ချစ်သူလာတော့ နိုးထခဲ့တယ်


အကြည် အိမ်ကို ရောက်လာတော့ မောင်က ငယ်ငယ်လေးဘဲ ရှိသေးတယ်။ မေမေကပြောတော့ အကြည်က ဟိုးဟို အဝေးကြီးကနေ ပြောင်းလာတာတဲ့။ ပြီးတော့ မောင်တို့ နဲ့ အတူတူ နေရအောင် လာတာတဲ့။

အဲတုန်းကတည်းက အကြည်က ထမီဝတ်တတ်နေပြီ။ အကြည်ကို စတွေ့တုန်းက နဖူးအပြောင် ဆံပင်ကို အနောက်မှာ စုပြီး စည်းထားတယ်။ အကြည်ရဲ့ ကြည်လင်ရှင်းပနေတဲ့ မျက်နှာလေးက နောင်အနာဂတ်တွေ အထိ မပြောင်းလဲပဲ အမြဲတမ်း လန်းဆန်းနေခဲ့တယ်။

မောင် မှတ်မိသလောက်ဆို အဲဒီတုန်းက မောင်က ငါးနှစ်လောက်ပဲ ရှိအုန်းမယ်။ မေမေရော၊ ဖေဖေရောက မောင့်ကို သိပ်ပြီး အလိုမလိုက်ဘူး။ ခပ်တည်တည်နဲ့။ မောင်က ဖေဖေ အနားကို ကပ်ဖို့ ချောင်းတိုင်း ဖေဖေက အမြဲ မောင်းထုတ်တယ်။ သူ့ကြည့်လိုက်ရင် သတင်းစာကြီးဖတ်လိုက်၊ စာရေးလိုက်နဲ့။ နောက် မေမေကလည်း ဖေဖေ အနားပဲ ကပ်ပြီး စကားပဲ ပြောနေတယ်။

ရုပ်ရှင်သွားရင်လည်း မောင့် ကို မခေါ်ချင်ကြဘူး။ မောင်မသိအောင် တိတ်တိတ်လေး သွားကြတယ်။ ညညဆို မောင်က တစ်ယောက်တည်း အိပ်ရတယ်။ မောင့်မှာ အရုပ်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကြာတော့ မောင် ဒီအရုပ်တွေ နဲ့ မဆော့ချင်တော့ဘူး။

မောင်တို့ အိမ်မှာ အဖေ့ဖက်က အမျိုးတွေ ရွာက လာနေပြီး ကျောင်းတက်နေတဲ့ ကောင်မလေး နှစ်ယောက်တောင်ရှိတယ်။ဒါပေမယ့် အဲဒီ ကောင်မလေးတွေက အရမ်းညစ်ပတ်တာ။ နှပ်ချီးတွေညစ်ပြီးရင်လည်း သူရို့ ထမီကို ပြန်သုပ်ပစ်တာ။ ရေလည်း မှန်မှန်မချိုးဘူး။ နံလည်း နံသေးတယ်။ သူရို့က မောင့်ကို ထမင်းခူးပေးပြီးရင် ထမင်းပုဂံကို မောင့်ရှေ့ချပေးထားပြီး စကားပဲပေါနေကြတယ်။

အကြည် ရောက်လာတော့ မောင်က အကြည်နဲ့ပဲနေတယ်။ အကြည်က အရမ်း သန့်ရှင်းတာ။ အကြည်ကိုယ်လေးက အမြဲမွှေးနေတာပဲ။ မောင် အကြည်ရဲ့ ကိုယ်နံလေးကို အမြဲမှတ်မိတယ်။ပင်ကိုယ် ကြာညို နံ့ သင်းသင်းနဲ့ သနပ်ခါးရည်ကျဲနံ့လေး အမြဲတမ်းရောနေလေ့ ရှိတတ်တဲ့ အကြည်ရဲ့ ကိုယ်သင်းနံ့လေးတွေဟာ မောင်မြတ်နိုးတာလေးတွေပေါ့။

ညအိပ်လို့ မောင့်နဘေးမှာ အကြည် ကိုယ်နံလေးမရှိရင် မောင် နှာခေါင်းတရှုပ်ရှုပ်နဲ့ အကြည်ကို အိပ်ရာဘေးမှာ လိုက်ရှာတော့တာဘဲ။ မတွေ့ရင် မောင့် မျက်လုံး အလိုလို ပွင့်လာပြီး အကြည်ကို လိုက်ရှာရတယ်။

မောင်အိပ်ရင်လည်း အကြည်ရဲ့ လက်ကလေးတွေ ကိုင်ပြီးမှ အိပ်တတ်တယ်။အကြည်က မောင့်ကို အရာရာ ကာကွယ်ပေးသူလို့ မောင်ယုံကြည်တယ်လေ။ သွယ်သွယ်လျလျ အကြည်လက်ဖဝါးလေးနဲ့ မောင့်လက်ကို ကိုင်ထားပေးမှ မောင် လုံခြုံတယ်လို့ ခံစားရတယ်။

အကြည်ကပြောတယ်။ “အမလေး..သူ့နာမည်ကလည်း တင်တင်စည်းစည်းနဲ့ မောင်တဲ့။ မောင်ကြီးလာရင် မောင့်နားမှာ ကောင်မလေးတွေ တစ်ယောက်မှ ကပ်ကြမှာ မဟုတ်ဘူးတဲ့”။ မောင်ကလည်း စကားပြောရင် ကိုယ်ကိုယ်ကို မောင်လို့ ပဲပြောတယ်။

အကြည်က မောင့်ကို အမြဲစတယ်။ “မောင့် မိန်းမက ဘယ်သူလဲ”လို့ မေးရင် မောင် က “အကြည်ပေါ့” လို့ ပြန်ဖြေတော့ အကြည်က တခိခိနဲ့ အရမ်းရီတယ်။ ပြီးတော့ မောင့် ကိုယ်လုံး ဖြူဖြူတုတ်တုတ်ကလေးကို သူ့ရင်ခွင်ထဲမှာ ထည့်ပြီး ဖက်ထားတယ်။

မောင့်ထက် ခေါင်းတလုံးစာ မြင့်နေသေးတဲ့ အကြည်ကို မောင်က အရာရာ ယုံကြည်ကိုးစားခဲ့တယ်။ အဲတုန်းက အကြည်ကို မှီတွယ် ပွေ့ဖက်ခဲ့ရတဲ့ မောင့်လက်ကလေးတွေ အခုလို ကြီးမားကျယ်ပြန်ပြီး အားအင်တွေ မရှိခဲ့သေးဘူး။

အကြည် မောင့်ကို စတဲ့ စကားတစ်ခွန် မှတ်မိသေးတယ်..”ကလေး လက်က သေးသေးလေးတွေ။ အကြည်ကို တောင် မချီနိုင်ဘူး”တဲ့။..အဲတုန်းကတည်းက မောင်က မှတ်ထားခဲ့တာ။ “တစ်နေ့ အကြည်ကို မောင်စွေ့ကနည်း ပွေ့ပြီး ချီမယ်လို့”။

အကြည် လက်ဖဝါးကို အားကိုးတကြီးဆုပ်ကိုင် ပြီးမှ ကျောင်သွားရလေ့ရှိတဲ့ မောင့်လို သကောင့်သား ငချွတ်ကလေးက အကြည်ကို ပွေ့ချီနိုင်ဖို့ အဲဒီတုန်းကလည်း ကြိမ်းဝါးခဲ့တာ။

မောင် ကျောင်းသွားဖို့ဆိုရင် အကြည်က အကုန် လုပ်ပေးမှ မောင် ကျေနပ်တယ်။ မေမေကဆို မောင့်ကို သနပ်ခါးပါကွက် အထူကြီးတွေ လိမ်းပေးလေ့ရှိတယ်။ မောင် အဲဒါဆို အရမ်း မုန်းတာပဲ။ ကျောင်းရောက်တာနဲ့ အဲဒီ သနပ်ခါးပါကွက်ကြီးတွေကို ပြန်ဖျက်ပစ်တာပဲ။

အကြည်ရောက်တော့မှ အကြည်က မောင် စိတ်တိုင်းကျ အကုန်လုပ်ပေးတယ်။ မောင့်ပါးကို ပေါင်ဒါမှုန့်လေးနဲ့ ပွတ်ပေးတယ်။ မောင့် ဆံပင်ကိုလည်း အုန်းဆီနဲ့ ဆံပင်ကော် ရောပြီး အမောက် ကလေးဖြစ်အောင် လုပ်ပေးလေ့ ရှိတယ်။ အဝတ် အစားဆိုလည်း အကြည်က မောင့်အတွက် မီးပူတိုက်ပေးပြီးသား။

အကြည်က မောင့်ကို ကျောင်းအပို့ အကြို လုပ်ပေးရတယ်။ တနေ့ မောင် ကျောင်းကအပြန် လမ်းမှာ သံစူးတော့ အကြည် မောင့်ကို အိမ်ရောက်တဲ့ အထိ တလမ်းလုံး ကျောပိုးခဲ့တယ်။ မောင် ငိုတော့ အကြည်လည်း ငိုတယ်။ အဲဒီနေ့က အကြည် မောင့်ကို တညလုံး မအိပ်ပဲ သံစူးတဲ့ ဒဏ်ရာကို ခဏ ခဏ ထကြည့်ရတယ်။

မောင့် နဖူးပေါ်က ဆံပင်လေးကို သပ်ပေးပြီး စိုးရိမ်တကြီးနဲ့ ကြည့်နေခဲ့တယ်။ အကြည်တော့ သိမှာ မဟုတ်ပါဘူးလေ။ သတိထားမိချင်မှ သတိထားမိမှာ။ အဲထိအချိန်က စပြီး မောင့် ရဲ့ ကနဦး သိတတ်စနှလုံးသားလေးထဲမှာ အကြည့်ရဲ့ ကြင်နာတတ်တဲ့ နှလုံးသားက အစားထိုးဝင်ရောက်ခဲ့တယ်။

အကြည်က အရမ်းတော်တာ။ အိမ်မှာဆို မေမေက အိမ်မှုကိစ္စတွေ အကုန်လုံး အကြည်နဲ့ လွှဲထားတယ်။ မောင် အိပ်ရာ နိူးတဲ့ အချိန်ဆို အကြည်က ရေချိုး သနပ်ခါး လူးပြီးသား။ အကြည် မျက်နှာလေးက ယဉ်ကျေးလှတဲ့ မနက်ခင်းရဲ့ မခို့တရို့ကဗျာတပုဒ်လိုပဲ။ အကြည် မျက်နာ ကလေးလေးက အရမ်း ကျက်သရေ ရှိနေတာ။

မောင် က အကြည်ကို အရမ်းချစ်တာ။ အိပ်ရာဝင်ရင် မောင်က အကြည်ကို နမ်းပြီးမှ အိပ်လေ့ရှိတယ်။ အကြည် ဘယ်သွားသွား အကြည်နောက် မောင် က တကောက်ကောက် တောက်တဲ့ကပ် ကပ်သလိုလိုက်နေလေ့ရှိတယ်။

------------------------------------------------------------------------------------------------

အကြည် မောင့် ဘဝထဲက ထွက်သွားခဲ့တာ အခုဆိုရင် ၁၅-နှစ်လောက် ရှိရော့မယ်။ မောင့်ဘဝမှာ အကြည်နဲ့ နေခဲ့ရတဲ့ နေ့ရက်တွေဟာ အပျော်ရွှင်ဆုံးပဲ။ ညညဆို အိပ်ရာဘေး စမ်းပြီး လန့်နိုးရတဲ့ ညတွေဆို ခဏခဏပဲ။ မောင် တက္ကသိုလ် ကျောင်းသား ဘဝရောက်တဲ့ အထိ အကြည်ကို မေ့လို့ မရဘူး။
အကြည် မရှိတော့တဲ့ နောက် ကိုယ်ဘာသာကိုယ် တစ်ယောက်ထဲ နေရတာကို နှစ်ချိုက်ခုံမင်လာတယ်။မောင့်ရှင်သန်နေတဲ့ အိမ် နဲ့ ပတ်ဝန်းကျင်တွေမှာ မောင်ဟာ ရှိနေပေမယ့် မရှိသလို တိတ်ဆိတ်စွာ ပျောက်ကွယ်နေလေ့ရှိတယ်။ ပတ်ဝန်းကျင်မှာ လူတွေက မောင့်ကို မသိလိုက် မသိဘာသာ လစ်လျူပြုထားတဲ့ အချိန်စက်ဝန်းထဲမှာ ရှင်သန်နေခဲ့တယ်။

ပန်းလိပ်ပြာလေးတွေ ရောင်စုံဝဲနေသလို့ မိန်းမလှကလေးတွေ ပေါင်းစုံလှတဲ့ တက္ကသိုလ်ကျောင်းဥယျာဉ်မှာ သင်ကြားနေတဲ့ မောင့်ဘဝဟာလည်း တကယ်တော့ ခြောက်ခြောက်သွေ့သွေ့နဲ့။ အို..ကွယ်..တကယ်တော့ မောင်ဟာ အကြည်ဆိုတဲ့ ဘာသာတစ်ရာ တစ်ခုတည်းကို ကိုးကွယ်နေသူပါလေ။

မောင် ဒီနေ့ ကျောင်းကပြန်ရောက်တော့ အိမ်မှာလူတွေ သန့်ရှင်းရေးတွေလုပ်ကြ၊ ချက်ကြ ပြုတ်ကြနဲ့ အလုပ်တွေ ရှုပ်နေကြတယ်။ မောင့် ဖေဖေရော၊ မေမေရောက အဝတ်အစား အကောင်းတွေ ဝတ်လို့။

မောင့် ကိုလည်း အဝတ်အစား မြန်မြန်သွားလဲခိုင်းတယ်။ လေဆိပ်မှာ ကိုကိုနဲ့ အကြည်ကို သွားကြိုရမယ်တဲ့။ အကြည်တို့ ပြန်လာပြီတဲ့။ မောင် ပျော်လိုက်တာ။ အိမ်ပေါ်ကို တခါတည်း ခုန်ပေါက်ပြီး တက်သွားလိုက်ခဲ့တယ်။ တစ်အိမ်လုံးက ပျော်နေကြတယ်။ အကြည် ပြန်လာတော့မယ်။ ကိုကိုရော ပြန်လာတော့မယ်ပေါ့။

လေဆိပ်ရောက်တော့ လူတွေက အများကြီးပဲ။ ပစ္စည်းတင်တဲ့လူနဲ့။ ပစ္စည်းချတဲ့ လူနဲ့ ဆိုင်ရာ ဆိုင်ရာ လာကြိုတဲ့ လူတွေ တော်တော် များတယ်။ မေမေနဲ့ ဖေဖေ့က လေဆိပ် ထဲကို အယင်ဦးဆုံး ဝင်သွားလိုက်ပြီ။

မောင်လည်း လိုက်သွားမလို့။ အကြည့်ကို တွေ့ရင် ပေးရအောင်လို့ ဆိုပြီး ယူလာတဲ့ ပစ္စည်း ကလေးကို စမ်းအကြည့်မှာ၊ မောင် သိလိုက်ပြီ။ အိမ်မှာ ကျန်ခဲ့ပြီ ဆိုတာ။ မောင်လည်း စိတ်ထဲမှာ တော်တော် ပျာယာခတ်သွားတယ်။ မောင် သိပ်စိတ်ညစ်တာပဲ အကြည်ရယ်။

နောက်တော့ မောင်လည်း မထူးတော့ဘူး ပြန်ယူရင် အချိန်မှီတန်ကောင်းပါရဲ့ ဆိုပြီး
မောင် ကားယူပြီး အိမ်ကို အမြန်ပြန်မောင်းလာတာ။ မောင့် စိတ်ထဲမှာ တော်တော် ပျာရာခတ်နေတယ်။ အကြည်ကို မှီမှ မှီပ မလားလို့။ မောင့် အာရုံထဲမှာ အကြည်ကို တွေ့တွေ့ချင်း ဒီပစ္စည်းလေးကို ပေးချင်နေတာ။

မောင် ကားမောင်းလာတာ အိမ်ကို ဘယ်ကနေ ဘယ်လို ရောက်သွားမှန်း မသိဘူး။ အိမ်ကနေ ကားကို အမြန်ပြန်မောင်းလာခဲ့တယ်။ မောင့် စိတ်ထဲမှာ ဘာမှ မရှိတော့ဘူး။ ဟာလာ ဟင်းလင်း ဖြစ်နေတယ်။ မောင် သိတာ တစ်ခုပဲ ရှိတယ်။ မောင် အကြည်ဆီ အမှီ ပြန်သွားရမယ်။ အကြည်နဲ့ တွေ့ရင် အကြည်ပျော်အောင်၊ အကြည် ဝမ်းသာအောင် အကြည် ဒီပစ္စည်းလေး မောင်နဲ့ တွေ့တွေ့ချင်း မြင်စေချင်တယ်။
------------------------------------------------------------------------------------------------

မောင် အကြည်ကို တောင်းပန်ပါတယ်။ မောင် အကြည်ဆီကို အမှီလာခဲ့ပါတယ်။ အကြည်ကို ပေးဖို့ ဆိုပြီး အကြည်ကို လွမ်းတိုင်း ရေးထားတဲ့ မောင့် ကဗျာ စာအုပ်ကလေးကိုလည်း ယူလာခဲ့ပါတယ်။

ဒါပေမယ့် အကြည်ရယ်။ လောကကြီးက မောင့်ကို အကြည်နဲ့ မတွေ့စေချင်တော့ဘူး ထင်ပါရဲ့။ အဲဒီ ကားအကြီးကြီးက မောင် ရှောင်တာတောင် အလွတ်တော့ဘူး။ မောင့် ကဗျာ စာအုပ်လည်း အဲဒီ ကားအကြီးကြောင့်စုတ်ပြဲကုန်တယ်ကွယ်။ မောင်လေ အကြည် ပျော်နေတဲ့ မျက်နာလေးကို မြင်ချင်လိုက်တာ မမြင်လိုက်ရဘူးကွယ်။

မောင့် ကဗျာတွေကို လည်း အကြည်ကို ရွတ်ပြရမဲ့ အခွင့် အရေး လည်း မောင် မရလိုက်တော့ ဘူးနော်။ ဒါပေမယ့် မောင် ပျော်ပါတယ်။ အကြည်ရဲ့ ပန်းခြင်းလေးတွေ၊ အကြည် မောင်အပေါ် သတိရနေမှုတွေက မောင် ဘယ်ဘဝရောက်ရောက် မောင် သိပ်ပျော်နေမှာပါ။

၂၀၀၀-ခုနစ်၊ နိုဝင်ဘာလ
အနန္တမေတ္တာဖြင့်
ဘကောင်း

ပဲခူးသား မောင်ဘကောင်း


(၁)
ကျွန်တော် ပဲခူးသားဖြစ်ခဲ့သည်။ ဟ..ကိုဘကောင်း မန္တလေးသားဆိုတာ ဘယ်ကနေ ဘယ်နဲ့ ပဲခူးသားဖြစ်သွားရပြန်တာတုံး လို့ မေးဘွယ်ရှိပြန်လိမ့်မယ်။ ဒီလိုပါ ရန်ကုန်မှာ လေးနှစ်ကျော် ငါးနှစ်နီးပါ တက္ကသိုလ်ပညာနို့ရည် သောက်စို့စဉ်က ရန်ကုန်တက္ကသိုလ်ဝင်း အဓိပတိလမ်း နဘေးက ပဲခူးဆောင်မှာ နေခဲ့ရတဲ့ အတွက် ပဲခူးသားလို့ ပြောတာပါ။

အဆောင်မှာ နေခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘဝအကြောင်းတွေကတော့ သိကြတဲ့အတိုင်း ဆွတ်ပျံ့ဖွယ်၊ ကြည်နူးဖွယ် အမှတ်တရတွေနဲ့ ဖွဲ့စည်းထားလေ့ရှိကြတယ်။ အဲဒီထဲကနေ နောင်တချိန် အနုပညာလောကထဲရောက်သွားတဲ့ လူတွေရှိခဲ့တယ် ဆိုရင် သူရို့က ပြန်လည် ဖော်ကျူးတူးဆွကြတဲ့အတွက် အတိတ်က တက္ကသိုလ်ရဲ့ ပုံရိပ်ရောင်တွေဟာ ခံစားသူတွေအတွက် ပြန်လည် အသက်ဝင်လာတတ်ကြတယ်။

အဲဒီလိုပဲ ကျွန်တော် နေခဲ့ရတဲ့ ပဲခူးရဲ့ အလှမ်းမဝေးလှသေးတဲ့ အတိတ်က ပုံရိပ်တစ်ချို့ကို ပြန်လည်တူးဆွပါရစေ။ တက္ကသိုလ်ကျောင်းစာသင်ခန်းနှင့် ပဲခူးဆောင်တို့ယှဉ်ကြည့်လျှင် ကျွန်တော့် အပေါ် ပဲခူးဆောင်က နတ်ကြီးခဲ့သည်။

ရန်ကုန်မြို့တော်ကြီးသို့ တက္ကသိုလ်ကျောင်းတက်မှ ရောက်ဖူးသော၊ ရန်ကုန်ရောက်ရောက်ချင်း လမ်းမှား လမ်းပျောက်သော မအူမလယ် မန္တလေးသားတစ်ယောက် အနေဖြင့် ရန်ကုန်မြို့၏ စကား၊ အစားအစာ၊ ယဉ်ကျေးမှုတို့နှင့် အံဝင်မကျဖြစ်ရကာ နောင်တချိန် ကိုယ်ဒူးကိုယ်ချွန် လူပေါ်လူဇော်တစ်ယောက် ဖြစ်လာဖို့အတွက် ပဲခူးဆောင်သည် ကျွန်တော့်ဘဝအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ကျွန်တော်တို့ ပဲခူးသည် အစဉ်အလာကြီးမားခဲ့သည်။ အဓိပတိလမ်းမ ဘက်မှနေ၍ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အဆောက်အဦးသို့ ဝင်လာလျှင် ညာဘက် ပထမဦးဆုံးတွေရသော တောင်ငူ၊ စစ်ကိုင်း၊ ပဲခူး၊ အင်းဝ အဆောင်များ ဝင်းကို တွေ့ရသည်။

ထိုစဉ်က ကွန်ပျူတာတက္ကသိုလ် ပါမောက္ခ ဒေါက်တာကျော်သိန်း(ကျွန်တော်တို့ခေါ်သည့် နာမည်က ဒေါက်ကျော်) အိမ်က ကံဆိုးစွာပင် ကျွန်တော်တို့ အဆောင်းဝင်၏ နဘေးတွင်ရှိရလေကာ သူ့အိမ်ခေါင်မိုးသည် ညဉ့်နက် သန်းခေါင် လှည်းတန်း လက်ဖက်ရည်ဆိုင်များမှ ပြန်လာသော ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများ၏ ခဲစာ အမြဲတမ်း ပစ်ပေါက်ခံရသည်။

ကျွန်တော် တက္ကသိုလ် လေးတန်းရောက်သည့်နှစ်တွင် ဒေါက်ကျော်၏ လာဘ်စားမှု အရမ်း နာမည်ကြီးလာပြီး ပါမောက္ခရာထူးမှ ပြုတ်လေကာ အဓိပတိလမ်း အိမ်မှ ဆင်းပေးရတော့သည်။

(၂)
ဒေါက်ကျော်၏ သုံးနေကြ အဖန်တလဲလဲ ရိုးအီနေသော စကားများဖြစ်သည့် သစ်ကိုင်းပေါ်တွင် ငှက်ကလေးသုံးကောင်နားနေသည်။ သေနတ်နှင့် ပစ်လျှင် ဘယ်နှစ်ကောင် ကျန်မလဲဟု စသော မိန်းခွန်းများသည် တက္ကသိုလ်ကျောင်း တစ်တန်းစတက်သည့် မောင်မယ် သစ်လွင် ကြိုဆိုပွဲ နှစ်စဉ်နှစ်တိုင်း ပြောတတ်လေ့ရှိရကာ သူ့တွင် အခြားပြောစရာ ညာဏ်မရှိတော့ဘူးလားဟု အတန်းကြီးများအကြား တီးတိုးလှောင်ပြောင်ခံရသည်။

အဲဒီတုန်းက ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်သည် ဒေါက်တာ တင်အောင်အေးဖြစ်သည်။ နောက်ပိုင်းတွင် သူသည် နိုင်ငံတော် တရားသူကြီးချုပ် ဖြစ်သွားခဲ့သည်။ ၁၉၉၆-အရေးအခင်းဖြစ်ပြီးနောက်ပိုင်း ဘွဲ့နှင်းသဘင်းခန်းမအနီး သူ့၏ နေအိမ်တွင် အဆောင်ရရှိရေးအတွက် ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသားများနှင့် တွေ့ဆုံးဆွေးနွေးခဲ့ကြသေးသည်။ ယခုတော့ သူလည်း ဘယ်ရောက်နေသည်မသိ။

ပဲခူးဆောင်တွင် အိုင်စီမှ ကျောင်းသားများ အများဆုံးရှိသည်။ အိုင်အာ၊ ရှေးဟောင်းသုတေသနမှ ကျောင်းသားများလည်း ရှိကြသလို့ ကွန်ပျူတာမှ ကျောင်းသားများလည်း ရှိကြသည်။ နေရာဒေသ အသီးသီးမှလာကြသည်။ လူမျိုးစုံသည်။ ကိုယ်ကွယ်သည့် ဘာသာများလည်း မတူညီကြ။ ထို့ပြင် မတူညီသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်လာကြသော လူငယ်များ လာရောက် သွေးစည်းကြသည့် အဆောင်လည်းဖြစ်သည်။

ကိုယ်နေခဲ့သည် နယ်တွင် သူတလူ ငါတမင်း နေနိုင်သည့် လူငယ်သည် အဆောင်တွင် တပြေးညီ ညီအကိုရင်းချာကဲ့သို့ နေရသည်။ အဆောင်တွင် နိမ့်ပါးခြင်း၊ ကြီးမြတ်ခြင်း၊ သိမ်ငယ်ခြင်း၊ လူတန်းစား ခွဲခြားခြင်း မရှိ။ အားလုံးက အားလုံးကို ကာကွယ်စောင့်ရှောက်သည်။ လုံခြုံစေသည်။ တနည်းအားဖြင့် ဘဝတိုက်ပွဲအတွက် အားမွေး လေ့ကျင်နေကြသူများချည့်သာ။

ထို့အပြင် ပဲခူးဆောင်တွင် နေခဲ့ဘူးသော အစဉ်အလာကြီးမားသည့် ပုဂ္ဂိုလ်ကျော်များ၏ ဝိဉာဉ်များက ကျွန်တော်တို့ အပေါ်တွင် အများတမ်း ကြည့်ရှု့စောင့်ရှောက်နေကြသည်။ ဗိုလ်ချုပ် အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝ ပဲခူးဆောင်တွင် နေခဲ့သော အခန်းမှ အသုံးအဆောင်နှင့် စာအုပ်များသည် ကျွန်တော့်အတွက် နေ့စဉ် ကမ္မဋ္ဌာန်း ဘာဝနာ စီးမြန်းရသလို ကသိုဏ်း ရှု့သလိုမျိုး အခန်းအပြင် တံခါးအကြားမှ အမြဲလိုကြည့်ရှုှု့ရသည်။

(၃)
ဆယ်တန်း အင်္ဂလိပ်စာ အများသူငှာအောက် ဘိတ်ချေး၊ နောက်မှသာ လိုက်၊ ခွေးအကြီး လှည်းနင်းသလို အင်္ဂလိပ်စာအဆင့်ရှိသော မန္တလေးသား ဘကောင်းအတွက် ဗိုလ်ချုပ် အောင်ဆန်း၊ အဓိပတိ ဦးဘမော်၊ ဂျာနယ်ကျော် ဦချစ်မောင်တို့၏ အင်္ဂလိပ်စာ အရေးအသားများသည် ခွန်အားဖြစ်စေခဲ့သည်။ သိမ်နုတ် ညံဖျင်းခြင်းတို့ကို အမြှစ်မှ လှန်ပစ်စေခဲ့သည်။

တက္ကသိုလ်ကျောင်း ၁၉၉၄-ခုနှစ် ပထမတန်းတက်တော့ မိဘများက တစ်လ သုံးထောင် ထောက်ပံ့သည်။ ထိုစဉ်က ဆူလေ၊ လှည်းတန်း ဘစ်ကားလိုင်းကားခသည် နှစ်ကျပ်။ အိမ်က ထည့်ပေးလိုက်သော ကျပ်တန် အထပ်လိုက်အား ကားခအဖြစ် သုံးရသည်။ အဆောင် လခသည် လေးရာကျပ်။ မနက်တစ်ခါ၊ ညနေတစ်ခါ ထမင်းကျွေးသည်။

အထပ်သုံးထပ်ရှိသော အဆောင်တွင် အထပ်တိုင်း၌ ဟောကျူတာ တစ်ဦစီ ထားရှိကာ အဆောင်မှုးဦခင်မောင်စိန်က အပေါ်ဆုံးထပ်တွင် ချင်းလူမျိုး ဟောကျူတာ ဆရာဆလိုင်းနှင့် ဟိုဖက်ထိပ်၊ ဒီဖက်ထိပ်နေကြသည်။ လကုန်ချိန်တွင် အဆောင်သားများ ဆရာဆလိုင်းထံတွင် အဆောင်လခ သွားရောက်ပေးသွင်းကြရသည်။

တက္ကသိုလ် ပထမတန်းတက်တော့ အဆောင်အောက်ဆုံးထပ် အခန်း-၄၉တွင် နေရသည်။ နှစ်ယောက်တစ်တွဲ နေရသော အဆောင်ခန်းတွင် ခုတင်နှစ်လုံး၊ ဗီရိုတစ်လုံး၊ စာကြည့်စာပွဲ နှစ်စုံ ထားရှိသည်။ အခန်းဖေါ်သည်လည်း မန္တလေးမှ အတူတူလာကြသော သူငယ်ချင်း တစ်ယောက်ပင်ဖြစ်သည်။ အခုတော့ သူလည်း ရုံတော်ကြီးတွင် ဆိုင်ဖွင့် စီးပွားရေးလုပ်ငန်းထဲ ရောက်သွားသည်။

အိမ်က ပို့ပေးသော တစ်လ သုံးထောင်ကို ခြစ်ချုပ် ချင့်ချိန် သုံးစွဲရသည်။ အပြင်မှ ထမင်းဆိုင်များတွင် ထမင်းဝယ်မစားရဲ။ အိမ်မှ ပို့ပေးသော ငပိကျော်၊ ပုဇွန်ခြောက်ကျော်များဖြင့် အဆောင်ထမင်းကို မနက်တစ်ခါ၊ ညတစ်ခါ ဝလင်အောင် စားသည်။

ဆီကျဲကျဲ အရည်ပေါပေါ အဆောင်ဟင်းတို့မှာ ကုလားပဲချက်၊ ဂေါ်ဖီကျော်၊ ကြက်ဥချက်၊ ငါးဟင်း သို့မဟုတ် တစ်ပါတ်တစ်ခါ အသားဟင်းတစ်ခွက်ပါလေ့ရှိသည်။ ကိုယ့် အိမ်က ပို့ပေးလိုက်သော ဟင်းအခြောက် အခြမ်းတို့နှင့် တွဲဖက်စားရသည်။ မစားနိုင်သူတို့က အဆောင် ထမင်းစားခန်း အရှေ့တွင် ရောင်းနေသော ဟင်းဆိုင်မှ ဟင်းဝယ်စားကြသည်။ အဲဒီတုန်းက တစ်ယောက်စား ဝက်အူချောင်းကျော်တစ်ပွဲ ငါးကျပ်။

(၄)
တက္ကသိုလ် ဒုတိယတန်းရောက်တော့ မိဘများ ထောက်ပံရသည့် တစ်လ သုံထောင်မလောက်တော့။ တစ်လငါးထောင် ခုန်တက်သွားသည်။ ကုန်ဈေးနူန်းက တစ်နှစ်ထက် တစ်နှစ် တစစကြီးမြင့်လာသည်။ ဘစ်ကားလိုင်းကားခ ငါးကျပ်ဖြစ်သွားသည်။ ကျပ်တန် ရှားပါးသွားခဲ့သည်။

တက္ကသိုလ် ဒုတိယတန်းရောက်တော့ ဦးဖိုးကျား၏ တက္ကသိုလ်ကျောင်းသားများ အလုပ်လုပ်ကျောင်းတက်သည့် အကြောင်း ဖတ်ရသည်တွင် အိမ်က ထောက်ပံ့သည့် ပိုက်ဆံအပေါ် မှီခိုနေရသည့် ကိုယ့်အဖြစ်ကို ဆန်းစစ်မိသည်။

ထိုအချိန်ကာလများ ၁၉၉၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စိန်ရတု အခန်းအနား ကျင်းပရန် စိုင်းပြင်နေကြသလို၊ ဗိုလ်ခင်ညွှန့်၏ စီမံခန့်ခွဲ မှုအောက်တွင် အဆောင် များ အသစ်များပြန်လည် ပြင်ဆောက်နေချိန်လည်းဖြစ်သည်။

မှတ်မှတ်ရရ အဆောင်များ ပြုပြင်တည်ဆောက်နေဆဲ ကာလများ၌ အဆောင်ရေချိုးကန်များမှ တဆင့် ဝဲများ ကူးကြပါလေတော့သည်။ ကျွန်တော် မောင်ဘကောင်းလည်း အပါအဝင် အဆောင်နေသူငယ်ချင်များ ခန္ဓာကိုယ် အကြိုအကြား တလျှောက် ဘာစကေဗီဝဲပျောက် လိမ်းဆေးများဖြင့် နပမ်းလုံးကြရသော်လည်း လုံးဝပျောက်မသွားခဲ့ချေ။ တတိယတန်း စာမေးပွဲများ ပြီးဆုံးသွားပြီးနောက် မန္တလေးပြန်၊ အမေက အဝတ်အစားများကို ရေနွေးဖြင့် ပြုတ်လျှော်တော့မှ ဝဲရောဂါ စင်းစင်း ပျောက်ကင်းတော့သည်။

ကျောင်းပြန်ဖွင့်၍ တက္ကသိုလ်စိန်ရတု အခန်းအနား ကျင်းပချိန်တွင် ပဲခူးဆောင်၏ ကျောင်းသားဟောင်းကြီးများ၊ သက်ကြီးရွယ်အို ဆရာကြီးများကလည်း ကိုယ်နေခဲ့သည့် အခန်းများကို လာကြည့်ကြသည်။ တချို့ မမျှော်လင့်သော တိုင်ပြည်မှ ပုဂ္ဂိုလ်များသည် ပဲခူးဆောင် ကျောင်းသားဟောင်းကြီများဖြစ်နေကြသည်။

ထိုစဉ်က စစ်ကိုင်းဆောင်ထွက် ဗိုလ်ခင်ညွှန့်၏ အဓိက ရည်ရွယ်ချက်သည် တက္ကသိုလ်ကျောင်းသားများအား စည်းရုံးသိမ်းသွင်းရန်ဖြစ်သည်။ အဘဟု ခေါ်ကြရသော ဗိုလ်ခင်ညွှန့်ကိုယ်တိုင် အဆောင်ကျောင်းသားများထံ အနီးကပ် စည်းရုံးရေး ဆင်းခဲ့သည်။

ဗိုလ်ခင်ညွှန့်၊ ဗိုလ်ကျော်ဝင်း အပေါင်းအပါနောက်လိုက်တို့သည် ကားအနက်များစီးလျက် သေနတ်၊ ဆဲလူလာဖုန်းတို့ ခါးတွင် ချိတ်ကာ ရန်ကုန်တက္ကသိုလ်ကျောင်းဝင် အဆောင်များတွင် ခြေရှုပ်ခဲ့ကြသည်။ အဆောင် ညစာစားပွဲများ၊ မိတ်ဆုံစားပွဲများ ကျင်းပကာ အဆောင်ကျောင်းသားတို့ကို ချဉ်းကပ်ခဲ့သည်။

(၅)
ပဲခူးဆောင်ကျောင်းသားဟောင်း ဇင်ယော်မောင်မောင် သည် ထိုစဉ်က ဗိုလ်ခင်ညွှန့်နှင့် ကပ်လျက် အဆောင်ဒင်နာများတွင် ခြေရှုပ်ပြန်သည်။ အင်လျားနှင့် ပဲခူး မောင်နှမဆောင် ဖြစ်စေခဲ့သည်။ ဇင်ယော်မောင်မောင်သည်ကား ဖောက်ပြန်သူ တစ်ယောက်ဖြစ်ခဲ့သည်။ လူမှုရေးလည်း ဖောက်ပြန်ခဲ့သည်။

ဗိုလ်ခင်ညွှန့် တို့ အပေါင်းအပါများ တက္ကသိုလ်ကျောင်းဆောင်များတွင် ခြေရှုပ်နေခိုက် စက်မှုတက္ကသိုလ်မှ ကိုအောင်မိုးဝင် (မန္တလေး နွေဦး) က ဦးဆောင်လျက် တက္ကသိုလ်များ ရန်ကုန် မန္တလေး မိသားစု ဟု အသင်းအဖွဲ့ ပေါ်ပေါက်ခဲ့သည်။ သူက ဥက္ကဋ္ဌ၊ ထိုစဉ်တုန်းက ကိုမင်းထွန်း (ယခု ဒါရိုက်တာ မင်ထွန်း)က ကျောင်းပြီးခါနီးပီဆို ၍ ကျွန်တော်က ဒုတိယ ဥက္ကဋ္ဌ အဖြစ် တက္ကသိုလ်နယ်မြေများ ၌ မန္တလေး ဝိဉာဉ်ကို မွေးဖွား ရှင်သန်စေခဲ့သည်။

သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်၊ သူနာပြု၊ အိုင်စီ၊ စက်မှု၊ ကွန်ပြူတာ၊ တို့မှ ကျောင်းသူကျောင်းသားများ၏ နှလုံးသွေးများ ကို ကူးလူးရှင်သန် ပေါင်းစည်းစေခဲ့သည်။ မန္တလေးအသင်း၏ တွေ့ဆုံပွဲများ၊ စုစည်း ညီညွှတ်မှုများက ထောက်လှမ်းရေးသမားများနှင့် တက္ကသိုလ်ကျောင်းဆရာ၊ ဆရာမများအကြားတွင် မျက်စိ ဒေါက်ထောက်ကြည့်ဖွယ် ဖြစ်လာခဲ့သည်။

တစ်နေ့ ဆရာ ဆလိုင်းက ကျွန်တော်ကို သူ့အခန်းတွင် ခေါ်ပြောသည်။ တက္ကသိုလ်ကျောင်းဆရာများ အစည်းအဝေးတွင် မန္တလေး အသင်း၏ လှုပ်ရှားမှုများကို သတိထား စောင့်ကြည့်ရန်ဖြစ်ကြောင်း ပြောနေသည်ကို ပြောပြခဲ့သည်။ ထောက်လှမ်းရေး သမားများ အဆောင်တွင်းသို့ စိမ့်ဝင်ကြသည်။

အဆောင်များ အသစ်ပြုပြင် တည်ဆောက်ပြီးခါစ ၁၉၉၆-ခုနစ် ကျောင်းသား လှုပ်ရှားမှုများ ဖြစ်တော့ အဆောင်နေကျောင်းသားများ အားလုံး ရန်ကုန်တက္ကသိုလ်ကျောင်းဝင်း အတွင်း လှည့်ပတ်လျက် လှည်းတန်း မီးပွိုင့်တွင် စက်မှုတက္ကသိုလ်မှ ကျောင်းသားများနှင့် ပေါင်းစုံ စုစည်းမိကြသည်။

ကျွန်တော်တို့ ကျောင်းသားများ အပေါ် ၈၈-ခုနှစ်မှ ကျောင်းသားများ ဆက်လက် သွေးသစ်လောင်းပေးခဲ့ကြသည်။ ရဲစိတ် ရဲမာန်တို့ဖြင့် ကျောင်းသားများ အားလုံး အဆောင်များ အထဲမှ ထွက်ခဲ့ကြသည်။

(၆)
ဗိုလ်ခင်ညွှန့်၏ ရည်ရွယ်ချက်များ ပျက်ခဲ့ရလေသည်။ ဤတွင် တက္ကသိုလ်ကျောင်းသား များ အပေါ် ဗိုလ်ခင်ညွှန့်၏ မအောင်မြင်သော စည်းရုံးရေးက နောက်ပိုင်း ကာလများ၌ အဆောင်များကို ပိတ်ပစ်လိုက်သည် အထိ ရမ်းကားခဲ့သည်။

ထိုနှစ်ပိုင်း ကျောင်းများ ပိတ်တော့ ကျွန်တော်လည်း မန္တလေး မပြန်ဖြစ်တော့ချေ။ မိမိကိုယ်ကိုယ် ဦးဖိုးကျား၏ တက္ကသိုလ်ကျောင်းသား ဇာတ်ကောင် ဖြစ်စေလျက် ပဲခူးဆောင်တွင် ဆက်လက် နေထိုင်ခဲ့သည်။

သစ်ပင်ကြီးများ အုံ့ဆိုင်းလျက် အေးမြနေသော အရိပ်အာဝါသ အောက်တွင် ပဲခူးသည် အေးချမ်းလှသည်။ အဆောင်ရှေ့တွင် ကံကော်ပင်လည်း ရှိသည်။ အဆောင် ဒုတိယထပ် တစ်ထပ်လုံးတွင် မှ ဟောကျူတာ အဆောင်မှုးနှင့် ကျွန်တော် နှစ်ယောက်ထဲသာ အဆောင်တွင် ကျန်ခဲ့သည်။ အဆောင်တွင် အဝတ်လျှော်သည့် ဦးရာဂျူးသည် အဆောင်ဝင်း အပြင်ထွက်လျက် အဓိပတိလမ်းဘေးတွင် ကွမ်းယာ ဆေးလိပ်၊ မုန့်ထုပ်ကလေးများ ရောင်းရသည်။

ကျွန်တော် တက္ကသိုလ်လေးတန်းတက်သည့်နှစ်တွင် အဆောင်အပေါ်ဆုံးထပ် ဗိုလ်ချုပ် အောင်ဆန်းအခန်းနှင့် ကပ်လျက် ဒေါင့်ခန်းတွင် တစ်ယောက်ထဲ နေရသည်။ ကျောင်းပညာရေးအပေါ် စိတ်ကုန် နေသော အချိန်ကာလများလည်း ဖြစ်သည်။ အတန်းမတက်၊ ညပိုင်းအလုပ်ကို ညလုံးပေါက်လုပ်ကာ မနက်တခင်းလုံး အဆောင်တွင် အိပ်သည်။

အဆောင် ထမင်းစားဆောင်အတွက် သိုလှောင်ထားသော ဆန်အိပ်များ ထဲမှ ဆန်များကို ရေပုံးနှင့် ကျွန်တော်ကိုယ်တိုင် အဆောင်းမှုးမသိအောင် တိတ်တဆိတ် ခိုးယူလျက် သူငယ်ချင်းများ နှင့် ညလယ်စာ ထမင်းချက်စားကြသည်။ ထို ထမင်းအိုးနှင့်ပင် ကြက်ဥဟင်းချက်၊ အမဲသားကျော်စားကြသည်။

ထိုနှစ်သည် အဆောင်နေကျောင်းသား ဘဝတို့၏ နောက်ဆုံနှစ်လည်း ဖြစ်သည်။ စစ်အစိုးရက အဆောင်များ ပိတ်ပစ်လိုက်သည်တွင် ကျွန်တော် ပဲခူးဆောင်ကို ခွဲခွာ ခဲ့ရသည်။ ထို့နောက် သမိုင်းဝင်းထဲမှ ပုပ္ပါးဆောင် သို့ ယာယီ အခိုက်အတန့် အနေဖြင့် ရောက်သွားခဲ့သည်။ ပုပ္ပါးဆောင်တွင် နောက်ဆုံးနှစ် စာမေးပွဲကို ပြီးမြောက်စေခဲ့လျက် တက္ကသိုလ်ကျောင်းသားဘဝကို အဆုံးသတ်ခဲ့ရသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ကိုကို့ နှမ မြကြည်



ပန်ချီကား အမည် : No Name
ဆီဆေး
ရေးဆွဲ - ၂၀၀၂-ခုနှစ်

(၁)
အနှစ် နှစ်ဆယ်ဆိုသည့် အချိန်ရထား တစ်စင်း လျင်မြန်စွာ ဖြန်သန်းခုတ်မောင်းသွားခဲ့သည်။ အရာရာ အဖြစ်အပျက် အစုံစုံကို ပြန်ပြောင်းစဉ်းစားကြည့်လျင် အတိတ်က အရာများ၏ ပုံရိပ်ရောင်အချို့သည် မနေ့တနေ့က ကဲ့သို့ ပြက်ပြက်ထင်းထင်း ရှိနေသေးသလို အချို့လည်း ဝိုးတို့ဝါးတား မှုံမှုံမှိုင်းမှိုင်းနှင့် ပျောက်ကွယ်လုမျှ ရှိသည်။

ပြက်ထင်းနေသော အတိတ်၏ ပုံရိပ်များသည် နောင်တချိန်တွင် မှေးမှိန် ဝေ့ဝါးသွားလေ့ရှိသည်။ တဖန် ယနေ့အချိန်ကာလတွင် မှေးမှိန် ဝေ့ဝါးနေသော အတိတ်က ပုံရိပ်များသည်လည်း စုတ်ချက်ကောင်းကောင်းနှင့် ဆေးသားအသစ်မတင်လျှင် နောင်တချိန်တွင် လုံးဝပျောက်ကွယ်သွားတော့မည်။

နှစ်ပေါင်း နှစ်ဆယ်မျှ ထောင်ထဲတွင် မြကြည် ဖြတ်သန်းခဲ့ရသည်။ ထောင်ကျကာစက မြကြည် အသက်နှစ်ဆယ်ကျော် ဝန်းကျင်။ ယခုဆိုလျှင် မြကြည် အသက်လေးဆယ်ကျော်ထဲ ရောက်လာပြီ။ ငယ်ရာမှ ပျို၊ ပျိုရာမှ ရင့်လာရသည်။ အရာရာ အားလုံးကိုလည်း သိတတ်၊ မြင်တတ်၊ ကြားတတ်ပြီ။

ပျိုမျှစ် နူရွယ်မှုတို့ ကုန်ဆုံးသွားချိန်မှာ ရင့်ကျက် တည်ငြိမ်မှုတို့ ဖြစ်လာရစမြဲ။ ထို့နောက် အိုမင်း နွမ်းလျော် ခြောက်ခန်းခြင်းဖြင့် အဆုံးသတ်ကြရသည်မှာ ဘဝ၏ ဖြစ်စဉ် ဓမ္မတာ ပင်။ ပျိုရွယ်စဉ် အခါက ပျိုရွယ်မှုကို သတိမပြုရှိတတ်ကာ၊ ပျိုရွယ်ခြင်း ကုန်ခမ်း လွန်မြောက်သည့် အခါတွင်မှ ပျိုရွယ်ခြင်း၏ တန်ဖိုးကို သတိပြုမိတတ်ကြသည့်မှာလည်း လူ့သဘာဝ သဘောတရားပင်တည်း။

မြကြည်လည်း ပျိုရွယ်သည့် ဘဝကို ဖြတ်သန်းခဲ့ဖူးပါသည်။သို့ပေသည့် ပျိုရွယ်ခြင်း၏ အသီးအပွင့်ကို မြည်းစမ်းရုံသာ မြည်းစမ်းကြည့်ခဲ့ရသည်။ ထောင်ဆိုသည့် အရာက မြကြည်၏ ပျိုရွယ်ခြင်း အသီးအပွင့်ကို ဝါးယူသောက်စားခဲ့သည်။

ကိုကိုနှင့် နှစ်ယောက်တည်း ရွှေလက်တွဲ ပျော်ရွှင်စွာ ဖြတ်သန်းရမည့် ဘဝခရီး အစား တစ်ယောက်တည်း ခါးသီးစွာ ထောင်ထဲတွင် အချိန်ကုန်ခဲ့သည်။ ဘဝက ထုဆစ် ပုံဖေါ်လိုက်သော ပန်းပုသည် ရွှေစင်ရုပ်ထုအစား လက်ရာကြမ်းကြမ်းနှင့် သစ်မာရုပ်ထု တစ်ခုအသွင် ပေါ်လွင်ခဲ့၏။

(၂)
သို့သော် သာမန် မျဉ်းတပြေးတည်းနှင့် သွားမည့် ဘဝတစ်ခုအစား အနိမ့် အမြင့် အတက်အကျတို့နှင့် စိတ်လှုပ်ရှားဖွယ် ဘဝကို သဘောကျသည်။ သာမန် အသက်ရှင်၊ အိမ်ထောင်ပြု၊ ကလေးမွေး၊ အလုပ်တွေလုပ်ပြီး နောက်ဆုံး သေဆုံးသွား ရမည့် ဘဝမျိုး လူတိုင်း မသိလိုက် မသိဘာသာ ဖန်တီးတတ်ကြသည်။ မြကြည်အတွက် ထိုကဲ့သို့ ဘဝမျိုးသည် ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှလေသည်။

မြကြည်ကိုယ်တိုင် လူပေါင်းမြောက်မြားစွာတို့၏ ဘဝ၊ ယဉ်ကျေးမှုများကို လေ့လာ ထိတွေ့ကြည့်ချင်သေးသည်။ ကလေးတစ်ယောက် ကဲ့သို့ မေးခွန်းမြောက်မြားစွာနှင့် လောကကြီအကြောင်းကို စိတ်လှုပ်ရှားစွာ ရင်ခုန်နေဆဲပင်။

မနက်ဖြန်ဆိုလျှင် မြကြည် ထောင်ကထွက်ပြီ။ မြကြည်အတွက်တော့ မြို့တစ်မြို့မှ အခြားတစ်မြို့သို့ ခရီးထွက်သလောက်ပဲ ထင်သည်။ ကိုယ်ကျင်လည်နေသည့် ပတ်ဝန်းကျင် တစ်ခုမှ အခြားတစ်ခုသို့ ကူပြောင်းသလိုမျိုးပင်။ ခရီးတစ်ခုထွက်ကာ အပြောင်းအလဲတစ်ခု ခံစားသလိုမျိုးလောက်သာ မြကြည် ခံစားမိသည်။အလွယ်တကူ သိပ်ပြီး စိတ်လှုပ်ရှားခြင်း ၊ ဝမ်းသာ ကြည်နူးပျော်ရွှင်ခြင်း မဖြစ်တော့။

လူဘဝ သက်တန်းက အနှစ်၆၀-၈၀။ အခြေအနေပေးလျင် နှစ်၉၀-ကျော်အထိ နေရမည်။ ဒီတော့ ဒီအသက်ရှင်နေစဉ် ကာလမှာ ငါဟာ လူသားတစ်ယောက်ဖြစ်ခဲ့တယ်ဟဲ့ လို့ ပုံဖေါ်ဖို့ပဲလို့တော့တယ်။ တော်ပါတော့ကွယ် တန်းခိုးဗြာဒိတ်တွေနဲ့ အမွန်းတင်၊ အရောင်ခြယ်ထားတဲ့ ဘဝတွေကို ငါ့ကို လာမပြောစမ်းပါနဲ့လို့။

မြကြည်၏ နှလုံးသားကို ထူထဲသော အကာအရံ ဝေဖန်ပိုင်းခြားမှုအခွံမာတို့ဖြင့် အုပ်စီးကာကွယ်ထားခဲ့ပြီ။

ကိုယ် ကိုယ်တိုင်က လူသားတစ်ယောက်ဖြစ်သည့် အတွက် စိတ်ဝိဉာဉ်၊ နှလုံးသားကို နာကျင်တုန်လှုပ်အောင် ရိုက်ခတ်လေ့ရှိတဲ့ ဘဝရဲ့ လှိုင်းဒဏ်တွေ
လူသားတစ်ယောက်အနေဖြင့် ကြုံဆုံရအုံးမည်။ ထိုသည်အတွက် နှလုံးသားထဲ ဝင်ရောက်တိုက်ခိုက်လာမည့် ခံစားချက်ပေါင်းစုံတို့အား အထပ်ထပ် အဖန်ဖန် ဝေဖန်သုံးသပ် စစ်ဆေး သမှုပြုခြင်းဖြင့် အေးချမ်းမှုကို ရှာဖွေရသည်။

ကိုယ့် အသက် ၉၀-ကျော်အထိ ကိုယ်ကိုယ်တိုင် စိုက်ပျိုးထားတဲ့ ခြံထဲက ဘူးစင် အောက်မှာ ထိုင်ပြီး ရေကန်ထဲက ငါးကလေးတွေ ရေးကူနေတာ ကြည့်နေချင်သေးတယ် ကွယ်။
-------------------------------------------------------------------------------------------------
(၃)
“ကလေး ဒီမှာ ဘာထိုင်လုပ်နေတာလဲ”
ညင်သာနုညံ့တဲ့ မေးခွန်းသံရဲ့ အနောက်ကနေ အရိပ်တစ်ခုကလည်းကပ်ပါလာလျက် မြကြည်ထိုင်နေတဲ့ အရှေ့ မြက်ခင်း ခြောက်ခြောက်သွေ့သွေ့အပေါ်မှာပဲ ညင်သာစွာ အုပ်မိုးကြလာတယ်။

ကိုကို့ရဲ့ မေးသံကို မကြားမိ။ နားကျပ်စပီကာ သေးသေးလေးနှစ်ခုကို နားနှစ်ဖက်တွင် တပ်လျက် ဖွိုင်ဒါ ဒေါ်စတိုရပ်စကီ (Fyodor Dostoyevsky) ၏ ခရိုင်း(မ်) အန်(ဒ်) ပန်းနစ်(ရှ်)မန့် (Crime and Punishment) ကို ရွတ်ဖတ်ပြနေသာ စီဒီမှ အဲလက် ဂျန်းနင်း (Alex Jennings) ရဲ့ အသံကို အာရုံစိုက်ပြီး နားထောင်နေမိသည်။

ရှည်မျောမျော အရိပ်တစ်ခု မြကြည်အရှေ့ ရောက်လာမှ ထိုင်နေတဲ့ အရှေ့မှာ လူတစ်ယောက် ရောက်လာပြီဆိုတာသိလိုက်တယ်။ မြကြည်မော့် မကြည့်သေးခင် မြက်ခင်ပြင်ပေါ်မှာ ခပ်ဖွဖွ လာရပ်တဲ့ ခြေအစုံ အသာအယာလှမ်းကြည့်မိတယ်။

မိန်းကလေးများပင် မနာလိုစရာ ကောင်းလောက်အောင်း နီထွေးနေလေ့ရှိတတ်တဲ့ သူ့ရဲ့ ခြေချောင်း၊ ခြေဖနောင့်လေးတွေ မန္တလေး ဖိနပ် ကတ္တပါခင်း ကြက်သွေးရောင် အပေါ်မှာ ဝင့်ကြွားစွာ ရှိနေလေရဲ့။ ဒီလိုခြေဖဝါး ပိုင်ရှင်ဟာ ကိုကို ကလွဲလို့ ဘယ်သူရှိအုံးမှာလဲကွယ်။

မြကြည် မော့်ကြည့်လိုက်တော့ အသားမစား၊ အသီးအရွက်၊ပဲနှင့် ငါး ပုစွန်သာ စားသော ကိုကို့ ရဲ့ ခန္တာကိုယ်က မိန်မများ တတ်မက်ဖွယ် ကြွက်သားများနှင့် ဖွဲ့စည်းမထားပဲ ခပ်သွယ်သွယ် ပဲရှိသည်။ ပန်ချီးဆွဲလေ့ရှိတဲ့သူ့လက်ချောင်းတွေကတော့ သွယ်သွယ်လျလျရှိလှသည့် အပြင် ဖျော့တော့နေတယ်။

မြကြည်အတွက် ကတော့ ကိုကိုသည် ရင့်ကျက်သော အသိညဏ် နှင့် သန့်စင်သော အဇ္ဈတ္တစိတ်သဏ္ဍာန် တို့ ပိုင်ဆိုင်ထားကာ ဖြူစင်သူတွေအရှေ့မှ မားမားရပ်တည်နေမည့် သူရဲကောင်း တစ်ယောက်ဖြစ်သည်။

ချည်သားအင်္ကျီအဖြူ နှင့် အညိုညစ်ရောင် အကွက်စိပ်စိပ် ခပ်နွမ်းနွမ်း ပုဆိုးကို သာ ဝတ်ထားသော်လည်း ကြည်လင်တောက်ပနေသည့် မျက်လုံးနှင့် အပြုံး၊ လက်ချောင်းတို့က ကိုကို့၏ သန့်စင်သော စိတ်ဝိဉာဉ်များ ကိန်းအောင်းနေရာလည်း ဖြစ်သည်။

(၄)
ကိုကို့ ခေါင်းက ဆံပင် ပုံစံကို မြင်တော့မှ မြကြည် ပြုံးမိသည်။ ကိုယ်ဘာသာ ဆံပင်တွေ စက်နဲ့ ရိတ်လာပြီဆိုတာ သိလိုက်တယ်။ သိပ်အတိုကြီး မရိတ်ပါနဲ့လို့ ပြောလဲ မရ။ ပြောရင်းလည်း သူ့ဆင်ခြေနှင့် သူ ဟုတ်လို့ နေသည်။

ခေါင်းဘီး၊ ခေါင်းလိမ်းဆီ မသုံးသော ကိုကို အတွက် ခေါင်းရိတ်စက်သွား နံပါတ်-၂ နှင့် ကိုယ်တိုင်ရိတ်ထားသော ခေါင်းသည် ဆံပင်ညပ်ခ မကုန်။ ခေါင်းလျှော်ရည် မလို။ ခေါင်းအုံးအစွပ်များလည်း ညစ်ပတ်သက်သာသည် ဟု ဆင်ခြေပေးသည်။

မြကြည် ကိုကို့ ကို ပြုံးပြီး ကြည့်နေသည်။ မြကြည် ဘာကြောင့် ပြုံးကြည့် နေတာကို သိသော ကိုကိုက ရှက်ကိုးရှက်ကန်းအပြုံးနှင့် ဗိုလ်ချုပ်အောင်ဆန်းကေ ဆံပင်ကိုသာ ပွတ်နေတော့သည်။

“ကိုကို လာထိုင်အုံး။ မြကြည် ခရိုင်း(မ်) အန်(ဒ်) ပန်းနစ်(ရှ်)မန့် ကို နားထောင်နေတာ။ တချို့ အပိုင်းတွေ နားမလည်လို့ ရှင်းပြပေးအုံးနော်..”

အမြဲလိုလို ကိုကို့ရှေ့ရောက်လျင် မြကြည် ကလေးတစ်ယောက်လို့ ခံစားရသည်။ ကလေးတစ်ယောက်ကဲ့သို့ ချွဲနွဲ့နေချင်သည်။ ကိုကို့ဆီမှ ဂရုတစိုက်နှင့် ချစ်ခင် ကြင်နာသော စကားလုံးများကို ကြားနာချင်သည်။

ဒါကြောင့် မို့ပဲ ကိုကိုက မြကြည်ကို ကလေးလို့ပဲ ခေါ်ခဲ့သည်။ မြကြည် ကျေနပ်သည်။ ကိုကို မြကြည်နံဘေးမှာ လာထိုင်တော့ ကိုကို့ လက်မောင်းနှင့် အသားချင်းထိအောင်ဆိုပြီး မြကြည် ကိုကိုဘက် အတင်းတိုးသွားသည်။

အသားမစား၊ အသီအရွက် ငါးတို့ဖြင့်သာ တင်းတိမ်လေ့ရှိသဖြင့် အမြဲလိုလို သန့်စင်နေသော ကိုကိုရဲ့ ကိုယ်နံ့တွေက နွေးထွေးနေလေ့ရှိသည်။ အတင်းတိုးဝှေ့ဝင်လာသော မြကြည့်၏ ကိုယ်လုံး လုံးလုံးကျစ်ကျစ်ကလေးကို ကြင်နာစွာ အလိုက်သင့် ထွေးပွေ့လျက် ဖေးမထားပေးသည်။

မြကြည်နားနှစ်ဖက် မှ နားထောင်နေသော နားကျပ် နှစ်ခုကို ကိုကိုက အသာအယာ ဖြုတ်ပေးလျက် ဖွင့်ထားသော စီဒီစက်ကလေးကို ပိတ်လိုက်သည်။

“ကလေး နားထောင်နေတာ ဘယ် အပိုင်း ရောက်သွားပြီလဲ”
ညင်သာသော မေးခွန်းသံနဲ့ အတူ နွေးထွေးသော အနမ်း တစ်ခုက နဖူးပေါ် အသာအယာ ကျလာသည်။

(၅)
“အခုမှ ရက်စ်ကိုးလ်နီးကော့ဖ် ဆိုတဲ့ လူက လူသတ်မှု ကျူးလွန်းဖို့ စဉ်းစား နေတုန်းပဲ ရှိသေးတယ်။”

“ဟုတ်တယ် ကလေး..အဲဒါဟာ လူတစ်ယောက်ရဲ့ စိတ်မှာ နာကျင် ခံစားမှုတွေ နဲ့ ကောင်းခြင်း ဆိုးခြင်း ခွဲခြားမှုတွေ အားပြိုင် လွန်ဆွဲနေတဲ့ အပိုင်းပေါ့”

“ဟုတ်တယ်နော် ကိုကို… လူတစ်ယောက်ဟာ စိတ်ခံစားချက် အဆုံးစွန် ရောက်သွားတဲ့ အချိန် အခိုက်အတန့်မှာ ထိန်းချုပ် စဉ်းစားနိုင်စွမ်းရှိတဲ့ အသိညဏ်မဲ့ သွားတယ်.. ဖြစ်လာမဲ့ အကျိုးဆက်ကို ဂရုမစိုက်တော့ဘူး”

“အင်း…ဒါကလည်း လူသဘာဝအရ ဖြစ်နိုင်တာပဲ။ ဒီခံစားချက် အရှိန်အဟုန်ကိုသာ ဘယ်လို နားလည်အောင် လုပ်ရမလဲဆိုတဲ့ အချက်ပေါ့”

မြကြည်၏ ဆံပင်ရှည်ရှည်များ အထဲကို လက်ထိုးထည့်လျက် ဆွဲဖွနေရင်း နူ့ညံစွာ ခပ်တိုးတိုးလေး ပြောပြနေသော ကိုကို့ အသံသည် တိကျသော ယုံကြည်ချက် အဖြေတစ်ခုကို ရှိနေသည်။

“ကိုကို အဲဒီ ခံစားချက်တွေ ကို ဘယ်လို နားလည်အောင် လုပ်ပြီး ထိန်းချုပ် တားဆီးရမလဲ ဟင်။ ပြီးတော့ ဒီဝတ္တု အဆုံးက ဘယ်လိုဖြစ်သွားလဲ ဟင်”
စိတ်အားထက်သန်စွာ မေးခွန်းတွေ နှင့် ကလေးငယ် တစ်ယောက် သဖွယ် သိချင်စိတ် ပြင်းပြစွာ ကိုကို့ ကို မေးလိုက်သည်။

“ကလေး… ခံစားချက် ဆိုတာ အခု ကလေးဖတ်နေတဲ့ ဒီဝတ္တု အဆုံးကို သိချင်စိတ် ပြင်းပြသလိုပဲပေါ့။ သီချင်း တစ်ပုဒ် နားထောင်တဲ့ အခါ၊ ဒါမှမဟုတ် ပန်းချီကာ တစ်ချပ် ကို ကြည့်ရှု့တဲ့ အခါ ကိုယ့် အတွင်း စိတ်သဏ္ဍန်ကနေ အလိုလို ပေါ်လာတဲ့ အရာမျိုးပေါ့။
အဲဒါကို ကိုကို့လို အပြင်လူတစ်ယောက် က ကလေးရဲ့ နဂိုမူလ ခံစားချက်တွေ ပြောင်းလဲ သွားစေမဲ့ အရာတွေ မပြောသင့် မလုပ်သင့်ဘူး “


(၆)
မြကြည် အပေါ် အုပ်မိုး ကြည့် နေသော ကိုကို့ အပြုံးသည် နားလည်မှုအပြည့်နှင့် ကြည်လင် တောက်ပနေသည်။ တိုးညင်းစွာနှင့် ရှင်းပြနေသော အသံသည် မွမွလေး တိုက်ခတ်နေသာ လေပြေနှင့် အပြိုင် ညိမ့်ညိမ့်ညောင်းညောင်းရှိလှသည်။

ထို့နောက် မြကြည်နားထောင်နေသာ စီဒီစက် ကလေးကို လက်ညိုး ထိုးပြလျက် တိုးညင်းသော စကားကို ဆက်လေသည်။

“အခု ကလေးနားထောင်နေတဲ့ ဒီဝတ္ထု အဆုံးသတ်က ဘာလဲ၊ ဘယ်လို မြင်သလဲဆိုတာ ကလေးဘာသာ ရှာဖွေရမဲ့ အရာတွေပဲ။ သီချင်းတွေ၊ ပန်းချီကားတွေ နားထောင်တယ်၊ ကြည့်ရှု့တယ် ဆိုတာလည်း အဲဒီ အတိုင်းပဲပေါ့။ ကိုယ်ပိုင် အလိုလို ပေါ်လာတဲ့ ပျော်ရွှင်မှု၊ ကြည်နူးမှု၊…အစရှိတဲ့ ရသတွေပေါ့။ သူများတွေက ပြောသလို ဒီပန်ချီကား က ဘာအကြောင်းပြောတာ၊ ဒီသီချင်းက ဘာကို ဖွဲနွဲ့တာဆိုပြီး အဲဒီ အတိုင်း လိုက်ပြီး ခံစားရင် ကလေးရဲ့ အတွေးအခေါ် ခံစားချက်တွေ ဘောင်ခတ်ပြီးသာ ဖြစ်သွားလိမ့်မယ်။ အဲဒီလိုမျိုး ပြောတဲ့ လူကို တရားစွဲလို့ ရရင် ကိုကို တရားစွဲချင် စမ်းပါဘိ”

ကိုကို့ စကားကြောင့် မြကြည် ရုတ်တရက် ရယ်လိုက်မိသည်။ မြကြည်ရယ်တော့ ကိုကိုလည်း ရောရောင် လိုက်ရယ်သည်။

“ဟုတ်တယ် ကလေးရဲ့။ လူရဲ့ စိတ်၊ အတွေးအခေါ်တွေဟာ လွတ်လပ်နေရမယ်။ ကိုယ့် ရဲ့ ခံစားချက် တွေကို ထိန်းချုပ်ဖို့ လုပ်ယူနေဖို့ထက် နားလည်ဖို့ ပဲလိုတယ်။ ကိုယ်ကိုယ်တိုင်က ကိုယ့် ခံစားချက်၊ ကိုယ့်ဘဝလမ်းကြောင်းတွေကို နားလည်ရင် သူများရဲ့ ခံစားချက်၊ သူများတွေရဲ့ ဘဝတွေကို နားလည် ပေးရမယ်။ အခြားလူတွေကို နားလည်ရင် လူ့သဘာဝ၊ လူ့ လောကကြီးအကြောင်း ကလေးနားလည်ပြီးပေါ့”

--------------------------------------------------------------------------------------------------
(၇)
အခုအချိန် အတိတ်ကို ပြန်ကြည့်လျင် ကိုကိုနှင့် ခွဲခွာခဲ့ပြီးသည့်နောက် မြကြည်ဘဝ မျဉ်းကြောင်းသည် အနိမ့်အမြင့် အတက်အကျတို့ဖြစ် ရင်ခုန် စိတ်လှုပ်ရှားဖွယ် ရှိလှသည်။ မြကြည် ဘဝ၏ ကစားပွဲတွင် အမြတ်ထွက်သည်ဟု ကိုယ့်ကိုယ်ကို ယူဆသည်။

ကိုကိုသည် ခံစားချက်များအပေါ် အမိအရတွယ်ကပ် ဆုတ်ယူလျက် လွင့်လွင့်မျောမျော ရှိနေတတ်တဲ့ အချိန်တွေအပေါ်မှာ ယုံကြည်နားခိုနေခိုက် မြကြည်သည် လွင့်မျောနေရာမှ ဆက်လက် စီးဆင်းသွားလျက် ဘယ်သော အခါမျှ နားခို ရပ်တန့် မနေခဲ့ချေ။

မြကြည် ကိုယ်တိုင် ဝတ္တုဇာတ်လမ်း ဆုံးအောင် ဖတ်ခဲ့ပါသည်။ ကိုယ်တိုင် ခံစားချက်နဲ့ သီးချင်းတွေလည်း နားထောင်ခဲ့ပါသည်။ကိုယ်ပိုင် စိတ်အာရုံ အမြင်နဲ့ ပန်းချီကားတွေကိုလည်း ကြည့်ရှု့ခဲ့ပါသေးသည်။

ဒါပေမယ့် အဲဒါတွေထက် ကျော်လွန်ပြီး မြကြည် ကိုယ်တိုင် ဝတ္ထုတွေ ရေးခဲ့သလို၊ သီချင်းတွေဖွဲ့၊ ပန်ချီကားတွေလည်း ရေးဆွဲ ခဲ့သေးတယ် ဆိုတာ ကိုကို့ ကိုပြောပြချင်သည်။

“မြကြည် လူတွေနဲ့ စိတ်ခံစားချက် အကြောင်းတွေကို နားလည် ခဲ့ပါပြီ ကိုကိုရယ်”

အနန္တမေတ္တာဖြင့်
ဘကောင်း

ထိုင်းနိုင်ငံ ၂၀၀၇-ခုနှစ်၊ ပါတီစုံ အထွေထွေရွေးကောက်ပုံ


ထိုင်း သို့မဟုတ် ယိုးဒယား သည် မြန်မာတို့နှင့် နီးစပ်နေသော နိုင်ငံတစ်နိုင်ငံ ဖြစ်သလို့ ယဉ်ကျေးမှုလည်း အများကြီး နီးစပ် တူညီလှသည်။ မြန်မာတို့သည် ထိုင်းကို သိသလို့ ထိုင်းတို့သည်လည်း မြန်မာနှင့် မစိမ်းလှချေ။

ဘုရင့်နောင်၊ အနော်ရထာတို့ လက်ထက်လောက်တွင် မြန်မာများ ထိုင်းတို့ အပေါ် လွမ်းမိုး အုပ်စိုးခဲ့သည်တွင် ယနေ့အချိန်အထိ ထိုင်းတို့၏ သမိုင်းစာမျက်နာများတွင် မြန်မာတို့သည် နယ်ချဲ့ ကျုးကျော်သူများ ဖြစ်ခဲ့သည်။ တနည်းအားဖြင့် မြန်မာတို့ ဘုန်းမီးနေလ ထွန်းတောက်ခဲ့သည်။ အိမ်းနီးချင်း နိုင်ငံတို့အပေါ် စစ်ရေးအရ၊ လူမျိုးရေးအရ လွမ်းမိုးနိုင်ခဲ့ကြသည်။

လွန်ခဲ့သော နှစ်နှစ်ကျော် ကာလအတွင်းလောက် က ထိုင်နိုင်ငံ ဘန်ကောက်မြို့နှင့် အယုဒယမြို့ သို့ ရောက်သွားချိန် ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှု၊ အခြေခံလူတန်းစားတို့၏ နေထိုင်ပုံ၊ ပတ်ဝန်းကျင် အနေအထားတို့သည် ကျွန်တော်တို့ မြန်မာ နိုင်ငံနှင့် တော်တော်များတူညီသည်ကို တွေခဲ့ရသည်။

ဘန်ကောက်မြို့ပေါ်သို့ ခြေချလိုက်သည်နှင့် တိုက်တာ အဆောက်အဦများ၊ လမ်းအနေအထား ယဉ်ကြောများ၊ သစ်လွင်နေသော တက်စီကားများ နှင့် လက်ကိုင်ဖုန်းများ ကိုင်တွယ် အသုံးပြုသော တက်စီမောင်းသမားများကို မြင်တွေ့ရသည်။ တိုင်ပြည် တစ်ပြည်၏ တိုးတက်လု ပြယုဒ်ကို ခံစားမိသည်။ ခေတ်မှီဖွံဖြိုးတိုးတက်စေမည့် အခြေခံ အုတ်မြစ်များကိုမြင်ရသည်။ နိုင်ငံတိုးတက်စေသည့် အခွင့်အရေးများကို အလွယ်တကူ လက်ခံပြောင်းပြစ် နိုင်စွမ်းလည်း ရှိသည်။

သင်္ကြန်ရက်အတွင်း အယုဒယရောက်တော့ အယုဒယ၏ သင်္ကြန်နေသည် ပူပြင်းလှသည်။ လူငယ်များ ဆိုင်ကယ်ခပ်ကြမ်းကြမ်းစီးလျက် ရေပက်ခံထွက်နေကြသည်မှာ ကျွန်တော်တို့ မန္တလေးနှင့် ဘာများ ကွာသေးသနည်း။ ထိုင်းလူငယ်တစ်ယောက်၏ဆိုင်ကယ်ကို ငှားကာ အနောက်တွင် ဦထုပ်မပါ၊ ထိုင်စီးလျက် ရေပက်ခံလူအုပ်ကြားထဲဖြတ် ကာဂိတ်သို့ အမှီသွားရသည့် အဖြစ်အပျက်သည် မန္တလေးမှ သူငယ်ချင်းများကို အမှတ်ရစေသည်။

ကျွန်တော်နေသည့် ဘန်ကောက်မြို့အလယ်မှ သူငယ်ချင်း၏ တိုက်ခန်း ဝရမ်တာတွင် စက္ကူပန်းပင်ကြီးရှိသည်။ ခြောက်ခြောက်သွေ့သွေ့နှင့် ဟိုတစ်စ၊ သည်တစ်စ အဆုပ်လိုက် အဆုပ်လိုက် ပွင့် နေသော စက္ကူပန်းများကို တွေ့တော့ မန္တလေးအိမ်က စက္ကူပန်းရုံကြီးကို သတိရမိသည်။ (ဝရမ်တာ အင်္ဂတေပတ်ကြားအက်များ အကြားမှပုရွက်ဆိတ်ကလေးများ အစီအရီ တန်းစီလျက် တရွေ့ရွေ့သွားနေသည် တစ်နာရီခန့် မညောင်းတမ်း ထိုင်ကြည့်မိခဲ့သေးသည်။)

အိမ်အပြင်မှ ထွက်လိုက်တော့ မုန့်ရောင်းသည့် အိမ်ဆိုင်ကလေးရှိသည်။ အိမ်တံခါးသည် ရန်ကုန်ရှိ မြေညီထပ် တိုက်ခန်းများတွင် အများဆုံး အသုံးပြုကြသည့် သံဘာဂျာတံခါး။ အထဲကို လှမ်းကြည့်လိုက်တော့ ကုတင်တစ်လုံးနှင့် ဆာလာအိမ်အထုပ်များကို တွေ့ရသည်။

အိမ်ရှင်မိန်းမက အိမ်ရှေ့တွင် ပုဂံဆေးနေသည်။ မုန့်ဆိုင် နံဘေးတွင် အသုပ်စုံရောင်းသည့် ဆိုင်ရှိသည်။ အသုပ်စုံဆိုင် ဆိုသည့် သဘောကို ပိုမို အသက်ဝင် ပီပြင်စေသည်မှာ အမျိုးသမီး သုံးယောက် ထိုင်ပြီး အစာကို မြိန်ရည်ရှက်ရည် စားနေကြသည်။ နံနံပင်၊ ငရုပ်သီးအမှုန့်၊ အချဉ်ရည် များလည်း တွေ့ရသည်။ ဆိုင်အနောက်တွင် မိန်းမတစ်ယောက် က ဂဏန်းကို ငရုတ်ဆုံထဲတွင် ထည့်ထောင်းကာ အစာစားနေသည့် မိန်းမသုံးယောက်နှင့် စကားလှမ်းပြောနေသည်။

ထားပါလေ။ ဒါက အကြမ်းဖျင်း ဝါစာကမာ လူနေမှုပုံစံ ပုံဖေါ်ရုံသက်သက်ပါ။ ပြောချင်တာက အဲဒါမဟုတ်ဘူး။ ထိုင်းနိုင်ငံ ဘယ်လို တည်ဆောက်ထားသလဲ။ အခုလို မြန်မာနိုင်ငံနှင့် ဆင်တူလှတဲ့ ထိုင်နိုင်ငံမှာ သူတို့ရဲ့ တိုင်းပြည်ခေါင်းဆောင်တွေက ဘယ်လို့ အုပ်ချုပ်နေသလဲ။ ပြည်သူတွေမှာ ဘယ်လို အခွင့်အရေးတွေ ရှိပြီး၊ ဘယ်လို နည်းစနစ်တွေက တိုင်းပြည်ကို ပဲ့ကိုင် ပေးထားသလဲ။

ကိုယ်ရောက်ခဲ့သည့် နိုင်ငံတိုင်းတွင် မြန်မာပြည်နှင့် ချိန်ထိုးကြည့်လျက် ရှု့ထောင့်မျိုးစုံမှ ဆန်းစစ်ကြည့်လေ့ရှိသည့် အတိုင်း ထိုင်းနိုင်ငံကို မြန်မာပြည်နှင့် နှိုင်းယဉ်ကြည့်မိသည်။ အလွန်ခေတ်မှီတိုးတက်နေသော အနောက်တိုင်းနိုင်ငံများ၊ ဂျပန်၊ စင်ကာပူ အစရှိသည့် နိုင်ငံတို့နှင့် စာလျက် ထိုင်းနိုင်ငံသည် ပထမ အဆင့်အနေဖြင့် နိုင်ငံရေးအရ ရော၊ လူနေမှု ယဉ်ကျေးမှု ရှု့ထောင့် ကပါ မြန်မာနိုင်ငံနှင့် နှိုင်းယဉ်ကြည့်သင့်သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော် အတွက် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ၂၀၀၇-ခုနစ် ဒီဇင်ဘာလ ၂၃-ရက်နေ့မှာ ကျင်းပ ပြီးစီးခဲ့တယ်။ ဒါကလည်း ၂၀၀၇-ခုနှစ် သြဂတ်(စ်)လ ၁၉-ရက်တုံးက အသစ်ပြုပြင်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြုလုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်တယ်။
၂၀၀၇-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ၁၉၉၇-ခုနှစ် အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်ခဲ့တာ ဖြစ်တယ်။ အဲဒီတုန်းက ထောက်ခံမဲ(Yes) ၅၆.၆၉ ရာခိုင်နှုန်း၊ ကန့်ကွက်မဲ(No) ၄၁.၃၇ ရာခိုင်နှုန်းနဲ့ အခြေခံဥပဒေကို အတည်ပြုခဲ့တယ်။ (ထောက်ခံမဲ ပေးတာ မမှန်တဲ့ မဲအရေအတွက် ၁.၉၄ ရာခိုင်နှုန်းခန့် ရှိတယ်။)

ထိုင်းနိုင်ငံ၏ အခြေခံ ဥပဒေအရ အထက်လွှတ်တော် (Senate) နှင့် အောက်လွှတ်တော် (House of Representation) ဟူပြီး လွှတ်တော်နှစ်ရပ်ရှိသည်။ ထိုသည် အတွက် ရွေးကောက်ပွဲလည်း နှစ်ရပ်ရှိတယ်။

၂၀၀၇-ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်အရ ယခင် အထက်လွှတ်တော် အမတ်လောင်း (Senators) အရေအတွက် ၂၀၀ ကနေ ၁၅၀ အထိ လျှော့ချခဲ့တယ်။ ဒီ ၁၅၀ ထဲကနေ ၇၄ဦးကို အဖွဲ့ဝင် ၇-ဦးပါတဲ့ ဗျုရိုကရက် နဲ့ တရားရုံး ဋ္ဌာန ရွေးချယ်တင်မြောက်ရေး ကော်မတီကနေ ရွေးချယ်တာ ခန့်အပ်တာ(appointed) ဖြစ်တယ်။ ကျန်တဲ့ ၇၆ နေရာအတွက် တိုင်းစီရင်စု ၇၅-နေရာက တစ်ဦးချင်းစီ နဲ့ မြို့တော်ဘန်ကောက်ကနေ ၁-ဦး စုစုပေါင်း ၇၆-ဦးကို သီခြားရွေးကောက်ပွဲဖြင့် (elected)တိုက်ရိုက် ရွေးချယ်တယ်။

အခြေခံ ဥပဒေ အသစ်အရ အထက်လွှတ်တော် အမတ်လောင်းများ သည် မည်သည့် နိုင်ငံရေး ပါတီ အဖွဲ့အစည်း ကိုမျှ ကိုယ်စားမပြုရဟု ကန့်သတ်ထားသည်။ထို့ အပြင် ယခင် အောက်လွှတ်တော် အမတ်လောင်း (House of Representatives) အရေအတွက် ကိုလည်း ၅၀၀ ကနေ ၄၈၀ အထိ လျှော့ချခဲ့တယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံတော် ဝန်ကြီး ချုပ်သည် လေးနှစ်တာ သက်တမ်း တာဝန်ထမ်းဆောင်ခွင့် ရှိသည်။ ဝန်ကြီးချုပ်ကိုလည်း ကိုယ်ပိုင် စီးပွားရေး ကုမ္ပဏီ တည်ထောင် ပိုင်ဆိုင်ခွင့် မှ တားမြစ်ထားသည်။

ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ရည်ရွယ်ချက်ကလည်း ပြည့်စုံကောင်းမွန်တဲ့ ဒီမိုကရေစီ ရရှိဖို့ အတွက် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ပါပဲ။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ အတွက် လိုအပ်တဲ့ အခြေအနေတစ်ရပ်လည်း ဖြစ်တယ်။ အဓိက ရည်ရွယ်ချက်တွေက တော့ တရားမျှတရမယ်၊ လွတ်လပ်ရမယ်၊ ဖုံးကွယ်မှုမရှိရဘူး၊ အဓိပ္ပာယ်လည်း ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ပါပဲ။ ထို့ အပြင် အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံရေး သမားတွေကို နိုင်ငံရေးလောကထဲ ရောက်လာဖို့ ရွေးချယ် ခန့်အပ်ဖို့လည်း ပါတယ်။

ဒီတော့ ထိုင်းနိုင်ငံရဲ့ အောက်လွတ်တော် အမတ်လောင်းများအတွက် အထွေထွေ ပါတီစုံ ရွေးကောက်ပွဲ ဘယ်လို ရွေးချယ်တင်မြောက် ကြသလဲဆိုတာ လေ့လာကြည့်ကြရအောင်။

ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေကိုယ်စားလှယ် (Constituency Candidate) ရွေးချယ်တင်မြှောက်ခြင်းနှင့် ပါတီစာရင်းကိုယ်စားလှယ် (Party-list Candidate) ရွေးချယ်တင်မြှောက်ခြင်း ဟူ၍ နှစ်ပိုင်းရှိသည်။ ဒီရွေးကောက်ပွဲ စနစ်ကိုလည်း ၂၀၀၁-ခုနှစ် နောက်ပိုင်းမှာ စတင် ကျင့်သုံးလာခဲ့ကြတာ။

ထိုကဲ့သို့ နှစ်ပိုင်း ရှိသည်အတွက် မဲပေးရသော မဲဆန္ဒရှင်တစ်ဦးအနေဖြင့် မဲကဒ်ပြားနှစ်မျိုးဖြင့် မဲပေးရသည်။

ပထမပေးရသည့်မဲမှာ ပါတီစာရင်းကိုယ်စားလှယ် ရွေးချယ်ရန်ဖြစ်သည်။ မဲပြားမှာ မရမ်းစေ့ရောင်ဖြစ်ပြီး မဲပြားပေါ်တွင် ပါတီများ၏ ကိုယ်ပိုင်နံပါတ် များသာ ပါရှိသည်။ နံပါတ်နှင့် ယှဉ်လျက်ရှိ ကွက်လပ်တွင် မိမိတို့ပေးလိုသည့် ပါတီအတွက် ကြက်ခြေခတ်၍ ဆန္ဒပြုရသည်။

ဒုတိယမဲမှာ မဲဆန္ဒနယ်မြေအလိုက် ကိုယ်စားလှယ် ရွေးချယ်ရန်ဖြစ်သည်။ အစိမ်းရောင် မဲကဒ်ပြား ဖြစ်သည်။ မဲကဒ်ပြားပေါ်တွင် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ပိုင်အမှတ်စဉ်များကို အစီအစဉ် အလိုက်ရိုက်နှိပ်ထားသည်။ အမှတ်စဉ်များနှင့် ကပ်လျက် ကွက်လပ်တွင် မိမိတို့ပေးလိုသည့် ကိုယ်စားလှယ် အမတ်လောင်းအတွက် ကြက်ခြေခတ် ၍ မဲပေးဆန္ဒပြုရသည်။

မဲကဒ်ပြား နှစ်မျိုးစလုံး၏ ညာဘက်အောက်ဒေါင့်တွင် သီးခြားအကွက် တစ်ခုစီပါရှိကာ မဲဆန္ဒမပြုလိုပါက ကြက်ခြေခေတ်ရန်ဖြစ်သည်။ သို့ရာတွင် မဲပေးခြင်းမပြုပါက ဥပဒေအရ နိုင်ငံသားတစ်ဦး အနေဖြင့် အောက်ပါ အခွင်အရေး ခံစားခွင့် အချို့ ဆုံးရှုံးပါသည်။
၁။ အထက်လွှတ်တော်(Senate)၊ အောက်လွှတ်တော်(House)၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး မှုးနှင့် ဒေသအတိုင်ပင်ခံ အဖွဲ့အစည်းများ၊ ကျေးရွာလူကြီး ရွေးကောက်ပွဲ ရလဒ်ကို ကန့်ကွက်ပိုင်ခွင့်
၂။ အထက်လွှတ်တော်(Senate)၊ အောက်လွှတ်တော်(House)၊ ဒေသအုပ်ချုပ်ရေး၊ ဒေသအတိုင်ပင်ခံ အဖွဲ့အစည်းများ၊ ကျေးရွာလူကြီး ရွေးချယ်ခံရန် လျှောက်ထားခွင့်
၃။ ဥပဒေပြု မူကြမ်းကို ပြင်ဆင်သုံးသပ် နိုင်ခွင့်
၄။ ဒေသဆိုင်ရာ အတိုင်ပင်ခံ အဖွဲ့များမှာ ထုပ်ပြန်သော စည်းကမ်းများနှင့် ပတ်သက်၍ ပြင်ဆင်သုံးသပ် နိုင်ခွင့်
၅။ အထက်တန်း အရာရှိများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှုးများ၊ ဒေသဆိုင်ရာအတိုင်ပင်ခံ အဖွဲ့များ အား တာဝန်မှ ထုတ်ပစ်ခြင်း အတွက် အထက်လွှတ်တော်သို့ အသနားခံစာ တင်ခွင့်

အဲဒီ မှာ ၄၀၀ ကို မဲဆန္ဒနယ်မြေအလိုက် ကိုယ်စားလှယ်လောင်းများ (Constituency Candidates) အထဲမှ ရွေးချယ်ပြီး၊ ကျန်တဲ့ ၈၀-ဦးရေကို အချိုးကျ ကိုယ်စားပြု (Proportional Representation) စနစ်ဖြစ် ရွေးချယ်ခြင်း ဖြစ်တယ်။

(က) မဲဆန္ဒနယ်မြေ အလိုက် ကိုယ်စားလှယ်ရွေးချယ်ခြင်း
- မဲဆန္ဒ နယ်မြေ ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်ပုံမှာ သမာရိုးကျ မဲသာသူ အနိုင် စနစ်ဖြစ်သည်။
- မဲဆန္ဒ နယ်မြေ(၄၀၀) အနက် မဲဆန္ဒနယ်မြေတစ်ခုစီမှ ပြည်သူ့ကိုယ်စားလှယ် တစ်ဦး ကျစီ ရွေးချယ် တင်မြှောက်သည်။
- တိုင်း စီရင်စု (Province) တစ်ခု အတွက် ပြည်သူ့ ကိုယ်စားလှယ် အရေအတွက် သတ်မှတ်မှုသည် ထိုတိုင်းစီရင်စု ရှိ လူဦ ရေ နှင့် ထိုင်း နိုင်ငံ၏ စုစုပေါင်း လူဦရေး ၏ အချိုး ပေါ် အခြေခံ တွက်ချက်သည်။
- တိုင်း စီရင်စုရှိ လူဦးရေ (/) ထိုင်း နိုင်ငံ လူဦး (x) ၄၀၀ = ရရှိသည့် ပြည်သူ့ ကိုယ်စားလှယ် ဦးရေ
- ရွေးချယ် တင်မြောက် ခံရသော အောက် လွှတ်တော် ကိုယ်စားလှယ်များ ( House Members) သည် ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရလျှင်၊ ခန့် အပ်သည့် နေ့မှ စ၍ ရက်ပေါင်း(၃၀) အတွင်း လွှတ်တော် ကိုယ်စားလှယ် နေရာမှာ ဖယ်ရှားရသည်။

(ခ) ပါတီစာရင်း အလိုက် ကိုယ်စားလှယ်ရွေးချယ်ခြင်း
နိုင်ငံရေး ပါတီ အသီးသီးသည် ဦးရေ(၈၀) ထက် မပိုသော ကိုယ်စာလှယ် လောင်း စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်သို့ သတ်မှတ် ရက် မတိုင်ခင် အချိန်မှီ ပေးပို့ရသည်။ ယင်း စာရင်းတွင် ပါတီတစ်ခုမှကိုယ်စားလှယ် တစ်ဦး၏ နာမည်သည် အခြားပါတီတွင် နာမည်ထပ်ပြီး မပါဝင်စေရ။ အမဲဆန္ဒပေးသူ အနေဖြင့် မိမိတို့ နှစ်သက်ရာ ပါတီ တစ်ခုမှ ကိုယ်စားလှယ် တစ်ဦးကိုသာ မဲပေးခွင့်ရှိသည်။

စုစုပေါင်း မဲအရေအတွက်၏ (၅) ရာခိုင်နှုန်းအောက် မဲရရှိသော ပါတီများသည် ပြည်သူ့ ကိုယ်စားလှယ် ရွေးချယ်ခွင့် မရရှိတော့ပါ။ ၎င်းတို့ ရရှိသော မဲများကို လည်း ပယ်ဖျက် ရသည်။ ကျန်မဲ အရေအတွက် ကို (၈၀) ဖြင့် စား ၍ရသော ရလဒ်ကိန်းဂဏန်းသည် ကိုယ်စားလှယ် တစ်ဦးအတွက် (ရွေးချယ်ရန်) လိုအပ်သော မဲအရေအတွက် ဖြစ်သည်။

ပါတီစာရင်းအလိုက် ရရှိမည့် လွှတ်တော် ကိုယ်စားလှယ် ဦးရေကို တွက်ချက် ရာတွင် ယင်းပါတီက ရရှိသော မဲအရေအတွက်ကို ကိုယ်စားလှယ်တစ်ဦးအတွက် လိုအပ်သော မဲအရေအတွက်ဖြင့် စားရန်ဖြစ်သည်။

ဤနည်းဖြင့် ရရှိသော လွှတ်တော် ကိုယ်စားလှယ် ဦးရေသည် (၈၀) ထက်လျှော့နည်း နေပါက လိုအပ်သော နေရာ အရေအတွက်ကို ကြွင်းကျန်သော မဲအများဆုံး ပိုင်ဆိုင်နေသည့် ပါတီများက ရရှိစေရန် ခွဲဝေပေးရသည်။

ပါတီစာရင်း ကိုယ်စားလှယ် အတွက် မဲတွက်ချက်ပုံ နမူနာမှာ
အမှတ်စဉ်ပါတီအမည်ရရှိသည့် မဲအရေအတွက်
၁။က၄,၀၅၀,၀၀၀
၂။၆,၁၂၀,၀၀၀
၃။၇၀၀,၀၀၀
၄။၁၂,၅၀၀,၀၀၀
၅။၇,၃၃၀,၀၀၀
၆။၉၀၀,၀၀၀
၇။၁,၄၀၀,၀၀၀
-----------------------------

စုစုပေါင်းမဲ၃၃,၀၀၀,၀၀၀

- စုစုပေါင်း မဲ အရေအတွက်၏ ၅ ရာခိုင်နှုန်း - ၁,၆၅၀,၀၀၀
- ပယ်ဖျက်ရမည့် မဲမှာ ပါတီ “ဂ” မှ ၇၀၀ ၀၀၀, ပါတီ “စ” မှ ၉၀၀ ၀၀၀, ပါတီ “ဆ” မှ ၁ ၄၀၀ ၀၀၀
- ပယ်ဖျက် ရမည့် စုစုပေါင်း မဲ - ၃ ၀၀၀ ၀၀၀
- ပယ်ဖျက်ပြီး လက်ကျန်မဲ - ၃၃ ၀၀၀ ၀၀၀ (-) ၃ ၀၀၀ ၀၀၀ = ၃၀ ၀၀၀ ၀၀၀
- ရွေးချယ်ခံရရန် ကိုယ်စားလှယ်တစ်ဦးအတွက် လိုအပ်သော မဲမှ ၃၀ ၀၀၀ ၀၀၀ (/) ၈၀ = ၃၇၅ ၀၀၀

ထို့ကြောင့် ပါတီအသီးသီးမှ ရွေးချယ်ခန့်အပ်ရမည့် ပါတီစာရင်းအရ ကိုယ်စားလှယ် ဦးရေမှာ
(ပါတီ ရရှိသော မဲ အရေအတွက် (/) ၃၇၅ ၀၀၀)

ပါတီအမည်ပါတီရရှိမဲရွေးချယ်ခန့်အပ်ရမည့်(ရရှိ)ဦးရေကြွင်းကျန်မဲ
က၄,၀၅၀,၀၀၀၁၀၃၀၀,၀၀၀
၆,၁၂၀,၀၀၀၁၆၁၂၀,၀၀၀
၁၂,၅၅၀,၀၀၀၃၃၁၇၂,၅၀၀
၇,၃၃၀,၀၀၀၁၉၂၀၄,၇၅၀
-----------------------------
စုစုပေါင်း၇၈


ပါတီ (က) နှင့် (ဃ) သည် ကြွင်းကျန်မဲ အများဆုံး ပိုင်ဆိုင်သောကြောင့် (၈၀) မပြည့် သဖြင့် လျော့ နေသာ (၂) နေရာ အတွက် (၁) နေရာစီကို ခွဲဝေ ရရှိသည်။

အောက်ပါ ဇယားသည် ၂၀၀၇-ခုနှစ်တွင် ရရှိသည့် ရွေးကောက်ပွဲမဲ အခြေပြ ဇယားဖြစ်သည်။
Party Constituency Proportional TOTAL
Votes % Seats Votes % Seats
People's Power Party 26,293,456 36.63 199 14,071,799 39.60 34 233
Democrat Party 21,745,696 30.30 132 14,084,265 39.63 33 165
Thai Nation Party 6,363,475 8.87 33 1,545,282 4.35 4 37
For the Motherland 6,599,422 9.19 17 1,981,021 5.57 7 24
Thais United National Development Party 3,395,197 4.73 8 948,544 2.67 1 9
Neutral Democratic Party 3,844,673 5.36 7 528,464 1.49 0 7
Royalist People's Party 1,632,795 2.27 4 750,158 2.11 1 5
Others 1,897,953 2.64 1,626,234 4.58 0
Valid votes 71,772,667* 100 400 35,535,767 100 80 480
No Votes 906,216 2.32
Invalid Votes 2,539,429 6.51
Total Turnout 38,981,412 85.38

* As constituencies elect between one and three MPs, some people have two or three votes.



ဤသည်မှာ ထိုင်းနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲ နှင့် အချိုးကျ ကိုယ်စားပြု ရွေးချယ်တင်မြောက်ပုံ တစ်စိတ်တဒေဖြစ်သည်။

သို့ရာတွင် ထိုင်းနိုင်ငံ နိုင်ငံရေး အခြေအနေသည်လည်း ၂၀၀၆-ခုနစ်မှ စတင်၍ စစ်တပ်မှ ဝင်ရောက် စွတ်ဖတ်နေခဲ့သည့် အတွက် ဘာဆက်လုပ်ကြမလဲလို့ မေးခွန်းတွေ မေးစရာ ရှိနေပါသေးသည်။

ကိုးကားချက်။
၁။ Journal of constitutional Affairs
၂။ Thailand Electroal System
၃။ Electroal Politics in Thailand
၄။ Election Guide

အနန္တမေတ္တာဖြင့်
ဘကောင်း