ထုံးကုံးသူကို ပြောပေးပါ (၂)


ညနေ သုံးနာရီ ထိုးလျှင် ဒေါ်မမကြီး၏ ကျူရှင်တက်ရအုံးမည်။ စည်းကမ်းကြီးသော ဆရာမကြီး၏ ကျူရှင်ကိုတော့ မတက်ပဲ မနေရဲ။ အခြေခံပညာ သုံးတန်း တက်နေသော ဘကောင်း၊လှိုင်ဘွားနှင့် ငတော်တို့ သုံးယောက် ကျောင်းပိတ်ရက်အတွင်း အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်မမကြီးထံ ၌ ဂဏန်းသင်္ချာကို လေ့လာရသည်။ ငတော် အခုချိန်ထိ ပေါ်မလာရင်တော့ ဘကောင်းတို့ ပုရစ်လိုက်နိုက်ဖို့ အချိန်မရှိတော့။ ကျူရှင်ပဲ သွားတက်ရတော့မည်။

ထိုနေ့က ချမ်းသာရ ဘုရားထဲ လှည့်လည်ကာ ပုရစ်နိုက်ကြရန်ဖြစ်သည်။ နိုက်လို့ရသည့် ပုရစ်များသည် ဘကောင်းတို့အတွက် အောင်ပွဲရ ဆုလဒ်များ ဖြစ်သည်။ တွင်းအောင်း သတ္တဝါအများအပြားရှိသည့်အထဲက ပုရစ်တွင်းကို ခွဲခြားရှာကြသည်။ မြေပုံ စုစုမို့မို့လေးများကို မျက်စိလျင်လျင် ဖြင့် ရှာရသည်။ မြေခွေးတွင်း နှင့် ပုရစ်တွင်းသည် ခပ်ဆင်ဆင်လေးရှိသည်။ မြေစာပုံ၏ ပုံသဏ္ဍန်၊ အရွယ်အစား၊ မြေစာ အကျစ်အပွကို ကြည့်လျက် ပုရစ်တွင်းကို ခွဲခြားသိသည်။ ရလာသည့် ပုရစ်များကို ပုရစ်တိုက်ကြသည်။ ပလတ်စတစ်အိပ်ထဲတွင် ထည့်ကာ ပုရစ်ဆိုသည့် သတ္တဝါကို သတ္တဗေဒပညာရှင်တစ်ယောက်အလား ဖင်ပြန် ခေါင်းပြန် အခေါက်ခေါက် အခါခါ ကြည့်ကြသည်။

ထို ချမ်းသာရဘုရား အနောက်ဖက်စောင်းတန်းသည် ဘကောင်းတို့ သူငယ်ချင်းအုပ်စု အချိန်းအချက်ပြုသည့် စုရပ်လည်းဖြစ်သည်။ အနောက်ဖက် စောင်းတန်းမှ ဆင်းလိုက်လျှင် အဆုံး၌ သင်္ဂါဇာချောင်းက ဗေဒါတွေ အပြည့် ဖွေးဖွေးလှုပ်မျှရှိသည်။ ခရမ်းရောင် ဗေဒါပန်းပွင့်တို့သည် အချိန်အခါ မရွေး ဟိုတစ်ဆုပ်၊ ဒီတစ်ဆုပ် ပွင့်အာကြသည်။ ရေဘုတ်ငှက်တို့သည်လည်း ဗေဒါတွေ အကြား ခိုအောင်းလျက်ရှိကြသည်။ ဗေဒါပင်တို့ သေဆုံးသောအခါ ရွှံညွှန်ဖြစ်သွားကြပြီး ချောင်းမြေအဖြစ်ကျန်ရစ်ခဲ့သည်။ ထိုဗေဒါချောင်း၌ပင် အိမ်ဝက်တို့ ရွှံလူးကြသလို ချောင်းနံဘေးတစ်လျှောက်ရှိ လူနေအိမ်တို့မှလည်း ရှိသမျှ အညစ်အကြးကို ဗေဒါချောင်းထဲသို့ စွန့်ပစ်ကြသည်။

ပုရစ်နှိုက်ဖို့ အချိန်မရှိတော့လျှင် သင်္ဂါဇာချောင်းပေါ် လေတံခွန်(စွန်)လိုက်ရအောင်လည်း စွန်လွှတ်သူများလည်း မရှိသေးချေ။ ထိုဗေဒါချောင်းသည် ဗေဒါတွေ ထူထူထည်ထည် ရှိလို့ပင် ဘကောင်းတို့ စွန်လိုက်သည့် အခါ ချောင်းအပေါ် ဗေဒါတွေဖိကာဖိကာ ဟိုဖက်ကမ်း ဒီဖက်ကမ်း ဖြတ်ကူးကြသည်။ သင်္ဂါဇာချောင်း တံတားပေါ်တွင် စွန်လွှတ်၊ စွန်ဖြတ်သူများ ရှိသည့် အခါ ဘကောင်းတို့ က စွန်လိုက်ကြသည်ပင်။ ထို ချောင်း၏ ဗေဒါတွေအပေါ် စွန့်စွန့်စားစား နင်းဖြတ်ကာ လိုက်လို့ရသည့် စွန်တို့သည်လည်း အောင်ပွဲရ အထိမ်းအမှတ် တစ်ခုပင်။ စွန်လိုက်သည့် အချိန်များဆိုလျင် အခြားသူများ စွန်ဖြတ်နေသည်ကို မော့တော့ မော့တော့နှင့် ဘကောင်းတို့ သူငယ်ချင်း တစ်သိုက် ထိုသင်္ဂါဇာချောင်း တံတားပေါ် ခြေချင်းလိမ်အောင် ရောက်ရက်ခတ်ရှိကြသည်။ စွန်လိုက်သည့် အချိန် တံတားပေါ်မှာ ဗိုက်နာလို့ကတော့ အိမ်ပြန်ပြီး နောက်ဖေးသွားသည့် ထုံစံမရှိ။ တံတားတိုင်ဖက်လျက် ကိစ္စကို ဖြေရှင်းကြသည်။ ချောင်းထဲက ငါးတွေ စားပေရော့ဟယ်။ တံတားပေါ်မှာတော့ လူတွေက ဖြတ်သွား ဖြတ်လာ။ စွန်ဖြတ်တာ ကြည့်ဖို့ကတော့ အလွတ်ခံလို့ မဖြစ်။ အဲဒီလောက် အထိ ဘကောင်းတို့ ကစားမက်တာ။

ပုရစ်နိုက် ထွက်ရန် ဘကောင်းတို့ သူငယ်ချင်း အုပ်စု ဘုရား အနောက်ဖက် စောင်းတန်းတွင် တွေ့ရန် အသေအချာ ပြောထားရက်သားနှင့် ငတော် ရောက်မလာသေးချေ။
လှိုင်ဘွားသည် စိတ်မရှည်တော့။
“သွားကြမယ်ကွာ… ဒီကောင် သူ့ဘာသာသူ လိုက်လာလိမ့်မယ်”
ဘကောင်းကတော့ ငတော်တို့ အိမ်အထိလိုက်သွားပြီး ငတော်ကို ခေါ်လိုသည်။ အဖေါ်များလေ ပိုကောင်လေ။ ပြီးတော့ သူတို့ နှစ်ယောက်တည်းသွားလျင် ဘုရားထဲ၌ နတ်ဖွက်ခံရမှာ ကြောက်သည်။ တချိန်တည်းမှာပင် ဒေါ်မမကြီး၏ ကျုရှင်ကိုလည်း သွားရအုံးမည်ဟု စိတ်ကချီတုံချတုံ ဖြစ်နေသည်။
“ငါတို့ ဘုရားထဲမှာ လူစုခွဲပြီး သွားရင် နတ်ဖွက်ခံရလိမ့်မယ်..ဒီကောင့်အိမ် သွားခေါ်ရအောင်ကွာ..ပြီးတော့ ကျုရှင်လည်း တက်ရအုံးမယ်”
ဘုရားထဲတွင် နတ်ဖွက်ခံရမည်ဆိုသော ဘကောင်းစကားကြောင့် လှိုင်ဘွား ကြောစိမ့်သွားသည်။ ဟုတ်တော့လည်း ဟုတ်သည်။ ဒီရက်ပိုင်း ချမ်းသာရ ထုံးကုံး ရပ်ကွက်ဘုရားပွဲက နီးလာပြီဆိုတော့ ဘုရားထဲက နတ်တွေ အပျော်ကျူးပြီး ကလေးတွေကို ဖွက်တန်း ကစားတတ်လေ့ရှိသည်။ ပြီးခဲ့တဲ့နှစ် ဘုရားပွဲတုန်းကလည်း အခြားရပ်ကွက်က ကောင်လေးတစ်ယောက်တောက် ဘုရားထဲမှာ နတ်ဖွက်ခံရသည်ဟု ကျောင်းတွင် ကျောင်းသားအချင်းချင်း တစ်ယောက်စကား တစ်ယောက်နားဖြင့် တီးတိုး ပြောနေကြသည်။

ချမ်းသာရဘုရားပွဲ အကြောင်းကို လှိုင်ဘွားစဉ်းစားမိတော့မှ ငတော်တို့ အိမ်တွင်လည်း ဘုရားပွဲအတွင်း လူစည်နေပြီလား မသိချေ။ ငတော် အဖေက အရက်သမား။ အိမ်တွင် အရက်လည်းရောင်းသည်။ အခုလို ဘုရားပွဲရက်တွေဆို သူရို့အိမ်တွင် အရက်ပိုပြီး ရောင်းကောင်းသည်။ ငတော်က အရက်ကူရောင်းရသည်။ ငတော် အမေက ခဝါလည်း လုပ်သည်။ငတော် အမေက ငတော်ကို ပညာတတ် ဖြစ်စေချင်သည်။ သို့သော် သူရို့၏ ဘဝအခြေအနေက အခြားသူများထက် ပိုမိုပြီး ရုန်းကန်လှုပ်ရှားရသည်။ စိတ်ကူး ရည်မှန်ချက်တို့အတွက် စဉ်းစာရမည့် အချိန် သူရို့တွင် များများစားစား မရှိ။

လှိုင်ဘွားနှင့် ဘကောင်းတို့ နှစ်ယောက်ကတော့ လူကြီးတွေမသိအောင် ကိုယ်စီအိမ်က မရမကခိုးထွက်ခဲ့ကြသည်။
“ဘကောင်း…မင်းတို့အိမ်က ဘုရားပွဲ ဘာကျွေးမှာတုန်း”
ငတော်ကိုစောင့်ရန် စိတ်မရှည်ဖြစ်နေသော လှိုင်ဘွား၏ အာရုံက အစားအစာ အကြောင်းရောက်သွားသည်။ ချမ်းသာရဘုရားပွဲရက်များ စတင်ပြီဆိုလျှင် ထုံကုံးရပ်ကွက်ထဲရှိ အိမ်တိုင်းမှ စားစရာများ ကျွေးကြလေ့ ရှိသည်။
“ဒီနှစ်လည်း ငပိကြော်နဲ့ ဇီးပူသီးပဲလေ..”
“အေးကွ..ငတို့ အိမ်လည်း ငပိကြော်နဲ့ ဇီးပူသီးပဲ ကျွေးမှာတဲ့”
ဇီးဖြူသီးကို ဇီးပူသီးဟု ပဲခေါ်လေ့ရှိသည်က ထုံးကုံးသားတို့ ထုံးစံလေလာ၊ ကလေးဘဝက အသံထွက် မမှန်လို့ပဲလား မသိချေ။
ထုံးကုံးရပ်ကွက်ရှိ အိမ်တိုင်း အိမ်တိုင်းကတော့ ဘုရားပွဲရက်အတွင်း အိမ်အလည်လာသည့် ဧည့်သည်တိုင်းအား ငပိကြော် နှင့် ဇီးဖြူသီး ကျွေးလေ့ရှိသည်။ ပိုက်ဆံ တတ်နိုင်သည့် အိမ်ကတော့ ဆနွင်းမကင်း၊ ကြာဇံဟင်း များဖြင့် တည်ခင်းဧည့်ခံကြသည်ပေါ့။

ဘကောင်းစကား အဆုံးတွင် အဝေးဆီမှ လာနေသော ငတော်ကို လှမ်းတွေ့လိုက်သည်။
အသားညိုညိုညစ်ညစ်နှင့် ငတော်သည် ခေါင်းတွင် အုန်းဆီစိုရွှဲအောင်လိမ်းထားသည်။ ကျောင်းပိတ်ရက်ဖြစ်ပေသည့် ကျောင်းစိမ်းဘောင်းဘီအတိုကို ဝတ်ထားတုံး။ ဗျင်ကြမ်း အင်္ကျီက လက်တိုနှင့်။ ငတော်နှင့် စာလျင် ဘကောင်နှင့် လှိိုင်ဘွားတို့နှစ်ယောက်က နိုင်ငံခြားဖြစ် လေဘေး အင်္ကျီ၊ဂျင်ဘောင်းဘီတို ကိုယ်စီနှင့် ခပ်မိုက်မိုက်။ ငတော်ကို မြင်လိုက်ရတော့မှ ဘကောင်းနှင့် လှိုင်ဘွားတို့ စိတ်အားတက်ကြွသွားသည်။ အဖေါ်စုံလျှင် ကမ္ဘာကိုတောင် တစ်ပါတ် ပါတ်လိုက်ကြအုံးမည်။ သို့သော် စိတ်အားတက်ကြွသည်က ကြာရှည်မခံ။ ငတော်သည် တစ်ယောက်တည်းလာတာမဟုတ်။ သူ့နောက်တွင် ကောင်းမလေး တစ်ယောက် လွယ်အိပ်ကလေးလွယ်ပြီး လိုက်လာသည်။ အခြားသူမဟုတ် အေးအေးမာ။ ပုံစံက ခပ်စွစွာနှင့် နှုတ်ခမ်းပဲ့၊ ပါးပဲ့အောင် ကက်ကက်လန် ရန်တွေ့တတ့်မည််ပုံ။

မနေ့က ပဲ အေးအေးမာ အမေကိုယ်တိုင် ဘကောင်းတို့ ကျူရှင်တက်နေသော ဒေါ်မမကြီးထံ အေးအေးမာကို လာအပ်သွားသည်။ ဘကောင်း အမေနှင့် အေးအေးမာတို့ အမေ ခင်မင်ရင်းစွဲရှိကြသည့် အတိုင်း စကားစပ်ကြရင်း ဘကောင်းတက်နေသည့် ဒေါ်မမကြီး၏ ကျူရှင်ကို အေးအေးမာအား ထားဖြစ်သွားကြသည်။

အေးအေးမာတို့ အိမ်က ချမ်းသာရဘုရား တောင်ဘက်မုတ်တွင် ရှိသည်။ သူမတို့ အိမ်ရှေ့တွင် မြင်းလှည်းဘီးလုံးကြီးကို အမြဲတန်း ထောင်းထားလျက်ရှိသောကြောင့် လှည်းဘီးကြီးနှင့် အိမ်ဟု အလွယ်တကူခေါ်ကြသည်။ မြင်းလှည်းဘီးလုံးကြီးက ရှိမှာပေါ့။ အေးအေးမာတို့ အဖေက မြင်းလှည်းမောင်းတာကိုး။ ဘကောင်းတို့ အိမ်က သူမတို့ အိမ်နှင့် မျက်စောင်းထိုး ဓါးလွယ်ခုတ်တွင် ရှိသောကြောင့် ဘကောင်း အမေနှင့် အေးအေးမားတို့အမေ ဟိုအိမ် ဒီအိမ် ကူးသန်းကူးလာ ရှိကြသည်။ ဘကောင်းအမေက ကျောက်ဆယ် ကုန်းရွာ အဆက်။ အေးအေးမာတို့ အမေက စမြိတ်ခုံရွာ အဆက်။ သို့သော် ထိုရွာသူနှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် အလွမ်းသင့်သည်။ ဘကောင်းအမေချက်သည့် ကျောက်ဆယ်ကုန်းရွာ နွားနို့ခဲ ငပိချက် နှင့် အေးအေးမာ အမေကြော်သည့် စမြိတ်ခုံ ငရုတ်သီးကြော်တို့ အလဲအလှယ် စားကြသည်။ နောက်တွင် သူရို့ သားသမီးတွေကိုပါ အလှဲအလှယ် လုပ်ကြအုံးမည်လား မသိ။ အဲဒီလောက် အထိ ခင်ကြတာ။

အေးအေးမာက လူကသာ မူလတန်း သုံးတန်းကျောင်းသူ။ ဆံပင်ရှည်ရှည်နှင့် အပျိုကြီး စတိုင် ပုံစံဖမ်းထားသည်။ စကားပြောလျင်လည်း သူမနောက်က ကျားလိုက်နေသည့်အလား ဖလွတ် ဖလွတ်နှင့် အမြန်ပြောသည်။ အသားအရေက ညိုညိုညက်ညက်။ အညာသူမှန်း သိသာစေလှသည်။ သုံးတန်းသာ ဆိုပေသည့် ဘကောင်းတို့ ထက် အရပ်ပိုရှည်မည့် ဟန်။ ရံဖန်ရံခါ ထမီဝတ်လျက် သူမကိုယ်သူမ တက္ကသိုလ်ကျောင်းသူထင်နေလားမသိ။ တကယ်တော့ အေးအေးမာသည် အသက်အရွယ်နှင့် မလိုက်အောင် တည်ငြိမ် ရင့်ကျက်နေသည့် အသွင်။ ဆော့ကစားဖို့သာ မက်သော ဘကောင်းအတွက် အေးအေးမာကို ကြည့်လို့ မရ။ ဘယ်နှယ့် ကစားရမယ့် အရွယ် မကစားပဲ ဟန်နဲ့ စတယ်နဲ့ လုပ်နေတယ်။ ထို့ကြောင့် အေးအေးမာကို ဘကောင်းတို့ သူငယ်ချင်းတွေနှင့် စပ်ဟပ်လို့ မရချေ။

“ငတော်..ငတို့ မင်းကို စောင့်နေရတာ ကြာလှပြီ”
ငတော်ရောက်ရောက်ချင်း လှိုင်ဘွားက မကျေနပ်သည့် လေသံနှင့် ဆီးပြောကာ အေးအေးမာကို မေးငေါ့ပြလျက် ဘာကြောင့် ပါလာရသလဲဟု ငတော်ကို မျက်နှာရိတ် မျက်နှာကဲဖြင့် ကြည့်လိုက်သည်။
ဘကောင်းကတော့ ဗေဒါချောင်းဆီသို့ လှမ်းမျှော်ကြည့်ကာ စွန်လွှတ်နေသူများကို တွေ့လိုတွေ့ငြား ရှာကြည့်နေသည်။
“ဒီနေ့ကြမှ စွန်လွှတ်တဲ့သူတွေကလည်း တစ်ယောက်မှ မရှိကြဘူး..”
ဘကောင်းက ငတော်နှင့် လှိုင်ဘွားကို လှမ်းပြောသလိုလို၊ သူတစ်ယောက်တည်း မကျေမနပ် ရေရွတ်နေသည်။ ဘကောင်းစိတ်ထဲတွင် ပတ်ဝန်းကျင် တစ်ခုလုံး အရာရာ အချိုးအစား မကျဖြစ်နေသည်ဟု ထင်သည်။ ပုရစ်အော်သံတို့ တိတ်ဆိပ်နေလျက်၊ ကောင်းကင်ပြင်သည် စွန်(လေတံခွန်) တို့နှင့် ပြည့်နှက် နေရမည့် အစား မိုးသား တိမ်လိပ်တို့ အုံ့အုံ့ဆိုင်းဆိုင်း ရှိလှသည်။ ချောင်း ဗေဒါတို့အပေါ်ကို နင်းဖြတ်ကာ စွန်လိုက်မည့် မဟာသူရဲကောင်းများလည်း မရှိသဖြင့် ရေဘုတ်ငှတ်တို့ အုပ်အုပ်ကြက်ကြက် မြူးပျော်နေကြသည်။

အေးအေးမာ က ခပ်တည်တည်နှင့် ဘကောင်းတို့ သုံးယောက်လုံးက သူမကို ခရီးဦးကြိုပြုစု ဖျော်ဖြေရမည့် အသွင်။ သို့သော် သူမသည် စာတော်သော ဘကောင်းကိုတော့ အားကိုးတကြီးရှိသည်။ ငတော်၊ လှိုင်ဘွားနှင့် ဘကောင်းတို့ သုံးယောက်ထဲတွင် ဘကောင်းကို ပိုပြီး ခင်တွယ်လိုသည်။ အေးအေးမာသည် ဘကောင်းတက်နေသော ကျူရှင်ကို လိုက်တက်သည်။ ဘကောင်းနှင့် လိုက်လျက် ကျူရှင် အတူတူသွားလိုလှသည်။ သို့သော် ဘကောင်း အပေါ် အလေးပေးသော အေးအေးမာ၏ ခင်တွယ်ဟန်တို့သည် ကစားမက်သော ဘကောင်း၏ အာရုံတံခါးရှေ့မှောက်တွင် အဖိုးမတန် ကျေပျက် လွင့်ပျယ် ပျောက်ဆုံးကုန်ရသည်။

ငတော်ကတော့ အေးအေးမာကို ကြောက်သည်။ အေးအေးမာနှင့် စာလျင် ငတော်၏ ခန္ဓာကိုယ်က နည်းနည်း ညှက်သည်။ ပြီးတော် ငတော်က သူ၏ ဘဝ အခြေအနေအရ အားငယ်တတ်လေ့ရှိသည်။ သူသည် အရာရာကို အရှုံးပေးကာ၊ သူငယ်ချင်းတို့၏ အလိုကို လိုက်လျောလေ့ရှိသည်။

အခုလည်း နောက်ကျနေသည့် ငတော်တစ်ယောက် သူငယ်ချင်းတွေ ရှေ့တွင် အပြစ်ရှိသူပမာ အသာအယာရပ်လျက် အေးအေးမာကို တချက်လှမ်းကြည့်လိုက်သည်။
“ငတို့အိမ်မှာ လူတွေများနေလို့ကွ..အမေကို အရက် ကူရောင်းပေးနေတာ..ငါ လာတော့ လမ်းမှာ အေးအေးမာနဲ့ တွေ့တာ..ကျူရှင်သွားဖို့ နီးပြီး မင်းတို့ကိုပါ သွားခေါ်ရအောင် ဆိုလို့ မင်းတို့ကို လာခေါ်တာ”
“ကျူရှင်က စောသေးတယ်ဟ..နင်က ဘာလို့ အစောကြီး သွားချင်ရတာတုံး”
လှိုင်ဘွား၏ မကျေနပ်သံက အေးအေးမာဖက် လှည့်သွားသည်။
“နင်တို့ နာရီလည်း မကြည့်ဘူး..အခု နှစ်ချက် ခွဲနေပြီ..ကျူရှင်က သုံးချက်တီးရင် တက်ရမှာ”
ကြည့်…အဲဒါတွေကြောင့် ဘကောင်း. အေးအေးမာနဲ့ မတည့်တာ။ စောနကမှ နာရီစဉ်က နှစ်ချက် ထိုးသွားတာ။ ဒါကို သူက နှစ်ချက် ခွဲနေပြီတဲ့။ ဒါသက်သက်မဲ့ ကျူရှင်သွားချင်လို့ ပိုပြောတာ။ ဘကောင်း မကျေနပ်တော့။
“နင်ဘာသာ နင် ကျူရှင်သွားပါလား…ဘာလို့ ငတို့ကို လာခေါ်ရတာတုံး”
“နင်တို့ မလိုက်ရင် ငါ ကြီးကြီးနဲ့ တိုင်ပြောမယ်”
ကျူရှင် ဆရာမကြီးကို သူရို့က ကြီးကြီးဟုပဲ ခေါ်ကြသည်။ ကြီးကြီးကိုတော့ ဘကောင်းကြောက်သည်။ ကျူရှင်မလာသေးပဲ ဘုရားစောင်းတန်းထဲတွင် ပုရစ်နှိုက်နေသည်ဟု အေးအေးမာက တိုင်ပြောလိုက်ပါက အရိုက်ခံရမှာ အသေအချာပင်။ အေးအေးမာက သူရို့နှင့် ကျူရှင် အတူတူ သွားလိုသည်။
“လာပါကွာ ကျူရှင် သွားကြရအောင်”
ငတော်က ပြေရာပြေကြောင်း အလိုက်သင့်ဝင်ပြောသည်။
လှိုင်ဘွားကလည်း ဘကောင်းကို ဘာဆက်လုပ်မလဲဟု လှမ်းကြည့်သည်။
ပုရစ်နှိုက်သွားဖို့တော့ မဖြစ်နိုင်တော့။ ဒီနေ့ ဘကောင်း အေးအေးမာကို လုံးဝ မကျေနပ်။ ကျူရှင်ကိုသွားသာ သွားရမည် စိတ်ကတော့ ကြည်ကြည်လင်လင် မရှိချေ။ ဘကောင်းမျက်နှာ တစ်ခုလုံး စူပုပ်လျက် သူရို့အပေါ် အနိုင်ကျင့်သော အေးအေးမာကို မကျေ မချမ်းရှိနေသည်။
+++++++++++++++++++++++++++++++++++++++++++++++
ကြီးကြီး၏ကျူရှင်တွင် အေးအေးမာက ဘကောင်း ထိုင်သည့်ခုံ၏ အရှေ့ခုံတွင် ထိုင်ရသည်။ ဉာဏ်ကောင်းသော ဘကောင်းက ငတော်၊ လှိုင်ဘွားနှင့် အေးအေးမာတို့ထက် အရင် သချင်္ာ ပုစ္ဆာများကို အလျင်အမြန် တွက်နိုင်စွမ်းရှိသည်။ ထို့ကြောင့်ပင်လျင် ငတော်နှင့် လှိုင်ဘွားတို့က ဘကောင်း ဘေး တစ်ဖက်တစ်ချက်တွင် ထိုင်လျက် ဘကောင်းတွက်ပြီးသမျှ အဖြေများကို ကူးယူမှီငြမ်းကြသည်။ ဘကောင်းကတော့ ဉာဏ်ကောင်းသလောက်ပင် ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးကာ အရာရာကိုပေါ့ပျက်ပျက် လုပ်လေ့ရှိသည်။ ပုစ္ဆာများကို အလျင်အမြန် တွက်လို့ပြီးပါ ကစားဖို့ပင်။ သူ့အတွက် ကစားဖို့က ပထမ။ ကျူရှင်ဆရာမကြီး ခိုင်းသည့် ပုစ္ဆာများကို တွက်လို့ ပြီးလျှင် ငတော်နှင့် လှိုင်ဘွားကို ကစားဖို့ အဖေါ်ညှိရသည်။ အမြဲတမ်းလိုလို ငတော်နှင့် လှိုင်ဘွားက သချင်္ာပုစ္ဆာများဖြင့် နပမ်းလုံးရကာ ဘကောင်းနှင့် မကစားနိုင်။ ပုစ္ဆာများ တွက်လို့ မပြီးပါက ဆရာမကြီး၏ ကြိမ်းလုံးက လက်ဖဝါးပေါ် သုံးချက်စီ အရိုက်ခံရမည့်ဒ ဏ်ကို ကြောက်ကြသည်။

ငတော်နှင့် လှိုင်ဘွားတို့ မကစားနိုင်ဘူးဆိုလျှင်တော့ ဘကောင်းသည် ပုံဆွဲစာအုပ်တစ်အုပ်ဖြင့် ပုံများ ဆွဲနေလေ့ရှိသည်။ အများအားဖြင့် သူဆွဲသော ပုံများသည် ဓါးများ၊ ခေါင်းပေါင်းပတ်ထားသော လူခေါင်းပုံများ၊ ဓါးကိုင်ထားသည့် သူရဲကောင်းပုံများ ဖြစ်ကြသည်။ ရံဖန်ရံခါ ဒီလုံး၊ ကိုပူစီတို့ ပုံများလည်း ပါသည်။ မတရားမှုကို တွန်းလှန် တိုက်ခိုက်သော ကာတွန်းဇာတ်ကောင် ဒီလုံး နှင့်ကိုပူစီတို့သည် ဘကောင်း၏ အသည်းစွဲပင်။ ထိုကာတွန်းတို့သည် ကလေးဘဝ၏ စိတ်နေစိတ်ထားကို မျိုးစေ့ချပေးလေ့ရှိသည်။ ထိုမျိုးစေ့တို့သည် အချိန်နှင့် အမျှ မသိမသာ မှီတွယ်ပြီး ကြီးထွားလာသော သဘောရှိကြလေသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

4 comments:

Anonymous said...

ကျွန်တော်က ကွန်ဖူးသုံးဖော် တအားကြိုက်တာ....

Ba Kaung said...

ဟား..ဟား..တယ်ဟုတ်ပါလား..

Anonymous said...

very good ko bakaung i visit to your blog again. i admire you i wish i could write story like you too. please email me jmesoe@aol.com first time i did not give my email i sorry for that.

one of the mandalaythers

Anonymous said...

When I were childhood, I like to read Ngatat Phyar and Kyant Ba Hone!

Post a Comment