တိရိစ္ဆာန်တို့ ယာတောမြေ (၂ - ၂)


ပထမ ငါးမိနစ် ခန့်အထိ တိရိစ္ဆာန်တို့သည် သူတို့၏ အောင်မြင်မှုရလဒ်ကို သိပ်မယုံကြည်နိုင်ကြ။ ပထမဦးစွာ သူတို့သည် ယာမြေ ခြံစည်းရိုး ပတ်ပတ်လည် တစ်လျှောက်လုံး ကဆုန်ပေါက်ပြေးလွှားကာ လူတစ်ယောက်မျှ ခိုအောင်းပြီး မရှိစေရန် ကြည့်ရှု့စစ်ဆေးကြသည်။ ထို့နောက် ကိုသာဒွန်းနှင့် ပတ်သက်သည့် အရာမှန်သမျှ ဖယ်ရှာပစ်ဖို့ ခြံအဆောက်အအုံများဆီသို့ ပြန်လည်ပြေးလွှားလာကြသည်။ မြင်းဇောင်း တဖက်တွင်ရှိသော အလုပ်ရုံခန်း တံခါးသည်လည်း ကျိုးပဲ့ကာ ပွင့်နေသည်။ သံတို သံစများ၊ သံနားကွင်းများ၊ ခွေးချည်သံကြိုးများ၊ ဝက်များ သိုးများကို ကို သင်းကွပ်ရာတွင် ကိုသာဒွန်း သုံးလေ့ရှိသော ဓါးများ အစရှိသည်တို့ကို ပစ်ပေါက်ထုတ်ကြသည်။ နဖားကြိုးများ၊ နားပတ်ကြိုးများ၊ မြင်းပါးချုပ်များ၊ နားချပ်များ၊ ကြာပွတ်တံများ အားလုံးကို စုပုံကာ ယာကွင်းပြင်တွင် မီးရှို့ပစ်ကြသည်။ ကြာပွတ်တုတ်များ မီးလောင်ကျွမ်းနေသည်ကို ကြည့်ကာ တိရိစ္ဆာန်များ မြူးတူး ခုန်ပေါက် ပျော်ရွှင်ကြသည်။ ဝက်ကြီး ဖြူတုတ်က မြင်း လည်ဆံမွေးနှင့် အမြီှး တို့တွင် တန်ဆာ ဆင်လေ့ရှိသော ဖဲပြားကြိုးများကို မီးပုံထဲသို့ ပစ်ထည့်သည်။


“ဖဲကြိုး တွေဟာ ကဝတ်တန်ဆာတွေဖြစ်သလို လူတွေရဲ့ အမှတ်အသားတွေ ဖြစ်တယ်.. တိရိစ္ဆာန်တွေဟာ အဝတ်အစား ဝတ်ဖို့ မလိုအပ်ဘူး” လို့ ဖြူတုတ်က ဆိုတယ်။

အဲဒီ စကားကို မြင်ကြီး ဘိုးနီကြားသော အခါ နွေရာသီတုန်းက ယင်ခြောက်ဖို့ သူသုံးလေ့ရှိသော မြက်ခြောက်ဦးထုတ်ကလေးကို မီးပုံထဲသို့ပစ်ထည့်လိုက်သည်။

ခဏအတွင်းမှာပင် တိရိစ္ဆာန်တို့သည် ကိုသာဒွန်းနှင့် ပတ်သက်သမျှ အရာများ အားလုံးကို ဖျက်ဆီးပစ်လိုက်ကြသည်။ ဝက်ကြီး သန်းရွှေက တိရိစ္ဆာန်တို့ကို အစာသိုလှောင်ခန်းသို့ ဦးဆောင်ခေါ်သွားကာ အားလုံးကို ဝေပုံးကျ ပြောင်ဖူး နှစ်ဆတိုး၍ ကျွေးမွေးလေသည်။ ခွေးတို့ကို ဘီစကစ် နှစ်ချပ် စီ ကျွေးသည်။ ထို့နောက် ဗမာပြည်ရဲ့ မျိုးချစ် အာဇာနည်များ သီချင်းကို ခုနစ်ကြိမ် ဆက်တိုက် သီဆိုပြီး ညရောက်တော့မှ အနားယူကြလျက် တစ်ခါမျှ မရရှိဘူးသော ပျော်ရွှင် အိပ်စက်ခြင်းမျိုးဖြင့် အိပ်စက်ကြလေသည်။

သူတို့သည် ထုံစံအတိုင်း မနက် လင်းအာရုဏ်တွင် နိုးထကြသည်။ ထို့နောက် ယမန်နေ့က ကြီးမြတ်ခမ်းနားသည့် အဖြစ်အပျက်တို့ ဖြစ်ပျက်ခဲ့သည်ကို သတိရကြကာ မြက်ခင်းပြင်ကွက်လပ်သို့ ပြေးထွက်လာကြသည်။ ကွင်းပြင်ကွက်လပ်မှ ခပ်လှမ်းလှမ်းသို့ ဆင်းသွား လိုက် လျှင် ယာတောမြေကို အထက်စီးမှ လှမ်းမြင်နိုင်သော တောင်ကုန်းမို့မို့ လေး ရှိသည်။ တိရိစ္ဆာန်တို့သည် ထိုတောင်ကုန်းထိပ်သို့ ပြေးတက်သွားကြကာ ကြည်လင် သန့်စင်သော နေရောင် အောက်တွင် ယာတောမြေ ပတ်ပတ်လည်ကို ငေးမောကြည့်ရှု့ကြလေသည်။ ဟုတ်ပေသည်… ထိုယာတောမြေသည် သူတို့ မြေ။ ရှု့မြင်သမျှ အရာအားလုံးတို့ကို သူတို့ ပိုင်ဆိုင်သည်။ ထို ကျေနပ်ပီတိဖြစ်မှုတို့ ဖြင့် သူတို့သည် လှည့်ပတ် ကခုန်ကြလေသည်။ ပျော်ရွှင် စိတ်လှုပ်ရှားမှုတို့ဖြင့်လည်း လေထဲသို့ မြောက်ကြွမြောက်ကြွနှင့် ခုန်ပေါက်ကြသည်။ စိုစိုစွတ်စွတ် နှင့်မြက်ခင်းပေါ်တွင် လူးလိမ့်ကြသည်။ မြက်ချိုချိုတို့ကို ပါးစပ်အပြည့် ဝါးကြသည်။ မြေစိုင်ခဲတို့ကို ကန်ကျောက်ကြကာ မြေရနံတို့ မွှေးထုံ နေသည်ကို နမ်းရှုပ်ကြသည်။ ထို့နောက် ယာတောခြံမြေတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုကြကာ ထွန်ယက်ခင်း၊ မြက်ခြောက်ခင်း၊ အသီးအနှံခင်း၊ရေကန်တို့ကို တမေ့တမေားဖြင့် တစ်ခါမှ မမြင်ဘူးသော အရာများကဲ့သို့ ငေးမေားကြည့်ကြသည်။ ထိုအရာတို့သည် ယခုအခါတွင် သူတို့ ပိုင်ဆိုင်သောအရာများ ဖြစ်နေသည်ကို မယုံကြည်နိုင်အောင်ဖြစ်ကြသည်။

ထို့နောက် သူတို့သည် ခြံထဲရှိ အဆောက်အဦးများဆီသို့ ပြန်လှည့်လာကြကာ ယာခြံအိမ် တံခါးဝ အပြင်ဖက်တွင် ငြိမ်သက်စွာ ရပ်လိုက်ကြသည်။ ထိုခြံအိမ်သည်လည်း သူတို့ ပိုင်သော အရာပင် ဖြစ်လေပြီ။ သို့သော် သူတို့သည် အထဲသို့ ဝင်ဖို့ ကြောက်လန့်နေကြသည်။ ခဏကြာသော် ဖြူတုတ်နှင့် သန်းရွှေတို့သည် တံခါးကို ပုခုံးနှင့် တွန်းတိုက် ဖွင့်လိုက်သည်။ အခြားတိရိစ္ဆာန်တို့သည် ဟောကနဲ စုပြုံတိုးဝင်ကြသည်။သူတို့သည် တစ်ခုခုကို မတော်တဆ တွန်းချချိုးဖဲ့ မိမှာဟူသော စိုးရိမ်စိတ်တို့ဖြင့် အလွန်တရာ ဂရုစိုက်သော ခြေလှမ်းတို့ဖြင့် အသာအယာ လျှောက်လှမ်း ဝင်လာကြသည်။ တစ်ခန်းဝင် တစ်ခန်းထွက် ကြည့်ကြသည်။ စကားကိုလည်း ခပ်ကျယ်ကျယ် မပြောရဲ။ ဇိမ်ခံပစ္စည်း ဥစ္စာ များကို မယုံကြည်နိုင်အောင် တအံတသြ ငေးမောကြည်ရှု့ကြသည်။ အိမ်ရာ တို့သည် သူတို့၏ သားမွေတောင်တို့ဖြင့် ပြုလုပ်ထားသည်။ မှန်ချပ်များ၊ မြင်မွှေးဖြင့်လုပ်သော ဆိုဖာ ထိုင်ခုံများ၊ နိုင်ငံခြားဖြစ် ကောဇောများ၊ ပုံတူ ပန်ချီကားချပ် တို့ကို မြင်တွေ့ကြရသည်။ သူတို့ လှေကားအတိုင်း ဆင်းလာကြသောအခါ မြင်းမ မိုမို ပျောက်နေသည်ကို သတိထားမိကြသည်။ ပြန်လှည့်သွားကြည့်ကြသော အခါမှ မိုမိုသည် အကောင်းဆုံးသော အိပ်ရာ ခန်းထဲမှာပင် ရှိနေသေးသည်ကို တွေ့ရသည်။ သူမသည် ကိုသာဒွန်းကတော်၏ အလှပြင် ခုံပေါ်မှ အပြာရောင် ဖဲပြားကြိုးကို ပုခုံးပေါ်တွင် ဟန်နှင့် တပ်ပြီး မှန်ရှေ့တွင် အရူးလို ဟန်ရေးပြကာ သူမကိုယ် သူမ နှစ်သိမ့်ကျေနပ်နေသည်။ အခြားအကောင်များသည် သူမကို ပြစ်တင် ရှုတ်ချကြကာ ထွက်သွားကြသည်။ သူတို့သည် မီးဖိုဆောင်ထဲတွင် ချိတ်ဆွဲထားသော ဝက်သာကြပ်ကင်တို့ကို ယူပြီး မြေမြုတ်ပစ်ကြသည်။ မီးခိုဆောင်ဘေးက အခန်းထဲတွင် ရှိသော ဘီယာစည်ကို ဘိုးနီက ခွာဖြင့် ကန်ပစ်လိုက်သည်။ ထို့အရာတို့မှအပါး အခြား ဘာမှ မထိ မတို့ခဲ့ကြချေ။ ထိုနေရာမှာပင် အားလုံး တစ်ညီတစ်ညွှတ်တည်း ဆန္ဒပြုကြသည်မှာ ယာခြံအိမ်ကို ပြတိုက်အဖြစ် ထားရှိရန်ဖြစ်သည်။ မည်သည့် တိရိစ္ဆာန်မျှ ဤယာခြံအိမ်တွင် မနေရဟု အားလုံး သဘောတူကြသည်။

တိရိစ္ဆာန်များလည်း သူတို့၏ မနက်စာကို စားသောက်ကြပြီးနောက် ဝက်ကြီးနှစ်ကောင်ဖြစ်သော ဖြူတုတ်နှင့် သန်းရွှေတို့က သူတို့ကို စုရုံး ခေါ်ယူလိုက်သည်။

“ရဲဘော်တို့” လို့ ဖြူတုတ်က အစချီ ပြောလိုက်သည်။ “အခု ခြောက်နာရီ ခွဲပဲ ရှိသေးတယ်။ ငါတို့ တစ်နေကုန် အချိန်တွေ ရှိသေးတယ်။ ဒီကနေ့ ငါတို့ မြက်ရိတ်သိမ်း တဲ့အလုပ်စမယ်။ အဲဒါ မတိုင်ခင် အခြား ကိစ္စတစ်ခုကို အရင် လုပ်ကြရမယ်”

ဝက်တို့သည် လွန်ခဲ့သော သုံးလအတွင်း၌ သူတို့ လုပ်ဆောင်နေသော အလုပ်တို့ကို ဖွင့်ထုတ် ပြောဆိုသည်။ သူတို့သည် ကိုသာဒွန်၏ ကလေးများ ပစ်ထားသော စာလုံးပေါင်းဖတ်စာ စာအုပ်ကို အမိုက်ပုံထဲမှကောက်ယူကာ စာ ရေးတတ် ဖတ်တတ်အောင် လေ့လာခဲ့ကြသည်။ဝက်ကြီး သန်းရွှေက အဖြူ နှင့် အမဲ ဆေးအိုးတို့ယူစေလျက် တိရိစ္ဆာန်တို့ကို တုတ်တန်းငါးတန်း ရှိသော ခြံတံခါးမကြီး ဆီသို့ ဦးဆောင် ခေါ်သွားသည်။ ထို့နောက် စာရေးရာတွင် အကောင်းဆုံးဖြစ်သော ဖြူတုတ်က စုတ်တံကို လက်ဆစ်တွင် ညပ်ကာ တံခါး ထုတ်တန်း ထိပ်ဆုံးတွင် ရေးထားသော “မြန်တိုင်း မွေးမြူရေးခြံ” ကို “တိရိစ္ဆာန်တ်ို့ ယာတောမြေ” ဟု ပြောင်းလဲရေးလိုက်သည်။ အခု အခါမှစပြီး တိရိစ္ဆာန်တို့ ယာတောမြေလို့ ခေါ်ကြမည် လို့ ဆိုသည်။ အဲဒီနောက် သူတို့အားလုံး ယာခြံ အဆောက်အဦးများ ဆီသို့ ပြန်သွားကြသည်။ ဖြူတုတ်နှင့် သန်းရွှေတို့က ထိုနေရာသို့ လှေကားတစ်စင်း ယူလာစေကာ စပါးကျီ၏ နံရံကို မှီပြီး လှေကားထောင်စေသည်။ ထို့နောက် လွန်ခဲ့သော သုံးလအတွင်း သူတို့ လေ့လာခဲ့သော အရာကို ရှင်းပြကြသည်။ ဝက်တို့သည် တိရိစ္ဆာန်ဝါဒ၏ အခြေခံ အချက်အလက်တို့ကို ပညတ်ချက် ခုနှစ်ချက် အဖြစ်သို့ ရေးဆွဲနိုင်ခဲ့ကြောင်း ပြောပြကြလေသည်။ ထို ပညတ်ချက် ခုနှစ်ချက်ကို နံရံတွင် အခု ရေးဆွဲကြမည် ဖြစ်ကြောင်း၊ ပညတ်ချက်တို့သည် ပြုပြင်ပြောင်းလဲလို့ မရသော အခြေခံဥပဒေသများ ဖြစ်ကာ ယာတောမြေတွင် ရှိသော တိရိစ္ဆာန်တို့ အားလုံး ထာဝရ လိုက်နာကျင့်သုံးရမည် ဖြစ်ကြောင်း ပြောကြသည်။ ဝက်တစ်ကောင်အတွက် လှေကားတက်ရာတွင် အခက်အခဲတို့ရှိပေသည့် ဖြူတုတ်သည် ရအောင် လှေကားတက်ကာ စာရေးရန် ပြင်ဆင်သည်။ ဝက်ပေါက် ကိုကွာစိက နောက်က လိုက်တက်ကာ ဆေးအိုးတို့ကို ကိုင်ပေးသည်။ အမဲညစ်ရောင် နံရံတွင် ပညတ်ချက်တို့ကို အဖြူရောင် စာလုံး အကြီးကြီးတို့ဖြင့် ရေးဆွဲကြကာ အဝေးနေရာကပင် လှမ်းမြင်နိုင်လေသည်။ စာလုံးများမှာ

ပညတ်ချက် ခုနှစ်ချက်

၁။ ခြေနှစ်ချောင်း ရှိသူ မှန်သမျှသည် ရန်သူဖြစ်သည်။
၂။ ခြေလေးချောင်း သို့မဟုတ် အတောင် ရှိသူတို့သည် မိတ်ဆွေဖြစ်သည်။
၃။ တိရိစ္ဆာန်များ အဝတ် မဝတ်ဆင်ရ။
၄။ တိရိစ္ဆာန်များ အိပ်ရာ ခုတင်ဖြင့် မအိပ်စက်ရ။
၅။ တိရိစ္ဆာန်များ အရက်သေဇာ မသောက်စားရ။
၆။ တိရိစ္ဆာန်များ အချင်းချင်း မသတ်ဖြတ်ရ။
၇။ တိရိစ္ဆာန်များ အားလုံး တန်တူညီမျှ ကြသည်။

စာလုံးတို့ကို လှပသေသပ်စွာ ရေးဆွဲနိုင်ခဲ့သည်။ သို့ရာတွင် “မိတ်ဆွေ” အစား “မိတ်စွေ” လို့ ရေးထားသည်။ ထို့အပြင် “များ” ဆိုသော စာလုံးတစ်လုံးသည် ပြောင်းပြန်ဖြစ်နေသည်။ ဖြူတုတ်က အခြားအကောင်များ နားလည် စေနိုင်ရန်အတွက် အသံကျယ်ကျယ်ဖြင့် ဖတ်ပြလေသည်။ တိရိစ္ဆာန်အားလုံး ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် သဘောတူ ထောက်ခံကြသည်။ ထူးချွန်သော အကောင်များသည် ပညတ်ချက် ခုနှစ်ချက်ကို တစ်ပြိုင်နက်တည်း နုတ်တိုက် မှတ်မိလေသည်။

“ရဲဘော်တို့” လို့ ဖြူတုတ်က စုတ်တံကို ပစ်ချလိုက်ရင်းနဲ့ အော်လိုက်သည်။ “ကောက်ရိုးခင်း ဆီကို သွားကြမယ်။ ကိုသာဒွန်းနဲ့ သူ့လူတွေ ကောက်ရိတ်သိမ်း လုပ်နိုင်တာထက် ငါတို့ ပိုပြီးမြန်မြန်ဆန်ဆန်လုပ်ကြပြီး ဂုဏ်ယူ ကြရအောင်”

ထိုအချိန်တွင် နွားမသုံးကောင်သည် အချိန်ကုန်လာသည်နှင့် အမျှ နေရထိုင်ရခက်လာကာ ကျယ်ကျယ်လောင်လောင် ငြီးတွားလာကြသည်။ သူတို့အတွက် နှစ်ဆယ့်လေးနာရီ ပတ်လုံး နွားနို့ မညှစ်ရသေးချေ။ သူတို့၏ နို့အိမ်သည် ပေါက်ကွဲလုမတတ် တင်းမာနေသည်။ သူတို့အားလုံး ခဏမျှ စဉ်းစားလိုက်ကြပြီးနောက် ဝက်တို့သည် ပုံးခွက်တို့ကို ယူလာစေလျက် နွားမများ ထံမှ နွားနို့ကို အောင်မြင်စွာ ညှစ်ယူနိုင်ခဲ့ကြသည်။ ဝက်တို့၏ လက်များသည် နို့ညှစ်သည့် အလုပ်ကို လွယ်လင့်တစ်ကူ ဆောင်ရွက်နိုင်ခဲ့သည်။ မကြာခင်တွင် အမြုတ်များ ဝေ့တက်နေသော နွားနို့ပုံး ငါးပုံး ရလာသည်။ အခြား တိရိစ္ဆာန်များလည်း နွားနို့ပုံးများ ကို စိတ်ဝင်တစားနှင့် ဝိုင်းဝန် ကြည့်ကြသည်။

“ဒီ နွားနို့တွေကို ဘာလုပ်ပစ် ကြမလဲ” လို့ တိရိစ္ဆာန်တစ်ကောင်က မေးလိုက်သည်။

“ကိုသာဒွန်းကတော့ နွားနို့ အချို့ကို ကျွန်မတို့ အစားတွေထဲမှာ ရောတယ်” လို့ ကြက်မတွေက ပြောသည်။

“ရဲဘော်တို့ နွားနို့တွေ အတွက် စိတ်ပူပန်မနေကြနဲ့” လို့ ဝက်ကြီး သန်းရွှေက သူကိုယ်သူ နွားနို့ပုံးရှေ့တွင် ရပ်ကာ အော်လိုက်သည်။ “ဒါတွေကို ကြည့်ပြီး စီစဉ်လိုက်မယ်။ ယာမြေမှာ ရိတ်သိမ်းရမှာ ပိုပြီး အရေးကြီးတယ်။ ရဲဘော် ဖြူတုတ်က ဦးဆောင်ပြီး လမ်းပြလိမ့်မယ်။ ငါကတော့ ခဏနေရင် နောက်က လိုက်ခဲ့မယ်။ ချီတက်ကြ ရဲဘော်တို့။ မြက်ခြောက်တွေ က စောင့်နေကြပြီ”

တိရိစ္ဆာန်တို့လည်း ကောက်ရိုးခင်းဆီသို့ ရိတ်သိမ်းရန် ချီတက်သွားကြလေသည်။ ညနေခင်း သူတို့ ပြန်လာကြသောအခါ နွားနို့များ မရှိတော့သည်ကို သူတို့ သတိပြုမိကြလေသည်။

No comments:

Post a Comment