ဘုန်းမရှိတဲ့လူ (သို့) ချစ်ခြင်းမေတ္တာ နဲ့လူ

မန္တလေးနွေသည် အရင်နှစ်တွေထက် ပိုပြီး ပူလွန်းလှသည်ဟုထင်သည်။ နံနက်ခင်း နေရောင်က ပြူတင်းပေါက်တံခါးမှ အခန်းထဲသို့ အတင်းတိုးဝင်ကာ အခန်းတစ်ခုလုံးကို အလင်းရောင်တို့ဖြင့် ပြည့်လျှံစေလျက် အခန်း အဝင်တံခါးမအောက်ခြေမှ အပြင်သို့ အလင်ရောင်တို့ အလျှံအပယ် ယိုဆီးထွက်ကျလျက်ရှိသည်။ နေရောင်နဲ့အတူ သာသာညင်းညင်း ဝင်ရောက်လာသော နံနက်ခင်း လေပြေကလဲ နေရောင်တို့ကို အခန်းအပြင်သို့ တွန်းထိုး တိုက်ခတ်နေသကဲ့သို့ ထင်ရသည်။ သူသည် အိပ်ရာထက်မှာပင် နိုးတဝက် မိန်းမေားမူးရှိနေလျက် အမြင်အာရုံကို အားတင်းစုစည်းကာ မျက်ခွံတို့ကို ကြိုးစားဖွင့်ကြည့်လိုက်သည်။ မျက်ဝန်းအိမ်ထဲသို့ ဖြတ်ကနဲ အလုအလျက် တိုးဝင်လာသော စူးရှတဲ့ အလင်းရောင်တို့ကြောင့် လန့်ဖျန့်ကာ မျက်ဝန်းအစုံကို အလျင်အမြန် ပြန်ပိတ်လိုက်သည်။ သို့သော် ထိုအလင်းရောင်တို့နှင့် လက်ခံထိတွေ့လိုက်ရသော အသိစိတ်က သူ့ကို မိန်းမေားခြင်း စည်းစိမ်ကို ပြည့်ပြည့်ဝဝ ခံစားခွင့် မပေးတော့။ သူ၏ အသိစိတ်သည် မိန်းမေားခြင်းမှ လွန်မြောက်ကာ နိုးထခြင်း ကမ်းခြေဆီကို ကူးခတ်လာသော လူတစ်ယောက်ပမာ တစ်စတစ်စ နိုးကြားခြင်း အသိအာရုံရှိရာသို့ ချင်းနင်းဝင်ရောက်လာသည်။ သို့သော် သူသည် အားတင်းကြိုးစားကာ မိန်းမေားခြင်းပင်လယ်ပြင်တွင် ကူးခတ်နေဆဲ။ လုံးလုံးလျားလျား နိုးထခြင်း ကမ်းခြေကိုတော့ သူမရောက်သေးချေ။ အသိစိတ်က ပထမဆုံး ထိတွေ့လိုက်ရသော အလင်းတို့နှင့် လျတ်တပျက် ဖြတ်ကနဲ တွေ့လိုက်ရသော အလင်းတန်းတို့ကြောင့်သူ့ဦးနောက်က အလင်းတို့၏ ပျော့ပျောင်း ကွေးညွှတ်တတ်သော အသွန်သဏ္ဍန်တို့အကြောင်းကို အတွေးထဲ ဝိုးတိုးဝါးတား တွေးတောမိသည်။ သူက ထိုအတွေးကို ဂရုတစိုက် အားစိုက်လိုက်တော့ ဦးနောက်က ထိုဝိုးတဝါးအတွေးကို ပိုမို ပီသစေရန် ဆေးခြယ် လိုက်သလို အလင်းရောင်တို့ အကြောင်း ပြက်ပြက်ထင်းထင်း ပိုမိုထင်ရှားစွာ အတွေးထဲ ရောက်လာသည်။ အလင်းရောင်တွေက တော်တော် နုညံ့ပြော့ပြောင်း ကွေးညွှတ်တတ်ကြတာပဲလို့ သူက ပီပီပြင်ပြင်တွေးလိုက်မိသည်။ တစ်ပြိုင်တည်းမှာပင် ဦးနှောက် ထောင့်တစ်နေတွင် ခိုအောင်းနေကာ အစဉ်အမြဲ စောင့်ကြည့်နေလေ့ရှိတဲ့ သူရဲ့ ဝေဖန်းပိုင်းခြားလေ့ရှိသည့် အသိဉာဏ်က နိုးကြွားလာက သူဘာကြောင့် အလင်းရောင်ရဲ့ သဘောတရားကို စဉ်းစားရသလဲလို့ နောက်ကွယ်မှ တန်ပြန် မေးခွန်းထုတ်တော့ သူ့အတွေးက အလင်းရောင်တွေ အကြောင်းမှ သွေဖယ်တိန်းလျောသွားကာ အလင်းရောင်နှင့် ဆက်နွယ်လျက် ပျော့ပျောင်းကွေးညွှတ်လွယ်သော လူ့၏ စိတ်ကြောင်း စဉ်းစားမိလိုက်သည်။ ထိုအတွေးထဲသို့ သူရောက်လာသည်နှင့်အတူ သူကူးခတ်လျက်ရှိသော နိုးထခြင်းကမ်းခြေဆီသို့လည်း ရောက်လုရောက်ဆဲ ရှိတော့မည်။

လျပ်တပြက်အတွင်း ပြောင်းလဲနေသော အတွေးစိတ်အလျင်သည် အလွန်တရာ မြန်ဆန်လှသည်။ လူတွေအကြောင်းစဉ်းစားမိတိုင်း လူတကာ့လူတွေထဲမှ သူတန်ဖိုးအထားဆုံး သူ့ဇနီး မြကြည် အကြောင်းသည် သူ့အတွေးထဲ ပထမဆုံး ဝင်ရောက်လာသည်။ မြကြည် အကြောင်းစဉ်းစားမိတိုင်း သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွားရသည်။ အခန်းထဲသို့အလုအလျက်တိုးဝင်လျက်ရှိသော လေပြေနှင့် အလင်းတန်းတို့သည်လည်း တိုးတိတ် စိုးထိတ်ကာ ရပ်တန့်သွားလျက် သက်ရှိသက်မဲ့ အရာအားလုံး အလုံးစုံ ဆိတ်ငြိမ်ခြင်းသို့ ဝတ်တွား ညွှတ်ဆင်းသွားရသည်။

မြကြည်ဆုံးပါးသွားတာ နှစ်အတော်ကြာသွားပြီ ဖြစ်ပေမဲ့ သူမ၏ ပုံရိပ်ရောင်၊ အသွင်သဏ္ဍာန်၊ အငွေ့အသက်တို့သည် သူနှင့် သူ့ပတ်ဝန်းကျင်တွင် ရှင်သန်နေဆဲပင်။ သူသည် ခေါင်းအုံးပေါ်တွင် ပါးအပ်ထားလျက် မျက်ခွံကို အသာအယာဖွင့်ကြည့်ကာ နံဘေးတွင် ပိုင်ရှင်မဲ့နေပြီဖြစ်သော ခေါင်းအုံး အလွတ် အရောင်ဖျော့ဖျော့ကို အသစ်အဆန်းတစ်ခုသဖွယ် စင်းစင်း ငေးမောကြည့်မိသည်။ သူသည် နှစ်အတော်ကြာ သည်ခုတင်၊ သည်အုံးစက်ရာ မှာပင် မြကြည်ရှိစဉ်အတိုင်း သူမအိပ်ခဲ့သည့် ခေါင်းအုံး၊ အခင်းတို့ကို ထားလျက် တစ်ယောက်ထဲပဲ အထီးကျန်စွာ အိပ်စက်ခဲ့သည်မှာ ယနေ့ထက်တိုင်ပင်။ သူမ မရှိတော့ပေမယ့် ရှိနေသလို၊ သူ့မ အသံမကြားရတော့ပေမယ့် နားဝတွင် သူမရဲ့ တီးတိုးရေရွတ်သံကို ကြားနေရသလို၊ သူမရဲ့ ကိုယ်နံ့သင်းသင်းလေးက ခေါင်းအုံး၊ အိပ်ရာတို့တွင် စွဲငြိ တွယ်ကပ်နေဆဲ။

ယောက်ယက်ခတ် မနက်နေရောင်ခြည်ကြောင့် သူဆက်အိပ်လို့ မရတော့။ သူ၏ မျက်ဝန်းတို့သည် အလင်းရောင်တို့ကို နွေးထွေးစွာ လက်ခံကြလျက် အမြင်အာရုံနှင့် အသိစိတ်တို့ကြောင့် သူသည် မိန်းမေားခြင်းပင်လယ်ပြင်ကို ကျော်လွန်ကာ လှပသော နံနက်ခင်းတွင် နိုးထရတော့မည်ဖြစ်ကြောင်းသိလိုက်သည်။ မြကြည်ရှိစဉ်တုန်းက သူမသည် ဘဝကို အမြဲတမ်း လှပစွာကြည့်လေ့ရှိသည်။ သူက ဘဝဆိုတာ ဒုက္ခတွေ၊ ဝေဒနာတွေ၊ သေဆုံးခြင်းတွေနဲ့ ဖွဲ့စည်းထားတာလို့ ပြောတော့ သူမ ရီသည်။ သူမသည် ဘဝကို လှပစွာ ကြည့်တတ်၊ နေတတ်ခဲ့သလို့ သေဆုံးတော့လည်း ဘဝကို လှပစွာ အပြုံးပန်းတို့ဖြင့် ထားရစ်ခဲ့သည်။ သူမကြောင့်ပင် သူသည် အထီးကျန်သော သူ့ဘဝနေဝင်ချိန်ကို လှပစွာ နေ့စဉ်စောင့်ကြည့်တတ်လာသည်။

အိပ်ရာ နိူးထစ သူ၏ အတွေးမျှင်တို့သည် အခန်းတွင်းရှိ လေပြေတို့နှင့် အတူ ဝေ့ဝိုက်လျက် အခန်း မျက်နှာကျက်ကို ထိတွေ့တိုက်မိပြီးမှ ပြန်ကန်ထွက်လာသကဲ့သို့ ဟိုရောက်ဒီရောက် ဟိုခုန်ဒီခုန် အတွေးလေဟုန်စီးနေမိသည်။ လေအပွေ့တွင် အခန်းစီးတို့ လေလှိုင်းသဖွယ် လူးလွန့်သွားသလို့ သူ့အတွေးတို့သည်လည်း လူးကာ လွန့်ကာရှိလှသည်။ လွင့်မြောနေသော အတွေးလေဟုန်တွင် သူဘယ်လောက်ကြာ စီးမြောနေမိသည် မသိ၊ အိပ်ရာနှင့် ကပ်ထားသော ကျောပြင်တစ်ခုလုံး ချွေးတို့ဖြင့် စိုရွှဲနေကာ စေးကပ်ကပ်ဖြစ်နေတော့မှ အသိစိတ်အတွေးတို့သည် ပစ္စုပ္ပန် အခြေအနေသို့ ပြန်လည်လာမိသည်။ နွေသည်ကား ပူပြင်းလွန်းလှသည်။

အိပ်ရာပေါ်တွင် လှဲနေရင်း လွင့်မြောနေသော အတွေးအမျှင်စများကို တစခြင်း ဆွဲယူစုစည်းကာ ပစ္စုပ္ပန်ကာလကို သုံးသတ်မိသည်။ အဲဒီတော့မှ သူသည် အိပ်ရာ အခင်းအလွှားနှင့် ခေါင်းအုံးအစွပ်တို့ အသစ်လှဲလှယ်ဖို့ အချိန်တန်ကြောင်း သတိထားမိသည်။ နွေရာသီတွင် ချွေးတို့ အလွန်ထွက်ကာ အိပ်စတ်ရာ အခင်း၊အစွပ်တို့ကို အလွယ်တကူ ညစ်နွမ်းစေသည်။ မြကြည်ရှိတုန်းက သူတလှည့် ကိုယ်တလှည့် ကြံုရင်ကြံုသလို အဝတ်၊အခင်းတို့ကို အလဲအလှယ်လုပ်ကာ လျှော်ဖွတ်ကြသည်။ အခုတော့ အရာရာကို သူတစ်ယောက်ထဲ လုပ်ရသည်။ ထိုအတွက် သူသည် အထီးကျန်ခြင်း မခံစားရ။ ချစ်ခြင်း မေတ္တာအပြည့်ဖြင့် နေခဲ့ရသော သူတို့ နှစ်ယောက် ဘဝအတွက် ကျေနပ်သည်။ ထို့ကြောင့် အခုအခါ သူမ မရှိပေမယ့် ရှိနေသလို။ သူမသည် သူ့ဘဝတွင် ဆက်လပ်ရှင်သန်နေဆဲပင်။ သူမ ရှိစဉ်တုန်းက အသုံးအဆောင်များ၊ အဝတ်အစားများကို အသာအယာ မပျောက်မပျက်ရအောင် အမြတ်တနိုး သိမ်းဆည်းထားသည်။

ခေါင်းအုံးအစွပ်တို့ လဲလှယ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဟောင်းနွမ်း လွင့်ပါးသော အရောင်အဆင်းတို့ကို သတိထားကြည့်မှ သိရသည်။ ဒီခေါင်းအုံးစွပ်ကို မြကြည်ရှိစဉ်တုန်းကတည်းက သူတို့နှစ်ယောက် အသုံးပြုခဲ့ကြသည်။ ခေါင်းအုံးစွပ်ထောင့်တွင် သူကိုယ်တိုင် အပ်ချည်နှင့် သီချုပ်ထားသော စာလုံးလေးတွေက ထင်ထင်ရှားရှားရှိနေဆဲ။ “မောင်” ဆိုတဲ့ စာလုံးနှင့် ရေးထိုးထားတဲ့ ခေါင်းအုံးအစွပ်က သူ့အတွက်၊ “မ” ဆိုတဲ့ စာလုံးနှင့် အစွပ်ကတော့ သူမအတွက်ပေါ့။ အချစ်ကြီးသော၊ အသေးအမွားလေးတွေကအစ တန်ဖိုးကြီးကြီး ထားတတ်သော သူက အရာရာကို အလေးပေး ဂရုစိုက်သည်။ သူကြောင့် သူမဘဝ ပျော်ရွှင်ခဲ့ရသည်ကို သူကျေနပ် ပီတိဖြစ်မိသည်။ ခေါင်းအုံးစွပ်က သုံးရက်ခြားတစ်ခါ လျှော်လိုက်၊ အလဲအလှယ် လုပ်လိုက်နှင့် အချိန်ကြာတော့ သူလဲဆုံးပါးဖို့ အချိန်ရောက်ရောပေါ့။

အိပ်ရာပေါ်မှ အသာအယာထကာ ခေါင်းအုံးအစွပ် အပိုများ ရှိလိမ့်အုံးမလားလို့ ဗီရိုထဲတွင် ရှာဖွေကြည့်သည်။ မြကြည်ရဲ့ ထမီ၊ အင်္ကျီများ အစီအရီထပ်ထားတာကိုတွေ့ရပြန်တော့ စိတ်က အလိုလို လွမ်းမောမြတ်နိုးစွာဖြင့် တစ်ထည်ခြင်း လက်ဖမိုးချောင်းများနှင့် အသာအယာ တို့ထိပွတ်တိုက်ကြည့်မိသည်။ ထို့နောက် သူမရဲ့ ထမီတွေထဲမှ သူမ ဝတ်ခဲ့ဖူးသော လှပတဲ့ ပါတိတ် ထမီ တစ်ထည်ကို ဆွဲယူလိုက်သည်။ ဒီပါတိတ် ထမီနှင့် မြန်မာဆန်ဆန်လှပခဲ့ဖူးသော သူမကို ပြန်မြင်ယောင်မိသည်။ ဘုရားကျောင်းကန်သို့ သွားတိုင်း သူမသည် ပါတိတ် ထမီနှင့် တည်ငြိမ်ကာ သူမအလှသည် ရင့်ကျက်ခဲ့ဖူးသည်။ ဘုရားကျောင်းကန်တို့တွင် မိန်းမ မဝင်ရ၊ မိန်းမ မတက်ရဟု ဆိုင်းဘုတ်၊ ကန့်သတ်ထားချက်များကို တွေ့တိုင်း သူမသည် အပြင်မှနေ ၍သာ လှမ်းမျှော်ကြည့်ရသည်။ ယောကျင်္ာများ တစ်ယောက်ပြီး တစ်ယောက် ဘုရားပုံရိပ်၊ ရုပ်ထုရုပ်လွှာနှင့် ပိုမိုနီးကပ်စွာ အေးချမ်း စိတ်ငြိမ်ရာကို ဆည်းကပ်နေကြတွေ့ရတော့ သူမလည်း ထိုကဲ့သို့ သော အေးချမ်းခြင်း၊ ဘုရားနှင့် နီးစပ်ခြင်း အတွေ့အကြံုကို ကြံုဖူးချင်ခဲ့သည်။ ထိုအခါမျိုးတွင် သူမသည် သူအနားကပ်လို့ “မောင်တို့ ယောကျင်္ားတွေ အလွန်တော် ကြတယ်” လို့ စကားနာထိုးခဲ့ဖူးသည်။ ထိုအခါမျိုးတွင် သူသည် မချိပြံုး ပြံုးပြရုံကလွဲလို့ ဘာမှ မတုန့်ပြန်နိုင်ခဲ့ချေ။ သူမက မိန်းမ ဖြစ်နေတာကိုး။ မြကြည် အဲဒီလို စကားနာထိုးတာကို ပြန်မြင်ရောင်မိတော့ အသာအသာ ပြံုးမိပြန်သည်။

သူ့တွင် ခေါင်းအုံးအစွပ် အပိုမရှိတော့။ လှပသော ပါတိတ် ထမီ အဆင်သည်သာ သူ့စိတ်အစဉ်ကို စွဲဆောင်လှသည်။ ပွင့်ခက် ပွင့်ခိုင်နုတ်နုတ်တို့ဖြင့် သဟဇာတမျှတစွာ အရောင်ချယ်ထားသော ပါတိတ်ဆင်သည် အဆုံး အစမရှိသော လှပတဲ့ ပန်ချီကားချပ်ပမာ။ သူမ ဝတ်ခဲ့တဲ့ ပါတိတ်ထမီကို ဖျက်ကာ ခေါင်းအုံးအစွပ် ချုပ်လိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ မြကြည် ကြေနပ် နှစ်သိမ့်လိမ့်မည်ဟုလည်း သူယုံကြည်သည်။ ညအိပ်တိုင်း သူခေါင်းချရာ၊ ပါးအပ်ရာ သည်ပင် သူမနှင့် အမြဲ ထိတွေ့ နေရသလိုပဲလို့ သူခံစားမိသည်။

သူ အိမ်က ထွက်လာတော့ နေမွန်းတည့်နေပြီ။ မန္တလေးနေသည် အခြား ရပ်ရွာက နေတွေထက် ပိုမိုပူပြင်းလှသည်။ ပူပြင်းလွန်လို့ အခုလို အချိန်မျိုးတွင် အပြင်၌ လူသွားလူလာ မရှိသလောက်ပင်။ ရပ်ကွက်ထဲက လူများလည်း အိမ်တွင်းအောင်းကာ အပူဓါတ်ကို ရှောင်ကြသည်။ ပတ်ဝန်းကျင်သည် ဆိတ်ငြိမ်လှသည်။ အိမ်ရှေ့က လမ်းမကြီးလည်း ပျင်းရိညည်းငွေ့စွာဖြင့် လှဲလျောင်းလျက်ရှိသည်။ ရံဖန်ရံခါ ဗန်းရွက်သည် တစ်ယောက်စ၊ နှစ်ယောက်စ ဖြတ်သွား ဖြတ်လာ ရှိမှ သူတို့ဆီက စျေးရောင်းသံ စူးစူးက တိတ်ဆိတ်ခြင်းကို ဖောက်ထွက်ပြီး ပေါ်လာတတ်သည်။ ထိုအခါမျိုးတွင် အိပ်ပျော်နေသော လမ်းမကြီးလည်း လှုပ်လှုပ်နဲ့ နိုးထလာကာ ခွေးဟောင်သံ တစ်စ၊ သို့မဟုတ် အိမ်နံဘေးက စျေးသည်ခေါ်သံတို့ ပေါ်လာတတ်သည်။ နေအပူရှိန်ကို အံတုလို့ ခြောက်သွေ့နေတဲ့ လမ်းမပေါ်မှာ သူရယ်၊ လမ်းဘေးက သစ်ပင်ရိပ်မှာ အရိပ်ခိုနေတဲ့ ခွေးတစ်ကောင်ရယ် ဒါပဲ ရှိတယ်။ သူ့အသက်အရွယ်နှင့် ဒီလိုရာသီ အပူဒဏ်အောက်မှာ သွားသွားလာလာ လုပ်ရှားရတာ ခွန်းအားများ အလွယ်တကူကုန်ခန်းကာ ပင်ပန်းလွန်းလှသည်။ သို့သော်လည်း သူသည် မြကြည်ရဲ့ ပါတိတ် ထမီ အဟောင်းလေးကို အိပ်တစ်လုံးနှင့်ထုပ်ကာ ရပ်ကွက်ထဲက အပ်ချုပ်ဆိုင်သို့ ထွက်လာခဲ့သည်။

သူနေတဲ့ရပ်ကွက်ထဲတွင် အပ်ချုပ်ဆိုင် တစ်ဆိုင်ရှိတာ အဆင်ပြေသည်။ သူ့အတွက် ချုပ်စရာ၊ ပြင်စရာ များများ စားစား မရှိပေမယ့် အခုလို ခေါင်းအုံးစွပ်ကဲ့သို့ သေးသေးမွှားမွှား ချုပ်ဖို့ လိုအပ်လာတော့ အပ်ချုပ်ဆိုင်ကိုချဉ်းကပ်ဖို့ လိုအပ်လာသည်။ အရာရာကို ကိုယ်တိုင်လုပ်၊ ကိုယ်ပိုင်ဖြစ်ရတာကို ယုံကြည်သော မြကြည်က အားလုံးကို ကိုယ်တိုင်လုပ်သည်။ ဖာစရာ၊ ထေးစရာ များရှိလျင်လည်း ဆိုင်ကို အားမကိုး။ အိမ်တွင်းဖြစ် အိမ်မှာပဲ အားလုံးကိုပြီးမြောက်စေသည်။သူမ နွဲ့ဆိုး ဆိုးချင်၊ အနိုင်ယူချင် သည့် အခါများဆိုရင် သူမရဲ့ အင်္ကျီတွေ၊ အတွင်းခံတွေက အစ အားလုံး သူကို ထိုးပေးကာ “မောင်..မောင့် နာမည်ကို အပ်နဲ့ သီပေးလို့” အနိုင်ယူ ခိုင်းလေ့ရှိတယ်။ အဲဒီလို နေ့မျိုးဆိုရင် တစ်နေကုန် အိမ်မှာပဲ လက်ကို ညောင်းနေအောင် သူမရဲ့ အင်္ကျီတွေ၊ အတွင်းခံတွေ အားလုံးမှာ “မောင့် ချစ်သူ” လို့ အပ်နဲ့ သူကိုယ်တိုင် သီချုပ်ပေးရတယ်။ ခန္ဓာကိုယ်က ဓါတ်ပစ္စည်းတွေ ပေါင်းစပ်ပြီး အချစ်ဆိုတဲ့ စိတ်ခံစား ပေါ်လာတာလို့ သိပ္ပံသမားတွေ၊ လူအချို့က ဆိုကြပေမယ့် အဲဒါရဲ့ ထွက်ကုန် ပစ္စည်းဖြစ်တဲ့ အချစ်ဆိုတဲ့ ခံစားချက်ကို လူသားတွေ တရှိုက်မက်မက် ပွေ့ဖက် ကြတဲ့အထဲ သူလည်း ပါဝင်နေတယ်လို့ဆိုရင် သူကျေနပ်စွာ ဝန်ခံမိမှာပဲ။

ရပ်ကွက် အပ်ချုပ်ဆိုင်က တကယ်တော့ အပ်ချုပ်စက်ကလေး နှစ်လုံးနဲ့ ဆိုင်းဘုတ်မရှိတဲ့ အိမ်ခန်းလေးပါပဲ။ ကလေးငါးယောက်ရှိတဲ့ စက်ချုပ်သည် မိန်းမက ဒီအပ်ချုပ်စက် တွေနဲ့ သူ့မိသားစုကို ရုံးကန်ထားသည်။ ရပ်ကွက်သူ ရပ်ကွက်သား အချင်းချင်း ဆိုတော့ ဘယ်အိမ်က ဘယ်လို၊ ဘယ်မိသားစုဖြင့် ဘယ်လို အစရှိသည်ဖြင့် အိမ်တွင်းရေးတွေ အတွင်းကျကျ မသိတောင် အပေါ်ယံတော့ သိနေကြတယ်။ ရက်ကွက်ထဲမှာ အဆက်အဆံသိပ်မရှိတဲ့ သူကိုတော့ သူ့အကြောင်း သိပ်မသိကြဘူး။ အပ်ချုပ်ဆိုင်ရှေ့ သူရပ်လိုက်တယ်ဆိုရင်ပဲ ဆိုင်ထဲက စက်ချုပ်သည် မိန်းမက သူ့သမီးကို အော်ပြောနေတဲ့ အသံ ပြာပြာကို ကြားနေရတယ်။

“ဟဲ့ ခင်ညို..ချုပ်ထားပြီးတဲ့ ထမီတွေကို အဲဒီ ကြိုးတန်းပေါ်မှာ မတင်ထားနဲ့။ ညည်း အဖေက ကြိုးတန်းအောက်ကို မသိဘဲနဲ့ ဖြတ်သွားမိရင် ဘုန်းနိမ့်လိမ့်အုံးမယ်..တယ်..ဒီကောင်မလေး..နင့်အဖေ စိတ်ဆိုးရင် နင် သိတယ်မလား…” ဆိုင်ထဲ ဝင်ဖို့ သူ့ခြေလှမ်း တွန့်ဆုတ်သွားသည်။ သူသည် သိုးတစ်ကောင်သာ ဖြစ်ခဲ့မယ် ဆိုရင် သူကိုယ်ပေါ်မှာ ရှိတဲ့အမွှေးအမျှင်တို့ မည်းနက်နေလျက် ကျန်တဲ့သိုးတွေကတော့ အားလုံး အတူတူ အဖြူစွတ်စွတ်ဖြစ်နေကြပါလားလို့ မြင်မိလိမ့်မည်။ သို့သော် ရင့်ကျက်နေသော အသိဉာဏ်တို့ကြောင့် နားလည်စွာ ပြံုးလိုက်ကာ အမိုးနိမ့်နိမ့် အပ်ချုပ်ဆိုင်ထဲသို့ ရို့ကျိုး သိမ်မွေ့စွာ ခေါင်းငုံ့ဝင်လိုက်သည်။

“ကျွန်တော် ခေါင်းအုံးစွပ် နှစ်စုံလောက် ချုပ်ချင်လို့ပါ”

ညင်သာပျော့ပျောင်းစွာ မေးလိုက်တဲ့ သူ့အသံကြောင့် သမီးကို လှမ်းအော် စကားပြောနေတဲ့ စက်ချုပ်သည် မိန်းမ သူ့ဘက် လှည့်လာသည်။ ရပ်ကွက်ထဲတွင် မျက်မှန်းတန်းမိနေသောကြောင့် စက်ချုပ်သည်မိန်းမ သူ့ကို မှတ်မိလိမ့်မယ်လို့ သူ ယူဆမိသည်။

“ဟုတ်ကဲ့ ရပါတယ်ရှင့်..ဦးလေးက ဟို တံခါးအနီကြီးနဲ့ အိမ်ကမလား”

သူမရဲ့ တုံ့ပြန်စကားကြောင့် သူနည်းနည်း အားရှိသွားသည်။ သူကို ရပ်ကွက်ထဲကမှန်း သိရင် သူလာရင်း ကိစ္စအတွက် မငြင်းတန်ကောင်းလောက်ပါဘူးလို့ ကိုယ့်ကိုယ်ကို အားပေးလိုက်မိတယ်။

“ဟုတ်ပါတယ်..ကျွန်တော်က အဲဒီအိမ်ကပါ” လို့ ပြောပြီး ရှေ့ဆက်ဖို့ စကားအတွက် ခဏရပ်က အိပ်ထဲမှ ပါတိပ်ထမီ အဟောင်းလေးကို ဆွဲထုတ်လိုက်သည်။ သူ့စကား အရပ်နှင့် အိပ်ထဲမှ ထမီ ဆွဲထုတ်နေသည့် အချိန်ကာလ အတွင်း သူ့စိတ်သဏ္ဍန်၌ ရှေ့ဆက်ပြောမည့် စကားအတွက် စကားလုံးပေါင်း ထောင်သောင်းမက အစီအရီ ဆက်စပ်ကြည့်မိသည်။

“....ကျွန်တော် ဒီပါတိတ်ထမီလေးကို ဖျက်ပြီး ခေါင်းအုံးစွပ်ကလေး နှစ်စုံလောက် လုပ်ချင်လို့ပါ..”

ခယတောင်းပန်ခြင်းနဲ့ မြကြည်ရဲ့ ထမီဟောင်းလေးကို တစ်ပါးသူလက်ထဲ ခွန်အားမဲ့နေတဲ့ လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ထိုးပေးလိုက်တယ်။ စက်ချုပ်သည် မိန်းမက သူ့ကို ထူးဆန်းတဲ့ သတ္တဝါတစ်ကောင် မြင်တွေ့လိုက်ရသလိုမျိုး ကြည့်ကာ သူလှမ်းပေးနေတဲ့ ပါတိတ်ထမီကို လက်ခံယူလိုက်သည်။ သူသည် သူမကို နားလည်ကြင်နာစွာ ကြည့်လျက် ဘုန်းမရှိတဲ့ လူတစ်ယောက် အပ်ချုပ်ဆိုင်ထဲဝင်ကာ ချစ်ခြင်းမေတ္တာအတွက် ထမီအဟောင်းကို ပေးပြီး ခေါင်းအုံးအစွပ် ချုပ်ခိုင်းရသည်ကို စိတ်ထဲမှနေ၍ တောင်းပန်နေမိသည်။

အနန္တမေတ္တာဖြင့်

ဘကောင်း

No comments:

Post a Comment