အပိုင်းဆက် မသိတဲ့ မြကြည်

ညသည် တိတ်ဆိတ်လွန်းလှသည်။ အထူးသဖြင့် လျှပ်စစ်မီး အစဥ်ပြတ်တောက်လေ့ရှိတဲ့ လောင်းကြီးပုတီးကုန်ရွာမှာ ပိုပြီး တိတ်ဆိတ်လွန်းလှသည်ဟုထင်သည်။ လျှပ်စစ်မီးကို အမှီသဟဲပြုရတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ညရဲ့ သဘာဝအောက်မှ အတုံးအရုန်း ရှုံးနိမ့်ကြဆုံးကုန်ကြရသည်။ လရောင်တွေ ဂုဏ်တက်တဲ့ည။ ကြယ်ရောင်တွေ မြူးတူးခုန်ပေါက်တဲ့ ညတွေလည်းဖြစ်သည်။ မြန်မာပြည် ကျေးလက်တောရွာတနေရာက တဲအိမ်တစ်အိမ်ရဲ့ ကွတ်ပြစ်ပေါ်မှာ လှဲလျောင်းနေရင်း အနောက်တိုင်းတေးဂီတ ပေါ့တစ်(ရှ်)ဟတ်တီဝိုင်းရဲ့ သံစဥ်နားထောင်နေသူ သူမအတွက် မတူညီတဲ့ ယဥ်ကျေးမှုနှစ်ခု အားပြိုင်အလဲထိုးကြသည့် ကြိုးဝိုင်းထဲက ဒိုင်လူကြီးတစ်ယောက်လိုခံစားရသည်။ အမြင်အာရုံက ဆူးပုတ်၊ ထနှောင်းပင်တို့ ဝန်းရံထားတဲ့ ကျေးလက်ကရွာ။ နေ့လည်ခင်းက နွားလှည်းတို့ ဖြတ်မောင်းထားသော ဖုန်းထူထူနှင့်မြေလမ်းသည် ညကြတော့ တိတ်တဆိပ် လှဲလျောင်းနေသည်ကို ကွတ်ပြစ်‌ပေါ်က လှမ်းကြည့်ရင်း မြင်ရသည်။ သစ်တိုသစ်စတို့နှင့် ကျိုးပဲ့နေတဲ့ ခြံစည်းရိုးက ခြံဝင်းထဲ လူဝင်ရင်တောင် သူရို့နှင့် မဆိုင်သလို မသိကျိုးကျွံပြုကြသည်။ အိမ်နောက်ဖေး နွားတင်းကုတ်က နွားခြေးနံ့က ညလေတိုက်တဲ့အခါ အိမ်ရှေ့အထိ လွင့်ပါလာလေ့ရှိသည်။ ထိုအမြင်နှင့် အနံ့အာရုံ နှစ်ခုကြားထဲမှာ ညင်ညင်သားတိုးဝင်လာတဲ့ အကြားအာရုံရဲ့ ခံစားချက်က လုံးလုံးကြီး အပ်စပ်လို့ မရ။ ဆွဲဆွဲမြေ့မြေ့ သီဆိုနေတဲ့ အနောက်တိုင်းသူ အဆိုတော်တစ်ယောက်ရဲ့ ခံစားချက်က ပိုပြီး ထူးဆန်းတဲ့ ရသကိုပေးနေတယ်လို့ မြကြည် ခံစားရသည်။ ထိုအရသာကို ကြိုက်သည်။ ထူးဆန်းပြီး ဆန်းသစ်တယ်လို့ ထင်သည်။ မောင့်ကိုတောင် ပြောပြဖူးသည်။ ခေတ်မှီတိုးတက်တဲ့ နိုင်ငံမှာခရီးသွားနေတုံး နိုင်ငံခြားကအမြန်ရထားပေါ်မှာ နေလင်း‌အောင်ရဲ့သိုင်းဝတ္ထုဖတ်တဲ့ လူတစ်ယောက်အကြောင်း။ အဲဒီလူအကြောင်းပြောပြီး ဟာသလုပ်ခဲ့အမျှ။ အခုတော့ ကာလဝိပါက် နောက်ပိုးတက်ပြီး ကံကြမ္မာရဟတ်တစ်ပတ်လည်တယ်ထင်ပါရဲ့။



တိုးတိုးညင်းညင်း ဖွင့်ထားတဲ့ သီချင်းသံကို နားထောင်နေရင်း မောင့်ကို သတိရမိသည်။ မောင်နဲ့ စသိတော့ မောင်နားထောင်တဲ့ သီချင်းတွေကြောင့် အံသြမိသည်။ မောင်က ရိုးရိုးသာမန် လူသိထင်ရှားမရှိတဲ့ အဆိုတော်တွေနဲ့ သူတို့ တီးခတ်တဲ့ သံစဥ်တွေကို မြတ်မြတ်နိုးနိုး နားထောင်လေ့ရှိသည်။ ရံဖန်ရံခါ အမျိုးသမီးတေးသံရှင်တွေကိုလည်း စွဲစွဲမြဲမြဲ နားထောင်သည်။ မောင့်က ယောင်္ကျားလေးဖြစ်ပြီး ဘာဖြစ်လို့ မိန်းမတွေဆိုတဲ့ သီချင်းတွေ နား‌ထောင်တာလဲလို့ မြကြည်က စကားနာထိုးတော့ မောင်က တဟားဟား အော်ရီသည်။ မောင်က ရီမောစရာရှိရင် လူတွေကြားထဲလည်း ခွက်ထိုးခွက်လှန်ရီမောလေ့ရှိသည်။ မိန်းမတွေ သီဆိုတဲ့ သီချင်းနဲ့ သူရို့ခံစားချက်ကို နားထောင်တတ်ရဖို့ ယောင်္ကျားမိန်မ မရွေး လူရဲ့ နှလုံးသားက လိုအပ်တယ်လို မောင်က ပြောတယ်။ မြကြည်နားထောင်တဲ့ သီချင်းတွေကြည့်ပြီး မောင်က ကလီရှေး(clichéd) လို့ ပြောရင် မြကြည် မကျေနပ်။ မောင့်ရဲ့ ဂီတရသ အကြိုက်တွေနဲ့ မြကြည် ထိတွေ့ နားလည်ထားတဲ့ တေးဂီတ၊ စာပေတို့က လားလားမျှ မတူညီကြချေ။ မြကြည် မထိတွေ့ မခံစားဖူးတာကြောင့်လည်း ဖြစ်သည်။

မောင်ရှိမှ မြကြည် လုံခြုံမှုကို ခံစားရသည်။ ညတွေ ညဥ့်နက်အထိ အလုပ်လုပ်လို့ အလုပ်ပြီးမှ အိပ်ခန်းထဲဝင်လာတဲ့ မောင့်ခြေသံကြောင့် "မောင်"လို့ယောင်ရမ်းအော်ခေါ်ပြီး မြကြည် လန့်နိုးတဲ့အခါ "ကလေး" လို့ မောင့်ရဲ့ ညင်သာပြီး ကြင်နာမှုအပြည့်ပါတဲ့တုံ့ပြန်သံကြားမှ စိတ်ချလက်ချ ပြန်ပြီးအိပ်ပျော်လေ့ရှိသည်။

သူများတွေ အသည်းကွဲရင်ပျောက်တယ်ဆိုတဲ့ ဆေး ဒီကမ္ဘာမှာ မရှိသေးဘူးဆိုတဲ့အကြောင်း ငိုကြွေးငြီးတွားပြီး သီချင်းလုပ်ပြီးဆိုနေတဲ့အချိန် မောင်မှာ အဲဒီဆေးတွေကို ဘူးကြီး ဘူးငယ်တွေနှင့် အပြည့် ရှိနေသည်။

1 comment:

Anonymous said...

What's up friends, its great piece of writing about cultureand entirely
explained, keep it up all the time.

Post a Comment