ကျွန်တော်တို့ မြန်မာယဥ်ကျေးမှုတွင် တဆင့်စကား တဆင့်နားဆိုသည့် သဘောသဘာဝသည် အများကြီးသက်ရောက်သည်။ စီးပွားရေး သဘောတရား၊ ပညာရေး သဘောတရားတို့တွင် အောက်ခြေမှ စတက်ရတယ်ဆိုတဲ့ ပညတ်တွေရှိသည်။ ဘာသာရေးတွင်လည်း ထိုသဘောတရားနှင့် မလွတ်ချေ။ တန်ခိုးကြီး ဘုရားများ၊ တရားဟောပုဂ္ဂိုလ်တို့သည်လည်း သာမန် နတ်ကွန်းဆန်ဆန်၊ သာမန် ကျမ်းစာဖတ် ပုဂ္ဂိုလ်အဆင့်မှ တက်ရသည်။ ဘုရင်တွေ၊ ဧကရာဇ်တွေကြောင့် ဖြတ်လမ်းမှတက်ပြီး တန်ခိုးကြီးသွားသော ဘုရားဆင်းတု၊ တရားဟောပုဂ္ဂိုလ်များ ရှိသလို၊ တစ်ခေတ်ပြီးမှ တစ်ခေတ် တန်ခိုးဖြည်းဖြည်းချင်းတက်ရသော ဘုရားဆင်းတုများလည်းရှိကြသည်။
အရင်တုံးကတော့ ဆိုက်ကားသမားကိုးကွယ်သည်။ ဆိုက်ကားသမားက စွမ်းတယ်၊ မှန်တယ်လို့ ညွှန်းလိုက်လို့ ကျောင်းဆရာကိုးကွယ်သည်။ ကျောင်းဆရာက စွမ်းတယ်၊ မှန်တယ်လို့ ညွှန်းလိုက်လို့ ကျောင်းသားမိဘ ကိုးကွယ်သည်။ တဖန် ကျောင်းသားမိဘက စွမ်းတယ်လို့ ညွှန်းလိုက်လို့ မင်းဆရာ မိန်းမကိုးကွယ်သည်။ မင်းဆရာမိန်းမ ကိုးကွယ်လို့ ရုပ်ရှင်မင်းသား ကိုးကွယ်သည်။ ရှပ်ရှင်မင်းသား ကိုးကွယ်လို့ ဆိုက်ကားသမား တစ်ရပ်ကွက်လုံးလိုက်ပြီးကိုးကွယ်ကြသည်။ ဒီလိုနှင့် တဖြည်းဖြည်းချင်းတက်ရသည်။ တကယ့်ဖြစ်စဥ်ကတော့ ပိုပြီး သိမ်မွေ့ ရှုပ်ထွေးတာပေါ့။ ၎င်းတို့၏ မူလဘူတကို တကူးတက မည်သူကမျှ ဝေဖန်ဆန်းစစ်ခြင်း လုပ်မနေတော့ချေ။ အရှိသဘောကိုပဲ လွယ်လင့်တကူလက်ခံတတ်ကြသည့် သဘောရှိသည်။
ဘာသာရေးကို အရေခြုံ၊ နီးစပ်ရာ အသိုင်းအဝိုင်းကို စွမ်းတယ်လို့ လှုံ့ဆော်ခိုင်းလိုက်ခြင်းဖြင့် လွယ်လင့်တကူ တန်ခိုး သြဇာ ရအောင်လုပ်လို့ရနိုင်သည့် လူ့ပတ်ဝန်းကျင်ဖြစ်သည်။ မျက်လွှာချပြီး သိမ်သိမ်မွေ့မွေ့ တရားစကားပြောပါက စျာန်ရပုဂ္ဂိုလ်အဖြစ် အထင်ခံရနိုင်ဖွယ်ရှိသည်။ သို့သော် တကယ့်ပိုမိုကျယ်ပြန့်သည့် လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ယျထာဘူတကျကျ ဖြေရှင်းပေးနိုင်တဲ့ စွမ်းရည် မရှိကြချေ။ စစ်ကိုင်းတောင်ရိုး သီတဂူချောင်ထွက် ဘာသာရေးပုဂ္ဂိုလ်သည်လည်း ထိုနည်းနှင်နှင်ပင်။ ငယ်စဥ်က ရပ်ကွက်တရားဟောပွဲများတွင် တွေ့ဖူး ကြုံဖူးသည်။ လူတို့သည် တန်ခိုး သြဇာ အခြွေအရံတို့ ရှိလာသည့်အခါ မာန်တက်တတ်သည့် သဘောရှိသည်။ စီပွားရေး အောင်မြင်သူတို့ စီးပွားရေးမာန်တတ် တတ်ကြသည်။ ပညာထူးချွန်သူတို့ ပညာမာန်တတ်တတ်ကြသည်။(ဖောလိုဝါများသူတို့ ဖေ့ဘုတ်မာန်တက်သလိုပင်။ 😁ခိ) ထိုသဘောပင်။
ထိုကဲ့သို့ ဘာသာရေးမာန်ရှိသည့် တရားဟော ပုဂ္ဂိုလ်တို့သည် ယဥ်ကျေးမှုအရ သိမ်မွေ့ နှိမ့်ချသော ဘာသာရေးကိုင်းရှိုင်းသူတို့၏ ကျောကုန်းကို လှေကားထစ်သဖွယ် အသုံးချပြီး ၎င်းတို့ ဘာသာရေး ပန်းတိုင်ကို တက်ကြရသည်။
ရုပ်ထု၊ ပန်ချီရုပ်ပုံလွှာတို့သည် ခေတ်ရေစီးကို အံတုနိုင်သည့် သဘောသဘာဝလည်း ရှိသည်။ ထို့ကြောင့် တရားဟောဆရာ တော်တော်များများသည် ၎င်းတို့ ပုံတူ ရုပ်တု၊ ပန်ချီကားတို့ကို ဖန်တီးလိုကြသည်။ ၎င်းတို့ ကိုးကွယ်ခံရမှု သမိုင်းကို အဒွန့်ရှည်စေလိုသည်။ ဖြစ်လေ့ဖြစ်ထရှိသည့် လူ့သဘော၊ လူ့အတ္တဖြစ်သည်။ သရီးဒီနည်းပညာကို စမ်းသပ်သည့် ကာလတုံးက ၎င်းတို့ ပုံတူ ထုဆစ်လိုသော ဘာသာရေး တရားဟောဆရာများကို ကြုံရသည်။
လွတ်လပ်မှုတို့ ပျောက်ဆုံးပြီး အခြေခံလူ့အခွင့်အရေးတို့ ဆုံးရှုံးလို့ ခိုကိုးရာမဲ့တဲ့အခါ ဘာသာရေး တရားဟောဆရာတို့ လက်ခမောင်း တဖျောင်းဖျောင်းခတ်ရသည့် ခေတ်ဖြစ်သည်။ လောက သစ္စာတရားကိုကြတော့ စိုးစင်မျှမသိကြချေ။ ကျမ်းစာအုပ်ဖတ်ပြီးဟောသော တရားထက် ပလက်ဖောင်းခေါင်းခုအိပ်ပြီး လောကနိယာမ ပညတ်တွေကို သိရှိနားလည်သူကို ပိုပြီး သဘောကျသည်။
ဒီလိုပြောလို့ ဘာသာရေး တရားဟောဆရာတိုင်းကို မဆိုလိုချေ။ ဉာဏ်ရည်အဆင့် ပြည့်ဝပြီး လူ့လောက ပရမတ်သဘောကို နားလည်သော တရားဟောဆရာတစ်ယောက်ကို ကြုံဖူးသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြတော့ ကျွန်တော်လေးစားသည်။
.
စန္တရားတွင် ခလုတ်များစွာရှိသည်။ ခလုတ်တိုင်းတွင် ၎င်းတို့ ကိုယ်ပိုင်သံစဥ်လှိုင်းများရှိသည်။ မေဂျာကော့ (major cords) များကို ပျော်ရွှင် လန်းဆန်းတဲ့ ကော့များအဖြစ် သတ်မှတ်လေ့ရှိကြပြီး မိုင်နာကော့ ( minor cords) များကို ဝမ်းနည်း ပူဆွေးစရာ များအဖြစ် သတ်မှတ်ကြသည်။ ကျွန်တော်စာရေးသည့်အခါ အစွန်းမရောက်အောင် ရေးလေ့ရှိသည်။ ဒီမိုကရက်တွေ ကြီးစိုးတဲ့ နယူးယောက်မှာ လူမျိုးရေး၊ ကျားမတန်းတူ ဖြစ်ရေး၊ ကျားမ မခွဲခြားတဲ့ စကားလုံး အသုံးပြုပုံ အစရှိတဲ့ ပညာပေးတွေ ခဏခဏ တက်ရလို့ ထင်ပါရဲ့။
.
သို့သော် ဒီနေ့တော့ မိုင်နာကော့တွေကို တစ်လှေကြီး တီးခတ်ပြီး စာရေးမိသည်။