မိညို (၃)


ထို့နောက် မိညိုအား ဦးလှမောင်တို့ အိမ်တွင် မတွေ့ရတော့ချေ။ ဦးလှမောင်ကို အမေမေးကြည့်တော့ ရွာ ခဏပြန်ပို့ထားသည်ဆိုသည့် အဖြေသာရသည်။ ဤသို့ဖြင့် မိညိုသည် ကျွန်တော်တို့ ရပ်ကွက်မှ နှစ်နှစ်ကျော်ခန့် ပျောက်သွားခဲ့သည်။ ရပ်ကွက်တကာ လှည့်လည်နေတတ်သော မိညိုအား ပုဏ္ဏာကုန်း၊ သေတ္တာဝင်း၊ ပေါက်ပေါက်တန်း စသည့် ရပ်ကွက်မှ လူများအကြားတွင် မေ့မေ့လျောလျော ဖြစ်လာသည်။ ဦးလှမောင်တို့သည် နေ့စဉ် ပုံမှန် လေဘေး အဝတ်များကို လျှော်ဖွတ်လုပ်ကိုင်ဆဲပင်။ ဒူးမှတ်ကြီး၊ လှိုင်ဘွားနှင့် ကျွန်တော်တို့ ကလေးတစ်သိုက်သည် ပုရစ်ပေါ်ချိန်တွင် ပုရစ်နိုက်မြဲ နိုက်လျက်၊ ညအချိန် တောက်တဲ့တို့ အော်မြည်သည့် အခါ မိုးလား၊ လေလားဟု တောက်တဲ့ ဗေဒင် ညစဉ် မေးတတ်ကြလျက် မေ့လွယ်ပျောက်လွယ် ကလေးဘဝကို ဖြတ်သန်းနေချိန်ဖြစ်သည်။ ဦးလှမောင် ကျွန်တော်တို့အိမ် လာသည့် အခါတွင် အမေသည်လည်း မိညို အကြောင်း စကားဝိုင်းထဲတွင် တစ်ခွန်းမှ မဟတော့။ အမေသည် မိညိုကလေး အပေါ် ခင်မင်ရင်းစွဲရှိပေသည့် လူစုံ ပြဿနာစုံလှသော ဦးလှမောင်တို့ အိမ်မှ အကြောင်းအရာများကို လိုအပ်သည့်ထက် ပိုမိုကာ စပ်စပ်စုစု မမေးမြန်းတော့ချေ။ တခါတရံ ကျွန်တော်တို့ အိမ် ပြောင်းဖူးများ ပြုတ်စားကြသည်တွင် ပြောင်းဖူး ကြိုက်တတ်သော မိညိုကို သတိရမိတတ်သေးသည်။

အချိန် နာရီ စက္ကန့်တို့သည့် တရွေ့ရွေ့ တဖြည်းဖြည်းနှင့် သွားနေသည်ဟု ထင်ရပေသည့် နောက်ပြန်ဆုတ်တတ်သည့်၊ ရပ်တန့်နေတတ်သည့် ဖြစ်စဉ်များ မဟုတ်ကြချေ။ ရာသီစက်ဝန်းသည်လည်း နွေမှ မိုး၊ မိုးမှ ဆောင်း အလီလီ ပြောင်းသွားခဲ့သည်။ အိမ်အနားမှ ကုက္ကိုလ်ပင်ကြီးတွင် တောက်တဲ့တို့ စီးပွားလာကြသည်။ တောက်တဲ့ အကောင်ရေ တိုးလာသည်။ ရပ်ကွက်ထဲမှ လူဟောင်းအချို့ ရပ်ကွက်ကို စွန့်ခွာကာ မြို့သစ်သို့ ပြောင်းသွားကြသည်တွင် လူသစ်များ အစားထိုးဝင်ရောက်လာသည်။ အဖေ နာမည် ပေးထားသော မိုရှိဒါရန်းဆိုသည့် ခွေးမသည်ပင် ခွေးသားပေါက် တစ်သိုက်နှင့် လမ်းထဲ၌
တရုံးရုံးဖြစ်နေသည်။ ရပ်ကွက်ထဲတွင် မွေးခါစ ကလေးငိုသံတို့ ဟိုတစ်စ ဒီတစ်စ ပျံ့လွင့်လာတတ်သည်။ အိမ်ရှေ့က မြောင်းထဲတွင် ဗေဒါပင်တို့ ပြည့်နှက်လျှံတက်နေကြသည်။ မြောင်းငါးတို့ ပျော်ရွှင်မြူးတူးစွာ သားပေါက်ကြသည်။ ဤကမ္ဘာကြီးသည် အစစ အရာရာ စည်ပင်ပွားများနေသော လောကကြီးဖြစ်သည်။

နွေကာလ နေ့တစ်နေ့၏ သစ်သားစို အနံ့များ မွန်ထုံနေသော သေတ္တာဝင်း၏ လမ်းမထဲတွင် ကျွန်တော်တို့ တစ်တွေ ကျီသားရိုက်တန်း ကစားနေကြချိန်၌ ထီးနက်ကို ဆောင်းလျက် ပူပြင်းလှသောနေရောင်ကို အံတုလာနေသော ဦးလှမောင်နှင့် သူ့နောက်တွင် ခြေလှမ်းမှန်မှန် လိုက်လာ သော မိညိုကို တွေ့လိုက်ရသည်။ တကယ်တော့ သူမ အသွင်အပြင်သည် မိညိုကြီး လို့ သမုတ်ရမည့် ပုံပင်။ အဘယ်ကြောင့် ဆိုသော် မိညိုသည် သူမနှင့် အတူ သူမ၏သားကလေးပါ တစ်ပါးတည်း ခေါ်ယူလာခဲ့သည်။ ဟိုရင်အခါ ရွာက ခေါ်လာကာစ မျက်လုံး ညိုပြာညက်နှင့် ပျိုရွယ်စ မိညိုသည် ယခုအခါမှာတော့ ပြည့်ပြည့်ဖြိုးဖြိုး ကြီးရင့်သည့် အသွင်ကို တွေ့ရသည်။ အရင်တုန်းက ဂျစ်တီးဂျစ်ကန်၊ အရာရာကို တွန်းလှန် ပုံကန်မည့် ဟန်ရှိခဲ့သော မိညိုကို အခု ပြန်တွေ့တော့ ခေါင်းငိုက်စိုက်လျက် လောကဒဏ်ကို ပြည့်ပြည့်ဝဝ ခံစားခဲ့ရသည်ထင့်။

ဘာပဲပြောပြော အဲဒီလိုနဲ့ပဲ မိညို ဦးလှမောင်တို့ အိမ် ပြန်ရောက်လာခဲ့သည်။ သူမနဲ့ အတူ သူမသားလေးပါ အဆစ်ပါလာခဲ့သည်။ ကျွန်တော်တို့ ရပ်ကွက်သည် မိညိုကို ကြိုဆိုမြဲ ကြိုဆိုလျက် ရှိသည်။ အချိန်နာရီတို့ တိုက်စားမှုအောက်တွင် မေ့မေ့လျော့လျော့ ရှိခဲ့ ကြသော်လည်း ယခုတဖန် ပြန်လည်တွေ့သည့် အခါ ယခင်ကကဲ့သို့ ဂရုတစိုက် ရှိကြသည်။ ဟော..အခု သားကလေးပါ အဆစ်ပါလာတယ် ဆိုတော့ ပိုပြီး မိညို၏သားကလေးကို ပါ ဂရုတစိုက် စောင့် ကြည့် ကြသည်။ အချိန်တန်တော့လည်း သူကလေးသည် ကျွန်တော်တို့ ရပ်ကွက်၏ ရှေ့မှောက်တွင် တဖြည်းဖြည်း ကြီးပြင်းလာခဲ့သည်။

မိညိုကို ရပ်ကွက်က မိညိုဟု သိထားကြသည်။ အခု မိညိုရဲ့သားကြတော့ မိညိုသားဟုပင် ခေါ်ကြသည်။ သူ့သားကို နာမည်မပေးရသေးချေ။ မိညိုကို ခင်မင်မြဲ ခင်မင်လျက်ရှိသော အမေသည် မိညို သားလေးရလာတော့ သူ့သားလေးကိုပါ ခင်မင်ရသည်။

မိညိုသားသည် မျောက်ရှုံးအောင် ခုန်ပေါက်ဆော့သည်။ အိမ်လည်း မကပ်။ အမေဗီဇ ပါသည်ထင့်။ ဟိုအရင်တုန်းက ဒေါ်သိန်းတန်သည် မိညို ကို အိမ်ပြန်မိုးချုပ်လို့ ရပ်ကွက်တကာလှည့် လိုက်လံရှာခဲ့ရသည်။ အခု မိညို ဝဋ်လည်ပြီ။ မိညိုကိုယ်တိုင် ရပ်ကွက်တကာ၏ လမ်းထောင့်များတွင် သူမသားအား တကြော်ကြော် ဟစ်အော် ရှာဖွေသံကို ညနေတိုင်းတွင် ကြားရတတ်သည်။ သူမသားအား ရုတ်တရက် ခေါ်လို့မရတတ်သည့် အခါများတွင် သူမ၏ အော်ခေါ်သံတို့သည် ငိုသံများ ပါနေတတ်သည်။ မျက်ရည်တစ်ရွှဲရွှဲနှင့် စိတ်လွယ်သော မိညိုကို ရပ်ကွက်ထဲမှလူအားလုံးက စုပ်တသပ်သပ်နှင့် သနားဂရုဏာလည်း ဖြစ်ကြသည်။

ကျွန်တော်သည် မိခင်၏ မေတ္တာကို မိညိုနှင့် ပတ်သက်ပြီး နားလည် ခံစားခဲ့ရသည်။ ပါးပြင်တွင် မျက်ရည်စီးကြောင်းတို့ ယိုစီးကြလျက် သားပျောက်ကို ရှာဖွေနေလေ့ရှိသော မိညိုကို တွေ့တိုင်း ရင်နင့်အောင် ခံစားရသည်။ သူမ၏ ဝမ်းနည်းမှုသည် တပါးသူတို့ကို ကူးစူးတတ်လေ့ရှိသည်။ မိခင်တို့သည် သားသမီးတို့နှင့် ပတ်သက်ပြီး ပူပင်သောကများကြရသည်။ ငယ်ရွယ်သူ ကလေးတို့သည်ကား နားမလည် တတ်သေးချေ။ သူရို့အား စကားလုံးများဖြင့် မိဘမေတ္တာအား နားလည်အောင် ပြောပြခြင်းသည် အရာရောက်မည် မဟုတ်။ မိဘများ ကိုယ်တိုင် မေတ္တာပြ အမူအရာ၊ အတုယူစရာ စံနမူုနာများ လုပ်ဆောင်ပြသခြင်းဖြင့်သာ ကလေးများအား မိဘ၏ မေတ္တာ နားလည် သဘောပေါက်စေသည်။ မေတ္တာသည် နူညံသိမ်မွေ့သည့် သဘောကို ဆောင်သည့် အတွက် နူညံသိမ်မွေ့စွာ ပြုမူပြောဆို ဆက်ဆံသင့်ပေသည်။

ငယ်ရွယ်စဉ် အခါက နှလုံးသားကို နက်ရှိုင်းစွာ ထိတွေ့ခဲ့သော အဖြစ်အပျက် အကြောင်းအရာတို့သည် ကြီးလာသည်အထိ စွဲမြဲနေတတ်သည်။ မိညိုသည် နမ(နွားမ) ကလေး တစ်ကောင်သာ ဖြစ်သည်။ တိရိစ္ဆာန်တစ်ကောင်သာ ဖြစ်ပေသည့် သူမတွင်ခံစားချက် ရှိသည်။ လူတွေကဲ့သို့ မေတ္တာတရားလည်း ရှိသည်။ နှလုံးသားပူဆွေးသောကရောက်လျက် မျက်ရည်စီးကြောင်းတို့ဖြင့် သားပျောက်ရှာနေရသော မိညို၏ အော်သံ ခေါ်သံတို့သည် ယနေ့ထက်တိုင် ကျွန်တော့် အာရုံအထဲတွင် စွဲမြဲနှစ်ဝင်လျက် ရှိသည်။

မိညို ကဲ့သို့ပင် မျက်ရည်စီးကြောင်းတို့ဖြင့် ပြည့်နက်နေတတ်သော အခြား အခြားသော နွားများအား လည်း တွေ့ဖူးခဲ့ပါသည်။ ထိုစဉ်က သူရို့အား သားသတ်ရုံသို့ ခေါ်ဆောင်သွားကြသည်ကို တွေ့ရှိခဲ့ဖူးသည်။ အသားစားကျုးသော လူတို့အတွက် သူရို့၏ အသွေး အသား အသက် နှင့် ခံစားမှုအားလုံးတို့ ကို ပေးဆပ်ကြရသည်။ သူရို့၏ အသွေးအသားနှင့်အရိုးတို့သည် ထမင်းစားပွဲရှေ့သို့ ရောက်သောအခါ နာကျင်စွာ ငိုကြွေးသံ၊ နာကျည်းစွာ ဟစ်အော်သံတို့သည် တိတ်ဆိတ်နေတော့သည်။ သို့တည်းမဟုတ် သူရို့၏ အော်သံများက လူသားတို့ နားဖြင့် မကြားနိုင်တော့သည် အထိ တိုးတိတ်သွားသည်လော မပြောတတ်ချေ။ အကယ်၍သာ ထိုအသံတို့အား လူသားတို့သာမန်နားဖြင့်ကြားနိုင်စွမ်းရှိပါက သူရို့၏ အသွေး၊ အသား၊ အရိုးတို့ဖြင့် ပွဲတော်တည်သော ထမင်းစားပွဲများပေါ်ထိ ဆူညံစွာဟစ်အော်နေပေလိမ့်မည်။

လူသားတို့၏ စိတ်ဝိဉာဉ် သည်ကာ ရုန်းကန်ရှင်သန် အသက်ဆက်ရေးအတွက် တပါးသူတို့၏ အသွေးအသားတို့ဖြင့် အသက်ဆက်ရှင်သန်ရသည် ဟူသော အတွေးအခေါ် အယူအဆတို့ဖြင့်လွှမ်းမိုးထားသည်။ လူတို့၏ အစားအစာရွေးချယ်မှုတို့သည် မိမိတို့၏ အာသီသ တပ်မက်သည့် အပေါ်အခြေခံလေ့ရှိကာ အသွေးအသားတို့ကို မှီဝဲစားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကလပ်စည်းတို့ကိုလည်း အလွယ်တကူ ပျက်ဆီးစေလေသည်။ နိုင်ရာ စား လောကကြီးတွင် တစ်ဦးကို တစ်ဦး ဆင့်ကဲဆင့်ကဲ စားသုံးကြခြင်းဖြင့် ခန္ဓာကိုယ်ကို တည်ဆောက်ကြလေသည်။

ဤကမ္ဘာကြီးတွင် မိညိုကဲ့သို့ မိဘမေတ္တာ အခြေခံလျက် သားသမီးတို့အတွက် ငိုကြွေးကြရသော မိခင်များ၊ လူတို့၏ ရက်စက်တတ်သော စိတ်နှလုံးဖြင့် တစ်ပါးသူတို့အား အလွယ်တကူ သတ်ဖြတ်ခြင်းများ ပပြောက်သွားပါစေလို့ ဆုတောင်းပေးပါသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

မိညို (၂)


ဦးလှမောင်တို့ကလည်း ဒိုဘီလုပ်ငန်းနဲ့ပဲ မိသားစု တစ်ခုလုံးကို ကျားကန်ထားရတာဆိုတော့ သာမန် ရရာစားစား ဘဝပဲ။ ဦးလှမောင်တို့တင် မဟုတ်ပါဘူး။ ပုဏ္ဏာကုန်းက မိသားစုတွေ အားလုံးက တစ်နေ့လုပ် တစ်နေ့စား ရရာစားစား ဘဝတွေချည်းပဲ။ သူရို့ ဘဝတွေနဲ့ စာရင် သေတ္တာဝင်းထဲက လူတွေကပိုပြီး အဆင်ပြေ ချောမွေ့တယ်လို့ ပြောရမှာပဲ။ အမေ့ အသိ သေတ္တာဝင်းထဲက ဒေါ်စိန်မြင့်ဆိုရင် ရွှေဆွဲကြိုးတောင် ဝယ်နိုင်တယ်။ သူရို့ အိမ်ရှေ့မှာလည်း ထင်းရှုးသေတ္တာတွေ ပုံလို့၊ သစ်သားပြားတွေကလည်း အိမ်နံရံတွေမှာ မှီပြီး ထောင်ထားတာ သစ်သားနံ့က မွန်နေတတ်တယ်။ ကျွန်တော် တို့အတွက် အဲဒီ သစ်သားအနံ့တွေက မွှန်တယ်၊ အနံ့ပြင်းတယ်လို့ ပြောရပေမယ့်၊ ဒေါ်စိန်မြင့်တို့ မိသားစုအတွက် အဲဒီ သစ်သားနံ့တွေ များများမွှန်လေ၊ စီးပွားရေ ကောင်းလေပဲ။

မိညိုကို ကြည့်မရတဲ့သူကတော့ အဲဒီ ဒေါ်စိန်မြင့်ပါပဲ။ တစ်ခါတရံဆိုသလို မိညိုက ဒေါ်စိန်မြင့်တို့ အိမ်က လှမ်းထားတဲ့ သစ်သားပြားတွေကို တွန်းလှဲပစ်တတ်တယ်။ အဲဒါကြောင့် မိညိုဆို ဒေါ်စိန်မြင့် က သိပ်ပြီး မျက်နှာသာ မပေးဘူး။ သိပ် မကြည်ဘူးပေါ့။ မိညို အိမ်လာလည်ပြီဆိုရင် လက်မခံဘူး။ ပြန်မောင်းထုတ်ပစ်တယ်။ ဒေါ်စိန်မြင့် အတွက် စည်းပွားရေး အရ အနှောက်အယှက် ဖြစ်တာကိုး။ မိညိုကတော့ အမှတ်သည်းချေ မရှိတာလား။ သေသေချာချာ အရွဲ့တိုက်ပြီး လုပ်တာလား မသိဘူး။ ဒေါ်စိန်မြင့်ရဲ့ သစ်သားပြားတွေ ကြုံရင် ကြုံသလို တွန်းလှဲပစ်လိုက်တာပဲ။ သဘောကတော့ ငါ့ကို မောင်းထုတ်တာ မှတ်ကရောဆိုတဲ့ လက်တုန့်ပြန်တဲ့ သဘောပေါ့။

ဦးလှမောင် တို့က ဆင်းရဲကြတယ် ဆိုပေမယ့် ဆွေမျိုး အင်အားက ကြီးတယ်။အဲဒီ ဆွေမျိုးတွေက လောက်လောက်လားလား အားကိုးရမလားဆိုတော့လည်း တစ်ယောက်မှ အားမကိုးရဘူး။ သူ့ဆွေမျိုးတွေက ဦးလှမောင်ဆီပဲ ခိုကပ်စားသောက်နေကြတာ။ ရွာက ဦးလှမောင်ရဲ့အဒေါ်ဆိုတာ လာလည်ပြီး ဆယ်လကိုးသီတင်း ဘာအလုပ်မှ မလုပ်ပဲ ဦးလှမောင်တို့နဲ့ကပ်ရပ်ပြီး စားသောက်နေတတ်တယ်။ အဲဒီအဒေါ်ပြန်သွားလို့ ဘာမှ မကြာခင်မှာပဲ ဒေါ်သိန်းတန်ရဲ့ ဘိန်းစွဲနေတဲ့ တူတစ်ယောက် အလုပ်မရှိလို့ အိမ်က နှင်ချခံထားရတာ ဦးလှမောင်တို့ဆီပဲ ရောက်လာတယ်။ ရွာက ဦးလှမောင်ရဲ့ တူဝမ်းကွဲတစ်ယောက် မိန်းမခိုးပြေးရင် ဦးလှမောင်ဆီပဲ။ ဒေါ်သိန်းတန်ရဲ့ အစ်ကို အကြီးဆုံး ဦးဇော်ထွန်းက ထောင်ကထွက်လာတော့ ဦးလှမောင်တို့ အိမ်မှာပဲ နေတယ်။ ဒေါ်သိန်းတန် ရဲ့ မောင် အငယ်ဆုံး အရက်သမားက ပြဿနာဖြစ်ပြီး ရပ်ကွက် အချုပ်ခန်းရောက်တော့ ဦးလှမောင်ပဲ အာမခံနဲ့ အချုပ်ထဲက ထုပ်ပေးရတယ်။ ဟိုဖက် ဆွေမျိုး၊ ဒီဖက်ဆွေမျိုးတွေရဲ့ ပြဿနာတွေကို ဒိုင်ခံဖြေရှင်းပေးနေရတဲ့ ဦးလှမောင်တို့ ဒိုဘီလင်မယား ကြာတော့ ထိုဒဏ်တွေနှင့် ဆင်းရဲတွင်း နက်သထက် နက်လှသည်။

ဦးဇော်ထွန်းသည် ရပ်ကွက်၏ လူ့ချဉ်ဖတ်တစ်ယောက်လည်း ဖြစ်သည်။ ဒေါ်သိန်းတန် တစ်ယောက် ထိုအစ်ကိုဖြစ်သူနှင့် မောင်ဖြစ်သူတို့ နှစ်ယောက်၏ မိုက်တွင်းနက်မှုဒဏ်ကို ခါးစည်းခံရသည်။ အေးအေးဆေးဆေး နေတတ်သော ဦးလှမောင်သည် သားနှစ်ယောက်ဖြစ်သော လှိုင်ဘွားနှင့် ဒူမှတ်ကြီးတို့၏ ပညာရေး ထူးချွန်ဖို့အတွက်သာ အာရုံစိုက်သည်။ မိန်းမဘက်မှ ထိုလူမိုက်ညီအစ်ကို နှစ်ယောက်နှင့် ပြဿနာ ကင်းရှင်းအောင် နေသည်ထင်ပါရဲ့။ လင်မယားနှစ်ယောက် စလုံး မိုးလင်းမှ မိုးချုပ်အထိ လေဘေးထည်များ လျှော်တန်သည်ကို လျှော်၊ မီးပူတန်သည်တို့ကို မီးပူတိုက် အစရှိသဖြင့် တရစက် အလုပ်လုပ်ရသည်။ ကံကောင်းလျှင် နိုင်ငံခြား ပိုက်ဆံများ အဝတ်အစား အိပ်ထောင်(အိပ်ကပ်) များထဲပါလာပါက သူရို့ ရတတ်သည်။ ဂျပန်ပိုက်ဆံ ယန်းငွေများ၊ အမေရိကန် ဒေါ်လာများ ရံဖန်ရံခါ လေဘေးထည်များထဲတွင် ပါလာတတ်သည်။

ဒိုဘီလုပ်ငန်းဆိုတာ လေဘေးဈေးသည်တွေကို မှီခိုပြီး လုပ်ကိုင်စားသောက်ရတာကိုး။ ရပ်ကွက်ထဲက လူတွေက တကူးတက ပိုက်ဆံအကုန်ခံပြီး ဒီုဘီသည်တွေကို အဝတ် ဘယ်လျှော်ခိုင်းမလဲ။ ကိုယ်တိုင် လျှော်ကြမှာပေါ့။ လေဘေးဈေးသည်တွေကသာ စီးပွားရေး အရ အထည်တစ်ရာ နှစ်ရာအစရှိသဖြင့် လျှော်ခိုင်းကြတာ။ ဒီတော့ လေလေးသည်တွေ စီးပွားရေး အတက်အကျပေါ် မူတည်ပြီး ဒိုဘီသည်တွေ အလုပ်အကိုင် ရမှု၊ မရမှု ဖြစ်ရတာ။ လေးဘေးသည်များ အရောင်း အဝယ်ကောင်းပါက ဒိုဘီသည်များထံ အဝတ်အထည်များ စဉ်ဆက်မပြတ် အပ်နှံကာ အလုပ်ပေးနိုင်သည်။ တဖန် လေဘေးအဝတ်အထည်များ ရောင်းဝယ်ဖောက်ကား မှု များလာခြင်းသည် လူအများ အဝတ်အထည်အသစ်များကို ဝယ်နိုင်မှုအင်းအား နည်းပါးလာခြင်းဖြစ်သည်။ တနည်းအားဖြင့် ဆင်းရဲသား လူတန်းစား များပြားလာခြင်း ဖြစ်သည်။ ကျွန်တော့် အမေ၏ လေဘေးလုပ်ငန်းသည် အောက်ခြေ အခြေခံလူတန်းစာ ဆင်းရဲသားများနှင့် အများဆုံး ထိတွေ ဆက်ဆံရသော လုပ်ငန်းလည်း ဖြစ်သည်။ ထို့ပြင် လေဘေးလုပ်ငန်းသည်လည်း ဆင်းရဲသား လုပ်ငန်းပင် ဖြစ်သည်။ စတိုးဆိုင်ကြီးများ၊ တရုတ်ဖြစ် အဝတ်အထည် ဈေးကွက်နှင့် စာလျင် တစ်နိုင်တစ်ပိုင် လုပ်ငန်းလေးမျှသာ ဖြစ်သည်။ ဆင်းရဲသား လူတန်းစား အတွက် လေဘေးထည်များသည် ဈေးနှုန်းသက်သာသော အဝတ်အထည်များ ဖြစ်သလို၊ လေဘေးသည်များ နှင့် ဒိုဘီသည်များသည်လည်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အကျိုးပြုကြရသည့် လုပ်ငန်းသဘော သဘာဝ ဖြစ်ကြသည်။

ဒီတော့ ဦးလှမောင်တို့ လင်မယားသည် ကျွန်တော်တို့ အိမ်သို့ မကြာခဏ ဆိုသလို ရောက်လေ့ ရှိသည်။ အမေအပ်သည့် အထည်များ လျှော်ဖို့လာယူသည့် အခါ လာယူသလို၊ လျှော်ဖွတ်ပြီး မီးကြွေ(မီးပူ)တိုက်ပြီးသား အထည်များကို အစီအရီခေါက်ကာ ပလပ်စတစ်ကြိုးဖြင့် စည်းလျက် လာပြန်အပ်သည့် အခါလည်း လာပြန်အပ်သည်။ ကျွန်တော်တို့အိမ်မှ ဦးလှမောင် ပြန်သည့်အခါ ရံဖန်ရံခါဆိုလျှင် အမေသည် မိညိုစားဖို့ ပြောင်းဖူးများ ထည့်ပေးတတ်လေ့ ရှိသည်။ မိညို အပေါ် ခင်မင်ရင်းစွဲရှိနေပြီဖြစ်သော အမေသည် မိညိုအတွက် အမြဲ စိတ်ပူတတ်လေ့ရှိသည်။ မိညို နေမကောင်းဘူးဟု ဆိုလျှင် မိညိုအား ဆရာဝန်ပြရန် ဆေးဖိုးများ ဦလှမောင်အား ပေးလေ့ရှိသည်။

မိညိုသည် ခံစားလွယ်၊ ငိုလွယ် ရယ်လွယ် အမျိုးအစားမျိုးဖြစ်သည်။ သူမနေမကောင်းလျှင် မျက်နှာကလေး ညိုးညိုးငယ်ငယ်နှင့် မျက်ရည်များ ကျကာ ငိုနေတတ်သည်။ အမြဲတမ်းလိုလို တစ်ယောက်ယောက်က သူမအား ချော့ချော့မော့မော့ ကြင်ကြင်နာနာ အဖေါ်လုပ်ကာ အားပေးနေမှ စိတ်ကျေနပ် ပျော်ရွှင်လေ့ရှိသည်။ ထိုအချိန်မျိုးတွင် သူမအနားတွင် ရှိနေတတ်သည်က ဦးလှမောင် သို့မဟုတ် ဒေါ်သိန်းတန် သာ ဖြစ်သည်။ “ဟဲ့ ငါ့ သမီး လေး..မငိုပါနဲ့” ဆိုပြီး မိညိုကို ဂရုတစိုက်နဲ့ အားပေးနေတဲ့ ဒိုဘီသည်လင်မယားအား သူရို့အိမ်သွားသည့် အခါနှင့် ကြုံလျှင် တွေ့ရတတ်သည်။ ဦးလှမောင်တို့ လင်မယားက မိညိုအပေါ် ကြင်နာစွာ ဆက်ဆံတတ်သလောက် ဒေါ်သိန်းတန်၏ ထောင်ထွက် အစ်ကိုကြီး ဦးဇော်ထွန်းက စိတ်မထင်လျှင် မထင်သလို့ မိညိုများ ရိုက်တတ်သေးသည်။ မိညိုလေးသည် ဦးဇော်ထွန်းအား ကြောက်ရရှာသည်။ ကျွန်တော်တို့သည် သဘောကောင်း စိတ်ထားနူညံ့သော မိညိုကို ခင်မင်ရင်းနှီးကြသလောက် ရက်စက်ကြမ်းတမ်းသော ဦးဇော်ထွန်းကိုတော့ ရွံရှာမုန်းတီးကြသည်။

ဦးလှမောင်တို့ လင်မယားနှစ်ယောက်၏ ဒိုဘီလုပ်ငန်းမှ ဝင်ငွေတစ်ခုတည်းဖြင့် ရပ်တည်နေကြရသော မိသားစုသည် ကြပ်တည်းလွန်းလှသည်။ ဦးလှမောင်တို့ လင်မယား၊ ဦးဇော်ထွန်း၊ မိညို၊ လှိုင်ဘွား၊ ဒူမှတ်ကြီး၊ ထို ပါးစပ်ပေါက် ခြောက်ပေါက်ရှိသော မိသားစုသည် တဖြည်ဖြည်းနှင့် ကြပ်တည်းလွန်းမက ကြပ်တည်းလာသည်။ ဦးဇော်ထွန်းသည် အလုပ်အကိုင်ဟူ၍ ဘာမှ မယ်မယ်ရရ မလုပ်။ သူသည် လူ့ပေါက်ပင်မျှ။ လှိုင်ဘွားနှင့် ဒူမှတ်ကြီးတို့က အတန်းပညာများ အောင်မြင်ဖို့ ကြိုးစားနေကြသည်။ ထိုဆင်ရဲသား မိသားစုထဲမှာပင် မိညိုသည် တဖြည်းဖြည်းနှင့် မိခင်လောင်းတို့ အရွယ်ပင် ရောက်လာခဲ့သည်။

မိညို (၁)


ကျွန်တော်တို့က သူမကို မိညိုလို့ပဲခေါ်ကြသည်။ကျွန်တော်တို့ဆိုတာ ရပ်ကွက်ထဲက ကလေး၊လူကြီးတွေ အားလုံးကို ပြောတာပါ။ သူကိုတွေ့စက မျက်လုံး ညိုပြာညက်နဲ့ ပျိုရွယ်စ အရွယ်ကလေး ဖြစ်သည်။ မိညိုတို့ ရပ်ကွက်က ပုဏ္ဏာကုန်း။ ကျွန်တော်တို့ ရပ်ကွက်က ပေါက်ပေါက်တန်း။ မိညိုတို့ ရပ်ကွက်ကို သွားလျင် ကြားက သေတ္တာဝင်း ကို ဖြတ်သွားရသည်။ ပုဏ္ဏာကုန်း က ရပ်ကွက်လို့သာ ဆိုရတယ် တရားဝင် နာမည် မဟုတ်။ မျက်နာစာ လမ်းမကြီးနှင့် ကပ်လျက်ရှိသည့် လူနေအိမ်များ၏ အနောက်တွင် လမ်းကြိုလမ်းကြားလေးများဖြင့် ဖွဲ့စည်းထားသော တဲအိမ်လေးများရှိသည့် အုပ်စုကို ပုဏ္ဏာကုန်းလို့ အများက ခေါ်ကြသည်။ ပုဏ္ဏာကုန်းမှ လမ်းကြိုလမ်းကြားများသည် လူတစ်ယောက်စာ လမ်းလျှောက်လို့ရရုံသာ ရှိသည်။ လမ်းတဖက်ထိပ်မှ စက်ဘီးတစ်စီးလာလျှင် အခြားလမ်းတဖက်ထိပ်မှ လူက စောင့်ပေးရသည်။ လမ်းကျဉ်းတယ် ဆိုတာ အဲဒီလောက် အထိကျဉ်းတာ။ပုဏ္ဏာကုန်းလို့ ဆိုသည့် အတိုင်း ပုဏ္ဏား အများစု နေကြသည်။

သေတ္တာဝင်း ဆိုတာလည်း တရားဝင် ရပ်ကွက် နာမည် မဟုတ်။ သစ်သား သေတ္တာများ လုပ်ရောင်းသော စီးပွားရေးလုပ်ငန်းများ စုစုဝေးဝေးရှိကြသည့် အတွက် ထိုမိသားစုများ နေကြသည့် အပိုင်းကို သေတ္တာဝင်းလို့ သမုတ်လိုက်ကြသည်။ သေတ္တာဝင်းကို ဖြတ်သွားလျင် သစ်သားပြား အစိုများကို လမ်းနဘေးတွင် ဟိုဟိုဒီဒီ နေလှမ်းထားကြသည့် အတွက် ထင်းရှုးသား အနံ့၊ ကညင်သား အနံ့ စသည့် သစ်သားနံ့များကို ရှုရှိုက်ရသည်။ ရိုက်ထားပြီးသား သေတ္တာများကို ဆင့်ထားကြသည်မှာလည်း တောင်ပုံရာပုံ။ မိုးတွင်းဆိုလျင် သစ်သားစိုတို့၏ အနံ့များသည် ပိုမို စူးရှနေတတ်ကြသည်။ ပျဉ်ပြားများကို ဖြတ်တောက်ရာမှထွက်လာသော ပျဉ်စ အမှုန့်များကလည်း လမ်းဘေး တဖက် တချက်တွင် စုပုံ ပြန့်ကျဲနေတတ်သေးသည်။ ထိုပျဉ်မှုန့်များသည် နွေရာသီတွင် ခြောက်ခြောက်သွေ့သွေ့ လေအပွေ့တွင် ဖုန်ထတတ်လျက်၊ မိုးရာသီတွင် စိုစိုစိစိရွှံ့ဗွက်များ အပေါ်မှ ဖို့ရာတွင် အသုံးပြုကြသည်။ ဆောင်ရာသီတွင်ကား နေရောင်လည်း နည်း၊ အပူချိန်လည်း နည်းသောကြောင့် အစိုဓာတ်များ အလွယ်တကူ မခြောက်တတ်ချေ။ တနည်းအားဖြင့် သေတ္တာဝင်းသည် တစ်ဆယ်နှစ်ရာသီပတ်လုံး သစ်သားဓာတ်များ ခြုံလွှမ်းထားသည့် ရပ်ကွက်လည်းဖြစ်သည်။

မိညိုကို ကျွန်တော် စတွေ့တုန်းက သေတ္တာဝင်းထဲမှာပင် ဖြစ်သည်။ အဲဒီတုန်းက ကျွန်တော်တို့ ကလေးတစ်သိုက်က လေတံခွန်(စွန်) လိုက်ကြသည်တွင် နယ်ကျွံ၍
သေတ္တာဝင်းထဲသို့ ရောက်သွားကြသည်။ ထိုအချိန် မိညိုကို တွေ့ရသည်မှာ သူမသည် ဒိုဘီသည်ကုလားဦးလှမောင် ခေါ်ဆောင်ရာနောက်မှ ဂျစ်တီးဂျစ်ကန် ပုံစံဖြင့် ခပ်စွာစွာ လမ်းလျှောက်လျက်ရှိသည်။ ပျိုမျှစ်စ အရွယ်လေးဆိုတော့ ငယ်ရွယ်သူတို့ ထုံးစံအတိုင်း မာန်လေးတွေက ရှိတတ်ကြသည်။ ခွန်အားတွေ မာန်တွေနှင့် အရာရာကို တွန်းလှန် ပုံကန်မည့် ဟန်တွေ အပြည့်။ ကျွန်တော်တို့ ကလေးတွေကို ပေးစောင်းစောင်းနှင့် တချက် ချက်လှမ်းကြည့်လိုက်တတ်သေးသည်။ အဲတုန်းက သူမကို မိညိုလို့ မခေါ်တတ်ကြသေး။ နောက်မှ သူမကို မိညိုလို့ ခေါ်မှန်း တစ်ယောက်စကား တစ်ယောက်နားဖြင့် သိလာရသည်။ သူ့မ အသားရောင် ညိုညိုညက်ညက်လေးကြောင့် ထင်ပါရဲ့။ ထိုစဉ်က အပျိုဖြန်းကလေး မိညိုရဲ့ အဆက်အပေါက်ကလည်း ပြေပြစ်သန့်စင်လှသည်။

ဦးလှမောင်အား ရပ်ကွက်ထဲတွင် ဒိုဘီကုကား ဦးလှမောင် အဖြစ် သိထားကြသည်။ သူရို့ လင်မယား နှစ်ယောက်လုံးက ကျွန်တော့် အမေ၏ လေးဘေးအဝတ်အထည်များကို ပင်တိုင်လျှော်ကြသည်၊ ရှေးတုန်းက အဆိုအရဆိုရင်တော့ သူရို့ကခဝါသည်တွေပေါ့။
လေဘေး ဈေးလောကတွင် လေဘေးအထည်သည်များ ကိုယ်စီ၌ ပင်တိုင် လက်စွဲ ဒိုဘီသည်များရှိကြသည်။မိမိတို့ အပ်သည့် အထည်များအား အခြားအထည်သည်များ၏ အဝတ်အထည်များနှင့် မရောနှောမိစေရန် ကိုယ်ပိုင် လက်စွဲဒိုဘီကုကားများသာ ထားရှိတတ်ကြသည်။ ဦးလှမောင်တို့ လင်မယားက အမေ၏ ပင်တိုင် ဒိုဘီသမား။

ကလေးအရွယ် သားနှစ်ယောက်နှင့် ဦးလှမောင်တို့ မိသားစုအတွက် မိညိုသည် မိသားစုဝင် အသစ်လည်း ဖြစ်လာသည်။ ဦးလှမောင်သား အငယ်ကောင် ဒူးမှတ်ကြီးအား ပုရစ်နှိုက်ထွက်ဖို့ သွားခေါ်တိုင်း မိညိုအား တွေ့ရတတ်သည်။ တစ်နှစ်သာ ကြီးသော ဒူးမှတ်ကြီးအစ်ကို လှိုင်ဘွားကလည်း ကျွန်တော်တို့နှင့်အတူ ကစားလေ့ရှိသည်။ နောက်အတော်အတန်ကြာမှ မိညိုသည် ကျွန်တော်တို့ ကလေးတစ်သိုက်အပေါ် ခင်ခင်မင်မင် ရှိလာသည်။ သူမ၏ မျက်လုံး ရွဲရွဲလေး နှစ်လုံးက ကျွန်တော်တို့ အပေါ် ချစ်ကြောင်း ခင်ကြောင်းပြတတ်၊ ကြည့်တတ်သည်။ ထိုနောက် မိညိုက ကျွန်တော်တို့ ကလေးတစ်သိုက်အနား ကပ်ကာ ရစ်သီရစ်သီ လုပ်နေတတ်သည်။ ခမြာမှာ တစ်ယောက်ထဲ ပျင်းရှာရော့ပေါ့။ ကလေးများဖြစ်ကြသော ကျွန်တော်တို့ အမြင်တွင် မိညိုသည် ကြင်နာတတ်သည့် အသည်းနှလုံး ပိုင်ရှင်မှန်း သိသာလှသည်။

ဦးလှမောင်တို့ အိမ်သို့ အမေက အထည်တွေ သွားအပ်တိုင်း ကျွန်တော်က လိုက်သွားတတ်သည်။ သူရို့ အိမ် ၌ ကစားနေကြဖြစ်သော ကျွန်တော်က မိညိုကို အမေထက် အရင် သိကျွမ်းရသည်။ ပထမဦးဆုံး အကြိမ် မိညိုကို အမေတွေ့တော့ တအံတသြနှင့်။ အဆစ်အပေါက် ကြည့်ကောင်းလွန်းလို့တဲ့။ မိညိုက အမေ့ကို ခင်ခင်မင်မင်နဲ့ နေတော့ သဘောကျလို့ မဆုံး။ “အမလေးဟဲ့..ကိုလှမောင်တို့ မိညိုကတော့ ငါ့ကို ခင်ရှာတယ် တော့” လို့ အမေကိုယ်တိုင် ကျေကျေနပ်နဲ့ ပြောရတယ်။ နောက်တော့ အမေလည်း မိညိုကို ချစ်သွားတယ်။ ကျွန်တော်က “မိညို” လို့ ခေါ်တော့ အမေက “ဟဲ့ နင့် က ဘယ်လိုလုပ် သူနဲ့ သိနေရပြန်တာတုန်း” လို့ မေးပြီး အားလုံးက ဝိုင်းရယ်ကြတယ်။ အဲဒီလို ရယ်မောသံတွေ လွင့်ပြန့်နေတတ်တဲ့ ဧည့်သည်တွေ တရုံးရုံးရှိတဲ့ အချိန်တွေဆိုရင် မိညိုတို့ သိပ်ပျော်ပေါ့။ မိညိုျမှာ အပေါင်းအဖေါ်တွေအပေါ် ခုံမင်တဲ့ ဗီဇကပါလာတယ်။

အဲဒီ အပေါင်းအဖေါ် မက်တဲ့ ဗီဇကြောင့်ပဲ ထင်ပါရဲ့ မိညိုလည်း ဦးလှမောင်တို့အိမ်ရောက်ပြီး သုံးလလောက်ကြာတော့ လည်လည်ဝယ်ဝယ်ရှိလာတယ်။ ပုဏ္ဏာကုန်းတစ်ခုလုံးကလည်း မိညိုကို သိသည်။ သိမှာပေါ့ ပုဏ္ဏာကုန်းက အိမ်ဆိုတာက ခြံစည်းရိုးကာတယ် ဆိုရုံလေး ကာထားတာ။ တစ်အိမ်နဲ့ တစ်အိမ်က မိသားစုဝင်တွေလို့ အလွယ်တကူ ဝင်ထွက် သွားလာကြတယ်။ နောက် ဦးလှမောင်တို့ အိမ်ကလည်း လမ်းထောင့်ဆိုတော့ လမ်းမကြီးဘက် ထွက်ချင်ရင် သူရို့အိမ်ထောင့်က ဖြတ်သွားရတာ။ ဖြတ်သွားတဲ့ လူတိုင်း ဟိုလူကလည်း “ဟေ့ မိညို”၊ ဒီလူကလည်း “ဟေ့ မိညို” နဲ့ နူတ်ဆက် သွားတတ်ကြတယ်။ နောက်တော့ ဟိုဘက်ရပ်ကွက်၊ ဒီဘက်ရပ်ကွက်က လူတော်တော်များများနဲ့လည်း မိညို သိလာတယ်။

မိညို ပိုပြီး လည်လည်ဝယ်ဝယ် ရှိလာတဲ့ အခါ ဘယ်တော့မှ အိမ်မကပ်တော့ဘူး။ နီးစပ်ရာ ရပ်ကွက်တွေထဲ ဟိုရှောက်သွား၊ ဒီလျှောက်သွား လုပ်နေတတ်သည်။ ဦးလှမောင်တို့ လင်မယားကလည်း ဒီရက်ကွက် ပတ်ဝန်းကျင်ကို ယုံကြည်စိတ်ချတဲ့ အတွက် သိပ်ပြီး မိညိုကို တင်းတင်းကျပ်ကျပ် လုပ်မထားဘူး။ ညနေပိုင်း အချိန်တန်လို့ အိမ်ပြန်မလာတော့မှသာ ဦးလှမောင် မိန်းမ ဒေါ်သိန်းတန် ကိုယ်တိုင် မိညိုကို လိုက်ခေါ်ရတာ။ မိညိုကို မနက်ပိုင်း ဘယ်အိမ်ရှေ့မှာတွေ့လိုက်တယ်။ နေ့ခင်ပိုင်းမှာ ဟိုဘက်ရပ်ကွက်က မကျီးပင်အောက်မှာ ကလေးတွေနဲ့ မိညိုကို တွေ့လိုက်ရတယ်။ အစရှိသဖြင့် အဲဒီလို ဟိုအိမ်ကအပြော၊ ဒီအိမ်ကအပြော နဲ့ လိုက်ရှာရသည်။ မိညိုက ရပ်ကွက်ထဲ လျှောက်သွားနေလေ့ရှိတော့ အိမ်တိုင်းက မိညိုကို သိကျွမ်းနေကြတယ်လေ။

မိညိုကို ဦးလှမောင်တို့ ဘယ်က ဘယ်လို ခေါ်လာတယ် ဆိုတာ ဘယ်သူမှ တိတိကျကျ မသိကြဘူး။ ကျောက်ဆည် ကုန်းရွာမှာရှိတဲ့ ဦးလှမောင်တို့ ဆွေမျိုး နီးစပ်တွေ အမွေခွဲကြတဲ့ ပြဿနာဖြစ်လို့ ခေါ်လာတာလို့ ရိုးတိုးရိတ်တိပ် ပြောသံတွေ လောက်ပဲ ကြားဘူးတယ်။ ရွာက ခေါ်လာခါကစ အရိုင်းဆန်ဆန် မိညိုလေးက မကြာခင်မှာပဲ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ လျှောက်သွားနေတတ်တဲ့ မိညို အယဉ်လေး ဖြစ်သွားတယ်။ ဒီရပ်ကွက်တွေနဲ့ ဒီပတ်ဝန်ကျင်က လူတွေ အကြားမှပဲ ကျင်လည်ပြီး မိညို အရွယ်ရောက်ခဲ့တယ်လို့ ပြောရမှာပဲ။