သို့သော်ငြားလည်း ဇီဝအရင်းအမြစ်ခိုးယူမှုအကြောင်းကို အကျဥ်းရုံး၍ခြုံငုံသုံးသပ်ကြည့်မိသည့်အခါ လွတ်လပ်သောအတွေးအခေါ် ၊ ကျယ်ပြန်သော အမြင်ရှု့ ထောင့်၊ စာနာ နားလည်တတ်သော လူမှုရေးကျင့်ဝတ်တို့ ရှိရမည်လို့ အခြေခံအားဖြင့် နားလည်မိ သဘောပေါက်မိသည်။
နိုင်ငံအမျိုးမျိုး၊ မျိုးနွယ်စုအသီးသီး၊ နေရာဒေသအစုံစုံတို့တွင် နှစ် ရာပေါင်းများစွာ မျိုးဆက် တဆက်ပြီးတဆက် လက်ဆင့်ကမ်း အမွေဆက်ခံလာသော အသိပညာများ၊ အတတ်ပညာများ၊ ဇီဝပိုင်းဆိုင်မှု သဘာဝ အရင်းအမြစ်များ ရှိကြသည်။
ဥပမာ အနည်းငယ်မျှ ပြောရသော်
၁။ ဒန်ပေါက်ဆန်ဟုခေါ် သော ဗတ်စမတီဆန် (Basmati rice) သည် အန္ဒိယနိုင်ငံမှလယ်သမားတို့ မျိုးရိုးစဥ်ဆက် ပိုင်ဆိုင်ပြီး စိုက်ပျိုးသော ဆန်မျိုးစိတ်ဖြစ်သည်။ထိုကဲ့သို့ပင် နှစ်ပေါင်းများစွား မျိုးရိုးစဥ်ဆက်အလိုက် သုံးစွဲလာသော သဘာဝတိုင်းရင်းဆေးများ၊ သဘာဝ ဟင်းခတ် အမွေးအကြိုင်များ၊ ဒေသထွက် အသီးအနှံပင်များလည်း ရှိကြသည်။ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်း အမွေဆက်ခံလာသော အသိပညာ၊ အတတ်ပညာ၊ သဘာဝ မျိုးစိတ်တို့သည် ထိုဒေသ၊ ထိုလူမျိုးတို့၏ ယဥ်ကျေးမှု အမွေအနှစ်လည်းဖြစ်သလို ဒေသပိုင် ဇီဝအရင်းအမြစ်လည်း ဖြစ်ကြသည်။
သို့ရာတွင် ခေတ်မှီတိုးတက်သော နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်တို့သည် အခြားနိုင်ငံ ဒေသတို့မှ မျိုးနွယ်စု လူမျိုးတို့ရဲ့ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်း အမွေဆက်ခံလာသော ပညာရပ်၊ သဘာဝ အရင်းအမြစ်တို့ကို လွယ်လင့်တကူ ခိုးယူကြသည်။ အခြားနိုင်ငံမှ မျိုးစိတ်တို့ကို ယူပြီး နည်းပညာဖြင့် ပြုပြင်ပြောင်းလဲကြသည်။
တနည်းအားဖြင့်ဆိုရသော် အခြားနိုင်ငံမှာ ရှေးဟောင်းပညာရပ် အသိပညာတို့ကို အခြေပြုပြီး ဆန်းသစ်ထီထွင်ကာ နိုင်ငံတကာစျေးကွက်တွင် အကျိုးအမြတ်ရအောင် ထုပ်လုပ်ရောင်းချကြသည်။ ထိုမှ တဆင့် မျိုးစိတ်ပိုင်ဆိုင်မှု၊ ဆေးပညာပိုင်ဆိုင်မှု အစရှိသဖြင့် တဦးတည်းပိုင်ဆိုင်မှု မူပိုင်ခွင့် ကို လုပ်ယူကြသည်။
ထင်ရှားသော သာဓကများမှာ
၁။ Yves St. Laurent လို့ ခေါ် တဲ့ ပြင်သစ်နိုင်ငံမှ ကမ္ဘာကျော်ရေမွှေးကုမ္ပဏီ တခုသည် ဖိလစ်ပိုင်နိုင်ငံမှ Ylang-Ylang (Cananga odorata) ဟုခေါ်သော စကားဝါပန်းကို အသုံးပြုပြီး နှစ်ပေါင်း ၂၀-ကျော် ရေမွှေးထုပ်လုပ်ရောင်းခဲ့သည်။ စကားဝါပန်းသည် အရှေ့ တောင်အာရှနိုင်ငံများရဲ့ မျိုးစိတ်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ပေက်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပေါက်သော စကားဝါပန်သည် အမွှေးဆုံးဖြစ်သည်ဟု ဆိုကြသည်။
သို့သော် Yves St. Laurent ကုမ္ပဏီသည် ဖိလစ်ပိုင်နိုင်ငံမှ စကားဝါပန်း မျိုးစိတ်ကိုယူပြီး အာဖရိကတွင် ပြောင်းလဲစိုက်ပျိုးခဲ့သည်။ စိုက်ပျိုးခွင့် မူပိုင်ခွင့်ကိုလည်း ထိုကုမ္ပဏီမှ တဦးတည်း ယူခဲ့သည်။
၂။ တမ်ပေး (Tempeh) ဟုခေါ်သော အစားအစာတမျိုးသည် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားလူမျိုးစုများ ရှေးအစဥ်အဆက်မှ စားသုံးသော အစားအစာတမျိုးဖြစ်သည်။ ပဲပုတ်ကို ကြာရှည်ခံအောင် အချဥ်ဖေါက်ပြီး လွယ်လင့်တကူ ကြော်စား၊ကင်စာလို့ ရအောင် အပြားထူထူး လုပ်ထားသော စားစရာတမျိုး ဖြစ်သည်။ သို့ရာတွင် ထိုကဲ့သို့ ပဲပုတ် အချဥ်ဖေါက် လုပ်ငန်းမူပိုင်ခွင့် အများအပြားကို ဂျပန်နိုင်ငံမှ ကုမ္ပဏီများက ရယူထားကြသည်။
၃။ စတီဗီးယား (stevia) လို့ ခေါ်တဲ့ သကြား အစားထိုး စားစရာအပင်မျိုးစိတ်ဟာ ပါရာဂွေးနိုင်ငံမှ ဒေသခံလူမျိုးစုတွေ ရှေးနှစ်ပေါင်များစွာကတည်းက လက်ဆင့်ကမ်းအမွေဆက်ခံခဲ့သော စားစရာမျိုးဖြစ်သည်။ စတီဗီးယားအပင်သည် ပါရာဂွေးနိုင်ငံ ဒေသခံကုန်းမြေတွင် အလေ့ကျပေါက်လေ့ရှိပြီး အရွက်သည် အချိုဓါတ်ကို ပေးသည်။ စတီဗီးယားအပင်ကို ဒေသခံလူမျိုးစုတို့ ရှေးအစဥ်အဆက်မှ သဘာဝဆေးပင်အဖြစ် အသုံးပြုကြသည်။
သို့သော် ယခုအခါ မြေဧကအမြောက်အမြားကို စက်မှုလုပ်ငန်းရှင်ကုမ္ပဏီတို့က ဝယ်ယူပြီး အခြားစားသုံးသီးနှံပင်များ စိုက်ပျိုးကြသည်။ ပါရာဂွေးနိုင်ငံ ဒေသခံကုန်းမြေတို့တွင် စတီဗီးယားအပင်တို့ မျိုးတုံးပြီး လုပ်ငန်ရှင်တို့က စတီဗီးယားအပင်မျိုးစိတ်ကို အခြားနေရာဒေသတွင် စီးပွားဖြစ် အမြောက်အမြား စိုက်ပျိုးကြသည်။
အရင်းရှင် စီးပွားရေးလုပ်ငန်းတို့သည် နိုင်ငံအသီးသီးမှ ဒေသခံလူမျိုးစုတို့၏ ရှေးအစဥ်အဆက် ကျင့်သုံးသော အသိပညာရပ်များ၊ ဇီဝမျိုးစိတ်တို့ကို လွယ်လင့်တကူ ယူငင်အသုံးချပြီး ပိုမိုကောင်းမွန်အောင် တီထွင်ကာ မူပိုင်ခွင့်ကို ရယူကြသည်။ ထိုမှတဆင့် အရင်းရှင်စီးပွားရေး စျေးကွက်အရ အကျိုးအမြတ်ရအောင် လုပ်ဆောင်ကြသည်။
သို့သော် ထိုနှစ်ပေါင်းများစွာ မျိုးဆက်လိုက် ထိန်းသိမ်းလာခဲ့သောပညာအတွက် မူလလူမျိုးစုတို့ ဘာအကျိုး အမြတ်မှ မရရှိချေ။
ရံဖန်ရံခါ အငြင်းပွားဖွယ် မေးခွန်တို့ ရှိနိုင်ပါသည်။ စီးပွားရေး လုပ်ငန်းရှင်တို့က သိပ္ပံနည်းကျကျ ပိုမိုကောင်းမွန်အောင် ဆန်းသစ်ထီထွင်ကြသည်။ ထိုအတွက် အကျိုး အမြတ်ကို လုပ်ငန်ရှင်တို့ ရယူထိုက်သည်လို့ ယူဆကောင်း ယူဆနိုင်ဖွယ်ရှိသည်။ မူပိုင်ခွင့်ကိုလည်း ရယူပိုင်ခွင့်ရှိသည်ဟု ထင်မှတ်ဖွယ်ရှိသည်။
သို့သော် ကျွန်တော် အထက်မှာပြောပြခဲ့သလို လွတ်လပ်သောအတွေးအခေါ် ၊ ကျယ်ပြန်သော အမြင်ရှု့ ထောင့်၊ စာနာ နားလည်တတ်သော လူမှုရေးကျင့်ဝတ်တို့နှင့် ချိန်ထိုး တွက်ဆကြည့်သည်အခါ အရင်းရှင် စီးပွားရေးလုပ်ငန်းတို့ ထိုကဲ့သို့ ဇီဝအရင်းအမြစ်ကို အလွယ်တကူခိုးယူ အသုံးချမှုသည် မှားယွင်းသည်လို့ သိမြင်လာလိမ့်မည်။
ဒန်ပေါက်ဆန် နှင့် စံပယ်ဆန်မွှေး တို့ကို အမေရိကန်နိုင်ငံမှ ကုမ္ပဏီက လက်ဝါးကြီးအုပ် မူပိုင်ခွင့်ကို ယူလိုက်သည့်အခါ မူလဒေသနိုင်ငံမှ ဆန်တင်ပို့ ရောင်းချသူတို့ ၊ စိုက်ပျိုးရေး လယ်သမားတို့ နစ်နာရသည်။
စတီဗီးယား (stevia) ကို သကြားအစားထိုးစားသုံးကုန်အဖြစ် တီထွင်ထုပ်လုပ်ရောင်းချသော အရင်းရှင်ကုမ္ပဏီတို့ အကျိုးအမြတ် မြောက်မြားစွာ ရရှိကြသော်လည်း ထို စတီဗီးယား (stevia) အပင်မှ အချိုဓါတ် ထုပ်ယူလို့ ရသည်ဆိုသော ရှေးဟောင်း အသိပညာကို ပိုင်ဆိုင်သော လူမျိုးစုတို့ အတွက်မူကာ ဘာအကျိုးအမြတ်မှ မရရှိခဲ့ချေ။
ထိုကဲသို့သော လူမျိုးနွယ်စုတို့ရဲ့ ယဥ်ကျေးမှု အသိပညာ၊ သဘာဝအရင်းအမြစ်တို့ကို ရယူပြီး အကျိုးအမြတ်ထုတ်ယူမှုတို့ကို ဇီဝအရင်းအမြစ်ခိုးယူမှု သို့မဟုတ် biopiracy ဟု သတ်မှတ်ကြသည်။
၁။ လူမျိုးနွယ်စုတို့ နေထိုင်သော ဒေသမှ သစ်ပင်၊ ပန်းပင်၊ ရိုးရာ ကုထုံး အစရှိသည့် အသိပညာ၊ အတတ်ပညာတိုကို့ ယူဆောင်သွားပြီး မူလလူမျိုးနွယ်စုတို့၏ ခွင့်ပြုချက် မရယူပဲ အကျိုးအမြတ်ရအောင်လုပ်ယူခြင်းသည် ဇီဝအရင်းအမြစ်ခိုးယူမှု မြောက်သည်။
၂။ လူမျိုးနွယ်စုထံမှာ မျိုးစေ့များ၊ ဆေးကုထုံးများကို ပုံတူကူးယူကာ ကိုယ်ပိုင်မူပိုင်ခွင့် လုပ်ယူမှုသည်လည်း ဇီဝအရင်းအမြစ်ခိုးယူမှု မြောက်သည်။
၃။ လူမျိုးနွယ်စုထံမှာ မျိုးစေ့များ၊ ဆေးကုထုံးများကို ပုံတူကူးယူကာ ဓါတ်ခွဲခန်းများတွင် လေ့လာမှုများ ပြုလုပ်ပြီး မျိုးရိုးဗီဇပြုပြင် ပြောင်းလဲမှုလုပ်၊ ကိုယ်ပိုင်မူပိုင်ခွင့် လုပ်ယူမှုသည်လည်း ဇီဝအရင်းအမြစ်ခိုးယူမှု မြောက်သည်။
၄။ ထိုကဲ့သို့ ကိုယ်ပိုင်မူပိုင်ခွင့် လုပ်သည့်အခါ မူလဒေသ လူမျိုးနွယ်စုတို့ထံမှာ ရိုးရာပညာ၊ မျိုးစေ့များကို နမူနာယူ ကိုးကားရည်ညွှန်းမှုများ လုပ်ဖို့ ဥပဒေအရ လိုအပ်ပါသည်။ သို့မဟုတ်ပါက ဇီဝအရင်းအမြစ်ခိုးယူမှု မြောက်သည်။
၅။ မူပိုင်ခွင့် ဥပဒေအရ မူလဒေသ မျိုးနွယ်စုများကို အကျိုးအမြတ် ခွဲဝေပေးဖို့ လိုအပ်ပါသည်။ သို့မဟုတ်ပါက ဇီဝအရင်းအမြစ်ခိုးယူမှု မြောက်သည်။
ထို့ကြောင့် နာဂိုရာသဘောတူညီချက် (Nagoya protocol) ဟုခေါ်သော နိုင်ငံတကာ သဘောတူညီချက် ထွက်ပေါ်လာခဲ့သည်။ နာဂိုရာသဘောတူညီချက်အရ လုပ်ငန်းရှင်ကုမ္ပဏီတို့သည် ရရှိသော အကျိုးအမြတ်မှ သင့်တော်သော အမြတ်အချိုးအစားပမာဏကို မူလဒေသ လူမျိုးနွယ်စုတို့၏ လူမှုရေးအကျိုးစီးပွားအတွက် ပြန်လည်ပေးဆပ်ရမည်လို့ သတ်မှတ်ထားသည်။
သို့သော် နာဂိုရာ သဘောတူညီချက်သည် လျော့တိလျော့ရဲရှိလှပြီး မပီပြင်သေးသော သဘောတူညီချက် အနေဖြင့်သာ တည်ရှိနေသေးသည်ဟု ကျွန်တော် ထင်မြင်မိသည်။
မူလ လူမျိုးနွယ်စုတို့အတွက် အကျိုးစီးပွားရရှိရန် ကုမ္ပဏီများမှ ပြန်လည်ပေးဆပ်မှုတို့သည် နှောင့်နှေးကြန့်ကြာမှုများ ရှိနေသေးသည်။ အရင်းရှင်လုပ်ငန်းတို့အတွက် နိုင်ငံအလိုက် ဥပဒေရေးရာအရ ဘက်လိုက်မှုတွေ အများကြီး ရှိနေသေးသည်။
လူမျိုးနွယ်စုတို့ဖက်မှလည်း ယဥ်ကျေးမှု အသိပညာများ၊ သဘာဝအရင်းအမြစ်ပိုင်ဆိုင်မှု ယဥ်ကျေးမှု အစရှိသည်တို့သည် ၎င်းတို့၏ နဂိုမူလ ပိုင်ဆိုင်မှုဖြစ်သည်ဟု အဆိုပြုသက်သေပြနိုင်ရန် ရှေးပညာရပ်တို့၏ လက်ဆင့်ကမ်းအမွေ အချက်အလက်တို့အား သေချာစွာမှတ်တမ်းတင်ပြုစုထားဖို့ လိုအပ်သည်။
နူတ်မှ ပါးစပ်မှ ငါတို့ ပိုင်ဆိုင်မှု ဖြစ်သည်ဟု အော်ဟစ်တောင်းဆိုမှုသည် ဥပဒေ ရှု့ထောင်မှ ကြည့်လျင် အရာမထင်ချေ။
ထို့ကြောင့် နိုင်ငံတိုင်းတွင် ကိုယ်ပိုင်ယဥ်ကျေးမှုအတွက်၊ သဘာဝအရင်းအမြစ်တွေအကြောင်း သုသေသန စာတမ်းပြုစု ထားရှိမှုတို့သည် အထူးအရေးပါ အရာရောက်သည်ဟု ကျွန်တော်ထင်မြင်မိပါသည်။
ရိုးရာ ယဥ်ကျေးမှု ဆေးပညာရပ်များ၊ သစ်ပင် ပန်းမာန်တို့ အသုံးဝင်ပုံအကြောင်းကို မျိုးဆက်အလိုက် အသုံးပြုသည့် မှတ်တမ်းမှတ်ရာများ ပြုစုထားရှိပါက နာဂိုရာသဘောတူညီချက်ကို အမှီပြုပြီး ဒေသတိုးတက်ကြီးပွားရေးအတွက် ထိုက်သင့်သော အကျိုးအမြတ်ကို တောင်းဆိုရနိုင်ပါသည်။
ဥပမာတခု ပြရသော် သနပ်ခါးဆိုသည်မှာ မြန်မာပြည်ရဲ့ တခုတည်းသော မြန်မာရိုးရာ အရည်ပြားလိမ်း၊ မျက်နှာလိမ်း အလှကုန် အမျိုးအစားဖြစ်သည်။ သို့သော် ထိုမြန်မာသနပ်ခါးကို နိုင်ငံခြားတိုင်းပြည်အချို့က အလှကုန်ပစ္စည်းအနေဖြင့် ထုတ်လုပ်ရောင်းချကြသည်။ အကြမ်းအားဖြင့်ကြည့်လျင် မြန်မာသနပ်ခါး ကမ္ဘာမှာ ပြန့်ပွားအောင် လုပ်တယ်လို့ ဂုဏ်ယူစရာဟု တချို့က ထင်ကြလိမ့်မည်။
ထို့အပြင် မြန်မာပြည်မှာ မြန်မာသနပ်ခါးကို ယဥ်ကျေးမှုတရပ်အဖြစ် ကိုယ်စားပြုသော အဖွဲ့အစည်းမျိုးလည်း မရှိချေ။ ထို့ကြောင့် ဇီဝအရင်းအမြစ်ခိုးယူမှု ဥပဒေရှု့ထောင့်မှာ ပြန်ကြည့်သည့်အခါ ဒီသနပ်ခါးကို ဘယ်သူက ကိုယ်စားပြုပြီး တရားစွဲမလဲဆိုတဲ့ မေးခွန်းရှိသည်။ အဲဒီသနပ်ခါး ယဥ်ကျေးမှုနဲ့ ပတ်သက်ပြီး အကျိုးအမြတ်၊ ဒေသခံလူမူရေး တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်သည့် တာဝန်ခံ အဖွဲ့အစည်းများလည်း မရှိသေးချေ။ နိုင်ငံခြားတိုင်းပြည်တို့တွင် စတီဗီးယား သကြားအစားထိုး ထုပ်ကုန်ပစ္စည်းကို ကိုယ်စားပြု ထိန်းချုပ်သော အဖွဲ့အစည်း ရှိသည်။ စတီဗီးယားနှင့် ပတ်သက်သော အချက်အလက်များလည်း စုဆောင်းထားသည်။
သနပ်ခါးသည် လွတ်လပ်သော ယေဘူယ အများပိုင် သဘောမျိုးအဖြစ်သာ ရှိသည်။ တချိန်မှာ မြန်မာလူမျိုးတယောက်က နိုင်ငံတကာစျေးကွက်ကို ထိုးဖောက်လိုသည့်အခါ ထိုမူပိုင်ခွင့်ကို ဘယ်သူ ရယူထားသလဲဆိုတဲ့ မေးခွန်းများ ဥပဒေရေးရာများ ရှိလာနိုင်သည်။ ထိုမူပိုင်ခွင့်ကြောင့် စီးပွားရေအရ နောက်ဆုတ်သွားရမည့် မြန်မာလူမျိုးများလည်း ရှိလာနိုင်သည်။
မေတ္တာဖြင့်
ဘကောင်း