Showing posts with label blurringmemory. Show all posts
Showing posts with label blurringmemory. Show all posts

မြန်မာ့ ဝါးပုလွေ ပညာရှင်


ဆောင်းဝင်လာလေပြီ။ ကြည့်လေရာရာ နေရာတိုင်းက အဖြူထည်များခြုံလွှမ်းထားသည်ကိုသာတွေ့ရသည်။ သက်ရှိသတ္တဝါအားလုံး သဘာဝဆောင်းအောက်တွင် ရှုံးနိမ့်ကျရှုံးကာ မိမိတို့ ခိုအောင်းရာ အသိုက်အမြုံထဲတွင် နွေထွေးမှုကို ရှာ၍ ဆောင်း၏ အအေးဒဏ်ကို အံတုတွန်းလှန်ကြရ၏။ သစ်ပင် သစ်ကိုင်း သစ်ခက်တို့ လည်း ဆောင်း၏ အလိုကို လိုက်ကာ ကိုင်းခက် ပင်စည်တို့တွင် အသီး အရွက် အပွင့်တို့ အစား နှင်းပွင့် နှင်းဖတ် နှင်းခဲတို့ကို ချိတ်ဆွဲထားကြရသည်။ မိခင် ကမ္ဘာမြေကြီးတစ်ခုလုံးသည်လည်း နှင်းပင်လယ်ပြင်ကြီးအောက်တွင် စုံစုံမြုတ်ကာ လူသားတို့ အသက်ဖြစ်တည်မှုကို ဖန်းတီးပေးသော မြေအပြင်သည် လုံးဝဥသုံပျောက်ဆုံးနေလေပြီ။ မျက်စိတစ်ဆုံး ကြည့်ပါမူ အဖြူရောင် နှင်းပင်လယ်ပြင်ကြီးသကဲ့သို့ အဆုံးစွန်း အဖြူရောင်က နေရောင် အဟတ်တွင် မျက်လုံးကို ကျိန်းစေသည်။ သက်ရှိ သတ္တဝါဟူအမျှ ဘာမှ မရှိ၊ ပကတိ တတ်ဆိတ်ခြင်းကြီးစိုးနေကာ အခြား ကမ္ဘာတစ်ခုသို့ ရောက်နေသလား ထင်မှတ်ရပေသည်။

ထိုကဲ့သို့သော ဆောင်းနေ့များတွင် အထီးကျန်ခြင်း ဆေးခွက်များ သောက်လျက် စိတ်ဓာတ်ကျခြင်း စုတ်ချက်များဖြင့် အကြည်းတန်သော ဘဝများအကြောင်းအရာများကို ပုံဖေါ်ကြည့်ခဲ့ဘူးသည်။ နွေတုန်းက ပန်းခြံထဲတွင် တီးခဲ့သော ဗုံသည် အသံပြောက်လျက်၊ ဗုံးတီးသည့် အခါ စည်းလေ့ရှိသည် ခေါင်းစည်း ပုဝါတစ်ထည် နှင့် ဘော့ မာလေး၏ သီချင်း ခွေက ဖုန်များပင် တက်လို့ နေပြီ။ မည်သည့် အရာကို မျှ မဖန်တီးချင်တော့။ ဟိုတုန်းက ကိုယ်ကိုယ်တိုင် ဖန်တီးခဲ့သော ဘာသာတရားတစ်ခု ကိုလည်း စိတ်ထဲ က ခဏမေ့ထားကာ ဖန်တီးခြင်းမဲ့၊ ဖန်တီးခံရခြင်း ကင်းမဲ့သော စိတ်အလျင်တွင် ရှိနေချင်သည် ။ ကိုယ် ကိုးကွယ်သည့် ပုံရိပ်များစွာကို ချယ်မှုန်းခဲ့သည့် ပန်းချီကားများသည်လည်း ပုံစံက မပီပြင်တော့။

"ကလင်..ကလင်......ကလင်...ကလင်"
တယ်လီဖုန်း လာလျှင် ဘယ်တော့မှ မကိုင်တတ်သော အကျင့်က ကိုယ့် စိတ်အလျင်ကို ပိုပြီး လွတ်လပ်မှုရစေသည်။ အမြဲတမ်းလိုလို ဖုန်းခေါ်သူ ထားခဲ့သည် မက်ဆေချ်ကို နားထောင်ပြီးမှ ကိုယ်က ဖုန်းကို ပြန်ခေါ်လေ့ရှိသည်။ ဘယ်နဲ့ လူဖြစ်လာတဲ့ ဒီဘဝမှာ ဒီတယ်လီဖုန်းကြီးက နေရာတကာ။ အနှောက်အယှက် ဖြစ်လွန်းပါတယ်။
"ကိုဘကောင်း ကျွန်တော်ပါ။ ပျင်းနေလို့ တစ်နေရာ သွားရအောင်လို့" ဟု သူငယ်ချင်း၏ အသံက ဖုန်းမက်ဆေချ်ထဲမှာ ပေါ်လာမှ ဟိုတနေ့က ကိုကျော်ကျော်ဝင်း၊ မအမာကြည်တို့ မိသားစုက လာလည်ဖို့ ဖိတ်ထားတာကို သွား သတိရသည်။ "အင်း သူတို့ဆီ သွားလည်ရင်း အကောင်းသား၊ ဆောင်းတွင်း အခန်းပဲ အောင်းနေရတဲ့ သူငယ်ချင်းကို လည် အပျင်းပြေ အဖေါ်ခေါ်သွားလည်း ရတာပဲ" အတွေးထဲ ချက်ခြင်း ရောက်လာတာနဲ့ သူငယ်ချင်းကို ဖုန်းပြန်ခေါ်လိုက်တယ်။

"နည်းနည်းတော့ လှမ်းတယ်ဗျ၊ သူတို့က နယူးရောက် အထက်ပိုင်းမှာ နေတာ"
"ကားမောင်းသွား ကြတာပေါ့ဗျာ။ နှင်းတွေကတော့ ကျတုန်းပဲ"
"ကျုပ်ထင်တာ လေးနာရီလောက် ခပ်မှန်မှန်လေး မောင်းရင် ရောက်သွားမှာပဲ"
"ကောင်းပြီ လိုက်မယ်ဗျာ"

အဲဒီလို နဲ့ ကိုကျော်ကျော်ဝင်းတို့ မိသားစုရှိရာ အိမ်သို့ စိုက်စိုက် မြိုက်မြိုက် ရောက်ခဲ့ပါတယ်။ မအမာကြည် လုပ်ကျွေးတဲ့ မနက်စာ မြန်မာ ဆန်ဆန် ကောင်းညင်းပေါင်း ပူပူနွေးနွေးက ဆောင်းတွင်း ချမ်းချမ်း စီးစီ မနက်ခင်းမှာ အလွန်တရာမှ ဝမ်းနွေးစေလျက်၊ လမ်းတလျှောက် ပင်းပန်းခဲ့သမျှ ပြန်လည် ခွန်းအားပြည့်စေပါသည်။ သမီးကြီး နှစ်ယောက်နှင့် သားငယ် တစ်ယောက် ရှိသော ကိုကျော်ကျော်ဝင်းတို့ မိသားစုသည် အလွန်းတရာမှ ပျော်ရွှင်ဖွယ် ကောင်းလှ ပါပေသည်။ ထိုစဉ် က သူတို့ ကို ကြည့်ကာ ကိုယ်ကိုယ်တိုင် ဘယ်တော့များ မှ သာယာလှပတဲ့ ဘဝလေး တစ်ခု ထူထောင်းနိုင် လိမ့် မလဲ ဟု အားကျမိခဲ့သေးသည်။ ထိုစဉ် တုန်းကတော့ စိတ်ကူးပေါင်း မြောက်မြားစွာ၊ အိပ်မက်ပေါင်း မြောက်မြားစွာနဲ့ ဘဝကို ပုံစံ အမျိုးမျိုး ပုံဖေါ်ခဲ့သည်။ ဘိုဖြူ၏ သီချင်းများကို ဆိုငြီး ခဲ့ဘူးသည်။

ကိုကျော်ကျော်ဝင်းက ရွှေဘိုက၊ ဆေးကျောင်းတက်တော့ မန္တလေးရောက်လာသည်။ မအမာကြည်က မန္တလေးမှာ ရှိတဲ့ ဗမာ့ခေတ် ပုံနှိတ်တိုက်ကလား၊ စာအုပ်ဆိုင်ကလား ကောင်းကောင်းမမှတ်မိ။ ကျွန်ုပ်ခေါင်းကို သာ ထုခွဲပစ်လိုက်ချင်သည်။ မန္တလေးသူ မန္တလေးသားများ ဖြစ်ကြသည့် အားလျော် စွာ တွေ့ကြသည်နှင့် မန္တလေး အကြောင်းများ မေးကြ၊ ပြောဖြစ်ကြသည်။ ကိုကျော်ကျော်ဝင်းသည် မြန်မာ့ ဝါးပုလွေကို အလွန်တရာမှ စိတ်ဝင်စားကာ သူ့တွင် နိုင်ငံတကာ မှ ပုလွေအမျိုးမျိုးကို ပိုင်ဆိုင် လျက် မြန်မာ့ ဝါးပုလွေကို ကိုယ်တိုင် လုပ်၊ ကိုယ်တိုင် သီမှုတ်သော ပုလွေပညာရှင် တစ်ယောက်ဖြစ်ပါသည်။ ထိုစဉ်ကမှ မြန်မာ့ ဝါးပုလွေကို အပေါက် ပုံစံအမျိုးမျိုးနှင့် သံစဉ်အမျိုးမျိုးကို ပြောင်းလဲ သီမှုတ်လို့ ရကြောင်းကို သိရှိရတော့သည်။(မှတ်ချက်။ ထိုစဉ်က ကိုကျော်ကျော်ဝင်း ရေးပေးခဲ့သည် မြန်မာ့ ဝါးပုလွေနှင့် မန္တလေးမှ မြို့မတီးဝိုင်း အကြောင်းစာမူ၊ ထိုစဉ်က သက်ရှိထင်ရှား ရှိနေသေးသော မန္တလေးမှ ဝါပုလွေပညာရှင် အဖိုးကြီး၏ လိပ်စာ များမှာ ကျွန်ုပ်၏ ဘဝပေးအခြေအနေ အမျိုးမျိုးကြောင့် ပျက်စီးသွားရလေသည်။) ကျွန်ုပ်တို့ စကားဝိုင်းက မြန်မာ တူရိယာ များ၏ သံစဉ် ဖန်တီးနိုင်မှု စွမ်းပကားနှင့် နိုင်ငံခြား တူရိယာများ၏ သံစဉ် ဖန်တီးနိုင်မှု စွမ်းပကားကို ဝေဖန်ကြရင်း နောက် တနေ့ ဘော့စတွန်တွင် စာပေဟောပြောပွဲရှိသည်ဟု သိရသည်နှင့် အိပ်ရာသို ခပ်စောစော ဝင်ကာ နောက်တစ်နေ့ ဘော့စတွန် အထိ ကားမောင်း ရန်အတွက် အားမွေးကြရသည်။

နယူရောက် အထက်ပိုင်း ကိုကျော်ကျော်ဝင်တို့ အိမ်က ထွက်တော့ မနက် ၇-နာရီ။ ကားနှစ်စင်းဖြင့် သွားကြသည်။ဘော့စတွန် မှာတော့ နှင်းများ ကျမနေပါ။ ရာသီဥတုက အေးမျှလွန်းလှသည်မှ လွဲ၍ လမ်းတစ်လျှောက် ကားမောင်းသွားရသည်မှာ အဆင်ပြေလှပါသည်။ ဘော့စတွန် စာပေဟောပြောပွဲ ရောက်တော့ လွန်စွာ အံသြရသည်။ မတွေ့တာ ကြာပြီဖြစ်သော မိတ်ဆွေများဖြင့်လည်း ပြန်လည်တွေ့ရသည်။ ထိုစဉ်က ကိုအော်ပီကျယ် သည် သူ့၏ မာစတာ ဘွဲ့အတွက် ဘောစတွန် အမ်အိုင်တီတွင် ကျောင်းတက်နေသည်။ ကိုတင်မောင်သန်းက လည်း မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်း၏ အမ်အိုင်တီ ကျောင်းနေဆောင်အခန်းတွင် ရောက်နေသည်။ ထိုစဉ်က ဦးတင်မိုး၊ ဦးဝင်ဖေ အစရှိသည့် ဆရာကြီးများလည်း ရောက်လာကာ ဟောပြောပွဲအတွက် တော်တော် အားရှိလှပါသည်။ ကိုအော်ပီကျယ်သည် သိပ်မပြောပါ။ သူမှာလည်း ကျောင်းစာများနှင့် စာတမ်းပြုစုရမည့် အရာများက များနေလေသည်။ ကိုတင်မောင်းသန်းက နာမည်ရှေ့တွင် ဦးတတ် ခေါ်လေ့ရှိသည့် သူ၏ မူကို လက်ကိုင် ပြုကာ ရန်ကုန် စက်မှုတက္ကသိုလ်တုန်းက စာပေဟောပြောခဲ့သည် အတွေ့ အကြုံကို ပြန်လည် ပြောပြသည် ထင်ပါရဲ့။ ကောင်းကောင်းမမှတ်မိတော့ပါ။ ဦးတင်မိုးက "ဆေးလိပ်လေးတို နေလည်း ညိုပြီ ငါ့ကို အိမ်ပြန် ပိုကြပါ" ဟူ သော အမှတ်တမဲ့ ရေးခြစ်ခဲ့သည့် သူ့၏ စာကြောင်း ကို အကြောင်းပြု၍ သူ၏ ကဗျာ ဘဝလမ်းကြောင်းများကို ဝေမျှပေးပါသည်။ ဦးဝင်းဖေကတော့ ပန်းချီဆရာ၊ ဒါရိုက်တာ ဖြစ်သည့် အားလျော်စွာ ပန်းချီ နည်းပညာများ ခေတ် အဆက်ဆက် ပြောင်းလဲ ဖြစ်ပေါ်လာပုံ နှင့် ဓာတ်ပုံပညာထွန်းကာ လာခဲ့ကြသည့် ခေတ်တွင် ပန်းချီပညာများ ပြောင်းလဲသွားပုံကို ရှင်းပြပေးခဲ့ပါသည်။ ဟောပြောပွဲပြီးတော့ ကိုကျော်ကျော်ဝင်းက သူ၏ ဝါးပုလွေကို မှုတ်လျက်၊ မအမာကြည်က သီချင်းဆိုကာ (ထိုစဉ်က သူတို့ စုံတွဲ ဆိုကြသော သီချင်းများကို မမှတ်မိတောပါ၊ နှစ်တွေကလည်း ကြာသွားပြီ ကိုး။) ဦးဝင်းဖေ စန္ဒားယားတီး မတီး လည်း မမှတ်မိတော့ပါ။ သေချာတာ တော့ သူတို့ စုံတွဲက စန္ဒားယား နားတွင် သီချင်းဆိုပြစဉ် ဦးတင်မိုးက မျက်လုံးကို မှိတ်လျက် ကြည်နူးစွာ နားထောင်ခဲ့ပါသည်။ နိုင်ငံရပ်ခြားမှာ မြန်မာသံစဉ် ကောင်းကောင်း နာမထောင်းရတာ ကြာပြီကိုး။ ထိုအပြင် မြန်မာ့ဝါပုလွေ အသံက အညာ ကျေးလက်ဒေသ၏ အရိပ် အငွေ့များကို ပြန်လေ မြင်ယောင် တမ်းတစေပါသည်။ ထိုအခါမှ မြန်မာ့ ဝါးပုလွေ မည်မျှ တာသွားသည်၊ အစွမ်းထက်သည်ကို နားဖြင့် ဆတ်ဆတ်ကြားရပါတော့သည်။ ကိုကျော်ကျော်ဝင်းသည် ပုလွေပညာရှင် ပီသပါပေသည်။

ကျော် ပုလွေ နှင့် ခင် ပုလွေ ဟူ၍မြန်မာပုလွေ နှစ်မျိုး နှစ်စား ရှိသည့် အနက် ထိုစဉ်က ကိုကျော်ကျော်ဝင်း သီမှုတ်သော ပုလွေမှာ ကျော်ပုလွေ ဖြစ်ကာ သူ၏ အသားညိုညို အညာသားဟန်နှင့် ပုလွေသံကို နားဆင်ရသည်မှာ တကယ့် မြန်မာ့ ရသပြည့်ပြည့်၀၀ကို ခံစားရပါသည်။ ကျွနု်ပ် ငယ်စဉ် ကျောက်ဆည် ကုန်းရွာဘက် မိခင်ကြီး၏ အမျိုးများထံ ရွာလည်စဉ်က နွားကျောင်းရင်း သီမှုတ်ရသော ဟန်မျိုးပင် ဖြစ်သည်။

ကျွန်ုပ် အမေရိကမှ ပြန်တော့ ရံဖန်ရံခါ ဆက်သွယ်ဖြစ်သေးသည်။ နောက်ပိုင်း သူတို့လည်း အိမ်ပြောင်း၊ လိပ်စာများလည်း ပြောင်းသွားကာ ကျွန်ုပ်၏ ဘ၀ အပြောင်းအလဲများတွင် အဆက်အသွယ် လုံးဝပြတ်သွားပါတော့သည်။ ကျွန်ုပ် ဂျပန်ရောက်တော့မှ ဒေါက်တာ မင်းညို ထံရောက်သွားသည့် အခိုက် သူ့ထုတ်ဝေသည် စာစောင်တွင် မအမာကြည်၏ စာပေအရေးအသားများကို တွေ့မြင်ရမှ သူ့တို့၏ ပုံရိပ်များ ပြန်လည် ပုံပေါ်လာပါသည်။ သို့ရာတွင် ထိုပုံရိပ်များ ပီပြင်လာစေရန် ကျွနိုပ် မစွမ်းဆောင်နိုင် ခဲ့ပါ။ အခြား မြောက်မြားစွာသော ပုံရိပ်များကဲ့သို့ ဝေ့ဝါးသွားရလေခဲ့ပြီ။

အနန္တမေတ္တာဖြင့်
ဘကောင်း

တခါကသူငယ်ချင်းတစ်ယောက်


'ကမ္ဘာမကြေ ဗမာပြေ ဒို့ဘိုးဘွား အမွေစစ်မို ချစ်မြတ်နိုးပေ...ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ ကာကွယ်မလေ..' မနက်ကိုးနာရီထိုးပြီးတာနဲ့ တပြိုင်နက် ကျောင်းတက်ခေါင်းလောင်းသံကို စတင်ကြားရပြီ။ အဲဒီနောက် နိုင်ငံတော်သီချင်း သံပြိုင် သီဆိုသံက အမက(၁၃) ကျောင်း ခန်းမဆောင်ကနေ ဟိန်းပြီးထွက်လာသည်။ ဒီရပ်ကွက်ထဲမှာက အခုလိုကျောင်းဖွင့်တဲ့ ရက်တွေဆိုရင် ကျောင်းသားတွေရဲ့ ကစားသံ၊ စာအံသံတွေနဲ့ ဆူညံနေလေ့ရှိသည်။ ကျောင်းလေးက အမက ကျောင်းဆိုတော့ ခပ်သေးသေးရယ်။ ကျောင်းရဲ့အနီးအနား ပတ်ဝန်းကျင်မှာ ရှိတဲ့မိသားစုတွေကပဲ ဒီကျောင်းလေးမှာ သူတို့ သားသမီးတွေကို လာထားကြတယ်။ သာမန် အခြေခံလူတန်းစားတွေ လက်လုပ်လက်စား မိသားစုတွေ နေထိုင်တဲ့ ရပ်ကွက်ကွက်ထဲမှာရှိတဲ့ ကျောင်းဆိုတော့ ကျောင်းနဲ့အိမ်တွေနဲ့က ပုံသဏ္ဍာန် သိပ်ပြီးမကွာခြားလှဘူး။ အိမ်တွေကလည်း ခပ်စိပ်စိပ် ခပ်သေးသေး ကျောင်းကလည်း ခပ်သေးသေးရယ်။ ကျောင်းတက်ခေါင်းလောင်းကို တော့ ကျောင်းအုပ်ဆရာမကြီးက ကျောင်းရှေ့ရပ်ပြီ လှုပ်တာ။ ပါးစပ်နဲ့ အောင်ခေါ်တဲ့အခါလည်း အော်ခေါ်ပေါ့။ အော်ခေါ်လို့ မရတဲ့ ကောင်ဆိုရင်တော့ ကြိမ်လုံးစာ မိဖို့သာ ပြင်ပေတော့။

ဆရာမလေးယောက်၊ ဆရာတစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ကျောင်းဆောင်လေးက ဒီရပ်ကွက်ထဲမှာရှိတဲ့ မိသားစုတွေ အတွက်ကတော့ သူတို့သားသမီးတွေရဲ့ အနာဂတ်အိမ်မက်တွေကိုဖန်တီးပေးမဲ့ ရဲတိုက်ကြီးပေါ့။ ကျောင်းရှေ့မှာက ရေခဲချောင်းဆိုင်၊ ငုံးဥပြုတ် ကြက်ဥပြုတ်ဆိုင် နဲ့ ဇီးသီးဆိုင်တွေက ကျောင်းကို ကာရံထားကြတယ်။ တခါတရံ ကျောင်းတက်ခေါင်းလောင်းသံနဲ့၊ ရေခဲချောင်းဆိုင်က ခေါင်းလောင်းသံက ရောနေတတ်သေးတယ်။ ကျောင်းတက်ပြီဆိုရင် ပထမဆုံး နိုင်ငံတော် သီချင်းကို ဆိုရတာပဲ။ ကျောင်း ခန်းမကြီးထဲမှာက အတန်းလိုက် အတန်းလိုက် အုပ်စုခွဲပြီး ထိုင်ကြရတယ်။ အခန်းဆိုတာတော့ ဘယ်ရှိမလဲ။

ခုနစ်နှစ် ရှစ်နစ် အရွယ် ကောင်လေးတွေ၊ ကောင်မလေးတွေ မတ်တပ်ရပ် လက်ပိုက်ပြီး ရိန်ထိုး ရိုင်ထိုးနဲ့ မညီမညာ ဆိုနေတာကို ဆရာမကြိမ်လုံးက ခေါင်းပေါ်ကို မကြာခဏ ဝဲပေးနေရတယ်။ လေးတန်းကျောင်းသူ ကျောင်းသား အယောက် ၅၀ လောက်ရှိတဲ့ အတန်းမှာ တူညီတာ တစ်ခုက ယောင်္ကျားလေးရော မိန်းကလေးပါ သနပ်ခါးပါးကွက်ကို ဝိုင်းပြီး ထူပိန်းနေအောင် လိမ်းထားကြတယ်။ ကျောင်းသား မိဘတွေ အိမ်မှာ သနပ်ခါးပင်တွေ ကိုယ်စီစိုက်ထားကြသလား မသိဘူး။

သနပ်ခါးပါးကွက် ထူထူ၊ ကျောင်းစိမ်းဘောင်းဘီတို က ဆော့လွန်းလို့ အလယ်ခေါင်က ချုပ်ရိုးပြဲတာကို အပ်ချည်အဖြူရောင်နဲ့ ပင့်ကူယက်သလို ပြန်ချုပ်ထားပြီး နိုင်ငံတော် သီချင်းကို မျက်လုံး စုံမှိတ် အော်ဆိုကာ ဘေးကကျောင်းသားတွေနဲ့ ပခုံးချင်း ပြိုင်တိုက်နေတဲ့ ကောင်လေးတစ်ယောက် ဆရာမရဲ့ ကြိမ်တော် ခေါင်းပေါ် ဗြုန်းကနဲ ကြလာတော့မှ တည့်တည့် မတ်မတ် ပြန်ဖြစ်လာတယ်။
'ဘကောင်း ကောင်းကောင်းရပ်ပြီး ဆိုစမ်း'
အော်သံနဲ့ အတူ ဆရာမ မျက်လုံးမျက်လုံးက ပုစွန်မျက်လုံးလို ပြူးပြီးထွက်လာတယ်။ ကြိမ်လုံးကလည်း လေထဲမှာ ပိတုံးတွေ အော်သလို့ တရွှီးရွှီး နဲ့ မြည်လာတော့မှ နိုင်ငံတော် သီးချင်းဆိုသံက ပိုကျယ်လာပြီး လှုပ်ရမ်းနေတဲ့ ခန္တာကိုယ်တွေ တည့်တည့်မတ်မတ်နဲ့ ပြန်ငြိမ် လာတယ်။ အရိုက်ခံလိုက်ရတဲ့ ဘကောင်းကတော့ အဲဒီမနက် စောစောစီးစီး ဗျောတီးခံလိုက်ရတဲ့ အတွက် ငိုမဲ့မဲ့နဲ့ ကျန်ခဲ့ရသည်။ နှပ်မညှစ်ပဲ တရှုံရှုံ လုပ်လွန်းလို့ နှပ်တွေက နှာခေါင်းပေါက်ဝမှာ အသက်ရှုတာနဲ့ အတူ ထွက်လာလိုက် ဝင်သွားလိုက်နဲ့ မျက်လှည့်ပြသလို ကလူသလို မြူသလို လုပ်နေတဲ့ ထွက်လုထွက်ခင် နှပ်တွေကို လက်ဖမိုးနဲ့ အမှီ တချက်ဆွဲသုပ်လိုက်သည်။
'...အကျိုးကို ညီညာစွာ ဒို့တတွေ ထမ်းဆောင်ပါစို့လေ ဒို့တာဝန်ကြေ..'
နိုင်ငံတော်သီချင်းကို ကမြောကသော အဆုံးသပ်လိုက်ပြီး အရှေ့မှာ ရပ်နေတဲ့ ဆရာမမျက်နှာကို တချက် လှမ်းကြည့်လိုက်သည်။

လွယ်အိပ်အသစ်ကလေးကို ပခုံးစောင်း လွယ်ထားသော ကောင်လေးတစ်ယောက် အခန်းရှေ့တွင် ခပ်ရွံရွံလေး ပေါ်လာမှ ဆရာမအာရုံသည် ထိုကောင်လေးအပေါ်ရောက်သွားသည်။ ဖိနပ်ကို လက်တဖက်ကကိုင်လျက် ကျန်လက်တဖက်ကလက်ညိုးတစ်ချောင်းထောင်ကာ အခန်းထဲသို့ ဝင်ခွင့်တောင်းနေသော ညိုမှောင်မှောင် အသားအရေနှင့်ကောင်လေးကို အားလုံးက စူးစမ်းသော မျက်လုံးများနှင့် ဝိုင်းကြည့်ကြသည်။ သေချာသည် ကျောင်းသားအသစ်တစ်ယောက် ဘကောင်းတို့ အတန်းထဲသို့ ရောက်လာတော့မည်။ ဘကောင်းတို့သူငယ်ချင်း အုပ်စု ကစားစရာ အဖေါ်တစ်ယောက် တိုးလာတော့မည် အသိနှင့် စိတ်လှုပ်ရှားစွာ အချင်းချင်း အချက်ပြကြသည်။ မိန်းကလေး အုပ်စုတွေကလည်း ဘာတွေ ပြောနေကြသည်မသိ တီးတိုးတီးတိုးနှင့် ပွစိပွစိအသံတွေက ဟိုတစ်စ ဒီတစ်စထွက်လာပြန်သည်။ အတန်းပိုင် ဆရာမကတော့ ထိုတီးတိုး ဆူညံသံတွေကို အာရုံမစိုက်အား။
'အရှေ့ကို လာခဲ့' ဟု ဆရာမခေါ်သံနဲ့ အတူ ကျောင်းသားသစ်ကလေး ကြောက်ရွံစွာနှင့် အရှေ့ရောက်သွားသည်။

ဘကောင်း ထိုင်ရသည့် ခုံတန်းသည် အရှေ့ဆုံးမှ ဆိုလျှင် ငါးတန်းမြောက် ခုံတန်း။ ထိုင်ရတော့ ပါကေးခင်းထားသော ကြမ်းပြင်ပေါ် လေးယောက် တစ်တန်း။ ကျောင်းသူကျောင်းသားအားလုံး ကျောင်းပေါ်တွင် ဖိနပ်စီးခွင့်မရှိ။ ကျောင်းပေါ်တက်လျှင် ဖိနပ်ချွတ်ပြီး ကိုယ့်ဖိနပ်ကိုယ် ကိုင်၍တက်ရသည်။ စာရေးသည့် ခုံတန်းအောက်တွင် ဖိနပ်နှင့် လွယ်အိပ်ကို စီကာ ထားရသည်။ ကျောင်းဆင်းချိန် နီးပြီဆိုလျှင် ကိုယ့် ဖိနပ်ကို မျက်ချေမပြတ် ကြည့်ဘို့သာ ပြင်ပေရော.။ သို့မဟုတ် လျှင် ကိုယ့်ဖိနပ်သည် ရံဖန်ရံခါ အမှှိုက်တောင်းထဲသို့ ရောက်နေတတ်သလို့၊ အရှေ့ဆုံးမှ ဖိနပ်သည် အနောက် ဆုံးတန်းသို့ ရောက်နေတတ်ပြီး အနောက်ဆုံးတန်းမှ ဖိနပ်သည် အရှေ့ဆုံးသို့ ရောက်နေတတ်သည်။ တခါတရံ မိန်းကလေးများ ၏ ဖိနပ်များသည်ပင် ယောင်္ကျားလေးအတန်းဘက် ရောက်နေတတ်သည်။ဖိနပ်ပျောက်သည့် မိန်ကလေးများ ခမျာမှာငိုမဲ့ ငိုမဲ့။

ဘကောင်း၏ ဖိနပ်သည် အမြဲတမ်း ဂျီးများအထပ်လိုက် ကပ်နေတတ်သည့် ရာဘာဖိနပ်။ အထူးသဖြင့် ခြေမနှင့် ခြေဖနှောင့် နေရာများက ဂျီးအထူဆုံး။ ထို ဂျီးများက သံပြားနှင့်ရံဖန်ရံခါ တိုက်ချမှ ကွာသွားတတ်သည်။ ဘကောင်းထိုင်သည့် အတန်းသည် သုံးယောက်သာ ထိုင်နေသည့်အတွက် လူသစ်ကောင်လေးထိုနေရာသို့ လာထိုင်လိမ့်မည်။ ကမ္ဘာမကြေဆိုပြီးသွားသော်လည်း ဆရာမက မထိုင်ခိုင်းသေးသည့်အတွက် အားလုံးက မတ်တတ်ရပ်လျက်ပင်။ ကျောင်းသားများ အာရုံက ဆရာမဘေးတွင် ရပ်နေသော ကျောင်းသားအသစ်ပေါ် ရောက်နေခိုက် ဘကောင်း၏အာရုံက ဘေးကသူငယ်ချင်း၏ ဖိနပ်ကို အနောက်သို့ ကန်ထုတ်နိုင်ရန်အတွက် ခြေထောက်တဖက်က တဖြည်းဖြည်းနှင့် ဖိနပ်ကို ဆွဲယူလျက်ရှိသည်။
'ဘကောင်း' ဆရာမအော်သံကြောင့် ဘကောင်း တစ်ကိုယ်လုံး ဆတ်ကနဲ တုန်သွားသည်။ ဒီမနက် ကျောင်းသင်ခန်းစာ မစသေးခင် ဘကောင်းနာမည်ကို ဆရာမက နှစ်ခါ ခေါ်ပြီးသွားပြီ။
ငါတော့ အခြေအနေ မကောင်းတော့ဘူး အသိဖြင့် အနောက်တန်းက သူငယ်ချင်းဆီ ကန်ထုတ်ရန် အသင့်ဖြစ်နေသော ခြေထောက်ကို အသာကလေးပြန်ရုတ်ကာ လက်ပိုက်လျက် ဆရာမဆီသို့ မျက်နှာငယ်စွာဖြင့် လှမ်းကြည့်လိုက်သည်။ မိမိမျက်နှာပေး ငယ်ငယ်လေးကို ဆရာမများ သနားသွားလေမလား။ ယုတ်စွအဆုံး ရိုက်မည်ဟု ကြံရွယ်ထားသည့် ဆရာမ သနားသွားကာ ရိုက်မည့် အကြံလက်လျော့သွားလေမလား။
'ကျောင်းသားသစ် ကို နင့်ဘေးမှာ ထိုင်ပစေ။'
တော်ပါသေးရဲ့။ ဆရာမက ရိုက်ဖို့ ခေါ်တာမှ မဟုတ်ပဲ။
'ဟုတ်ကဲ ဆရာမ' အကျင့်ရနေပြီးသော တုန့်ပြန်သံဖြင့် လျင်မြန်စွာ တုန့်ပြန်ကာ ကျောင်းသားသစ်ဆီသို့ အပြုံးဖြင့် လှမ်းကြည့်လိုက်သည်။

ဤသို့ဖြင့် ကျောင်းသားသစ် တစ်ယောက် ဘကောင်းဘေးသို့ ကုတ်ကုတ်ကလေး ရောက်ရှိလာပါတော့သည်။
သူ၏ ဖိနပ်နှင့် လွယ်အိပ် ထားနိုင်ရင် ခုံအောက်မှ မိမိ၏ လွယ်အိပ်နှင့် ဖိနပ်ကို ဘေးသို့ တွန်းပို့ပေးကာ ဖိနပ်အောက်မှ သဲများကို လက်ဖြင့်ခါထုတ်လျက်
'မင်း ဘာလို့ နောက်ကျနေတာ လဲ' ဟု ဘကောင်း၏ အမြဲစပ်စုတတ်သော သဘာဝက အလိုအလျောက်ထွက်လာပါသည်။
'ငါ့ အဘ လှေထွက်တာ နောက်ကျလို့'
'မင်း က မြစ်ဆိပ် ဟိုဘက်ကမ်းက လာတာလား'
'အေး'
'မင်းက လှေ နဲ့ ကူးပြီး ကျောင်းလာတက်တယ်'
အံသြစွာ ကောက်ချက် ချမှုနှင့်အတူ ဘကောင်း ၏ စိတ်ဝင်စားမှုက တဖြည်းဖြည်း အရှိန်တက်လာခဲ့သည်။ ကျယ်ပြန့်လှသော မြစ်ရေပြင်ကို လှေဖြင့် ဖြတ်ကူးလျက် သူ့တို့ရပ်ကွက်စုတ်စုတ်မှ ကျောင်းသေးသေးလေးကို အားကြိုးမာန်တက် ဇွဲဖြင့် ကျောင်းလာတက်သော သူငယ်ချင်း အသစ် ကို အခြားသူငယ်ချင်းများကလည်း စိတ်ဝင်စားစွာ ခေါင်းချင်း ဆိုင်လာကြသည်။ သူ၏ အသားအရေက အမြဲနေလောင် ထားသည်ထင့်။ နက်မှောင်လွန်း၍ နက်ပြာရောင် ပင် သန်းနေတော့သည်။ လက်ဆစ် လက်ပေါက်များ က အခြားကျောင်းသားများနှင့်မတူ။ ပိုမို သန်မာနေသရောင်။ ပိုမိုကြီးမား နေသယောင်။ လှေလှော်သည့် လက်တွေပဲဟု ဘကောင်း ကောက်ချက် ချခဲ့သည်။သူ၏ လွယ်အိပ်သည် ပြားကပ်နေကာ အလွန်ဆုံရှိမှာ ဗလာစာအုပ် နှစ်အုပ်။ ပုံနှိတ် စာအုပ်ပင် ပါမည့်ပုံမပေါ်။ သူ့ ဖိနပ်က တာရာဖိနပ်။ ဘကောင်းဖိနပ်နှင့် ကွာသည့်က သူ့ဖိနပ်တွင် ဂျီးများ သိပ်ပြီးကပ်မနေ။ ကြည့်ရတာ ကျောင်းစတက်သည့်နေ့မို့လို့ ဖိနပ်မှ ဂျီးများကို ခွာချထားခဲ့သည်ထင့်။ ထို့ပြင် ကျောင်းသားအသစ်၏ ကျောင်းဘောင်းဘီ အစိမ်းရောင်က ဘကောင်းဘောင်းဘီကဲ့သို့ ချုပ်ရိုးရာများ ရှိမနေ။ အဝတ်အစားများက သစ်လွင်သည့် အသွင်သဏ္ဍန်ကို ပြနေသည်။
'မင်းနာမည် ဘယ်လိုခေါ်လဲ'
'......................'
'ကစားကျောင်း ဆင်းချိန် ငါတို့နဲ့ ဘုရားကျောင်းထဲ လိုက်ခဲ့မလား'
'အေး.. လိုက်ခဲ့မယ်'
'အခုချိန် ပုရစ်တွေ အရမ်းထွက်နေပြီကွ'
ကျောင်းသားသစ် ကောင်လေး၏ မျက်လုံး စိတ်ဝင်စားမှုဖြင့် အရောင်များ တောက်လာသည်။
‘ငါ့မှာ ပိုလိုကားတွေ ရှိတယ်’ ဟု ကောင်လေးက စတင် ၍ ဆိုလေသည်။
ဘကောင်း ၏ ပိုလိုကားချပ်များမှာ မနေ့ကပင် ဆရာမက အကုန်သိမ်းသွားသည်။
ထို့နောက် ကျောင်းသားသစ် ကောင်လေး၏ မျက်လုံးက ဇီးပြားစားနေသော ဘကောင်းဘေးမှ သူငယ်ချင်း တစ်ယောက်ဆီ ရောက်သွားကာ
‘ငါ ကို ဇီးပြား နည်းနည်းကျွေးစမ်းပါ’ ဟု ဆိုကာ အတန်းပိုင် ဆရာမဆီက တမတ်ဖိုးသုံးပြားဖြင့် ဝယ်စားရသော ဇီးပြားကို တောင်းစားလေသည်။
ဇီးပြားပိုင်ရှင် ကျောင်းသားက လက်သည်းလေးဖြင့် ဇီးပြားကို ဆိတ်ကာ ကျောင်းသားသစ်ကို ကြိုဆိုသောအားဖြင့် ကျွေးပါသည်။ ဤတွင် ချက်ခြင်း ဘကောင်းအပါအဝင် အခြားသူငယ်ချင်းများ၏ လက်များ တန်းဆီဖြန့်လျက် ‘ငါ့ ကိုလည်း နည်းနည်းကျွေးအုံး’ အသံများ အုန်းဆံလာပါတော့သည်။ ဤသို့ဖြင့် တမတ်ဖို့ သုံးပြားတန် ဇီးပြားသည် လက်သည်းလေးဖြင့် ဆိတ်ကာဆိတ်ကာ ဝေစုခွဲပေးရင်း ဇီးပြားအမှုန့်များပင် မကျန်အောင် မျက်တောင် တခတ်အတွင်း တက်တက်စင်အောင် ကုန်ပါတော့သည်။ ထိုသူငယ်ချင်းလည်း ကျန်နေသေးသည့် ဇီးပြားနှစ်ပြားကို ဘကောင်းအပါအဝင် တောင်းစားကြမည့် အငတ်သမားများရန် ရှောင်ရန်အလို့ငှာ စာအုပ်ကြားထဲသို့ အလျင်အမြန် ညှပ်လိုက်ရသည်။
လောင်းကစားစိတ် သန်လှသော ဘကောင်းက ကျန်နေသော ဇီးပြား နှစ်ပြားကို အသာငမ်းငမ်းလှမ်းကြည့်လျက်
‘နေ့လည် ကြရင် ဇီးပြားကြေး စာအုပ်လှန်တမ်း ချမလား’ ဟု အဖေါ်ညိုလေပြီ။
ဇီးပြားကြေး စာအုပ်လှန်သည် ဆိုသည်မှာ ကျောင်းသင်ခန်းစာ ပုံနှိပ်စာအုပ်ကို ခုံပေါ်တွင် ချထားကာ မိမိစိတ်တိုင်းကျ ကျရာစာမျက်နှာကို တစ်ကြိမ်လှန်ကြည့်ရပါသည်။ ထို့နောက် ထိုစာမျက်နှာ နံပါတ်ကို ပေါင်းကြည့်ကာ တစ်ဆယ်ထက်မကျော်သော နောက်ဆုံး နံပါတ်ကို ယူပါသည်။ သုံည မှ ကိုး အထိ ဖြစ်နိုင်ကာ ကိုး သည် အကြီးဆုံး နံပါတ်ဖြစ်သည်။

ထိုစဉ်က စားရသော ဇီးပြားသည် အလွန်အပြစ်ကင်းစင်ကာ အလွန်အရသာရှိလွန်းလှသည်ဟု ထင်မိပါသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ကိုလှကို


ကိုလှကို ဆုံးတော့ သူ့ရုပ်အလောင်းကို သွားကြည့်ဖြစ်လိုက်တယ်။ မသေခင်ကတည်းက ဘိန်းစွဲပြီး ပိန်နေရတဲ့ အထဲ သေတော့ ခန္တာကိုယ်မှာ ဘာ အသားမှာ မရှိတော့ဘူး။သွေးတွေကလည်း သေရင် ခမ်းခြောက်သွားတဲ့ သဘောရှိတယ် ထင်ပါရဲ့။ အသားအရေက အရောင်အဆင်း ဘာမှ မရှိပဲ ဖြူဖတ်ဖြူရော်။ မျက်နှာမှာ လည်း အသား မရှိတော့ သွားတွေက ငေါထွက်လာတယ်။ ဝါကျင့်ကျင့်အရောင်သန်းနေတဲ့ သွားတွေက မသေခင်တုန်းကတည်းက သူ့ရဲ့ နဂိုအရောင်လား၊ သေသွားမှာ ပြောင်းလဲပြီး ပိုဝါသွားသလား မသိဘူး။ ပါးစပ် ကလည်း ပိတ်လို့ မရတော့ဘူး ထင်ပါရဲ့။ သူ့ရဲ့ ခပ်ဝဲ၀ဲ ခပ်ရှည်ရှည် နားရွက်ဖုံးတဲ့ ဆံပင်တွေကတော့ နဖူးပေါ်မှာ ဝဲကျနေတုန်း။ ရီဝေေ၀နဲ့ ဆွေးမြေ့နေတတ်တဲ့ သူမျက်လုံးတွေက တော့ အစဉ် ထာဝရပိတ်သွားပြီပေါ့။ သူသေတော့ အသက်က ဘာရှိအုန်းမှာတုန်း။ အလွန်ဆုံးရှိလှ ၃၀ ကျော်ရုံလေးပေါ့။ သူ့ ခြေမနှစ်ခုကတော့ မြန်မာလူမျိုးတွေ ထုံစံအတိုင်း ပူးပြီး ကြိုးနဲ့ ချည်ထားလေရဲ့။

တကယ်တော့ ကိုလှကိုက သာမန် လူတစ်ယောက်ပါ။ ပိုပြီးတိကျအောင်ပြောရရင်တော့ နံပါတ်ဖိုးစွဲနေတဲ့ သာမန်မြန်မာ လူမျိုးတစ်ယောက်ပါ။ ကျောက်ဆည် ကုန်းရွာက ဆင်သက်လာတဲ့ အဆက်အနွယ်တွေဆိုတော့ အသားကခပ်ညိုညို၊ မန္တလေးမှာကြီး မန္တလေးမှာနေလာတော့ ဆံပင် က ခပ်ရှည်ရှည် အမြဲတမ်း ဂုတ်ထောက်နေလေ့ရှိတယ်။ လူပုံက ခပ်ချောချော အဝတ်အစားကို စတိုင်ကျကျ အမြဲဝတ်လေ့ရှိတော့ အလွန်တရာ ကြည့်ကောင်းတဲ့ လူငယ်တစ်ယောက်ပါ။ ပြောလို့ ပြောတာ မဟုတ်ဘူး သူလို့ ကြည့်ကောင်းတဲ့ လူငယ်တွေက မန္တလေးမှာ အလွန်တရာမှ ပေါမှပေါ။ ကိုလှကိုဟာ ဂျင်းဘောင်းဘီကို ရှပ်အင်္ကျ ီ်လက်ရှည်တွေနဲ့ စမတ်ကျအောင် ဝတ်တတ်လေ့တယ်။ ဆောင်းတွင်းဆိုရင်တော့ သူ့ကိုယ်ပေါ်မှာ ကုတ်င်္ကျီ် ကို အမြဲတမ်း တွေ့ရလေ့ရှိတယ်။ အသက်သုံးဆယ်ကျော် လူငယ်တစ်ယောက် လောကကြီးထဲက စေားစေားစီးစီး ထွက်သွားတော့ စိတ်မကောင်းစရာပါ။ အမှန်တကယ်တော့လည်း သူလိုမျိုး ဆေးဝါးသုံးစွဲ၊ နံပါတ်ဖိုးစွဲနေတဲ့ လူငယ်တွေက တဖြည်းဖြည်းနဲ့ များလာသလို့ သေဆုံးသွားတဲ့ အရေအတွက်ကလည်း များလားကြပြီ။ ဒါတောင် ကိုယ်သိတဲ့ မန္တလေးက ပတ်ဝန်ကျင် သေးသေးလေးပဲရှိသေးတယ်။ အခြားမြို့တွေ၊ နယ်စပ်တွေမှာဆိုရင် နံပါတ်ဖိုးကြောင့် ပျက်ဆီးဆုံးရှုံးသွားကြရတဲ့ လူတွေက တပုံတပင်ကြီးပေါ့။

ညီအစ်ကို သုံးယောက်ရှိတဲ့ အထဲမှာ ကိုလှကို က အငယ်ဆုံး။ ညီအငယ်ဆုံးဆိုတော့ ကျန်တဲ့ အစ်ကိုနှစ်ယောက် က သူ့တို့ ပညာ အမွေတွေ ပေးခဲ့ ကြတာပေါ့။ အစ်ကိုကြီး လုပ်တဲ့ ကိုအေးကိုကတော့ ဆိုးလွန်းလို့ ဆိုပြီး သူတို့ အဖေ ဘုရားလူကြီးက ထောင်ထဲ ထည့်ထားလေရဲ့။ အဲဒီအစ်ကိုကြီးရဲ့ ဘ၀ တစ်ဝက်ကျော်ကျော်က ထောင်ထဲမှာပဲ အဆုံးသတ်သွားတယ်။ အစ်ကို အလတ်လုပ်တဲ့ ကိုဘိုးနီကလည်း မိန်းမ နဲ့ ကလေးနှစ်ယောက်ကို လောကကြီးထဲမှာ ထားခဲ့လေရဲ့။ သူသေတော့ နံပါတ်ဖိုးထိုးတဲ့ ဆေးထိုးပိုက်က လက်မှာ တန်းလန်း။ အဲဒီ သားအမိလည်း လောကကြီးထဲမှာ မျက်နှာငယ်စွာနဲ့ပဲ ရုန်းရင်း ကန်းရင်း တစ်နယ်ခြားကို ပြောင်းသွားရရှာပြီ။ပြောချင်တာက အဲဒီ ဆေးသမား ညီအစ်ကို သုံးယောက်ထဲက ညီအငယ်ဆုံး ကိုလှကိုပါ။ တကယ်တော့ မြန်မာပြည်မှာ မထူးဆန်းလှတဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ် လူငယ်တွေ နံပါတ်ဖိုးစွဲတယ်၊ ပြီးတော့ သေသွားတယ်၊ ပြီးတော့ မေ့မေ့ပျောက်ပျောက်ပေါ့။ တွေ့မြင်ဖန်များလာ၊ ဆင်တူရိုးမှား သတင်းတွေ ကြားရဖန်များလာ တော့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားတွေ အနေ နဲ့လည်း ရိုးနေပြီ။ ဒါမျိုး သတင်းက မထူးဆန်းလှပေဖူးပေါ့။

တကယ်တော့ ဒါဟာ အလွန်တရာ ထူးဆန်းတာ။ ဘယ်နှယ့် ကမ္ဘာမှာ နိုင်ငံတွေ အများကြီးရှိနေတဲ့ အထဲမှာ မြန်မာပြည်မှာက နံပါတ်ဖိုး၊ ဆေးဝါးတွေက ဝယ်လို့လွယ်၊ ကုန်ကူးလို့ လွယ်၊ နံပါတ်ဖိုးကုန်ကူးပြီး တချက်ကောင်းကြံ ချမ်းသာသွားကြတဲ့ လူတွေက အများကြီး။ ပိုက်ဆံ ငွေကြေးဆိုတာ စိတ်ကူးနဲ့တောင် မှန်းဆလို့ မရနိုင်တဲ့ပမာဏ။ သိန်း ထောင်နဲ့ သောင်းနဲ့ချီပြီး ချမ်းသာကြတယ်။ သူတို့တွေက တိုင်းပြည်မှာ ဆိုင်ရာ ပိုင်ရာတွေနဲ့ ပေါင်းပြီး ကြီးပွားချမ်းသာကြတယ်။ ဆိုင်ရာ ပိုင်ရာတွေကလည်း ရတဲ့ ဝန်ထမ်းလခတွေထက် မဖြစ်နိုင်စရာ ငွေကြေးတွေကို ပိုင်ဆိုင်ထားကြတယ်။ အဲဒီငွေကြေးတွေရဲ့ နောက်ကွယ်မှာ က အမှောင်ကမ္ဘာ အတိ၊ သူ့တို့နေတဲ့ တိုက်အမြင့်ကြီးတွေက လူငယ်တွေရဲ့ အရိုးတွေ၊ အရည်တွေနဲ့ တည်ဆောက်ထားကြီပြီး၊ သူတို့စီးနေတဲ့ မော်တော်ကားတွေက လူငယ်တွေရဲ့ ရုပ်ကြွင်းပြာမှုန်တွေ ခင်းထားတဲ့ လမ်းမပေါ်တွေမှာ မောင်းနှင် နေကြလေရဲ့။ လူတွေ မသေခင် အဓိပ္မာယ်ရှိတဲ့ အလုပ်ကို လုပ်ကြစမ်းပါ။ လူတစ်ယောက်ကို ကောင်းအောင် လုပ်နိုင်တဲ့အတိုင်းအတာရှိတဲ့လူက လူတစ်ယောက်ကို ကောင်းအောင်လုပ်၊ လူပေါင်းမြောက်မြားစွာကို ကောင်းအောင်လုပ်နိုင်စွမ်းရှိတဲ့လူက မသေခင်လေးမှာ လူပေါင်းမြောက်မြားစွာကို ကောင်းအောင်လေး လုပ်ပေါ့။

ကျွနု်ပ်အတွေ့အကြုံအရ လူငယ်တွေ ဆေးဝါးသုံးစွဲကြသည်ဆိုတာ တကယ်တော့ စည်းစနစ်ကျတဲ့ အသိပညာနည်းပါးမှု၊ အလုပ် လုပ်ကိုင်နိုင်သည့် အရွယ်တွင် အလုပ်အကိုင် မရှိခြင်း၊ အတွေးအခေါ် အယူအဆ ထွက်ပေါက်များ ပိတ်နေခြင်း၊ ဆေးဝါးများ အလွယ်တကူ ဝယ်ယူ၍ ရရှိနေခြင်း၊ ဥပဒေသည် ငွေမျက်နှာလိုက်၍ စီးပွားရေးသမားများအား မျက်နှာသာပေးထားခြင်း စသည့် အကြောင်းအရာများကြောင့်ဖြစ်ပါသည်။ ကိုလှကိုသည် ကျွန်ုပ်နှင့် အတူသွားသည့် အခါများတွင် ၈၄-လမ်း ရုံးတော်ကြီးမှ ကွမ်းယာဆိုင် ကြီးတွင် ဖင်ဆီဒိုင်ကို ဝယ်၍ တစ်ပုလင်းလုံးသောက်လေ့ရှိသည်။ တခါတရံ ဝင်းလိုက်ရုပ်ရှင်ရုံနှင့် မျက်နှာချင်းဆိုင် ကွမ်းယာဆိုင်မှ ဝယ်သောက်လေ့ရှိသည်။ နောက်ပိုင်း ဖင်ဆီဒိုင်းများ ဝယ်လို့မရတော့သည့် အခါတွင် ဆေးပြားများ သောက်ကြလေ့ရှိသည်။ ဆေးပြားများကို တက်ပလက်လို့ ခေါ်ကြသလို့ အင်္ကျ ီကြယ်သီးအရွယ်လေးများသာ ရှိသောကြောင့် ကြယ်သီးဟုလည်း ခေါ်ကြသည်။ တစ်ချို့ သူငယ်ချင်းများသည် ဆေးခြောက်ရှုကြသည်။ ဆေးလိပ်ထဲတွင် ထဲ့၍ရှုရှိုက်လိုက်ပါက အလွန်တရာ ပေါ့ရွတ်၍ ဆေးရှုသမားများ၏ အကြိုက်ပါ။ ဆေးခြောက်ကို မုန့်ဟုခေါ်သည့်အကြောင်း၊ မုန့်စားဟုပြောသည့် အကြောင်းကို ကျွန်ုပ်၏ ညောင်ပင်ဈေးမှ လေဘေးလောက အကြောင်းတွင် ပြောပြခဲ့ဖူးပါသည်။ ကျွန်ုပ် ဆေးရှုရှိုက်ခြင်းကို ကျွန်ုပ် အမေရိကရောက်မှ လုပ်ဘူးပါသည်။ ဆေးဝါးဟု ဆိုရာထက် မှိုခြောက်တစ်မျိုးကို စမ်းသပ်ကြည့်ခြင်းပါ။ ထိုစဉ်က ကျွနု်ပ်၏ အသိပညာသည် အကောင်းအဆိုးကို ဝေဖန်ပိုင်ခြားနိုင်ခြင်းရှိသည်က တစ်ကြောင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း ရှိသည်က တစ်ကြောင်း စမ်းသပ်ခဲ့ပါသည်။ သို့ရာတွင် မူးရစ်ဆေးဝါးဟု ဆိုလျှင် လူငယ်များ မည်သည့်အရာ မည်သည့်အကြောင်းကြောင့်ဖြစ်စေ လုံး၀ မစမ်းသပ်သင့်သော အရာပါ။ ကျွနု်ပ်၏ ကိုလှကို သေဆုံးသွားစဉ်က သူ့၏ ရုပ်အလောင်းကို တွေ့စေချင်စမ်းပါဘိ။

ထိုကဲ့သို့ ဆေးခြောက်၊ ဆေးပြားများမှ တဆင့်တက်လျှင် ရာမ ကိုလုပ်ကြပါသည်။ ရာမ ဆိုသည်မှာ ဗုဒ္ဓဘာသာ ရာမ၊ လက္ခဏဇာတ်တော်များထဲမှ လေးတင်သည့် ရာမမင်းသားကို အစွဲပြုလျက် နံပါတ်ဖိုး ဆိုသည့် လေးကို ရာမဟုခေါ်လိုက်ခြင်းဖြစ်ပါသည်။ ဆေးထိုးခြင်း၊ ဆေးရှုခြင်းများ ကို တင် သည်ဟုခေါ်ပါသည်။ ရာမမင်းသားသည် ဒဿဂီရိနှင့်ပြိုင်၍ လေးတင်သလို့ သူငယ်ချင်းများလည်း လေး တင်ကြပါသည်။ ဆေးသမားဖြစ်ကြသည့် အတွက် သူတို့တွင် ဆေးလိပ်၊ မီးခြစ်သည် အမြဲတမ်း အသင့် ဆောင်ထားလေ့ရှိသည်။ ဆေး အမှုန့်ကို စားပွဲ သို့မဟုတ် စက္ကူပေါ်တွင် တင်ကာ ခပ်နွေးနွေးလေးဖြစ်သွားစေရန် မီးခြစ်မှ မီးနှင့် ခဏ အပူဟပ်လိုက်ရပါသည်။ ထို့နောက်မှာ စက္ကူ သို့မဟုတ် ပိုက်ဆံကို လိပ်ကာ နားခေါင်းထဲသို့ ရှုသွင်းကြပါသည်။ ထိုသို့ ရှုသွင်းပြီးသည်နောက်တွင် ဆေးအရှိန်တက်က ညိမ်သက်စွာ နှင့် အိပ်ယာထဲတွင် ခွေတော့ပါသည်။ ထိုရှုရှိုက်ခြင်းမှ အားမရ၍ နောက်ဆုံးအဆင့်တက်လျင် ဆေးအမှုန့်ကို အရည်ဖျော်ကာ လက်မောင်း သို့မဟုတ် ခြေထောက် အကြောမှ တဆင့် သွေးထဲ့သို့ ထိုးသွင်းကြပါသည်။ ထိုမှ တဆင့် ထပ်တက်လျှင် သင်းချိုင်း သို့သာ သွားဖို့ကျန်ပါတော့သည်။

ဆေးဝါးသုံးစွဲကြသူများ၏ စိတ်ခွန်အားသည် အလွန်တရာမှ အားနည်းကြပါသည်။ သူတို့၏ စိတ်အာရုံသည် ဆေးဝါသုံးစွဲပြီးလျှင် ထပ်မံ၍သာ ဆေးဝါးသုံးစွဲရန်သာ အားသန်ကြသည်။ လူငယ်လူရွယ် များသည် အလုပ်အကိုင် မရှိသေးသောအခါ စိတ်အာရုံသည် လွင့်ချင်တိုင်းလွင့်လေ့ရှိတတ်ကာ မှားသည့်အရာများတွင် တွယ်ငြိမိပါက လမ်းမှားများသို့ ရောက်သွားကြရသည်။ လူငယ်ဘဝတွင် သင့်တော်သော အားကစား လေ့လာလိုက်စားခြင်းသည်လည်း စိတ်ခွန်အားကို လန်းဆန်းစေကာ ခန္ဓာကိုယ် တည်ဆောက်ရေးအတွက်လည်း များစွာအကျိုးပြုပါသည်။ လုပ်ငန်းခွင်တစ်ခုသို့ ဝင်ရောက် လုပ်ကိုင် လိုက်ခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိလာစေကာ တာဝန်ယူတတ်သည့် စိတ်နေစိတ်ထားများလည်း ရှိလာပါမည်။

ကိုလှကို၏ အသုဘသည် သူ၏ အစ်ကိုများ မရှိ၊ သူ့အမေသည် သူမသေခင် ၅-နှစ်ခန့်က ဆုံးသွားနှင့်ကာ၊ သူ့၏ ညားကစ ဇနီးသည်က တရှုပ်ရှုပ်နှင့်သာ ငိုကြွေးလျက်ရှိသည်။ သြော် ကိုယ့်ရဲ့ ပတ်ဝန်းကျင်က လူတွေလည်း သွားရှာပကေား။ ဆေးဝါး၏သားကောင်၊ စနစ်တစ်ခု၏သားကောင် သူ၏ အသက်ဝိညာဉ်မဲ့နေသည့် ခန္တာကိုယ်သည် အားငယ်နေသယောင်။ အစွမ်းခွန်အားများ၊ အတွယ်အတာများ၊ ခံစားချက်များပိုင်ဆိုင်သည့် လူတစ်ယောက်သည် အသက်ဝိညာဉ်များ စွန့်ခွာသွားသောအခါ သူသည် အားနည်းနေသယောင်။

အနန္တမေတ္တာဖြင့်
ဘကောင်း