တခါကသူငယ်ချင်းတစ်ယောက်


'ကမ္ဘာမကြေ ဗမာပြေ ဒို့ဘိုးဘွား အမွေစစ်မို ချစ်မြတ်နိုးပေ...ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ ကာကွယ်မလေ..' မနက်ကိုးနာရီထိုးပြီးတာနဲ့ တပြိုင်နက် ကျောင်းတက်ခေါင်းလောင်းသံကို စတင်ကြားရပြီ။ အဲဒီနောက် နိုင်ငံတော်သီချင်း သံပြိုင် သီဆိုသံက အမက(၁၃) ကျောင်း ခန်းမဆောင်ကနေ ဟိန်းပြီးထွက်လာသည်။ ဒီရပ်ကွက်ထဲမှာက အခုလိုကျောင်းဖွင့်တဲ့ ရက်တွေဆိုရင် ကျောင်းသားတွေရဲ့ ကစားသံ၊ စာအံသံတွေနဲ့ ဆူညံနေလေ့ရှိသည်။ ကျောင်းလေးက အမက ကျောင်းဆိုတော့ ခပ်သေးသေးရယ်။ ကျောင်းရဲ့အနီးအနား ပတ်ဝန်းကျင်မှာ ရှိတဲ့မိသားစုတွေကပဲ ဒီကျောင်းလေးမှာ သူတို့ သားသမီးတွေကို လာထားကြတယ်။ သာမန် အခြေခံလူတန်းစားတွေ လက်လုပ်လက်စား မိသားစုတွေ နေထိုင်တဲ့ ရပ်ကွက်ကွက်ထဲမှာရှိတဲ့ ကျောင်းဆိုတော့ ကျောင်းနဲ့အိမ်တွေနဲ့က ပုံသဏ္ဍာန် သိပ်ပြီးမကွာခြားလှဘူး။ အိမ်တွေကလည်း ခပ်စိပ်စိပ် ခပ်သေးသေး ကျောင်းကလည်း ခပ်သေးသေးရယ်။ ကျောင်းတက်ခေါင်းလောင်းကို တော့ ကျောင်းအုပ်ဆရာမကြီးက ကျောင်းရှေ့ရပ်ပြီ လှုပ်တာ။ ပါးစပ်နဲ့ အောင်ခေါ်တဲ့အခါလည်း အော်ခေါ်ပေါ့။ အော်ခေါ်လို့ မရတဲ့ ကောင်ဆိုရင်တော့ ကြိမ်လုံးစာ မိဖို့သာ ပြင်ပေတော့။

ဆရာမလေးယောက်၊ ဆရာတစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ကျောင်းဆောင်လေးက ဒီရပ်ကွက်ထဲမှာရှိတဲ့ မိသားစုတွေ အတွက်ကတော့ သူတို့သားသမီးတွေရဲ့ အနာဂတ်အိမ်မက်တွေကိုဖန်တီးပေးမဲ့ ရဲတိုက်ကြီးပေါ့။ ကျောင်းရှေ့မှာက ရေခဲချောင်းဆိုင်၊ ငုံးဥပြုတ် ကြက်ဥပြုတ်ဆိုင် နဲ့ ဇီးသီးဆိုင်တွေက ကျောင်းကို ကာရံထားကြတယ်။ တခါတရံ ကျောင်းတက်ခေါင်းလောင်းသံနဲ့၊ ရေခဲချောင်းဆိုင်က ခေါင်းလောင်းသံက ရောနေတတ်သေးတယ်။ ကျောင်းတက်ပြီဆိုရင် ပထမဆုံး နိုင်ငံတော် သီချင်းကို ဆိုရတာပဲ။ ကျောင်း ခန်းမကြီးထဲမှာက အတန်းလိုက် အတန်းလိုက် အုပ်စုခွဲပြီး ထိုင်ကြရတယ်။ အခန်းဆိုတာတော့ ဘယ်ရှိမလဲ။

ခုနစ်နှစ် ရှစ်နစ် အရွယ် ကောင်လေးတွေ၊ ကောင်မလေးတွေ မတ်တပ်ရပ် လက်ပိုက်ပြီး ရိန်ထိုး ရိုင်ထိုးနဲ့ မညီမညာ ဆိုနေတာကို ဆရာမကြိမ်လုံးက ခေါင်းပေါ်ကို မကြာခဏ ဝဲပေးနေရတယ်။ လေးတန်းကျောင်းသူ ကျောင်းသား အယောက် ၅၀ လောက်ရှိတဲ့ အတန်းမှာ တူညီတာ တစ်ခုက ယောင်္ကျားလေးရော မိန်းကလေးပါ သနပ်ခါးပါးကွက်ကို ဝိုင်းပြီး ထူပိန်းနေအောင် လိမ်းထားကြတယ်။ ကျောင်းသား မိဘတွေ အိမ်မှာ သနပ်ခါးပင်တွေ ကိုယ်စီစိုက်ထားကြသလား မသိဘူး။

သနပ်ခါးပါးကွက် ထူထူ၊ ကျောင်းစိမ်းဘောင်းဘီတို က ဆော့လွန်းလို့ အလယ်ခေါင်က ချုပ်ရိုးပြဲတာကို အပ်ချည်အဖြူရောင်နဲ့ ပင့်ကူယက်သလို ပြန်ချုပ်ထားပြီး နိုင်ငံတော် သီချင်းကို မျက်လုံး စုံမှိတ် အော်ဆိုကာ ဘေးကကျောင်းသားတွေနဲ့ ပခုံးချင်း ပြိုင်တိုက်နေတဲ့ ကောင်လေးတစ်ယောက် ဆရာမရဲ့ ကြိမ်တော် ခေါင်းပေါ် ဗြုန်းကနဲ ကြလာတော့မှ တည့်တည့် မတ်မတ် ပြန်ဖြစ်လာတယ်။
'ဘကောင်း ကောင်းကောင်းရပ်ပြီး ဆိုစမ်း'
အော်သံနဲ့ အတူ ဆရာမ မျက်လုံးမျက်လုံးက ပုစွန်မျက်လုံးလို ပြူးပြီးထွက်လာတယ်။ ကြိမ်လုံးကလည်း လေထဲမှာ ပိတုံးတွေ အော်သလို့ တရွှီးရွှီး နဲ့ မြည်လာတော့မှ နိုင်ငံတော် သီးချင်းဆိုသံက ပိုကျယ်လာပြီး လှုပ်ရမ်းနေတဲ့ ခန္တာကိုယ်တွေ တည့်တည့်မတ်မတ်နဲ့ ပြန်ငြိမ် လာတယ်။ အရိုက်ခံလိုက်ရတဲ့ ဘကောင်းကတော့ အဲဒီမနက် စောစောစီးစီး ဗျောတီးခံလိုက်ရတဲ့ အတွက် ငိုမဲ့မဲ့နဲ့ ကျန်ခဲ့ရသည်။ နှပ်မညှစ်ပဲ တရှုံရှုံ လုပ်လွန်းလို့ နှပ်တွေက နှာခေါင်းပေါက်ဝမှာ အသက်ရှုတာနဲ့ အတူ ထွက်လာလိုက် ဝင်သွားလိုက်နဲ့ မျက်လှည့်ပြသလို ကလူသလို မြူသလို လုပ်နေတဲ့ ထွက်လုထွက်ခင် နှပ်တွေကို လက်ဖမိုးနဲ့ အမှီ တချက်ဆွဲသုပ်လိုက်သည်။
'...အကျိုးကို ညီညာစွာ ဒို့တတွေ ထမ်းဆောင်ပါစို့လေ ဒို့တာဝန်ကြေ..'
နိုင်ငံတော်သီချင်းကို ကမြောကသော အဆုံးသပ်လိုက်ပြီး အရှေ့မှာ ရပ်နေတဲ့ ဆရာမမျက်နှာကို တချက် လှမ်းကြည့်လိုက်သည်။

လွယ်အိပ်အသစ်ကလေးကို ပခုံးစောင်း လွယ်ထားသော ကောင်လေးတစ်ယောက် အခန်းရှေ့တွင် ခပ်ရွံရွံလေး ပေါ်လာမှ ဆရာမအာရုံသည် ထိုကောင်လေးအပေါ်ရောက်သွားသည်။ ဖိနပ်ကို လက်တဖက်ကကိုင်လျက် ကျန်လက်တဖက်ကလက်ညိုးတစ်ချောင်းထောင်ကာ အခန်းထဲသို့ ဝင်ခွင့်တောင်းနေသော ညိုမှောင်မှောင် အသားအရေနှင့်ကောင်လေးကို အားလုံးက စူးစမ်းသော မျက်လုံးများနှင့် ဝိုင်းကြည့်ကြသည်။ သေချာသည် ကျောင်းသားအသစ်တစ်ယောက် ဘကောင်းတို့ အတန်းထဲသို့ ရောက်လာတော့မည်။ ဘကောင်းတို့သူငယ်ချင်း အုပ်စု ကစားစရာ အဖေါ်တစ်ယောက် တိုးလာတော့မည် အသိနှင့် စိတ်လှုပ်ရှားစွာ အချင်းချင်း အချက်ပြကြသည်။ မိန်းကလေး အုပ်စုတွေကလည်း ဘာတွေ ပြောနေကြသည်မသိ တီးတိုးတီးတိုးနှင့် ပွစိပွစိအသံတွေက ဟိုတစ်စ ဒီတစ်စထွက်လာပြန်သည်။ အတန်းပိုင် ဆရာမကတော့ ထိုတီးတိုး ဆူညံသံတွေကို အာရုံမစိုက်အား။
'အရှေ့ကို လာခဲ့' ဟု ဆရာမခေါ်သံနဲ့ အတူ ကျောင်းသားသစ်ကလေး ကြောက်ရွံစွာနှင့် အရှေ့ရောက်သွားသည်။

ဘကောင်း ထိုင်ရသည့် ခုံတန်းသည် အရှေ့ဆုံးမှ ဆိုလျှင် ငါးတန်းမြောက် ခုံတန်း။ ထိုင်ရတော့ ပါကေးခင်းထားသော ကြမ်းပြင်ပေါ် လေးယောက် တစ်တန်း။ ကျောင်းသူကျောင်းသားအားလုံး ကျောင်းပေါ်တွင် ဖိနပ်စီးခွင့်မရှိ။ ကျောင်းပေါ်တက်လျှင် ဖိနပ်ချွတ်ပြီး ကိုယ့်ဖိနပ်ကိုယ် ကိုင်၍တက်ရသည်။ စာရေးသည့် ခုံတန်းအောက်တွင် ဖိနပ်နှင့် လွယ်အိပ်ကို စီကာ ထားရသည်။ ကျောင်းဆင်းချိန် နီးပြီဆိုလျှင် ကိုယ့် ဖိနပ်ကို မျက်ချေမပြတ် ကြည့်ဘို့သာ ပြင်ပေရော.။ သို့မဟုတ် လျှင် ကိုယ့်ဖိနပ်သည် ရံဖန်ရံခါ အမှှိုက်တောင်းထဲသို့ ရောက်နေတတ်သလို့၊ အရှေ့ဆုံးမှ ဖိနပ်သည် အနောက် ဆုံးတန်းသို့ ရောက်နေတတ်ပြီး အနောက်ဆုံးတန်းမှ ဖိနပ်သည် အရှေ့ဆုံးသို့ ရောက်နေတတ်သည်။ တခါတရံ မိန်းကလေးများ ၏ ဖိနပ်များသည်ပင် ယောင်္ကျားလေးအတန်းဘက် ရောက်နေတတ်သည်။ဖိနပ်ပျောက်သည့် မိန်ကလေးများ ခမျာမှာငိုမဲ့ ငိုမဲ့။

ဘကောင်း၏ ဖိနပ်သည် အမြဲတမ်း ဂျီးများအထပ်လိုက် ကပ်နေတတ်သည့် ရာဘာဖိနပ်။ အထူးသဖြင့် ခြေမနှင့် ခြေဖနှောင့် နေရာများက ဂျီးအထူဆုံး။ ထို ဂျီးများက သံပြားနှင့်ရံဖန်ရံခါ တိုက်ချမှ ကွာသွားတတ်သည်။ ဘကောင်းထိုင်သည့် အတန်းသည် သုံးယောက်သာ ထိုင်နေသည့်အတွက် လူသစ်ကောင်လေးထိုနေရာသို့ လာထိုင်လိမ့်မည်။ ကမ္ဘာမကြေဆိုပြီးသွားသော်လည်း ဆရာမက မထိုင်ခိုင်းသေးသည့်အတွက် အားလုံးက မတ်တတ်ရပ်လျက်ပင်။ ကျောင်းသားများ အာရုံက ဆရာမဘေးတွင် ရပ်နေသော ကျောင်းသားအသစ်ပေါ် ရောက်နေခိုက် ဘကောင်း၏အာရုံက ဘေးကသူငယ်ချင်း၏ ဖိနပ်ကို အနောက်သို့ ကန်ထုတ်နိုင်ရန်အတွက် ခြေထောက်တဖက်က တဖြည်းဖြည်းနှင့် ဖိနပ်ကို ဆွဲယူလျက်ရှိသည်။
'ဘကောင်း' ဆရာမအော်သံကြောင့် ဘကောင်း တစ်ကိုယ်လုံး ဆတ်ကနဲ တုန်သွားသည်။ ဒီမနက် ကျောင်းသင်ခန်းစာ မစသေးခင် ဘကောင်းနာမည်ကို ဆရာမက နှစ်ခါ ခေါ်ပြီးသွားပြီ။
ငါတော့ အခြေအနေ မကောင်းတော့ဘူး အသိဖြင့် အနောက်တန်းက သူငယ်ချင်းဆီ ကန်ထုတ်ရန် အသင့်ဖြစ်နေသော ခြေထောက်ကို အသာကလေးပြန်ရုတ်ကာ လက်ပိုက်လျက် ဆရာမဆီသို့ မျက်နှာငယ်စွာဖြင့် လှမ်းကြည့်လိုက်သည်။ မိမိမျက်နှာပေး ငယ်ငယ်လေးကို ဆရာမများ သနားသွားလေမလား။ ယုတ်စွအဆုံး ရိုက်မည်ဟု ကြံရွယ်ထားသည့် ဆရာမ သနားသွားကာ ရိုက်မည့် အကြံလက်လျော့သွားလေမလား။
'ကျောင်းသားသစ် ကို နင့်ဘေးမှာ ထိုင်ပစေ။'
တော်ပါသေးရဲ့။ ဆရာမက ရိုက်ဖို့ ခေါ်တာမှ မဟုတ်ပဲ။
'ဟုတ်ကဲ ဆရာမ' အကျင့်ရနေပြီးသော တုန့်ပြန်သံဖြင့် လျင်မြန်စွာ တုန့်ပြန်ကာ ကျောင်းသားသစ်ဆီသို့ အပြုံးဖြင့် လှမ်းကြည့်လိုက်သည်။

ဤသို့ဖြင့် ကျောင်းသားသစ် တစ်ယောက် ဘကောင်းဘေးသို့ ကုတ်ကုတ်ကလေး ရောက်ရှိလာပါတော့သည်။
သူ၏ ဖိနပ်နှင့် လွယ်အိပ် ထားနိုင်ရင် ခုံအောက်မှ မိမိ၏ လွယ်အိပ်နှင့် ဖိနပ်ကို ဘေးသို့ တွန်းပို့ပေးကာ ဖိနပ်အောက်မှ သဲများကို လက်ဖြင့်ခါထုတ်လျက်
'မင်း ဘာလို့ နောက်ကျနေတာ လဲ' ဟု ဘကောင်း၏ အမြဲစပ်စုတတ်သော သဘာဝက အလိုအလျောက်ထွက်လာပါသည်။
'ငါ့ အဘ လှေထွက်တာ နောက်ကျလို့'
'မင်း က မြစ်ဆိပ် ဟိုဘက်ကမ်းက လာတာလား'
'အေး'
'မင်းက လှေ နဲ့ ကူးပြီး ကျောင်းလာတက်တယ်'
အံသြစွာ ကောက်ချက် ချမှုနှင့်အတူ ဘကောင်း ၏ စိတ်ဝင်စားမှုက တဖြည်းဖြည်း အရှိန်တက်လာခဲ့သည်။ ကျယ်ပြန့်လှသော မြစ်ရေပြင်ကို လှေဖြင့် ဖြတ်ကူးလျက် သူ့တို့ရပ်ကွက်စုတ်စုတ်မှ ကျောင်းသေးသေးလေးကို အားကြိုးမာန်တက် ဇွဲဖြင့် ကျောင်းလာတက်သော သူငယ်ချင်း အသစ် ကို အခြားသူငယ်ချင်းများကလည်း စိတ်ဝင်စားစွာ ခေါင်းချင်း ဆိုင်လာကြသည်။ သူ၏ အသားအရေက အမြဲနေလောင် ထားသည်ထင့်။ နက်မှောင်လွန်း၍ နက်ပြာရောင် ပင် သန်းနေတော့သည်။ လက်ဆစ် လက်ပေါက်များ က အခြားကျောင်းသားများနှင့်မတူ။ ပိုမို သန်မာနေသရောင်။ ပိုမိုကြီးမား နေသယောင်။ လှေလှော်သည့် လက်တွေပဲဟု ဘကောင်း ကောက်ချက် ချခဲ့သည်။သူ၏ လွယ်အိပ်သည် ပြားကပ်နေကာ အလွန်ဆုံရှိမှာ ဗလာစာအုပ် နှစ်အုပ်။ ပုံနှိတ် စာအုပ်ပင် ပါမည့်ပုံမပေါ်။ သူ့ ဖိနပ်က တာရာဖိနပ်။ ဘကောင်းဖိနပ်နှင့် ကွာသည့်က သူ့ဖိနပ်တွင် ဂျီးများ သိပ်ပြီးကပ်မနေ။ ကြည့်ရတာ ကျောင်းစတက်သည့်နေ့မို့လို့ ဖိနပ်မှ ဂျီးများကို ခွာချထားခဲ့သည်ထင့်။ ထို့ပြင် ကျောင်းသားအသစ်၏ ကျောင်းဘောင်းဘီ အစိမ်းရောင်က ဘကောင်းဘောင်းဘီကဲ့သို့ ချုပ်ရိုးရာများ ရှိမနေ။ အဝတ်အစားများက သစ်လွင်သည့် အသွင်သဏ္ဍန်ကို ပြနေသည်။
'မင်းနာမည် ဘယ်လိုခေါ်လဲ'
'......................'
'ကစားကျောင်း ဆင်းချိန် ငါတို့နဲ့ ဘုရားကျောင်းထဲ လိုက်ခဲ့မလား'
'အေး.. လိုက်ခဲ့မယ်'
'အခုချိန် ပုရစ်တွေ အရမ်းထွက်နေပြီကွ'
ကျောင်းသားသစ် ကောင်လေး၏ မျက်လုံး စိတ်ဝင်စားမှုဖြင့် အရောင်များ တောက်လာသည်။
‘ငါ့မှာ ပိုလိုကားတွေ ရှိတယ်’ ဟု ကောင်လေးက စတင် ၍ ဆိုလေသည်။
ဘကောင်း ၏ ပိုလိုကားချပ်များမှာ မနေ့ကပင် ဆရာမက အကုန်သိမ်းသွားသည်။
ထို့နောက် ကျောင်းသားသစ် ကောင်လေး၏ မျက်လုံးက ဇီးပြားစားနေသော ဘကောင်းဘေးမှ သူငယ်ချင်း တစ်ယောက်ဆီ ရောက်သွားကာ
‘ငါ ကို ဇီးပြား နည်းနည်းကျွေးစမ်းပါ’ ဟု ဆိုကာ အတန်းပိုင် ဆရာမဆီက တမတ်ဖိုးသုံးပြားဖြင့် ဝယ်စားရသော ဇီးပြားကို တောင်းစားလေသည်။
ဇီးပြားပိုင်ရှင် ကျောင်းသားက လက်သည်းလေးဖြင့် ဇီးပြားကို ဆိတ်ကာ ကျောင်းသားသစ်ကို ကြိုဆိုသောအားဖြင့် ကျွေးပါသည်။ ဤတွင် ချက်ခြင်း ဘကောင်းအပါအဝင် အခြားသူငယ်ချင်းများ၏ လက်များ တန်းဆီဖြန့်လျက် ‘ငါ့ ကိုလည်း နည်းနည်းကျွေးအုံး’ အသံများ အုန်းဆံလာပါတော့သည်။ ဤသို့ဖြင့် တမတ်ဖို့ သုံးပြားတန် ဇီးပြားသည် လက်သည်းလေးဖြင့် ဆိတ်ကာဆိတ်ကာ ဝေစုခွဲပေးရင်း ဇီးပြားအမှုန့်များပင် မကျန်အောင် မျက်တောင် တခတ်အတွင်း တက်တက်စင်အောင် ကုန်ပါတော့သည်။ ထိုသူငယ်ချင်းလည်း ကျန်နေသေးသည့် ဇီးပြားနှစ်ပြားကို ဘကောင်းအပါအဝင် တောင်းစားကြမည့် အငတ်သမားများရန် ရှောင်ရန်အလို့ငှာ စာအုပ်ကြားထဲသို့ အလျင်အမြန် ညှပ်လိုက်ရသည်။
လောင်းကစားစိတ် သန်လှသော ဘကောင်းက ကျန်နေသော ဇီးပြား နှစ်ပြားကို အသာငမ်းငမ်းလှမ်းကြည့်လျက်
‘နေ့လည် ကြရင် ဇီးပြားကြေး စာအုပ်လှန်တမ်း ချမလား’ ဟု အဖေါ်ညိုလေပြီ။
ဇီးပြားကြေး စာအုပ်လှန်သည် ဆိုသည်မှာ ကျောင်းသင်ခန်းစာ ပုံနှိပ်စာအုပ်ကို ခုံပေါ်တွင် ချထားကာ မိမိစိတ်တိုင်းကျ ကျရာစာမျက်နှာကို တစ်ကြိမ်လှန်ကြည့်ရပါသည်။ ထို့နောက် ထိုစာမျက်နှာ နံပါတ်ကို ပေါင်းကြည့်ကာ တစ်ဆယ်ထက်မကျော်သော နောက်ဆုံး နံပါတ်ကို ယူပါသည်။ သုံည မှ ကိုး အထိ ဖြစ်နိုင်ကာ ကိုး သည် အကြီးဆုံး နံပါတ်ဖြစ်သည်။

ထိုစဉ်က စားရသော ဇီးပြားသည် အလွန်အပြစ်ကင်းစင်ကာ အလွန်အရသာရှိလွန်းလှသည်ဟု ထင်မိပါသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

1 comment:

Post a Comment