖြစ်ပေသည့် ကျောင်းစိမ်းဘောင်းဘီအတိုကို ဝတ်ထားတုံး။ ဗျင်ကြမ်း အင်္ကျီက လက်တိုနှင့်။ ငတော်နှင့် စာလျင် ဘကောင်နှင့် လှိိုင်ဘွားတို့နှစ်ယောက်က နိုင်ငံခြားဖြစ် လေဘေး အင်္ကျီ၊ဂျင်ဘောင်းဘီတို ကိုယ်စီနှင့် ခပ်မိုက်မိုက်။ ငတော်ကို မြင်လိုက်ရတော့မှ ဘကောင်းနှင့် လှိုင်ဘွားတို့ စိတ်အားတက်ကြွသွားသည်။ အဖေါ်စုံလျှင် ကမ္ဘာကိုတောင် တစ်ပါတ် ပါတ်လိုက်ကြအုံးမည်။ သို့သော် စိတ်အားတက်ကြွသည်က ကြာရှည်မခံ။ ငတော်သည် တစ်ယောက်တည်းလာတာမဟုတ်။ သူ့နောက်တွင် ကောင်းမလေး တစ်ယောက် လွယ်အိပ်ကလေးလွယ်ပြီး လိုက်လာသည်။ အခြားသူမဟုတ် အေးအေးမာ။ ပုံစံက ခပ်စွစွာနှင့် နှုတ်ခမ်းပဲ့၊ ပါးပဲ့အောင် ကက်ကက်လန် ရန်တွေ့တတ့်မည််ပုံ။

မနေ့က ပဲ အေးအေးမာ အမေကိုယ်တိုင် ဘကောင်းတို့ ကျူရှင်တက်နေသော ဒေါ်မမကြီးထံ အေးအေးမာကို လာအပ်သွားသည်။ ဘကောင်း အမေနှင့် အေးအေးမာတို့ အမေ ခင်မင်ရင်းစွဲရှိကြသည့် အတိုင်း စကားစပ်ကြရင်း ဘကောင်းတက်နေသည့် ဒေါ်မမကြီး၏ ကျူရှင်ကို အေးအေးမာအား ထားဖြစ်သွားကြသည်။

အေးအေးမာတို့ အိမ်က ချမ်းသာရဘုရား တောင်ဘက်မုတ်တွင် ရှိသည်။ သူမတို့ အိမ်ရှေ့တွင် မြင်းလှည်းဘီးလုံးကြီးကို အမြဲတန်း ထောင်းထားလျက်ရှိသောကြောင့် လှည်းဘီးကြီးနှင့် အိမ်ဟု အလွယ်တကူခေါ်ကြသည်။ မြင်းလှည်းဘီးလုံးကြီးက ရှိမှာပေါ့။ အေးအေးမာတို့ အဖေက မြင်းလှည်းမောင်းတာကိုး။ ဘကောင်းတို့ အိမ်က သူမတို့ အိမ်နှင့် မျက်စောင်းထိုး ဓါးလွယ်ခုတ်တွင် ရှိသောကြောင့် ဘကောင်း အမေနှင့် အေးအေးမားတို့အမေ ဟိုအိမ် ဒီအိမ် ကူးသန်းကူးလာ ရှိကြသည်။ ဘကောင်းအမေက ကျောက်ဆယ် ကုန်းရွာ အဆက်။ အေးအေးမာတို့ အမေက စမြိတ်ခုံရွာ အဆက်။ သို့သော် ထိုရွာသူနှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် အလွမ်းသင့်သည်။ ဘကောင်းအမေချက်သည့် ကျောက်ဆယ်ကုန်းရွာ နွားနို့ခဲ ငပိချက် နှင့် အေးအေးမာ အမေကြော်သည့် စမြိတ်ခုံ ငရုတ်သီးကြော်တို့ အလဲအလှယ် စားကြသည်။ နောက်တွင် သူရို့ သားသမီးတွေကိုပါ အလှဲအလှယ် လုပ်ကြအုံးမည်လား မသိ။ အဲဒီလောက် အထိ ခင်ကြတာ။

အေးအေးမာက လူကသာ မူလတန်း သုံးတန်းကျောင်းသူ။ ဆံပင်ရှည်ရှည်နှင့် အပျိုကြီး စတိုင် ပုံစံဖမ်းထားသည်။ စကားပြောလျင်လည်း သူမနောက်က ကျားလိုက်နေသည့်အလား ဖလွတ် ဖလွတ်နှင့် အမြန်ပြောသည်။ အသားအရေက ညိုညိုညက်ညက်။ အညာသူမှန်း သိသာစေလှသည်။ သုံးတန်းသာ ဆိုပေသည့် ဘကောင်းတို့ ထက် အရပ်ပိုရှည်မည့် ဟန်။ ရံဖန်ရံခါ ထမီဝတ်လျက် သူမကိုယ်သူမ တက္ကသိုလ်ကျောင်းသူထင်နေလားမသိ။ တကယ်တော့ အေးအေးမာသည် အသက်အရွယ်နှင့် မလိုက်အောင် တည်ငြိမ် ရင့်ကျက်နေသည့် အသွင်။ ဆော့ကစားဖို့သာ မက်သော ဘကောင်းအတွက် အေးအေးမာကို ကြည့်လို့ မရ။ ဘယ်နှယ့် ကစားရမယ့် အရွယ် မကစားပဲ ဟန်နဲ့ စတယ်နဲ့ လုပ်နေတယ်။ ထို့ကြောင့် အေးအေးမာကို ဘကောင်းတို့ သူငယ်ချင်းတွေနှင့် စပ်ဟပ်လို့ မရချေ။

“ငတော်..ငတို့ မင်းကို စောင့်နေရတာ ကြာလှပြီ”
ငတော်ရောက်ရောက်ချင်း လှိုင်ဘွားက မကျေနပ်သည့် လေသံနှင့် ဆီးပြောကာ အေးအေးမာကို မေးငေါ့ပြလျက် ဘာကြောင့် ပါလာရသလဲဟု ငတော်ကို မျက်နှာရိတ် မျက်နှာကဲဖြင့် ကြည့်လိုက်သည်။
ဘကောင်းကတော့ ဗေဒါချောင်းဆီသို့ လှမ်းမျှော်ကြည့်ကာ စွန်လွှတ်နေသူများကို တွေ့လိုတွေ့ငြား ရှာကြည့်နေသည်။
“ဒီနေ့ကြမှ စွန်လွှတ်တဲ့သူတွေကလည်း တစ်ယောက်မှ မရှိကြဘူး..”
ဘကောင်းက ငတော်နှင့် လှိုင်ဘွားကို လှမ်းပြောသလိုလို၊ သူတစ်ယောက်တည်း မကျေမနပ် ရေရွတ်နေသည်။ ဘကောင်းစိတ်ထဲတွင် ပတ်ဝန်းကျင် တစ်ခုလုံး အရာရာ အချိုးအစား မကျဖြစ်နေသည်ဟု ထင်သည်။ ပုရစ်အော်သံတို့ တိတ်ဆိပ်နေလျက်၊ ကောင်းကင်ပြင်သည် စွန်(လေတံခွန်) တို့နှင့် ပြည့်နှက် နေရမည့် အစား မိုးသား တိမ်လိပ်တို့ အုံ့အုံ့ဆိုင်းဆိုင်း ရှိလှသည်။ ချောင်း ဗေဒါတို့အပေါ်ကို နင်းဖြတ်ကာ စွန်လိုက်မည့် မဟာသူရဲကောင်းများလည်း မရှိသဖြင့် ရေဘုတ်ငှတ်တို့ အုပ်အုပ်ကြက်ကြက် မြူးပျော်နေကြသည်။

အေးအေးမာ က ခပ်တည်တည်နှင့် ဘကောင်းတို့ သုံးယောက်လုံးက သူမကို ခရီးဦးကြိုပြုစု ဖျော်ဖြေရမည့် အသွင်။ သို့သော် သူမသည် စာတော်သော ဘကောင်းကိုတော့ အားကိုးတကြီးရှိသည်။ ငတော်၊ လှိုင်ဘွားနှင့် ဘကောင်းတို့ သုံးယောက်ထဲတွင် ဘကောင်းကို ပိုပြီး ခင်တွယ်လိုသည်။ အေးအေးမာသည် ဘကောင်းတက်နေသော ကျူရှင်ကို လိုက်တက်သည်။ ဘကောင်းနှင့် လိုက်လျက် ကျူရှင် အတူတူသွားလိုလှသည်။ သို့သော် ဘကောင်း အပေါ် အလေးပေးသော အေးအေးမာ၏ ခင်တွယ်ဟန်တို့သည် ကစားမက်သော ဘကောင်း၏ အာရုံတံခါးရှေ့မှောက်တွင် အဖိုးမတန် ကျေပျက် လွင့်ပျယ် ပျောက်ဆုံးကုန်ရသည်။

ငတော်ကတော့ အေးအေးမာကို ကြောက်သည်။ အေးအေးမာနှင့် စာလျင် ငတော်၏ ခန္ဓာကိုယ်က နည်းနည်း ညှက်သည်။ ပြီးတော် ငတော်က သူ၏ ဘဝ အခြေအနေအရ အားငယ်တတ်လေ့ရှိသည်။ သူသည် အရာရာကို အရှုံးပေးကာ၊ သူငယ်ချင်းတို့၏ အလိုကို လိုက်လျောလေ့ရှိသည်။

အခုလည်း နောက်ကျနေသည့် ငတော်တစ်ယောက် သူငယ်ချင်းတွေ ရှေ့တွင် အပြစ်ရှိသူပမာ အသာအယာရပ်လျက် အေးအေးမာကို တချက်လှမ်းကြည့်လိုက်သည်။
“ငတို့အိမ်မှာ လူတွေများနေလို့ကွ..အမေကို အရက် ကူရောင်းပေးနေတာ..ငါ လာတော့ လမ်းမှာ အေးအေးမာနဲ့ တွေ့တာ..ကျူရှင်သွားဖို့ နီးပြီး မင်းတို့ကိုပါ သွားခေါ်ရအောင် ဆိုလို့ မင်းတို့ကို လာခေါ်တာ”
“ကျူရှင်က စောသေးတယ်ဟ..နင်က ဘာလို့ အစောကြီး သွားချင်ရတာတုံး”
လှိုင်ဘွား၏ မကျေနပ်သံက အေးအေးမာဖက် လှည့်သွားသည်။
“နင်တို့ နာရီလည်း မကြည့်ဘူး..အခု နှစ်ချက် ခွဲနေပြီ..ကျူရှင်က သုံးချက်တီးရင် တက်ရမှာ”
ကြည့်…အဲဒါတွေကြောင့် ဘကောင်း. အေးအေးမာနဲ့ မတည့်တာ။ စောနကမှ နာရီစဉ်က နှစ်ချက် ထိုးသွားတာ။ ဒါကို သူက နှစ်ချက် ခွဲနေပြီတဲ့။ ဒါသက်သက်မဲ့ ကျူရှင်သွားချင်လို့ ပိုပြောတာ။ ဘကောင်း မကျေနပ်တော့။
“နင်ဘာသာ နင် ကျူရှင်သွားပါလား…ဘာလို့ ငတို့ကို လာခေါ်ရတာတုံး”
“နင်တို့ မလိုက်ရင် ငါ ကြီးကြီးနဲ့ တိုင်ပြောမယ်”
ကျူရှင် ဆရာမကြီးကို သူရို့က ကြီးကြီးဟုပဲ ခေါ်ကြသည်။ ကြီးကြီးကိုတော့ ဘကောင်းကြောက်သည်။ ကျူရှင်မလာသေးပဲ ဘုရားစောင်းတန်းထဲတွင် ပုရစ်နှိုက်နေသည်ဟု အေးအေးမာက တိုင်ပြောလိုက်ပါက အရိုက်ခံရမှာ အသေအချာပင်။ အေးအေးမာက သူရို့နှင့် ကျူရှင် အတူတူ သွားလိုသည်။
“လာပါကွာ ကျူရှင် သွားကြရအောင်”
ငတော်က ပြေရာပြေကြောင်း အလိုက်သင့်ဝင်ပြောသည်။
လှိုင်ဘွားကလည်း ဘကောင်းကို ဘာဆက်လုပ်မလဲဟု လှမ်းကြည့်သည်။
ပုရစ်နှိုက်သွားဖို့တော့ မဖြစ်နိုင်တော့။ ဒီနေ့ ဘကောင်း အေးအေးမာကို လုံးဝ မကျေနပ်။ ကျူရှင်ကိုသွားသာ သွားရမည် စိတ်ကတော့ ကြည်ကြည်လင်လင် မရှိချေ။ ဘကောင်းမျက်နှာ တစ်ခုလုံး စူပုပ်လျက် သူရို့အပေါ် အနိုင်ကျင့်သော အေးအေးမာကို မကျေ မချမ်းရှိနေသည်။
+++++++++++++++++++++++++++++++++++++++++++++++
ကြီးကြီး၏ကျူရှင်တွင် အေးအေးမာက ဘကောင်း ထိုင်သည့်ခုံ၏ အရှေ့ခုံတွင် ထိုင်ရသည်။ ဉာဏ်ကောင်းသော ဘကောင်းက ငတော်၊ လှိုင်ဘွားနှင့် အေးအေးမာတို့ထက် အရင် သချင်္ာ ပုစ္ဆာများကို အလျင်အမြန် တွက်နိုင်စွမ်းရှိသည်။ ထို့ကြောင့်ပင်လျင် ငတော်နှင့် လှိုင်ဘွားတို့က ဘကောင်း ဘေး တစ်ဖက်တစ်ချက်တွင် ထိုင်လျက် ဘကောင်းတွက်ပြီးသမျှ အဖြေများကို ကူးယူမှီငြမ်းကြသည်။ ဘကောင်းကတော့ ဉာဏ်ကောင်းသလောက်ပင် ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးကာ အရာရာကိုပေါ့ပျက်ပျက် လုပ်လေ့ရှိသည်။ ပုစ္ဆာများကို အလျင်အမြန် တွက်လို့ပြီးပါ ကစားဖို့ပင်။ သူ့အတွက် ကစားဖို့က ပထမ။ ကျူရှင်ဆရာမကြီး ခိုင်းသည့် ပုစ္ဆာများကို တွက်လို့ ပြီးလျှင် ငတော်နှင့် လှိုင်ဘွားကို ကစားဖို့ အဖေါ်ညှိရသည်။ အမြဲတမ်းလိုလို ငတော်နှင့် လှိုင်ဘွားက သချင်္ာပုစ္ဆာများဖြင့် နပမ်းလုံးရကာ ဘကောင်းနှင့် မကစားနိုင်။ ပုစ္ဆာများ တွက်လို့ မပြီးပါက ဆရာမကြီး၏ ကြိမ်းလုံးက လက်ဖဝါးပေါ် သုံးချက်စီ အရိုက်ခံရမည့်ဒ ဏ်ကို ကြောက်ကြသည်။

ငတော်နှင့် လှိုင်ဘွားတို့ မကစားနိုင်ဘူးဆိုလျှင်တော့ ဘကောင်းသည် ပုံဆွဲစာအုပ်တစ်အုပ်ဖြင့် ပုံများ ဆွဲနေလေ့ရှိသည်။ အများအားဖြင့် သူဆွဲသော ပုံများသည် ဓါးများ၊ ခေါင်းပေါင်းပတ်ထားသော လူခေါင်းပုံများ၊ ဓါးကိုင်ထားသည့် သူရဲကောင်းပုံများ ဖြစ်ကြသည်။ ရံဖန်ရံခါ ဒီလုံး၊ ကိုပူစီတို့ ပုံများလည်း ပါသည်။ မတရားမှုကို တွန်းလှန် တိုက်ခိုက်သော ကာတွန်းဇာတ်ကောင် ဒီလုံး နှင့်ကိုပူစီတို့သည် ဘကောင်း၏ အသည်းစွဲပင်။ ထိုကာတွန်းတို့သည် ကလေးဘဝ၏ စိတ်နေစိတ်ထားကို မျိုးစေ့ချပေးလေ့ရှိသည်။ ထိုမျိုးစေ့တို့သည် အချိန်နှင့် အမျှ မသိမသာ မှီတွယ်ပြီး ကြီးထွားလာသော သဘောရှိကြလေသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ထုံးကုံးသူကို ပြောပေးပါ (၁)


သူ၏ ရင်ဘတ်ကြီးတစ်ခုလုံး တင်းကျပ်နေသည်။ နှာခေါင်းဝမှ တမျှင်ခြင်း ရှုသွင်းနေရသော အောက်ဆီဂျင်တို့သည် ရှုသွင်းလိုက်တိုင်း ရင်ဘတ်ထဲသို့ ဝင်လာသည်မရှိ။ လည်ချောင်ဝတွင် တစ်ခုခုပိတ်ဆို့နေသည်ဟု ခံစားရသည်။ တဖြည်းဖြည်း အသက်ရှုရ ကျပ်လာသည်။ နှာခေါင်းဖြင့် အသက်ရှုရတာ အားမရတော့ ပါးစပ်ပါ ဟပြီး ဖုတ်လိုက်ဖုတ်လိုက် အသက်ရှုရသည်။ ဒီတော့မှ အရင်တုန်းက မသိလိုက် မသိဘာသာ အလိုလို ရှုသွင်နေရသော လေတို့သည် သူ၏ခန္ဓာကိုယ်အတွက် အဘယ်မျှ အဖိုးတန်ကြောင်း သိလာရသည်။ ဤလေကိုမှ မရှုရှိုက်ရလျှင် သူသေရတော့သည်။ ထိုဇောဖြင့် နှာခေါင်းရော၊ ပါးစပ်ပါ သုံးလျက် အငမ်းမရ ရှုသွင်းရသည်။ ထိုဇောအဟုန်ကြောင့်လား မသိ ချွေးသီးချွေးပေါက်တို့ တစိမ့်စိမ့် ထွက်လာကာ ခန္ဓာကိုယ်တစ်ခုလုံးလည်း စိုစွတ်လာသည်။ ရင်ဘတ်တစ်ခုလုံး တစ်စတစ်စ ဖိသိပ်ကျပ်တည်းလာရာမှာ ခြေတွေ၊လက်တွေပါ တုတ်နှောင်ခံထားရသလို ခံစားလာရသည်။ ပိုပြီး သေချာသွားစေရာ လက်ကို မြှောက်ကြည့်သည်။ မရ။ တဖန် ဘယ်ခြေရော၊ ညာခြေရော တလှည့်စီ လှုပ်ကြည့်ပြန်သည်။ ထူးဆန်စွာပင် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်လို့ မရတော့။ ဒီလို ကိုယ့်ခန္ဓာကိုယ်မှ ခြေတွေ လက်တွေ လှုပ်လို့ မရတော့ဘူးဆိုတာ တစ်ခါမှ မကြုံဖူးချေ။ အခုလို ကြုံလိုက်တော့ ကြောက်ရွံ့သွားသည်။ အသိစိတ်က လှုပ်ရှားရန် ကြိုးစားပါလျက်နဲ့ လှုပ်ရှားလို့ မရတော့သော အဖြစ်ကို မနေတတ်ချေ။ ပတ်ဝန်းကျင်ကို တော့ သူမြင်နေရသည်။ ရာသီဥတုကလည်း ခြောက်သွေ့လွန်းလှသည်ဟု ခံစားရသည်။ သို့မဟုတ် သူ့၏ စိတ်ဇောဖြင့် ခန္ဓာကိုယ်က အပူချိန်တွေ တက်နေသလား မသိ။ အလင်းရောင်တို့ဖြင့် တောက်ပနေသော ပတ်ဝန်ကျင်တွင် သူ ရပ်နေသလား၊ ထိုင်နေသလား၊ လှဲနေသလား ကိုယ့် အဖြစ်ကို ကိုယ်မသိချေ။ သူ၏ သဏ္ဍာန်ရုပ် ဖြစ်တည် နေမှုကို သာ အာရုံကသိထားသည်။ ပတ်ဝန်ကျင်ကို ဝေဖန်သုံးသပ်ဖို့ထက် အသက်ဝဝလင်လင် ရှုရှိုက်ရဖို့အတွက် ကြိုးစားပြီး အသက်ရှုသွင်းနေရသည်။ သူ့တွင် ခန္ဓာ နှင့် စိတ်အာရုံ နှစ်မျိုး ဒွန်တွဲလျက် ရှိနေတာကိုတော့ သိနေသည်။ ဒါပေမယ့် သူ့၏ ခန္ဓာကိုယ် လှုပ်ရှားလို့ မရတော့သောအခါ စိတ်တွင်အနှောက် အယှက်ဖြစ်ရသည်။ တဖန် ဖိသိပ် တင်းကျပ်လာသည့် ဝေဒနာကလည်း တစ်စတစ်စ ထုထည်ကြီးမား လာသည်။ အလွန်တစ်ရာ လေးလံသော အရာတစ်ခု သူ၏ ရင်ထဲအပေါ်မှ ဖိသိပ်နေသည်ဟု ခံစားရသည်။ ခန္ဓာကိုယ်သည် အတုပ်အနှောင်ဖြင့် မွန်းကြပ်ခြင်း ဖြစ်လာတော့ အတုပ်အနှောက် မခံရသည့် အသံဖြင့် ဟစ်အော်ရန် ကြိုးစားသည်။ သူ၏ အသံတို့ လည်ချောင်းဝတွင် ပျောက်ကွယ် ကုန်ကြသည်။ သူ အရမ်းတုန်လှုပ်သွားသည်။ ထပ်မံပြီး ပိုမို ကျယ်လောင်သော အသံဖြင့် အော်ကြည့်ပြန်သည်။ ဘာအသံမှ ထွက်မလာတော့။ သူ့တွင်လွယ်လပ်သည့် အရာ ဘာတစ်ခုမျှ မရှိတော့ကြောင်း သိလာရသည်။ ဒီတော့မှာ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ လွတ်လပ်စွာ ဝှေ့ရမ်းနေသည့် လေပြည်တွေက သူ့ကို လှောင်ပြောင် နေသလိုပင်။ ဘယ်နယ့်ကြောင့် သူဒီလို အဖြစ်မျိုး ကြုံဆုံရသည်ကို မသိတော့ချေ။ အရာရာကို ဝေဖန်သုံးသပ်နိုင်စွမ်း လောလောဆယ် သူတွင် မရှိသေးချေ။ သူ၏ လက်ရှိပစ္စုပ္ပန် အခြေအနေ ဖြစ်တည်မှုကိုသာ အာရုံစူးစိုက်နေရသည်။

ရုတ်တရက် ..”သူခိုး…သူခိုး…” ဆိုသည့် အသံများ လွင့်ပျံ ထွက်ပေါ်လာသည်။ ထိုအသံတို့ ဘယ်ကလာတာလဲ။ သူ၏ သောတအာရုံတွင် အသံများက ပဲ့တင်ရိုက်ခတ် နေသလိုပင်။ ထို့နောက် ထိုဟစ်အော်သံတို့သည် တစ်ဖြည်းဖြည်းနှင့် နီးကပ်လာသည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် အသံလာရာသို့ လှမ်းကြည့်လိုက်သည်။ လူအုပ်စု တစ်စု သူ့ဆီသို့ တစ်ဟုန်ထိုး ပြေးလာနေကြသည်။ သူ့စိတ်အာရုံက လှုံဆော်ချက်ကြောင့် ထိုလူအုပ်စုက “သူခိုး…သူခိုး..”ဟု အော်နေကြသည်မှာ သူ့ကို အော်နေမှန်း သိလိုက်ရသည်။ စုစုစည်းစည်း ညီညီညာညာဖြင့် စုရုံး ဟစ်အော်ကာ အရှိန်ဖြင့် ပြိုဆင်းကျလာသော လူအုပ်ကြီးကို သူဘယ်လို တာဆီးရမလဲ။ ခက်တာက ခန္ဓာကိုယ်တစ်ခုလုံးက လှုပ်ရှားလို့မရ။ ခြေရော၊ လက်ပါ ကန်ကျောက်လျက် ပြေးရန် ကြိုးစားကြည့်သည်။ အချည်း အနှီးပင်။ အသံဖြစ် အော်ကာ တားဆီးရန် ကြိုးစားကြည့်ပြန်သည်။ သူ့၏ အသံတို့ ပျောက်ကွယ် ကုန်သည်။

ဤသို့ဖြင့် ထိုလူအုပ်ကြီး သူ့ အပေါ် အုပ်မိုး ကျဆင်းလာတော့မှ သူ့၏ခန္ဓာကိုယ် တစ်ခုလုံး ဖြတ်ကနဲ လျှပ်စစ်ဖြင့် တို့ထိလိုက်သလို အကြော အချင်များ ဆွဲဆန့်တက်လာသည်။ လည်ချောင်းဝတွင် ပိတ်ဆို့နေသည့် အဆိုင်အခဲတို့ တမုတ်ခြင်း လွင့်ပျယ် ကွယ်ပျောက်သွားသည်။ ဒီတော့မှ အသက်ကို ဝဝလင်လင် ရှုရှိုက်လို့ ရလာသည်။ အဆုပ်ထဲသို့ အစုလိုက် အပြုံလိုက် တိုးဝင်လာသော လေတို့ကို တစ်ဝကြီး ရှုသွင်းလိုက် လျက် ဘေးဘီ ဝဲယာကို ကြည့်လိုက်သည်။ သူသည် အိပ်မက် တစ်ခုမှ နိုးထလွန်မြောက်လာကြောင်း သိလာရသည်။ ဖျာကြမ်းခင်းထားသော အိပ်ရာထက်တွင် အသာအယာ ထိုင်လျက် အိပ်မက်ကို ပြန်လည် အသက်သွင်းကြည့်မိသည်။ အိပ်မက်ထဲတွင် ပတ်ဝန်းကျင်သည် အလင်ရောင်ဖြင့် လင်းထင်းနေသလောက် အပြင်လောကတွင် အရာရာသည် အမှောက်ထုဖုံးလွှမ်း၍ နေသည်။ ပြူတင်းပေါက်တံခါး ကို ကာထားသော အဖြူရောင်ပိတ်စ အခန်းစီးစ သည် လွှင့်ပျံနေတာ တွေ့တော့မှ ညဉ့်လေစိုင်တို့ ရှိနေမှန် သိတော့သည်။ သို့ရာတွင် နွေရာသီ ညဉ့်နက်သန်းခေါင်၏ လေစိုင်သည် ပူစပ်ပူလောင်နှင့် ခြောက်ခြောက်သွေ့သွေ့ရှိလွန်းလှသည်။ ပြူတင်းပေါက်မှ သာသာညင်းညင််း တိုးဝင်နေသော ထိုလေစိုင်တို့သည် သူ၏ အိပ်ခန်းကို ပိုမိုခြောက်သွေ့စေသည်ဟု ခံစားရသည်။ ပြူတင်းပေါက်မှ ကောင်းကင်ကို မော့ကြည့်လိုက်တော့ လမင်းသည် လင်းလက်ဆဲ။ သူသည် ညဉ့်နက် သန်းခေါင် အိပ်မက် တစ်ခုကို ဖြတ်သန်းခဲ့ရမှန်း ရုတ်တရက် သုံးသပ်မိသည်။ လမင်းကို မျှော်ကြည့်လိုက်ရင်း အိပ်မက်ထဲမှ သူခိုး ဆိုသည် ဝေါဟာရ အသုံးအနှုန်းကို နူတ်မှ ခပ်တိုးတိုး ရေရွတ်ကြည့်မိသည်။ ခပ်တိုးတိုးလေး ရေရွတ်လိုက်ပေသည့် တိတ်ဆိပ်နေသော ညဉ့်နက်သန်းခေါင်းတွင် လေလှိုင်းတို့သည် လျင်မြန်စွာ တုန်ခါလျက် အမှောင်ထု အစိုင်အခဲကို ရိုက်ခတ်ကာ သူ၏ နားထဲသို့ တန်ပြန် ပဲ့တင်ရိုက်ခတ်လာသည်။ လူပေါင်းမြောက်မြားစွာက သူ၏ နားစည် အနီးသို့ ကပ်ကာ ကျယ်လောင်စွာ ဟစ်အော်လိုက်သည်ဟု ထင်လိုက်သည်။ သူသည် အိပ်ရာထက်မှ သတိလက်လွတ် တုန်လှုပ်စွာ ထရပ်လိုက်သည်။ အိပ်ရာ နံဘေးတွင် ထောင်လျက်ရှိနေသော ပုလင်းတစ်လုံး ကို ခြေဖြင့် ခတ်မိကာ လဲကျသွားသည့် အသံဖြင့် စူရှသော အရက်နံတို့ ထောင်းကနဲ ထွက်လာသည်။ သို့သော် သူ့အတွက် အရေးမကြီး။ ဖြတ်ကနဲ အတွေး အာရုံထဲသို့ အတင်းတိုးဝင်လာသော အတိတ်က ပုံရိပ်လှိုင်းအချို့ကို အရှုးအမူးဖြင့် အမိအရ ဖတ်ဆုတ်ဖို့ ကြိုးစားမိသည်။ နှစ်ပေါင်း မြောက်မြားစွာ ကြာခဲ့ပြီး ဖြစ်သော်လည်း သူ၏ ရင်ဘတ်ထဲတွင် စူးဝင်နေသော ထိုဆူးတစ်ချောင်းကို နုတ်ပစ်လိုလှသည်။ ဆူးပေါင်းမြောက်မြားစွာ နစ်ဝင်နေသာ သူ၏စိတ်ဒဏ်ရာမှ ယုတ်စွအဆုံး ထိုဆူးတစ်ချောင်း နုတ်ပစ်နိုင်ခဲ့လျင် သူငြိမ်းချမ်းစွာ အိပ်စက် အနားယူလို့ ရပြီးပေါ့။ အခုဆိုရင် သူတို့ ဘယ်များ ရောက်ပြီး ဘာတွေလုပ်နေကြပါလိမ့်။ အတွေးလှိုင်းတို့ လွင့်မျောရာကို အလိုက်သင့်ကလေး ငြိမ့်ငြိမ့်ငြောင်းငြောင်း လိုက်ပါသွားမိသည်။ ညကလည်း တိတ်ဆိတ်လွန်းလိုက်တာကွယ်။
+++++++++++++++++++++++++++++++++++++++++++++++
တစ်ခါလာလည်း ပဲပြုတ်
တစ်ခါလာလည်း ပဲပြုတ်
ပဲပြုတ်ကို ဆီဆမ်း..ဇော်ဝမ်း
ဇော်ဝမ်းကို လှေပေါ်တင် ဇော်ခင်
ဇော်ခင်က ကျွင်းတူး ဝင်းဦး
ဝင်းဦးကို တုတ်နဲ့ ရိုက် ဆွေဇင်ထိုက်
ဆွေဇင်ထိုက်ကကလေးမွေး အောင်ထွန်းလေး
အောင်ထွန်းလေးက ဓါးနဲ့ပစ် ဦးဘချစ်
ဦးဘချစ်ကို သေနက်ပေး..ဒိုင်း ဒိုင်း အားလုံးထဲက ငါ့ချစ်ချစ်။
ဘကောင်းနှင့် လှိုင်ဘွားတို့ ဘုရားစောင်းတန်းထဲတွင် ထိုင်လျက် သူရို့ကျောင်းတွင် ခေတ်စားနေသော ကဗျာကို အပြန်အလှန် ရွတ်ဆိုနေကြသည်။ ကျောင်းတွင် ထို ကဗျာကို ဘယ်သူက ယူလာသည် မသိ။ သို့သော် အရှည်ကြီးရွတ်ဆိုနိုင်လေ ပိုကောင်းဖြစ်ကာ၊ အရှည်ကြီးရွတ်ဆိုနိုင်ရန် သူငယ်ချင်းတွေ အချင်းချင်း ပေါင်းစည်း ဖန်တီးကြသည်။

အခုလည်း ဘကောင်းနှင့် လှိုင်ဘွားတို့ နှစ်ယောက် ချမ်းသာရ ဘုရား၏ အနောက်ဖက် စောင်းတန်း လှေကားထစ်တွင် ထိုင်လျက် ပုရစ်နိုက်ထွက်ရန် ငတော်ကို စောင့်ရင် ထိုကဗျာကို အသံနေ အသံထားဖြင့် ရွတ်ဆိုနေကြသည်။ ငတော် တော်တော်နှင့် ပေါ်မလာ။ ထမင်းစားပြီး နာပြန်တစ်ချက်ထိုးအမှီ ထွက်လာခဲ့ရန် ပြောထားရက်သားနှင့် အခု ချမ်းသာရဘုရားထဲမှ နာရီစဉ်က နှစ်ချက် ထိုးပြီးသွားပြီ။ အခုချိန်ထိ ပေါ် မလာသေး။ ဒီလိုဆိုရင်တော့ ပုရစ်နိုက်ဖို့ အချိန်သိပ်မကျန်တော့။

အနန္တမေတ္တာဖြင့်
ဘကောင်း

လူးဝစ်ဗီလ်ရဲ့နှင်းမုန်တိုင်း


အလုပ်တွေကြိုးစားပြီး လုပ်နေတုန်း စာတွေ မရေးနိုင်သေးတာနဲ့ ဓါတ်ပုံလေးတွေပဲ တင်ပေးလိုက်တယ်။ နင်လားဟဲ့ လောကဓံဆိုပြီး ဖနောင့်နဲ့ပေါက် အမှုန့်ခြေပစ်ဖို့ ကြိုးစားနေတုံးပေါ့။











သင်တို့ရဲ့ သမိုင်း


သင်မွေးဖွားရာ
မြန်တိုင်းဌာနီ ပြည်ထောင်စုဝယ်
စပါးပင်လယ် လှိုင်လှိုင်ထွန်းလို့
အင်းအိုင်မြစ်ချောင်း သွင်သွင်စီး၏။
ပုထိုးစေတီ ခေါင်းလောင်းသံလည်း
ဆီးညင်းသွဲ့သို့ လွင့်ပြန့်လျှံထက်
ငြိမ့်ညောင်းသာယာ ရှိတတ်ရာ၏။

လူဖြစ်လာရာ ဤဘဝဝယ်

သင်စီးပွားရာ မျိုးဆွေတသင်း
မြန်ပြည်သားလို့ ဂုဏ်ရည်မြင့်စေ
ရဲမာန်စိတ်ဖြင့် ကြွားကြွားလွင့်ကာ
ယဉ်ကျေးတတ်စေ ချစ်တတ်စေသား။

သင်ပျိုးထောင်ရာ စာသင်ခန်းဝယ်
တပည့်အပေါင်း စုရုံးညီစေ
ပညာရင့်ကာ ပွဲလယ်တင့်လို့
သင့်ထက်သာလွန် ကြီးပွားစေသား။

သင်ဦးရွက်ရာ မြန်ဌာနီလည်း
ပြည်သူအပေါင်း ချမ်းသာအေးစေ
မဆုတ်မနစ် ကိုယ်ကျိုးစွန့်လို့
စီမံတတ်စေ ညီမျှစေသား။

သို့ပါသော်လည်း
မရိုးမကုတ် မကြိုးထုတ်ပဲ
ဒုစရိုက်နဲ့ လူ့ငနွားမိုက်
မှီတွယ်ကပ်ပါး ပျင်းရိငြားက
သင့်ပြည်ထောင်စု ဤဌာနီလည်း
စပါးပင်လယ် ကန္ဓာဖြစ်လို့
အင်းအိုင်မြစ်ချောင်း သောင်ထွန်းရာ၏
ပုထိုးစေတီ ထုံးဖြူခြောက်ခမ်း
သင့်မွေးဖွားရာ ပြည်ဆိပ်ကမ်းလည်း
နွမ်းပါးအတိ ရှိတတ်ပြန်၏။

အသိခေါက်ခက် အဝင်နက်လို့
အမှားလမ်းလိုက် အမိုက်နွံသို့
နစ်ဝင်စီးမျော ပြင်ရန်ခက်သော်
ဆိုးယုတ််ကမ္မည်း နက်နက်ထိုးထွင်း
သမိုင်းပေလွှာ ကျန်ရစ်မည်တည်း။

အနန္တမေတ္တာဖြင့်
ဘကောင်း