ထို့နောက် မိညိုအား ဦးလှမောင်တို့ အိမ်တွင် မတွေ့ရတော့ချေ။ ဦးလှမောင်ကို အမေမေးကြည့်တော့ ရွာ ခဏပြန်ပို့ထားသည်ဆိုသည့် အဖြေသာရသည်။ ဤသို့ဖြင့် မိညိုသည် ကျွန်တော်တို့ ရပ်ကွက်မှ နှစ်နှစ်ကျော်ခန့် ပျောက်သွားခဲ့သည်။ ရပ်ကွက်တကာ လှည့်လည်နေတတ်သော မိညိုအား ပုဏ္ဏာကုန်း၊ သေတ္တာဝင်း၊ ပေါက်ပေါက်တန်း စသည့် ရပ်ကွက်မှ လူများအကြားတွင် မေ့မေ့လျောလျော ဖြစ်လာသည်။ ဦးလှမောင်တို့သည် နေ့စဉ် ပုံမှန် လေဘေး အဝတ်များကို လျှော်ဖွတ်လုပ်ကိုင်ဆဲပင်။ ဒူးမှတ်ကြီး၊ လှိုင်ဘွားနှင့် ကျွန်တော်တို့ ကလေးတစ်သိုက်သည် ပုရစ်ပေါ်ချိန်တွင် ပုရစ်နိုက်မြဲ နိုက်လျက်၊ ညအချိန် တောက်တဲ့တို့ အော်မြည်သည့် အခါ မိုးလား၊ လေလားဟု တောက်တဲ့ ဗေဒင် ညစဉ် မေးတတ်ကြလျက် မေ့လွယ်ပျောက်လွယ် ကလေးဘဝကို ဖြတ်သန်းနေချိန်ဖြစ်သည်။ ဦးလှမောင် ကျွန်တော်တို့အိမ် လာသည့် အခါတွင် အမေသည်လည်း မိညို အကြောင်း စကားဝိုင်းထဲတွင် တစ်ခွန်းမှ မဟတော့။ အမေသည် မိညိုကလေး အပေါ် ခင်မင်ရင်းစွဲရှိပေသည့် လူစုံ ပြဿနာစုံလှသော ဦးလှမောင်တို့ အိမ်မှ အကြောင်းအရာများကို လိုအပ်သည့်ထက် ပိုမိုကာ စပ်စပ်စုစု မမေးမြန်းတော့ချေ။ တခါတရံ ကျွန်တော်တို့ အိမ် ပြောင်းဖူးများ ပြုတ်စားကြသည်တွင် ပြောင်းဖူး ကြိုက်တတ်သော မိညိုကို သတိရမိတတ်သေးသည်။
အချိန် နာရီ စက္ကန့်တို့သည့် တရွေ့ရွေ့ တဖြည်းဖြည်းနှင့် သွားနေသည်ဟု ထင်ရပေသည့် နောက်ပြန်ဆုတ်တတ်သည့်၊ ရပ်တန့်နေတတ်သည့် ဖြစ်စဉ်များ မဟုတ်ကြချေ။ ရာသီစက်ဝန်းသည်လည်း နွေမှ မိုး၊ မိုးမှ ဆောင်း အလီလီ ပြောင်းသွားခဲ့သည်။ အိမ်အနားမှ ကုက္ကိုလ်ပင်ကြီးတွင် တောက်တဲ့တို့ စီးပွားလာကြသည်။ တောက်တဲ့ အကောင်ရေ တိုးလာသည်။ ရပ်ကွက်ထဲမှ လူဟောင်းအချို့ ရပ်ကွက်ကို စွန့်ခွာကာ မြို့သစ်သို့ ပြောင်းသွားကြသည်တွင် လူသစ်များ အစားထိုးဝင်ရောက်လာသည်။ အဖေ နာမည် ပေးထားသော မိုရှိဒါရန်းဆိုသည့် ခွေးမသည်ပင် ခွေးသားပေါက် တစ်သိုက်နှင့် လမ်းထဲ၌
တရုံးရုံးဖြစ်နေသည်။ ရပ်ကွက်ထဲတွင် မွေးခါစ ကလေးငိုသံတို့ ဟိုတစ်စ ဒီတစ်စ ပျံ့လွင့်လာတတ်သည်။ အိမ်ရှေ့က မြောင်းထဲတွင် ဗေဒါပင်တို့ ပြည့်နှက်လျှံတက်နေကြသည်။ မြောင်းငါးတို့ ပျော်ရွှင်မြူးတူးစွာ သားပေါက်ကြသည်။ ဤကမ္ဘာကြီးသည် အစစ အရာရာ စည်ပင်ပွားများနေသော လောကကြီးဖြစ်သည်။
နွေကာလ နေ့တစ်နေ့၏ သစ်သားစို အနံ့များ မွန်ထုံနေသော သေတ္တာဝင်း၏ လမ်းမထဲတွင် ကျွန်တော်တို့ တစ်တွေ ကျီသားရိုက်တန်း ကစားနေကြချိန်၌ ထီးနက်ကို ဆောင်းလျက် ပူပြင်းလှသောနေရောင်ကို အံတုလာနေသော ဦးလှမောင်နှင့် သူ့နောက်တွင် ခြေလှမ်းမှန်မှန် လိုက်လာ သော မိညိုကို တွေ့လိုက်ရသည်။ တကယ်တော့ သူမ အသွင်အပြင်သည် မိညိုကြီး လို့ သမုတ်ရမည့် ပုံပင်။ အဘယ်ကြောင့် ဆိုသော် မိညိုသည် သူမနှင့် အတူ သူမ၏သားကလေးပါ တစ်ပါးတည်း ခေါ်ယူလာခဲ့သည်။ ဟိုရင်အခါ ရွာက ခေါ်လာကာစ မျက်လုံး ညိုပြာညက်နှင့် ပျိုရွယ်စ မိညိုသည် ယခုအခါမှာတော့ ပြည့်ပြည့်ဖြိုးဖြိုး ကြီးရင့်သည့် အသွင်ကို တွေ့ရသည်။ အရင်တုန်းက ဂျစ်တီးဂျစ်ကန်၊ အရာရာကို တွန်းလှန် ပုံကန်မည့် ဟန်ရှိခဲ့သော မိညိုကို အခု ပြန်တွေ့တော့ ခေါင်းငိုက်စိုက်လျက် လောကဒဏ်ကို ပြည့်ပြည့်ဝဝ ခံစားခဲ့ရသည်ထင့်။
ဘာပဲပြောပြော အဲဒီလိုနဲ့ပဲ မိညို ဦးလှမောင်တို့ အိမ် ပြန်ရောက်လာခဲ့သည်။ သူမနဲ့ အတူ သူမသားလေးပါ အဆစ်ပါလာခဲ့သည်။ ကျွန်တော်တို့ ရပ်ကွက်သည် မိညိုကို ကြိုဆိုမြဲ ကြိုဆိုလျက် ရှိသည်။ အချိန်နာရီတို့ တိုက်စားမှုအောက်တွင် မေ့မေ့လျော့လျော့ ရှိခဲ့ ကြသော်လည်း ယခုတဖန် ပြန်လည်တွေ့သည့် အခါ ယခင်ကကဲ့သို့ ဂရုတစိုက် ရှိကြသည်။ ဟော..အခု သားကလေးပါ အဆစ်ပါလာတယ် ဆိုတော့ ပိုပြီး မိညို၏သားကလေးကို ပါ ဂရုတစိုက် စောင့် ကြည့် ကြသည်။ အချိန်တန်တော့လည်း သူကလေးသည် ကျွန်တော်တို့ ရပ်ကွက်၏ ရှေ့မှောက်တွင် တဖြည်းဖြည်း ကြီးပြင်းလာခဲ့သည်။
မိညိုကို ရပ်ကွက်က မိညိုဟု သိထားကြသည်။ အခု မိညိုရဲ့သားကြတော့ မိညိုသားဟုပင် ခေါ်ကြသည်။ သူ့သားကို နာမည်မပေးရသေးချေ။ မိညိုကို ခင်မင်မြဲ ခင်မင်လျက်ရှိသော အမေသည် မိညို သားလေးရလာတော့ သူ့သားလေးကိုပါ ခင်မင်ရသည်။
မိညိုသားသည် မျောက်ရှုံးအောင် ခုန်ပေါက်ဆော့သည်။ အိမ်လည်း မကပ်။ အမေဗီဇ ပါသည်ထင့်။ ဟိုအရင်တုန်းက ဒေါ်သိန်းတန်သည် မိညို ကို အိမ်ပြန်မိုးချုပ်လို့ ရပ်ကွက်တကာလှည့် လိုက်လံရှာခဲ့ရသည်။ အခု မိညို ဝဋ်လည်ပြီ။ မိညိုကိုယ်တိုင် ရပ်ကွက်တကာ၏ လမ်းထောင့်များတွင် သူမသားအား တကြော်ကြော် ဟစ်အော် ရှာဖွေသံကို ညနေတိုင်းတွင် ကြားရတတ်သည်။ သူမသားအား ရုတ်တရက် ခေါ်လို့မရတတ်သည့် အခါများတွင် သူမ၏ အော်ခေါ်သံတို့သည် ငိုသံများ ပါနေတတ်သည်။ မျက်ရည်တစ်ရွှဲရွှဲနှင့် စိတ်လွယ်သော မိညိုကို ရပ်ကွက်ထဲမှလူအားလုံးက စုပ်တသပ်သပ်နှင့် သနားဂရုဏာလည်း ဖြစ်ကြသည်။
ကျွန်တော်သည် မိခင်၏ မေတ္တာကို မိညိုနှင့် ပတ်သက်ပြီး နားလည် ခံစားခဲ့ရသည်။ ပါးပြင်တွင် မျက်ရည်စီးကြောင်းတို့ ယိုစီးကြလျက် သားပျောက်ကို ရှာဖွေနေလေ့ရှိသော မိညိုကို တွေ့တိုင်း ရင်နင့်အောင် ခံစားရသည်။ သူမ၏ ဝမ်းနည်းမှုသည် တပါးသူတို့ကို ကူးစူးတတ်လေ့ရှိသည်။ မိခင်တို့သည် သားသမီးတို့နှင့် ပတ်သက်ပြီး ပူပင်သောကများကြရသည်။ ငယ်ရွယ်သူ ကလေးတို့သည်ကား နားမလည် တတ်သေးချေ။ သူရို့အား စကားလုံးများဖြင့် မိဘမေတ္တာအား နားလည်အောင် ပြောပြခြင်းသည် အရာရောက်မည် မဟုတ်။ မိဘများ ကိုယ်တိုင် မေတ္တာပြ အမူအရာ၊ အတုယူစရာ စံနမူုနာများ လုပ်ဆောင်ပြသခြင်းဖြင့်သာ ကလေးများအား မိဘ၏ မေတ္တာ နားလည် သဘောပေါက်စေသည်။ မေတ္တာသည် နူညံသိမ်မွေ့သည့် သဘောကို ဆောင်သည့် အတွက် နူညံသိမ်မွေ့စွာ ပြုမူပြောဆို ဆက်ဆံသင့်ပေသည်။
ငယ်ရွယ်စဉ် အခါက နှလုံးသားကို နက်ရှိုင်းစွာ ထိတွေ့ခဲ့သော အဖြစ်အပျက် အကြောင်းအရာတို့သည် ကြီးလာသည်အထိ စွဲမြဲနေတတ်သည်။ မိညိုသည် နမ(နွားမ) ကလေး တစ်ကောင်သာ ဖြစ်သည်။ တိရိစ္ဆာန်တစ်ကောင်သာ ဖြစ်ပေသည့် သူမတွင်ခံစားချက် ရှိသည်။ လူတွေကဲ့သို့ မေတ္တာတရားလည်း ရှိသည်။ နှလုံးသားပူဆွေးသောကရောက်လျက် မျက်ရည်စီးကြောင်းတို့ဖြင့် သားပျောက်ရှာနေရသော မိညို၏ အော်သံ ခေါ်သံတို့သည် ယနေ့ထက်တိုင် ကျွန်တော့် အာရုံအထဲတွင် စွဲမြဲနှစ်ဝင်လျက် ရှိသည်။
မိညို ကဲ့သို့ပင် မျက်ရည်စီးကြောင်းတို့ဖြင့် ပြည့်နက်နေတတ်သော အခြား အခြားသော နွားများအား လည်း တွေ့ဖူးခဲ့ပါသည်။ ထိုစဉ်က သူရို့အား သားသတ်ရုံသို့ ခေါ်ဆောင်သွားကြသည်ကို တွေ့ရှိခဲ့ဖူးသည်။ အသားစားကျုးသော လူတို့အတွက် သူရို့၏ အသွေး အသား အသက် နှင့် ခံစားမှုအားလုံးတို့ ကို ပေးဆပ်ကြရသည်။ သူရို့၏ အသွေးအသားနှင့်အရိုးတို့သည် ထမင်းစားပွဲရှေ့သို့ ရောက်သောအခါ နာကျင်စွာ ငိုကြွေးသံ၊ နာကျည်းစွာ ဟစ်အော်သံတို့သည် တိတ်ဆိတ်နေတော့သည်။ သို့တည်းမဟုတ် သူရို့၏ အော်သံများက လူသားတို့ နားဖြင့် မကြားနိုင်တော့သည် အထိ တိုးတိတ်သွားသည်လော မပြောတတ်ချေ။ အကယ်၍သာ ထိုအသံတို့အား လူသားတို့သာမန်နားဖြင့်ကြားနိုင်စွမ်းရှိပါက သူရို့၏ အသွေး၊ အသား၊ အရိုးတို့ဖြင့် ပွဲတော်တည်သော ထမင်းစားပွဲများပေါ်ထိ ဆူညံစွာဟစ်အော်နေပေလိမ့်မည်။
လူသားတို့၏ စိတ်ဝိဉာဉ် သည်ကာ ရုန်းကန်ရှင်သန် အသက်ဆက်ရေးအတွက် တပါးသူတို့၏ အသွေးအသားတို့ဖြင့် အသက်ဆက်ရှင်သန်ရသည် ဟူသော အတွေးအခေါ် အယူအဆတို့ဖြင့်လွှမ်းမိုးထားသည်။ လူတို့၏ အစားအစာရွေးချယ်မှုတို့သည် မိမိတို့၏ အာသီသ တပ်မက်သည့် အပေါ်အခြေခံလေ့ရှိကာ အသွေးအသားတို့ကို မှီဝဲစားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကလပ်စည်းတို့ကိုလည်း အလွယ်တကူ ပျက်ဆီးစေလေသည်။ နိုင်ရာ စား လောကကြီးတွင် တစ်ဦးကို တစ်ဦး ဆင့်ကဲဆင့်ကဲ စားသုံးကြခြင်းဖြင့် ခန္ဓာကိုယ်ကို တည်ဆောက်ကြလေသည်။
ဤကမ္ဘာကြီးတွင် မိညိုကဲ့သို့ မိဘမေတ္တာ အခြေခံလျက် သားသမီးတို့အတွက် ငိုကြွေးကြရသော မိခင်များ၊ လူတို့၏ ရက်စက်တတ်သော စိတ်နှလုံးဖြင့် တစ်ပါးသူတို့အား အလွယ်တကူ သတ်ဖြတ်ခြင်းများ ပပြောက်သွားပါစေလို့ ဆုတောင်းပေးပါသည်။
အနန္တမေတ္တာဖြင့်
ဘကောင်း
No comments:
Post a Comment