မြကြည် မောင့် အကြောင်း

မောင်သည် စကားပြောလျင် သူများနှင့် မတူ။ မောင်ပြောတဲ့ စကားလုံးတို့သည် အေးမြမြ ဆောင်းဉီးလေပြေတွေ တောင်တန်းတွေဆီက သာသာမွမွ လိမ့်ဆင်းလာသလိုမျိုး နားထောင်ရသူတို့ နားစည်ထဲ ချောချောမွေ့မွေ့ သက်ဆင်းသွားလေ့ရှိသည်။ လေညင်းတို့နှင့် အတူ ထင်းရှုးနံသင်းသင်းတွေ၊ ရံဖန်ရံခါ ဟိုးအဝေး ပင်လယ်ပြင်ဆီက အငွေ့အသက်တွေ ပါလာ တတ်သလို မောင့်စကားတို့သည်လည်း သနား ကြင်နာခြင်း၊ ရံဖန်ရံခါ စာနာခြင်း တို့ အငွေ့အသက်ကို လွမ်းခြုံနေလေ့ရှိသည်။ မောင့်ကြောင့်ပင် မြကြည် ရင်ဖိုရသည်။ ကြည်နူးရသည်။ ပြီးတော့ ပူပန်ခြင်း နှင့် စိတ်သောက ဗျာများရသည်။ မောင် အခြားလူတွေနဲ့ စကားပြောတဲ့အခါ အဲဒီလိုပဲ မောင့်လေသံမှာ သနား ကြင်နာခြင်းတွေများ ပါနေမလား။ ချစ်ရင် သနား၊ မြတ်နိုးတော့ သဒ္ဒါတဲ့။ မောင် သူများ‌‌တွေကို သနားပြီး ချစ်သွားမှာ စိုးလှသည်။ မောင့်ရဲ့ ချစ်တတ်တဲ့ နှလုံးသားကို သူများတွေကို ဝေမျှပေးရမှာ စိုးရိမ် တွန့်တို သည်။

မောင် စိတ်ဆိုး၊ ဒေါသထွက်တာ မြကြည် မတွေ့ဘူးသေး၊ "မောင် စိတ်ဆိုးတာ မြကြည် ကြည့်ချင်တယ်" လို့ ပြောတော့ မောင်က တဟားဟား အော်ရီသည်။ ဘာလို့ စိတ်ဆိုးရ မှာလဲ ကလေးရဲ့ ပြောပြီး မြကြည်ခေါင်းက ဆံနွယ်တွေကို အသာအယာ ကြင်ကြင်နာနာလေး ပွတ်ပေးလေ့ ရှိတယ်။ မောင် စိတ်အခန့်မသင့်လို့ စိတ်မကြည်မသာ ဖြစ်သည့် အချိန်ဆိုလျင် တိတ်ဆိတ် ငြိမ်သက်စွာ တစ်ယောက်ထဲ နေလေ့ရှိသည်။ လူဆိုတာ ဆိတ်ငြိမ်တဲ့ နေရာမှာ တစ်ယောက်ထဲ ရံဖန်ရံခါ နေသင့်တယ်။ ဆိတ်ငြိမ်ခြင်းဟာ အရာရာကို အမှားအမှန် ဝေဖန်ဆန်းစစ် ဖို့ အထောက်အကူပြုတယ်လို့ မောင် ကယုံကြည်ထားတယ်။ အဲဒီလိုမျိုး အချိန်တွေဆိုရင် မြကြည် မောင့်အနားမှာ ချွဲကပ် မနေတော့ ဘူး။ ကိုယ့်ကိုယ်ကို လှအောင်ပဲ နေလိုက်တယ်။

မောင်သည် မြကြည် မွေးနေ့ ကို ဘယ်တော့မှ မမှတ်မိချေ။ ဒါပေမယ့် မြကြည် လစဉ် ဓမ္မတာလာခါနီးပြီ ဆိုလျင် မောင်သည် မြကြည်လွယ်နေကြ အိပ်ထဲ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ ကို ဂရုတစိုက်နဲ့ ထည့်ထားပေးလေ့ရှိသည်။ မြကြည် ဓမ္မတာလာမယ့် အချိန် မောင် ဘယ်လိုလုပ် သိလဲလို့ မေးတော့ မောင် က ရှက်ပြုံးလေး ပြုံးပြီး လွယ်လွယ်လေး၊ မောင် တွက်တတ်တာပေါ့ လို ဆိုတယ်။ အဲဒီလိုမျိုး အချိန်တွေဆိုလျင် မောင့်မျက်လုံး တို့သည် စာနာကြင်နာတတ်ခြင်း တို့ အရိပ်အရောင်ဖြင့် အရည်လဲ့ နေလေ့ ရှိသည်။ နောက်ပြီး မောင်က ပြောသေးတယ်။ ကလေး ဓမ္မတာလာတဲ့ အချိန် မောင်က ပိုပြီး ဂရုစိုက်ရအုံးမယ်။ ဘာလို့လဲ ဆိုတော့ ကလေးတို့ မိန်းမတွေ အဲဒီ အချိန်မှာ ဟိုမုန်း အပြောင်းအလဲတွေ ဖြစ်နေတော့ မောင့်ကို စိတ်ဆိုးမှာ စိုးလို့တဲ့။ မောင်သည် အဲဒီလောက် အထိ မြကြည် ကို ကြင်နာ ဂရုစိုက်သည်။ မြကြည် အသည်း နှလုံးတို့သည် ကြည်နူး ပျော်ရွှင်မှု တို့နှင့် အတူ စကြာဝဠာတခွင် ကခုန်ကာ မောင် သည်သာလျင် မြကြည်ရဲ့ မောင်၊ မြကြည် ရဲ့ မူပိုင် ဖြစ်ကြောင်း ဟစ်အော် ကြွေးကြော် ပစ်လိုက်ချင်သည်။

မောင်သည် မိန်းမတို့ကို ရိုက်နှက်တတ်သော ယောင်္ကျား တို့ အထင်မကြီး သလောက်၊ နင်ပဲငစ နှုတ်အာ ရိုင်းပြသော မိန်းမတို့ကို ကြောက်ရွံ့ သည်။ မြကြည် မောင် နဲ့အတူ "မိန်းမတို့ အကြောင်း" ဆိုတဲ့ စာအုပ် ကို ဖတ်ဖူးသည်။ မောင် က ဆီမွန်ဒီဗူဗွား ရေးတဲ့ မူရင်း "The Second Sex" ဆိုတဲ့ စာအုပ်ကို အင်္ဂလိပ်လို ဖတ်ဖူးတော့ မြကြည်ကို ရှင်းပြသည်။ နောက်ပြီး ပြောသေးသည်။ မြန်မာ အိမ်ထောင်ရှင်မတွေ အိမ်ထောင်အတွက် ယောင်္ကျားနဲ့ တန်းတူ အလုပ် လည်း လုပ်ရသည်။ ကလေးလည်း မွေးပေးရသည်။ ဟင်းတွေ ထမင်းတွေလည်း ချက်ကျွေးရသည်။ ပြီးတော့ ယောင်္ကျားတွေက ပန်ကန်တစ်ချပ်တောင် မဆေးချင်ကြဘူး လို ဝေဖန်သည်။ မောင် က ဘယ်လိုလုပ် သိသလဲလို့ မြကြည် မေးကြည့် တော့ မောင့် အဖေ ကိုယ်တိုင်က အဲဒီလိုပဲလေ လို့ မောင်က ပြောတယ်။ ကလေးရေ တကယ်တော့ အဲဒီစာအုပ် က မိန်းမတို့ "အ" ကြောင်း ကို ရေးထားတာ လို့ မချိတင်ကဲ ကိုယ်ချင်းစာနာစိတ်ဖြင့် ဆိုသည်။ မြကြည် တခစ်ခစ် ရီလျက် မောင့် မျက်နှာပေါ် မှာ ဝဲကျနေတဲ့ ဆံပင်တွေကို ဖူးကနဲ မှုတ်ထုတ်လိုက်သည်။ မောင့် ဆံပင်တွေ အလွင့် မှာ ဆောင်းဉီးလေပြေတွေက မောင့် ရီသံ သဲ့သဲ့ကို ရစ်ပတ်ယူငှင်ကာ ဟိုးတောင်စွယ်တွေဆီသို့ သွယ့်ယူ တိုက်ခတ်သွားသည်။ အသံတို့သည် တောအုပ်ကြိုကြား တိုးဝင်သွားကာ သစ်ရွက်တို့ ရိုက်ခတ်သံလား၊ မောင့်ရီသံ လေလား မသဲကွဲတော့။ သေချာတာ တစ်ခုတော့ ရှိသည်။ မောင့် ရီသံတို့သည် လေလှိုင်း ခတ်သံ တို့ နှင့် အတူ စီးမျေား သွားနေ အုံးမည်သာ။

မောင်ဘကောင်း