ပန်းဥယျာဉ်ထဲမှ ပန်းတစ်ပွင့် (၁)


သူမကို စတွေ့တော့ သူမ၏ နောက်ကြောင်း မိသားစု ဘဝ အခြေအနေတို့ကို မသိ။ မိတ်ဆွေတစ်ယောက်က အိမ်တွင်ဆွမ်းကျွေးဖိတ်၍ သွားလည်ရာမှ မိတ်ဖြစ်ဆွေဖြစ် သိကျွမ်းလာရသည်။ သူမ၏ နာမည်ကို မသက်အဖြစ်သာ သိထားရသည်။

မသက်သည် ယဉ်သည်။ ဆံပင် အဖြောင့်စင်းစင်းကို ခါးအထိ အရှည်ချလျက် ကြော့နေအောင်နေသည်။ အသားအရေက ဖြူဖြူ ဖွေးဖွေးဟု မဆိုသာပေသည့် ညိုညိုညက်ညက် လည်း မဟုတ်ချေ။ သူမလိုအသားအရေမျိုးက မိန်းမတိုင်း လိုချင် တောင်းတ တတ်ကြသည့် အနေအထားမျိုးပင်။ အနောက်တိုင်းသူများကဲ့သို့ ဖြူဖြူစွတ်စွတ် အသားဖြူခြင်း မဟုတ်။ အရှေ့တိုင်းသူ တို့၏ အသားအရည် ဖွေးနုချောမွေ့ခြင်းအပေါ် အညာဒေသ၏ ညိုညိုညက်ညက် အသားအရောင်က ထပ်ဆင့် အုပ်ထားသည့် အသားအရောင်မျိုးပင်။ မျက်လုံး မျက်ဆံကလည်း အရည်လဲ့လဲ့နှင့် ဝိုင်းဝိုင်းစက်စက် ရှိလှသည်။ ဆက်ကျော်သက်အရွယ် နုပျိုလန်းဆန်းသည့် ငယ်ဂုဏ် တို့ ကုန်ဆုံးလု ကုန်းဆုံခင်၊ ထိုမှတဖန် ဘဝအတွက် အလေးအနက် စဉ်းစားကာ တည်ငြိမ်ရင့်ကျက်သည့် အသွင်သဏ္ဍာန်သို့ ကူးပြောင်းနေသည့် စပ်ကူးမတ်ကူ အရွယ်လည်း ဖြစ်သည်။ နုပျိုခြင်းတို့ ကျန်ရှိသေးသည်။ တည်ငြိမ်ရင့်ကျက်မည့် ဟန်ကိုလည်း မြင်ရတတ်သည်။

သူမနှင့် စကားစပြောဖြစ်တော့ မိန်းကလေးအများစုတွင် ရှိတတ်သည့် ရှိုးတိုးရှန်းတန်း၊ ရှက်ကိုးရှက်ကန်း အမူအရာမျိုး မရှိပဲ၊ ရင်းနှီးပွင့်လင်းစွာ စကားပြောသည်။ သူမတွင် ဟန်မရှိ။ မာန်မရှိ။ တစ်ဖက်သား စကားပြောဖေါ် ယောကျင်္ားတစ်ယောက်အပေါ် မည်သည့် အမြင်မျိုးမှ ထားရှိချင်း မရှိပဲ တွေ့သည့် ဆုံသည့်အခိုက်အတန့်အတွင်း အရိုးခံအတိုင်း စကားပြောသည်။ ထို့ကြောင့်ပဲထင်သည် ကျွနု်ပ်နှင့် ထိုနေ့က စကားတော်တော်များများ ပြောဖြစ်ကာ သိကျွမ်းခဲ့ရသည်။

သိကျွမ်းတော့လည်း သူမအကြောင်း ပိုမို သိလာရသည်။ သူမသည် ထင်ထားသည်ထက် သွက်လက် ချက်ချာသော မိန်ကလေးတစ်ဦးလည်း ဖြစ်သည်။ ဆူရှီးဟု ခေါ်သော ဂျပန်ရိုးရာ စားစရာများ လုပ်ရောင်းသည့် စားသောက်ဆိုင်တစ်ခုကိုလည်း ဦးစီးလုပ်ကိုင်နိုင်လေသည်။ နိုင်ငံ ရပ်ခြား တိုင်းတစ်ပါး တွင် မြန်မာမိန်းကလေးတစ်ယောက် တစ်နိုင်တစ်ပိုင်ဖြင့် တင့်တင့်တယ်တယ် လုပ်ကိုင်စားသောက်နိုင်သည်ကို တွေ့ရတော့ ဝမ်းသာမိသည်။ အခုလို အသက်အရွယ် အပိုင်းအခြားတွင် အလုပ်တွေ လုပ်ကိုင်နိုင်ပြီးဆိုမှဖြင့် နောင်တွင် တိုးတက်ကြီးပွား ချမ်းသာဖို့ပင် ရှိတော့သည်ဟု ကောင်းချီးပေးရသည်။

မိတ်ဆွေအဖြစ် သိကျွမ်းရတော့ မိတ်ဖြစ် ဆွေဖြစ် သူမ၏ စားသောက်ဆိုင်ကို အလည်လာခဲ့ရန် ဖိတ်ခေါ်လေသည်။ ဂျပန် အစားအစာများကို ခုံမင်စွာ စားလေ့ရှိသော ကျွန်ုပ်အတွက် နောင်ရက်များ၊ အလုပ်ပိတ်ရက်များတွင် အလည်လာမည်ဟု ကတိကျွံရသည်အထိ ဖြစ်ရသည်။ သို့ရာတွင် လွန်ခဲ့သော လများက အလုပ်များ အလွန်တရာ မအားမလပ် ရှိသည်က တစ်ကြောင်း၊ တစ်နေရာနှင့် တစ်နေရာ သွားလာရသည်တွင် အဆင်မသင့် သေးသည်က တစ်ကြောင်း သူမအား ပေးထားခဲ့သည့် ကတိကို မေ့မေ့လျော့လျော့ ရှိသွားခဲ့သည်။

တစ်နေ့တွင် သူမ ဖုန်းဆက်လာသည်။
“အစ်ကို ကျွန်မ ဆူရှီး ဆိုင်ကို ဘယ်တော့ လာလည်မလဲ” ဟု တကူးတကဖြင့် အမေးရှိလာတော့မှ သူမ၏ ဆိုင်အား လာလည်မည်ဟု ကတိပေးထားသည်ကို သတိရမိတော့သည်။
“အဲဗျာ..ဟုတ်ပါရဲ့…အစ်ကိုမေ့နေတာ။ ဒီတစ်ပတ်တော့ လာခဲ့ပါမယ်”
“နေ့လည်လောက် လာခဲ့ပါ အစ်ကို. နေ့လည်လောက်ဆို လူပါးတော့ စကားပြောပြီး ဧည့်ခံလို့ ရတာပေါ့”

ဤသို့ဖြင့် ကျွနု်ပ်သည် ပထမဦးဆုံး အကြိမ် မသက်၏ ဆူရှီးဆိုင်ကို ရောက်သွားဖြစ်ခဲ့သည်။ ရောက်တော့လည်း သူမသည် ဆူရှီး စားသောက်ဖွယ် စုံစုံလင်လင်ဖြင့် အစ်ကို တစ်ယောက်သဖွယ် ပြုမူ ပြောဆို ကျွေးမွေး ဧည့်ခံလေသည်။ နှမကလေးများဖြင့် နှစ်တော်တော်ကြာ ခွဲခွာနေရသော ကျွန်ုပ်အတွက် မသက်သည် ကျွန်ုပ်၏ နှမကလေး အရွယ်ပင် ဖြစ်သည်။ နှမအရွယ် မိန်းမပျိုလေးတစ်ယောက် ဖြစ်သည့်အပြင် မြန်မာ မိန်းကလေး တစ်ယောက် ဖြစ်သည့် အတွက် ရိုးသားစွာ ပြောဆိုဆက်ဆံသည်တွင် သူမသည် ကျွန်ုပ်အပေါ် တဖြည်းဖြည်းဖြင့် ယုံကြည်ကိုးစားမှုရှိလာသည်။

“အစ်ကို..ကျွန်မ ဒီနိုင်ငံ ရောက်လာတာ သုံးနှစ်လောက် ရှိရော့မယ်..မြန်မာပြည် အရမ်းပြန်ချင်တာပဲ”
“အလုပ်တွေ နားတဲ့ အခါပြန်ရမှာပေါ့ကွယ်…အလုပ် လုပ်နိုင်တဲ့ အချိန်မှာ ကြိုးစားပြီး လုပ်လိုက်အုံးပေါ့”
“ဒါပေမယ့် အစ်ကိုရေ…ကျွန်မ အမေနဲ့ မောင်လေးတွေအတွက် ပိုက်ဆံပြန်ပို့ပေးရအုံးမယ်…ကျွန်မနိုင်ငံခြား လာနိုင်ဖို့ အတွက် အိမ်ကို ပေါင်ပြီးလာခဲ့ရတာ”

သည်လိုနှင့် မသက်သည် သူမ၏ မိသားစုနှင့် သူမ၏ဘဝ အခြေအနေကို ရင်ဖွင့်လာသည်။ သူမ၏ အသံတို့ တုန်ရီ မနေခဲ့။ သို့သော် ပူပန်သောကတို့ လွှမ်းနေသည်။ သူမ၏ မျက်ဝန်းတွင် မျက်ရည်တို့ စိုစွတ်မနေခဲ့။ သို့သော် ရီဝေအုံ့မှိုင်းသော မျက်ဝန်ညိုကို မြင်ရတတ်သည်။ သေးသွယ်လှပနေသော သူမ၏ လက်ချောင်းတို့သည် ဘဝရပ်တည်ရေးအတွက် အလုပ်လုပ်နေသော လက်ချောင်းများ ဖြစ်လေသည်။ သြော်..ငါတို့ မြန်မာ မိန်းကလေးတွေများလည်း သူ့အပူ၊ သူ့ဒုက္ခတွေနဲ့ ဖြတ်သန်းလာရ၊ ဖြတ်သန်းနေရ ပါပဲလားဟု စာနာသနားမိခဲ့ရသည်။
+++++++++++++++++++++++++++++++++++++++++++++
မသက်ဘဝတွင် အဖေသည် မသက်သိတတ်သည့် အရွယ် လောက်တုန်းကတည်းက ဆုံးပါးသွားခဲ့သည်။ အားကိုးအားထားရာ မိသားစု ရွှေတောင်ကြီး ပြိုလဲခဲ့သည်တွင် မောင်နှစ်မ လေးယောက်ရှိသော မိသားစုအတွက် အမေသည် ခိုကိုးရာ မဲ့လေသည်။ မောင်နှမ သားချင်း လေးယောက်ထဲတွင် မသက်က တတိယမြောက်။ အကြီးဆုံး အစ်ကိုနာမည်က ကိုသက်နိုင်။ သူက အေးအေးဆေးဆေးရှိလွန်းကာ ဘာတစ်ခုမှ စွမ်းစွမ်းတမံ ပေါက်ပေါက်ရောက်ရောက် မရှိချေ။ မိသားစုအတွက် အားကိုးအားထားရာ အစ်ကိုကြီး အဖအရာတွင် ကိုသက်နိုင် တာဝန်ယူ မရပ်တည်နိုင်ခဲ့ချေ။ ကိုသက်နိုင်အောက်မှ မသက် အစ်မသည် နာတာရှည် ရောဂါသည်။ ထို ရောပါသည် အစ်မအား ပြုစု စောင့်ရှောက်နေရခြင်းဖြင့် မသက်အမေသည် အလုပ်လည်း မလုပ်နိုင်။ အလုပ်လည်း မလုပ်တတ်ချေ။ မသက်အောက်မှ အငယ်ဆုံးမောင်သည် အဖေဆုံးတော့ လူမမယ် အရွယ်လေးပင် ရှိသေးသည်။

အဖေရှိတုန်းက ရပ်ကွက်ထဲတွင် မသက်တို့ အိမ်စီးပွားရေးသည် တောင့်တောင့် တင်းတင်းရှိသည်။ အမေ ဒေါ်သိန်းတန်နှင့် သားသမီး လေးယောက်ကို အဖေဖြစ်သူ ဦးအံ့မောင်က မတောင်းမတ မကြောင့် မကြ ဘဝတွင်ထားသည်။ မသက် အမေ ဘာအလုပ်မှ လုပ်စရာမလို။ အဖေလုပ်သူ ဦးအံ့မောင် တစ်ယောက် စီးပွားရေးနှင့် လုံးချာလည်လိုက်ကာ ငွေနောက် တကောက်ကောက် လိုက်နေချိန်တွင် မသက်တို့ အစ်ကိုကြီးဆုံး ကိုသက်နိုင်သည် အဖေ၏ အုပ်ထိန်းမှုအောက်မှ လွတ်နေလေ့ရှိသည်။ ဦးအံ့မောင်၏ သားအကြီးအပေါ် အုပ်ထိန်းနိုင်မှု စွမ်းပကားသည်် ခပ်ပေါ့ပေါ့ ခပ်ပါးပါး ကျိုးလွယ် ပဲ့လွယ်သော သြဇာသက်ရောက်မှုလောက်သာရှိသည်။ အမေကလည်း ရောဂါသည် သမီးအကြီးကိုသာ တစ်နေကုန် ပြုစုနေရတော့ ကိုသက်နိုင် ဆေးစွဲကာ ဆေးသမား ဖြစ်သွားချိန်တွင် ဘယ်သူမှာ တားဆီးလို့ မရတောချေ။ ကိုသက်နိုင် ဆေးစွဲတော့ ရှစ်တန်းကျောင်းသား အရွယ်ပင် ရှိသေးသည်။

ကိုသက်နိုင် ရှစ်တန်းမှာပင် အဖေဆုံးသည်။ အဖေအသက်ရှင်စဉ်တုန်းက ရှာဖွေစုဆောင်ခဲ့သော ရတနာများ၊ အတွင်းပစ္စည်း အထုပ်အထည်များကို တဖြည်းဖြည်း ထုခွဲရောင်းချရကာ သားအကြီးက ဖြုန်းလိုက်၊ သမီးအကြီး ရောဂါအတွက် ဆေးကုလိုက်နှင့် မသက်တို့ မိသားစုတွင် ဝင်ငွေ မရှိပဲ တအိအိဖြင့် ဦအံ့မောင် ရှိစဉ်က အတိုင်း ဆက်လက် နေလာခဲ့ကြသည်။ ဘီးလုံးတို့သည် အရှိန်ရှိသည့်အခါ တစ်လိမ့် တစ်လိမ့်ဖြင့် သွားနေသော်လည်း အရှိန်ကုန်သည့် အခါတွင် ရောက်သည့်နေရာ၌ လဲကျတတ်လေသည်။ ဒေါ်သိန်တန်တို့ မိသားစု ဘီးလုံးသည်လည်း ဦးအံ့မောင်ရှိစဉ်တုန်းက အရှိန်ဖြင့် ဆက်လက်၍ လိမ့်ကာလိမ့်ကာ သွားနေသေးသော်လည်း အချိန်တန်လို့ အရှိန်ကုန်ကာ ပြိုလဲတော့မည့် အရိပ်အရောင်များ စတင်မြင်ရတော့သည်။

မိသားစု စားဝတ်နေရေးကျပ်တည်လာသည်။ မသက် အရွယ်ရောက်လာချိန်တွင် အိမ်သုံးစရိတ် ပိုမိုများပြားလာသည်။ အိမ်တွင်းပစ္စည်းများ တစ်စတစ်စနှင့် ပေါင်နှံရောင်းချလာခဲ့သည်မှာ ကုန်ခန်းလုနီးပါရှိပြီ။ မသက် ဆယ်တန်းရောက်သည်တွင် အမေ နောက်ထပ် အိမ်ထောင်ပြုခဲ့သည်။ ဆေးသမား လူရွယ်တစ်ယောက်၊ ရောဂါသည် မိန်းကလေးတစ်ယောက်၊ အထက်တန်းကျောင်းသားမောင် တစ်ယောက်နှင့် အပျိုဖြန်းအရွယ် မိန်ကလေးတစ်ယောက်တို့ ရှိသော မသက်တို့ အိမ်ပေါ်သို့ အမေသည် တစိမ်းယောကျင်္ားတစ်ယောက် ခေါ်တင်လာသည်။

အမေ မထိန်းနိုင်သော သားအကြီး ကိုသက်နိုင်ကို ထိန်းကွပ်နိုင်ရန် နှင့် မိသားစု စီးပွားရေး ကျောထောက်နောက်ခံ ရစေရန် ရည်ရွယ်ကာ အမေ နောက်အိမ်ထောင်ပြုခဲ့သည်။ သို့ရာတွင် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ရကာ အမေ့တွက်ဆချက်တို့ မှားယွင်းခဲ့သည်။ အမေနောက်အိမ်ထောင်ပြုပြီး တစ်နှစ်အတွင်းမှပင် ပထွေးလုပ်သူက စီးပွားရေး အရင်းအနှီးလိုသည်ဟုဆိုကာ အဖေထားခဲ့သော အိမ်နှင့်မြေကို ရောင်ချခဲ့သည်။ အိမ်နှင့် ခြံ တွင်နေရသော မသက်တို့ တိုက်ခန်းသို့ ပြောင်းနေကြရသည်။ အိမ်နှင့် ခြံ ရောင်းရငွေကို ပထွေးလုပ်သူက အုပ်စီးလျက် ခြေရာဖျောက် ထွက်ပြေးသွားသည်။ အမေ့ဘဝသည် မသေရုံ တမယ်သာ ကျန်တော့သည်။ သားသမီးတို့ အပေါ်တွင်လည်း အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည့် အပြင် ငွေးကြေးဥစ္စာတို့သည်လည်း ပြုတ်ပြုတ်ပြုန်း ပျက်ဆီးကုန်သည်။

ထိုအချိန်တွင် မသက်သည် ဆယ်တန်းကို နှစ်ကြိမ််ကျပြီးခဲ့လေပြီ။ မိန်းမတို့မည်သည် အဆင်းရှိတတ်ရာ၏ သို့တည်းမဟုတ် အရည်အချင်းသော်လည်း ရှိတတ်ရာ၏။ အဆင်း မရှိ၊ အချင်းလည်း မရှိသော မိန်မတို့သည်ကား ဖွဲစကွဲမျှသာ ဘာမှ အသုံးမဝင် တော့ဟု အမေကပြောလေ့ရှိသည်။ အဆင်းတည်းဟူသော ရုပ်ရည်ရူပကာသည် မသက်တွင် ရှိပါ၏။ အတန်းပညာက ဆယ်တန်းကို နှစ်ခါကျပြီးသည့် နောက်ပိုင်းတွင် ကျောင်းထွက်လိုက်သည်။
အသက် နှစ်ဆယ်ကျော် အရွယ် မသက်အတွက် အိမ်ထောင်ပြုရမည်လော။ သို့တည်းမဟုတ် အသက်မွေး ဝမ်းကျောင်းစရာ ပညာလေး တစ်ခုလောက်သင်ပြီး မိသားစုကို ထောက်ပံ့ရမည်လောဟု အနာဂတ်အတွက် စဉ်းစားစရာ အတွေးစများ တစစနှင့် လွန်ဆွဲ အားကောင်းလာသည့် အချိန်ကာလများလည်း ဖြစ်သည်။

အလုပ်အကိုင် ရှားပါးသော မြန်မာပြည် အနေအထားတွင် အရောင်းဝန်းထမ်းစာရေးမ အလုပ်တစ်ခုရဖို့ရန်ပင် မသက်အတွက် ခက်ခဲလှသည်။ ကိုယ့်တွင် ရှိသော ရုပ်ရည် ရှုပကာကို ငွေးကြေဖြင့် ဝယ်ယူလိုသူတွေလည်း တစ်ပုံတစ်ပင် ပင်။ သို့ရာတွင် မသက် ကိုယ့်ခန္ဓာကိုယ်ကို ထိန်းသိမ်းသည်။ ဆယ်တန်းမအောင်၊ ပညာသာ မတတ်ပေသည့် ညဏ်စွမ်း ညဏ်စ တို့ကို အသုံးချလျက် မိသားစု ဆင်းရဲကျပ်တည်မှ လွတ်မြောက်အောင် ကြိုးစားရမည်ဟု ကိုယ့်ကိုယ်ကို အားပေးထားသည်။ မြေနိမ့်ရာ လှံစိုက်လိုသူတွေက မသက်တို့ မိသားစုအပေါ် မျက်လုံး ဒေါက်ထောက်ကြည့်ကြသည် ကျားသတ္တဝါတို့ က သမင်ငယ်ဖြစ်သော မသက်ကို အသာငန်းငန်း ချောင်းမြောင်းနေကြသည်။ အကွက်ကောင်းကို ချောင်းမြောင်းကာ အာနည်းသူတို့အပေါ် အနိုင်ယူလိုကြသည့် ဥပဒေ အစိုးမဲ့သော လူ့အဖွဲ့အစည်းတွင် မသက်တို့ မိသားစု လူဖြစ်လာကြရသည်။

တစ်နေ့တွင် ရပ်ကွက်ထဲမှ နီးစပ်ရာ ပွဲစားမိန်းမလည်တစ်ယောက်မှ မသက်ကို ချဉ်းကပ်လာသည်။ မသက် နိုင်ငံခြား သွားချင်လျင် နည်းလမ်းတွေရှိကြောင်း၊ နိုင်ငံခြားတွင် အလုပ်လုပ်ပါက အဆင်ပြေကြောင်း စကားလမ်းပေး စပ်ဟပ်လာသည်။ မသက်သိသည်။ ဘန်ကောက်နိုင်ငံ၊ တရုတ်နယ်စပ် နိုင်ငံများသို့ မြန်မာပြည်မှ မိန်ကလေးများအား လူကုန်ကူးကာ ရောင်စားလေ့ရှိသည်ကို မသက် နားလည်ထားသည်။ မိန်းကလေးများအား အတင်းအဓ္ဓမ အနိုင်အထက်ပြုကာ ပြည့်တန်ဆာ လုပ်ခိုင်းကြသည်။ ထို့နောက် ထိုမိန်ကလေးများ အေအိုင်ဒီစက် ရောဂါများရလျက် မိဝေးဘဝေး တစ်ရပ်တစ်ကျေးတွင် မိမိတို့၏ မိဘ နာမည်ကို တလျက် အသက်ဆုံးရှုံးကျရသည်။ သို့အတွက် ထိုကဲ့သို့ နိုင်ငံခြားသွားမည်ဆို့လျင်တော့ မသက် ဘယ်တော့မှ နိုင်ငံခြားမသွားလို။ လူ့အခွင့်အရေး အပြည့်အဝ ပေးစွမ်းသော နိုင်ငံကြီးများဆိုလျင် သွားမည်ဟု ဆုံးဖြတ်ထားသည်။

“မသက်..ဘယ်လိုလဲ။ ညည်း နိုင်ငံခြား သွားချင်လား.. ငါ့မှာ အဆက်အသွယ်တွေရှိတယ်။ ညည်းလို ရုပ်ရည်မျိုးဆိုရင် အလုပ် ကောင်းကောင်းရမှာ အသေအချာပဲ”
“ရှင်ပြောတဲ့ အလုပ်တွေဆိုတာ ကျွန်မသိပါတယ်။ အဲဒီ အလုပ်မျိုးတွေနဲ့ ဆိုရင်တော့ ကျွန်မ မသွားလိုဘူး”
“ညည်း မိသားစုကိုလည်း ညည်းပြန်ကြည့်အုံးလေ..ညည်းတို့မှာ ဒီလောက် ငွေကြေးကျပ်တည်းနေတော..ဘယ်လိုအလုပ်မျိုး မဆို လုပ်မှပေါ့အေ…အခုဟာကလည်း ညည်းကို သဘောကျနေတဲ့ လူက ပိုက်ဆံ အများကြီးပေးမှာတဲ့ အေ့”
“ဟင့်အင်..ကျွန်မ အဲဒီလို အလုပ်မျိုးတော့ မလုပ်လိုဘူး..ကျွန်မ ခွန်အားတွေ အသိညာဏ်တွေ အသုံးချပြီး ကြိုးစားအလုပ်လုပ်တာမျိုး သဘောကျတယ်.”
“အမလေးဟယ်….ညည်း နဲ့ကျမှ အပြောရကျပ်လိုက်တာ..”
“ဟုတ်တယ်..ကျွန်မ သွားရမယ်ဆိုရင်တော့ အမေရိကန်လို နိုင်ငံမျိုးကို သွားမယ်. ဒါဆိုရင် ရှင်ပြောတဲ့ မဟုတ်က ဟုတ်က ပြည့်တန်ဆာ အလုပ်မျိုးတွေလည်း လုပ်စရာ မလိုတော့ဘူး”

No comments:

Post a Comment