ကျွန်တော့် အမိ မြန်မာပြည် အတွက်


ကျွန်တော် စာရေးသည့် အခါတွင် ဟိုအကြောင်းလေးတို့လိုက်၊ ဒီအကြောင်းလေး ဆိတ်လိုက်နှင့် စိတ်ပါလျင် ပါသလို စာတွေရေးဖြစ်သည်။ စာမရေးချင်သည့် အခါများဆိုလျင် တစ်နှစ်ကျော်လောက် စာမရေးပဲ ပစ်ထားသည်။ ပန်ချီဆွဲသည့်အခါများလိုပင်။ အနီရောင်လေး တို့လိုက်၊ အပြာနုလေး တို့လိုက်နှင့် ဘဝ၏ ကင်းဗတ်စ ပေါ်တွင် လူတွေအကြောင်း၊ ခံစားချက်တွေ အကြောင်း၊ စီးပွားရေး၊ နိုင်ငံရေး အကြောင်းတို့ကို အလျင်းသင့်လျှင် သင့်သလို ရေးဆွဲကြည့်သည်။ လူတွေ အထဲက လူတစ်ယောက်ဖြစ်သည့် အားလျော်စွာ လူ၏ ဖြစ်တည်မှုနှင့် ထိုက်တန်အောင် ရေးဖွဲ့ သီကုံး ချယ်မှုန်းချင်သည်။

အခုရေးသည့် နိုင်ငံရေး ဝါဒများ အကြောင်းသည် ကျွန်တော် သိသည့် အသိပညာ၊ အတွေ့အကြုံ ရှု့ထောင့်များမှရေးသည်။ လက်ရှိ ကမ္ဘာနှင့် မြန်မာပြည် နိုင်ငံရေး ဇာတ်ခုံမှ အခြေအနေတို့ကို ချိန်ထိုးပြီး ရေးသည်။ စာရေးသူသည် နိုင်ငံရေးအကြောင်းကို အကိုးအကားတွေ ဖောင်ဖွဲ့ပြီး စကားအများကြီးပြောတတ်သူမဟုတ်။ ကိုယ်ပြောခြင်းထက် တစ်ပါးသူပြောသည်ကို နားထောင်ကာ စိတ်ထဲမှ အကဲဖြတ်ရသည်ကို အားသန်သူဖြစ်သည်။ စာရေးသူသည် စကားအများကြီး ပြောခြင်းထက် စာအများကြီး ပြောလိုသူဖြစ်သည်။ ထို့်ကြောင့် ကျွန်တော် စာဖြင့် စကားပြောသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းသစ်ဆီကို ရောက်အောင် တက်လှမ်းကြတော့မယ် အခါ ဘယ်လိုမျိုး ဒီမိုကရေစီ စနစ်ဟာ မြန်မာပြည်နဲ့ ကိုက်ညီနိုင်သလဲဆိုတာ ချဉ်းကပ်ရမယ်။ တနည်းအားဖြင့် ဆိုလို့ရှိရင် မြန်မာပြည် ယဉ်ကျေးမှုနှင့် လက်ရှိမြန်မာပြည်ရဲ့ အခြေအနေတွေနဲ့ ကိုက်ညီမယ့် ဒီမိုကနေစီ စနစ်ပေါ့။ ဒီစကားဟာလည်း ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတဲ့ အာဘော်တွေပါဝင်တယ်။ ဒေါ်စု စကားအရဆိုလို့ ရှိရင် မြန်မာပြည် ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ဒီမိုကနေစီ စနစ်ကို ရွေးချယ် ရမှာ ဖြစ်တယ်လို့ ဆိုခဲ့ဖူးတယ်။ ကျွန်တော် စင်ကာပူမှာ နှစ် နှစ်တိတိ အလုပ်လုပ်၊ နေထိုင် စဉ် ကာလ တုံးက စင်ကာပူ ဝန်ကြီးချုပ် ဟောင်း (ဂိုချောက်ထောင်-အမှားပြင်ခြင်း) လီကွမ်းယု ရဲ့ မြန်မာပြည် နိုင်ငံရေးပေါ် ဝေဖန် သုံးသပ်ချက်ကို ရုပ်မြင်သံကြားကနေ ကြည့်လိုက်ရတယ်။ မြန်မာပြည်သူ၊ မြန်မာပြည်သားတွေဟာ ဒီမိုကရေစီ စနစ်နဲ့ မထိုက်တန်သေးဖူးလို့ သူက ဆိုတယ်။ အဲဒီတုန်းက စာရေးသူ စိတ်ဆိုး ဒေါသ ထွက်လိုက်တဲ့ ဖြစ်ခြင်း။ အဲဒီ သုံးသပ်ချက် ဟာ မသန့်စင်တဲ့ နိုင်ငံရေး သုံးသပ်ချက် တစ်ခုသာ ဖြစ်တယ်။ စင်ကာပူနိုင်ငံရဲ့ မြန်မာပြည်ပေါ်မှာ ထားရှိတဲ့ နိုင်ငံခြားရေး ဝါဒဟာ လက်ရှိ မြန်မာပြည် စစ်အစိုးရနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ခြင်း မရှိဘူး။ စင်ကာပူ နိုင်ငံ ရဲ့ ပါလီမန် အုပ်ချုပ်ရေးမှာလည်း လွတ်လပ်စွာ ဆန္ဒပြခွင့် နဲ့ ဒီမိုကရေစီ ဆန်တဲ့ အတွေးအခေါ်၊ အဖွဲ့အစည်းတွေကို ဖိနှိပ် ပိတ်ပင် ထားတယ်။ စင်ကာပူ အစိုးရသည် မြန်မာပြည် အပေါ် သူ့နိုင်ငံရေးဝါဒ နဲ့ သူ သုံးသပ်တယ်။ ကျွန်တော် က ကျွန်တော့် တိုင်းပြည် ကောင်းကျိုး အတွက် သုံးသပ်ရရင် မြန်မာပြည်သူ ပြည်သားတွေဟာ ဒီမိုကနေစီ စနစ်ရဲ့ စစ်မှန်တဲ့လမ်းကြောင်းမှန်ပေါ်မှာ စတင် လျှောက်လှမ်းဖို့ အချိန်တန်နေပြီ။ မြန်မာပြည် လူထုကို ဒီမိုကရေစီ ဆိုတဲ့ မူနဲ့ အသေအချာ လမ်းကြောင်းမှန်ပေါ် တွန်းတင် ပေးရမယ်။ ဘာကြောင့်လည်း ဆိုတော့ ပြီးခဲ့တဲ့ ဆိုရှယ်လစ် စနစ်၊ လက်ရှိ စစ်အာဏာရှင် စနစ်တို့ဟာ လူထုအတွက် ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် အကျိုးရလဒ် မရှိဘူးဆိုတာ သက်သေပြခဲ့တာပဲ။

ဗိုလ်နေဝင်း ရဲ့ နှစ်ပေါင်း နှစ်ဆယ့်ခြောက်နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ လက်ရှိ စစ်အစိုးရရဲ့ အာဏာရှင် စနစ် နဲ့ အုပ်ချုပ်တဲ့ စစ်အုပ်ချုပ်ရေး တွေကြောင့် တိုင်းပြည်ဟာ တိုးတက် မလာခဲ့တဲ့ အပြင် ဆုတ်ယုတ်လာတယ်။ တိုင်းပြည် တစ်ပြည် မှာ နှစ်ကာလာ အပိုင်းအခြား တစ်ခု ရောက်ရင် အဲဒီ တိုင်းပြည်ရဲ့ ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်မှုဟာ ဘယ်လို ဖြစ်နေရမယ်ဆိုတာ အကြမ်းဖျင်းတွက်လို့ရယ်။ ကျွန်တော့် အလုပ်မှာ ပရောဂျက်တွေကို စီမံခန့်ခွဲရသလို အချိန်၊ လုပ်အားနှင့် အရင်းအနှီးတွေ နဲ့ တိုင်းဆကြည့်ရတယ်။ တိုင်းပြည် တစ်ခု လုံးဟာ အုပ်ချုပ်သူတွေ လက်ထဲမှာရှိပြီး သံယဇာတ အရင်းအမြစ်တွေ အသုံးချကာ အချိန်အတိုင်းအတာ နှစ် နှစ်ဆယ်ကျော် ကာလမှာ တိုးတက်အောင် မလုပ်နိုင်ဘူးဆိုရင်ကတော့ မှားယွင်းနေပြီ။ အလုပ်သဘောအရဆိုရင်တော့ ပရောဂျက် မအောင်မြင်ဘူးပေါ့။ အဲဒါဆိုရင် ပရောဂျက် မန်နေဂျာ အဲဒီ ပရောဂျက်ကနေ ထွက်ပေးရတယ်။ အခု လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို တိုးတက်နေတယ် လို့ ပြောရင် အဲဒီ အယူအဆ အတွေးအခေါ်ဟာ လိပ်တစ်ကောင်နဲ့ အတွေးအခေါ်မျိုးပဲလို့ ကျွန်တော် မြင်တယ်။ အဲဒီလိုမျိုး အတွေးအခေါ်တွေနဲ့ ကမ္ဘာ့အလယ်မှာ မြန်မာ ဝင် မတိုးနိုင်ဘူး။ နှေးပြီး နောက်ကျ ကျန်နေတယ်။ တကယ်တော့ နှေးနေ တယ်ဆိုတာ မမှန်ဘူး။ နှေး နေတယ် ဆိုတာ တိုးတော့ တိုးတက်တယ်။ နှေးတယ်လို့ သဘော ရောက်နေတယ်။ တကယ်တော့ အချို့ အပိုင်း ကဏ္ဍတော်တော်များများမှာ မတိုးတက်သည့်အပြင် ဆုတ်ယုတ်သွားတယ်။

အဲဒီတော့ မြန်မာပြည် နဲ့ လျော်ညီမယ့် ဒီမိုကရေစီ အုပ်ချုပ်ရေးမျိုး ကို လေ့လာ သုံးသပ်ဖို့။ အသုံးချ ကျင့်သုံးဖို့ လိုအပ်နေပြီ။ အဲဒီတော့ ဘယ်လိုမျိုး ဒီမိုကရေစီ ပုံစံမျိုးလည်း လို့သုံးသပ်ကြည့်တဲ့အခါ မြန်မာပြည် ဖြတ်သန်းခဲ့တဲ့ ဆိုရှယ်လစ် စနစ်၊ ကွန်မြူနစ် ဝါဒတွေ၊ လက်ရှိ စစ်အုပ်ချုပ်ရေးကို ကြည့်တယ်။ ဒီမိုကရေစီ နဲ့ နာမည်ကြီးတဲ့ အမေရိကန် ဒီမိုကရေစီကို ကြည့်တယ်။ ဒီမိုကရေစီနဲ့ တွဲကပ်ပြီး လိုက်လာတဲ့ လက်ရှိ ကမ္ဘာရဲ့ အရှင်းရှင် ဝါဒကို ပြန်ကြည့်ရပြန်တယ်။ စနစ်တွေ ဝါဒတွေရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ပြဠာန်းချက်တွေ ကိုတော့ လူတိုင်း သိထား နာလည် ထားတယ်။

ဆိုရှယ်လစ် စနစ်ဆိုတာ ကွန်မြူနစ် စနစ် မထွန်းကား ခင် ကတည်း တည်ရှိလာခဲ့တဲ့ စနစ်ပဲ။ ကွန်မြူနစ် စနစ်ဆိုတာကလည်း ဆိုရှယ်လစ် စနစ်ကို အခြေခံပြီးတော့မှ တဆင့်တက် ပြောင်းလဲသွားပြီး ပိုမိုပြင်းထန်တဲ့ စနစ် ဝါဒ တစ်ခု အသွင် ကူးပြောင်းသွားတာ။ ဆိုရှယ်လစ် စနစ်နဲ့ ကွန်မြူနစ် စနစ် နှစ်ခုစလုံးက ဘုံဝါဒကို အခြေခံကြတာပဲ။ နိုင်ငံရဲ့ စီးပွားရေး၊ ထုတ်ကုန် လုပ်ငန်းတွေကို အစိုးရက ထိန်းချုပ်လိုတယ်။ နံမည် တပ်လိုက်တော့ အများပိုင်ပေါ့။ လူတန်းစာ ခြားနားခြင်း မရှိစေပဲ အားလုံး တန်းတူရှိစေတယ်။ ပုဂ္ဂလိကပိုင် မှန်သမှ ဗဟိုအစိုးရက သိမ်းပိုက် ချုပ်ကိုင်တယ်။ကွန်မြူနစ် အုပ်ချုပ်ရေးမှာ တော့ ဗဟိုအစိုးရက လူအနည်းစုလောက်ပဲ ပါဝင်တယ်။ ဒါတွေက အပေါ်ယံ သဘောပါ။

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း လွတ်လပ်စ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ ပိုင်တဲ့ ကုမ္ပဏီ အများကြီးပဲ။ တရုတ်ပိုင်၊ ကုလားပိုင်တဲ့ ကုမ္ပဏီကြီးတွေ။ လူဆင်းရဲ နဲ့ လူချမ်းသာ အဆင့်ကွာခြားမှုကလည်း သိပ်များပြားတယ်။ အဲဒီ ခေတ် အခါတုန်းက ဆိုရှယ်လစ် နဲ့ ကွန်မြူနစ် သဘောတရားရေးရာတွေက သိပ်ခေတ်စားတယ်။ စာပေတွေကို ဖတ်ရ၊ လေ့လာခြင်း အရ သိရတာပါ။ ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်း ကွာခြားမှုကို အခြေခံပြီး ရေးသားတဲ့ စာပေ၊ ဖွဲ့ဆိုတဲ့ တေးဂီတ တွေ အများကြီး လွှတ်ထွန်းကားတဲ့ အချိန်ပေါ့။ ဆင်းရဲတွင်း နက်သထက်နက်ပြီး ကျောပြာမွဲကျ ဖွတ်တက်လာတဲ့ မြန်မာပြည် လူထု အတွက် ဆိုရှယ်လစ် လူ့ဘောင်သစ်နဲ့ ကွန်မြူနစ် ကျင့်စဉ်တွေကသာ ထွက်ပေါက်တစ်ခုဖြစ်လာတယ်။

၁၉၆၂-ခုနစ် မှာ ဗိုလ်နေဝင်း ဦးဆောင်တဲ့ အိမ်စောင့် အစိုးရ အာဏာ သိမ်းယူပြီး ဆိုရှယ်လစ် မြန်မာနိုင်ငံတော်ကို ထူထောင် တယ်။ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေကို အစိုးရပိုင် သိမ်းယူတယ်။ ဆိုရှယ်လစ် စနစ်ရဲ့ အောက်မှာ မြန်မာပြည်သူ ပြည်သားတွေဟာ ပြင်ပ နိုင်ငံခြားနဲ့ အဆက်အသွယ် လုပ်လို့ခက်ခဲပြီး သတင်းအချက်အလက်တွေကလည်း အစိုးရချုပ်ကိုင်မှုအောက်မှာပဲ ရှိတော့ လူထုဟာ မျက်စိပိတ်၊ နားပိတ်နဲ့ “အ” သွားတယ်။ မှန်တာကို ပြောရဲ၊ ဆိုရဲ ယုံကြည်မှုတွေ ရိုက်ချိုး ခံရတယ်။

ငယ်စဉ်က ဆိုရှယ်လစ် စနစ် ပညာရေးရဲ့ အောက်မှာ သင်ကြားခဲ့ရတဲ့ စာရေးသူ ကိုယ်တိုင် ပထမဦးဆုံးအကြိမ် နိုင်ငံခြားမှာ အလုပ်လုပ်တဲ့အခါ ယုံကြည်မှုတွေ မရှိဘူး။ သူတစ်ပါး အခိုင်းခံရတဲ့ ဘဝမှာပဲ သိမ်ငယ်စွာ အလုပ် လုပ်ရတယ်။ ခေတ်မှီတိုးတက်နေတဲ့ နိုင်ငံခြား တိုင်းပြည်မှာ ကိုယ်က သိမ်ငယ်တဲ့ ခံစားချက်ကို ခံစားရတယ်။ နောင်မှ နိုင်ငံခြားတိုင်းပြည်တွေက ယဉ်ကျေးမှုကိုလေ့လာ၊ အောက်ကျ နောက်ကျဖြစ်နေတဲ့ စိတ်ကို မြှင့်တင်ရတယ်။ မြန်မာ ဆန်တဲ့ နိုင်ငံကြီးသား ပီသအောင် ပြုပြင် ပြောင်းလဲယူရတယ်။ ပြောချင်တာက ဆိုရှယ်လစ်ခေတ်မှာ ကျွန်တော်တို့ မြန်မာလူငယ် မျိုးဆက်သစ်ရဲ့ ယုံကြည်ချက်တွေ ရိုက်ချိုးခံရတယ်။ လူထုမှာ ကိုယ်ပိုင် အရည်အချင်းတွေနဲ့ လုပ်ကိုင်နိုင်စွမ်း မရှိတော့ဘူး။ သဘောကတော့ “တုံး” သွားတယ်ပေါ့။ ဓားဆိုတာ သွေးပါများ က ထက်နေတဲ့ သဘောရှိတယ်။ မသွေးပဲ မသုံးပဲ ပစ်ထားကြည့်။ ကြာရင် သံချေးကိုက် ပြီး ပျက်ဆီးသွားတယ်။ အဲဒီ သဘောပဲပေါ့။ လူတစ်ဦး တစ်ယောက်ခြင်းစီရဲ့ လုပ်နိုင်ခွင့် အရည်အချင်းတွေကို ဖွင့်ပေးမှ လူဟာ တိုးတက်လာမှာ။ လူတွေ တိုးတက်လာမှ လူ့အဖွဲ့အစည်းကလည်း တိုးတက်ပြောင်းလဲ လာမှာ။

၁၉၈၈ အရေးအခင်းဖြစ်ပြီး စစ်အစိုးရ အာဏာ ရယူပြီးနောက် မြန်မာနိုင်ငံဟာ အာဏာရှင်အုပ်ချုပ်ရေး အောက် တရားဝင် ရောက်သွားတယ်။ စစ်အာဏာရှင်တို့ ရဲ့ ထုံးစံအတိုင်း အောက်ပါ အချက် ၁၀-ချက်နဲ့ တိုင်းသူပြည်သားတွေကို လိမ်လည် လှည့်ဖျားရတယ်။

၁။ ပြည်တွင်း ပြည်ပ နှောက်ယှက် ဖျက်ဆီးသူများ ရှိတယ်လို့ အကြောင်းပြသည်။
၂။ လျှို့ဝှက် အကျဉ်းစခန်းများ တည်ဆောက်သည်။
၃။ စွမ်းအားရှင်အဖွဲ့အစည်း ကဲ့သို့သော အရပ်သားများနှင့် ဖွဲ့စည်းထားသည့် စစ်တပ် အခြေပြု အဖွဲ့အစည်များ ထူထောင်သည်။
၄။ သာမန် ပြည်သူ လူထု၊ အရပ်သူ အရပ်သားများ အား လျှို့ဝှက် ထောက်လှမ်း စောင့်ကြည့်သည်။
၅။ ပြည်သူ လူထု အတွင်း လျှို့ဝှက် ထောက်လှမ်းရေး သမားများ ထည့်သွင်းထားသည်။
၆။ အကြောင်း ပြချက် ခိုင်လုံစွာ မရှိပဲ အလျင်းသင့်လျင် သင့်သလို အရပ်သူ အရပ်သားများအား ထိန်းသိမ်း ချုပ်နှောင်ခြင်း၊ ပြန်လွတ်ပေးခြင်း များ ပြုလုပ်သည်။
၇။ အရေးကြီးသည့် လူပုဂ္ဂိုလ်၊ ပြည်သူလူထုအပေါ် သြဇာလွှမ်းမိုး နိုင်သူတို့ကို ဦးတည် တိုက်ခိုက်သည်။
၈။ လွတ်လပ်စွာ ပုံနှိတ် ထုတ်ဝေခွင့်။ ရေးသားခွင့် တို့ကို ဖိနှိတ် ချုပ်ချယ်သည်။
၉။ နိုင်ငံရေးသမားများအား နိုင်ငံတော် အား ဖျက်ဆီးနှောက်ယှက်သူဟု အမည်တပ်ကာ တိုင်းပြည် ဖျက်ဆီးသူဟု လက်ညိုးထိုး ယိုးစွတ်သည်။
၁၀။ ဥပဒေအား လိုအပ်သလို ပြုပြင် ပြောင်းလဲပြင်ဆင်ကာ ပြစ်ဒဏ်ချမှတ်လေ့ရှိသည်။
(စကားချပ်။ ဗမာပြည် အာဏာရှင် အကြောင်းကို အင်္ဂလိပ်လို ရေးကြည့်ဖူးသည်။ ငယ်ငယ် တုန်းက ချမ်းသာရဘုရား ဧကျောင်းမှာ သစ်စ အစ်စ အေဘုတ်ခ (this is a book) နဲ့ သင်လာခဲ့တဲ့ အင်္ဂလိပ်စာ ကို တိုးတက် အောင်လို့ အင်္ဂလိပ်လို ပို့စ်တွေ ကြိုးစားပြီးရေးတာ။ ပြန်ကြည့်တိုင်း အမှားတွေချည့်ပဲ။ Burmese Dictatorship မှာ ပိုပြီး အကျယ် ရေးထားတာပေါ့။

ကြားဖူးတဲ့ ဟာသကလေး တစ်ပုဒ်ရှိတယ်။ တစ်ခါက ရွာဘုန်းကြီး စာသင်ကျောင်းကလေး တစ်ခုမှာ မြို့က ကျောင်းဆရာလေး တစ်ယောက် တာဝန်ကျတယ်။ကျောင်း ဆရာလေး က စာအုပ်တစ်အုပ်ကို လက်က ကိုင်ထားပြီး သစ်(စ်) အစ်(စ်) အေ ဘွတ်(ခ်) (this is a book). ဒါဟာ စာအုပ် တစ်အုပ် ဖြစ်တယ်လို့ အင်္ဂလိပ်လို ပီပီသသ ရွတ်ပြီး သင်တယ်။ ကျောင်းသူ ကျောင်းသား ကလေးတွေက နားမလည်ဘူး။ အားလုံးက ဘာလဲ ဘာလဲနဲ့ ကျောင်းဆရာလေးကိုပဲ နဝေတိန်တောင်နဲ့ ဝိုင်းကြည့်ကြတယ်။ ကျောင်းဆရာလည်း ဘယ်လိုမှ သင်လို မရ၊ နောက်ဆုံး လက်လျှော့ပြီး အရင် စာသင်ပေးနေတဲ့ ရွာဘုန်းကြီးကို အကူအညီ တောင်းရသည်။ အဲဒီတော့မှာ ဘုန်းကြီးက ဝင်လာပြီး စာအုပ်ကို ကိုင်က သစ်စ အစ်စ အေဘုတ်ခ လို့ ပြောလိုက်မှ ကလေးတွေ အော် ဆိုပြီး နာလည်တော့တယ်။ စာရေးသူ ငယ်စဉ်တုန်းကလည်း အဲဒီ လိုမျိုး ကျောင်းသားလေး တစ်ယောက်ပါ။)

စစ် အစိုးရ လက်ထက်မှာလည်း ပြည်သူလူထုဟာ ဖွတ်သထက် ညစ်လို့ တိုင်းပြည်က ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ သောင်းနဲ့ သိန်းနဲ့ ချီပြီး ရှိနေတယ်။ ဒုက္ခသည် ဘဝဆိုတာကို ကိုယ်တိုင် ဒုက္ခနဲ့ ကြုံတွေ့ဖူးမှ ကိုယ်ချင်း စာနာတတ်တာ။ ရန်ကုန် မြို့ကြီး ပြကြီးတွေမှာ နေပြီး စည်းစိမ်ယစ်နေတဲ့ လူတွေကို နယ်စပ်က ဒုက္ခတွေ ပြောပြလို့ကတော့ ကျွဲပါး စောင်းတီး၊ နွားရှေ့ ထွန်ကျုး သလိုဖြစ်နေမှာပဲ။ စည်းစိမ်ယစ် အာဏာယစ်နိုင်တဲ့ လူတွေက လောက နိဗ္ဗာန်ဆိုတာ ဒီကမ္ဘာမြေပေါ်မှာ ရှိတာပါလားလို့ ဆိုနေကြတဲ့ အချိန်မှာ ပြည်သူလူထု အတွက်က လောက ငရဲဆိုတာ ဒီနိုင်ငံမှာ ရှိတာလို့ ငိုးကြွေးမြည်တမ်းနေကြလိမ့်မယ်။

စာရေးသူ တက္ကသိုလ်ကျောင်းသား ဘဝ သုံးတန်းနှစ်ရောက်တော့ တက္ကသိုလ်ပညာရေးကို အယုံအကြည် မရှိတော့ဘူး။ အရည်အချင်းထက် အရည်အတွက်ကို ဦးစားပေးပြီး သင်ကြားရတဲ့ ပညာရေးမှာ စာအလွတ်ကျက်ပြီး အဖြေစာရွက်ပေါ်မှာ ပြန်ပြီး ရေးချပြရတဲ့ စနစ်ကို စိတ်မဝင်စားတော့ဘူး။ ကျောင်းလည်း သိပ်မတက်တော့ပဲ စာပဲဖတ်တယ်။ ညပိုင်း အလုပ်လုပ်တယ်။ ဆူလေအဝိုင်း နေလ ကော်ပီကူးဆိုင်က စာအုပ်တွေက ကျွန်တော့် ကျောင်းပဲ။ ကျောင်းပြီးလို့ တတ်တဲ့ ပညာကို အသုံးချဖို့အတွက် နေရာ မရှိဘူး။ ကြီးမြင့်နေတဲ့ ကုန်စျေးနှုန်း၊ ရန်ကုန်မှာ အိမ်ငှားနေရမယ့် မန္တလေးသား တစ်ယောက်အတွက် လခစား သမားဘဝ မရပ်တည်နိုင်ခဲ့ဘူး။ အခုအခါမှာဆိုရင် စာရေးသူလို နိုင်ငံခြား ထွက်ကြတဲ့ ပညာတတ်လူငယ်တွေ ဒုနဲ့ ဒေးနဲ့။

ပညာတတ် လူငယ်တွေ နိုင်ငံခြားတွေ ရောက်တဲ့ အခါ မျက်စိပွင့် နားပွင့်နဲ့ ဒီမိုကရေစီရဲ့ လွတ်လပ်တဲ့ အရသာကို ခံစားကြရတယ်။ လွတ်လပ်စွာ ခရီးသွားလာကြရတယ်။ ကိုယ် ယုံကြည်ရာ အတွေးအခေါ် အယူအဆတွေကို လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားကြတဲ့ ဘလော့၊ စာပေ အရေးအသားတွေ ထွန်းကားလာတယ်။ မြန်မာ လူငယ် လူတော်တွေ အများကြီး ရှိတဲ့ တိုင်းပြည်မှာ ဒီမိုကရေစီ ရလို့ကတော့ တိုင်းပြည် တိုးတက် ထွန်းကားလာမှ ဧကန်မုချ ပဲ။ စစ်မှန်တဲ့ ဦးဆောင်မှုနဲ့ စစ်မှန်တဲ့ စနစ် မူ လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ပဲ လိုတော့တယ်။

အမေရိကန်၊ ဂျပန်နဲ့ စင်ကာပူနိုင်ငံတွေမှာ နှစ်ပေါင်း ဆယ်နှစ်ကျော် အလုပ်လုပ်ခဲ့ပြီးနောက် စာရေးသူ ဘာလေ့လာမိသလဲဆိုတော့ အရင်ရှင် စီးပွားရေးနဲ့ ဒီမိုကနေစီ စနစ်အောက်က လူနေမှု ပုံစံကို သိရှိ နားလည်လာရတယ်။ ယနေ့ အမေရိကန် နိုင်ငံမှာ ဒီ အရင်းရှင်စီးပွားရေး စနစ်ကို အမေရိကန် နိုင်ငံသားများ ကိုယ်တိုင် မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ပြန်လည် ဝေဖန် ဆန်းစစ်နေရတဲ့ အနေအထားမှာ ရှိတယ်။ ဒီမိုကနေစီ စနစ်ကို လက်ခံကျင့်သုံးနေတဲ့ အမေရိကန်နိုင်ငံမှာ အစိုးရက ဝင်ရောက် ချုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ မရှိသလောက်ပဲ။ လုံးဝမရှိတာ မဟုတ်ဘူး။ ဥပမာ စာပို့ လုပ်ငန်းဆို အစိုးရက ဝင်ရောက် လုပ်ကိုင်တယ်။ ပုဂ္ဂလိက ပိုင် (FedEx, UPS) အစရှိတဲ့ စာပို့ လုပ်ငန်းတွေ လည်း ရှိသည်။ ယနေ့ အမေရိကန် အစိုးရသည် ကျန်းမားရေးလုပ်ငန်းကို ဝင်ရောက် လုပ်ကိုင်သည်။ လူတိုင်း ကျန်မာရေးနှင့် ပတ်သက်သည့် ခံစားခွင့်များ ရရန် ရည်ရွယ်သည်။ ထိုသို့ ဝင်ရောက် စွတ်ဖက်သည့် အတွက် လက်ရှိ အမေရိကန် အစိုးရအား ဆိုရှယ်လစ် စနစ်ကို ကျင့်သုံးနေသည််ဟု စွတ်စွဲမှုများ ဖြစ်လာသည်။ သို့ သော် ဒီမိုကရေစီ စနစ် ကြီးထွား ခိုင်ခံလာသည်နှင့် အမျှ စီပွားရေးလုပ်ငန်း ကိုအော်ပရေးရှင်းများ တစ်စတစ်စ ကြီးထွားလာတယ်။ ထိပ်တန်းစီးပွားရေး ပညာရှင်များ၊ ငွေးကြေးပညာရှင်များ၊ ဘဏ်လုပ်ငန်းများ က အစိုးကို လက်တစ်လုံးခြား လှည့်ပတ် လိမ်လည် လှည့်ဖြားကြသည်။ ထိုသည် အတွက် အစိုးရက ဝင်ရောက် စွတ်ဖက်ရကာ စည်းမျင်း ဥပဒေဘောင်များ ချမှတ်လျက် ပြည်သူတွေ အတွက် အကာအကွယ် လုပ်ပေးရပြန်သည်။

ဘာကြောင့် အမေရိကန်တွေ ဒီ အရင်းရှင် စနစ်ကို ပြန်လည် သုံးသပ်နေကျရသလဲ။
ဒီမိုကရေစီ စနစ်က ခွင့်ပြုထားသော လွတ်လပ်စွာ ရင်းနှီးမြုတ်နှံ ရောင်းဝယ်ဖောက်ကားခွင့် ကြောင့် အမေရိကန်တို့၏ စီးပွားရေး ထိတ်တန်းတွင် ရှိနေခဲ့သည်။ ပေါင်းစည်းသော ကိုအော်ပရေးရှင်းလုပ်ငန်းများ ကြီးထွားလာသည်။ ထိုသို့ ကြီးထွားလာသောကြောင့် အမေရိကန်တို့၏ စီးပွားရေး သည် ထိုကဲ့သိုသော ကုမ္ပဏီကြီးများ၊ ဘဏ်လုပ်ငန်းများ၏ ချုပ်ကိုင် မောင်းနှင်မှုအောက် ရောက်လာသည်။ထိုကုမ္ပဏီကြီးများသည်၊ ပြည်သူတို့ အပေါ် ငွေညစ်ယူကြသည်။ ဂုတ်သွေးစုတ်သည်။

အမေရိကန်တွင် လူတန်းစား သုံရပ်ရှိသည်။ ကိုအော်ပရေးရှင်းများတွင် ရင်းနှီးမြုတ်နှံထားနိုင်သော သန်းကြွယ် သူဠေးများ၊ ၄င်းတို့သည် လုပ်ငန်းကို အကြောင်းပြ ၍ အသုံးစရိတ်များကို လုပ်ငန်းနှင့် ပေါင်းစည်းကာ အခွန်နည်းအောင် လှည့်ဖြားကြသည်။ တဖန် ဝင်ငွေနည်း လူတန်းစားလည်း ရှိသည်။ ဝင်ငွေနည်း လူတန်းစားတို့သည်လည်း ဝင်ငွေနည်းသည့်အတွက် အစိုးရထံမှ နှစ်စဉ် အထောက်အပံ့ကြေးများ၊ စားစရာ အလကား ဝယ်ခွင့် ကပ်ပြားများ ရကြသည်။ ကလေးတွေ မွေးထားသော မိသားစု ဆိုလျှင် အစိုရထံမှ နှစ်စဉ် ဒေါ်လာ သောင်းချီ ရကြသည်။ ထို့ကြောင့် အချို့ စီးပွားရေးသမားများသည်လည်း သူတို့ ဝင်ငွေနည်းကြောင်းပြကာ အစိုးရထံမှ လိမ်လည်ကာ အကျိုးခံစားကြသည်။ ဆရာဝန်၊ အင်ဂျင်နီယာ..အစရှိသည့် လခစားသမားများသည် လူလတ်တန်းစားများ ဖြစ်ကြသည်။ လခစား သမားဖြစ်သည့် အားလျော်စွာ ဝင်ငွေနည်းကြောင်း လိမ်လို့မရ။ အစိုးရက အခွန် အခတို့ကို လစာထဲမှ တစ်ခါတည်း ဖြတ်တောက်သွားသည်။ တနည်းအားဖြင့် လခစား သမားတို့သည် အမေရိကန် နိုင်ငံသား လစာနည်း လူတန်းစားတို့အတွက် လစဉ်အလှု ရံပုံငွေ ထည့်ဝင်ပေးနေရသည် ဆိုလျှင်လည်း မမှားချေ။ ဥပမာ မက်ဆီကန်လူမျိုးများ အမေရိကန်နယ်စပ်က ခိုးဝင်လာကာ အမေရိကန် နိုင်ငံရောက်သည်တွင် ကလေးတွေ သုံးလေးယောက် အနည်းဆုံး မွေးကြသည်။ ထို့နောက် အမေရိကန် အစိုးရထံမှ ထောက်ပံ့ကြေးများ ရယူသည်။ လခစား သမားများအတွက်တော့ ထည့်ဝင်ရသော အလှုအတန်း အတွက် ကောင်းမှုကုသိုလ်များ ရရှိကြသည်။

အမေရိကန်တို့၏ အရင်းရှင် စီးပွားရေး မူဝါဒသည် စားသုံးသူများ များများသုံး၊ များများဝယ်၊ များများစား ဖို့ ရည်ရွယ်သည်။ အမေရိကန်နိုင်ငံ၏ စီးပွားရေး စျေးကွက်သည် အလွန်ကြီးမားသည့် အတွက် ထုတ်ကုန်များကို အမြောက်အမြား ထုတ်လုပ်သည်။ အစိုးရကလည်း ရိုက်ထုတ်လိုက်သော ဒေါ်လာတန် တစ်ရွက်ကို သိမ်းဆည်း မထားစေလိုပဲ ဟိုလက်မှ ဒီလက်သို့ ကူးပြောင်းနေစေကာ ငွေကြေးကို လှည့်ပတ်စေသည်။ သုံးစွဲ စေသည်။ ပြည်သူလူထုက များများသုံးလေ၊ သုံးသည့် အခါတိုင်း အစိုးက အခွန်ရလေဖြစ်သည်။ ငွေမသုံးပဲ စုဆောင်းသူလက်ထဲ ရောက်သွားပါက ထိုငွေ သေ သွားသည်။ စီးပွားပျက်ကတ် ကြုံတွေ့ရသည့် နှစ်တွင် အမေရိကန်တို့သည် သိပ်မသုံးစွဲကြတော့။ စုဆောင်းကြသည်။ စားသောက်ဆိုင်တို့တွင် စားသောက်ခြင်းထက် အိမ်တွင် ချက်ပြုတ်စားသောက်ကြသည်။ ထို့ကြောင့် ယနေ့ အမေရိကန်အစိုးက စီးပွားရေး ပြန်လည် လည်ပတ်လာစေရန် ပြည်သူလူထုအား များများ သုံးစွဲဖို့ တိုက်တွန်းနိုးဆော်သည်။

ဒီမိုကရေစီ ဟု ဆိုရာတွင်လည်း တိုင်းပြည် တစ်ပြည်နှင့် တစ်ပြည် ကျင့်သုံးပုံ၊ တည်ဆောက်ပုံတို့ ကွဲပြားခြားနား လိမ့်မည်။ သို့သော် အခြေခံ ဥပဒေသည် အရေးကြီးဆုံးပင်။ အခြေခံ ဥပဒေကသာ အခြေခံ လူ့အခွင့် အရေးတို့ကို ကာကွယ်ပေးနိုင်မည်။ အမေရိကန်တွင် အချို့သော လွတ်လပ်မှု ပုံစံတို့ မြန်မာပြည်အတွက် အသုံးမတည့်။ သူ့နိုင်ငံ၊ သူ့ယဉ်ကျေးမှုဆိုတာ ရှိသေးသည်။ ယဉ်ကျေးမှု မတူညီသည်ကို အတုယူ၊ အားကျဖို့ မလို။ ကိုယ့် ယဉ်ကျေးမှု အတွက် ကိုယ်ဂုဏ်ယူတတ်ဖို့သာလိုသည်။ နိုင်ငံခြားရောက်၍ နေ့နှင့် နံနှင့် မိဘပေးခဲ့သော နာမည်အဆုံးခံကာ အင်္ဂလိပ်နာမည် ပြောင်းကြသည်မှာ အလွန် နမြောဖို့ ကောင်းသည်။ ကျွန်တော်တို့ မြန်မာ နာမည်များသည် နာမည်သိရုံနှင့် မည်သည့် နေ့တွင် မွေးသည်ကို အလွယ်တကူ တန်းပြောနိုင်သည်မှာ ဂုဏ်ယူစရာပင်။ ကျွန်တော်တို့၏ မွေးစာရင်းသည်လည်း လက်ဖြင့်ရေးရကာ အနုပညာမြောက်သော ဇာတာပင်ဖြစ်သည်။

အမေရိကန်၏ လက်ရှိ အရှင်းရှင် စီးပွားရေး။ နိုင်ငံရေးကို တီးခေါက် ကြည့်ရုံလောက်သာ ဖြစ်သည်။ နိုင်ငံခြား တိုင်းပြည်တွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများ၊ အဖြစ်အပျက်များကို သိထားလျှင် ယုတ်စွအဆုံး မြန်မာပြည် ဒီမိုကရေစီ အတွက် ဆောင်ရန် ရှောင်ရန်များ ရရှိနိုင်သည်။ လာမည့် မြန်မာပြည် ရွေးကောက်ပွဲတွင် စစ်အစိုးဖက်မှ ပါတီသည် မဲတစ်မဲ မှ မရပဲ အကြီး အကျယ် ရှုံးနှိမ့်မည်ဟု ခန့်မှန်းမိသည်။ အဘယ်ကြောင့် ဆိုသော် ပြည်သူတို့သည် စစ်တပ်ပါတီကို တံတွေးဖြင့် ထွေး၊ အော့ နှလုံးနာလျက် ကဲ့ရဲ့ ရှုံ့ချ နေကြသည်။ မြန်မာပြည် ဒီမိုကရေစီ ရမည်။ စာရေးသူလည်း ထိုအခါ မြန်မာပြည် ပြန်ကာ စာသင်မည်ဟု အားခဲထားသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

မန္တလေးတောင် ဘိုးဘိုးကြီးထံ ကားအပ်တုန်းက


မန္တလေးသား စစ်စစ်ကြီးပါဗျာ(တစ်ခန်းရပ်ပြဇာတ်) ကို ကြည့်တုံး က စာရေးသူ သဘောကြလွန်းလို့ တဟားဟားနဲ့ ခွက်ထိုးခွက်လန် ဟားတိုက်ပြီးရီတာ။ နောက်ပြီး ရီချင်တဲ့ အခါတိုင်လည်း ထပ်ကာတလဲလဲ ကြည့်တယ်။ ကြည့်တိုင်းလည်း ရီရတယ်။ ကြာတော့ ဇနီးဖြစ်တဲ့သူက စိတ်ဝင်စားပြီး ဘယ်လိုဖြစ်နေတာလည်းပေါ့။ နောက်တော့ သူကလေးလည်း လိုက်ကြည့်တယ်။ ဒါပေမယ့် သူကလေးက ကျွန်တော့်လောက် လိုက်မရီနိုင်ဘူး။ သူမက တောင်ကြီး ဇာတိ။ ဆိုတော့ အချို့ပျက်လုံးတွေ ကို လုံးလုံးလျားလျား နားမလည်ဘူး။ နားလည်ခဲ့သည့်တိုင် မခံစားနိုင်ဘူးပေါ့။ တကယ်ပါ အဲဒီ တစ်ခန်းရပ်ပြဇာတ်ကို အင်တာနက်ပေါ် တင်ပေးတဲ့ သူ(ကိုချမ်းမြစိုး)ကိုလည်း ကျေးဇူးသိပ်တင်တယ်။ ဒါမျိုး သန့်ရှင်းပြီး ပြောင်မြောက်တဲ့ ဟာသတွေနဲ့ မရီရတာ နှစ်တွေကို ချီနေပြီ။

ငယ်ငယ်တုံးက အဘွားနဲ့အတူ ရုပ်သေးဇာတ်တွေကို ကြည့်ခဲ့ဖူးတယ်။ ကျွန်တော်တို့ ရပ်ကွက်နဲ့ ကပ်နေတဲ့ ရပ်ကွက်က ကိုးလုံးတကာ ဘုရားပွဲမှာ ကြည့်ရတာ။ နောက်တော့ ကျွန်တော်တို့ ရပ်ကွက်က ငှားတဲ့ ကိုသိန်းဇော် ဇာတ်တွေ ကြည့်ရတယ်။ ကျွန်တော်တို့ အိမ်က ပေါက်ပေါက်တန်း ရပ်နဲ့ ကျောက်ဆစ်တန်းကြားမှာ။ မန္တလေးသား စစ်စစ်ကြီးပါဗျာ(တစ်ခန်းရပ်ပြဇာတ်) ကို ထပ်ဖြည့်ပြောရရင်တော့ ကျောက်ဆစ်တန်းက နှစ်ခု ရှိတာ။ တောင်ပြင် ဘုရားကြီးအနားက ကျောက်ဆစ်တန်း။ အဲဒီမှာ ယနေ့အထိ ဘုရားဆင်းတု ကျောင်ဆစ်လုပ်ငန်းတွေ ထွန်းကားတုန်းပဲ။ အနောက်ပြင် ကျောက်ဆစ်တန်းက ကျွန်တော်တို့ အပိုင်း။ ခင်ပုဂံတိုက်၊ ဂွေးချိုတိုက်တို့ အနားမှာ။ မန္တလေးမှာ စာအံ၊ စာချခဲ့ဘူးတဲ့ ရဟန်း သံဃာ ကိုယ်တော်တွေ သိကြလိမ့်မယ်။ စာရေးသူ ငယ်ငယ်တုန်းကတော့ အနောက် ကျောက်ဆစ်တန်းမှာလည်း ကျောက်ဆစ်လုပ်ငန်းတွေ ရှိတုန်းပဲ။ နောက်တော့မှာ တိမ်ကေားသွားတာ။

ကျွန်တော်တို့ ရပ်ကွက်ကလည်း ပွဲရှိလို့ ဇာတ်ငှားကြရပြီဟေ့ဆိုရင် ကိုသိန်းဇော် ဇာတ်မှ။ နှစ်တိုင်း ကို်သိန်းဇော် ဇာတ်ချည့်ပဲ။ နောက်ဆုံး ကိုသိန်းဇော် အိမ်ထောင်ကျပြီး ဇာတ်က နားသွားတော့မှ ကျွန်တော်တို့ ရပ်ကွက်လည်း သူ့ဇာတ်နဲ့ ဝေးသွားတာ။ သူတို့က ဇာတ်စင်ဆောက်ရင် ကျွန်တော်တို့ အိမ်နဲ့ ခွေးတစ်ဟောင်စာ လောက်မှာ ဆောက်တာ။ လမ်းဆုံ ဆိုတော့ လမ်းကို ပိတ်ပြီး ဇာတ်စင် ဆောက်တာပေါ့။ ဇာတ်ခင်းပြီဆိုရင်လည်း သုံးညဆက််တိုက် ခင်းတာ။ ပြီးတော့အော်လံကြီးတွေနဲ့ ရပ်ကွက်တစ်ခုလုံးကြားအောင် လေးဖက်လေးတန်း ကိုလှည့်ပြီးဖွင့်ထားတော့ မကြားချင်မှ အဆုံး ဆူညံနေတာပဲ။ ပွဲမကြိုက်တဲ့ သူတွေကတော့ စိတ်ညစ်ကြသလို ပွဲကြိုက်တဲ့ ကျွန်တော်က ကြည့်ချင်တယ်။ အဲဒီတုန်းက သူရို့လူရွှင်တော်တွေဇာတ်ခင်းတဲ့ အချိန်က သန်းခေါင်ချိန်နီးမှဆိုတော့ မကြည့်ရဘူး။ အိမ်ထဲကနေပဲ နားထောင်ပြီး ရီရတာ။ အဘွားက နောက်ပိုင်း ဇာတ်တော်ကြီးတွေ ခင်းတဲ့အချိန် သုံးနာရီနောက်ပိုင်းမှ ထကြည့်တော့ အဘွားကြည့်တာတွေပဲ လိုက်ကြည့်ရတယ်။ ကိုသိန်းဇော် ဆိုခဲ့တဲ့ သီချင်းတွေ “ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းရှေ့ကကျော်……” ဆိုတဲ့ သူရဲ့ ကိုယ်ပိုင် သီချင်း၊ ဆင်ကြီး ဂဠုန်ချီ အစရှိတဲ့ သီချင်းတွေ ငယ်ငယ်တုန်းက လိုက်ဆိုရင်းနဲ့ ဆိုတတ်နေပြီ။

မန္တလေးသား စစ်စစ်ကြီးပါဗျာ(တစ်ခန်းရပ်ပြဇာတ်) ထဲမှာ မန္တလေးတောင် ဘိုးဘိုးကြီးနဲ့ ပျက်လုံးထုတ်ထားတာ ကြည့်လိုက်ရတော့ ငယ်ငယ်တုန်းက အဖေနဲ့ အဖေ့ သုံးဘီးကားကို သွားပြီး သတိရတယ်။ စာရေးသူ ငယ်ငယ်တုန်းက အဖေနှင့် အမေသည် အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့သည်။ အစောဆုံး မှတ်မိသလောက် ကတော့ အဖေ မြင်းလှည်းမောင်းသည်။ ထို့နောက် ပုလိပ် ချည်မျှင်နှင့် အထည်စက်ရုံတွင် အစိုးရ ဝန်ထမ်းလုပ်သည်။ နောက် အစိုးရ ဝန်ထမ်း အလုပ်မှ ထွက်လိုက်ကာ သုံးဘီးကား မောင်းသည်။ အမေကတော့ စျေးချို အနောက်ဖက် တွင် သံနှင့် ကုန်မာထည်များ ရောင်းသည်။ ထို့နောက် စျေးချို လမ်းဘေးတွင် သရက်သီးရောင်းသည်။ နှစ်ကာလ အပိုင်း အခြားတွေကို တော့ မမှတ်မိ တော့ဘူး။ စာရေးသူရဲ့ မိဘတွေက စွန့်စားမှုနည်းတဲ့ ရိုးရိုးသားသား စီးပွားရေး လောက်ပဲ လုပ်ကိုင်တတ်တယ်။ နောက်တော့ လေဘေးရောင်းတဲ့ လုပ်ငန်းမှာ အဆုံးသတ်သွားပြီး အဲဒီ အလုပ်နဲ့ပဲ စာရေးသူတို့ မောင်နှမ တွေကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် ကျွေးမွေး ပြုစု ပျိုးထောင်ပေးခဲ့တာ။

အဖေ သုံးဘီးကား ဝယ်လာခဲ့တဲ့ နေ့တုန်းက တစ်အိမ်လုံး သုံးဘီးကား စက်သံ တဘုန်းဘုန်းနဲ့ ဆူညံသွားတာပဲ။ ကားက ထွက်လိုက်တဲ့ မီးခိုးတွေကလည်း ဒင်းကြမ်းပဲ။ အသက်ကို ရှုလို့ မရဘူး။ မွန်းပြီး နေတာ။ အဲဒီ ခေတ်အခါနဲ့ ကျွန်တော်တို့ အိမ်စီးပွားရေးအရ ရုပ်မြင်သံကြားစက်ကို ဘုရားစင်လို ထားပြီး ကြည့်ရတဲ့ အနေအထား။ အဲဒီလို မိသားစုမှာ ကားလေးတစ်စင်း ရောက်လာပြီ ဆိုတော့ တစ်အိမ်လုံးက စိတ်လှုပ်ရှားကြတောပေါ့။ ကားစက်သံက ဘယ်လောက်ပဲ ဆူညံ ပလေ့စေ။ ကားမီးခိုးတွေ ဘယ်လောက်ပဲ ထွက်နေပလေ့စေ။ လက်ခံတယ်။ ဒါဟာ ကားသဘာဝ အတိုင်း လိုအပ်လို့ ဖြစ်တာဆိုပြီး စိတ်က အလိုလို လက်ခံပြီးဖြစ်တယ်။ အဲဒီ သုံးဘီးကားကို ရတနာ ပစ္စည်းတစ်ခုလို ဝိုင်းကြည့်ကြရတာ။ အဖေက ဦးဆောင်ပြီး ဝယ်ခဲ့တဲ့ သူဆိုတော ကားစက်တွေကို ဟိုနိုက်ကြည့် ဒီကိုင်ကြည့်နဲ့ပဲနေသည်။ အမေကတော့ ဆီချေးပေနေတဲ့ စွတ်ကျယ် အစုတ်ကလေးနဲ့ ကားကို ဖုန်သုပ်ပေးသည်။ ကျွန်တော်က ကားမောင်းတဲ့ နေရာမှာ ထိုင်ကြည့်ပြီး ကားကို ကိုယ်တိုင် မောင်းဖို့ စိတ်ကူးတွေယဉ်လို့။ အဲဒီတုန်းက နှမကလေးက ငယ်သေးတယ်။ (အဲဒီအချိန်က ယဉ်ခဲ့တဲ့ စိတ်ကူးနဲ့ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကြိုးစားလာလိုက်တာ အနှစ် သုံးဆယ်ကျော်မှ ကိုယ်ပိုင် ကားကို မောင်းနိုင်တယ်။ ကြွားဝါခြင်းမဟုတ်ရပါ။ နိုင်ငံခြားမှာ ကားပေါတော့ အဟောင်းလေး ဝယ်နိုင်တာပါ။ စိတ်ကူးရဲ့ မောင်းနှင်ချက်အတိုင်း ဖြစ်ချင်တာကို နှစ်တွေ အများကြီး ကြာမှ ဖြစ်ရတဲ့ အဖြစ်ကို ပြောပြတာပါ။ စကားချပ်)

အဖေ့သုံးဘီးကားကို လိုက်ဝယ်ပေးတဲ့ ကားပွဲစား သမားက အဖေ့ကို ကားအင်ဂျင်တွေ အကြောင်း၊ ကားစျေး အကြောင်း တွေ ပြောပြသည်။ ကားပွဲစား လုပ်တဲ့ သူက ဒီကား ဝယ်လိုက်တာ တန်သည်၊ ဘာညာပေါ့။ ကျွန်တော်ကတော့ နားမလည်။ ကား လက်ကိုင်နှစ်ခုကို ကိုင်ပြီး ကားမောင်းတာကိုပဲ စိတ်ကူးယဉ်တယ်။ သုံးဘီးကားက စက်ဘီး၊ဆိုင်ကယ်လိုပဲ လက်ကိုင် နှစ်ခုနဲ့။ အဖေသည် သုံးဘီးကားမောင်းစားဖို့ ကားလေးတစ်စင်း ဝယ်သည်။ အဖေ့ဘဝတွင်လည်း မြင်းလှည်းမောင်း သမားဘဝမှ တဆင့်တက်ကာ သုံးဘီးကား မောင်းသမား ဖြစ်ခဲ့သည်။

“ကိုသန့် ခင်ဗျားကားကို ဂိတ်မထိုးခင် မန္တလေးတောင် ဘိုးဘိုးကြီးဆီမှာ အပ်လိုက်အုံး” လို့ ကားပွဲစား သမားက အဖေ့ကို အကြံပြုသည်။ ကားမောင်းသမား လောကထဲသို့ စတင် ဝင်လာသော အဖေ့အတွက် အရာရာသည် လေ့လာ နာယူစရာတွေချည့်ပင်။ အဖေသည် နတ်ကို ယုံကြည်သူ မဟုတ်။ သို့သော် သူသည် မယုံကြည်သော်လည်း ရိုးရာကို ဆန့်ကျင်သော လူတစ်ယောက် မဟုတ်ချေ။ အဖေ အမြဲပြောသည်။ “ကိုယ် မယုံကြည်ပေမဲ့လည်း သူတပါးလုပ်တာကို ဆန့်ကျင် ရှုတ်ချတဲ့ အလုပ် မလုပ်ရဘူး” လို့ အမြဲပြောသည်။ အဖေသည် အတန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ခဲ့။ စိန်ပီတာ ကျောင်းကို တစ်ဝက်တစ်ပျက်နှင့် ကျောင်းထွက်ခဲ့သည်။ ပညာရေးကို မအောင်မြင်သော အဖေသည် သားဖြစ်သူ ကျွန်တော်အား အောင်မြင်စေရန် ဖိအားပေးသည်။ စည်းကမ်းများ၊ ဆုံးမ စကားများဖြင့် အစဉ်ပြောဟော နေသူလည်း ဖြစ်သည်။ သူပြောသည့် (practice what you preach) အတိုင်း ကိုယ်ပြောသည့် စကားအတိုင်း ကိုယ်တိုင် လိုက်နာကျင့်သုံးသူ လည်း ဖြစ်သည်။ ထိုနေ့က အဖေသည် သူ့သုံးဘီးကားကို မန္တလေးတောင် ဘိုးဘိုးကြီးဆီမှာ ပူဇော်ပသဖို့ သဘောတူခဲ့သည်။ အိမ်တွင် နတ်အုန်းစွဲလေ့ရှိသော အမေ့သည် ကားကို မန္တလေးတောင် ဘိုးဘိုးကြီးဆီမှာ ဆက်ကပ်ရမည်ဆိုသော အကြုံပြုချက်အား ဆိုင်းမဆွ လက်ခံသည်။

ထိုနေ့က အိမ်နီးနားချင်းတွေ ကျွန်တော်တို့ အိမ်ကို ကွက်ကြည့်ကွက်ကြည့်နှင့်။ စက်သံ တစ်ဘုန်းဘုန်း၊ မီးခိုငွေ့ တစ်လူလူထွက်နေသော လိမ္မာရောင် သုံးဘီးကားသည် တင့်တယ်စွာ ရှိလှသည်။ နောင် မကြာလှသော အနာဂတ််များတွင် ထိုသုံးဘီးကားပေါ်၌ပင်
ရပ်ကွက်ထဲမှ ကိုယ်ဝန်သည် မိခင်တစ်ဦး ဆေးရုံသို့ အသွား လမ်းတွင်မီးဖွားပေးရမည်ကို ထိုစဉ်တုန်းက အဖေ မသိခဲ့ချေ။ မနက် မိုးမလင်းခင် နေ့စဉ်နေ့တိုင် ကားစက်သံ ဆူညံစွာ၊ မီးခိုးလုံးတစ်လူလူနဲ့ အဖေကားမောင်းထွက်မည်ကို အိမ်နီးနားချင်းများလည်း မခန့်မှန်းမိသေး။ သို့သော် အဖေ သုံးဘီးကား ဝယ်လာခဲ့သည့် နေ့က အမေ ကြက်သားဟင်း ချက်သည်။ ထိုနေ့ညစာ အကြော်နဲ့ ထမင်းစားရတဲ့ ဘဝမှ လွတ်မြောက်ခဲ့သလို အမေချက်သည် ကြက်သားဟင်းသည် စားလို့ အလွန်တရာ အရသာရှိလှသည်။ ဝေပုံကြ ကြက်သားဟင်းတုံး ကုန်သွားမည် စိုးသောကြောင့် ကြက်သားတုံးကို ကိုက်မစား။ ကြက်သားတုံးကို လျှာဖြင့် လျှက်လျက် ထမင်းနှင့် စားသည်။ ထမင်းကုန်တော့မှ ကြက်သားဟင်တုံးကို အားရပါးရ မြိန်ရေရှက်ရေ စားသည်။ ထိုနေ့ညက အဘွား ဘုရားရှိခိုး ၊ ပုတီးစိတ်တာ ခါတိုင်းညတွေထက် ပိုပြီးကြာသည်။

နောက်တစ်နေ့ မိုးလင်းသည်နှင့်အဖေရော၊ အမေပါ ရေချိုးပြီး အဝတ်အစား သပ်သပ်ရပ်ရပ်နှင့် မန္တလေးတောင်သို့ သွားဖို့ အသင့်ဖြစ်နေသည်။ အဘွားကတော့ ထုံစံအတိုင်း စောစီးစွာ အိပ်ရာထလို့ မနက် နေရောင်အောက်တွင် ပုတီး စိတ်နေသည်။ အမေသည် ဘုရားစင်ကို သန့်ရှင်းရေးလုပ်သည်။ မနက် ဆွမ်းတော်ကပ်သည်။ အိမ်သို့ မနက်တိုင်း ဆွမ်ခံ ကြွလေ့ရှိသည့် ထိုင်ကိုယ်တော်များကို ဆွမ်းလောင်းသည်။ ပန်းသည် တစ်ဦး အိမ်ရှေ့က ဖြတ်သွားသည်နှင့် ခေါ်ယူ ၍ သပြေပန်းများ ဝယ်သည်။ တစ်ဝက်ကို မန္တလေးတောင် ဘိုးဘိုးကြီး ကပ်ရန် ချန် ၍ ကျန်တစ်ဝက်ကို အုန်းဆွဲထားသည့် နတ်ကို ကပ်သည်။ အဖေသည် ညကဖုန်သုတ်ထားသော သုံးဘီးကားကို ထပ်မံ ဖုန်သုတ်သည်။ ကား စက်နိုးကြည့်သည်။ ထို့နောက် ကားစက်ပိတ်သည်။ တဖန် စက်ပြန်နိုးကြည့်သည်။ အဖေ ဘာလုပ်နေသလဲ အမေ နားမလည်။ အမေသည် အားလုံးအဆင်ပြေစေရန် ဆုတောင်းပေးရုံပင် ဖြစ်သည်။ ထိုင်ကိုယ်တော်များသည်လည်း အဖေ သုံးဘီးကားတစ်စင်း ဝယ်ထားသည့်အတွက် ကောင်းချီးပေးသြဝါဒ ဆုတောင်းပေးကြသည်။

ကျွန်တော်နှင့် ကျွန်တော့် နှမကလေးသည်လည်း ကားစီးရတော့မည် အသိနှင့် ကသောကပြော မျက်နှာသစ်၊ အဝတ်အစားလဲပြီး လိုက်ဖို့ အဆင်သင့် ပြင်ရသည်။ ထိုမနက်တွင် ကျွန်တော်တို့ အိမ်ခေါင်မိုးပေါ်၌ ကျီးတို့ ပိုမို အာကြသည်ဟု ထင်သည်။ အဖေ့ သုံးဘီးကားသံကို သူရို့ မနာလိုကြဘူးလား မသိ။ မနက် အာရုဏ်နေသည် လန်းဆန်းနေသည်။ သက်တန့်ရောင်တွေကြောင့် ထိုမနက် နေကို အသစ်ဟုပင် ထင်မိသည်။ နေရောင် အောက်တွင် ပုတီးစိတ်နေသော အဘွား ဆံပင်ဖြူတို့ ကျက်သရေရှိစွာ ထုံးကျစ်လျက်ရှိနေသည်။ ကြေးစည်တီးပြီး လာကြသော ဘုန်းကြီး ကျောင်းသားလေးများသည် ကျွန်တော်တို့ အိမ်ထဲတွင် နေ့ချင်းညချင်းရောက်လာသော လိမ္မာရောင် သုံးဘီးကားကို စူးစမ်းသော အကြည့်ဖြင့် ကြည့်ကြသည်။ ယနေ့ထိတိုင်် စာရေးသူ၏ မိဘများသည်် နေ့စဉ်နေ့တိုင်း ထိုင်ကိုယ်တော်များအပြင် လမ်း၌ ဆွမ်းခံကြွသော သံဃာများအား ဆွမ်းထွက်လောင်းသည်။ ထိုမနက် အမေချက်သော ဆွမ်းတို့ မလောက်ငှ။

ကျွန်တော်တို့ မိသားစု အိမ်က ထွက်တော့ ကိုးနာရီ ထိုးလုပြီ။ အဖေက ကားမောင်းသည်။ အဖွား၊ အမေ နှင့် ကျွန်တော်တို့ မောင်နှမ တစ်တွေက နောက်ခန်းတွင် ထိုင်သည်။ အမေက သပြေပန်းစည်းကို ကိုင်လျက်၊ အဘွားက စိတ်ပုတီးကို ဆုပ်ထားသည်။ ကျွန်တော်တို့ မောင်နှမသည် ကားမှ သံတန်းတွေကို ကိုင်ကြည့်သည်။ ကားမှ ဆီးချေးနံ့၊ ထိုင်ခုံနံ့တို့နှင့် အကျွမ်းတဝင်ရှိအောင် ရှုရှိုက်ကြသည်။ ကားကြမ်းခင်မှ ဆေးကွက်ရာများကို မှတ်မိအောင် ရေတွက်ကြည့်သည်။ လမ်းတွင် အဖေသည် ကားပွဲစားကို ဝင်ခေါ်ရသည်။ မန္တလေးတောင် ဘိုးဘိုးကြီးဆီမှာ ကားအပ်ဖို့ ထိုပွဲစားသမားပဲ အကြံပေးခဲ့သည်။ အခု မန္တလေးတောင် ဘိုးဘိုးကြီးဆီသွားကြတော့ အခါတော်ပေး လမ်းညွှန်ရန် သူပါဖို့ လိုသည်။ သုံးဘီးကား နောက်ခန်းတွင် လူကြီးသုံးယောက်၊ ကလေးနှစ်ယောက် ကြပ်တည်းစွာ ထိုင်ကြရင်း မန္တလေးတောင် သို့ စိတ်လှုပ်ရှားစွာ ထွက်ခဲ့ကြသည်။

လမ်းတွင် အခြား သုံးဘီးကားများကို တွေ့ရလျင် ကျွန်တော်တို့ မောင်နှမ ပျော်ရွှင်စွာ ကြည့်ရှု့ နူတ်ဆက်ကြသည်။ ကျွန်တော်က အခြား သုံးဘီးကားများနှင့် အဖေ့ သုံးဘီးကား ကို ချိန်ထိုး ယှဉ်ကြည့်ကာ ဘာတွေ မတူညီကြသလဲလို့ လိုက်လံခွဲခြားကြည့်သည်။ အဖေ့ သုံးဘီးကား စက်သံသည် တယောသံကဲ့သို့ ရှိလှသည်ဟု ထင်ခဲ့မိသည်ကို အထူးတလည် ပြောပြစရာ လိုမည် မထင်အံ။

ကျွန်တော်တို့ ပေါက်ပေါက်တန်းရပ်မှ မန္တလေးတောင်ခြေသို့ သုံဘီးကားဖြင့် နာရီဝက်ခန့်မောင်းသွားရသည်။ ဟိုရောက်တော့ ကိုးနာရီခွဲရှိပြီ။ တောင်ခြေတွင် နေရောင်တို့ နေရာအနှံအပြားတွင် ကြွယ်ဝစွာ နေရာယူကြသည်။ သုဓ္ဓာဇရပ်တို့သည် ပန်းနွယ်ပင်တို့ အကြား မားမား မတ်မတ်နှင့် ရှိလှသည်။ ထုံးဖြူဖြူနှင့် ခြင်္သေ့ကြီး သည် နေရောင်အောင်တွင် သားကောင်ကို ခုန်အုပ်တော့မည့် ဟန်။ ကလေးအရွယ် ကျွန်တော်တို့နှင့် စာလျင် ၄င်းတို့သည် အလွန်ကြီးမား ခန့်ညားသော အကောင်ကြီးများ ဖြစ်ကြသည်။


ကားပွဲစားဆရာသည် ကားကို ဘိုးဘိုးကြီး နတ်နန်းနားအထိ မောင်းသွားဖို့ အဖေ့ကို ပြောသည်။ နတ်နန်း ရှေ့တွင် ကားကို ရပ်သည်နှင့် အားလုံးဆင်းကြသည်။ အမေက သပြေပန်းကို ဘိုးဘိုးကြီးနတ်အား ဆက်ကပ်သည်။ အဖေကတော့ ကားစက်သံကို နားထောင် ဖို့ပဲ အာရုံစိုက်သည်။ တဘုန်းဘုန်းနဲ့ ကားအင်ဂျင်သံကို အားရအောင် နားထောင်ပြီးမှ ကားစက်ပိတ်တော့သည်။ အဖေ့ကားသံကြောင့် နတ်နန်းအထက်တွင် နားခိုနေသော ငှက်တစ်အုပ် လန့်ပျံထွက်သွားသည်။ လေအပွေ့တွင် ကားမီးခိုးတို့ နတ်နန်းထဲသို့ အလိပ်လိုက်တိုးဝင်ကုန်သည်။ ဘိုးဘိုးကြီး ရုပ်ထုသာ အသက်ရှိလျင် သူလည်း အသက်ရှုမွန်းလို့ အပြင်ပြေးထွက်လာရလိမ့်မည်။ အဘွားကတော့ နတ်ကို အယုံအကြည်ရှိသူ မဟုတ် သဖြင့် ခုံတန်းတစ်ခုတွင် အသာအယာ ထိုင်ကြည့်နေသည်။ ကျွန်တော်တို့ မောင်နှမသည် မမြင်ဘူးသော ဘိုးဘိုးကြီး ရုပ်ထုကို စူးစမ်း စိတ်ဖြင့် ကြည့်ရှုကြသည်။

အမေသည် သပြေပန်းကို ဆက်ကပ်ပြီးသည်နှင့် ၄င်းသပြေပန်းနှင့် အဖေ့သုံးဘီးကားကို တဖြန်းဖြန်းရိုက်ကာ ဘေးအန္တာရယ် ကင်ရှင်းစေကြောင်း ဆုတောင်း ရွတ်ဆိုသည်။ ကားပွဲစား ဆရာက အဖေ့ကားကို နတ်နန်းကို ဦးတည်စေကာ သုံးကြိမ်တိတိ ရှေ့တိုး နောက်ငှင် အသာအယာ ဦးတိုက် မောင်းနှင် စေသည်။ အကယ်၍ များ အဖေ ကား ဘရိတ် မထိန်းနိုင်လို့ ဦးတိုက်တာ လွန်သွားရင်တော့ ဘိုးဘိုးကြီး နတ်နန်းတော့ အကွဲအပြဲ ဖြစ်မှာပဲလို့ အဲဒီတုန်းက ကလေးအတွေး တွေးခဲ့မိသေးတယ်။ သုံးဘီးကားနဲ့ ရှေ့တို့ နောက်ငှင် သုံးကြိမ် လုပ်ရတယ် ဆိုတာလည်း မလွယ်လှဘူးလို့ ကလေးဘဝကတည်းက ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ဦးတိုက်တာ သုံးကြိမ်လည်းပြည့်ရော ဘိုးဘိုးကြီးနတ်နန်းတစ်ခုလုံး မီးလောင်သလား ထင်ရအောင် ကားမီးခိုတွေက အပြည့်။ လေက အဲဒီ နတ်နန်းဖက် ဦးတည် တိုက်နေတာကိုး။ ဦးတိုက်တာ မဟုတ်ပဲ မီးတိုက်တာဖြစ်တော့မှာပဲလို့ ကားပွဲစားသမားရဲ့ မှတ်ချက်ချ ရီသံကို ကြားလိုက်ရသေးတယ်။ အဲဒီလိုနဲ့ နတ်နန်းကို အဆင်ပြေချောမွေ့စွာ ဦးတိုက်ခြင်း ပြီးစီးခဲ့သည်။ အမေသည် သပြေစည်းကို နှစ်ခြမ်း ခွဲလိုက်သည်။ တခြမ်းကို ကားမှန် ညာဖက်တွင် ထိုးလျက်၊ ကျန်တခြမ်းကို ဘယ်ဖက်တွင် ထိုးလိုက်သည်တွင် အဖေ့ သုံးဘီးကား မန္တလေးတောင် ဘိုးဘိုးကြီးထံ အပ်ခြင်း ပြီးဆုံးခဲ့သည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ကပ်ပါးကောင်များနှင့် လူ

ဆယ်တန်းကျောင်းသား ဘဝ သတ္တဗေဒဆရာမက ကပ်ပါးကောင်(parasite) များ အကြောင်းသင်ခဲ့ဘူးသည်။ ကပ်ပါးကောင်ဆိုကာ လက်ခံကောင် တစ်ခုအပေါ်မှာ အမှီသဟဲ ပြုပြီး ကြီးထွား ရှင်သန်ကြရတဲ့ သဘောမှာ ရှိတယ်လို့ ဆိုတယ်။ လက်ခံကောင် မရှိရင် သို့မဟုတ် လက်ခံကောင်က လက်မခံရင် ကပ်ပါးကောင်ဆိုတာ တကယ်တော့ ဘယ်ဖြစ်တည်နိုင်မလဲ။ ဒါဆိုရင် လက်ခံကောင်က အဓိကမဟုတ်ပေဘူးလား။ ကိုယ့်ကို ကောင်းကျိုးပေးမည့် ကပ်ပါးကောင်လား၊ ဆိုးကျိုးပေးမည့် ကပ်ပါးကောင်လား ဆိုတာ ခွဲခြားသုံးသပ်ဖို့ စွမ်းရည်တစ်မျိုးတော့ လိုမှာပေါ့။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
စိတ်အာရုံကို ဖြတ်ကနဲ လှုပ်နှိုးလိုက်သလို ခံစားလိုက်ရပြီး ဒီကနေ့ အလုပ်သွားရအုံးမှာပဲလို့ အသိက အာရုံထဲမှာ ရောက်လာတယ်။ လေးလံနေတဲ့ မျက်လုံး အစုံကို အသာအယာ ဖွင့်လိုက်တယ်။ ဒီနေ့က သောကြာနေ့ ပါလားဆိုတဲ့ အတွေးက ချက်ချင်း ဝင်လာလို့ ရုတ်တရက် စိတ်ထဲမှာ ပေါ့သွားတယ်။ သောကြာနေ့ဆိုတာ အလုပ်နားရက်တွေ မတိုင်ခင် ရက်ကောင်းတစ်ရက် မဟုတ် ပေဘူးလား။ အိပ်ရာထဲကနေ အသာအယာ ထလိုက်တယ်။ မီးဖိုခန်းထဲမှာတော့ ဇနီး ဖြစ်တဲ့ သူရဲ့ မနက်စာ ပြင်ဆင်နေတဲ့ အသံ၊ မနက်တိုင်း စားတဲ့ ရှမ်းခေါက်ဆွဲအနံ့က မရိုး မအီ နိုင်အောင် သင်းပြန့်နေလေရဲ့။ သောကြာနေ့ ဆိုပေမယ့်လည်း နေ့တစ်ဝက်တော့ အလုပ် လုပ်ရအုံးမှာပဲ။ အခုလို ပွင့်လန်းတဲ့ နွေရာသီ ရောက်လာပြီ ဆိုရင် တော့ အလုပ်ချိန်တွေ သက်သာလေ့ ရှိတယ်။

အလုပ်သွားမယ်လို့ အကုန်ပြင်ဆင်ပြီးမှ အိမ်ကထွက်လို့ မရဖြစ်သွားသည်။ သူ့ စိတ်ထဲမှာ တခုခု လိုနေတယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။ နောက်မှ သူသိလိုက်သည်။ နှစ်ရှည်လများ စွဲကပ်နေသော သူ၏ရောဂါ ပိုးကောင်များကြောင့် ဖြစ်သည်။ သူ့တွင် အမည်းရောင် သားရည်ဖြင့် ဖွဲ့စည်းထားသော ကပ်ပါးကောင် တစ်ကောင်ရှိသည်။ ထိုအကောင် မပါပဲ သူ အိပ်က ထွက်လို့ မရ။ ထိုကပ်ပါးကောင် သည် သူ၏ ဘောင်းဘီ အိပ်ကပ်၊ အကျင်္ီအိပ်ကပ်တို့ တွင် တွယ်ကပ်နေ့လေရှိသည်။ ကပ်ပါးကောင် ဆိုသည့် အတိုင်း သူ့ ခန္ဓ္ဓာကိုယ်တွင် တွယ်ကပ်မှီခိုနေသည့် အပို တစ်ခုဖြစ်လေသည်။ သို့ရာတွင် အနှီးကပ်ပါးကောင်းသည် သူ၏ ပိုက်ဆံများ၊ အကြွေးဝယ်ခွင့် ကပ်ပြားများနှင့် ယာဉ်မောင်းလိုင်စဉ် ကပ်ပြားကိုတော့ ထိန်းသိမ်း ထားပေးသည်။ ထို့ကြောင့်ပင် သူသည် ယနေ့ထိတိုင် ထိုကပ်ပါးကောင်ကို မစွန့်ပစ်နိုင်သေးချေ။ သူသည် ထိုကပ်ပါးကောင်ကို ယူလိုက်သည်။ ထို့ နောက် ဘောင်းဘီအိပ်ကပ် အထဲသို့ ထိုးထဲ့လိုက်ပြီးနောက် ခန္ဓ္ဓာကိုယ်တွင် အလေးချိန်တစ်ခု ထပ်တိုးလာသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် ကားသော့ကို ကောက်ကိုင်လိုက်သည်။ ထို့နောက် ဇနီးသည် အဆင်သင့်ပြင်ထားပေးသော ထမင်းဘူးကို ကောက်ယူလိုက်သည်တွင် သူ့၌ တော်တော်ကြီး လေးလံလာသည်ဟု ခံစားရသည်။ ထို အရာတို့သည် သူ့ဆီသို့ နေ့စဉ် မနက်တိုင်း တွယ်ကပ်လေ့ရှိသည့် ကပ်ပါးကောင်းများပင်။ သူ့တွင် အရေးတကြီး ဆက်သွယ်ရေးကိရိယာ ဖုန်းသေးသေးလေးတစ်ခုလည်း ရှိသည်။ ထိုဖုန်းသည် သူဆီ တွယ်ကပ်နေလေ့ ရှိသဖြင့် နောက်ဆုံးတွင် ၄င်းကို လက်မခံတော့ချေ။

ဘယ်နယ့်ကွယ် လူဖြစ်ရတဲ့ ဒီဘဝမှာ တွယ်ကပ်နေသည့် ကပ်ပါးကောင်များ တလှေကြီးဖြင့် သူ့စိတ်ကို ရှုတ်ထွေး ပွေလီစေသည်။ အာရုံထွေးပြားစေသည်။ အရာရာကို ရှင်းလင်း သန့်စင်စွာ နေလိုသည့် သူ့စိတ်အာရုံကို ထိုကဲ့သို့သော ကပ်ပါးကောင်များကြောင့် နောက်ကျိမနေစေလို။ သူသည် အနှောင်အဖွဲ့မှ ကင်းလွတ်လိုသူ ဖြစ်သည်။ သူ၏ စိတ်အစဉ်တို့ကို ဝါဂွမ်းစ တစ်စလို့ နုညံ့ဖြူစင် စေလျက် ဘဝလေပွေ သယ်ဆောင်ရာသို့ ဝေ့ကာ လွင့်ကာဖြင့် ပေါ့ပါးသွက်လက်စွာ အသာအယာ စီးမျောသည်။

သူ့ဘဝတွင် ကပ်ပါးကောင်တို့သည် ငယ်စဉ်ကလေးဘဝကတည်း မှီတွယ်ငြိကြသည်။ ငယ်စဉ်တုန်းကတော့ ထိုကပ်ပါးကောင်းတို့ကို သိပ်ပြီး အလေးမထား။ အာရုံ မပြုမိချေ။ သို့ရာတွင် သူ့ဘဝသည် ရှေးရိုးဆန်ခြင်းနှင့် အချုပ်အနှောင် မလွတ်လပ်ခြင်းတို့ အောက်တွင် ကြီးပြင်းလာရသည့်အခါ လွတ်လပ်ခြင်းကို အသိလိုက် မသိဘာသာ တောင်းတသည်။ ထို့နောက် လွတ်လတ်ခြင်းကို ပြင်းပြင်းထန်ထန် ရယူသည်။ အရာရာကို ရုန်းထွက် ဖောက်ထွင်းကာ ပုန်ကန်လိုသည့် စိတ်တို့ အမြဲရှိသည်။ ငှတ်တစ်ကောင်လို ဝေဟင်တွင် လေအဟုန် စီးကာ လွတ်လပ်သည့် အရသာကို ခံစားသည်။

သူမွေးလာပြီး တစ်နှစ်လောက် နေတော့ အမေက ခြူတွဲလောင်း ကလေးနဲ့ ခြေကျင်းလေး တစ်ခု ဘယ်ဘက် ခြေထောက်မှာ တပ်ပေးထားတယ်။ ဘဝမှာ ကနဦးဆုံး ကိုယ့် ခန္ဓ္ဓာကိုယ်မှာ တွယ်ကပ်လာတဲ့ ကပ်ပါးကောင် တစ်ကောင် ပေါ့။ သူကိုယ်တိုင်က အငြိမ်မနေ ဟိုလှုပ်၊ ဒီလှုပ်နဲ့ ဆိုတော့ အဲဒီခြူကပ်ပါးကောင်က တချွင်ချွင်နဲ့ အသံမြည်တော့တာပေါ့။ ကိုယ့် စိတ်အလို မပါပဲ မိဖတွေ၊ အဘိုးအဘွားတွေ၊ လူတွေကို ခြူလေး တွဲလောင်းကလေးနဲ့ ကလေးငယ်ဘဝကတည်းက ဖျော်ဖြေ ခဲ့ရတာပါ။ ချစ်စရာ ကလေးငယ် နဲ့ တချွင်ချွင် ခြူသံကို လူတွေက သဘောကျ ကြတယ်။ “ဟယ်..ခြူကလေးနဲ့ ချစ်စရာလေး” လို့ ပြောဆို မှတ်ချက်ချကြတဲ့ အသံရှင်တွေဟာ သူရို့အတွက်တော့ ကိုယ်ပိုင် စိတ်ချမ်းသာစရာ ပေပဲပေါ့။ သူကတော့ မသိ နားမလည်စွာနဲ့ ပဲ တအင်းအင်း တအဲအဲနဲ့ ခြေထောက်တုတ်တုတ်ကလေးတွေကို ဆတ်ကာ ဆတ်ကာနဲ့ တချွင်ချွင် အသံတွေပြုလို့။ သူ့မျက်လုံး ဝိုင်းဝိုင်းတွေမှာ လောကကြီး အကြောင်းကို နားမလည်ခြင်း များစွာနဲ့။ သူ့ကို အမှီပြုလို့ လူတွေ စိတ်ချမ်းသာ ပျော်ရွှင်မှုကို ရယူကြသည်။ သူကတော့ ဒီခြူ ကလေးကြောင့် ဉာဏ်ပညာတွေ ပိုမိုလို့ တိုးတက် မလားခဲ့ဘူး။ ဒီခြူ ကလေးကြောင့် ကျန်းမာ သန်စွမ်း အနာရောဂါ ကင်းတဲ့ ကလေး တစ်ယောက်လည်း မဖြစ်ခဲ့ဘူး။ သူ့မှာသာ ခြူခြေကျင်းကပ်ပါးကောင် တစ်ကောင် ရလာခဲ့တယ်။ ဒါက သူ့ ရဲ့ မသိနားမလည်သေးတဲ့ မှတ်ဉာဏ်ထဲမှာ ပထမဦးဆုံး ပုံရိပ်ထင်လာတဲ့ ကားချပ်တစ်ခုပါ။

ကံကောင်းထောက်မစွာပဲ သူ့အသက် ငါးနှစ်ကျော် ခြောက်နှစ်လောက် ရောက်တော့ အဲဒီ ခြူကောင် မရှိတော့ဘူး။ လူတွေအတွက်တော့ သူဟာ ခြူနဲ့ မလိုက် မဖက်၊ ချစ်စရာ မကောင်းတော့ဘူး ထင်ပါရဲ့။ ဒါပေမယ့် မူကြိုတန်း၊ မူလတန်း သွားရတော့ သူ့ ပုခုံးပေါ်မှာ အိပ်ကလေး တစ်လုံးက အမြဲတမ်း ကပ်ပြီး ပါလာရတယ်။ အိပ်ထဲမှာတော့ ကျောက်သင်ပုန်း နဲ့ ကျောက်တန်၊ ဖတ်စာအုပ် တစ်အုပ် ပါတယ်။ အဲဒီအိပ်ဟာ ခြူကပ်ပါကောင်ကနေ တဆင့်တက်လို့ အသွင်ပြောင်းသွားတဲ့ အိပ်ကပ်ပါးကောင်းတစ်ကောင်လို့ သူထင်နေတယ်။ သူဟာ အဲဒီ အိပ်ကပ်ပါးကောင်ကြီးနဲ့ပဲ အထက်တန်း ကျောင်းသားကြီး ဖြစ်တဲ့ အထိ ပုခုံးပေါ်မှာ အမြဲလွယ်ပြီး ကျောင်းတက်ခဲ့ရတယ်။

သူအထက်တန်း ကျောင်းတက်တော့ နောင်နှစ်ပေါင်း နှစ်ဆယ်နီးပါ တွယ်ကပ်နေမည့် ကပ်ပါးကောင် တစ်ထွေးကြီး သူ့ကို ငြိတွယ်ပါလေတော့သည်။ သူ့၏ ဘယ်ဘက်ကောက်ဝတ်တွင် အချိန်ကြည့်ရသည့်ကပ်ပါးကောင် တစ်ကောင် စတင်တွယ်ငြိလာသည်။ ထိုအကောင်သည် သူ့လက်တွင် နေ့စဉ်လိုလို တွယ်ကပ်နေလေ့ရှိသည်။ ရံဖန်ရံခါ ရေချိုးချိန် ညအိပ်ချိန် အထိ တွယ်ကပ်နေတတ်သည်။ တစ်စ တစ်စနှင့် ထိုအကောင်သည် အချိန်အပေါ် ထားရှိသည့် သူ၏ ယုံကြည်ချက်တို့ ကို ချိုးဖဲ့ ယူငှင်စားသုံးသွားသည်။ ထိုအကောင်ကြောင့် ပတ်ဝန်းကျင်တွင် ရှိနေသော အချိန်ဗေဒ နမိတ်ပုံတို့ကို သူလှစ်လျူ ရှုလိုက်တော့သည်။ လင်းအာရုံတက်ချိန် ကျေးငှက်သံတို့၊ အုံးမောင်းခေါက်သံ လင်းကြက်တွန်သံတို့ ဖြင့် နိုးထရခြင်းထက် နိုးစက်နာရီပေး ၍ နိုးထခြင်းအလုပ်ကို သူလေ့ကျင့် လုပ်ဆောင်ခဲ့သည်။ မွန်းတည့်နေ ရာသီစက်ကွင်းတို့ဖြင့် သွားလာ လှုပ်ရှားရသည်ထက် သူ၏နာရီကပ်ပါးကောင်၏ စေခိုင်းရာ အချိန်စက်ဝန်းကို ရို့ကျိုးစွာ လိုက်နာခဲ့ရသည်။

သူငယ်စဉ်တုန်းက သူရို့ မိသားစု သည် အလင်းရောင်တို့ အနောက်ဝင်ရိုးစွန်းကို ကျော်လွန်၍ ကျေးငှက်တို့ အိပ်တန်းဝင်သည့် အချိန်ထိ အိပ်စက် နားခွင့် မရသေးချေ။ သူရို့ တစ်အိမ်လုံးကို တွယ်ကပ်နေသည့် ရုပ်မြင်သံကြား ကပ်ပါးတစ်ကောင်သည် သူရို့၏ စိတ်အာရုံ တစ်လုံးကို ချုပ်ကိုင် လွှမ်းမိုးထားသည်။ သြကာသ လောကတစ်ခွင်လုံး အိပ်စက်အနားကြရန် အလင်းရောင်တို့ ဆုတ်ခွာ ရုတ်သိမ်းပေးခဲ့သည့် တိုင်အောင် သူရို့ မိသားစုသည် ရုပ်မြင်သံကြား ကပ်ပါးကောင်၏ ညှို့စက်ကွင်းအောက်တွင် စပါးကြီးမြွေ အညှို့ခံထားရသည့် သားကောင်များ ပမာ မိန်းမော နေကြသည်။ ခက်တာက သူမွေးဖွားလာသည့် လူအဖွဲ့အစည်းတွင် လူတို့သည် ထိုကဲ့သို့သောကပ်ပါးကောင်ကိုမှ တပ်မက်တွယ်တာကြသည်။ သူ့၏ ပတ်ဝန်ကျင်ရှိ မိသားစုတိုင်းတွင်လည်း ထိုကဲ့သို့ ကပ်ပါးကောင်(household parasite) များ အနည်း နှင့် အများဆိုသလို မှီတွယ် ကပ်ငြိ နေတတ်ကြသည်။

မှတ်မှတ်ရရ သူ၏ အိမ်နံဘေးသို့ မိသားစု အသစ် လင်မယားတစ်စုံပြောင်းလာသည်။ မိန်းမဖြစ်သူက ယောကျာင်္းဖြစ်သူ အား “မောင်ရေ အိမ်ဆိုတော့ ဆိုဖာလေး နှင့် အမှီ ခေါင်းအုံးလေး ရှိမှ ဖြစ်မယ်”. လို့ ဆိုတယ်။ ယောကျာင်္းဖြစ်သူက “အေးပါကွ..မောင့်အတွက်လည်း ရုပ်မြင်သံကြား(တီဗွီ) နဲ့ အောက်စက် လေးပါ ဝယ်လိုက်မယ်”. အင်း တစ်ကယ်တော့လည်း ဆိုဖာတို့ တီဗွီတို့ဆိုတာ သူတို့ကို တွယ်ကပ်နေမယ့် ကပ်ပါးကောင်တွေက အဆင်သင့် ရှိနေကြတာ။ ဒါကို သူက ဆိုဖာကပ်ပါးကောင်(sofa parasite)များ နှင့် တီဗွီကပ်ပါးကောင်(TV parasite) များလို့ မြင်တယ်။ အောက်စက်လို့ ခေါ်ကြတဲ့ ဒီဗွီဒီ ပလေရာ (DVD player), စီဒီ ပလေရာ (CD player) ဒါတွေဟာ ကပ်ပါးကောင်တွေပဲပေါ့။

သူ၏ လူ့ အဖွဲ့အစည်းတွင် မရေမတွက်နိုင်အောင် များပြားသော ကပ်ပါးကောင်များ နားခို ပေါက်ဖွား ကြသည်။ ၄င်းတို့သည် သူ၏ စိတ်ခွန်အားကို စမ်းသပ်ကြသည်။ ယူပါ ယူပါ တစ်စာစာနှင့် သူထံသို့ တွယ်ကပ်နိုင်အောင် ဘက်ပေါင်းစုံမှ နည်းမျိုးစုံဖြင့် စွဲဆောင် ညှို့ယူ ချဉ်းကပ်ကြသည်။ သူသည် လူ့အဖွဲ့အစည်း ရေစီးကြောင်း အတိုင်း စီးမျောကာ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း ယုံကြည်ချက်တို့ကို ကပ်ပါးကောင်များ နှင့် လှဲလှယ် ခဲ့သည်။ တနည်းအားဖြင့် ခေတ်ရေစီးကြောင်း၏ သယ်ဆောင်ရာ လမ်းကြောင်းအတိုင်လိုက်ရင်းဖြင့် သူ၏ ကိုယ်ပိုင်လမ်းကြောင်းတို့အား ချဲ့ထွင် ဖောက်လုပ်ဖို့ မေ့လျော့ခဲ့သည်။ ဤသို့ဖြင့် အနှီးကပ်ပါးကောင်းတို့အား သူ၏ ဘဝလုပ်ငန်းဆောင်တာ များကို ထိန်းကွတ် ချုပ်ကိုင်နိုင်ခွင့် ပေးအပ်ခဲ့သည်။

သူ၏ဘဝ ဆယ်သက်ကျော်သက် အရွယ် အားကစားတို့ လိုက်စား၍ ကိုယ်ခန္ဓ္ဓာကျန်းမာ သန်စွမ်းအောင် လုပ်ရမယ့် အချိန်တွင် သူသည် ရုပ်မြင်သံကြား၊ ရုပ်ရှင် ကပ်ပါးကောင် တို့၏ တွယ်ကပ်မှုဖြင့် ဘဝ၏ နုပျိုသည့်အချိန်များစွာကို သာယာကိုခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဆံပင်ကို ရှည်လျား လာစေသော ကပ်ပါးရောပါပိုး တစ်မျိုးလည်း တွယ်ကပ်လာသည်။ ထို ကပ်ပါးရောဂါပိုးနှင့် အတူ ဆန်းပြားသော ခေါင်းလိမ်းဆီမျိုးစုံ၊ မှန်တစ်ချပ်၊ ဘီးကောင်းကောင်း တစ်လက်တို့ဖြင့် အမျိုးနွယ်သော ကပ်ပါးပိုးများပါ တွယ်ကပ်လာတော့သည်။ သူ၏ လက်ကောင်ဝတ်တွင်လည်း နာရီကပ်ပါးကောင် သည် တွယ်ကပ်လျက်ပင်။ အများသူငှာ၏ အလေးပေးမှု နှင့် ဆန့်ကျင်ဘက် လိင် မိန်းကလေးများ၏ အာရုံစိုက်မှုကို ရယူလိုသည့် စိတ်တို့ ရှင်သန်လာသည်နှင့်အမျှ သူ၏မျက်လုံးတွင် အမည်းရောင်မှန်ချပ်ကြီးများနှင့်တူသော ကပ်ပါးကောင်တစ်ကောင်လည်း တိုးလာသည်။ သူသည် သွားလေရာရာတွင် သူ၏မျက်လုံးကို ထိုအမည်းရောင်မှန်ချပ် ကပ်ပါးကောင်ကြီးဖြင့် အုပ်ပြီး သွားသဖြင့် ကိုယ့်ကိုယ်ကို လှသည်ဟု အထင်ရောက်လေ့ရှိသည်။

ထိုအရွယ်သည် သူအတွက် ကပ်ပါးကောင်မျိုးစုံ ဝင်ရောက် တွယ်ငြိခဲ့သော အရွယ်ကာလ အပိုင်း အခြားလည်း ဖြစ်သည်။ သူ၏ စိတ်ခွန်အားတို့သည် ဆူလွယ်၊ နပ်လွယ်၊ ကျိုးလွယ်၊ ပဲ့လွယ်ကာ လေအပွေ့တွင် အလွယ်တကူ ကြွေဆင်းကျရသော သစ်ရွက်ခြောက်တို့ပမာ ရှိလှသည်။ လေပြေတို့ သယ်ဆောင်ရာ ဟိုရိမ်း ဒီယိုင် ဝေ့ကာ ဝိုက်ကာ ဘယ်ညာ ရိမ်းတတ်သော သစ်ရွယ်ငယ်တို့ ပမာ စိတ်အစဉ်တို့ ရိမ်းထိုး ပြောင်းလဲနေတတ်သည်။ ထို ကဲ့သို့ မတည်ငြိမ်ခြင်း စိတ်အလျင်ကို အခွင့်ကောင်း ယူလျက် ထိုးဖောက် တွယ်ငြိလာသော ကပ်ပါးကောင်တို့ကား မနည်းလှချေ။ လက်ခံကောင်ကို အကျိုးပြုမည့် ကပ်ပါးကောင်းလော၊ ဆိုးကျိုးပေးမည့် ကပ်ပါးကောင်းလောဆိုတဲ့ ဝေဖန်ပိုင်ခြားနိုင်စွမ်း သူမရှိခဲ့ချေ။
++++++++++++++++++++++++++++++++++++++++++++++++
နှစ်ကာလ သုံးဆယ်ကျော် ဖြတ်သန်းခဲ့ပြီးနောက် သူတွင် ဘဝက ပေးအပ်သည့် လုပ်စရာ လုပ်ငန်းဆောင်တာများ တစ်နင့် တစ်ပိုး ရှိလှသည်။ သူ့ ဘဝ ဖြတ်သန်းခဲ့သည် ခရီးတစ်လျှောက်တွင် လုပ်ချင်တာတွေ၊ လုပ်ရမှာတွေ၊ လုပ်သင့်တာတွေ ကို ခွဲခြမ်း စိပ်ဖြာ စီမံခန့်ခွဲရသည်။ သူ့တွင် ကောင်းခြင်း ဆိုးခြင်းကို ဝေဖန်ပိုင်းခြား နိုင်စွမ်း အသိပညာတို့ဖြင့် ခိုင်မာ ရင့်ကျက်လာခဲ့သည်။ သူ့အတွက် လိုအပ်သော ကပ်ပါးကောင်များကို မွေးမြူသည်။ မလိုအပ်သော ကပ်ပါးကောင်များကို ရှင်းလင်း သုတ်သင်သည်။ တကယ်တော့ လက်ခံကောင် သည် အခရာ ပင် မဟုတ်ပါလော။

လွန်ခဲ့သော ငါးနှစ်ခန့်က စ၍ သူ၏ ဆံပင်ကို ရှည်လျားစေသော ကပ်ပါးကောင် တစ်မျိုးကို သုတ်သင်ပစ်နိုင်သည့် အခြားကပ်ပါးကောင် တစ်ကောင်ကို ဝယ်ယူခဲ့သည်။ ထိုကပ်ပါးကောင် ရှိသည့်နေမှစ၍ သူ၏ ဆံပင်တို့သည် အမြဲ တိုတိုပဲရှိခဲ့သည်။ ဆံပင်ညှပ်ဆိုင်ဘက်ကို ခြေဦး မလှည့်သည်မှာ ခုနစ် နှစ်ခန့် ရှိရော့မယ်။ သူလို လူမျိူး များများ ရှိလျင် အမျိုးသား ဆံပင် ညှပ်ဆရာတို့ စီပွားပျက်ကိန်း ရှိအံ့။ ခေါင်းလိမ်းဆီ၊ မှန်၊ ဘီး ကဲ့သို့သော ကပ်ပါးကောင်တို့ သူ့ဘဝတွင် သေဆုံးသွားခဲ့သည်။

ထို့ အပြင် တီတီ တီတီ အသံပေးကာ ရေချိုးခန်းဝင် လည်း စိတ်မဖြောင့်ရ၊ အိမ်သာတက်လည်း စိတ်မဖြောင့် စေတတ်သော၊ တယ်လီဖုန်းကပ်ပါးကောင်ကို အမြစ်မှ သုတ်သင် ရှင်းလင်း ပစ်နိုင်ခဲ့သည်။ လူ့ပတ်ဝန်းကျင်တွင် ကြီးထွား ရှင်သန် ပေါက်ဖွားနေသော ဖုန်ကပ်ပါးကောင်သည် ဟိုသွားလည်း ဒင်းကိုသယ် သွားရ။ ဒီသွားလည်း ဒင်းကိုသယ်သွားရ ဆိုတော့၊ သူ့အတွက် အပို အလုပ်တွေ ဖြစ်လာသည်။ သူ သည် စိတ်အာရုံကို ရှင်းလင်းလိုသူဖြစ်သည်။ ဘယ် နှင့် ညာ ခွဲခြားဖို့ သုံးစက္ကန့်လောက် အချိန်ယူ စဉ်းစားရသည့် သူ၏ စိတ်အာရုံ အားနည်းချက်အတွက် ဖုန်းကပ်ပါးကောင် တစ်ကောင်ကြောင့် အပို အာရုံမများလို။ သို့ဖြင့် ၄င်းဖုန်း ကပ်ပါးကောင်းကိုလည်း ဖယ်ရှားပစ်ခဲ့သည်။

သူ သွားလာ လှုပ်ရှား နေရသော ပတ်ဝန်းကျင်တွင် အချိန် နာရီတို့သည် ပေါများ လှပေသည်။ လူတိုင်းလိုလို၏ လက်ကောင်ဝတ်တွင် နာရီကပ်ပါးကောင်တို့ တွယ်ငြိနေတတ်သည်။ သို့တည်းမဟုတ် တစ်နေရာရာ၊ နံရံတစ်ခုခုတွင် ၄င်းကပ်ပါးကောင်တို့ ကပ်နေတတ်သေးသည်။ စားသောက်ဆိုင်၊ မော်တော်ကား၊ ဘူတာရုံတို့၏ နေရာ၊ တိုင်၊ ထုတ်တန်းတို့တွင် သူရို့ မှိခိုနေတတ်သည်။ ထို့ကြောင့် သူ့လက်ကောင်ဝတ်တွင် နှစ်ပေါင်း နှစ်ဆယ်ခန့် တွယ်ငြိနေခဲ့သော နာရီကပ်ပါးကောင်ကို ဖယ်ရှားပစ်ခဲ့သည်။ အပြင်ထွက်သည့် အခါတိုင်း၊ အလုပ်သွားသည့် အခါတိုင်းတွင် သူ၏ လက်တို့ ပေါ့ပါး သွက်လက်လာသည်။

သူ့အိမ်တွင် စာပွဲတစ်လုံးနှင့် ထိုင်ခုံ နှစ်လုံး ရှိသည်။ သူ့နှင့် သူဇနီး ထိုင်ဖို့ဖြစ်သည်။ ဧည့်လာလျှင် အားလုံး ကြမ်းပြင် ၌ လွတ်လပ်စွာ ထိုင်ကြသည်။ အလင်းရောင်တို့ အတား အဆီး မရှိ အတင်း တလဟော သူရို့နေသည့် အခန်းများသို့ လှိမ့်ကာ လှိမ့်လာ တိုးဝင်ကြသည်။ သူရို့သည် အိမ်ထောင် ပရိဘောက ကပ်ပါးကောင်များကို ကြောက်ကြသူလည်းဖြစ်ကြသည်။ တကယ်တော့ သူသည် ကပ်ပါးကောင် ကြောက်သူ ဖြစ်သည်။

အနန္တမေတ္တာဖြင့်
ဘကောင်း