Showing posts with label thislife. Show all posts
Showing posts with label thislife. Show all posts

တိရိစ္ဆာန်တို့ ယာတောမြေ (၂ - ၂)


ပထမ ငါးမိနစ် ခန့်အထိ တိရိစ္ဆာန်တို့သည် သူတို့၏ အောင်မြင်မှုရလဒ်ကို သိပ်မယုံကြည်နိုင်ကြ။ ပထမဦးစွာ သူတို့သည် ယာမြေ ခြံစည်းရိုး ပတ်ပတ်လည် တစ်လျှောက်လုံး ကဆုန်ပေါက်ပြေးလွှားကာ လူတစ်ယောက်မျှ ခိုအောင်းပြီး မရှိစေရန် ကြည့်ရှု့စစ်ဆေးကြသည်။ ထို့နောက် ကိုသာဒွန်းနှင့် ပတ်သက်သည့် အရာမှန်သမျှ ဖယ်ရှာပစ်ဖို့ ခြံအဆောက်အအုံများဆီသို့ ပြန်လည်ပြေးလွှားလာကြသည်။ မြင်းဇောင်း တဖက်တွင်ရှိသော အလုပ်ရုံခန်း တံခါးသည်လည်း ကျိုးပဲ့ကာ ပွင့်နေသည်။ သံတို သံစများ၊ သံနားကွင်းများ၊ ခွေးချည်သံကြိုးများ၊ ဝက်များ သိုးများကို ကို သင်းကွပ်ရာတွင် ကိုသာဒွန်း သုံးလေ့ရှိသော ဓါးများ အစရှိသည်တို့ကို ပစ်ပေါက်ထုတ်ကြသည်။ နဖားကြိုးများ၊ နားပတ်ကြိုးများ၊ မြင်းပါးချုပ်များ၊ နားချပ်များ၊ ကြာပွတ်တံများ အားလုံးကို စုပုံကာ ယာကွင်းပြင်တွင် မီးရှို့ပစ်ကြသည်။ ကြာပွတ်တုတ်များ မီးလောင်ကျွမ်းနေသည်ကို ကြည့်ကာ တိရိစ္ဆာန်များ မြူးတူး ခုန်ပေါက် ပျော်ရွှင်ကြသည်။ ဝက်ကြီး ဖြူတုတ်က မြင်း လည်ဆံမွေးနှင့် အမြီှး တို့တွင် တန်ဆာ ဆင်လေ့ရှိသော ဖဲပြားကြိုးများကို မီးပုံထဲသို့ ပစ်ထည့်သည်။


“ဖဲကြိုး တွေဟာ ကဝတ်တန်ဆာတွေဖြစ်သလို လူတွေရဲ့ အမှတ်အသားတွေ ဖြစ်တယ်.. တိရိစ္ဆာန်တွေဟာ အဝတ်အစား ဝတ်ဖို့ မလိုအပ်ဘူး” လို့ ဖြူတုတ်က ဆိုတယ်။

အဲဒီ စကားကို မြင်ကြီး ဘိုးနီကြားသော အခါ နွေရာသီတုန်းက ယင်ခြောက်ဖို့ သူသုံးလေ့ရှိသော မြက်ခြောက်ဦးထုတ်ကလေးကို မီးပုံထဲသို့ပစ်ထည့်လိုက်သည်။

ခဏအတွင်းမှာပင် တိရိစ္ဆာန်တို့သည် ကိုသာဒွန်းနှင့် ပတ်သက်သမျှ အရာများ အားလုံးကို ဖျက်ဆီးပစ်လိုက်ကြသည်။ ဝက်ကြီး သန်းရွှေက တိရိစ္ဆာန်တို့ကို အစာသိုလှောင်ခန်းသို့ ဦးဆောင်ခေါ်သွားကာ အားလုံးကို ဝေပုံးကျ ပြောင်ဖူး နှစ်ဆတိုး၍ ကျွေးမွေးလေသည်။ ခွေးတို့ကို ဘီစကစ် နှစ်ချပ် စီ ကျွေးသည်။ ထို့နောက် ဗမာပြည်ရဲ့ မျိုးချစ် အာဇာနည်များ သီချင်းကို ခုနစ်ကြိမ် ဆက်တိုက် သီဆိုပြီး ညရောက်တော့မှ အနားယူကြလျက် တစ်ခါမျှ မရရှိဘူးသော ပျော်ရွှင် အိပ်စက်ခြင်းမျိုးဖြင့် အိပ်စက်ကြလေသည်။

သူတို့သည် ထုံစံအတိုင်း မနက် လင်းအာရုဏ်တွင် နိုးထကြသည်။ ထို့နောက် ယမန်နေ့က ကြီးမြတ်ခမ်းနားသည့် အဖြစ်အပျက်တို့ ဖြစ်ပျက်ခဲ့သည်ကို သတိရကြကာ မြက်ခင်းပြင်ကွက်လပ်သို့ ပြေးထွက်လာကြသည်။ ကွင်းပြင်ကွက်လပ်မှ ခပ်လှမ်းလှမ်းသို့ ဆင်းသွား လိုက် လျှင် ယာတောမြေကို အထက်စီးမှ လှမ်းမြင်နိုင်သော တောင်ကုန်းမို့မို့ လေး ရှိသည်။ တိရိစ္ဆာန်တို့သည် ထိုတောင်ကုန်းထိပ်သို့ ပြေးတက်သွားကြကာ ကြည်လင် သန့်စင်သော နေရောင် အောက်တွင် ယာတောမြေ ပတ်ပတ်လည်ကို ငေးမောကြည့်ရှု့ကြလေသည်။ ဟုတ်ပေသည်… ထိုယာတောမြေသည် သူတို့ မြေ။ ရှု့မြင်သမျှ အရာအားလုံးတို့ကို သူတို့ ပိုင်ဆိုင်သည်။ ထို ကျေနပ်ပီတိဖြစ်မှုတို့ ဖြင့် သူတို့သည် လှည့်ပတ် ကခုန်ကြလေသည်။ ပျော်ရွှင် စိတ်လှုပ်ရှားမှုတို့ဖြင့်လည်း လေထဲသို့ မြောက်ကြွမြောက်ကြွနှင့် ခုန်ပေါက်ကြသည်။ စိုစိုစွတ်စွတ် နှင့်မြက်ခင်းပေါ်တွင် လူးလိမ့်ကြသည်။ မြက်ချိုချိုတို့ကို ပါးစပ်အပြည့် ဝါးကြသည်။ မြေစိုင်ခဲတို့ကို ကန်ကျောက်ကြကာ မြေရနံတို့ မွှေးထုံ နေသည်ကို နမ်းရှုပ်ကြသည်။ ထို့နောက် ယာတောခြံမြေတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုကြကာ ထွန်ယက်ခင်း၊ မြက်ခြောက်ခင်း၊ အသီးအနှံခင်း၊ရေကန်တို့ကို တမေ့တမေားဖြင့် တစ်ခါမှ မမြင်ဘူးသော အရာများကဲ့သို့ ငေးမေားကြည့်ကြသည်။ ထိုအရာတို့သည် ယခုအခါတွင် သူတို့ ပိုင်ဆိုင်သောအရာများ ဖြစ်နေသည်ကို မယုံကြည်နိုင်အောင်ဖြစ်ကြသည်။

ထို့နောက် သူတို့သည် ခြံထဲရှိ အဆောက်အဦးများဆီသို့ ပြန်လှည့်လာကြကာ ယာခြံအိမ် တံခါးဝ အပြင်ဖက်တွင် ငြိမ်သက်စွာ ရပ်လိုက်ကြသည်။ ထိုခြံအိမ်သည်လည်း သူတို့ ပိုင်သော အရာပင် ဖြစ်လေပြီ။ သို့သော် သူတို့သည် အထဲသို့ ဝင်ဖို့ ကြောက်လန့်နေကြသည်။ ခဏကြာသော် ဖြူတုတ်နှင့် သန်းရွှေတို့သည် တံခါးကို ပုခုံးနှင့် တွန်းတိုက် ဖွင့်လိုက်သည်။ အခြားတိရိစ္ဆာန်တို့သည် ဟောကနဲ စုပြုံတိုးဝင်ကြသည်။သူတို့သည် တစ်ခုခုကို မတော်တဆ တွန်းချချိုးဖဲ့ မိမှာဟူသော စိုးရိမ်စိတ်တို့ဖြင့် အလွန်တရာ ဂရုစိုက်သော ခြေလှမ်းတို့ဖြင့် အသာအယာ လျှောက်လှမ်း ဝင်လာကြသည်။ တစ်ခန်းဝင် တစ်ခန်းထွက် ကြည့်ကြသည်။ စကားကိုလည်း ခပ်ကျယ်ကျယ် မပြောရဲ။ ဇိမ်ခံပစ္စည်း ဥစ္စာ များကို မယုံကြည်နိုင်အောင် တအံတသြ ငေးမောကြည်ရှု့ကြသည်။ အိမ်ရာ တို့သည် သူတို့၏ သားမွေတောင်တို့ဖြင့် ပြုလုပ်ထားသည်။ မှန်ချပ်များ၊ မြင်မွှေးဖြင့်လုပ်သော ဆိုဖာ ထိုင်ခုံများ၊ နိုင်ငံခြားဖြစ် ကောဇောများ၊ ပုံတူ ပန်ချီကားချပ် တို့ကို မြင်တွေ့ကြရသည်။ သူတို့ လှေကားအတိုင်း ဆင်းလာကြသောအခါ မြင်းမ မိုမို ပျောက်နေသည်ကို သတိထားမိကြသည်။ ပြန်လှည့်သွားကြည့်ကြသော အခါမှ မိုမိုသည် အကောင်းဆုံးသော အိပ်ရာ ခန်းထဲမှာပင် ရှိနေသေးသည်ကို တွေ့ရသည်။ သူမသည် ကိုသာဒွန်းကတော်၏ အလှပြင် ခုံပေါ်မှ အပြာရောင် ဖဲပြားကြိုးကို ပုခုံးပေါ်တွင် ဟန်နှင့် တပ်ပြီး မှန်ရှေ့တွင် အရူးလို ဟန်ရေးပြကာ သူမကိုယ် သူမ နှစ်သိမ့်ကျေနပ်နေသည်။ အခြားအကောင်များသည် သူမကို ပြစ်တင် ရှုတ်ချကြကာ ထွက်သွားကြသည်။ သူတို့သည် မီးဖိုဆောင်ထဲတွင် ချိတ်ဆွဲထားသော ဝက်သာကြပ်ကင်တို့ကို ယူပြီး မြေမြုတ်ပစ်ကြသည်။ မီးခိုဆောင်ဘေးက အခန်းထဲတွင် ရှိသော ဘီယာစည်ကို ဘိုးနီက ခွာဖြင့် ကန်ပစ်လိုက်သည်။ ထို့အရာတို့မှအပါး အခြား ဘာမှ မထိ မတို့ခဲ့ကြချေ။ ထိုနေရာမှာပင် အားလုံး တစ်ညီတစ်ညွှတ်တည်း ဆန္ဒပြုကြသည်မှာ ယာခြံအိမ်ကို ပြတိုက်အဖြစ် ထားရှိရန်ဖြစ်သည်။ မည်သည့် တိရိစ္ဆာန်မျှ ဤယာခြံအိမ်တွင် မနေရဟု အားလုံး သဘောတူကြသည်။

တိရိစ္ဆာန်များလည်း သူတို့၏ မနက်စာကို စားသောက်ကြပြီးနောက် ဝက်ကြီးနှစ်ကောင်ဖြစ်သော ဖြူတုတ်နှင့် သန်းရွှေတို့က သူတို့ကို စုရုံး ခေါ်ယူလိုက်သည်။

“ရဲဘော်တို့” လို့ ဖြူတုတ်က အစချီ ပြောလိုက်သည်။ “အခု ခြောက်နာရီ ခွဲပဲ ရှိသေးတယ်။ ငါတို့ တစ်နေကုန် အချိန်တွေ ရှိသေးတယ်။ ဒီကနေ့ ငါတို့ မြက်ရိတ်သိမ်း တဲ့အလုပ်စမယ်။ အဲဒါ မတိုင်ခင် အခြား ကိစ္စတစ်ခုကို အရင် လုပ်ကြရမယ်”

ဝက်တို့သည် လွန်ခဲ့သော သုံးလအတွင်း၌ သူတို့ လုပ်ဆောင်နေသော အလုပ်တို့ကို ဖွင့်ထုတ် ပြောဆိုသည်။ သူတို့သည် ကိုသာဒွန်၏ ကလေးများ ပစ်ထားသော စာလုံးပေါင်းဖတ်စာ စာအုပ်ကို အမိုက်ပုံထဲမှကောက်ယူကာ စာ ရေးတတ် ဖတ်တတ်အောင် လေ့လာခဲ့ကြသည်။ဝက်ကြီး သန်းရွှေက အဖြူ နှင့် အမဲ ဆေးအိုးတို့ယူစေလျက် တိရိစ္ဆာန်တို့ကို တုတ်တန်းငါးတန်း ရှိသော ခြံတံခါးမကြီး ဆီသို့ ဦးဆောင် ခေါ်သွားသည်။ ထို့နောက် စာရေးရာတွင် အကောင်းဆုံးဖြစ်သော ဖြူတုတ်က စုတ်တံကို လက်ဆစ်တွင် ညပ်ကာ တံခါး ထုတ်တန်း ထိပ်ဆုံးတွင် ရေးထားသော “မြန်တိုင်း မွေးမြူရေးခြံ” ကို “တိရိစ္ဆာန်တ်ို့ ယာတောမြေ” ဟု ပြောင်းလဲရေးလိုက်သည်။ အခု အခါမှစပြီး တိရိစ္ဆာန်တို့ ယာတောမြေလို့ ခေါ်ကြမည် လို့ ဆိုသည်။ အဲဒီနောက် သူတို့အားလုံး ယာခြံ အဆောက်အဦးများ ဆီသို့ ပြန်သွားကြသည်။ ဖြူတုတ်နှင့် သန်းရွှေတို့က ထိုနေရာသို့ လှေကားတစ်စင်း ယူလာစေကာ စပါးကျီ၏ နံရံကို မှီပြီး လှေကားထောင်စေသည်။ ထို့နောက် လွန်ခဲ့သော သုံးလအတွင်း သူတို့ လေ့လာခဲ့သော အရာကို ရှင်းပြကြသည်။ ဝက်တို့သည် တိရိစ္ဆာန်ဝါဒ၏ အခြေခံ အချက်အလက်တို့ကို ပညတ်ချက် ခုနှစ်ချက် အဖြစ်သို့ ရေးဆွဲနိုင်ခဲ့ကြောင်း ပြောပြကြလေသည်။ ထို ပညတ်ချက် ခုနှစ်ချက်ကို နံရံတွင် အခု ရေးဆွဲကြမည် ဖြစ်ကြောင်း၊ ပညတ်ချက်တို့သည် ပြုပြင်ပြောင်းလဲလို့ မရသော အခြေခံဥပဒေသများ ဖြစ်ကာ ယာတောမြေတွင် ရှိသော တိရိစ္ဆာန်တို့ အားလုံး ထာဝရ လိုက်နာကျင့်သုံးရမည် ဖြစ်ကြောင်း ပြောကြသည်။ ဝက်တစ်ကောင်အတွက် လှေကားတက်ရာတွင် အခက်အခဲတို့ရှိပေသည့် ဖြူတုတ်သည် ရအောင် လှေကားတက်ကာ စာရေးရန် ပြင်ဆင်သည်။ ဝက်ပေါက် ကိုကွာစိက နောက်က လိုက်တက်ကာ ဆေးအိုးတို့ကို ကိုင်ပေးသည်။ အမဲညစ်ရောင် နံရံတွင် ပညတ်ချက်တို့ကို အဖြူရောင် စာလုံး အကြီးကြီးတို့ဖြင့် ရေးဆွဲကြကာ အဝေးနေရာကပင် လှမ်းမြင်နိုင်လေသည်။ စာလုံးများမှာ

ပညတ်ချက် ခုနှစ်ချက်

၁။ ခြေနှစ်ချောင်း ရှိသူ မှန်သမျှသည် ရန်သူဖြစ်သည်။
၂။ ခြေလေးချောင်း သို့မဟုတ် အတောင် ရှိသူတို့သည် မိတ်ဆွေဖြစ်သည်။
၃။ တိရိစ္ဆာန်များ အဝတ် မဝတ်ဆင်ရ။
၄။ တိရိစ္ဆာန်များ အိပ်ရာ ခုတင်ဖြင့် မအိပ်စက်ရ။
၅။ တိရိစ္ဆာန်များ အရက်သေဇာ မသောက်စားရ။
၆။ တိရိစ္ဆာန်များ အချင်းချင်း မသတ်ဖြတ်ရ။
၇။ တိရိစ္ဆာန်များ အားလုံး တန်တူညီမျှ ကြသည်။

စာလုံးတို့ကို လှပသေသပ်စွာ ရေးဆွဲနိုင်ခဲ့သည်။ သို့ရာတွင် “မိတ်ဆွေ” အစား “မိတ်စွေ” လို့ ရေးထားသည်။ ထို့အပြင် “များ” ဆိုသော စာလုံးတစ်လုံးသည် ပြောင်းပြန်ဖြစ်နေသည်။ ဖြူတုတ်က အခြားအကောင်များ နားလည် စေနိုင်ရန်အတွက် အသံကျယ်ကျယ်ဖြင့် ဖတ်ပြလေသည်။ တိရိစ္ဆာန်အားလုံး ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် သဘောတူ ထောက်ခံကြသည်။ ထူးချွန်သော အကောင်များသည် ပညတ်ချက် ခုနှစ်ချက်ကို တစ်ပြိုင်နက်တည်း နုတ်တိုက် မှတ်မိလေသည်။

“ရဲဘော်တို့” လို့ ဖြူတုတ်က စုတ်တံကို ပစ်ချလိုက်ရင်းနဲ့ အော်လိုက်သည်။ “ကောက်ရိုးခင်း ဆီကို သွားကြမယ်။ ကိုသာဒွန်းနဲ့ သူ့လူတွေ ကောက်ရိတ်သိမ်း လုပ်နိုင်တာထက် ငါတို့ ပိုပြီးမြန်မြန်ဆန်ဆန်လုပ်ကြပြီး ဂုဏ်ယူ ကြရအောင်”

ထိုအချိန်တွင် နွားမသုံးကောင်သည် အချိန်ကုန်လာသည်နှင့် အမျှ နေရထိုင်ရခက်လာကာ ကျယ်ကျယ်လောင်လောင် ငြီးတွားလာကြသည်။ သူတို့အတွက် နှစ်ဆယ့်လေးနာရီ ပတ်လုံး နွားနို့ မညှစ်ရသေးချေ။ သူတို့၏ နို့အိမ်သည် ပေါက်ကွဲလုမတတ် တင်းမာနေသည်။ သူတို့အားလုံး ခဏမျှ စဉ်းစားလိုက်ကြပြီးနောက် ဝက်တို့သည် ပုံးခွက်တို့ကို ယူလာစေလျက် နွားမများ ထံမှ နွားနို့ကို အောင်မြင်စွာ ညှစ်ယူနိုင်ခဲ့ကြသည်။ ဝက်တို့၏ လက်များသည် နို့ညှစ်သည့် အလုပ်ကို လွယ်လင့်တစ်ကူ ဆောင်ရွက်နိုင်ခဲ့သည်။ မကြာခင်တွင် အမြုတ်များ ဝေ့တက်နေသော နွားနို့ပုံး ငါးပုံး ရလာသည်။ အခြား တိရိစ္ဆာန်များလည်း နွားနို့ပုံးများ ကို စိတ်ဝင်တစားနှင့် ဝိုင်းဝန် ကြည့်ကြသည်။

“ဒီ နွားနို့တွေကို ဘာလုပ်ပစ် ကြမလဲ” လို့ တိရိစ္ဆာန်တစ်ကောင်က မေးလိုက်သည်။

“ကိုသာဒွန်းကတော့ နွားနို့ အချို့ကို ကျွန်မတို့ အစားတွေထဲမှာ ရောတယ်” လို့ ကြက်မတွေက ပြောသည်။

“ရဲဘော်တို့ နွားနို့တွေ အတွက် စိတ်ပူပန်မနေကြနဲ့” လို့ ဝက်ကြီး သန်းရွှေက သူကိုယ်သူ နွားနို့ပုံးရှေ့တွင် ရပ်ကာ အော်လိုက်သည်။ “ဒါတွေကို ကြည့်ပြီး စီစဉ်လိုက်မယ်။ ယာမြေမှာ ရိတ်သိမ်းရမှာ ပိုပြီး အရေးကြီးတယ်။ ရဲဘော် ဖြူတုတ်က ဦးဆောင်ပြီး လမ်းပြလိမ့်မယ်။ ငါကတော့ ခဏနေရင် နောက်က လိုက်ခဲ့မယ်။ ချီတက်ကြ ရဲဘော်တို့။ မြက်ခြောက်တွေ က စောင့်နေကြပြီ”

တိရိစ္ဆာန်တို့လည်း ကောက်ရိုးခင်းဆီသို့ ရိတ်သိမ်းရန် ချီတက်သွားကြလေသည်။ ညနေခင်း သူတို့ ပြန်လာကြသောအခါ နွားနို့များ မရှိတော့သည်ကို သူတို့ သတိပြုမိကြလေသည်။

တိရိစ္ဆာန်တို့ ယာတောမြေ (၂ - ၁)


အင်္ဂလိပ်စာကနေ မြန်မာလို ဘာသာပြန်ကြတဲ့ အထဲမှာ သမ္မာကျမ်းစာအုပ် ရယ်၊ အနိုင်မခံ ဆိုတဲ့ ကဗျာကို အကြိုက်ဆုံးပါ။ သမ္မာကျမ်းစာအုပ်က လူတိုင်း ဖတ်လို့ရတဲ့ စာအုပ်ဖြစ်တယ်။ မြန်မာစာ ဖတ်ဖို့ အင်္ဂလိပ်စာတတ်စရာမလိုပဲ ဖတ်လို့ရတဲ့ စာမျိုးပေါ့။ သိပ်ကောင်းတယ်။ အခုခေတ်မြန်မာစာပေတွေကမှာ မြန်မာစာ ဖတ်ဖို့ တော်တန် အင်္ဂလိပ်စာတတ်ဖို့ လိုတယ်။ အနိုင်မခံ ကတော့ Invictus ဆိုတဲ့ ကဗျာကို ပြန်ယူတာ သိပ်ပြီး အဓိပ္ပာယ် ထိမိတာပဲ။ ဗိုလ်ချုပ် ပြန်တာ သိပ်ကောင်းတယ်။ ကိုယ်ကိုယ်တိုင် သူနေရာဝင်ပြီး ဘာသာပြန်ရင် အဲဒီလို ထွက်မှာ မဟုတ်ဘူး။ အခု ဒီ တိရိစ္ဆာန်တို့ ယာတောမြေ ဆိုတာလည်း Animal Farm ကို ဘာသာပြန်တာ။ စင်းလုံးချော ပြီးပြည့်စုံတဲ့ ဘာသာပြန်စာပေတော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ သို့ပေမယ့် စာရေးသူရဲ့ အရေးအသားနဲ့ ကြိုးစားမှုတစ်ခုပါ။ ဖန်တီးမှုတော့ မဟုတ်ပါဘူး။ ဘာသာပြန် တာကိုး။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အခန်း(၂)
နောက် သုံးရက်လောက်ကြာပြီးသော် ဖိုးဝက်ဖြူကြီး သည် အိမ်ပျော်နေရင်းပင် ငြိမ်သက် အေးချမ်းစွာ ဘဝမီးဇာကုန်ခန်း သေဆုံးသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကို ရိတ်သိမ်းပြီးစ ယာမြေ ၏ တဖက်စွန်း အခြေတွင် မြုတ်နှံလိုက်ကြသည်။

အဲဒီတုန်းက တပေါင်းလဆန်း အစောပိုင်းလောက် ဖြစ်သည်။ အဲဒီနောက်ပိုင်း သုံးလလောက်အတွင်း လျှို့ဝှက် လှုပ်ရှားမှုများ ရှိလာကြသည်။ ဖ်ိုးဝက်ဖြူကြီး ပြောကြားခဲ့သော စကားတို့က ယာတောမြေတွင် ရှိသော တိရိစ္ဆာန်တို့ကို အသိတရား ပိုမို ရရှိစေကာ ဘဝကို အတွေးသစ် အမြင်သစ်တို့ဖြင့် ရှု့မြင်တတ်စေသည်။ ဖိုးဝက်ဖြူကြီး ခန့်မှန်းခဲ့သော ပုန်ကန်ထကြွမည့် အရေးအခင်း ဘယ်တော့ ဖြစ်မလဲဆိုတာကိုတော့ ယာတောမြေမှ တိရိစ္ဆာန်တို့ မခန့်မှန်နိုင်ကြ။ သူတို့ အသက်ရှင်နေစဉ် ကာလအတွင်း ဖြစ်ပွားလိမ့်မည်လို့လည်း သူတို့ စဉ်းစားမိချင်မှ စဉ်းစားမိကြလိမ့်မည်။ သိုပေမယ့် ဖြစ်ပွားလာမည့် ပုန်ကန်ထကြွမှုအတွက် ပြင်ဆင်ထားရမည့် တာဝန် သူတို့တွင် ရှိသည်ကိုတော့ ကောင်းကောင်းကြီး နားလည်ထားကြသည်။ ပညာပေးရေး၊ စည်းရုံး လှုံ့ဆော်ရေး တာဝန်တို့သည် ဝက်တို့၏ တာဝန် အလိုလိုဖြစ်လာသည်။ ယေဘူယျအားဖြင့် ဝက်တို့သည် စည်းရုံးလှုံ့ဆော်သည့် တာဝန်တွင် အတော်ဆုံး တိရိစ္ဆာန်များဟု သတ်မှတ်ထားကြသည်။ ဝက်တို့ အကြားတွင် ပိုမို ထူးချွန်သော ဝက်ပျိုသိုး နှစ်ကောင်မှာ ဖြူတုတ် နှင့် သန်းရွှေတို့ ဖြစ်ကြသည်။ သူတို့သည် ကိုသာဒွန်းက ရောင်းရန်အတွက် သပ်သပ်မျိုးဖောက်ထားသော အကောင်များသည်။ သန်းရွှေသည် အကောင်ကြီးကြီး၊ ကြောက်မက်ဖွယ် အသွင် အပြင်ရှိသော ကျောက်ဆည် ဝက်သိုးမျိုးဖြစ်သည်။ ယာတောမြေတွင် တစ်ကောင်တည်းသော ကျောက်ဆည် ဝက်သိုးဖြစ်သည်။ စကား အများကြီး မပြော။ သို့ပေမယ့် သူလိုရာ ရအောင်ယူသော အစွမ်းအစရှိသူဟု သိထားကြသည်။ ဖြူတုတ် ကတော့ သန်းရွှေနှင့် စာလျင် စကားတွေအများကြီးပြော၊ စွဲဆောင်နိုင်စွမ်းရှိသော ဝက်တစ်ကောင် ဖြစ်သည်။ အပြောအဟော လည်း ကောင်းသလို၊ အရာရာကို တွေးတောစီမံ တတ်သော အကောင်လည်း ဖြစ်သည်။ သို့ရာတွင် သူ၏ အမှုအကျင့်သည် အပြောနှင့် မညီ လေးလေးနက်နက် မရှိသူဟု အားလုံးက သတ်မှတ်ထားကြသည်။ ယာတောမြေတွင် ရှိသော အခြားသော ဝက်များမှာ သာမန်ဝက်များသာ ဖြစ်ကြသည်။ သာမန်ဝက်များ အကြားတွင် ခပ်သေးသေး ခပ်ဝဝ နှင့် “ကွာစိ” အား သိသူများကြသည်။ ပါးစုံ မို့မို့၊ မျက်လုံး လက်လက်၊ စူးစူးရှရှအသံနှင့် သွက်လက် ချက်ချာသည်။ စကားပြောကောင်းသူလည်း ဖြစ်သည်။ အငြင်း အခုန်ဖြစ်လို့ ခက်ခက်ခဲခဲ ဖြေရှင်းရတော့မည့် အပိုင်းရောက်လျင် သူသည် ဟိုရှောင် ဒီရှောင်လုပ်ကာ အမြီှးတရမ်းရမ်းနှင့် လိုရာကို ဆွဲယူပြောဆိုစွမ်းရှိသူ ဖြစ်သည်။ ကွာစိသည် အမဲကို အဖြူ ဖြစ်အောင် ပြောနိုင်စွမ်းရှိသူဟု အများသူငြာက ပြောကြသည်။

ထိုဝက်သုံးကောင်တို့သည် ဖိုးဝက်ဖြူကြီး ပြောဟောခဲ့သော အကြောင်းအရာတို့ကို အသေးစိတ် ဆန်းစစ်ကာ စဉ်းစားစရာ အတွေးအခေါ်အဖြစ် တည်ဆောက်ယူကြသည်။ ထိုအတွေးအခေါ်ကို သူတို့က တိရိစ္ဆာန်ဝါဒဟု အမည် သမုတ်သည်။ ကိုသာဒွန်း အိမ်ရာဝင်သွားသည့် နောက် ညတိုင်းလိုလို သူတို့သည် စပါးကျီထဲတွင် လျို့ဝှက် တွေ့ဆုံကြကာ တိရိစ္ဆာန်ဝါဒ၏ သဘောတရားရေးရာများကို အခြား တိရိစ္ဆာန်များအား အသေးစိတ်ရှင်းလင်းပြကြသည်။ အစပိုင်းတွင် အားလုံးသည် စိတ်ပါဝင်စားမှု သိပ်မရှိကြ။ ပျင်းရိပျင်းတွဲနှင့် တွေ့ဆုံ ဆွေးနွေးကြသည်။ အချို့ တိရိစ္ဆာန်များက ကိုသာဒွန်းပေါ်တွင် သခင်ကဲ့သို့ သစ္စာတရား ထားရှိဖို့ ပြောဆိုကြသည်။ “ကိုသာဒွန်က ငါတို့ကို ကျွေးမွေးထားတာ။ သူမရှိရင် ငါတို့ အစာငတ်ပြီး သေကုန်လိမ့်မယ်” ဟု မရင့်ကျက်သေးသော အမြင်တို့ ရှိကြသည်။ အချို့သော တိရိစ္ဆာန်များကလည်း “ငါတို့ သေသွားပြီးမှ ဘာဖြစ်ဖြစ် ငါတို့က ဘာ ဂရုစိုက်စရာ လိုသေးလို့လဲ” ဟူသော မေးခွန်းမျိုး မေးကြသည်။ အချို့ကလည်း “ဒီ တော်လှန်ပုန်ကန် မှု ဖြစ်သွားလို့ ငါတို့တွေ အလုပ် လုပ်လုပ်၊ မလုပ်လုပ် ဘာများ ထူးခြားသွားမှာလဲ” ဟူသော အတွေးမျိုး ရှိကြသည်။ ဝက်တို့သည် ထိုကဲသို့သောတိရိစ္ဆာန်များကို နားလည် သဘောပေါက်အောင် ခက်ခက်ခဲခဲ ရှင်းလင်းပြောပြရသည်။ ထိုသို့သော အတွေးအခေါ်တို့သည် တိရိစ္ဆာန်ဝါဒ၏ အဓိက အယူအဆတို့နှင့် ဆန့်ကျင်ကြောင်း နားလည် သဘောပေါက်အောင် ပြောသည်။ မေးခွန်းများ ပြန်လည် မေးမြန်းကြသည်ထဲမှ တန်ဖိုးမရှိ အဓိပ္ပာယ် မရှိဆုံးသော မေးခွန်းမှာ အဖြူရောင်မြင်းမ မိုမိုမေးသော မေးခွန်းဖြစ်သည်။ သူမက ဖြူတုတ်ကို ပထမဦးဆုံး မေးသော မေးခွန်းမှာ “တော်လှန် ပုန်ကန်မှုတွေ ပြီးသွားလျင် သကြားခဲတွေ စားရအုံးမှာလား” လို့ မေးသည်။

“မစား ရဘူး” ဟု ဖြူတုတ်က အခိုင် အမာ ပြန်ပြောသည်။ “ငါတို့ ဒီ ယာတောမြေမှာ သကြားခဲ လုပ်ဖို့ အစီအစဉ် မရှိဘူး။ ပြီးတော့ နင့်အတွက် သကြားခဲတွေ မလိုအပ်ဘူး။ နင့် အတွက် ဂျုံနှင့် မြက်ခြောက်တွေဟာ လုံလောက်တယ်”

“ဒါဆို ငါ့ လည်ဆံမွှေးမှာ ဖဲစည်းလှလှလေးတွေရော တပ်ခွင့် ရမှလား” လို့ မိုမိုက မေးပြန်တယ်။

“ရဲဘော် မိုမို.. နင် မြတ်နိုးနေတဲ့ အဲဒီ ဖဲစည်းကြိုးတွေဟာ အခိုင်းခံ အစေခံ ကျွန်တွေရဲ့ အမှတ်တံဆိပ်တွေသာ ဖြစ်တယ်။ လွတ်လပ်မှု တရားဟာ အဲဒီ ဖဲစည်းကြိုးတွေထက် ပို ထိုက်တန်တယ်လို့ မယုံကြည်ဘူးလား”

မိုမိုလည်း ယုံကြည် သဘောတူသည်ဟု ဆိုလိုက်သည်။ သို့ပေမယ့် သူမသည် လုံးလုံးလျားလျား သဘောတူ လက်ခံသည့် အသွင်တော့ မရှိ။

ထို့အပြင် ဝက်တို့သည် ကျီးနက်ကြီး ဦးမိုး ပြောထားသော အလိမ်အညာတို့ကို ခက်ခက်ခဲခဲဖြင့် တန်ပြန် ဖြေရှင်း ကြရသည်။ ဦးမိုးသည် ကိုသာဒွန်း၏ လက်သပ်အိမ်မွေး တိရိစ္ဆာန်ဖြစ်သည်။ လျို့ဝှက် စုံထောက်လည်း ဖြစ်သလို လုပ်ကြံသတင်းများ ဖြန့်ဖြူးသူလည်း ဖြစ်သည်။ သူသည် စကားပြော တော်သူဖြစ်သည်။ သူသည် ချိုချဉ်သကြားခဲ တောင် ဟုခေါ်သော ထူးခြားဆန်းကြယ်လှသည့် တိုင်းပြည်ရှိသော နေရာကို သိသည်ဟု ဆိုသည်။ တိရိစ္ဆာန်များ သေဆုံးသွားသည့် အခါ ထိုတိုင်းပြည်သို့ သွားကြရသည်ဟု ဆိုသည်။ ထိုတိုင်းပြည်သည် မိုးကောင်းကင် အထက် တစ်နေရာတွင် ရှိသည်။ မိုးတိမ်တောင်တို့၏ အထက် ခပ်လှမ်းလှမ်း အဝေးတစ်နေရာ တွင် ရှိသည်ဟု ဦးမိုးက ဆိုသည်။ ချိုချဉ်သကြားခဲ တောင်တွင် ခုနှစ်ရက် ပတ်လုံး သည် တနင်္ဂနွေ နေ့ဖြစ်သည်။ သကြားခဲများ ၊ ပိုက်ဆံခြည် ပင်များ ခြံပတ်ပတ်လည်တွင် စီတန်းပေါက်နေကြသည်ဟု ဆိုသည်။သို့ပေမယ့် တိရိစ္ဆာန်များသည် ဦးမိုးကို မုန်းတီးကြသည်။ ဦးမိုးသည် စိတ်ကူးယဉ် စကားများသာ ပြောပြီး လက်တွေ့ အလုပ်ကြတော့ ဘာမှ မလုပ်ချေ။ ဒါတောင် အချို့ တိရိစ္ဆာန်များသည် ဦးမိုးပြောသော စိတ်ကူးယဉ်ပုံပြင်ဖြစ်သည့် ချိုချဉ်သကြားခဲ တောင် ကို ယုံကြည် မျှော်လင့် နေကြသည်။ ထို့ကြောင့်ပင် ဝက်တို့သည် အလွန်အမင်း တန်ပြန်ငြင်းခုန်ကြရကာ လောကတွင် ထိုကဲ့သို့သော နေရာမျိုး မရှိကြောင်း တိုက်တွန်းပြောဆိုကြသည်။

သူတို့၏ ယုံကြည်အားကိုးရဆုံးသော နောက်လိုက်မှာ လှည်းဆွဲမြင်းနှစ်ကောင် ဖြစ်သော ဘိုးနီ နှင့် ခင်တုတ်တို့ဖြစ်သည်။ သူတို့နှစ်ကောင်သည် ကိုယ်တိုင် စဉ်းစားတွေးခေါ်ဖို့ ရာ အလွန် ထုံထိုင်း ခက်ခဲသည့် အတွက် ဝက်တို့အား ဆရာတင်ထားရသည်။ ဝက်တို့ ပြောသမျှ လက်ခံယုံကြည်သည်။ အခြားတိရိစ္ဆာန်များ ကို တဆင့်ပြန်ပြောသည့်အခါတွင်လည်း ထွေထွေထူးထူး ငြင်းခုန်လေ့ မရှိကြ။ စပါးကျီထဲတွင်လုပ်သော လျို့ဝှက်တွေ့ဆုံဆွေးနွေးပွဲတိုင်း မပျက်မကွက် တက်ရောက်လေ့ရှိသည်။ ဗမာပြည်ရဲ့ မျိုးချစ် အာဇာနည်များ သီချင်းကို ဦးဆောင်သီဆိုကာ ထိုသီချင်းဖြင့် တွေ့ဆုံတွေးနွေးပွဲကို အမြဲတမ်း အဆုံးသပ်လေ့ရှိသည်။

အားလုံးမျှော်လင့်ထားသည်ထက် ပုန်ကန်ထကြွမှုမှာ ပိုမို စောစီးစွာဖြင့် အလွယ်တကူ ဖြစ်ပေါ်ခဲ့သည်။ ကိုသာဒွန်းသည် အုပ်ချုပ်မှုကြမ်းသော ယာရှင် တစ်ယောက်ဖြစ်သည့် အပြင် လွန်ခဲ့သော နှစ်များတုန်းက အလုပ်ကြိုးစားကာ အလွန် အလုပ်လုပ်နိုင်စွမ်းရှိခဲ့သည်။ သို့သော် အခုတလောတွင် သူ၏ နှိမ့်ပါး ကျရှုံးသော နေ့ရက်များသို့ ရောက်ရှိလာသည်။ တရားရုံး အမှုတစ်ခုတွင် ငွေများ ဆုံးရှုံးသွားပြီးနောက် စိတ်နှလုံး ခြုံးခြုံးကျကာ အရက်ကိုသာ အဖေါ်ပြု အချိန်ကုန်နေတော့သည်။ တစ်နေကုန်လုံး မီးဖိုဆောင်၌ ကြိမ်ကုလားထိုင် ပေါ်တွင် ထိုင်ကာ သတင်းစာတွေ ဖတ်လိုက်၊ အရက်ကလေး သောက်လိုက်၊ ရံဖန်ရံခါ သူမွေးထားသော ကျီးနက်ကြီး ဦမိုးအား ဘီယာ စိမ်ထားသော ပေါင်မုန့် ဘေးသားလေးများ ကြွေးနေလေ့ရှိသည်။ ကိုသာဒွန်း၏ တပည့် လက်ပန်းများလည်း အလုပ်မလုပ်ကြ။ အချောင်ခိုကြသည်။ ယာမြေခြံထဲတွင်လည်း မျက်ရိုင်းပင်များ အပြည့် ပေါက်နေတော့သည်။ အဆောက်အဦးတို့သည်လည်း အမိုးအကာ မရှိကြတော့။ ခြံစည်းရိုးနွယ်ပင်တို့ ပေါက်ချင်တိုင်း ပေါက်ကြသည်။ တိရိစ္ဆာန်တို့ကိုလည်း အစာ လောက်ငှအောင် မကျွေးကြ။

နယုန်လထဲ ရောက်လာသည်။ မြက်ပင်တို့ ရိတ်သိမ်းဖို့ အချိန်တန်ပြီ။ မိုးတွင်း ဝင်ခါစ စနေနေ့ တစ်နေ့တွင်၊ ကိုသာဒွန်း မေမြို့ တက်သွားသည်။ ညမ်တော စားသောက်ဆိုင်တွင် အမူးလွန်ကာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းအထိ အိမ်ပြန်မလာနိုင်ခဲ့။ သူ့တပည့်များကလည်း မနက်စောစော နွားနို့ညှစ်ပြီးသည့်နောက် ယုန်လိုက် ထွက်သွားကြသည်။ ခြံထဲရှိ တိရိစ္ဆာန်များကို အစားကျွေးဖို့ သတိမရကြချေ။ ကိုသာဒွန်း အိမ်ပြန်ရောက်ရောက်ခြင်း၊ ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် ရတနာပုံသတင်းစာ ဖတ်ရင်း အိပ်ပျော်သွားသည်။ ည နေပင် စောင်းလာသည်။ တိရိစ္ဆာန်များလည်း အစာ မစားရသေးချေ။ နောက်ဆုံးတွင် သူတို့ သည်းမခံနိုင်ကြတော့။ နွားမတစ်ကောင်သည် အစာသိုလှောင်ခန်း တံခါးကို ဦးချိုနှင့် ချိုးဖောက်ပစ်လိုက်သည်။ ထို့နောက် တိရိစ္ဆာန်အားလုံး အစားအစာများကို ဝင်ရောက် ယူငင်ကြလေသည်။ ကိုသာဒွန်း နိုးလာသည်။ မကြာခင်တွင် သူနှင့် သူ့တပည့် လေးယောက် ကြာပွတ်ကိုယ်စီနှင့် အစာသိုလှောင်ခန်းထဲသို့ ရောက်လာကာ တွေ့ကရာကို ရိုက်နှက် ကြလေတော့သည်။ ဆာလောင် မွတ်သိပ်နေသော တိရိစ္ဆာန်အားလုံး သည်းခံနိုင်စွမ်း မရှိတော့။ ဘာမှ ကြိုတင် စီစဉ် တိုင်ပင် ထားခြင်း မရှိပဲ တိရိစ္ဆာန်များက သူတို့ကို နှိတ်စက်သူများအား ပြင်းပြင်းထန်ထန် တန်ပြန် ပစ်တိုက်ကြသည်။ ကိုသာဒွန်းနှင့် သူတပည့်များလည်း ဖင်အကန်ခံရသည်။ ဘက်ပေါင်းစုံမှလည်း ကန်ကျောက်ခံရသည်။ အခြေအနေသည် လုံးလုံးလျားလျား အထိမ်းအကွပ်မဲ့သွားသည်။ တိရိစ္ဆာန်များ အခုလို တန်ပြန်ခုံခံတာ သူတို့ တခါမျှ မတွေ့ဘူးချေ။ သူတို့ စိတ်တိုင်းကျ နှိတ်စက်ချင်တိုင်း နှိတ်စက်၊ ရိုက်နှက် ချင်တိုင်း ရိုက်နှက် ခဲ့သော သတ္တဝါများက အခုလို ထကြွတုံ့ပြန်ကြသောအခါ သူတို့ သွေးပျက်လုမခန်း ကြောက်ရွံ့သွားကြသည်။ တခဏမျှ ကြာပြီးနောက် သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ လက်လျှော့လိုက်ကြကာ ဖနောင့်နှင့် တင်ပါး တသားတည်းကျအောင် ထွက်ပြေးကြသည်။ တစ်မိနစ်ခန့် အကြာတွင် ကိုသာဒွန်းနှင့် တပည့်လေးယောက်လည်း လှည်းလမ်းအတိုင်း တစ်ချိုးတည်း လမ်းမကြီးပေါ်ရောက်သည် အထိ ထွက်ပြေးသွားသည်။ တိရိစ္ဆာန်များက နောက်မှ လိုက်လျက် အောင်ပွဲခံကြလေသည်။

ကိုသာဒွန်း ကတော်သည် အိပ်ခန်း ပြူတင်းပေါက်မှ လှမ်းကြည့်ကာ အဖြစ်အပျက် အလုံးစုံကို မြင်တွေ့လိုက်သည်။ ပိုင်ဆိုင်သည့် ပစ္စည်းအနည်းငယ်ကို ကတ္တီပါအိပ်ထဲတွင် ထည့်ကာ ခြံ၏ အခြားထွက်ပေါက်မှနေ၍ တိတ်တဆိတ် အလျင်အမြန်ထွက်ပြေးလေသည်။ ကျီးနက်ကြီး ဦးမိုးလည်း ထုတ်တန်းမှ ပျံထွက်ကာ ကျီးအာသံပေးလျက် သူမနောက်မှ လိုက်ရသည်။ ထိုအချိန်တွင် တိရိစ္ဆာန်များက ကိုသာဒွန်းနှင့် သူလူ့များကို လမ်းမပေါ်ထိ မောင်းထုက်လိုက်ကာ ထုတ်တန်းငါးတန်းရှိသာ ခြံတံခါးကို ပိတ်ပစ်လိုက်သည်။ တိရိစ္ဆာန်များ ကိုယ်တိုင်ပြန်လည် မသုံးသပ်မိ်သေးခင် ပုန်ကန် ထကြွမှုသည် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ကိုသာဒွန်းကို မောင်းထုတ်ခဲ့သည်။ မြန်တိုင်း မွေးမြူရေးခြံသည် တိရိစ္ဆာန်တို့ လက်အောက်သို့ ရောက်လာသည်။

တိရိစ္ဆာန်တို့ ယာတောမြေ အခန်း(၁ - ၂)


“စိတ်သောက ဝေဒနာတွေနဲ့ ကျွန်တော်တို့ ဘဝဟာ ကောင်းကောင်းမွန်မွန်နဲ့ သက်တမ်းစေ့တောင် မနေရဘူး။ ကျွန်တော်ဟာ ကံကောင်းကြတဲ့ တိရိစ္ဆာန်တွေထဲက တစ်ကောင် အပါအဝင်ဖြစ်တယ်လို့ မပြောလိုဘူး။သို့ပေမယ့် ကျွန်တော်ဟာ အခု အသက် တစ်ဆယ်နှစ် နှစ် ရှိပြီ။ သားသမီးတွေ လေးရာကျော် စီးပွားခဲ့ပြီးပြီ။ ဒါဟာ ဝက်တစ်ကောင်ရဲ့ ဖြစ်ရိုးဖြစ်စဉ် ဘဝပဲ။ ဒါပေမယ့် အဆုံးမှာတော့ ဘယ်တိရိစ္ဆာန်တစ်ကောင်မှ ရက်စက်တဲ့ဓားသွားအောက်ကနေ မလွှတ်မြောက်နိုင်ဘူး။ အခု ကျွန်တော့် ရှေ့မှာ ထိုင်နေကြတဲ့ ဝက်ပျိုတွေ၊ တစ်နှစ် အတွင်းမှာ ခင်ဗျာတို့လည်း အခန်းတစ်ခုထဲမှာ ခင်ဗျားတို့ အသက်အတွက် အော်ဟစ် မြည်တမ်းကြရလိမ့်မယ်။ အဲဒီ ကြောက်မက်ဖွယ် အဖြစ်အပျက် ကို နွားတွေ၊ ဝက်တွေ၊ ကြက်တွေ၊ သိုးတွေ၊ အားလုံး ကိုယ်တိုင် ရင်ဆိုင် ကြုံတွေ့ ကြရမယ်။ မြင်းတွေ၊ ခွေးတွေမှာတောင် ပိုပြီး ကောင်းတဲ့ အခွင့်အလမ်း ကံတရားမရှိဘူး။ ဒီမှာ ဘိုးနီ မင်းလည်း မင်းရဲ့ ကြီးမားတဲ့ ကြွက်သားတွေရဲ့ ခွန်အားတွေ ကုန်းခန်းတဲ့ တစ်နေ့ ကိုသာဒွန်း မင်းကို သားသတ်သမားဆီ ရောင်းစားလိမ့်မယ်။ ဒင်းတို့က မင်း လည်ချောင်းကို ဖြတ်ပြီး အသားတွေကို ခွေးစာ လုပ်ပစ်လိမ့်မယ်။ မင်းတို့ ခွေးတွေလည်း အသက်ကြီးလာလို့ သွားတွေ မရှိတော့ဘူး ဆိုရင် ကိုသာဒွန်းက မင်းတို့ လည်ပင်ကို အုတ်ခဲတွေ ဆွဲပြီး ဒီ အနီးအနားက ရေအိုင် ထဲမှ နစ်ပြီး သတ်လိမ့်မယ်။”

“ရဲဘော်တို့ အခုပြောခဲ့တာတွေကို သုံးသပ်ကြည့်ရင် ပြက်ပြက်ထင်းထင်း ရှင်းလင်း မနေဘူးလား။ ကျွန်တော်တို့ ဘဝတွေရဲ့ မကောင်းမှု ဒဏ်တွေဟာ လူသားတွေရဲ့ ရက်စက်တဲ့ အာဏာစွမ်းကြောင့် ခံစားနေရတာဖြစ်တယ်။ လူတွေကို ဖယ်ရှားပစ်ရမယ်။ ကျွန်တော်တို့ လုပ်အားကနေ ထွက်လာတဲ့ အကျိုးရလဒ်တွေ အားလုံးကို ကျွန်တော်တို့ပဲ ပိုင်ဆိုင်ရမယ်။ နေ့ချင်း ညချင်းပဲ ကျွန်တော်တို့ ချမ်းသားကြွယ်ဝလာပြီ၊ လွတ်လပ်မှုတွေကို ရရှိနိုင်တယ်။ ဒါဆို ကျွန်တော်တို့ ဘာတွေ လုပ်ရမလဲ။ ဘာကြောင့်လဲဆိုတော့ လူမျိုးနွယ်စုကို ဖယ်ရှားပစ်ဖို့အတွက် ကျွန်တော်တို့ စိတ်ရော၊ ကိုယ်ပါ နေ့ရော၊ညပါ ကြိုးစားကြရမယ်။ ဒါဟာ ကျွန်တော်က ခင်ဗျာတို့ကို ပြောချင်တဲ့ စကားပဲ။ ရဲဘော်တို့ ပုန်ကန် ထကြွကြလော့။ သူပုန်ထကြဖို့ ဘယ်တော့လည်းဆိုတာ ကျွန်တော် မသိဘူး။ တစ်ပတ် အတောအတွင်းထဲမှာလည်း ဖြစ်ချင် ဖြစ်မယ်။ နှစ် တစ်ရာ လောက် ကြာချင်လည်း ကြာမယ်။ ဒါပေမယ့် ကျွန်တော် ခြေဖဝါးအောက်က ကောက်ရိုးတွေကို အခုအသေအချာ မြင်နေရသလို ကျွန်တော် သေချာပေါက် ပြောနိုင်တာ တစ်ခုရှိတယ်။ အနှေးနဲ့ အမြန် တရားမျှတမှုကို ရရှိကြရလိမ့်မယ်။ ရဲဘော်တို့ အဲဒါကို ခင်ဗျားတို့ရဲ့ ဘဝတစ်လျှောက်မှာ အမြဲတမ်း အမှတ်ရ လှုံ့ဆော်နေပြီး စောင့်ကြည့်နေကြပါ။ အမှတ်ရနေပြီးတဲ့ အပြင် ကျွန်တော် ပြောခဲ့တဲ့ စကားတွေကိုလည်း ခင်ဗျားတို့ရဲ့ နောက်လိုက်တွေဆီ လက်ဆင့်ကမ်းပေးကြပါ။ အဲဒါမှလည်း နောင်လာမယ့် မျိုးဆက်သစ်တွေက အဆင့်ဆင့် လက်ခံရရှိပြီး အောင်ပွဲရတဲ့ အထိ ရုန်းကန် လှုပ်ရှားကြလိမ့်မယ်။”

“ပြီးတော့ ရဲဘော်တို့ ခင်ဗျားတို့ရဲ့ ပုန်ကန် ထကြွမှုတွေဟာ ဘယ်တော့မှ အားနည်း၊ အကျိုး မသက်ရောက်တဲ့ အဖြစ်မျိုး မဖြစ်ပါစေနဲ့။ အခြေအတင် စကားများကြတာတွေကြောင့် ဦးတည်ရာ လမ်းကြောင်း မပျောက် ပါစေနဲ့။ သူတို့ က ခင်ဗျာတို့ကို ပြောလိမ်မယ့်။ လူနဲ့ တိရိစ္ဆာန်တွေဟာ ရည်ရွယ်ချက် ဦးတည်ရာ အတူတူပဲ၊ တစ်ဦး အကျိုးစီးပွားဟာ အခြားတစ်ဦး အတွက်ပဲလို့။ အဲဒါကို လည်း ဘယ်တော့မှ နားမယောင်မိပါစေနဲ့။ အဲဒါတွေ အားလုံး ဟာ လိမ်ညာတာတွေပဲ။ လူတွေဟာ ကိုယ့် အကျိုးစီးပွားကလွဲလို့ အခြားသူတွေရဲ့ အကျိုးစီးပွားကို စိတ်မဝင်စားဘူး။ ကျွန်တော်တို့ တိရိစ္ဆာန်တွေအားလုံး ခိုင်မာ ပေါင်းစည်းညီညွတ်ကြရအောင်။ လုပ်ရှားမှုတွေမှာ ခိုင်မာတဲ့ ရဲဘော်ရဲမက် စိတ်တွေနဲ့ တည်ဆောက်ကြရအောင်။ လူတွေဟာ ရန်သူ။ တိရိစ္ဆာန်တွေဟာ ရဲဘော် ရဲမက်။”

အဲဒီ အချိန်မှာ တစ်ခဲနက် ထောက်ခံအားပေးသံက ဟိန်းကနဲ ထွက်လာတယ်။ ဘိုးဝက်ဖြူကြီး စကားပြောနေတဲ့ အချိန်မှာ ခြေလေးချောင် သတ္တဝါ ကြွက်တွေက တိတ်တဆိတ် သူတို့ တွင်းထဲက ထွက်လာပြီး နောက်ခြေနှစ်ချောင်းနဲ့ ထိုင်ကာ နားထောင်ကြတယ်။ ခွေးတွေက ရုတ်တရက် ချက်ခြင်းဆိုသလို ကြွက်တွေကို မြင်သွားတယ်။ ကြွက်တွေလည်း ချင်ခြင်းဆိုသလို ဖြတ်ကနဲ့ တွင်းထဲ အလျင်အမြန် ပြေးဝင်မှ သူတို့ကိုယ် သူတို့ ကာကွယ်နိုင်တယ်။ ဖိုးဝက်ဖြူကြီးက အားလုံး ငြိမ်ဖို့ သူ့ လက်ချောင်း ကို ထောင်ပြလိုက်တယ်။

“ရဲဘော်တို့ ဒီမှာ ရှင်းလင်းစရာ ပြောစရာတွေကို ပြောမှဖြစ်မယ်။ ခြံမွေး တိရိစ္ဆာန်တွေ မဟုတ်တဲ့ ကြွက်နဲ့ ယုန်တွေ လိုမျိုး တိရိစ္ဆာန်တွေဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေလား၊ သို့မဟုတ် ရန်သူလား။ မဲပေး ဆုံးဖြတ်ကြရအောင်။ ကျွန်တော် ဒီ မေးခွန်းကို အစည်းအဝေးမှာ တင်သွင်းပါတယ်။ ကြွက်တွေဟာ ရဲဘော် ရဲမက်တွေ ဖြစ်ပါသလား။”

မဲများကို ခဏအတွင်း ရယူလိုက်တယ်။ မဲဆန္ဒ အများစုက ကြွက်တွေဟာ ရဲဘော်ရဲမက်တွေ ဖြစ်တယ်လို့ ထောက်ခံကြတယ်။ သဘောမတူတဲ့ မဲဆန္ဒ လေးမဲရတယ်။ နောက်မှ သိရတာက ခွေးသုံးကောင်နဲ့ ကိုရွှေကြောင် တို့က ဟိုဖက်ရော ဒီဖက်ပါ မဲတွေ ပေးကြတာ။ အဲဒီနောက် ဖိုးဝက်ဖြူကြီး ကဆက်ပြီးတော့

“ကျွန်တော် စကား နည်းနည်း ပြောစရာ ရှိတယ်။ ကျွန်တော် ထပ်ပြောရမယ်။ အမြဲတမ်း သတိရပါ။ ခင်ဗျာတို့ ရဲ့ တာဝန်ဟာ လူနဲ့ လူတွေရဲ့ လုပ်ထုံးလုပ်နည်း လမ်းစဉ်တွေကို အမြဲတမ်း တိုက်ခိုက် ရမှာ ဖြစ်တယ်။ ခြေနှစ်ချောင်း ရှိရင် ရန်သူလို့ သတ်မှတ်ရမယ်။ ခြေလေးချောင်း သို့ မဟုတ် အတောင်ပံတွေ ရှိရင် မိတ်ဆွေပဲ။ ပြီးတော့ လူတွေကို အမြဲတမ်း ရင်ဆိုင် တိုက်ခိုက်ဖို့ အမြဲတမ်း သတိရနေပါ။ ကျွန်တော်တို့ဟာ လူတွေရဲ့ အမူအကျင့်တွေကိုလည်း ဘယ်တော့မှ အတုမခိုးရဘူး။ အကယ်၍ ကျွန်တော်တို့က လူတွေကို တစ်ချိန်မှာ လွှမ်းမိုးအုပ်စိုးနိုင်ခဲ့သည့်တိုင်အောင် သူတို့ရဲ့ မကောင်းတဲ့ အမူအကျင့်တွေကို အတုမယူရဘူး။ ဘယ်တိရိစ္ဆာန်မှ အိမ်နဲ့ မနေရဘူး။ အိပ်ရာနဲ့ မအိပ်ရဘူး။ အဝတ်အစားတွေ မဝတ်ရဘူး။ အရက် မသောက်ရဘူး။ ဆေးလိပ်မသောက်ရဘူး။ ပိုက်ဆံ မကိုင်ရဘူး။ ပြီးတော့ ကုန်ရောင်း ကုန်သွယ်လုပ်ငန်းတွေမှာပါဝင် မပတ်သက်ရဘူး။ လူတွေရဲ့ အမူအကျင့် စရိုက်တွေအားလုံးဟာ မကောင်းမှု ဒုစရိုက်တွေပဲ။ အဲဒါတွေ အားလုံးအပြင် ဘယ်တိရိစ္ဆာန်မှ တိရိစ္ဆာန်အချင်းချင်း နိုင်ထက်စီးနင်း မဆက်ဆံရဘူး။ အားနည်းတဲ့ တိရိစ္ဆာန် ဖြစ်စေ၊ အားကြီးတဲ့ တိရိစ္ဆာန်ဖြစ်စေ၊ လိမ္မာပါးနပ်တဲ့ တိရိစ္ဆာန်ဖြစ်စေ၊ သာမန်ရိုးရိုးသားသား တိရိစ္ဆာန်ပဲ ဖြစ်စေ၊ အားလုံးဟာ တသွေးတည်း တသားတည်း ညီရင်းအစ်ကို မောင်နှမတွေဖြစ်တယ်။ ဘယ်တိရိစ္ဆာန်မှ အခြားတိရိစ္ဆာန်ကို မသတ်ဖြတ်ရဘူး။ တိရိစ္ဆာန်အားလုံး ဟာ တန်းတူ အညီအမျှ ရှိရမယ်။”

“ရဲဘော်တို့ အခု… မနေ့ညခဲ့ မက်ခဲ့တဲ့ ကျွန်တော့်ရဲ့ အိပ်မက် အကြောင်းကို ပြောပြမယ်။ အဲဒီ အိပ်မက်အကြောင်းကို ကျွန်တော် ခင်ဗျားတို့ကို ဘယ်လို ဖေါ်ပြရမလဲ။ အဲဒီ အိပ်မက်က လူတွေ ဒီကမ္ဘာမြေကြီးပေါ်ကနေ လုံးဝပျောက်ကွယ်သွားတဲ့ အချိန်ကာလ အကြောင်းပဲ။ ဒါပေမယ့် အဲဒီ အိပ်မက်က ကျွန်တော် မေ့ပျောက်နေတဲ့ အကြောင်းအရာတစ်ခုကို ပြန်လည် အမှတ်ရစေတယ်။ လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ကျွန်တော် ဝက်ပေါက်ကလေးဖြစ်တုန်းကပေါ့၊ ကျွန်တော့် အမေနဲ့ အခြား ဝက်မကြီးတွေ ဆိုလေ့ဆိုထ ရှိခဲ့တဲ့ သီချင်းဟောင်း တစ်ပုဒ်ပါ။ သူတို့က အဲဒီ သီချင်းရဲ့ သံစဉ်နဲ့ ပထမ စာသား သုံးလုံးလောက်ပဲ သိကြတယ်။ အဲဒီ သီချင်းရဲ့ သံစဉ်ကို ကျွန်တော် ငယ်စဉ် ကလေးဘဝကတည်းက အကျွမ်းတဝင် ရှိနေခဲ့တာ။ ဒါပေမယ့်လည်း အဲဒီသံစဉ်နဲ့ သီချင်းကို စိတ်ထဲကနေ မေ့ပျောက်နေတာ အချိန်ကာလအားဖြင့် တော်တော်ကြာကြာရှိလှပြီ။ ဒါပေမယ့် မနေ့ညကပဲ အဲဒီသီချင်းအကြောင်း ကျွန်တော့် အိပ်မက်ထဲမှာ ပြန်လည် အမှတ်ရမိတယ်။ ပိုပြီး ထူးဆန်းတာက အဲဒီ သီချင်းရဲ့ စာသားတွေပါ ပြန်လည် အမှတ်ရလာတယ်။ ကျွန်တော် ပြောရဲတာ တစ်ခုရှိတယ်။ ဒီ သီချင်းဟာ ဟိုးအရင်တုန်းက မျိုးချစ်တိရိစ္ဆာန်တွေ သီဆိုခဲ့ကြပြီး မျိုးဆက်တွေ တစ်ဆင့်နဲ့ တစ်ဆင့် အကူးအပြောင်း ဆင်းသက် လာတဲ့ အခါမှာ ပျောက်ကွယ် သွားတာဖြစ်လိမ့်မယ်။ ရဲဘော်တို့ အခု ကျွန်တော် အဲဒီ သီချင်းကို ဆိုပြမယ်။ ကျွန်တော်ဟာ အသက်ကြီးပြီ။ ကျွန်တော့် အသံတွေလည်း ကွဲအက်နေလိမ့်မယ်။ သို့ပေမယ့်လည်း ကျွန်တော် ဒီ သီချင်း သံစဉ်ကို ခင်ဗျားတို့ကို သင်ပေးတဲ့ အခါ ခင်ဗျာတို့ ကိုယ်တိုင် ပိုမိုကောင်းမွန်အောင် သီဆိုတတ်လိမ့်မယ်။ ဒီသီချင်းကို “ဗမာပြည်ရဲ့ မျိုးချစ် အာဇာနည်များ” လို့ ခေါ်တယ်။”

ဖိုးဝက်ဖြူကြီးသည် သူ့လည်ချောင်းကို တစ်ချက်ရှင်းလိုက်ကာ သီချင်းကို စတင်ဆိုတော့သည်။ သူပြောသလိုပင် သူ၏ အသံတို့သည် ကွဲအက်နေသည်။ သို့ပေမယ့် သူသည် သင့်တင့်ကောင်းမွန်စွာ သီဆိုနိုင်သေးသည်။ သီချင်းသည် ရုန်းထ နိုးကြွစေသော သံစဉ်မျိုးဖြစ်သည်။ ဒဿဂီရိ အသည်းနှစ်လုံး သီချင်းလိုလို၊ ဆင်ကြီး ဂဠုန်ချီ သီချင်းလိုလို သံစဉ်မျိုးဖြစ်သည်။ စာသားများ မှာ

ဗမာပြည်ရဲ့ မျိုးချစ် အာဇာနည်တွေရယ်
မိုးအောက် တခွင်ရဲ့ သူရဲကောင်းတွေရယ်
ရွှေအိုရောင်တွေ ထွန်းတောက်နေတဲ့ ရှေ့ အနာဂတ်ဆီရဲ့
ကြည်နူးဖွယ် တေးသံစဉ်ကို နားဆင်ကြစေ။

မဝေးတော့တဲ့ နေ့ရက်တွေကလည်း လာနေကြပြီ
နိုင်လိုမင်းထက် လူတွေကို မောင်းထုတ်ကြလေ
ဗမာပြည်ကြီး လှိုင်လှိုင် ပေါများ ကြွယ်ဝနေတာ
တို့တွေ သာလျင် စီးပွားကြမယ်။

တို့တွေအားလုံး ချုပ်နှောင်ဘဝ လွှတ်မြောက်စေသား
တို့ကျော တို့ပုခုံးတို့ ရိုက်ပုတ်ခံခြင်း ဝေးရစေသား
ရိုင်းစိုင် လက်နက်တွေလည်း ပျက်သုံးကြစေ
ရက်စက် နှိတ်စက်ခံရခြင်းလည်း ကုန်ဆုံးစေ။

အတိုင်းထက် အလွန် ချမ်းသာကြွယ်ဝကြမယ်
စပါးဆန်ရေ လှိုင်လှိုင် ပေါလို့
သီးနှံကောက်ပဲ၊ ငရုတ် ပဲပြောင်း
တို့ဘဝရဲ့ နေ့ရက်များမှာ ပြည့်လျှံဖြိုးမောက် ရစေကွယ်။

တို့မြန်ပြည်သည်လည်း နေခြည်ဖြာထွန်း လင်းနေတဲ့
သန့်စင် ကြည်လင် ချောင်းအင်းအိုင်လည်း စီးနေတဲ့
နုနုညင်သာ လေညင်းပြေလည်း သော့နေလေတာ
တို့တွေအား လုံး လွတ်လပ်ကြတဲ့ နေ့ရက်ပေါ့။

ကြိုးစာကြကွဲ့ ညီနောင်သားတို့
သေပစေ ကြေပစေ ၊ အရှုံးမပေး မလျှော့ ဇွဲနဲ့
ရဲညီနောင်သား၊ ပြည်ချစ်သားတို့
လွတ်လပ်ခြင်းရဲ့ ပန်းတိုင်ဆီသို့ ချီတက်ကြမယ်ကွယ်။

ဗမာပြည်ရဲ့ မျိုးချစ် အာဇာနည်တွေရယ်
မိုးအောက် တခွင်ရဲ့ သူရဲကောင်းတွေရယ်
ရွှေအိုရောင်တွေ ထွန်းတောက်နေတဲ့ ရှေ့ အနာဂတ်ဆီရဲ့
ကြည်နူးဖွယ် တေးသံစဉ်ကို နားဆင်ကြစေ။

သီချင်း သီဆိုသံသည် တိရိစ္ဆာန်များအားလုံးကို အလွန်အမင်း စိတ်တက်ကြွစေသည်။ ဖိုးဝက်ဖြူကြီး သီချင်း အဆုံးသို့ ရောက်လုရောက်ချိန်တွင် တိရိစ္ဆာန်များအားလုံး သီချင်းကို ကိုယ်တိုင် သီဆိုနေကြလေပြီ။ အားလုံးထဲက အညံ့ဖျင်းဆုံးအကောင်သည်ပင် သံစဉ်နှင့် စာသား အချို့ကို လိုက်လံ သီဆိုနိုင်လေသည်။ ထက်ထက်မြက်မြက် ရှိသော အကောင်တွေဖြစ်သည့် ဝက်နှင့် ခွေး တို့သည် သီချင်းတစ်ပုဒ်လုံးကို တစ်ခဏအတွင်း မှာ နုတ်တိုက် ရွတ်ဆိုနိုင်လေသည်။ ထို့နောက် နှစ်ခေါက် သုံးခေါက်လောက် လေ့ကျင့် သီဆိုပြီး ကြသည့် အခါတွင် ယာခင်းခြံတစ်ခုလုံး ညီတူ သံပြိုင် သီဆိုသံဖြင့် ဟိန်းထွက် သွားလေသည်။ နွားများက မြည်ဟီးကြသည်။ ခွေးများက အူဟစ်ကြသည်။ သိုးများက ပဲသံများ ပြုကြသည်။ မြင်းများက လည်း ဟီးကြသည်။ ဘဲများကလည်း တစ်ကွပ်ကွပ်နှင့် အော်သည်။ အားလုံးသည် သီချင်းဖြင့် ပျော်ရွှင်ကြည်နူးကြလျက် ငါးကြိိမ်တိတိ ဆက်တိုက် ဟစ်အော် သီဆိုကြသည်။ အကယ်၍သာ တားမည့် ဟန့်မည်သူများ မရှိလျှင် ညလုံးပေါက် အဆက်မပြတ် သီဆိုဖွယ် ရှိသည်။

ကံမကောင်းစွာပင် သီချင်း သံပြိုင် ဟစ်အော်သံက ကိုသာဒွန်ကို အိပ်ရာမှ နိူး လိုက် သလိုဖြစ်သွားသည်။ ယာခင်းထဲ မြေခွေးများ ဝင်နေသလားလို့ ကိုသာဒွန်းတစ်ယောက် အိပ်ရာမှ ရုတ်တရက် ထသည်။ အိပ်ခန်း နံရံထောင့် တွင် အမြဲတမ်း ထောင်ထားသော သေနတ်ကို ကောက်ယူလိုက်သည်။ ထို့နောက် ညမှောင်မှောင် ယာခင်းထဲသို့ သေနတ်ကျည်ကို ရမ်းသမ်းပစ်လိုက်သည်။ ကျည်ဆံတို့သည် စပါးကျည်၏ နံရံထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ တိရိစ္ဆာန်တို့၏ အစည်းအဝေးလည်း အလျင်အမြန် ရုတ်သိမ်း ရသည်။ အားလုံး ကိုယ်အိပ်စက် သည့် နေရာကိုယ်စီသို့ အလျင်အမြန် ပြန်ပြေးကြသည်။ ငှက်တို့ သည် အိပ်စက်ရာ ထုတ်တန်းဆီကို ပျံတက် ကြသည်။ အခြား တိရိစ္ဆာန်တို့သည် အိပ်စက်ရာ ကောက်ရိုးခင်းသို့ ပြန်ကြသည်။ တစ်ခဏ အတွင်းတွင် ယာမြေခြံ တစ်ခုလုံး ပကတိ အိပ်စက် ခြင်းသို့ ရောက်ရှိသွားသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း
[ဆက်ရေးရမည့် ဘာသာပြန်]

တိရိစ္ဆာန်တို့ ယာတောမြေ အခန်း(၁ - ၁)


အခန်း(၁)
ညပိုင်းရောက်သည် နှင့် မြန်တိုင်း မွေးမြူရေးခြံ ပိုင်ရှင် ကိုသာဒွန်း သည် ကြက်ခြံများ ကို် လိုက်လံ သော့ခတ် ပိတ်ဆို့ရသည်။ သို့သော် ဒီကနေ့ ညက အရက်မူးလွန်နေသည့် အတွက် ကြက်များကို အသွင်းအထုတ်လုပ်သည့် ခြံတံခါးပေါက် သေးသေးလေး ကို ပိတ်ဖို့ မေ့သွားခဲ့သည်။ အရက်မူးနေသည့် အတွက် လက်ထဲတွင်ကိုင်ထားသော မီးအိမ်သည်လည်း ဘယ်ညာ ရိန်းထိုး လှုပ်ခါနေသည်။ ထိုမီးအိမ်အလင်းကို အားကိုးပြုကာ ခန္ဓာကိုယ် ရိန်းထိုး ယိုင်ထိုးနှင့် ယာခင်းကို ဖြတ်လျှောက် ခဲ့သည်။ အိမ် နောက်ဖေး တံခါးပေါက် ရောက်သည့် အခါတွင် ဖိနပ်ကို ရောက်ရာ ပေါက်ရာ ကန်ချွတ် ပစ်ခဲ့သည်။ ထို့နောက် စားဖိုဆောင် အခန်းသို့ ဝင်ကာ ကိုယ်တိုင် ချက်ထားသော အရက်ပုံးကို ဖွင့်ပြီး နောက်ဆုံးပိတ် အနေဖြင့် တစ်ခွက်လောက် မော့လိုက်သေးသည်။ ထို့နောက်မှ အိမ်ယာဝင်သည်။ ကိုသာဒွန်း အိမ်ရာ ထဲရောက်တော့ ကိုသာဒွန်း ကတော်က အိမ်မောကျလို့ ဟောက်တောင် ဟောက်နေပြီ။

ကိုသာဒွန်း အိမ်ရာထဲရောက်ပြီး အိပ်ခန်းမီးငြိမ်းလိုက်သည်နှင့် တပြိုင်နက် တီးတိုး ပြောဆိုသံများ မွေးမြူရေးခြံထဲမှ ထွက်ပေါ်လာသည်။ လွန်ခဲ့သော ညက ဖိုးဝက်ဖြူကြီး တစ်ကောင် ထူးဆန်းသော အိပ်မက် မက်လို့ ခြံထဲမှာ ရှိတဲ့ အခြားသော တိရိစ္ဆာန်များနှင့် စကားပြောချင်သည် ဟု နေ့ခင်းပိုင်း တုန်းက ခြံထဲတွင် သတင်းတွေ ပြန့်နေခဲ့သည်။ ခြံပိုင်ရှင် ကိုသာဒွန်း ခြံထဲက ထွက်တဲ့အချိန် ခြံထဲကတိရိစ္ဆာန်အားလုံး စပါးကျီကြီး ထဲ၌ တွေ့ကြရန် စီစဉ်ထားကြသည်။ အားလုံးက သူ့ကို ဖိုးဝက်ဖြူကြီးဟု ခေါ်ကြသည်။ တကယ်တော့ သူသည် ပြီးခဲ့တဲ့ ဝက်အလှပြိုင်ပွဲတုန်းက “ပြည်ချစ်အလှ” အလှဆုံး ဝက်ဖြူကြီးဆုကို ရထားပြီးသူဖြစ်သည်။ သို့သော် ဘယ်သူမှ သူ့ကို ပြည်ချစ်အလှ လို့ မခေါ်။ ဖိုးဝက်ဖြူ လို့သာ ခေါ်ကြသည်။ တကယ်တော့ ဖိုးဝက်ဖြူကြီးသည် အားလုံး၏ ရိုသေလေးစားခြင်းကို ခံရသော သူဖြစ်သည်။ ဖိုးဝက်ဖြူကြီး စကားပြောမည် ဆိုပါက ခြံထဲတွင် ရှိသော တိရိစ္ဆာန်များအားလုံး အိပ်ရေး တစ်နာရီလောက် အပျက်ခံပြီး နားထောင်ဖို့ ဆိုလည်း ဝန်မလေးကြ။

စပါးကျီ၏ အဆုံးစွန်း တစ်ဖက် ကုန်း မို့မို့ အမြင့်တစ်နေရာတွင် ဖိုးဝက်ဖြူကြီးသည် ကောက်ရိုးခင်းပေါ် ၌ တည်ငြိမ်စွာ နေရာယူလျက် ရှိသည်။ ဖိုးဝက်ဖြူ ထိုင်နေသည့် နေရာ၏ အပေါ် အမြင့် ထုတ်တန်းတွင် မီးအိမ်လေး တစ်ခု ချိန်ဆွဲထားသည်။ အသက်အားဖြင့် တစ်ဆယ်နှစ် နှစ် ရှိပြီ ဖြစ်သော်လည်း သူသည် တောင့်တင်း ခိုင်မာ သန်စွမ်းလှသည်။ သူ၏ အသွင် အပြင်သည် ခန်ငြား ထည်ဝါပုံ ပိုပေါက်သည်။ သူ၏ ပါးစောင်တွင်လည်း အစွယ်များ မကျိုးမပဲ့ရှိသေးသည့်အပြင် ဉာဏ်စွမ်း ဉာဏ်စ ထက်မြက်မည့် ဟန်၊ သနား ကြင်နာ ကူညီတတ်မည့် အသွင်လည်း ထင်ဟပ်လျက် ရှိသည်။ မကြာခင် တွင် အခြားသော တိရိစ္ဆာန်များလည်း ပုံစံအမျိုးမျိုးနှင့် ဝင်ရောက်လာကာ သင့်တင့်သလို နေရာယူကြသည်။ ပထမဦးဆုံး အောင်နက်၊ မိညိုနှင့် ဂုတ်ကြား တို့ ခွေးသုံးကောင် ဝင်လာသည်။ ထို့နောက် ဝက်များလည်း ဝင်ရောက်လာကာ ဖိုးဝက်ဖြူ ထိုင်နေသည့် ကုန်းမြင့်ရှေ့က ကောက်ရိုးခင်း ပေါ်တွင် နေရာယူကြသည်။ ကြက်မများ က ပြူတင်းပေါက် ဘောင်တွင် နားနေကြသည်။ ခိုများကလည်း စပါးကျီခေါင်မိုး ထုတ်တန်းများဆီသို့ ပျံတက် နေရာယူကြသည်။ သိုးနှင့် နွားများသည် ဝက်များ၏ အနောက်တွင် ထိုင်ကာ အစာဟောင်းများ ကို စမြုံ့ပြန်ကြသည်။ လှည်းဆွဲသည့် မြင်းနှစ်ကောင် ဖြစ်သော ဘိုးနီ နှင့် ခင်တုတ် တို့က လေးလံ နှေးကွေး သော ခြေလှမ်းများ ဖြင့် အတူတကွ လမ်းလျှောက် ဝင်လာကြသည်။ ခြေဆံမွေးများပြည့်နှက်နေသော မြင်းခွာကို ကောက်ရိုးခင်း များ အပေါ်သို့ နင်းချသည့်အခါ ကောက်ရိုးအောက်တို့တွင် ပုန်းနေတတ်သော အကောင်ငယ်လေးများ ကို မထိခိုက်မိအောင် ဂရုတစိုက်နှင့် ထိန်းထိန်းသိမ်းသိမ်း နေရာယူသည်။ ခင်တုတ်သည် သန်မာ ထွားကြိုင်းသော မိခင် မြင်းမ တစ်ကောင် ဖြစ်ကာ မြင်းသက်တမ်း၏ တစ်ဝက်မျှလည်း အသက်ရှိလုပြီ်။ လေးကောင်မြောက် မြင်းကလေး တစ်ကောင် မွေးပြီး နောက် အရင်လို သန်သန်မာမာ မရှိတော့ချေ။ ဘိုးနီကတော့ တစ်ကယ့် ကြီးမားထွားကြိုင်းသော မြင်းသန်ကြီး တစ်ကောင် ဖြစ်သည်။ သန်မာလိုက်သည်မှာလည်း သာမန် မြင်း နှစ်ယောက် ပေါင်းစပ် ထားသလောက် သန်မာလှသည်။ နှာခေါင်းပေါ်က အဖြူရောင် အစင်းကြောင်းကြီးကြောင့် သူ၏ အသွင်အပြင်သည် ကြည့်ရ အရုပ်ဆိုးလှသည်။ တကယ်တော့ ဘိုးနီသည် ပထမတန်းစားဝင် အသိ ဉာဏ် ထက်မြက်သူ မဟုတ်။ သို့သော် သူ၏ မဆုပ်မနစ် ဇွဲလုံးလ ရှိသည့် အမူအကျင့်၊ သန်မာသော အလုပ်လုပ် နိုင်စွမ်း ခွန်အားတို့ ကြောင့် အားလုံးက သူ့ကို လေးစားကြသည်။ မြင်းတွေ ဝင်လာ ကြပြီးနောက် အဖြူရောင် ဆိတ်တစ်ကောင် ဖြစ်သည့် ဖြူလုံး ဝင်လာသည်။ ထို့နောက် လားတစ်ကောင် ဖြစ်သည့် ဘိုးညို ဝင်လာသည်။ ဘိုးညိုသည် ခြံထဲတွင် ရှိသော တိရိစ္ဆာန်များ ထဲမှ အသက် အကြီးဆုံးသော အကောင်ဖြစ်သလို စိတ်ရှည် သည်းခံစိတ် အလွန်တရာ နည်းသူလည်း ဖြစ်သည်။ သူသည် စကား သိမ်မပြော၊ သူပြောလိုက်ပြန်ရင်လည်း အမြဲတမ်းလိုလို အများနှင့်ထော်လော်ကန့်လန့်၊ ဘုကျသော စကားများသာ ပြောလေ့ရှိသည်။ ဥပမာ ပြောရလျှင် ဘုရားသခင်က သူအား အမြီှးတစ်ခု ပေးထားသည်မှာ ယင်ကောင်များကို ခြောက်ထုတ် ဖို့ဟု သူက ပြောသည်။ သို့ပေမယ့် သူတွင် အမြီှးမရှိတော့လျှင် ယင်ကောင်များ လည်း မရှိတော့ဟု ဆိုပြန်သည်။ ခြံထဲတွင် ရှိသော တိရိစ္ဆာန်များ အကြား တွင် သူတစ်ကောင်းတည်းသာ ဘယ်သော အခါမျှ ရီမောခြင်း မရှိ။ ဘာကြောင့် လဲဟု မေးလျှင် သူအတွက် ရီစရာ ဘာမှ မတွေ့ဟု ပြောလိမ့်မည်။ အဘယ်သို့ပင် ဖြစ်စေ သူသည် မြင်းကြီးဘိုးနီ ကိုတော့ ချစ်ခင် ရင်နှီး မှုရှိသည်။ သူက ဖွင့်ဟ မပြောပြသည့် တိုင်အောင် အားလုံးက သိထားသည်။ တနင်္ဂနွေ နေ့များ ဆိုလျှင် သူတို့ နှစ်ကောင်သည် ရိတ်သိမ်းထားသော ခြံမြေ၏ တစ်ဖက် မြင်းခြံ ခပ်သေးသေးလေး တစ်ခုတွင် အချိန်ဖြုန်းနေကြလေ့ရှိသည်။ နှစ်ကောင် ဘေးချင်း ယှဉ်တွဲလျက် တစ်နေရာရာကို ငေးစိုက်ကြည့်နေကြ ကာ စကားလည်း တခွန်းမျှ မပြောကြချေ။
မြင်းနှစ်ကောင် နေရာယူပြီး ချိန်တွင် အမေပျောက် ရှာနေသော ဘဲကလေး တစ်အုပ်သည် ပီကျီ ပီကျီ အသံစာစာပြုလျက် စပါးကျီထဲ ပြေးဝင်လာကြသည်။ ထို့နောက် ဟိုပြေးလိုက် ဒီပြေးလိုက်နှင့် အခြား အကောင်များ၏ အနင်း ကို မခံရအောင် ပုန်းခိုစရာနေရာကို ရှာကြသည်။ မြင်းမကြီး ခင်တုတ်က သူမ၏ ရှေ့ခြေ နှစ်ချောင်းကို ကွေးကာ အကာအကွယ်လေး တစ်ခု လုပ်ပေးသဖြင့် ဘဲကလေးများသည် ခင်တုတ်၏ ခြေထောက် အကြားတွင် ပုန်းခိုကြသည်။ ခဏ အတွင်းမှာပင် ဘဲကလေးများလည်း အိပ်သွားသည်။ နောက်ဆုံး တွင် ကိုသာဒွန်း၏ လူစီးလှည်း ကို ဆွဲရသော ခပ်တုံးတုံး ခပ်အအ နှင့် လှလှပပ ရှိသည့် အဖြူရောင် မြင်းမ မိုမို ဝင်လာသည်။ မိုမို ဝင်လာသည့်ပုံက သကြားခဲ တစ်ခဲကို ဝါးလျက် မခို့တရို့ လှုပ်လီ လှုပ်လဲ့ ဟန်အပြည့်နှင့် ဖြစ်သည်။ အရှေ့ဆုံး အနီး အနားတွင် နေရာယူကာ သူမ၏ လည်ဆံမွှေးများကို တစ်ခါခါနှင့် ဝေ့ရမ်းလျက်ရှိသည်။ လည်ဆံမွှေးတွင် အလှဆင်ထားသော အနီရောင် ဖဲပြားလေးကို အများသူငှာ သတိပြုမိစေရန် ဖြစ်သည်။ အားလုံး၏ နောက်ဆုံးတွင် ကိုရွှေကြောင် ဝင်လာသည်။ ဟိုဟို ဒီဒီ ကြည့်လိုက်သည်။ ထို့နောက် ထုံးစံအတိုင်း နွေးနွေးထွေးထွေး ရှိမည့် နေရာကို ရှာသည်။ နောက်ဆုံးတွင် ဖိုးနီနှင့် ခင်တုတ် မြင်းနှစ်ကောင် အကြားတွင် တိုးခွေ့ နေရာယူလိုက်သည်။ ထိုနေရာသည် သူ့အတွက် ဇိမ်ကျကျ မှိန်းမော လို့ရသည်။ ဖိုးဝက်ဖြူကြီး စကားပြောသည့် အခါ နားထောင်နေစရာမလို။

တိရိစ္ဆာန်များ အားလုံး စုံစုံညီညီ စုဝေးမိသည်။ သို့သော် အနောက်ပေါက် တံခါးမကြီး၏ ထုတ်တန်းတွင် အိပ်သော ကျီးနက်ကြီး ဦးမိုး တစ်ကောင် ပေါ်မလာ။ ဖိုးဝက်ဖြူကြီး က အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အားလုံး သူ့နေရာနှင့် သူ နေရာတစ်ကျ ရှိကြကို တွေ့ရသည်နှင့် လည်ချောင်းကို တချက် ရှင်းလိုက်သည်။ ထို့နောက်

“ရဲဘော်တို့ ခင်ဗျာတို့ အားလုံး ကြားသိထားတဲ့ အတိုင်းပဲ၊ မနေ့ညက ကျွန်တော် ထူးဆန်းတဲ့ အိပ်မက် မက်ခဲ့တယ်။ ဒါပေမယ့် အဲဒီ အိပ်မက် အကြောင်းကို ကျွန်တော် နောက်တော့ ပြောပြမယ်။ အခု အရင်ဦးဆုံး အခြား အကြောင်း အရာတစ်ခု ပြောပြစရာရှိတယ်။ ရဲဘော်တို့ ကျွန်တော် ရဲဘော်တို့နဲ့ အတူ နောင် လပေါင်းများစွာ အထိ နေနိုင်တော့မယ် မထင်ဘူး။ သို့ပေမယ့် ကျွန်တော် မသေခင်မှာ ကျွန်တော် မှတ်သား လေ့လာ ထားမိတာလေးတွေကို ပုခုံးပြောင်း တာဝန် လွဲပေးဖို့ လိုအပ်တယ်လို့ ခံစားမိတယ်။ ကျွန်တော်ဟာ ဘဝမှာ အကြာကြီး နေထိုင်ခဲ့ပြီးပြီ။ ကျွန်တော် တစ်ယောက် တည်း ရှိတဲ့ အချိန်တုန်းကလည်း သေသေချာချာ စဉ်းစားမိတယ်။ ကျွန်တော်ဟာ ဒီ ကမ္ဘာမြေပေါ်မှာ အသက်ရှင်နေထိုင်ရခြင်း ရဲ့ ဘဝတန်ဖိုးတွေ၊ ဘဝရဲ့ ဖြစ်ရိုးဖြစ်စဉ် ှဓမ္မတာတွေကို အတော်အတန် နားလည် ခဲ့ပြီးပြီလို့ ဆိုလို့ရမယ်။ နောက်ပြီး ကျွန်တော်တို့ တိရိစ္ဆာန်တွေရဲ့ ဘဝတွေ ဘယ်လို နေထိုင်စားသောက်နေကြရသလဲဆိုတာလဲ နားလည်ထားတယ်။ အခုလည်း ခင်ဗျာတို့ကို ပြောပြချင်တဲ့ ဆိုတဲ့ အကြောင်းအရာဟာ အဲဒါပဲ”

“ကဲ ရဲဘော်တို့ ကျွန်တော်တို့ အခု အသက်ရှင်နေထိုင်နေကြရတဲ့ ဒီဘဝဟာ ဘာလဲ။ လက်ရှိမျက်မှောက် အခြေအနေကိုပဲ ကြည့်ကြရအောင်။ တကယ်တော့ ကျွန်တော်တို့ ဘဝတွေဟာ ဦတည်ရာမဲ့ပြီး ရည်ရွယ်ချက်တွေ ပျောက်ဆုံးနေရတယ်။ အလုပ်ဆိုလည်း ပင်ပန်းဆင်းရဲခြင်းကြီးစွာလုပ်ရပြီး၊ အသက်ရှင်နေထိုင်ရတဲ့ ဘဝသက်တမ်းတွေ တိုတောင်းလာတယ်။ ကျွန်တော်တို့ မွေးဖွားလာရတယ်။ ပြီးတော့ ကျွန်တော်တို့ ခန္ဓာကိုယ် အသက်ရှင်သန် နေနိုင်ရုံမျှ အစာကိုပဲ စားသောက်ရတယ်။ အဲဒါအပြင် အလုပ်လုပ်နိုင်စွမ်းရှိတဲ့ အကောင်တွေဆိုရင် နောက်ဆုံးခွန်အား ယဲ့ယဲ့ပဲ ကျန်တဲ့ အထိ အလုပ်တွေကို လုပ်ရတယ်။ ကျွန်တော်တို့ကို အတင်း အဓ္ဓမခိုင်းပြီးလို့ နောက်ဆုံး လုံးဝ အလုပ်မလုပ်နိုင်တော့တဲ့ အရွယ် ရောက်တဲ့ အခါကြတော့ ကြောက်မက်ဖွယ် ရက်စက်မှုတွေနဲ့ သတ်ဖြတ်ခြင်းကို ခံရတယ်။ ဒီ မြန်မာပြည်မှာ ရှိတဲ့ တိရိစ္ဆာန်တွေအားလုံး ဟာ အသက်တစ်နှစ်ပြည့် ပြီးတဲ့နောက် ပျော်ရွင်မှုဆိုတာ မရှိတော့ဘူး။ ဘဝရဲ့ စည်းစိမ်ကို ခံစားရဖို့ဆိုတာလည်း မသိတော့ဘူး။ မြန်မာပြည်မှာ ရှိတဲ့ တိရိစ္ဆာန်တွေအားလုံး ဟာ မလွတ်လပ်ဘူး။ တိရိစ္ဆာန်တစ်ကောင်ရဲ့ ဘဝဟာ လမ်းပျောက် ဦးတည်ရာမဲ့ပြီး ကျွန်တစ်ကောင်လိုပဲ အလုပ်တွေ လုပ်နေရတယ်။ ဒါဟာ ဖြစ်ပျက်နေတဲ့ အမှန်တရားပဲ”

“ဒါဆိုရင် ဒါဟာ သဘာဝတရားကြီးရဲ့ သာမန် ဖြစ်ရိုးဖြစ်စဉ် ကံစီမံတဲ့ သဘောတရားပဲလား လို့ မေးမြန်းကြည့်မယ်။ ကျွန်တော်တို့ နေထိုင်နေတဲ့ ဒီမြန်မာပြည်ကြီးဟာ သဘာဝ သယံဇာတတွေ ချို့တဲ့လွန်းလို့ ဒီတိုင်းပြည်ကြီး မှာပဲ မှီတင်းနေထိုင်ကြတဲ့ တိရိစ္ဆာန်တွေ ကောင်းမွန်တဲ့ ဘဝမှာ မနေနိုင်ကြတာလားလို့ မေးမြန်ဖွယ်ရှိမယ်။ မဟုတ်ဘူး။ ရဲဘော်တို့။ ကျွန်တော် အကြိမ်ထောင်ပေါင်းများစွာ ထပ်ပြောလိုက်အုံးမယ်။ ဒါမှာ မဟုတ်ဘူးလို့။ ကျွန်တော်တို့ အမိမြန်မာပြည်ဟာ စိုက်ပျိုးမြေ အဆီအနှစ်ပေါးများ ကြွယ်ဝတဲ့ တိုင်းပြည် တစ်ပြည်ဖြစ်တယ်။ ရာသီဥတု ကလည်း ကောင်းမွန် သာယာတယ်။ ဒီ နိုင်ငံမှာ မှီတင်း ခိုနားနေတဲ့ သူတွေ အားလုံးကို အစားအစာ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်တဲ့ အပြင် အမြောက်အမြား ပိုလျှံတဲ့ အထိ ထုတ်လုပ်နိုင်စွမ်းရှိတယ်။ အခု ကျွန်တော်တို့ နေတဲ့ ဒီယာတောမြေကို ပဲ ကြည့်။ မြင်း တစ်ဆယ့်နှစ်ကောင်၊ နွား အကောင်နှစ်ဆယ်၊ ဆိတ် အကောင်တစ်ရာလောက် မှီတင်း နေထိုင် နိုင်တယ်။ နောက်ပြီးတော့လည်း အားလုံးဟာ စိတ်ကူးယဉ်တာထက်တောင် သာလွန်ကောင်းမွန်တဲ့ ဘဝမှာ သက်တောင့် သက်တာ ဂုဏ်သရေ ရှိရှိ နေထိုင်ရတယ်။ ဒါနဲ့ တောင်များ ဘာဖြစ်လို့ အခုလို့ ကျွန်တော်တို့ရဲ့ ဘဝတွေဟာ ဦတည်ရာမဲ့ပြီး ရည်ရွယ်ချက်တွေ ပျောက်ဆုံးနေရတာလဲ။ အဲဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လုပ်အားတွေနဲ့ အလုပ်လုပ်လို့ ထွက်လာတဲ့ ထွက်ကုန် ပစ္စည်းတွေ အားလုံးနီးပါးကို လူတွေက ကျွန်တော်တို့ ဆီကနေ ခိုးယူနေလို့ပဲ။ ကျွန်တော်တို့ အခုလို ကြုံတွေနေရတာတွေ အတွက် အဖြေရှိတယ် ရဲဘော်တို့။ အဲဒါကို တိုတို တုတ်တုတ် စကားတစ်လုံတည်းနဲ့ ပြောရရင် လူ ပဲ။ လူ ဟာ ကျွန်တော်တို့ရဲ့ တကယ့် ရန်သူ စစ်စစ်ပဲ။ ကျွန်တော်တို့ ရဲ့ မျက်မှောက် မြင်ကွင်းထဲကနေ လူ တွေကို ဖယ်ရှားပစ်ရမယ်။ ဒါဆိုရင် ငတ်မွတ်ခေါင်းပါးခြင်း ပြဿနာ၊ အတင်းအဓ္ဓမ အလုပ်စေခိုင်းခံရတဲ့ပြဿနာ အဓိက တရားခံကို ဖယ်ရှားပြီး ဖြစ်လိမ့်မယ်။”

“လူ ဟာ ထုတ်ကုန် ဘာတစ်ခုမှ မထုတ်ပဲ၊ အလကား စားသုံးနေတဲ့ သတ္တဝါတွေ ဖြစ်တယ်။ လူဟာ နို့လည်း မထုတ်ဘူး။ လူဟာ ဥလည်း မဥဘူး။ လယ်မြေကို ထွန်ဖို့အောင်လည်း ခွန်အား မရှိဘူး။ ယုန်ဖမ်း အမဲလိုက် ဖို့ မြန်မြန်ပြေး နိုင်သလား ဆိုတော့လည်း မပြေးနိုင်ဘူး။ ဒါနဲ့များတောင် လူဟာ တိရိစ္ဆာန်တွေရဲ့ အရှင်သခင် ဖြစ်နေသေးတယ်။ တိရိစ္ဆာန်တွေကို အလုပ်လုပ် ခိုင်းတယ်။ အဲဒီအတွက် တိရိစ္ဆာန်တွေကို ဘာပြန်ပေးသလဲဆိုတော့ အစာမငတ်ရုံ တမယ်ပဲ ကျွေးမွေးထားတယ်။ ကျန်တဲ့ အရာတွေအားလုံးကို သူ့အတွက်ပဲ သိမ်းဆည်းသွားတယ်။ ကျွန်တော်တို့ ဟာ မြေတွေ ထွန်ယက်ရတယ်။ ကျွန်တော်တို့ စွန့်ပစ်တဲ့ မစင်တွေနဲ့ပဲ စိုက်ပျိုးမြေသြဇာ တိုးပွားစေတယ်။ ဒါနဲ့များတောင် ကျွန်တော်တို့ တိရိစ္ဆာန် တစ်ကောင် တစ်မြီးမှ လူကို စိုးစိကလေးတောင် မလွှမ်းမိုးနိုင်ဘူး။ နွားတွေ၊ ခင်ဗျားတို့ ကျွန်တော်မျက်မြင်ကိုယ်တွေ့ အရ မေးမယ်ဗျာ။ လွန်ခဲ့တဲ့ နှစ်က နွားနို့ ဂါလံ ဘယ်နှစ်ထောင်လောက် ခင်ဗျားတို့ ထုတ်လုပ်ပေးခဲ့ရသလဲ။ ပြီးတော့ ခင်ဗျားတို့ရဲ့ နွားကလေးတွေ သန်မာကြီးထွားလာစေဖို့ ကြွေးမွေးရမဲ့ အဲဒီ နွားနို့တွေ ဘယ်ရောက်သွား သလဲ။ ခင်ဗျာတို့ ထုတ်လုပ်လိုက်တဲ့ နွားနို့ အစက်တိုင်း အစက်တိုင်းဟာ ကျွန်တော်တို့ ရဲ့ ရန်သူတွေရဲ့ လည်းချောင်းထဲ အကုန် လျောဝင် စီးဆင်းကုန်တယ်။ ကြက်မတွေ ရော ဘာထူးလဲ။ ပြီးခဲ့တဲ့ နှစ်တုန်းက ခင်ဗျားတို့ ကြက်ဥတွေ ဘယ်နှစ်လုံးတောင် ဥချခဲ့ရသလဲ။ အဲဒီအထဲက ဘယ်နှစ်လုံးလောက် ကြက်ကလေးတွေအဖြစ် အကောင်ပေါက်ခဲ့သလဲ။ အကောင်နည်းနည်းပဲ ပေါက်ရပြီး ကျန်တဲ့ ကြက်ဥတွေ အားလုံး စျေးမှာ ရောင်းစားလိုက်ကြတယ် မဟုတ်လား။ ကိုသာဒွန်းနဲ့ သူ့ရဲ့ တပည့် တပန်းတွေက ရောင်းလို့ ရတဲ့ ပိုက်ဆံတွေ အားလုံး သိမ်းကြုံးယူသွားကြတယ်။ နောက် ဒီမယ် ခင်တုတ်၊ နင်မွေးပေးခဲ့တဲ့ မြင်ပေါက်ကလေးတွေ လေးကောင် ဘယ်ရောက်သွားပြီလည်း။ အဲဒီ မြင်းကလေးတွေက နင် အခုလို အသက်အရွယ်ကြီးရင့်လာတဲ့ အရွယ်ရောက်ရင် နင့်ကို ပြုစု စောင့်ရှောက်ရမှာ။ အခုတော့ နင့် မြင်းကလေးတွေလည်း တစ်နှစ်ပြည့်တာနဲ့ ရောင်းစားခံရတယ်။ နင်လည်း သူတို့ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူး။ အဲဒီ မြင်းကလေး လေးကောင် မွေးပေးရတာတွေ၊ လယ်မြေမှာ အလုပ်တွေ လုပ်ပေးရတာတွေ အတွက် နင်ဘာပြန်ရသလဲ။ အချိုးကျပေးတဲ့ မစို့မပို့စားစရာ ဝေစုနဲ့ မြင်းအိမ် သေးသေးလေး တစ်ခုပဲ ရတယ်မလား။”

မန္တလေးတောင် ဘိုးဘိုးကြီးထံ ကားအပ်တုန်းက


မန္တလေးသား စစ်စစ်ကြီးပါဗျာ(တစ်ခန်းရပ်ပြဇာတ်) ကို ကြည့်တုံး က စာရေးသူ သဘောကြလွန်းလို့ တဟားဟားနဲ့ ခွက်ထိုးခွက်လန် ဟားတိုက်ပြီးရီတာ။ နောက်ပြီး ရီချင်တဲ့ အခါတိုင်လည်း ထပ်ကာတလဲလဲ ကြည့်တယ်။ ကြည့်တိုင်းလည်း ရီရတယ်။ ကြာတော့ ဇနီးဖြစ်တဲ့သူက စိတ်ဝင်စားပြီး ဘယ်လိုဖြစ်နေတာလည်းပေါ့။ နောက်တော့ သူကလေးလည်း လိုက်ကြည့်တယ်။ ဒါပေမယ့် သူကလေးက ကျွန်တော့်လောက် လိုက်မရီနိုင်ဘူး။ သူမက တောင်ကြီး ဇာတိ။ ဆိုတော့ အချို့ပျက်လုံးတွေ ကို လုံးလုံးလျားလျား နားမလည်ဘူး။ နားလည်ခဲ့သည့်တိုင် မခံစားနိုင်ဘူးပေါ့။ တကယ်ပါ အဲဒီ တစ်ခန်းရပ်ပြဇာတ်ကို အင်တာနက်ပေါ် တင်ပေးတဲ့ သူ(ကိုချမ်းမြစိုး)ကိုလည်း ကျေးဇူးသိပ်တင်တယ်။ ဒါမျိုး သန့်ရှင်းပြီး ပြောင်မြောက်တဲ့ ဟာသတွေနဲ့ မရီရတာ နှစ်တွေကို ချီနေပြီ။

ငယ်ငယ်တုံးက အဘွားနဲ့အတူ ရုပ်သေးဇာတ်တွေကို ကြည့်ခဲ့ဖူးတယ်။ ကျွန်တော်တို့ ရပ်ကွက်နဲ့ ကပ်နေတဲ့ ရပ်ကွက်က ကိုးလုံးတကာ ဘုရားပွဲမှာ ကြည့်ရတာ။ နောက်တော့ ကျွန်တော်တို့ ရပ်ကွက်က ငှားတဲ့ ကိုသိန်းဇော် ဇာတ်တွေ ကြည့်ရတယ်။ ကျွန်တော်တို့ အိမ်က ပေါက်ပေါက်တန်း ရပ်နဲ့ ကျောက်ဆစ်တန်းကြားမှာ။ မန္တလေးသား စစ်စစ်ကြီးပါဗျာ(တစ်ခန်းရပ်ပြဇာတ်) ကို ထပ်ဖြည့်ပြောရရင်တော့ ကျောက်ဆစ်တန်းက နှစ်ခု ရှိတာ။ တောင်ပြင် ဘုရားကြီးအနားက ကျောက်ဆစ်တန်း။ အဲဒီမှာ ယနေ့အထိ ဘုရားဆင်းတု ကျောင်ဆစ်လုပ်ငန်းတွေ ထွန်းကားတုန်းပဲ။ အနောက်ပြင် ကျောက်ဆစ်တန်းက ကျွန်တော်တို့ အပိုင်း။ ခင်ပုဂံတိုက်၊ ဂွေးချိုတိုက်တို့ အနားမှာ။ မန္တလေးမှာ စာအံ၊ စာချခဲ့ဘူးတဲ့ ရဟန်း သံဃာ ကိုယ်တော်တွေ သိကြလိမ့်မယ်။ စာရေးသူ ငယ်ငယ်တုန်းကတော့ အနောက် ကျောက်ဆစ်တန်းမှာလည်း ကျောက်ဆစ်လုပ်ငန်းတွေ ရှိတုန်းပဲ။ နောက်တော့မှာ တိမ်ကေားသွားတာ။

ကျွန်တော်တို့ ရပ်ကွက်ကလည်း ပွဲရှိလို့ ဇာတ်ငှားကြရပြီဟေ့ဆိုရင် ကိုသိန်းဇော် ဇာတ်မှ။ နှစ်တိုင်း ကို်သိန်းဇော် ဇာတ်ချည့်ပဲ။ နောက်ဆုံး ကိုသိန်းဇော် အိမ်ထောင်ကျပြီး ဇာတ်က နားသွားတော့မှ ကျွန်တော်တို့ ရပ်ကွက်လည်း သူ့ဇာတ်နဲ့ ဝေးသွားတာ။ သူတို့က ဇာတ်စင်ဆောက်ရင် ကျွန်တော်တို့ အိမ်နဲ့ ခွေးတစ်ဟောင်စာ လောက်မှာ ဆောက်တာ။ လမ်းဆုံ ဆိုတော့ လမ်းကို ပိတ်ပြီး ဇာတ်စင် ဆောက်တာပေါ့။ ဇာတ်ခင်းပြီဆိုရင်လည်း သုံးညဆက််တိုက် ခင်းတာ။ ပြီးတော့အော်လံကြီးတွေနဲ့ ရပ်ကွက်တစ်ခုလုံးကြားအောင် လေးဖက်လေးတန်း ကိုလှည့်ပြီးဖွင့်ထားတော့ မကြားချင်မှ အဆုံး ဆူညံနေတာပဲ။ ပွဲမကြိုက်တဲ့ သူတွေကတော့ စိတ်ညစ်ကြသလို ပွဲကြိုက်တဲ့ ကျွန်တော်က ကြည့်ချင်တယ်။ အဲဒီတုန်းက သူရို့လူရွှင်တော်တွေဇာတ်ခင်းတဲ့ အချိန်က သန်းခေါင်ချိန်နီးမှဆိုတော့ မကြည့်ရဘူး။ အိမ်ထဲကနေပဲ နားထောင်ပြီး ရီရတာ။ အဘွားက နောက်ပိုင်း ဇာတ်တော်ကြီးတွေ ခင်းတဲ့အချိန် သုံးနာရီနောက်ပိုင်းမှ ထကြည့်တော့ အဘွားကြည့်တာတွေပဲ လိုက်ကြည့်ရတယ်။ ကိုသိန်းဇော် ဆိုခဲ့တဲ့ သီချင်းတွေ “ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းရှေ့ကကျော်……” ဆိုတဲ့ သူရဲ့ ကိုယ်ပိုင် သီချင်း၊ ဆင်ကြီး ဂဠုန်ချီ အစရှိတဲ့ သီချင်းတွေ ငယ်ငယ်တုန်းက လိုက်ဆိုရင်းနဲ့ ဆိုတတ်နေပြီ။

မန္တလေးသား စစ်စစ်ကြီးပါဗျာ(တစ်ခန်းရပ်ပြဇာတ်) ထဲမှာ မန္တလေးတောင် ဘိုးဘိုးကြီးနဲ့ ပျက်လုံးထုတ်ထားတာ ကြည့်လိုက်ရတော့ ငယ်ငယ်တုန်းက အဖေနဲ့ အဖေ့ သုံးဘီးကားကို သွားပြီး သတိရတယ်။ စာရေးသူ ငယ်ငယ်တုန်းက အဖေနှင့် အမေသည် အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့သည်။ အစောဆုံး မှတ်မိသလောက် ကတော့ အဖေ မြင်းလှည်းမောင်းသည်။ ထို့နောက် ပုလိပ် ချည်မျှင်နှင့် အထည်စက်ရုံတွင် အစိုးရ ဝန်ထမ်းလုပ်သည်။ နောက် အစိုးရ ဝန်ထမ်း အလုပ်မှ ထွက်လိုက်ကာ သုံးဘီးကား မောင်းသည်။ အမေကတော့ စျေးချို အနောက်ဖက် တွင် သံနှင့် ကုန်မာထည်များ ရောင်းသည်။ ထို့နောက် စျေးချို လမ်းဘေးတွင် သရက်သီးရောင်းသည်။ နှစ်ကာလ အပိုင်း အခြားတွေကို တော့ မမှတ်မိ တော့ဘူး။ စာရေးသူရဲ့ မိဘတွေက စွန့်စားမှုနည်းတဲ့ ရိုးရိုးသားသား စီးပွားရေး လောက်ပဲ လုပ်ကိုင်တတ်တယ်။ နောက်တော့ လေဘေးရောင်းတဲ့ လုပ်ငန်းမှာ အဆုံးသတ်သွားပြီး အဲဒီ အလုပ်နဲ့ပဲ စာရေးသူတို့ မောင်နှမ တွေကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် ကျွေးမွေး ပြုစု ပျိုးထောင်ပေးခဲ့တာ။

အဖေ သုံးဘီးကား ဝယ်လာခဲ့တဲ့ နေ့တုန်းက တစ်အိမ်လုံး သုံးဘီးကား စက်သံ တဘုန်းဘုန်းနဲ့ ဆူညံသွားတာပဲ။ ကားက ထွက်လိုက်တဲ့ မီးခိုးတွေကလည်း ဒင်းကြမ်းပဲ။ အသက်ကို ရှုလို့ မရဘူး။ မွန်းပြီး နေတာ။ အဲဒီ ခေတ်အခါနဲ့ ကျွန်တော်တို့ အိမ်စီးပွားရေးအရ ရုပ်မြင်သံကြားစက်ကို ဘုရားစင်လို ထားပြီး ကြည့်ရတဲ့ အနေအထား။ အဲဒီလို မိသားစုမှာ ကားလေးတစ်စင်း ရောက်လာပြီ ဆိုတော့ တစ်အိမ်လုံးက စိတ်လှုပ်ရှားကြတောပေါ့။ ကားစက်သံက ဘယ်လောက်ပဲ ဆူညံ ပလေ့စေ။ ကားမီးခိုးတွေ ဘယ်လောက်ပဲ ထွက်နေပလေ့စေ။ လက်ခံတယ်။ ဒါဟာ ကားသဘာဝ အတိုင်း လိုအပ်လို့ ဖြစ်တာဆိုပြီး စိတ်က အလိုလို လက်ခံပြီးဖြစ်တယ်။ အဲဒီ သုံးဘီးကားကို ရတနာ ပစ္စည်းတစ်ခုလို ဝိုင်းကြည့်ကြရတာ။ အဖေက ဦးဆောင်ပြီး ဝယ်ခဲ့တဲ့ သူဆိုတော ကားစက်တွေကို ဟိုနိုက်ကြည့် ဒီကိုင်ကြည့်နဲ့ပဲနေသည်။ အမေကတော့ ဆီချေးပေနေတဲ့ စွတ်ကျယ် အစုတ်ကလေးနဲ့ ကားကို ဖုန်သုပ်ပေးသည်။ ကျွန်တော်က ကားမောင်းတဲ့ နေရာမှာ ထိုင်ကြည့်ပြီး ကားကို ကိုယ်တိုင် မောင်းဖို့ စိတ်ကူးတွေယဉ်လို့။ အဲဒီတုန်းက နှမကလေးက ငယ်သေးတယ်။ (အဲဒီအချိန်က ယဉ်ခဲ့တဲ့ စိတ်ကူးနဲ့ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကြိုးစားလာလိုက်တာ အနှစ် သုံးဆယ်ကျော်မှ ကိုယ်ပိုင် ကားကို မောင်းနိုင်တယ်။ ကြွားဝါခြင်းမဟုတ်ရပါ။ နိုင်ငံခြားမှာ ကားပေါတော့ အဟောင်းလေး ဝယ်နိုင်တာပါ။ စိတ်ကူးရဲ့ မောင်းနှင်ချက်အတိုင်း ဖြစ်ချင်တာကို နှစ်တွေ အများကြီး ကြာမှ ဖြစ်ရတဲ့ အဖြစ်ကို ပြောပြတာပါ။ စကားချပ်)

အဖေ့သုံးဘီးကားကို လိုက်ဝယ်ပေးတဲ့ ကားပွဲစား သမားက အဖေ့ကို ကားအင်ဂျင်တွေ အကြောင်း၊ ကားစျေး အကြောင်း တွေ ပြောပြသည်။ ကားပွဲစား လုပ်တဲ့ သူက ဒီကား ဝယ်လိုက်တာ တန်သည်၊ ဘာညာပေါ့။ ကျွန်တော်ကတော့ နားမလည်။ ကား လက်ကိုင်နှစ်ခုကို ကိုင်ပြီး ကားမောင်းတာကိုပဲ စိတ်ကူးယဉ်တယ်။ သုံးဘီးကားက စက်ဘီး၊ဆိုင်ကယ်လိုပဲ လက်ကိုင် နှစ်ခုနဲ့။ အဖေသည် သုံးဘီးကားမောင်းစားဖို့ ကားလေးတစ်စင်း ဝယ်သည်။ အဖေ့ဘဝတွင်လည်း မြင်းလှည်းမောင်း သမားဘဝမှ တဆင့်တက်ကာ သုံးဘီးကား မောင်းသမား ဖြစ်ခဲ့သည်။

“ကိုသန့် ခင်ဗျားကားကို ဂိတ်မထိုးခင် မန္တလေးတောင် ဘိုးဘိုးကြီးဆီမှာ အပ်လိုက်အုံး” လို့ ကားပွဲစား သမားက အဖေ့ကို အကြံပြုသည်။ ကားမောင်းသမား လောကထဲသို့ စတင် ဝင်လာသော အဖေ့အတွက် အရာရာသည် လေ့လာ နာယူစရာတွေချည့်ပင်။ အဖေသည် နတ်ကို ယုံကြည်သူ မဟုတ်။ သို့သော် သူသည် မယုံကြည်သော်လည်း ရိုးရာကို ဆန့်ကျင်သော လူတစ်ယောက် မဟုတ်ချေ။ အဖေ အမြဲပြောသည်။ “ကိုယ် မယုံကြည်ပေမဲ့လည်း သူတပါးလုပ်တာကို ဆန့်ကျင် ရှုတ်ချတဲ့ အလုပ် မလုပ်ရဘူး” လို့ အမြဲပြောသည်။ အဖေသည် အတန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ခဲ့။ စိန်ပီတာ ကျောင်းကို တစ်ဝက်တစ်ပျက်နှင့် ကျောင်းထွက်ခဲ့သည်။ ပညာရေးကို မအောင်မြင်သော အဖေသည် သားဖြစ်သူ ကျွန်တော်အား အောင်မြင်စေရန် ဖိအားပေးသည်။ စည်းကမ်းများ၊ ဆုံးမ စကားများဖြင့် အစဉ်ပြောဟော နေသူလည်း ဖြစ်သည်။ သူပြောသည့် (practice what you preach) အတိုင်း ကိုယ်ပြောသည့် စကားအတိုင်း ကိုယ်တိုင် လိုက်နာကျင့်သုံးသူ လည်း ဖြစ်သည်။ ထိုနေ့က အဖေသည် သူ့သုံးဘီးကားကို မန္တလေးတောင် ဘိုးဘိုးကြီးဆီမှာ ပူဇော်ပသဖို့ သဘောတူခဲ့သည်။ အိမ်တွင် နတ်အုန်းစွဲလေ့ရှိသော အမေ့သည် ကားကို မန္တလေးတောင် ဘိုးဘိုးကြီးဆီမှာ ဆက်ကပ်ရမည်ဆိုသော အကြုံပြုချက်အား ဆိုင်းမဆွ လက်ခံသည်။

ထိုနေ့က အိမ်နီးနားချင်းတွေ ကျွန်တော်တို့ အိမ်ကို ကွက်ကြည့်ကွက်ကြည့်နှင့်။ စက်သံ တစ်ဘုန်းဘုန်း၊ မီးခိုငွေ့ တစ်လူလူထွက်နေသော လိမ္မာရောင် သုံးဘီးကားသည် တင့်တယ်စွာ ရှိလှသည်။ နောင် မကြာလှသော အနာဂတ််များတွင် ထိုသုံးဘီးကားပေါ်၌ပင်
ရပ်ကွက်ထဲမှ ကိုယ်ဝန်သည် မိခင်တစ်ဦး ဆေးရုံသို့ အသွား လမ်းတွင်မီးဖွားပေးရမည်ကို ထိုစဉ်တုန်းက အဖေ မသိခဲ့ချေ။ မနက် မိုးမလင်းခင် နေ့စဉ်နေ့တိုင် ကားစက်သံ ဆူညံစွာ၊ မီးခိုးလုံးတစ်လူလူနဲ့ အဖေကားမောင်းထွက်မည်ကို အိမ်နီးနားချင်းများလည်း မခန့်မှန်းမိသေး။ သို့သော် အဖေ သုံးဘီးကား ဝယ်လာခဲ့သည့် နေ့က အမေ ကြက်သားဟင်း ချက်သည်။ ထိုနေ့ညစာ အကြော်နဲ့ ထမင်းစားရတဲ့ ဘဝမှ လွတ်မြောက်ခဲ့သလို အမေချက်သည် ကြက်သားဟင်းသည် စားလို့ အလွန်တရာ အရသာရှိလှသည်။ ဝေပုံကြ ကြက်သားဟင်းတုံး ကုန်သွားမည် စိုးသောကြောင့် ကြက်သားတုံးကို ကိုက်မစား။ ကြက်သားတုံးကို လျှာဖြင့် လျှက်လျက် ထမင်းနှင့် စားသည်။ ထမင်းကုန်တော့မှ ကြက်သားဟင်တုံးကို အားရပါးရ မြိန်ရေရှက်ရေ စားသည်။ ထိုနေ့ညက အဘွား ဘုရားရှိခိုး ၊ ပုတီးစိတ်တာ ခါတိုင်းညတွေထက် ပိုပြီးကြာသည်။

နောက်တစ်နေ့ မိုးလင်းသည်နှင့်အဖေရော၊ အမေပါ ရေချိုးပြီး အဝတ်အစား သပ်သပ်ရပ်ရပ်နှင့် မန္တလေးတောင်သို့ သွားဖို့ အသင့်ဖြစ်နေသည်။ အဘွားကတော့ ထုံစံအတိုင်း စောစီးစွာ အိပ်ရာထလို့ မနက် နေရောင်အောက်တွင် ပုတီး စိတ်နေသည်။ အမေသည် ဘုရားစင်ကို သန့်ရှင်းရေးလုပ်သည်။ မနက် ဆွမ်းတော်ကပ်သည်။ အိမ်သို့ မနက်တိုင်း ဆွမ်ခံ ကြွလေ့ရှိသည့် ထိုင်ကိုယ်တော်များကို ဆွမ်းလောင်းသည်။ ပန်းသည် တစ်ဦး အိမ်ရှေ့က ဖြတ်သွားသည်နှင့် ခေါ်ယူ ၍ သပြေပန်းများ ဝယ်သည်။ တစ်ဝက်ကို မန္တလေးတောင် ဘိုးဘိုးကြီး ကပ်ရန် ချန် ၍ ကျန်တစ်ဝက်ကို အုန်းဆွဲထားသည့် နတ်ကို ကပ်သည်။ အဖေသည် ညကဖုန်သုတ်ထားသော သုံးဘီးကားကို ထပ်မံ ဖုန်သုတ်သည်။ ကား စက်နိုးကြည့်သည်။ ထို့နောက် ကားစက်ပိတ်သည်။ တဖန် စက်ပြန်နိုးကြည့်သည်။ အဖေ ဘာလုပ်နေသလဲ အမေ နားမလည်။ အမေသည် အားလုံးအဆင်ပြေစေရန် ဆုတောင်းပေးရုံပင် ဖြစ်သည်။ ထိုင်ကိုယ်တော်များသည်လည်း အဖေ သုံးဘီးကားတစ်စင်း ဝယ်ထားသည့်အတွက် ကောင်းချီးပေးသြဝါဒ ဆုတောင်းပေးကြသည်။

ကျွန်တော်နှင့် ကျွန်တော့် နှမကလေးသည်လည်း ကားစီးရတော့မည် အသိနှင့် ကသောကပြော မျက်နှာသစ်၊ အဝတ်အစားလဲပြီး လိုက်ဖို့ အဆင်သင့် ပြင်ရသည်။ ထိုမနက်တွင် ကျွန်တော်တို့ အိမ်ခေါင်မိုးပေါ်၌ ကျီးတို့ ပိုမို အာကြသည်ဟု ထင်သည်။ အဖေ့ သုံးဘီးကားသံကို သူရို့ မနာလိုကြဘူးလား မသိ။ မနက် အာရုဏ်နေသည် လန်းဆန်းနေသည်။ သက်တန့်ရောင်တွေကြောင့် ထိုမနက် နေကို အသစ်ဟုပင် ထင်မိသည်။ နေရောင် အောက်တွင် ပုတီးစိတ်နေသော အဘွား ဆံပင်ဖြူတို့ ကျက်သရေရှိစွာ ထုံးကျစ်လျက်ရှိနေသည်။ ကြေးစည်တီးပြီး လာကြသော ဘုန်းကြီး ကျောင်းသားလေးများသည် ကျွန်တော်တို့ အိမ်ထဲတွင် နေ့ချင်းညချင်းရောက်လာသော လိမ္မာရောင် သုံးဘီးကားကို စူးစမ်းသော အကြည့်ဖြင့် ကြည့်ကြသည်။ ယနေ့ထိတိုင်် စာရေးသူ၏ မိဘများသည်် နေ့စဉ်နေ့တိုင်း ထိုင်ကိုယ်တော်များအပြင် လမ်း၌ ဆွမ်းခံကြွသော သံဃာများအား ဆွမ်းထွက်လောင်းသည်။ ထိုမနက် အမေချက်သော ဆွမ်းတို့ မလောက်ငှ။

ကျွန်တော်တို့ မိသားစု အိမ်က ထွက်တော့ ကိုးနာရီ ထိုးလုပြီ။ အဖေက ကားမောင်းသည်။ အဖွား၊ အမေ နှင့် ကျွန်တော်တို့ မောင်နှမ တစ်တွေက နောက်ခန်းတွင် ထိုင်သည်။ အမေက သပြေပန်းစည်းကို ကိုင်လျက်၊ အဘွားက စိတ်ပုတီးကို ဆုပ်ထားသည်။ ကျွန်တော်တို့ မောင်နှမသည် ကားမှ သံတန်းတွေကို ကိုင်ကြည့်သည်။ ကားမှ ဆီးချေးနံ့၊ ထိုင်ခုံနံ့တို့နှင့် အကျွမ်းတဝင်ရှိအောင် ရှုရှိုက်ကြသည်။ ကားကြမ်းခင်မှ ဆေးကွက်ရာများကို မှတ်မိအောင် ရေတွက်ကြည့်သည်။ လမ်းတွင် အဖေသည် ကားပွဲစားကို ဝင်ခေါ်ရသည်။ မန္တလေးတောင် ဘိုးဘိုးကြီးဆီမှာ ကားအပ်ဖို့ ထိုပွဲစားသမားပဲ အကြံပေးခဲ့သည်။ အခု မန္တလေးတောင် ဘိုးဘိုးကြီးဆီသွားကြတော့ အခါတော်ပေး လမ်းညွှန်ရန် သူပါဖို့ လိုသည်။ သုံးဘီးကား နောက်ခန်းတွင် လူကြီးသုံးယောက်၊ ကလေးနှစ်ယောက် ကြပ်တည်းစွာ ထိုင်ကြရင်း မန္တလေးတောင် သို့ စိတ်လှုပ်ရှားစွာ ထွက်ခဲ့ကြသည်။

လမ်းတွင် အခြား သုံးဘီးကားများကို တွေ့ရလျင် ကျွန်တော်တို့ မောင်နှမ ပျော်ရွှင်စွာ ကြည့်ရှု့ နူတ်ဆက်ကြသည်။ ကျွန်တော်က အခြား သုံးဘီးကားများနှင့် အဖေ့ သုံးဘီးကား ကို ချိန်ထိုး ယှဉ်ကြည့်ကာ ဘာတွေ မတူညီကြသလဲလို့ လိုက်လံခွဲခြားကြည့်သည်။ အဖေ့ သုံးဘီးကား စက်သံသည် တယောသံကဲ့သို့ ရှိလှသည်ဟု ထင်ခဲ့မိသည်ကို အထူးတလည် ပြောပြစရာ လိုမည် မထင်အံ။

ကျွန်တော်တို့ ပေါက်ပေါက်တန်းရပ်မှ မန္တလေးတောင်ခြေသို့ သုံဘီးကားဖြင့် နာရီဝက်ခန့်မောင်းသွားရသည်။ ဟိုရောက်တော့ ကိုးနာရီခွဲရှိပြီ။ တောင်ခြေတွင် နေရောင်တို့ နေရာအနှံအပြားတွင် ကြွယ်ဝစွာ နေရာယူကြသည်။ သုဓ္ဓာဇရပ်တို့သည် ပန်းနွယ်ပင်တို့ အကြား မားမား မတ်မတ်နှင့် ရှိလှသည်။ ထုံးဖြူဖြူနှင့် ခြင်္သေ့ကြီး သည် နေရောင်အောင်တွင် သားကောင်ကို ခုန်အုပ်တော့မည့် ဟန်။ ကလေးအရွယ် ကျွန်တော်တို့နှင့် စာလျင် ၄င်းတို့သည် အလွန်ကြီးမား ခန့်ညားသော အကောင်ကြီးများ ဖြစ်ကြသည်။


ကားပွဲစားဆရာသည် ကားကို ဘိုးဘိုးကြီး နတ်နန်းနားအထိ မောင်းသွားဖို့ အဖေ့ကို ပြောသည်။ နတ်နန်း ရှေ့တွင် ကားကို ရပ်သည်နှင့် အားလုံးဆင်းကြသည်။ အမေက သပြေပန်းကို ဘိုးဘိုးကြီးနတ်အား ဆက်ကပ်သည်။ အဖေကတော့ ကားစက်သံကို နားထောင် ဖို့ပဲ အာရုံစိုက်သည်။ တဘုန်းဘုန်းနဲ့ ကားအင်ဂျင်သံကို အားရအောင် နားထောင်ပြီးမှ ကားစက်ပိတ်တော့သည်။ အဖေ့ကားသံကြောင့် နတ်နန်းအထက်တွင် နားခိုနေသော ငှက်တစ်အုပ် လန့်ပျံထွက်သွားသည်။ လေအပွေ့တွင် ကားမီးခိုးတို့ နတ်နန်းထဲသို့ အလိပ်လိုက်တိုးဝင်ကုန်သည်။ ဘိုးဘိုးကြီး ရုပ်ထုသာ အသက်ရှိလျင် သူလည်း အသက်ရှုမွန်းလို့ အပြင်ပြေးထွက်လာရလိမ့်မည်။ အဘွားကတော့ နတ်ကို အယုံအကြည်ရှိသူ မဟုတ် သဖြင့် ခုံတန်းတစ်ခုတွင် အသာအယာ ထိုင်ကြည့်နေသည်။ ကျွန်တော်တို့ မောင်နှမသည် မမြင်ဘူးသော ဘိုးဘိုးကြီး ရုပ်ထုကို စူးစမ်း စိတ်ဖြင့် ကြည့်ရှုကြသည်။

အမေသည် သပြေပန်းကို ဆက်ကပ်ပြီးသည်နှင့် ၄င်းသပြေပန်းနှင့် အဖေ့သုံးဘီးကားကို တဖြန်းဖြန်းရိုက်ကာ ဘေးအန္တာရယ် ကင်ရှင်းစေကြောင်း ဆုတောင်း ရွတ်ဆိုသည်။ ကားပွဲစား ဆရာက အဖေ့ကားကို နတ်နန်းကို ဦးတည်စေကာ သုံးကြိမ်တိတိ ရှေ့တိုး နောက်ငှင် အသာအယာ ဦးတိုက် မောင်းနှင် စေသည်။ အကယ်၍ များ အဖေ ကား ဘရိတ် မထိန်းနိုင်လို့ ဦးတိုက်တာ လွန်သွားရင်တော့ ဘိုးဘိုးကြီး နတ်နန်းတော့ အကွဲအပြဲ ဖြစ်မှာပဲလို့ အဲဒီတုန်းက ကလေးအတွေး တွေးခဲ့မိသေးတယ်။ သုံးဘီးကားနဲ့ ရှေ့တို့ နောက်ငှင် သုံးကြိမ် လုပ်ရတယ် ဆိုတာလည်း မလွယ်လှဘူးလို့ ကလေးဘဝကတည်းက ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ဦးတိုက်တာ သုံးကြိမ်လည်းပြည့်ရော ဘိုးဘိုးကြီးနတ်နန်းတစ်ခုလုံး မီးလောင်သလား ထင်ရအောင် ကားမီးခိုတွေက အပြည့်။ လေက အဲဒီ နတ်နန်းဖက် ဦးတည် တိုက်နေတာကိုး။ ဦးတိုက်တာ မဟုတ်ပဲ မီးတိုက်တာဖြစ်တော့မှာပဲလို့ ကားပွဲစားသမားရဲ့ မှတ်ချက်ချ ရီသံကို ကြားလိုက်ရသေးတယ်။ အဲဒီလိုနဲ့ နတ်နန်းကို အဆင်ပြေချောမွေ့စွာ ဦးတိုက်ခြင်း ပြီးစီးခဲ့သည်။ အမေသည် သပြေစည်းကို နှစ်ခြမ်း ခွဲလိုက်သည်။ တခြမ်းကို ကားမှန် ညာဖက်တွင် ထိုးလျက်၊ ကျန်တခြမ်းကို ဘယ်ဖက်တွင် ထိုးလိုက်သည်တွင် အဖေ့ သုံးဘီးကား မန္တလေးတောင် ဘိုးဘိုးကြီးထံ အပ်ခြင်း ပြီးဆုံးခဲ့သည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ကပ်ပါးကောင်များနှင့် လူ

ဆယ်တန်းကျောင်းသား ဘဝ သတ္တဗေဒဆရာမက ကပ်ပါးကောင်(parasite) များ အကြောင်းသင်ခဲ့ဘူးသည်။ ကပ်ပါးကောင်ဆိုကာ လက်ခံကောင် တစ်ခုအပေါ်မှာ အမှီသဟဲ ပြုပြီး ကြီးထွား ရှင်သန်ကြရတဲ့ သဘောမှာ ရှိတယ်လို့ ဆိုတယ်။ လက်ခံကောင် မရှိရင် သို့မဟုတ် လက်ခံကောင်က လက်မခံရင် ကပ်ပါးကောင်ဆိုတာ တကယ်တော့ ဘယ်ဖြစ်တည်နိုင်မလဲ။ ဒါဆိုရင် လက်ခံကောင်က အဓိကမဟုတ်ပေဘူးလား။ ကိုယ့်ကို ကောင်းကျိုးပေးမည့် ကပ်ပါးကောင်လား၊ ဆိုးကျိုးပေးမည့် ကပ်ပါးကောင်လား ဆိုတာ ခွဲခြားသုံးသပ်ဖို့ စွမ်းရည်တစ်မျိုးတော့ လိုမှာပေါ့။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
စိတ်အာရုံကို ဖြတ်ကနဲ လှုပ်နှိုးလိုက်သလို ခံစားလိုက်ရပြီး ဒီကနေ့ အလုပ်သွားရအုံးမှာပဲလို့ အသိက အာရုံထဲမှာ ရောက်လာတယ်။ လေးလံနေတဲ့ မျက်လုံး အစုံကို အသာအယာ ဖွင့်လိုက်တယ်။ ဒီနေ့က သောကြာနေ့ ပါလားဆိုတဲ့ အတွေးက ချက်ချင်း ဝင်လာလို့ ရုတ်တရက် စိတ်ထဲမှာ ပေါ့သွားတယ်။ သောကြာနေ့ဆိုတာ အလုပ်နားရက်တွေ မတိုင်ခင် ရက်ကောင်းတစ်ရက် မဟုတ် ပေဘူးလား။ အိပ်ရာထဲကနေ အသာအယာ ထလိုက်တယ်။ မီးဖိုခန်းထဲမှာတော့ ဇနီး ဖြစ်တဲ့ သူရဲ့ မနက်စာ ပြင်ဆင်နေတဲ့ အသံ၊ မနက်တိုင်း စားတဲ့ ရှမ်းခေါက်ဆွဲအနံ့က မရိုး မအီ နိုင်အောင် သင်းပြန့်နေလေရဲ့။ သောကြာနေ့ ဆိုပေမယ့်လည်း နေ့တစ်ဝက်တော့ အလုပ် လုပ်ရအုံးမှာပဲ။ အခုလို ပွင့်လန်းတဲ့ နွေရာသီ ရောက်လာပြီ ဆိုရင် တော့ အလုပ်ချိန်တွေ သက်သာလေ့ ရှိတယ်။

အလုပ်သွားမယ်လို့ အကုန်ပြင်ဆင်ပြီးမှ အိမ်ကထွက်လို့ မရဖြစ်သွားသည်။ သူ့ စိတ်ထဲမှာ တခုခု လိုနေတယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။ နောက်မှ သူသိလိုက်သည်။ နှစ်ရှည်လများ စွဲကပ်နေသော သူ၏ရောဂါ ပိုးကောင်များကြောင့် ဖြစ်သည်။ သူ့တွင် အမည်းရောင် သားရည်ဖြင့် ဖွဲ့စည်းထားသော ကပ်ပါးကောင် တစ်ကောင်ရှိသည်။ ထိုအကောင် မပါပဲ သူ အိပ်က ထွက်လို့ မရ။ ထိုကပ်ပါးကောင် သည် သူ၏ ဘောင်းဘီ အိပ်ကပ်၊ အကျင်္ီအိပ်ကပ်တို့ တွင် တွယ်ကပ်နေ့လေရှိသည်။ ကပ်ပါးကောင် ဆိုသည့် အတိုင်း သူ့ ခန္ဓ္ဓာကိုယ်တွင် တွယ်ကပ်မှီခိုနေသည့် အပို တစ်ခုဖြစ်လေသည်။ သို့ရာတွင် အနှီးကပ်ပါးကောင်းသည် သူ၏ ပိုက်ဆံများ၊ အကြွေးဝယ်ခွင့် ကပ်ပြားများနှင့် ယာဉ်မောင်းလိုင်စဉ် ကပ်ပြားကိုတော့ ထိန်းသိမ်း ထားပေးသည်။ ထို့ကြောင့်ပင် သူသည် ယနေ့ထိတိုင် ထိုကပ်ပါးကောင်ကို မစွန့်ပစ်နိုင်သေးချေ။ သူသည် ထိုကပ်ပါးကောင်ကို ယူလိုက်သည်။ ထို့ နောက် ဘောင်းဘီအိပ်ကပ် အထဲသို့ ထိုးထဲ့လိုက်ပြီးနောက် ခန္ဓ္ဓာကိုယ်တွင် အလေးချိန်တစ်ခု ထပ်တိုးလာသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် ကားသော့ကို ကောက်ကိုင်လိုက်သည်။ ထို့နောက် ဇနီးသည် အဆင်သင့်ပြင်ထားပေးသော ထမင်းဘူးကို ကောက်ယူလိုက်သည်တွင် သူ့၌ တော်တော်ကြီး လေးလံလာသည်ဟု ခံစားရသည်။ ထို အရာတို့သည် သူ့ဆီသို့ နေ့စဉ် မနက်တိုင်း တွယ်ကပ်လေ့ရှိသည့် ကပ်ပါးကောင်းများပင်။ သူ့တွင် အရေးတကြီး ဆက်သွယ်ရေးကိရိယာ ဖုန်းသေးသေးလေးတစ်ခုလည်း ရှိသည်။ ထိုဖုန်းသည် သူဆီ တွယ်ကပ်နေလေ့ ရှိသဖြင့် နောက်ဆုံးတွင် ၄င်းကို လက်မခံတော့ချေ။

ဘယ်နယ့်ကွယ် လူဖြစ်ရတဲ့ ဒီဘဝမှာ တွယ်ကပ်နေသည့် ကပ်ပါးကောင်များ တလှေကြီးဖြင့် သူ့စိတ်ကို ရှုတ်ထွေး ပွေလီစေသည်။ အာရုံထွေးပြားစေသည်။ အရာရာကို ရှင်းလင်း သန့်စင်စွာ နေလိုသည့် သူ့စိတ်အာရုံကို ထိုကဲ့သို့သော ကပ်ပါးကောင်များကြောင့် နောက်ကျိမနေစေလို။ သူသည် အနှောင်အဖွဲ့မှ ကင်းလွတ်လိုသူ ဖြစ်သည်။ သူ၏ စိတ်အစဉ်တို့ကို ဝါဂွမ်းစ တစ်စလို့ နုညံ့ဖြူစင် စေလျက် ဘဝလေပွေ သယ်ဆောင်ရာသို့ ဝေ့ကာ လွင့်ကာဖြင့် ပေါ့ပါးသွက်လက်စွာ အသာအယာ စီးမျောသည်။

သူ့ဘဝတွင် ကပ်ပါးကောင်တို့သည် ငယ်စဉ်ကလေးဘဝကတည်း မှီတွယ်ငြိကြသည်။ ငယ်စဉ်တုန်းကတော့ ထိုကပ်ပါးကောင်းတို့ကို သိပ်ပြီး အလေးမထား။ အာရုံ မပြုမိချေ။ သို့ရာတွင် သူ့ဘဝသည် ရှေးရိုးဆန်ခြင်းနှင့် အချုပ်အနှောင် မလွတ်လပ်ခြင်းတို့ အောက်တွင် ကြီးပြင်းလာရသည့်အခါ လွတ်လပ်ခြင်းကို အသိလိုက် မသိဘာသာ တောင်းတသည်။ ထို့နောက် လွတ်လတ်ခြင်းကို ပြင်းပြင်းထန်ထန် ရယူသည်။ အရာရာကို ရုန်းထွက် ဖောက်ထွင်းကာ ပုန်ကန်လိုသည့် စိတ်တို့ အမြဲရှိသည်။ ငှတ်တစ်ကောင်လို ဝေဟင်တွင် လေအဟုန် စီးကာ လွတ်လပ်သည့် အရသာကို ခံစားသည်။

သူမွေးလာပြီး တစ်နှစ်လောက် နေတော့ အမေက ခြူတွဲလောင်း ကလေးနဲ့ ခြေကျင်းလေး တစ်ခု ဘယ်ဘက် ခြေထောက်မှာ တပ်ပေးထားတယ်။ ဘဝမှာ ကနဦးဆုံး ကိုယ့် ခန္ဓ္ဓာကိုယ်မှာ တွယ်ကပ်လာတဲ့ ကပ်ပါးကောင် တစ်ကောင် ပေါ့။ သူကိုယ်တိုင်က အငြိမ်မနေ ဟိုလှုပ်၊ ဒီလှုပ်နဲ့ ဆိုတော့ အဲဒီခြူကပ်ပါးကောင်က တချွင်ချွင်နဲ့ အသံမြည်တော့တာပေါ့။ ကိုယ့် စိတ်အလို မပါပဲ မိဖတွေ၊ အဘိုးအဘွားတွေ၊ လူတွေကို ခြူလေး တွဲလောင်းကလေးနဲ့ ကလေးငယ်ဘဝကတည်းက ဖျော်ဖြေ ခဲ့ရတာပါ။ ချစ်စရာ ကလေးငယ် နဲ့ တချွင်ချွင် ခြူသံကို လူတွေက သဘောကျ ကြတယ်။ “ဟယ်..ခြူကလေးနဲ့ ချစ်စရာလေး” လို့ ပြောဆို မှတ်ချက်ချကြတဲ့ အသံရှင်တွေဟာ သူရို့အတွက်တော့ ကိုယ်ပိုင် စိတ်ချမ်းသာစရာ ပေပဲပေါ့။ သူကတော့ မသိ နားမလည်စွာနဲ့ ပဲ တအင်းအင်း တအဲအဲနဲ့ ခြေထောက်တုတ်တုတ်ကလေးတွေကို ဆတ်ကာ ဆတ်ကာနဲ့ တချွင်ချွင် အသံတွေပြုလို့။ သူ့မျက်လုံး ဝိုင်းဝိုင်းတွေမှာ လောကကြီး အကြောင်းကို နားမလည်ခြင်း များစွာနဲ့။ သူ့ကို အမှီပြုလို့ လူတွေ စိတ်ချမ်းသာ ပျော်ရွှင်မှုကို ရယူကြသည်။ သူကတော့ ဒီခြူ ကလေးကြောင့် ဉာဏ်ပညာတွေ ပိုမိုလို့ တိုးတက် မလားခဲ့ဘူး။ ဒီခြူ ကလေးကြောင့် ကျန်းမာ သန်စွမ်း အနာရောဂါ ကင်းတဲ့ ကလေး တစ်ယောက်လည်း မဖြစ်ခဲ့ဘူး။ သူ့မှာသာ ခြူခြေကျင်းကပ်ပါးကောင် တစ်ကောင် ရလာခဲ့တယ်။ ဒါက သူ့ ရဲ့ မသိနားမလည်သေးတဲ့ မှတ်ဉာဏ်ထဲမှာ ပထမဦးဆုံး ပုံရိပ်ထင်လာတဲ့ ကားချပ်တစ်ခုပါ။

ကံကောင်းထောက်မစွာပဲ သူ့အသက် ငါးနှစ်ကျော် ခြောက်နှစ်လောက် ရောက်တော့ အဲဒီ ခြူကောင် မရှိတော့ဘူး။ လူတွေအတွက်တော့ သူဟာ ခြူနဲ့ မလိုက် မဖက်၊ ချစ်စရာ မကောင်းတော့ဘူး ထင်ပါရဲ့။ ဒါပေမယ့် မူကြိုတန်း၊ မူလတန်း သွားရတော့ သူ့ ပုခုံးပေါ်မှာ အိပ်ကလေး တစ်လုံးက အမြဲတမ်း ကပ်ပြီး ပါလာရတယ်။ အိပ်ထဲမှာတော့ ကျောက်သင်ပုန်း နဲ့ ကျောက်တန်၊ ဖတ်စာအုပ် တစ်အုပ် ပါတယ်။ အဲဒီအိပ်ဟာ ခြူကပ်ပါကောင်ကနေ တဆင့်တက်လို့ အသွင်ပြောင်းသွားတဲ့ အိပ်ကပ်ပါးကောင်းတစ်ကောင်လို့ သူထင်နေတယ်။ သူဟာ အဲဒီ အိပ်ကပ်ပါးကောင်ကြီးနဲ့ပဲ အထက်တန်း ကျောင်းသားကြီး ဖြစ်တဲ့ အထိ ပုခုံးပေါ်မှာ အမြဲလွယ်ပြီး ကျောင်းတက်ခဲ့ရတယ်။

သူအထက်တန်း ကျောင်းတက်တော့ နောင်နှစ်ပေါင်း နှစ်ဆယ်နီးပါ တွယ်ကပ်နေမည့် ကပ်ပါးကောင် တစ်ထွေးကြီး သူ့ကို ငြိတွယ်ပါလေတော့သည်။ သူ့၏ ဘယ်ဘက်ကောက်ဝတ်တွင် အချိန်ကြည့်ရသည့်ကပ်ပါးကောင် တစ်ကောင် စတင်တွယ်ငြိလာသည်။ ထိုအကောင်သည် သူ့လက်တွင် နေ့စဉ်လိုလို တွယ်ကပ်နေလေ့ရှိသည်။ ရံဖန်ရံခါ ရေချိုးချိန် ညအိပ်ချိန် အထိ တွယ်ကပ်နေတတ်သည်။ တစ်စ တစ်စနှင့် ထိုအကောင်သည် အချိန်အပေါ် ထားရှိသည့် သူ၏ ယုံကြည်ချက်တို့ ကို ချိုးဖဲ့ ယူငှင်စားသုံးသွားသည်။ ထိုအကောင်ကြောင့် ပတ်ဝန်းကျင်တွင် ရှိနေသော အချိန်ဗေဒ နမိတ်ပုံတို့ကို သူလှစ်လျူ ရှုလိုက်တော့သည်။ လင်းအာရုံတက်ချိန် ကျေးငှက်သံတို့၊ အုံးမောင်းခေါက်သံ လင်းကြက်တွန်သံတို့ ဖြင့် နိုးထရခြင်းထက် နိုးစက်နာရီပေး ၍ နိုးထခြင်းအလုပ်ကို သူလေ့ကျင့် လုပ်ဆောင်ခဲ့သည်။ မွန်းတည့်နေ ရာသီစက်ကွင်းတို့ဖြင့် သွားလာ လှုပ်ရှားရသည်ထက် သူ၏နာရီကပ်ပါးကောင်၏ စေခိုင်းရာ အချိန်စက်ဝန်းကို ရို့ကျိုးစွာ လိုက်နာခဲ့ရသည်။

သူငယ်စဉ်တုန်းက သူရို့ မိသားစု သည် အလင်းရောင်တို့ အနောက်ဝင်ရိုးစွန်းကို ကျော်လွန်၍ ကျေးငှက်တို့ အိပ်တန်းဝင်သည့် အချိန်ထိ အိပ်စက် နားခွင့် မရသေးချေ။ သူရို့ တစ်အိမ်လုံးကို တွယ်ကပ်နေသည့် ရုပ်မြင်သံကြား ကပ်ပါးတစ်ကောင်သည် သူရို့၏ စိတ်အာရုံ တစ်လုံးကို ချုပ်ကိုင် လွှမ်းမိုးထားသည်။ သြကာသ လောကတစ်ခွင်လုံး အိပ်စက်အနားကြရန် အလင်းရောင်တို့ ဆုတ်ခွာ ရုတ်သိမ်းပေးခဲ့သည့် တိုင်အောင် သူရို့ မိသားစုသည် ရုပ်မြင်သံကြား ကပ်ပါးကောင်၏ ညှို့စက်ကွင်းအောက်တွင် စပါးကြီးမြွေ အညှို့ခံထားရသည့် သားကောင်များ ပမာ မိန်းမော နေကြသည်။ ခက်တာက သူမွေးဖွားလာသည့် လူအဖွဲ့အစည်းတွင် လူတို့သည် ထိုကဲ့သို့သောကပ်ပါးကောင်ကိုမှ တပ်မက်တွယ်တာကြသည်။ သူ့၏ ပတ်ဝန်ကျင်ရှိ မိသားစုတိုင်းတွင်လည်း ထိုကဲ့သို့ ကပ်ပါးကောင်(household parasite) များ အနည်း နှင့် အများဆိုသလို မှီတွယ် ကပ်ငြိ နေတတ်ကြသည်။

မှတ်မှတ်ရရ သူ၏ အိမ်နံဘေးသို့ မိသားစု အသစ် လင်မယားတစ်စုံပြောင်းလာသည်။ မိန်းမဖြစ်သူက ယောကျာင်္းဖြစ်သူ အား “မောင်ရေ အိမ်ဆိုတော့ ဆိုဖာလေး နှင့် အမှီ ခေါင်းအုံးလေး ရှိမှ ဖြစ်မယ်”. လို့ ဆိုတယ်။ ယောကျာင်္းဖြစ်သူက “အေးပါကွ..မောင့်အတွက်လည်း ရုပ်မြင်သံကြား(တီဗွီ) နဲ့ အောက်စက် လေးပါ ဝယ်လိုက်မယ်”. အင်း တစ်ကယ်တော့လည်း ဆိုဖာတို့ တီဗွီတို့ဆိုတာ သူတို့ကို တွယ်ကပ်နေမယ့် ကပ်ပါးကောင်တွေက အဆင်သင့် ရှိနေကြတာ။ ဒါကို သူက ဆိုဖာကပ်ပါးကောင်(sofa parasite)များ နှင့် တီဗွီကပ်ပါးကောင်(TV parasite) များလို့ မြင်တယ်။ အောက်စက်လို့ ခေါ်ကြတဲ့ ဒီဗွီဒီ ပလေရာ (DVD player), စီဒီ ပလေရာ (CD player) ဒါတွေဟာ ကပ်ပါးကောင်တွေပဲပေါ့။

သူ၏ လူ့ အဖွဲ့အစည်းတွင် မရေမတွက်နိုင်အောင် များပြားသော ကပ်ပါးကောင်များ နားခို ပေါက်ဖွား ကြသည်။ ၄င်းတို့သည် သူ၏ စိတ်ခွန်အားကို စမ်းသပ်ကြသည်။ ယူပါ ယူပါ တစ်စာစာနှင့် သူထံသို့ တွယ်ကပ်နိုင်အောင် ဘက်ပေါင်းစုံမှ နည်းမျိုးစုံဖြင့် စွဲဆောင် ညှို့ယူ ချဉ်းကပ်ကြသည်။ သူသည် လူ့အဖွဲ့အစည်း ရေစီးကြောင်း အတိုင်း စီးမျောကာ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း ယုံကြည်ချက်တို့ကို ကပ်ပါးကောင်များ နှင့် လှဲလှယ် ခဲ့သည်။ တနည်းအားဖြင့် ခေတ်ရေစီးကြောင်း၏ သယ်ဆောင်ရာ လမ်းကြောင်းအတိုင်လိုက်ရင်းဖြင့် သူ၏ ကိုယ်ပိုင်လမ်းကြောင်းတို့အား ချဲ့ထွင် ဖောက်လုပ်ဖို့ မေ့လျော့ခဲ့သည်။ ဤသို့ဖြင့် အနှီးကပ်ပါးကောင်းတို့အား သူ၏ ဘဝလုပ်ငန်းဆောင်တာ များကို ထိန်းကွတ် ချုပ်ကိုင်နိုင်ခွင့် ပေးအပ်ခဲ့သည်။

သူ၏ဘဝ ဆယ်သက်ကျော်သက် အရွယ် အားကစားတို့ လိုက်စား၍ ကိုယ်ခန္ဓ္ဓာကျန်းမာ သန်စွမ်းအောင် လုပ်ရမယ့် အချိန်တွင် သူသည် ရုပ်မြင်သံကြား၊ ရုပ်ရှင် ကပ်ပါးကောင် တို့၏ တွယ်ကပ်မှုဖြင့် ဘဝ၏ နုပျိုသည့်အချိန်များစွာကို သာယာကိုခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဆံပင်ကို ရှည်လျား လာစေသော ကပ်ပါးရောပါပိုး တစ်မျိုးလည်း တွယ်ကပ်လာသည်။ ထို ကပ်ပါးရောဂါပိုးနှင့် အတူ ဆန်းပြားသော ခေါင်းလိမ်းဆီမျိုးစုံ၊ မှန်တစ်ချပ်၊ ဘီးကောင်းကောင်း တစ်လက်တို့ဖြင့် အမျိုးနွယ်သော ကပ်ပါးပိုးများပါ တွယ်ကပ်လာတော့သည်။ သူ၏ လက်ကောင်ဝတ်တွင်လည်း နာရီကပ်ပါးကောင် သည် တွယ်ကပ်လျက်ပင်။ အများသူငှာ၏ အလေးပေးမှု နှင့် ဆန့်ကျင်ဘက် လိင် မိန်းကလေးများ၏ အာရုံစိုက်မှုကို ရယူလိုသည့် စိတ်တို့ ရှင်သန်လာသည်နှင့်အမျှ သူ၏မျက်လုံးတွင် အမည်းရောင်မှန်ချပ်ကြီးများနှင့်တူသော ကပ်ပါးကောင်တစ်ကောင်လည်း တိုးလာသည်။ သူသည် သွားလေရာရာတွင် သူ၏မျက်လုံးကို ထိုအမည်းရောင်မှန်ချပ် ကပ်ပါးကောင်ကြီးဖြင့် အုပ်ပြီး သွားသဖြင့် ကိုယ့်ကိုယ်ကို လှသည်ဟု အထင်ရောက်လေ့ရှိသည်။

ထိုအရွယ်သည် သူအတွက် ကပ်ပါးကောင်မျိုးစုံ ဝင်ရောက် တွယ်ငြိခဲ့သော အရွယ်ကာလ အပိုင်း အခြားလည်း ဖြစ်သည်။ သူ၏ စိတ်ခွန်အားတို့သည် ဆူလွယ်၊ နပ်လွယ်၊ ကျိုးလွယ်၊ ပဲ့လွယ်ကာ လေအပွေ့တွင် အလွယ်တကူ ကြွေဆင်းကျရသော သစ်ရွက်ခြောက်တို့ပမာ ရှိလှသည်။ လေပြေတို့ သယ်ဆောင်ရာ ဟိုရိမ်း ဒီယိုင် ဝေ့ကာ ဝိုက်ကာ ဘယ်ညာ ရိမ်းတတ်သော သစ်ရွယ်ငယ်တို့ ပမာ စိတ်အစဉ်တို့ ရိမ်းထိုး ပြောင်းလဲနေတတ်သည်။ ထို ကဲ့သို့ မတည်ငြိမ်ခြင်း စိတ်အလျင်ကို အခွင့်ကောင်း ယူလျက် ထိုးဖောက် တွယ်ငြိလာသော ကပ်ပါးကောင်တို့ကား မနည်းလှချေ။ လက်ခံကောင်ကို အကျိုးပြုမည့် ကပ်ပါးကောင်းလော၊ ဆိုးကျိုးပေးမည့် ကပ်ပါးကောင်းလောဆိုတဲ့ ဝေဖန်ပိုင်ခြားနိုင်စွမ်း သူမရှိခဲ့ချေ။
++++++++++++++++++++++++++++++++++++++++++++++++
နှစ်ကာလ သုံးဆယ်ကျော် ဖြတ်သန်းခဲ့ပြီးနောက် သူတွင် ဘဝက ပေးအပ်သည့် လုပ်စရာ လုပ်ငန်းဆောင်တာများ တစ်နင့် တစ်ပိုး ရှိလှသည်။ သူ့ ဘဝ ဖြတ်သန်းခဲ့သည် ခရီးတစ်လျှောက်တွင် လုပ်ချင်တာတွေ၊ လုပ်ရမှာတွေ၊ လုပ်သင့်တာတွေ ကို ခွဲခြမ်း စိပ်ဖြာ စီမံခန့်ခွဲရသည်။ သူ့တွင် ကောင်းခြင်း ဆိုးခြင်းကို ဝေဖန်ပိုင်းခြား နိုင်စွမ်း အသိပညာတို့ဖြင့် ခိုင်မာ ရင့်ကျက်လာခဲ့သည်။ သူ့အတွက် လိုအပ်သော ကပ်ပါးကောင်များကို မွေးမြူသည်။ မလိုအပ်သော ကပ်ပါးကောင်များကို ရှင်းလင်း သုတ်သင်သည်။ တကယ်တော့ လက်ခံကောင် သည် အခရာ ပင် မဟုတ်ပါလော။

လွန်ခဲ့သော ငါးနှစ်ခန့်က စ၍ သူ၏ ဆံပင်ကို ရှည်လျားစေသော ကပ်ပါးကောင် တစ်မျိုးကို သုတ်သင်ပစ်နိုင်သည့် အခြားကပ်ပါးကောင် တစ်ကောင်ကို ဝယ်ယူခဲ့သည်။ ထိုကပ်ပါးကောင် ရှိသည့်နေမှစ၍ သူ၏ ဆံပင်တို့သည် အမြဲ တိုတိုပဲရှိခဲ့သည်။ ဆံပင်ညှပ်ဆိုင်ဘက်ကို ခြေဦး မလှည့်သည်မှာ ခုနစ် နှစ်ခန့် ရှိရော့မယ်။ သူလို လူမျိူး များများ ရှိလျင် အမျိုးသား ဆံပင် ညှပ်ဆရာတို့ စီပွားပျက်ကိန်း ရှိအံ့။ ခေါင်းလိမ်းဆီ၊ မှန်၊ ဘီး ကဲ့သို့သော ကပ်ပါးကောင်တို့ သူ့ဘဝတွင် သေဆုံးသွားခဲ့သည်။

ထို့ အပြင် တီတီ တီတီ အသံပေးကာ ရေချိုးခန်းဝင် လည်း စိတ်မဖြောင့်ရ၊ အိမ်သာတက်လည်း စိတ်မဖြောင့် စေတတ်သော၊ တယ်လီဖုန်းကပ်ပါးကောင်ကို အမြစ်မှ သုတ်သင် ရှင်းလင်း ပစ်နိုင်ခဲ့သည်။ လူ့ပတ်ဝန်းကျင်တွင် ကြီးထွား ရှင်သန် ပေါက်ဖွားနေသော ဖုန်ကပ်ပါးကောင်သည် ဟိုသွားလည်း ဒင်းကိုသယ် သွားရ။ ဒီသွားလည်း ဒင်းကိုသယ်သွားရ ဆိုတော့၊ သူ့အတွက် အပို အလုပ်တွေ ဖြစ်လာသည်။ သူ သည် စိတ်အာရုံကို ရှင်းလင်းလိုသူဖြစ်သည်။ ဘယ် နှင့် ညာ ခွဲခြားဖို့ သုံးစက္ကန့်လောက် အချိန်ယူ စဉ်းစားရသည့် သူ၏ စိတ်အာရုံ အားနည်းချက်အတွက် ဖုန်းကပ်ပါးကောင် တစ်ကောင်ကြောင့် အပို အာရုံမများလို။ သို့ဖြင့် ၄င်းဖုန်း ကပ်ပါးကောင်းကိုလည်း ဖယ်ရှားပစ်ခဲ့သည်။

သူ သွားလာ လှုပ်ရှား နေရသော ပတ်ဝန်းကျင်တွင် အချိန် နာရီတို့သည် ပေါများ လှပေသည်။ လူတိုင်းလိုလို၏ လက်ကောင်ဝတ်တွင် နာရီကပ်ပါးကောင်တို့ တွယ်ငြိနေတတ်သည်။ သို့တည်းမဟုတ် တစ်နေရာရာ၊ နံရံတစ်ခုခုတွင် ၄င်းကပ်ပါးကောင်တို့ ကပ်နေတတ်သေးသည်။ စားသောက်ဆိုင်၊ မော်တော်ကား၊ ဘူတာရုံတို့၏ နေရာ၊ တိုင်၊ ထုတ်တန်းတို့တွင် သူရို့ မှိခိုနေတတ်သည်။ ထို့ကြောင့် သူ့လက်ကောင်ဝတ်တွင် နှစ်ပေါင်း နှစ်ဆယ်ခန့် တွယ်ငြိနေခဲ့သော နာရီကပ်ပါးကောင်ကို ဖယ်ရှားပစ်ခဲ့သည်။ အပြင်ထွက်သည့် အခါတိုင်း၊ အလုပ်သွားသည့် အခါတိုင်းတွင် သူ၏ လက်တို့ ပေါ့ပါး သွက်လက်လာသည်။

သူ့အိမ်တွင် စာပွဲတစ်လုံးနှင့် ထိုင်ခုံ နှစ်လုံး ရှိသည်။ သူ့နှင့် သူဇနီး ထိုင်ဖို့ဖြစ်သည်။ ဧည့်လာလျှင် အားလုံး ကြမ်းပြင် ၌ လွတ်လပ်စွာ ထိုင်ကြသည်။ အလင်းရောင်တို့ အတား အဆီး မရှိ အတင်း တလဟော သူရို့နေသည့် အခန်းများသို့ လှိမ့်ကာ လှိမ့်လာ တိုးဝင်ကြသည်။ သူရို့သည် အိမ်ထောင် ပရိဘောက ကပ်ပါးကောင်များကို ကြောက်ကြသူလည်းဖြစ်ကြသည်။ တကယ်တော့ သူသည် ကပ်ပါးကောင် ကြောက်သူ ဖြစ်သည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ကူလီ မောင်သန်းအေး(၁)

လူ့လောကတွင် အဖြစ်အပျက်ပေါင်းမြောက်မြားစွာတို့ မျက်တောင်တစ်မှိတ်၊ လျှပ်တပျက် တဒင်္ဂခဏ အခိုက်အတန့်ကာလအတွင်း သိန်းသောင်းချီကာ ဖြစ်ပျက်ကြသည်။အနန္တနှင့် နှိုင်းယှဉ်မှရသော ဤလောကကြီး၏ အဖြစ်အပျက်တို့တွင် ကျွန်ုပ်တို့သည် အလွန်သေးနုပ်သော မြူမှုန်ကလေးမျှသာဖြစ်သည်။ လောကအချိန်ကာလ ယန္တတရားပေါ်မှ ကျွန်ုပ်တို့ ဖြတ်သန်းကြသည့် အခါတွင် ကျွန်ုပ်တို့၏ အဖြစ်အပျက်တို့သည် သူလိုငါလို့ သာမန်မျှသာဖြစ်သည်။ အဘယ်ကြောင့်ဆို့သော် ကျွန်ုပ်တို့သည် အချိန်ယန္တရား၏ လှည့်စားရာသို့ ပါဝင်စီးမျောကာ မိမိတို့၏ ဖြစ်တည်ရာ ဘဝကို သူ့အလိုလိုဖြစ်ပျက်ကြသည်ဟု ယူဆနေကြသောကြောင့်ဖြစ်သည်။ ကံ၏စေမံရာ၊ သို့တည်မဟုတ် ဘုရားသခင်၏ ဖန်တီးရာ အဖြစ်သို့ တာဝန်တွေပေး ပုံအပ်ထားကြရင်း ကိုယ်လွတ်ရုန်းကြရသည်။ မနက်မိုးလင်းလို့ အိပ်ရာထက်မှာ မှိန်းနေစဉ် နေ့စဉ်ကြားရသော ကျီးအာသံတို့သည် သာမန်မျှသာ ဖြစ်သည်ဟု လူတို့၏ မသိစိတ်မှ အလိုလို လျစ်လျူရှု တုံ့ပြန်ကြသည်။ ထိုမှတဖန် မနက်အလုပ်ခွင်သို့ အမှီ အပြေးအလွားသွားစဉ် လမ်းဘေးတွင် တွေ့ရသော အဘွားအိုတစ်ယောက်နှင့်မြေကလေးအရွယ် ကလေးမတို့ မြေတွင်ဝတ်တွားခယ တောင်းရမ်းစားသောက်နေသည်ကို တွေ့ရသောအခါ ထိုကဲ့သို့ အဖြစ်အပျက်မျိုး မြင်တွေ့ရဖန်များတော့ မထူးဆန်းတော့ဟု ယူဆကြပြန်သည်။ ညလူခြေတိတ်သည့်အခါ မိန်းကလေးငယ်တို့ အလှတို့ပျက်ပြယ်ကာ တိတ်တခိုးမျက်ရည်တို့ဖြင့် ပူပြင်းသောဘဝလမ်းကို နင်းလျှောက်ကြသည်ကို သိကြလျက်နှင့် မြေနှိမ့်ရာ လှံစိုက်ကြသည်။ ကျပ်တည်းလားသော စာဝတ်နေရေး နှင့် စီးပွားရေး၊ အာဏာနှင့် ဥစ္စာဓနတို့၏ အုပ်စိုးမှုအောက်တွင် နလံမထူနိုင်သော ဥပဒေတို့ကြောင့် ကျွန်ုပ်တို့၏ လူ့ဘဝသည် မီးလောင်ကျွမ်းလျက် ဆင်းရဲနွမ်းပါးလာခြင်းတို့၏ သားကောင်တို့ မြေသို့ချနင်း ဖျက်ဆီးခံကြရသည်။

အကယ်ဤသာ အကြင်သူတစ်ပါးသည် လူ့လောက ကမ္ဘာမှလွန်မြောက်ကာ ဒြပ်မဲ့သောဖြစ်တည်ရာ အရပ်မှ ကျွန်ုပ်တို့ကို စောင့်ကြည့်ပါက စိုးရိမ်ကြောင့်ကြခြင်းနှင့် အကြောက်တရားတို့ အစဉ်ဖုံးလွှမ်းနေသော ဘဝဖြစ်စဉ်တို့သည် လူတိုင်း လူတိုင်းဘဝတွင် နေစဉ်ထင်ဟပ်နေလျက်ရှိသည်ကို တွေ့ရပေလိမ့်မည်။ ထိုကဲ့သို့ အပျက်တရား နှင့် ယိုယွင်းပျက်ဆီးခြင်းကို ဆောင်သော နိမိတ်တို့သည် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ အရိုးစွဲသလို့ မထူးဆန်းသော အရာတစ်ခုလို ထင်မှတ်မှားမိကြပေလိမ့်မည်။သို့သော် စိုးရိမ်ကြောင့်ကြခြင်းတို့သည် ပြုပြင်ပြောင်းလဲလိုခြင်းဆိုသော မြော်လင့်ချက်အသွင်ကူးပြောင်းလျက်၊ အကြောက်တရားတို့ နယ်နိမိတ်ကုန် ရပ်တန့်ကုန်ဆုံးကာ ပုန်ကန်ထကြွရတတ်သည်။ စတေးလိုက်ရသော အသက်သွေးများ၊ မျက်ရည်များ၊ နာကျည်းချက်များ.စသည်တို့သည် ချိန်ကိုက်ဗုံးသဖွယ် လှုပ်တုတ်လှုပ်တုတ်နှင့် တစ်စတစ်စကြီးထွားလာကာ စနက်တံသည့် မည်သည့်အချိန်တွင် ပေါက်ကွဲမည်ကို ကြည့်ရှုနေရသလိုပင်။

ကျွန်ုပ်တို့သည် ကာယ ခွန်အားဗလ အရာတွင်၄င်း၊ အတတ်ပညာ အသိပညာ ဉာဏဗလ အရာတွင်၄င်း အလွန်တရာထူးကဲပြောင်မြောက်သော လူသားများအဖြစ်မွေးဖွားလာကြရသည်မဟုတ်။ သို့တည်းမဟုတ် လူပေါ်လူဇော် ဖြစ်ဖို့အတွက် စနစ်တကျ ပြုစုပျိုးထောင် မြေတောင်မြောက်ပေးခံရသည့် အခွင့်၊ ဆည်းပူးလေ့လာသုံးသပ်ခွင့်တို့ မရရှိခဲ့ကြရသည့် အားလျော်စွာ လူ့ဘိတ်ချေးများ ဖြစ်လာကြရသည်။ ထိုလူ့ဘိတ်ချေးမှ မွေးဖွားသည့် သားသမီးများလည်း ထို့အတိုင်း အခွင့်အရေးတွေ ဆက်လက်ဆုံးရှုံးနေသေးသမျှ လူ့ဘိတ်ချေးများ ဖြစ်နေကြရအုံးမည်။ လူ့ဘိတ်ချေးဆိုသည်မှာ မိမိတို့နှင့် ယှဉ်ပြိုင် အကဲဖြတ် ချိန်ထိုးကြည့်မည့် အရာများ၊ အကြောင်းတရားများ မရှိသ၍ နွားချေရာခွက်ထဲမှ ဖားသူငယ်ပမာ မိမိတို့သည်သာ အကောင်းဆုံးပမာ ထင်မှတ်မှားကြသည်။ ဘောင်ခတ်ခံထားရသော ဘဝထဲတွင် မိမိတို့၏ ဘဝအဖြစ်အပျက်တို့သည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဟု ထင်မှတ်မှားလျက် အကြောင်းအားလျော်စွာ နွားချေရာခွက်ထဲမှ ခုန်ထွက်ကြည့်သည့် အခိုက်တွင်မှ မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကြလျက် မိမိတို့ မသိလိုက် မသိဘာသာ ဖြတ်သန်းနေရသော ဘဝတို့ကို ပြန်လည် ဝေဖန်ဆန်းစစ်ကြသည်။ ငါတို့ဘဝတွေဟာ လှောင်အိမ်ထဲက ငှက်တွေလို အပြင်လောကနဲ့ အဆက်ဖြတ် ပိတ်လှောင်ခံထားရပါလားဆိုတာကို သိလာကြရတယ်။ ဝေဖန်ဆန်းစစ်နိုင်စွမ်းသော အသိပညာ တို့ကို အလျက်အမြန် ဖြည့်တင်းကြလျက် ကျွန်ုပ်တို့ နေစဉ်မြင်တွေ့နေကြရသော စိုးရိမ်ကြောင့်ကြခြင်းနှင့် အကြောက်တရားတို့ဖုံးလွှမ်းနေသော ဘဝ ကန့်လာကာနောက်ကွယ်မှ အကြောင်းတရားတို့ကို မြင်အောင် ကြည့်လာကြသည်။ ဝေဖန်ဆန်းစစ်ကြသည်။ အကြောင်းတရားကို သုံးသပ်သည်။ အရင်းအမြင်ကို ရေဆုံးမြေဆုံးလိုက်ကြည့်သည်။ လူအနည်းစုကွက်ကွက်လေးကို မြင်တွေ့ ကြားသိနေရသည့်ဘဝမှ ကျော်လွန်ကာ လူအများစု အတိုင်းအတာဖြင့် ချိန်ထိုးတွက်ဆလာကြသည်။ ကျွန်ုပ်တို့ ဘဝတွေ ဘာအတွက်ကြောင့် ဆင်းရဲကြရသလဲ၊ ဒါဟာ ပုံမှန်မှဟုတ်ရဲ့လား၊ လူချင်းတူလျက်နဲ့ ငါတို့လူမျိုးတွေအတွက် လိုအပ်ချက်တွေဖြည့်တင်းနိုင်ဖို့ ဘာတွေဆုံးရှုံးနေကြရသလဲ အစရှိတဲ့ မေးခွန်းများမေးလာကာ အဖြေရှာကြသည်။

မောင်သန်းအေးဆိုသူသည် အထက်က ဖေါ်ပြလတ္တံ့သော လူ့ဘိတ်ချေးတစ်ယောက်ဖြစ်ကာ ထိုဘဝမှ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲသွားသော လူဇော်တစ်ယောက်လည်းဖြစ်လေသည်။သူကို သိကျွမ်းရစဉ်က လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်သည်။ ကျွန်ုပ်အထက်မြန်မာပြည် မန္တလေးသို့ အလုပ်ကိစ္စတစ်ခုဖြင့် ရောက်သွားသည့် အခိုက် စျေးချို ရုံတော်ကြီးရှိ ကုန်သည်ပွဲစား သူငယ်ချင်း ကိုကျော်နိုင် ဆိုသူ၏ နေအိမ်တွင် တည်းခိုနေစဉ် ထိုပွဲရုံအိမ်သို့ နေ့စဉ်ကုန်တင် ကုန်ချ ကူလီအလုပ် လုပ်နေသော မောင်သန်းအေးကို စတင်သိကျွမ်းခဲ့ရသည်။
မန္တလေးသို့ ဆိုက်ရောက်သည့် အချိန်၌ ညဖြစ်သည်က တစ်ကြောင်း၊ ခရီးကလည်း ပန်းလာကာ အိပ်ချင်နေသည့်အပြင် ညအချိန်် သူငယ်ချင်း၏ ပွဲရုံအိမ်သည် လုပ်ငန်းများ ရပ်ဆိုင်ထားသောကြောင့် မန္တလေး ရုံတော်ကြီး ပတ်ဝန်းကျင်ကို သေချာ စုံငှအောင် သတိမထားမိခဲ့ချေ။ နောက်တနေ့ မိုးလင်၍ ကားဟွန်းသံများ၊ မော်တော်ကား၊ ဆိုင်ကယ် သံများ နှင့်အတူ စျေးသည် စျေးဝယ်တို့၏ အသံစုံများကို ကြားရတော့မှ အိပ်ရာထဲတွင် ဆက်လက် အိပ်စက်ခြင်း လုံးဝမတတ်နိုင်တော့သည့် အခါ၊ လေးတွဲသော မျက်လုံးကို ဖွင့်လျက် မန္တလေးမြို့ စျေးချိုရုံတော်ကြီးကို စူးစမ်းလေ့လာဖို့ နိုးထခဲ့ရသည်။
ကျွန်ုပ် အိပ်ရာမှ နိုးနှင့် နေသည်ကို သိသည်နှင့် သူငယ်ချင်းဖြစ်သူ ကျော်နိုင်က မနက်စာ စားဖို့ လာခေါ်သည်။
“ဘကောင်းရေ….မနက်စာ စားဖို့ သွားကြရအောင်ဟေ့..”
“ဟ..မနက်စာ အိမ်မှာ မစားကြဘူးလား”
“ငါတို့လို စီးပွားရေးသမားတွေကတော့ မနက်စာကို အပြင်လက်ဖက်ရည်ဆိုင်မှာပဲ စားကြတယ်ကွ။ ဆိုင်မှာက လူစုံတော့ မနက်စာလည်းစား အလုပ်ကိစ္စလည်း ပြောရင်းဆိုရင်းပေါ့ကွာ။”
“အေးဟ..ငါလည်း မန္တလေးက ခွဲသွားတာ ကြာပြီဆိုတော့…မင်းတို့ အထာတွေ ငါလည်း မသိတော့ဘူး.. မင်းစီစဉ်တာပဲ လိုက်နာရတော့မှာပဲ ”

ဤသို့ဖြင့် ကျွန်ုပ်လည်း မန္တလေးမြိုး၏ နံနက်ခင်း မနက်စာကို အပြင်ထွက် စားရန် အဝတ်လဲပြင်ဆင်ပြီး ကျော်နိုင်တို့ ပွဲရုံအိမ်ရှေ့သို့ ထွက်လိုက်သည်တွင် ပျားအုံတစ်အုံကို ပတ်ပတ်လည် ခြံရံလျက် ဝင်ချည် ထွက်ချည်ဖြင့် တစ်ဝှီဝှီအော်မြည်နေကြသော ပျားများကို တွေ့လိုက်ရသလို လူပေါင်းစုံတို့ ဟိုတစ်ဆိုင်ဝင်၊ ဒီတစ်ဆိုင်ထွက်ဖြင့် စျေးချိုရုံတော်ကြီးဆိုသော ပျားအုံကြီးကို အုံဖွဲ့အမှီပြုနေကြသည်ကို တွေ့ရတော့သည်။
“အစ်ကိုက ရန်ကုန်က လာတာလား”
ရုတ်တရက် မေးခွန်းမေးသံနှင့်အတူ စွတ်ကျယ်လက်ပြတ် အမြဲဝတ်သောကြောင့် နေလောင်ထားသည့် လက္ခဏာရှိသည့် မွဲပြာရောင် အသားအရည် နှင့် ရည်ရည်မွန်မွန် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
“ကျွန်တော်နာမည်က မောင်သန်းအေးပါ။ ကိုကျော်နိုင်တို့ဆီမှာ ကူလီလုပ်ပါတယ်”

ပစ္စည်းအတင်အချ ကုန်ထမ်း ကူလီလုပ်တာကို ကူလီလုပ်ပါတယ်ဟု ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားဖြင့် ပြောဆိုကာ မိတ်ဆက်လာသော မောင်သန်းအေးဆိုသည့် အသက် အစိတ်အရွယ် လူရွယ်ကလေးကို ကြည့်ကာ ရိုးသားမည့်ပုံပဲဟု စိတ်ထဲမှ ကြိတ်ပြီး ကောက်ချက်ချမိသည်။ တော်တန်ရုံ မိမိကိုယ်မိမိ ယုံကြည်ချက် အားနည်းသူတို့သည့် တစ်ပါးသူ လူစိမ်းတို့နှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံမိတ်ဆက်ကြသည့်အခါ မိမိတို့ တော်ကြောင်း၊ တတ်ကြောင်း တို့ကို သာသာထိုးထိုး အလေးပေးပြောလျက် တဖက်သားမှ အထင်ကြီးစေရန် အလို့ငှာ ကြိုးစားဟန်ဆောင် အားထုတ်ကြလေ့ရှိသည်။ မိမိတို့၏ အသက်မွေးဝမ်းကြောင်းသည့် လုပ်ငန်းသည့် သေးနုတ်နေသည့် လုပ်ငန်းဖြစ်သည့် တိုင်အောင် အဆင်ပြေချောမွေ့ လှပသော စကားလုံးတို့ သုံးလျက် ဆင်ဝှေ့ရန်ရှောင်သောနည်းဖြင့် နားဝင်ချိုအောင် လှည့်ပတ်ပြောဆိုတတ်လေ့ရှိသည်။ မောင်သန်းအေးသည်ကာ ကျွန်ုပ်ကို လာရောက် မိတ်ဆက်သည့် အခါတွင် သူသည်ကူလီလုပ်ကြောင်း တဲ့ထိုးကြီး ပြောသည့်အချက်အပေါ်ကျွန်ုပ် သဘောကျမိသည်။ သူသည် အတ္တာဟိ အတ္တနော နာထောဆိုသည့် မိမိကိုယ်ကို ယုံကြည်ကိုးစားသူ အမျိုးအစားထဲမှ တစ်ယောက်ပင်ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။

“အေး..ရန်ကုန်က လာတာ ဆိုကြပါစို့..တကယ်တော့ အစ်ကိုလည်း မန္တလေးမှာမွေး မန္တလေးမှာကြီးခဲ့တဲ့ သူ တစ်ယောက်ပဲ”
“ဟုတ်လား..ကောင်းတာပေါ့ အစ်ကိုယ်ရ။ အရင်တုန်းက ကိုကျော်နိုင်ဆီကို ရန်ကုန်က သူ့ရဲ့ စီးပွားဖက် ဧည့်သည်နဲ့ သားတစ်ယောက် လာလည်ဖူးတယ်…အဲဒီ ဧည်သည်ရဲ့ သား ရန်ကုန်သား ပြောတဲ့ စကားတွေ ကျွန်တော် နားကိုမလည်ဘူး။ ဘာတဲ့..သူတစ်ခုခု နားမလည်ဘူးဆိုရင်…မင်းတို့ဟာတွေက အစားကြီးပဲ လို့ ပြောတယ်. အဲဒါ ကျွန်တော်တို့က လာလဲ အစားကြီး ဆိုတာလို့ မေးတော့..သူကဘာပြန်ပြောသလဲဆိုတော့..သူပိုပြီး စားသွားပြီတဲ့…..ကျွန်တော်တော့ အဲဒီလိုမျိုး ရန်ကုန်ကလူတွေပြောတဲ့ ဘန်းစကားတွေ မကြိုက်ပေါင်ဗျာ”

တွေ့တွေ့ခြင်း စိတ်လိုလက်ရ စိတ်အားထက်သန်စွာဖြင့် မိမိအကြိုက်၊ ခံစားချက်တို့ကို ဖွင့်ဟ ထုတ်ဖေါ်ပြောပြသော မောင်သန်းအေးစကားကို ကျွန်ုပ်ဟက်ဟက်ပက်ပက် ရီမောမိသည်။
“ဟား…ဟား….ဟား…..မောင်သန်းအေးပြောတာ အစ်ကို နားလည်တယ်..တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလိုပေါ့ကွာ..နောက်ပြီး ဘာသာစကားဆိုတာ ပြောင်းလဲနေတဲ့ သဘောတရားလဲရှိတယ်ကွ.”
“ဒါတော့ ဒါပေါ့ အစ်ကိုရာ. ဒါပေမယ့် အဓိပ္ပာယ် နှစ်မျိုး သုံးမျိုးနဲ့ ဝိဟာရ မကွဲတဲ့ စကားလုံး အသုံးအနှုံးတွေကြတော့ လူတိုင်းစေ့ နားမလည်နိုင်တော့ ဘူးပေါ့”

မောင်သန်းအေး စကားကြောင့် ရီမောနေတဲ့ ကျွန်ုပ် အတွေးထဲ လျှပ်စီးလက်သလို ဖြတ်ကနဲ ရန်ကုန် ရောက်ခါစ တွေ့ကြုံခဲ့ရတဲ့ ဒေသသုံး စကားအပြောင်းအလဲတွေကို သတိရမိတယ်။ ကြက်သွန်အချဉ် နှင့် မုန့်တီကြိုက်တဲ့ မန္တလေးသား ကျွန်ုပ်အတွက် ရန်ကုန်မှာ ပထမဦးဆုံးအကြိမ် နန်းကြီးသုပ်ကို မှာစားတော့ ကြက်ဥပြုတ်များ လှီးပြီး သုပ်သော နန်းကြီးသုပ်နှင့် သခွါးသီးကို ကြက်သွန်အစား အချဉ်အဖြစ်သုံးသည်ကို ထူးဆန်းစွာ မြင်တွေ့ဖူးခဲ့သည်။တက္ကသိုလ်ကျောင်းသား ဘဝ အဆောင်နေစဉ် လှည်းတန်းစျေးမှာ စျေးဝယ်တော့လည်း ခါကြက်ဥဆိုတာကို နားမလည်ကြ။ မုန်းလာဥအနီဟု ပြောမှ စျေးသည်များ နားလည်ကြသည်။ ကြာတော့လည်း နယ်ပေါင်းစုံ၊ ဒေသပေါင်းစုံမှာ အသုံးအနှုန်းများ၊ လေယူလေသိမ်းများကို ကျက်မိသွားသည်။

သို့ပေသည့် အခုလို ကုန်းထမ်းသမား မောင်သန်းအေးဆိုသူ လူငယ်တစ်ယောက်ထံမှ မြန်မာစကားအပေါ် ထားရှိသော သူ၏ အယူအဆကြားရတော့ ကျွနု်ပ်၏ စိတ်အာရုံကို ခေါင်းလောင်းတီးသလို သူ့အကြောင်း ပိုမိုသိချင်စိတ် ပြင်းပြလာသည်။ သူသည် စာပေ၊ ယဉ်ကျေးမှု အတွေးအခေါ်တို့နှင့် အလှမ်းမဝေး မစိမ်းလှသော လူငယ်ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။ မွဲပြာရောင် အသားအရည်နှင့် ကုန်ထမ်းရလွန်း၍ ကုန်းထနေသော ပုခုံးဂုတ်ပိုးသားတို့ဖြင့် ဤလူငယ်တစ်ယောက်သည် နုညံ့ယဉ်ကျေးသော စာပေ အတွေးအခေါ်တို့ကို ထမ်းပိုးထားလေသည်။
“မောင်သန်းအေး..အစ်ကိုနဲ့ ကျော်နိုင်က မနက်စာ အပြင်သွားကြမလို….မောင်သန်းအေးပါ လိုက်ခဲ့စေချင်တယ်။ စကားစမြည်လည်း ပြောကြရတာပေါ့”

ဝန်ထမ်း အလုပ်သမားအားလုံးကို သူငယ်ချင်းကဲ့သို့ ပြောဆိုဆက်ဆံလေ့ရှိသော သူငယ်ချင်းဖြစ်သူ ကျော်နိုင်သည် သူ၏ ဂျစ်ကား အစုတ်ကလေးဖြင့် မနက်စာ အပြင်သွားစားဖို့ အဆင်သင့် ဖြစ်လေသည်။ ကိုယ်ပိုင်စီးပွာရေး လုပ်ငန်းတစ်ခုကို တစ်ယောက်တည်း ဦးဆောင်ဦးရွက်ပြု၌ အလုပ်သမားများနှင့် ရင်နှီးစွာ ဆက်ဆံတတ်သော သူ၏စီမံခန့်ခွဲတတ်မှုသည် အကျိုးရှိသောနည်းဗျူဟာတစ်ခုပင်။ မည်သို့ပင် ဖြစ်စေကာ သူ၏ ဝန်ထမ်းအားလုံးသည် လွတ်လပ်သည့် အသွင်သဏ္ဍာန်ရှိကြသည်။ ကျွန်ုပ်၏ ဖိတ်ခေါ်မှုကို ကျော်နိုင်သည် ကန့်ကွက်ခြင်း မရှိ လိုလိုလားလား ရှိသလို၊ မောင်သန်းအေးကိုယ်၌လည်း စိတ်ပါလက်ပါဖြင့် လွယ်လင့်တကူ ခေါင်းငြိမ့်သည်။

ကျော်နိုင် မောင်းသော ဂျစ်ကားဟောင်း အစုတ်ကလေးကို ကျွန်ုပ်က ရှေ့တွင် ထိုင်လျက်၊ မောင်သန်းအေးက နောက်တွင် ထိုင်ကာ မန္တလေးမြို့၏ မနက်စာကို စားကြမည်ဟု အားခဲလျက် သုံးယောက်သား မြိုင်မြိုင်ဆိုင်ဆိုင် စကားပြောကြရင်း ရုံတော်ကြီး မှ ထွက်ခဲ့ကြသည်။ မနက်ခင်း လို့သာ ဆိုပေသည့် ကျွန်ုပ်တို့ ထွက်လာခဲ့သည် အချိန်ကို ကြည့်လိုက်တော့ ကိုးနာရီခွဲပြီးသွားလို့ ဆယ်နာရီ ထိုးလုထိုခင် ရှိလှပြီ။ မန္တလေးမြို့၏ နံနက်ခင်း ဆယ်နာရီ နေသည် မွန့်တည့် နေ တမျှ ပူစပ်ပူလောင် ရှိလှသည်။စက်ဘီးများလည်း လမ်းမကြီးများ အတိုင်း ဥဒဟို ဖြတ်သန်းသွားလာကြသည်။ စက်ဘီးစီးသူများသည် တစ်ခါတစ်ရံ မော်တော်ကားသွားနေသည့် လမ်းမအလယ်သို့် ရိမ်းလာတတ်သည့်အတွက် မော်တော်ကား ဟွန်းသံကို အလျင်းသင့်လျှင် သင့်လို တစ်တီတီမြည်အောင် တီးကြရသည်။ သို့ရာတွင် မန္တလေးမြို့၏ လမ်းစည်းကမ်းသည် သူ့အထာနှင့်သူ။ စက်ဘီးများ စက်ဘီးနိုင် အစုလိုက် အပြုံလိုက် လမ်းဖြတ်ကူးကြသည်။

စက်ဘီးများ၊ ဆိုင်ကယ်များ၊ မော်တော်ကားများ လမ်းဘေးတစ်ဖက်တစ်ချက်တွင် ရပ်ထားကြလျက် လူတော်တော်များဖြင့် စည်းစည်းကားကားရှိလှသော လက်ဖက်ရည်ဆိုင်ရှေ့သို့ ကျော်နိုင်၏ ဂျစ်ကားကို ရပ်လိုက်တော့မှ မင်းသီဟ ဆိုသည့် ဆိုင်းဘုတ်ကို စတင်တွေ့ရတော့သည်။ လက်ဖက်ရည်ဆိုင်လို့ ဆိုပေသည့် လက်ဖက်ရည် ကော်ဖီသာ ရောင်းသည် မဟုတ်။ ပလာတာ၊ ထပ်တစ်ရာ၊ မုန့်တီ၊ ခေါက်ဆွဲ၊ မြီးရှည်၊ စမူဆာ၊ ပေါက်ဆီ အစရှိသည်တို့ အစုံရသည်။

ကျော်နိုင် နှင့် မောင်သန်းအေးတို့က မုန့်တီကို အမဲအကျောနှင့် မှာစားသည်။ ကျွန်ုပ်က ထပ်တစ်ရာကျွပ်ကျွပ်ကို ပဲနှင့် စားလိုသည့် အာသီသ ရှိသည်နှင့် ပဲ ထပ်တစ်ရာကို မှာစားသည်။ ထို့ နောက် ကျွန်ုပ်တို့ ၏ မန္တလေးမြို့ နံနက်ခင်း စကားဝိုင်းကို စတင်ကြသည်တွင် ကျွန်ုပ်ကပဲ မောင်သန်းအေး အကြောင်းကို အများဆုံးမေးဖြစ်သည်။ သူသည် မိဘများ မရှိ။ ဆွေမျိုးညာတိ မောင်နှမသားချင်းများလည်း မရှိ။ တစ်ကိုယ်ရည် တစ်ကာယ ဘဝကို တစ်စတစ်စ တိုးတက်အောင် ပြုပြင် ပြောင်လဲ ကြိုးစားနေသော လူငယ်တစ်ယောက်လည်း ဖြစ်သည်ကို လေ့လာရသည်။

ထိုစဉ်က ပြောပြသော မောင်သန်းအေး၏ ဘဝဇာတ်စုံကို ဟိုတစ်စ၊ ဒီတစ်စ စကားပြောသလို ဖြစ်မနေစေရန် အလို့ငှာ ကာယကံရှင်မောင်သန်းအေး၏ တောင်ဆိုချက်အတိုင်း အောက်ပါအတိုင်း ဝတ္တုဆန်ဆန် ရေးသားပြလိုက်ပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++
မန္တလေးမှ စစ်ကိုင်းကို အသွား အဝ(အင်းဝ)သို့ ခွဲထွက်သွားသည့် လမ်းမဆုံတွင် အင်းဝစစ်ကိုင်း ကားဂိတ်ရှိသည်။ ထိုကားဂိတ်တွင် ခရီးသည်တင် ဒတ်ဆန်းကားများ၊ ဟိုင်းလတ်ကားများ ခရီးတစ်ထောက် ရပ်နားကာ ကုန်တင် ကုန်ချလုပ်ကြသည်။ ထိုကဲ့သို့ ခရီးသည်များ ပေါင်းစုံမိသည့် အချိန်ကို ရနိုင်သလောက် အလုအယက် စျေးရောင်းကြသော ဒုတ်ထိုးအချဉ်သည်များ၊ ငုံးဥပြုတ်ရောင်းကြသူများ၊ အစရှိသဖြင့် ယောက်ယက်ခတ်လျက် ရှိတတ်သည်။ လွန်ခဲ့သော အနှစ် နှစ်ဆယ့်ငါးနှစ် ဝန်ကျင်ခန့်က ထို အင်းဝစစ်ကိုင်း ကားဂိတ်တွင် ဝါးပိုးဝါးအဆစ် အလုံး ကြီးကြီး နှစ်လုံးကို လက်တစ်ဖက်တစ်ချက်တွင် ကိုယ်စီကိုင်ကာ လူစည်ကားသည့်် အခိုက်အတန့်ကို စောင့်လျက် တောင်းရမ်းလျက်ရှိသည့် သူဖုန်းစား သားအမိ နှစ်ယောက်ကို တွေ့ဖူး သတိပြုမိသူများ ရှိကောင်း ရှိကြလိမ့်မည်။
အစာ အဟာရ ချိုတဲ့ကာ လောကဓံ အထုအထောင်းကို နှစ်ရှည်လများ ခံစားနေရသော ကြောင့် မွဲပိန်ခြောက်သွေ့နေသော အသားအရည် ခန္ဓာကိုယ်ရှိသည့် မိခင်ဖြစ်သူ၏ ပုံပန်းသဏ္ဍာန်သည် လိုအပ်သည်ထက် ပိုမို ရင့်ရော် အိုမင်းနေသည့် အသွင်အပြင်ရှိသည်။ အသားအရည် မည်းမည်း ခြောက်ခြောက် မျက်နှာတွင် ချေးအလိတ်လိတ် ကပ်ကာ ဘောင်းဘီတို ညစ်ညစ်နွမ်းနွမ်းကိုသာ ဝတ်ထားသည့် ခုနစ်နှစ်အရွယ် ကောင်လေးသည် မိခင်ဖြစ်သူ၏ နံဘေးတွင် ဆောင့်ကြောင့် ထိုင်လျက် တွေ့သမျှ လူအားလုံးကို စူးစမ်းလေ့လာနေဆဲ။ သူ၏ အသွင်သဏ္ဍာန်သည် အမြဲဆာလောင်မွတ်သိပ်နေမှန်း သိသာလှသည်။ တောင်းရမ်းစားသောက်ရသည့် ဘဝဖြစ်သည့်အားလျော်စွာ မိခင်ဖြစ်သူ၏ ဦးခေါင်းသည် အရာရာကို အမြဲ ဦးညွတ် နေလေ့ရှိသည်။ ဂရုတစိုက်နှင့် သတိထားကြည့်မိလျင် တစ်ခါတစ်ရံမှသာ မော့်ကြည့်သော သူမ၏ မျက်လုံးတို့သည် ခံစားချက် ဗလာနတ္ထိ၊ မှုန်မှိုင်းအားနည်းနေသော မျက်ဝန်းအိမ်တို့သည် အလွယ်တကူကျိုးလွယ် ပဲ့လွယ်သော ဖန်သားလွာ ပါးပါးလျှပ်လျှပ် တစ်ခုကဲ့သို့ ပျက်ဆီးဆုံးရှုံးမှုကို စောင့်စားနေရသလိုရှိလှသည်။

ကတ္တရာလမ်းဘေးတွင် သားအမိနှစ်ယောက် ဆောင့်ကြောင့်ထိုက်လျက် တွန့်လိန် ပိန်ရှုံ့နေသော ဒန်ခွက်ကလေးကို သူဖုန်းစားခွက်အဖြစ် ရှေ့တွင်ချကာ မြေပြင်တွင် ဝါလုံးကြီးများကို စည်းချက်ကျကျ ဒေါင်လိုက် ဆောင့်ကာဆောင့်ကာဖြင့် ဝါးလုံးလှိုင်သံထွက်အောင် တီးကျသည်။ အမေဖြစ်သူသည် ပိုမိုကြီးသော ဝါးဆစ်ကို သုံးလျက် သားဖြစ်သူ ကလေးငယ်သည် အတော်အတန် သေးငယ်သော ဝါးဆစ်ဖြင့် မိခင်ဖြစ်သူနှင့်အညီ စီးဝါးကိုက် အဝင်အထွက်မှန်အောင် တီးသည်။ ထို့နောက် ထိုကောင်လေးကပင် ဆွဲဆွဲငင်ငင်ရှိလှသော အသံဖြင့် ထိုအချိန်အခါက ခေတ်စားသော ပေါ်ပင် သီချင်းတို့ကို သီဆိုလျက် ကားဂိတ်တွင် ခရီးတစ်ထောက်နားသူတို့ကို ကြိုးစား ဆွဲဆောင်လေ့ရှိသည်။ ထိုကောင်လေးသည် နောင်အခါ ကျွန်ုပ်၏ သူငယ်ချင်း ကျော်နိုင်၏ ပွဲရုံတွင် ကူလီလုပ်လျက် မြန်မာစကားကို ဠာန် ဌာန်ကရိုဏ်းကျကျ ပြောဆို ဆက်ဆံတတ်သော မောင်သန်းအေးပင် ဖြစ်သည်။

ပန်းဥယျာဉ်ထဲမှ ပန်းတစ်ပွင့် (၂)


မသက်သည် ဆင်းရဲသည်။ ငွေကြေးအကျပ်အတည်း အခက်အခဲတို့ဖြင့် နေ့စဉ် ရင်ဆိုင် ကြုံတွေ့နေရသည်။ မိသားစုသည် ဆင်းရဲလွန်းလှသည်။ သို့သော် ထိုကဲ့သို့သော သောက၊ ဒုက္ခတို့မှ ထွက်ပြေးလွတ်မြောက်စေရန် အလိုငှာ အလွယ်လမ်းကို မလိုက်လို။ ဘဝက စိန်ခေါ်လာသော တိုက်ပွဲကို တုန့်ပြန်တိုက်ခိုက်ချင်သည်။ ဘဝကို ရင်ဆိုင်နိုင်ရန် ခွန်အား မရှိတော့ပါဘူး ဖြစ်လိုရာ ဖြစ်ပါစေတော့ဟူသော အကြောင်းပြချက်မျိုးဖြစ် ဒူးထောက် အရှုံးမပေးလို။ သူမတွင် ငယ်ရွယ်သူတို့၏ ခွန်အားရှိသည်။ မာန်ရှိသည်။ မျှော်လင့်ချက် ရှိသည်။ ထို့အပြင် ယုံကြည်ချက်လည်း ရှိသည်။

သူမ၏ မာန်ကို သွေးတိုးစမ်းလာသော ဘဝ၏ ရိုက်ခတ်မှုကို မာန်ဖြင့် ပြန်လည် တုန့်ပြန်သည်။ သူမ၏ ယုံကြည်ချက် ယိမ်းယိုင်အောင် ကိုင်နှဲ့လာသူတို့ကို ယုံကြည်ချက် စွဲစွဲထားလျက် ကာကွယ်သည်။ သူမ၏ ဘဝရှေ့ မျှော်လင့်ချက် ရည်မှန်းချက်တို့ အတွက် အောင်မြင်အောင် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ယှဉ်ပြိုင် တိုက်ခိုက်ရလိမ့်မည်။

ဤသို့ဖြင့် ထို့ ပွဲစား မိန်းမလည်၏ ပါးစပ်ကို မသက် ပိတ်ခဲ့ရသည်။ သို့ရာတွင် ပွဲစားတို့၏ သဘောသဘာဝသည် ပါးစပ်ဟမှ ပိုက်ဆံရ၊ တစ်ဝမ်းတစ်ခါ ဖူလုံရသည့် သူရို့၏ အသက်မွေးဝမ်းကြောင်း အရ မသက်၏ ရုပ်ဆင်းရူပကာကို စျေးကွက်တင် လှည့်လည် ရောင်းချလေသည်။ မိန်းကလေးများ ရောင်းကုန်သဖွယ် အောင်သွယ်လုပ်သည့် စျေးကွက်၊ နိုင်ငံခြားသို့ မိန်းကလေးများ ပို့ကာ လူကုန်ကူသည့် စျေးကွက်၊ နိုင်ငံခြားတွင် အစေခံများအဖြစ် အလုပ်လုပ်ရန် အလို့ငှာ မြန်မာမိန်းကလေး အလုပ်သမများငှားရမ်းသည့် စျေးကွက်၊ ကာရာအိုကေ၊ စားသောက်ဆိုင် အစရှိသည်တို့တွင် မသက်၏ အမည်က တစ်ဆင့်စကား တစ်ဆင့် ရောင်းကုန်ပစ္စည်းသဖွယ် နာမည်ပေါက်နေလေသည်။ ကာယကံရှင် မသက်ကိုယ်တိုင် ဘာမှ မသိပေမယ့် အောင်သွယ် ပွဲစားတို့၏ ပါးစပ်ဖျားတွင် မသက် အမည်ကို ရင်းနှီးနေကြလေသည်။

ဆေးစွဲနေသည့် အစ်ကိုကြီးဖြစ်သူ၏ မလိမ္မာမှု၊ နာတာရှည် ရောပါသည် အစ်မဖြစ်သူအတွက် စိတ်ပင်ပန်းရမှု၊ စိတ်ထောင်းလို့ ကိုယ်ကြေ ခြုံးခြုံးကျကာ ခြစားခံရသလို့ တစ်ဖြည်းဖြည်းဖြင့် ယိုယွင်း ပိန်လှီလာသော အမေအတွက် စိုးရိမ်ပူပန်ရမှု အစရှိသည့်တို့ဖြင့် မသက်၏ စိတ်နှလုံးကို နေ့စဉ် ခြုံလွှမ်းထားလေ့ရှိသည်။ မိမိ၏ အနီးကပ် မိသားစုဝင်တို့၏ အရေး၊ ကျပ်တည်းလာသော စားဝတ်နေရေးတို့ဖြင့် မသက်တစ်ယောက် ဘဝ အထုအထောင်း၊ စိတ်ဆင်းရဲခြင်း ဆေးခါးကြီးကို နေစဉ် သောက်သုံးနေရသော ဝေဒနာသည်လို အားအင်တို့ ဆုတ်ယုတ်ကာ စိတ်ခွန်အားတို့ကို နှုံးချိနေစေတော့သည်။

စိတ်ဆင်းရဲခြင်း တွင်းနက်ထဲသို့ အထိန်းအကွပ်မရှိ တရှိန်ထိုး ကျဆင်းနေသော တစ်နေ့တွင် မသက်ထံသို့ ပွဲစား မိန်းမ ချဉ်းကပ်လာပြန်သည်။
“ဟေ့ မသက်..ငါ့မှာ သတင်းကောင်းပါတယ်..ညည်းသွားချင်တဲ့ အမေရိကန် နိုင်ငံကို သွားဖို့ ဟာလေ..”
“ကျွန်မ သွားချင်တယ်လို့ မပြောခဲ့ပါဘူး။ သွားဖို့ ရွေးရမယ်ဆိုရင်သာ အဲဒီနိုင်ငံကို သွားမယ်လို့ ပြောခဲ့တာပါ.”
“အေးပါဟယ်..ဘယ်လိုပဲဖြစ်ဖြစ်..ငါပြောတာတော့ ဆုံးအောင် နားထောင်ပါအုံး..ဒီမယ်..အမေရိကမှာ နေတဲ့ မြန်မာတစ်ယောက်က အမေရိကကို ခေါ်ပေးမယ်တဲ့။ သိန်း နှစ်ရာပေးရမယ်တဲ့။ အဲဒါ ညည်း စိတ်ဝင်စားမလားလို့ လာပြောတာ”
“သိန်း နှစ်ရာ”

တအံတသြနှင့် နှုတ်ဖျားမှ သိန်း နှစ်ရာဟူသော အရည်အတွက်ကို တီးတိုးရေရွတ်ကြည့်မိသည်။ မသက်အတွက် ထိုကဲ့သို့သော ပိုက်ဆံသည် မြင့်မိုရ်တောင်ကဲ့သို့ မို့မောက်များပြား မြင့်မားလှသည်။ အဲဒီလောက် ပိုက်ဆံတွေ ပေးပြီး အမေရိကသို့ သွားရမည် ဆိုလျှင် သူမ၏ မိသားစုအပေါ် တရားမဲ့ရာလည်း ကျမည်။ အစ်ကို၊ အစ်မ၊ အမေ နှင့် မောင်တို့၏ ဆင်ရဲဒုက္ခ မျက်ရည်စတို့ကို လမ်းခင်းလျက် မသက် ကိုယ်လွတ် မရုန်းချင်။

“ညည်း သေချာ စဉ်းစားပါအေ..ငါက ညည်းတို့ မိသားစု ကောင်းစားစေချင်လို့ ပြောပြတာ..ညည်း ဟိုမှာ အလုပ်လုပ်ပြီး ပြန်ရှာလို့လည်း ရတာပဲ။ နောက်ပြီး ညည်း မလုပ်ချင်တဲ့ ဟိုဟာမျိုး အလုပ်တွေလည်း မလုပ်ရဘူးလေ”
“ဟုတ်ပါတယ်..ဒါပေမယ့် ကျွန်မတို့မှာ သိန်းနှစ်ရာ မပြောနဲ့ သိန်းနှစ်ဆယ်တောင် မရှိဘူး..နောက်ပြီး ကျွန်မက သွားမယ်ဆိုရင် ဘယ်လိုသွားရမှတုံး..ဟိုမှာ တရာဝင်အကြာကြီး နေလို့ရတဲ့ အခြေခိုင်တဲ့ အနေအထားမျိုးမှာ သွားချင်တာ”
“ဒါတော့ မပူနဲ့..ဒီလူနဲ့ ညည်းက ဟန်ဆောင် လက်ထပ်ပြီး အမေရိကကို လိုက်သွားရမယ်…အတူတူ အိပ်စရာလည်း မလိုပါဘူးအေ..လန့်မနေပါနဲ့အုံး..ဟိုရောက်တော့မှ ညည်း လုပ်ချင်တာ ညည်းလုပ်ပေတော့…တရားဝင် ပြန်ကွဲလိုက်လဲ ရာတာပဲ…ပိုက်ဆံအတွက် ညည်းတို့ တိုက်ခန်းကို ပေါင်းလိုက်ပေါ့. ပြီးတော့ လိုတဲ့ ပိုက်ဆံ ငါချေးပေးပါမယ့်အေ့”
“အို….ရှင့်ဟာကလည်း သိပ်စိတ်မချရပါဘူး.. တော်ကြာ အဲဒီလူက ပြန်ကွဲမပေးဘူးဆို ဘယ်နဲု့ လုပ်မလဲ..”
“ဒါကတော့ ညည်းမပူနဲ့ အဲဒီလို လူမျိုးက ဘယ်တော့မှ မိန်းမကို အတည် ယူမထားဘူးအေ့..အဲဒါမျိုးနဲ့ အမေရိကကို လူတွေခေါ်နေတာ..သူက ပိုက်ဆံရရင် ပြီးတာပဲ”
“ကျွန်မ စဉ်းစားပါအုံးမယ်..နောက် အမေနဲ့လည်း တိုင်ပင် လိုက်အုံးမယ်”

ဒီတစ်ခါတော့ ပွဲစားမိန်မသည် မသက်အပေါ် အနိုင်ရလေသည်။ စိတ်ရှုတ်ထွေးမှု များဖြင့် လေးလံသော ခြေလှမ်းများ တစ်လှမ်းခြင်း လှမ်းကာ မသက် အိမ်ပြန်လာရသည်။ အမေကို ပြောပြတော့ အမေက သွားစေချင်သည်။ သူမ၏ မှားယွင်မိသော ဆုံးဖြတ်ကြောင့် သားသမီးများ ဆင်းရဲဒုက္ခရောက်ကြရသည်ကို မကြည့်ရက်နိုင်။ အစ်ကိုဖြစ်သူကလည်း သုံးလို့ မရ။ အစ်မ နှင့် မောင် တို့ကလည်း မိသားစုအတွင်းတွင် တစ်မိပေါက် တစ်ယောက်ထွန်းသလို မသက်ကို အောင်မြင်စေချင်သည်။

လက်ထပ်တယ် ဆိုတာလည်း ဟန်ဆောင် လက်ထပ်တာပဲ။ အတူတူအိပ်စရာလည်း မလိုဘူးတဲ့။ ပြီးတော့ ဟိုနိုင်ငံကြီးတွေမှာ လူအခွင့်အရေး တန်းတူရှိတော့ ဘာအလုပ် မဆို ကြိုးစားလုပ်ရင် နေနိုင် စားနိုင် သောက်နိုင် အဆင့်အတန်းရှိရှိတော့နေရမှာပဲ။ အဲဒီတော့ ငါ ကြိုးစား ပိုက်ဆံရှာပြီး အမေတို့ကို ထောက်ပံ့နိုင်သားပဲ။ ဟုတ်ပါရဲ့..မေ့နေတာ. ငါနဲ့ ဟန်ဆောင် လက်ထပ်ရမဲ့ လူက ဘယ်လို လူမျိုးလဲ။ တော်ကြာ ငါတို့ ပိုက်ဆံတွေ လိမ်ယူသွားရင် ဘယ်နဲ့ လုပ်မလဲ။ ဟိုနိုင်ငံမှာဆိုရင်တော့ ငါ့ကို ရောင်းစားလို့ မရတန်ကောင်းပါဘူးလေ…. အတွေးလေလှိုုင်းတို့ လွင့်ကာလွင့်ကာ မသက်တစ်ယောက် စိတ်ဘဝင် ဘောင်ဘင်ခတ်လျက် ဗြာများနေလေတော့သည်။

ထိုနေ့က မသက်တို့ အိမ်ပေါင်လို့ရသည့်ငွေ၊ ဟိုမှ ဒီမှ ချေးငှားရသည့် ငွေ စုစုပေါင်းငွေသိန်းနှစ်ရာထဲမှ တစ်ဝက်ကို ဟန်ဆောင်လက်ထပ်ရမည့် အမေရိကမှ သကောင့်သား ကိုလူလည်ကို ပေးလိုက်ရသည်။ အဲဒီတုန်းက ထိုသကောင့်သား မသက်အပေါ် ကြည့်သည့် အကြည့်တွေကို မသက် မကြိုက်။ ငါ ဒီလူနဲ့ ဟန်ဆောင်လက်ထပ်ရမှာ မှားများ မှားလေပြီးလားဟု စဉ်းစာမိသေးသည်။ သို့ရာတွင် လုပ်မည်ဟု ဆုံးဖြတ်ပြီးမှ နောက်ဆုတ်လို့မရတော့ချေ။ ငွေသိန်းတစ်ရာသည် သကောင့်သား လက်ထဲတွင် ပါသွားခဲ့ချေပြီ။ ကျန်သည့် သိန်းတစ်ရာကို မသက် အမေရိက ရောက်သည့် အခါမှ ပေးရမည်။

အရာရာသည် မသက်အတွက် စွန့်စားစရာတွေချည်းပင်။ စွန့်စားရသည်တွင် မသက်အတွက် ရင်းနှီးပေးဆပ်မှုများသည် အချိန်မရွေး ကြေလွယ်၊ ပျက်လွယ်သည့် စွန့်စားမှုမျိုးပင်။ သို့လော သို့လောဟူသော မရေရာသည့် အောင်မြင်မှုများအတွက် ဆုံးဖြတ်ချက်များ ချရသည်တွင် သူမ၏ ဘဝ၊ အမေ၊ အစ်ကို၊ အစ်မ၊ မောင်လေး..ထိုသူတို့၏ ဘဝတို့ကိုပါ စတေး ၍ ဘဝ၏ ကစားပွဲတွင် ကြေးတင် လောင်းရသည်။ အောင်မြင်မည်လော။ သို့တည်းမဟုတ် ရှုံးနိမ့် ကျဆုံးသွားရမည်လော။ လောလောဆယ်တွင် မသက် ဘာကိုမှ မခန့်မှန်းနိုင်ပဲ လောင်းကြေးတင်လိုက်ရသည်။ သို့ရာတွင် အသက်ရှင်သန်နေသေးသမျှ၊ ကြိုးစားနိုင်ခွင့် ရှိသေးသည်။ ဘဝတွင် ဖိနှိပ် လာမှုတို့ကို တွန်းထိုးရုန်းကန် ထကြွပုန်ကန်နိုင်ခွင့်ရှိသည်။ မသက် ကြိုးစားမည်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မြန်မာပြည် လေဆိပ်မှ ခွာတော့ အမေသည် လိုက်မပို့နိုင်။ နေမကောင်းသော အစ်မကို ကြည့်ရှု့ရင်း အိမ်မှာ ကျန်ခဲ့သည်။ အစ်ကိုကြီးနှင့် မောင်လေး ဖြစ်သူသာ လိုက်ပို့ခဲ့သည်။ မသက်အတွက် စွန်းစားရမည့် ဘဝခရီးလမ်းသည် ဤတွင် စတင်ရသည်။ ရင်ခုန် စိတ်လှုပ်ရှားရသလို တဖက်မှလည်း စိုးရိန်ပူပန်မှုတို့ဖြင့် ချိန်ခွင်ရှာ ဟိုဖက် အလေးသာလိုက် ဒီဖက် အလေးသာလိုက်ဖြင့် စိတ်အစဉ်ကို မျှတအောင် မလုပ်နိုင်။ မိသားစုတစ်ခုလုံး၏ ဘဝများကို ရင်းနှီးမြှတ်နှံကာ တစ်ခါမှ မသွားဖူးသော နိုင်ငံခြားကို တစ်စိမ်ယောကျင်္ားတစ်ယောက်အား လင်လုပ်၍ သွားရမည့် မသက်၏ အခြေအနေသည် ပူပင်စရာ အတိပင်။

အမိမြန်မာပြည်နှင့် မိုင်ပေါင်းထောင်ချီဝေးသော အမေရိကန်နိုင်ငံသို့ မျက်စိသူငယ်၊ နားသူငယ်ဖြင့် ခြေချရသည်။ စီးပွားရေးသမား ကိုလူလည် သကောင့်သားအား ပေးဆပ်ရန် ကျန်ရှိသည့် ငွေသိန်းတစ်ရာကိုလည်း ပေးဆပ်ရန်အတွက် လိုအပ်သည်များကို ရောက်ရောက်ချင်း စီစဉ်ရသည်။ ထိုနေ့သည်ပင် မသက်အတွက် ကမ္ဘာပျက်သည့် နေ့ပင်။ တထိတ်တထိတ်နှင့် ဘာဖြစ်လာလိမ့် မလဲ၊ ဘာဖြစ်လာလိမ့် မလဲဟု စိုးရိမ်ရသော နေ့ သည့် တကယ်ဖြစ်ပျက် လာခဲ့သည်။ သကောင့်သားသည် ငွေကို ယူသည်။ ထို့အပြင် လူကိုလည်း ယူသည်။ မသက် ဘာများ တတ်နိုင်အုံးမည်နည်း။ သူမ မျှော်လင့်ချက်ကြီးစွာဖြင့် လာခဲ့သော နိုင်ငံခြားတိုင်းပြည်တွင် ကိုယ့်ကိုယ် စော်ကားသူက ကိုယ့်တိုင်းပြည်က ကိုယ့်လူမျိုး။ သြော် ကိုယ်ကသူရဲ့ မယားအဖြစ် နိုင်ငံခြားကို လာခဲ့ရတာကိုး။ ဟန်ဆောင် လက်ထပ်ခဲ့တယ် ဆိုပေမယ့် ယောင်္ကျားဆိုသည့် သတ္တဝါတို့သည် ရသည့် အခွင့်အရေးတို့ကို လက်လွတ် မခံကြချေ။ အို…ဘုရားသခင်…စာနာ ညှာတာ ထောက်ထားတတ်သော၊ သနားကြင်နာတတ်သော စိတ်နှလုံးကို ယောင်္ကျားတို့ နှလုံးသားမှ ထုတ်ပစ်ခဲ့သလော…။

မသက် နိုင်ငံခြားတော့ ရောက်ပါရဲ့။ သူမ စတေးရ၊ ပေးဆပ်လိုက်ရသော တန်ဖိုးတို့သည် တဆစ်ဆစ်ဖြင့် ရင်နာစရာ ကောင်းလှသည်။ နေနှင့် အုံးပေါ့ကွယ်။ မသက် တစ်ချိန်ချိန်မှာ အမြင့်ဆုံး ပျံသန်းနိုင်တဲ့ တစ်နေ့မရောက် မချင်းပေါ့။

ရိုးသား ကြိုးစားလိုစိတ်၊ မြန်မာပြည်ရှိ မိသားစုအား ဆင်းရဲခြင်း နွံထဲမှ ဆွဲထုတ်နိုင်ရန် အလုပ်တို့ကို ကြိုးစားလုပ်နေသော မသက်သည် လူ့ဘဝဇာတ်ခုံပေါ်တွင် မိတ်ကပ် အပြည့် လိမ်းချယ်လျက် ကကြိုး ကဟန် ဝင့်ကာ ဝင့်ကာ ချီပြီးကသော မင်းသမီးတစ်ယောက်သဖွယ် ကပြ အသုံးတော် ခံရသည်။ ထိုဇာတ်ခုံ ကန့်လန့်ကာ၏ နောက်ကွယ်တွင်ကာ အမှောင်တို့ အတိပြီးလျက် မိတ်ကပ်တို့ ပျက်ပြယ်ကာ အလှအပတရားတို့ အရာမရောက် အသုံးမဝင်တော့ချေ။
++++++++++++++++++++++++++++++++++++++++++++++
ထို့နေ့က စားခဲ့ရသော ဆူရှီးတို့သည် ခါးသီးနေသည်ဟု ကျွန်ုပ်ထင်သည်။ အမည် ဖေါ်ပြနိုင်စွမ်း မရှိသော စိတ်ငလျင်တစ်ခု ကျွန်ုပ်၏ စိတ်ဝိဉာဉ်အပေါ် တုန်ခါ လှုပ်ရမ်းသွားခဲ့သည်။ အဘယ်ကဲ့သို့သော ခံစားချက်မျိုးဆိုတာ ကျွနု်ပ်ကိုယ်တိုင် မဖေါ်ပြတတ်ချေ။ သို့သော် ပြောတော့ ပြလိုက်ပါမည်။

ငါတို့ဟာ ရဲရင့် တိုးတက်နေတဲ့ လူငယ်တွေဖြစ်တယ်။ ဘဝဆိုတဲ့ လှံသွားထက်ထက် အချွန် အဖျား ထိပ်မှာ ရင်ကို ဖွင့်၊ ခေါင်းကို မော့ပြီး ရဲရဲဝန့်ဝန့် ရပ်တည်ရဲတဲ့ ငါတို့ရဲ့ အစွမ်းသတ္တိတွေဟာ ငါတို့ရဲ့ သွေကြောတွေ အထဲမှာ ဆူလောင်ပေါက်ကွဲပြီး ခွန်အားတွေဟာ အလျှံညီးညီး မွေးဖွားနေကြတယ်။ ငါတို့တွေရဲ့ အသက် ဝိဉာဉ် ခန္ဓာ ဒွန်တွဲပြီး ရှိနေသရွေ့ပေါ့။

အနန္တမေတ္တာဖြင့်
ဘကောင်း

ပန်းဥယျာဉ်ထဲမှ ပန်းတစ်ပွင့် (၁)


သူမကို စတွေ့တော့ သူမ၏ နောက်ကြောင်း မိသားစု ဘဝ အခြေအနေတို့ကို မသိ။ မိတ်ဆွေတစ်ယောက်က အိမ်တွင်ဆွမ်းကျွေးဖိတ်၍ သွားလည်ရာမှ မိတ်ဖြစ်ဆွေဖြစ် သိကျွမ်းလာရသည်။ သူမ၏ နာမည်ကို မသက်အဖြစ်သာ သိထားရသည်။

မသက်သည် ယဉ်သည်။ ဆံပင် အဖြောင့်စင်းစင်းကို ခါးအထိ အရှည်ချလျက် ကြော့နေအောင်နေသည်။ အသားအရေက ဖြူဖြူ ဖွေးဖွေးဟု မဆိုသာပေသည့် ညိုညိုညက်ညက် လည်း မဟုတ်ချေ။ သူမလိုအသားအရေမျိုးက မိန်းမတိုင်း လိုချင် တောင်းတ တတ်ကြသည့် အနေအထားမျိုးပင်။ အနောက်တိုင်းသူများကဲ့သို့ ဖြူဖြူစွတ်စွတ် အသားဖြူခြင်း မဟုတ်။ အရှေ့တိုင်းသူ တို့၏ အသားအရည် ဖွေးနုချောမွေ့ခြင်းအပေါ် အညာဒေသ၏ ညိုညိုညက်ညက် အသားအရောင်က ထပ်ဆင့် အုပ်ထားသည့် အသားအရောင်မျိုးပင်။ မျက်လုံး မျက်ဆံကလည်း အရည်လဲ့လဲ့နှင့် ဝိုင်းဝိုင်းစက်စက် ရှိလှသည်။ ဆက်ကျော်သက်အရွယ် နုပျိုလန်းဆန်းသည့် ငယ်ဂုဏ် တို့ ကုန်ဆုံးလု ကုန်းဆုံခင်၊ ထိုမှတဖန် ဘဝအတွက် အလေးအနက် စဉ်းစားကာ တည်ငြိမ်ရင့်ကျက်သည့် အသွင်သဏ္ဍာန်သို့ ကူးပြောင်းနေသည့် စပ်ကူးမတ်ကူ အရွယ်လည်း ဖြစ်သည်။ နုပျိုခြင်းတို့ ကျန်ရှိသေးသည်။ တည်ငြိမ်ရင့်ကျက်မည့် ဟန်ကိုလည်း မြင်ရတတ်သည်။

သူမနှင့် စကားစပြောဖြစ်တော့ မိန်းကလေးအများစုတွင် ရှိတတ်သည့် ရှိုးတိုးရှန်းတန်း၊ ရှက်ကိုးရှက်ကန်း အမူအရာမျိုး မရှိပဲ၊ ရင်းနှီးပွင့်လင်းစွာ စကားပြောသည်။ သူမတွင် ဟန်မရှိ။ မာန်မရှိ။ တစ်ဖက်သား စကားပြောဖေါ် ယောကျင်္ားတစ်ယောက်အပေါ် မည်သည့် အမြင်မျိုးမှ ထားရှိချင်း မရှိပဲ တွေ့သည့် ဆုံသည့်အခိုက်အတန့်အတွင်း အရိုးခံအတိုင်း စကားပြောသည်။ ထို့ကြောင့်ပဲထင်သည် ကျွနု်ပ်နှင့် ထိုနေ့က စကားတော်တော်များများ ပြောဖြစ်ကာ သိကျွမ်းခဲ့ရသည်။

သိကျွမ်းတော့လည်း သူမအကြောင်း ပိုမို သိလာရသည်။ သူမသည် ထင်ထားသည်ထက် သွက်လက် ချက်ချာသော မိန်ကလေးတစ်ဦးလည်း ဖြစ်သည်။ ဆူရှီးဟု ခေါ်သော ဂျပန်ရိုးရာ စားစရာများ လုပ်ရောင်းသည့် စားသောက်ဆိုင်တစ်ခုကိုလည်း ဦးစီးလုပ်ကိုင်နိုင်လေသည်။ နိုင်ငံ ရပ်ခြား တိုင်းတစ်ပါး တွင် မြန်မာမိန်းကလေးတစ်ယောက် တစ်နိုင်တစ်ပိုင်ဖြင့် တင့်တင့်တယ်တယ် လုပ်ကိုင်စားသောက်နိုင်သည်ကို တွေ့ရတော့ ဝမ်းသာမိသည်။ အခုလို အသက်အရွယ် အပိုင်းအခြားတွင် အလုပ်တွေ လုပ်ကိုင်နိုင်ပြီးဆိုမှဖြင့် နောင်တွင် တိုးတက်ကြီးပွား ချမ်းသာဖို့ပင် ရှိတော့သည်ဟု ကောင်းချီးပေးရသည်။

မိတ်ဆွေအဖြစ် သိကျွမ်းရတော့ မိတ်ဖြစ် ဆွေဖြစ် သူမ၏ စားသောက်ဆိုင်ကို အလည်လာခဲ့ရန် ဖိတ်ခေါ်လေသည်။ ဂျပန် အစားအစာများကို ခုံမင်စွာ စားလေ့ရှိသော ကျွန်ုပ်အတွက် နောင်ရက်များ၊ အလုပ်ပိတ်ရက်များတွင် အလည်လာမည်ဟု ကတိကျွံရသည်အထိ ဖြစ်ရသည်။ သို့ရာတွင် လွန်ခဲ့သော လများက အလုပ်များ အလွန်တရာ မအားမလပ် ရှိသည်က တစ်ကြောင်း၊ တစ်နေရာနှင့် တစ်နေရာ သွားလာရသည်တွင် အဆင်မသင့် သေးသည်က တစ်ကြောင်း သူမအား ပေးထားခဲ့သည့် ကတိကို မေ့မေ့လျော့လျော့ ရှိသွားခဲ့သည်။

တစ်နေ့တွင် သူမ ဖုန်းဆက်လာသည်။
“အစ်ကို ကျွန်မ ဆူရှီး ဆိုင်ကို ဘယ်တော့ လာလည်မလဲ” ဟု တကူးတကဖြင့် အမေးရှိလာတော့မှ သူမ၏ ဆိုင်အား လာလည်မည်ဟု ကတိပေးထားသည်ကို သတိရမိတော့သည်။
“အဲဗျာ..ဟုတ်ပါရဲ့…အစ်ကိုမေ့နေတာ။ ဒီတစ်ပတ်တော့ လာခဲ့ပါမယ်”
“နေ့လည်လောက် လာခဲ့ပါ အစ်ကို. နေ့လည်လောက်ဆို လူပါးတော့ စကားပြောပြီး ဧည့်ခံလို့ ရတာပေါ့”

ဤသို့ဖြင့် ကျွနု်ပ်သည် ပထမဦးဆုံး အကြိမ် မသက်၏ ဆူရှီးဆိုင်ကို ရောက်သွားဖြစ်ခဲ့သည်။ ရောက်တော့လည်း သူမသည် ဆူရှီး စားသောက်ဖွယ် စုံစုံလင်လင်ဖြင့် အစ်ကို တစ်ယောက်သဖွယ် ပြုမူ ပြောဆို ကျွေးမွေး ဧည့်ခံလေသည်။ နှမကလေးများဖြင့် နှစ်တော်တော်ကြာ ခွဲခွာနေရသော ကျွန်ုပ်အတွက် မသက်သည် ကျွန်ုပ်၏ နှမကလေး အရွယ်ပင် ဖြစ်သည်။ နှမအရွယ် မိန်းမပျိုလေးတစ်ယောက် ဖြစ်သည့်အပြင် မြန်မာ မိန်းကလေး တစ်ယောက် ဖြစ်သည့် အတွက် ရိုးသားစွာ ပြောဆိုဆက်ဆံသည်တွင် သူမသည် ကျွန်ုပ်အပေါ် တဖြည်းဖြည်းဖြင့် ယုံကြည်ကိုးစားမှုရှိလာသည်။

“အစ်ကို..ကျွန်မ ဒီနိုင်ငံ ရောက်လာတာ သုံးနှစ်လောက် ရှိရော့မယ်..မြန်မာပြည် အရမ်းပြန်ချင်တာပဲ”
“အလုပ်တွေ နားတဲ့ အခါပြန်ရမှာပေါ့ကွယ်…အလုပ် လုပ်နိုင်တဲ့ အချိန်မှာ ကြိုးစားပြီး လုပ်လိုက်အုံးပေါ့”
“ဒါပေမယ့် အစ်ကိုရေ…ကျွန်မ အမေနဲ့ မောင်လေးတွေအတွက် ပိုက်ဆံပြန်ပို့ပေးရအုံးမယ်…ကျွန်မနိုင်ငံခြား လာနိုင်ဖို့ အတွက် အိမ်ကို ပေါင်ပြီးလာခဲ့ရတာ”

သည်လိုနှင့် မသက်သည် သူမ၏ မိသားစုနှင့် သူမ၏ဘဝ အခြေအနေကို ရင်ဖွင့်လာသည်။ သူမ၏ အသံတို့ တုန်ရီ မနေခဲ့။ သို့သော် ပူပန်သောကတို့ လွှမ်းနေသည်။ သူမ၏ မျက်ဝန်းတွင် မျက်ရည်တို့ စိုစွတ်မနေခဲ့။ သို့သော် ရီဝေအုံ့မှိုင်းသော မျက်ဝန်ညိုကို မြင်ရတတ်သည်။ သေးသွယ်လှပနေသော သူမ၏ လက်ချောင်းတို့သည် ဘဝရပ်တည်ရေးအတွက် အလုပ်လုပ်နေသော လက်ချောင်းများ ဖြစ်လေသည်။ သြော်..ငါတို့ မြန်မာ မိန်းကလေးတွေများလည်း သူ့အပူ၊ သူ့ဒုက္ခတွေနဲ့ ဖြတ်သန်းလာရ၊ ဖြတ်သန်းနေရ ပါပဲလားဟု စာနာသနားမိခဲ့ရသည်။
+++++++++++++++++++++++++++++++++++++++++++++
မသက်ဘဝတွင် အဖေသည် မသက်သိတတ်သည့် အရွယ် လောက်တုန်းကတည်းက ဆုံးပါးသွားခဲ့သည်။ အားကိုးအားထားရာ မိသားစု ရွှေတောင်ကြီး ပြိုလဲခဲ့သည်တွင် မောင်နှစ်မ လေးယောက်ရှိသော မိသားစုအတွက် အမေသည် ခိုကိုးရာ မဲ့လေသည်။ မောင်နှမ သားချင်း လေးယောက်ထဲတွင် မသက်က တတိယမြောက်။ အကြီးဆုံး အစ်ကိုနာမည်က ကိုသက်နိုင်။ သူက အေးအေးဆေးဆေးရှိလွန်းကာ ဘာတစ်ခုမှ စွမ်းစွမ်းတမံ ပေါက်ပေါက်ရောက်ရောက် မရှိချေ။ မိသားစုအတွက် အားကိုးအားထားရာ အစ်ကိုကြီး အဖအရာတွင် ကိုသက်နိုင် တာဝန်ယူ မရပ်တည်နိုင်ခဲ့ချေ။ ကိုသက်နိုင်အောက်မှ မသက် အစ်မသည် နာတာရှည် ရောဂါသည်။ ထို ရောပါသည် အစ်မအား ပြုစု စောင့်ရှောက်နေရခြင်းဖြင့် မသက်အမေသည် အလုပ်လည်း မလုပ်နိုင်။ အလုပ်လည်း မလုပ်တတ်ချေ။ မသက်အောက်မှ အငယ်ဆုံးမောင်သည် အဖေဆုံးတော့ လူမမယ် အရွယ်လေးပင် ရှိသေးသည်။

အဖေရှိတုန်းက ရပ်ကွက်ထဲတွင် မသက်တို့ အိမ်စီးပွားရေးသည် တောင့်တောင့် တင်းတင်းရှိသည်။ အမေ ဒေါ်သိန်းတန်နှင့် သားသမီး လေးယောက်ကို အဖေဖြစ်သူ ဦးအံ့မောင်က မတောင်းမတ မကြောင့် မကြ ဘဝတွင်ထားသည်။ မသက် အမေ ဘာအလုပ်မှ လုပ်စရာမလို။ အဖေလုပ်သူ ဦးအံ့မောင် တစ်ယောက် စီးပွားရေးနှင့် လုံးချာလည်လိုက်ကာ ငွေနောက် တကောက်ကောက် လိုက်နေချိန်တွင် မသက်တို့ အစ်ကိုကြီးဆုံး ကိုသက်နိုင်သည် အဖေ၏ အုပ်ထိန်းမှုအောက်မှ လွတ်နေလေ့ရှိသည်။ ဦးအံ့မောင်၏ သားအကြီးအပေါ် အုပ်ထိန်းနိုင်မှု စွမ်းပကားသည်် ခပ်ပေါ့ပေါ့ ခပ်ပါးပါး ကျိုးလွယ် ပဲ့လွယ်သော သြဇာသက်ရောက်မှုလောက်သာရှိသည်။ အမေကလည်း ရောဂါသည် သမီးအကြီးကိုသာ တစ်နေကုန် ပြုစုနေရတော့ ကိုသက်နိုင် ဆေးစွဲကာ ဆေးသမား ဖြစ်သွားချိန်တွင် ဘယ်သူမှာ တားဆီးလို့ မရတောချေ။ ကိုသက်နိုင် ဆေးစွဲတော့ ရှစ်တန်းကျောင်းသား အရွယ်ပင် ရှိသေးသည်။

ကိုသက်နိုင် ရှစ်တန်းမှာပင် အဖေဆုံးသည်။ အဖေအသက်ရှင်စဉ်တုန်းက ရှာဖွေစုဆောင်ခဲ့သော ရတနာများ၊ အတွင်းပစ္စည်း အထုပ်အထည်များကို တဖြည်းဖြည်း ထုခွဲရောင်းချရကာ သားအကြီးက ဖြုန်းလိုက်၊ သမီးအကြီး ရောဂါအတွက် ဆေးကုလိုက်နှင့် မသက်တို့ မိသားစုတွင် ဝင်ငွေ မရှိပဲ တအိအိဖြင့် ဦအံ့မောင် ရှိစဉ်က အတိုင်း ဆက်လက် နေလာခဲ့ကြသည်။ ဘီးလုံးတို့သည် အရှိန်ရှိသည့်အခါ တစ်လိမ့် တစ်လိမ့်ဖြင့် သွားနေသော်လည်း အရှိန်ကုန်သည့် အခါတွင် ရောက်သည့်နေရာ၌ လဲကျတတ်လေသည်။ ဒေါ်သိန်တန်တို့ မိသားစု ဘီးလုံးသည်လည်း ဦးအံ့မောင်ရှိစဉ်တုန်းက အရှိန်ဖြင့် ဆက်လက်၍ လိမ့်ကာလိမ့်ကာ သွားနေသေးသော်လည်း အချိန်တန်လို့ အရှိန်ကုန်ကာ ပြိုလဲတော့မည့် အရိပ်အရောင်များ စတင်မြင်ရတော့သည်။

မိသားစု စားဝတ်နေရေးကျပ်တည်လာသည်။ မသက် အရွယ်ရောက်လာချိန်တွင် အိမ်သုံးစရိတ် ပိုမိုများပြားလာသည်။ အိမ်တွင်းပစ္စည်းများ တစ်စတစ်စနှင့် ပေါင်နှံရောင်းချလာခဲ့သည်မှာ ကုန်ခန်းလုနီးပါရှိပြီ။ မသက် ဆယ်တန်းရောက်သည်တွင် အမေ နောက်ထပ် အိမ်ထောင်ပြုခဲ့သည်။ ဆေးသမား လူရွယ်တစ်ယောက်၊ ရောဂါသည် မိန်းကလေးတစ်ယောက်၊ အထက်တန်းကျောင်းသားမောင် တစ်ယောက်နှင့် အပျိုဖြန်းအရွယ် မိန်ကလေးတစ်ယောက်တို့ ရှိသော မသက်တို့ အိမ်ပေါ်သို့ အမေသည် တစိမ်းယောကျင်္ားတစ်ယောက် ခေါ်တင်လာသည်။

အမေ မထိန်းနိုင်သော သားအကြီး ကိုသက်နိုင်ကို ထိန်းကွပ်နိုင်ရန် နှင့် မိသားစု စီးပွားရေး ကျောထောက်နောက်ခံ ရစေရန် ရည်ရွယ်ကာ အမေ နောက်အိမ်ထောင်ပြုခဲ့သည်။ သို့ရာတွင် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ရကာ အမေ့တွက်ဆချက်တို့ မှားယွင်းခဲ့သည်။ အမေနောက်အိမ်ထောင်ပြုပြီး တစ်နှစ်အတွင်းမှပင် ပထွေးလုပ်သူက စီးပွားရေး အရင်းအနှီးလိုသည်ဟုဆိုကာ အဖေထားခဲ့သော အိမ်နှင့်မြေကို ရောင်ချခဲ့သည်။ အိမ်နှင့် ခြံ တွင်နေရသော မသက်တို့ တိုက်ခန်းသို့ ပြောင်းနေကြရသည်။ အိမ်နှင့် ခြံ ရောင်းရငွေကို ပထွေးလုပ်သူက အုပ်စီးလျက် ခြေရာဖျောက် ထွက်ပြေးသွားသည်။ အမေ့ဘဝသည် မသေရုံ တမယ်သာ ကျန်တော့သည်။ သားသမီးတို့ အပေါ်တွင်လည်း အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည့် အပြင် ငွေးကြေးဥစ္စာတို့သည်လည်း ပြုတ်ပြုတ်ပြုန်း ပျက်ဆီးကုန်သည်။

ထိုအချိန်တွင် မသက်သည် ဆယ်တန်းကို နှစ်ကြိမ််ကျပြီးခဲ့လေပြီ။ မိန်းမတို့မည်သည် အဆင်းရှိတတ်ရာ၏ သို့တည်းမဟုတ် အရည်အချင်းသော်လည်း ရှိတတ်ရာ၏။ အဆင်း မရှိ၊ အချင်းလည်း မရှိသော မိန်မတို့သည်ကား ဖွဲစကွဲမျှသာ ဘာမှ အသုံးမဝင် တော့ဟု အမေကပြောလေ့ရှိသည်။ အဆင်းတည်းဟူသော ရုပ်ရည်ရူပကာသည် မသက်တွင် ရှိပါ၏။ အတန်းပညာက ဆယ်တန်းကို နှစ်ခါကျပြီးသည့် နောက်ပိုင်းတွင် ကျောင်းထွက်လိုက်သည်။
အသက် နှစ်ဆယ်ကျော် အရွယ် မသက်အတွက် အိမ်ထောင်ပြုရမည်လော။ သို့တည်းမဟုတ် အသက်မွေး ဝမ်းကျောင်းစရာ ပညာလေး တစ်ခုလောက်သင်ပြီး မိသားစုကို ထောက်ပံ့ရမည်လောဟု အနာဂတ်အတွက် စဉ်းစားစရာ အတွေးစများ တစစနှင့် လွန်ဆွဲ အားကောင်းလာသည့် အချိန်ကာလများလည်း ဖြစ်သည်။

အလုပ်အကိုင် ရှားပါးသော မြန်မာပြည် အနေအထားတွင် အရောင်းဝန်းထမ်းစာရေးမ အလုပ်တစ်ခုရဖို့ရန်ပင် မသက်အတွက် ခက်ခဲလှသည်။ ကိုယ့်တွင် ရှိသော ရုပ်ရည် ရှုပကာကို ငွေးကြေဖြင့် ဝယ်ယူလိုသူတွေလည်း တစ်ပုံတစ်ပင် ပင်။ သို့ရာတွင် မသက် ကိုယ့်ခန္ဓာကိုယ်ကို ထိန်းသိမ်းသည်။ ဆယ်တန်းမအောင်၊ ပညာသာ မတတ်ပေသည့် ညဏ်စွမ်း ညဏ်စ တို့ကို အသုံးချလျက် မိသားစု ဆင်းရဲကျပ်တည်မှ လွတ်မြောက်အောင် ကြိုးစားရမည်ဟု ကိုယ့်ကိုယ်ကို အားပေးထားသည်။ မြေနိမ့်ရာ လှံစိုက်လိုသူတွေက မသက်တို့ မိသားစုအပေါ် မျက်လုံး ဒေါက်ထောက်ကြည့်ကြသည် ကျားသတ္တဝါတို့ က သမင်ငယ်ဖြစ်သော မသက်ကို အသာငန်းငန်း ချောင်းမြောင်းနေကြသည်။ အကွက်ကောင်းကို ချောင်းမြောင်းကာ အာနည်းသူတို့အပေါ် အနိုင်ယူလိုကြသည့် ဥပဒေ အစိုးမဲ့သော လူ့အဖွဲ့အစည်းတွင် မသက်တို့ မိသားစု လူဖြစ်လာကြရသည်။

တစ်နေ့တွင် ရပ်ကွက်ထဲမှ နီးစပ်ရာ ပွဲစားမိန်းမလည်တစ်ယောက်မှ မသက်ကို ချဉ်းကပ်လာသည်။ မသက် နိုင်ငံခြား သွားချင်လျင် နည်းလမ်းတွေရှိကြောင်း၊ နိုင်ငံခြားတွင် အလုပ်လုပ်ပါက အဆင်ပြေကြောင်း စကားလမ်းပေး စပ်ဟပ်လာသည်။ မသက်သိသည်။ ဘန်ကောက်နိုင်ငံ၊ တရုတ်နယ်စပ် နိုင်ငံများသို့ မြန်မာပြည်မှ မိန်ကလေးများအား လူကုန်ကူးကာ ရောင်စားလေ့ရှိသည်ကို မသက် နားလည်ထားသည်။ မိန်းကလေးများအား အတင်းအဓ္ဓမ အနိုင်အထက်ပြုကာ ပြည့်တန်ဆာ လုပ်ခိုင်းကြသည်။ ထို့နောက် ထိုမိန်ကလေးများ အေအိုင်ဒီစက် ရောဂါများရလျက် မိဝေးဘဝေး တစ်ရပ်တစ်ကျေးတွင် မိမိတို့၏ မိဘ နာမည်ကို တလျက် အသက်ဆုံးရှုံးကျရသည်။ သို့အတွက် ထိုကဲ့သို့ နိုင်ငံခြားသွားမည်ဆို့လျင်တော့ မသက် ဘယ်တော့မှ နိုင်ငံခြားမသွားလို။ လူ့အခွင့်အရေး အပြည့်အဝ ပေးစွမ်းသော နိုင်ငံကြီးများဆိုလျင် သွားမည်ဟု ဆုံးဖြတ်ထားသည်။

“မသက်..ဘယ်လိုလဲ။ ညည်း နိုင်ငံခြား သွားချင်လား.. ငါ့မှာ အဆက်အသွယ်တွေရှိတယ်။ ညည်းလို ရုပ်ရည်မျိုးဆိုရင် အလုပ် ကောင်းကောင်းရမှာ အသေအချာပဲ”
“ရှင်ပြောတဲ့ အလုပ်တွေဆိုတာ ကျွန်မသိပါတယ်။ အဲဒီ အလုပ်မျိုးတွေနဲ့ ဆိုရင်တော့ ကျွန်မ မသွားလိုဘူး”
“ညည်း မိသားစုကိုလည်း ညည်းပြန်ကြည့်အုံးလေ..ညည်းတို့မှာ ဒီလောက် ငွေကြေးကျပ်တည်းနေတော..ဘယ်လိုအလုပ်မျိုး မဆို လုပ်မှပေါ့အေ…အခုဟာကလည်း ညည်းကို သဘောကျနေတဲ့ လူက ပိုက်ဆံ အများကြီးပေးမှာတဲ့ အေ့”
“ဟင့်အင်..ကျွန်မ အဲဒီလို အလုပ်မျိုးတော့ မလုပ်လိုဘူး..ကျွန်မ ခွန်အားတွေ အသိညာဏ်တွေ အသုံးချပြီး ကြိုးစားအလုပ်လုပ်တာမျိုး သဘောကျတယ်.”
“အမလေးဟယ်….ညည်း နဲ့ကျမှ အပြောရကျပ်လိုက်တာ..”
“ဟုတ်တယ်..ကျွန်မ သွားရမယ်ဆိုရင်တော့ အမေရိကန်လို နိုင်ငံမျိုးကို သွားမယ်. ဒါဆိုရင် ရှင်ပြောတဲ့ မဟုတ်က ဟုတ်က ပြည့်တန်ဆာ အလုပ်မျိုးတွေလည်း လုပ်စရာ မလိုတော့ဘူး”

မိညို (၃)


ထို့နောက် မိညိုအား ဦးလှမောင်တို့ အိမ်တွင် မတွေ့ရတော့ချေ။ ဦးလှမောင်ကို အမေမေးကြည့်တော့ ရွာ ခဏပြန်ပို့ထားသည်ဆိုသည့် အဖြေသာရသည်။ ဤသို့ဖြင့် မိညိုသည် ကျွန်တော်တို့ ရပ်ကွက်မှ နှစ်နှစ်ကျော်ခန့် ပျောက်သွားခဲ့သည်။ ရပ်ကွက်တကာ လှည့်လည်နေတတ်သော မိညိုအား ပုဏ္ဏာကုန်း၊ သေတ္တာဝင်း၊ ပေါက်ပေါက်တန်း စသည့် ရပ်ကွက်မှ လူများအကြားတွင် မေ့မေ့လျောလျော ဖြစ်လာသည်။ ဦးလှမောင်တို့သည် နေ့စဉ် ပုံမှန် လေဘေး အဝတ်များကို လျှော်ဖွတ်လုပ်ကိုင်ဆဲပင်။ ဒူးမှတ်ကြီး၊ လှိုင်ဘွားနှင့် ကျွန်တော်တို့ ကလေးတစ်သိုက်သည် ပုရစ်ပေါ်ချိန်တွင် ပုရစ်နိုက်မြဲ နိုက်လျက်၊ ညအချိန် တောက်တဲ့တို့ အော်မြည်သည့် အခါ မိုးလား၊ လေလားဟု တောက်တဲ့ ဗေဒင် ညစဉ် မေးတတ်ကြလျက် မေ့လွယ်ပျောက်လွယ် ကလေးဘဝကို ဖြတ်သန်းနေချိန်ဖြစ်သည်။ ဦးလှမောင် ကျွန်တော်တို့အိမ် လာသည့် အခါတွင် အမေသည်လည်း မိညို အကြောင်း စကားဝိုင်းထဲတွင် တစ်ခွန်းမှ မဟတော့။ အမေသည် မိညိုကလေး အပေါ် ခင်မင်ရင်းစွဲရှိပေသည့် လူစုံ ပြဿနာစုံလှသော ဦးလှမောင်တို့ အိမ်မှ အကြောင်းအရာများကို လိုအပ်သည့်ထက် ပိုမိုကာ စပ်စပ်စုစု မမေးမြန်းတော့ချေ။ တခါတရံ ကျွန်တော်တို့ အိမ် ပြောင်းဖူးများ ပြုတ်စားကြသည်တွင် ပြောင်းဖူး ကြိုက်တတ်သော မိညိုကို သတိရမိတတ်သေးသည်။

အချိန် နာရီ စက္ကန့်တို့သည့် တရွေ့ရွေ့ တဖြည်းဖြည်းနှင့် သွားနေသည်ဟု ထင်ရပေသည့် နောက်ပြန်ဆုတ်တတ်သည့်၊ ရပ်တန့်နေတတ်သည့် ဖြစ်စဉ်များ မဟုတ်ကြချေ။ ရာသီစက်ဝန်းသည်လည်း နွေမှ မိုး၊ မိုးမှ ဆောင်း အလီလီ ပြောင်းသွားခဲ့သည်။ အိမ်အနားမှ ကုက္ကိုလ်ပင်ကြီးတွင် တောက်တဲ့တို့ စီးပွားလာကြသည်။ တောက်တဲ့ အကောင်ရေ တိုးလာသည်။ ရပ်ကွက်ထဲမှ လူဟောင်းအချို့ ရပ်ကွက်ကို စွန့်ခွာကာ မြို့သစ်သို့ ပြောင်းသွားကြသည်တွင် လူသစ်များ အစားထိုးဝင်ရောက်လာသည်။ အဖေ နာမည် ပေးထားသော မိုရှိဒါရန်းဆိုသည့် ခွေးမသည်ပင် ခွေးသားပေါက် တစ်သိုက်နှင့် လမ်းထဲ၌
တရုံးရုံးဖြစ်နေသည်။ ရပ်ကွက်ထဲတွင် မွေးခါစ ကလေးငိုသံတို့ ဟိုတစ်စ ဒီတစ်စ ပျံ့လွင့်လာတတ်သည်။ အိမ်ရှေ့က မြောင်းထဲတွင် ဗေဒါပင်တို့ ပြည့်နှက်လျှံတက်နေကြသည်။ မြောင်းငါးတို့ ပျော်ရွှင်မြူးတူးစွာ သားပေါက်ကြသည်။ ဤကမ္ဘာကြီးသည် အစစ အရာရာ စည်ပင်ပွားများနေသော လောကကြီးဖြစ်သည်။

နွေကာလ နေ့တစ်နေ့၏ သစ်သားစို အနံ့များ မွန်ထုံနေသော သေတ္တာဝင်း၏ လမ်းမထဲတွင် ကျွန်တော်တို့ တစ်တွေ ကျီသားရိုက်တန်း ကစားနေကြချိန်၌ ထီးနက်ကို ဆောင်းလျက် ပူပြင်းလှသောနေရောင်ကို အံတုလာနေသော ဦးလှမောင်နှင့် သူ့နောက်တွင် ခြေလှမ်းမှန်မှန် လိုက်လာ သော မိညိုကို တွေ့လိုက်ရသည်။ တကယ်တော့ သူမ အသွင်အပြင်သည် မိညိုကြီး လို့ သမုတ်ရမည့် ပုံပင်။ အဘယ်ကြောင့် ဆိုသော် မိညိုသည် သူမနှင့် အတူ သူမ၏သားကလေးပါ တစ်ပါးတည်း ခေါ်ယူလာခဲ့သည်။ ဟိုရင်အခါ ရွာက ခေါ်လာကာစ မျက်လုံး ညိုပြာညက်နှင့် ပျိုရွယ်စ မိညိုသည် ယခုအခါမှာတော့ ပြည့်ပြည့်ဖြိုးဖြိုး ကြီးရင့်သည့် အသွင်ကို တွေ့ရသည်။ အရင်တုန်းက ဂျစ်တီးဂျစ်ကန်၊ အရာရာကို တွန်းလှန် ပုံကန်မည့် ဟန်ရှိခဲ့သော မိညိုကို အခု ပြန်တွေ့တော့ ခေါင်းငိုက်စိုက်လျက် လောကဒဏ်ကို ပြည့်ပြည့်ဝဝ ခံစားခဲ့ရသည်ထင့်။

ဘာပဲပြောပြော အဲဒီလိုနဲ့ပဲ မိညို ဦးလှမောင်တို့ အိမ် ပြန်ရောက်လာခဲ့သည်။ သူမနဲ့ အတူ သူမသားလေးပါ အဆစ်ပါလာခဲ့သည်။ ကျွန်တော်တို့ ရပ်ကွက်သည် မိညိုကို ကြိုဆိုမြဲ ကြိုဆိုလျက် ရှိသည်။ အချိန်နာရီတို့ တိုက်စားမှုအောက်တွင် မေ့မေ့လျော့လျော့ ရှိခဲ့ ကြသော်လည်း ယခုတဖန် ပြန်လည်တွေ့သည့် အခါ ယခင်ကကဲ့သို့ ဂရုတစိုက် ရှိကြသည်။ ဟော..အခု သားကလေးပါ အဆစ်ပါလာတယ် ဆိုတော့ ပိုပြီး မိညို၏သားကလေးကို ပါ ဂရုတစိုက် စောင့် ကြည့် ကြသည်။ အချိန်တန်တော့လည်း သူကလေးသည် ကျွန်တော်တို့ ရပ်ကွက်၏ ရှေ့မှောက်တွင် တဖြည်းဖြည်း ကြီးပြင်းလာခဲ့သည်။

မိညိုကို ရပ်ကွက်က မိညိုဟု သိထားကြသည်။ အခု မိညိုရဲ့သားကြတော့ မိညိုသားဟုပင် ခေါ်ကြသည်။ သူ့သားကို နာမည်မပေးရသေးချေ။ မိညိုကို ခင်မင်မြဲ ခင်မင်လျက်ရှိသော အမေသည် မိညို သားလေးရလာတော့ သူ့သားလေးကိုပါ ခင်မင်ရသည်။

မိညိုသားသည် မျောက်ရှုံးအောင် ခုန်ပေါက်ဆော့သည်။ အိမ်လည်း မကပ်။ အမေဗီဇ ပါသည်ထင့်။ ဟိုအရင်တုန်းက ဒေါ်သိန်းတန်သည် မိညို ကို အိမ်ပြန်မိုးချုပ်လို့ ရပ်ကွက်တကာလှည့် လိုက်လံရှာခဲ့ရသည်။ အခု မိညို ဝဋ်လည်ပြီ။ မိညိုကိုယ်တိုင် ရပ်ကွက်တကာ၏ လမ်းထောင့်များတွင် သူမသားအား တကြော်ကြော် ဟစ်အော် ရှာဖွေသံကို ညနေတိုင်းတွင် ကြားရတတ်သည်။ သူမသားအား ရုတ်တရက် ခေါ်လို့မရတတ်သည့် အခါများတွင် သူမ၏ အော်ခေါ်သံတို့သည် ငိုသံများ ပါနေတတ်သည်။ မျက်ရည်တစ်ရွှဲရွှဲနှင့် စိတ်လွယ်သော မိညိုကို ရပ်ကွက်ထဲမှလူအားလုံးက စုပ်တသပ်သပ်နှင့် သနားဂရုဏာလည်း ဖြစ်ကြသည်။

ကျွန်တော်သည် မိခင်၏ မေတ္တာကို မိညိုနှင့် ပတ်သက်ပြီး နားလည် ခံစားခဲ့ရသည်။ ပါးပြင်တွင် မျက်ရည်စီးကြောင်းတို့ ယိုစီးကြလျက် သားပျောက်ကို ရှာဖွေနေလေ့ရှိသော မိညိုကို တွေ့တိုင်း ရင်နင့်အောင် ခံစားရသည်။ သူမ၏ ဝမ်းနည်းမှုသည် တပါးသူတို့ကို ကူးစူးတတ်လေ့ရှိသည်။ မိခင်တို့သည် သားသမီးတို့နှင့် ပတ်သက်ပြီး ပူပင်သောကများကြရသည်။ ငယ်ရွယ်သူ ကလေးတို့သည်ကား နားမလည် တတ်သေးချေ။ သူရို့အား စကားလုံးများဖြင့် မိဘမေတ္တာအား နားလည်အောင် ပြောပြခြင်းသည် အရာရောက်မည် မဟုတ်။ မိဘများ ကိုယ်တိုင် မေတ္တာပြ အမူအရာ၊ အတုယူစရာ စံနမူုနာများ လုပ်ဆောင်ပြသခြင်းဖြင့်သာ ကလေးများအား မိဘ၏ မေတ္တာ နားလည် သဘောပေါက်စေသည်။ မေတ္တာသည် နူညံသိမ်မွေ့သည့် သဘောကို ဆောင်သည့် အတွက် နူညံသိမ်မွေ့စွာ ပြုမူပြောဆို ဆက်ဆံသင့်ပေသည်။

ငယ်ရွယ်စဉ် အခါက နှလုံးသားကို နက်ရှိုင်းစွာ ထိတွေ့ခဲ့သော အဖြစ်အပျက် အကြောင်းအရာတို့သည် ကြီးလာသည်အထိ စွဲမြဲနေတတ်သည်။ မိညိုသည် နမ(နွားမ) ကလေး တစ်ကောင်သာ ဖြစ်သည်။ တိရိစ္ဆာန်တစ်ကောင်သာ ဖြစ်ပေသည့် သူမတွင်ခံစားချက် ရှိသည်။ လူတွေကဲ့သို့ မေတ္တာတရားလည်း ရှိသည်။ နှလုံးသားပူဆွေးသောကရောက်လျက် မျက်ရည်စီးကြောင်းတို့ဖြင့် သားပျောက်ရှာနေရသော မိညို၏ အော်သံ ခေါ်သံတို့သည် ယနေ့ထက်တိုင် ကျွန်တော့် အာရုံအထဲတွင် စွဲမြဲနှစ်ဝင်လျက် ရှိသည်။

မိညို ကဲ့သို့ပင် မျက်ရည်စီးကြောင်းတို့ဖြင့် ပြည့်နက်နေတတ်သော အခြား အခြားသော နွားများအား လည်း တွေ့ဖူးခဲ့ပါသည်။ ထိုစဉ်က သူရို့အား သားသတ်ရုံသို့ ခေါ်ဆောင်သွားကြသည်ကို တွေ့ရှိခဲ့ဖူးသည်။ အသားစားကျုးသော လူတို့အတွက် သူရို့၏ အသွေး အသား အသက် နှင့် ခံစားမှုအားလုံးတို့ ကို ပေးဆပ်ကြရသည်။ သူရို့၏ အသွေးအသားနှင့်အရိုးတို့သည် ထမင်းစားပွဲရှေ့သို့ ရောက်သောအခါ နာကျင်စွာ ငိုကြွေးသံ၊ နာကျည်းစွာ ဟစ်အော်သံတို့သည် တိတ်ဆိတ်နေတော့သည်။ သို့တည်းမဟုတ် သူရို့၏ အော်သံများက လူသားတို့ နားဖြင့် မကြားနိုင်တော့သည် အထိ တိုးတိတ်သွားသည်လော မပြောတတ်ချေ။ အကယ်၍သာ ထိုအသံတို့အား လူသားတို့သာမန်နားဖြင့်ကြားနိုင်စွမ်းရှိပါက သူရို့၏ အသွေး၊ အသား၊ အရိုးတို့ဖြင့် ပွဲတော်တည်သော ထမင်းစားပွဲများပေါ်ထိ ဆူညံစွာဟစ်အော်နေပေလိမ့်မည်။

လူသားတို့၏ စိတ်ဝိဉာဉ် သည်ကာ ရုန်းကန်ရှင်သန် အသက်ဆက်ရေးအတွက် တပါးသူတို့၏ အသွေးအသားတို့ဖြင့် အသက်ဆက်ရှင်သန်ရသည် ဟူသော အတွေးအခေါ် အယူအဆတို့ဖြင့်လွှမ်းမိုးထားသည်။ လူတို့၏ အစားအစာရွေးချယ်မှုတို့သည် မိမိတို့၏ အာသီသ တပ်မက်သည့် အပေါ်အခြေခံလေ့ရှိကာ အသွေးအသားတို့ကို မှီဝဲစားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကလပ်စည်းတို့ကိုလည်း အလွယ်တကူ ပျက်ဆီးစေလေသည်။ နိုင်ရာ စား လောကကြီးတွင် တစ်ဦးကို တစ်ဦး ဆင့်ကဲဆင့်ကဲ စားသုံးကြခြင်းဖြင့် ခန္ဓာကိုယ်ကို တည်ဆောက်ကြလေသည်။

ဤကမ္ဘာကြီးတွင် မိညိုကဲ့သို့ မိဘမေတ္တာ အခြေခံလျက် သားသမီးတို့အတွက် ငိုကြွေးကြရသော မိခင်များ၊ လူတို့၏ ရက်စက်တတ်သော စိတ်နှလုံးဖြင့် တစ်ပါးသူတို့အား အလွယ်တကူ သတ်ဖြတ်ခြင်းများ ပပြောက်သွားပါစေလို့ ဆုတောင်းပေးပါသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း