ကျွန်တော် စာရေးသည့် အခါတွင် ဟိုအကြောင်းလေးတို့လိုက်၊ ဒီအကြောင်းလေး ဆိတ်လိုက်နှင့် စိတ်ပါလျင် ပါသလို စာတွေရေးဖြစ်သည်။ စာမရေးချင်သည့် အခါများဆိုလျင် တစ်နှစ်ကျော်လောက် စာမရေးပဲ ပစ်ထားသည်။ ပန်ချီဆွဲသည့်အခါများလိုပင်။ အနီရောင်လေး တို့လိုက်၊ အပြာနုလေး တို့လိုက်နှင့် ဘဝ၏ ကင်းဗတ်စ ပေါ်တွင် လူတွေအကြောင်း၊ ခံစားချက်တွေ အကြောင်း၊ စီးပွားရေး၊ နိုင်ငံရေး အကြောင်းတို့ကို အလျင်းသင့်လျှင် သင့်သလို ရေးဆွဲကြည့်သည်။ လူတွေ အထဲက လူတစ်ယောက်ဖြစ်သည့် အားလျော်စွာ လူ၏ ဖြစ်တည်မှုနှင့် ထိုက်တန်အောင် ရေးဖွဲ့ သီကုံး ချယ်မှုန်းချင်သည်။
အခုရေးသည့် နိုင်ငံရေး ဝါဒများ အကြောင်းသည် ကျွန်တော် သိသည့် အသိပညာ၊ အတွေ့အကြုံ ရှု့ထောင့်များမှရေးသည်။ လက်ရှိ ကမ္ဘာနှင့် မြန်မာပြည် နိုင်ငံရေး ဇာတ်ခုံမှ အခြေအနေတို့ကို ချိန်ထိုးပြီး ရေးသည်။ စာရေးသူသည် နိုင်ငံရေးအကြောင်းကို အကိုးအကားတွေ ဖောင်ဖွဲ့ပြီး စကားအများကြီးပြောတတ်သူမဟုတ်။ ကိုယ်ပြောခြင်းထက် တစ်ပါးသူပြောသည်ကို နားထောင်ကာ စိတ်ထဲမှ အကဲဖြတ်ရသည်ကို အားသန်သူဖြစ်သည်။ စာရေးသူသည် စကားအများကြီး ပြောခြင်းထက် စာအများကြီး ပြောလိုသူဖြစ်သည်။ ထို့်ကြောင့် ကျွန်တော် စာဖြင့် စကားပြောသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းသစ်ဆီကို ရောက်အောင် တက်လှမ်းကြတော့မယ် အခါ ဘယ်လိုမျိုး ဒီမိုကရေစီ စနစ်ဟာ မြန်မာပြည်နဲ့ ကိုက်ညီနိုင်သလဲဆိုတာ ချဉ်းကပ်ရမယ်။ တနည်းအားဖြင့် ဆိုလို့ရှိရင် မြန်မာပြည် ယဉ်ကျေးမှုနှင့် လက်ရှိမြန်မာပြည်ရဲ့ အခြေအနေတွေနဲ့ ကိုက်ညီမယ့် ဒီမိုကနေစီ စနစ်ပေါ့။ ဒီစကားဟာလည်း ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတဲ့ အာဘော်တွေပါဝင်တယ်။ ဒေါ်စု စကားအရဆိုလို့ ရှိရင် မြန်မာပြည် ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ဒီမိုကနေစီ စနစ်ကို ရွေးချယ် ရမှာ ဖြစ်တယ်လို့ ဆိုခဲ့ဖူးတယ်။ ကျွန်တော် စင်ကာပူမှာ နှစ် နှစ်တိတိ အလုပ်လုပ်၊ နေထိုင် စဉ် ကာလ တုံးက စင်ကာပူ ဝန်ကြီးချုပ် ဟောင်း (ဂိုချောက်ထောင်-အမှားပြင်ခြင်း) လီကွမ်းယု ရဲ့ မြန်မာပြည် နိုင်ငံရေးပေါ် ဝေဖန် သုံးသပ်ချက်ကို ရုပ်မြင်သံကြားကနေ ကြည့်လိုက်ရတယ်။ မြန်မာပြည်သူ၊ မြန်မာပြည်သားတွေဟာ ဒီမိုကရေစီ စနစ်နဲ့ မထိုက်တန်သေးဖူးလို့ သူက ဆိုတယ်။ အဲဒီတုန်းက စာရေးသူ စိတ်ဆိုး ဒေါသ ထွက်လိုက်တဲ့ ဖြစ်ခြင်း။ အဲဒီ သုံးသပ်ချက် ဟာ မသန့်စင်တဲ့ နိုင်ငံရေး သုံးသပ်ချက် တစ်ခုသာ ဖြစ်တယ်။ စင်ကာပူနိုင်ငံရဲ့ မြန်မာပြည်ပေါ်မှာ ထားရှိတဲ့ နိုင်ငံခြားရေး ဝါဒဟာ လက်ရှိ မြန်မာပြည် စစ်အစိုးရနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ခြင်း မရှိဘူး။ စင်ကာပူ နိုင်ငံ ရဲ့ ပါလီမန် အုပ်ချုပ်ရေးမှာလည်း လွတ်လပ်စွာ ဆန္ဒပြခွင့် နဲ့ ဒီမိုကရေစီ ဆန်တဲ့ အတွေးအခေါ်၊ အဖွဲ့အစည်းတွေကို ဖိနှိပ် ပိတ်ပင် ထားတယ်။ စင်ကာပူ အစိုးရသည် မြန်မာပြည် အပေါ် သူ့နိုင်ငံရေးဝါဒ နဲ့ သူ သုံးသပ်တယ်။ ကျွန်တော် က ကျွန်တော့် တိုင်းပြည် ကောင်းကျိုး အတွက် သုံးသပ်ရရင် မြန်မာပြည်သူ ပြည်သားတွေဟာ ဒီမိုကနေစီ စနစ်ရဲ့ စစ်မှန်တဲ့လမ်းကြောင်းမှန်ပေါ်မှာ စတင် လျှောက်လှမ်းဖို့ အချိန်တန်နေပြီ။ မြန်မာပြည် လူထုကို ဒီမိုကရေစီ ဆိုတဲ့ မူနဲ့ အသေအချာ လမ်းကြောင်းမှန်ပေါ် တွန်းတင် ပေးရမယ်။ ဘာကြောင့်လည်း ဆိုတော့ ပြီးခဲ့တဲ့ ဆိုရှယ်လစ် စနစ်၊ လက်ရှိ စစ်အာဏာရှင် စနစ်တို့ဟာ လူထုအတွက် ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် အကျိုးရလဒ် မရှိဘူးဆိုတာ သက်သေပြခဲ့တာပဲ။
ဗိုလ်နေဝင်း ရဲ့ နှစ်ပေါင်း နှစ်ဆယ့်ခြောက်နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ လက်ရှိ စစ်အစိုးရရဲ့ အာဏာရှင် စနစ် နဲ့ အုပ်ချုပ်တဲ့ စစ်အုပ်ချုပ်ရေး တွေကြောင့် တိုင်းပြည်ဟာ တိုးတက် မလာခဲ့တဲ့ အပြင် ဆုတ်ယုတ်လာတယ်။ တိုင်းပြည် တစ်ပြည် မှာ နှစ်ကာလာ အပိုင်းအခြား တစ်ခု ရောက်ရင် အဲဒီ တိုင်းပြည်ရဲ့ ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်မှုဟာ ဘယ်လို ဖြစ်နေရမယ်ဆိုတာ အကြမ်းဖျင်းတွက်လို့ရယ်။ ကျွန်တော့် အလုပ်မှာ ပရောဂျက်တွေကို စီမံခန့်ခွဲရသလို အချိန်၊ လုပ်အားနှင့် အရင်းအနှီးတွေ နဲ့ တိုင်းဆကြည့်ရတယ်။ တိုင်းပြည် တစ်ခု လုံးဟာ အုပ်ချုပ်သူတွေ လက်ထဲမှာရှိပြီး သံယဇာတ အရင်းအမြစ်တွေ အသုံးချကာ အချိန်အတိုင်းအတာ နှစ် နှစ်ဆယ်ကျော် ကာလမှာ တိုးတက်အောင် မလုပ်နိုင်ဘူးဆိုရင်ကတော့ မှားယွင်းနေပြီ။ အလုပ်သဘောအရဆိုရင်တော့ ပရောဂျက် မအောင်မြင်ဘူးပေါ့။ အဲဒါဆိုရင် ပရောဂျက် မန်နေဂျာ အဲဒီ ပရောဂျက်ကနေ ထွက်ပေးရတယ်။ အခု လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို တိုးတက်နေတယ် လို့ ပြောရင် အဲဒီ အယူအဆ အတွေးအခေါ်ဟာ လိပ်တစ်ကောင်နဲ့ အတွေးအခေါ်မျိုးပဲလို့ ကျွန်တော် မြင်တယ်။ အဲဒီလိုမျိုး အတွေးအခေါ်တွေနဲ့ ကမ္ဘာ့အလယ်မှာ မြန်မာ ဝင် မတိုးနိုင်ဘူး။ နှေးပြီး နောက်ကျ ကျန်နေတယ်။ တကယ်တော့ နှေးနေ တယ်ဆိုတာ မမှန်ဘူး။ နှေး နေတယ် ဆိုတာ တိုးတော့ တိုးတက်တယ်။ နှေးတယ်လို့ သဘော ရောက်နေတယ်။ တကယ်တော့ အချို့ အပိုင်း ကဏ္ဍတော်တော်များများမှာ မတိုးတက်သည့်အပြင် ဆုတ်ယုတ်သွားတယ်။
အဲဒီတော့ မြန်မာပြည် နဲ့ လျော်ညီမယ့် ဒီမိုကရေစီ အုပ်ချုပ်ရေးမျိုး ကို လေ့လာ သုံးသပ်ဖို့။ အသုံးချ ကျင့်သုံးဖို့ လိုအပ်နေပြီ။ အဲဒီတော့ ဘယ်လိုမျိုး ဒီမိုကရေစီ ပုံစံမျိုးလည်း လို့သုံးသပ်ကြည့်တဲ့အခါ မြန်မာပြည် ဖြတ်သန်းခဲ့တဲ့ ဆိုရှယ်လစ် စနစ်၊ ကွန်မြူနစ် ဝါဒတွေ၊ လက်ရှိ စစ်အုပ်ချုပ်ရေးကို ကြည့်တယ်။ ဒီမိုကရေစီ နဲ့ နာမည်ကြီးတဲ့ အမေရိကန် ဒီမိုကရေစီကို ကြည့်တယ်။ ဒီမိုကရေစီနဲ့ တွဲကပ်ပြီး လိုက်လာတဲ့ လက်ရှိ ကမ္ဘာရဲ့ အရှင်းရှင် ဝါဒကို ပြန်ကြည့်ရပြန်တယ်။ စနစ်တွေ ဝါဒတွေရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ပြဠာန်းချက်တွေ ကိုတော့ လူတိုင်း သိထား နာလည် ထားတယ်။
ဆိုရှယ်လစ် စနစ်ဆိုတာ ကွန်မြူနစ် စနစ် မထွန်းကား ခင် ကတည်း တည်ရှိလာခဲ့တဲ့ စနစ်ပဲ။ ကွန်မြူနစ် စနစ်ဆိုတာကလည်း ဆိုရှယ်လစ် စနစ်ကို အခြေခံပြီးတော့မှ တဆင့်တက် ပြောင်းလဲသွားပြီး ပိုမိုပြင်းထန်တဲ့ စနစ် ဝါဒ တစ်ခု အသွင် ကူးပြောင်းသွားတာ။ ဆိုရှယ်လစ် စနစ်နဲ့ ကွန်မြူနစ် စနစ် နှစ်ခုစလုံးက ဘုံဝါဒကို အခြေခံကြတာပဲ။ နိုင်ငံရဲ့ စီးပွားရေး၊ ထုတ်ကုန် လုပ်ငန်းတွေကို အစိုးရက ထိန်းချုပ်လိုတယ်။ နံမည် တပ်လိုက်တော့ အများပိုင်ပေါ့။ လူတန်းစာ ခြားနားခြင်း မရှိစေပဲ အားလုံး တန်းတူရှိစေတယ်။ ပုဂ္ဂလိကပိုင် မှန်သမှ ဗဟိုအစိုးရက သိမ်းပိုက် ချုပ်ကိုင်တယ်။ကွန်မြူနစ် အုပ်ချုပ်ရေးမှာ တော့ ဗဟိုအစိုးရက လူအနည်းစုလောက်ပဲ ပါဝင်တယ်။ ဒါတွေက အပေါ်ယံ သဘောပါ။
ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း လွတ်လပ်စ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ ပိုင်တဲ့ ကုမ္ပဏီ အများကြီးပဲ။ တရုတ်ပိုင်၊ ကုလားပိုင်တဲ့ ကုမ္ပဏီကြီးတွေ။ လူဆင်းရဲ နဲ့ လူချမ်းသာ အဆင့်ကွာခြားမှုကလည်း သိပ်များပြားတယ်။ အဲဒီ ခေတ် အခါတုန်းက ဆိုရှယ်လစ် နဲ့ ကွန်မြူနစ် သဘောတရားရေးရာတွေက သိပ်ခေတ်စားတယ်။ စာပေတွေကို ဖတ်ရ၊ လေ့လာခြင်း အရ သိရတာပါ။ ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်း ကွာခြားမှုကို အခြေခံပြီး ရေးသားတဲ့ စာပေ၊ ဖွဲ့ဆိုတဲ့ တေးဂီတ တွေ အများကြီး လွှတ်ထွန်းကားတဲ့ အချိန်ပေါ့။ ဆင်းရဲတွင်း နက်သထက်နက်ပြီး ကျောပြာမွဲကျ ဖွတ်တက်လာတဲ့ မြန်မာပြည် လူထု အတွက် ဆိုရှယ်လစ် လူ့ဘောင်သစ်နဲ့ ကွန်မြူနစ် ကျင့်စဉ်တွေကသာ ထွက်ပေါက်တစ်ခုဖြစ်လာတယ်။
၁၉၆၂-ခုနစ် မှာ ဗိုလ်နေဝင်း ဦးဆောင်တဲ့ အိမ်စောင့် အစိုးရ အာဏာ သိမ်းယူပြီး ဆိုရှယ်လစ် မြန်မာနိုင်ငံတော်ကို ထူထောင် တယ်။ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေကို အစိုးရပိုင် သိမ်းယူတယ်။ ဆိုရှယ်လစ် စနစ်ရဲ့ အောက်မှာ မြန်မာပြည်သူ ပြည်သားတွေဟာ ပြင်ပ နိုင်ငံခြားနဲ့ အဆက်အသွယ် လုပ်လို့ခက်ခဲပြီး သတင်းအချက်အလက်တွေကလည်း အစိုးရချုပ်ကိုင်မှုအောက်မှာပဲ ရှိတော့ လူထုဟာ မျက်စိပိတ်၊ နားပိတ်နဲ့ “အ” သွားတယ်။ မှန်တာကို ပြောရဲ၊ ဆိုရဲ ယုံကြည်မှုတွေ ရိုက်ချိုး ခံရတယ်။
ငယ်စဉ်က ဆိုရှယ်လစ် စနစ် ပညာရေးရဲ့ အောက်မှာ သင်ကြားခဲ့ရတဲ့ စာရေးသူ ကိုယ်တိုင် ပထမဦးဆုံးအကြိမ် နိုင်ငံခြားမှာ အလုပ်လုပ်တဲ့အခါ ယုံကြည်မှုတွေ မရှိဘူး။ သူတစ်ပါး အခိုင်းခံရတဲ့ ဘဝမှာပဲ သိမ်ငယ်စွာ အလုပ် လုပ်ရတယ်။ ခေတ်မှီတိုးတက်နေတဲ့ နိုင်ငံခြား တိုင်းပြည်မှာ ကိုယ်က သိမ်ငယ်တဲ့ ခံစားချက်ကို ခံစားရတယ်။ နောင်မှ နိုင်ငံခြားတိုင်းပြည်တွေက ယဉ်ကျေးမှုကိုလေ့လာ၊ အောက်ကျ နောက်ကျဖြစ်နေတဲ့ စိတ်ကို မြှင့်တင်ရတယ်။ မြန်မာ ဆန်တဲ့ နိုင်ငံကြီးသား ပီသအောင် ပြုပြင် ပြောင်းလဲယူရတယ်။ ပြောချင်တာက ဆိုရှယ်လစ်ခေတ်မှာ ကျွန်တော်တို့ မြန်မာလူငယ် မျိုးဆက်သစ်ရဲ့ ယုံကြည်ချက်တွေ ရိုက်ချိုးခံရတယ်။ လူထုမှာ ကိုယ်ပိုင် အရည်အချင်းတွေနဲ့ လုပ်ကိုင်နိုင်စွမ်း မရှိတော့ဘူး။ သဘောကတော့ “တုံး” သွားတယ်ပေါ့။ ဓားဆိုတာ သွေးပါများ က ထက်နေတဲ့ သဘောရှိတယ်။ မသွေးပဲ မသုံးပဲ ပစ်ထားကြည့်။ ကြာရင် သံချေးကိုက် ပြီး ပျက်ဆီးသွားတယ်။ အဲဒီ သဘောပဲပေါ့။ လူတစ်ဦး တစ်ယောက်ခြင်းစီရဲ့ လုပ်နိုင်ခွင့် အရည်အချင်းတွေကို ဖွင့်ပေးမှ လူဟာ တိုးတက်လာမှာ။ လူတွေ တိုးတက်လာမှ လူ့အဖွဲ့အစည်းကလည်း တိုးတက်ပြောင်းလဲ လာမှာ။
၁၉၈၈ အရေးအခင်းဖြစ်ပြီး စစ်အစိုးရ အာဏာ ရယူပြီးနောက် မြန်မာနိုင်ငံဟာ အာဏာရှင်အုပ်ချုပ်ရေး အောက် တရားဝင် ရောက်သွားတယ်။ စစ်အာဏာရှင်တို့ ရဲ့ ထုံးစံအတိုင်း အောက်ပါ အချက် ၁၀-ချက်နဲ့ တိုင်းသူပြည်သားတွေကို လိမ်လည် လှည့်ဖျားရတယ်။
၁။ ပြည်တွင်း ပြည်ပ နှောက်ယှက် ဖျက်ဆီးသူများ ရှိတယ်လို့ အကြောင်းပြသည်။
၂။ လျှို့ဝှက် အကျဉ်းစခန်းများ တည်ဆောက်သည်။
၃။ စွမ်းအားရှင်အဖွဲ့အစည်း ကဲ့သို့သော အရပ်သားများနှင့် ဖွဲ့စည်းထားသည့် စစ်တပ် အခြေပြု အဖွဲ့အစည်များ ထူထောင်သည်။
၄။ သာမန် ပြည်သူ လူထု၊ အရပ်သူ အရပ်သားများ အား လျှို့ဝှက် ထောက်လှမ်း စောင့်ကြည့်သည်။
၅။ ပြည်သူ လူထု အတွင်း လျှို့ဝှက် ထောက်လှမ်းရေး သမားများ ထည့်သွင်းထားသည်။
၆။ အကြောင်း ပြချက် ခိုင်လုံစွာ မရှိပဲ အလျင်းသင့်လျင် သင့်သလို အရပ်သူ အရပ်သားများအား ထိန်းသိမ်း ချုပ်နှောင်ခြင်း၊ ပြန်လွတ်ပေးခြင်း များ ပြုလုပ်သည်။
၇။ အရေးကြီးသည့် လူပုဂ္ဂိုလ်၊ ပြည်သူလူထုအပေါ် သြဇာလွှမ်းမိုး နိုင်သူတို့ကို ဦးတည် တိုက်ခိုက်သည်။
၈။ လွတ်လပ်စွာ ပုံနှိတ် ထုတ်ဝေခွင့်။ ရေးသားခွင့် တို့ကို ဖိနှိတ် ချုပ်ချယ်သည်။
၉။ နိုင်ငံရေးသမားများအား နိုင်ငံတော် အား ဖျက်ဆီးနှောက်ယှက်သူဟု အမည်တပ်ကာ တိုင်းပြည် ဖျက်ဆီးသူဟု လက်ညိုးထိုး ယိုးစွတ်သည်။
၁၀။ ဥပဒေအား လိုအပ်သလို ပြုပြင် ပြောင်းလဲပြင်ဆင်ကာ ပြစ်ဒဏ်ချမှတ်လေ့ရှိသည်။
(စကားချပ်။ ဗမာပြည် အာဏာရှင် အကြောင်းကို အင်္ဂလိပ်လို ရေးကြည့်ဖူးသည်။ ငယ်ငယ် တုန်းက ချမ်းသာရဘုရား ဧကျောင်းမှာ သစ်စ အစ်စ အေဘုတ်ခ (this is a book) နဲ့ သင်လာခဲ့တဲ့ အင်္ဂလိပ်စာ ကို တိုးတက် အောင်လို့ အင်္ဂလိပ်လို ပို့စ်တွေ ကြိုးစားပြီးရေးတာ။ ပြန်ကြည့်တိုင်း အမှားတွေချည့်ပဲ။ Burmese Dictatorship မှာ ပိုပြီး အကျယ် ရေးထားတာပေါ့။
ကြားဖူးတဲ့ ဟာသကလေး တစ်ပုဒ်ရှိတယ်။ တစ်ခါက ရွာဘုန်းကြီး စာသင်ကျောင်းကလေး တစ်ခုမှာ မြို့က ကျောင်းဆရာလေး တစ်ယောက် တာဝန်ကျတယ်။ကျောင်း ဆရာလေး က စာအုပ်တစ်အုပ်ကို လက်က ကိုင်ထားပြီး သစ်(စ်) အစ်(စ်) အေ ဘွတ်(ခ်) (this is a book). ဒါဟာ စာအုပ် တစ်အုပ် ဖြစ်တယ်လို့ အင်္ဂလိပ်လို ပီပီသသ ရွတ်ပြီး သင်တယ်။ ကျောင်းသူ ကျောင်းသား ကလေးတွေက နားမလည်ဘူး။ အားလုံးက ဘာလဲ ဘာလဲနဲ့ ကျောင်းဆရာလေးကိုပဲ နဝေတိန်တောင်နဲ့ ဝိုင်းကြည့်ကြတယ်။ ကျောင်းဆရာလည်း ဘယ်လိုမှ သင်လို မရ၊ နောက်ဆုံး လက်လျှော့ပြီး အရင် စာသင်ပေးနေတဲ့ ရွာဘုန်းကြီးကို အကူအညီ တောင်းရသည်။ အဲဒီတော့မှာ ဘုန်းကြီးက ဝင်လာပြီး စာအုပ်ကို ကိုင်က သစ်စ အစ်စ အေဘုတ်ခ လို့ ပြောလိုက်မှ ကလေးတွေ အော် ဆိုပြီး နာလည်တော့တယ်။ စာရေးသူ ငယ်စဉ်တုန်းကလည်း အဲဒီ လိုမျိုး ကျောင်းသားလေး တစ်ယောက်ပါ။)
စစ် အစိုးရ လက်ထက်မှာလည်း ပြည်သူလူထုဟာ ဖွတ်သထက် ညစ်လို့ တိုင်းပြည်က ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ သောင်းနဲ့ သိန်းနဲ့ ချီပြီး ရှိနေတယ်။ ဒုက္ခသည် ဘဝဆိုတာကို ကိုယ်တိုင် ဒုက္ခနဲ့ ကြုံတွေ့ဖူးမှ ကိုယ်ချင်း စာနာတတ်တာ။ ရန်ကုန် မြို့ကြီး ပြကြီးတွေမှာ နေပြီး စည်းစိမ်ယစ်နေတဲ့ လူတွေကို နယ်စပ်က ဒုက္ခတွေ ပြောပြလို့ကတော့ ကျွဲပါး စောင်းတီး၊ နွားရှေ့ ထွန်ကျုး သလိုဖြစ်နေမှာပဲ။ စည်းစိမ်ယစ် အာဏာယစ်နိုင်တဲ့ လူတွေက လောက နိဗ္ဗာန်ဆိုတာ ဒီကမ္ဘာမြေပေါ်မှာ ရှိတာပါလားလို့ ဆိုနေကြတဲ့ အချိန်မှာ ပြည်သူလူထု အတွက်က လောက ငရဲဆိုတာ ဒီနိုင်ငံမှာ ရှိတာလို့ ငိုးကြွေးမြည်တမ်းနေကြလိမ့်မယ်။
စာရေးသူ တက္ကသိုလ်ကျောင်းသား ဘဝ သုံးတန်းနှစ်ရောက်တော့ တက္ကသိုလ်ပညာရေးကို အယုံအကြည် မရှိတော့ဘူး။ အရည်အချင်းထက် အရည်အတွက်ကို ဦးစားပေးပြီး သင်ကြားရတဲ့ ပညာရေးမှာ စာအလွတ်ကျက်ပြီး အဖြေစာရွက်ပေါ်မှာ ပြန်ပြီး ရေးချပြရတဲ့ စနစ်ကို စိတ်မဝင်စားတော့ဘူး။ ကျောင်းလည်း သိပ်မတက်တော့ပဲ စာပဲဖတ်တယ်။ ညပိုင်း အလုပ်လုပ်တယ်။ ဆူလေအဝိုင်း နေလ ကော်ပီကူးဆိုင်က စာအုပ်တွေက ကျွန်တော့် ကျောင်းပဲ။ ကျောင်းပြီးလို့ တတ်တဲ့ ပညာကို အသုံးချဖို့အတွက် နေရာ မရှိဘူး။ ကြီးမြင့်နေတဲ့ ကုန်စျေးနှုန်း၊ ရန်ကုန်မှာ အိမ်ငှားနေရမယ့် မန္တလေးသား တစ်ယောက်အတွက် လခစား သမားဘဝ မရပ်တည်နိုင်ခဲ့ဘူး။ အခုအခါမှာဆိုရင် စာရေးသူလို နိုင်ငံခြား ထွက်ကြတဲ့ ပညာတတ်လူငယ်တွေ ဒုနဲ့ ဒေးနဲ့။
ပညာတတ် လူငယ်တွေ နိုင်ငံခြားတွေ ရောက်တဲ့ အခါ မျက်စိပွင့် နားပွင့်နဲ့ ဒီမိုကရေစီရဲ့ လွတ်လပ်တဲ့ အရသာကို ခံစားကြရတယ်။ လွတ်လပ်စွာ ခရီးသွားလာကြရတယ်။ ကိုယ် ယုံကြည်ရာ အတွေးအခေါ် အယူအဆတွေကို လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားကြတဲ့ ဘလော့၊ စာပေ အရေးအသားတွေ ထွန်းကားလာတယ်။ မြန်မာ လူငယ် လူတော်တွေ အများကြီး ရှိတဲ့ တိုင်းပြည်မှာ ဒီမိုကရေစီ ရလို့ကတော့ တိုင်းပြည် တိုးတက် ထွန်းကားလာမှ ဧကန်မုချ ပဲ။ စစ်မှန်တဲ့ ဦးဆောင်မှုနဲ့ စစ်မှန်တဲ့ စနစ် မူ လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ပဲ လိုတော့တယ်။
အမေရိကန်၊ ဂျပန်နဲ့ စင်ကာပူနိုင်ငံတွေမှာ နှစ်ပေါင်း ဆယ်နှစ်ကျော် အလုပ်လုပ်ခဲ့ပြီးနောက် စာရေးသူ ဘာလေ့လာမိသလဲဆိုတော့ အရင်ရှင် စီးပွားရေးနဲ့ ဒီမိုကနေစီ စနစ်အောက်က လူနေမှု ပုံစံကို သိရှိ နားလည်လာရတယ်။ ယနေ့ အမေရိကန် နိုင်ငံမှာ ဒီ အရင်းရှင်စီးပွားရေး စနစ်ကို အမေရိကန် နိုင်ငံသားများ ကိုယ်တိုင် မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ပြန်လည် ဝေဖန် ဆန်းစစ်နေရတဲ့ အနေအထားမှာ ရှိတယ်။ ဒီမိုကနေစီ စနစ်ကို လက်ခံကျင့်သုံးနေတဲ့ အမေရိကန်နိုင်ငံမှာ အစိုးရက ဝင်ရောက် ချုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ မရှိသလောက်ပဲ။ လုံးဝမရှိတာ မဟုတ်ဘူး။ ဥပမာ စာပို့ လုပ်ငန်းဆို အစိုးရက ဝင်ရောက် လုပ်ကိုင်တယ်။ ပုဂ္ဂလိက ပိုင် (FedEx, UPS) အစရှိတဲ့ စာပို့ လုပ်ငန်းတွေ လည်း ရှိသည်။ ယနေ့ အမေရိကန် အစိုးရသည် ကျန်းမားရေးလုပ်ငန်းကို ဝင်ရောက် လုပ်ကိုင်သည်။ လူတိုင်း ကျန်မာရေးနှင့် ပတ်သက်သည့် ခံစားခွင့်များ ရရန် ရည်ရွယ်သည်။ ထိုသို့ ဝင်ရောက် စွတ်ဖက်သည့် အတွက် လက်ရှိ အမေရိကန် အစိုးရအား ဆိုရှယ်လစ် စနစ်ကို ကျင့်သုံးနေသည််ဟု စွတ်စွဲမှုများ ဖြစ်လာသည်။ သို့ သော် ဒီမိုကရေစီ စနစ် ကြီးထွား ခိုင်ခံလာသည်နှင့် အမျှ စီပွားရေးလုပ်ငန်း ကိုအော်ပရေးရှင်းများ တစ်စတစ်စ ကြီးထွားလာတယ်။ ထိပ်တန်းစီးပွားရေး ပညာရှင်များ၊ ငွေးကြေးပညာရှင်များ၊ ဘဏ်လုပ်ငန်းများ က အစိုးကို လက်တစ်လုံးခြား လှည့်ပတ် လိမ်လည် လှည့်ဖြားကြသည်။ ထိုသည် အတွက် အစိုးရက ဝင်ရောက် စွတ်ဖက်ရကာ စည်းမျင်း ဥပဒေဘောင်များ ချမှတ်လျက် ပြည်သူတွေ အတွက် အကာအကွယ် လုပ်ပေးရပြန်သည်။
ဘာကြောင့် အမေရိကန်တွေ ဒီ အရင်းရှင် စနစ်ကို ပြန်လည် သုံးသပ်နေကျရသလဲ။
ဒီမိုကရေစီ စနစ်က ခွင့်ပြုထားသော လွတ်လပ်စွာ ရင်းနှီးမြုတ်နှံ ရောင်းဝယ်ဖောက်ကားခွင့် ကြောင့် အမေရိကန်တို့၏ စီးပွားရေး ထိတ်တန်းတွင် ရှိနေခဲ့သည်။ ပေါင်းစည်းသော ကိုအော်ပရေးရှင်းလုပ်ငန်းများ ကြီးထွားလာသည်။ ထိုသို့ ကြီးထွားလာသောကြောင့် အမေရိကန်တို့၏ စီးပွားရေး သည် ထိုကဲ့သိုသော ကုမ္ပဏီကြီးများ၊ ဘဏ်လုပ်ငန်းများ၏ ချုပ်ကိုင် မောင်းနှင်မှုအောက် ရောက်လာသည်။ထိုကုမ္ပဏီကြီးများသည်၊ ပြည်သူတို့ အပေါ် ငွေညစ်ယူကြသည်။ ဂုတ်သွေးစုတ်သည်။
အမေရိကန်တွင် လူတန်းစား သုံရပ်ရှိသည်။ ကိုအော်ပရေးရှင်းများတွင် ရင်းနှီးမြုတ်နှံထားနိုင်သော သန်းကြွယ် သူဠေးများ၊ ၄င်းတို့သည် လုပ်ငန်းကို အကြောင်းပြ ၍ အသုံးစရိတ်များကို လုပ်ငန်းနှင့် ပေါင်းစည်းကာ အခွန်နည်းအောင် လှည့်ဖြားကြသည်။ တဖန် ဝင်ငွေနည်း လူတန်းစားလည်း ရှိသည်။ ဝင်ငွေနည်း လူတန်းစားတို့သည်လည်း ဝင်ငွေနည်းသည့်အတွက် အစိုးရထံမှ နှစ်စဉ် အထောက်အပံ့ကြေးများ၊ စားစရာ အလကား ဝယ်ခွင့် ကပ်ပြားများ ရကြသည်။ ကလေးတွေ မွေးထားသော မိသားစု ဆိုလျှင် အစိုရထံမှ နှစ်စဉ် ဒေါ်လာ သောင်းချီ ရကြသည်။ ထို့ကြောင့် အချို့ စီးပွားရေးသမားများသည်လည်း သူတို့ ဝင်ငွေနည်းကြောင်းပြကာ အစိုးရထံမှ လိမ်လည်ကာ အကျိုးခံစားကြသည်။ ဆရာဝန်၊ အင်ဂျင်နီယာ..အစရှိသည့် လခစားသမားများသည် လူလတ်တန်းစားများ ဖြစ်ကြသည်။ လခစား သမားဖြစ်သည့် အားလျော်စွာ ဝင်ငွေနည်းကြောင်း လိမ်လို့မရ။ အစိုးရက အခွန် အခတို့ကို လစာထဲမှ တစ်ခါတည်း ဖြတ်တောက်သွားသည်။ တနည်းအားဖြင့် လခစား သမားတို့သည် အမေရိကန် နိုင်ငံသား လစာနည်း လူတန်းစားတို့အတွက် လစဉ်အလှု ရံပုံငွေ ထည့်ဝင်ပေးနေရသည် ဆိုလျှင်လည်း မမှားချေ။ ဥပမာ မက်ဆီကန်လူမျိုးများ အမေရိကန်နယ်စပ်က ခိုးဝင်လာကာ အမေရိကန် နိုင်ငံရောက်သည်တွင် ကလေးတွေ သုံးလေးယောက် အနည်းဆုံး မွေးကြသည်။ ထို့နောက် အမေရိကန် အစိုးရထံမှ ထောက်ပံ့ကြေးများ ရယူသည်။ လခစား သမားများအတွက်တော့ ထည့်ဝင်ရသော အလှုအတန်း အတွက် ကောင်းမှုကုသိုလ်များ ရရှိကြသည်။
အမေရိကန်တို့၏ အရင်းရှင် စီးပွားရေး မူဝါဒသည် စားသုံးသူများ များများသုံး၊ များများဝယ်၊ များများစား ဖို့ ရည်ရွယ်သည်။ အမေရိကန်နိုင်ငံ၏ စီးပွားရေး စျေးကွက်သည် အလွန်ကြီးမားသည့် အတွက် ထုတ်ကုန်များကို အမြောက်အမြား ထုတ်လုပ်သည်။ အစိုးရကလည်း ရိုက်ထုတ်လိုက်သော ဒေါ်လာတန် တစ်ရွက်ကို သိမ်းဆည်း မထားစေလိုပဲ ဟိုလက်မှ ဒီလက်သို့ ကူးပြောင်းနေစေကာ ငွေကြေးကို လှည့်ပတ်စေသည်။ သုံးစွဲ စေသည်။ ပြည်သူလူထုက များများသုံးလေ၊ သုံးသည့် အခါတိုင်း အစိုးက အခွန်ရလေဖြစ်သည်။ ငွေမသုံးပဲ စုဆောင်းသူလက်ထဲ ရောက်သွားပါက ထိုငွေ သေ သွားသည်။ စီးပွားပျက်ကတ် ကြုံတွေ့ရသည့် နှစ်တွင် အမေရိကန်တို့သည် သိပ်မသုံးစွဲကြတော့။ စုဆောင်းကြသည်။ စားသောက်ဆိုင်တို့တွင် စားသောက်ခြင်းထက် အိမ်တွင် ချက်ပြုတ်စားသောက်ကြသည်။ ထို့ကြောင့် ယနေ့ အမေရိကန်အစိုးက စီးပွားရေး ပြန်လည် လည်ပတ်လာစေရန် ပြည်သူလူထုအား များများ သုံးစွဲဖို့ တိုက်တွန်းနိုးဆော်သည်။
ဒီမိုကရေစီ ဟု ဆိုရာတွင်လည်း တိုင်းပြည် တစ်ပြည်နှင့် တစ်ပြည် ကျင့်သုံးပုံ၊ တည်ဆောက်ပုံတို့ ကွဲပြားခြားနား လိမ့်မည်။ သို့သော် အခြေခံ ဥပဒေသည် အရေးကြီးဆုံးပင်။ အခြေခံ ဥပဒေကသာ အခြေခံ လူ့အခွင့် အရေးတို့ကို ကာကွယ်ပေးနိုင်မည်။ အမေရိကန်တွင် အချို့သော လွတ်လပ်မှု ပုံစံတို့ မြန်မာပြည်အတွက် အသုံးမတည့်။ သူ့နိုင်ငံ၊ သူ့ယဉ်ကျေးမှုဆိုတာ ရှိသေးသည်။ ယဉ်ကျေးမှု မတူညီသည်ကို အတုယူ၊ အားကျဖို့ မလို။ ကိုယ့် ယဉ်ကျေးမှု အတွက် ကိုယ်ဂုဏ်ယူတတ်ဖို့သာလိုသည်။ နိုင်ငံခြားရောက်၍ နေ့နှင့် နံနှင့် မိဘပေးခဲ့သော နာမည်အဆုံးခံကာ အင်္ဂလိပ်နာမည် ပြောင်းကြသည်မှာ အလွန် နမြောဖို့ ကောင်းသည်။ ကျွန်တော်တို့ မြန်မာ နာမည်များသည် နာမည်သိရုံနှင့် မည်သည့် နေ့တွင် မွေးသည်ကို အလွယ်တကူ တန်းပြောနိုင်သည်မှာ ဂုဏ်ယူစရာပင်။ ကျွန်တော်တို့၏ မွေးစာရင်းသည်လည်း လက်ဖြင့်ရေးရကာ အနုပညာမြောက်သော ဇာတာပင်ဖြစ်သည်။
အမေရိကန်၏ လက်ရှိ အရှင်းရှင် စီးပွားရေး။ နိုင်ငံရေးကို တီးခေါက် ကြည့်ရုံလောက်သာ ဖြစ်သည်။ နိုင်ငံခြား တိုင်းပြည်တွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများ၊ အဖြစ်အပျက်များကို သိထားလျှင် ယုတ်စွအဆုံး မြန်မာပြည် ဒီမိုကရေစီ အတွက် ဆောင်ရန် ရှောင်ရန်များ ရရှိနိုင်သည်။ လာမည့် မြန်မာပြည် ရွေးကောက်ပွဲတွင် စစ်အစိုးဖက်မှ ပါတီသည် မဲတစ်မဲ မှ မရပဲ အကြီး အကျယ် ရှုံးနှိမ့်မည်ဟု ခန့်မှန်းမိသည်။ အဘယ်ကြောင့် ဆိုသော် ပြည်သူတို့သည် စစ်တပ်ပါတီကို တံတွေးဖြင့် ထွေး၊ အော့ နှလုံးနာလျက် ကဲ့ရဲ့ ရှုံ့ချ နေကြသည်။ မြန်မာပြည် ဒီမိုကရေစီ ရမည်။ စာရေးသူလည်း ထိုအခါ မြန်မာပြည် ပြန်ကာ စာသင်မည်ဟု အားခဲထားသည်။
အနန္တမေတ္တာဖြင့်
ဘကောင်း
No comments:
Post a Comment