ညိုစိမ့်

ညိုစိမ့်သည် စိတ်ကူးယဥ်သက်သက်ဟု ဆိုသော်လည်း ကြားသိရသည့် အဖြစ်အပျက်မှန် အပိုင်းအစတို့ကို ပေါင်းစပ် ဖန်တီးထားသူလည်း ဖြစ်သည်။ 

ရသစာ မရေးတာ ကြာတော့ စကားလုံးတွေကို စိတ်တိုင်း မကျ။ တခုခု လိုနေသည်ဟု အမြဲတမ်း ခံစားရသည်။ သို့သော်လည်း ရသသည် အထိန်းအကွပ်မဲ့နေတတ်သော နှလုံးသားဆင်ကို ချွန်းအုပ်ပေးလေ့ရှိတတ်သည် မဟုတ်ပါလော။ 

ညိုစိမ့် ဆိုသည့် နာမည်လေးကို နှစ်သက်မိသည်။ 

 ညိုညက်ကလေးကို လက်ဖက်ရည်ဆိမ့်ဆိမ့်လေး နဲ့ တွဲပြီး ကြည့်နေ ရသလိုမျိုး။ 

 ထို့ကြောင့် ဆိမ့်ကို စိမ့် လို့ ပြောင်းသုံးလိုက်သည်။ 

 ချစ်ခြင်းမေတ္တာတို့ စိမ့်စမ်းရေလို စီးကျတတ်‌စေသား။
အခန်းတံခါးဆီမှ "တီ" "တီ" ဆိုပြီး တီးသံ သဲ့သဲ့ မြည်သည်။ 

နာရီကြည့်လိုက်တော့ ည ၉-နာရီထိုးလုပြီ။ 

ဆေးလက်စ ထမင်းအိုးကို ခဏချပြီး ကိုဘမောင်ကို လှမ်းပြောရသည်။ 

"ကိုဘမောင် ကျွန်မ သွားတော့မယ်.. ထမင်းအိုးကို ဆက်တည်ထားလိုက်အုံး" ပြောလည်း ပြော၊ ခြေလှမ်းက အလှပြင်ခုံဘက် လျှောက်သွားရင်း ကုန်လုနီးပါး လက်ကျန် မိတ်ကပ်ဖူး ကို စဥ်းစားမိသည်။ 

"ဒီမိတ်ကပ်ဖူးလေးကိုတော့ ချန်ထားအုံးမှ၊ ပွဲရှိရင် တက်ရအောင်လို့" ဆိုပြီး တွေးမိသည်။ 

ရွာမှာ ဒီအချိန်ဆို ပွဲတွေ ရှိတတ်သည်။ အခုများတော့ ရွာပျက်လို့ တရွာလုံးက ရွာခံလူတွေ ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်ပြီလည်း မသိတော့ချေ။ မိသားစုတွေ ဥကွဲလို့ သိုက်ပျက်ကုန်ကြသည်။ 


"ပွဲတက်ရအောင် ရန်ကုန်မှာ ဘယ်ပွဲကို တက်ရမှာလဲ" လို့ အတွေးမျှင်တန်းတွေ တသီကြီး ဆွဲဆန့်ရင်း သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။ 

"‌ပေါင်ဒါ မှုန့် လောက်နဲ့ပဲ မျက်နှာတို့ပြီး လိုက်သွားတော့မယ်လို့" လို့ ညိုစိမ့် တွေးမိသည်။ မိတ်ကပ်ဖူးသစ် ထပ် မဝယ်နိုင်သေး။ ရှိတာလေးနှင့် လှအောင်တော့ ညိုစိမ့် ပြင်ဆင်တတ်သည်။ 

အရာရာသည် ဇာတ်တိုက်ထားသလို။ ဘဝရဲ့ ဇာတ်ညွှန်းရေးထားသလို အလုပ်တွေ တခုပြီး တခု ဆက်တိုက်လုပ်ရသည်။ 

ဘဝမှာ ရှင်သန်ဖို့ဟာ အဓိက မဟုတ်ပေဘူးလား။ 



သူကိုယ်သူ လှမှန်း ညိုစိမ့်သိသည်။ 

 ညိုစိမ့်တွင် ဆန့်ကျင်ဖက်လိင်တို့ကို ဆွဲဆောင်နိုင်သော အလှရှိသည်။ အထက်အညာမှာမွေးပြီး ကျေးလက်မှာ ကြီးပြင်းလာခဲ့တာဆိုပေမဲ့ သူ့ အသားအရည်က ချောမွေ့ ပြေပြစ်သည်။ 

 နေလောင်ဒဏ် အမြဲတမ်း ထိထားသည့် အသားအရည်မျိုး မဟုတ်။ အညာသူလို့ ဆိုပေမဲ့ ညိုပြာညက် မဟုတ်ပဲ အသားအရည်က ညိုဝင်းသည့်ဖက်ကို ကူးသွားသည်။ 
မျက်လုံးရွဲရွဲတို့ဖြင် စွေကြည့်တတ်သေးသည်။ 

ဘဝပေး ကုသိုလ်ကြောင့်လားမသိ။ အမေက နာမည်ပေးထားတာက ညိုစိမ့်။ 

 ပညတ်သွားရာ ဓါတ်သက်ပါဆိုသလို နာမည်ကြောင့် လူက လှသွားတာလား။ အသက်သုံးဆယ်အရွယ်အထိ ခြေတံ လက်တံတို့ သွယ်စင်း နေတုံး။ လုံးကြီးပေါက်လှဖက်ကို ကူးမသွားသေးချေ။ 

ဖေ့ဘုတ်ကတွေ့သမျှ ဆောင်ရန် ရှောင်ရန် ကျန်းမာရေး ပညာပေးမှန်သမျှ ညိုစိမ့် အကုန်လိုက်လုပ်သည်။ 

 ညိုစိမ့်က အတန်းပညာ ၄-တန်းတောင် မအောင်ပေမဲ့ ဖေ့ဘုတ် ကောင်းကောင်း သုံးတတ်သည်။ 
ကိုဘမောင်နဲ့ က ငယ်ချစ်။ ရွာမှာ အတူတူကြီးပြင်းလာကြတဲ့ အတွင်းသိ အစင်းသိတွေ။ ငယ်ငယ် ရွယ်ရွယ်နှင့် အိမ်ထောင်ကျသည်။ ညိုစိမ့်တို့ လင်မယား နှစ်ယောက်လုံး ပျော်သည်။ 

ဘဝသည် ပြီးပြည့်စုံသည်လို့ ထင်မှတ်ထားခဲ့သည်။ ညိုစိမ့် လို အချောအလှကို ရထားတော့ ကိုဘမောင်သည် ရွာထဲမှာ ဂုဏ်အယူဆုံး လူသား။ ထိုပျော်ရွင်မှုတို့ တာရှည်မခံ။ 

သူတို့ ဘဝအိမ်တွေ ကျိုးပဲ့ ပျက်စီးရသည်။ ပြည်တွင်းစစ်မှာ သူတို့ ရွာ ဗုံးကြဲခံရသည်။ 
လူမမယ်ကလေးကအစ သေကြေပျက်ဆီးကြရသည်။ 

 ညိုစိမ့်တို့ မိဘတွေလည်း ဗုံးဒဏ်သင့်လို့ ဘဝနိဂုံး ချုပ်ငြိမ်းကြသည်။ အသက်ရှင်ကျန်သူတို့မှာကား သေသူထက် ဆိုးသည်။ 
သေသူတို့က ဘဝမီးအိမ် ချုပ်ငြိမ်းသွားကြရသော်လည်း ရှင်သူတို့ မှာကား ဘဝမီးအိမ် လောင်မြိုက်လို့ ကျန်ခဲ့သည်။ မွေးဖွားရာ ကျေးလက်ဇာတိကို စွန့်ခွာကြရသည်။ 

 ဘဝမီးအိမ်က လောင်မြိုက်လို့ ကောင်းတုံး။ သွားလေရာ ဘဝအပူမီးက တောက်လောင်လို့ နေသည်။ 

ဘဝဇာတ်ဆရာ အလိုကျ ဇာတ်ညွှန်းအတိုင်း ဘဝမှာ ကပြ အသုံးတော် ခံကြရအုံးမည်။ 


ညိုစိမ့်တို့ လင်မယား ရန်ကုန် ရောက်လာကြသည်။ ပိုင်ဆိုင်မှုဆိုတာ ဘာမှ မရှိ။ ဆွေမျိုး အသိဆိုတာလည်း မရှိ။ 

အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့်။ ဘဝမှာ ပေါက်တဲ့ နဖူး မထူးတော့ဘူးရယ်လို့ ဆုံးဖြတ်ချက် ချပြီး လာကြသည်။ သေလည်း မထူး၊ နေလည်း မထူးတော့သည့် ညိုစိမ့်တို့လိုလူတွေ ပြည်တွင်းစစ် လှိုင်းပုတ်လို့ ဘဝပင်လယ်ပြင်မှာ ကူးခတ်ကြရအုံးမည်။ 

ဘဝမီးအိမ် လောင်မြိုက်တာ ရှင်သူတို့ ငရဲခံနေရသည့် အလား။ ညိုစိမ့်တို့က ပညာမတတ်။ 

ရန်ကုန်ရောက်တော့ ကြုံသလို အဆင်သင့်တဲ့ နေရာမှာ တဲထိုးနေရသည်။ ပြည်တွင်းစစ် လှိုင်းပုတ်လို့ ကမ်းပေါ်တင်လာတဲ့သူ အချင်းချင်း စုပေါင်းနေကြရသည်။ 

ရန်ကုန်ရောက်တော့ ကိုဘမောင်က ကုန်ထမ်းသည်။ ညိုစိမ့် ဘာမှ မလုပ်တတ်။ 

 လမ်းဘေးတဲထဲမှာ နေပြီး ဘမောင် အိမ်ပြန်လမ်းကို အမြဲလှမ်းမျှော်ကြည့်ရသည်။ သမုဒ္ဒရာ ဝမ်းတစ်ထွာကို ဖြည့်ရသည်။ အလျင် မမှီ။ 

အစာ စားရသည့် ရက်တွေ ရှိသလို အစာငတ်လို့ ဗိုက်မှောက်ပြီး နေရသည့် ရက်တွေ လည်း ရှိပြန်သည်။ 

ရက်တွေ ကုန်ဆုံးလို့ လတွေ ချီလာခဲ့သည်။ 
 ဘာလိုလိုနှင့် ညိုစိမ့်တို့ ရန်ကုန်ရောက်တာ ခြောက်လကျော် ပြီ။ 

တစ်ရက် ကိုဘမောင် အိမ်ပြန်လာတာ လူနာတင် ကားနဲ့။ အလုပ်မှာ ကုန်ပိလို့ ခြေထောက်ကျိုးသည်။ 
 ဆေးခန်းသွားပြီး ဆေးကုသဖို့ ပိုက်ဆံ မရှိလို့ အိမ်ပြန်ပို့ခံရသည်။ 

အော် ဘဝဇာတ်ဆရာရဲ့ ဇာတ်ညွှန်းက ဒီလိုလားလို့ ရင်ပတ်စည်တီး မချိတင်ကဲ ဖြစ်ရသည်။ 

 ညိုစိမ့်တို့ လင်မယား ဇာတ်ဆရာ အလိုကျ ဘဝဇာတ်ခုံမှာ ကပြ အသုံးတော် ခံရအုံးမည်။ 

ရှင်သန်ဖို့သာ အဓိကလို့ ဆိုကြတယ်ဆိုလျင် ဆာလောင်ခြင်း ဝေဒနာတွေနှင့်အတူ ရှင်သန်နေရတဲ့ ဘဝကို လူတွေ မသိကြသေးလို ဖြစ်ပါလိမ့်မည်။ 


ကိုဘမောင် ခြေထောက် ကျိုးတော့ ဝင်ငွေ မရှိ။ 
စားစရာ မရှိ။ 
မျက်နှာကို အောက်ကျို့ လို့ ဘေးအိမ်က မလှတင်တို့ မိသားစုကို အားကိုးရသည်။ 

ဘေးအိမ်လို့ဆိုတာ မလှတင်တို့ မိသားစုလည်း သူတို့လို ဘဝတူတွေ ဖြစ်သည်။ 
မလှတင်တို့က ရခိုင်ဖက်က ‌ထွက်ပြေးလာတာလို့ ပြောဖူးသည်။ ယောင်္ကျား မရှိ။ 

မအေတစ်ခု သမီးတစ်ခု နှစ်ယောက်တည်း။ ဆွေမျိုး မရှိသူတွေ ဒီလိုပဲ သင့်တော်ရာမှာ တဲထိုး နေကြရင်း သိကျွမ်းကြရသည်။ 

မလှတင်တို့က အစားအသောက် ပုံမှန် စားနိုင် သောက်နိုင်ကြသည်။ 
 ရံဖန်ရံခါ သူတို့ကျွေးလို့ ဘဲကင် ဆိုတာလည်း စားဖူးသည်။ ဟော့ပေါ့ ဆိုတာလည်း ချိုင့် နဲ့ ထည့်ပြီး လာကျွေးလို့ စားဖူးပြီ။ မလှတင် သမီးက ပိုက်ဆံရှာပြီး ကျွေးနေတယ်လို့ သိရသည်။ 

ညနေဆိုလျင် ကားလေးတစ်စီးလာခေါ် ပြီး မလှတင်သမီး ပါသွားတတ်သည်။ 
သူ့ သမီးက အလွန်ဆုံး ရှိမှ ၁၈-နှစ်ကျော်ပေါ့။ 

မလှတင်တို့ ကျွေးတာ စားနေရတာ ကြာလာတော့ တနေ့ မလှတင် စကားဆိုသည်။ 
"ညိုစိမ့် ညည်း ငါ့ သမီးနဲ့ ညနေ လိုက်သွားပါလား" တဲ့. 

ထိုနေက ညိုစိမ့် တစ်ယောက် မလှတင်နဲ့ စကားတွေ အများကြီး ပြောဖြစ်ကြသည်။ 

ကိုဘမောင်က အိမ်ရာထဲမှာ လှဲလို့ နေရတုံး။ မှတ်မှတ်ရရ. မလှတင် ပြောတဲ့ စကား။ 
"ရှင်သန်ခြင်းဖို့က အရေးကြီးတယ် အေ့" တဲ့။ 

 သူတို့လို လူတွေ အတွက် ရွေးချယ်စရာ များများစားစား မရှိ။ 

ကိုယ်ကျင့်တရားတွေ ၊ မြင့်မြတ်တဲ့ ဘာသာရေး အတွေးအခေါ် တွေက သူတို့နှင့် လားလားမှ မသက်ဆိုင်သလို။

ထိုနေ့ည အိမ်ပြန်တော့ မလှတင် သမီးယူလာတဲ့ အသားကင်ချောင်းနဲ့ ကိုဘမောင်ကို ကျွေးရသည်။ 

 ဆာလောင်နေတဲ့ သူတို့ ဝမ်းကို ဘယ်လို ဖြည့်တင်းရမလဲဆိုတာကို နေ့စဥ် အဖြေရှာနေကြဆဲ။ 

မလှတင်နဲ့ ပြောခဲ့တဲ့ စကားတွေကို ကိုဘမောင်ကို ပြောပြတော့ ကိုဘမောင် မျက်လုံးတွေက အသက်ဝိဉာဥ်ကင်းမဲ့ နေသလို။ 

အပြင်ကို ငေးကြည့်ပြီး အသက်မပါတဲ့ သူ့ မျက်လုံးတွေဟာ သဘောတူတာလား။ သ‌ဘောမတူဘူးလား ဆိုတဲ့ အ‌ဖြေကို သူ မရှာတတ်ချေ။ 
အသားကင်ကို တဖြည်းဖြည်းဝါးစားရတော့ ဆာလောင်နေတဲ့ ဗိုက် သက်တောင့် သက်တာ ရှိဟန်တူသည်။ 

လင်မယား နှစ်ယောက် အသားကင်ကို တစိမ့်စိမ့် စားရင်း မျက်နှာချင်းဆိုင် အသံတိတ် စကားတွေ ပြောဖြစ်ကြသည်။ 
ပါးစပ်မှ စကားလုံးတွေ ထွက်မလာသော်လည်း အဓိပ္ပာယ်ရှိသော စကားလုံး မြောက်များစွာ ယိုစီးကျလာခဲ့သည်။ 
အခန်းထဲမှာ ကြေကွဲသံ၊ နာကျည်းသံ၊ ဝမ်းနည်းသံ၊ ခံပြင်းသံတို့ အသံတိတ် မြည်ဟိန်းလျက် ရှိသည်။ 

ဝိဉာဥ်မဲ့ညစား စားပြီတဲ့အချိန် ညသည် တိတ်ဆိတ်လို့ နေသည်။ 
သူတို့ တဲထိုးနေကြသည့် ချောင်းဘေးဆီက ပုရစ်အော်သံတို့ ကြားရတတ်သည်။ 

ဖရောင်တိုင် မီးက ကုန်လု ကုန်ခန်း အရှိန်ပြင်းပြင်းနဲ့ တိုးပြီး လောက်ကျွမ်းနေဆဲ။ 
ဖရောင်းခဲတို့ အခြေမှာ ပျော်ကျပြီး မီးစာက မြုတ်လု မြုတ်ခင် ရှိလှသည်။ 

ညိုစိမ့် အဝတ်အစားတို့ကို အသာအယာ ချွတ်ချလိုက်သည်။ 
ဖရောင်တိုင် မီးရောင်က ညိုစိမ့် အလှကို မကွယ်ဝှက်နိုင်ခဲ့ချေ။ လင်းတလှဲ့ ၊ မှိန်တလှဲ့ နှင့်။ 

ကိုဘမောင် ညိုစိမ့်ကို လှမ်းကြည့်နေသည့် အကြည့်တို့သည် သူတို့ မင်္ဂလာဦးညတုံး အတိုင်းပင်။ 
 အကြည့်တို့ သည် အချစ်ရည်တို့ ဖြင့် ရွှန်းလဲ့နေဆဲ။ 

 ညိုစိမ့် ကိုဘမောင် နံဘေးမှာ အသာအယာ လှဲလှောင်းလိုက်သည်။ သူ့ ခန္ဓာကိုယ်ကို ကိုဘမောင်ဆိုသည့် အချစ် နတ်ဘုရားဆီမှာ အပြီးတိုင် နောက်ဆုံး အနေဖြင့် ပူဇော်ပလိုက်သည့် ည။ 

 ဖရောင်တိုင်းမီး ငြိမ်းသွားသည့်အခါ ညိုစိမ့်တို့ ညသည် ပိန်းပိတ်အောင် မှောင်နေသည်။ 

 ညိုစိမ့်တို့ လင်မယား ဇာတ်ဆရာ အလိုကျ ဘဝဇာတ်ခုံမှာ ကပြ အသုံးတော် ခံရအုံးမည်။ 

ချစ်ခြင်းမေတ္တာဆိုတာ ခန္ဓာကိုယ် သန့်စင်ခြင်း၊ မသန့်စင်ခြင်း၊ အမျိုး မြင့်မြတ်ခြင်း မမြင့်မြတ်ခြင်းတို့ နှင့် တိုင်းတာကြတယ်ဆိုလျင် ညိုစိမ့်တို့ လင်မယားသည် လူ့ လောက စည်းဘောင် အပြင်ဖက်မှာ နေရသူတွေဖြစ်လိမ့်မည်။ 


ညိုစိမ့်တို့ တိုက်ခန်းလေး ငှားပြီး နေနိုင်တာ တနှစ် ရှိပြီ။ 

ကိုဘမောင်ကတော့ လမ်းလျှောက်သည့်အခါ ဂျိုင်းထောက်နှင့်။ 
ဆေးခန်းကို အမြဲ ပုံမှန် မပြနိုင်သေးသော်လည်း ထမင်းကို နှပ်မှန်အောင် စားနိုင်လာသည်။ 
ညိုစိမ့်တို့ လင်မယား သူလို ငှာလို လက်ကိုင်ဖုန်းကို ကိုင်သုံးနိုင်လာသည်။ 

လက်ကိုင်ဖုန်းကို ကိုင်နိုင်တော့ သူတို့ လင်မယား ဖေ့ဘုတ်ကိုလည်း သုံးတတ်ပြီ။ 
ဖေ့ဘုတ်သုံးဖို့ အင်တာနက်ဖိုးပိုက်ဆံကို သပ်သပ်ဖယ်ပြီး သုံးရသည်။ 
ညိုစိမ့်တို့ လင်မယား ဒီဘဝရောက်ရသည့် အကြောင်းအရင်းကို လုံးဝ မမေ့။ နာကျည်းကြသည်။ 
ရွာက အဖြစ်အပျက်တို့သည် ခြောက်လန့်နေဆဲ။ 

ဗုံးကြဲသံတို့သည့် နားထဲမှာ မြည်ဟိန်းလို့ နေဆဲ။ နိုင်ငံခြားမှ နိုင်ငံရေးပညာရှင်များပြောသည့် စကားကို အမြဲ နားစွင့် နားထောင်နေလေ့ရှိသည်။ 
 သူတို့ ရွာကို ပြန်ချင်ပြီ။ ဒီဘဝကို ထားခဲ့ ချင်ပြီ။ 

နိုင်ငံခြားမှလူတွေက ဖေ့ဘုတ်သုံးပြီး ဝင်ငွေရအောင် လိုက်ခ် လုပ်ဖို့၊ ရှယ်လုပ်ဖို့ အကူအညီတောင်းတိုင်း ညိုစိမ့်တို့ လင်မယား တာဝန်အမြဲကျေသည်။ 

ထိုအတွက်လည်း အင်တာနက်ဖိုးပိုက်ဆံကို လစဥ် သပ်သပ်ဖယ်ပြီး ဖေ့ဘုတ် သုံးသည်။ 

ညနေဆိုလျင် လာခေါ် သည့် ကားနှင့် ညိုစိမ့် ပါသွားတတ်သည်။ 

ညိုစိမ့် ကားနှင့် ပါသွားတိုင်း ကိုဘမောင် မျက်ဝန်းတို့ စိုစွတ်နေတတ်သည်။ 
နားထင်ကြောတို့ တင်းမာလို့ ပေါက်ကွဲလုမတတ် ရှိတတ်ပြန်သည်။ 
တုန်ရင်နေသော လက်တို့သည် စိတ်ခံစားချက်ကြောင့်လား၊ ကျန်မာရေးကြောင့်လားဆိုတာ ကိုဘမောင် ကိုယ်တိုင်ပဲ သိလိမ့်မည်။

 ညိုစိမ့်တို့ လင်မယား ဇာတ်ဆရာ အလိုကျ ဘဝဇာတ်ခုံမှာ ကပြအသုံးတော် ခံနေကြတုံး။ 

ကောင်းခြင်း ဆိုးခြင်း မှားခြင်း မှန်ခြင်း၊ ကိုယ်ကျင့်တရား အလင်း နဲ့ အမှောင် နှစ်ခုကြားမှာ ရှင်သန်ရုန်းကန်ဖို့ဆိုသည့် စည်းကလေး တစ်ခုသာ ခြားထားသည်။ 
ထိုစည်းပေါ်မှာ တည်ငြိမ်အောင် လျှောက်နိုင်ဖို့ ပညာခွန်အား၊ ဥစ္စာခွန်အား တို့ ညိုစိမ့်တို့တွင် မရှိ။ 

ဆာလောင်ခြင်း ဝေဒနာကို ခံစားနေရသူတိုက မြင့်မြတ်သော ကိုယ်ကျင့်တရားကို အားနာစွာ တောင်းပန်ထားရအုံးမည်။ 

ချစ်ခြင်းမေတ္တာကို ဖေါ်ကျုးကြသော ကဗျာဆရာတို့သည်လည်း ညိုစိမ့်နှင့် ကိုဘမောင်တို့ အကြားမှာ ရှိတဲ့ မေတ္တာတရားအကြောင်းကို အဓိပ္ပာယ် ဖွင့်ဆိုဖို့ ခက်နေအုံးမည်သာ။ 


ဘကောင်း