"ဟော..ဒီမှာ တစ်ခါမှ မမြင်ဖူးတဲ့ ပုဇွန်တွေနော်.."
စူးစူးရှရှ နားကွဲလုအော်သံက ဒီကျောက်မြောင်းဈေး စိတ္တသုခ အောက်လမ်း မှာရှိတဲ့ ရပ်ကွက်ဈေးထဲကနေ ဟိန်းထွက်လာတယ်။ မနက်ခင်းနဲ့ ညနေခင်းတွေမှာ ဈေးရောင်းသူ၊ ဈေးဝယ်သူတွေနဲ့ စည်ကားနေလေ့ရှိတဲ့ ရပ်ကွက်ဈေးက ဒီကျောက်မြောင်းရပ်ကွက် အနီးတဝိုက်လုံးမှာ ရှိတဲ့ အိမ်ရှင်မတွေ၊ မိသားစုတွေအတွက် မရှိမဖြစ် အားထားရာ ဈေးကလေးတစ်ခုပေါ့။
ဒီဈေးက မနက်ခင်းတစ်ချိန်၊ ညနေခင်းတစ်ချိန် ဈေးဝယ်သူများဖြင့် အလွန်စည်ကားလေ့ရှိသည်။
ဈေးအနီးနားက မလွှကုန်း ဘူတာကလည်း ဒီဈေးထဲက ဈေးသည်တို့ အားထားစရာ ရထားဘူတာ တစ်ခုလည်းဖြစ်သည်။ ရောင်းချစရာ ဟင်းသီးဟင်းရွက်များကို ခြင်းတောင်းကြီးများထဲတွင်ထည့်၊ ပုဆိုးကို ရေစွတ် အပေါ်မှ အုပ်ကာ မြို့စွန် မြို့ဖျား မင်္ဂလာဒုံတို့ ဟိုးအဝေးလောက်မှ နေ၍ မြို့ပတ်ရထားဖြင့် လာကြရသည်။
ကြီးမြင့်လာသော ဘတ်စ်ကားခကို မတတ်နိုင်။ သယ်ယူပို့ဆောင်ခက ရမည့် အမြတ်ထက် ကြီးမြင့်ကာ အရင်းကိုပင် မကာမိချေ။ သည်တော့ လူစီး ရထားခ နှစ်ကျပ် သာပေးရသည့် ကြမ်းပိုး ဖလပွနှင့်မြို့ပတ်ရထားကိုသာ အသုံးပြုရသည်။ အထုပ်အပိုးများ အတွက်တော့ အပိုကြေးများ ပေးရသည်ပေါ့။ ထို့ပြင် မြို့ပတ်ရထား မလွှကုန်းဘူတာရုံနှင့် နီးသောကြောင့် ဒီဈေးကို ဈေးသည်တို့ မျက်စိကျစရာ နေရာ အချက်အချာ ဖြစ်လာသည်။
မိုးတွင်းဆိုရင် ရွှံဖွက် တစီစီ၊ ငါးအကြေးခွံတွေ၊ စွန့်ပစ်ထားတဲ့ ဟင်းသီးဟင်းရွက် အနွမ်းတွေ နဲ့ တန်ဆာဆင်ထားပြီး၊ အသားငါး အစိမ်းအနံ့၊ ငါးပိရည် ကျိုရောင်းတဲ့ ဆိုင်က ငါးပိရည်ကျိုအနံ့ လှိုင်လှိုင်၊ မုံလာချဉ် ရောင်းတဲ့ ဆိုင်က မုံလာချဉ် အနံ့ စူးစူး၊ ပန်းဆိုင်က ရာသီပေါ် ပန်းရနံ့ သင်းသင်း၊ ကောက်ညင်းပေါင်း အကြော်ဆိုင်က ဆီကြော် အနံ့ ဝေ့ကာဝေ့ကာ..အစရှိတဲ့ အနံ့အသက်ပေါင်းစုံ ထုံမွန်ရာ ဒီဈေးက အလွန်တရာ ဈေးဝယ်လို့ ကောင်း၏။
ဈေးနဘေးမှာက မီးသွေးဆိုင်။ မီးသွေးကလည်း လျှပ်စစ်မီး မရှိတဲ့ ရန်ကုန်မြို့လို မြို့ကြီး ပြကြီးမှာ ဟင်းချက် ထမင်းချက်ရာမှာ သုံးဖို့ အလွန်အရေးကြီးတဲ့ မရှိမဖြစ်ကုန်ပစ္စည်း။ ဈေးအဝင်ဝ လမ်းပေါ် ရွှံဖွက် သိပ်မရှိတဲ့ နေရာမှာတော့ မတ်တပ်ရပ်ပြီး စံပယ်ပန်းကုံးတွေ ရောင်းနေတဲ့ ယောင်္ကျားတွေ တစ်ယောက်စ နှစ်ယောက်စအမြဲတွေ့ရလေ့ ရှိတယ်။
ဈေးလမ်းမ မဝင်ခင်လေးမှာ တောင်းတွေ၊ ဗန်းတွေနဲ့ ရောင်းနေလေ့ရှိတဲ့ ခရမ်းချဉ်သီးသည်၊ ငရုတ်သီးသည်၊ မုန်လာဥအနီ (ခါကြက်ဥ)၊ နံနံပင်၊ ပဲပင်ပေါက်၊ ကန်စွန်းရွက်၊ ကိုက်လန် အစရှိတဲ့ အခြေခံ ဟင်းချက် စားစရာ အသီးအရွက်သည်တွေက နေရာယူထားလေ့ရှိသည်။ ရံဖန်ရံခါ ငါးသည်များလည်း ထိုဈေးဝနေရာသို့ ရောက်လာတတ်သည်။
ထိုနေရာမှ လမ်းမထဲသို့ နည်းနည်း လမ်းလျှောက် ဝင်သွားလျင် ဝက်သားသည်၊ ကြက်သားသည်၊ ငါးသည် တို့ က လမ်းဘေးဝဲယာ ဘေးတစ်ဖက် တစ်ချက်တွင် အသီးသီး နေရာ ယူထားကာ ကြက်သားဆေးသည့် ရေများ၊ ငါးဆေးသည့်ရေများ၊ ဝက်သားဆေးသည့် ရေများ၊ ထိုရေ သုံးမျိုး ပေါင်းစပ်ပြီး စိုစိ စိုစိ ရွှံဖွက်များ ထနေလေ့ရှိသည်။
နေ့လည် ဈေးခေါင်းကွဲ ၍ ဈေးသည်များ မရှိတော့သည့် အခါမှ ဈေးသန့်ရှင်းရေး အလုပ်သမားက ထိုလမ်းမတလျှောက် တပြက်စည်းလှဲ အညစ်အကြေးများကို ဆေးကြော ရှင်းလင်း ရပါသည်။
ထိုမှ တဖန် သားစိမ်း ငါးစိမ်းသည်များကို လွန်မြောက်သွားလျှင် ခနော်နှီ ခနော်နှဲ့ ဆိုင်ခန်း သေးသေးလေးများ ကို တွေ့ရသည်။ ဆိုင်ခန်းပိုင်ရှင်များ က ငှက်ပျောသီး အုန်းသီးသည်များ၊ အကြော်စုံသည်၊ ဆန် ဆီ ဆား ငရုတ်ခြောက် ၊ ကြက်သွန်၊ ကြက်ဥ၊ ငုံးဥများ ရောင်းသော ကုန်ခြောက်သည်များ ဖြစ်ကြသည်။
ထိုဆိုင်ခန်းများ အရှေ့ လမ်းအလယ်ခေါင်တွင် ရံဖန်ရံခါ ဒန်အိုး အကြီးကြီးဖြင့် ရောင်းနေလေ့ရှိသော ငါးသလောက်ပေါင်းသည်ကို မြင်ရတတ်သည်။ တို့စရာ မြုတ်စရာ အစုံဖြင့် ငါပိရည်ကျို ရောင်းသည်လည်း ရှိသည်။ မုန်လာချဉ်၊ ခတက်ချဉ်၊ စသည့် ထမင်းဖြင့်စားစရာ သရေယိုဖွယ် မြန့်မာ့ ရိုးရာ အချဉ်များလည်း ရောင်းကြသည်။ တွယ်ချိတ်၊ အပ်ချည်၊ လက်သည်းညပ်၊ ကလစ် တိုလီမှုတ်စ စုံစီနဖါများကို ဗန်းထဲတွင် ထဲ့ လည်ပင်းတွင် ချိတ်လွယ်ကာ ဟိုဟို ဒီဒီ လမ်းလျှောက် ရောင်းနေကြသော ဈေးသည် ယောင်္ကျားများလည်း ရှိသည်။
ရန်ကုန်မြို့တွင်းက စီးတီးမတ်တို့၊ ဂျန်းရှင်းတို့ ဘာတို့ ညာတို့ စတိုးဆိုင်ကြီးတွေမှာ ရောင်းနေတဲ့ ခရမ်းချဉ်သီးတွေ၊ အသီးအရွက်တွေ၊ အသားငါးတွေနဲ့ ဒီကျောက်မြောင်းဈေးထဲမှာ ရောင်းတဲ့ အရာတွေက အတူတူပါပဲလေ။ လိုတာမှန်သမျှ ဒီဈေးထဲမှာ လဲ ရနိုင်တာပဲ။ ပြီးတော့ ဈေးနှုန်း အလွန်ချိုသော ဝယ်လို့ ကောင်းသော ရပ်ကွက် ဈေးလေး တစ်ခုပေါ့။
အေးမ အတွက်ကတော့ မြို့ထဲ ဆိုင်ကြီးတွေက စားစရာတွေကို မဝယ်နိုင်။ ဒီဈေးထဲ ရွှံဖွက်တွေ ကြားထဲမှာ ဈေးဝယ်ရတာ အဲဒီလောက်ကြီး မဆိုးပါ။ အိမ်ပြန်ရောက်ရင် ခြေထောက် ရေပြန်ဆေးလို့ ရတာပဲ။ ကားကလေး တဝှီးဝှီးမောင်းပြီး မြို့ထဲတွင် ဈေးဝယ်ကြရသော လူတန်းစားထဲတွင် အေမ တစ်ယောက် မပါဝင်ချေ။
ခေါင်းနဲ့ကိုယ်နဲ့ တွဲလျက် အခွံစိမ်းစိမ်း မိန်းကလေးလက် တစ်ထွာခန့် အရွယ် ပုဇွန်ထုပ် ခပ်ကြီးကြီးတွေကို နူတ်ခမ်းမွှေးကနေ ကိုင်မြောက်ပြီး အော်ရောင်းနေတဲ့ ဈေးသည် မိန်းမကြီးရဲ့ အသံက ကြားရသူတွေ ရုတ်တရက် ထူးဆန်းသွားစေတယ်။ တစ်ခါမှ မမြင်ဖူးတဲ့ ပုဇွန်တွေ တဲ့။
ဈေးခြင်းတောင်းလေး ကိုင်ပြီး အေးမခြေလှမ်းတွေ ပုဇွန်သည်ဆီ ခြေဦးလှည့်မိတယ်။ သူလို ကိုယ်လို အိမ်ရှင်မတွေလည်း အဲဒီရှေ့မှာ ရစ်သီရစ်သီ နဲ့ ပုဇွန်ထုပ်ကြီးတွေ ဗန်းထဲ ရေခဲတွေနဲ့ အတူခင်းထားတာကို စိတ်ဝင်တစား ကြည့်နေကြတယ်။
“ဟယ် ဟုတ်ပါရဲ့ ပုဇွန်ထုပ်ကြီးတွေ အကြီးကြီးတော့”
ဘေးနားက အိမ်ရှင်မတစ်ယောက်ရဲ့ ရေရွတ်သံက ထွက်လာတယ်။
“ဈေးတော့ ကြီးမှာပေါ့ ရှင့်” လို့ နောက် အိမ်ရှင်မတစ်ယောက်က ခပ်တိုးတိုးလေး ပြောသည်။
အေးမလည်း ပုဇွန်ထုပ်ကြီးတွေ ကြည့်ပြီး တစ်ခါမှ ချက်မစားဖူးလို့ ဆီပြန်လေးချက်စားလိုက်ရရင်တော့ …ဆိုတဲ့ အတွေးနဲ့သာ ငေးကြည့် နေမိတယ်။ သွားပြီး ဈေးနှုန်းကိုလည်း မမေးရဲဘူး။ ဘယ်.. သာမန်ပုဇွန် ခပ်စိပ်စပ် သေးသေးမွားမွားလေးတွေတောင် ဝယ်မစားနိုင်တဲ့ ဘဝ။
ယောင်္ကျား လုပ်တဲ့ လူက တစ်နေ့ တစ်နေ့ လေးထောင်လောက် ရဖို့ရာ မိုးလင်းကနေ့ သန်းခေါင်တလွဲအထိ ပင်ပင်ပန်းပန်း ဆိုက်ကားနင်း။ အုံနာကြေးက တစ်နေ့ သုံးထောင်၊ ပိုတဲ့ ပိုက်ဆံကို အိမ်လခနုတ်၊ ဆီးဖိုး ဆန်ဖိုးနုတ်လိုက်တော့ ဘာမှ မကျန်တော့။ မုန့်ဟင်းခါးတစ်ပွဲ ရှစ်ရာ တစ်ထောင်လောက် ဖြစ်နေတဲ့ ဒီခေတ်ကြီးမှာ ပိုက်ဆံကလည်း အသုံးမခံ။ တန်ဖိုးလည်း မရှိ။
အေးမကတော့ အိမ်နီးနားချင်း တွေရဲ့ လက်တိုလက်တောင်း ခိုင်ဖက်။ ဟင်းလေးတစ်ခွက် ရဖို့၊ ဈေးဝယ်စရာအသီးအရွက်ဖိုးလေး ရဖို့ အတွက် တစ်အိမ် တက်ဆင်း အဝတ်လျှော်ရသည့် အခါရှိသလို့၊ ခိုင်းသည့် အိမ်က အိမ်သန့်ရှင်းရေးလုပ်ခိုင်းလျှင် လုပ်ပေးရ ၊ ခိုင်းရာသွား၊ လိုရာ ဝယ်ပေးရသည့် ဘဝဖြင့် နေစဉ် မီးဖိုချောင်ကို အလျင်မှီအောင် ဖြည့်တင်းရသည်။
ဒီရက်ပိုင်း သားကလေးက နေမကောင်း။ ချူချာလွန်းလှသည်။ သား က ငါးနှစ်ကျော်လို့ ခြောက်နှစ်တောင် ပြည့်လုနီး ရှိနေပြီ။ အခုထိ ကျောင်းမထားနိုင်သေးပေ။
နေမကောင်းဖြစ်နေတဲ့ သားလေး မျက်နှာ ဖျတ်ကနဲ ပြေးမြင်ယောင်မိသည်။ သားလေး တော့ စားချင်ရှာမှာပဲ။ ဟင်းရွက်ရေလုံပြုတ်၊ ငပိရေ တို့စရာတို့ဖြင့်သာ နေရာယူလေ့ရှိသည့် အိမ်က ထမင်းစားပွဲပေါ်တွင် ဒီပုဇွန်ထုပ်ကြီးတွေ ချက်ပြီး တင်ထားကာ ယောင်္ကျား နှင့် သား လုပ်သူတို့ကို ကြွေးချင်စမ်းပါဘိ။
အသက်ရှုသည့်အခါ ဖုတ်လိုက် ဖုတ်လိုက် ဖြစ်နေသည့် သားလေးကို ကြည့်ပြီး လင်မယား နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ငိုကြရသည့် ညတွေများနေသည်။ ဒီရက်ပိုင်းတွေမှာ ပိုက်ဆံစုပြီး သားကို ဆရာဝန်သွားပြကြမည်ဟု လင်မယားနှစ်ယောက် တိုင်ပင်ထားကြသည်။
“နိုင်ငံခြားက လာတဲ့ ပုဇွန်တွေလား”
မိန်းမတစ်ယောက်က မေးသံကြားလိုက်ရလို့ အေးမလည်း စိတ်ဝင်တစားနဲ့ နားစွင့် နေလိုက်မိသည်။
“မဟုတ်ဘူး တော်ရေ့.. နိုင်ငံခြားကို မသွားဖြစ်တဲ့ ပြည်တွင်းဖြစ် ပုဇွန်တွေလေ”
ပုဇွန်သည် မိန်းမကြီး၏ အဖြေက ရုတ်တရက် အိမ်ရှင်မတွေ စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားတယ်။
“နိုင်ငံခြားက ကျွန်မတို့ဆီက ပုဇွန်တွေ မဝယ်တော့ဘူး ဆိုပြီး စီးပွားရေး ပိတ်ဆို့ လိုက်တယ်လို့ ကျွန်မတို့ ဒိုင်ကပြောတာပဲ”
ဟုတ်ပါရဲ့ နိုင်ငံခြားက စီးပွားရေး ပိတ်ဆို့တယ် ဆိုတာ တော့ ဘာတို့တော့ အေးမ ကြားဖူးသည်။ သို့ပေမယ့် ယခုလို ကျောက်မြောင်းက ရပ်ကွက်ဈေးလေးမှာ လာပြီ ပြောဖြစ် ဆိုဖြစ်လောက် အထိ အကျိုးသက်ရောက်လိမ့်မည်ဟု မထင်မိ။ အခုတော့ စီးပွားရေး ပိတ်ဆို့ခြင်းကို အေးမ စတင်ကြားဖူးလေပြီ။
“တစ်ဆယ်သား ဘယ်လောက်လဲ အစ်မ”
အေးမလည်း အရဲစွန့်ပြီး မေးလိုက်သည်။ ပုဇွန်ထုပ်ဆိုရင် ခေါင်းသာ မြင်ဖူး၊ မစားဖူးသော အေးမတို မိသားစုအတွက် ခေါင်းရော၊ ကိုယ်ရော တွဲလျက် ပုဇွန်ထုပ်ကြီးတွေ အခု ကိုယ်တိုင် မြင်ဖူးလေပြီ။ ထိုအပြင် ဈေးနှုန်းလည်း မေးဖူးပြီ။
အေးမတို့ အဘိုးတွေ အဘွားတွေက ပြောဖူးသည်။ မြန်မာပြည်သည် သံယဇာတ သဘာဝ အရင်းအမြစ်များ ပေါးများကြွယ်ဝသော နိုင်ငံဖြစ်သည်တဲ့။ အေးမအမြင် လက်တွေ့မှာတော့ အေးမတို့လို နိုင်ငံသားတွေ မသုံးစွဲရပေ။ ထိုအရင်းအမြစ် သံယဇာတများက နိုင်ငံခြားမှ လူများသာ သုံးစွဲကြရသည်။ အေးမ နားမလည်။
အေးမဆိုလျှင် ကိုယ့် မီးဖိုချောင်ထဲမှာ ရှိသော အားလူး၊ ကြက်သွန်၊ ဆားတဇွန်းက အစ အလေအလွင့် မရှိအောင် စီမံခန့်ခွဲရသည်။ ကိုယ့် အိမ်က မီးဖိုချောင်ထဲမှာ ရှိသော အရာများသည် ကိုယ့် မိသားစု စားဖို့ပင် ဖြစ်သည်။
သို့ပေမယ့် အေးမတို့ နိုင်ငံက ထွက်သည့် ကောင်းပေ့ ထွဋ်ခေါင်များကို နိုင်ငံခြားပို့ကာ ကိုယ့်နိုင်ငံသားများ ငတ်ကြရသည်။ အေးမကိုယ်တိုင် ဝင်ရောက် စီမံခန့်ခွဲချင်စမ်းပါဘိ။ အေးမ အညတရပါ။ သို့ပေမယ့် ကိုယ့် အိမ်က မီးဖိုချောင်လောက်တော့ နိုင်အောင် ထိန်းနိုင်သည့် ဦးနှောက် အသိညာဏ် ရှိသေးသည်။
ဒီနေ့တော့ ကိုယ့်တိုင်းပြည်ကထွက်တဲ့ ပုဇွန်တွေ စားဖူးသည် ရှိအောင် စားကြည့်ချင်သည်။ အာဟာရ ချို့တဲ့ကာ နေမကောင်းဖြစ်နေသည့် သားကလေးကိုလည်း ကျွေးချင်သည်။ မိသားစုကို ပင်ပင်ပန်းပန်း လုပ်ကိုင် ကျွေးမွေးနေသော လင်ယောင်္ကျားလုပ်တဲ့သူကိုလည်း တခါတရံ ထမင်းမိန်မိန် စားစေချင်သည်။
“တစ်ဆယ်သား ၁၀၀၀ ညီမလေး”
စိတ်လှုပ်ရှားစွာနဲ့ တောက်ပနေတဲ့ အေးမမျက်လုံးတွေ ရုတ်တရက် မှေးမှိန်သွားသည်။
ယောင်္ကျားလုပ်တဲ့သူရဲ့ ချွေးသံရွဲရွဲ ခွန်အားကို စိုက်ထုတ်ကာ လေးလံသော ကုန်ပစ္စည်းများကို တင်လျက် ဆိုက်ကားနင်းနေသည့် ဟန်ကို ပြန်မြင်ယောင်မိသည်။
စိတ်မကောင်းခြင်းက ဝေ့ကနဲ့ ရင်ထဲမှာ တက်လာကာ ခြေလှမ်းများ လေးလံသွားရသည်။ ဈေးဆွဲခြင်းကလေးကို ကိုင်ကာ ဟင်းရွက်တန်းဖက်သို့ ခြေဦးလှည့်လိုက်သည်။ မျက်လုံးပြူးပြူး နှုတ်ခမ်းမွေးတထောင်ထောင်နှင့် မာန်ဆောင်နေသော ပုဇွန်ထုပ်များ၏ လှောင်ပြောင်သံများက အနောက်တွင် ဟားတိုက် ရယ်မောကျန်ခဲ့သည်။
နေနှင့်အုံးပေါ့ကွယ်။ ပိုက်ဆံရှိလာတဲ့ တစ်နေ့ ဒင်းတို့ကို ဆီပြန်ချက်စား ပစ်လိုက် အုံးမည်။
တစ်ဆယ်သားဆိုရင်တော့ ပုဇွန်သုံးကောင်လောက်တော့ ရတန်ကောင်းပါရဲ့။
အေးမခြေလှမ်းက လှမ်းသာ လှမ်းနေရသည်။ မျက်လုံးပြူးပြူး ပုဇွန်ထုပ်ကြီးများကို မျက်စိထဲမှ မထွက်ချေ။ ခြေလှမ်း တစ်လှမ်း လှမ်းတိုင်း သားမျက်နှာ နှင့် လင်ဖြစ်သူမျက်နှာ ကိုသာ တလှည့်စီ ပြေးမြင်ယောင်မိသည်။ သားကို သခင်၊ လင်ကို ဘုရား အဖြစ် ကိုးကွယ်သော အေးမလို သာမန် မိန်းမအတွက် သူတို့အား စားစေချင်သည့် စေတနာ မေတ္တာအဟုန်က ကြီးမားလို့ နေသည်။
အနန္တမေတ္တာဖြင့်
ဘကောင်း
1 comment:
Nice to read about Kyat Myaung, I really miss the area. Just for fyi, the market in your post isn't Kyat Myaung Zay, it is call Ah Thaw Ka Zay. Kyat Maung Zay is the one near by police station and big around about. :)
Post a Comment