စီးပွားရေး သီအိုရီထုတ်ကြည့်ခြင်း


ဒီရက်ပိုင်းမှာ အလုပ်များပုံက ဘယ်ကနေ ဘယ်လိုအချိန်တွေ ပျောက်ဆုံးကုန်မှန်းမသိဘူး။ ကိုယ်ဖတ်နေကျ ဟိုဟိုဒီဒီ စာတိုပေစတွေနဲ့ ဝတ္ထုဖတ်တဲ့ အချိန်ကလည်း ရေချိုးခန်း ဝင်တဲ့ အချိန်လောက်ပဲ ရှိတော့တယ်။ နောက်ပြီး ညွှန့်စံရဲ့ အနောက်တိုင်း စာပေယဉ်ကျေးမှု ဒေါက်တာဘွဲ့အတွက် စာတွေ ကူဖတ်ပေးပြီး စာတမ်းပြုစုဖို့ကလည်း ရှိသေးတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ လုပ်ရမယ့် အလုပ်ဆိုတော့လည်း အပျင်းကြီးနေလို့ မဖြစ်ချေဘူး။ ကိုအောင်မိုးဝင်းရဲ့ အင်တာနက်သတင်း မီဒီယာ ဝက်ဆိုဒ်ကို ဖန်တီးပေးဖို့ကလည်း လုပ်လက်စ။ အဲဒါကလည်း ရပ်ထားလို့ မဖြစ်ပြန်ဘူး။ အဲဒီကြားထဲမှာ ငယ်ငယ်လေးကတည်းက လုပ်ချင်နေခဲ့တဲ့၊ လုပ်ဖို့လည်း ရည်မှန်းချက်တွေ ထားခဲ့တဲ့ ကိုယ်ပိုင် လုပ်ငန်းတွေပေါ့။စွန့်ဦး စီးပွားတည်ထွင်သူ ဖြစ်ဖို့အတွက် အယူအဆအသစ်တွေနဲ့ ကြံဆပြီး အစပျိုးနေရတုံး။ ဘဝရပ်တည်နေရေးအတွက် အလုပ်ကို တာဝန်ကျေပွန်အောင် လုပ်ရတဲ့ အချိန်၊ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းရေးအတွက် အားကစားလုပ်ရတဲ့ အချိန်၊ သာယာတဲ့အိမ်ထောင် အတွက် အတူတကွ ဖန်တီးရမယ့် အချိန်၊ အဲဒါတွေကို နုတ်လိုက်ပြီးတော့မှ ကျန်တဲ့ အချိန်လေးထဲမှာ ကိုယ်လုပ်ချင်တာတွေ လုပ်ရတော့မှာ။ ဒီတော့ ဘလော့မှာစာရေးဖို့အချိန် တစ်နာရီလောက် ရဖို့ အချိန်ကို တစ်ခါပြန်ပြီး စီမံခန့်ခွဲရတယ်။ အိပ်မက်တွေထဲမှာတော့ စာလုံးတွေ၊ စကားလုံးတွေက အတောင်ပံတွေပေါက်လို့ ဟိုဟိုဒီဒီ ဝဲပျံနေကြတာ လိုက်ဖမ်းလို့ကို မမိနိုင်ဘူး။

အဲဒီတော့ ဗဟုသုတရဖို့ အလို့ငှာ အစုရှယ်ယာ(stock)အကြောင်းလေး တီးမိခေါက်မိကြရအောင် နည်းနည်းပါးပါးလေး ရေးလိုက်အုံးမယ်။ စာကလည်း မရေးတာ ကြာပြီဆိုတော့ လောလောဆယ် ဖတ်စရာလေး တစ်ခုဖြစ်သွားအောင်လို့ပါ။ ကိုယ်က ဘောဂဗေဒကို အထူးပြုလေ့လာလိုက်စားခဲ့တဲ့သူမဟုတ်ဘူး။ နောက်ပြီး ကိုယ်ကြီးပြင်းခဲ့တဲ့ ဘဝကလည်း နိုင်ငံတကာ စီးပွားရေးကို ဝင်ဆံ့ဖို့ မဆိုထားနဲ့ မြန်မာပြည်ရဲ့ စီးပွားရေး စျေးကွက်ကို တောင် မကပ်နိုင်ဘူး။ ဘုရားပွဲစျေးတွေမှာ ဆိုင်ခင်းပြီး လေးဘေးထည် ရောင်းခဲ့ရတဲ့ စီးပွားရေးလောက်ပဲအကျွမ်းတဝင်ရှိတယ်။ ဟဲ..ဟဲ..ပိုက်ဆံ ငါးကျပ် တစ်ဆယ် မြတ်ဖို့ အားပေါက်အောင် ရောင်းရတဲ့ အရောင်းစျေးသည်မျိုးပေါ့။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်တုန်းက မေမြို့ ညမ်တောစျေးပွဲမှာ စျေးရောင်းနေတဲ့ ဘကောင်းကို တွေ့ဖူးကြလိမ့်မယ်။ အဲဒီတော့ အခုလို နိုင်ငံတကာ အစုရှယ်ယာ အကြောင်းရေးတဲ့အခါ လက်ရှိ အတွေ့အကြုံကိုပဲ အခြေခံပြီး ရေးရမှာဆိုတော့ ပညာရှင်တွေလို သီအိုတွေ လှိုင်နေအောင် မသုံးပဲ၊ လက်တွေကြတဲ့ ဘက်ကပဲ ချဉ်းကပ်ပြီးရေးမယ်။

လူငယ်တွေ နိုင်ငံတကာကို ချေဦးလှည့်ကျတော့မယ်ဆိုရင် ရိုးရိုးကျင့် မြင့်မြင့်ကြံဆိုတဲ့ စိတ်ထားကို ထားဖို့ အလွန်တရာ အရေးကြီးတယ်။ ရိုးရိုးကျင့်ဖို့ အတွက် စာရိတ္တကောင်းတွေရှိဖို့ လိုတယ်။ နိုင်ငံကြီးသား စိတ်ထားတွေ ထားတတ်ဖို့လိုတယ်။ နိုင်ငံတကာက အဆင့်အတန်းမြင့်မားတွေ စာကောင်းပေကောင်းတွေဖို့ ရှာဖွေလေ့လာပြီး နိုင်ငံတကာယဉ်ကျေးမှုမှာ ကိုယ့်ရဲ့ မြန်မာယဉ်ကျေးမှုနဲ့ ဝင်ရောင် ယှဉ်ပြိုင်ကြရမှာ ဖြစ်တယ်။ မြင့်မြင့်ကြံကြပြီဟေ့လို့ ဆိုလိုက်ရင်လည်း နိုင်ငံတကာမှာ ကိုယ်က အခိုင်းခံဖို့ သွားတာထက် ကိုယ်က သူများကို ခိုင်ဖို့၊ ကိုယ်က သူများကို အုပ်စိုးဖို့ဆိုတဲ့ ရည်ရွယ်ချက် ရည်မှန်းချက်နဲ့ ပြင်ဆင်ကြရမယ်။ ကိုယ့်အတွက် လိုအပ်တဲ့ လက်နက်ကိရိယာ တွေကို တတ်ဆင်ရမှာပေါ့။ ဘာသာစကားတွေ တစ်မျိုးမက ပြောတတ်ဆိုတတ်အောင် လေ့လာ၊ အထူးသဖြင့် အင်္ဂလိပ်စာ၊စကားပေါ့။ ပြီးတော့ ကိုယ်ကျွမ်းကျင်တဲ့ ပညာကို တဖက်ကမ်းခပ်အောင် ကြိုးစားရမယ်။ကိုယ်တတ်ထားတဲ့ ပညာရပ် အပေါ်မှ ယောင်တိယောင်ဝါးဖြစ်နေပြီလို့ ထင်ရင် ထပ်ပြီး ကြိုးစား။ ဘယ်လောက်အထိ ကျွမ်းကျင်တတ်မြောက်ဖို့ လိုသလဲဆို တရေးနိုး ထမေး…အဖြေရှိတယ် ဆိုတဲ့ ယုံကြည်ချက်မျိုးပေါ့။ ကိုယ်တတ်ထားတဲ့ ပညာရပ်အပေါ်မှာ ကျွမ်းကျင်ပြီဟေ့လို့ ယုံကြည်မှုရှိလာရင် ခေါင်ဆောင်မှုပညာတွေ၊ စီမံခန့်ခွဲ အုပ်ချုပ်မှုပညာတွေကို၊ စွန့်ဦး စီးပွားတည်ထွင်မှု တွေအကြောင်း လေ့လာ။ ဒီလိုနဲ့ နိုင်ငံတကာမှာ မြန်မာတွေ နေရာယူလာကြရင် နောက်တက်လာမယ့် လူငယ်တွေအတွက် အခွင့်အလမ်းတွေရမယ်။ တိုင်းပြည် ပြန်လည် ထူထောင်ကြတဲ့အခါ အဲဒီလို လူတွေက မရှိမဖြစ် လိုလာကြမှာပေါ့။

စာရေးသူ ကိုယ်တိုင်က ငယ်ငယ်ကတည်းက အလုပ်အရမ်းလုပ်ချင်တာ။ ဘာအလုပ်ဖြစ်ဖြစ် လုပ်ချင်တာပဲ။ အဖေသုံးဘီးကား မောင်းတော့ ကားနောက်လိုက်တဲ့ စပယ်ယာ လုပ်တယ်။ အဲဒီတုန်းက အဖေ့သုံးဘီးကားက ရုံတော်ကြီးမှာ ဂိတ်ထိုးတာ။ ညနေကားသိမ်းပြီဆိုရင် စျေးချိုကနေ ဘုရားကြီးကို တစ်ယောက်နှစ်ကျပ်နဲ့ လူခေါ်ပြီး ကားဆွဲတယ်။ နောက် နည်းနည်းကြီးလာတော့ လေဘေးထည် ရောင်းတယ်။ နောက် စျေးချိုတိုက်တန်းက ဖိနပ်ဆိုင်မှာ ဖိနပ်ရောင်းတယ်။(အားတဲ့ အခါများကြတော့ အဲဒီ စျေးချိုတိုက်တန်းမှာ ဖိနပ်ရောင်းခဲ့တဲ့ အတွေ့အကြုံလေး ရေးရမှာပေါ့။) အဲဒီ ဖိနပ်ဆိုင်မှာ အလုပ်လုပ်တုန်းက ရတဲ့ လခက တစ်ခ သုံးထောင်။ အဲဒီ ပိုက်ဆံကို စုပြီး ရေဒီယို ကက်ဆက် ပြုပြင်သင်တန်းတက်။ပြီးတော့ အိမ်မှာ “တန်” ဆိုတဲ့ နာမည်နဲ့ ရေဒီယို၊ ကက်ဆက်ပြင်ဆိုင် ဖွင့်တယ်။ မအောင်မြင်ဘူး။ နည်းနည်းပါးပါးလေးပဲ ပြင်လိုက်ရတယ်။ “တန်” ဆိုတဲ့ နာမည်က စာရေးသူ တရုတ်စာ၊ စကားကို လေ့လာတုန်းက ရလာတဲ့ တရုတ်စာလုံးတစ်လုံးရဲ့ အသံထွက်ပါ။ နောက် တက္ကသိုလ်တက်ရတော့ အဲဒါတွေ ရပ်သွားတယ်။ တက္ကသိုလ် သုံးတန်ပြီးတော့ အလုပ်က လုပ်ချင်လာပြန်ရော။ အဲဒီအချိန်မှာ ကျောင်းပြီးသွားတဲ့ လူတွေက တစ်ယောက်ပြီး တစ်ယောက်အစုရှယ်ယာတွေ စပ်ပြီး ကုမ္ပဏီတွေ ထောင်တော့ အားကျတယ်။ ဒါပေမယ့် ကိုယ့် ပညာက မပြည့်စုံသေးဘူး။ ငွေးကြေးက မရှိသေးဘူး။ ဒီတော့ ရန်ကုန်မှာနေပြီ အိမ်တွေကိုလိုက် ကွန်ပျုတာပြင်တယ်။ ဒီတော့ လူတွေ အကြောင်းပိုသိလာရတာပေါ့။ အဲဒီတုန်းက ကိုယ်က အစုရှယ်ယာတွေ ထည့်နိုင်တဲ့ အနေအထားမရှိတော့ ကိုယ့်ကိုယ်ကို အားမရဘူး။ ကိုယ့် အရည်အချင်းတွေကို ပြန်လည် ဆန်းစစ်ရတယ်။ ဒီလိုနဲ့ စိတ်ထဲမှာ ဆူးကလေး တစ်ချောင်း ပေါက်လာပြီး တေးထားရတော့တာပေါ့။

နောက်ပိုင်းနှစ်တွေမှာ စာရေးသူ နိုင်ငံတကာကို ခြေဆန့်တော့ အစုရှယ်ယာ(stock)တွေဆိုတာ အလွယ်တကူ ဝယ်လို့ရတယ် ရောင်းလို့ တယ်ဆိုတဲ့ အမြင်တွေရှိလာတယ်။ ကုမ္ပဏီတွေ ဘယ်လို ထူထောင်ရမယ်။ အတွေးအခေါ် အကြံကောင်း ဉာဏ်ကောင်းတွေရှိမယ်ဆိုရင် စွန့်စားဦးဆောင်ပြီး လုပ်ငန်းတွေ လုပ်လို့ရတယ် ဆိုတဲ့(entrepreneurship) လမ်းစ အမြင်တွေ တွေ့ရှိလာတယ်။ စွန့်ဦး စီးပွားလုပ်ဆောင်မည့်သူ(entrepreneur) တစ်ယောက်ဟာ စျေးကွက်မှာ မရှိသေးတဲ့ အတွေးအခေါ် အကြံဉာဏ်ရှိရင် အဲဒီ အကြံဉာဏ်ကို အကောင်းအထည်ဖေါ်ဖို့ ပညာရှင်နဲ့ ငွေကြေးအရင်းအနှီး တွေလိုလာတယ်။ အဲဒါတွေကို ရအောင် ချဉ်းကပ် စည်းရုံးရတာ သူ့ရဲ့ ပညာပဲ။ Microsoft ၊ Google ၊Youtube အစရှိတဲ့ အောင်မြင်နေတဲ့ ကုမ္ပဏီတွေဟာ အကြံဉာဏ် အတွေးအခေါ်ကောင်းက စခဲ့ကြတာပဲ။ သူတို့ဟာ ကျောထောက်နောက်ခံ ငွေကြေး အထောက်အပံပေးမယ့် သူတွေကို ချဉ်းကပ်ပြီး လုပ်ငန်းတွေကို စခဲ့ကြတယ်။ နောက်တော့ ငွေကြေး အရင်းအနှီးကို ပိုပြီး ကြီးမား လာအောင်လို့ အများနဲ့ သက်ဆိုင်တဲ့ အစုရှယ်ယာ အဖြစ် ဖွင့်ပေးလိုက်တော့ လူတိုင်းလူတိုင်း အစုရှယ်ယာတွေ ဝယ်လို့ ရလာတောပေါ့။

ကုမ္ပဏီတစ်ခုက ပစ္စည်းတစ်ခုကို တီထွင်ဖန်တီးလိုက်ပြီး စျေးကွက်မှာ ဝင်တဲ့ အခါ အဲဒီ ပစ္စည်းအပေါ်မှာ ယုံကြည်မှုရှိတဲ့ လူတွေက အစုရှယ်ယာတွေ ဝယ်ပြီး ရင်းနှီးမြုတ်နှံကြတယ်။ ဥပမာ ကုမ္ပဏီက အရင်းအနှီး ၁၀၀၀-ကျပ်လောက် လိုတယ် ဆိုကြပါစို့။ ဒီတော့ အစုရှယ်ယာ တစ်ခုကို ၁-ကျပ်နဲ့ အခုတစ်ထောင် ရောင်းမယ်။ နောက်တော့ ကုမ္ပဏီက အောင်မြင်မှုရှိလာပြီး အမြတ်တွေရလာတဲ့ အခါ အစုရှယ်ယာတွေရဲ့ တန်ဖိုးလည်း တက်သွားမယ်။ အဲဒီတော့ နိုင်ငံတကာမှာ အစုရှယ်ယာတွေကို ရောင်းဖို့၊ ဝယ်ဖို့ ဘယ်လိုလုပ်ကြသလဲလို့ မေးစရာရှိလာတယ်။ ကျွန်တော်တို့ စျေးဝယ်စရာရှိရင် စျေးကို သွားပြီး စျေးဝယ်ရတယ်။အဲဒီလိုပဲ အစုရှယ်ယာတွေကို ဝယ်ချင်ရင် အစုရှယ်ယာစျေးကွက်(stock market)မှာ ဝယ်ရတယ်။

ကမ္ဘာပေါ်မှာ စီပွားရေးလုပ်ငန်းတွေ အမြောက်အမြား ရှိနေတဲ့အတွက် အစုရှယ်ယာစျေးကွက်မှာလည်း လူတကာ ဝယ်လို့ ရအောင် အစုရှယ်ယာတွေ ဖွင့်ပြီးရောင်းတဲ့ ကုမ္ပဏီတွေ အများကြီးရှိတယ်။ အဲဒီ ကုမ္ပဏီတွေ ရဲ့ တိုးတက်အောင်မြင်မှု အခြေအနေတွေကို ကြည့်ပြီး အစုရှယ်ယာတွေကို ဝယ်ယူသူတွေလည်း ရှိတယ်။ ဝယ်ထားတဲ့ အစုရှယ်ယာတွေကို ပြန်လည် ရောင်းချလိုတဲ့ သူတွေလည်း ရှိတယ်။ အဲဒီတော့ အစုရှယ်ယာ ဝယ်လိုသူတွေ၊ ရောင်လိုသူတွေနဲ့ နေ့စဉ် အရောင်းအဝယ်ဖြစ်နေတဲ့ စျေးကွက်ကို အစုရှယ်ယာစျေးကွက်လို့ ခေါ်ရမှာပေါ့။ ဝယ်လိုသူနဲ့ ရောင်းလိုသူတို့ရဲ့ အစုရှယ်ယာတွေ ချိတ်ဆက်ပေးရတာကို stock exchange လို့လည်း ခေါ်တယ်။ Nasdaq, New York Stock Exchange (NYSE) တို့ ဆိုတာတွေက အမေရိက အစုရှယ်ယာစျေးကွက်ရဲ့ exchange တွေပဲ။ ဒါပေမယ့် ဒီအစုရှယ်ယာစျေးကွက်ဆိုတာ ကျွန်တော်တို့ ကျောက်မြောင်းစျေး၊ ဗိုလ်ချုပ်အောင်ဆန်းစျေးတွေလို လူကိုယ်တိုင်သွားပြီး ကျွန်တော် ဒီကုမ္ပဏီရဲ့ အစုရှယ်ယာ ဘယ်လောက်ဖိုး ဝယ်ချင်ပါတယ်လို့ ပြောပြီး ဝယ်လို့ မရဘူး။ ကြားထဲမှာ ရောင်းခွင့် ဝယ်ခွင့်ရှိထားတဲ့ ပွဲစား(broker) တွေပဲ ဒီ exchange တွေမှာ အရောင်းအဝယ်လုပ်ပေးကြရတယ်။

ဝယ်လိုသူက ပွဲစား(broker) နဲ့ ချိတ်ဆက်ပြီး အဲဒီ ပွဲစားဆီမှာပဲ ကိုယ်ပိုင် စာရင်း(account) တစ်ခု ဖွင့်ရတယ်။ ပြီးတော့မှ ကိုယ်ဝယ်ယူလိုတဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာ အရေအတွက်ကို ပွဲစားကိုပြောလိုက်တော့မှ ပွဲစားကတဆင့် သူရဲ့ အချိတ်အဆက်နဲ့ Nasdaq, NYSE တို့မှာ ဝယ်ယူလိုတဲ့ အစုရှယ်ယာအရေအတွက်ကို တင်ပြပေးလိုက်တယ်။ အဲဒီအခါ Nasdaq, NYSE အစရှိတဲ့ stock exchange တွေက ဝယ်လိုသူတောင်းဆိုတဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာ ရောင်းလိုအားကို ရှာရတယ်။ ရောင်းလိုသူနဲ့ ဝယ်လိုသူ တွေ့ရင် အရောင်းအဝယ်ဖြစ်ပြီ။ အစုရှယ်ယာစျေးကွက်မှာတော့ အစုရှယ်ယာတွေက ကုဋေ သန်း ချီပြီး နေ့စဉ် အရောင်းအဝယ်ဖြစ်ကြတယ်။ ပုံမှန်အားဖြင့် stock exchange တွေကနေ အစုရှယ်ယာတွေကို ဝယ်ပေးလိုက်တာက ပွဲစား။ ဒီတော့ အဲဒီ အစုရှယ်ယာတွေက ကြားပွဲစားရဲ့ စာရင်းဇယားနဲ့ပဲဲ နာမည်ပေါက်တယ်။ ပြီးတော့မှ ကိုယ်ရဲ့ စာရင်းဇယားက ကြားပွဲစားဆီမှာ နာမည်ပေါက်မယ်။ ကိုယ်က အစုရှယ်ယာ ပိုင်ဆိုင်ကြောင်း stock exchange ရဲ့ စာရင်းဇယားတွေမှာ နာမည် မပေါက်ဘူး။ နာမည်ပေါက် လိုချင်ကြောင်း တောင်းဆိုလို့တော့ ရတယ်။ဒါက အကြမ်းအားဖြင့် ပြောတာပါ။

ပွဲစား(broker) တွေက အမျိုးမျိုးရှိတယ်။ အမေရိက စျေးကွက်၊ ဥရောပ စျေးကွက်၊ အာရှ စျေးကွက် အတွက် အစရှိသဖြင့်ပေါ့။ ကိုယ်က ဘယ်စျေးကွက်မှာ စိတ်ဝင်စားသလဲ။ ဘယ်လိုမျိုး စီးပွားရေး လုပ်ငန်းရဲ့ အစုရှယ်ယာတွေကို ဝယ်ပြီး ရင်းနှီးမြုတ်နှံချင်သလဲအပေါ် မူတည်မှာပေါ့။ နောက်ပြီး အစုရှယ်ယာ ဝယ်တယ် ရောင်းတယ်လုပ်တဲ့အခါ ပွဲစားတွေကတဆင့် သွားရတော့ ပွဲစားခ(brokerage)ပေးရတယ်။ ပွဲစားတွေ အမျိုးမျိုး ပွဲစားခ ယူပုံခြင်း မတူကြဘူး။ အများအားဖြင့် ပွဲစားတွေက အွန်လိုင်း၊ ဖုန်းတွေက ကဆင့် အရောင်းအဝယ် လုပ်ပေးကြတယ်။ etrade.com, sharebuilder.com, scottrade.com,.. ဒါတွေဟာ အမေရိက စျေးကွက်အတွက် ပွဲစားတွေပဲပေါ့။

အစုရှယ်ယာတွေ ဝယ်ယူတော့မယ်၊ ရင်းနှီးမြုတ်နှံမယ်လို့ ဆုံးဖြတ်ရင် စျေးကွက်ကို သေသေချာချာ လေ့လာ နားလည်ထားဖို့ လိုအပ်တယ်။ စိတ်လောစရာမလိုဘူး။ စျေးကွက်မှာ အစုရှယ်ယာတွေက သန်းနဲ့ချီပြီး ရှိတယ်။ အချိန်မရွေးဝယ်လို့ရတယ်။ stock, mutual funds, options..အစရှိသဖြင့် အမျိုးမျိုး ရင်းနှီးမြုတ်နှံလို့ ရတာတွေ ရှိပေမယ့်..အခုတော့ အစုရှယ်ယာ(stock) အကြောင်းပဲ ပြောမယ်။ စာရေးသူအမြင်ကတော့ အစုရှယ်ယာတွေကို ဝယ်ယူရောင်းဝယ် ကြရတာ စျေးကွက်သီအိုရီ(ဒါက ကျွန်တော် ဖန်တီးတဲ့ စကားအနေနဲ့ ပြောတာပါ) ထုတ်ရတာလို့ မြင်တယ်။ ကိုယ်ထုတ်တဲ့ သီအိုရီမှန်ရင် အကျိုးအမြတ်ရမယ်။ ကိုယ့် သီအိုရီမှားရင် ရှုံးမယ်ပေါ့။ နောက်ပြီး အစုရှယ်ယာမျိုးက စျေးကွက်မှာ အတက်အကျ သိပ်မြန်ပြီး အလွန်စွန့်စားရတဲ့ အလုပ်မျိုး။ အစုရှယ်ယာတွေရဲ့ Graph မျဉ်းတွေကို ကြည့်ရင် လှိုင်းတွေပဲ။ တက်လိုက်၊ ကျလိုက်နဲ့။ ဂရပ်မျဉ်းတွေက တစ်ဖြောင့်တည်း ဖြည်းဖြည်ခြင်း တက်သွားတာမျိုး မဟုတ်ဘူး။

စာရေးသူက ကံဆိုတာကို အယုံအကြည်ရှိတဲ့သူမဟုတ်တော့ မြတ်မှာပဲဆိုပြီး ကံစမ်းတဲ့ သဘောမျိုးနဲ့ အစုရှယ်ယာတွေ ဝယ်ယူတာမျိုး မလုပ်ဘူး။ လုပ်ဖို့လည်း အားမပေးဘူး။ စားရေးသူ ကိုယ်တိုင် ဘာလို့ ဒါတွေ လုပ်ရသလဲဆိုတော့ ရှေ့ကပြောခဲ့သလို့ ငယ်ငယ်တုန်းက လေဘေးရောင်းခဲ့တဲ့သူတစ်ယောက်အနေနဲ့ နိုင်ငံတကာစျေးကွက်အကြောင်း တီးမိခေါက်မိအောင်၊ မသိသေးတာတွေ သိအောင်၊ နောက်ပြီး စျေးကွက် သီအိုရီ ထုတ်ကြည့်ချင်လို့။ စျေးကွက်သီအိုရီ ထုတ်တယ်ဆိုတာ ထွေထွေထူးထူးတော့ ဘာမှ မဟုတ်ပါဘူး။ လက်ရှိ နိုင်ငံရဲ့ စီးပွားရေး ပေါ်လစီ၊ စျေးကွက် လမ်းကြောင်း၊ အစရှိတဲ့ သတင်းအချက်အလက်တွေကို စုစည်းပြီးတော့ အဲဒါတွေက ကိုယ်ဝယ်ယူလိုတဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာ အတက်အကျကို ဆုံးဖြတ်ကြည့်ရတာပေါ့။ နောက်ပြီး ကိုယ်ဝယ်ယူလိုတဲ့ ကုမ္ပဏီကလည်း ဘယ်လိုမျိုး တီထွင်မှုအသစ်တွေ ထုတ်လာနိုင်မလဲ၊ တနှစ်စာ ပထမပတ် စာရင်းရှင်းတမ်းတွေမှာ အမြတ်အစွန်းမှရှိရဲ့လား၊ ဝန်ထမ်းတွေ ငှားနေလား၊ လျှော့ချနေလား၊ အမျိုးမျိုးပေါ့။ ယုတ်စွအဆုံး အခုလို ပွင့်လင်းရာသီ နွေဦးမှာ လူတွေ ခရီးထွက်တာ များရင် ဘယ်လိုမျိုး စီးပွားရေးစျေးကွက်တွေမှာ တိုးတက်နိုင်လဲ။ အဲဒီလောက်ထိ တွက်ဆကြည့်ရမှာပေါ့။ ဘက်ပေါင်းစုံ၊ ရှု့ထောင်ပေါင်းစုံကနေကြည့်ပြီး ကိုယ်ရဲ့ သီအိုရီ ကိုယ်ထုတ်၊ ကိုယ်ဝယ်ချင်တဲ့ အစုရှယ်ယာကို ဝယ်၊ ရောင်းချင်တဲ့ အချိန်မှာ ပြန်ရောင်း။ ကိုယ့် သီအိုရီမှန်ဖို့ သတင်း အချက်အလက်ဆိုတာ အဓိက အရေးကြီးဆုံးပဲ။

လက်ရှိ ကမ္ဘာရဲ့ စီးပွားရေး အခြေအနေကို ကြည့်ကြရအောင်။ နိုင်ငံတကာမှာ စီးပွားရေးတွေကျ၊ လူတွေ အလုပ်တွေပြုတ်၊ အလုပ်ရှိတဲ့ လူကလည်း တထိတ်ထတ်နဲ့ ငါ ဘယ်တော့ အလုပ်ဖြုတ်ခံရမလဲလို့ စိုးရိမ်စိတ်နဲ့။ ကမ္ဘာ့စီးပွားရေးက အဆိုးရွားဆုံး အခြေအနေ(great depression) ကိုတော့ ဖြတ်ကျော်ပြီးသွားပြီလို့ ဆိုရမယ်။ ဟိုး..အောက်ဆုံး အဆင့်ကို ရောက်သွားခဲ့တဲ့ အစုရှယ်ယာတွေရဲ့ တန်ဖိုးတွေဟာလည်း လှုပ်လီလှုပ်လဲ့နဲ့ ပြန်တက်လာပြီ။ ဆိုတော့ကား..ဒီအချိန်ဟာ အစုရှယ်ယာတွေ ဝယ်ပြီး ရင်းနှီးမြုတ်နှံလို့ အကောင်းဆုံး အချိန်ပဲလို့ ပြောရမှာပဲ။ စာရေးသူလို ခေါင်းအရှုပ်ခံပြီး တွက်ချက် ရောင်းဝယ် မနေပဲ၊ ကိုယ်ယုံကြည်တဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို ဝယ်ထားလိုက်ရင် အရှည်မှာ အသေအချာ အမြတ်အစွန်းရရှိနိုင်တာပေါ့။ ဗဟုသုတရဖို့၊ အတွေအကြုံရဖို့ အလို့ငှာ စမ်းသပ်ကြည့်ချင်တယ် ဆိုရင်လည်း ငါးရာဖိုးဖြစ်စေ၊ တစ်ထောင်ဖိုးဖြစ်စေ စမ်းကြည်ပေါ့။

မိုက်ကရိုဆော့လို ကုမ္ပဏီမျိုးက ဟိုအရင်တုန်းက အစုရှယ်တစ်ခုကို ၃၀-ဒေါ်လာ လောက်ရှိခဲ့ပေမယ့် ၁၅-ဒေါ်လာ အထိ ကျဆင်းသွားခဲ့တယ်။ အခုချိန်မှာ ပြန်တက်လာတယ်ဆိုတော့ အကြမ်းဖျင်း အစုရှယ်ယာ တစ်ခုတန်ဖိုး ၂၀-ဒေါ်လာ ပြန်ဖြစ်လာပြီ။ စီးတီဂရု(Citi Group Bank) ဆိုရင် အစုရှယ်ယာ တစ်ခုတန်ဖိုး ၂၃-ဒေါ်လာခွဲလောက်ကနေ ၉၇-ပြား အထိ ထိုးဆင်းသွားခဲ့တာ အခုဆိုရင် အစုရှယ်ယာ တစ်ခုတန်ဖိုး ၄-ဒေါ်လာလောက် ပြန်ဖြစ်လာပြီ။ ရာဟူး(Yahoo) ဆိုရင် ၂၈-ဒေါ်လာကနေ ၉-ဒေါ်လာ လောက်အထိ ကျဆင်းသွားခဲ့တယ်။ အခု ၁၄-ဒေါ်လာ၊ ၁၅-ဒေါ်လာ ဝန်းကျင် ပြန်ဖြစ်လာပြီ။ ဆိုလိုတာက စီးပွားရေး ပြန်လည် ဦးမော့လာခဲ့ရင် ဒီအစုရှယ်ယာတန်ဖိုးတွေလည်း တရိတ်ရိတ်နဲ့ ပြန်လည် တက်လာရမှာပေါ့။

ဒီနေ့တော့ ဒါလောက်ပဲ တော်သေးပြီ။

အနန္တမေတ္တာဖြင့်
ဘကောင်း

No comments:

Post a Comment