သမ္မတဟောင်း ဒေါ်နယ်ဒရမ့် တစ်ယောက် တရားရေးရာကိစ္စတွေ ရင်ဆိုင်နေရကတည်းက သူ့အကြောင်း မကြည့်ဖြစ်တာ ကြာပြီ။ ဟိုး အရင်းတုံးကတော့ တပါးသူအပေါ် စော်ကားမော်ကား ပြောဆိုတတ်တဲ့ သူ့အကြောင်းတွေ ကြည့်ဖြစ်သည်။ သူက ဘာလဲပေါ့။ လူအရတော့ သူ့ ကို ထောက်ခံစရာ အကြောင်း မရှိချေ။ အမေရိကန် သမ္မတဟောင်းတွေ အကြောင်းတွေ ကြည့်တဲ့ အခါ သမ္မတဟောင်းအိုဗားမားရဲ့ အိမ်ဖြူတော် နောက်ဆုံး ညစာစားပွဲကို အနှစ်သက်ဆုံးဖြစ်သည်။ လက်ရှိသမ္မတကတော့ ပျင်းစရာကောင်းလွန်းလှသည်။ သို့သော်လည်း ကိုယ်မဲပေးခဲ့တဲ့ ပါတီတွေ အနိုင်မရတာ နှစ်ကြိမ်ရှိသွားပြီ။ စိတ်ဝင်စားစရာကောင်းတာက အိန္ဒိယနွယ်ဖွား နစ်ကီဟေလီက ရီပါပလစ်ကမ် ပါတီဝင်။ အင်္ဂလန် ဝန်ကြီးချုပ် ရီရှီစူးနား ကလည်း ကွန်ဆာဗေးတစ် ပါတီဝင်။ ထိုပါတီတွေရဲ့ နိုင်ငံရေး မူဝါဒက အခြေစိုက် ပြောင်းအရွေ့နေထိုင်လိုသူ (immigrant) နိုင်ငံခြားသားတွေအတွက် ကောင်းကျိုးသိပ်မရှိလှဘူး။ ဘာကြောင့်များ အိန္ဒိယနွယ်ဖွားတွေ နိုင်ငံရေးမှာ ကွန်ဆာဖေးတစ် အယူအဆ ယိမ်းသွားကြသလဲဆိုတာ စဥ်းစားမိသေးသည်။ မြန်မာ နွယ်ဖွား အချို့ ကွန်ဆာဖေးတစ် အယူအဆ ယိမ်းသွားကြတာ အကြမ်းအားဖြင့် နားလည်လို့ ရသည်။
၁။ သူရို့ မျိုးဆက်မှာ ပင်ပင်ပန်းပန်း အလုပ်ကို ကြိုးစား၊ အခွန်အထုတ်တွေ ပေးဆောင်ခဲ့ပြီးမှ နောက်မှာ ဝင်ရောက်လာတဲ့ အခြေစိုက်သူတွေက အစိုးရထံမှ လက်ဖြန့်ပြီး တောင်းစားကြတာကို မကျေနပ်ကြတာ။ general burmese mentality. (oh no no. don't say it. wawwiwa)
၂။ ဒီမိုကရက်အချို့ တွေ လက်ဝဲ အရမ်း ယိမ်းကြတဲ့ အခါ စိတ်ပျက်တာလည်း ဖြစ်နိုင်ပါတယ်။
အမေရိကန်နိုင်ငံ ရွေးကောက်ပွဲတပတ်ပြန်လည်လာတာနဲ့ အတူ၊ မြန်မာနိုင်ငံ နိုင်ငံရေး အပြောင်းအလဲကြောင့် အမေရိကန်နိုင်ငံကို အခြေစိုက်ဖို့ ရွှေ့ ပြောင်းလာကြတဲ့ မြန်မာနွယ်ဖွား နိုင်ငံသားတို့ အကြောင်း၊ မြန်မာ လူမူကွန်ယက်မှာ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက် (content) တွေ (sex joke, sex education,sex insult, ..etc) တွေ့ရဖန်များလာတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ လူ့အဖွဲ့အစည်းမှာ ပြောင်းလဲလာတဲ့ လူမှု့ရေး ပုံစံ (social landscape) နဲ့ ၎င်းတို့ရဲ့ ဖြစ်လာနိုင်ချေ ရှိတဲ့ ရိုက်ခတ်မှု (potential social impact) တို့ကို စဥ်းစားမိသည်။ sex education ပေးတယ် ဆိုတဲ့ ခေါင်းစဥ် အမိုးအောက်မှာနေတဲ့ လူအချို့ရဲ့ အပြောအဆိုက ပညာပေးတာထက် ဒါက ဒီလို လုပ်လို့ရပါတယ်ဆိုတဲ့ ရေးလာမြောင်းပေးတဲ့ သဘောကို ဆောင်တာ တွေ့ရသည်။ လူမှုကွန်ယက်ကို သုံးတဲ့ အသက် ၁၆-နှစ်အောက် ကလေး တွေ အများကြီး ရှိကြသည်။ ၎င်းတို့အတွက် ရင်လေးမိသည်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကပင် ဖလော်ရီဒါ ပြည်နယ်မှ ဥပဒေ တစ်ခု အတည်ပြု ခဲ့သည်။ အသက် ၁၆-နှစ် အောက် ကလေးတွေကို လူမှုကွန်ယက် ပေးမသုံးရဆိုတဲ့ ဥပဒေ။ ရီပါပလစ်ကမ်တွေ လွှမ်းမိုးတဲ့ လွတ်တော်ကနေ အတည်ပြုခဲ့တာကိုး။တူမလေးက မြန်မာနိုင်ငံက ပညာရေး၊ လူမှုရေး အတွေးအခေါ် အယူအဆ အစရှိတာတွေနဲ့ ထိတွေ့ အခြေခံပြီး ပညာရေး အဆင့်အတန်း နိမ့်ကြတဲ့ ဝန်းကျင်မှာ ကြီးပြင်းလာရမှာကိုး။ မြန်မာ ယဥ်ကျေးမှုကို မည်သို့ပင် ဖက်တွယ်နေပါစေ၊ လက်တွေ့မှာ သူကလေးရဲ့ အနာဂက်က မှောင်မှိက်လွန်းလှသည်။ တကယ်တော့ ယဥ်ကျေးမှုဆိုသည်ကား လူတဦးချင်းရဲ့ အမူအကျင့်တွေ ပေါင်းစပ်ပြီးမှ ဖြစ်ထွန်းလာကြတာ မဟုတ်ပါလော။
အပြောင်းအလဲများလွန်းပြီး ရှုပ်ထွေးလွန်းလှတဲ့ ယနေ့ခေတ် လူ့အဖွဲ့အစည်း (sophisticated society) မှာ ကျင်လည်ဖို့ (navigate) အတွက် မြင့်မားသော ပညာအရည်အချင်း၊ အတွေးအခေါ် ၊ ရှု့ မြင်သုံးသပ်ဖို့ လိုအပ်သည်။ ကျား မ တန်းတူ အခွင့်အရေး (gender equality) ရဖို့ တောင်းဆိုနေကြတဲ့ ကြားထဲမှာ လိင်တူနဲ့ လိင်အပြောင်းအလဲလုပ်ထားသူတွေ (gender neutral, gender identity) ရဲ့ အခန်းကဏ္ဍ၊ နိုင်ငံတစ်နိုင်ငံအတွက် လူဝင်မှု ပြဿနာ (immigration crisis) တွေ အကြာင်း၊ နိုင်ငံရေး အပြောင်းအလဲမှာ ဖြစ်လေ့ရှိတဲ့ အပြောင်းအလဲ (social norm) တွေ၊ စီးပွားရေး လုပ်ငန်းရှင်နဲ့ ပညာရှင်တို့ရဲ့ မတူကွဲပြားတဲ့ ရပ်တည်ချက် ခံယူချက်တွေကို နားလည်နိုင်မှ ယနေ့ လူ့အဖွဲ့အစည်းမှာ အဆင့်အတန်းမြင့်မြင့် ကျင်လည်နိုင်မည်။
ဆိုခဲစေ မြဲစေဆိုတဲ့ စကားရှိပေမဲ့လည်း ကိုယ်ပြောသည့် စကား၊ ကိုယ်ရေးသည့် စာ၊ အသုံးအနှုံးတို့သည် အထက်က ပြောခဲ့သည် လူမှု ရေးပြဿနာတို့နဲ့ အစဥ် ချိန်ထိုး တွက်ဆပြီး ပြောတတ်၊ ဆိုတတ်ရသည်။ ပစ်လွတ်လိုက်တဲ့ နူတ်ထွက်စကားတို့သည် ဘူမာရမ် (boomerang) လို ကိုယ်စီ တစ်ပတ်ပြန်လည်လာတတ်တဲ့ သဘောရှိသည်။ သက်သေ သာဓကအဖြစ် ရိုအင်ဂျာအရေးကဲ့သို့သော မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ အများကြီး ရှိသည်။ နိုင်ငံရေး စီပွားရေး မူဝါဒ၊ လူမှုရေး အတွေးအခေါ် အယူအဆတို့သည်လည်း ဘူမာရမ် ကဲ့သို့ပင်။
မနေ့က ဒေါ်နယ်ဒရမ့် မဲဆွယ်ပွဲမှာ ပြောတာ ကြားလိုက်ရသည်။ သူသာ သမ္မတ ဖြစ်ခဲ့ပါက DEI (diversity, equity, and inclusion) program တွေ ရပ်ပစ်မည်လို့ ကြိမ်းဝါးထားသည်။ ဒီမိုကရက် သမ္မတ လက်ထက်မှာ လူတိုင်း တန်းတူ အခွင့်အရေး ရအောင် DEI မူဝါဒတွေကို ပညာရေးနယ်ပယ်၊ အစိုးရ လုပ်ငန်းတွေ မှာ ထဲထဲဝင်ဝင် ချမှတ်ထားသည်။ ပုဂ္ဂလိက နယ်ပယ်တွေဖြစ်တဲ့ ကိုအော်ပရိတ် (corporate) ကုမ္ပဏီတွေလည်း အများပြည်သူအလိုက် ထို မူဝါဒကို လိုက်လျောရသည်။ လက်တွေ့ DEI သဘောသဘာဝက အရည်အချင်း တော်တာ တတ်တာထက်၊ ယောင်္ကျား မိန်းမ အရည်အတွက် မျှမျှတတ၊ အသားရောင်မတူညီတဲ့လူ အရည်အတွက် မျှမျှ တတ ရှိဖို့က ဦးစားပေးပထမအဆင့် ဖြစ်သည်။ ပြီးတော့မှသာ အရည်းအချင်းကို ဒုတိယဦးစားပေးအနေ ဖြင့် စဥ်းစားရသည်။ ထို နိုင်ငံရေး မူဝါဒ ဘူမာရမ် ကိုတော့ ပစ်လွတ်လိုက်ကြသည်။ ထို မူဝါဒရဲ့ ကောင်းကျိုး ဆိုးကျိုး ကို ကျွန်တော်တို့ စောင့်ကြည့် သုံးသပ်ကြည့်နေကြဆဲပင်။
နယူးယောက်မြို့ မှာ ရပ်ကွက်အလိုက် ကျောင်းကောင်းတယ်၊ မကောင်းဘူး ဆိုပြီး ရှိကြသည်။ DEI မူအရ မြို့တော်ဝန်က အောင်ချက်မကောင်းသောကျောင်းမှ ကျောင်းသူ ကျောင်းသားများကို အောင်ချက်ကောင်းသော ကျောင်းများဆီသို့ ပိုပြီး ကျောင်းသူ ကျောင်းသားများကို မျှတအောင် ရောမွေ ပစ်လိုက်သည်။ အောင်ချက်ကောင်းသော ကျောင်းမှ ကျောင်းသား မိဘများက မကျေနပ်ကြချေ။ သူရို့ သားသမီးတွေကို ဆိုးသွမ်းသော ကျောင်းသားများနှင့် အတူတကွ စာသင်ယူရသည် မကြိုက်ကြ ချေ။ အချို့ ကျောင်းသားတွေကလည်း ဆရာ ဆရာမကို အနိုင်ကျင့်သည် အထိ ဆိုးကြသည်။ ဥပဒေက ဘာမှ လုပ်လို့ မရ။ ရုပ်ရှင်ထဲကလို လူစွမ်းကောင်းဆရာတွေ လက်တွေ့ မှာ မရှိကြချေ။
တက္ကသိုလ်ဝင်ခွင့် လျှောက်ကြသည့် အခါတွင်လည်း DEI မူအရ အသားအရောင်အလိုက် လူဦးရေ မျှတအောင် ရွေးချယ်ကြရသည်။ အာရှနွယ်ဖွား ကျောင်းသူကျောင်းသား မိဘတို့ ငြီးတွားကြသည်။ ကျောင်းတွေက လက်ခံသည့် လူဦးရေကို အသားရောင် မတူညီသော လူမျိုးနွယ်တို့ အလိုက် ရွေးချယ်လက်ခံကြသည်။ မည်သို့ပင် အရည်အချင် ပြည့်မီပါစေ ကိုယ့်အသားရောင် ကိုယ့်လူမျိုးစုအတွက် လူပြည့်သွားပါက ကျောင်းဝင်ခွင့် ရလိမ့်မည် မဟုတ်ချေ။ လူ့အဖွဲ့အစည်းကို အဲလို တည်ဆောက်ဖို့ အစိုးရ မူက လမ်းကြောင်း ချပေးထားတာကိုး။ အကောင်းဆုံးဆိုတဲ့ လူ့အဖွဲ့အစည်း နှင့် မျှတသော လူအဖွဲ့အစည်းတို့ရဲ့ လွန်ဆွဲ အားပြိုင်မှု ပုံရိပ်ပင်။ ထိုမူတွေရဲ့ ကောင်းကျိုး ရှိသလို ၊ ဆိုးကျိုးတွေ လည်း ရှိသည်။
မြန်မာနိုင်ငံ နိုင်ငံရေး အပြောင်းအလဲဖြစ်တိုင်း နိုင်ငံခြားသို့ ပြောင်းရွှေ့ အခြေချတဲ့ မြန်မာနိုင်ငံသားတို့ အများ အပြား ရှိခဲ့သည်။ ဦးသန့် အရေးအခင်းမှ စလို့၊ ၈၈ အရေးအခင်း၊ ၉၆ အရေးအခင်း၊ ရွှေဝါရောင်မှစလို့ လက်ရှိ နွေဦးတော်လှန်ရေး။ ကျွန်တော်တို့ နိုင်ငံ တော်လှန်ရေးသည် နှစ်ရှည်ကြာအုံးမည်။ အရေးအခင်းတိုင်းမှာ ကိုယ်ယုံကြည်ရာ နိုင်ငံရေး ရပ်တည်ချက်အတွက် အသက်ပေးဆပ်ခဲ့ရသူတွေ အများကြီးရှိခဲ့သည်။ လည်တဲ့သူ သို့မဟုတ် လည်လည်ဝယ်ဝယ်ရှိတဲ့သူတွေ နိုင်ငံခြားရပ်ခြား လွတ်မြောက်ရာကို သွားနိုင်ကြသည်လို့ ပြောရမည်။ လည်လည်ဝယ်ဝယ် မရှိတဲ့ သူတွေက စောင့်နေကြတုံး။ မဆီမဆိုင် ကန်တတ်ကီပြည်နယ်မှာ နေတုံးက သိကျွမ်းခဲ့တဲ့ ကိုစောဆီးကို သတိရမိသေးသည်။ သူ့နာမည် အရင်းက ကိုလှမောင်၊ အညာသား။ ကရင်နာမည်ကို နယ်စပ်ကနေ သူဝယ်ခဲ့တာတဲ့။
ယုံကြည်ချက်ကြောင့် လက်နက်ကိုင် တော်လှန်သူတို့ အခက်အခဲ ဆင်းရဲ ဒုက္ခခံလျက် အသက်ပေး တိုက်ပွဲဝင်နေကြဆဲပင်။ ပြီးခဲ့သော အရေးအခင်း အဆက်ဆက်တို့ကို အခြေပြုပြီး ဘဝသစ်ကို တည်ဆောက်ကြသော အခြေစိုက် မြန်မာ(myanmar immigrant) တို့ရဲ့ ဘဝတည်ဆောက်မှု၊ အပြောင်းအလဲတို့ကို ခန့်မှန်း သုံးသပ်ရသည်။ အခြေစိုက် မြန်မာလူမျိုးတို့သည် အများစုက နိုင်ငံရေး ခိုလှုံခွင့်ဖြင့် တရားဝင် နေထိုင်ခွင့်ကို ပြောင်းယူကြရသည်။ အများ မိုးခါရေ သောက်သည့်အခါ သူရို့ လည်း သောက်ကြရတာကိုး။ မည်သို့ပင် ဆိုစေကာမူ တောင်အမေရိကမှ ဝင်ရောက်လာသည့် လူမျိုးစု၊ တရုတ်နိုင်ငံက ဝင်ရောက်လာသည် တရုတ်နိုင်ငံသား အရည်အတွက်တို့နှင့် နှိုင်းယှဥ်သည့် အခါ မြန်မာလူမျိုး ပြောင်းရွှေ့ အခြေစိုက်နေထိုင်သူရသူတို့ အလွန်နည်းကြသေးသည်။ တောင်အမေရိကမှ တရားမဝင် ဝင်လာသောအခြေစိုက်သူ (immigrant) တို့ကို ကိုင်တွယ်ဖြေရှင်းဖို့ မူဝါဒများကိုလာမည့် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဆုံးဖြတ်ကြရအုံးမည်။ သမ္မတဟောင်း ဒေါ်နယ်ဒရမ့် လက်ထက်တွင် H1-b နှင့် ခေါ် ယူသော ပြည်ပ အလုပ်သမား ဦးရေ အများကြီး လျော့ချခဲ့သည်။
ယနေ့ အချိန်တွင် မြန်မာပြည်ရဲ့ ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့ အချက်ကောင်းလို့ သုံးသပ်မိသည်။ ၎င်းတို့ ရည်ရွယ်ချက် အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်ခဲ့ကြသည်။ နယ်မြေစိုးမိုးမှု နဲ့ အတူ၊ သြဇာအာဏာသည်လည်း အတူဒွန်တွဲ ပါလာသည် မဟုတ်ပါလော။ သူ့ရို့သည် သူရို့ တိုက်ယူရရှိသည့် နယ်မြေအတွက် သြဇာအာဏာကို ဆုတ်ကိုင်ထားကြလိမ့်အုံးမည်။ တနေ့က ဝ၊ ကိုးကန့် လူမျိုးတို့အကြာင်း မှတ်တမ်းတင်ထားသော (documentary) ရုပ်ရှင်ကို ကြည့်မိသည်။ ၎င်းတို့၏ ယဥ်ကျေးမှု၊ အုပ်ချုပ်မှု စနစ်တို့သည် မြေပြန့် မှ တိုင်းရင်းသားတို့ (ကျွန်တော်အပါအဝင်) ပါးစပ်အဟောင်းသားနဲ့ ကြည့်ရအောင် အလှမ်းဝေးလွန်းလှသည်။ ရခိုင်ပြည်နယ် လွတ်မြောက်ခဲ့မည် ဆိုရင်တောင် အနည်းဆုံး ရခိုင်ပြည်မှ အဘုချေ အကြောင်းကို ကျွန်တော်သိလိမ့်အုံးမည်။ မြန်မာနိုင်ငံရေးအကြောင်း ပြောချင်ပေမယ့် ပြည်ပမှာ လွတ်မြောက်နေသူ တစ်ယောက်အနေဖြင့် ပြောချင်သည့်အရာအချို့ မြိုသိပ်ရသည်။ ပြည်တွင်းကို ပြန်ရောက်လို့ ရင်ဖတ်ချင်း နီးတဲ့အခါမှ အိတ်သွန်ဖာမှောက် ခံစားချက်တို့ကို ပြောတော့ မည်။
နှမ အလတ်မလေး အမေရိကန်နိုင်ငံ နေထိုင်ခွင့်ကံစမ်းမဲပေါက်လို့ အမေရိကန်နိုင်ငံရောက်စက ပြောသည့် စကားကို မှတ်မိသည်။ နောက် သုံးနှစ်လောက်နေတဲ့ အခါ မြန်မာပြည် ပြန်မည်လို့ ကြွေးကြော်ခဲ့သည်။ ကျွန်တော်က ပြုံးပဲ ကြည့်နေခဲ့သည်။ ထိုစကားကို ကြားခဲ့ရတာ လွန်ခဲ့သော ဆယ်နှစ်ကျော်က။ ယနေ့ ထက်တိုင် သူကလေး ဒီနိုင်ငံမှာ ရှိနေသေးသည်။ လူ့လောက လူ့ဘဝတွေအကြောင်း နားလည် သိတတ်လွန်းလို့ အရာရာကို အပြုံးဖြင့် နားလည်စွာ ကြည့်တတ်ခဲ့ရသည်။ ခံစားချက်တို့နှင့် လက်တွေ့ ဘဝသည် အလှမ်းဝေးလွန်းလှသည်။ မည်သို့ပင် ဆိုစေ ကံစမ်းမဲပေါက်လို့ ရောက်သည်ပဲ ဖြစ်ဖြစ်၊ အတု လက်ထပ်လို့ ရောက်သည်ပဲ ဖြစ်ဖြစ် (ဟိုတလောက ဒေါ်လာ သုံးသောင်းနဲ့ လိင်တူချင်း အတုလက်ထပ်ပြီး ခေါ် လို့ရတယ်ဆိုတဲ့ သတင်းကြားမိလို့ စိတ်ဝင်တစား နားထောင်မိသေး သည်။ နောက်မှာ အော် ငါနဲ့မှ မဆိုင်တာ ဆိုပြီး စိတ်လျော့ လိုက်ရသေးသည်)၊ အများ မိုးခါရေ သောက်သလို ခိုလုံခွင့်နှင့်ပဲ နေနေ ။ အားလုံးကို ချစ်ခင်စွာ ကြိုဆိုမိသည်။ ရံဖန်ရံခါ ကျွန်တော်က ခင်ဗျားထက် စောရောက်တာ ကြာနေပြီး ဆိုပြီး နှစ်တွေ လာကြွားသူကို တွေ့ ရတတ်သည်။ ကျွန်တော်တို့ အားလုံးသည် အတူတူနှင့် အနူနူ ပဲ မဟုတ်ပါလော။ အနူနူကို လက်မခံပါက ကျွန်တော်ပဲ နူလိုက်ပါရစေ။
အဲဒီတော့ ပြောကြ ဆိုကြ ရေးကြတဲ့ အခါ အပြစ်လွတ်တဲ့ စာ၊ အပြစ်လွတ်တဲ့ စကား ဘယ်လို လုပ်ရ ပါ့လို့ မေးစရာ ရှိတာပေါ့။ ပိန်တာ၊ ဝတာ၊ အိုတာ ပျိုတာ၊ ယောင်္ကျား မိန်းမ၊ လိင်တူ လိင်ကွဲ အသားရောင် မတူတာတွေကို အပြစ်လွတ်တဲ့ စကား ပြောတတ်ဖို့ လေ့ကျင့် ယူရသည်။ လေ့လာရသည်။ တဖြည်းဖြည်းချင်းနဲ့ အပြစ်လွတ်တဲ့ စကားကို ပြောတတ်လာလိမ့်မည်။ သို့ မဟုတ်ပါ ကျွန်တော်တို့ မြန်မာ လူအဖွဲ့အစည်းသည် နွံထဲမှာ နစ်သထက် နစ်နေ အုံးမည်။ ယဥ်ကျေးမှု နောက်ကောက်ကျ ကျန်နေ အုံးမည်။