အေးအေးမာကတော့ ရှေ့မှာ ထိုင်လျက် ဘကောင်းဘက်လှည့်ပြီး ခဲတံ သို့မဟုတ် ပေတံ ငှားသလိုလိုနှင့် ဘကောင်းတွက်ပြီးသမျှ အဖြေများကို လှည့်ကာ လှည့်ကာ ကြည်လေ့ရှိသည်။ ပြီးတော့ ငှားထားသည့် ခဲတံ၊ ပေတံတို့ကို ပြန်ပေးဖို့ သတိမရတော့။ သူမ အကျင့်က အဲဒီလို။
အခုလည်း ဘကောင်းသချင်္ာတွက်ပြီးတော ပုံဆွဲဖို့ ခဲတံလိုက်ရှာတော့ ဘယ်မှ ရှာလို့ မရ။ ခုံအောက် ငုံ့ကြည့်သည်။ မတွေ့။
ငတော် ကို လှည့်ကာ မေးကြည့်ရသည်။
“ငတော်..ငါ့ခဲတံ ယူထားလား”
“ငါ မယူထားဘူး”
ငတော်ကတော့ ညာမပြောတတ်။ ဘကောင်း တစ်လောကလုံးကို တရားခံစစ် စစ်သလို လိုက်မေးရတော့မည်။ ခုံအောက်မှာ မရှိတာလည်း အသေအချာ။ နံဘေးက ခုံအောက်တွေပါ အကုန် ရှာကြည့် ပြီးပြီ။ ဘကောင်း စိတ် နည်းနည်း တိုလာသည်။ ဘယ်နဲ့ ဒီခဲတံက ဘယ်ကို ရောက်သွားရပြန်တာတုံး။
“လှိုင်ဘွား မင်း ငါ့ခဲတံ ယူထားသေးလား”
လှိုင်ဘွားသည် ခေါင်းသာ ရမ်းပြနိုင်တော့သည်။ သူ့တွင် အခုထိတိုင်း သချင်္ာပုစ္ဆာတွေက တွက်လို့ မပြီးနိုင်သေး။ ဘကောင်းတို့သူငယ်ချင်း အုပ်စုတွင် လှိုင်ဘွားသည် ဉာဏ်ထိုင်းအထိုင်းဆုံး။ ခေါင်းသာ ရမ်းပြနိုင်သော လှိုင်ဘွားက ရှေ့တွင် ထိုင်နေသော အေးအေးမာ နောက်ကျောကို တချက်လှမ်းကြည့်လျက် မေးတချက်ငေါ့ပြသည်။ သဘောကတော့ အေးအေးမာ ယူထားနိုင်သည်ပေါ့။
ရှေ့တွင် ထိုင်နေသော အေးအေးမာကို လှမ်းကြည့်လိုက်တော့ တွေ့ပါပြီ။ အလဲ့ သူမက ဘကောင်း ခဲတံနှင့်ပင် သချင်္ာတွေ အသေအချာ တွက်နေသည်။ ဘကောင်း စိတ်က နဂိုကတည်းက မြန်ပါဘိနဲ့။ သူ့ခဲတံကို အေးအေးမာယူပြီး သုံးနေတာ မကြိုက်။ စိတ်တိုသွားသည်။
“အေးအေးမာ..ငါ့ခဲတံ ပြန်ပေး..အဲဒါ ငါ့ခဲတံ…နင်ငါ့ခဲတံ ခိုးထားတယ်”
နောက်ကနေ ဘကောင်းက လှမ်းပြောတော့ အေးအေးမာ ရုတ်တရက် ကြောင်အမ်းအမ်းဖြစ်သွားသည်။ ပြီးတော့ သူ့ကို လည်း ခဲတံ ခိုးထားတယ်တဲ့။ အဆုံးအစမရှိ ဗြုန်းကနဲ လှမ်းပြောပြီး စွတ်စွတ်စွဲစွဲ။ အေးအေးမာကို ဒါမျိုး လာပြောလို့ကတော့ အခြားလူဆိုဘယ်ရမလဲ။ အေးအေးမာ နူတ်က တစ်ခါတည်း ပြန်ပက်ထဲ့လိုက်မှာ။ ဒါပေမယ့် ဘကောင်းကိုတော့ အေးအေးမာ ရှိန်သည်။ ရှိန်တာထက် ပိုပြီးတော့ ခင်တွယ်မှုကပိုများသည်။
“ရော့..နင့်ခဲတံဆို ပြန်ယူ. ငါ့ ခုံအောက်က ကောက်တွေ့တာ။ နင့်ခဲတံမှန်း မသိလို့”
အေးအေးမာ နောက်လှည့်ပြီး ဘကောင်းကို ခဲတံပြန်ပေးသည်။ သို့သော် ဒီလို အလွယ်တကူနှင့် ဘကောင်း မကျေနပ်နိုင်။
“နင် ခိုးထားတာပါ…သူခိုး..နင် သူခိုး”
“ငါ မခိုးဘူး…ငါကောက်ရတာ”
“မဟုတ်ဘူး..နင်သူခိုး…သူခိုး..”
ကျူရှင် မလာခင် ကတည်းက မကျေမနပ်ဖြစ်နေသော ဘကောင်း။ အခု အကွက်တွေ့သည်နှင့် အေးအေးမာကို ပြန်ပြီး ကလဲစား ချေတော့သည်။
အေးအေးမာ ဘာမှ ဆက်မပြောတော့။ ရှေ့ပြန်လှည့်သွားပြီး ခေါင်းငုံ့ကာ အခြားခံတံ တစ်ချောင်းဖြင့် သချင်္ာဆက်တွက်နေသည်။ ဒါပေသည့် ဘကောင်း၏ စကားသံက ရပ်မသွား။
နောက်တွင် ထိုင်လျက် တိုးတိုး တိုးတိုးနှင့် ကဗျာရွတ်သလို့ မပြတ်တမ်း ရွတ်နေတော့သည်။
“သူခိုး.. ဓါးမြ..သူခိုး.. ဓါးမြ…သူခိုး…ဓါးမြ….”
အေးအေးမာကို သူခိုးဟု စွတ်စွဲရတာ အားမရတော ဓါးပြဟုပါ ထည့်ပြီး စွတ်စွဲတော့သည်။
ငတော်သည် ပြဿနာထဲ ဝင်မပါရဲ။ ဘေးတွင် အသာအယာကုတ်လျက် ဘကောင်း၏ သီးချင်းညည်းသလို ယိုးစွတ်သံကို နားထောင်နေသည်။ လှိုင်ဘွားကတော့ တချက် ခေါင်းထောင်ကြည့်သည်။ ပြီးတော့ ခေါင်းတစ်ချက် ကုတ်ကာ သချင်္ာဆက်တွက်နေသည်။ သူကပဲ ဘကောင်းရဲ့ ခဲတံကို အေးအေးမားထံလှမ်းကြည့်ဖို့ မေးငေါ့ပြခဲ့တာ မဟုတ်လော။ အခု ခဲတံပြန်တွေ့တော့ သူ့တာဝန် ပြီးပြီ။ ကျန်တာ သူနဲ့ မဆိုင်တော့။သချင်္ာပြီးအောင် တွက်ဖို့ အရေးကြီးသည်။
အေးအေးမာ ငိုလေပြီ။ ရှည်ရှည် သွယ်သွယ် သူမပခုံးပြင်ကလေးသည် တသိမ့်သိမ့် လှုပ်ကာလှုက်ကာ တုန်ခါနေတော့မှ အေးအေးမာတစ်ယောက် ငိုနေမှန်း ဘကောင်း သိတော့သည်။ အိ ကနဲ ရှိုက်သံက တိုးတိတ် ညင်သာစွာ တစ်ချက်တစ်ချက် ထွက်လာသည်။ မျက်ရည်ပေါက်သေးသေးသွယ်သွယ်တို့က ဖြူဖြူဖွေးဖွေးစာရွက်တို့ အပေါ် အသာအယာ စီးဆင်းကျနေသည်။ အေးအေးမာက ငိုတာတောင် အသံကျယ်ကျယ်လောင်လောင်နှင့် ဗြဲကနဲ မငို။ မိန်းကလေး ပီသစွာ အသာအယာငိုသည်။ လက်ဖမိုး ညိုညိုဖြင့် မျက်ရည်စတို့ကို သုတ်သည်။
အေးအေးမာရဲ့ငိုသံကြားတော့မှ ဘကောင်းအသံတိတ်သွားသည်။ သို့သော် စူစူပုတ်ပုတ်နှင့် မကျေမနပ်ဖြစ်နေသော ဘကောင်းမျက်နှာကတော့ ပြော့ပြောင်းမသွားသေး။ အေးအေးမာ ငိုတော့ ထို ခဲတံဇာတ်လမ်းက ထိုမှာတင် အဆုံးမသတ်သွား။
“အေးအေးမာ..ဘာလို့ ငိုနေတာလဲ”
ကြီးကြီးရဲ့ အသံက ဘကောင်းတို့ ထိုင်နေသည့် ခုံနောက်မှ စူးစူးရှရှ ထွက်ပေါ်လာသည်။ ကြီးကြီးရဲ့ မေးခွန်းကြောင့် ကျူရှင်ခန်းထဲတွင် ထိုင်နေသာ ကျောင်းသူကျောင်းသား အားလုံး ၏ မျက်လုံးက အေးအေးမာဆီ စုပြုံရောက်သွားကြသည်။ တစ်ခန်းလုံး တိတ်ဆိတ်သွားလျက် ကြီးကြီးကို လှမ်းကြည့်လိုက်ပြီး အလိုက်တသိ ကိုယ်စီ ခေါင်းကို အတတ်နိုင်ဆုံး ပုဝင်ထားကြသည်။ မကြောက်ကြပဲ နေမလား။ ကြီးကြီးလက် ထဲမှာ ရိုက်ဖို့ ကြိမ်လုံးက အဆင်သင့် ကိုင်ထားတာကိုး။ ပြီးတော့ ကြီးကြီးပုံစံက အေးအေးမာ ငိုနေသည့် ကိစ္စကို အသေအချာဖြေရှင်းတော့မည့်ပုံ။
“အေးအေးမာ..ဘာလို့ ငိုနေတာလဲ..ကြီးကြီးမေးတာ ဖြေလေ”
ကြီးကြီးထံမှ ဒုတိယအကြိမ် မေးခွန်းထွက်လာတော့ ရှိုက်ငိုနေသော အေးအေးမာ အသံတိတ်သွားသည်။ မျက်ရည်စတို့ဖြင့် ဝင်းလက် စိုစွတ်နေသော မျက်လုံးဝိုင်းဝိုင်စက်စက်တို့သည် ကြီးကြီးကို အားကိုးတကြီးကြည့်လိုက်သည်။
“ဘကောင်းက သမီးကို သူခိုးလို့ ခေါ်လို့”
မျက်ရည်တို့ စိုရွှဲနေသော သူမ၏ နူတ်ခမ်းတို့သည် ငိုရှိုက်သံတို့ဖြင့် မဲ့ကာရွဲ့ကာ တွန့်လိမ်လျက် ကြီးကြီးကို တိုင်းတန်းတော့သည်။
သည်တော့မှ ကြီးကြီးမျက်လုံးက ဘကောင်းဆီရောက်သွားသည်။ ခေါင်းငုံ့ကာ သချင်္ာစာအုပ်ကို ရည်ရွယ်ချက်မရှိ ဟိုလှန်ဒီလှန်ဖြင့် ကိုယ့်အပြစ်ကို ကိုယ်သိသော ဘကောင်းက ကြီးကြီး မျက်နှာကို မကြည့်ရဲ။ ဤသည်ကိုက ဘကောင်း သူ့အပြစ်ကို ဝန်ခံပြီးဖြစ်သည်။
“ဘကောင်း..”
လေသံနည်းနည်းမာလာသော ကြီးကြီး ခေါ်သံကြောင့် ဘကောင်း ခေါင်းမော့လာသည်။ မျက်လုံး ပေကလပ် ပေကလပ် မျက်နှာ ငယ်ငယ်ဖြင့် ဘကောင်းမျက်နှာက အသနားခံသည့်ပုံ။ သို့မဟုတ် အယူခံဝင်မည့်ပုံ။
သို့သော် ကြီးကြီး၏ မျက်နှာထားက တင်းတင်းနှင့် စီရင်ချက် ချမည့် တရားသူကြီး၏ အသွင်။
“ဘကောင်း….အေးအေးမာကို ဘာလို့ သူခိုးလို့ ခေါ်တာတုံး”
“သူက ကျွန်တော့် ခဲတံကို ခိုးထားလို့”
“သမီး မခိုးထားဘူး ကြီးကြီး. ခုံအောက်က ကောက်တွေ့ထားတာ..အဲဒါ…သူက သမီးကို သူခိုး ဓါးမြ လို့ ခေါ်နေတာ”
ကြီးကြီးရှေ့မှာ အေးအေးမာက မခံ။ ကြီးကြီးရှေ့တွင် ဒီလို ယိုးစွတ်တာကိုတော့ ခေါင်းငုံ့မခံတော့။
စမြိတ်ခုံ ရွာသူတို့သည် ငရုတ်သီးကြော်တွေ စားပြီး နုတ်သီးကောင်း လျှာကောင်း ကက်ကက်လန်တွေချည်လား မသိ။ ဘကောင်းတစ်ယောက် ထိုကဲ့သို့ စမြိတ်ခုံ ရွာသူနှင့် အပြိုင် ကြီးကြီးရှေ့တွင် ဖြေရှင်းချက်တွေ ထုတ်မနေချင်။ နဂိုကတည်းကမှ ဘကောင်း၏ ဆန္ဒက အေးအေးမာအပေါ် အနိုင်ရဖို့ပင်။ အေးအေးမာငိုခဲ့သည်။ ထို့ကြောင့် ဘကောင်း အေးအေးမာ ပေါ် အနိုင်ရခဲ့ပြီဟု ထင်သည်။ သို့သော် ကြီးကြီးတစ်ယောက် စာသင်ခန်းထဲတွင် ရှိနေသည်ကို ဘကောင်း သတိမရ။
“သူက မခိုးထားတာကို နင်က ဘာလို့ သူများကို သူခိုး ဓါးမြလို့ ခေါ်ပြီး ရိုင်းပြရတာတုံး..လက်ဖဝါးဖြန့်စမ်း”
ကြီးကြီး၏ ကြိမ်တော်က ဘကောင်း၏ လက်ဖဝါးပေါ် တဖြန်းဖြန်းနှင့် ကျလာသည်။ ထိုကြိမ်သံနှင့် အတူ ဘကောင်း၏ မျက်နှာမှ မျက်ရည် မျက်ပေါက်တို့ ပြိုးပြိုးပြိုက်ပြိုက် အပြိုင် ကျဆင်းလာသည်။ ထို့အပြင် တစ်ခန်းလုံး ကြားလောက်အောင် တစ်ဗြဲဗြဲ နှင့် ဘကောင်း၏ ငိုသံကလည်း အေးအေးမာ၏ ငိုသံကို တိတ်စေသည်။ ဗုံလုံးတစ်လှည့် ငါးပျံတစ်လှည့် ပင်။ ဘကောင်း အေးအေးမာကို ငိုအောင် လုပ်ခဲ့သည်။ အခုတော့ ဘကောင်းအလှည့်ပေါ့။ အေးအေးမာ ငိုတုန်းက တိုးတိုးတိတ်တိတ်နှင့် ညင်ညင်သာသာ ရှိသလောက် ဘကောင်းငိုတော့ တစ်ခန်းလုံးကြားစေလျက် အုန်းဆံနေအောင် ငိုသည်။
ဘကောင်း ငိုတော့ အေးအေးမာ လည်း စိတ်မကောင်း။ ညိုးငယ်သော မျက်နှာကလေးဖြင့်သာ ဘကောင်းကို လှည့်ကြည့် နိုင်သည်။ တစ်ခန်းလုံးကလည်း တိတ်ဆိတ်စွာပင် ဘကောင်းကို အသာအယာ ဝိုင်းကြည့်ကြသည်။ ငတော်နှင့် လှိုင်ဘွားတိုလည်း ငြိမ်ကုတ်နေကြသည်။ စကားတစ်ခွန်းမျှ ဟဟ မဆိုရဲ။ ဘကောင်း၏ ဘေးတစ်ချက်တွင် ခေါင်းငုံ့ကာ သချင်္ာစာအုပ်ထဲတွင် အာရုံစိုက်လျက် သချင်္ာတွက်နေသယောက် ဟန်ကိုယ့်ဖို့ကြသည်။
ဘကောင်းတစ်ယောက် တစ်ကယ်တန်း ငိုရှိုက်ရပြီးဆိုတော့ ပါးစပ်ကလေး ဟလျက် အသက်ဝအောင် ရှုရသည်။ မျက်ရည် မျက်ပေါက်တို့ကို လက်ဖမိုးဖြင့် သိမ်းနိုင်သလောက်သိမ်းကာ လက်ချောင်းတွေ အကြားမှ ဘယ်သူတွေ သူ့ကို ဝိုင်းကြည့် နေသလဲဟု အကဲခတ်ရသေးသည်။ အလိုလေး.. တစ်ခန်းလုံး ဝိုင်းကြည့် နေကြပါလား.။ အတန်းသူ အတန်းသားတွေ ရှေ့တွင် ငိုရတော့ အလွန် ရှက်သည်။ သို့သော် ကြီးကြီး ရိုက်တော့လည်း ဝမ်းနည်းစိတ်ဖြင့် ငိုရသည်။ ကိုယ့်ကိုယ်ကို အပြစ်သား ပမာ အားလုံးရှေ့တွင် ရှက်ရွံမိသည်။ စာပွဲပေါ်တွင် တင်ထားသော ခဲတံကလည်း ဘကောင်းကို လှောင်ပြောင် နေသလို့ပင်။ ယုတ်စွအဆုံး ထို အသက်မဲ့သည် ခဲတံကလေး တစ်ချောင်းကိုပင် ဘကောင်း မကြည့်ရဲ။ ဖြစ်နိုင်လျှင် တစ်ကိုယ်လုံး မြေလျှိုးပြီး နေလိုက်ချင်သည်။ ထိုခဲတံ ပင် မကတော့ ဘကောင်း၏ ပုံဆွဲစာအုပ်ထဲမှ ဓါးကိုင် သူရဲကောင်းတို့ကပင် ဘကောင်းကို ရှုတ်ချနေသည်ဟု ထင်သည်။ အရာရာသည် မလှပတော့။ မငိုအောင် ကိုယ့်ကိုယ်ကို ကြီးစားပြီး ထိန်းသည်။ သို့သော် ဝမ်းနည်းသည့် စိတ်အာရုံကို ကျော်လွန် အနိုင်ရအောင် မလုပ်နိုင်။ ရှိုက်သံတို့သည်သာ အဆက်မပြတ်ထွက်နေသည်။ ငိုရှိုက်ရသဖြင့် အသက်ရှုမဝဖြစ်ကာ ပါးစပ်ဟလျက် ကြိုးစားပြီး အသက်မှန်အောင် ရှုသည်။ ဘကောင်း၏ ငယ်ရွယ် နုနယ်သည့် နှလုံးသားတွင် ဆူးတောင်လေး တစ်ချောင်း မသိလိုက် မသိဘာသာ စိုက်ဝင်သွားသည်။ ငိုရှိုက်သံတို့ဖြင့် အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်တိုင်း ဆူးတောင်လေးသည် နှလုံးသားထဲတွင် ပိုမိုနစ်ဝင်သွားတော့သည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကြီးကြီးသည် အပြစ်ရှိသည့် ကျောင်းသူ ကျောင်းသားတို့၏ လက်ဖဝါးကို ကြိမ်ဖြင့် ရိုက်ကာ ဆုံးမသည်။ မိန်းကလေး တစ်ယောက်အပေါ် ရင့်သီး ရိုင်းပြသော စကားလုံးတို့ဖြင့် ရိုင်းစိုင်းခဲ့သော ဘကောင်း၏ ငယ်စဉ်တုန်းက အပြစ်တို့အား ကြီးကြီးက ရိုက်နှက်ကာ ပြစ်ဒဏ်ပေးခဲ့သည်။ သို့ရာတွင် ထိုစဉ်တုန်းက ဆူးတောင်ကလေးတစ်ချောင်း ဘကောင်း၏ နှလုံးသားထဲတွင် ထိုးထွင်း ပေါက်ရောက်ခဲ့သည်ကို ကြီးကြီးမသိခဲ့ချေ။ အေးအေးမာလည်း မသိ။ ငတော် နှင့် လှိုက်ဘွားတို့လည်း မသိခဲ့ကြချေ။
အသိတရား၊ ဉာဏ်ပညာ၊ ဝေဖန်သုံးသပ်နိုင်မှု၊ တာဝန်ယူနိုင်စွမ်းသော သတ္တိခွန်အားတို့သည် အချိန်အခါ တို့ ပြောင်းလဲလာသည်နှင့် အမျှ ရင့်သန် ခိုင်မြဲလာသော သဘောတရားရှိကြသည်။ ပြီးခဲ့သည့် အကြောင်းအရာတို့ကို လက်ရှိပစ္စုပ္ပန် ဝေဖန်သုံးသပ်နိုင်စွမ်းတို့ဖြင့် ပြန်ပြောင်း လေ့လာသုံးသပ်မိလျှင် ချို့ယွင်းချက်၊ ဟာကွက်၊ အမှားပေါင်း မြောက်မြားစွာတို့ကို တွေ့ရတတ်လေ့ရှိသည်။ ဤသည်ကား လူတို့ ဖြစ်တည်မှု ၏ တစ်စိတ် တစ်ဒေသပင်။ ၄င်းတို့ကို မသိလိုက် မသိဘာသာ အလိုက်သင့် စီးမျှော သွားစေလျက် ဘဝ စက်ယန္တရား ကို ပုံမှန် မောင်းနှင် သွားတတ်ကြသူများ ရှိသည်။ သို့သော် ညဉ့်နက်သန်းခေါင် အိပ်မက်မှ ရောင်ရမ်း နိုးထကာ လရောင်ကို မျှော်ကြည့်သူ တစ်ယောက်အတွက် ငယ်စဉ်တုန်းက ပြောခဲ့မိသော ရိုင်းပြသည့် စကားတစ်ခွန်းအပေါ် မှီတွယ် စွဲလန်းနေဆဲပင်။ ပြောခဲ့မိသော စကားတို့အပေါ် ရှက်ရွံနေဆဲ။
ထို ထုံးကုံးသူမ အခု ဘယ်များ ရောက်နေသည် မသိချေ။ အိမ်ထောင်တွေကျကာ သားသမီးတွေ တစ်စုနှင့် မိန်းမကြီး ပုံစံများ ဖြစ်နေလိမ့်မလား။ သို့တည်းမဟုတ် ပညာတတ် သူမကြီးဖြစ်ကာ နိုင်ငံတစ်ကာတွင် အများသူငှာနှင့် ရင်ဘောင်တန်းကာ မော်မော်ကျော့ကျော့ ဖြစ်နေမလား။ မည်သို့ပင် ဖြစ်စေကာ သူ့တွင် သူမအား ပြောပြစရာ စကားရှိခဲ့သည်။
အကယ်၍သာ ဤညဉ့်နက်သန်းခေါင် လေဆိုင်တို့ ခရီးတစ်ခေါက် ကြုံဆုံလို့ ချမ်းသာရ ဘုရား တောင်ဖက်မုတ် လှည်းဘီးကြီးနှင့် အိမ်ရှေ့သို့ ရောက်ခဲ့လျှင် သူမကို ပြောပြပေးပါ။ သူ၏ တောင်းပန်စကားအား တိုးတိုးညင်သာ လေဆိုင်တို့နှင့် စကားပါးလိုက်ကြောင်းပေါ့။
ညသည် တိတ်ဆိတ်နေဆဲ။ သူ အိပ်ရာပေါ်သို့ ပြန်လှဲချလိုက်သည်။ ညကလည်း အေးချမ်းလိုက်တာကွယ်။ ဘာသံမှ မကြားရတော့ဘူး။ မျက်ခွံကို အသာအယာ ညင်သာစွာ ပိတ်လိုက်သည်။ တဖြည်းဖြည်းနှင့် အိပ်စက်ခြင်းက လွှမ်းခြုံလို့လာသည်။ သူ့နှလုံးသားလည်း အတော်အတန် ပေါ့ပါးသွားသည်။
အနန္တမေတ္တာဖြင့်
ဘကောင်း