လွတ်မြောက်ရာ


ခေါင်းတစ်ခုလုံး နာကျင်ကိုက်ခဲနေတဲ့ ဝေဒနာနဲ့ အိပ်ရာမှ နိုးလာခဲ့သည်။ အသိစိတ်က ပင်ပန်းနွမ်းနယ်လို့ ဖျားနာနေပြီ။ ဦးနှောက် ကလည်း ဘာတစ်ခုမှ အလုပ် မလုပ်တော့။ သူမကိုယ်တိုင် ကိုယ့်ရဲ့လက်ရှိ ဖြစ်ပျက်နေတဲ့အနေအထားကို ဝေဖန်ဆန်းစစ်နိူင်တဲ့ အတွေးစ တစ်မျှင်ကလေးလောက်မျှ မတွေးတောနိုင်။

သာလွန်ထူးကဲစွာ ပူပြင်းလှတဲ့ နွေရာသီရဲ့ မနက် ဆယ်နာရီ ထိုးသည့် အချိန်။ ဖန်ဝါနေမင်းက စကြာဝဠာ၏ အလယ် ဗဟိုတည့်တည့် အမြင့်ဆုံး အမှတ်သို့ ရောက်ရှိလို့ နေသည်။မိုးကောင်းကင်အောက် ရှိ အရာဝတ္တုအားလုံးကိုလည်း အရောင် တလက်လက် တောက်ပစေသည်။

အလင်းရောင်ဖြင့် ထိတွေသမျှ အာကာပြင် တစ်မိုးအောက်တခွင်ရှိအရာအားလုံးသည် ပူပြင်းလျက်၊ အလွယ်တကူ အရည်ပျော်သွားတော့ မယောင်။ လမ်းမ မျက်နှာပြင်များ အပေါ်မှ ကပ်တရာစေး အနံများကလည်း ထွက်လာနေသည်။ တချို့ ကတ္တရားများသည်ပင် လေထဲသို့ အငွေ့ပျံကုန်ကြပြီ။

အပူဒဏ်ကြောင့် လူသွား လူလာ တိတ်ဆိတ်လျက်ရှိကာ လမ်းမများပေါ်တွင် မကြာခ ဏ ဆိုသလို တလျှံညီးညီးထွက်ပေါ်နေသော တံလျှပ်များ ကြောင့် ရုတ်တရက် ကြည့် လိုက်လျှင် တံလျှပ်များ၏ နောက်ကွယ်ရှိ အရာများကို ပြက်ပြက်ထင်းထင်း မမြင်ရ။ ဝေ့ဝေ့ဝါးဝါးသာ ရှိလှသည်။စိုပြေ လန်းဆန်းနေသော ရွက်စိမ်းများပင်လျှင် တစ်ခဏ ချက်ခြင်း နွမ်းလျော် သွေ့ခြောက်သွားကြသည်။ သစ်ရွက်များသည်လည်း မကြာခင် ကြွေကျ တော့ မယောင် လှုပ်ခါ ယိမ်းနွဲ့နေကြ၏။

သူမအိပ်နေရသည့် ထပ်ခိုးက သုံထပ်ဆောင် အဆောက်အဦး၏ သွပ်အမိုး အောက်တည့်တည့်တွင် ရှိသည်။ ဤ ထပ်ခိုး အဆောင်ခန်းသည် သူမကဲ့သို့ မိန်းမတစ်ယောက်ကို အကျဉ်းထောင်သို့ မပို့ခင် ထိန်းသိမ်းဖမ်းချုပ်ထားရာ နေရာတစ်ခုလည်း ဖြစ်သည်။

နေလုံးက တစ်လက်မခြင်း တစ်လက်မ တဖြည်းဖြည်းမြင့်တက်လာသလို့၊ အခန်းတွင်းရှိ အပူချိန်ကလည်း တဖြည်းဖြည်းမြင့် တက်လာသည်။ အပူရှိန်ကြောင့် အဆောက်အဦး၏ အမိုးနှင့် နံရံများ တဖျစ်ဖျစ် အသံများ ပင် ထွက်နေတော့သည်။

အကယ်၍သာ အလင်းရောင်က သူမမျက်နှာကို ကန့်လန့်ဖြတ် ထိုးကျ မလာခဲ့လျှင် မိန်းမိန်းမောမော အိပ်စက်နေခြင်းမှ သူမနိုးထလာအုံးမည် မဟုတ်။ အလွန်ပူပြင်းလှသော ဤအခန်းအတွင်းမှ အပူချိန်က ခြွေးသီးခြွေးပေါက်များ ပြိုးပြိုးပြိုက်ပြိုက်ထွက်စေကာ သူမဝတ်ထားသည့် ချည်သားအင်္ကျီ နောက်ကျောဘက်တစ်ခုလုံးကို ရွှဲရွှဲစိုစေသည်။

အခန်း ဖွဲ့စည်း တည်ဆောက်ထားပုံကလည်း လူဝင်ပေါက် တံခါးမကြီးတစ်ပေါက်မှ လွဲ၍ ပြူတင်းပေါက်ငယ်များလည်း မရှိ။ အထူးသဖြင့် အခန်းတံခါးမကြီးကို ပိတ်လိုက်လျှင် အခန်းအတွင်း နှင့် အပြင်လောကကြီးအဆက်အသွယ် ပြတ်သွားပေတော့မည်။ သို့ပေသည့် အလင်းရောင်တန်းကတော့ နံရံနှင့် အမိုး အကြား ပတ်ကြားအက်မှ နေ၍ တိုးတိတ်ညင်သာစွာ တွားသွားဝင်ရောက်လာနေသေးသည်။

သူမ မျက်လုံးကို အားယူဖွင့်ကြည့်လိုက်သည်။ မနေ့ကတည်းက ဘာအစားအစာမျှ မစားရသေးကြောင်း သတိရမိ၏။ အသိတရားက တဖြည်းဖြည်း ဝင်လာသည်နှင့် ခန္တာကိုယ်တစ်ခုလုံး၏ သွေးများက သွေးကြေားများ အထဲ ပြင်ထန်စွာ ပေါက်ကွဲလုမတတ် တိုးဝင်နေကြလျှက် ရှိသည်။ နားထင် ဘေးတစ်ဖက် တစ်ချက် အထိ သွေးများ တိုးဝင်လာကာ ရှိသမျှ အသိအာရုံကြောများကို ဖိသိပ်လျက်ရှိနေသည်။ မကြာခင် သူမ၏ ဦးခေါင်းတစ်ခုလုံး ပွင့်ထွက်သွားတော့ မည့် အလား သွေးများ အထိန်းအကွတ်မဲ့စွာ ကပြောင်းကပြန် တွန်းထိုး ခုန်လှုပ်နေသည့် အသံကို သူမကိုယ်တိုင် ကြားရသည်။

သူမ ရုတ်တရက် စဉ်းစားမိလိုက်သည်။ သူမ၏ ဦးခေါင်းကို ခန္တာကိုယ်ကြီးမှ ခွာထုတ်ပစ်လျက် ဖိသိပ် ထုနှက် ရိုက်ချပစ်လိုက်မည်။ ဤသို့ဖြင့် ခေါင်းထဲမှ ရှိသမျှ ဝေဒနာများလည်း ပါးစပ်၊ နှာခေါင်း၊ နားရွက် အပေါက်များမှာ ယိုစီးထွက်ကျသွားစေမည်။ ထို့နောက် ကျိုးကြေ ကွဲထွက်သွားသော ဦးခေါင်းခွံ အရိုးများ၊ ဦးနှောက် အပိုင်းအစများ၊ ပြုတ်ထွက်သွားသော မျက်လုံးများ၊ သွားများကို တစ်စုတစ်စည်းတည်း ကြုံးယူကာ လုံးထွေးပစ်လိုက်မည်။ သွေးစိမ်းရှင်ရှင်များ တစိမ့်စိမ့် နှင့် လက်ချောင်းများ အကြားမှ ယိုစီးဆင်းကျလာစေလျက် ထိုလုံးထွေးထားသော မိမိ၏ ဦးခေါင်းအစိတ်အပိုင်းများ အလုံးအထွေးကို မီးမြှိက် လောင်ကျွမ်းစေကာ တလျံညီးညီးတောက်လောက်နေသော မီးဘောလုံးသဖွယ် အသွင်ပြောင်းစေလိုက်မည်။ ထို့နောက် အပြင်းထန်ဆုံးသော အရှိန်ဖြင့် အုတ်နံရံဆီသို့ ပစ်ပေါက်လိုက်မည်။ နံရံနှင့် ထိရိုက်မိသည့် တစ်ခဏ အခိုက်အတန့်အတွင်း စကြာဝဠာ အထိ မြည်ဟိန်းသောအသံ ကျယ်လောင်စွာပေါ်ထွက်စေလျက် သန်းပေါင်းမြောက်မြားစွားသော အမှုန်အမွားကလေးများ သဖွယ် ပြန့်ကျဲသွားပေလိမ့်မည်။ ထိုနှင့်အတူ သူမ၏ ပြင်းထန်သော ခေါင်းကိုက် ဝေဒနာလည်း ပျောက်ကွယ် သွားလိမ့်မည်။

ထိုကဲ့သို့ ကြီးမားလှသော ဝေဒနာ အတိုင်းအဆကို ခံစားနေရလျက် သူမ၏ အတွေးစဉ်များ လွင့်ကာ လွင့်ကာနှင့် စီးမျောနေခိုက်၊ ပြင်းထန်သော ရေငတ်သည့် ဝေဒနာက သူမ၏ လည်းချောင်း တလျောက် ဓါးသွားထက်ထက်နှင့် မွန်းသည့် အလား တိုက်ခိုက်လာပြန်သည်။ ဝေဒနာ သက်သာစေရန် အလို့ငှာ ရေစက်ကလေး တစက်လောက် သူမအော်ဟစ် တောင်းဆိုလိုက်သည်။ သူမ မည်သည့် အသံမျှ မရေရွက်နိူင်။ သူမကိုယ်ကိုင် ကိုယ့်နူတ်ခမ်းတွေ လှုပ်ရှားဖို့ ခွန်းအား မရှိတော့မှန်း သတိပြုမိသည်။ သူမ အရမ်း အားနည်း နေသည်။

စစ်ထောက်လှမ်းရေးမှ သူမကို မဖမ်းမိခင် နေ့တစ်ရက်ကို သတိရမိသည်။ ထို့နေ့က သူမ၏ တစ်နှစ်သား အရွယ် သားကလေးအား တွေ့ရန် သွားသည့်လမ်းပေါ်တွင် ဖြစ်သည်။ သားကလေးအား မွေးသည့် နေ့သည် သားကလေး၏အဖေအား စစ်ထောက်လှမ်းရေးများက အိမ်မှနေ၍ ဖမ်းဆီးခေါ်ယူသွားသည့် နေ့။ ထိုမှ စကတည်းက တစ်နွယ်ငင် တစ်စင်ပါလျက် စစ်ထောက်လှမ်းရေးများက သူမနောက်သို့ မျက်ခြေမပြတ် တရစက် စောင့်ကြည့်နေကြတော့သည်။ ထို့ကြောင့် သားကလေးအား သူမ၏အမေလက် အပ်ကာ ထားခဲ့လျက် အဝေးတစ်နေရာသို့ ပုန်းရှောင်ပြေးခဲ့သည်။

သို့ တိုင်အောင် အစိုးရ၏ ထောက်လှမ်းရေးသမားများက အကွက်ကျကျ စနစ်တကျ ပြင်ဆင်လျက် လမ်းထောင့်များ နေရာတိုင်းတွင် လျို့ဝှက်စွာ စောင့်နေကြသည်။ သားသည် မိခင်တစ်ယောက်သည် မည့်သည့်နည်းနှင့်မဆို သူမ၏ သားငယ်အား ပြန်လာကြည့်လိမ့်မည်ဟု မိခင်၏ မေတ္တာပမာဏကို ခန့်မှန်းလျက် သူမ၏ သားကလေးအား မမြင်တွေ့နိူင်ခင် လမ်းတဝက်မှနေ၍ သူမအား ဖမ်းဆီးချုပ်နှောင်ခဲ့ကြသည်။

သူမအား ဖမ်းဆီးချုပ်နှောင်ရန်အတွက် မဖြစ်နိုင်ဆုံးသော ရယ်စရာကောင်းသည့် အကြောင်းပြချက်ကား ရဟန်းသံဃာတော်များ စုရုံးလမ်းလျှောက်ကြသည်တွင် အစားအစာများ နှင့် သောက်ရေများ ဆည်းကပ် လှုဒါန်းမိသည့် အတွက်ဟု ဆိုလေသည်။ အဘယ်ကဲ့သို့သော ရူးသွပ်ရယ်ရွင်ဖွယ် အကြောင်းပြချက် တစ်ခုပေတည်း။

တိုင်းပြည်အတွင်းတွင် အလွန်အမင်း ယိုယွင်းပျက်ဆီးနေသည်ကိုလည်း သူမ သိရှိနားလည်ထားသည်။ စစ်အုပ်ချုပ်ရေးမှ အစိုးရ အရာရှိများသည် ရွံရှာဖွယ် စီးပွားရေးသမားများနှင့် ခြေကျင်လိမ် ရောမွေပေါင်းစည်းလျက် သူတို့၏ မွေးနေ့ပွဲများ စည်ကား သိုက်မြိုက်စွာ ကျင်းပနေချိန်တွင် တဖက်က ပြည်သူပြည်သားများသည် အစားရေစာ ငတ်မွတ်ခေါင်းပါးသည့် ဒဏ်ကို ခံစားကြရလျက် သေကြေပျက်ဆီးကြရသည်။

အမှန်တော့ သူမသည်လည်း သာမန် မိန်းမတစ်ယောက်ပါပဲလေ။ဒါပေမယ့် လူ့အဖွဲ့အစည်းတွင် မည့်သည့် အရာသည် မှန်သည်။ မည့်သည့် အရာကတော့ မှားသည် ဟူ ၍ ခွဲခြမ်းစိတ်ဖြာကာ အမှန်အတွက် မားမားရပ်တည်ခဲ့သည်။ လူ့ဘဝ နေထိုင်မှု အဆင့် အတန်း အနိမ့် အမြင့် ခြားနားခြင်းကို သိရှိနားလည် အကဲဖြတ် ဝေဖန်တတ် စေရန် လူတစ်ယောက် အနေဖြင့် ထူးကဲသော အသိပညာညဏ်များရှိရန် မလိုအပ်ပေ။ လူအဖွဲ့ အစည်းတွင် လူတိုင်း ညီတူ မျှတူ အဆင့် အတန်းတူ ညီမျှစွာ နေထိုင်နိူင်စေရင် အခြေခံ စည်းကမ်းဥပဒေများက ရှိနေရပါသည်။ အကယ် ၍သာ လူအဖွဲ့အစည်းတစ်ခုတွင် ထိုကဲ့သို့သော အခြေခံ ဥပဒေများ မရှိ၊ ပျောက်ဆုံးနေလျှင်၊ လူတစ်ယောက်အနေဖြင့် အသေအချာ ကျိုးကြောင်း ဆင်ခြင် ဝေဖန် သုံးသပ်ကြည့် ၍ ရနိူင်သည်ကား ထိုကဲ့သို့သော ကျွနု်ပ်တို့ နေထိုင်ကြရသည့် လူ့အဖွဲ့အစည်းသည် လုံးဝဥသုံ ပျက်ဆီးယိုယွင်းနေသည်ဟု ဝေဖန်နိုင်ပေသည်။

သူမသည် ခင်ပွန်သည် ယောင်္ကျား အား ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှစ၍ ပြည်သူလူထု၏ အစွမ်းအစ ပြည်သူ့အာဏာအပေါ်တွင် ယုံကြည် ကိုးစားလာခဲ့ရကာ ပြည်သူလူထုသည်သာ သူမ၏ ဘဝနှင့် တိုင်ပြည် အတွင်းမှ ဘဝပေါင်း မြောက်မြားစွာကို ဖိနှိတ်ချုတ်နှောင်မှုများ အောက်မှ လွတ်မြောက်အောင် လုပ်နိူင်လိမ့်မည်ဟု ယုံကြည်လာခဲ့သည်။ သူမ ဘဝ၏ ချစ်ခင် နှစ်သက်သည့် လူများ ဆုံးရှုံးရသည့် ဘဝအဓိပ္ပာယ်ကို မည်သူမှ နားလည်နိူင်မည် မဟုတ်ချေ။

သူမ သည် ခွန်အားများမြင့်တင်လျက် ကိုယ့်ကိုယ်ကို အားတင်းကာ တိုင်းပြည်၏ အနာဂတ်ကို ပြောင်းလဲနိူင်မည့် အားများကို မောင်းနှင်ရတော့မည်။ အမှောင် ကမ္ဘာတွင် နေထိုင် နေရသည်မှာ အချိန်ကာလအားဖြင့် တော်တော် ကြာမြင့် နေပြီ။ အပြောင်းအလဲများ ဖြင့် တောက်ပနေမည့် အနာဂတ် အလင်းရောင် လိုလေပြီ။

အနန္တမေတ္တာဖြင့်
ဘကောင်း

1 comment:

weik.zar said...

ကိုဘကောင်းရေ။No comments yet တွေ့တာကြောင့်Uncle Win Tin ရဲ့စကားနဲ့comment လုပ်လိုက်တယ်။“အာဏာရှင်ကိုပလ္လင်ပေါ်ကဆွဲချတဲ့အခါအဆင်မသင့်ရင်အသက်တောင်ပေးချင်ပေးရလိမ့်မယ်ဆိုတာလည်းကျနော်တို့မြင်ထားဖို့လိုပါတယ်”

Post a Comment