ပြစ်ဒဏ်





သည် တရားရုံးခန်း အတွင်းသို့ အေးဆေးစွာ လမ်းလျှောက်လာသည့် မြကြည်၏ အသွင်သဏ္ဍာန်က တရားရုံးသို့ တရားရင်ဆိုင်ရန်လာသည့် တရားခံတစ်ယောက်နှင့်မတူ။ အလွန် အေးချမ်းသည့် တည်ငြိမ်မှုဖြင့် ခရီးဝေးမှ အိမ်ပြန်လာသည့် လူတစ်ယောက် အလား။ လူတိုင်း မျက်လုံးက မြကြည်ကိုသာ ငေးမောကြည့်နေရလေသည်။

သူမ၏ မျက်လုံးများက သိမ်ငယ်ခြင်း၊ အားငယ်ခြင်း ဆိုသည့် အရိပ်အရောင်များ မရှိ။ အကြည့်တစ်ချက် ဝေ့ကာ ဝေ့ကာ ကြည့်သည့် အခိုက်တွင် စိန်ပွင့် ငယ်များ အလား တဖျတ်ဖျတ် တောက်ပနေလျက် စူးရှသည့် သူမ၏ မျက်ဝန်း အစုံက လူတိုင်း၏ စိတ်နှလုံးကို သိမ်းကြုံး ဖမ်းစားကာ တုန်လှုပ် စေသည်။ ရီေ၀ ညို့ယူသည့် ညို့ ဓာတ်များ မရှိ၊ ပျော်ရွှင်ကြည်နူး နှစ်သိမ့်စေတတ်သော အကြင်နာ ရိပ်များလည်း မသန်း၊ ခက်ထန် တင်းမာသော မာန်မာနများလည်း လွှမ်းမိုးမှု မရှိပဲ ကြည်လင်တောက်ပ ခံစားချက်မဲ့သော နက်မှောင်သည့် သည်မျက်လုံးများသည် ခံစားချက်ကို ဦးစားပေးလေ့ရှိသော လူသားကမ္ဘာမှ လူများကို ဆန့်ကျင် တိုက်ခိုက်နေသည့်နှယ်။

မြကြည်၏ ယဉ်ကျေး သိမ်မွေ့ နုညံ့ဟန်သည် လွန်ခဲ့သည် နှစ်ရက်က လူတစ်ယောက်အား သွေးအေးအေးနှင့် သတ်ခဲ့သည့် မိန်းမတစ်ယောက်ကဲ့သို့ လားလားမျှ မအပ်စပ် ဆက်စပ်ယူလို့မရပေ။ သဘာဝက ပေးသည့် ဆန့်ကျင်ဖက် လိင်များအား အလွယ်တကူ ဆွဲဆောင်နိုင်သည့် အလှတရား ဆုလဒ်ကို ပိုင်ဆိုင်ထားသည့် လူသတ်သမား မိန်းမတစ်ယောက်၏ ခန္ဓာကိုယ် အချိုးအစားကို လူတိုင်းက ငေးမောကြည့်ရှု့နေရသည့် တရားရုံးအတွင်း သည်မြင်ကွင်းက အလွန်ရီဖို့လည်း ကောင်းလှပါသည်။ သည် တရားရုံးခန်းအတွင်းရှိ လူများက မြကြည်အပေါ်တွင် စီရင်ချက် ချမည့် တရားစီရင်သူများ၏ နောက်ဆုံးအမိန့်ကို လက်ခုပ်တီး သြဘာပေးကြရန် လာရောက် နားထောင်ကြသူများဖြစ်ကြသည်။ လူတိုင်း ကလည်း သည်မိန်းမတော့ သူမကျုးလွန်ခဲ့သည့် လူသတ်မှုအတွက် သေဒဏ်ပဲ ရမှာပဲ၊ တချို့ကလည်း သေဒဏ်ပဲ ပေးသင့်တယ် အစရှိသည်ဖြင့် အမျိုးမျိုး ထင်မြင်ယူဆချက်များ ပေးနေကြသည်။ ထိုကဲ့သို့ ထင်မြင်ချက် အမျိုးမျိုးပေးကြရင်း မြကြည် အတွက် စီရင်ချက်ကို လက်ခုပ်တီးကြမည့်သူများသည် တရားစီရင်ရာ အခန်းထဲ သိမ်မွေ့စွာလမ်းလျှောက်ဝင်လာသည့် မြကြည် ကို တွေ့မြင်လိုက်ရသည့် အခိုက်အတန့်ကာလအတွင်း တွေေ၀ ငေးမောကုန်ကြရ၏။ မြကြည်၏ ပျိုမြစ် နုယဉ်သော အလှသည် မြင်တွေ့ရသူအပေါင်း သူမအပေါ်ထားရှိသော သူတို့၏ ရက်စက်တတ်သော စိတ်ဆန္ဒကို နောင်တရစေသည်။ တနည်းအားဖြင့် မြကြည်၏ အလှက ရှုမြင်ရသူတိုင်းကို စက္ခုပဒသာ ပြေပြစ်စေလျက် ရက်စက်တတ်သည့် စိတ်နှလုံးရှိသူကိုပင် သိမ်မွေ့နုညံ့စေလေသည်။

သို့ပေမယ့်လည်း ဒီတရားရုံးခန်းထဲတွင် အာဃာတမီးများ တလျံညီးညီး လောက်မြိုက်လျက်ရှိသော လူတစ်စုရှိနေပါသေးသည်။ အသေအချာကြည့်ပါက ထိုလူများသည် မြကြည် သတ်ခဲ့သည့် လူ၏ မျက်နှာသွင်ပြင် ပုံပန်းသဏ္ဍာန် ဆင်တူကြလျက် အသတ်ခံရသူ၏ ဆွေမျိုး အပေါင်းအပါများ ဖြစ်ကြသည်မှာ ယုံမှားဘွယ် မရှိပေ။ သူတို့ လိုချင်သည်က မြကြည်အတွက် အဆုံးစွန်း အမြင့်မားဆုံးပြစ်ဒဏ်ကိုသာ ချမှတ်စေချင်ကြသည်။ သေဒဏ်မှ လွဲ၍ အခြားဘာများ ဖြစ်ချေမည်နည်း။ သူတို့သည် မြကြည်အား သေစားသေစေချင်ကြသည်။

တရားစီရင်ချက် ချမည့် ဒီနေ့အဖို့ အဖြူရောင် ပိုးလုံချည် ပျော့ပျော့ နှင့် အပြာရောင် ရင်ဖုံးလက်ရှည် အင်္ကျီကို ဝတ်ဆင်ထားသော မြကြည်၏ ကျော့ရှင်းသော ကိုယ်ဟန်အမူအရာက အားလုံးထဲတွင် တမူထူးခြားလွန်းလှပေသည်။ ခြေလှမ်းများ အသိမ်းအနုပ် အကြွအလှမ်းတိုင်းတွင် ပိုးကတီပါ လုံချည်၏ နုညံ့မှုက သူမ၏ သွယ်စင်း ရှည်လျားလျက် တောင့်တင်းလှသော ပေါင်လုံးရှည်များကို အချိုးအစားကျနစွာ ပုံဖေါ်ပေးလျက်ရှိနေသည်။ ပိတုန်းရင့်ရောင် ဆံပင်တစ်ထွေးကို သူမ၏ ညာဖက် ရင်အုံးပေါ်တွင် ဖြေလျော့ ချလျက် သွယ်သွယ်လျလျ နုထွေးလှသော လက်ဖဝါးဖြင့် မခို့တရို့လုံးထွေးကာ ဆံပင်များ လေအလွင့်တွင် ပါတော့မည့် စိုးရိမ်ဟန်ဖြင့် ထွေးပွေ့ထားလျက်ရှိသည်။ ရံဖန်ရံခါ ဆံပင်များကို လိပ်တင်လျက် တဖန် စိတ်ပြောင်းသွားသည့် ဟန်ဖြင့် ပြန်ချကာ နက်မှောင်လွန်းလှသည့် သူမ၏ ဆံကေသာများက လက်ကနဲ လက်ကနဲ ဖွာကြဲလျက်ရှိနေသည်။

တကယ်တော့ မြကြည်၏ အလှသည် ယုံကြည်မှုဖြင့် တည်ဆောက်ထားသော အလှ။ မြကြည်သည် ကိုယ်တွင်ပိုင်ဆိုင်ထားသော မိန်းကလေးတစ်ယောက်၏ ကိုယ်ပိုင်အလှကို ယုံကြည်သည်။ ဘယ်သောအခါမျှ လွန်ကဲစွာ ပြင်ဆင်ခြင်း မရှိ၊ မကြာခဏဆိုသလို မှန်ကြည့်တတ်သည့် မှန်ကြိုက်မမျိုး မဟုတ်ပဲ ကိုယ်ပိုင် အလှအပေါ်တွင် ယုံကြည်မှုဖြင့် ထပ်ဆင့်မွန်းမံထားသော နှစ်ထပ်ကွမ်း အလှပိုင်ရှင်မျိုး။ သူမကိုယ်တိုင်လည်းသိသည်။ သူမသည် သဘာဝက ဖန်တီးပြင်ဆင်ပေးထားသော အလှပိုင်ရှင်။ မြကြည်ကို တွေ့မြင်သူတိုင်းက သူမသည် သူမပိုင်ဆိုင်သည့် အလှတရားဖြင့် လူအပေါင်းအား ညို့ယူဖမ်းစား လှုပ်ခါနိုင်စွမ်းရှိသူ ဖြစ်ကြောင့် ဝန်ခံရပေလိမ့်မည်။

တရားရုံး၏ ဝင်ပေါက် တံခါးကို ဖြတ်လျက် အခန်းထဲသို့ မဝင်ခင် အခိုက်အတန့်အတွင်း လှမ်းနေသည့် ခြေလှမ်းကို အသာအရာ ရပ်တန့်ကာ အခန်းတွင်းသို့ မျက်လုံးဝေ့ကြည့်လေသည်။ အခန်းအတွင်း၌ ရှိနှင့် နေပြီးသော လူအုပ် အတွင်းသို့ မျှော်လင့်ချက်များဖြင့် တောက်ပလျက်ရှိသော မျက်လုံးအစုံဖြင့် တစ်ဦးချင်းဆီကို လိုက်လံကြည့်ရှု့ကာ သူမတွေ့ချင်လွန်းလှသော လူတစ်ယောက် သည်လူအုပ်ထဲတွင် ပါဝင်လေမလား။ “သူ ဒီကို လာမှ လာပါ့မလား” တုန်လှုပ်နေသော အတွေးစတစ်စ က တိတ်တခိုးလေး အတွေးထဲ ဖြတ်သန်းသွားခဲ့သည်။ တစ်ဦးတစ်ယောက်ချင်းကို ကြည့်ရှု့သွားပြီးတိုင်း မျှော်လင့်ချက် အခိုးငွေ့တန်းများက သူမ၏ လှပသော မျက်လုံးအစုံမှ မှေးကာ မှိန်ကာဖြင့် တဖြည်းဖြည်းချင်း အားနည်းသွားကြကာ နောက်ဆုံး သူမ၏ နဂိုမူလက ရှိနှင့်ပြီးသော ခံစားချက်မဲ့နေသော မျက်လုံး အစုံအဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။ မခံရပ်နိုင်သော နာကျင်မှုနှင့် သက်ပြင်းကို တိုးညင်းစွာချလျက်
“ငါ သူကို ဘယ်တော့မှ မတွေ့နိုင်တော့ဘူး” ဟု တီးတိုးရေရွှတ်မိသည်။ထို့နောက် ရပ်တန့်ထားသောခြေလှမ်းကို အသာအယာ ကြွလှမ်းလျက် ပိုးထမိန်ပျော့ပျော့ကို ခြေဖျားတွင် ခပ်ကာ အခန်းထဲသို့ လမ်းလျှောက် ဝင်ရောက်သွားခဲ့သည်။

အရှေ့ဆုံးမှ ခုံတန်းတွင် အားလုံးကို ကျောပေးလျက်၊ စီရင်ချက်ချမည့်သူများကို မျက်နှာမူကာ ထိုင်ချလိုက်သည်တွင် သူမနံဘေး၌ မည်သူမှ ထိုင်မနေသည်ကို သတိပြုမိသည်။ အမုန်းမီးတောက်များဖြင့် တောက်လောင်နေသော မျက်လုံးများ၊ မနာလိုဝန်တိုခြင်းများ၊ ပြင်းပြသော ဝေဒနာခံစားချက်ပေါင်းမြောက်မြားစွာဖြင့် ခြုံလွှမ်းထားသော ရုံးခန်းအတွင်းထိုင်နေကြသည့် သည်လူအပေါင်းတို့ အလယ်တွင် မြကြည်သည် လုံခြုံမှုပျောက်ဆုံးနေသော တစိမ်းပြင်ပြင် ဖြစ်နေချေသည်။

မြကြည်၏ စိတ်ကူး မိုးတိမ်တောင်တိုက် အထဲတွင် အမြဲတမ်း တစ်ဆို့နေလေ့ရှိသော အစိုင်အခဲများ အကြောင်း ရုတ်တရက် စဉ်းစားမိလေသည်။ “ငါ့ရဲ့ ရင်ထဲမှာ ဘာမှ မရှိတော့တဲ့ ဒီ နတ္တိတရားကို ခံစားနေရပြီပဲ။ ငါဖြတ်သန်းလာခဲ့တဲ့ အတိတ်ကအကြာင်းအရာတွေ၊ လက်ရှိ ဖြစ်ပျက် ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို စဉ်းစားကြည့်မိတိုင်း ငါ့ရင်ထဲမှာ သန်းပေါင်းမြောက်မြားစွားသော နာကျင်မှုတွေနဲ့ ပြည့်နှက်နေပါလား။ ဒီနာကျင်မှုတွေဟာ ငါ့ကိုယ်မှာ ဘာမှ မကျန်တော့တဲ့ အထိ ထိုးနှက်ခဲ့ကြတယ်။ တကယ်တော့လည်း ငါဟာ ဒီလူတွေရဲ့ ကမ္ဘာနဲ့ ငါပိုင်ဆိုင်တဲ့ ငါ့ကမ္ဘာကြားထဲမှာ ပျောက်ဆုံးနေရသူပါပဲလား။ ငါ့ကမ္ဘာထဲမှာဆိုရင် ရဲရဲဝန့်ဝန့် အသက်ရှုရဲတဲ့ ငါဟာ ဒီအခြားကမ္ဘာက လူတွေအကြားမှာ သူတို့ရဲ့လိုအင်ဆန္ဒတွေ ဖြည့်ဆည်းပေးရင်းနဲ့ အသက်တောင် မရှုဝန့်ပဲ မောပမ်း နွမ်နယ် လှပြီကွယ်”
သူမ၏ အတွေး တိမ်ဆိုင်များသည် လိမ့်ကာ လိမ့်ကာ လွင့်ပါးစီးမျှောနေရင်း အထီးကျန်ဆန်အဖော်မဲ့ခြင်း ရနံများဖြင့် မူးရစ်တွေဝေ ငေးမောနေမိသည်။

မြကြည်၏ အဇ္ဈတ္တစိတ်သဏ္ဍာန်သည် ဤအခန်းအတွင်းမှလူအပေါင်းတို့၏ ကိုယ်ပိုင် အတ္တများ၊ ဒေါသများဖြင့် တည်ဆောက် ဖွဲ့စည်းထားသော ကမ္ဘာဖြင့် မည်သို့မျှ ပေါင်းစပ်၍ မရနိူင်ခဲ့ချေ။ ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်လာကြသော သူတို့၏ မျက်လုံးများကို လစ်လျူရှု ဖယ်ရှားပစ်လိုက်ကာ သူမပိုင်ဆိုင်သော စိတ်အာရုံအတွင်းတွင် လုံးဝ ငြိမ်းချမ်းသော ကိုယ်ပိုင် ကမ္ဘာတစ်ခုကိုသာ တည်ဆောက်နေလေတော့သည်။

တရားစီရင် ဆုံဖြတ်ချက် ချမည့်သူများသည်လည်း သင့်တော်သည့် နေရာတွင် ထိုင်နေကြကာ မြကြည်၏ လူသတ်မှု ကို အမျိုးမျိုး အဖုံဖုံ စစ်ဆေးမေးမြန်းရန် အဆင်သင့် ဖြစ်နေကြလေပြီ။ တရာသူကြီးမင်းက အခြား တရားရုံး အဖွဲ့ ဝင်များ၏ အလယ် ထိပ်ဆုံးတွင် ထိုင်လျက် လောကစည်းစိမ်ကို ပြည့်ဝစွာ စားသုံးထားကြောင်းကို သူ၏အဆီများပြည့်ဖောင်းနေသော ခန္ဓာကိုယ် အသွင်သဏ္ဍာန်က ဟစ်ကြွေး အော်မြည်နေသယောင်ပင်။ ကြင်နာသနားတတ်သည့် အရိပ်အယောင်ပင် သူမျက်နှာ၌ ရှာ၍ မတွေနိုင်ခဲ့ချေ။ မြကြည်၏ လူသတ်မှုကို ကိုယ်တွယ်ဖြေရှင်းရန် အထက်မှ အရာရှိများက ဤတရားသူကြီးအား အသေအချာ စီစစ် ရွေးချယ်ခန့်အပ်ခဲ့ပေသည်။ မြကြည်အတွက် သနား ညှာတာ ထောက်ထား ပေးမည့် စီရင်ဆုံးဖြတ်ချက်မျိုးကို မျှော်လင့် နေမည့် အစား မိမိအား စော်ကားခဲ့သည့် ယောင်္ကျားတစ်ယောက်အား ကိုယ့်ကိုယ်ကို ကွာကွယ်သည့် အနေဖြင့် သတ်ခဲ့သည့် အတွက် ချမှတ်မည့် သေဒဏ်ကို ရဲဝန့် ဂုဏ်ရှိစွာ ခံယူရန် လူသားတစ်ယောက်အနေဖြင့် အဆင်သင့် ဖြစ်နေလေပြီ။

“မင်း ဘာကြောင့် ဒီလူကို သတ်ခဲ့တာလဲ” ဟု တရားသူကြီးမင်းက မေးခွန်းကို စတင် မေးမြန်းလေသည်။ မှုခင်း စတင်ဖြစ်ပွားစဉ် ကတည်းက မြကြည် ပြစ်မှုကျုးလွန်ရခြင်း၏ နောက်ကွယ် မှ အကြောင်းအရင်းကို ဖြောင့်ချက်ပေးရင်း အကြိမ်းပေါင်းမြောက်မြားစွာ စစ်ဆေးမေးမြန်းခြင်းကိုလည်း ဖြေကြားခဲ့ပြီးပြီ။ လူတိုင်းသည်လည်း ဤမေးခွန်း၏ အဖြေကို သိနေကြပြီးဖြစ်သော်လည်း မြကြည် သည်အဖြေကို ထပ်မံဖြေကြားရပေအုံးမည်။ အဖန်တလဲလဲ လျှော်ဖွတ်ထားသော မွဲပြာပုဆိုးကဲ့သို့ သူမ၏ တုန့်ပြန်ဖြေကြားရမည့် အဖြေသည်လည်း ထုံထိုင်းနေသော မွဲပြာအဖြေပဲ ဖြစ်လာလိမ့်မည်။ တကယ်တော့လည်း သည်လူများက သူတို့ပြုလုပ်နေသည့် အရာများသည် မှန်ကန်ကြောင်း သက်သေပြချင်သည့်အတွက် ဟန်ဆောင် မေးမြန်းနေကြခြင်းဖြစ်သည်။ဤ သည်ကို လိုအပ်၍ဟူသော အကြောင်းပြချက်ဖြင့် ပြကြပြန်သည်။

“သူက ကျွန်မကို ညှဉ်းပန်း နှိတ်စက်ပြီး မုဒိမ်း ကျင့်ဖို့ ကြိုးစားခဲ့လို့ပါ"
ခံစားချက် ကင်းစင်သော လေသံံဖြင့် မြကြည်သည် တုန့်ပြန် အဖြေကို ဖြေကြားခဲ့သည်။ ဟန်ဆောင်ခြင်း မရှိ။ ဖုံးကွယ်ခြင်း မရှိ။ ကြောက်ရွံခြင်း မရှိ။ တောင်းပန် အသနားခံခြင်း လည်း မရှိ။
တရားသူကြီးမင်း က မေးခွန်းကို ဆက်လက်၍ မေးမြန်းပြန်သည်။
“ဒါဟာ မင်းကိုယ်မင်း ကာကွယ်တာကို ပြောချင်တာလား”
“ဟုတ်ပါတယ် ရှင်”
သူမ ၏ အဖြေတွင် နောင်တရခြင်း အရိပ်အယောင် အနည်းငယ်မျှပင် မရှိ။ တင်းမာ ပြတ်သားသော လေသံလည်း မဟုတ်။ ပျော့ပြောင်း သိမ်ငယ်သော လေသံလည်း မဟုတ်။ ရိုးရှင်းစွာပင် “ဟုတ်ပါတယ် ရှင်” ဟု တုံ့ပြန် ဖြေခဲ့သည်။
တရားရုံးခန်းမ တစ်ခုလုံးသည် တရားသူကြီး ၏ မေးခွန်းများ၊ မြကြည်၏ ပြန်လည် ဖြေကြားသည့် အသံများဖြင့်သာ လွှမ်းမိုးနေလျက် အခန်းထဲတွင် သူတို့ နှစ်ယောက်ထဲ ရှိသည့် အလား ထင်မှတ်ရပေသည်။ တရားသူကြီးမင်းက မေးခွန်းတစ်ခု မေးလိုက်တိုင်း နားထောင်နေကြသူ အပေါင်းက မြကြည် မည်ကဲ့သို့ တုန့်ပြန်ဖြေဆိုမည်ကို စိတ်လှုပ်ရှားစွာ နားစွင့် နေကြလျက် မြကြည် မဖြေဆိုခင် ကာလအတိုင်းအတာသည် အပ်ကျသံကြားလောက်အောင်ပင် တိတ်ဆိတ်နေလေ့ရှိသည်။
“မင်း ကိုယ့် ကိုယ်ကို ဘယ်လို ကာကွယ် ခဲ့ သလဲ”
“ကျွန်မ လက်နဲ့ သူကို တွန်းထုတ်ပြီး ကာကွယ်ခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် မီးဖိုဆောင်မှ တွေ့တဲ့ ဓားနဲ့ပဲ သူ့ကို ထိုးနှက်ခဲ့ပါတယ်”
“မင်း သူ့ကို ဘယ်နှစ်ကြိမ် ထိုးနှက် ခဲ့သလဲ”
“ကျွန်မ မမှတ်မိတော့ ပါရှင်”
မြကြည် ဖြေသည့် အဖြေကို မကြေနပ်၍ ဆန္ဒပြ ဟစ်အော်သံများက လူအုပ်အတွင်းမှ ရုတ်ချည်း ဆိုသလို ဟိန်းထွက်လာခဲ့သည်။
တရားသူကြီးမင်း လည်း ဆူညံပွက်လော ရိုက်နေသည့် လူအုပ်ကို ငြိမ်သက်စေရန် အမိန့်ပေးပြီ “မင်းဟာ အချက်ပေါင်း ၂၀ ကျော် ထိုးနှက်ခဲ့တယ်” ဟုဆိုကာ ရဲ ဋ္ဌာနမှ လူသတ်မှု စစ်တမ်းကို ဖတ်လျက် မြကြည်အတွက် အဖြေကို ဖြည့်စွက် ပေးသည်။

အချက်ပေါင်း မည်မျှ ထိုးစိုက်ခဲ့သည်ကို မြကြည် အမှန်တကယ်ပင် မမှတ်မိတော့ပါ။ မိမိ မုဒိမ်းကျင့်ခံမည့် ဘေးမှာ ကာကွယ်ရန် လူတစ်ယောက်ကို ဓားဖြင့် ထိုးနှက် နေခိုက် မည်ရွေ့ မည်မျှ ဟူ ၍ အကြိမ် အရေအတွက်ကို လည်း မရေတွက်နိုင်အား။ ကြောက်မက်ဖွယ်ရာ ရက်စက်ယုတ်မာသော မုဒိမ်းကောင်၏ အန္တရာယ်မှ လွတ်မြောက်အောင် ကြိုးစားရသည့် စိတ်အာရုံတစ်ခုတည်းသာလျင် သူမ စိတ်သဏ္ဍာန်တွင် ကပ်ညှိနေခဲ့သည်။

မြကြည် နားလည်ပေးပါသည်။ သူမ သတ်ခဲ့မိသည့် လူ၏ ဆွေမျိုးသားချင်း များသည် သူတို့ ချစ်ခင်သည့် လူတစ်ယောက် သေဆုံးသွားရခြင်းအတွက် တုံ့ပြန်လက်စားချေလိုကြပေမည်။ ဤသည်ကား လူ့သဘာဝပေသည်။ သို့ပေမယ့်လည်း ထိုလက်စားချေ တုံ့ပြန်လိုသူများကို မြကြည်၏ ဘဝဖြင့် ပေးဆပ် အလျော်ပေးရမည်ဆိုလျှင် အဓိပ္ပာယ် မရှိ။ ထိုပေးဆပ်ခြင်းသည် အပြစ်ဒဏ်မဟုတ်။ မြကြည်သည် တရားသူကြီးက ချမှတ်မည့် အပြစ်ဒဏ် အမျိုးမျိုးကို ပွေ့ဖက် ကြိုဆိုရန် အဆင်သင့်ရှိပါသည်။ သို့ပေမယ့် လက်စားချေ တုန့်ပြန်ခြင်းမျိုးကိုတော့ မဟုတ်။

လူ့အဖွဲ့အစည်းက လက်ခံထားသော သဘောတရားအရ ပြစ်မှုတစ်ခုအတွက် သင့်တင့် လျောက်ပတ်သော ပြစ်ဒဏ်တစ်ခု ရှိသင့်သည်။ဒါဆိုလျှင် လူတစ်ယောက်က အခြား လူတစ်ယောက်ကို သတ်လိုက်သည့်အတွက် ထိုသတ်လိုက်သည့်လူအတွက် ပြစ်ဒဏ်သည် သေစား သေစေသည့်အပြစ်ဒဏ်ပေလော။ တကယ်တော့ အပြစ်ပေးခြင်းဆိုသည်မှာ အမှားအယွင်းပြုလုပ်ခဲ့သည့် အပြုအမှုအတွက် ယာယီအပြစ်ဒဏ်ခတ်ခြင်းမျိုး ဖြစ်သင့်သည်။ သေစားသေစေသည့် အပြစ်ဒဏ်သည် ယာယီအပြစ်ဒဏ်ခတ်ခြင်းနှင့် လားလားမျှ လျှော်ကန်သင့်မြတ်ခြင်း မရှိ။ တစ်စုံတစ်ယောက်သည် ကိုယ်ပိုင် အမှားများကို လေ့လာသုံးသတ်ရန်ဖြစ်သည်။ အကယ် ၍ လူတစ်ယောက်သည် သူ၏အမှားများအတွက် သူ၏ဘဝဖြင့် ပေးဆပ်ရမည် ဆိုပါက ထိုသူသည် မည်ကဲ့သို့ အမှားကို ပြန်လည် လေ့လာ သုံးသတ်နိုင်မည်နည်း။ သေစားသေစေ အပြစ်ဒဏ်ခတ်ခြင်းသည် ပြစ်မှုကျုးလွန်သူအား သူ့အမှားအတွက် ပြန်လည် သုံးသတ်နိုင်ခွင့် မရှိသလို၊ လူ့ အဖွဲ့ အစည်းသည်လည်း ပြန်လည် သုံးသတ်နိုင်စွမ်း မရှိတော့ပေ။ လူအဖွဲ့ အစည်းသည် ပြစ်မှုတစ်ခုကြောင့် ပျက်ဆီးသွားသော အခြေအနေတစ်ခုကို ပြန်လည်ပြုပြင်ဖာထေးရန်အတွက် ပြစ်ဒဏ်များကို တောင်းဆိုလေ့ရှိကြသည်။ လူတစ်ယောက်အား သေစားသေစေ ပြစ်ဒဏ်ချမှတ်ခြင်းသည် မည်သည့် အခြေအနေ အရပ်အရပ်ကိုမျှ ပြန်လည်ပြုပြင် ဖာထေးခြင်းမရှိ။ ထို့အပြင် သေစားသေစေ အပြစ်ဒဏ်သည် ခေတ်ဟောင်းမှာ မဖွံဖြိုးသေးသော လူ့အဖွဲ့အစည်းမှ ကျင့်သုံးခဲ့သော အယူအဆ၊ လူသားဆန်ခြင်းလည်း မရှိ၊ လူသားတို့၏ ဂုဏ်သိက္ခာ လူဘဝ၏ ဂုဏ်သိက္ခာတို့နှင့် လိုက်လျော ညီထွေခြင်း မရှိပေ။

“မင်းမှာ အခြား ဘာများ ထပ်ပြောစရာ ရှိသေးလဲ”
တရားသူကြီးမင်းက မေးလေပြီ။

ဤအခိုက်အတန့်ကို မြကြည် သိလိုက်ပြီ။ သည်လူများသည် သူမပြုလုပ်ခဲ့သည် အမှုအတွက် သူမအပေါ် တရားစီရင်ချက်များ ချကြတော့မည်။ ထိုသူတို့၏ သနားညှာတာမှုကို ရရှိရန်အတွက် အရာရာအားလုံးကို ထပ်မံရှင်းပြ ဖြေရှင်းရန် မြကြည် စိတ်မပါတော့။ မြကြည်ဆိုသည့် မိန်းမတစ်ယောက်သည် ကိုယ့်အပေါ်ု အခြားလူများက စီရင်ဆုံးဖြတ်သည်ကို လက်မခံ။ ဤ အခန်းတွင်းထဲတွင် ရှိသော လူများသည် မြကြည် ယုံကြည်သော ကမ္ဘာထဲမှ လူများ မဟုတ်။ မြကြည်၏ ကမ္ဘာသည် မိမိကိုယ် သာ မိမိ စီရင်ဆုံးဖြတ်မည်သာ။

သို့ပေမယ့်လည်း မြကြည် သူမ၏ ကမ္ဘာကို အစဉ်ထာဝရ မစွန့်ခွာသွားခင် ကိုကို့ ကိုတော့ နောက်ဆုံးအနေဖြင့် တွေ့မြင် လိုက်ချင်သည်။ ကိုကို့ ကို သူမ၏ ဘဝအား ပေးဆပ် ဝေမျှ ခဲ့ဘူးသည်။ သို့ပေမယ့် ကိုကိုက သူ၏ စိတ်ဆန္ဒလိုအင်ကို သာ ဦးစားပေး ရှေ့တန်းတင်လာသည့် အခါ ကိုကို၏ ဆန္ဒသားကောင် အဖြစ်မှ လွန်မြောက်ရန် ကိုကို့ ကို စွန့်ခွာခဲ့သည်။ မြကြည်၏ ကိုယ်ပိုင် ကမ္ဘာလေးကို ကာကွယ်ရန် အလို့ငှာ ကိုကို နှင့် လမ်းခွဲခဲ့သည်။

အမှန်တကယ်တော့ မြကြည်အတွက် အလွန်တရာ ကြီးမားကျယ်ပြန့်သော ချစ်ခြင်း မေတ္တာ တရားကို ပိုမို ပိုင်ဆိုင်ထားလေ တခြားသူတစ်ပါးအား ပိုမို၍ ချင်ခင် ကြင်နာ ယုယချင်လေဖြစ်သည်။ သို့ပေမယ့် ထိုအချစ်မေတ္တာတရားများကို မည်သူက လက်ခံမည်နည်း။ မည်သည့် နှလုံးသားတွင် သိမ်းဆည်းထားမည်နည်း။ သိမ်းဆည်းထားရန် နေရာမှန် မတွေ့သမျှ သူမ၏ အချစ်မေတ္တာများသည် နေ့စဉ်နှင့် အမျှ ဆတိုး ဆတိုး တိုးပွားနေလျက် ရှိလေသည်။ တခါတရံတွင် သူမအတွက် နေရာမှန် တစ်နေရာလေးများ ရှိလိမ့် လေမလားဟု လွမ်းဆွတ်မိကာ မိမိ၏ ခံစားချက် နှလုံးသားကို စိတ်တိုင်းကျ ပုံစံအမျိုးမျိုး ပြောင်းလဲ ပုံဖော်ကြည့်ချင်သည်။ သို့ရာတွင် သူမအတွက် ထိုအခွင့်အရေးများ မရရှိခဲ့။ ဘဝခရီး မဆုံး သရွှေ့ သည် ခံစားချက် ဝေဒနာကို သယ်ဆောင်နေရအုံးကွယ်။ ဒါဟာလည်း ကံတရားရဲ့ ဘီးတစ်ပတ် အခြားတစ်နေရာမှာ လည်ပတ် ရပ်တန့်သွားရမည့် သဘောပေ လေလား။

ဒီဖြစ်စဉ်မျိုးဟာလည်း မြကြည်ကဲသို့လူမျိုး အခြား လူသားတစ်ယောက် အပေါ်တွင် တွယ်တာ မှီခိုလေ့ မရှိသူများအတွက်သာ ဖြစ်ပျက် နေလေ့ရှိသည်။ အဘယ်ကြောင့် ဆိုသော် မြကြည်ကဲ့သို လူမျိုးများသည် အခြား လူသားတစ်ယောက်အပေါ် အလွယ်တကူ စိတ်ခံစားချက် အမှန်ကို မဖေါ်ပြသည့်အပြင် တွယ်တာ ပေါင်းစည်းလေ့ မရှိကြပေ။ ထိုပေါင်းစည်းမှုကိုလည်း တိကျသော အဓိပ္မာယ် ရရန်အတွက် လေ့လာ ဘာသာပြန်ဆိုရန် မဖြစ်နိုင်။ ထိုပေါင်းစည်းလိုသည့် စိတ်စေတသိတ်ကသာ အခြားလူသားများနှင့် ခံစားချက် ဝေမျှရန်အတွက် လမ်းကြောင်းတစ်ခု အသွင် ဖြစ်ပေါ်စေသည်။ သည်အတွက် နိယာမသဘောတရားသည် အာရုံခံကြည့်ရုံပင်ဖြစ်ချေသည်။ သို့မဟုတ် နှလုံးသားဖြင့် ခံစားကြည့်ပါ။ ပေါင်းစည်းမှုဆိုသည်မှာ တည်ရှိနေပါလိမ့်မည်။

မြကြည် ကိုယ်တိုင်သည်လည်း သူမ၏ စိတ်စေတသိတ် စေညွှန်းရာ လမ်းကြောင်းကို ပြည့်ဝသော ငြိမ်းချမ်းခြင်းအသွင်သို့ ဖန်တီးယူခဲ့သည်။ သို့ပေမယ့် ယခု အချိန်များမှာတော့ သူမ သယ်ဆောင်ထားရသော စိတ်နှလုံးသား ခံစားချက် အလုံးစုံတို့ကို သည်လူသားကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ရန်အတွက် ဖြုတ်ချ ထားပြစ်ခဲ့ရတော့မည်။

မြကြည် မည်သည့် စကားကိုမျှ တုန်ပြန်မပြောတော့။ တိတ်ဆိတ်ငြိမ်သက်စွာ နေလေတော့သည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

No comments:

Post a Comment