အကြည် အိမ်ကို ရောက်လာတော့ မောင်က ငယ်ငယ်လေးဘဲ ရှိသေးတယ်။ မေမေကပြောတော့ အကြည်က ဟိုးဟို အဝေးကြီးကနေ ပြောင်းလာတာတဲ့။ ပြီးတော့ မောင်တို့ နဲ့ အတူတူ နေရအောင် လာတာတဲ့။
အဲတုန်းကတည်းက အကြည်က ထမီဝတ်တတ်နေပြီ။ အကြည်ကို စတွေ့တုန်းက နဖူးအပြောင် ဆံပင်ကို အနောက်မှာ စုပြီး စည်းထားတယ်။ အကြည်ရဲ့ ကြည်လင်ရှင်းပနေတဲ့ မျက်နှာလေးက နောင်အနာဂတ်တွေ အထိ မပြောင်းလဲပဲ အမြဲတမ်း လန်းဆန်းနေခဲ့တယ်။
မောင် မှတ်မိသလောက်ဆို အဲဒီတုန်းက မောင်က ငါးနှစ်လောက်ပဲ ရှိအုန်းမယ်။ မေမေရော၊ ဖေဖေရောက မောင့်ကို သိပ်ပြီး အလိုမလိုက်ဘူး။ ခပ်တည်တည်နဲ့။ မောင်က ဖေဖေ အနားကို ကပ်ဖို့ ချောင်းတိုင်း ဖေဖေက အမြဲ မောင်းထုတ်တယ်။ သူ့ကြည့်လိုက်ရင် သတင်းစာကြီးဖတ်လိုက်၊ စာရေးလိုက်နဲ့။ နောက် မေမေကလည်း ဖေဖေ အနားပဲ ကပ်ပြီး စကားပဲ ပြောနေတယ်။
ရုပ်ရှင်သွားရင်လည်း မောင့် ကို မခေါ်ချင်ကြဘူး။ မောင်မသိအောင် တိတ်တိတ်လေး သွားကြတယ်။ ညညဆို မောင်က တစ်ယောက်တည်း အိပ်ရတယ်။ မောင့်မှာ အရုပ်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကြာတော့ မောင် ဒီအရုပ်တွေ နဲ့ မဆော့ချင်တော့ဘူး။
မောင်တို့ အိမ်မှာ အဖေ့ဖက်က အမျိုးတွေ ရွာက လာနေပြီး ကျောင်းတက်နေတဲ့ ကောင်မလေး နှစ်ယောက်တောင်ရှိတယ်။ဒါပေမယ့် အဲဒီ ကောင်မလေးတွေက အရမ်းညစ်ပတ်တာ။ နှပ်ချီးတွေညစ်ပြီးရင်လည်း သူရို့ ထမီကို ပြန်သုပ်ပစ်တာ။ ရေလည်း မှန်မှန်မချိုးဘူး။ နံလည်း နံသေးတယ်။ သူရို့က မောင့်ကို ထမင်းခူးပေးပြီးရင် ထမင်းပုဂံကို မောင့်ရှေ့ချပေးထားပြီး စကားပဲပေါနေကြတယ်။
အကြည် ရောက်လာတော့ မောင်က အကြည်နဲ့ပဲနေတယ်။ အကြည်က အရမ်း သန့်ရှင်းတာ။ အကြည်ကိုယ်လေးက အမြဲမွှေးနေတာပဲ။ မောင် အကြည်ရဲ့ ကိုယ်နံလေးကို အမြဲမှတ်မိတယ်။ပင်ကိုယ် ကြာညို နံ့ သင်းသင်းနဲ့ သနပ်ခါးရည်ကျဲနံ့လေး အမြဲတမ်းရောနေလေ့ ရှိတတ်တဲ့ အကြည်ရဲ့ ကိုယ်သင်းနံ့လေးတွေဟာ မောင်မြတ်နိုးတာလေးတွေပေါ့။
ညအိပ်လို့ မောင့်နဘေးမှာ အကြည် ကိုယ်နံလေးမရှိရင် မောင် နှာခေါင်းတရှုပ်ရှုပ်နဲ့ အကြည်ကို အိပ်ရာဘေးမှာ လိုက်ရှာတော့တာဘဲ။ မတွေ့ရင် မောင့် မျက်လုံး အလိုလို ပွင့်လာပြီး အကြည်ကို လိုက်ရှာရတယ်။
မောင်အိပ်ရင်လည်း အကြည်ရဲ့ လက်ကလေးတွေ ကိုင်ပြီးမှ အိပ်တတ်တယ်။အကြည်က မောင့်ကို အရာရာ ကာကွယ်ပေးသူလို့ မောင်ယုံကြည်တယ်လေ။ သွယ်သွယ်လျလျ အကြည်လက်ဖဝါးလေးနဲ့ မောင့်လက်ကို ကိုင်ထားပေးမှ မောင် လုံခြုံတယ်လို့ ခံစားရတယ်။
အကြည်ကပြောတယ်။ “အမလေး..သူ့နာမည်ကလည်း တင်တင်စည်းစည်းနဲ့ မောင်တဲ့။ မောင်ကြီးလာရင် မောင့်နားမှာ ကောင်မလေးတွေ တစ်ယောက်မှ ကပ်ကြမှာ မဟုတ်ဘူးတဲ့”။ မောင်ကလည်း စကားပြောရင် ကိုယ်ကိုယ်ကို မောင်လို့ ပဲပြောတယ်။
အကြည်က မောင့်ကို အမြဲစတယ်။ “မောင့် မိန်းမက ဘယ်သူလဲ”လို့ မေးရင် မောင် က “အကြည်ပေါ့” လို့ ပြန်ဖြေတော့ အကြည်က တခိခိနဲ့ အရမ်းရီတယ်။ ပြီးတော့ မောင့် ကိုယ်လုံး ဖြူဖြူတုတ်တုတ်ကလေးကို သူ့ရင်ခွင်ထဲမှာ ထည့်ပြီး ဖက်ထားတယ်။
မောင့်ထက် ခေါင်းတလုံးစာ မြင့်နေသေးတဲ့ အကြည်ကို မောင်က အရာရာ ယုံကြည်ကိုးစားခဲ့တယ်။ အဲတုန်းက အကြည်ကို မှီတွယ် ပွေ့ဖက်ခဲ့ရတဲ့ မောင့်လက်ကလေးတွေ အခုလို ကြီးမားကျယ်ပြန်ပြီး အားအင်တွေ မရှိခဲ့သေးဘူး။
အကြည် မောင့်ကို စတဲ့ စကားတစ်ခွန် မှတ်မိသေးတယ်..”ကလေး လက်က သေးသေးလေးတွေ။ အကြည်ကို တောင် မချီနိုင်ဘူး”တဲ့။..အဲတုန်းကတည်းက မောင်က မှတ်ထားခဲ့တာ။ “တစ်နေ့ အကြည်ကို မောင်စွေ့ကနည်း ပွေ့ပြီး ချီမယ်လို့”။
အကြည် လက်ဖဝါးကို အားကိုးတကြီးဆုပ်ကိုင် ပြီးမှ ကျောင်သွားရလေ့ရှိတဲ့ မောင့်လို သကောင့်သား ငချွတ်ကလေးက အကြည်ကို ပွေ့ချီနိုင်ဖို့ အဲဒီတုန်းကလည်း ကြိမ်းဝါးခဲ့တာ။
မောင် ကျောင်းသွားဖို့ဆိုရင် အကြည်က အကုန် လုပ်ပေးမှ မောင် ကျေနပ်တယ်။ မေမေကဆို မောင့်ကို သနပ်ခါးပါကွက် အထူကြီးတွေ လိမ်းပေးလေ့ရှိတယ်။ မောင် အဲဒါဆို အရမ်း မုန်းတာပဲ။ ကျောင်းရောက်တာနဲ့ အဲဒီ သနပ်ခါးပါကွက်ကြီးတွေကို ပြန်ဖျက်ပစ်တာပဲ။
အကြည်ရောက်တော့မှ အကြည်က မောင် စိတ်တိုင်းကျ အကုန်လုပ်ပေးတယ်။ မောင့်ပါးကို ပေါင်ဒါမှုန့်လေးနဲ့ ပွတ်ပေးတယ်။ မောင့် ဆံပင်ကိုလည်း အုန်းဆီနဲ့ ဆံပင်ကော် ရောပြီး အမောက် ကလေးဖြစ်အောင် လုပ်ပေးလေ့ ရှိတယ်။ အဝတ် အစားဆိုလည်း အကြည်က မောင့်အတွက် မီးပူတိုက်ပေးပြီးသား။
အကြည်က မောင့်ကို ကျောင်းအပို့ အကြို လုပ်ပေးရတယ်။ တနေ့ မောင် ကျောင်းကအပြန် လမ်းမှာ သံစူးတော့ အကြည် မောင့်ကို အိမ်ရောက်တဲ့ အထိ တလမ်းလုံး ကျောပိုးခဲ့တယ်။ မောင် ငိုတော့ အကြည်လည်း ငိုတယ်။ အဲဒီနေ့က အကြည် မောင့်ကို တညလုံး မအိပ်ပဲ သံစူးတဲ့ ဒဏ်ရာကို ခဏ ခဏ ထကြည့်ရတယ်။
မောင့် နဖူးပေါ်က ဆံပင်လေးကို သပ်ပေးပြီး စိုးရိမ်တကြီးနဲ့ ကြည့်နေခဲ့တယ်။ အကြည်တော့ သိမှာ မဟုတ်ပါဘူးလေ။ သတိထားမိချင်မှ သတိထားမိမှာ။ အဲထိအချိန်က စပြီး မောင့် ရဲ့ ကနဦး သိတတ်စနှလုံးသားလေးထဲမှာ အကြည့်ရဲ့ ကြင်နာတတ်တဲ့ နှလုံးသားက အစားထိုးဝင်ရောက်ခဲ့တယ်။
အကြည်က အရမ်းတော်တာ။ အိမ်မှာဆို မေမေက အိမ်မှုကိစ္စတွေ အကုန်လုံး အကြည်နဲ့ လွှဲထားတယ်။ မောင် အိပ်ရာ နိူးတဲ့ အချိန်ဆို အကြည်က ရေချိုး သနပ်ခါး လူးပြီးသား။ အကြည် မျက်နှာလေးက ယဉ်ကျေးလှတဲ့ မနက်ခင်းရဲ့ မခို့တရို့ကဗျာတပုဒ်လိုပဲ။ အကြည် မျက်နာ ကလေးလေးက အရမ်း ကျက်သရေ ရှိနေတာ။
မောင် က အကြည်ကို အရမ်းချစ်တာ။ အိပ်ရာဝင်ရင် မောင်က အကြည်ကို နမ်းပြီးမှ အိပ်လေ့ရှိတယ်။ အကြည် ဘယ်သွားသွား အကြည်နောက် မောင် က တကောက်ကောက် တောက်တဲ့ကပ် ကပ်သလိုလိုက်နေလေ့ရှိတယ်။
------------------------------------------------------------------------------------------------
အကြည် မောင့် ဘဝထဲက ထွက်သွားခဲ့တာ အခုဆိုရင် ၁၅-နှစ်လောက် ရှိရော့မယ်။ မောင့်ဘဝမှာ အကြည်နဲ့ နေခဲ့ရတဲ့ နေ့ရက်တွေဟာ အပျော်ရွှင်ဆုံးပဲ။ ညညဆို အိပ်ရာဘေး စမ်းပြီး လန့်နိုးရတဲ့ ညတွေဆို ခဏခဏပဲ။ မောင် တက္ကသိုလ် ကျောင်းသား ဘဝရောက်တဲ့ အထိ အကြည်ကို မေ့လို့ မရဘူး။
အကြည် မရှိတော့တဲ့ နောက် ကိုယ်ဘာသာကိုယ် တစ်ယောက်ထဲ နေရတာကို နှစ်ချိုက်ခုံမင်လာတယ်။မောင့်ရှင်သန်နေတဲ့ အိမ် နဲ့ ပတ်ဝန်းကျင်တွေမှာ မောင်ဟာ ရှိနေပေမယ့် မရှိသလို တိတ်ဆိတ်စွာ ပျောက်ကွယ်နေလေ့ရှိတယ်။ ပတ်ဝန်းကျင်မှာ လူတွေက မောင့်ကို မသိလိုက် မသိဘာသာ လစ်လျူပြုထားတဲ့ အချိန်စက်ဝန်းထဲမှာ ရှင်သန်နေခဲ့တယ်။
ပန်းလိပ်ပြာလေးတွေ ရောင်စုံဝဲနေသလို့ မိန်းမလှကလေးတွေ ပေါင်းစုံလှတဲ့ တက္ကသိုလ်ကျောင်းဥယျာဉ်မှာ သင်ကြားနေတဲ့ မောင့်ဘဝဟာလည်း တကယ်တော့ ခြောက်ခြောက်သွေ့သွေ့နဲ့။ အို..ကွယ်..တကယ်တော့ မောင်ဟာ အကြည်ဆိုတဲ့ ဘာသာတစ်ရာ တစ်ခုတည်းကို ကိုးကွယ်နေသူပါလေ။
မောင် ဒီနေ့ ကျောင်းကပြန်ရောက်တော့ အိမ်မှာလူတွေ သန့်ရှင်းရေးတွေလုပ်ကြ၊ ချက်ကြ ပြုတ်ကြနဲ့ အလုပ်တွေ ရှုပ်နေကြတယ်။ မောင့် ဖေဖေရော၊ မေမေရောက အဝတ်အစား အကောင်းတွေ ဝတ်လို့။
မောင့် ကိုလည်း အဝတ်အစား မြန်မြန်သွားလဲခိုင်းတယ်။ လေဆိပ်မှာ ကိုကိုနဲ့ အကြည်ကို သွားကြိုရမယ်တဲ့။ အကြည်တို့ ပြန်လာပြီတဲ့။ မောင် ပျော်လိုက်တာ။ အိမ်ပေါ်ကို တခါတည်း ခုန်ပေါက်ပြီး တက်သွားလိုက်ခဲ့တယ်။ တစ်အိမ်လုံးက ပျော်နေကြတယ်။ အကြည် ပြန်လာတော့မယ်။ ကိုကိုရော ပြန်လာတော့မယ်ပေါ့။
လေဆိပ်ရောက်တော့ လူတွေက အများကြီးပဲ။ ပစ္စည်းတင်တဲ့လူနဲ့။ ပစ္စည်းချတဲ့ လူနဲ့ ဆိုင်ရာ ဆိုင်ရာ လာကြိုတဲ့ လူတွေ တော်တော် များတယ်။ မေမေနဲ့ ဖေဖေ့က လေဆိပ် ထဲကို အယင်ဦးဆုံး ဝင်သွားလိုက်ပြီ။
မောင်လည်း လိုက်သွားမလို့။ အကြည့်ကို တွေ့ရင် ပေးရအောင်လို့ ဆိုပြီး ယူလာတဲ့ ပစ္စည်း ကလေးကို စမ်းအကြည့်မှာ၊ မောင် သိလိုက်ပြီ။ အိမ်မှာ ကျန်ခဲ့ပြီ ဆိုတာ။ မောင်လည်း စိတ်ထဲမှာ တော်တော် ပျာယာခတ်သွားတယ်။ မောင် သိပ်စိတ်ညစ်တာပဲ အကြည်ရယ်။
နောက်တော့ မောင်လည်း မထူးတော့ဘူး ပြန်ယူရင် အချိန်မှီတန်ကောင်းပါရဲ့ ဆိုပြီး
မောင် ကားယူပြီး အိမ်ကို အမြန်ပြန်မောင်းလာတာ။ မောင့် စိတ်ထဲမှာ တော်တော် ပျာရာခတ်နေတယ်။ အကြည်ကို မှီမှ မှီပ မလားလို့။ မောင့် အာရုံထဲမှာ အကြည်ကို တွေ့တွေ့ချင်း ဒီပစ္စည်းလေးကို ပေးချင်နေတာ။
မောင် ကားမောင်းလာတာ အိမ်ကို ဘယ်ကနေ ဘယ်လို ရောက်သွားမှန်း မသိဘူး။ အိမ်ကနေ ကားကို အမြန်ပြန်မောင်းလာခဲ့တယ်။ မောင့် စိတ်ထဲမှာ ဘာမှ မရှိတော့ဘူး။ ဟာလာ ဟင်းလင်း ဖြစ်နေတယ်။ မောင် သိတာ တစ်ခုပဲ ရှိတယ်။ မောင် အကြည်ဆီ အမှီ ပြန်သွားရမယ်။ အကြည်နဲ့ တွေ့ရင် အကြည်ပျော်အောင်၊ အကြည် ဝမ်းသာအောင် အကြည် ဒီပစ္စည်းလေး မောင်နဲ့ တွေ့တွေ့ချင်း မြင်စေချင်တယ်။
------------------------------------------------------------------------------------------------
မောင် အကြည်ကို တောင်းပန်ပါတယ်။ မောင် အကြည်ဆီကို အမှီလာခဲ့ပါတယ်။ အကြည်ကို ပေးဖို့ ဆိုပြီး အကြည်ကို လွမ်းတိုင်း ရေးထားတဲ့ မောင့် ကဗျာ စာအုပ်ကလေးကိုလည်း ယူလာခဲ့ပါတယ်။
ဒါပေမယ့် အကြည်ရယ်။ လောကကြီးက မောင့်ကို အကြည်နဲ့ မတွေ့စေချင်တော့ဘူး ထင်ပါရဲ့။ အဲဒီ ကားအကြီးကြီးက မောင် ရှောင်တာတောင် အလွတ်တော့ဘူး။ မောင့် ကဗျာ စာအုပ်လည်း အဲဒီ ကားအကြီးကြောင့်စုတ်ပြဲကုန်တယ်ကွယ်။ မောင်လေ အကြည် ပျော်နေတဲ့ မျက်နာလေးကို မြင်ချင်လိုက်တာ မမြင်လိုက်ရဘူးကွယ်။
မောင့် ကဗျာတွေကို လည်း အကြည်ကို ရွတ်ပြရမဲ့ အခွင့် အရေး လည်း မောင် မရလိုက်တော့ ဘူးနော်။ ဒါပေမယ့် မောင် ပျော်ပါတယ်။ အကြည်ရဲ့ ပန်းခြင်းလေးတွေ၊ အကြည် မောင်အပေါ် သတိရနေမှုတွေက မောင် ဘယ်ဘဝရောက်ရောက် မောင် သိပ်ပျော်နေမှာပါ။
၂၀၀၀-ခုနစ်၊ နိုဝင်ဘာလ
အနန္တမေတ္တာဖြင့်
ဘကောင်း