မပြည့်စုံသော ပန်ချီကား


စာနာ သနားခြင်း
သူကလေးကို တွေ့စက ထူးထူးခြားခြား ဂရုမထားမိဘူး။ဒါပေမယ့် သူများတွေဈေးရောင်းလို့ ကုန်ကာ ဘာမှ မကျန်တော့တဲ့ ဈေးခေါင်းကွဲချိန်အထိ သူဆီမှာက ဆူးပုပ်ရွက် ခပ်နွမ်းနွမ်း လေးစီး ငါးစီး၊ ရံဖန်ရံခါ ခရမ်းချဉ်သီး အိအိလေးတွေကို ထည့် ထားတဲ့ ပြည်တောင်းကို တွေ့ရတတ်တယ်။ သူမဆီမှာ အမြဲတမ်း ရှိနေတတ်တာက သံလင်ပန်းထဲမှာ ဖြန့်ခင်းထားတဲ့ ငရုပ်သီးစိမ်း အတောင့်တွေပဲ။ ဈေးခေါင်းကွဲလို့ ဘာမှမကျန်တော့တဲ့ အချိန် ကိုယ်လို နောက်ကျမှာ ဈေးလာဝယ်တတ်တဲ့ သူအတွက် သူကလေးဆီကပဲ လက်ကျန် ဆူးပုပ်ရွက်အစည်းတွေ၊ ငရုပ်သီးစိမ်းလေးတွေကိုဝယ်ရတယ်။

ကိုယ်အလုပ်ပြန်လာတဲ့အချိန်က ညနေစောင်းလို့ ၆-နာရီကျော်ပြီ။ အခုလို အိမ်ပြန်ချိန်အမှီ ပြေးလွှာလှုပ်ရှားနေကြတဲ့ ဒီမြို့ပြ လူနေမှုဘဝမှာ ကိုယ်လည်းမြို့ပြစက်ယန္တားရားနဲ့ အတူ လည်ပတ်နေရတဲ့ ခွေးသွားစိတ်ကလေး တစ်ခုပါပဲလေ။ဒီလို လူနေမှုစနစ်မှာ နေ့တဓူဝ မိုးလင်းကနေ မိုးချုပ် အလုပ်တွေ လုပ်ပြီး ကျောတခင်းစာ အိပ်ယာလေးမှာ ကျောဆန့် အနားယူဖို့ရာ ကျန်ရှိနေသမျှ ခွန်းအားတွေနဲ့ ခန္တာကိုယ်ကို အစွမ်းကို မောင်းတင်ပြီး မိမိကွန်းခိုရာ ဋ္ဌာနေကို စောနိုင်သမျှစောရောက်အောင် ပြန်ကြရသည်။

မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ အစရှိသည့် ခရီးဝေးတွေအထိ ပြေးဆွဲသော လိုင်းကားများမှ ကားစပယ်ယာများက ခရီးသည်ကို အလုအယက် အော်ဟစ်ခေါ်သံများ၊ ရံဖန်ရံခါ ပေါ်ထွက်လာသည့် နားကွဲလုမတတ် ကျယ်လောင်လွန်းလှသော ကားဟွန်းသံများ၊ မော်တော်ကား စက်အင်ဂျင်သံများ၊ ကားမီးခိုးနံများ ဖြင့် ခြုံလွှမ်းထားသော ဒီရန်ကုန်မြို့ လည်ခေါင် အလုပ်ပြန်ချိန် မြင်ကွင်းသည် အခြေခံလူတန်းစားအလွှာကို ရေးချယ်ပြသထားသော ပန်ချီးကားကြီး တစ်ချပ်နှင့် တူလှလွန်းပေသည်။

ညိုးနွမ်းသည့် သွင်ပြင်လက္ခဏာများ၊ နွမ်းပါးအားငယ်နေသည့် သဏ္ဍာန်များ၊ ပိန်လှီမွဲချောက် နေလေ့ရှိသည့် အသားအရေများဖြင့် ဒီလူတန်းစားအလွှာတို့သည် ခွန်အားရှိသရွေ့ ရုန်းကန်လှုပ်ရှားနေကြဆဲ။ ဆန်းဆန်းပြားပြား စီးပွားရေး လုပ်ငန်းများ၊ ငွေပင်းငွေရင်း အမြောက်အမြားဖြင့် လုပ်ကိုင်နိုင်စွမ်းရှိသူများကို ဒီလိုပြေးလွှာလှုပ်ရှားနေကြရသော အခြေခံလူတန်းစားတို့နှင့် နှိုင်းယှဉ်ကြည့်ပါက အခြေခံလူတန်းစားတို့သည် နွားနို့အိုးထဲမှ နွားနို့များနှင့်တူ ၍ ငွေရှင်ကြေးရှင် အာ ဏာရှင်များသည် အပေါ်ယံတင်းနေသော မလိုင်အဆီများ နှင့် တူလွန်းလှပေသည်။

မလိုင်အဆီတို့သည်ကာ အခြေခံနို့ရည်တို့ကို စုပ်ယူ၍ ပမာဏနည်းနည်းနှင့် အပေါ်ယံတက်နေလေ့ရှိကာ မလိုင်အဆီနှင့် နို့ရည်တို့ ကွာခြားသွားသည့် သဘောသဘာဝအတိုင်း လူချမ်းသာ လူဆင်းရဲဟူသော မိုးနဲ့မြေဝေးကွာ ခြားနားမှုတို့သည် အခြေအနေတစ်ခု၏ ပြရုတ်တစ်ခုပင်။သာမန်မိသားစုတစ်စု၊ ဘုန်းကြီးကျောင်းပညာရေးသာ တတ်ခဲ့သည့်မိဘ နှစ်ပါး၊ နယ်တွင် ဆိုက်ကားနင်းသည့် ဖခင်၊ တစ်အိမ်တက်ဆင်း အဝတ်လိုက်လံလျှော်ဖွတ်ရသော မိခင်တို့နှင့်ကြီးပြင်လာခဲ့ရသော ကိုယ်လို သာမန် လူတစ်ယောက်အတွက် ရိုးသားစွာဘာတွေလုပ်နိုင်မည်နည်း။

တက္ကသိုလ် ကျောင်းပြီးလို့ ဘွဲ့ရအောင် မျှော်လင့်ချက်များ ထားခဲ့တဲ့ မိဘတွေရဲ့ ယုံကြည်ကိုးစားမှု ကို ကိုယ်ကတာဝန်ကျေစွာ ဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် တကယ်တန်း ကိုယ်ကြီးပြင်လာခဲ့တဲ့လူဘောင်အဖွဲ့အစည်းဆိုတာ ကျောင်းပြီးလို့ ဘွဲ့လေးတစ်ခုရရှိသွားရုံနဲ့ မပြီးဆုံးသွားသေးဘူးဆိုတာ ပတ်ဝန်းကျင်မှာရှိတဲ့ အခြေခံလူတန်းစားတွေ ရုန်းကန်းနေရသည့် ပုံရိပ်တွေက သင်ကြားပေးနေသည်။

ကျောင်းပညာရေးက သင်မပေးလိုက်သော လူတစ်ယောက်အတွက် လိုအပ်သည့် အခြေခံလိုအပ်ချက်တွေ ဘာလဲဆိုတာ နာလည်လာစေခဲ့သလို ထိုလိုအပ်ချက်တွေဖြင့် လူတန်းစေ့နေနိုင်အောင် ကြိုးစား အားထုတ်ရပေအုံးမည်။

မိဘတွေချပေးတဲ့ အတွေးအခေါ် အယူအဆလမ်းကြောင်းအတိုင်းလိုက်နေရရင် ကြာလာတော့လည်း ကိုယ်ကိုယ်ကို ရှက်လာတယ်လို့ ခံစားလာရသည်။ မပြောင်းလဲတဲ့လူနေမှု ပုံစံခွက်ထဲမှာ နေရတာလည်း ငြီးငွေ့လာသည်။ပျင်းရိခြင်း မရှိအောင် ကိုယ့်ရဲ့ စိတ်ကို ကိုယ် တော်လှန်ပုန်ကန်ရသည်။ ပြောင်းလဲမှုကို ရရှိဖို့ရာအတွက် အစဉ်အမြဲ ကြိုးစားနေရသလို ကောင်းခြင်းနဲ့ ဆိုးခြင်း၊ တရားခြင်းနဲ့ မတရားခြင်းတွေရဲ့ ခြားနားချက်ကို အမြဲတမ်းဆိုသလို လေ့လာသုံသပ်ပြီး မိဘတွေ မစွမ်းဆောင်နိုင်ခဲ့တဲ့ ဘဝလူနေမှုအခြေအနေတစ်ခုကို ကိုယ်ကရရှိအောင် ကြိုးစာရအုံးမည်။

မိဘတွေက ဘုန်းကြီးကျောင်းပညားရေး၊ တစ်နေ့လုပ်မှ တစ်နေစား၊ ကျန်းမားရေး အတွက် ထောက်ပံမည့်သူမရှိ၊ သူများစော်ကားလျှင် တုံပြန်နိုင်ရန် တရားဥပဒေအကြောင်းနားမလည်၊ သို့ပေမယ့် ကိုယ့်အလှည့်ကြတော့ တက္ကသိုလ်မှ ဘွဲ့လေးတစ်ခု ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရအောင်ယူနိုင်ခဲ့သည်။ တစ်နေ့လုပ် တစ်နေ့စားဘဝထက် လခစားတစ်ယောက်တော့ ဖြစ်လာမည်။ တရားခြင်း မတရားခြင်းတို့ကို ခွဲခြားသိမြင်လာခဲ့ပြီ။ ကိုယ့်သားသမီးတွေကလည်း ကိုယ်ထက်သာလွန်အောင် ကြီးစားကြရင်း ကိုယ့်ရဲ့ မျိုးဆက်တွေ တဖြည်းဖြည်းဖြင့် တိုးတက်ပြောင်းလဲသွားကြရပေမည်သာ။

အဲဒီလိုနဲ့ ကျောင်းပြီးတော့ သူငယ်ချင်းတစ်ယောက်ဆီကို အလုပ်ကလေးဘာလေး ရလိုရငြား အကူအညီတောင်းရတယ်။ လှည်းတန်းက သူနေတဲ့ တိုက်ခန်းလေးထဲမှာပဲ အလုပ်ရတဲ့ အထိ ကပ်နေပေါ့။ ရွာက မိဘတွေဆီကိုလည်း မပြန်ချင်တော့ဘူး။

ကိုယ် ဘွဲ့ရထားတာက ရူပဗေဒကို အထူးပြုဘာသာရပ်အဖြစ်နဲ့ ဘွဲ့ရထားတာ။ ဒါပေမယ့် ကိုယ်တို့လိုလူမျိုး ဘွဲ့ရထားတဲ့ တက္ကသိုလ်ကျောင်းဆင်းတွေအတွက် နိုင်ငံခြားမှာလို အလုပ်ရှင်တွေကာ သူတို့ဆီမှာ လာအလုပ် လုပ်လှဲ့ပါ။ ဘာအခွင့်အရေးတွေပေးမယ်၊ ညာအခွင့်အရေးတွေပေးမယ် အစရှိသည်ဖြင့် ဆွဲဆောင်နိုင်ကြတာမဟုတ်ဘူး။

အလုပ်အကိုင် အခွင့်အလန်းတွေကလည်း ရှားပါးတော့ တက္ကသိုလ်က ဘွဲ့ရပေမယ့်လည်း ဘာမှ ဘဝအာမခံချက် မရှိပေဘူးပေါ့။ ဒီလိုနဲ့ သူငယ်ချင်းရဲ့ ထောက်ခံပေးချက်နဲ့ပဲ သူအလုပ်လုပ်နေတဲ့ အလှကုန်ပစ္စည်းအရောင်းဆိုင်တစ်ခုမှာ အရောင်းကိုယ်စားလှယ် အလုပ်သင်အဖြစ်နဲ့ အလုပ်ရခဲ့တယ်။

ကိုယ်ယူထားတဲ့ ရူပဗေဒဆိုတဲ့ ဘွဲ့နဲ့တော့ ဘာမှ မဆိုင်လှပေဘူး။ သို့ပေမဲ့လည်း အခြား သူငယ်ချင်းတွေလည်း သူတို့ရတဲ့ ဘွဲ့နဲ့ ဘာမှ မဆိုင်လှတဲ့ အလုပ်အကိုင်အသီးသီးမှာ ဝင်ရောက်လုပ်ကိုင်နေကြရတာပဲ။ တစ်ချို့ဆိုရင် သူတို့သိတဲ့ ပညာရပ်တွေ ကို အသုံးမချလိုက်ရတော့ပဲ လွယ်လင့်တကူ ငွေရနိုင်မည့် စီးပွားရေးလုပ်ငန်းတွေမှာ ရောက်ရှိသွားကြသည်။ ကိုယ်လည်း ဘာထူးခြားလို့လည်း။ ဘဝအခြေအနေက မောင်းနင်းသွားသော သားကောင် တစ်ကောင်ပါပဲလေ။

လိုင်းကားကို ရန်ကုန်မြို့လယ်ခေါင်းကနေ အလုအယက်တိုးစီးပြီး၊ လှည်းတန်းအထိ မောင်းသွားသည့် ကားလမ်းကြောင်းတစ်လျှောက်လုံးမှာ တွေ့သမျှ လူတွေရဲ့ ဝတ်စားထားသည့် အသွင်အပြင်၊ အလုပ်အကိုင်အခြေအနေတို့ကို အကဲခတ်ကြည့်ရင်း ထိုသူတို့၏ဘဝများကို ပုံဖော်ကြည့်ရသည်ကာ စုတ်ချက်များသည့် နေ့စဉ်လိုလို ကြမ်းတမ်းနေရသည်။

ကိုယ်နေတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးထဲ သွားသည့် လမ်းကြောင်းတစ်လျှောက်လုံးအထိ စုတ်ချက်ကြမ်းကြမ်းဖြင့် ချယ်မှုန်းထားသော ဘဝ၏ ပုံရိပ်များကို ပြသထားသည် ဒီပြတိုက်ကြီးသည် အမြဲလိုလို မှုန်းမှိုင်း ခါးသီးနေလေ့ရှိသည်။

ဒီတိုက်ခန်းလေးထဲမှာတော့ ကျောတခင်းစာ အိပ်စရာနေရာတစ်နေရာရယ်၊ စာအုပ်နဲ့ အဝတ်ထည့်တဲ့ ကဒ်ထူဖုံး တစ်နေရာစာ ရှိသရွှေ့ ကိုယ့်အတွက် အဆင်ပြေနေတယ်။

အလုပ်လုပ်လို့ ရတဲ့ လခကလည်း တစ်လနဲ့ တစ်လ အလျင်မှီတယ်လို့ကို မရှိဘူး။ စာအုပ် အဟောင်းဆိုင်တွေနဲ့ကလည်း နီးနေတော့ တပတ်တစ်ခါ စာအုပ်တွေကို မဝယ်ရရင်လည်း မနေနိုင်။ စာအုပ်ဆိုရင်းလည်း အပိုင်ရမှ ဖတ်လေ့ရှိတဲ့ ကိုယ်က အပတ်တိုင်း စာအုပ် အဟောင်းဆိုင်က ဝယ်လာတဲ့ ဝါကျင့်ကျင့်အရောင် စာအုပ်အဟောင်းတွေ၊ ပိုးမှုန်အနံတွေ ထွက်နေတဲ့ စာရွက်အဟောင်းအဆွေးတွေကို နုနုရွရွလှန်ရင်း မြန်မာစာလုံး ဝိုင်းဝိုင်းစက်စက် လေးတွေကို တစ်ရှိုက်မက်မက် ပီတီနဲ့ဖတ်ရင်း အသက်ဆက်နေရတယ်။

မနက်စာကို နေ့လည်စာနဲ့ ပေါင်းစားထားတဲ့ ဒီဗိုက်က အစာချက်တာမြန်လွန်တော့ ညနေ အလုပ်ပြန်ချိန်ဆို တဂွီဂွီနဲ့ မြည်နေပြီ။ဝယ်စားရအောင်ကလည်း ကိုယ့်မှာရှိတဲ့ ငွေကြေးအင်းအားက ခွင့်မပြု။ ဒီလိုနဲ့ပဲ ကိုယ်တို့ သူငယ်ချင်း တွေ မီးဖိုချောင်ဝင်ရပြီး ဟင်းချက်ခြင်း ထမင်းချက်ခြင်း အနုပညာကို မွေးဖွားဖန်တီးလာခဲ့ကြတာပဲ။

အခြားသူငယ်ချင်းတွေအရင် စောစောပြန်ရောက်လေ့ရှိတဲ့ကိုယ်က ညနေစာ ဟင်းချက်ဖို့အတွက် လှည်းတန်းဈေးကနေ ဟင်းချက်စရာ လိုအပ်တာတွေကို ဝယ်ပြီးပြန်လေ့ရှိသည်။ဈေးထဲရောက်တဲ့ အချိန် ဈေးသည်တော်တော်များများက ဈေးသိမ်းလို့ ဈေးခေါင်းကွဲလုပြီ။ အဲဒီတော့ ဒီနုတ်ခမ်းကွဲမလေးဆီမှာ အမြဲကျန်နေလေ့ရှိတဲ့အသီးအရွက်တွေကို ကိုယ်ကပဲ လက်စသိမ်း အကုန်ဝယ်ရလေ့ရှိတယ်။

သူကလေးက အလွန်ဆုံးရှိမှ တစ်ဆယ်လေးနှစ်၊ တစ်ဆယ်ငါးနှစ် ရွှေရင်သိမ် သစ်စ အပျိုဖျန်းမလေးအရွယ်ပဲ ရှိသေးရဲ့။ သူ့အရွယ်ဟာ ဖူးပွင့်တော့မည့် ပန်းစံပယ် အဖူးအငုံကလေးသဖွယ် အလှမာန်ကိုချီ၍ အလှသွေးကြွယ်နေရမည့်အရွယ်။ ပါးကလေးကို ရှက်သွေးချယ်ကာ မျက်လုံးကိုထောင့်ကပ်၍ မခို့တရို့လေး ရီနေရမည့် အရွယ်။

သို့ပေမယ့် သူကလေး၏ ဘဝပေး အခြေအနေက နုရွယ်ပျိုဖျန်းမှုကို ပျော်ရွှင်ကြည်နူးစွာ ကြုံတွေ့ ခံစားခွင့်မပြုချေဘူးထင်ပါရဲ့။ ခြောက်သွေ့နေသော သူ့အသားအရေ ခပ်မွဲမွဲကလည်း သူမ၏ ပျိုမြစ်မှုကို ဖုံးကွယ်ထားပေသည်။

ဆီနှင့် အချိန်ကြာမြင့်စွာ ဝေးနေကြောင်းကို နီကြန့်ကြန့်အရောင် ကြမ်းတမ်းနေသည့် ခပ်ပါးပါး ဆံပင်တစ်စုကို ကြည့်ရုံဖြင့် သိမြင်နိုင်ပေသည်။ ရှိစုမဲ့စု ဆံပင်စုကလေးကို ကလစ်ကလေးတစ်ခုဖြင့် နောက်တွင် အမြဲတမ်း ညှပ်ထားလေ့ရှိကာ ငယ်စဉ်က ဖောက်ခဲ့ဟန်တူသည့် နားပေါက်ကလေး နှစ်ဖက်က ပိတ်လု ပိတ်ခင် ရှိနေသည်။

လက်မောင်း ပိန်ပိန် သေးသေးကလေးနှစ်ဖက် နှင့် ခပ်ညှက်ညှက်ခန္ဓာကိုယ်ပိုင်ရှင် သည် ဈေးသည်မလေးကို တွေ့စက ခေါင်းလေးကို ငုံ့ထားသည်ကို တွေ့ရကာ အခြားဈေးသည်များကဲသို့ ဈေးဝယ်သူကို ခေါ်ယူခြင်းလည်း မရှိ။ သူရှေ့မှာ ရပ်ပြီး သူကလေးရောင်းနေသည့် ဆူးပုပ်ရွက် စည်းကို ကောက်ကိုင်လိုက်မှ ခေါင်းလေးမော့လာကာ အမြဲအားငယ်နေဟန်ရှိသည့် မျက်ဝန်းတစ်စုံနှင့် ကွဲနေသည့် နူတ်ခမ်းတစ်စုံကို တွေ့ရလေတော့သည်။

ဆူးပုပ်ရွက်ကို ကြက်ဥနဲ့ ကျော်ပြီး အရည်သောက်ကလေး ချက်မှဟု စိတ်ကူး ရုတ်တရက်ပေါ်လာတာနဲ့ သူ့ဆီကပဲ ဝယ်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
“တစ်စည်း ဘယ်လောက်လဲ ညီမလေး”
နူညံ ညင်သာစွာနဲ့ မေးလိုက်တဲ့ မေးခွန်းကြောင့် သူကလေး ထံမှ အဲ့အဲ့လေးဖြစ်နေသော တုန်ပြန်ဖြေသံ ခပ်တိုးတိုးလေးသာ ရရှိခဲ့သည်။
“တစ်စည်း ၅၀ ပါရှင့်”
“ဒါဆို လေးစည်း ထုပ်ပေးနော်”
ပြီးတော့မှ စဉ်းစားမိတာ ဆူးပုပ်ရွက် အနံကို မခံနိုင်လို့ မစားတဲ့ သူငယ်ချင်းတွေ ရှိသေးတာပဲ။ သူတို့အတွက် ကြက်ဥ အကျေချက် ကို ငရုပ်သီးစိမ်းနဲ့ ခပ်စပ်စပ် အညာချက်ကလေး ချက်လိုက်မှ တွေးမိတာနဲ့ ငရုပ်သီးနည်းနည်း ထပ်ဝယ်ဖို့လိုလာတယ်။
“အစ်ကို့ ကို ငရုပ်သီးစိမ်း ၂၀ ဖိုးလောက် ထည့်ပေးအုံး”

ဒီလိုနဲ့ပဲ သူကလေးဆီမှာ အလုပ်က အပြန် အရွက်ကလေးဝယ်လိုက်၊ ခရမ်းချဉ်သီးဝယ်လိုက်၊ ငရုပ်သီးစိမ်းဝယ်လိုက်နဲ့ သူ့ရဲ့ ရင်းနှီးဖော်ရွှေတဲ့ အကြည့်တွေနဲ့ ခင်မင်မှု မျက်ဝန်းတွေကို ရရှိလာခဲ့တယ်။

ယုံကြည် ကိုးစားခြင်း
အဖွားက ဒီရက်ပိုင်းမှာ ချုချာလာတယ်။ ချောင်းတွေက တဟွတ်ဟွတ်ဆိုးပြီး တခါတရံ သွေးစလေးတွေက ပါလာတတ်တော့ ဈေးမထွက်နိုင်တော့ဘူး။ အဖေရော အမေရော ဆုံးသွားပြီးတဲ့နောက် ဒီမြေးအဘွား နှစ်ယောက်ထဲရှိတဲ့ ကမ္ဘာမှာ အဘွားနေမကောင်းတော့ဘူး ဆိုရင် အေးမ မှီခိုအားထားရာ ဒေါက်တိုင်ကြီးက ယိုင်နဲ့သွားပြီပေါ့။

အမေဆိုတာ မြင်တောင် မမြင်ဘူးလိုက်ဘူး။ ကိုယ့်ကို အသက်ပေးပြီး မွေးသွားခဲ့တဲ့ အမေရဲ့ အထိအတွေ့တွေ၊ ခွန်အားတွေကို အခုအချိန်မှာ ရယူချင်ပေမယ့် ဘဝပေးအခြေအနေအရ မရနိုင်တော့တဲ့ အရာတစ်ခုကို မျှော်မှန်းတမ်းတဖို့ အလေ့အကျင့်လည်း မရှိဘူး။ အမေပေးသွားခဲ့တဲ့ ဒီခန္ဓာကိုယ်နဲ့ ဒီလူ့သက်တမ်းကို လူပီသစွာ ဖြတ်သန်းဖို့ပဲ ကျန်တော့တယ်။

ငယ်စဉ်တုံးကတည်းက မရှိခဲ့တဲ့ အရာဟာ အေးမ အတွက် ဆုံးရှုံးသွားတယ်လို့ မထင်ဘူး။

အဖေကြတော့ အဲဒီလို မဟုတ်ဘူး။ အဖေဆုံးတော့ အေးမ က နည်းနည်းသိတတ်နေပြီ။ အမေ့ကို အမြဲတမ်းလွမ်းနေလေ့ရှိတဲ့ အဖေဟာ ငါးနှစ် သမီးအရွယ် သမီးကလေးကို ကျောင်းအပ်ဖို့အတွက် ပိုက်ဆံတွေကို ကြိုးစားပြီး စုနေတယ်။ အဲဒီတုန်းကတော့ အဘွားက အကြော် ကြော်၊ အဖေက အဘွားကြော်ထားတဲ့ အကြော်တွေကို ရပ်ကွက်တကာလှည့်ပြီး ရောင်းရတယ်။

သန်မာ တုန်ခိုင်တဲ့ အဖေရဲ့ လက်မောင်းတွေ၊ လက်ဖျန်တွေက အကျော်ဗန်းကို ရွက်ပြီး ရက်ကွက်ထဲမှာ ဖိနပ်မပါ လှည့်ပြီး ဟစ်အော်ရောင်းနေတာ အားမာန်ပါသလိုပဲ။ တခါတရံ အဖေနဲ့ လိုက်သွားပြီး အဖေပခုံးပြင်အကျယ်ကြီးကို လက်ချောင်းသေးသေးလေးတွေနဲ့ အားကိုးတကြီး မှီတွယ်လိုက်ရတာ စိတ်ထဲမှာ ဝိုးတဝါးနဲ့ မှတ်မိနေတယ်။ အဖေ့ လက်မတုတ်တုတ်ကြီးတွေကို အေးမ ရဲ့လက်ချောင်း ပိစိကွေးသေးသေးလေးတွေနဲ့ အဖေပျောက်မသွားအောင် အငမ်းမရ အားကိုးတကြီးဆုပ်ထားလေ့ရှိခဲ့သည်။

သို့ပေမဲ့လည်း တနေ့တော့ အဖေ ထာဝရပျောက်ဆုံးသွားခဲ့တယ်။ ကျောင်းတွေဖွင့်လို ကျောင်းအပ်ဖို့ အချိန်ရောက်တော့ ဒီသမီးကလေးကို ကျောင်းအပ်ဖို့ အဖေပြင်ဆင်ရပြီးပေါ့။ မနက်ဖြန်မှာ ကျောင်းသွားအပ်မယ်လို့ သမီးကို ကတိပေးခဲ့ပြီး အကြော်ရောင်းလို့ အိမ်အပြန် လမ်းမှာ ကားတိုက်ခံရပြီး ရုတ်ချည်းဆိုသလို့ သူ့အမေနဲ့ သူ့သမီးကို ထားခဲ့ပြီး လူ့လောကကြီးထဲက ထွက်ခွာသွားခဲ့ရတယ်။

နောက် အဖွားပြောပြမှ သိရတာက အဲဒီနေ့က အေးမ ဝတ်ဖို့ ကျောင်းဝတ်စုံ ဂါဝန်လေး အဖေက စက်ချုပ်ဆိုင်ကနေ ဝယ်လာခဲ့တာတဲ့။ အဖေကားတိုက်ခံရတော့ အဲဒီ ဂါဝန်အင်္ကျီ ကို ထည့်ထားတဲ လွယ်အိပ်ကလေးကို အဖေ့ရင်ခွင်ထဲမှာ ပိုက်ထားတယ်တဲ့။ လွယ်အိပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ အဖေ့လက်တွေက သေသွားတဲ့ အထိ အေးမ နဲ့ ပတ်သက်တဲ့ အရာတွေကို အကာအကွယ်ပေးထားခဲ့တယ်။ရောင်းလို့ မကုန်တဲ့ လက်ကျန်အကြော်တွေကတော့ လမ်းပေါ်မှာ ပြန့်ကျဲနေပြီး အကြော်ထဲ့တဲ့ သံပန်းလေးက တွန့်လိမ်ကွေ့ကောက်နေတယ်။

အဖေပျောက်ဆုံးသွားတဲ့ အေးမ ငယ်ဘဝဟာ အရာရာကို အားငယ်တဲ့ စိတ်၊ ကြောက်ရွံတဲ့ စိတ်နဲ့ပဲ ဖြတ်သန်းနေခဲ့ရတယ်။ ပြီးတော့ ငယ်ငယ်တုန်းက အမေ အမွေပေးခဲ့တဲ့ ဒီနုတ်ခမ်းကွဲလေးနဲ့ အေးမ ဟာ အဖေရှိတုန်းက မင်းသမီးလေး တစ်ပါးဖြစ်နေပြီး အဖေအတွက် အရာရာ လှပနေခဲ့ပေမဲ့ အဖေမရှိတော့တဲ့အချိန် အားလုံးဟာ အကျည်းတန်သွားသလိုပဲ။ အရာရာဟာ မဲမှောင်နေပြီး လောကကြီးဟာ တဖက်စောင်းနင်း မတရားဘူးလို့ ယုံကြည်လာတယ်။

အဖေကို တိုက်သွားခဲ့တဲ့ ကားသမားဟာလည်း တရားဥပဒေကို ငွေတွေ အထပ်လိုက်ပေးပြီး ဝယ်သွားခဲ့တယ်။ ဥပဒေအကြောင်းလည်း နားမလည်၊ ရှေ့နေကောင်းကောင်းလည်း မငှားနိုင်၊ ဘာသာရေးကို ကိုင်းရှိုင်းတဲ့ အဘွားက အတိတ်ရဲ့ ကုသိုလ်ကံအရ သေဆုံးသွားရှာရတဲ့ သူ့သားအတွက် အမျှအတမ်းဝေပေးရင်းနဲ့ပဲ အေးမ တို့ ဘဝထဲကနေ လူတစ်ယောက် ဆုံးရှုံးသွားခဲ့ရတယ်။

အဖေဆုံးသွားတော့ အကြော် ကြော်ရောင်းတဲ့ အလုပ်ကို အဘွားက စွန့်လွှတ်လိုက်ပြီး ဒီလှည်းတန်းဈေးထဲမှာပဲ တစ်နိုင်တစ်ပိုင် အသီးအရွက်ကလေးတွေ၊ ရံဖန်ရံခါ ကြက်ဥတွေ ရောင်းရတော့သည်။ ဘဝမှ အေးမ နဲ့ အဘွား လူနှစ်ယောက်ပဲ ရှိတော့သည်။

လေးတန်းအထိ အေးမ ကျောင်းတက်ရပေမယ့် အဘွားအတွက်က ပင်းပန်းလွန်းလှသည်။ အဘွားက ရှာလို့ ရသမျှ ပိုက်ဆံတွေကို ခြစ်ခြုတ်စုပြီး အေးမ ကို ကျောင်းထားရထားကိုး။ လေးတန်းပြီးတော့ အဘွားလည်း ငွေးကြေးမတတ်နိုင်တော့ ကျောင်းကထွက်ပြီး အဘွားကိုပဲ ဈေးလိုက်ကူပေးရသည်။ လေးတန်းကျောင်းပြီးလို့ ကျောင်းကထွက်တော့ အေးမ အသက်က တစ်ဆယ်သုံးနှစ်လောက်ရှိနေပြီ။ ငွေရေးကြေးရေး အခြေအနေကြောင့် အဖေကျောင်းထားဖို့ ရည်ရွယ်ထားခဲ့တဲ့ နှစ်မှာ ကျောင်းမနေလိုက်ရပဲ နောက်ကျမှ ကျောင်းနေရတာကိုး။

ဒီနေ့ ဈေးသွားဖို့ ပြင်နေတုံး အဘွားရဲ့ ချောင်းဆိုးသံက ပြင်းထန်လာတာနဲ့ အတူ သွေးတွေက ပါလာတော့ အဖွားကို အိမ်မှာပဲ နေစေပြီး လျက်ဆားနဲ့ ကွမ်းရွက်ပြုတ်ရည်လေး လုပ်ပေးခဲ့တယ်။ အေးမ တို့လို ဆင်းရဲသား လူတန်းစားအတွက် ဆေးခန်းတွေ ဘယ်ပြနိုင်မလဲ။

ပြီးတော့ ကျန်မာရေးချို့တဲ့တယ် ဆိုတာ အေးမ တို့လို လူတန်းစားတွေအတွက် အမြဲတမ်းလိုလို ဖြစ်နေတဲ့ အကြောင်းအရာတစ်ခုပဲလေ။ မကျန်းမာရင် ဘယ်သူက လာကြည့်ပေးမလဲ။ ကျန်မားရေး စရိတ်ထောက်ပေးတယ်ဆိုမျိုးလည်း မရှိဘူး။ အစာအဟာရ ပြည့်ဝအောင် မစားရ၊ ပင်ပင်ပန်းပန်းနဲ့ လုပ်စားကိုင်စားနေရတဲ့ ဘဝဆိုတော့ လူရယ်လို့ ဖြစ်လာတာ ဘာ အဓိပ္မာယ် ရှိလို့တုန်း။

လူရယ်လို့ဖြစ်လာတဲ့ ရှေးပဝေသဏီကတည်းက လူဆိုတာဟာ သဘာဝဘေး အန္တရာယ် ရာသီဥတုဒဏ်က ကာကွယ်ဖို့၊ ကိုယ့်မိသားစု လုံခြုံစွာ အမိုးအကာနဲ့ နေဖို့ လိုအပ်ချက်တွေရှိတယ်လေ။ ဒါ့အပြင် သဘာဝက သတ်မှတ်ပေးထားတဲ့ လူ့သက်တမ်းစေ့ နေနိုင်ဖို့အတွက် နေ့စဉ် အစာအဟာရ ပြည့်ဝစွာ စားနိုင်ဖို့ ကျန်းမားရေးနဲ့ညီညွတ်တဲ့ ပတ်ဝန်းကျင်၊ အစာရေစာ ပေါများကြွယ်ဝတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နိုင်ရမယ် အစရှိသည်ဖြင့်ပေါ့။

အေးမ ဘဝမှာက အဘွားသောက်ဖို့ နွားနို့လေး တစ်ခွက်တောင် မဝယ်နိုင်ဘူး။ သူများတွေ ပြောနေကြတဲ့ ပုဇွန်ထုပ်ကြီးတွေ၊ ပန်းသီးတွေ၊ ဟောလစ်တွေဆိုတာက နိုင်ငံခြားသားတွေ နဲ့ ပိုက်ဆံရှိတဲ့ လူတွေသာ သုံးစွဲ မှီဝဲကြတာ။ လူတွေ ဘာကြောင့် ကွာခြားနေတာတုန်း။

ဒါပေမယ့် အေးမ လို ပညာရေးကို တောင်မှ မသင်နိုင်အောင် ဆင်းရဲနှုံချာလှတဲ့ ဘဝက ပတ်ဝန်းကျင်မှာ လူလာဖြစ်ရတာ လူဖြစ်ရကျိုး မနပ်ဘူး။ အရာရာမှာ ဆုံးရှုံးမှုတွေနဲ့ချည်ပဲ။ အေးမ တို့လို ဘဝတွေရဲ့ ကောင်းမွန်မှုကို ဘယ်သူတွေက အာမခံချက်ပေးမလဲ။ ကိုယ် ကျောင်းနေချင်တယ်။ တစ်နေ့ သုံးခါ အစာနပ်မှန်အောင် စားချင်တယ်။ အသက် ရှစ်ဆယ် ကိုးဆယ်အထိ အသက်ရှည်ချင်တယ်။ ဒါဟာလည်း သာမန်လူသားတစ်ယောက်ရဲ့ အခြေခံ လိုအပ်ချက်နဲ့ ဖြစ်ချင်တဲ့ ဆန္ဒပါ။

ဘာပဲပြောပြော ဒီနေ့တော့ ကျန်နေတဲ့ ဆူးပုပ်ရွက် အစည်းလေးတွေ ကုန်အောင်ရောင်းရမယ်။ ဒါမှလည်း အဘွားအတွက် ဆေးလေးဘာလေး ဝယ်နိုင်မှာ။ ညနေ က စောင်းနေပြီး။ ဘေးက ဈေးသည်တွေကတော့ ရောင်းလို့ ကုန်လို့ အရှိုရှိုနဲ့ ပြန်ကုန်ကြပြီ။ တစ်ချို့လည်း ကျန်တာလေးတွေ နောက်နေ့ပြန်ရောင်းဖို့ အတွက် ဂရုတစိုက် ထုပ်ပိုးလို့ ပြင်ဆင်နေကြသည်။

အိမ်မှာ ကျန်ခဲ့တဲ့ အဘွား ဘယ်လိုများ နေရှာလိမ့်မလဲ။ အဖေသာရှိရင် သိပ်ကောင်းမှာပဲ လို့ အဖေကို သတိရမိသည်။ ဝေ့ကနဲ တက်လာတဲ့ မျက်ရည်ကြောင့် ခေါင်းငုံ့ကာ အဖေ့ဆီက ခွန်းအား တွေကို ရရှိဖို့အတွက် တိတ်တဆိတ်ကလေး ဆုတောင်းနေမိတယ်။

“တစ်စည်း ဘယ်လောက်လဲ ညီမလေး”
ညင်သာ နုညံတဲ့ မေးသံကြောင့် ဖြတ်ကနဲ ခေါင်းမော့ ကြည့်မိတယ်။ ဦးလေး အရွယ် အစ်ကိုကြီး အရွယ် ပုဆိုးခပ်နွမ်းနွမ်းနဲ့ လူတစ်ယောက်က ဗန်းထဲမှာ ခင်းထားတဲ့ ဆူပုပ်ရွက် စည်းလေးကို ကိုင်ပြီးမေးနေတာ တွေ့လိုက်သည်။

ဈေးဝယ်တစ်ယောက် လာပြီဆိုတဲ့ အသိနဲ့ ရုတ်တရက် ပျော်ရွှင်သွားမိပြီး ယဉ်ကျေးစွာပဲ ပြန်ဖြေခဲ့တယ်။
“တစ်စည်း ၅၀ ပါရှင့်”
ဆူးပုပ်ရွက် တွေကုန်သွားရင်တော့ အဘွားအတွက် အိမ်အပြန် ဆေး ဝယ်သွားနိုင်ပြီပေါ့။
“ဒါဆို လေးစည်း ထုပ်ပေးနော်”

စိတ်ထဲမှာ ရုတ်တရက် ပျော်သွားသည်။ ကော်တာပဲ အိမ်မပြန်ခင် ဆူးပုပ်ရွက်လေးစည်းဆိုတော့ နှစ်ရားဖိုးပေါ့။ ကျန်တာလေးတော့ အဘွားအတွက် ချက်ကြွေးလိုက်ပါမယ်။ တခါတရံတော့လည်း ဆူးပုပ်ရွက်ကလေး ခရမ်းချဉ်သီးချက်ကလေး ချက်စားအုံးမှ။ နေ့တိုင်း အကြော်နဲ့ ငပိနဲ့ပဲ စားနေရတာ အဟာရလည်း မရှိဘူး။

ဒီနေ့ အိမ်အပြန် ခပ်သုပ်သုပ်ကလေး ပြန်လာခဲ့သည်။ ညနေပိုင်း ဈေးလာဝယ်သွားတဲ့ အစ်ကိုလေး ရဲ့ ကျေးဇူးကြောင့် အဘွားအတွက် ဆေး က လက်ထဲမှာ ပါလာခဲ့သည်။

နောက်နေ့တွေမှာလည်း အဲဒီ အစ်ကိုလေးဟာ အေးမ ဆီကပဲ လက်ကျန် ဟင်းသီးဟင်းရွက်တွေကို ဝယ်သွားခဲ့ပြန်တယ်။ ဒီလိုနဲ့ပဲ နေ့စဉ် ညနေတိုင်း ကိုယ့်ဆီကနေ ဈေးဝယ်ဝယ်သွားတဲ့ ဒီအစ်ကိုလေးကို သတိထားမိလာတယ်။ အေးမ ဆီမှာ နေ့စဉ် အားပေးနေတဲ့ ဈေးဝယ်တစ်ယောက်လို ခင်မင်လာမိသည်။ အေးမ လို မိန်းကလေး အပျိုဘော်ဝင်စ က လူဘဝကြောင်းကို ဘာမှ နားမလည်သေး။ ဒါပေမယ့် သဘာဝအရ အလိုလို ကိုယ့်ဆီမှာ ဈေးဝယ်တဲ့လူဆိုတဲ့ အသိနဲ့ ခင်မင်မိသည်။

တဖြည်းဖြည်းနဲ့ အေးမ မှာ မျှော်လင့်ချက် ကလေးတစ်ခု မွေးဖွားလာခဲ့တယ်။ အဲဒါက ဘာလဲဆိုတော့ ညနေစောင်းလို ဈေးသိမ်းချိန်မှာ ရောင်းမကုန်လို့ ကျန်နေသေးတဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူပေးနေတဲ့ လူတစ်ယောက်ရှိလာတဲ့ အတွက် ဒီလူကိုပဲမျှော်နေမိတော့တာပေါ့။

သံစဉ်ပျက်သွားခြင်း
ဒီနေ့ညနေ ဟင်းရွက်သည်တွေကို မတွေ့တော့။ အားလုံးသိမ်းလို့ ပြန်ကုန်ကြပြီ။ ကိုယ်အမြဲဝယ်နေသည့် ညနေစာ ဟင်းချက်စရာတွေကို ရောင်းပေးနေသည့် ကောင်မလေးကိုလည်း မတွေ့တာ တစ်ပါတ်ကျော်ပြီ။ သူကလေး ဘယ်များ ရောက်သွားပါလိမ့်။ ပြီးခဲ့တဲ့ ရက်တွေ အလုပ်ကလည်း စောစော ပြန်လို့ မရနဲ့၊ ဟင်းချက်စရာ ဝယ်ရတဲ့ တာဝန်ကို သူငယ်ချင်းတစ်ယောက်က တာဝန်ယူနေတယ်။ ဒီကောင် ဘယ်လိုများ ဟင်းသီးဟင်းရွက်တွေ ဝယ်နေသလဲ။ တိုက်ခန်းပြန်ရောက်တော့မှ မေးကြည့်တော့မယ် လို့ တွေးကာ ဒီနေ့ ဘာအသီးအရွက်မှာ ဝယ်မလာနိုင်တော့ပဲ ကြက်ဥ ဆယ်လုံးသာ ဝယ်လာခဲ့တော့တယ်။

နောက်ပိုင်းရက်တွေမှာလည်း ဒီနူတ်ခမ်းကွဲလေးနဲ့ ဖေါ်ရွှေတဲ့ မျက်ဝန်းတွေရှိတဲ့ မိန်းကလေးကို ဒီလှည်းတန်းဈေးထဲမှာ လုံးဝ မတွေ့တော့ဘူး။ သူကလေးဆီမှပဲ ဝယ်နေကျ ကိုယ်ရဲ့ ဘဝ စည်းချက်မှန်မှန်ကနေ သံစဉ်တစ်ခု ပျက်သွားတယ်လို့ ခံစားလိုက်ရတယ်။

အင်း ငါတော့ သံစဉ်တွေ ပြန်ညှိရအုံးမှာပါလား လို့ တွေးမိကာ ခြေလှမ်းကို အခြားဆိုင်ဘက်လှည့်လိုက်သည်။ ကိုယ့်ရဲ့ နေ့စဉ် ဘ၀ သံစဉ်တွေကို အထာကျအောင် ပြန်လည် တီးခတ်ရအုံးမည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

1 comment:

Mhaw Sayar said...

သိပ်ကောင်းတဲ့ အရေးအဖွဲ့ပဲဗျာ။

Post a Comment