Showing posts with label vividmemory. Show all posts
Showing posts with label vividmemory. Show all posts

ထုံးကုံးသူကို ပြောပေးပါ (၃)


အေးအေးမာကတော့ ရှေ့မှာ ထိုင်လျက် ဘကောင်းဘက်လှည့်ပြီး ခဲတံ သို့မဟုတ် ပေတံ ငှားသလိုလိုနှင့် ဘကောင်းတွက်ပြီးသမျှ အဖြေများကို လှည့်ကာ လှည့်ကာ ကြည်လေ့ရှိသည်။ ပြီးတော့ ငှားထားသည့် ခဲတံ၊ ပေတံတို့ကို ပြန်ပေးဖို့ သတိမရတော့။ သူမ အကျင့်က အဲဒီလို။

အခုလည်း ဘကောင်းသချင်္ာတွက်ပြီးတော ပုံဆွဲဖို့ ခဲတံလိုက်ရှာတော့ ဘယ်မှ ရှာလို့ မရ။ ခုံအောက် ငုံ့ကြည့်သည်။ မတွေ့။
ငတော် ကို လှည့်ကာ မေးကြည့်ရသည်။
“ငတော်..ငါ့ခဲတံ ယူထားလား”
“ငါ မယူထားဘူး”
ငတော်ကတော့ ညာမပြောတတ်။ ဘကောင်း တစ်လောကလုံးကို တရားခံစစ် စစ်သလို လိုက်မေးရတော့မည်။ ခုံအောက်မှာ မရှိတာလည်း အသေအချာ။ နံဘေးက ခုံအောက်တွေပါ အကုန် ရှာကြည့် ပြီးပြီ။ ဘကောင်း စိတ် နည်းနည်း တိုလာသည်။ ဘယ်နဲ့ ဒီခဲတံက ဘယ်ကို ရောက်သွားရပြန်တာတုံး။
“လှိုင်ဘွား မင်း ငါ့ခဲတံ ယူထားသေးလား”
လှိုင်ဘွားသည် ခေါင်းသာ ရမ်းပြနိုင်တော့သည်။ သူ့တွင် အခုထိတိုင်း သချင်္ာပုစ္ဆာတွေက တွက်လို့ မပြီးနိုင်သေး။ ဘကောင်းတို့သူငယ်ချင်း အုပ်စုတွင် လှိုင်ဘွားသည် ဉာဏ်ထိုင်းအထိုင်းဆုံး။ ခေါင်းသာ ရမ်းပြနိုင်သော လှိုင်ဘွားက ရှေ့တွင် ထိုင်နေသော အေးအေးမာ နောက်ကျောကို တချက်လှမ်းကြည့်လျက် မေးတချက်ငေါ့ပြသည်။ သဘောကတော့ အေးအေးမာ ယူထားနိုင်သည်ပေါ့။

ရှေ့တွင် ထိုင်နေသော အေးအေးမာကို လှမ်းကြည့်လိုက်တော့ တွေ့ပါပြီ။ အလဲ့ သူမက ဘကောင်း ခဲတံနှင့်ပင် သချင်္ာတွေ အသေအချာ တွက်နေသည်။ ဘကောင်း စိတ်က နဂိုကတည်းက မြန်ပါဘိနဲ့။ သူ့ခဲတံကို အေးအေးမာယူပြီး သုံးနေတာ မကြိုက်။ စိတ်တိုသွားသည်။
“အေးအေးမာ..ငါ့ခဲတံ ပြန်ပေး..အဲဒါ ငါ့ခဲတံ…နင်ငါ့ခဲတံ ခိုးထားတယ်”
နောက်ကနေ ဘကောင်းက လှမ်းပြောတော့ အေးအေးမာ ရုတ်တရက် ကြောင်အမ်းအမ်းဖြစ်သွားသည်။ ပြီးတော့ သူ့ကို လည်း ခဲတံ ခိုးထားတယ်တဲ့။ အဆုံးအစမရှိ ဗြုန်းကနဲ လှမ်းပြောပြီး စွတ်စွတ်စွဲစွဲ။ အေးအေးမာကို ဒါမျိုး လာပြောလို့ကတော့ အခြားလူဆိုဘယ်ရမလဲ။ အေးအေးမာ နူတ်က တစ်ခါတည်း ပြန်ပက်ထဲ့လိုက်မှာ။ ဒါပေမယ့် ဘကောင်းကိုတော့ အေးအေးမာ ရှိန်သည်။ ရှိန်တာထက် ပိုပြီးတော့ ခင်တွယ်မှုကပိုများသည်။
“ရော့..နင့်ခဲတံဆို ပြန်ယူ. ငါ့ ခုံအောက်က ကောက်တွေ့တာ။ နင့်ခဲတံမှန်း မသိလို့”
အေးအေးမာ နောက်လှည့်ပြီး ဘကောင်းကို ခဲတံပြန်ပေးသည်။ သို့သော် ဒီလို အလွယ်တကူနှင့် ဘကောင်း မကျေနပ်နိုင်။
“နင် ခိုးထားတာပါ…သူခိုး..နင် သူခိုး”
“ငါ မခိုးဘူး…ငါကောက်ရတာ”
“မဟုတ်ဘူး..နင်သူခိုး…သူခိုး..”
ကျူရှင် မလာခင် ကတည်းက မကျေမနပ်ဖြစ်နေသော ဘကောင်း။ အခု အကွက်တွေ့သည်နှင့် အေးအေးမာကို ပြန်ပြီး ကလဲစား ချေတော့သည်။
အေးအေးမာ ဘာမှ ဆက်မပြောတော့။ ရှေ့ပြန်လှည့်သွားပြီး ခေါင်းငုံ့ကာ အခြားခံတံ တစ်ချောင်းဖြင့် သချင်္ာဆက်တွက်နေသည်။ ဒါပေသည့် ဘကောင်း၏ စကားသံက ရပ်မသွား။
နောက်တွင် ထိုင်လျက် တိုးတိုး တိုးတိုးနှင့် ကဗျာရွတ်သလို့ မပြတ်တမ်း ရွတ်နေတော့သည်။
“သူခိုး.. ဓါးမြ..သူခိုး.. ဓါးမြ…သူခိုး…ဓါးမြ….”
အေးအေးမာကို သူခိုးဟု စွတ်စွဲရတာ အားမရတော ဓါးပြဟုပါ ထည့်ပြီး စွတ်စွဲတော့သည်။

ငတော်သည် ပြဿနာထဲ ဝင်မပါရဲ။ ဘေးတွင် အသာအယာကုတ်လျက် ဘကောင်း၏ သီးချင်းညည်းသလို ယိုးစွတ်သံကို နားထောင်နေသည်။ လှိုင်ဘွားကတော့ တချက် ခေါင်းထောင်ကြည့်သည်။ ပြီးတော့ ခေါင်းတစ်ချက် ကုတ်ကာ သချင်္ာဆက်တွက်နေသည်။ သူကပဲ ဘကောင်းရဲ့ ခဲတံကို အေးအေးမားထံလှမ်းကြည့်ဖို့ မေးငေါ့ပြခဲ့တာ မဟုတ်လော။ အခု ခဲတံပြန်တွေ့တော့ သူ့တာဝန် ပြီးပြီ။ ကျန်တာ သူနဲ့ မဆိုင်တော့။သချင်္ာပြီးအောင် တွက်ဖို့ အရေးကြီးသည်။

အေးအေးမာ ငိုလေပြီ။ ရှည်ရှည် သွယ်သွယ် သူမပခုံးပြင်ကလေးသည် တသိမ့်သိမ့် လှုပ်ကာလှုက်ကာ တုန်ခါနေတော့မှ အေးအေးမာတစ်ယောက် ငိုနေမှန်း ဘကောင်း သိတော့သည်။ အိ ကနဲ ရှိုက်သံက တိုးတိတ် ညင်သာစွာ တစ်ချက်တစ်ချက် ထွက်လာသည်။ မျက်ရည်ပေါက်သေးသေးသွယ်သွယ်တို့က ဖြူဖြူဖွေးဖွေးစာရွက်တို့ အပေါ် အသာအယာ စီးဆင်းကျနေသည်။ အေးအေးမာက ငိုတာတောင် အသံကျယ်ကျယ်လောင်လောင်နှင့် ဗြဲကနဲ မငို။ မိန်းကလေး ပီသစွာ အသာအယာငိုသည်။ လက်ဖမိုး ညိုညိုဖြင့် မျက်ရည်စတို့ကို သုတ်သည်။

အေးအေးမာရဲ့ငိုသံကြားတော့မှ ဘကောင်းအသံတိတ်သွားသည်။ သို့သော် စူစူပုတ်ပုတ်နှင့် မကျေမနပ်ဖြစ်နေသော ဘကောင်းမျက်နှာကတော့ ပြော့ပြောင်းမသွားသေး။ အေးအေးမာ ငိုတော့ ထို ခဲတံဇာတ်လမ်းက ထိုမှာတင် အဆုံးမသတ်သွား။
“အေးအေးမာ..ဘာလို့ ငိုနေတာလဲ”
ကြီးကြီးရဲ့ အသံက ဘကောင်းတို့ ထိုင်နေသည့် ခုံနောက်မှ စူးစူးရှရှ ထွက်ပေါ်လာသည်။ ကြီးကြီးရဲ့ မေးခွန်းကြောင့် ကျူရှင်ခန်းထဲတွင် ထိုင်နေသာ ကျောင်းသူကျောင်းသား အားလုံး ၏ မျက်လုံးက အေးအေးမာဆီ စုပြုံရောက်သွားကြသည်။ တစ်ခန်းလုံး တိတ်ဆိတ်သွားလျက် ကြီးကြီးကို လှမ်းကြည့်လိုက်ပြီး အလိုက်တသိ ကိုယ်စီ ခေါင်းကို အတတ်နိုင်ဆုံး ပုဝင်ထားကြသည်။ မကြောက်ကြပဲ နေမလား။ ကြီးကြီးလက် ထဲမှာ ရိုက်ဖို့ ကြိမ်လုံးက အဆင်သင့် ကိုင်ထားတာကိုး။ ပြီးတော့ ကြီးကြီးပုံစံက အေးအေးမာ ငိုနေသည့် ကိစ္စကို အသေအချာဖြေရှင်းတော့မည့်ပုံ။
“အေးအေးမာ..ဘာလို့ ငိုနေတာလဲ..ကြီးကြီးမေးတာ ဖြေလေ”
ကြီးကြီးထံမှ ဒုတိယအကြိမ် မေးခွန်းထွက်လာတော့ ရှိုက်ငိုနေသော အေးအေးမာ အသံတိတ်သွားသည်။ မျက်ရည်စတို့ဖြင့် ဝင်းလက် စိုစွတ်နေသော မျက်လုံးဝိုင်းဝိုင်စက်စက်တို့သည် ကြီးကြီးကို အားကိုးတကြီးကြည့်လိုက်သည်။
“ဘကောင်းက သမီးကို သူခိုးလို့ ခေါ်လို့”
မျက်ရည်တို့ စိုရွှဲနေသော သူမ၏ နူတ်ခမ်းတို့သည် ငိုရှိုက်သံတို့ဖြင့် မဲ့ကာရွဲ့ကာ တွန့်လိမ်လျက် ကြီးကြီးကို တိုင်းတန်းတော့သည်။
သည်တော့မှ ကြီးကြီးမျက်လုံးက ဘကောင်းဆီရောက်သွားသည်။ ခေါင်းငုံ့ကာ သချင်္ာစာအုပ်ကို ရည်ရွယ်ချက်မရှိ ဟိုလှန်ဒီလှန်ဖြင့် ကိုယ့်အပြစ်ကို ကိုယ်သိသော ဘကောင်းက ကြီးကြီး မျက်နှာကို မကြည့်ရဲ။ ဤသည်ကိုက ဘကောင်း သူ့အပြစ်ကို ဝန်ခံပြီးဖြစ်သည်။
“ဘကောင်း..”
လေသံနည်းနည်းမာလာသော ကြီးကြီး ခေါ်သံကြောင့် ဘကောင်း ခေါင်းမော့လာသည်။ မျက်လုံး ပေကလပ် ပေကလပ် မျက်နှာ ငယ်ငယ်ဖြင့် ဘကောင်းမျက်နှာက အသနားခံသည့်ပုံ။ သို့မဟုတ် အယူခံဝင်မည့်ပုံ။
သို့သော် ကြီးကြီး၏ မျက်နှာထားက တင်းတင်းနှင့် စီရင်ချက် ချမည့် တရားသူကြီး၏ အသွင်။
“ဘကောင်း….အေးအေးမာကို ဘာလို့ သူခိုးလို့ ခေါ်တာတုံး”
“သူက ကျွန်တော့် ခဲတံကို ခိုးထားလို့”
“သမီး မခိုးထားဘူး ကြီးကြီး. ခုံအောက်က ကောက်တွေ့ထားတာ..အဲဒါ…သူက သမီးကို သူခိုး ဓါးမြ လို့ ခေါ်နေတာ”
ကြီးကြီးရှေ့မှာ အေးအေးမာက မခံ။ ကြီးကြီးရှေ့တွင် ဒီလို ယိုးစွတ်တာကိုတော့ ခေါင်းငုံ့မခံတော့။

စမြိတ်ခုံ ရွာသူတို့သည် ငရုတ်သီးကြော်တွေ စားပြီး နုတ်သီးကောင်း လျှာကောင်း ကက်ကက်လန်တွေချည်လား မသိ။ ဘကောင်းတစ်ယောက် ထိုကဲ့သို့ စမြိတ်ခုံ ရွာသူနှင့် အပြိုင် ကြီးကြီးရှေ့တွင် ဖြေရှင်းချက်တွေ ထုတ်မနေချင်။ နဂိုကတည်းကမှ ဘကောင်း၏ ဆန္ဒက အေးအေးမာအပေါ် အနိုင်ရဖို့ပင်။ အေးအေးမာငိုခဲ့သည်။ ထို့ကြောင့် ဘကောင်း အေးအေးမာ ပေါ် အနိုင်ရခဲ့ပြီဟု ထင်သည်။ သို့သော် ကြီးကြီးတစ်ယောက် စာသင်ခန်းထဲတွင် ရှိနေသည်ကို ဘကောင်း သတိမရ။
“သူက မခိုးထားတာကို နင်က ဘာလို့ သူများကို သူခိုး ဓါးမြလို့ ခေါ်ပြီး ရိုင်းပြရတာတုံး..လက်ဖဝါးဖြန့်စမ်း”
ကြီးကြီး၏ ကြိမ်တော်က ဘကောင်း၏ လက်ဖဝါးပေါ် တဖြန်းဖြန်းနှင့် ကျလာသည်။ ထိုကြိမ်သံနှင့် အတူ ဘကောင်း၏ မျက်နှာမှ မျက်ရည် မျက်ပေါက်တို့ ပြိုးပြိုးပြိုက်ပြိုက် အပြိုင် ကျဆင်းလာသည်။ ထို့အပြင် တစ်ခန်းလုံး ကြားလောက်အောင် တစ်ဗြဲဗြဲ နှင့် ဘကောင်း၏ ငိုသံကလည်း အေးအေးမာ၏ ငိုသံကို တိတ်စေသည်။ ဗုံလုံးတစ်လှည့် ငါးပျံတစ်လှည့် ပင်။ ဘကောင်း အေးအေးမာကို ငိုအောင် လုပ်ခဲ့သည်။ အခုတော့ ဘကောင်းအလှည့်ပေါ့။ အေးအေးမာ ငိုတုန်းက တိုးတိုးတိတ်တိတ်နှင့် ညင်ညင်သာသာ ရှိသလောက် ဘကောင်းငိုတော့ တစ်ခန်းလုံးကြားစေလျက် အုန်းဆံနေအောင် ငိုသည်။

ဘကောင်း ငိုတော့ အေးအေးမာ လည်း စိတ်မကောင်း။ ညိုးငယ်သော မျက်နှာကလေးဖြင့်သာ ဘကောင်းကို လှည့်ကြည့် နိုင်သည်။ တစ်ခန်းလုံးကလည်း တိတ်ဆိတ်စွာပင် ဘကောင်းကို အသာအယာ ဝိုင်းကြည့်ကြသည်။ ငတော်နှင့် လှိုင်ဘွားတိုလည်း ငြိမ်ကုတ်နေကြသည်။ စကားတစ်ခွန်းမျှ ဟဟ မဆိုရဲ။ ဘကောင်း၏ ဘေးတစ်ချက်တွင် ခေါင်းငုံ့ကာ သချင်္ာစာအုပ်ထဲတွင် အာရုံစိုက်လျက် သချင်္ာတွက်နေသယောက် ဟန်ကိုယ့်ဖို့ကြသည်။

ဘကောင်းတစ်ယောက် တစ်ကယ်တန်း ငိုရှိုက်ရပြီးဆိုတော့ ပါးစပ်ကလေး ဟလျက် အသက်ဝအောင် ရှုရသည်။ မျက်ရည် မျက်ပေါက်တို့ကို လက်ဖမိုးဖြင့် သိမ်းနိုင်သလောက်သိမ်းကာ လက်ချောင်းတွေ အကြားမှ ဘယ်သူတွေ သူ့ကို ဝိုင်းကြည့် နေသလဲဟု အကဲခတ်ရသေးသည်။ အလိုလေး.. တစ်ခန်းလုံး ဝိုင်းကြည့် နေကြပါလား.။ အတန်းသူ အတန်းသားတွေ ရှေ့တွင် ငိုရတော့ အလွန် ရှက်သည်။ သို့သော် ကြီးကြီး ရိုက်တော့လည်း ဝမ်းနည်းစိတ်ဖြင့် ငိုရသည်။ ကိုယ့်ကိုယ်ကို အပြစ်သား ပမာ အားလုံးရှေ့တွင် ရှက်ရွံမိသည်။ စာပွဲပေါ်တွင် တင်ထားသော ခဲတံကလည်း ဘကောင်းကို လှောင်ပြောင် နေသလို့ပင်။ ယုတ်စွအဆုံး ထို အသက်မဲ့သည် ခဲတံကလေး တစ်ချောင်းကိုပင် ဘကောင်း မကြည့်ရဲ။ ဖြစ်နိုင်လျှင် တစ်ကိုယ်လုံး မြေလျှိုးပြီး နေလိုက်ချင်သည်။ ထိုခဲတံ ပင် မကတော့ ဘကောင်း၏ ပုံဆွဲစာအုပ်ထဲမှ ဓါးကိုင် သူရဲကောင်းတို့ကပင် ဘကောင်းကို ရှုတ်ချနေသည်ဟု ထင်သည်။ အရာရာသည် မလှပတော့။ မငိုအောင် ကိုယ့်ကိုယ်ကို ကြီးစားပြီး ထိန်းသည်။ သို့သော် ဝမ်းနည်းသည့် စိတ်အာရုံကို ကျော်လွန် အနိုင်ရအောင် မလုပ်နိုင်။ ရှိုက်သံတို့သည်သာ အဆက်မပြတ်ထွက်နေသည်။ ငိုရှိုက်ရသဖြင့် အသက်ရှုမဝဖြစ်ကာ ပါးစပ်ဟလျက် ကြိုးစားပြီး အသက်မှန်အောင် ရှုသည်။ ဘကောင်း၏ ငယ်ရွယ် နုနယ်သည့် နှလုံးသားတွင် ဆူးတောင်လေး တစ်ချောင်း မသိလိုက် မသိဘာသာ စိုက်ဝင်သွားသည်။ ငိုရှိုက်သံတို့ဖြင့် အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်တိုင်း ဆူးတောင်လေးသည် နှလုံးသားထဲတွင် ပိုမိုနစ်ဝင်သွားတော့သည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကြီးကြီးသည် အပြစ်ရှိသည့် ကျောင်းသူ ကျောင်းသားတို့၏ လက်ဖဝါးကို ကြိမ်ဖြင့် ရိုက်ကာ ဆုံးမသည်။ မိန်းကလေး တစ်ယောက်အပေါ် ရင့်သီး ရိုင်းပြသော စကားလုံးတို့ဖြင့် ရိုင်းစိုင်းခဲ့သော ဘကောင်း၏ ငယ်စဉ်တုန်းက အပြစ်တို့အား ကြီးကြီးက ရိုက်နှက်ကာ ပြစ်ဒဏ်ပေးခဲ့သည်။ သို့ရာတွင် ထိုစဉ်တုန်းက ဆူးတောင်ကလေးတစ်ချောင်း ဘကောင်း၏ နှလုံးသားထဲတွင် ထိုးထွင်း ပေါက်ရောက်ခဲ့သည်ကို ကြီးကြီးမသိခဲ့ချေ။ အေးအေးမာလည်း မသိ။ ငတော် နှင့် လှိုက်ဘွားတို့လည်း မသိခဲ့ကြချေ။

အသိတရား၊ ဉာဏ်ပညာ၊ ဝေဖန်သုံးသပ်နိုင်မှု၊ တာဝန်ယူနိုင်စွမ်းသော သတ္တိခွန်အားတို့သည် အချိန်အခါ တို့ ပြောင်းလဲလာသည်နှင့် အမျှ ရင့်သန် ခိုင်မြဲလာသော သဘောတရားရှိကြသည်။ ပြီးခဲ့သည့် အကြောင်းအရာတို့ကို လက်ရှိပစ္စုပ္ပန် ဝေဖန်သုံးသပ်နိုင်စွမ်းတို့ဖြင့် ပြန်ပြောင်း လေ့လာသုံးသပ်မိလျှင် ချို့ယွင်းချက်၊ ဟာကွက်၊ အမှားပေါင်း မြောက်မြားစွာတို့ကို တွေ့ရတတ်လေ့ရှိသည်။ ဤသည်ကား လူတို့ ဖြစ်တည်မှု ၏ တစ်စိတ် တစ်ဒေသပင်။ ၄င်းတို့ကို မသိလိုက် မသိဘာသာ အလိုက်သင့် စီးမျှော သွားစေလျက် ဘဝ စက်ယန္တရား ကို ပုံမှန် မောင်းနှင် သွားတတ်ကြသူများ ရှိသည်။ သို့သော် ညဉ့်နက်သန်းခေါင် အိပ်မက်မှ ရောင်ရမ်း နိုးထကာ လရောင်ကို မျှော်ကြည့်သူ တစ်ယောက်အတွက် ငယ်စဉ်တုန်းက ပြောခဲ့မိသော ရိုင်းပြသည့် စကားတစ်ခွန်းအပေါ် မှီတွယ် စွဲလန်းနေဆဲပင်။ ပြောခဲ့မိသော စကားတို့အပေါ် ရှက်ရွံနေဆဲ။

ထို ထုံးကုံးသူမ အခု ဘယ်များ ရောက်နေသည် မသိချေ။ အိမ်ထောင်တွေကျကာ သားသမီးတွေ တစ်စုနှင့် မိန်းမကြီး ပုံစံများ ဖြစ်နေလိမ့်မလား။ သို့တည်းမဟုတ် ပညာတတ် သူမကြီးဖြစ်ကာ နိုင်ငံတစ်ကာတွင် အများသူငှာနှင့် ရင်ဘောင်တန်းကာ မော်မော်ကျော့ကျော့ ဖြစ်နေမလား။ မည်သို့ပင် ဖြစ်စေကာ သူ့တွင် သူမအား ပြောပြစရာ စကားရှိခဲ့သည်။

အကယ်၍သာ ဤညဉ့်နက်သန်းခေါင် လေဆိုင်တို့ ခရီးတစ်ခေါက် ကြုံဆုံလို့ ချမ်းသာရ ဘုရား တောင်ဖက်မုတ် လှည်းဘီးကြီးနှင့် အိမ်ရှေ့သို့ ရောက်ခဲ့လျှင် သူမကို ပြောပြပေးပါ။ သူ၏ တောင်းပန်စကားအား တိုးတိုးညင်သာ လေဆိုင်တို့နှင့် စကားပါးလိုက်ကြောင်းပေါ့။

ညသည် တိတ်ဆိတ်နေဆဲ။ သူ အိပ်ရာပေါ်သို့ ပြန်လှဲချလိုက်သည်။ ညကလည်း အေးချမ်းလိုက်တာကွယ်။ ဘာသံမှ မကြားရတော့ဘူး။ မျက်ခွံကို အသာအယာ ညင်သာစွာ ပိတ်လိုက်သည်။ တဖြည်းဖြည်းနှင့် အိပ်စက်ခြင်းက လွှမ်းခြုံလို့လာသည်။ သူ့နှလုံးသားလည်း အတော်အတန် ပေါ့ပါးသွားသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ထုံးကုံးသူကို ပြောပေးပါ (၂)


ညနေ သုံးနာရီ ထိုးလျှင် ဒေါ်မမကြီး၏ ကျူရှင်တက်ရအုံးမည်။ စည်းကမ်းကြီးသော ဆရာမကြီး၏ ကျူရှင်ကိုတော့ မတက်ပဲ မနေရဲ။ အခြေခံပညာ သုံးတန်း တက်နေသော ဘကောင်း၊လှိုင်ဘွားနှင့် ငတော်တို့ သုံးယောက် ကျောင်းပိတ်ရက်အတွင်း အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်မမကြီးထံ ၌ ဂဏန်းသင်္ချာကို လေ့လာရသည်။ ငတော် အခုချိန်ထိ ပေါ်မလာရင်တော့ ဘကောင်းတို့ ပုရစ်လိုက်နိုက်ဖို့ အချိန်မရှိတော့။ ကျူရှင်ပဲ သွားတက်ရတော့မည်။

ထိုနေ့က ချမ်းသာရ ဘုရားထဲ လှည့်လည်ကာ ပုရစ်နိုက်ကြရန်ဖြစ်သည်။ နိုက်လို့ရသည့် ပုရစ်များသည် ဘကောင်းတို့အတွက် အောင်ပွဲရ ဆုလဒ်များ ဖြစ်သည်။ တွင်းအောင်း သတ္တဝါအများအပြားရှိသည့်အထဲက ပုရစ်တွင်းကို ခွဲခြားရှာကြသည်။ မြေပုံ စုစုမို့မို့လေးများကို မျက်စိလျင်လျင် ဖြင့် ရှာရသည်။ မြေခွေးတွင်း နှင့် ပုရစ်တွင်းသည် ခပ်ဆင်ဆင်လေးရှိသည်။ မြေစာပုံ၏ ပုံသဏ္ဍန်၊ အရွယ်အစား၊ မြေစာ အကျစ်အပွကို ကြည့်လျက် ပုရစ်တွင်းကို ခွဲခြားသိသည်။ ရလာသည့် ပုရစ်များကို ပုရစ်တိုက်ကြသည်။ ပလတ်စတစ်အိပ်ထဲတွင် ထည့်ကာ ပုရစ်ဆိုသည့် သတ္တဝါကို သတ္တဗေဒပညာရှင်တစ်ယောက်အလား ဖင်ပြန် ခေါင်းပြန် အခေါက်ခေါက် အခါခါ ကြည့်ကြသည်။

ထို ချမ်းသာရဘုရား အနောက်ဖက်စောင်းတန်းသည် ဘကောင်းတို့ သူငယ်ချင်းအုပ်စု အချိန်းအချက်ပြုသည့် စုရပ်လည်းဖြစ်သည်။ အနောက်ဖက် စောင်းတန်းမှ ဆင်းလိုက်လျှင် အဆုံး၌ သင်္ဂါဇာချောင်းက ဗေဒါတွေ အပြည့် ဖွေးဖွေးလှုပ်မျှရှိသည်။ ခရမ်းရောင် ဗေဒါပန်းပွင့်တို့သည် အချိန်အခါ မရွေး ဟိုတစ်ဆုပ်၊ ဒီတစ်ဆုပ် ပွင့်အာကြသည်။ ရေဘုတ်ငှက်တို့သည်လည်း ဗေဒါတွေ အကြား ခိုအောင်းလျက်ရှိကြသည်။ ဗေဒါပင်တို့ သေဆုံးသောအခါ ရွှံညွှန်ဖြစ်သွားကြပြီး ချောင်းမြေအဖြစ်ကျန်ရစ်ခဲ့သည်။ ထိုဗေဒါချောင်း၌ပင် အိမ်ဝက်တို့ ရွှံလူးကြသလို ချောင်းနံဘေးတစ်လျှောက်ရှိ လူနေအိမ်တို့မှလည်း ရှိသမျှ အညစ်အကြးကို ဗေဒါချောင်းထဲသို့ စွန့်ပစ်ကြသည်။

ပုရစ်နှိုက်ဖို့ အချိန်မရှိတော့လျှင် သင်္ဂါဇာချောင်းပေါ် လေတံခွန်(စွန်)လိုက်ရအောင်လည်း စွန်လွှတ်သူများလည်း မရှိသေးချေ။ ထိုဗေဒါချောင်းသည် ဗေဒါတွေ ထူထူထည်ထည် ရှိလို့ပင် ဘကောင်းတို့ စွန်လိုက်သည့် အခါ ချောင်းအပေါ် ဗေဒါတွေဖိကာဖိကာ ဟိုဖက်ကမ်း ဒီဖက်ကမ်း ဖြတ်ကူးကြသည်။ သင်္ဂါဇာချောင်း တံတားပေါ်တွင် စွန်လွှတ်၊ စွန်ဖြတ်သူများ ရှိသည့် အခါ ဘကောင်းတို့ က စွန်လိုက်ကြသည်ပင်။ ထို ချောင်း၏ ဗေဒါတွေအပေါ် စွန့်စွန့်စားစား နင်းဖြတ်ကာ လိုက်လို့ရသည့် စွန်တို့သည်လည်း အောင်ပွဲရ အထိမ်းအမှတ် တစ်ခုပင်။ စွန်လိုက်သည့် အချိန်များဆိုလျင် အခြားသူများ စွန်ဖြတ်နေသည်ကို မော့တော့ မော့တော့နှင့် ဘကောင်းတို့ သူငယ်ချင်း တစ်သိုက် ထိုသင်္ဂါဇာချောင်း တံတားပေါ် ခြေချင်းလိမ်အောင် ရောက်ရက်ခတ်ရှိကြသည်။ စွန်လိုက်သည့် အချိန် တံတားပေါ်မှာ ဗိုက်နာလို့ကတော့ အိမ်ပြန်ပြီး နောက်ဖေးသွားသည့် ထုံစံမရှိ။ တံတားတိုင်ဖက်လျက် ကိစ္စကို ဖြေရှင်းကြသည်။ ချောင်းထဲက ငါးတွေ စားပေရော့ဟယ်။ တံတားပေါ်မှာတော့ လူတွေက ဖြတ်သွား ဖြတ်လာ။ စွန်ဖြတ်တာ ကြည့်ဖို့ကတော့ အလွတ်ခံလို့ မဖြစ်။ အဲဒီလောက် အထိ ဘကောင်းတို့ ကစားမက်တာ။

ပုရစ်နိုက် ထွက်ရန် ဘကောင်းတို့ သူငယ်ချင်း အုပ်စု ဘုရား အနောက်ဖက် စောင်းတန်းတွင် တွေ့ရန် အသေအချာ ပြောထားရက်သားနှင့် ငတော် ရောက်မလာသေးချေ။
လှိုင်ဘွားသည် စိတ်မရှည်တော့။
“သွားကြမယ်ကွာ… ဒီကောင် သူ့ဘာသာသူ လိုက်လာလိမ့်မယ်”
ဘကောင်းကတော့ ငတော်တို့ အိမ်အထိလိုက်သွားပြီး ငတော်ကို ခေါ်လိုသည်။ အဖေါ်များလေ ပိုကောင်လေ။ ပြီးတော့ သူတို့ နှစ်ယောက်တည်းသွားလျင် ဘုရားထဲ၌ နတ်ဖွက်ခံရမှာ ကြောက်သည်။ တချိန်တည်းမှာပင် ဒေါ်မမကြီး၏ ကျုရှင်ကိုလည်း သွားရအုံးမည်ဟု စိတ်ကချီတုံချတုံ ဖြစ်နေသည်။
“ငါတို့ ဘုရားထဲမှာ လူစုခွဲပြီး သွားရင် နတ်ဖွက်ခံရလိမ့်မယ်..ဒီကောင့်အိမ် သွားခေါ်ရအောင်ကွာ..ပြီးတော့ ကျုရှင်လည်း တက်ရအုံးမယ်”
ဘုရားထဲတွင် နတ်ဖွက်ခံရမည်ဆိုသော ဘကောင်းစကားကြောင့် လှိုင်ဘွား ကြောစိမ့်သွားသည်။ ဟုတ်တော့လည်း ဟုတ်သည်။ ဒီရက်ပိုင်း ချမ်းသာရ ထုံးကုံး ရပ်ကွက်ဘုရားပွဲက နီးလာပြီဆိုတော့ ဘုရားထဲက နတ်တွေ အပျော်ကျူးပြီး ကလေးတွေကို ဖွက်တန်း ကစားတတ်လေ့ရှိသည်။ ပြီးခဲ့တဲ့နှစ် ဘုရားပွဲတုန်းကလည်း အခြားရပ်ကွက်က ကောင်လေးတစ်ယောက်တောက် ဘုရားထဲမှာ နတ်ဖွက်ခံရသည်ဟု ကျောင်းတွင် ကျောင်းသားအချင်းချင်း တစ်ယောက်စကား တစ်ယောက်နားဖြင့် တီးတိုး ပြောနေကြသည်။

ချမ်းသာရဘုရားပွဲ အကြောင်းကို လှိုင်ဘွားစဉ်းစားမိတော့မှ ငတော်တို့ အိမ်တွင်လည်း ဘုရားပွဲအတွင်း လူစည်နေပြီလား မသိချေ။ ငတော် အဖေက အရက်သမား။ အိမ်တွင် အရက်လည်းရောင်းသည်။ အခုလို ဘုရားပွဲရက်တွေဆို သူရို့အိမ်တွင် အရက်ပိုပြီး ရောင်းကောင်းသည်။ ငတော်က အရက်ကူရောင်းရသည်။ ငတော် အမေက ခဝါလည်း လုပ်သည်။ငတော် အမေက ငတော်ကို ပညာတတ် ဖြစ်စေချင်သည်။ သို့သော် သူရို့၏ ဘဝအခြေအနေက အခြားသူများထက် ပိုမိုပြီး ရုန်းကန်လှုပ်ရှားရသည်။ စိတ်ကူး ရည်မှန်ချက်တို့အတွက် စဉ်းစာရမည့် အချိန် သူရို့တွင် များများစားစား မရှိ။

လှိုင်ဘွားနှင့် ဘကောင်းတို့ နှစ်ယောက်ကတော့ လူကြီးတွေမသိအောင် ကိုယ်စီအိမ်က မရမကခိုးထွက်ခဲ့ကြသည်။
“ဘကောင်း…မင်းတို့အိမ်က ဘုရားပွဲ ဘာကျွေးမှာတုန်း”
ငတော်ကိုစောင့်ရန် စိတ်မရှည်ဖြစ်နေသော လှိုင်ဘွား၏ အာရုံက အစားအစာ အကြောင်းရောက်သွားသည်။ ချမ်းသာရဘုရားပွဲရက်များ စတင်ပြီဆိုလျှင် ထုံကုံးရပ်ကွက်ထဲရှိ အိမ်တိုင်းမှ စားစရာများ ကျွေးကြလေ့ ရှိသည်။
“ဒီနှစ်လည်း ငပိကြော်နဲ့ ဇီးပူသီးပဲလေ..”
“အေးကွ..ငတို့ အိမ်လည်း ငပိကြော်နဲ့ ဇီးပူသီးပဲ ကျွေးမှာတဲ့”
ဇီးဖြူသီးကို ဇီးပူသီးဟု ပဲခေါ်လေ့ရှိသည်က ထုံးကုံးသားတို့ ထုံးစံလေလာ၊ ကလေးဘဝက အသံထွက် မမှန်လို့ပဲလား မသိချေ။
ထုံးကုံးရပ်ကွက်ရှိ အိမ်တိုင်း အိမ်တိုင်းကတော့ ဘုရားပွဲရက်အတွင်း အိမ်အလည်လာသည့် ဧည့်သည်တိုင်းအား ငပိကြော် နှင့် ဇီးဖြူသီး ကျွေးလေ့ရှိသည်။ ပိုက်ဆံ တတ်နိုင်သည့် အိမ်ကတော့ ဆနွင်းမကင်း၊ ကြာဇံဟင်း များဖြင့် တည်ခင်းဧည့်ခံကြသည်ပေါ့။

ဘကောင်းစကား အဆုံးတွင် အဝေးဆီမှ လာနေသော ငတော်ကို လှမ်းတွေ့လိုက်သည်။
အသားညိုညိုညစ်ညစ်နှင့် ငတော်သည် ခေါင်းတွင် အုန်းဆီစိုရွှဲအောင်လိမ်းထားသည်။ ကျောင်းပိတ်ရက်ဖြစ်ပေသည့် ကျောင်းစိမ်းဘောင်းဘီအတိုကို ဝတ်ထားတုံး။ ဗျင်ကြမ်း အင်္ကျီက လက်တိုနှင့်။ ငတော်နှင့် စာလျင် ဘကောင်နှင့် လှိိုင်ဘွားတို့နှစ်ယောက်က နိုင်ငံခြားဖြစ် လေဘေး အင်္ကျီ၊ဂျင်ဘောင်းဘီတို ကိုယ်စီနှင့် ခပ်မိုက်မိုက်။ ငတော်ကို မြင်လိုက်ရတော့မှ ဘကောင်းနှင့် လှိုင်ဘွားတို့ စိတ်အားတက်ကြွသွားသည်။ အဖေါ်စုံလျှင် ကမ္ဘာကိုတောင် တစ်ပါတ် ပါတ်လိုက်ကြအုံးမည်။ သို့သော် စိတ်အားတက်ကြွသည်က ကြာရှည်မခံ။ ငတော်သည် တစ်ယောက်တည်းလာတာမဟုတ်။ သူ့နောက်တွင် ကောင်းမလေး တစ်ယောက် လွယ်အိပ်ကလေးလွယ်ပြီး လိုက်လာသည်။ အခြားသူမဟုတ် အေးအေးမာ။ ပုံစံက ခပ်စွစွာနှင့် နှုတ်ခမ်းပဲ့၊ ပါးပဲ့အောင် ကက်ကက်လန် ရန်တွေ့တတ့်မည််ပုံ။

မနေ့က ပဲ အေးအေးမာ အမေကိုယ်တိုင် ဘကောင်းတို့ ကျူရှင်တက်နေသော ဒေါ်မမကြီးထံ အေးအေးမာကို လာအပ်သွားသည်။ ဘကောင်း အမေနှင့် အေးအေးမာတို့ အမေ ခင်မင်ရင်းစွဲရှိကြသည့် အတိုင်း စကားစပ်ကြရင်း ဘကောင်းတက်နေသည့် ဒေါ်မမကြီး၏ ကျူရှင်ကို အေးအေးမာအား ထားဖြစ်သွားကြသည်။

အေးအေးမာတို့ အိမ်က ချမ်းသာရဘုရား တောင်ဘက်မုတ်တွင် ရှိသည်။ သူမတို့ အိမ်ရှေ့တွင် မြင်းလှည်းဘီးလုံးကြီးကို အမြဲတန်း ထောင်းထားလျက်ရှိသောကြောင့် လှည်းဘီးကြီးနှင့် အိမ်ဟု အလွယ်တကူခေါ်ကြသည်။ မြင်းလှည်းဘီးလုံးကြီးက ရှိမှာပေါ့။ အေးအေးမာတို့ အဖေက မြင်းလှည်းမောင်းတာကိုး။ ဘကောင်းတို့ အိမ်က သူမတို့ အိမ်နှင့် မျက်စောင်းထိုး ဓါးလွယ်ခုတ်တွင် ရှိသောကြောင့် ဘကောင်း အမေနှင့် အေးအေးမားတို့အမေ ဟိုအိမ် ဒီအိမ် ကူးသန်းကူးလာ ရှိကြသည်။ ဘကောင်းအမေက ကျောက်ဆယ် ကုန်းရွာ အဆက်။ အေးအေးမာတို့ အမေက စမြိတ်ခုံရွာ အဆက်။ သို့သော် ထိုရွာသူနှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် အလွမ်းသင့်သည်။ ဘကောင်းအမေချက်သည့် ကျောက်ဆယ်ကုန်းရွာ နွားနို့ခဲ ငပိချက် နှင့် အေးအေးမာ အမေကြော်သည့် စမြိတ်ခုံ ငရုတ်သီးကြော်တို့ အလဲအလှယ် စားကြသည်။ နောက်တွင် သူရို့ သားသမီးတွေကိုပါ အလှဲအလှယ် လုပ်ကြအုံးမည်လား မသိ။ အဲဒီလောက် အထိ ခင်ကြတာ။

အေးအေးမာက လူကသာ မူလတန်း သုံးတန်းကျောင်းသူ။ ဆံပင်ရှည်ရှည်နှင့် အပျိုကြီး စတိုင် ပုံစံဖမ်းထားသည်။ စကားပြောလျင်လည်း သူမနောက်က ကျားလိုက်နေသည့်အလား ဖလွတ် ဖလွတ်နှင့် အမြန်ပြောသည်။ အသားအရေက ညိုညိုညက်ညက်။ အညာသူမှန်း သိသာစေလှသည်။ သုံးတန်းသာ ဆိုပေသည့် ဘကောင်းတို့ ထက် အရပ်ပိုရှည်မည့် ဟန်။ ရံဖန်ရံခါ ထမီဝတ်လျက် သူမကိုယ်သူမ တက္ကသိုလ်ကျောင်းသူထင်နေလားမသိ။ တကယ်တော့ အေးအေးမာသည် အသက်အရွယ်နှင့် မလိုက်အောင် တည်ငြိမ် ရင့်ကျက်နေသည့် အသွင်။ ဆော့ကစားဖို့သာ မက်သော ဘကောင်းအတွက် အေးအေးမာကို ကြည့်လို့ မရ။ ဘယ်နှယ့် ကစားရမယ့် အရွယ် မကစားပဲ ဟန်နဲ့ စတယ်နဲ့ လုပ်နေတယ်။ ထို့ကြောင့် အေးအေးမာကို ဘကောင်းတို့ သူငယ်ချင်းတွေနှင့် စပ်ဟပ်လို့ မရချေ။

“ငတော်..ငတို့ မင်းကို စောင့်နေရတာ ကြာလှပြီ”
ငတော်ရောက်ရောက်ချင်း လှိုင်ဘွားက မကျေနပ်သည့် လေသံနှင့် ဆီးပြောကာ အေးအေးမာကို မေးငေါ့ပြလျက် ဘာကြောင့် ပါလာရသလဲဟု ငတော်ကို မျက်နှာရိတ် မျက်နှာကဲဖြင့် ကြည့်လိုက်သည်။
ဘကောင်းကတော့ ဗေဒါချောင်းဆီသို့ လှမ်းမျှော်ကြည့်ကာ စွန်လွှတ်နေသူများကို တွေ့လိုတွေ့ငြား ရှာကြည့်နေသည်။
“ဒီနေ့ကြမှ စွန်လွှတ်တဲ့သူတွေကလည်း တစ်ယောက်မှ မရှိကြဘူး..”
ဘကောင်းက ငတော်နှင့် လှိုင်ဘွားကို လှမ်းပြောသလိုလို၊ သူတစ်ယောက်တည်း မကျေမနပ် ရေရွတ်နေသည်။ ဘကောင်းစိတ်ထဲတွင် ပတ်ဝန်းကျင် တစ်ခုလုံး အရာရာ အချိုးအစား မကျဖြစ်နေသည်ဟု ထင်သည်။ ပုရစ်အော်သံတို့ တိတ်ဆိပ်နေလျက်၊ ကောင်းကင်ပြင်သည် စွန်(လေတံခွန်) တို့နှင့် ပြည့်နှက် နေရမည့် အစား မိုးသား တိမ်လိပ်တို့ အုံ့အုံ့ဆိုင်းဆိုင်း ရှိလှသည်။ ချောင်း ဗေဒါတို့အပေါ်ကို နင်းဖြတ်ကာ စွန်လိုက်မည့် မဟာသူရဲကောင်းများလည်း မရှိသဖြင့် ရေဘုတ်ငှတ်တို့ အုပ်အုပ်ကြက်ကြက် မြူးပျော်နေကြသည်။

အေးအေးမာ က ခပ်တည်တည်နှင့် ဘကောင်းတို့ သုံးယောက်လုံးက သူမကို ခရီးဦးကြိုပြုစု ဖျော်ဖြေရမည့် အသွင်။ သို့သော် သူမသည် စာတော်သော ဘကောင်းကိုတော့ အားကိုးတကြီးရှိသည်။ ငတော်၊ လှိုင်ဘွားနှင့် ဘကောင်းတို့ သုံးယောက်ထဲတွင် ဘကောင်းကို ပိုပြီး ခင်တွယ်လိုသည်။ အေးအေးမာသည် ဘကောင်းတက်နေသော ကျူရှင်ကို လိုက်တက်သည်။ ဘကောင်းနှင့် လိုက်လျက် ကျူရှင် အတူတူသွားလိုလှသည်။ သို့သော် ဘကောင်း အပေါ် အလေးပေးသော အေးအေးမာ၏ ခင်တွယ်ဟန်တို့သည် ကစားမက်သော ဘကောင်း၏ အာရုံတံခါးရှေ့မှောက်တွင် အဖိုးမတန် ကျေပျက် လွင့်ပျယ် ပျောက်ဆုံးကုန်ရသည်။

ငတော်ကတော့ အေးအေးမာကို ကြောက်သည်။ အေးအေးမာနှင့် စာလျင် ငတော်၏ ခန္ဓာကိုယ်က နည်းနည်း ညှက်သည်။ ပြီးတော် ငတော်က သူ၏ ဘဝ အခြေအနေအရ အားငယ်တတ်လေ့ရှိသည်။ သူသည် အရာရာကို အရှုံးပေးကာ၊ သူငယ်ချင်းတို့၏ အလိုကို လိုက်လျောလေ့ရှိသည်။

အခုလည်း နောက်ကျနေသည့် ငတော်တစ်ယောက် သူငယ်ချင်းတွေ ရှေ့တွင် အပြစ်ရှိသူပမာ အသာအယာရပ်လျက် အေးအေးမာကို တချက်လှမ်းကြည့်လိုက်သည်။
“ငတို့အိမ်မှာ လူတွေများနေလို့ကွ..အမေကို အရက် ကူရောင်းပေးနေတာ..ငါ လာတော့ လမ်းမှာ အေးအေးမာနဲ့ တွေ့တာ..ကျူရှင်သွားဖို့ နီးပြီး မင်းတို့ကိုပါ သွားခေါ်ရအောင် ဆိုလို့ မင်းတို့ကို လာခေါ်တာ”
“ကျူရှင်က စောသေးတယ်ဟ..နင်က ဘာလို့ အစောကြီး သွားချင်ရတာတုံး”
လှိုင်ဘွား၏ မကျေနပ်သံက အေးအေးမာဖက် လှည့်သွားသည်။
“နင်တို့ နာရီလည်း မကြည့်ဘူး..အခု နှစ်ချက် ခွဲနေပြီ..ကျူရှင်က သုံးချက်တီးရင် တက်ရမှာ”
ကြည့်…အဲဒါတွေကြောင့် ဘကောင်း. အေးအေးမာနဲ့ မတည့်တာ။ စောနကမှ နာရီစဉ်က နှစ်ချက် ထိုးသွားတာ။ ဒါကို သူက နှစ်ချက် ခွဲနေပြီတဲ့။ ဒါသက်သက်မဲ့ ကျူရှင်သွားချင်လို့ ပိုပြောတာ။ ဘကောင်း မကျေနပ်တော့။
“နင်ဘာသာ နင် ကျူရှင်သွားပါလား…ဘာလို့ ငတို့ကို လာခေါ်ရတာတုံး”
“နင်တို့ မလိုက်ရင် ငါ ကြီးကြီးနဲ့ တိုင်ပြောမယ်”
ကျူရှင် ဆရာမကြီးကို သူရို့က ကြီးကြီးဟုပဲ ခေါ်ကြသည်။ ကြီးကြီးကိုတော့ ဘကောင်းကြောက်သည်။ ကျူရှင်မလာသေးပဲ ဘုရားစောင်းတန်းထဲတွင် ပုရစ်နှိုက်နေသည်ဟု အေးအေးမာက တိုင်ပြောလိုက်ပါက အရိုက်ခံရမှာ အသေအချာပင်။ အေးအေးမာက သူရို့နှင့် ကျူရှင် အတူတူ သွားလိုသည်။
“လာပါကွာ ကျူရှင် သွားကြရအောင်”
ငတော်က ပြေရာပြေကြောင်း အလိုက်သင့်ဝင်ပြောသည်။
လှိုင်ဘွားကလည်း ဘကောင်းကို ဘာဆက်လုပ်မလဲဟု လှမ်းကြည့်သည်။
ပုရစ်နှိုက်သွားဖို့တော့ မဖြစ်နိုင်တော့။ ဒီနေ့ ဘကောင်း အေးအေးမာကို လုံးဝ မကျေနပ်။ ကျူရှင်ကိုသွားသာ သွားရမည် စိတ်ကတော့ ကြည်ကြည်လင်လင် မရှိချေ။ ဘကောင်းမျက်နှာ တစ်ခုလုံး စူပုပ်လျက် သူရို့အပေါ် အနိုင်ကျင့်သော အေးအေးမာကို မကျေ မချမ်းရှိနေသည်။
+++++++++++++++++++++++++++++++++++++++++++++++
ကြီးကြီး၏ကျူရှင်တွင် အေးအေးမာက ဘကောင်း ထိုင်သည့်ခုံ၏ အရှေ့ခုံတွင် ထိုင်ရသည်။ ဉာဏ်ကောင်းသော ဘကောင်းက ငတော်၊ လှိုင်ဘွားနှင့် အေးအေးမာတို့ထက် အရင် သချင်္ာ ပုစ္ဆာများကို အလျင်အမြန် တွက်နိုင်စွမ်းရှိသည်။ ထို့ကြောင့်ပင်လျင် ငတော်နှင့် လှိုင်ဘွားတို့က ဘကောင်း ဘေး တစ်ဖက်တစ်ချက်တွင် ထိုင်လျက် ဘကောင်းတွက်ပြီးသမျှ အဖြေများကို ကူးယူမှီငြမ်းကြသည်။ ဘကောင်းကတော့ ဉာဏ်ကောင်းသလောက်ပင် ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးကာ အရာရာကိုပေါ့ပျက်ပျက် လုပ်လေ့ရှိသည်။ ပုစ္ဆာများကို အလျင်အမြန် တွက်လို့ပြီးပါ ကစားဖို့ပင်။ သူ့အတွက် ကစားဖို့က ပထမ။ ကျူရှင်ဆရာမကြီး ခိုင်းသည့် ပုစ္ဆာများကို တွက်လို့ ပြီးလျှင် ငတော်နှင့် လှိုင်ဘွားကို ကစားဖို့ အဖေါ်ညှိရသည်။ အမြဲတမ်းလိုလို ငတော်နှင့် လှိုင်ဘွားက သချင်္ာပုစ္ဆာများဖြင့် နပမ်းလုံးရကာ ဘကောင်းနှင့် မကစားနိုင်။ ပုစ္ဆာများ တွက်လို့ မပြီးပါက ဆရာမကြီး၏ ကြိမ်းလုံးက လက်ဖဝါးပေါ် သုံးချက်စီ အရိုက်ခံရမည့်ဒ ဏ်ကို ကြောက်ကြသည်။

ငတော်နှင့် လှိုင်ဘွားတို့ မကစားနိုင်ဘူးဆိုလျှင်တော့ ဘကောင်းသည် ပုံဆွဲစာအုပ်တစ်အုပ်ဖြင့် ပုံများ ဆွဲနေလေ့ရှိသည်။ အများအားဖြင့် သူဆွဲသော ပုံများသည် ဓါးများ၊ ခေါင်းပေါင်းပတ်ထားသော လူခေါင်းပုံများ၊ ဓါးကိုင်ထားသည့် သူရဲကောင်းပုံများ ဖြစ်ကြသည်။ ရံဖန်ရံခါ ဒီလုံး၊ ကိုပူစီတို့ ပုံများလည်း ပါသည်။ မတရားမှုကို တွန်းလှန် တိုက်ခိုက်သော ကာတွန်းဇာတ်ကောင် ဒီလုံး နှင့်ကိုပူစီတို့သည် ဘကောင်း၏ အသည်းစွဲပင်။ ထိုကာတွန်းတို့သည် ကလေးဘဝ၏ စိတ်နေစိတ်ထားကို မျိုးစေ့ချပေးလေ့ရှိသည်။ ထိုမျိုးစေ့တို့သည် အချိန်နှင့် အမျှ မသိမသာ မှီတွယ်ပြီး ကြီးထွားလာသော သဘောရှိကြလေသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ထုံးကုံးသူကို ပြောပေးပါ (၁)


သူ၏ ရင်ဘတ်ကြီးတစ်ခုလုံး တင်းကျပ်နေသည်။ နှာခေါင်းဝမှ တမျှင်ခြင်း ရှုသွင်းနေရသော အောက်ဆီဂျင်တို့သည် ရှုသွင်းလိုက်တိုင်း ရင်ဘတ်ထဲသို့ ဝင်လာသည်မရှိ။ လည်ချောင်ဝတွင် တစ်ခုခုပိတ်ဆို့နေသည်ဟု ခံစားရသည်။ တဖြည်းဖြည်း အသက်ရှုရ ကျပ်လာသည်။ နှာခေါင်းဖြင့် အသက်ရှုရတာ အားမရတော့ ပါးစပ်ပါ ဟပြီး ဖုတ်လိုက်ဖုတ်လိုက် အသက်ရှုရသည်။ ဒီတော့မှ အရင်တုန်းက မသိလိုက် မသိဘာသာ အလိုလို ရှုသွင်နေရသော လေတို့သည် သူ၏ခန္ဓာကိုယ်အတွက် အဘယ်မျှ အဖိုးတန်ကြောင်း သိလာရသည်။ ဤလေကိုမှ မရှုရှိုက်ရလျှင် သူသေရတော့သည်။ ထိုဇောဖြင့် နှာခေါင်းရော၊ ပါးစပ်ပါ သုံးလျက် အငမ်းမရ ရှုသွင်းရသည်။ ထိုဇောအဟုန်ကြောင့်လား မသိ ချွေးသီးချွေးပေါက်တို့ တစိမ့်စိမ့် ထွက်လာကာ ခန္ဓာကိုယ်တစ်ခုလုံးလည်း စိုစွတ်လာသည်။ ရင်ဘတ်တစ်ခုလုံး တစ်စတစ်စ ဖိသိပ်ကျပ်တည်းလာရာမှာ ခြေတွေ၊လက်တွေပါ တုတ်နှောင်ခံထားရသလို ခံစားလာရသည်။ ပိုပြီး သေချာသွားစေရာ လက်ကို မြှောက်ကြည့်သည်။ မရ။ တဖန် ဘယ်ခြေရော၊ ညာခြေရော တလှည့်စီ လှုပ်ကြည့်ပြန်သည်။ ထူးဆန်စွာပင် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်လို့ မရတော့။ ဒီလို ကိုယ့်ခန္ဓာကိုယ်မှ ခြေတွေ လက်တွေ လှုပ်လို့ မရတော့ဘူးဆိုတာ တစ်ခါမှ မကြုံဖူးချေ။ အခုလို ကြုံလိုက်တော့ ကြောက်ရွံ့သွားသည်။ အသိစိတ်က လှုပ်ရှားရန် ကြိုးစားပါလျက်နဲ့ လှုပ်ရှားလို့ မရတော့သော အဖြစ်ကို မနေတတ်ချေ။ ပတ်ဝန်းကျင်ကို တော့ သူမြင်နေရသည်။ ရာသီဥတုကလည်း ခြောက်သွေ့လွန်းလှသည်ဟု ခံစားရသည်။ သို့မဟုတ် သူ့၏ စိတ်ဇောဖြင့် ခန္ဓာကိုယ်က အပူချိန်တွေ တက်နေသလား မသိ။ အလင်းရောင်တို့ဖြင့် တောက်ပနေသော ပတ်ဝန်ကျင်တွင် သူ ရပ်နေသလား၊ ထိုင်နေသလား၊ လှဲနေသလား ကိုယ့် အဖြစ်ကို ကိုယ်မသိချေ။ သူ၏ သဏ္ဍာန်ရုပ် ဖြစ်တည် နေမှုကို သာ အာရုံကသိထားသည်။ ပတ်ဝန်ကျင်ကို ဝေဖန်သုံးသပ်ဖို့ထက် အသက်ဝဝလင်လင် ရှုရှိုက်ရဖို့အတွက် ကြိုးစားပြီး အသက်ရှုသွင်းနေရသည်။ သူ့တွင် ခန္ဓာ နှင့် စိတ်အာရုံ နှစ်မျိုး ဒွန်တွဲလျက် ရှိနေတာကိုတော့ သိနေသည်။ ဒါပေမယ့် သူ့၏ ခန္ဓာကိုယ် လှုပ်ရှားလို့ မရတော့သောအခါ စိတ်တွင်အနှောက် အယှက်ဖြစ်ရသည်။ တဖန် ဖိသိပ် တင်းကျပ်လာသည့် ဝေဒနာကလည်း တစ်စတစ်စ ထုထည်ကြီးမား လာသည်။ အလွန်တစ်ရာ လေးလံသော အရာတစ်ခု သူ၏ ရင်ထဲအပေါ်မှ ဖိသိပ်နေသည်ဟု ခံစားရသည်။ ခန္ဓာကိုယ်သည် အတုပ်အနှောင်ဖြင့် မွန်းကြပ်ခြင်း ဖြစ်လာတော့ အတုပ်အနှောက် မခံရသည့် အသံဖြင့် ဟစ်အော်ရန် ကြိုးစားသည်။ သူ၏ အသံတို့ လည်ချောင်းဝတွင် ပျောက်ကွယ် ကုန်ကြသည်။ သူ အရမ်းတုန်လှုပ်သွားသည်။ ထပ်မံပြီး ပိုမို ကျယ်လောင်သော အသံဖြင့် အော်ကြည့်ပြန်သည်။ ဘာအသံမှ ထွက်မလာတော့။ သူ့တွင်လွယ်လပ်သည့် အရာ ဘာတစ်ခုမျှ မရှိတော့ကြောင်း သိလာရသည်။ ဒီတော့မှာ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ လွတ်လပ်စွာ ဝှေ့ရမ်းနေသည့် လေပြည်တွေက သူ့ကို လှောင်ပြောင် နေသလိုပင်။ ဘယ်နယ့်ကြောင့် သူဒီလို အဖြစ်မျိုး ကြုံဆုံရသည်ကို မသိတော့ချေ။ အရာရာကို ဝေဖန်သုံးသပ်နိုင်စွမ်း လောလောဆယ် သူတွင် မရှိသေးချေ။ သူ၏ လက်ရှိပစ္စုပ္ပန် အခြေအနေ ဖြစ်တည်မှုကိုသာ အာရုံစူးစိုက်နေရသည်။

ရုတ်တရက် ..”သူခိုး…သူခိုး…” ဆိုသည့် အသံများ လွင့်ပျံ ထွက်ပေါ်လာသည်။ ထိုအသံတို့ ဘယ်ကလာတာလဲ။ သူ၏ သောတအာရုံတွင် အသံများက ပဲ့တင်ရိုက်ခတ် နေသလိုပင်။ ထို့နောက် ထိုဟစ်အော်သံတို့သည် တစ်ဖြည်းဖြည်းနှင့် နီးကပ်လာသည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် အသံလာရာသို့ လှမ်းကြည့်လိုက်သည်။ လူအုပ်စု တစ်စု သူ့ဆီသို့ တစ်ဟုန်ထိုး ပြေးလာနေကြသည်။ သူ့စိတ်အာရုံက လှုံဆော်ချက်ကြောင့် ထိုလူအုပ်စုက “သူခိုး…သူခိုး..”ဟု အော်နေကြသည်မှာ သူ့ကို အော်နေမှန်း သိလိုက်ရသည်။ စုစုစည်းစည်း ညီညီညာညာဖြင့် စုရုံး ဟစ်အော်ကာ အရှိန်ဖြင့် ပြိုဆင်းကျလာသော လူအုပ်ကြီးကို သူဘယ်လို တာဆီးရမလဲ။ ခက်တာက ခန္ဓာကိုယ်တစ်ခုလုံးက လှုပ်ရှားလို့မရ။ ခြေရော၊ လက်ပါ ကန်ကျောက်လျက် ပြေးရန် ကြိုးစားကြည့်သည်။ အချည်း အနှီးပင်။ အသံဖြစ် အော်ကာ တားဆီးရန် ကြိုးစားကြည့်ပြန်သည်။ သူ့၏ အသံတို့ ပျောက်ကွယ် ကုန်သည်။

ဤသို့ဖြင့် ထိုလူအုပ်ကြီး သူ့ အပေါ် အုပ်မိုး ကျဆင်းလာတော့မှ သူ့၏ခန္ဓာကိုယ် တစ်ခုလုံး ဖြတ်ကနဲ လျှပ်စစ်ဖြင့် တို့ထိလိုက်သလို အကြော အချင်များ ဆွဲဆန့်တက်လာသည်။ လည်ချောင်းဝတွင် ပိတ်ဆို့နေသည့် အဆိုင်အခဲတို့ တမုတ်ခြင်း လွင့်ပျယ် ကွယ်ပျောက်သွားသည်။ ဒီတော့မှ အသက်ကို ဝဝလင်လင် ရှုရှိုက်လို့ ရလာသည်။ အဆုပ်ထဲသို့ အစုလိုက် အပြုံလိုက် တိုးဝင်လာသော လေတို့ကို တစ်ဝကြီး ရှုသွင်းလိုက် လျက် ဘေးဘီ ဝဲယာကို ကြည့်လိုက်သည်။ သူသည် အိပ်မက် တစ်ခုမှ နိုးထလွန်မြောက်လာကြောင်း သိလာရသည်။ ဖျာကြမ်းခင်းထားသော အိပ်ရာထက်တွင် အသာအယာ ထိုင်လျက် အိပ်မက်ကို ပြန်လည် အသက်သွင်းကြည့်မိသည်။ အိပ်မက်ထဲတွင် ပတ်ဝန်းကျင်သည် အလင်ရောင်ဖြင့် လင်းထင်းနေသလောက် အပြင်လောကတွင် အရာရာသည် အမှောက်ထုဖုံးလွှမ်း၍ နေသည်။ ပြူတင်းပေါက်တံခါး ကို ကာထားသော အဖြူရောင်ပိတ်စ အခန်းစီးစ သည် လွှင့်ပျံနေတာ တွေ့တော့မှ ညဉ့်လေစိုင်တို့ ရှိနေမှန် သိတော့သည်။ သို့ရာတွင် နွေရာသီ ညဉ့်နက်သန်းခေါင်၏ လေစိုင်သည် ပူစပ်ပူလောင်နှင့် ခြောက်ခြောက်သွေ့သွေ့ရှိလွန်းလှသည်။ ပြူတင်းပေါက်မှ သာသာညင်းညင််း တိုးဝင်နေသော ထိုလေစိုင်တို့သည် သူ၏ အိပ်ခန်းကို ပိုမိုခြောက်သွေ့စေသည်ဟု ခံစားရသည်။ ပြူတင်းပေါက်မှ ကောင်းကင်ကို မော့ကြည့်လိုက်တော့ လမင်းသည် လင်းလက်ဆဲ။ သူသည် ညဉ့်နက် သန်းခေါင် အိပ်မက် တစ်ခုကို ဖြတ်သန်းခဲ့ရမှန်း ရုတ်တရက် သုံးသပ်မိသည်။ လမင်းကို မျှော်ကြည့်လိုက်ရင်း အိပ်မက်ထဲမှ သူခိုး ဆိုသည် ဝေါဟာရ အသုံးအနှုန်းကို နူတ်မှ ခပ်တိုးတိုး ရေရွတ်ကြည့်မိသည်။ ခပ်တိုးတိုးလေး ရေရွတ်လိုက်ပေသည့် တိတ်ဆိပ်နေသော ညဉ့်နက်သန်းခေါင်းတွင် လေလှိုင်းတို့သည် လျင်မြန်စွာ တုန်ခါလျက် အမှောင်ထု အစိုင်အခဲကို ရိုက်ခတ်ကာ သူ၏ နားထဲသို့ တန်ပြန် ပဲ့တင်ရိုက်ခတ်လာသည်။ လူပေါင်းမြောက်မြားစွာက သူ၏ နားစည် အနီးသို့ ကပ်ကာ ကျယ်လောင်စွာ ဟစ်အော်လိုက်သည်ဟု ထင်လိုက်သည်။ သူသည် အိပ်ရာထက်မှ သတိလက်လွတ် တုန်လှုပ်စွာ ထရပ်လိုက်သည်။ အိပ်ရာ နံဘေးတွင် ထောင်လျက်ရှိနေသော ပုလင်းတစ်လုံး ကို ခြေဖြင့် ခတ်မိကာ လဲကျသွားသည့် အသံဖြင့် စူရှသော အရက်နံတို့ ထောင်းကနဲ ထွက်လာသည်။ သို့သော် သူ့အတွက် အရေးမကြီး။ ဖြတ်ကနဲ အတွေး အာရုံထဲသို့ အတင်းတိုးဝင်လာသော အတိတ်က ပုံရိပ်လှိုင်းအချို့ကို အရှုးအမူးဖြင့် အမိအရ ဖတ်ဆုတ်ဖို့ ကြိုးစားမိသည်။ နှစ်ပေါင်း မြောက်မြားစွာ ကြာခဲ့ပြီး ဖြစ်သော်လည်း သူ၏ ရင်ဘတ်ထဲတွင် စူးဝင်နေသော ထိုဆူးတစ်ချောင်းကို နုတ်ပစ်လိုလှသည်။ ဆူးပေါင်းမြောက်မြားစွာ နစ်ဝင်နေသာ သူ၏စိတ်ဒဏ်ရာမှ ယုတ်စွအဆုံး ထိုဆူးတစ်ချောင်း နုတ်ပစ်နိုင်ခဲ့လျင် သူငြိမ်းချမ်းစွာ အိပ်စက် အနားယူလို့ ရပြီးပေါ့။ အခုဆိုရင် သူတို့ ဘယ်များ ရောက်ပြီး ဘာတွေလုပ်နေကြပါလိမ့်။ အတွေးလှိုင်းတို့ လွင့်မျောရာကို အလိုက်သင့်ကလေး ငြိမ့်ငြိမ့်ငြောင်းငြောင်း လိုက်ပါသွားမိသည်။ ညကလည်း တိတ်ဆိတ်လွန်းလိုက်တာကွယ်။
+++++++++++++++++++++++++++++++++++++++++++++++
တစ်ခါလာလည်း ပဲပြုတ်
တစ်ခါလာလည်း ပဲပြုတ်
ပဲပြုတ်ကို ဆီဆမ်း..ဇော်ဝမ်း
ဇော်ဝမ်းကို လှေပေါ်တင် ဇော်ခင်
ဇော်ခင်က ကျွင်းတူး ဝင်းဦး
ဝင်းဦးကို တုတ်နဲ့ ရိုက် ဆွေဇင်ထိုက်
ဆွေဇင်ထိုက်ကကလေးမွေး အောင်ထွန်းလေး
အောင်ထွန်းလေးက ဓါးနဲ့ပစ် ဦးဘချစ်
ဦးဘချစ်ကို သေနက်ပေး..ဒိုင်း ဒိုင်း အားလုံးထဲက ငါ့ချစ်ချစ်။
ဘကောင်းနှင့် လှိုင်ဘွားတို့ ဘုရားစောင်းတန်းထဲတွင် ထိုင်လျက် သူရို့ကျောင်းတွင် ခေတ်စားနေသော ကဗျာကို အပြန်အလှန် ရွတ်ဆိုနေကြသည်။ ကျောင်းတွင် ထို ကဗျာကို ဘယ်သူက ယူလာသည် မသိ။ သို့သော် အရှည်ကြီးရွတ်ဆိုနိုင်လေ ပိုကောင်းဖြစ်ကာ၊ အရှည်ကြီးရွတ်ဆိုနိုင်ရန် သူငယ်ချင်းတွေ အချင်းချင်း ပေါင်းစည်း ဖန်တီးကြသည်။

အခုလည်း ဘကောင်းနှင့် လှိုင်ဘွားတို့ နှစ်ယောက် ချမ်းသာရ ဘုရား၏ အနောက်ဖက် စောင်းတန်း လှေကားထစ်တွင် ထိုင်လျက် ပုရစ်နိုက်ထွက်ရန် ငတော်ကို စောင့်ရင် ထိုကဗျာကို အသံနေ အသံထားဖြင့် ရွတ်ဆိုနေကြသည်။ ငတော် တော်တော်နှင့် ပေါ်မလာ။ ထမင်းစားပြီး နာပြန်တစ်ချက်ထိုးအမှီ ထွက်လာခဲ့ရန် ပြောထားရက်သားနှင့် အခု ချမ်းသာရဘုရားထဲမှ နာရီစဉ်က နှစ်ချက် ထိုးပြီးသွားပြီ။ အခုချိန်ထိ ပေါ် မလာသေး။ ဒီလိုဆိုရင်တော့ ပုရစ်နိုက်ဖို့ အချိန်သိပ်မကျန်တော့။

အနန္တမေတ္တာဖြင့်
ဘကောင်း

သတိရမိတဲ့ ငယ်ငယ်က မန္တလေး (၃)


အဖေ အလုပ်မသွားသော စနေ၊ တနင်္ဂနွေနေ့မျိုးတွင် ခိုတောင်မုန့်တီကို ထမင်းနှင့် နယ်ကာ နေ့လည်စာ အဖြစ်စားကြသည်။ နေ့လည်ခင်းတွင် ခိုတောင်သည်တို့ လာကြသည်။ အဖေ အကြိုက်ဆုံးက ဦတာရဲဈေးထဲတွင် စခန်းချသော ဒေါ်ရွှေကြီး၏ ခိုတောင်မုန့်တီဖြစ်သည်။ “သူ့ ခိုတောင်မုန့်တီက ငံပြာရည် အခရာကွ” ဟု အဖေ မကြာခဏ ချီးမွမ်းခန်း ဖွင့်သည်။ အဘွားက အစပ်မစားနိုင်သောကြောင့် ဆီနီ မထည့်။ ဆီဝါနှင့်သာ သုပ်သော ခိုတောင်မုန့်တီ နှစ်ကျပ်ဖိုးကို အဖေအပါအဝင် တစ်မိသားစုလုံး စားနိုင်ရန် ဇလုံထဲတွင် ထမင်းနှင့်ရောနှယ်ကာ ခွဲဝေစားကြရသည်မှာ ကြည်နူးစရာပင်။ မှတ်မှတ်ရရ ထိုစဉ်က ဇလုံဝါသည် ဆိုရှယ်လစ်ခေတ် သမဝါယမက ထုတ်ပေးသော ပြည်တွင်းဖြစ် ဇလုံဖြစ်သည်။ အပေါ်ယံဆေးသားများ ကွာသည့် အခါ အောက်က သံများ ပေါ်နေတတ်သည်။

ခိုတောင်ရွာမှ မန္တလေး မြို့ပေါ်သို့ တက်ကာ ရောင်းကြသော မုန့်တီကို ခိုတောင်မုန့်တီဟု ခေါ်ကြသည်။ အသားမပါ။ ပဲမုန့်၊ ဆီနီ၊ ဆီဝါ၊ ကြက်သွန်ကျော်၊ ငံပြာရည်၊ အချိုမှုန့်၊ မှုန့်ကြွပ်ကျော်လေးဖြင့်သာ သုပ်သော မုန့်တီသည်များကို နေ့လည် နေ့ခင်းအချိန် မကျည်းပင်အောက်၊ ကုက္ကိုလ်ပင်အောက် စသည့် အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများ အောက်တွင် တွေ့ရတတ်သည်။ ပိန်းရိုး၊ ကြာစွယ်တို့ဖြင့် ပြုတ်ထားသော ဟင်းချိုရည်ကို မြေအိုးထဲတွင်ထည့်ကာ အမြဲပူနွေးနေစေရန် အဝတ်ဖြင့် လုံအောင်ပတ်လျက် သူရို့၏ ခေါင်းရွက်ဗန်းထဲတွင် အတူတပါတည်း ယူလာကြသည်။

ကျွန်တော်တို့ ရပ်ကွက်၏ နေ့လည် နေ့ခင်း အချိန်တွင် စားစရာသည်များ စုံလင်လှသည်။ ဈေးသည်တို့၏ အော်ဟစ်ရောင်းချသံများကို သူ့အချိန်နှင့်သူ ကြားရတတ်သည်။ စားချင်သည့်အစားအစာ အာသီသပေါ်လာပါက သူ့အချိန်နှင့်သူ စောင့်နေပါလျှင် ဗန်းရွက်ဈေးသည်များ၊ တွန်းလှည်းနှင့် ဈေးသည်များ အား ဖမ်းမိနိုင်ပါသည်။

“သာကူယို၊ နွားနို့ ထမင်း”ဟူသော အသံသည် ၁၂-နာရီခွဲနှင့် နာပြန်တစ်ချက်တီး အကြားတွင် ပေါ်လာတတ်သည်။ ထိုဈေးသည် မိန်းမသည် “သာ” ဆိုသည့် အသံကို ခပ်အစ်အစ် အသံဖြင့် အော်ကာ “ယို” နှင့် “မင်း” ဆိုသည့် အသံကို တော်တော်ကြီး ဆွဲပြီး အော်လေ့ရှိသည်။ ထို့ ကြောင့် ဤအသံနှင့် ဆိုလျှင် သည်မိန်းမ၊ အခြားအသံနှင့် ဆိုလျှင် အခြား မိန်းမဟု အိမ်ထဲမှနေ၍ အလွယ်တကူ ခွဲခြားလို့ ရသည်။

နေ့လည် နှစ်ချက်တီးချိန်တွင် ရေခဲချောင်းသည်လူကြီးတစ်ဦး စက်ဘီးနောက်တွင် ရေခဲပုံးတင်ကာ ခေါင်းလောင်းသံ တင်..တင်..တင်..မြည်စေလျက် အိမ်ရှေ့လမ်းမကြီးမှ ဖြတ်သွားသည်။ ခေါင်းလောင်းသံ၊ ရေခဲချောင်းတင်သည့် စက်ဘီး၊ အမြဲနေလောင်ထားသည့် မွဲပြာရောင် အသားရေ၊ ခန္ဓာကိုယ် ပိန်ပိန် ပါးပါးနှင့် အနားများ ဖွာနေသော မြက်ဦးထုပ်ကို ဆောင်းထားတတ်သည့် ထိုရေခဲချောင်းသည် ဦးလေးကြီးသည် အမြဲဒွန်တွဲနေတတ်သော ပုံရိပ်များဖြစ်သည်။သူသည် သူ့ရေခဲချောင်းကို အော်ဟစ် ရောင်းချခြင်းမရှိ။ သူ့ခေါင်းလောင်းသံ လွင်လွင်ကလေးကသာ သူ့ကို ကိုယ်စားပြုထားသည်။

ထိုရေခဲချောင်းသည်ကြီးနှင့် မရှေးမနှောင်းတွင် ပြောင်ဖူးပြုတ်သည် အဖိုးကြီးတစ်ဦး ပေါ်လာသည်။ သူ၏ အသံကို ခုနစ်အိမ်ကျော်၊ ရှစ်အိမ်နီးပါးဆီမှ စတင်ကြားရတတ်သည်။
“ရှမ်းပြောင်းဆို စီးစီးလေး…ငချိတ်” ဟု နားခေါင်းသံကို တမင် လုပ်ယူကာ မြင့်မားသော အသံနှုန်းဖြင့် တစ်မိနစ်ခြား တစ်ခါအော်လေသည်။”ရှမ်းပြောင်းဆို စီးစီးလေး…”ဆိုသည့် စကားစုကို တဆက်တည်း တောက်လျှောက်အော်လျက် “ငချိတ်” ကို ပြုတ်ကျသွားကာ တုံးတိဖြတ်ချလိုက်သော ပုံစံဖြင့် အဆုံးသပ်သည်။ သူသည် သုံးဘီးတပ် လက်တွန်းလှည်းကလေးဖြင့် ပြောင်းဖူးပြုတ်ရောင်သည်။ သူ့မျက်နှာသည် အငြိမ့်ထဲမှ လူပျက်တစ်ယောက်လို မကြာခင် ဟာသပျက်လုံးများ လုပ်တော့မည် မယောင်။ သူသည် အမြဲတမ်း ပြုံးနေလေ့ရှိသည့် မျက်နှာကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်သည်။

“မှောင်..မှောင်..မှောင်” ဆိုသည့်မောင်းသံလေးနှင့် အတူ သီးစုံ အချဉ်ပေါင်းရောင်းသည့် လက်တွန်းလှည်းကလေးများလည်း ထိုအချိန်မျိုးတွင် ပေါ် လာတတ်သည်။ဂွေးသီး၊ သရက်သီး၊ ဇီးဖြူသီး၊ မက်မန်းသီး၊စောင်းလျှားသီး၊ စသည့် အသီးတို့ကို သဂျက်ဆီ(သကြားအဆီ သို့မဟုတ် ဆေးသကြား) ဖြင့်နယ်ထားသည်။ ပလတ်စတစ်အိတ် သေးသေးလေးတွင် ထည့်ကာ ငပိကြော် ငရုတ်သီးမှုန့်ကြော်တို့ဖြင့် အပေါ်မှ ဖြူးကာ စားကြရသည်။ ထိုစဉ်က ချဉ်ပေါင်းတစ်ထုပ်ကို တစ်မတ်။ အချဉ်ပေါင်းသည်များသည် လူငယ်ယောင်္ကျားများသာ ဖြစ်ကြသည်။

မန္တလေး၏ နေ့လည်ခင်း အချိန်သည် တစ်ဆယ်နှစ်ရာသီပတ်လုံး ပူပြင်းနေတတ်သည်။ နွေရာသီတွင်ကာ အထူးပြောစရာ မရှိပြီ။ အိမ်ရှေ့ လမ်းတဖက်မှ ကုက္ကိုလ်ပင်ကြီးသည် လမ်းမကြီးကို မိုးကာ အရိပ်ပေးထားသည်။ ဖြတ်သန်းသွားလာသူတို့ ကုက္ကိုလ်ပင်ရိပ်အောက်တွင် နားခို အမောဖြေကြရသည်။ ခရီးဝေး လျှောက်လမ်းသည့် ဈေးသည်တို့ ခရီးတစ်ထောက်နားခိုရာလည်း ဖြစ်သည်။ ခိုတောင်မုန့်တီသည်တို့လည်း နားခိုတတ်သည်။

ထိုကုက္ကိုလ်ပင်ကြီးကို အမှီပြုကာ အသက်မွေးဝမ်းကြောင်းပြုကြသူများ အထဲတွင် ရပ်ကွက်တကာလှည့်ကာ သစ်ပင်ကြီးများမှ ချိတ်များကို ခွာယူသူများလည်း ပါဝင်ကြသည်။ ကုက္ကိုလ်ပင်ကြီးသည် သက်တန်းကြီးရင့်လာသည်နှင့် အမျှ ချိတ်များ စွဲလာသည်။ ချိတ်များကို ပြန်လည် ရောင်းစားပါက ပိုက်ဆံရသည်။ ထိုသည်အတွက် သူရို့သည် ကုက္ကိုလ်ပင်မှ ချိတ်စွဲနေသည့် သစ်ကိုင်း သစ်ခက်များကို မကြာခဏဆိုသလို ချိုးချယူကြသည်။ ပိုးစွဲသလို စွဲနေသော အနီရင့်ရောင်စေးပျစ်ပျစ် ချိတ်အဖတ်များကို ခွာယူကြသည်။ ထိုချိတ်ခွာသမားများ ကုက္ကိုလ်ပင်ကြီးပေါ်တက် အလုပ်များရှုပ်ကြသည့် အခါများတွင် ဥသြငှက်တို့ ဝေးရာသို့ ရှောင်ပြေးကြရသည်။ ထိုကဲ့သို့ နေ့ခင်းမျိုးတွင် ဥသြတို့၏ ဆွတ်ပျံဖွယ် တွန်းကျုးသံကို မကြားရတော့ပြီ။ သစ်ခက် ချိုးသံ တဖြောင်းဖြောင်း အသံများသာ ကြားရသည်။ ချိတ်ခွာသမားများ ပြန်တော့ ကုက္ကိုလ်ပင်၏ အေးမြသောအရိပ်များ ပြောက်ကွယ်ပြီး ပိုမို ပူပြင်းသော နေရောင်နှင့် ကိုင်းခက် အကျိုးအပြတ်များသာ အပင်ခြေရင်းတွင် ကျန်ရစ်ခဲ့သည်။

ထိုပူပြင်းသော မန္တလေး၏ နေရောင်ကို အံတုလျက် ဝမ်းစာအတွက် တိတ်ဆိတ်စွာ သွားလာနေသော လူတစ်ဦး ရှိနေပါသေးသည်။ သူသည် မြင့်မြတ်သော ဗြဟ္မာမျိုးနွယ်ဝင် ပုဏ္ဏားတစ်ဦးလည်းဖြစ်သည်။ သူသည် သန့်ရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်လျက် လက်ကိုင်ရိုးအကောက် ထီးမဲကို လက်မောင်းတွင် ချိတ်ကာ ရပ်ကွက်တကာ လှည့်လည် ဗေဒင်ဟောလေ့ရှိသည်။ သူစီးထားသော ရာဘာဖိနပ်တို့သည် လမ်းလျှောက်ရဖန် များသောကြောင့် ပါးလျှပ်နေသည့်တိုင်အောင် သူ့အတွက် အသုံးတည့်နေတုန်းပင်။ သူ့အတွက် စနေနံ ဖိနပ်အသစ် ဘယ်တော့များမှ ဝင်ပါမည်နည်းဟု သူကိုယ်တိုင် တွက်ဆမိပါရဲ့လား လို့ တွေးမိခဲ့တယ်။ အဘွားကတော့ ထိုဗေဒင်ဆရာ ပုဏ္ဏားနှင့် ဗေဒင်ပညာ အကြောင်း ဆွေးနွေးလေ့ ရှိတယ်။ ကျွန်တော်က အဘွားနှင့် ကပ်လျက် မဟာဘုတ်တိုင် ထူးနည်းကို လေ့လာသည်။

ထို့နောက် “အုန်းပေါင်း ငှက်ပျော်သီးကြော်” နှင့် “ခေါ်ပဲပေါင်း အကြော်” ဆိုသည့် အသံတို့သည် နေ့လည် သုံးနာရီ ထိုးမှ ပေါ်လာတတ်သည်။ ခေါ်ပဲပေါင်းဆိုသည်မှာ ကောက်ညင်းကို ပဲစဉ်းငုံနှင့် ပေါင်းထားသည်ကို ခေါ်သည်။ ပဲနှင့်ရောကာ ပေါင်းသည့်အတွက် ကောက်ညင်းသည် ပဲ၏အညိုရောင် သမ်းသွားသည်။ ခေါ်ပဲပေါင်းအပေါ် ဆီဆမ်း၊နှမ်းဖြူကာ အကြော်နှင့် စားကြရသည်။ အများအားဖြင့် ဘရာကြော်(မတ်ပဲကြော်)၊ ကုလားဘရာကြော်၊ ပဲစဥကြော်၊ မြင်းခွာရွက်ကြော်တို့ ဖြစ်သည်။ တချို့ ဈေးသည်တို့က ငါးအရေခွံကြော်တို့ပါ တွဲရောင်းတတ်သည်။ ကောက်ညင်းပေါင်းကို အုန်းသီးဖြူးကာ ဖီးကြမ်းငှက်ပျော်သီးကြော်နှင့်လည်း စားတတ်ကြသည်။ ထိုကဲ့သို့ နေ့လည်အစာပြေ စားတတ်ကြသည်မှာ ကျွန်တော်တို့ မန္တလေးရပ်ကွက်၏ ဓလေ့ ထုံးစံဖြစ်သည်။

နေ့လည်နေ့ခင်း နေမင်း ၏ အပူပြင်းဆုံး အချိန်တို့တွင် ကျွန်တော်တို့ ရပ်ကွက်သည် ခပ်ငြိမ်ငြိမ် ခပ်ဆိတ်ဆိတ် သာ ရှိသည်။ အိမ်ရှေ့က လမ်းမကြီးသည်လည်း ပူပြင်းသော နေရောင်အောက်တွင် ပျင်းရိစွာ လှဲလျောင်းနေလေ့ရှိသည်။ အရာရာသည် လေးလံ ဖင့်တွဲလျက် ရှိသည်ဟူ ထင်ရသည်။ ရံဖန် ရံခါ ကြိုကြား ကြိုကြား ပေါ်လာတတ်သော ပလပ်စတစ်ကောက်သည့် ကောင်းလေးများကြောင့် ခွေဟောင်သံများ ကြားရသည်။ ထိုအခါ အိပ်မောကျနေသော ကျွန်တော်တို့ ရပ်ကွက်ကို လန့်နိူးလိုက်သလို တခဏတာမျှ အင်း.အဲ.နှင့် လှုပ်ရှားသွားသည်။ ဟိုအိမ် ဒီအိမ်မှ ခေါင်းထောင်ကြည့်ကြသည်။ ထို့နောက် ပြန်လည် အိပ်မောကျသွားသကဲ့သို့ တိတ်ဆိတ်သွားတတ်ပြန်သည်။

တဖြည်းဖြည်းနှင့် ညနေ နေစောင်းလို့ အပူရှိန် သက်သာစ လေးနာရီ ခန့်တွင် အိမ်တွင်းမှ သက်ကြီးပိုင်းများ ဟိုမှ ဒီမှ အပြင်ထွက်ကာ အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်လျက် ညနေခင်း၏ အေးမြသည့် ရှု့ခင်းကို ခံစားကြသည်။ကျောင်းဖွင့် ချိန် ဆိုလျှင် သည်အချိန်မျိုးသည် ကျောင်းဆင်းချိန် ဖြစ်သည့် အားလျော်စွာ လမ်းမပေါ်တွင် အထက်တန်း ကျောင်းသူ ကျောင်းသားများ၊ မူလတန်း ကျောင်းသားလေးများ ဥဒဟို ပျားပန်းခတ်မျှ လှုပ်ရှား သွားလာကြသည်။ နေမင်းသည်လည်း အနောက်ဖက် ယွန်းယွန်းဆီသို့ အိကာ ကျနေတတ်သည်။ နေ့ခင်းက ခြောက်ခြောက်သွေ့သွေ့ နှင့် အိပ်မောကျခဲ့သည့်လမ်းမသည်လည်း ဆူဆူညံညံအသံများဖြင့် ပြန်လည် နိုးထလာသည်။

ထို့နောက် မုန့်လုံးကြီး ဆီစိမ်သည် သည် အိမ်ရှေ့လမ်းမပေါ်မှ ဖြတ်သွားတော့သည်။ ထိုဗန်းရွက်ဈေးသည်သည် တစ်ခေါ်ခန့် အကွာမှနေ ၍ “မုန့်လုံးကြီး ဆီစိမ်” ဟု အသံ ခပ်မှန်မှန်နှင့် တစ်ခါသာ အော်သည်။ ထိုတစ်ခါတည်းအော်သည့် အသံ မကြားလိုက်ပါက ထိုနေ့အဖို့ မုန်းလုံးကြီး ဆီစိမ်ဝယ်စားဖို့ မဖြစ်နိုင်တော့။ ကျွန်တော် ငယ်ငယ်က မုန်းလုံးကြီး ဆီစိမ် စားချင်သည့် အခါတွင် ဈေးသည်မိန်းမကို လေးနာရီနှင့် ငါးနာရီ အကြားတွင် လည်ပင်း ရှည်ထွက်အောင် မျှော်ရသည်။ သို့ပေသည့် အဘွားက ဝယ်မကျွေးနိုင်သည်က များသည်။ ကောက်ညင်းပြား ပျော့ပျော့လေးကို ဆီစိမ်ထားကာ အုန်းသီကြော် ကြွပ်ကြွပ်လေး နှင့် သကြား ဖြူးထားသော မုန့်လုံးကြီး ဆီစိမ်ကို ထိုစဉ်က တစ်ခု ငန်းမူ(ငါးမူး) ပေးရသည်။

ညနေ နေဝင်ရီသရောအချိန်တွင် လေပုတ်ထုတ်ဆေးရောင်းသည့် အဖိုးကြီးနှင့် အဘွားကြီး လင်မယား အထမ်းကိုယ်စီနှင့် ရောက်လာသည်။ သူရို့သည် ကိုယ်ပိုင် ဗမာ့နည်း ဗမာ့ဟန်ဖြင့် ဖော်စပ်ထားသော အစာကြေလျက်ဆား၊ လောက်စာလုံးခန့် လေပုတ်ထုတ်ဆေးလုံး တို့ကို သတင်းစာ စက္ကူဖြင့် ထုပ်ကာ တစ်ထုပ်ကို တစ်မတ်ဖြင့် ရောင်းကြသည်။ ထိုစဉ်က စားလို့ရတာမှန်သမျှသည် ကျွန်တော့်အတွက် သရေစာပင်။

ထိုအချိန်တွင် ကုက္ကိုလ်ပင်အောက်မှ အကြော်ဆိုင်သည် ခင်ကျင်းပြင်ဆင်ပြီးကာ မီးဖိုက မီးခိုများ ပင် စတင် အူတက်လာပြီ။ ကျွန်တော်တို့ ရပ်ကွက်၏ ထုံစံအတိုင်း ဘရာကြော်(မတ်ပဲကြော်)၊ ကုလား ဗရာကြော်တို့သည် အဓိက အကြော်များ ဖြစ်ကြသည်။ ပြီးမှ တို့ဖူးကြော်၊ ငါးကလေးကြော်၊ ဘူးးသီးကြော်၊ မြင်းခွာရွက်ကြော် တို့ကို ကြားဖြတ် အလျင်းသင့်သလို တစ်ဒယ်စီခန့် ကြော်သည်။

ကျွန်တော်တို့ ညစာသည် အများအားဖြင့် အိမ်ရှေ့ အကြော်ဆိုင်မှ ဘူးသီးကြော်၊ ဘရာကြော်တို့ကို ဟင်းလုပ်စားကြသည်။ အိမ်ကို ဧည့်သည်လာလျင် ဘူးသီးကြော် ဝယ်ကြွေးကြသည်။ ငှက်ပျောသီး၊ သရက်သီးတို့နှင့် ထမင်းစားတတ်သော အဖေသည် တခါတရံ ငှက်ပျောသီးဖြင့် ညစာထမင်းစားသည်။ အဖေ အလုပ်ပြန်ချိန်သည် မိုးစုန်းစုန်းချုပ်လို့ မှောင်မှ အိမ်ပြန်ရောက်တတ်သည်။ ဝါတွင်းဆိုလျှင် ဓမ္မာရုံဆီမှ အော်လံ အသံစမ်းသံများ စတင် ကြားရတတ်သည်။ အိတ်တန်းတက်ရန် ငှက်တသိုက်တို့လည်း ကုက္ကိုလ်ပင်ကြီးဆီသို့ ကွန်းခိုလာကာ မအိပ်ခင် ငှက်သဘင်ကျင်းပနေကြသည့် အလား ဆူညံပွက်လောရိုက်လျက် ရှိသည်။ အဘွားသည် ပုတီးကို စိတ်လျက် အဖေ ပြန်လာချိန်ကို မျှော်ရရှာသည်။ အဘွားဆီမှ ပရိတ်ကြီး ဆယ်တစ်သုတ် တီးတိုးရွတ်ဆိုသံသည် အဖေအိမ်ပြန်ရောက်မှ ပိုမို တည်ငြိမ် ပီပြင်သွားလေ့ရှိသည်။ ထို့နောက်တွင် ကျွန်တော့်အတွက် ပုံပြင် နားထောင်ဖို့ အချိန်ရောက်လေသည်။

အဘွားပုံပြင် ပြောပြချိန်တွင် လရောင်သည် ရွန်းလဲ့နေတတ်သည်။ တခါတရံ ကြယ်ရောင်များ ပြိုးပြိုး ပြက်ပြက် လင်းလက်လျက် အဆုံးအစမဲ့ ကောင်ကင်ပြင်ကြီးကို ပြတင်းပေါက်မှ ငေးမောကြည့်ရင်း စာကျက်ဖို့ကို သတိမေ့နေတတ်သည်။ အတန်းကြီးလာတော့ စာကျက်ချိန်တွေလည်း ပိုလာတတ်သည်။ ညလေပြေလာတော့ ဇီးကွက်တို့ အသံစပေးလေသည်။ အိမ်နောက်ဖက် ခြံဆီမှ ညမွှေးပန်းရနံ့သည် လေအသုတ်တွင် ပါလာတတ်သည်။ ထိုညလေကြောင့်ပင် ဓမ္မာရုံမှ ဓမ္မစင်္ကြာ ရွတ်ဖတ်သံတို့သည် ဝေးလာလိုက် နီးသွားလိုက် ရှိတတ်၏။ တခါတရံ အိမ်နောက်ဖေးမှ ကြွက်စုတ်တို့ ရန်ဖြစ်သံများ ကြားရတတ်သည်။ အိမ်ရှေ့လမ်းမပေါ်တွင် အိမ်အပြန် မြင်းလှည်းများမှ မြင်းခွာသံ လေးလေးပင်ပင်များလည်း ရှိသည်။ နှစ်အိမ်ကျော်မှ ဆယ်တန်းကျောင်းသူ ကောင်မလေးတစ်ယောက် စာအကျယ်ကြီး ကျက်လျက်လည်းရှိတတ်သည်။

ညဉ့်နက်လာသည်နှင့် အမျှ ရပ်ကွက်ဓမ္မာရုံမှ ဓမ္မစင်္ကြာ ရွတ်ဖတ်သံသည် တိတ်ဆိတ်သွားခဲ့ပြီ။ညသည် တစ်စစနှင့် ပင်ပန်းနွမ်းနယ်လာကာ ဆိတ်ငြိမ်ခြင်းသို့ ဝတ်ဆင်း တွားသွားနေတော့သည်။ တစ်ဖြည်းဖြည်းနှင့် ပကတိ ငြိမ်သက်ခြင်းသို့ ရောက်လာသည်။ ရပ်ကွက်တစ်ခုလုံးသည် တိတ်ဆိတ်ခြင်း မက တိတ်ဆိတ်သွားသည်။ ကျွန်တော် စာကျက်ပြီးလို့ အိပ်ရာ ဝင်ခါနီးတော့ “ထာပနာထုပ် ပြန်ပေါင်းထုပ် ပူချိုမွှေး” ဆိုသည့် ဈေးသည် ကောင်းလေး၏ အသံကို တိတ်ဆိတ်ညထဲမှာ အဝေးကပင် သဲ့သဲ့ကြားရသည်။ အလွန်တိတ်ဆိတ်နေသော ည သန်းခေါင် ရောက်လု ရောက်ချိန် ကျွန်တော်တို့ အိမ်ရှေ့ရောက်သည် အခါ သူ့ အသံက စူးရှစွာ ထွက်ပေါ်တတ်သည်။ သူ့အသံအရ သူသည် လူကြီးသံ မပေါက်သေးသည်ကို သိသာသည်။ ကျွန်တော့်စိတ်ထဲတွင် သူ့အသံသည် တောင်းပန်းခယ ငိုးကြွေးသံတို့ ရောယှက်နေတတ်သည်ဟု ထင်သည်။ ဝမ်းစာအတွက် ပူနွေးသော ထာပနာထုပ်များကို ပုဆိုးထုပ်ထဲတွင်ထည့်ကာ ကျော်ပေါ်ထမ်းလျက် တစ်ညလုံး လှည့်လည် ရောင်းနေရမည်လား မသိ။ ကျောက်ဆစ်မီးသတ်က ထိုအချိန်ဆိုလျှင် တစ်ဆယ်နှစ်နာရီ သံချောင်း ခေါက်သည်။ မာရှယ်လောများ ထုတ်သည့် ခေတ်တွင် သူ့ကို သတိရမိသေးသည်။

ကျွန်တော်တို့ အိမ်ရှေ့ကလမ်းမကြီးအပေါ် ဘဝပေါင်း စုံလင်စွာ ဖြတ်သန်းသွားခဲ့ကြသည်။ နောင်တွင်လည်း ထိုကဲ့သို့ ဘဝတွေ နင်းလျှောက်သွားကြလိမ့်အုံးမည်။ ထိုလမ်းမ၏ ဘေးတစ်ဖက်တွင် အဖေသည် ယနေ့ အချိန်ထိ မနက်ခင်း၏ နွေးထွေးသည့် နေရောင်အောက်၌ နေ့စဉ် ဆွမ်းလောင်းနေမြဲပင်။ အမေကတော့ ဆွမ်းဟင်းများ ချက်ပြုတ်ကာ သားဖြစ်သူ နေကောင်းကျန်းမာစေရန် ဆုတောင်းပေးလျက်ရှိသည်။ လွမ်းတတ်သော အမေသည် ငိုရှိုက်သံနှင့် သားကို လွမ်းနေရကြောင်း အမြဲပြောရှာသည်။ ကျွန်တော်ကိုယ်တိုင်လည်း တဖန်ပြန်ပြီး အိမ်ရှေ့က လမ်းမကြီးအပေါ် လှုပ်ရှားနေသော ရင်ခုန်သံ စည်းချက်များနှင့်အတူ ခြေလှမ်းများ လှမ်းလျက် ကျွန်တော့် အမေ့အိမ်ကို ပြန်ချင်လှသည်။ ကျွန်တော့်ကို အမေ ပြုံး ၍ ကြိုဆိုနေမှာ အမှန်ပင်။ ထို့ပြင် အရင်ကလို တံခါးတိုင်များ နောက်ကွယ်တွင် တိတ်တဆိတ် ရပ်ကာ အိမ်ရှေ့မှ ဖြတ်သန်းသွားသမျှ လူတို့အကြောင်းကို ဘာသာပြန်ကြည့်ချင်သည်။ ကျွန်တော် ချစ်မြတ်နိုးသော၊ မြော်လင့်တကြီး စောင့်စားကာ ဝယ်စားရလေ့ရှိသော မုန့်သည်၊ ခေါင်းရွက်သည်များကို တစ်ယောက်ပြီး တစ်ယောက် ခေါ်ကာ စကားတွေပြော၊ မုန့်တွေ ဝယ်စားချင်လှပါပြီ။ ပြီးဆုံးသွားခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ နိဗ္မာန်ဘုံကို ပြန်လည် အသက်သွင်းပါရစေလား။

အနန္တမေတ္တာဖြင့်
ဘကောင်း

သတိရမိတဲ့ ငယ်ငယ်က မန္တလေး (၂)


ကျွန်တော်တို့အိမ်သည် လမ်းမနှင့် ဦးတိုက်လျက်ရှိသည်။ ထို့ပြင် ရပ်ကွက်ဓမ္မာရုံကလည်း ကျွန်တော့်တို့ အိမ်နှင့် မျက်နှာချင်ဆိုင်တည့်တည့် လမ်း၏ အစတွင်ရှိသည်။ ထိုဓမ္မာရုံမှ လမ်းမအတိုင်း အရှေ့သို့ ဆက်တက်သွားလျှင် ပြည်ကျော်ဈေး(ယခင် ဦးတာရဲဈေး) သို့ ရောက်မည်။ ထိုမှ တဖန် စင်္ကြာသီဟဘုရား၊ ထိုမှ တဖန် ၈၄-လမ်း သို့ ရောက်မည်။ ဓမ္မာရုံမှအရှေ့သို့ မသွားပဲ အနောက်သို့ ဆင်းလာလျှင် ထိုလမ်းမသည် ကျွန်တော်တို့ အိမ်ကို ဦးတိုက်ပြီး အနောက်သို့ ကွေ့ဆင်းသွားသည်။ ထို့နောက် ကိုးလုံးတကာ ဘုရားသို့ ရောက်မည်။ ထိုမှတဆင့် တောင်ဘက်သွားလျှင် စိန်ပန်း၊ အနောက်ဘက် ဆက်သွားလျှင် ချမ်းသာရ ထုံးကုန်းသို့ ရောက်မည်။ အမည် မရှိသော ထိုလမ်းမ၏ ထောင့်တွင် ကျွန်တော်တို့ အိမ်ရှိသည်။ လမ်းမ၏ အခြားတဖက် ထောင့်တွင် သက်တမ်းရင့်လှပြီး ဖြစ်သော ကုက္ကိုလ်ပင်ကြီးတစ်ပင်လည်း ရှိသည်။ ဝါတွင်းကာလအတွင်း ထိုဓမ္မာရုံမှ ညစဉ် ညစဉ် ဓမ္မစကြာတရားကို ရွတ်ဖတ်ကြသည့် အခါ အော်လံကြီးဖြင့် အရပ်ရှစ်မျက်နှာလုံး လူတွေ အိပ်ချိန်အထိ ဖွင့်လေ့ရှိသည်။ ကျွန်တော် ငယ်စဉ် ဘဝတစ်လျှောက်လုံး ကြားရဖန်များလာတော့ ထိုဓမ္မစကြာတရားကို အလိုလို မှတ်မိနေသည်။ ထိုပြင် ထိုရွတ်ဖတ်ကြသူတို့၏ သံနေသံထားအား နားယဉ်နေသည့် အားလျော်စွာ ထိုသူတိုသည့် တရားစာရွတ်ဖတ်ရာတွင် ထူးချွန်ပြောင်မြောက် ပီပြင်လှပေသည်ဟု ချီမွမ်းမိသည်။ သို့ရာတွင် လူရွယ်ဘဝရောက်သည်တွင် အိပ်ရေးပျက်သည့် အခါများ၌ ထိုအော်လံကြီးနှင့် ကြားရသည်ကို နှိတ်စက်လွန်းလှပေသည်ဟု မကျေမနပ်မေတ္တာများ ပို့ပေးလိုက်သေးသည်။

အမေနှင့် အဖေသည် ဘာသာရေးကိုင်းရှိုင်းကြသော မိရိုးဖလာ ဗုဒ္ဒဘာသာဝင်များဖြစ်ကြသည်။ အိမ်၌ နေ့စဉ် မနက်တိုင်း အနည်းဆုံး သံဃာ သုံပါး ဆွမ်းခံကြွသည်။ အမေနှင့် အဖေတို့က ထိုင်ကိုယ်တော်ဟု ခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ထို ထိုင်ကိုယ်တော်များ အပြင် အဖေသည် အိမ်ရှေ့ထွက်၍ ဆွမ်းတစ်ဇလုံခန့်ကိုလည်း ဖြတ်သွားဖြတ်လာ ကိုယ်တော်များအား ဆွမ်းထပ်မံလောင်းသောကြောင့် ဖြစ်သည်။ ထိုင်ကိုယ်တော်များသည် အများအားဖြင့် သက်တော် ဝါတော်ကြီး ဆရာတော်များသာ ဖြစ်ကြသည်။ ထို့ကြောင့် ရက်ကောင်းရက်မြတ် အခါသမယများတွင် ထိုထိုင်ကိုယ်တော်များသာ ကျွန်တော်တို့ အိမ်သို့ တရားလာရောက်ဟောကြသည်။

ကျွန်တော်တို့ ရပ်ကွက်တွင် ရဟန်း သံဃာ ဘုန်းကြီး မရှားလှချေ။ အိမ်အနီးအနားတဝိုက်တွင် စကုတိုက်၊ဂွေးချိုတိုက်၊ မိုးကောင်းတိုက်၊ မကွေးတိုက် အစရှိသည့် ဘုန်းကြီးကျောင်းတိုက်များ စုစုစည်းစည်း တည်ရှိကြသည်။ ထို့ကြောင့် ဘုန်းကြီးကျောင်း ပညာရေးများလည်း ရှိခဲ့သည်။ ကျွန်တော်ဆိုလျှင် ငယ်စဉ်အခါ ပြေးလွှား ဆော့ကစားတတ်သည့် အရွယ်၌ ဧကျောင်း ဘုန်းကြီးကျောင်းတွင်နေရသည်။ မှတ်မှတ်ရရ ဆွမ်းကျန်များစားရသည်တွင် ထမင်းသိုးများ ရော၍ပါလာခဲ့သေးသည်။ ထို ဧကျောင်းတွင် အတော်အသင့် နေပြီး ချမ်းသာရ ထုံးကုန်း အမေဘက်မှ အဘိုးနေသည့် ရပ်ကွက်ထဲမှ စိန်တောင်ကျောင်းသို့ ရောက်သွားသည်။ စိန်တောင်တွင်မှ အစိုးရ အတန်းပညာကို စတင် သင်ကြားရသည်။ နောင်တွင်မှ အမေက စိန်တောင်ကျောင်းမှ ထုတ်ကာ သတ်သတ်မှတ်မှတ် အမှတ် (၁၃) အစိုးရမူလတန်းကျောင်းသို့ ပြောင်းပေးခဲ့သည်။

ကျွန်တော် ငယ်စဉ်က အိမ်တံခါး သစ်သားတိုင်များ အကြားမှ အိမ်ရှေ့လမ်းမ အပေါ် ဖြတ်သွား ဖြတ်လာ လုပ်နေကြသော လူများကို နေစဉ် မပြတ်တမ်း တမေ့တမော စောင့်ကြည့်လေ့ရှိသည်။ ထိုစဉ်တုန်းက ရင်းနှီးခဲ့သော ပုံရိပ်များကို ယနေအချိန်တွင် ပြန်လည် ပုံဖော်ကြည့်သော အခါ ပုံရိပ်တို့၏ နောက်ကွယ်တွင် မပီပြင်သော ဘဝတေးများ ဟစ်ကြွေးနေကြသည်ဟု ခံစားမိသည်။ ရပ်ကွက်ထဲတွင် ဖြတ်သန်းသွားခဲ့သော ကျွန်တော် မြင်တွေ့ခဲ့ရသည့် လူတို့သည် သူရို့၏ ဘဝအခြေအနေ၊ မိသားစု အရေး၊ အစုံစုံကို သူရို့၏ နေ့စဉ် လှုပ်ရှားမှုများက သရုပ်ဖေါ်နေသလိုပင်။ တနည်းအားဖြင့် တစ်လက်မခန့် အကျယ်သာရှိသည့် သစ်သားတိုင်းများ အကြားမှ စိတ်လှုပ်ရှားဖွယ်အတိ၊ ပျင်းရိငြီးငွေ့စရာ မရှိသော ဘဝရုပ်ရှင်ကို ချောင်းမြောင်းကြည့်ရှု့နေရခြင်းပင်။

ကျွန်တော်တို့ ရပ်ကွက်ကို ကျောက်ဆစ်တန်းလို့လည်း ခေါ်သည်။ နောင် အနှစ် ငါးဆယ် တစ်ရာ အတွင်း ထိုနာမည်သည် ပျောက်ဆုံးသွားဖွယ် ရှိသည်။ အဘယ်ကြောင့်ဆိုသော ကျောက်ဆစ်တန်းရပ်သည် တရားဝင် နာမည် မဟုတ်။ အစိုးရ ရုံး ဋ္ဌာန စာရင်းဇယားဝင်သည်က ပေါက်ပေါက်တန်းရပ် နှင့် ဥယျာဉ်တန်းရပ်ဟူသော အမည် နာမများအဖြစ်သာ ဖြစ်သည်။ တောင်ပြင် ဘုရားကြီးတွင် ရှိသော ကျောက်ဆစ်တန်းသည်ကာ တကယ့် ကျောက်ဆစ်တန်းမည်သည်။ သို့ရာတွင် ယခင် အနှစ်သုံးဆယ်ကျော် ကျွန်တော် ငယ်စဉ် ကလေးဘဝ မတိုင်မီကတည်းက သည် ပေါက်ပေါက်တန်းရပ်ကွက်နှင့် ဥယျာဉ်တန်း ရပ်ကွက် အကြားတွင် ဘုရားဆင်းတုများ၊ ကျောက်ဆစ်ရုပ်ထုများ ထုဆစ်ခဲ့ကြသည်။ သို့ရာတွင် ဤနေရာ ၌ ကျောက်ဆစ်လုပ်ငန်းများ လုပ်ကိုင် ခဲ့ကြသည်ကို နောင်တချိန်တွင် မည်သူ သိရှိနိုင်တော့ပါအံ့။ ကျောက်ဆစ်တန်း မီးသတ် ရုံ အဖြစ်သာ အမှတ်တရကျန်ရစ်ခဲ့သည်။ ကျွန်တော် ငယ်စဉ်က ကျောက်ဆစ် ရုပ်တု အကျိုးအပဲ့များ လမ်းထောင့် နေရာများတွင် တွေ့မြင်ရသေးသည်။ တဖြည်းဖြည်း ကျောက်ဆစ် လုပ်ငန်းရှင်များ ရွှေ့ပြောင်း စွန့်ခွာသွားကြသောအခါ ဘာမှ မကျန်ရစ်ခဲ့တော့ပေ။

ကျွန်တော်တို့ အိမ်ရှေ့က လမ်းမကြီးသည် လမ်းထောင့်ဖြစ်သည့် အားလျော်စွာ ဟိုဖက် ဒီဖက်က လာကြသော စက်ဘီးစီးသမားများ၊ မော်တော်ကား၊ မြင်းလှည်း နွားလှည်းများ မျက်နှာချင်းဆိုင် ဦးတိုက်မိကြသည်။ တစ်ဦးနှင့်တစ်ဦး မထိမိ၊ မခိုက်မိ၊ မတိုက်မိအောင် စက်ဘီးသမားများက ကလင် ကလင်နှင့် အသံပေးကြ၊ မော်တော်ကားကြီးများက ဟွန်းသံများ တီးကြ၊ မြင်းလှည်း သမားများက မြင်းရိုက် တုတ်တံအား လည်နေသော ဘီးလုံးအပေါ်တွင်တင်၍ တပ်..တပ်..တပ် နှင့် အသံထွက်စေလျက် မြင်းလှည်းလာနေကြောင်း အသံပေးကြရသည်။ တနည်းအားဖြစ် ကျွန်တော့် အိမ်ရှေ့ လမ်းထောင့်သည် အမြဲတမ်း အသက်ဝင်လှုပ်ရှား ဆူညံနေလေ့ရှိသည် မြင်ကွင်း တစ်ခုဖြစ်သည်။

မနက်အလင်းရောင် မရောက်သေး၊ လင်းအာရုံ မကျင်းလင်းသေးခင်မှာပင် တကျီကျီ၊ တကျွိကျွိနှင့် လက်တွန်းလှည်းသံများကို အိမ်ရာထဲမှ နိုးတဝက်နှင့် စတင်ကြားရတတ်သည်။ စာမေးပွဲနီးလို့ မနက်စောစော စာထကျက်သည့် အခါများတွင်မှ ထိုလက်တွန်းလှည်း သမားများကို ကိုယ်တိုင် ကိုယ်ကျ အိမ်ထဲမှ လှမ်းမြင်ရတော့သည်။ သူရို့သည် အိမ်မှုံစုံမွားဖြင့် လေးကန်သော ခြေလှမ်းများကို တလှမ်းခြင်း လှမ်းလျက် ဈေးချို၏ မနက်ခင်း ကိုင်းတန်းဈေးတန်းများ ဆီသို့ အမှီ သွားကြသည်။ နှစ်ဘီးတပ်လှည်းများသည် ကုန်ပစ္စည်းတင်းသောအခါ ရှေ့ဘက်မှ ဆွဲကြရသော ဆွဲလှည်းများလည်းဖြစ်ကြသည်။ မြင်းလှည်းတွင် ဝန်ကို မြင်းကဆွဲရသကဲ့သို့၊ ဆွဲလှည်းတွင်လည်း ဝန်ကို လူကဆွဲရသည်။ ထိုဆွဲလှည်း သမားတို့နှင့် အတူ အဖေသည် နံနက်ခင်း အလင်းမထွက်ခင် အမှောင်ထုထဲ တိုးဝင်ကာ အလုပ်သွားရသည်ကို မျက်စေ့အောက်မှကွယ်ပျောက်သွားသည်အထိ ငေးမေားကြည့်ခဲ့ဖူးသည်။ အဖေကဲ့သို့ မနက် အာရုဏ်အလင်းရောင်နှင့် အပြိုင် တလှုပ်လှုပ် သွားနေကြသော လူများလည်းရှိသည်။

ထိုကဲ့သို့ အချိန်မျိုးတွင် အိမ်ရှေ့မျက်နှာချင်းဆိုင်မှ ကုက္ကိုလ်ပင်ကြီးပင် မနိုးသေးချေ။ ကုက္ကိုလ်ရွက်တို့သည် တစ်ရွက်နှင့်တစ်ရွက်ပူးကပ်ထားက ရွက်သိမ်းထားတုန်းပင်။ ညက အိပ်တန်းတက်ခဲ့သည့် ငှတ်တို့သည်လည်း ထိုကုက္ကိုလ်ကိုင်းတို့ ပေါ်တွင် အိပ်စက်နေကြတုန်း။ တဖြတ်ဖြတ်နှင့် အတောင်ခတ် ပျံသန်းသွားသော ခင်ဘုတ်နှင့် ဇီးကွက်တို့ကို အရိပ်ပမာသာ လှမ်းမြင်လိုက်ရတတ်သည်။ ထိုအချိန်မျိုးဆိုလျှင် ကျောက်ဆစ်မီးသတ်မှ လေးနာရီ သံချောင်းခေါက်သည်။

အဖေ အိမ်မှ အလုပ်သို့ ထွက်သွားပြီ တစ်နာရီခန့်တွင် ခေါင်းရွက် ငချိတ်ပေါင်း သည်ကို တွေ့ရသည်။ မနက် အလင်းရောင် မရှိတရှိ လင်းအားကြီးချိန်ဖြစ်သည့် အားလျော်စွာ ငချိတ်ပေါင်းသည် သည် ဟစ်အော်ခြင်းမရှိ။ တိတ်ဆိတ်စွာ လမ်းမပေါ်တွင် ဖြတ်သန်းသွားလေ့ရှိသည်။ အဘွားက သေသေချာချာ စောင့်ကြည့်ပြီးမှ ငချိတ်ပေါင်းသည်ကို ခေါ်ကာ ငချိတ်ပေါင်းနှင့် ပဲပြုတ်ကို ဝယ်ယူရသည်။ အဝတ်အိတ်ကြီးထဲတွင် ထည့်ထားသော ငချိတ်ပေါင်းတို့သည် ပူနွေးနေကာ ငချိတ်နံ့တို့က သင်းနေလေ့ရှိသည်။ ထိုစဉ်က ခေါင်းရွက်သည်တို့ ရောင်းသော ငချိတ်ပေါင်း နှင့် ပဲပြုတ်တို့ကို ၅-ကျပ်သား၊ ၁၀-ကျပ်သား အစရှိသဖြင့် အလေးချိန်နှင့် ချင်တွယ်ကာ ဝယ်ယူရသည်။ကျွန်တော် မှတ်မိသမျှ ရပ်ကွက်အတွင်းဖြတ်သန်းသွားသမျှ ခေါင်းရွက်သည်တို့ အထဲတွင် ထို ငချိတ်ပေါင်းသည် သည် အစောဆုံး ဈေးသည်ပင် ဖြစ်သည်။ ထိုစဉ်တုန်းက မန္တလေးတွင် ကောက်ညင်းပေါင်းကို အုန်းသီးနှင့် စားသည့် ဓလေ့နည်းသေးတယ် ထင်သည်။ ငချိတ်ပေါင်းပဲ ရောင်းကြသည်။ ထို့ကြောင့် ယနေ့အချိန်အထိ ကျွန်တော်သည် ငချိတ်ပေါင်းကို ပိုမိုနှစ်သက်တုန်းပင်။ ကောက်ညင်းပေါင်းနှင့်ငချိတ်ပေါင်းကို ရွေးရလျှင် ငချိတ်ပေါင်းပဲ ရွေးဖြစ်မည်။

ထိုခေါင်းရွက်သည် လာပြီးနောက် မကြာခင်တွင် အလင်းရောင်သည် တစစနှင့် တအိအိ ရပ်ကွက်ထဲ ချဉ်းနှင်း ဝင်ရောက်လာသည်။ နေ့သစ်ကို ကြိုဆိုရန် ကုက္ကိုလ်ရွက်တို့ ဖြန့်ခင်းကြလေပြီ။ ညခင်းက တွေ့ရသလို ကျိုးတို့ ကျဲတဲ သစ်ကိုင်းများ မဟုတ်တော့။ အရွက်များ ဖုံးလွှမ်းသွားခဲ့သည်။ ထိုနံနက်ခင်း အလင်းရောင်တို့နှင့် အတူ ကျီးကန်းတို့ အုတ်သြော်သောင်းနင်း ပျိုဆင်းကြသည်။ စာကလေးများ တကျိကျိနှင့် ကပျောကသော ရောက်ရက်ခတ် အော်ဟစ်ကြသည်။ သင်္ဃန်းဝါဝါနှင့် ရဟန်း သံဃာတို့ကိုလည်း ဟိုဟို ဒီဒီမှာ စတင်မြင်ရပြီ။ ထိုအချိန်ဆိုလျှင် အဘွား၏ ထမင်းအိုးလည်း ကျက်ပြီး၊ ထိုင်ကိုယ်တော်များကို ဆွမ်းလောင်းရန် အဆင်သင့်ဖြစ်နေသည်။ အိမ်ရှေ့လမ်းမကြီးသည် တဖြည်းဖြည်း အသက်ဝင် လှုပ်ရှားလာသည်။ ထမင်းအကျန်ကို ဖြန့်ကျဲကာ ခိုစာကျွေးသူတွေကြောင့် လမ်းနဘေးတွေ ခိုတွေ တရုန်းရုန်းနှင့် ရှိနေတတ်သေးသည်။ လမ်းမပေါ်တွင်လည်း စက်ဘီးစီးသူများကို တွေ့ရပြီ။ မြင်းလှည်းနှင့် နွာလှည်းများ မန္တလေး လမ်းမများအပေါ် မောင်းခွင့်ရှိတုန်းက တခွပ်ခွပ် မြင်းခွာသံများနှင့်အတူ မြင်းလှည်းများ၊ တကျီကျီနှင့် လိမ့်နေသော နွားလှည်းဘီးလုံးများသည်လည်း ကတ္တရာလမ်းမ အပျက်အပေါ် ဖိကြိတ်သွားလာကြသည်။ အဖေ မြင်းလှည်းမောင်းတုန်းကဆို ဒီလိုအချိန် မြင်လှည်းမောင်း ထွက်လေမလား ဟု မှန်းဆကြည့်မိသည်။ အိမ်ရှေ့က လမ်းမသည် ထိုစဉ်က နွေရာသီဆိုလျှင် အခြောက်၊ လေပွေ အဝေ့တွင် ဖုန်များ မိုးမွှန်အောင် ထကြွကြသည်။ မိုးရာသီဆိုလျှင် ဖုန်အစား ရွှံဖွက်တို့ အတိသာ ရှိသည်။ယခင်မိုးပြီးလို့ ရွှံဖွက်တို့ ခြောက်လုခြောက်ခင်တွင် နောက်မိုးက ပြန်လည်စိုစွတ် ဖွက်ထစေသည်။ မိုးတွင်းအခါတွင် ရွှံဗွက်များ တော်ရုံနှင့် မခြောက်သော လမ်းမပေတည်း။

မနက်ခင်း အသက်ဝင်ကာ ရပ်ကွက်ကြီးတစ်ခုလုံး နိုးထလာချိတ်တွင် “မုန့်ပစ်သလက် အကြော်” ဆိုသည့် အသံသြသြကြီးနှင့် တစ်ဖြောင့်တည်းအော်သံကို ကြားရသည်။ ထိုအသံကို ကြားရလျှင် အကြော်သည် ယောင်္ကျားကြီးများလာပြီးဆိုတာကို အိမ်ထဲမှနေ၍ သိရသည်။ သူရို့ အသွင်အပြင်သည် မန္တလေး၌ကြာမြင့်စွာ အခြေချနေထိုင်နေသည့် အသွင်အပြင်နှင့် မတူကြချေ။ ချည်ကြမ်းပုဆိုး ပတ်လည်စင်းနှင့် ချည်ကြမ်း ရှပ်အင်္ကျီလက်တို ခပ်နွမ်းနွမ်းကိုသာ ဝတ်တတ်ကြသည်။ တာရာဖိနပ်ကို စီးလျက်လည်း ရှိသည်။ တုတ်ခိုင်သော လက်မောင်း၊ လက်ဖျံကြီးများက နွားနှင့်ရုန်းကာ စစ်ကိုင်း၊ကျောက်ဆည်ဖက်မှ လယ်ထွန်လယ်စိုက်ခဲ့သူလေလား၊ သို့မဟုတ် ဧရာဝတီမြစ်ကမ်းဘက်က ငှက်ခတ်သူပေလေလားမသိ။ မည်သည် အတွက်ကြောင့် မန္တလေးမြို့ပေါ်တက် အကြော်ရောင်းရလေသနည်း။ ငယ်စဉ်တုန်းက ဒါတွေကို မစဉ်းစားတတ်။ သူရို့ရောင်းသည့် မုန်းပစ်သလက်က ရေထူ။ ပါးပါးရှပ်ရှပ် မုန့်ပစ်သလက်မျိုးမဟုတ်။ ဗန်းထဲတွင် ပဲဆီခွက်ကလေးနှင့် ဆားဘူးလေးလည်းပါသည်။ ဒုတ်တံ တိုတိုလေးထိပ်တွင် အဝတ်စပတ်လျက် ပဲဆီခွက်ထဲတွင် နှစ်ထားကာ မုန့်ပစ်သလက်ပေါ်တွင် ဆီသုပ်ပေးသည်။ ထို့နောက် ဆားဖြူးပေးသည်။ ထိုစဉ်က မုန့်ပစ်သလက် တစ်ခု ဆယ်ပြား၊ နောက် ကျွန်တော် နည်းနည်းကြီးလာတော့ တစ်မတ်။

ထိုမုန်းပစ်သလက်သည် ယောင်္ကျားကြီးများနှင့် အပြိုင် ချမ်းသာရထုံးကုံးထဲမှလာသော ခေါင်းရွက်သည် ဒေါ်လှတင်၏ “ကတိုးဝါ…ကျော်” ဆိုသည့် အသံကိုလည်း ကြားရသည်။ “ကတိုးဝါ” ကို အမြန်ဆိုလျက် “ကျော်” ဆိုသည့် စကားလုံးရောက်မှ အသံကို မြှင့်ကာ ဆွဲလိုက်သည်။ ကောက်ညင်း မုန့်နှစ်တို့နယ်ပြီး အထဲတွင် ပဲ၊ထန်းလျက် အချိုတို့ကို ထည့်ကာ ကျော်ထားသည့် အကျော်တစ်မျိုးဖြစ်သည်။ တခါတရံ သူ့အကျော်ဗန်းထဲတွင် မုန်းဆီကျော်များလည်း ပါလာတတ်သေးသည်။ မုန့်ပစ်သလက် တစ်ခု ဆယ်ပြား ခေတ်တွင် သူ့ကတိုးဝါကျော်က တစ်ခု ငန်းမူး(ငါးမူး)။

တဖြည်းဖြည်းနှင့် နေမြင့်ချိန်ရောက်လာလေ စားစရာဗန်းရွက်သည်တို့ အလျိုလျိုအိမ်ပြန် ကုန်ကြလေ ဖြစ်သည်။ ကမ္ဘာလောက အရပ်ရှစ်မျက်နှာတစ်ခွင်လုံးဆီသို့ အလင်းရောင်တို့ ပြည့်စုံစွာ ရောက်ရှိ ဖြန့်ကျက်ခဲ့ပြီးပြီ။ မကြာမီ အလင်းရောင်တို့ ပိုမို တောက်ပလာတော့မည်။ နေမင်းသည် ခေါင်းပေါ်ထိပ်တည့်တည့် ခုန်တက်ဖို့ ကြိုးစားနေသည်။ ထိုအချိန်မျိုးတွင် စားစရာဗန်းရွက်သည်တို့အစား အခြား ဗန်းရွက်ဈေးသည်များက လမ်းမပေါ် ရောက်လာကြသည်။
”ခေါင်း….လျှော်ရည်”
“ခေါင်း” ကို အာလုပ်သံဖြင့် အသံမြင့်မြင့် ဆွဲအော်ကာ “လျှော်ရည်” ကို နိမ့်ဆင်းသွားသော အသံအနေအထားဖြင့် အော်တတ်သည့် ပိန်ပိန်ပါး မိန်းမလတ်တစ်ယောက် အမြဲတမ်း ပေါ်လာတတ်စမြဲ။ ထိုစဉ်တုန်းက ယနေ့ခေတ်လို ခေါင်းလျှော်ရည်ဘူးများ မရှိသေးချေ။ နေ့လည် နေ့ခင်း ရေချိုးချိန် အမှီ တရော်၊ကင်းပွန်းတို့ဖြင့် ရောစပ်ထားသည့် စေစေးပျစ်ပျစ် ညိုညစ်ညစ် ခေါင်းလျှော်ရည်တို့ကို ကျွန်တော့် အဘွား အပါအဝင်၊ ရပ်ကွက်ထဲမှ လူအများ ခေါ်ငင် ဝယ်ယူ သုံးစွဲကြရသည်။ ထိုကဲ့သို့ ခေါင်းလျှော်ရည်မျိုးသည် တကယ့် မြန်မာ့ရိုးရာ ခေါင်းလျှော်ရည် အစစ်ဖြစ်သည်။ ပျစ်ချွဲသော အရည်တို့သည် အမြုပ်အထ နည်းသည်။ သို့ရာတွင် ထိုခေါင်းလျှော်နှင့် လျှော်ထားသော ခေါင်းသည် အလွန်အေးမြ၍ ကြည်လင်နေလေတော့သည်။ သူမ၏ ဗန်းထဲတွင် ရွှေဘိုသနပ်ခါး အတုံးအခဲလေးများ၊ ဘီးစိပ်များ၊ အပ်၊ အပ်ချည် အစရှိသည့် စုံစီနဖာ များလည်း ပါဝင်လေ့ရှိသည်။

ထို အချိန်မျိုးတွင် ဆာလာအိပ်ခပ်ညစ်ညစ်ကို ကိုယ်စီလွယ်လျက် စပုတ်တံသံချွန်တပ် တုတ်ကိုင်ထားကြသည့် ပလပ်စတစ်ကောက် ကောင်လေးများ ကို တွေ့ရတတ်သည်။ နှစ်ယောက်အုပ်စု၊ သုံးယောက်အုပ်စု၊ တခါတရံ ခပ်ကြီးကြီး တစ်ယောက်တည်းသမား ကောင်းလေးကို တွေ့ရတတ်သည်။ ရပ်ကွက်ထဲမှ ခွေးများနှင့် သူရို့သည် အမြဲတမ်း ရန်ဘက်။ တခါတရံ စစ်တလင်းပြင်အလား အလွန်ကြောက်မက်ဖွယ်ကောင်းလောက်အောင် အပြန်အလှန် တိုက်ခိုက်ကြသည်။ ခွေးလေးငါးကောင်းနီးပါက ဝိုင်းဝန် တိုက်ခိုက်သည်။ အစွယ်များ မာန်ဖီလျက် လွတ်ရာကို ကိုက်ခဲရန် ကြိုးစားသည်။သူရို့က ကျောချင်းကပ်လျက် သံချွန်တပ်တုတ်ဖြင့် ဝှေ့ရမ်းကာ ကာကွယ်ကြသည်။ ထွက်မပြေးကြ။ ရပ်ကွက်ထဲမှ လူကြီးများက ဝင်ရောက်ကာ ခွေးများအား မောင်းထုတ်မပေးလျင် ထိုစစ်ပွဲသည် မည်မျှ တာရှည်မည် မသိ။ သူရို့သည် ကျွန်တော်နှင့် သက်တူရွယ်တူ အရွယ်ကလေးများဖြစ်ကြသည်။ ထိုစဉ်က ကျွန်တော်က ရှစ်နှစ် ကိုးနှစ် အရွယ်။ တံခါးတိုင်များနောက်ကွယ်မှ ကြည့်နေသော ကျွန်တော်၏ မျက်လုံးများသည် သူရို့ကို အထင်ကြီး အားကျခဲ့သည်။ သူရို့သည် ငယ်သည်။ ဒါပေမယ့် သတ္တိရှိသည်။

နေမွန်းတည့် မရှိတရှိ အချိန်တွင် မုံရွေးကပ်ကျေးသည် အဖိုးအိုနှင့် သူ့မြေးမတို့ ကျွန်တော်တို့အိမ်ရှေ့ လမ်းမမှ ဖြတ်ကာ အနောက်ရပ်ထဲသို့ ဆက်သွားကြသည်။ အမျိုးမျိုးသော ကပ်ကျေးဆိုက်စုံတို့ကို ထမ်းပိုး ရှေ့ဆိုင်းနှင့် နောက်ဆိုင်းတို့တွင် ထည့်ကာ ခါးကိုင်းကိုင်းနှင့် တအိအိသွားနေသော အဘိုအိုသည် မုံရွေးရွာကပေလော။ မြေးမဖြစ်သူ ကောင်မလေးက ကျွန်တော်နှင့် မတိမ်းမယိမ်း။ ထိုကောင်မလေးက “မုံရွေး ကပ်ကျေး” ဟု စူးစူးရှရှ အသံနှင့် အော်သည်။ ကျွန်တော် အံ့သြသည်က သူ့အသံသည် ကလေးသံ မပေါက်တော့။ ရင့်ကျက်နေသော မိန်မကြီးသံပင် ပေါက်နေသည်။ သူ ဘယ်အရွယ်ကတည်းက အဘိုးနှင့်အတူ ဈေးရောင်းနေရပါလိမ့်။ သူ့ အမေနဲ့ အဖေတွေက ဘယ်မှာလည်းလို့ ကျွန်တော့် တစ်ယောက်တည်း တံခါးတိုင်းတွေ နောက်မှာ တွေးနေမိခဲ့တယ်။ ထိုအချိန်မျိုးတွင် နေမင်းသည် ရက်စက်စွာ ပိုမို ပူပြင်လွန်းလှသည်ဟု ထင်မိသည်။

သတိရမိတဲ့ ငယ်ငယ်က မန္တလေး (၁)


အချိန်ကာလအားဖြင့် တစ်ဆယ့်ငါးနှစ်ကျော် နီးပါးမျှ ရှိလှရော့မယ်။ ဒီအရပ်၊ ဒီပတ်ဝန်းကျင်နဲ့အတူ မြင်နေ တွေ့နေကျ ကိုယ်နဲ့ သိသူတွေရော၊ မသိသူတွေနဲ့ ဝေးနေခဲ့တာ ကြာလှပြီကော။ အဲဒီအတိတ် ငယ်ငယ်တုန်းက ပုံရိပ်တွေကို ပြန်ပြောင်း စဉ်းစား တွေးတေားမိရင် သိပ်ချစ်စရာကောင်းတာပေါ့။ အတွေးစက်ဝန်းက အဆုံးမရှိ အစမရှိ။ တွေးမိရင် တွေးမိတဲ့ နေရာက စပြီး တငြိမ့်ငြိမ့်နဲ့ အတွေးရေအလျင်တွေထဲ ပျော်ဝင် စီးမျော လိုက်ပါသွားလိုက်တာ။တခါတရံ ကံကောင်းရင် ဝေ့ဝေ့ဝါးဝါး မေ့လုမေ့ခင် ငယ်ငယ်က အချို့ဖြစ်ရပ်ကလေးတွေ ပြန်လည် အမှတ်ရလာတတ်တယ်။ အဲဒါကို ကျွန်တော်က ဆေးသားအသစ်တင်တယ်လို့ ပြောလေ့ရှိတယ်။ အတိတ်ရဲ့ ပုံရိပ်တွေကို ပြန်လည် အမှတ်ရလာအောင် သစ်လွင်လာအောင် လို့ပေါ့။

ဦးနှောက်ရဲ့ ချောင်တနေရာမှာ တိတ်တဆိတ် ခိုဝင်နေလေ့ရှိတဲ့ ငယ်ငယ်တုန်းက အဖြစ်အပျက်တွေကို ပြန်လည် တူးဆွပြီး အမှတ်အသားလေးတွေ ပေးထားရတယ်။ သိပ္ပံခေတ်ကာလ လေ့လာစမ်းသစ်မှုတွေ အရ ဦးနောက်ရဲ့မှတ်ညာဏ် အခန်း အကန့်လေးတွေမှာ သူ့နေရာနဲ့သူ မှတ်ထားတဲ့ အချက်အလက်ကလေးတွေရှိတယ်တဲ့။ သိပ်မစဉ်းစား သိပ်မသုံးတဲ့ အကြောင်းအရာတွေက တဖြည်းဖြည်း နောက်ကိုတွန်းပို့ခံရပြီး ချောင်ထဲရောက်သွားတဲ့ သဘောမျိုးပေါ့။ အဲဒါတွေကို ကိုယ်က ပြန်သုံးမယ်ဆိုပြီး ချောင်ထဲကနေ ပြန်ဆွဲထုတ်ရပါတယ်။ နို့မိုဆို လုံးဝပျောက်ကွယ်သွားတတ်တယ်။

အဲဒီလိုမျိုး အတိတ်က ပုံရိပ်တွေကို ဆွဲထုတ်လိုက်တဲ့အခါ တချို့ဆို လန်းဆန်းသစ်လွင်နေလို့ အကြောင်းအရာတွေက ပြက်ပြက်ထင်းထင်း ပြန်လည် မှတ်မိလာတယ်။ ပေါ်လာတဲ့ အတွေးမျှင်စတွေ နောက်ကို တောက်လျှောက်လိုက်သွားကြည့်လိုက်တော့ “သြော် ဟုတ်ပေသားပဲ…အဲတုန်းက ဒီလို ဖြစ်ပျက်ခဲ့တာပဲ။ ဘယ်သူ ဘယ်ဝါတွေလည်း ပါခဲ့ကြတယ်” လို့ ပြန်လည် သြချလို့ရအောင်ကို မှတ်မိလာတယ်။ မနေ့တနေ့က ဖြစ်ပျက်ခဲ့သလိုမျိုး စိတ်ထဲမှာ ခံစားနေရတတ်တယ်။ အဲဒီလို အချိန်အခါမျိုးဆို ရင်ခုန်လွန်းလို့ ဆယ်ကျော်သက် မိန်းမပျိုမလေးသဖွယ် ရင်ထဲမှ တသိမ့်သိမ့် တလျှပ်လျှပ်နဲ့။ စိတ်လှုပ်ရှားရတာကိုး။

ကျွန်တော်မှတ်မိနေသေးတဲ့ အတိတ်က ပုံရိပ်တွေဟာ တကယ်တော့ လွန်ခဲ့တဲ့ တစ်ဆယ့်ငါးနှစ်ကျော် လာလ အချိန်အပိုင်းအခြားလေးမှာတင် ရပ်တန့်မနေခဲ့ဘူး။ တွေးတော စဉ်းစားကြည့်မယ် ကြည့်တော့လည်း အတွေးထဲ၊ ဦးနှောက်ထဲမှာ ဖြတ်ကနဲ ဖြတ်ကနဲ ပေါ်လာတဲ့ ပုံရိပ်တွေက ဓါတ်ပုံ ဖလင်လိပ်တစ်လိပ်ကို တဖြည်းဖြည်းနဲ့ ဆွဲဆန့်ထုပ်လိုက်သလိုပဲ။ ဟောဟိုမှာ ပုံရိပ်တကွက်။ ဟောဒီမှာလည်း ပုံရိပ်တကွက်။ ထွက်လာလိုက်တဲ့ အတိတ်ကအရာတွေ။ ပေါ်လာလိုက်တဲ့ မှတ်ညာဏ်တွေ။ မေ့နေပြီဖြစ်တဲ့၊ သို့မဟုတ် မေ့လုမေ့ခင်ဖြစ်နေတဲ့ အတိတ်ကို တခါတရံ ပြန်ပြီး အလည်သွားရတာ ကြည်နူးစရာပါ။

ကျွန်တော့်ရဲ့ အတိတ်က ပုံရိပ်တွေထဲမှာ ခြေထောက်တဖက် ကျိုးပြီး အရိုးဆက်ထားရလို့ ထော့နဲ့ ထော့နဲ့ လမ်းလျှောက်နေရတဲ့ အဘွားအို တစ်ယောက် နဲ့ အဲဒီအဘွားအိုရဲ့ လက်ဖဝါးတွေကို အားကိုးတကြီး ကိုင်ထားတတ်တဲ့ အသားဖြူဖြူ ကိုယ်လုံးသွယ်သွယ်နဲ့ ကောင်လေးတစ်ယောက်တို့က အမြဲတမ်း ပါလာလေ့ရှိတယ်။ နောက်တော့ သူရို့ နှစ်ယောက်ဟာ မန္တလေးမြို့ ပြင်လေးပြင်ကို ခြေလျင်တစ်မျိုး၊ မြင်းလှည်းဖြင့် တဖုံ၊ ဆိုက်ကားဖြင့် တလှည့် သွားလာနေကြတယ်လို့ မြင်ယောင်နေမိတယ်။

နက်မှောင်နေသော ဆံပင်တစ်ထွေး၊ အသားဖြူဖြူ နဲ့ အဘွားတစ်ယောက်။ အဘွားဒေါ်သစ်ကို တစ်ရပ်ကွက်လုံးက သိကြသည်။ တစ်ရပ်ကွက်လုံးကိုလည်း အဘွားက သိသည်။ အဘွား ရုပ်ရည် ရူပကာက ငယ်စဉ်တုန်းက တင့်တောင်းတင့်တယ်နှင့် မျိုးကောင်းဆွေကောင်းတို့မှ ဆင်းသက်လာကြောင်း သိသာစေသည်။ မျက်လုံး မျက်ဖန် ကောင်းပြီး ကြည်လင်နေသည်။ သန့်ရှင်းသော ရင်ဖုံးအင်္ကျီ၊ သနပ်ခါးအရည်ကျဲနှင့် ပေါင်ဒါမှုန့် နံ့ သင်းသင်းလေးက စိတ်မနောကို ပိုမို ကြည်လင် နေစေသည်။ အပြင်လူတစ်ယောက်အနေ နဲ့ အဘွားဟာ ခြေတဖက် ကျိုးနေတယ်လို့သာ ဆိုရတယ် ကျွန်တော့် စိတ်ထဲမှာ သူမဟာ ပကတိ ကောင်းမွန်ပြီး အားကိုးစရာ အဘွားတစ်ဦးပါ။ ထို့အပြင် သူမဟာ အရာရာကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်တဲ့ အမျိုးသမီး တစ်ဦးဖြစ်ကြောင်း သူမ မရှိတော့တဲ့ နောက်ပိုင်း နောင်တရ ကြေကွဲရတဲ့ အချိန်တွေမှာ သတိပြု သိရှိရခဲ့တယ်။

ဟိုအရင်တုန်းကဆိုရင် သူမဟာ သူမရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓါတ်ကို အေးချမ်းတဲ့ ချစ်ခြင်း မေတ္တာတရားတွေနဲ့ အနားကွပ်ထားလေ့ရှိတယ်။ သူမချစ်တဲ့ မြေးတွေ နဲ့ အတူနေရတဲ့ အချိန်တွေဟာ အမြဲတမ်း လန်းဆန်းလှပနေတယ်။ သူမစုဆောင်းထားသမျှ ပိုက်ဆံ ကျပ်တန်အသစ်ကလေးတွေနဲ့ အကြွေတွေဟာ သူ့မရဲ့ မြေးတွေ သုံးစွဲဖို့ ပဲ ဖြစ်ခဲ့တယ်။

ဒါပေမယ့် ကြည်နူးနေရတဲ့ သူမရဲ့ဘဝဟာလည်း သူမရဲ့ မြေးအကြီးဆုံးက အတောင်အလက်တွေစုံလို့ အသိုက်အမြုံကို မစွန့်ခွာခင် အထိပေါ့လေ။ ညစဉ် ဓမ္မစကြာရွတ်ပြီး မြေးကလေးကို ငါးရာငါးဆယ် ဇာတ်နိပါတ် ပုံပြင်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ၊ ဒုတိယ ကမ္ဘာစစ်အတွင်းက ရုရှား၊ဟစ်တလာ အကြောင်းတွေ၊ သီပေါမင်း ပါတော်မူပုံတွေကို ပြောပြတတ်တဲ့ အဘွားအိုဟာ သူမရဲ့မြေးမရှိတဲ့ နောက်ပိုင်း မြေးရဲ့ နာမည်ကိုသာ တသသ တမ်းတမ်းတတ ဟစ်ကြွေး အော်ခေါ်ပြီး နောက်ဆုံး ဘဝမီးအိမ် ချုပ်ငြိမ်းခဲ့တယ်။

အဘွားရဲ့ ဘဝအတွေ့အကြုံနဲ့ ရင်းပြီး ရလာတဲ့ သင်ခန်းစာကို မြေးဖြစ်တဲ့ ကျွန်တော် ရလာခဲ့တယ်။ နောင်မှ တတတ်ကြတဲ့ နောင်တပါ။ တခါတရံ အပြင်လောက က အဘွားအိုတွေကို စကားပြောခွင့် ကြုံတွေ့လာတဲ့အခါ ဘဝတပါးကို ပြောင်းသွားပြီ ဖြစ်တဲ့ ကိုယ့် အဘွားကို သေသေချာချာ အချိန်ပေး စကား မပြောနိုင်ခဲ့ရပါလားလို့ တွေးတောမိပြန်တယ်။

အသိညာဏ်ရင့်ကျက်သည့်အခါမှ အတိတ်က အရာများ ကိုပြန်လည် ဆင်ခြင် သုံးသပ်သည့်အခါ သင်ခန်းစာဆိုသည်မှာ နောင်တ တရားများ အပေါ်တွင် အခြေခံ၍ ပေါက်ဖွားလာတတ်သည့် ဓမ္မတာရှိသည်ကို လက်တွေ့ကျကျ နားလည်သဘောပေါက်ခဲ့သည်။ သို့ပေသည့် ကျွန်တော်သည် ခေတ်ကာလ၏ ပဲ့ကိုင်ရာ ဘဝရေစီးထဲမှာ စီးမျောနေဆဲပဲ။

ဘဝမြစ်ပြင်ကျယ်၏ ကမ်းနား သောင်ပြင် နေရာ ဒေသအနှံ့တွင် ကွန်းခို နားစက် ခဲ့ဖူးသည်။ ကြုံရာကျပန်း နေခဲ့သည်။ ပလက်ဖောင်းဘေးမှာ ဖိနပ်ခေါင်းခုအိပ်ဖို့ ကြုံလာရင် ဖိနပ်ခေါင်းခုအိပ်ခဲ့သည်။ အဆင့်မြင့်ဟိုတယ်ပေါ်တက် ဆယ်လကိုးသီတင်း အခန့်သား နေဖို့ ကြုံလာတော့ နေခဲ့လိုက်သေးတာပဲ။ သို့သော် ကိုယ်ကြီးပြင်လာခဲ့ရသော အိမ်နှင့် ဝန်းကျင်ကို လွမ်းသည့် စိတ်က နှလုံသား ထောင့်တစ်နေရာတွင် အမြဲကိန်းအောင်းနေသည်။ မြန်မာယဉ်ကျေးမှု အရိပ်အာဝါသအောက်တွင် ကြီးပြင်းလာခဲ့ရသည့်အတွက် မိဘနှင့် အတူနေရသည့် ဘဝကို တမ်းတမိသည်။

ငယ်ရွယ်စဉ်က ပျိုရွယ်မှုတန်းဖိုးကို အသက်ကြီးသည့်အခါမှ သိရသည်။ မိဘနှစ်ပါး၏ ကျေးဇူးတရားများကို အနေဝေးမှ သိရသည်။ ကျွန်တော်၏ မိဘနှစ်ပါးသည် ပညာ အမွေကို သာပေးနိုင်ခဲ့သည်။ သူတို့သည် မြန်မားရိုးရာ ရှေးရိုးစွဲ ထုံးတမ်းအစဉ်အလာများနှင့် ညီစွာ သားသမီးများကို ပျိုးထောင်ပေးခဲ့သည်။

ငယ်စဉ်က ဖိနပ် လျှပ်တိုက်စီးလို့ အသံထွက်လျှင် အဆူခံ အပြောခံရသည်။”ဟဲ့.. ဖိနပ် လျှပ်တိုက် မစီးနဲ့။ အသံမထွက်အောင် လမ်းလျှောက်ရတယ်” လို့ အမေက အော်သည်။ ထမင်းအိုးထဲမှ ထမင်းခူးတာ ပုံစံ မမှန်လျှင် အဖေက “ထမင်းခူးတာ အပေါ်ယံလေး ရှပ်မခူးရဘူး။ နောက်လူတွေက ဂျိုးတွေ စားနေရမှာပေါ့” လို့ ဆူပြန်သည်။ တဖန် အဘွားက “ထမင်းစားရင် လက်မစုပ်နဲ့။ ပြတ် ပြတ် ပြတ် လို့ အသံမထွက်စေနဲ့” လို့ သင်ပြန်တယ်။

အဖေသည် ပိုပြီး စည်းကမ်းတင်းကျပ်လေ့ရှိသည်။ စေ့စေ့ပေါက်ပေါက် အသေးစိတ်ကလေးကအစ အတိန်းအစောင်း မခံ။ မိဘတို့၏ သဘောသဘာဝ အတိုင်း သားသမီးတို့ကို အကောင်းတကာ့ အကောင်းဆုံးသာ ဖြစ်စေချင်သည်။ အတောင် အလက်စုံလင်စွာ အမြင့်တွင် ပျံသန်းနေကြသည်ကို မြင်တွေ့လိုသည်။

အဘွား၏ အမူအကျင့် နှင့်ခံယူချက်တို့ အဖေနဲ့ အဖေ့အစ်ကို တို့တွင် ပါလာခဲ့သည်။ ထို့နောက် အဖေခံယူချက်များလည်း ကျွန်တော့်တွင် ပါလာခဲ့သည်။ အဖေသင်ပေးခဲ့သော အင်္ဂလိပ်စာ လက်ရေးလှရေးနည်းသည် အလွန်အဖိုးတန်ခဲ့သည်။ အဖေသည် လွန်စွာမှ မာနကြီးသည်။ ဘယ်သော အခါမှ အခြားလူထံ လက်ဖြန့် အကူအညီ မတောင်း။ ချမ်းသာသော အမျိုးအဆွေ များနှင့်လည်း ခပ်တန်းတန်းနေသည်။ အဖေက “ငါက အကူအညီလိုချင်လို့ ကပ်တယ် ထင်နေလိမ့်မယ်” ဟု ဆိုသည်။ ရုတ်စွအဆုံး ရန်ကုန်တွင် နေသော သူ့အစ်ကိုနှင့်လည်း အဆက်အဆံမလုပ်။ သူ့အစ်ကိုကလည်း သူ့အမေ ကျွန်တော် အဘွားနှင့် အဖေတို့ကို အဆက်အသွယ် မလုပ်။ ကျွန်တော့် အမြင်တွင် သူတို့သည် ညီအစ်ကို အရင်း မဟုတ်ကြတော့။ တစိမ်းပြင်ပြင်များ ဖြစ်ကြသည်။ အနှစ် နှစ်ဆယ်အတွင်း အဖေ့အစ်ကို ကို ကျွန်တော် တစ်ခါသာ တွေ့ဖူး မြင်ဖူးလိုက်သည်။ အဘွားဆုံးတော့လည်း သူပေါ်မလာခဲ့။ အဖေသည် ကျွန်တော် အပေါ်တွင်လည်း မာနကြီးခဲ့သည်။ ကျွန်တော် ဆယ်တန်းကျောင်းသား ဘဝတွင် အဖေနှင့် ကျွန်တော် စကား အခြေအတင် ဖြစ်ကြသည်တွင် “အေး..ငါက မင်းကောင်းစားစေချင်လို့ စာကြိုးစားခိုင်တာ….မင်းကြီးပွားချမ်းသာလို့ အောင်မြင်ရင် မင်းဆီက ခိုကပ်စားမယ်လို့ ထင်မနေနဲ့။ သားသမီးလုပ်စာ ဘယ်တော့မှ မမျှော်လင့်ဘူး” လို့ ပြောခဲ့သည်။ ယနေ့ အချိန်ထိ အဖေသည် မာနကြီးဆဲ။

ကျွန်တော် ငယ်စဉ်က အဖေသည် မြင်းလှည်းမောင်းသည်။ အမေက ကိုင်းတန်းဈေးထဲတွင် သရက်သီးရောင်းသည်။ အဖေ့ မြင်းဇောင်းက အိမ်နောက်ဖေး သပြေပင်ကြီးအောက်တွင်ရှိသည်။ အဖေရော အမေရော အိမ်မှာရှိသည့် အချိန် ကျွန်တော်က တံပျက်စည်း ရိုးတံကို ရွှေဘိုမြင်း လုပ်တန်းကစားတော့ အမေက အရမ်းရီခဲ့သည်။ ထိုအကြောင်းကို ယနေ့တိုင် ပြော၍ မပြီးတော့။ “ငါ့သား မင်း အဖေ မြင်းလှည်းမောင်းတုန်းက မင်း က ရွှေဘိုမြင်းလို ခုန်ပြီး ကစားတာလေ…”လို ခဏ ခဏပြောသည်။ ကျွန်တော်မှာ အမေပြောမှသာ သိရသည်။

နောက်တော့ အဖေ မြင်းလှည်းမောင်းတာ အဆင် မပြေဘူးထင်ပါရဲ့။ ပုလိပ် ချည်မျှင်စက်သို့ သာမန်အစိုးရ ဝန်ထမ်းအဖြစ်ရောက်သွားသည်။ မနက်ခင်း အလင်းရောင် မထွက်သေးခင် အဖေသည် အိမ်မှ ထွက်ခါ အနောက်ပြင် ပေါက်ပေါက်တန်းရပ်မှ ဈေးချို စစ်ကိုင်း ကားဂိတ်အထိ ဘတ်စကား အမှီ လှမ်းလျှောက်သွားရသည်။ အိမ်ပြန်ရောက်တော့လည်း မိုးစုန်းစုန်း ချုပ်လို့။ ထိုစဉ်က အမေနှင့် အဖေ စကားများ ၍ အမေက သူ့အဖေ ကျွန်တော့် အဘိုးအိမ် သွားနေသည်။ ကျွန်တော်က အဖေ့ အမေ၊ ကျွန်တော့် အဘွားနှင့်သာ နေခဲ့သည်။ အဖေက အိမ်မှာ လူကြီးသူမ မရှိသည့် အချိန်တိုင်းတွင် အိမ်တံခါးကို အမြဲပိတ်ထားရန် မှာလေ့ရှိသည်။ ထိုအလေ့ အကျင့်မှ စ ၍ ကျွန်တော်တို့ အိမ်တံခါးမကြီးသည် ကျွန်တော် ကြီးလာသည်အထိ အမြဲလိုလို ပိတ်ထားသည့် အကျင့်ဖြစ်သွားခဲ့သည်။

အထက်တန်း ကျောင်းသား ဘဝတွင် သူငယ်ချင်းများက “မင်းတို့ အိမ်က ဟို…အမြဲ တံခါးပိတ်ထားတဲ့ အိမ်ကြီးလား”လို့ မေးတတ်ကြလေ့ရှိသည်။

ထို့ကြောင့် ကျွန်တော့် ငယ်စဉ် အတိတ်က အကြောင်းများကို ပြန်စဉ်းစားမိတိုင်း အနီရောင် အိမ်တံခါး သစ်သားတိုင်များ အကြားမှ အပြင်လောကကြီး၏ လွတ်လပ်မှုကို မပြတ်တမ်းငေးမောနေလေ့ရှိသည့် ကလေးလေးတစ်ယောက်၏ မျက်လုံးအစုံကို အမြဲတမ်း မြင်ယောင်နေမိသည်။ ထိုစဉ်ကစ၍ အချုပ်အနှောင်နှင့် အတွယ်အတာ မွန်းကျပ်သည့် ဘဝကို ကြောက်ရွံ့ မုန်းတီးခဲ့သည်။

ကျွန်တော်တို့ ရပ်ကွက်သည် သာမန် လူတန်းစားများသာ နေထိုင်ကြသည်။ ရုပ်မြင်သံကြား ပေါ်သည့် ခေတ်တွင် မည်သူတစ်ဦးမျှ မဝယ်နိုင်ကြသေး။ အခြားရပ်ကွက်သို့ သွားကြည့်ရသည်။ သစ်သားအိမ်လေးနှင့် ရုပ်မြင်သံကြားကို ပိုင်ဆိုင်ထားသော ဦးဟန်ဘော်သည် ရပ်ကွက် အနီးအနားတဝိုက်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။ ထိုစဉ်က ရုပ်မြင်သံကြား ကြည့်ရန် ဝင်ကြေး တစ်မတ် ပေးရသည်။ အနံ့အသက် ပေါင်းစုံ၊ ကလေးငိုသံ၊ ဆူသံ၊ ဆဲသံတွေ အကြား၊ နေကြာစေ့ထုပ်ကိုယ်စီနှင့် ဘဝအမော ဖြေကြသည်။ ပူနောင် ပူနောင်ဟူ ၍ မြန်မာ့ ဆိုင်းသံနှင့်အတူ ည ရှစ်နာရီ သတင်းကြေငြာချိန် ဆိုလျှင် ရုပ်မြင်သံကြားကြည့်သူတို့ အလျိုလျို အနားယူ၊ ခြေလက် ဆန့်ကြသည်။ ထိုအခါကြမှ ကလေးငယ်များ ငိုရန် သတိရကြသည်။ အပျို အအို၊ ကလေး လူကြီး စုံနေအောင်ကြည့်ကြသည်။ ထိုစဉ်က ကျွန်တော်က ကလေးအတန်းအစားဝင်။ သို့ရာတွင် ပရိသတ်အားလုံးက လူကြမ်းနှင့် ဇာတ်လိုက် ရန်ဖြစ်လျင် ဇာတ်လိုက်ဘက်မှ ပါဝင်အားပေးကြသည်။ လူကြမ်းကို ဆူပူ ကြိမ်းမောင်းကြသည်။ ပရိတ်သတ်သည် ရိုးသားစွာ ရုပ်ရှင်ဇာတ်လမ်း အပေါ် စီးမျောရင်း ရိုးသားစွာတုံ့ပြန်ကြသည်။ ကျွန်တော်တို့သည် သာမန်ရပ်ကွက်ကလေးတစ်ခုမှ ရိုးရှင်းသော မိသားစုဝင်များ ဖြစ်ကြသည်။

ပဲခူးသား မောင်ဘကောင်း


(၁)
ကျွန်တော် ပဲခူးသားဖြစ်ခဲ့သည်။ ဟ..ကိုဘကောင်း မန္တလေးသားဆိုတာ ဘယ်ကနေ ဘယ်နဲ့ ပဲခူးသားဖြစ်သွားရပြန်တာတုံး လို့ မေးဘွယ်ရှိပြန်လိမ့်မယ်။ ဒီလိုပါ ရန်ကုန်မှာ လေးနှစ်ကျော် ငါးနှစ်နီးပါ တက္ကသိုလ်ပညာနို့ရည် သောက်စို့စဉ်က ရန်ကုန်တက္ကသိုလ်ဝင်း အဓိပတိလမ်း နဘေးက ပဲခူးဆောင်မှာ နေခဲ့ရတဲ့ အတွက် ပဲခူးသားလို့ ပြောတာပါ။

အဆောင်မှာ နေခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘဝအကြောင်းတွေကတော့ သိကြတဲ့အတိုင်း ဆွတ်ပျံ့ဖွယ်၊ ကြည်နူးဖွယ် အမှတ်တရတွေနဲ့ ဖွဲ့စည်းထားလေ့ရှိကြတယ်။ အဲဒီထဲကနေ နောင်တချိန် အနုပညာလောကထဲရောက်သွားတဲ့ လူတွေရှိခဲ့တယ် ဆိုရင် သူရို့က ပြန်လည် ဖော်ကျူးတူးဆွကြတဲ့အတွက် အတိတ်က တက္ကသိုလ်ရဲ့ ပုံရိပ်ရောင်တွေဟာ ခံစားသူတွေအတွက် ပြန်လည် အသက်ဝင်လာတတ်ကြတယ်။

အဲဒီလိုပဲ ကျွန်တော် နေခဲ့ရတဲ့ ပဲခူးရဲ့ အလှမ်းမဝေးလှသေးတဲ့ အတိတ်က ပုံရိပ်တစ်ချို့ကို ပြန်လည်တူးဆွပါရစေ။ တက္ကသိုလ်ကျောင်းစာသင်ခန်းနှင့် ပဲခူးဆောင်တို့ယှဉ်ကြည့်လျှင် ကျွန်တော့် အပေါ် ပဲခူးဆောင်က နတ်ကြီးခဲ့သည်။

ရန်ကုန်မြို့တော်ကြီးသို့ တက္ကသိုလ်ကျောင်းတက်မှ ရောက်ဖူးသော၊ ရန်ကုန်ရောက်ရောက်ချင်း လမ်းမှား လမ်းပျောက်သော မအူမလယ် မန္တလေးသားတစ်ယောက် အနေဖြင့် ရန်ကုန်မြို့၏ စကား၊ အစားအစာ၊ ယဉ်ကျေးမှုတို့နှင့် အံဝင်မကျဖြစ်ရကာ နောင်တချိန် ကိုယ်ဒူးကိုယ်ချွန် လူပေါ်လူဇော်တစ်ယောက် ဖြစ်လာဖို့အတွက် ပဲခူးဆောင်သည် ကျွန်တော့်ဘဝအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ကျွန်တော်တို့ ပဲခူးသည် အစဉ်အလာကြီးမားခဲ့သည်။ အဓိပတိလမ်းမ ဘက်မှနေ၍ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အဆောက်အဦးသို့ ဝင်လာလျှင် ညာဘက် ပထမဦးဆုံးတွေရသော တောင်ငူ၊ စစ်ကိုင်း၊ ပဲခူး၊ အင်းဝ အဆောင်များ ဝင်းကို တွေ့ရသည်။

ထိုစဉ်က ကွန်ပျူတာတက္ကသိုလ် ပါမောက္ခ ဒေါက်တာကျော်သိန်း(ကျွန်တော်တို့ခေါ်သည့် နာမည်က ဒေါက်ကျော်) အိမ်က ကံဆိုးစွာပင် ကျွန်တော်တို့ အဆောင်းဝင်၏ နဘေးတွင်ရှိရလေကာ သူ့အိမ်ခေါင်မိုးသည် ညဉ့်နက် သန်းခေါင် လှည်းတန်း လက်ဖက်ရည်ဆိုင်များမှ ပြန်လာသော ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများ၏ ခဲစာ အမြဲတမ်း ပစ်ပေါက်ခံရသည်။

ကျွန်တော် တက္ကသိုလ် လေးတန်းရောက်သည့်နှစ်တွင် ဒေါက်ကျော်၏ လာဘ်စားမှု အရမ်း နာမည်ကြီးလာပြီး ပါမောက္ခရာထူးမှ ပြုတ်လေကာ အဓိပတိလမ်း အိမ်မှ ဆင်းပေးရတော့သည်။

(၂)
ဒေါက်ကျော်၏ သုံးနေကြ အဖန်တလဲလဲ ရိုးအီနေသော စကားများဖြစ်သည့် သစ်ကိုင်းပေါ်တွင် ငှက်ကလေးသုံးကောင်နားနေသည်။ သေနတ်နှင့် ပစ်လျှင် ဘယ်နှစ်ကောင် ကျန်မလဲဟု စသော မိန်းခွန်းများသည် တက္ကသိုလ်ကျောင်း တစ်တန်းစတက်သည့် မောင်မယ် သစ်လွင် ကြိုဆိုပွဲ နှစ်စဉ်နှစ်တိုင်း ပြောတတ်လေ့ရှိရကာ သူ့တွင် အခြားပြောစရာ ညာဏ်မရှိတော့ဘူးလားဟု အတန်းကြီးများအကြား တီးတိုးလှောင်ပြောင်ခံရသည်။

အဲဒီတုန်းက ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်သည် ဒေါက်တာ တင်အောင်အေးဖြစ်သည်။ နောက်ပိုင်းတွင် သူသည် နိုင်ငံတော် တရားသူကြီးချုပ် ဖြစ်သွားခဲ့သည်။ ၁၉၉၆-အရေးအခင်းဖြစ်ပြီးနောက်ပိုင်း ဘွဲ့နှင်းသဘင်းခန်းမအနီး သူ့၏ နေအိမ်တွင် အဆောင်ရရှိရေးအတွက် ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသားများနှင့် တွေ့ဆုံးဆွေးနွေးခဲ့ကြသေးသည်။ ယခုတော့ သူလည်း ဘယ်ရောက်နေသည်မသိ။

ပဲခူးဆောင်တွင် အိုင်စီမှ ကျောင်းသားများ အများဆုံးရှိသည်။ အိုင်အာ၊ ရှေးဟောင်းသုတေသနမှ ကျောင်းသားများလည်း ရှိကြသလို့ ကွန်ပျူတာမှ ကျောင်းသားများလည်း ရှိကြသည်။ နေရာဒေသ အသီးသီးမှလာကြသည်။ လူမျိုးစုံသည်။ ကိုယ်ကွယ်သည့် ဘာသာများလည်း မတူညီကြ။ ထို့ပြင် မတူညီသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်လာကြသော လူငယ်များ လာရောက် သွေးစည်းကြသည့် အဆောင်လည်းဖြစ်သည်။

ကိုယ်နေခဲ့သည် နယ်တွင် သူတလူ ငါတမင်း နေနိုင်သည့် လူငယ်သည် အဆောင်တွင် တပြေးညီ ညီအကိုရင်းချာကဲ့သို့ နေရသည်။ အဆောင်တွင် နိမ့်ပါးခြင်း၊ ကြီးမြတ်ခြင်း၊ သိမ်ငယ်ခြင်း၊ လူတန်းစား ခွဲခြားခြင်း မရှိ။ အားလုံးက အားလုံးကို ကာကွယ်စောင့်ရှောက်သည်။ လုံခြုံစေသည်။ တနည်းအားဖြင့် ဘဝတိုက်ပွဲအတွက် အားမွေး လေ့ကျင်နေကြသူများချည့်သာ။

ထို့အပြင် ပဲခူးဆောင်တွင် နေခဲ့ဘူးသော အစဉ်အလာကြီးမားသည့် ပုဂ္ဂိုလ်ကျော်များ၏ ဝိဉာဉ်များက ကျွန်တော်တို့ အပေါ်တွင် အများတမ်း ကြည့်ရှု့စောင့်ရှောက်နေကြသည်။ ဗိုလ်ချုပ် အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝ ပဲခူးဆောင်တွင် နေခဲ့သော အခန်းမှ အသုံးအဆောင်နှင့် စာအုပ်များသည် ကျွန်တော့်အတွက် နေ့စဉ် ကမ္မဋ္ဌာန်း ဘာဝနာ စီးမြန်းရသလို ကသိုဏ်း ရှု့သလိုမျိုး အခန်းအပြင် တံခါးအကြားမှ အမြဲလိုကြည့်ရှုှု့ရသည်။

(၃)
ဆယ်တန်း အင်္ဂလိပ်စာ အများသူငှာအောက် ဘိတ်ချေး၊ နောက်မှသာ လိုက်၊ ခွေးအကြီး လှည်းနင်းသလို အင်္ဂလိပ်စာအဆင့်ရှိသော မန္တလေးသား ဘကောင်းအတွက် ဗိုလ်ချုပ် အောင်ဆန်း၊ အဓိပတိ ဦးဘမော်၊ ဂျာနယ်ကျော် ဦချစ်မောင်တို့၏ အင်္ဂလိပ်စာ အရေးအသားများသည် ခွန်အားဖြစ်စေခဲ့သည်။ သိမ်နုတ် ညံဖျင်းခြင်းတို့ကို အမြှစ်မှ လှန်ပစ်စေခဲ့သည်။

တက္ကသိုလ်ကျောင်း ၁၉၉၄-ခုနှစ် ပထမတန်းတက်တော့ မိဘများက တစ်လ သုံးထောင် ထောက်ပံ့သည်။ ထိုစဉ်က ဆူလေ၊ လှည်းတန်း ဘစ်ကားလိုင်းကားခသည် နှစ်ကျပ်။ အိမ်က ထည့်ပေးလိုက်သော ကျပ်တန် အထပ်လိုက်အား ကားခအဖြစ် သုံးရသည်။ အဆောင် လခသည် လေးရာကျပ်။ မနက်တစ်ခါ၊ ညနေတစ်ခါ ထမင်းကျွေးသည်။

အထပ်သုံးထပ်ရှိသော အဆောင်တွင် အထပ်တိုင်း၌ ဟောကျူတာ တစ်ဦစီ ထားရှိကာ အဆောင်မှုးဦခင်မောင်စိန်က အပေါ်ဆုံးထပ်တွင် ချင်းလူမျိုး ဟောကျူတာ ဆရာဆလိုင်းနှင့် ဟိုဖက်ထိပ်၊ ဒီဖက်ထိပ်နေကြသည်။ လကုန်ချိန်တွင် အဆောင်သားများ ဆရာဆလိုင်းထံတွင် အဆောင်လခ သွားရောက်ပေးသွင်းကြရသည်။

တက္ကသိုလ် ပထမတန်းတက်တော့ အဆောင်အောက်ဆုံးထပ် အခန်း-၄၉တွင် နေရသည်။ နှစ်ယောက်တစ်တွဲ နေရသော အဆောင်ခန်းတွင် ခုတင်နှစ်လုံး၊ ဗီရိုတစ်လုံး၊ စာကြည့်စာပွဲ နှစ်စုံ ထားရှိသည်။ အခန်းဖေါ်သည်လည်း မန္တလေးမှ အတူတူလာကြသော သူငယ်ချင်း တစ်ယောက်ပင်ဖြစ်သည်။ အခုတော့ သူလည်း ရုံတော်ကြီးတွင် ဆိုင်ဖွင့် စီးပွားရေးလုပ်ငန်းထဲ ရောက်သွားသည်။

အိမ်က ပို့ပေးသော တစ်လ သုံးထောင်ကို ခြစ်ချုပ် ချင့်ချိန် သုံးစွဲရသည်။ အပြင်မှ ထမင်းဆိုင်များတွင် ထမင်းဝယ်မစားရဲ။ အိမ်မှ ပို့ပေးသော ငပိကျော်၊ ပုဇွန်ခြောက်ကျော်များဖြင့် အဆောင်ထမင်းကို မနက်တစ်ခါ၊ ညတစ်ခါ ဝလင်အောင် စားသည်။

ဆီကျဲကျဲ အရည်ပေါပေါ အဆောင်ဟင်းတို့မှာ ကုလားပဲချက်၊ ဂေါ်ဖီကျော်၊ ကြက်ဥချက်၊ ငါးဟင်း သို့မဟုတ် တစ်ပါတ်တစ်ခါ အသားဟင်းတစ်ခွက်ပါလေ့ရှိသည်။ ကိုယ့် အိမ်က ပို့ပေးလိုက်သော ဟင်းအခြောက် အခြမ်းတို့နှင့် တွဲဖက်စားရသည်။ မစားနိုင်သူတို့က အဆောင် ထမင်းစားခန်း အရှေ့တွင် ရောင်းနေသော ဟင်းဆိုင်မှ ဟင်းဝယ်စားကြသည်။ အဲဒီတုန်းက တစ်ယောက်စား ဝက်အူချောင်းကျော်တစ်ပွဲ ငါးကျပ်။

(၄)
တက္ကသိုလ် ဒုတိယတန်းရောက်တော့ မိဘများ ထောက်ပံရသည့် တစ်လ သုံထောင်မလောက်တော့။ တစ်လငါးထောင် ခုန်တက်သွားသည်။ ကုန်ဈေးနူန်းက တစ်နှစ်ထက် တစ်နှစ် တစစကြီးမြင့်လာသည်။ ဘစ်ကားလိုင်းကားခ ငါးကျပ်ဖြစ်သွားသည်။ ကျပ်တန် ရှားပါးသွားခဲ့သည်။

တက္ကသိုလ် ဒုတိယတန်းရောက်တော့ ဦးဖိုးကျား၏ တက္ကသိုလ်ကျောင်းသားများ အလုပ်လုပ်ကျောင်းတက်သည့် အကြောင်း ဖတ်ရသည်တွင် အိမ်က ထောက်ပံ့သည့် ပိုက်ဆံအပေါ် မှီခိုနေရသည့် ကိုယ့်အဖြစ်ကို ဆန်းစစ်မိသည်။

ထိုအချိန်ကာလများ ၁၉၉၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စိန်ရတု အခန်းအနား ကျင်းပရန် စိုင်းပြင်နေကြသလို၊ ဗိုလ်ခင်ညွှန့်၏ စီမံခန့်ခွဲ မှုအောက်တွင် အဆောင် များ အသစ်များပြန်လည် ပြင်ဆောက်နေချိန်လည်းဖြစ်သည်။

မှတ်မှတ်ရရ အဆောင်များ ပြုပြင်တည်ဆောက်နေဆဲ ကာလများ၌ အဆောင်ရေချိုးကန်များမှ တဆင့် ဝဲများ ကူးကြပါလေတော့သည်။ ကျွန်တော် မောင်ဘကောင်းလည်း အပါအဝင် အဆောင်နေသူငယ်ချင်များ ခန္ဓာကိုယ် အကြိုအကြား တလျှောက် ဘာစကေဗီဝဲပျောက် လိမ်းဆေးများဖြင့် နပမ်းလုံးကြရသော်လည်း လုံးဝပျောက်မသွားခဲ့ချေ။ တတိယတန်း စာမေးပွဲများ ပြီးဆုံးသွားပြီးနောက် မန္တလေးပြန်၊ အမေက အဝတ်အစားများကို ရေနွေးဖြင့် ပြုတ်လျှော်တော့မှ ဝဲရောဂါ စင်းစင်း ပျောက်ကင်းတော့သည်။

ကျောင်းပြန်ဖွင့်၍ တက္ကသိုလ်စိန်ရတု အခန်းအနား ကျင်းပချိန်တွင် ပဲခူးဆောင်၏ ကျောင်းသားဟောင်းကြီးများ၊ သက်ကြီးရွယ်အို ဆရာကြီးများကလည်း ကိုယ်နေခဲ့သည့် အခန်းများကို လာကြည့်ကြသည်။ တချို့ မမျှော်လင့်သော တိုင်ပြည်မှ ပုဂ္ဂိုလ်များသည် ပဲခူးဆောင် ကျောင်းသားဟောင်းကြီများဖြစ်နေကြသည်။

ထိုစဉ်က စစ်ကိုင်းဆောင်ထွက် ဗိုလ်ခင်ညွှန့်၏ အဓိက ရည်ရွယ်ချက်သည် တက္ကသိုလ်ကျောင်းသားများအား စည်းရုံးသိမ်းသွင်းရန်ဖြစ်သည်။ အဘဟု ခေါ်ကြရသော ဗိုလ်ခင်ညွှန့်ကိုယ်တိုင် အဆောင်ကျောင်းသားများထံ အနီးကပ် စည်းရုံးရေး ဆင်းခဲ့သည်။

ဗိုလ်ခင်ညွှန့်၊ ဗိုလ်ကျော်ဝင်း အပေါင်းအပါနောက်လိုက်တို့သည် ကားအနက်များစီးလျက် သေနတ်၊ ဆဲလူလာဖုန်းတို့ ခါးတွင် ချိတ်ကာ ရန်ကုန်တက္ကသိုလ်ကျောင်းဝင် အဆောင်များတွင် ခြေရှုပ်ခဲ့ကြသည်။ အဆောင် ညစာစားပွဲများ၊ မိတ်ဆုံစားပွဲများ ကျင်းပကာ အဆောင်ကျောင်းသားတို့ကို ချဉ်းကပ်ခဲ့သည်။

(၅)
ပဲခူးဆောင်ကျောင်းသားဟောင်း ဇင်ယော်မောင်မောင် သည် ထိုစဉ်က ဗိုလ်ခင်ညွှန့်နှင့် ကပ်လျက် အဆောင်ဒင်နာများတွင် ခြေရှုပ်ပြန်သည်။ အင်လျားနှင့် ပဲခူး မောင်နှမဆောင် ဖြစ်စေခဲ့သည်။ ဇင်ယော်မောင်မောင်သည်ကား ဖောက်ပြန်သူ တစ်ယောက်ဖြစ်ခဲ့သည်။ လူမှုရေးလည်း ဖောက်ပြန်ခဲ့သည်။

ဗိုလ်ခင်ညွှန့် တို့ အပေါင်းအပါများ တက္ကသိုလ်ကျောင်းဆောင်များတွင် ခြေရှုပ်နေခိုက် စက်မှုတက္ကသိုလ်မှ ကိုအောင်မိုးဝင် (မန္တလေး နွေဦး) က ဦးဆောင်လျက် တက္ကသိုလ်များ ရန်ကုန် မန္တလေး မိသားစု ဟု အသင်းအဖွဲ့ ပေါ်ပေါက်ခဲ့သည်။ သူက ဥက္ကဋ္ဌ၊ ထိုစဉ်တုန်းက ကိုမင်းထွန်း (ယခု ဒါရိုက်တာ မင်ထွန်း)က ကျောင်းပြီးခါနီးပီဆို ၍ ကျွန်တော်က ဒုတိယ ဥက္ကဋ္ဌ အဖြစ် တက္ကသိုလ်နယ်မြေများ ၌ မန္တလေး ဝိဉာဉ်ကို မွေးဖွား ရှင်သန်စေခဲ့သည်။

သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်၊ သူနာပြု၊ အိုင်စီ၊ စက်မှု၊ ကွန်ပြူတာ၊ တို့မှ ကျောင်းသူကျောင်းသားများ၏ နှလုံးသွေးများ ကို ကူးလူးရှင်သန် ပေါင်းစည်းစေခဲ့သည်။ မန္တလေးအသင်း၏ တွေ့ဆုံပွဲများ၊ စုစည်း ညီညွှတ်မှုများက ထောက်လှမ်းရေးသမားများနှင့် တက္ကသိုလ်ကျောင်းဆရာ၊ ဆရာမများအကြားတွင် မျက်စိ ဒေါက်ထောက်ကြည့်ဖွယ် ဖြစ်လာခဲ့သည်။

တစ်နေ့ ဆရာ ဆလိုင်းက ကျွန်တော်ကို သူ့အခန်းတွင် ခေါ်ပြောသည်။ တက္ကသိုလ်ကျောင်းဆရာများ အစည်းအဝေးတွင် မန္တလေး အသင်း၏ လှုပ်ရှားမှုများကို သတိထား စောင့်ကြည့်ရန်ဖြစ်ကြောင်း ပြောနေသည်ကို ပြောပြခဲ့သည်။ ထောက်လှမ်းရေး သမားများ အဆောင်တွင်းသို့ စိမ့်ဝင်ကြသည်။

အဆောင်များ အသစ်ပြုပြင် တည်ဆောက်ပြီးခါစ ၁၉၉၆-ခုနစ် ကျောင်းသား လှုပ်ရှားမှုများ ဖြစ်တော့ အဆောင်နေကျောင်းသားများ အားလုံး ရန်ကုန်တက္ကသိုလ်ကျောင်းဝင်း အတွင်း လှည့်ပတ်လျက် လှည်းတန်း မီးပွိုင့်တွင် စက်မှုတက္ကသိုလ်မှ ကျောင်းသားများနှင့် ပေါင်းစုံ စုစည်းမိကြသည်။

ကျွန်တော်တို့ ကျောင်းသားများ အပေါ် ၈၈-ခုနှစ်မှ ကျောင်းသားများ ဆက်လက် သွေးသစ်လောင်းပေးခဲ့ကြသည်။ ရဲစိတ် ရဲမာန်တို့ဖြင့် ကျောင်းသားများ အားလုံး အဆောင်များ အထဲမှ ထွက်ခဲ့ကြသည်။

(၆)
ဗိုလ်ခင်ညွှန့်၏ ရည်ရွယ်ချက်များ ပျက်ခဲ့ရလေသည်။ ဤတွင် တက္ကသိုလ်ကျောင်းသား များ အပေါ် ဗိုလ်ခင်ညွှန့်၏ မအောင်မြင်သော စည်းရုံးရေးက နောက်ပိုင်း ကာလများ၌ အဆောင်များကို ပိတ်ပစ်လိုက်သည် အထိ ရမ်းကားခဲ့သည်။

ထိုနှစ်ပိုင်း ကျောင်းများ ပိတ်တော့ ကျွန်တော်လည်း မန္တလေး မပြန်ဖြစ်တော့ချေ။ မိမိကိုယ်ကိုယ် ဦးဖိုးကျား၏ တက္ကသိုလ်ကျောင်းသား ဇာတ်ကောင် ဖြစ်စေလျက် ပဲခူးဆောင်တွင် ဆက်လက် နေထိုင်ခဲ့သည်။

သစ်ပင်ကြီးများ အုံ့ဆိုင်းလျက် အေးမြနေသော အရိပ်အာဝါသ အောက်တွင် ပဲခူးသည် အေးချမ်းလှသည်။ အဆောင်ရှေ့တွင် ကံကော်ပင်လည်း ရှိသည်။ အဆောင် ဒုတိယထပ် တစ်ထပ်လုံးတွင် မှ ဟောကျူတာ အဆောင်မှုးနှင့် ကျွန်တော် နှစ်ယောက်ထဲသာ အဆောင်တွင် ကျန်ခဲ့သည်။ အဆောင်တွင် အဝတ်လျှော်သည့် ဦးရာဂျူးသည် အဆောင်ဝင်း အပြင်ထွက်လျက် အဓိပတိလမ်းဘေးတွင် ကွမ်းယာ ဆေးလိပ်၊ မုန့်ထုပ်ကလေးများ ရောင်းရသည်။

ကျွန်တော် တက္ကသိုလ်လေးတန်းတက်သည့်နှစ်တွင် အဆောင်အပေါ်ဆုံးထပ် ဗိုလ်ချုပ် အောင်ဆန်းအခန်းနှင့် ကပ်လျက် ဒေါင့်ခန်းတွင် တစ်ယောက်ထဲ နေရသည်။ ကျောင်းပညာရေးအပေါ် စိတ်ကုန် နေသော အချိန်ကာလများလည်း ဖြစ်သည်။ အတန်းမတက်၊ ညပိုင်းအလုပ်ကို ညလုံးပေါက်လုပ်ကာ မနက်တခင်းလုံး အဆောင်တွင် အိပ်သည်။

အဆောင် ထမင်းစားဆောင်အတွက် သိုလှောင်ထားသော ဆန်အိပ်များ ထဲမှ ဆန်များကို ရေပုံးနှင့် ကျွန်တော်ကိုယ်တိုင် အဆောင်းမှုးမသိအောင် တိတ်တဆိတ် ခိုးယူလျက် သူငယ်ချင်းများ နှင့် ညလယ်စာ ထမင်းချက်စားကြသည်။ ထို ထမင်းအိုးနှင့်ပင် ကြက်ဥဟင်းချက်၊ အမဲသားကျော်စားကြသည်။

ထိုနှစ်သည် အဆောင်နေကျောင်းသား ဘဝတို့၏ နောက်ဆုံနှစ်လည်း ဖြစ်သည်။ စစ်အစိုးရက အဆောင်များ ပိတ်ပစ်လိုက်သည်တွင် ကျွန်တော် ပဲခူးဆောင်ကို ခွဲခွာ ခဲ့ရသည်။ ထို့နောက် သမိုင်းဝင်းထဲမှ ပုပ္ပါးဆောင် သို့ ယာယီ အခိုက်အတန့် အနေဖြင့် ရောက်သွားခဲ့သည်။ ပုပ္ပါးဆောင်တွင် နောက်ဆုံးနှစ် စာမေးပွဲကို ပြီးမြောက်စေခဲ့လျက် တက္ကသိုလ်ကျောင်းသားဘဝကို အဆုံးသတ်ခဲ့ရသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ဂျပန်ပြည်မှ ဖိုဂေါင်းများ


ဖိုဂေါင်းဆိုသည့် ဝေါဟာရ အသုံးအနုန်း မြန်မာ စကားလုံးကို ကျွနု်ပ် ဂျပန်ပြည် ဒုတိယအခေါက် ရောက်သည့် အခါတွင်မှ စတင်ကြားဖူးပါသည်။ ကျွနု်ပ်၏ မိတ်ဆွေ ညွှန့်စံ ကတော့ သူမ သိကျွမ်းသည့် မြန်မာ၊ဂျပန်အစရှိသည့် မိတ်ဆွေအပေါင်းအသင်းများ နှင့်မိတ်ဆက်ပေးသလို့၊ ကျွန်ုပ်မေးသမျှ ကပေါက်တိ ကပေါက်ချာ ပေါက်တတ်ကရာ ဂျပန်စကားများကို အမြဲတမ်း ရှင်းလင်းပြလေ့ရှိပါသည်။ သူမသည် အလွန်တရာမှ စိတ်သဘောထားဖြူစင်သော သူငယ်ချင်းကောင်း တစ်ယောက်ပါလေ။

ကျွနု်ပ် ဂျပန်ပြည်ဒုတိယအခေါက်ရောက်တော့ တိုကျိုမြို့တွင်ဖြစ်သည်။ ရောက်ပြီး နောက်တစ်နေ့တွင် သူငယ်ချင်းဖြစ်သူ နှင့်အဖေါ်လိုက်သွားရင်း ကိုဝင်းဆိုသည့် ဂျပန်ရောက် မြန်မာတစ်ယောက်၏ အခန်းသို့ ရောက်သွားပါသည်။ မြန်မာယောင်္ကျားသားများ စုပြုံပြီးနေကြသည့် အခန်းဖြစ်သည့် အားလျော်စွာ အလွန်တရာမှ ရှုပ်ပွနေလျက် မြန်မာဟင်းချက်သည့် ရနံသည် အခန်းတွင်၌ သင်းပြန့်ကြိုင်သင်းလျက်ရှိနေပါသည်။ ကျွန်ုပ်တို့ ကိုဝင်းအခန်းရောက်သွားတော့ နေ့ခင်းစာအချိန်လည်းဖြစ်၊ ထိုနေ့က ဆိတ်သားဟင်းချက်သည်ထင်ပါရဲ့၊ မဆာလနံ မွှေးမွှေလေးက ပိုမိုဆာလောင်စေပါသည်။ ထိုနောက် ကိုဝင်းက သူသောက်လက်စ ကိုရီယားအရက်ဖြူနှင့် တည်ခင်း ဧည့်ခံပါသည်။ ထိုလူသည် ဧည့်ဝတ်အလွန်ကျေသည့် လူတစ်ယောက်ဖြစ်ရုံမျှ မက ကျွနု်ပ်နှင့် စကားပြောကြသည့်အခါ အပေါက်အလမ်း အလွန်တည့်၍ လေပေးဖြောင့်လိုက်ကြသည်မှာ ထိုကိုရီးယားအရက်ပုလင်းကြီး ကုန်သွားသည်အထိပင်။ ထိုစဉ်က သူ့တွင်ရှိသော ကက်ဆက်ရီကော့ဒါလေးဖြင့် ကျွနု်ပ်တို့ပြောသမျှကို သူသည် မှတ်တမ်းတင်ထားသည်ဟု သတိရမိသည်။ ထိုကိုရီယားအရက်သည် ကျွနု်ပ်ပထမဦးဆုံးအကြိမ် စတင်သောက်ဖူးခြင်း၊ အဖေါ်ကောင်းနှင့်လည်း တွေ့ခြင်းကြောင့် သောက်ရင်း သောက်ရင်း လွန်သွားမှန်း ညနေစောင်းပြန်တော့မှ ကျွနု်ပ်သည် အတော်မူးနေမှန်း သိလိုက်ပါသည်။ ထိုအခန်းမှ အထွက် လမ်းတွင် ကျွနု်ပ် ထိုးအံပါတော့သည်။ ကျွနု်ပ်သည် ဂျပန်ရောက်သည့် အခေါက်တိုင်း နောက်တစ်ရက် နှစ်ရက်အတွင်း အရက်မူးပြီး အံလေ့ရှိသည်။ နောင် ရက်ပေါင်းမြောက်မြားစွာအတွက် ကနဦး ဖွင့်ပွဲလုပ်သည်ထင့်။ ကျွန်ုပ် နှင့် ကိုဝင်း သိကျွမ်းပြီးသည့်နောက် ရက်အနည်းငယ်အတွင်း ထိုလူသည် ဂျပန်ပြည်တွင် တရားမဝင်နေထိုင်သည့်အတွက် ရဲဖမ်းမိသွားက မြန်မာပြည် ပြန်ရောက်သွားပါသည်။ ကျွနု်ပ် တို့ မိတ်ဆွေဇတ်လမ်းလည်း တစ်ခန်းရပ်သွားခဲ့သည်။ ထိုကိုဝင်းနှင့် ပါတ်သက်၍ ကျွနု်ပ်မိတ်ဆွေ ညွှန့်စံနှင့် သိကျွမ်းခဲ့ရပါသည်။

ဂျပန်ပြည်တွင် မြန်မာပြည်မှ ဝလုံးများ အလွန်ပေါးပါသည်။ ဝလုံးဆိုသည်မှာ အို၊ သို့မဟုတ် အိုဗာစတေး နေကြသူများကို ခေါ်သည်။ ကျွနု်ပ်တို့မြန်မာနိုင်ငံရှိ မြန်မာများသည် ငွေကြေး အမြောက်အမြား အကုန်အကျခံကာ ဂျပန်သို့သွားရန်အတွက် ကြိုးစားကြပါသည်။ သူတို့ထင်သည်က ဂျပန်မှာ အလုပ် လုပ်လျှင် ပိုက်ဆံအမြားကြီးရသည်။ ဂျပန်လာရန် ကုန်ကျထားသော ပိုက်ဆံ ခဏအတွင်း ပြန်ရသည်ပေါ့။ ပိုက်ဆံတော့ ရသည်မှန်ပါ၏။ သို့ရာတွင် ပေးဆပ်လိုက်ရသော ဘဝ၏အချိန်များ၊ ကိုယ်နှင့်ယဉ်ကျေးမှုမတူညီသည့် နိုင်ငံတွင် အောက်ခြေသိမ်းလုပ်ငန်းများကို နှစ်ပေါင်းများ လုပ်ကိုင်လာကြရသောအခါ သူတို့သည် အပြောင်းအလဲကို လိုလားလာကြသည်။ သို့ရာတွင် ပြောင်းလဲဖို့ရာအတွက် သူတို့မှာ အခြေအနေများက မပေးတော့ပါ။ ဘဝသည် နစ်ပြီးရင်း နစ်လျက်သာရှိသည်။

ဂျပန်တွင် မြန်မာအများစုသည် စားသောက်ဆိုင်တွင် အလုပ်လုပ်ကြပါသည်။ တစ်ချို့ ၉-နှစ် ၁၀-နှစ် လုပ်သက်ရင့်သူများသည် စားသောက်ဆိုင်၏ အနောက်ပိုင်း ချက်ပြုတ်မှုတာဝန်ခံ ဖိုဂေါင်းများဖြစ်ကြသည်။ လုပ်သက်နည်းသူ၊ ဂျပန်စကား လည်ဝယ်အောင်မပြောတတ်သူများကတော့ ပုဂံဆေးပေါ့။ စကားပြောနိုင်သူများကတော့ အရှေ့တန်းထွက် စာပွဲထိုးလုပ်ကြရသည်။ စားသောက်ဆိုင်တစ်ခုတွင် ဖိုဂေါင်းသည် အခရာဖြစ်သည်။ သူသည် စားသောက်ဆိုင်တွင် လူလိုလျှင် လူသစ်ခန့်နိုင်သလို့၊ ရှိပြီးလူကို မကြိုက်လျှင် လည်း ဖြုတ်ပစ်နိုင်စွမ်းရှိသည်။ ဤနေရာတွင် အလုပ်အမားအခွင့်အရေးများ ဂျပန်တွင် မရှိဘူးလား မေးဖွယ်ရာရှိပါသည်။ ရှိပါသည်။ သို့ရာတွင် တရားမဝင် အလုပ်ခိုးလုပ်နေသူများ၊ ကျောင်တက်ဟန်ပြပြီး ကျောင်းမတက်ပဲ အချိန်ပိုင်းအလုပ်များကို ခိုးလုပ်နေသူများအတွက် ကာကွယ်ပေးသော ဥပဒေမရှိပါ။

ဂျပန်စားသောက်ဆိုင်များတွင် အချိန်ပိုင်း အလုပ်လုပ်လျှင် တစ်နာရီ အနိမ့်ဆုံး ယန်း၇၀၀ မှ ယန်း၁၂၀၀ အထိရကြပါသည်။ ထိုတစ်နာရီ ယန်း၇၀၀၊ ၈၀၀ ကိုမက် ၍ ဂျပန်ပြည်မှ မပြန်တော့သော(ဂျပန်ရောက် မြန်မာ ရွှေများစကားအရ ဝိုက် လိုက်သည်ပေါ့) ဆရာဝန်များ၊ အစိုးရပညာတော်သင်နှင့် လာပြီး မပြန်တော့သော ကျောင်းသူ ကျောင်းသား ဆရာ ဆရာမများ၊ ဂျပန်တွင် အလည်အဖြစ်နှင့် လာပြီး ဝိုက် လိုက်ကြသော မြန်မာများ ဒုနဲ့ ဒေးနဲ့ ရှိပါသည်။ဂျပန်ရောက် မြန်မာများသည် မြန်မာဆိုလျှင် ရွှေ၊ ဂျပန်ဆိုလျှင် ခွေးဟု ခေါ်ကြသည်။ တစ်ချို့သည် ထို အချိန်ပိုင်း အလုပ်ကို (သူတို့ စကားနှင့် ဆိုရလျှင်) နှစ်ပိုင်း ဆွဲကြသည်။ ဆိုလိုသည်မှာ ဤစားသောက်ဆိုင်တစ်ခုတွင် ညနေ ၄-နာရီမှ ည၁၁-နာရီအထိ လုပ်ရလျှင် နောက် စားသောက်ဆိုင် တစ်ခုတွင် ည၁၂-နာရီမှာ နောက်တစ်နေ့ မနက် ၄-နာရီအထိ ကူးပြောင်းလုပ်ကြပါသည်။ အချိန်ပိုင်း အလုပ်နှစ်ခု လုပ်သည်ပေါ့။ အများစုသည် ထိုကဲ့သို့ အချိန်ပိုင်း အလုပ်များကို နှစ်ပေါင်းများစွာ လုပ်လာကြရသောအခါ လူသည်ထုံသွားသည်။ တုံးသွားသည်ပေါ့။ စားသောက်ဆိုင်သုံး နှင့် သာမန် အခြေခံ ရိုးရိုး အဆင့် သာရှိ သော ဂျပန်စကားတော့ ပြောတတ်လာကြသည်။ သူတို့သည် ထိုဘဝမျိုးမှ လွတ်မြောက်လို ကြသည်။ အင်္ဂလိပ်စာ၊ စကားများ လေ့လာလိုကြသည်။ ကွန်ပျုတာ ဆိုတာကိုလည်း တတ်မြောက်လိုသည်။ ပြီးလျှင် အခြား နိုင်ငံများတွင်လည်း သွားရောက် အခြေချလိုကြသည်။ သို့ရာတွင် သူတို့သည် အချိန်မပေးနိုင်။ သတ်သတ်မှတ်မှတ် မရှိသော အလုပ်ချိန်များတွင် အဆင်ပြေအောင် ပြောင်းလဲလုပ်ကိုင်နေကြရသည်။

နိုင်ငံရပ်ခြား ဒေသများတွင် မြန်မာလူမျိုးများကို ဒုက္ခရောက်အောင် လုပ်သူများသည် အခြား မြန်မာများသာဖြစ်ကြသည်။ ဂျပန်တွင် အချို့ မြန်မာဖိုဂေါင်းများသည် အလုပ်ခွင်ဝင်လာသော အခြားမြန်မာလူသစ်များထံမှ ရသည့်လခကို ဖြတ်ယူလေ့ရှိသည်။ အကယ်၍ မပေးလျှင် ထိုလူသစ်သည် ထိုအလုပ်မှ ထွက်ရသည်မှလွဲ ၍ အခြားနည်းလမ်းမရှိပါ။

ကျွနု်ပ်နောက်ဆံုံး အခေါက် ဂျပန်မှ ပြန်လာသည့် နှစ်တွင် လက်ရှိတိုကျိုမြို့ မြို့တော်ဝန်၏ နှိမ်နင်းမှုကြောင့် မြန်မာ အိုများ တော်တော်များများ မြန်မာပြည်သို့ ပြန်အပို့ခံကြရသည်။ သူတို့ အဆိုအရ ခေတ်မကောင်းတော့ ဘူးပေါ့။ ဂျပန်ရောက် မြန်မာ အိုများ၏ ဘဝသည် အလွန်သနားစရာ ကောင်းသလို၊ သူတို့ ဒုက္ခသည်လည်း မသေးလှပါ။ တစ်နေရာမှ တစ်နေရာ သွားလျှင် ရဲကို ကျီးကန်းတောင်းမှောက် အမြဲလိုက်ကြည့်နေရသည်။ ထို့အပြင် အခြား နေထိုင်ခွင့် ရှိသော မြန်မာများက စော်ကား အနိုင်ကျင့်လျှင် ခေါင်းငုံခံပေအုံး။ ရဲတိုင်မည်ဟု ခြိမ်းခြောက်လျှင် ကိုယ်ကပြန်တောင်ပန်ရသည့် ဘဝ။ ကျောတခင်းစာ အိပ်စရာ နေရာလေးကို အချိန်ပိုင်း လှည့် ၍အိပ်ကြရသည်။ ထိုကဲ့သို့ မြန်မာကို မြန်မာအချင်းချင်း ဒုက္ခပေးမှုများ ကြောင့် အချို့ မြန်မာတော်တော်များများသည် မြန်မာဆိုလျှင် မတွေ့နိုင်အောင် ဝေးရာမှာ ရှောင်ကြသည်။ ဟိုကလည်းရှောင်၊ ဒီကလည်း အားကျမခံပြန်ရှောင် ကြရင်း မြန်မာတော်တော်များများသည် နိုင်ငံရပ်ခြားတွင် ရင်းနှီးမှု၊ နွေးထွေးမှုများ ပျောက်ကွယ်ကုန်၏။ စိတ်မကောင်းစရာပါ။

ကံအားလျော်စွာ ကျွနု်ပ်တွင် မိတ်ဆွေကောင်းများ ရှိခြင်းကြောင့် ကျွနု်ပ်သည် ဂျပန်ရှိ မြန်မာများ အကြောင်း ပိုမို၍ ထဲထဲဝင်ဝင် လေ့လာမိပါသည်။ ကျွနု်ပ် မိတ်ဆွေများကလည်း သူတို့၏ စားသောက်ဆိုင်တွင် ဖိတ်သည့် အခါဖိတ်၊ သူတို့ အိမ်တွင် ကျွေးသည် အခါကျွေးနှင့် သူ့တို့၏ ခင်မင်မှုသည် ကျွနု်ပ်အတွက် အလေးအမြတ်ထားရာတစ်ခုပါ။ ကျွနု်ပ် ကလည်း ငယ်ငယ်က အစာရေစာ ငတ်ငတ်ပြတ်ပြတ် စားခဲ့ရသည်ထင့်။ ကြီးလာတော့ အစားအစုံ စားပါေတော့သည်။ ဒါတောင် ဗက်ဂျီတေရီယန်ဘ၀ ၆-လ ပဲ ခံခဲ့သည်။ မြန်မာပြည် ပြန်ရောက်တော့ အသားပြန်စားသည်။ ပြောချင်တာက ဂျပန်ပြည်မှာ ရှိတဲ့ အစားအစာ အကြောင်းပါ။ ဂျပန်အစားအစာသည် အလွန်တရာမှ ကောင်း၊ အလွန်တရာမှ ကျန်းမာရေးနှင့် ညီညွှတ်လှပါသည်။ ကျွနု်ပ်တို့ မြန်မာ အစားအစာများ ကမ္ဘာတွင် မတိုးနိုင်သေးသည်မှာ ဖန်တီးမှုစွမ်းအား နည်းခြင်း၊ အဆီများ အလွန်အကျွံ သုံစွဲခြင်းများ ကြောင့် ဖြစ်ပါလိမ့်မည် ထင်ပါသည်။ ဂျပန်တွင် နေခဲ့စဉ် ကျွနု်ပ် တမ်းတမိသည့် အရာများသည် ကျွန်ုပ်မိတ်တွေ ကိုအောင်ကျော်ဦးတို့ လင်မယားက လုပ်ကျွေးသော အိမ်တွင်းဖြစ် ယာခိနိခူ၊ နှင့် ညွှန့်စံ တို့ စားသောက်ဆိုင် တွင် ကျွနု်ပ်စားသောက်လေ့ရှိသော ဂျပန်အရက် ပူပူကို သောက်ရခြင်းပါ။ ကိုအောင်ကျော်ဦးသည် ဖိုထဲတွင် အချိန်ပိုင်း အလုပ်ကို လုပ်သည့် အားလျော်စွာ အသားငါးများကို ကောင်းမွန်စွာ ရွေးချယ်တတ်ရုံမျှမက၊ အသားငါးလှီးဖြတ်သည့် နေရာတွင် အလွန်တရာမှ ကျွမ်းကျင် ပိုင်နိုင်လှပါသည်။

စားသောက်ဆိုင်တွင် လုပ်ကြရသော မြန်မာတို့ ဘဝသည် ပင်ပန်းလှပါသည်။ သူတို့သည် အလုပ်လုပ်သည့်အချိန် ထိုင်ချိန်မရပါ။ ဖိုထဲ၌ ချက်ရပြုတ်ရသော သူက မီးအပူရှိန်ပြင်းပြင်း နှင့် ချက်ပြုတ်နေချိန်တွင် ပန်ကန်းဆေးသည့် လူသည် လှိုင်းလုံးများ သဖွယ် ဝင်လာမစဲ တသဲသဲရှိသော စားကျွင်း စားကျန်များနှင့် ပန်ကန်များကို အလျင်မှီအောင် ဆေးကြောရပါသည်။ အရှေ့တန်းထွက်၍ စားပွဲထိုးရသူကလည်း လာအမျှ ဧည့်သည်များကို ဂျပန်ထုံးစံအတိုင်း ခါးကျိုးမတတ်၊ အာပေါက်မတတ် နုတ်ဆက်ရသည့် အပြင်၊ ဧည့်သည် စိတ်တိုင်းကျ အစွမ်းကုန်ဖြည့်ဆည်းပေးရပါသည်။

ဂျပန်တွင် မြန်မာ စားသောက်ဆိုင်များသည် ကာရာအိုကေများ စီစဉ်ပေးထားပါသည်။ သို့ရာတွင် သူတို့ ကာရာအိုကေများ သည် အသံလုံခန်းလည်းမရှိ၊ မိမိထိုင်သည့် စားပွဲကနေ ဆိုကြရသည့် အတွက် အခြား အစား စားနေသည့် လူများကို အလွန်တရာ အနှောက်အယှက် ဖြစ်စေပါသည်။ တခါတရံတွင် ကာရာအိုကေ ဆိုသည့်မိုက် ကို လု၍ ခိုက်ရန်ဖြစ်ပွားလေ့ရှိသည်။ ဤသည် ကိုက နိုင်ငံခြားတွင် ရှိသော မြန်မာတို့ စရိုက်ဖြစ်သည်။

မြန်မာရွှေများသည် နိုင်ငံခြားတိုင်းပြည်များ သို့ တဖွဲဖွဲနှင့် အလုပ်အကိုင် အဆင်ပြေလို ပြေငြား လာနေကြဆဲ။ အဆင်ပြေသူများ ရှိကြသလို၊ အဆင်မပြေသူများလည်း ရှိကြသည်။ အဆင်ပြေသူများလည်း ကြိုးစားကြရင်း ပိုမို အဆင်ပြေကြစေရန်၊ အဆင်မပြေသူများလည်း တချက်တည်းနှင့် ပိုမိုအဆင်ပြေသွားကြစေရန် ဆုတောင်းပါသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ညောင်ပင်ဈေးသစ်မှ လေဘေးလောက


ယနေ့ ညောင်ပင်ဈေးသစ် လေဘေးတန်းသည် လွန်ခဲ့သော ၁၉-နှစ်၊ အနှစ် ၂၀ ခန့်က အိမ်တော်ရာ ဘုရား လေဘေးတန်းမှ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါသည်။ အိမ်တော်ရာ ဘုရားမှ လေဘေးတန်းကြီး ရွှေ့ပြောင်းရတော့မည်ဟု ဆိုသည်နှင့် နှစ်ပေါင်းများ စွာ အရိုးစွဲ လုပ်ကိုင် နေကြသော ကျွနု်ပ်၏ မိဘများ အပါအဝင် လေဘေးလောကမှ လူများ ဒုက္ခရောက်ကြပါသည်။ တစ်ချို့ ပိုက်ဆံ တတ်နိုင်သူများသည် လေဘေးလုပ်ငန်းကို စွန့်ခွာကာ တရုတ်တန်းဈေး(ယနေ့ခေတ် မန္တလေး ရတနာဘုံဈေး) သို့ပြောင်းရွှေ့လုပ်ကိုင်ကြပါသည်။ ထိုစဉ်က ကျွန်ုပ် မိခင်ကြီးသည် ရှိစုမဲ့ ငွေကြေး အင်းအားကို ခြစ်ချုပ် စုစည်းကာ အသစ်ပြောင်းရွှေ့ရမည့် ညောင်ပင်ဈေးသစ် ဆိုင်ခန်းကို ဝယ်ယူရပါသည်။ ညောင်ပင်ဈေးသစ် ဟု ခေါ်ဆိုရသည်မှာ လေးဘေးတန်းမရောက်ခင် က ညောင်ပင်ဈေးသည် ရှိနှင့် နေပြီသားပါ။ ထိုညောင်ပင်ဈေးသည် အိမ်ရှင်မများ အားထားရသော အသီးအရွက် အသားငါးများ ရောင်းချသော သာမန် ဈေးကလေး တစ်ခုသာဖြစ်သည်။ ထိုဈေးနှင့် ယှဉ်၍ လေဘေးတန်းအတွက် ဈေးရုံတစ်ခုတည်ဆောက်သော အခါ ဈေးရုံအသစ်ကို ညောင်ပင်ဈေးသစ် ဟု ခေါ်တွင်လိုက်ကြသည်။ ထို ညောင်ပင်ဈေးနှင့် ညောင်ပင်ဈေးသစ် နှစ်ခုစလုံးသည် ရွှေတစ်ချောင်မြောင်း ဘေးတွင် တည်ရှိကြပါသည်။

ညောင်ပင်ဈေးသစ်သို့ ပြောင်းရွှေ့ ရသည် အခါတွင် ကျွနု်ပ်သည် ၁၀-တန်းစာမေးပွဲအား ဖြေဆိုပြီးခါစ ဖြစ်ကာ မိဘများအား ကူညီ၍ ဈေးလိုက်ပေးရပါသည်။ ကျွနု်ပ်သည် မနက်စောစော ၇-နာရီခန့် အိမ်မှ ဈေးသို့ စက်ဘီကလေးနှင့် ထွက်ကာ ဆိုင်ခင်းရပါသည်။ အဝတ်အထည်များကို သင့်တင့်လျောက်ပတ်သည့် နေရာများတွင် အတန်းများ တန်းကာ ခင်းကျင်းပြင်ဆင်ရပါသည်။ ထိုညောင်ပင်ဈေးသစ် လေဘေးတန်းသို့ ရောက်သောအခါ ယခင် အိမ်တော်ရာ ဘုရားမှ သိကျွမ်းခဲ့သော မိတ်ဆွေဟောင်းများနှင် ကွဲကွာသွားခဲ့သည်။ လေးဘေးလုပ်ငန်း အရောင်းအဝယ်လုပ်သည့် လူဦးရေလည်း နည်းသွားခဲ့သည်။ ကျွန်ုပ်အတွက် မှတ်မှတ်ရရ ပြောင်းလဲခြင်းသည် မနက်တိုင်း ဆိုင်ခင်းချိန်တွင် ကျွနု်ပ်ကြိုက်နှစ်သက်သော ဦးဘို၏ မုန့်တီ မစားရတော့ခြင်းပေတည်း။ ထို မုန့်တီရောင်းသည့် ဦးဘိုသည်လည်း မုန့်တီရောင်းခြင်းကို စွန့်လွှတ်ရပ်နားကာ လေးဘေးရောင်းရန် ကျွနု်ပ်တို့ဆိုင်ခန်းနှင့် မျက်စောင်းထိုးခန့်တွင် ဆိုင်ခန်းတစ်ခန်း ဝယ်ယူလိုက်ပါသည်။ ညောင်ပင်ဈေးဆိုင်ခန်များသည် အုတ်ပါးပါးလေးများနှင့် တည်ဆောက်ထားသော နှစ်ပေခွဲ၊ သုံးပေခန့်မြင့်သည် အုတ်အဆင့်များပေါ်တွင် အခန်းလေးများ ကန့်ထားသည့် အတန်းများဖြစ်သည်။

မနက်တိုင်း ဆိုင်ခင်းချိန်တွင် ကျွန်ုပ်အတွက် အသစ်အဆန်းအရာ တစ်ခုမှာ ကျွန်ုပ်ဆိုင်ရှေ့မှာ ဖြတ်သန်းသွားသော အိမ်ရှင်မများဖြစ်ပါသည်။ အိမ်ရှင်မ ပုံစံ အမျိုးမျိုး သည် မနက်ချိန်ခါ ဟင်ချက်စရာများ ဝယ်ချမ်းရန် အလို့ငှာ လေဘေးတန်း ဈေးအသစ်ကို ဖြတ်ကာ ညောင်ပင်ဈေးသို့ ဈေးဝယ်သွားကြသည်။ အိမ်ရှင်များ၏ ပုံစံသည် သူတို့ ဝယ်ယူလာသော ချက်ပြုတ်စရာ ဟင်းအမယ်များ၊ အထုတ်အကြီးအသေးကို လိုက်၍ အကဲဖြတ် ခွဲခြားလို့ရပါသည်။ တစ်ချို့သည် ပါတိတ်ထမီ အကောင်းစာများ ဝတ်ဆင်ကာ ရွှေလက်ကောက်များ ဆင်မြန်းထားသော အဆီအစ်နေသည့်လက်ဖြင့် ကြက်သားထုတ်၊ ငါးကြင်းထုတ်များ ကို ဆွဲကိုင်၍ ဈေးမှာ ပြန်လာလေ့ရှိကြပါသည်။ ထိုကဲ့သို့သော မိန်းမကြီးများသည် တစ်ခါတစ်ရံ ပိုက်ဆံအိတ်အကြီးကြီးမှလွဲ၍ ဈေးဝယ်ခဲ့သည် အထုတ်များကို ကိုယ်တိုင်မဆွဲပါ။ ပိန်ပိန်ပါးပါး ခပ်မွဲမွဲ ကောင်မလေး တစ်ယောက်က မိမိအိမ်ရှင်၏ အဆီများအစ်နေသော တင်ပဆိုင်ကြီးများကို ကြည့်ကာ အနောက်မှ ခပ်ကုပ်ကုပ်အလေး လိုက်ကြရသည်ကို တွေ့ရသည်။ တစ်ချို့ အမျိုးသမီးများသည် မဲခြောက်သော အသားအရည်ရှိကာ ခါးလုံရုံ အဝတ်ကို ဝတ်လျက် ဝမ်းဗိုက်ပူပူ ကလေးငယ်ကို ဆွဲကာ ဆူးပုတ်ရွက်၊ ကစွန်းရွက်ကိုသာ ကိုင်လျက် ဈေးပြန်ကြရသည်။ တစ်ခါတစ်ရံ ထို ဝမ်းဗိုက်ပူလေးကို တစ်ယောက်တည်း ဈေးလာဝယ်သည်ကို တွေ့ရတတ်သည်။ တစ်ချို့ အသက်အလွန်တရာကြီးရင့်နေသည့် အဘိုးအို၊ အဘွားအိုများပင် တုန်ချိ တုန်ချိနှင့် ဈေးဝယ်ထွက်ကြရသည်ကို တွေ့ရသည်။ ထိုကဲ့သို့သော မနက်ချိန်ခါ ဆိုင်ခင်းချိန်တွင် ဖြတ်သန်းသွားကြသော အိမ်ရှင်မ ပုံစံမျိုးစုံအား နေစဉ်မြင်တွေ့ဖန်များလာသော အခါ ထိုသူများ၏ အိမ် စီပွားရေး အခြေအနေ၊ ထိုသူများ၏ ပျော်ရွှင်မှု ဝမ်းသာမှု၊ မိသားစုဝင်များ အကြောင်းကို သူတို့၏ ဈေးခြင်းတောင်းများက ဟစ်အော်ကြွေးကြော်နေသည့်ကို စိတ်ဝင်တစား လေ့လာမိသည်။

ထိုစဉ်က ကျွန်ုပ် ဈေးရောင်းရသော အလုပ်သည် လူများကို အကဲခတ်ရခြင်း၊ သင့်တင့်လျောက်ပတ်သော လူမှုရေးနည်ပိရိယာယ်များဖြင့် ချဉ်းကပ်ရခြင်းများ ပြုလုပ်ရသော အလုပ်ဖြစ်ပါသည်။ ဤသို့ဖြင့် ဈေးအရောင်းသည်၏ မျက်လုံး တချက်အဝေ့သည် အခြားလူတစ်ယောက် ဝတ်ဆင်ထားသည့် ဟန်ပန် အမှုအရာ အဝတ်အစားများ ခေါင်းဖျားမှ ခြေအဆုံး အားလုံးကို ဘာသာပြန်ပြီး ဖြစ်သွားပါသည်။အစ်ကိုတန်သည်ကို အစ်ကိုခေါ်၊ အစ်မတန်သည်ကို အစ်မခေါ်၊ တစ်ခါတစ်ရံ ဦးဇင်း၊ ဆရာလေး၊ အဘ အစရှိသည်ဖြင့် ခေါ်ရပါသည်။ တစ်ချို့ဈေးဝယ်သူများသည် မိမိကြိုက်နှစ်သက်သော အထည်ကို ယတိပြတ် ဆုံးဖြတ်ချက် ချ၍ မဝယ်တတ်ပါ။ တစ်ချို့က ဈေးမဆစ်တတ်ပါ။ တစ်ချို့က ချိုးချိုးနှိမ်နှိမ် ဈေးဆစ်ကြပါသည်။ဈေးလောကမှ လူများသည် မနက်စောစော ဈေးဦးပေါက်တွင် မိမိမရောင်းနိုင်သော ဈေးဆစ်ခြင်းခံရပါက ထိုနေ့အတွက် ကံမကောင်းဟု ယူဆကြသည်။ ထို့ကြောင့် ဈေးဦးပေါက် တွင် အတတ်နိုင်ဆုံး ရောင်းနိုင်အောင် ကြိုးစားကြရပါသည်။ ထိုကဲသို့ ဈေးဦပေါက်ရောင်းရသော ငွေဖြင့်အခြား အဝတ်အထည်များကို တဖြတ်ဖြတ်ဖြင့် လိုက်လံပုတ်ကာ ထိုအထည်များ ရောင်းရစေရန် လာဘ်ခေါ်လေ့ရှိသည်။

ကျွန်ုပ်တို့ လေဘေးလောကမှ လူငယ်ယောင်္ကျားအများစုသည် နာမည်ကြီးသော တံဆိပ်(brand) များကို ဝတ်ဆင်ခြင်းဖြင့် အလွန်တရာဂုဏ်ယူလေ့ရှိကြသည်။နာမည်ကြီးသော တံဆိပ်များဖြင့် အင်္ကျီများကို ကွာလတီ(quality) သို့မဟုတ် ကွာတီ ၊ သို့မဟုတ် ကွာ ဟုခေါ်ဆိုကြသည်။ ထိုကဲ့သို့သော အဝတ်အထည်များကို ဝတ်ဆင်သူကို ကွာလတီသမား၊ ကွာတီ သို့မဟုတ် ကွာသမားဟု ခေါ်တွင်ကြသည်။ ကျွန်ုပ် တက္ကသိုလ်တက် ၍ စာမေးပွဲပြီးကာ မန္တလေးပြန်သည့် အခေါက်တွင် တစ်ည မိခင်ကြီးနှင့် စကားစပြီး ပြောဆိုနေစဉ်
"ငါ့သား.. မင်း မောင်စိုး ကို သိလား" ဟု မိခင်ကြီးက မေးပါသည်။
"ဘယ် မောင်စိုး လဲ အမေ"
"မုန့်တီရောင်းတဲ့ ဦးဘို သားလေး"
"သြော်....သိပြီ ဟို ရွာသား ဆန်ဆန် တစ်ယောက်မလား"
"အေး..မင်း...သူတောင် ကွာလတီ ဖြစ်သွားပြီ"
ထိုစဉ်က ကျွနု်ပ်က "ဟုတ်လား" ဟုသာ သာမန် ကောက်ချက် ချခဲ့ပါသည်။ ကျွန်ုပ် မိခင်ကြီးသည် အတန်းပညာ သုံးတန်းမျှသာ အောင်မြင်ခဲ့ပါသည်။ သို့ရာတွင် သူသည် ထီးတံဆိပ်လေးများ၊ YSL တံဆိပ်ကလေးများ၊ Liberty Bell တံဆိပ်ကလေးများ အစရှိသဖြင့် နာမည်ကြီးသော တံဆိပ်များ ကို ခွဲခြား သိကာ ဈေးကောင်းရအောင် ရောင်းတတ်ပါသည်။ လေးဘေးထုပ် တစ်ထုပ်ဖောက်လျှင် ဈေးသည်ခြင်း ကွာဘယ်နှစ်ထည် ပါသလဲ၊ ဂေါင်ထည် ဘယ်နှစ်ထည် ပါသလဲဟု ယေဘူယ မေးကြလေ့ရှိကြသည်။ ထိုအရာများက ဈေးကောင်းရသော အရာများပေကိုး။ တဖြည်းဖြည်းနှင့် တရုတ်ပြည်ဘက်မှာ အင်္ကျ ီများ တစ်ဆိပ်အတုများနှင့် ဝင်လာသော အခါ တစ်ချို့ ဆိုင်များသည် တကယ့် မူရင်း တံဆိပ်နှင့် တူအောင် ရောနှောကာ ရောင်းလေ့ရှိသည်။ ၎င်းကို အင်ထု သည်ဟု ခေါ်သည်။ အင် သည် Made in Myanmar အသုံးအနှုန်း အယူအဆမှ လာကာ အတိုအားဖြင့် အင် ဟု ခေါ်လိုက်ကြသည်။ ထုသည်မှာ ဈေးဝယ်အား ပစ္စည်းအတု ရောင်းချခြင်းအားဖြင့် ထုနှက်လိုက်သည်၊ ထုထောင်းလိုက်သည် ကို ရည်ညွှန်းပါသည်။ တစ်စုံတစ်ယောက်က ပစ္စည်းအတု ဝယ်မိလျှင် ထိုသူအား မင်းတော့ အင်မိသွားပြီ၊ ဒီပစ္စည်းက အင်ကြီး အစရှိသဖြင့် ရှုတ်ချလေ့ရှိသည်။

လေဘေးထည်များသည် ခိုင်ခန့်သည်၊ ဒီဆိုင်းများ ဆန်းသည်၊ ဈေးပေါသည်။ ထို့ကြောင့် အများအားဖြင့် လူငယ်များ၊ အခြေခံလူတန်းစားများ ဝယ်ယူလေ့ရှိကြသည်။ ထိုစဉ်က ကျွနု်ပ်နှင့် ပေါင်းသင်း နေသော သူငယ်ချင်းများ ရှိပါသည်။ သူတို့သည် တခါတရံတွင် ဆေးဝါး သုံးစွဲလေ့ရှိကြပါသည်။ ကျွန်ုပ် မိခင်ကြီး သည် ကျွနု်ပ်အား အမြဲအစဉ် စောင့်ကြည့်နေကာ ဆေးဝါး မသုံးစွဲမိစေရန် ကြတ်မတ်နေလေ့ ရှိသည်။ ထိုစဉ်က ကျွနု်ပ် နေရသည်မှာ မလွတ်လပ်ဟု ခံစားရပါသည်။ ကျွန်ုပ် တက္ကသိုလ်တက် ၍ အဆောင်နေသည်အထိ မန္တလေးမှ ဆေးသုံးစွဲသည့် သူငယ်ချင်း တစ်ယောက် ပါလာ သေးသည်။ ထိုစဉ်က ဆေးသုံးစွဲသည့် လူငယ်များ အကြားတွင် လေဘေးတန်းကို ဘွန် ဟုခေါ်ပါသည်။ ဘာကြောင့် ခေါ်သည် ကို မသိတော့ပါ။ ဆေးခြောက်ရှုသည်ကို စကားလိမ်သုံး ၍ ကုတ်မိုကို ကုတ်ဖြို သည်ဟု ပြောကြသည်။ ဆေးခြောက်ကို မုန့်ဟု ခေါ်သည်။ ၎င်းကို ဆေးလိပ်အထဲတွင့် ထည့်၍ သုံးစွဲခြင်းကို မုန့်ဖြုတ် သည်ပေါ့။ သို့မဟုတ် မုန့်စားသည်ဟုလည်းပြောသည်။ မုန့်ကို ဖြုတ် သည်ဟု စကားလိမ် "ကို" ကို သုံး၍ပြောလိုလျှင် ကုတ်မို ကို ကုတ်ဖြို သည်ဟု ပြောရသည်။ စကားလိမ်များ အများ အပြား ရှိပါသည်။ မိမိတို့ ကျင်လည်ရာ၊ ပတ်ဝန်ကျင်အပေါ် မူတည်၍ ကွဲပြားကြသည်။ ကျွနု်ပ် မန္တလေး ဖိနပ်များ ရောင်းစဉ်က "စန်" စကား ပြောပါသည်။ မိန်းမလျာ အခြောက်များ ပြောသော စကားသည် "တကော်" စကားဖြစ်သည်။ အခြော်တစ်ကောက် ဆိုသည်မှာ အခြောက်ကို ခေါ်ခြင်းဖြစ်သည်။ ထိုစဉ်က မိခင်ကြီးနှင့် ဖခင်ကြီးတို့၏ ပြတ်သားသော အုတ်ချုပ်မှုအောက်တွင် ကျွနု်ပ် ဆေးဝါသုံးစွဲခြင်းသို့ မရောက်ခဲ့ပါချေ။ ထိုသူငယ်ချင်းများဖြင့်လည်း ဇတ်လမ်းများ ပြတ်သွားခဲ့ကြရသည်။

လေဘေးအထည်များသည် ဆောင်းတွင်း တွင် အလွန်တရာရောင်းကောင်းကာ၊ အမြတ်များများကျန်သော ကာလဖြစ်ပါသည်။ အမြတ်များများဆိုသည် မှာ စီပွားရေးလုပ်ငန်းရှင်ကြီးကဲ့သို့သော အမြတ်များများကို ဆိုလိုခြင်းမဟုတ်ပါ။ မိမိရင်းထားသည်ထက် အတော်အတန်း ပိုလျံသော အမြတ်အစွန်းကို ခေါ်ဆိုပါသည်။ ထိုသို့ ဆောင်းတွင်းကာလမှ လွန်မြောက်လျှင် နွေရာသီနှင့် မိုးရာသီသည် အလွန်အရောင်းပါးသော ကာလများဖြစ်ပါသည်။ တစ်ခါတရံ တစ်ထည်မျှ မရောင်းရသော နေ့ရက်များလည်း ရှိပါသည်။ ထို့ကြောင့် ဆောင်းတွင်း ကာလများတွင် လေဘေးသည်များသည် အလုပ်ကို ကြီုးစားလုပ်ကာ ငွေကြေးများကို စုဆောင်းကြရသည်။ ဆောင်းတွင်း တွင် ဂျာကင်ထုတ်၊ ကုတ်အင်္ကျီထုတ်၊ သိုးမွှေးထုတ် အစရှိသည် ဆောင်ထည် များကို ဖောက်ကြသည်။ သင်္ကြန်ရက်များ နီးလျှင် ဂျင်းဘောင်းဘီထုတ်ကို ဖောက်ကြရသည်။ နွေရာသီ ရက်များတွင် ရှပ်အင်္ကျီထုတ်ကို ဖောက်ကြသည်။

တစ်နှစ်သော ဆောင်းတွင်းတွင် မိခင်ကြီးသည် မေမြို့ ညမ်တောပွဲသို့ သွားကာ ကျန်ရှိနေသေးသော ဆောင်ထည်များကို အကုန်ရောင်းရန် အတွက် ပြင်ဆင်ပါတော့သည်။ မိခင်ကြီးသည် နှားစီလေ့ရှိသည့် အတွက် တော်တန် ပင်ပန်းသည့် ခရီးများကို ထွက်ခဲလေ့ရှိသည်။ သို့ရာတွင် ထိုနှစ်ဆောင်တွင်း၌ လေဘေးတန်းမှ လူအများအပြား မေမြို့သို့ သွားရောက်မည့် အတွက် မိခင်ကြီးလည်း လိုအပ်သော အခန်းကို မှာယူကာ ကျွနု်ပ်အား အဖေါ်အဖြစ် ခေါ်၍ သားအမိနှစ်ယောက် မေမြို့ ညမ်တောဈေးပွဲတော်သို့ ဈေးရောင်းထွက်ခဲ့ကြပါသည်။ ထိုပွဲသည် တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိကာ ရှမ်းတောင်တန်းများမှ တောင်သူ များ၊ လယ်ယာလုပ်သူများသည် မေမြို့သို့ဆင်းလာကာ တစ်နှစ်တာ စုဆောင်းထားသည့်ငွေကြေးများဖြင့် လိုအပ်သည်များကို ဝယ်ခြမ်းကြရသည်။ မေမြို့ဆောင်းသည် အလွန်အေးပါသည်။ ကျွနု်ပ်တို့ သားအမိသည် မြေကြီးပေါ်တွင် ပလပ်စတစ် မိုးကာစများ ခင်ကျင်းကာ ထိုအပေါ်တွင် အဝတ်များ ပုံလျက် အိပ်စက်ကြရပါသည်။ ထိုညမ်တောပွဲ ရောက်စ နှစ်ရက်ခန့်အထိ ကျွနု်ပ် ဝမ်းချုပ်ပါတော့သည်။ အကြောင်းအရင်းမှာ ပွဲဈေးတွင် ဈေးရောင်းသူများသည် ရေးချိုးခြင်း၊ နောက်ဖေးသွားခြင်းများကို ပွဲဈေး၏ ဘေးတွင်ရှိသော ဘုန်းကြီးကျောင်းကို အားကိုးရပါသည်။ ကျွနု်ပ်ရောက်သည့်နေ့က နောက်ဖေးသွားရန် နေရာကို မေးမြန်း၍ ဘုန်းကြီးကျောင်းဝင်းသို့ ရောက်သွားပါသည်။ အလွန်တရာ ကျယ်ပြန့်သော ဘုန်းကြီးကျောင်းပါ။ နောက်ဖေးသွားရန် အိမ်သားများသည် အမျိုးသားများနှင့် အမျိုးသမီး ဘက်ဟူ၍ ရှိပါသည်။ ကျွနု်ပ် အမျိုးသားများဘက်သို့ နောက်ဖေးသွားရန် အတွက် ဝင်သွားသည့်အခါ အိမ်သာများ တန်းစီလျက် ဆယ်လုံးကျော်ခန့် အုတ်များနှင့် အခိုင်အမာ ဆောက်ထားသည်ကိုတွေ့ရသည်။ သို့ရာတွင် တံခါးမရှိပါ။ ယောင်္ကျား အားလုံး အပြင်ဘက်ကို ကျောပေး၍ အတိုင်းသား တန်းစီထိုင်ကာ မိမိတို့ ကိစ္စ ဝိစ္စများကို ဖြေရှင်းနေသည်ကို တွေ့ရသည်။ကျွနု်ပ် သည် ထိုနေရာတွင် ပျို့အန့်ကာ ပြန်လှည့်လာခဲ့သည်။ နှစ်ရက်ခန့်မျှ ဝမ်းချုပ်ခံကာ နောက်ဆုံး ခွန်အားအပြည့်သွင်း၍ ကိစ္စများကို ဖြေရှင်းရပါသည်။ ထိုစဉ်အခါက ရှမ်ပြည်မှ အထက်သို့ ဆက်တက်သွားလျှင် အချို့ နယ်များတွင် အိမ်သာသည် အကာအကွယ်တောင် မပါဟူ သိရပါသည်။ သတင်းစာ ခပ်ကြီးကြီးတစ်စောင်နှင့် မိမိမျက်နှာကို ကာကွယ်ကာ ကျန်သည့် အပိုင်းကို လေသလပ်ခံ ကိစ္စများကို ဖြေရှင်းရပါသည်။ ထိုစဉ်က မေမြို့ ညမ်တော်ပွဲ လေဘေးရောင်းခဲ့စဉ်က ကြုံခဲ့ရသော အတွေ့အကြုံပါ။

ညောင်ပင်ဈေးသစ်တွင် ကျွနု်ပ် ကြွေပစ်ခြင်းကို စွဲသွားခဲ့သေးသည်။ ဆိုင်ခင်းကျင်းပြီးသည်နှင့် မိခင်ကြီးနှင့် ဖခင်ကြီး ဈေးရောက်လာ လျှင် ကျွနု်ပ်ကြွေပစ်ရန် အဖေါ်လိုက်ရှာ ကာ နေ့ခင်းအထိ ကြွေထိုင်ပစ်ပါတော့သည်။ လေဘေးတန်းသည် အလွန်တရာ စည်းကားနေလေ့ရှိပြီး ကြွေဝိုင်း၊ ကျားဝိုင်း၊ စစ်တုရင်ဝိုင်း၊ ဈေးဝယ်များ ကို ခေါ်သံ၊ ဈေးရောင်းသံများဖြင့် ဆူညံနေလေ့ရှိသည်။ တစ်ခါတစ်ရံတွင် ဟောဒီမှာ ကွာတီအင်္ကျီတွေ အလကားပေးနေတယ် ဟု အော်သံများ ကြားရတတ်သည်။ တကယ် အလကား ပေးခြင်းမဟုတ်ပါ။ ဈေးဝယ်များအား ညာ၍ခေါ်ခြင်းဖြစ်ပါသည်။ ကြွေတွင် တစ်ဆယ်၊ တစ်ပါ၊ သုံးလုံး၊ လေးလုံး၊ အစိတ်၊ တစ်ခြောက်ဆိုပြီ ရှိကာ မိမိတို့ အလိုရှိသော အပွင့်ကို မာန်ပြင်၍ ပစ်ရပါသည်။ ထို့ကြောင့် တစ်ဆယ်ကွာ၊ တစ်ဘို တို့တယ် အစရှိသည့် အသံများလည်း ကြားရပါသည်။ ကျွနု်ပ် ထိုကဲ့သို လတ်လျားလတ်လျားနေသည် ကို မိခင်ကြီးနှင့် ဖခင်ကြီးက မကြည့်ရှု့နေနိုင်သည့် အဆုံးတွင် ကျွနု်ပ်အား ဈေးချို တိုက်တန်း ရှုမဝဖိနပ်ဆိုင်သို့ မန္တလေး ဖိနပ်များ ရောင်းရန်း အလို့ငှာ အလုပ်သမား အဖြစ် ပို့လိုက်ပါတော့သည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ဆက်နွယ်နေသော အခြား အကြောင်းအရာ
  • [ အိမ်တော်ရာဘုရားမှ လေဘေး လောက ]
  • အိမ်တော်ရာဘုရားမှ လေဘေး လောက


    လေဘေးဆိုသည့် အရာမှာ စာရေးသူ ငယ်စဉ် ကလေးဘ၀ ကတည်းှက အတူတကွကြီးပြင်းလာသော အရာတစ်ခုဖြစ်ပါတယ်။မြန်မာပြည်တွင် လေဘေးထည်ဆိုသည့် အထည်များမှာ နိုင်ငံခြားဖြစ် အဝတ်အထည် အဟောင်းများကို ခေါ်ဆိုတာဖြစ်ပါသည်။ လေဘေးအဝတ်အထည်များသည် သံနန်းကြိုးဖြင့် ပတ်ထားသော ပေါင်၅၀၀ ခန့်လေးသည့် အထုပ်ကြီးများဖြင့်ဘင်္ဂဘားဒေ့ မှတဆင့် မြန်မာနိုင်ငံ စစ်တွေမြို့သို့ စက်လှေဖြင့်ရောက်ရှိပါသည်။ ထိုလမ်းကြောင်းသည် စာရေးသူ ကလေးဘဝမှ သိထားခဲ့သော လမ်းကြောင်းဖြစ်ပါတယ်။ ယနေ့ခေတ်တွင် ပုံစံမျိုးစုံ လမ်းကြောင်းမျိုးစုံဖြင့် ဝင်ရောက်နိုင်ပါသည်။ ပြောပြချင်သည်က မန္တလေးတွင် ရှိသော လေဘေးလောကမှ ဘဝများ၊ အရောင်းအဝယ်လောကသားများ၊ ပြောဟန် ဆိုဟန်များ နှင့် ထိုလောကမှ ဘကောင်း ဘယ်လိုကြီးပြင်းလာသလဲ ဆိုတဲ့ အကြောင်းပါ။

    စာရေးသူ ဘကောင်း သိတတ်သည့် အရွယ် ၈-နှစ် ၉-နှစ် ခန့်တွင် မိဘများသည် လေဘေးလုပ်ငန်းများကို လုပ်ကိုင်လျက် ရှိနေပါသည်။ လေဘေးလုပ်ငန်း လုပ်ကိုင်သည်ဟု ဆိုရာတွင် နှစ်မျိုး နှစ်စားရှိပါတယ်။ ပထမတစ်မျိုးသည် လေဘေးထုပ် ကုန်သည်များပါ။ ထိုကုန်သည်များသည် အများအားဖြင့် ရခိုင်လူမျိုးများ ဖြစ်ကာ စစ်တွေ ၊ တောင်ကုတ် လမ်းကြောင်းတွေမှတဆင့် လေဘေးထုပ်များကို ရန်ကုန်၊ မန္တလေး မြို့ကြီးများသို့ သယ်ဆောင် ပို့ယူ ကုန်ကူးကြလေ့ရြှိကပါသည်။ ထိုသူများသည် ကုန်သည်ကြီးများ ဖြစ်ကာ ငွေကြေး အရင်းအနှီး အမြောက်အမြားဖြင့် လေဘေးအထုပ် အမြောက်အမြားကို ကုန်ကူးကြပါသည်။ ၎င်းတို့သည် လေဘေးလောက၏ လေးဘေးထုပ် လက်ကားသည်များ ဖြစ်ကြသည်။ ဒုတိယ အမျိုးအစားမှာ ထိုသူများထံမှ လေဘေး အထုပ်တစ်ထုပ်ခြင်း ဝယ်ယူကာ တစ်ထည်ခြင်း လက်လီရောင်းချခြင်း သော်၎င်း၊ နယ်များသို့ လက်ကား ပြန်လည် ရောင်းချခြင်းများသော်၎င်း ပြုလုပ်ကြရပါသည်။ ကျွန်ုပ်၏ မိဘများသည် ဒုတိယ အမျိုးအစား လေဘေးသည်များဖြစ်ကြသည်။

    ကျွန်ုပ်၏ ဘဝတလျှောက်လုံးတွင် မွေးဖွားလာသည်မှ အစ တက္ကသိုလ်ကျောင်းသားဘဝ၊ ထိုမှတဆင့် နိုင်ငံရပ်ခြားဒေသများသို့ သွားရောက် အလုပ်များလုပ်ကိုင်သည် အထိ လေဘေးထည်များကိုသာ ဝတ်ဆင်ခဲ့သည်။ စာရေးသူ ငယ်စဉ်အခါက မန္တလေးမှ လေဘေးရောင်းသည့် ဆိုင်ခန်းများသည် အိမ်တော်ရာဘုရား ကျောင်းဝင်းအထဲတွင် ရှိခဲ့ပါသည်။ ကျွနု်ပ်တို့ လေဘေးလောကမှ လူများက ထိုလေးဘေး ဆိုင်ခန်းအတန်းများကို လေဘေးတန်းဟု ခေါ်ဆိုကြသည်။ ဗုဒ္ဓဘာသာ ဘုရားကျောင်းဝင် အတွင်းတွင် ဖြစ်သော ကြောင့် လေဘေးတန်းများသို့ သွားလိုလျင် ဖိနပ်ချွတ်ပြီး သွားကြရသည်။လေဘေးတန်းသို့ ဈေးလာဝယ်သူများကလည်း မိမိတို့ စီးလာသော ဖိနပ်များ၊ ခြေနင်းများကို လက်တွင် ကိုယ်စီကိုင်၍ လေဘေးတန်း ဈေး အတွင်းတွင် လှည့်လည်ကာ မိမိတို့ ကြိုက်နှစ်သက်ရာ အဝတ်အထည်များကို ဝယ်ယူရပါသည်။ ဘုရားကျောင်းဝင်းအတွင်းတွင် ဖိနပ်မစီးရသောကြောင့် လေဘေးရောင်းသူများသည် မြေကြီးမှ အအေးဓာတ်ကြောင့် ရံဖန်ရံခါ နားစီးရောဂါများ ဖြစ်တတ်ကြလေ့ရှိသည်။ ထိုလေဘေးဆိုင်ခန်းများသည် လွန်ခဲ့သော ၁၉-နှစ်ခန့် လောက်မှစ၍ ဘုရားကျောင်းဝင်းမှ မြောက်ပြင် ညောင်ပင်ဈေးသို့ ရွှေ့ပြောင်းသွားခဲ့ရပြီးပြီ ဖြစ်သော်လည်း စာရေးသူ၏ မိခင်သည် ယနေ့ အချိန်အထိ နားစီးရောဂါ ရံဖန်ရံခါ ဖြစ်လေ့ရှိပါသည်။

    ထိုအိမ်တော်ရာ ဘုရားကျောင်းဝင်းအတွင်း လေဘေးရောင်းစဉ် အချိန်ကာလများသည် ယနေ့ ခေတ် လေဘေးလောကမှ ရောင်းဝယ်မှုများနှင့် ခြားနားပါသည်။ စားရေးသူသည် ငယ်စဉ် မူလတန်းကျောင်းသားဘ၀ စွန်လိုက်တတ်သည့် အရွယ်လောက်တွင် မိဘများနှင့် ကျောင်းပိတ်ရက်များ တွင် ဈေးလိုက်ကာ အင်္ကျီများကို ခင်းကျင်းခြင်း၊ ထုတ်ပိုးခြင်း၊ သူငယ်ချင်းများနှင့် လေးဘေးထုပ် ဖေါက်သည့် ဆိုင်ခန်းများသို့ လှည့်လည်ကာ အိပ်ထောင်နှိုက်ခြင်းများ ဖြင့် ကလေးဘဝကို ဖြတ်သန်းခဲ့ဖူးပါသည်။ အိပ်ထောင်နှိုက်သည်ကို အနည်းငယ် ရှင်းလင်းပြောပြပါမည်။ ဟိုတုန်းက လေဘေးထုပ်များ၏ အင်္ကျီအထည် အိပ်ထောင်များတွင် ရာဘာဖြင့်ပြုလုပ်ထားသော နိုင်ငံခြားဖြစ် ကားအရုပ်ကလေးများ၊ သံစက်ရုပ် အရုပ်ကလေးများ ပါလာလေ့ရှိပါသည်။ ယနေ့ခေတ်တွင်တော့ ထိုကဲ့သို့သောအရုပ်ကလေးများကို စတိုးဆိုင်တိုင်းလိုလိုတွင် ကလေးတိုင်း အလွယ်တကူ ဝယ်နိုင်ကြပါသည်။ ဆိုင်ခန်းတစ်ခန်းမှ လေဘေးပါကင်ထုပ်ကို ဖေါက်ပြီဆိုလျှင် ကလေးများက အိပ်ထောင် နှိုက်ကြပါသည်။ ရသည် အရုပ်ကလေးများကို လည်း ယူခွင့်ပေးထားပါသည်။ ထိုစဉ်က လေဘေးအင်္ကျီပုံကြီးများသည် ကလေးများအတွက် ဖိုးကျိုင်းတုတ် ပါပဲ။ ရံဖန်ရံခါတွင် ပါလာတတ်သော နိုင်ငံခြားငွေ စက္ကူ တစ်ရွက်စ၊ နှစ်ရွက်စကိုတော့ ပိုင်ရှင်က ယူပါသည်။ ထိုစဉ်အခါက နိုင်ငံခြားဖြစ် ရာဘာ အရုပ်သေးသေးလေးများ ရလျင် အလွန်ပျော်ကြပါသည်။

    ဘုရားကျောင်းဝင်းအတွင်းတွင် ဖြစ်သောကြောင့် မြေကြီး၏ အစိုဓာတ် မှ ခြေဖဝါး အအေးသက်သာစေရန် လေဘေးဆိုင်ခန်းများ၏ အရှေ့မြေကြီးပေါ်တွင် ဝါးကပ်(ဝါးကြပ်)များ ခင်းကျင်းထားကြပါသည်။ မှတ်မှတ်ရရ ထိုစဉ်က လေးဘေးရောင်းသူများသည် ဝါး ကို တော်တော်များများ အသုံးပြုကြလေ့ရှိသည်။ အင်္ကျီချိတ်ရန် တန်းကို ဝါးဖြင့် တန်းရသည်။ အင်္ကျီကို နန်းကြိုးဖြင့် ပြုလုပ်ထားသော ချိတ်များဖြင့် ချိတ်ကြရသည်။ အင်္ကျီတန်းများကို ဝါးလုံများဖြင့် အနည်းဆုံး သုံးတန်း၊ လေးတန်း ဆိုင်၏ ဘေးပတ်လည်တွင် တန်းကာ အင်္ကျီများကို စည်းစနစ်ကျနစွာ တန်းစီချိတ်ကြရသည်။ စာရေးသူ၏ ဖခင်ကြီးသည် ဆိုင်ဖွင့်ချိန်၊ ဆိုင်သိမ်းချိန်များ တွင် အင်္ကျီများကို တစ်ထည်ခြင်း ခင်းကျင်းပုံ၊ ဖြုတ်သိမ်းပုံ၊ အင်္ကျီများ မကြေစေရန် တစ်ထည်နှင့် တစ်ထည် စနစ်တစ်ကျ စီရီ သိမ်းဆည်းပုံများကို သင်ကြားပေးပါသည်။ ဈေးဝယ်သူနှင့် စကားပြောဆို ဆက်ဆံခြင်း၊ မိမိ အလိုရှိသော အင်္ကျီတန်ဖိုးကို ရရှိရန် ဈေးဝယ်သူအား တဖြည်းဖြည်းချင်း သိမ်းသွင်ယူပုံများကိုတော့ အတုမြင် အတတ်သင်ဆိုသလို တဖြည်ဖြည်းနှင့် ပြောဆိုဆက်ဆံသွားတတ်ပါသည်။

    စာရေးသူ ရှစ်တန်း စာမေးပွဲ ပြီးသည့် အချိန်တွင် မိခင်ကြီးသည် နာမကျန်းဖြစ်ကာ ဆေးရုံတက်ရပါသည်။ ထိုအချိန်မှစ၍ ကျွန်ုပ်၏ဖခင်သည် စိးပွားရေး လုပ်ငန်းတစ်ခုလုံးကို ကျွန်ုပ်အား လုံး၀ လက်လွှဲထားကာ မိခင်ကြီး ပြန်လည် ကျန်းမာစေရန် အစွမ်းကုန် ကြိုးစာခဲ့ရပါသည်။ ထိုအချိန်အခါများသည် ကျွန်ုပ်အတွက် အလွန်တရာမှ ဝမ်းနည်းစရာကောင်းသော အဖြစ်အပျက်နေ့စွဲများဖြစ်ခဲ့ပါသည်။ တနေ့ ဖခင်ကြီးသည် အိမ်ပြန်လာကာ ငိုပါသည်။ မင့် အမေ ဒီတောင်က မကျော်နိုင်တော့ ဘူးဟု ပြောသည်။ ထိုစဉ်က ကျွန်ုပ် ဖခင်ကြီးအား အားမပေးတတ်ပါ။ သို့ရာတွင် ဖခင်ကြီးနှင့် တူညီသော ခံစားချက်က ကျွန်ုပ်ရင်ထဲတွင် ပြည့်လျံနေခဲ့ပါသည်။ နောက်ရက်များတွင် ကျွန်ုပ် ဈေးကို ပိုမို အားသွန်းခွန်စိုက် ရောင်းကာ အိမ်စရိတ်ကို ဖြည့်ဆည်းရပါသည်။ ကျွန်ုပ်၏ နှမလေးက အိမ်တွင်နေရကာ အဘွားအား ပြုစုရသည်။

    ထိုစဉ်က ရှပ်အင်္ကျီတစ်ထည်ကို ၁၅-ကျပ်မှ ၂၅-ကျပ်အထိ ရောင်းပါသည်။ ကျွန်ုပ် မုန့်တီကြိုက်သွားသည်မှာ ထိုစဉ်က ဖြစ်သည်။ အဖေသည် ကျွန်ုပ် အား မနက်တိုင်း မုန့်တီတစ်ပွဲ စားခွင့် ပြုသည်။ ထိုစဉ်က တစ်ပွဲ ၅-ကျပ်ပါ။ အိမ်တော်ရာ ဘုရားထဲတွင် ဦးဘို၏ မုန့်တီသည် အလွန်နာမည် ကြီးပါသည်။ မနက်စာ မုန့်တီကို မြိန်ရေရှက်ရေ စားသုံးကာ ဆိုင်ခင်းခြင်းလုပ်ငန်းကို စတင်လေ့ရှိသည်။ ရံဖန်ရံခါ ကျွန်ုပ် မုန့်တီစားနေခိုက် အဝေးမှ ဖေါက်သည်များ လာလျှင် အလွန် စိတ်မရှည်တတ်ပါ။ ဘေးမှာရှိနေသော မုန့်တီပုကန်နှင့် ဟင်းချိုရည်ခွက်သည် ကျွန်ုပ် အား လှောင်ပြောင်နေ သကဲ့သိုပင်။ ကျွန်ုပ် ဆိုင်ခန်းမှ နှစ်ခန်းကျော် ဆိုင်တွင် လည်း ကောင်လေးတစ်ယောက် မနက်တိုင်း အမြဲ ဆိုင်ခင်းလေ့ ရှိပါသည်။ ထိုကောင်းလေးသည် ဝင်းဦးအသံကို တု၍ စကားပြောခြင်းကို အလွန်ပိုင်ပါသည်။ ယနေ့တွင် ထိုကောင်လေးမရှိတော့ပါ။ သူသည် လူ့ လောကမှ စောစီးစွာ ထွက်သွားခဲ့ပါသည်။

    လေဘေးနှင့် ရခိုင်လူမျိုးများ ဆက်နွယ်နေသကဲ့သို လေဘေးတန်းတွင် ရခိုင်လူမျိုး အသိမိတ်ဆွေ၊ ကုန်သည်များ၊ သူရို့၏ စကားသံများကို ကြားရလေ့ရှိသည်။ စိုက်တွေ(စစ်တွေ)၊ အဘောင်၊ သူ့တို့၏ ဟန်ပန်များကို ထိုစဉ်ကတည်းက ရင်းနှီးခဲ့ပါသည်။ ကျားဝိုင်း၊ ကြွေဝိုင်း၊ ပေးသီဝိုင်း တိုင်းတွင် ကျွန်ုပ် က တမော့မော့နှင့် ရှိနေတတ်သည်။ ဝင်းဦးအသံကို တု၍ ပြောတတ်သော ကောင်လေးနှင့် ကျားထိုးကြလျှင် ကျွန်ုပ် အမြဲရှုံးပါသည်။ ထိုစဉ်က တစ်ခုခု ရှုံးလျှင် ကြောင်ကြာကြာ ရေမငုတ်နိုင်ပါဘူး ဟူ ကြုံးဝါကြလေ့ရှိကာ ပွဲသစ်ပြန်စကြသည်။ မည်သူက စပြောလိုက်သည် မသိပါ။

    အိမ်တော်ရာ လေးဘေးတန်းကို အမှီပြုလျက် လုပ်စားကြသော ကုလား ဒိုဘီတန်းလည်း ဘုရားကျောင်းဝင်း အထဲတွင် ရှိပါသည်။ ကျွန်ုပ် မိဘများ ပင်တိုင်သုံးသော ကုလားဒိုဘီမှာ ဦးလှမောင် ဒိုဘီဖြစ်သည်။ ကျွန်ုပ် မိခင်ကြီးက လျော်ဖွတ် မီးကြွေတိုက်ပြီးသည့် အထည်များကို ဒိုဘီတန်းမှ သွားရောက် ယူခိုင်းသည့် အခါ ရံဖတ်ရံခါ ကျွန်ုပ် သည် ထိုကုလားဒိုဘီတန်းတွင် အချိန်ဖြုန်းနေလေ့ရှိသည်။ ဒိုဘီကုလား၊ ကုလားမကြီးများထံမှ အင်္ကျီကို ကျယ်သီးမတတ်ပဲ ခေါက်နည်း၊ ကုတ်အင်္ကျီ ခေါက်နည်း၊ အင်္ကျီအမျိုးအစားအလိုက် မီးကြွေတိုက်နည်းများကို လေ့လာရပါသည်။ ထိုသူတို့သည် အလွန် ရောင့်ရဲ တင်းတိမ်တတ်ကြသော လူမျိုးများပါ။သူတို့သည် အလွန်ဆင်းရဲကြပါသည်။ သို့ရာတွင် ဒေဝါလီနေ့မျိုးတွင် ကျွန်ုပ်တို့ အိမ်သို့ချပါတီ များလာပေးပါသည်။

    ကျွန်ုပ်သည် ငယ်စဉ်က အလွန်လှချင်ပါသည်။ (ယခုတွင်တော့ အလွန် အရုပ်ဆိုးချင်ပါသည်။) မိခင်ကြီးက ကျွန်ုပ်အတွက် လိုအပ်သည့် အဝတ်အစားများကို ငယ်စဉ်ကတည်းက ရွေးချယ်၍ ဆင်မြန်းပေးပါသည်။ ကျွန်ုပ်ဘဝတွင် နိုင်ငံခြားရောက်သည် အထိ ကိုယ်တိုင် အင်္ကျီမဝယ် ဝတ်ပါ။ ဝယ် ဝတ်ဖို့ လည်း နားမလည်ပါ။ နိုင်ငံခြားသွားရန် စီစဉ်သည့် အခါတွင် မိခင်ကြီး စီစဉ်ပေးလိုက်သော အဝတ်အထည်များဖြင့်သာ နေထိုင်ခဲ့ပါသည်။ ထိုကြောင့် ရံဖန်ရံခါ မိတ်ဆွေအပေါင်း အသင်းများထံမှ အင်္ကျီအသစ်များ လက်ဆောင်ရလျင် မဝတ်ရက်ပါ။ သိမ်းထားပါသည်။ မှတ်မှတ်ရရ ကျွန်ုပ်ဂျပန်သို့ သွားသည့် အခါက လေးဘေးထုပ်ထဲမှာ ပါလာသော ရှပ်အင်္ကျီလေးများကို မိခင်ကြီးက စီစဉ်ပေးထားပါသည်။ ထူဆန်းစွာပင် ရှပ်အင်္ကျီတစ်တည်မှာ မြန်မာနိုင်ငံမှာ ချုပ်လိုက်သော Made in Myanmar ဟု ပါရှိသည့် Export အထည်ဖြစ်နေသည်။ ဘယ့်နှယ် မြန်မာပြည်က ပို့လိုက်ပါတယ် မြန်မာပြည်ထဲကို လေဘေးအနေနဲ့ ပြန်ဝင်လာတယ်။ ငါ ဂျပန်ကို ပြန်ယူသွားပြီး ပြန်ထားခဲ့မယ်ဟု ကြုံးဝါကာ ဂျပန်မှ ပြန်သည့် အခါတွင် ထိုလေဘေးထည်များ အားလုံးကို ထားရစ်ခဲ့ပါသည်။

    မန ္တလေးတွင် ထိုစဉ်အခါက လေဘေးတန်းနှင့် အဟောင်းတန်းဟူ၍ နှစ်နေရာ ရှိပါသည်။ ဘယ်နယ့် လေဘေးတန်းက အဟောင်းတန်းမဟုတ်ဘူးလားလို့ မေးဖွယ်ရာရှိပါတယ်။ မဟုတ်ပါ။ လေဘေးတန်းက လေဘေးအဟောင်ထည်များကိုသာ ရောင်းပါသည်။ အဟောင်းတန်းသည် ထိုစဉ်က ဈေးချိုအနောက်ဘက် ၂၆-လမ်း အစနားလောက်တွင် ရှိပါသည်။ ယခုမရှိတော့ဘူးလို့ ထင်ပါသည်။ ထိုအဟောင်းတန်းတွင် ခိုးရာပါပစ္စည်းများ အလွန်တရာများပြားပါသည်။ အဝတ်အထည်များသာမက အခြားလူသုံးပစ္စည်းများလည်း ရောင်းကြပါသည်။ ရံဖန်ရံခါ ထိုအဟောင်တန်းမှ လူများလည်း လေဘေးတန်းသို့ လာကာ အထည်များ ဝယ်တတ်ကြပါသည်။

    လေဘေးထည်များသည် ပိုးသတ်ဆေးများ ဖြန်းထား ပရုတ်များ ထည့်ထားသဖြင့် ရောဂါကင်းရှင်းပါသည်။ ကျွန်ုပ် ငယ်စဉ်က လေဘေးထုပ်ဖေါက်လျှင် ထိုအဝတ်ပုံ အဟောင်းထဲတွင် လူးလိမ့် ဆော့ကစားပါသည်။ အဝတ်အထည်များကို ဂေါင်ထည်၊ အလယ်ထည်၊ အကျထည် အဖြစ် သုံးမျိုး သုံးစား ခွဲကာ သန့်စင်ရသည်။ ထို့နောက် သင့်တော်သော တံဆိပ်များကို အင်္ကျီကျယ်သီးတန်း၏ အောက်ခြေ အတွင်းဖက်တွင် ရိုက်နှိတ်ကာ ဒိုဘီပေးရပါသည်။ အိပ်ထောင်နိုက်၍ လွတ်သွားသော အရာမှန်သမျှကို ဒိုဘီကုလားများ ရကြပါသည်။ ထို့နောက် ဒိုဘီခ၊ စက်ချုတ်ခ၊ ပြင်ခ များကို တွက်ချက်ကာ သင့်တင့်လျောက်ပတ်သော ဈေးနှုန်းဖြင့် ရောင်းကြပါသည်။ ဈေးရောင်းခြင်းသည် အလွန်စကားပြောရသော အလုပ်ဖြစ်သည်။ ဈေးဝယ်သူ တစ်ယောက်က ဝတ်ကြည့်၍ မတော်သည့် အင်္ကျီကို တော်သည်ဟု ထင်အောင်၊ မကောင်းသည့် အင်္ကျီကို ကောင်းသည်ဟု ထင်အောင် ပြောရသည်မှာ မလွယ်သော လိမ်ညာရသော အလုပ်တစ်ခုပါ။ ဈေးနှုန်းကိုလည်း ဈေးဝယ်သူ မဆစ် ဆစ်အောင် ဈေးခေါ်ယူရပါသည်။ ထိုစဉ်က ကျွန်ုပ်က ရှစ်တန်းအရွယ်ပါ။ ယနေ့ ထိုကဲ့သို့သော လူမျိူးများ ထံ ကျွန်ုပ်ဈေးဝယ်လျှင် မဆစ်တတ်တော့ပါ။ သူ့တို့၏ နည်းပရိယာယ်များကို သိသည်။ သို့ရာတွင် ထိုဈေးရောင်းနေသူ၏ သမာအာဇီ၀ တဝမ်းတထွာ ရှာစားနေရခြင်းကို သနား၍ မဆစ်ရက်ပါ။ နောက်ပြီး ကျွန်ုပ် ကိုယ်တိုင် ပြောင်းလဲသွားတာလည်း ဖြစ်ပါသည်။ ကျွန်ုပ် ကိုယ်တိုင် စကားပြောနည်းသွား၊ နှေးသွားခြင်းပါ။ ဈေးရောင်းနေသူများကို ယှဉ်ပြိုင်၍ ဈေး မဆစ်ချင်တော့ပါ။

    ဈေးဝယ်သူများသည် လူမျိုးစုံလင်ပါသည်။ တောသူ တောင်သား များမှအစ၊ သူခိုး၊ ဘိန်းစား၊ အရက်သမား၊ဖက်ရှင် ဓါတ်ပုံ ဆရာ၊ အဆိုတော်၊ ရုပ်ရှင် မင်းသား၊ မင်းသမီး၊ တိုင်းရင်းသား လူမျိုးများ၊ အစရှိသဖြင့် ပေါများကြပါသည်။ လေဘေးတန်းတွင် ပိတ်ရက်မရှိပါ။ ကျွန်ုပ်မိဘနှစ်ပါး အပါအဝင်၊ အခြားလေဘေးရောင်းသူများသည် တရက်မှ မနားကြပါ။ နေ့စဉ် နေ့တိုင်း ဆိုင်ထွက်ကြပါသည်။ အိမ်တော်ရာ ဘုရား ပွဲဈေးနေ့ အတေားအတွင်းတောင် ဆိုင်ဖွင့် ကြပါသည်။ ကျွန်ုပ် မှတ်မိသမျှ သူတို့ နားကြသည်အချိန်သည် သင်္ကြန်နေ့ရက်များသာ ဖြစ်သည်။

    ထို့နောက် အိမ်တော်ရာ လေဘေးတန်းသည် ၁၉၈၉-၉၀ ဝန်းကျင်တွင် ၁၉-လမ်းသို့ ရွှေ့ပြောင်းသွားရကာ ယခုအခါ ညောင်ပင်ဈေး လေဘေးဆိုင်များ ဟု လူအများ သိရှိကြပါသည်။ ထိုညောင်ပင်ဈေးသို့ ရောက်သည့် အချိန်တွင် ကျွန်ုပ်သည် ၁၀ တန်းကို အောင်မြင်ပြီးစ ဖြစ်ကာ ထိုဈေးလောကများ တတ်အပ်သည့် အဋ္ဌာရပ်သ ၁၈-ပါးကို ကျွမ်းကျင် ပိုင်နိုင် တဖက်ကမ်း ခတ်လေပြီ။

    အနန္တမေတ္တာဖြင့်
    ဘကောင်း

    ဆက်နွယ်နေသော အခြား အကြောင်းအရာ
  • [ ညောင်ပင်ဈေးသစ်မှ လေဘေးလောက ]