(၁)
ကျွန်တော် ပဲခူးသားဖြစ်ခဲ့သည်။ ဟ..ကိုဘကောင်း မန္တလေးသားဆိုတာ ဘယ်ကနေ ဘယ်နဲ့ ပဲခူးသားဖြစ်သွားရပြန်တာတုံး လို့ မေးဘွယ်ရှိပြန်လိမ့်မယ်။ ဒီလိုပါ ရန်ကုန်မှာ လေးနှစ်ကျော် ငါးနှစ်နီးပါ တက္ကသိုလ်ပညာနို့ရည် သောက်စို့စဉ်က ရန်ကုန်တက္ကသိုလ်ဝင်း အဓိပတိလမ်း နဘေးက ပဲခူးဆောင်မှာ နေခဲ့ရတဲ့ အတွက် ပဲခူးသားလို့ ပြောတာပါ။
အဆောင်မှာ နေခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘဝအကြောင်းတွေကတော့ သိကြတဲ့အတိုင်း ဆွတ်ပျံ့ဖွယ်၊ ကြည်နူးဖွယ် အမှတ်တရတွေနဲ့ ဖွဲ့စည်းထားလေ့ရှိကြတယ်။ အဲဒီထဲကနေ နောင်တချိန် အနုပညာလောကထဲရောက်သွားတဲ့ လူတွေရှိခဲ့တယ် ဆိုရင် သူရို့က ပြန်လည် ဖော်ကျူးတူးဆွကြတဲ့အတွက် အတိတ်က တက္ကသိုလ်ရဲ့ ပုံရိပ်ရောင်တွေဟာ ခံစားသူတွေအတွက် ပြန်လည် အသက်ဝင်လာတတ်ကြတယ်။
အဲဒီလိုပဲ ကျွန်တော် နေခဲ့ရတဲ့ ပဲခူးရဲ့ အလှမ်းမဝေးလှသေးတဲ့ အတိတ်က ပုံရိပ်တစ်ချို့ကို ပြန်လည်တူးဆွပါရစေ။ တက္ကသိုလ်ကျောင်းစာသင်ခန်းနှင့် ပဲခူးဆောင်တို့ယှဉ်ကြည့်လျှင် ကျွန်တော့် အပေါ် ပဲခူးဆောင်က နတ်ကြီးခဲ့သည်။
ရန်ကုန်မြို့တော်ကြီးသို့ တက္ကသိုလ်ကျောင်းတက်မှ ရောက်ဖူးသော၊ ရန်ကုန်ရောက်ရောက်ချင်း လမ်းမှား လမ်းပျောက်သော မအူမလယ် မန္တလေးသားတစ်ယောက် အနေဖြင့် ရန်ကုန်မြို့၏ စကား၊ အစားအစာ၊ ယဉ်ကျေးမှုတို့နှင့် အံဝင်မကျဖြစ်ရကာ နောင်တချိန် ကိုယ်ဒူးကိုယ်ချွန် လူပေါ်လူဇော်တစ်ယောက် ဖြစ်လာဖို့အတွက် ပဲခူးဆောင်သည် ကျွန်တော့်ဘဝအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ကျွန်တော်တို့ ပဲခူးသည် အစဉ်အလာကြီးမားခဲ့သည်။ အဓိပတိလမ်းမ ဘက်မှနေ၍ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အဆောက်အဦးသို့ ဝင်လာလျှင် ညာဘက် ပထမဦးဆုံးတွေရသော တောင်ငူ၊ စစ်ကိုင်း၊ ပဲခူး၊ အင်းဝ အဆောင်များ ဝင်းကို တွေ့ရသည်။
ထိုစဉ်က ကွန်ပျူတာတက္ကသိုလ် ပါမောက္ခ ဒေါက်တာကျော်သိန်း(ကျွန်တော်တို့ခေါ်သည့် နာမည်က ဒေါက်ကျော်) အိမ်က ကံဆိုးစွာပင် ကျွန်တော်တို့ အဆောင်းဝင်၏ နဘေးတွင်ရှိရလေကာ သူ့အိမ်ခေါင်မိုးသည် ညဉ့်နက် သန်းခေါင် လှည်းတန်း လက်ဖက်ရည်ဆိုင်များမှ ပြန်လာသော ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများ၏ ခဲစာ အမြဲတမ်း ပစ်ပေါက်ခံရသည်။
ကျွန်တော် တက္ကသိုလ် လေးတန်းရောက်သည့်နှစ်တွင် ဒေါက်ကျော်၏ လာဘ်စားမှု အရမ်း နာမည်ကြီးလာပြီး ပါမောက္ခရာထူးမှ ပြုတ်လေကာ အဓိပတိလမ်း အိမ်မှ ဆင်းပေးရတော့သည်။
(၂)
ဒေါက်ကျော်၏ သုံးနေကြ အဖန်တလဲလဲ ရိုးအီနေသော စကားများဖြစ်သည့် သစ်ကိုင်းပေါ်တွင် ငှက်ကလေးသုံးကောင်နားနေသည်။ သေနတ်နှင့် ပစ်လျှင် ဘယ်နှစ်ကောင် ကျန်မလဲဟု စသော မိန်းခွန်းများသည် တက္ကသိုလ်ကျောင်း တစ်တန်းစတက်သည့် မောင်မယ် သစ်လွင် ကြိုဆိုပွဲ နှစ်စဉ်နှစ်တိုင်း ပြောတတ်လေ့ရှိရကာ သူ့တွင် အခြားပြောစရာ ညာဏ်မရှိတော့ဘူးလားဟု အတန်းကြီးများအကြား တီးတိုးလှောင်ပြောင်ခံရသည်။
အဲဒီတုန်းက ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်သည် ဒေါက်တာ တင်အောင်အေးဖြစ်သည်။ နောက်ပိုင်းတွင် သူသည် နိုင်ငံတော် တရားသူကြီးချုပ် ဖြစ်သွားခဲ့သည်။ ၁၉၉၆-အရေးအခင်းဖြစ်ပြီးနောက်ပိုင်း ဘွဲ့နှင်းသဘင်းခန်းမအနီး သူ့၏ နေအိမ်တွင် အဆောင်ရရှိရေးအတွက် ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသားများနှင့် တွေ့ဆုံးဆွေးနွေးခဲ့ကြသေးသည်။ ယခုတော့ သူလည်း ဘယ်ရောက်နေသည်မသိ။
ပဲခူးဆောင်တွင် အိုင်စီမှ ကျောင်းသားများ အများဆုံးရှိသည်။ အိုင်အာ၊ ရှေးဟောင်းသုတေသနမှ ကျောင်းသားများလည်း ရှိကြသလို့ ကွန်ပျူတာမှ ကျောင်းသားများလည်း ရှိကြသည်။ နေရာဒေသ အသီးသီးမှလာကြသည်။ လူမျိုးစုံသည်။ ကိုယ်ကွယ်သည့် ဘာသာများလည်း မတူညီကြ။ ထို့ပြင် မတူညီသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်လာကြသော လူငယ်များ လာရောက် သွေးစည်းကြသည့် အဆောင်လည်းဖြစ်သည်။
ကိုယ်နေခဲ့သည် နယ်တွင် သူတလူ ငါတမင်း နေနိုင်သည့် လူငယ်သည် အဆောင်တွင် တပြေးညီ ညီအကိုရင်းချာကဲ့သို့ နေရသည်။ အဆောင်တွင် နိမ့်ပါးခြင်း၊ ကြီးမြတ်ခြင်း၊ သိမ်ငယ်ခြင်း၊ လူတန်းစား ခွဲခြားခြင်း မရှိ။ အားလုံးက အားလုံးကို ကာကွယ်စောင့်ရှောက်သည်။ လုံခြုံစေသည်။ တနည်းအားဖြင့် ဘဝတိုက်ပွဲအတွက် အားမွေး လေ့ကျင်နေကြသူများချည့်သာ။
ထို့အပြင် ပဲခူးဆောင်တွင် နေခဲ့ဘူးသော အစဉ်အလာကြီးမားသည့် ပုဂ္ဂိုလ်ကျော်များ၏ ဝိဉာဉ်များက ကျွန်တော်တို့ အပေါ်တွင် အများတမ်း ကြည့်ရှု့စောင့်ရှောက်နေကြသည်။ ဗိုလ်ချုပ် အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝ ပဲခူးဆောင်တွင် နေခဲ့သော အခန်းမှ အသုံးအဆောင်နှင့် စာအုပ်များသည် ကျွန်တော့်အတွက် နေ့စဉ် ကမ္မဋ္ဌာန်း ဘာဝနာ စီးမြန်းရသလို ကသိုဏ်း ရှု့သလိုမျိုး အခန်းအပြင် တံခါးအကြားမှ အမြဲလိုကြည့်ရှုှု့ရသည်။
(၃)
ဆယ်တန်း အင်္ဂလိပ်စာ အများသူငှာအောက် ဘိတ်ချေး၊ နောက်မှသာ လိုက်၊ ခွေးအကြီး လှည်းနင်းသလို အင်္ဂလိပ်စာအဆင့်ရှိသော မန္တလေးသား ဘကောင်းအတွက် ဗိုလ်ချုပ် အောင်ဆန်း၊ အဓိပတိ ဦးဘမော်၊ ဂျာနယ်ကျော် ဦချစ်မောင်တို့၏ အင်္ဂလိပ်စာ အရေးအသားများသည် ခွန်အားဖြစ်စေခဲ့သည်။ သိမ်နုတ် ညံဖျင်းခြင်းတို့ကို အမြှစ်မှ လှန်ပစ်စေခဲ့သည်။
တက္ကသိုလ်ကျောင်း ၁၉၉၄-ခုနှစ် ပထမတန်းတက်တော့ မိဘများက တစ်လ သုံးထောင် ထောက်ပံ့သည်။ ထိုစဉ်က ဆူလေ၊ လှည်းတန်း ဘစ်ကားလိုင်းကားခသည် နှစ်ကျပ်။ အိမ်က ထည့်ပေးလိုက်သော ကျပ်တန် အထပ်လိုက်အား ကားခအဖြစ် သုံးရသည်။ အဆောင် လခသည် လေးရာကျပ်။ မနက်တစ်ခါ၊ ညနေတစ်ခါ ထမင်းကျွေးသည်။
အထပ်သုံးထပ်ရှိသော အဆောင်တွင် အထပ်တိုင်း၌ ဟောကျူတာ တစ်ဦစီ ထားရှိကာ အဆောင်မှုးဦခင်မောင်စိန်က အပေါ်ဆုံးထပ်တွင် ချင်းလူမျိုး ဟောကျူတာ ဆရာဆလိုင်းနှင့် ဟိုဖက်ထိပ်၊ ဒီဖက်ထိပ်နေကြသည်။ လကုန်ချိန်တွင် အဆောင်သားများ ဆရာဆလိုင်းထံတွင် အဆောင်လခ သွားရောက်ပေးသွင်းကြရသည်။
တက္ကသိုလ် ပထမတန်းတက်တော့ အဆောင်အောက်ဆုံးထပ် အခန်း-၄၉တွင် နေရသည်။ နှစ်ယောက်တစ်တွဲ နေရသော အဆောင်ခန်းတွင် ခုတင်နှစ်လုံး၊ ဗီရိုတစ်လုံး၊ စာကြည့်စာပွဲ နှစ်စုံ ထားရှိသည်။ အခန်းဖေါ်သည်လည်း မန္တလေးမှ အတူတူလာကြသော သူငယ်ချင်း တစ်ယောက်ပင်ဖြစ်သည်။ အခုတော့ သူလည်း ရုံတော်ကြီးတွင် ဆိုင်ဖွင့် စီးပွားရေးလုပ်ငန်းထဲ ရောက်သွားသည်။
အိမ်က ပို့ပေးသော တစ်လ သုံးထောင်ကို ခြစ်ချုပ် ချင့်ချိန် သုံးစွဲရသည်။ အပြင်မှ ထမင်းဆိုင်များတွင် ထမင်းဝယ်မစားရဲ။ အိမ်မှ ပို့ပေးသော ငပိကျော်၊ ပုဇွန်ခြောက်ကျော်များဖြင့် အဆောင်ထမင်းကို မနက်တစ်ခါ၊ ညတစ်ခါ ဝလင်အောင် စားသည်။
ဆီကျဲကျဲ အရည်ပေါပေါ အဆောင်ဟင်းတို့မှာ ကုလားပဲချက်၊ ဂေါ်ဖီကျော်၊ ကြက်ဥချက်၊ ငါးဟင်း သို့မဟုတ် တစ်ပါတ်တစ်ခါ အသားဟင်းတစ်ခွက်ပါလေ့ရှိသည်။ ကိုယ့် အိမ်က ပို့ပေးလိုက်သော ဟင်းအခြောက် အခြမ်းတို့နှင့် တွဲဖက်စားရသည်။ မစားနိုင်သူတို့က အဆောင် ထမင်းစားခန်း အရှေ့တွင် ရောင်းနေသော ဟင်းဆိုင်မှ ဟင်းဝယ်စားကြသည်။ အဲဒီတုန်းက တစ်ယောက်စား ဝက်အူချောင်းကျော်တစ်ပွဲ ငါးကျပ်။
(၄)
တက္ကသိုလ် ဒုတိယတန်းရောက်တော့ မိဘများ ထောက်ပံရသည့် တစ်လ သုံထောင်မလောက်တော့။ တစ်လငါးထောင် ခုန်တက်သွားသည်။ ကုန်ဈေးနူန်းက တစ်နှစ်ထက် တစ်နှစ် တစစကြီးမြင့်လာသည်။ ဘစ်ကားလိုင်းကားခ ငါးကျပ်ဖြစ်သွားသည်။ ကျပ်တန် ရှားပါးသွားခဲ့သည်။
တက္ကသိုလ် ဒုတိယတန်းရောက်တော့ ဦးဖိုးကျား၏ တက္ကသိုလ်ကျောင်းသားများ အလုပ်လုပ်ကျောင်းတက်သည့် အကြောင်း ဖတ်ရသည်တွင် အိမ်က ထောက်ပံ့သည့် ပိုက်ဆံအပေါ် မှီခိုနေရသည့် ကိုယ့်အဖြစ်ကို ဆန်းစစ်မိသည်။
ထိုအချိန်ကာလများ ၁၉၉၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စိန်ရတု အခန်းအနား ကျင်းပရန် စိုင်းပြင်နေကြသလို၊ ဗိုလ်ခင်ညွှန့်၏ စီမံခန့်ခွဲ မှုအောက်တွင် အဆောင် များ အသစ်များပြန်လည် ပြင်ဆောက်နေချိန်လည်းဖြစ်သည်။
မှတ်မှတ်ရရ အဆောင်များ ပြုပြင်တည်ဆောက်နေဆဲ ကာလများ၌ အဆောင်ရေချိုးကန်များမှ တဆင့် ဝဲများ ကူးကြပါလေတော့သည်။ ကျွန်တော် မောင်ဘကောင်းလည်း အပါအဝင် အဆောင်နေသူငယ်ချင်များ ခန္ဓာကိုယ် အကြိုအကြား တလျှောက် ဘာစကေဗီဝဲပျောက် လိမ်းဆေးများဖြင့် နပမ်းလုံးကြရသော်လည်း လုံးဝပျောက်မသွားခဲ့ချေ။ တတိယတန်း စာမေးပွဲများ ပြီးဆုံးသွားပြီးနောက် မန္တလေးပြန်၊ အမေက အဝတ်အစားများကို ရေနွေးဖြင့် ပြုတ်လျှော်တော့မှ ဝဲရောဂါ စင်းစင်း ပျောက်ကင်းတော့သည်။
ကျောင်းပြန်ဖွင့်၍ တက္ကသိုလ်စိန်ရတု အခန်းအနား ကျင်းပချိန်တွင် ပဲခူးဆောင်၏ ကျောင်းသားဟောင်းကြီးများ၊ သက်ကြီးရွယ်အို ဆရာကြီးများကလည်း ကိုယ်နေခဲ့သည့် အခန်းများကို လာကြည့်ကြသည်။ တချို့ မမျှော်လင့်သော တိုင်ပြည်မှ ပုဂ္ဂိုလ်များသည် ပဲခူးဆောင် ကျောင်းသားဟောင်းကြီများဖြစ်နေကြသည်။
ထိုစဉ်က စစ်ကိုင်းဆောင်ထွက် ဗိုလ်ခင်ညွှန့်၏ အဓိက ရည်ရွယ်ချက်သည် တက္ကသိုလ်ကျောင်းသားများအား စည်းရုံးသိမ်းသွင်းရန်ဖြစ်သည်။ အဘဟု ခေါ်ကြရသော ဗိုလ်ခင်ညွှန့်ကိုယ်တိုင် အဆောင်ကျောင်းသားများထံ အနီးကပ် စည်းရုံးရေး ဆင်းခဲ့သည်။
ဗိုလ်ခင်ညွှန့်၊ ဗိုလ်ကျော်ဝင်း အပေါင်းအပါနောက်လိုက်တို့သည် ကားအနက်များစီးလျက် သေနတ်၊ ဆဲလူလာဖုန်းတို့ ခါးတွင် ချိတ်ကာ ရန်ကုန်တက္ကသိုလ်ကျောင်းဝင် အဆောင်များတွင် ခြေရှုပ်ခဲ့ကြသည်။ အဆောင် ညစာစားပွဲများ၊ မိတ်ဆုံစားပွဲများ ကျင်းပကာ အဆောင်ကျောင်းသားတို့ကို ချဉ်းကပ်ခဲ့သည်။
(၅)
ပဲခူးဆောင်ကျောင်းသားဟောင်း ဇင်ယော်မောင်မောင် သည် ထိုစဉ်က ဗိုလ်ခင်ညွှန့်နှင့် ကပ်လျက် အဆောင်ဒင်နာများတွင် ခြေရှုပ်ပြန်သည်။ အင်လျားနှင့် ပဲခူး မောင်နှမဆောင် ဖြစ်စေခဲ့သည်။ ဇင်ယော်မောင်မောင်သည်ကား ဖောက်ပြန်သူ တစ်ယောက်ဖြစ်ခဲ့သည်။ လူမှုရေးလည်း ဖောက်ပြန်ခဲ့သည်။
ဗိုလ်ခင်ညွှန့် တို့ အပေါင်းအပါများ တက္ကသိုလ်ကျောင်းဆောင်များတွင် ခြေရှုပ်နေခိုက် စက်မှုတက္ကသိုလ်မှ ကိုအောင်မိုးဝင် (မန္တလေး နွေဦး) က ဦးဆောင်လျက် တက္ကသိုလ်များ ရန်ကုန် မန္တလေး မိသားစု ဟု အသင်းအဖွဲ့ ပေါ်ပေါက်ခဲ့သည်။ သူက ဥက္ကဋ္ဌ၊ ထိုစဉ်တုန်းက ကိုမင်းထွန်း (ယခု ဒါရိုက်တာ မင်ထွန်း)က ကျောင်းပြီးခါနီးပီဆို ၍ ကျွန်တော်က ဒုတိယ ဥက္ကဋ္ဌ အဖြစ် တက္ကသိုလ်နယ်မြေများ ၌ မန္တလေး ဝိဉာဉ်ကို မွေးဖွား ရှင်သန်စေခဲ့သည်။
သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်၊ သူနာပြု၊ အိုင်စီ၊ စက်မှု၊ ကွန်ပြူတာ၊ တို့မှ ကျောင်းသူကျောင်းသားများ၏ နှလုံးသွေးများ ကို ကူးလူးရှင်သန် ပေါင်းစည်းစေခဲ့သည်။ မန္တလေးအသင်း၏ တွေ့ဆုံပွဲများ၊ စုစည်း ညီညွှတ်မှုများက ထောက်လှမ်းရေးသမားများနှင့် တက္ကသိုလ်ကျောင်းဆရာ၊ ဆရာမများအကြားတွင် မျက်စိ ဒေါက်ထောက်ကြည့်ဖွယ် ဖြစ်လာခဲ့သည်။
တစ်နေ့ ဆရာ ဆလိုင်းက ကျွန်တော်ကို သူ့အခန်းတွင် ခေါ်ပြောသည်။ တက္ကသိုလ်ကျောင်းဆရာများ အစည်းအဝေးတွင် မန္တလေး အသင်း၏ လှုပ်ရှားမှုများကို သတိထား စောင့်ကြည့်ရန်ဖြစ်ကြောင်း ပြောနေသည်ကို ပြောပြခဲ့သည်။ ထောက်လှမ်းရေး သမားများ အဆောင်တွင်းသို့ စိမ့်ဝင်ကြသည်။
အဆောင်များ အသစ်ပြုပြင် တည်ဆောက်ပြီးခါစ ၁၉၉၆-ခုနစ် ကျောင်းသား လှုပ်ရှားမှုများ ဖြစ်တော့ အဆောင်နေကျောင်းသားများ အားလုံး ရန်ကုန်တက္ကသိုလ်ကျောင်းဝင်း အတွင်း လှည့်ပတ်လျက် လှည်းတန်း မီးပွိုင့်တွင် စက်မှုတက္ကသိုလ်မှ ကျောင်းသားများနှင့် ပေါင်းစုံ စုစည်းမိကြသည်။
ကျွန်တော်တို့ ကျောင်းသားများ အပေါ် ၈၈-ခုနှစ်မှ ကျောင်းသားများ ဆက်လက် သွေးသစ်လောင်းပေးခဲ့ကြသည်။ ရဲစိတ် ရဲမာန်တို့ဖြင့် ကျောင်းသားများ အားလုံး အဆောင်များ အထဲမှ ထွက်ခဲ့ကြသည်။
(၆)
ဗိုလ်ခင်ညွှန့်၏ ရည်ရွယ်ချက်များ ပျက်ခဲ့ရလေသည်။ ဤတွင် တက္ကသိုလ်ကျောင်းသား များ အပေါ် ဗိုလ်ခင်ညွှန့်၏ မအောင်မြင်သော စည်းရုံးရေးက နောက်ပိုင်း ကာလများ၌ အဆောင်များကို ပိတ်ပစ်လိုက်သည် အထိ ရမ်းကားခဲ့သည်။
ထိုနှစ်ပိုင်း ကျောင်းများ ပိတ်တော့ ကျွန်တော်လည်း မန္တလေး မပြန်ဖြစ်တော့ချေ။ မိမိကိုယ်ကိုယ် ဦးဖိုးကျား၏ တက္ကသိုလ်ကျောင်းသား ဇာတ်ကောင် ဖြစ်စေလျက် ပဲခူးဆောင်တွင် ဆက်လက် နေထိုင်ခဲ့သည်။
သစ်ပင်ကြီးများ အုံ့ဆိုင်းလျက် အေးမြနေသော အရိပ်အာဝါသ အောက်တွင် ပဲခူးသည် အေးချမ်းလှသည်။ အဆောင်ရှေ့တွင် ကံကော်ပင်လည်း ရှိသည်။ အဆောင် ဒုတိယထပ် တစ်ထပ်လုံးတွင် မှ ဟောကျူတာ အဆောင်မှုးနှင့် ကျွန်တော် နှစ်ယောက်ထဲသာ အဆောင်တွင် ကျန်ခဲ့သည်။ အဆောင်တွင် အဝတ်လျှော်သည့် ဦးရာဂျူးသည် အဆောင်ဝင်း အပြင်ထွက်လျက် အဓိပတိလမ်းဘေးတွင် ကွမ်းယာ ဆေးလိပ်၊ မုန့်ထုပ်ကလေးများ ရောင်းရသည်။
ကျွန်တော် တက္ကသိုလ်လေးတန်းတက်သည့်နှစ်တွင် အဆောင်အပေါ်ဆုံးထပ် ဗိုလ်ချုပ် အောင်ဆန်းအခန်းနှင့် ကပ်လျက် ဒေါင့်ခန်းတွင် တစ်ယောက်ထဲ နေရသည်။ ကျောင်းပညာရေးအပေါ် စိတ်ကုန် နေသော အချိန်ကာလများလည်း ဖြစ်သည်။ အတန်းမတက်၊ ညပိုင်းအလုပ်ကို ညလုံးပေါက်လုပ်ကာ မနက်တခင်းလုံး အဆောင်တွင် အိပ်သည်။
အဆောင် ထမင်းစားဆောင်အတွက် သိုလှောင်ထားသော ဆန်အိပ်များ ထဲမှ ဆန်များကို ရေပုံးနှင့် ကျွန်တော်ကိုယ်တိုင် အဆောင်းမှုးမသိအောင် တိတ်တဆိတ် ခိုးယူလျက် သူငယ်ချင်းများ နှင့် ညလယ်စာ ထမင်းချက်စားကြသည်။ ထို ထမင်းအိုးနှင့်ပင် ကြက်ဥဟင်းချက်၊ အမဲသားကျော်စားကြသည်။
ထိုနှစ်သည် အဆောင်နေကျောင်းသား ဘဝတို့၏ နောက်ဆုံနှစ်လည်း ဖြစ်သည်။ စစ်အစိုးရက အဆောင်များ ပိတ်ပစ်လိုက်သည်တွင် ကျွန်တော် ပဲခူးဆောင်ကို ခွဲခွာ ခဲ့ရသည်။ ထို့နောက် သမိုင်းဝင်းထဲမှ ပုပ္ပါးဆောင် သို့ ယာယီ အခိုက်အတန့် အနေဖြင့် ရောက်သွားခဲ့သည်။ ပုပ္ပါးဆောင်တွင် နောက်ဆုံးနှစ် စာမေးပွဲကို ပြီးမြောက်စေခဲ့လျက် တက္ကသိုလ်ကျောင်းသားဘဝကို အဆုံးသတ်ခဲ့ရသည်။
အနန္တမေတ္တာဖြင့်
ဘကောင်း
3 comments:
ကျွန်တော် ဆို အောင်ဆန်းသား ဖြစ်မယ် ... ဆေးကျောင်းကို အောင်ဆန်းဆောင် မှာ ပြီးတာ ဆိုတော့ :)
လွမ်းဖွယ်ပဲ
သင်ကာ
ဗျာ...မစခင်...အဆုံးသတ်ခဲ့ပြီလား...။
Post a Comment