မိညို (၁)


ကျွန်တော်တို့က သူမကို မိညိုလို့ပဲခေါ်ကြသည်။ကျွန်တော်တို့ဆိုတာ ရပ်ကွက်ထဲက ကလေး၊လူကြီးတွေ အားလုံးကို ပြောတာပါ။ သူကိုတွေ့စက မျက်လုံး ညိုပြာညက်နဲ့ ပျိုရွယ်စ အရွယ်ကလေး ဖြစ်သည်။ မိညိုတို့ ရပ်ကွက်က ပုဏ္ဏာကုန်း။ ကျွန်တော်တို့ ရပ်ကွက်က ပေါက်ပေါက်တန်း။ မိညိုတို့ ရပ်ကွက်ကို သွားလျင် ကြားက သေတ္တာဝင်း ကို ဖြတ်သွားရသည်။ ပုဏ္ဏာကုန်း က ရပ်ကွက်လို့သာ ဆိုရတယ် တရားဝင် နာမည် မဟုတ်။ မျက်နာစာ လမ်းမကြီးနှင့် ကပ်လျက်ရှိသည့် လူနေအိမ်များ၏ အနောက်တွင် လမ်းကြိုလမ်းကြားလေးများဖြင့် ဖွဲ့စည်းထားသော တဲအိမ်လေးများရှိသည့် အုပ်စုကို ပုဏ္ဏာကုန်းလို့ အများက ခေါ်ကြသည်။ ပုဏ္ဏာကုန်းမှ လမ်းကြိုလမ်းကြားများသည် လူတစ်ယောက်စာ လမ်းလျှောက်လို့ရရုံသာ ရှိသည်။ လမ်းတဖက်ထိပ်မှ စက်ဘီးတစ်စီးလာလျှင် အခြားလမ်းတဖက်ထိပ်မှ လူက စောင့်ပေးရသည်။ လမ်းကျဉ်းတယ် ဆိုတာ အဲဒီလောက် အထိကျဉ်းတာ။ပုဏ္ဏာကုန်းလို့ ဆိုသည့် အတိုင်း ပုဏ္ဏား အများစု နေကြသည်။

သေတ္တာဝင်း ဆိုတာလည်း တရားဝင် ရပ်ကွက် နာမည် မဟုတ်။ သစ်သား သေတ္တာများ လုပ်ရောင်းသော စီးပွားရေးလုပ်ငန်းများ စုစုဝေးဝေးရှိကြသည့် အတွက် ထိုမိသားစုများ နေကြသည့် အပိုင်းကို သေတ္တာဝင်းလို့ သမုတ်လိုက်ကြသည်။ သေတ္တာဝင်းကို ဖြတ်သွားလျင် သစ်သားပြား အစိုများကို လမ်းနဘေးတွင် ဟိုဟိုဒီဒီ နေလှမ်းထားကြသည့် အတွက် ထင်းရှုးသား အနံ့၊ ကညင်သား အနံ့ စသည့် သစ်သားနံ့များကို ရှုရှိုက်ရသည်။ ရိုက်ထားပြီးသား သေတ္တာများကို ဆင့်ထားကြသည်မှာလည်း တောင်ပုံရာပုံ။ မိုးတွင်းဆိုလျင် သစ်သားစိုတို့၏ အနံ့များသည် ပိုမို စူးရှနေတတ်ကြသည်။ ပျဉ်ပြားများကို ဖြတ်တောက်ရာမှထွက်လာသော ပျဉ်စ အမှုန့်များကလည်း လမ်းဘေး တဖက် တချက်တွင် စုပုံ ပြန့်ကျဲနေတတ်သေးသည်။ ထိုပျဉ်မှုန့်များသည် နွေရာသီတွင် ခြောက်ခြောက်သွေ့သွေ့ လေအပွေ့တွင် ဖုန်ထတတ်လျက်၊ မိုးရာသီတွင် စိုစိုစိစိရွှံ့ဗွက်များ အပေါ်မှ ဖို့ရာတွင် အသုံးပြုကြသည်။ ဆောင်ရာသီတွင်ကား နေရောင်လည်း နည်း၊ အပူချိန်လည်း နည်းသောကြောင့် အစိုဓာတ်များ အလွယ်တကူ မခြောက်တတ်ချေ။ တနည်းအားဖြင့် သေတ္တာဝင်းသည် တစ်ဆယ်နှစ်ရာသီပတ်လုံး သစ်သားဓာတ်များ ခြုံလွှမ်းထားသည့် ရပ်ကွက်လည်းဖြစ်သည်။

မိညိုကို ကျွန်တော် စတွေ့တုန်းက သေတ္တာဝင်းထဲမှာပင် ဖြစ်သည်။ အဲဒီတုန်းက ကျွန်တော်တို့ ကလေးတစ်သိုက်က လေတံခွန်(စွန်) လိုက်ကြသည်တွင် နယ်ကျွံ၍
သေတ္တာဝင်းထဲသို့ ရောက်သွားကြသည်။ ထိုအချိန် မိညိုကို တွေ့ရသည်မှာ သူမသည် ဒိုဘီသည်ကုလားဦးလှမောင် ခေါ်ဆောင်ရာနောက်မှ ဂျစ်တီးဂျစ်ကန် ပုံစံဖြင့် ခပ်စွာစွာ လမ်းလျှောက်လျက်ရှိသည်။ ပျိုမျှစ်စ အရွယ်လေးဆိုတော့ ငယ်ရွယ်သူတို့ ထုံးစံအတိုင်း မာန်လေးတွေက ရှိတတ်ကြသည်။ ခွန်အားတွေ မာန်တွေနှင့် အရာရာကို တွန်းလှန် ပုံကန်မည့် ဟန်တွေ အပြည့်။ ကျွန်တော်တို့ ကလေးတွေကို ပေးစောင်းစောင်းနှင့် တချက် ချက်လှမ်းကြည့်လိုက်တတ်သေးသည်။ အဲတုန်းက သူမကို မိညိုလို့ မခေါ်တတ်ကြသေး။ နောက်မှ သူမကို မိညိုလို့ ခေါ်မှန်း တစ်ယောက်စကား တစ်ယောက်နားဖြင့် သိလာရသည်။ သူ့မ အသားရောင် ညိုညိုညက်ညက်လေးကြောင့် ထင်ပါရဲ့။ ထိုစဉ်က အပျိုဖြန်းကလေး မိညိုရဲ့ အဆက်အပေါက်ကလည်း ပြေပြစ်သန့်စင်လှသည်။

ဦးလှမောင်အား ရပ်ကွက်ထဲတွင် ဒိုဘီကုကား ဦးလှမောင် အဖြစ် သိထားကြသည်။ သူရို့ လင်မယား နှစ်ယောက်လုံးက ကျွန်တော့် အမေ၏ လေးဘေးအဝတ်အထည်များကို ပင်တိုင်လျှော်ကြသည်၊ ရှေးတုန်းက အဆိုအရဆိုရင်တော့ သူရို့ကခဝါသည်တွေပေါ့။
လေဘေး ဈေးလောကတွင် လေဘေးအထည်သည်များ ကိုယ်စီ၌ ပင်တိုင် လက်စွဲ ဒိုဘီသည်များရှိကြသည်။မိမိတို့ အပ်သည့် အထည်များအား အခြားအထည်သည်များ၏ အဝတ်အထည်များနှင့် မရောနှောမိစေရန် ကိုယ်ပိုင် လက်စွဲဒိုဘီကုကားများသာ ထားရှိတတ်ကြသည်။ ဦးလှမောင်တို့ လင်မယားက အမေ၏ ပင်တိုင် ဒိုဘီသမား။

ကလေးအရွယ် သားနှစ်ယောက်နှင့် ဦးလှမောင်တို့ မိသားစုအတွက် မိညိုသည် မိသားစုဝင် အသစ်လည်း ဖြစ်လာသည်။ ဦးလှမောင်သား အငယ်ကောင် ဒူးမှတ်ကြီးအား ပုရစ်နှိုက်ထွက်ဖို့ သွားခေါ်တိုင်း မိညိုအား တွေ့ရတတ်သည်။ တစ်နှစ်သာ ကြီးသော ဒူးမှတ်ကြီးအစ်ကို လှိုင်ဘွားကလည်း ကျွန်တော်တို့နှင့်အတူ ကစားလေ့ရှိသည်။ နောက်အတော်အတန်ကြာမှ မိညိုသည် ကျွန်တော်တို့ ကလေးတစ်သိုက်အပေါ် ခင်ခင်မင်မင် ရှိလာသည်။ သူမ၏ မျက်လုံး ရွဲရွဲလေး နှစ်လုံးက ကျွန်တော်တို့ အပေါ် ချစ်ကြောင်း ခင်ကြောင်းပြတတ်၊ ကြည့်တတ်သည်။ ထိုနောက် မိညိုက ကျွန်တော်တို့ ကလေးတစ်သိုက်အနား ကပ်ကာ ရစ်သီရစ်သီ လုပ်နေတတ်သည်။ ခမြာမှာ တစ်ယောက်ထဲ ပျင်းရှာရော့ပေါ့။ ကလေးများဖြစ်ကြသော ကျွန်တော်တို့ အမြင်တွင် မိညိုသည် ကြင်နာတတ်သည့် အသည်းနှလုံး ပိုင်ရှင်မှန်း သိသာလှသည်။

ဦးလှမောင်တို့ အိမ်သို့ အမေက အထည်တွေ သွားအပ်တိုင်း ကျွန်တော်က လိုက်သွားတတ်သည်။ သူရို့ အိမ် ၌ ကစားနေကြဖြစ်သော ကျွန်တော်က မိညိုကို အမေထက် အရင် သိကျွမ်းရသည်။ ပထမဦးဆုံး အကြိမ် မိညိုကို အမေတွေ့တော့ တအံတသြနှင့်။ အဆစ်အပေါက် ကြည့်ကောင်းလွန်းလို့တဲ့။ မိညိုက အမေ့ကို ခင်ခင်မင်မင်နဲ့ နေတော့ သဘောကျလို့ မဆုံး။ “အမလေးဟဲ့..ကိုလှမောင်တို့ မိညိုကတော့ ငါ့ကို ခင်ရှာတယ် တော့” လို့ အမေကိုယ်တိုင် ကျေကျေနပ်နဲ့ ပြောရတယ်။ နောက်တော့ အမေလည်း မိညိုကို ချစ်သွားတယ်။ ကျွန်တော်က “မိညို” လို့ ခေါ်တော့ အမေက “ဟဲ့ နင့် က ဘယ်လိုလုပ် သူနဲ့ သိနေရပြန်တာတုန်း” လို့ မေးပြီး အားလုံးက ဝိုင်းရယ်ကြတယ်။ အဲဒီလို ရယ်မောသံတွေ လွင့်ပြန့်နေတတ်တဲ့ ဧည့်သည်တွေ တရုံးရုံးရှိတဲ့ အချိန်တွေဆိုရင် မိညိုတို့ သိပ်ပျော်ပေါ့။ မိညိုျမှာ အပေါင်းအဖေါ်တွေအပေါ် ခုံမင်တဲ့ ဗီဇကပါလာတယ်။

အဲဒီ အပေါင်းအဖေါ် မက်တဲ့ ဗီဇကြောင့်ပဲ ထင်ပါရဲ့ မိညိုလည်း ဦးလှမောင်တို့အိမ်ရောက်ပြီး သုံးလလောက်ကြာတော့ လည်လည်ဝယ်ဝယ်ရှိလာတယ်။ ပုဏ္ဏာကုန်းတစ်ခုလုံးကလည်း မိညိုကို သိသည်။ သိမှာပေါ့ ပုဏ္ဏာကုန်းက အိမ်ဆိုတာက ခြံစည်းရိုးကာတယ် ဆိုရုံလေး ကာထားတာ။ တစ်အိမ်နဲ့ တစ်အိမ်က မိသားစုဝင်တွေလို့ အလွယ်တကူ ဝင်ထွက် သွားလာကြတယ်။ နောက် ဦးလှမောင်တို့ အိမ်ကလည်း လမ်းထောင့်ဆိုတော့ လမ်းမကြီးဘက် ထွက်ချင်ရင် သူရို့အိမ်ထောင့်က ဖြတ်သွားရတာ။ ဖြတ်သွားတဲ့ လူတိုင်း ဟိုလူကလည်း “ဟေ့ မိညို”၊ ဒီလူကလည်း “ဟေ့ မိညို” နဲ့ နူတ်ဆက် သွားတတ်ကြတယ်။ နောက်တော့ ဟိုဘက်ရပ်ကွက်၊ ဒီဘက်ရပ်ကွက်က လူတော်တော်များများနဲ့လည်း မိညို သိလာတယ်။

မိညို ပိုပြီး လည်လည်ဝယ်ဝယ် ရှိလာတဲ့ အခါ ဘယ်တော့မှ အိမ်မကပ်တော့ဘူး။ နီးစပ်ရာ ရပ်ကွက်တွေထဲ ဟိုရှောက်သွား၊ ဒီလျှောက်သွား လုပ်နေတတ်သည်။ ဦးလှမောင်တို့ လင်မယားကလည်း ဒီရက်ကွက် ပတ်ဝန်းကျင်ကို ယုံကြည်စိတ်ချတဲ့ အတွက် သိပ်ပြီး မိညိုကို တင်းတင်းကျပ်ကျပ် လုပ်မထားဘူး။ ညနေပိုင်း အချိန်တန်လို့ အိမ်ပြန်မလာတော့မှသာ ဦးလှမောင် မိန်းမ ဒေါ်သိန်းတန် ကိုယ်တိုင် မိညိုကို လိုက်ခေါ်ရတာ။ မိညိုကို မနက်ပိုင်း ဘယ်အိမ်ရှေ့မှာတွေ့လိုက်တယ်။ နေ့ခင်ပိုင်းမှာ ဟိုဘက်ရပ်ကွက်က မကျီးပင်အောက်မှာ ကလေးတွေနဲ့ မိညိုကို တွေ့လိုက်ရတယ်။ အစရှိသဖြင့် အဲဒီလို ဟိုအိမ်ကအပြော၊ ဒီအိမ်ကအပြော နဲ့ လိုက်ရှာရသည်။ မိညိုက ရပ်ကွက်ထဲ လျှောက်သွားနေလေ့ရှိတော့ အိမ်တိုင်းက မိညိုကို သိကျွမ်းနေကြတယ်လေ။

မိညိုကို ဦးလှမောင်တို့ ဘယ်က ဘယ်လို ခေါ်လာတယ် ဆိုတာ ဘယ်သူမှ တိတိကျကျ မသိကြဘူး။ ကျောက်ဆည် ကုန်းရွာမှာရှိတဲ့ ဦးလှမောင်တို့ ဆွေမျိုး နီးစပ်တွေ အမွေခွဲကြတဲ့ ပြဿနာဖြစ်လို့ ခေါ်လာတာလို့ ရိုးတိုးရိတ်တိပ် ပြောသံတွေ လောက်ပဲ ကြားဘူးတယ်။ ရွာက ခေါ်လာခါကစ အရိုင်းဆန်ဆန် မိညိုလေးက မကြာခင်မှာပဲ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ လျှောက်သွားနေတတ်တဲ့ မိညို အယဉ်လေး ဖြစ်သွားတယ်။ ဒီရပ်ကွက်တွေနဲ့ ဒီပတ်ဝန်ကျင်က လူတွေ အကြားမှပဲ ကျင်လည်ပြီး မိညို အရွယ်ရောက်ခဲ့တယ်လို့ ပြောရမှာပဲ။

No comments:

Post a Comment