ပန်ချီကား အမည် : No Name
ဆီဆေး
ရေးဆွဲ - ၂၀၀၂-ခုနှစ်
(၁)
အနှစ် နှစ်ဆယ်ဆိုသည့် အချိန်ရထား တစ်စင်း လျင်မြန်စွာ ဖြန်သန်းခုတ်မောင်းသွားခဲ့သည်။ အရာရာ အဖြစ်အပျက် အစုံစုံကို ပြန်ပြောင်းစဉ်းစားကြည့်လျင် အတိတ်က အရာများ၏ ပုံရိပ်ရောင်အချို့သည် မနေ့တနေ့က ကဲ့သို့ ပြက်ပြက်ထင်းထင်း ရှိနေသေးသလို အချို့လည်း ဝိုးတို့ဝါးတား မှုံမှုံမှိုင်းမှိုင်းနှင့် ပျောက်ကွယ်လုမျှ ရှိသည်။
ပြက်ထင်းနေသော အတိတ်၏ ပုံရိပ်များသည် နောင်တချိန်တွင် မှေးမှိန် ဝေ့ဝါးသွားလေ့ရှိသည်။ တဖန် ယနေ့အချိန်ကာလတွင် မှေးမှိန် ဝေ့ဝါးနေသော အတိတ်က ပုံရိပ်များသည်လည်း စုတ်ချက်ကောင်းကောင်းနှင့် ဆေးသားအသစ်မတင်လျှင် နောင်တချိန်တွင် လုံးဝပျောက်ကွယ်သွားတော့မည်။
နှစ်ပေါင်း နှစ်ဆယ်မျှ ထောင်ထဲတွင် မြကြည် ဖြတ်သန်းခဲ့ရသည်။ ထောင်ကျကာစက မြကြည် အသက်နှစ်ဆယ်ကျော် ဝန်းကျင်။ ယခုဆိုလျှင် မြကြည် အသက်လေးဆယ်ကျော်ထဲ ရောက်လာပြီ။ ငယ်ရာမှ ပျို၊ ပျိုရာမှ ရင့်လာရသည်။ အရာရာ အားလုံးကိုလည်း သိတတ်၊ မြင်တတ်၊ ကြားတတ်ပြီ။
ပျိုမျှစ် နူရွယ်မှုတို့ ကုန်ဆုံးသွားချိန်မှာ ရင့်ကျက် တည်ငြိမ်မှုတို့ ဖြစ်လာရစမြဲ။ ထို့နောက် အိုမင်း နွမ်းလျော် ခြောက်ခန်းခြင်းဖြင့် အဆုံးသတ်ကြရသည်မှာ ဘဝ၏ ဖြစ်စဉ် ဓမ္မတာ ပင်။ ပျိုရွယ်စဉ် အခါက ပျိုရွယ်မှုကို သတိမပြုရှိတတ်ကာ၊ ပျိုရွယ်ခြင်း ကုန်ခမ်း လွန်မြောက်သည့် အခါတွင်မှ ပျိုရွယ်ခြင်း၏ တန်ဖိုးကို သတိပြုမိတတ်ကြသည့်မှာလည်း လူ့သဘာဝ သဘောတရားပင်တည်း။
မြကြည်လည်း ပျိုရွယ်သည့် ဘဝကို ဖြတ်သန်းခဲ့ဖူးပါသည်။သို့ပေသည့် ပျိုရွယ်ခြင်း၏ အသီးအပွင့်ကို မြည်းစမ်းရုံသာ မြည်းစမ်းကြည့်ခဲ့ရသည်။ ထောင်ဆိုသည့် အရာက မြကြည်၏ ပျိုရွယ်ခြင်း အသီးအပွင့်ကို ဝါးယူသောက်စားခဲ့သည်။
ကိုကိုနှင့် နှစ်ယောက်တည်း ရွှေလက်တွဲ ပျော်ရွှင်စွာ ဖြတ်သန်းရမည့် ဘဝခရီး အစား တစ်ယောက်တည်း ခါးသီးစွာ ထောင်ထဲတွင် အချိန်ကုန်ခဲ့သည်။ ဘဝက ထုဆစ် ပုံဖေါ်လိုက်သော ပန်းပုသည် ရွှေစင်ရုပ်ထုအစား လက်ရာကြမ်းကြမ်းနှင့် သစ်မာရုပ်ထု တစ်ခုအသွင် ပေါ်လွင်ခဲ့၏။
(၂)
သို့သော် သာမန် မျဉ်းတပြေးတည်းနှင့် သွားမည့် ဘဝတစ်ခုအစား အနိမ့် အမြင့် အတက်အကျတို့နှင့် စိတ်လှုပ်ရှားဖွယ် ဘဝကို သဘောကျသည်။ သာမန် အသက်ရှင်၊ အိမ်ထောင်ပြု၊ ကလေးမွေး၊ အလုပ်တွေလုပ်ပြီး နောက်ဆုံး သေဆုံးသွား ရမည့် ဘဝမျိုး လူတိုင်း မသိလိုက် မသိဘာသာ ဖန်တီးတတ်ကြသည်။ မြကြည်အတွက် ထိုကဲ့သို့ ဘဝမျိုးသည် ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှလေသည်။
မြကြည်ကိုယ်တိုင် လူပေါင်းမြောက်မြားစွာတို့၏ ဘဝ၊ ယဉ်ကျေးမှုများကို လေ့လာ ထိတွေ့ကြည့်ချင်သေးသည်။ ကလေးတစ်ယောက် ကဲ့သို့ မေးခွန်းမြောက်မြားစွာနှင့် လောကကြီအကြောင်းကို စိတ်လှုပ်ရှားစွာ ရင်ခုန်နေဆဲပင်။
မနက်ဖြန်ဆိုလျှင် မြကြည် ထောင်ကထွက်ပြီ။ မြကြည်အတွက်တော့ မြို့တစ်မြို့မှ အခြားတစ်မြို့သို့ ခရီးထွက်သလောက်ပဲ ထင်သည်။ ကိုယ်ကျင်လည်နေသည့် ပတ်ဝန်းကျင် တစ်ခုမှ အခြားတစ်ခုသို့ ကူပြောင်းသလိုမျိုးပင်။ ခရီးတစ်ခုထွက်ကာ အပြောင်းအလဲတစ်ခု ခံစားသလိုမျိုးလောက်သာ မြကြည် ခံစားမိသည်။အလွယ်တကူ သိပ်ပြီး စိတ်လှုပ်ရှားခြင်း ၊ ဝမ်းသာ ကြည်နူးပျော်ရွှင်ခြင်း မဖြစ်တော့။
လူဘဝ သက်တန်းက အနှစ်၆၀-၈၀။ အခြေအနေပေးလျင် နှစ်၉၀-ကျော်အထိ နေရမည်။ ဒီတော့ ဒီအသက်ရှင်နေစဉ် ကာလမှာ ငါဟာ လူသားတစ်ယောက်ဖြစ်ခဲ့တယ်ဟဲ့ လို့ ပုံဖေါ်ဖို့ပဲလို့တော့တယ်။ တော်ပါတော့ကွယ် တန်းခိုးဗြာဒိတ်တွေနဲ့ အမွန်းတင်၊ အရောင်ခြယ်ထားတဲ့ ဘဝတွေကို ငါ့ကို လာမပြောစမ်းပါနဲ့လို့။
မြကြည်၏ နှလုံးသားကို ထူထဲသော အကာအရံ ဝေဖန်ပိုင်းခြားမှုအခွံမာတို့ဖြင့် အုပ်စီးကာကွယ်ထားခဲ့ပြီ။
ကိုယ် ကိုယ်တိုင်က လူသားတစ်ယောက်ဖြစ်သည့် အတွက် စိတ်ဝိဉာဉ်၊ နှလုံးသားကို နာကျင်တုန်လှုပ်အောင် ရိုက်ခတ်လေ့ရှိတဲ့ ဘဝရဲ့ လှိုင်းဒဏ်တွေ
လူသားတစ်ယောက်အနေဖြင့် ကြုံဆုံရအုံးမည်။ ထိုသည်အတွက် နှလုံးသားထဲ ဝင်ရောက်တိုက်ခိုက်လာမည့် ခံစားချက်ပေါင်းစုံတို့အား အထပ်ထပ် အဖန်ဖန် ဝေဖန်သုံးသပ် စစ်ဆေး သမှုပြုခြင်းဖြင့် အေးချမ်းမှုကို ရှာဖွေရသည်။
ကိုယ့် အသက် ၉၀-ကျော်အထိ ကိုယ်ကိုယ်တိုင် စိုက်ပျိုးထားတဲ့ ခြံထဲက ဘူးစင် အောက်မှာ ထိုင်ပြီး ရေကန်ထဲက ငါးကလေးတွေ ရေးကူနေတာ ကြည့်နေချင်သေးတယ် ကွယ်။
-------------------------------------------------------------------------------------------------
(၃)
“ကလေး ဒီမှာ ဘာထိုင်လုပ်နေတာလဲ”
ညင်သာနုညံ့တဲ့ မေးခွန်းသံရဲ့ အနောက်ကနေ အရိပ်တစ်ခုကလည်းကပ်ပါလာလျက် မြကြည်ထိုင်နေတဲ့ အရှေ့ မြက်ခင်း ခြောက်ခြောက်သွေ့သွေ့အပေါ်မှာပဲ ညင်သာစွာ အုပ်မိုးကြလာတယ်။
ကိုကို့ရဲ့ မေးသံကို မကြားမိ။ နားကျပ်စပီကာ သေးသေးလေးနှစ်ခုကို နားနှစ်ဖက်တွင် တပ်လျက် ဖွိုင်ဒါ ဒေါ်စတိုရပ်စကီ (Fyodor Dostoyevsky) ၏ ခရိုင်း(မ်) အန်(ဒ်) ပန်းနစ်(ရှ်)မန့် (Crime and Punishment) ကို ရွတ်ဖတ်ပြနေသာ စီဒီမှ အဲလက် ဂျန်းနင်း (Alex Jennings) ရဲ့ အသံကို အာရုံစိုက်ပြီး နားထောင်နေမိသည်။
ရှည်မျောမျော အရိပ်တစ်ခု မြကြည်အရှေ့ ရောက်လာမှ ထိုင်နေတဲ့ အရှေ့မှာ လူတစ်ယောက် ရောက်လာပြီဆိုတာသိလိုက်တယ်။ မြကြည်မော့် မကြည့်သေးခင် မြက်ခင်ပြင်ပေါ်မှာ ခပ်ဖွဖွ လာရပ်တဲ့ ခြေအစုံ အသာအယာလှမ်းကြည့်မိတယ်။
မိန်းကလေးများပင် မနာလိုစရာ ကောင်းလောက်အောင်း နီထွေးနေလေ့ရှိတတ်တဲ့ သူ့ရဲ့ ခြေချောင်း၊ ခြေဖနောင့်လေးတွေ မန္တလေး ဖိနပ် ကတ္တပါခင်း ကြက်သွေးရောင် အပေါ်မှာ ဝင့်ကြွားစွာ ရှိနေလေရဲ့။ ဒီလိုခြေဖဝါး ပိုင်ရှင်ဟာ ကိုကို ကလွဲလို့ ဘယ်သူရှိအုံးမှာလဲကွယ်။
မြကြည် မော့်ကြည့်လိုက်တော့ အသားမစား၊ အသီးအရွက်၊ပဲနှင့် ငါး ပုစွန်သာ စားသော ကိုကို့ ရဲ့ ခန္တာကိုယ်က မိန်မများ တတ်မက်ဖွယ် ကြွက်သားများနှင့် ဖွဲ့စည်းမထားပဲ ခပ်သွယ်သွယ် ပဲရှိသည်။ ပန်ချီးဆွဲလေ့ရှိတဲ့သူ့လက်ချောင်းတွေကတော့ သွယ်သွယ်လျလျရှိလှသည့် အပြင် ဖျော့တော့နေတယ်။
မြကြည်အတွက် ကတော့ ကိုကိုသည် ရင့်ကျက်သော အသိညဏ် နှင့် သန့်စင်သော အဇ္ဈတ္တစိတ်သဏ္ဍာန် တို့ ပိုင်ဆိုင်ထားကာ ဖြူစင်သူတွေအရှေ့မှ မားမားရပ်တည်နေမည့် သူရဲကောင်း တစ်ယောက်ဖြစ်သည်။
ချည်သားအင်္ကျီအဖြူ နှင့် အညိုညစ်ရောင် အကွက်စိပ်စိပ် ခပ်နွမ်းနွမ်း ပုဆိုးကို သာ ဝတ်ထားသော်လည်း ကြည်လင်တောက်ပနေသည့် မျက်လုံးနှင့် အပြုံး၊ လက်ချောင်းတို့က ကိုကို့၏ သန့်စင်သော စိတ်ဝိဉာဉ်များ ကိန်းအောင်းနေရာလည်း ဖြစ်သည်။
(၄)
ကိုကို့ ခေါင်းက ဆံပင် ပုံစံကို မြင်တော့မှ မြကြည် ပြုံးမိသည်။ ကိုယ်ဘာသာ ဆံပင်တွေ စက်နဲ့ ရိတ်လာပြီဆိုတာ သိလိုက်တယ်။ သိပ်အတိုကြီး မရိတ်ပါနဲ့လို့ ပြောလဲ မရ။ ပြောရင်းလည်း သူ့ဆင်ခြေနှင့် သူ ဟုတ်လို့ နေသည်။
ခေါင်းဘီး၊ ခေါင်းလိမ်းဆီ မသုံးသော ကိုကို အတွက် ခေါင်းရိတ်စက်သွား နံပါတ်-၂ နှင့် ကိုယ်တိုင်ရိတ်ထားသော ခေါင်းသည် ဆံပင်ညပ်ခ မကုန်။ ခေါင်းလျှော်ရည် မလို။ ခေါင်းအုံးအစွပ်များလည်း ညစ်ပတ်သက်သာသည် ဟု ဆင်ခြေပေးသည်။
မြကြည် ကိုကို့ ကို ပြုံးပြီး ကြည့်နေသည်။ မြကြည် ဘာကြောင့် ပြုံးကြည့် နေတာကို သိသော ကိုကိုက ရှက်ကိုးရှက်ကန်းအပြုံးနှင့် ဗိုလ်ချုပ်အောင်ဆန်းကေ ဆံပင်ကိုသာ ပွတ်နေတော့သည်။
“ကိုကို လာထိုင်အုံး။ မြကြည် ခရိုင်း(မ်) အန်(ဒ်) ပန်းနစ်(ရှ်)မန့် ကို နားထောင်နေတာ။ တချို့ အပိုင်းတွေ နားမလည်လို့ ရှင်းပြပေးအုံးနော်..”
အမြဲလိုလို ကိုကို့ရှေ့ရောက်လျင် မြကြည် ကလေးတစ်ယောက်လို့ ခံစားရသည်။ ကလေးတစ်ယောက်ကဲ့သို့ ချွဲနွဲ့နေချင်သည်။ ကိုကို့ဆီမှ ဂရုတစိုက်နှင့် ချစ်ခင် ကြင်နာသော စကားလုံးများကို ကြားနာချင်သည်။
ဒါကြောင့် မို့ပဲ ကိုကိုက မြကြည်ကို ကလေးလို့ပဲ ခေါ်ခဲ့သည်။ မြကြည် ကျေနပ်သည်။ ကိုကို မြကြည်နံဘေးမှာ လာထိုင်တော့ ကိုကို့ လက်မောင်းနှင့် အသားချင်းထိအောင်ဆိုပြီး မြကြည် ကိုကိုဘက် အတင်းတိုးသွားသည်။
အသားမစား၊ အသီအရွက် ငါးတို့ဖြင့်သာ တင်းတိမ်လေ့ရှိသဖြင့် အမြဲလိုလို သန့်စင်နေသော ကိုကိုရဲ့ ကိုယ်နံ့တွေက နွေးထွေးနေလေ့ရှိသည်။ အတင်းတိုးဝှေ့ဝင်လာသော မြကြည့်၏ ကိုယ်လုံး လုံးလုံးကျစ်ကျစ်ကလေးကို ကြင်နာစွာ အလိုက်သင့် ထွေးပွေ့လျက် ဖေးမထားပေးသည်။
မြကြည်နားနှစ်ဖက် မှ နားထောင်နေသော နားကျပ် နှစ်ခုကို ကိုကိုက အသာအယာ ဖြုတ်ပေးလျက် ဖွင့်ထားသော စီဒီစက်ကလေးကို ပိတ်လိုက်သည်။
“ကလေး နားထောင်နေတာ ဘယ် အပိုင်း ရောက်သွားပြီလဲ”
ညင်သာသော မေးခွန်းသံနဲ့ အတူ နွေးထွေးသော အနမ်း တစ်ခုက နဖူးပေါ် အသာအယာ ကျလာသည်။
(၅)
“အခုမှ ရက်စ်ကိုးလ်နီးကော့ဖ် ဆိုတဲ့ လူက လူသတ်မှု ကျူးလွန်းဖို့ စဉ်းစား နေတုန်းပဲ ရှိသေးတယ်။”
“ဟုတ်တယ် ကလေး..အဲဒါဟာ လူတစ်ယောက်ရဲ့ စိတ်မှာ နာကျင် ခံစားမှုတွေ နဲ့ ကောင်းခြင်း ဆိုးခြင်း ခွဲခြားမှုတွေ အားပြိုင် လွန်ဆွဲနေတဲ့ အပိုင်းပေါ့”
“ဟုတ်တယ်နော် ကိုကို… လူတစ်ယောက်ဟာ စိတ်ခံစားချက် အဆုံးစွန် ရောက်သွားတဲ့ အချိန် အခိုက်အတန့်မှာ ထိန်းချုပ် စဉ်းစားနိုင်စွမ်းရှိတဲ့ အသိညဏ်မဲ့ သွားတယ်.. ဖြစ်လာမဲ့ အကျိုးဆက်ကို ဂရုမစိုက်တော့ဘူး”
“အင်း…ဒါကလည်း လူသဘာဝအရ ဖြစ်နိုင်တာပဲ။ ဒီခံစားချက် အရှိန်အဟုန်ကိုသာ ဘယ်လို နားလည်အောင် လုပ်ရမလဲဆိုတဲ့ အချက်ပေါ့”
မြကြည်၏ ဆံပင်ရှည်ရှည်များ အထဲကို လက်ထိုးထည့်လျက် ဆွဲဖွနေရင်း နူ့ညံစွာ ခပ်တိုးတိုးလေး ပြောပြနေသော ကိုကို့ အသံသည် တိကျသော ယုံကြည်ချက် အဖြေတစ်ခုကို ရှိနေသည်။
“ကိုကို အဲဒီ ခံစားချက်တွေ ကို ဘယ်လို နားလည်အောင် လုပ်ပြီး ထိန်းချုပ် တားဆီးရမလဲ ဟင်။ ပြီးတော့ ဒီဝတ္တု အဆုံးက ဘယ်လိုဖြစ်သွားလဲ ဟင်”
စိတ်အားထက်သန်စွာ မေးခွန်းတွေ နှင့် ကလေးငယ် တစ်ယောက် သဖွယ် သိချင်စိတ် ပြင်းပြစွာ ကိုကို့ ကို မေးလိုက်သည်။
“ကလေး… ခံစားချက် ဆိုတာ အခု ကလေးဖတ်နေတဲ့ ဒီဝတ္တု အဆုံးကို သိချင်စိတ် ပြင်းပြသလိုပဲပေါ့။ သီချင်း တစ်ပုဒ် နားထောင်တဲ့ အခါ၊ ဒါမှမဟုတ် ပန်းချီကာ တစ်ချပ် ကို ကြည့်ရှု့တဲ့ အခါ ကိုယ့် အတွင်း စိတ်သဏ္ဍန်ကနေ အလိုလို ပေါ်လာတဲ့ အရာမျိုးပေါ့။
အဲဒါကို ကိုကို့လို အပြင်လူတစ်ယောက် က ကလေးရဲ့ နဂိုမူလ ခံစားချက်တွေ ပြောင်းလဲ သွားစေမဲ့ အရာတွေ မပြောသင့် မလုပ်သင့်ဘူး “
(၆)
မြကြည် အပေါ် အုပ်မိုး ကြည့် နေသော ကိုကို့ အပြုံးသည် နားလည်မှုအပြည့်နှင့် ကြည်လင် တောက်ပနေသည်။ တိုးညင်းစွာနှင့် ရှင်းပြနေသော အသံသည် မွမွလေး တိုက်ခတ်နေသာ လေပြေနှင့် အပြိုင် ညိမ့်ညိမ့်ညောင်းညောင်းရှိလှသည်။
ထို့နောက် မြကြည်နားထောင်နေသာ စီဒီစက် ကလေးကို လက်ညိုး ထိုးပြလျက် တိုးညင်းသော စကားကို ဆက်လေသည်။
“အခု ကလေးနားထောင်နေတဲ့ ဒီဝတ္ထု အဆုံးသတ်က ဘာလဲ၊ ဘယ်လို မြင်သလဲဆိုတာ ကလေးဘာသာ ရှာဖွေရမဲ့ အရာတွေပဲ။ သီချင်းတွေ၊ ပန်းချီကားတွေ နားထောင်တယ်၊ ကြည့်ရှု့တယ် ဆိုတာလည်း အဲဒီ အတိုင်းပဲပေါ့။ ကိုယ်ပိုင် အလိုလို ပေါ်လာတဲ့ ပျော်ရွှင်မှု၊ ကြည်နူးမှု၊…အစရှိတဲ့ ရသတွေပေါ့။ သူများတွေက ပြောသလို ဒီပန်ချီကား က ဘာအကြောင်းပြောတာ၊ ဒီသီချင်းက ဘာကို ဖွဲနွဲ့တာဆိုပြီး အဲဒီ အတိုင်း လိုက်ပြီး ခံစားရင် ကလေးရဲ့ အတွေးအခေါ် ခံစားချက်တွေ ဘောင်ခတ်ပြီးသာ ဖြစ်သွားလိမ့်မယ်။ အဲဒီလိုမျိုး ပြောတဲ့ လူကို တရားစွဲလို့ ရရင် ကိုကို တရားစွဲချင် စမ်းပါဘိ”
ကိုကို့ စကားကြောင့် မြကြည် ရုတ်တရက် ရယ်လိုက်မိသည်။ မြကြည်ရယ်တော့ ကိုကိုလည်း ရောရောင် လိုက်ရယ်သည်။
“ဟုတ်တယ် ကလေးရဲ့။ လူရဲ့ စိတ်၊ အတွေးအခေါ်တွေဟာ လွတ်လပ်နေရမယ်။ ကိုယ့် ရဲ့ ခံစားချက် တွေကို ထိန်းချုပ်ဖို့ လုပ်ယူနေဖို့ထက် နားလည်ဖို့ ပဲလိုတယ်။ ကိုယ်ကိုယ်တိုင်က ကိုယ့် ခံစားချက်၊ ကိုယ့်ဘဝလမ်းကြောင်းတွေကို နားလည်ရင် သူများရဲ့ ခံစားချက်၊ သူများတွေရဲ့ ဘဝတွေကို နားလည် ပေးရမယ်။ အခြားလူတွေကို နားလည်ရင် လူ့သဘာဝ၊ လူ့ လောကကြီးအကြောင်း ကလေးနားလည်ပြီးပေါ့”
--------------------------------------------------------------------------------------------------
(၇)
အခုအချိန် အတိတ်ကို ပြန်ကြည့်လျင် ကိုကိုနှင့် ခွဲခွာခဲ့ပြီးသည့်နောက် မြကြည်ဘဝ မျဉ်းကြောင်းသည် အနိမ့်အမြင့် အတက်အကျတို့ဖြစ် ရင်ခုန် စိတ်လှုပ်ရှားဖွယ် ရှိလှသည်။ မြကြည် ဘဝ၏ ကစားပွဲတွင် အမြတ်ထွက်သည်ဟု ကိုယ့်ကိုယ်ကို ယူဆသည်။
ကိုကိုသည် ခံစားချက်များအပေါ် အမိအရတွယ်ကပ် ဆုတ်ယူလျက် လွင့်လွင့်မျောမျော ရှိနေတတ်တဲ့ အချိန်တွေအပေါ်မှာ ယုံကြည်နားခိုနေခိုက် မြကြည်သည် လွင့်မျောနေရာမှ ဆက်လက် စီးဆင်းသွားလျက် ဘယ်သော အခါမျှ နားခို ရပ်တန့် မနေခဲ့ချေ။
မြကြည် ကိုယ်တိုင် ဝတ္တုဇာတ်လမ်း ဆုံးအောင် ဖတ်ခဲ့ပါသည်။ ကိုယ်တိုင် ခံစားချက်နဲ့ သီးချင်းတွေလည်း နားထောင်ခဲ့ပါသည်။ကိုယ်ပိုင် စိတ်အာရုံ အမြင်နဲ့ ပန်းချီကားတွေကိုလည်း ကြည့်ရှု့ခဲ့ပါသေးသည်။
ဒါပေမယ့် အဲဒါတွေထက် ကျော်လွန်ပြီး မြကြည် ကိုယ်တိုင် ဝတ္ထုတွေ ရေးခဲ့သလို၊ သီချင်းတွေဖွဲ့၊ ပန်ချီကားတွေလည်း ရေးဆွဲ ခဲ့သေးတယ် ဆိုတာ ကိုကို့ ကိုပြောပြချင်သည်။
“မြကြည် လူတွေနဲ့ စိတ်ခံစားချက် အကြောင်းတွေကို နားလည် ခဲ့ပါပြီ ကိုကိုရယ်”
အနန္တမေတ္တာဖြင့်
ဘကောင်း
2 comments:
တစ်ကြောင်းချင်းသေချာဖတ်သွားပါသည်။
i just miss you quite a lot and tried to find your website.The words selected were romantic and expressive.But the novel couldnt explain about Mya Kyi well, just partly.It ended just abruptly and couldnt tell us why she got prinsoned, what she did in her future after getting out from prison or it is not clear that what she did in the novel was after the prisnon or not.
Do you paint anymore? just keep up your work.
Post a Comment