ငါးကျည်းခြောက်နဲ့ ထမင်းစားခြင်း

မြန်မာပြည်မှ မှာထားသော စားစရာများ ဒီနေ့ ရသည်။ ရခိုင်သူရောင်းတဲ့ဆီက မှာစားသည်။ မှာတုံးက မျက်စိအာရုံထဲ မြင်သမျှကို ဟိုဟာစားမယ်၊ ဒီဟာလည်း စားမယ် လက်ညိုးထိုးပြီး မြင်သမျှကို လိုချင်သော ကလေးတယောက်သဖွယ် မှာခဲ့သည်။ ဘာတွေမှာခဲ့မှန်း မသိ။ ငါးနဲ့ ပတ်သက်တာတွေ မှန်းတော့ သိသည်။ ငါးပိ၊ ငါးခြောက်ကို ပုံစံ အမျိုးမျိုး ထောင်း၊ ကြော် လုပ်ထားတာတွေ ဖြစ်သည်။

အလေးချိန် ဘယ်လောက်မှာတယ်။ အခကြေးငွေ ဘယ်လောက်ကျသလဲကို တွက်ချက်ဖို့ ဦးနှောက်အာရုံထဲတွင်တော့ နေရာ မရှိ။ နေ့စဥ် အလုပ်တွေ လုပ်နေရသည့် အားလျော်စွာ ဘဝမှာ တော်တန် ကိစ္စတွေ တွက်ချက် သုံးသပ်ဖို့ အာရုံမရှိတော့တာလည်း ဖြစ်သည်။ ယနေ့ ထက်တိုင် အိမ်ဘေးပတ်လည်က လမ်းနာမည်တွေကို မသိသေးချေ။ သို့သော် အတွေ့အကြုံအရ အကြင်သူတပါး စိတ်နေစိတ်ထား ဘယ်လိုရှိမယ် ခန့်မှန်းတွက်ချက်တတ်သည်။ စားစရာကို မှာသည့် အခါ စျေးဝယ်က စျေးရောင်းသူထံမှ ဝယ်ရသည့် သဘောမဟုတ်ပဲ ကိုယ့်နှမ၊ ကိုယ့်အမ ဆွေမျိုးသားချင်းကို ဟိုဟာစားချင်တယ်။ ဒီဟာစားချင်တယ်။ ချက်ပေးပါ ပူဆာတဲ့ သဘောမျိုးဖြစ်သည်။  
ထိုခံစားချက် ဖြင့် စားရသော အရသာကို စားချင်တာလည်း ဖြစ်သည်။ အခကြေးငွေ ပို့ဆောင်ခ ထိုအရာတို့သည် အသေးအမွှား အရေးမကြီးတော့ချေ။ ဒီလို စားရဖို့ အခွင့်အရေးဆိုတာ ဘဝမှာ ရံဖန်ရံခါ မှသာ ကြုံရတတ်သည်။ ထို အခွင့်အရေးကို လက်လွတ်ခံလို့ မရ။

တပတ်အတွင်း စားစရာတွေ ရသည်။ ပြည်ပမှာ နှစ်ပေါင်း နှစ်ဆယ်နီးပါး နေလာသူ တစ်ယောက်က ဘာကြောင့် မြန်မာပြည်က အစားအစာ အထူးသဖြင့် အခုလို ဆွေမျိုးသားချင်သဖွယ် ချက်ပြုတ်ကြော်လှော်ပေးသော အစားအစာကိုမှ တောင်းတရပါသလဲလို့ မေးခွန်း မေးဖွယ် ရှိသည်။ အစားအစာ အရည်အသွေးကောင်းကောင်းကိုမှ စားချင်သည့် လျှာ၊ စီးပွားဖြစ် ထုပ်လုပ်ရောင်းချသည့် အသင့်စား စားစရာအထုပ်တွေကို မစားရဲတာလဲ ဖြစ်သည်။ ဆော်လမွန်ငါး၊ ကားဗီရား ငါးဥ၊ ကျောက်ပုစွန် အစရှိသည့် စားကောင်းသောက်ဖွယ်များ ရှိပါလျက်နဲ့ မြန်မာပြည်မှ အစားအစာကို တောင့်တရသည်မှာ မြန်မာပြည်မှာ မွေး၊ မြန်မာပြည်သားဖြစ်မှ ထို အစားရမ္မက် တောင်းတမှုကို နားလည်ပေလိမ့်မည်။

အထုပ်တထုပ်ကို ဖောက်လိုက်သည်ံ။ ငါးကျည်းခြောက်ကြော်ထုတ်ဖြစ်နေသည်။ ဘဝမှာ ငါးကျည်ခြောက်ကြော် စားခဲ့ဘူးတာ များလှပြီး။သို့သော် ဒီငါးကျည်းခြောက်ကြော်က ငါးကျည်း ငါးဖတ်တို့ ထင်းကနဲ၊ ဝင်းကနဲ မြင်နေရသည်။ ထမင်းခူးလိုက်သည်။ တရိပ်ရိပ် ကြီးထွားလာသော ခန္တာကိုယ်ကို သက်ညှာသော အားဖြစ် ထမင်းမစားတာကြာပြီ။ သို့သော် ဒီနေ့ကတော့ ချွင်းချက်။ ခန္တာကိုယ်ကို အလို လိုက်အုံးမည်။
ထမင်းပေါ်  ငါးကျည်းခြောက်ကို ပုံလိုက်သည်။ အတွေ့ အကြုံ အရ လတ်ဆပ်နေမှန်း သိသည်။ ငါးကျည်းသားဖတ်တို့ အရသာရှိလိုက်သည့် ဖြစ်ခြင်း။ ထမင်းတစ်ပန်းကန် ကုန်သွားသည်။ အမှန်တော့ ရပ်သင့်ပြီး။  သို့သော်  ရသာတဏှာကို မလွန်ဆန်နိုင်ခဲ့။ နောက် တစ်ပန်းကန် ထပ်စားဖြစ်သည်။
စားရင်းနဲ့ မဖောက်ရသေးသော အခြားဟင်းထုပ်များကို မျက်စေ့က ကြည့်ရင်း ဘယ်နေ့မှာ ဘယ်အထုပ်ကို ဖောက်စားရင် ကောင်းမလဲလို့ တွေးတော နေမိသည်။ 

ပြည့်အင့်နေသော ဗိုက်ကို ပွတ်ရင်း ငါးကျည်းခြောက်ထုတ်ကို ဘူးထဲ ပြောင်းထဲ့ရသည်။ ငါးကျည်းတစ်ဖတ် လွှင့်စင်ပြီး ကြမ်းပြင်ပေါ် ကျသွားသည်။ နမြောတသသော စိတ်က အမြန်ကောက်စားလိုက်လို့ ပြောသည်။ ကောက်စားလိုက်သည်။ ငါးစက္ကန့်အတွင်း ကောက်စားလို့ ရတယ်ဆိုတဲ့ ဆိုရိုးစကားလည်း ရှိသည်။ ပန်ကန်းမှာ ကပ်နေသော လက်ကျန် ကြက်သွန်ဖတ်၊ ငါးကျည်းဖတ်တို့ကို လျှာဖြင့်လျှက်လိုက်သည်။ အရသာရှိလိုက်သည့် ဖြစ်ခြင်း။ လေးလံနေသော  ဗိုက်ကို အသာအယာပွတ်ပြီး ညစာကို အဆုံးသပ်လိုက်သည်။

မဖောက်ရသေးသော အခြားဟင်းများ နောက်ရက်မှာ စားအုံးမည်လို့ တေးမှတ်ထားလိုက်သည်။

ကျွန်တော်ကို စားစရာများ ချက်ပြုတ် ကြော်လှော်ပေးလိုက်သော  မဇင်ဇင်တို့ ညီမကို ကျေးဇူးတင်မိပါသည်။ သူရို့တွေ ပင်ပင်ပန်းပန်းနဲ့ ပြင်ဆင်ပေးလိုက်သော စားစရာကို စားခွင့်ရသည်မှာ ကောင်းချီးမင်္ဂလာ တစ်ပါလည်း ဖြစ်သည်။

ငါးကျည်းခြောက်နဲ့ ထမင်းစားတာကို ရေးတာ စာက ဒီလောက် ရှည်နေရင် ကျန်တဲ့ ဟင်းတွေ နဲ့ စားတဲ့ အကြာင်း ရေးရရင် ဘယ်သို့ ဘယ်ပုံ ဖြစ်မယ် မသိသေးချေ။ ဒီညအဖို့ စာရေးရင်း ဟင်းအသစ်တွေကို စားရဖို့ နေရက်တွေကို လက်ချိုး ရေတွက်နေမိသည်။ ဟားဟား

ဒီက မှာစားလိုက်တာ. 

ဘကောင်း

No comments:

Post a Comment