နှစ်ပေါင်းရှစ်ဆယ်နီးပါး ကြာမြင့်လှပြီးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ တကယ့်ကို အဆုံးအဖြတ်ပေးမည့်ဆုံမှတ်ကို ရောက်နေပြီလို့ဆိုရမည်။ အခုတကြိမ် မအောင်မြင်ရင် နောင်ဘယ်တော့မှ မအောင်မြင်တော့ဘူးလို့တောင် ပြတ်ပြတ်သားသား သုံးသပ်ရလိမ့်မည်။ ဒါမှမဟုတ် လက်ရှိပြည်တွင်းစစ်ဟာ နောင်နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် ဆက်လက်တည်ရှိနေအုံးမည်လော။ စိတ်မချမ်းသာစွာ သုံးသပ်ရသည်။
ဒီတခါဖြစ်တဲ့ ပြည်တွင်းစစ်ဟာ အရင်တုံးက ဖြစ်နေခဲ့သော ပြည်တွင်းစစ်နဲ့ မတူညီချေ။ နှစ်ပေါင်းများစွာ တော်လှန်နေခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ ယခုအခါ တစုတစည်းတည်း ပေါင်းစည်းမိကြသည်။ မြန်မာနိုင်ငံသူ၊နိုင်ငံသားအများစုသည်လည်း စစ်အာဏာရှင်ဖြုတ်ချနိုင်ရေးအတွက် စည်းလုံးညီညွှတ်မိကြသည်။ ထိုအတွက် အကျိုးရလဒ်က ပြည်သူ့ကာကွယ်ရေးစစ်တပ်ဆိုပြီး ထွက်ပေါ်လာခဲ့သည်။ ပြည်သူ့ကာကွယ်ရေး စစ်တပ်ကို ပြည်တွင်း ပြည်ပမှ ပြည်သူပြည်သားများ ဝိုင်းဝန်းထောက်ပံ့ကြသည်။
သို့သော် အများစုရဲ့ ကြံ့ကြံ့ခံတွန်းလှန်လိုမှုစိတ်ဓါတ်၊ တော်လှန်ရေးအောင်မြင်ရမည်ဟု ယတိပြတ်သန္နိဋ္ဌာန်ချထားကြသော်ငြားလည်း ထိုတော်လှန်ရေးအောင်မြင်ဖို့အတွက် နှောင့်နှေးကြန့်ကြာစေမည့် အခက်အခဲ ရင်ဆိုင်စရာတွေ ကျန်ရှိနေသေးသည်။
အမိုင်းကြောင်း ရေးရာများနှင့် ခေတ်ပြိုင် ကမ္ဘာ့ တော်လှန်ရေး အဖြစ်အပျက်များ
စစ်အာဏာရှစ်စနစ်ဆိုတာ ဘယ်တော့မှ ထာဝရ မတည်မြဲဘူး။ တနေ့တချိန်တော့ ကျရှုံးရမည်လို့ ကျွန်တော်တို့ နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲ ယုံကြည်ခဲ့ကြသည်။ အနောက်တိုင်းမှ ခေါင်းဆောင်အချို့လည်း ထိုကဲ့သို့ပင် ယုံကြည်ကြသည်။ ထိုကဲ့သို့ ယုံကြည်မှုကြောင့်ပင် နိုင်ငံတကာအနှံ့မှာ တော်လှန်ရေးလှုပ်ရှားမှုတွေကို အားကောင်းစေခဲ့တာ မဟုတ်ပါလော။ မြန်မာပြည်သူ ပြည်သားတို့လည်း ထိုအတိုင်းပဲ ယုံကြည်ခဲ့ကြသည်။ ထိုယုံကြည်ချက် အတွေးအခေါ်ကို စွဲကိုင်ထားသည်။ သို့သော်ငြားလည်း သမိုင်းအဖြစ်အပျက်တို့က ကျွန်တော်တို့အား ပြန်လည် ဆင်ခြင်သုံးသပ်ရမည့် သင်ခန်းစာများပေးခဲ့သည်။
အီရတ်နိုင်ငံကိုကြည့်ပြီး သုံးသပ်ရလျင် ၂၀၀၃-ခုနှစ်ကာလတုံးက စစ်အာဏာရှင် ဆဒမ်ဟူစိန်ကို အနောက်တိုင်း အင်အားစုများက ဖြုတ်ချခဲ့ကြသည်။ အကျိုးဆက်က အီရတ်နိုင်ငံအတွင်း အာဏာမဲ့ကွက်လပ် (power vacuum) ကို အခိုက်အတန့် ဖြစ်ပေါ်စေခဲ့သည်။ ဖြစ်ပေါ်လာတဲ့ ထိုအာဏာမဲ့ကွက်လပ်နေရာကို ဆူနီနှင့် ရှီးရိုက် စစ်အုပ်စုတို့က အလျင်အမြန် ဝင်ရောက်နေရာယူပြီး အစ္စလာမ်ဘာသာရေးပြည်နယ် (Islamic State) အဖြစ် တည်ထောင်ကြသည်။
အလားတူပင် နေတိုးအုပ်စု ထောက်ပံ့ထားသော တော်လှန်ရေးသမားများက လစ်ဗျားနိုင်ငံမှ အာဏာရှင် ဂဒါဖီကို ၂၀၁၁-ခုနှစ်တွင် ဖြုတ်ချခဲ့ကြသည်။ စစ်အာဏာရှင် ပြုတ်ကျသွားခဲ့သော်ငြားလည်း လစ်ဗျားနိုင်ငံသည် တည်ငြိမ်မှု မရှိ၊ တိုးတက်ကြီးပွားသော နိုင်ငံဖြစ်မလာခဲ့ချေ။
မှတ်ချက်။ ထို နိုင်ငံတို့ကို ကြည့်ပြီး သုံးသပ်ကြည့်ခြင်းမျှသာ ဖြစ်သည်။
မြန်မာနိုင်ငံရဲ့ တော်လှန်ရေးသည်လည်း ထိုကဲ့သို့သော မမြော်လင့်နိုင်သည့် ဆိုးကျိုးရလဒ်များ ရှိလာနိုင်သည်။ နိုင်ငံတကာမှ အထောက်အပံ့များ လွယ်လင့်တကူ မရခဲ့သော်၊ သို့တည်းမဟုတ် စစ်အာဏာရှင်ပြုတ်ကျသွားခဲ့ပြီး နောက်ပိုင်းကာလမှာ အာဏာပြိုင်ဆိုင်မှုများ ဖြစ်လာနိုင်ချေရှိသည်။ ထိုမှ အကျိုးဆက်သည် တိုင်းပြည် မတည်ငြိမ်မှု ဆက်လက်ဖြစ်ပွားနိုင်သေးသည်။ ထိုအတွက် သင်ခန်းစာကတော့ ရှင်းပါတယ်။ စည်းလုံးညီညွတ်မှု၊ ကြံ့ခိုင်သန်မာသော ခေါင်းဆောင်မှုတို့ မရှိပါက တော်လှန်ရေးသည် နှစ်ရှည်လများ ကြာမြင့်ပြီး ရှုပ်ထွေးပွေလီမှုတို့ ဖြင့် ခရီးဆက်သွားရလိမ့်အုံးမည်။
လျော့နည်းလာတဲ့ အနောက်တိုင်းရဲ့ လွမ်းမိုးမှုနှင့် မြန်မာနိုင်ငံ တနိုင်ငံတည်းအဖြစ် တသီးတခြားဖြစ်တည်မှု
လွန်ခဲ့သော နှစ်ကာလများနှင့် မတူညီတာက အနောက်တိုင်းနိုင်ငံများဟာ စစ်အာဏာရှင်အုပ်စိုးတဲ့ နိုင်ငံရေး အခင်းအကျင်းမှာ တိုက်ရိုက် ဝင်ရောက်စွတ်ဖက်ဖို့ စိတ်ဝင်စားမှု မရှိကြတော့တာပဲ ဖြစ်သည်။ အနောက်နိုင်ငံတို့ရဲ့ ပြည်တွင်းရေးကိစ္စတွေဖြစ်တဲ့ နိုင်ငံအတွင်း နိုင်ငံရေးအယူအဆ ကွဲပြားမှု၊ စီးပွားရေး ဆုပ်ယုတ်ကျဆင်းလာမှု၊ နိုင်ငံရေးဒုက္ခသည် အမြောက်အမြား ခိုဝင်လာမှုတို့ကြောင့် သူတို့နိုင်ငံတို့ရဲ့ အဓိကနိုင်ငံရေးမူများက ပြည်တွင်းရေးကိစ္စများအပေါ် ပိုမိုပြီး အာရုံစိုက်ကြတော့သည်။ နိုင်ငံတကာကိစ္စကို စစ်ရေးအရ ကိုယ်တိုင် ဝင်ရောက်စွတ်ဖက်တာထက်စာရင် စစ်အာဏာရှင် ဆန့်ကျင်ဖက်အင်အားစုတို့ကို ငွေကြေးထောက်ပံ့ခြင်း၊ စစ်လက်နက်တပ်ဆင်ပေးမှုနှင့် စစ်ရေးလေ့ကျင့်ပေးမှု အနေဖြင့် သွယ်ဝိုက်သော နည်းဖြင့်သာ ထောက်ပံ့ကြတော့သည်။
ဆီးရီးယား ပြည်တွင်းစစ်ကို ဥပမာအနေဖြင့် ကြည့်ရလျင် ဆီးရီးယားသမ္မတဟောင်း ဗာရှား အာဆပ်က ဆီးရီးယားပြည်သူတွေအပေါ် ဓာတုလက်နက်သုံးစွဲ တိုက်ခိုက်မှုရှိခဲ့သည်။ ထိုကိစ္စကို အကြောင်းပြုပြီး အရင်အမေရိကန်သမ္မတဟောင်း အိုဘားမားအုပ်ချုပ်ရေးက ဆီးရီးယား စစ်အာဏာရှင်ကို လေကြောင်းမှ တိုက်ခိုက်ချေမှုန်းရန် စဥ်းစား စီစဥ်ခဲ့သေးသည်။ ထို့နောက်မှ ဆီးရီးယားသမ္မတဆန့်ကျင်ဖက်အင်အားစုတို့အား ပံ့ပိုးမှုများ အမြာက်အမြား ပေးခဲ့သည်။ ထိုကြောင့် ရှည်လျားကြာမြင့်လှသော ဆီးရီးယားပြည်တွင်းစစ်ကို ဖြစ်ပေါ် စေခဲ့ရုံသာမက၊ မြောက်မြားစွာသော စစ်ဘေးဒုက္ခသည်များကို ဖြစ်ပေါ် စေခဲ့သည်။ ထိုစဥ် အခါတုံးက သမ္မတဟောင်း အိုဘားမားကိုယ်တိုင် မှားယွင်းခဲ့တယ်လို့ ဝန်ခံ့ခဲ့သည်။ သို့သော်ငြားလည်း နိုင်ငံတကာမှ ဆီးရီးယားသမ္မတဆန့်ကျင်ဖက်အင်အားစုတို့အား တစိုက်မတ်မတ်ပံ့ပိုးပေးမှုဖြင့် စစ်အာဏာရှင်ဟောင်း ဗာရှား အာဆပ်ကို နှစ်ပေါင်း ၁၃-နှစ် ကြာမြင့်ပြီးနောက် ယနေ့အခါ ဖြုတ်ချနိုင်ခဲ့ကြသည်။ သို့သော်လည်း ဆီးရီးယားနိုင်ငံ တည်ငြိမ်အေးချမ်းသော နိုင်ငံအဖြစ်အသွင်ကူးပြောင်းသွားဖို့ စိန်ခေါ် မှု များ ရှိနေသေးသည်။
ဆီးရီးယားနဲ့ မတူတဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ်အခြေအနေက မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်တော်လှန်ရေး အင်အားစုများအား ဆီးရီးယားကိုထောက်ပံ့သလို ပြည်ပမှ စစ်ရေးထောက်ပံ့ပေးမှုများ မရှိချေ။ ပြည်သူ့ ကာကွယ်ရေးတပ်များသည် ပြည်တွင်းနှင့် ပြည်ပမှ မြန်မာနိုင်ငံသူ နိုင်ငံသားများရဲ့ လှူဒါန်းငွေဖြင့်သာ တော်လှန်ရေးကို ဆင်နွဲရသည်။ လက်နက်အင်အား ပြည့်စုံသော မြန်မာစစ်တပ်ကို တန်ပြန် တိုက်ခိုက်နိုင်ဖို့ အတွက် ပြည်သူ ပြည်သားတို့ လှူဒါန်ငွေသည် အင်အားကောင်းမွန်သောလက်နက်တပ်ဆင်ပြီး ပြည်သူ့စစ်အင်အားတည်ဆောက်ဖို့၊ စစ်လက်နက် သယ်ယူပို့ဆောင်ဖို့ ဆိုတာ လက်တွေ့မှာ လုံးဝ မလုံလောက်ချေ။
ထို့အပြင် ထိုလှူဒါန်ငွေတို့အား ဘယ်လို အသုံးချသလဲဆိုတာ ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် တော်လှန်ရေး ထောက်ပံ့သူများအကြား ဝေဖန်မှုများ၊ ယုံကြည်မှုမဲ့လာမှုများလည်း ရှိလာသည်။
ပြည်ပအင်အားစုများရဲ့ အခန်းကဏ္ဍ
မြန်မာစစ်တပ်သည် နိုင်ငံရေးမဟာမိတ်ဖွဲ့ထားတဲ့ ရုရှားနှင့် တရုတ် နိုင်ငံတို့ရဲ့ အထောက်အပံ့များ ရရှိနေတာဟာလည်း အရေးပါပြီး ဂရုစိုက်ရတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ လက်နက်၊ နည်းပညာ အရင်းအမြစ်၊ နိုင်ငံရေးအရ တရားဝင်ထောက်ခံမှုများ ရနေတာကြောင့် တော်လှန်ရေး အင်အားစုတွေအတွက် အောင်မြင်နိုင်ဖို့ အရွေ့ဟာ ပိုမို ခက်ခဲနေရသည်။
ထိုကဲ့သို့ နိုင်ငံရေးအရ တရားဝင်ထောက်ခံမှုများရရှိနေသည့်အပြင် မြန်မာစစ်တပ်သည် လိုသလို ချယ်လှယ်နိုင်စွမ်းသော ဥပဒေ နှင့် အစိုးရ ယန္တရားတို့ဖြင့် ထိန်းချုပ်ထားပြန်သည်။ ထို့ကြောင့် ရုရှားနှင့် တရုတ်နိုင်ငံတို့ကို တန်ပြန်ပြီး အနောက်တိုင်နိုင်ငံများ နှင့် အရှေ့တောင်အာရှနိုင်ငံများမှ ထောက်ပံ့မှုများ မရရှိ၍ တော်လှန်ရေးသည် စစ်ရေးအရ တဖက်စောင်းနင်း အင်အားနည်းနေအုံးမည်။
ခေါင်းဆောင်မှု စိန်ခေါ် မှုများနှင့် မြော်လင့်ချက် အမှားများ
မြန်မာ တော်လှန်ရေးအင်အားစုများရဲ့ အဓိက အားနည်းချက်က ခေါင်းဆောင်မှု အားနည်းခြင်းနှင့် စည်းလုံးညီညွှတ်သော ခေါင်းဆောင်မှုမရှိခြင်းတို့ ဖြစ်သည်။ အကျိုးရှိရှိ အောင်မြင်မှု ရရှိဖို့ ရာအတွက် ရှင်းလင်းပြတ်သားသော လမ်းညွှန်မှု၊ တိကျမှန်ကန်သော နည်းဗျူဟာနှင့် လက်တွေ့ကျသော ရည်မှန်းချက်တို့ ချမှတ်တတ်ဖို့ လိုအပ်သည်။ သို့တိုင်အောင် တော်လှန်ရေးအင်အားအများစုသည် လူမှုကွန်ယက် အခန်းကဏ္ဍမှာပင် ဟစ်ကြွေးနေသည့်အဖြစ်ဖြင့်သာ တည်ရှိနေသေးသည်။ နိုင်ငံရေးအတွေးအမြင်၊ စိတ်ခံစားကို လိုက်ပြီး တော်လှန်ရေး ခံယူချက်တို့သည် တကယ့်လက်တွေ့ကျသောတော်လှန်ရေးထက် ပိုပြီးအလေးသာနေသည့် သဘောမှာ ရှိသည်။ ထိုအရာတို့က အင်တာနက်အပေါ်တွင် တော်လှန်ရေး ယစ်မူးခြင်းနှင့် မြေပြင်မှ လက်တွေ့ကျသော တော်လှန်ရေး လုပ်ငန်းတို့နှင့် မတူညီသောကြောင့် ထိုအရာနှစ်ခု ချိတ်ဆက်လို့ မရတော့ချေ။ ပြည်သူပြည်သားတို့အကြား မလိုလားအပ်သော တော်လှန်ရေး အတုအယောင် မြော်လင့်ချက်များ ဖြစ်ပေါ်လာစေသည်။
ထို့ အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ဖြစ်ပေါ် လာခဲ့သော ပြည်သူ့ကာကွယ်ရေးတပ် သည်လည်း ကိုယ်ပိုင် စိန်ခေါ် မှုများ ရှိခဲ့သည်။ ပြည်တွင်းစစ်ကာလ စစ်အာဏာရှင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ဘတပြန် ကျားတပြန် အားပြိုင်နေစဥ်ကာလအတွင်း တောင်တန်းဒေသမှာ အာဏာမဲ့ကွက်လပ် ဖြစ်ပေါ် စေခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်များဖြစ်ကြသော ရခိုင်၊ ကိုးကန့်နှင့် ပလောင် တပ်မတော်တို့က ထိုအခွင့်အရေးကို အလျင်အမြန် ဝင်ရောက်နေရာယူပြီး အကျိုးအမြတ်ရခဲ့သည်။ ထိုကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်တပ်များ အင်အားကြီးထွားလာခြင်းကလည်း တော်လှန်ရေးအင်အားစုတို့ အလံတစ်ခုတည်းအောက်မှာ စုစုစည်းစည်း တော်လှန်ဖို့ ပိုမိုခက်ခဲစေခဲ့သည်။ ပိုပြီး ကွဲပြားသော လက်နက်ကိုင် အင်အားစုတို့ကို ဖြစ်ပေါ် စေခဲ့သည်။
ရှေ့ အနာဂတ်
မြန်မာ တော်လှန်ရေးအင်အားစုများအတွက် မသေချာ မရေရာသော အခက်အခဲ အတားအဆီး များစွာ ရှိနေသေးသည်။ ခိုင်မာသော ပြည်ပမှ အထောက်အပံ့၊ ပိုမိုကောင်းမွန်သော ခေါင်းဆောင်မှု၊ ရှင်းလင်းပြတ်သားသော တာဝန်ယူမှု၊ တာဝန်ခံမှုတို့ မရှိခဲ့ပါက တော်လှန်ရေးလှုပ်ရှားမှုသည် ကျရှုံးသွားနိုင်သည်။ ထိုကဲ့သို့ စိန်ခေါ် မှုများအပေါ် ထပ်ဆင့်စိန်ခေါ်သည့်အရာများသည် စစ်အာဏာရှင်ရဲ့ ကြံ့ကြံ့ခံနိုင်မှု၊ ရုရှားနှင့် တရုတ်တို့ရဲ့ ထောက်ပံ့မှုတို့ အပြင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော စစ်အုပ်ချုပ်ရေး ဖြစ်သည်။
တိုက်ပွဲတွေပြီးဆုံးပြီး မြန်မာပြည်လွတ်မြောက်ဖို့အတွက် အချိန်တွေ အများကြီးကြာအုံးမည်။ ဆူးငြောင့် ခလုတ်တို့ဖြင့် ပြည့်နှက်နေသော ခက်ခဲသော လမ်းကို လျောက်လမ်းကြရအုံးမည်။ အောင်မြင်ဖို့ရာအတွက် မြော်လင့်ချက်နှင့် စိတ်ဓါတ်ပြတ်သားမှုတို့လောက်နှင့် မလုံလောက်ချေ။ လက်တွေ့ကျသော နည်းလမ်းများနှင့် တစိုက်မတ်မတ် နိုင်ငံတကာ အထောက်အပံ့ရဖို့ လိုအပ်သည်။ သို့မဟုတ်ပါက မြန်မာနွေဦးတော်လှန်ရေးသည် ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရရှိရေးအတွက် အရင်တုံးက တည်ဆောက်ခဲ့သော တော်လှန်ရေးကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ် အခန်းကဏ္ဍ အဖြစ်ကျန်ခဲ့လိမ့်မည်။
တဖန် စစ်ရေးကိစ္စတွေအတွက် နိုင်ငံတကာ အထောက်အပံ့ရနိုင်ပါမည်လားဟု မေးခွန်တွေ ရှိပြန်သည်။ မြန်မာပြည်တွင် များပြားလှစွာသော တိုင်းရင်းသားလက်နိုင်ကိုင်တပ်များနှင့် အသစ်ပေါ်ပေါက်လာသော ပြည်သူစစ်တပ်ရဲ့ နိုင်ငံရေး သမိုင်းကြောင်းနဲ့ အနာဂါတ် နိုင်ငံရေးကို နိုင်ငံတကာမှ တွက်ဆကြလိမ့်မည်ဟု သုံးသပ်ရသည်။
ဒီမိုကရေစီ လူ့အခွင့်အရေးကို အဓိကထားသော နိုင်ငံများနှင့် ကျွန်တော်တို့ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီ ထောက်ခံသော အင်အားစုများက စစ်အာဏာရှင်ကျဆုံးရေးကို လိုလားကြသည်။
အနောက်အင်အားစု နိုင်ငံ (အထူးသဖြင့် အမေရိကန်နိုင်ငံ)မှ လက်နက်တပ်ဆင်ပေးလိုက်လို့ တချိန်မှာ ၎င်းတို့ရဲ့ အထိန်းအကွပ်မဲ့ကာ ကျားပျံဖြစ်သွားသော နိုင်ငံတကာမှ တော်လှန်ရေးအုပ်စုများ၊ မူးယစ်ရာဇာဂိုဏ် များစွာရှိခဲ့သည်။
ထို့ပြင် အရင် အစိုးရလက်ထက် ဖြစ်ပျက်ခဲ့သော ရိုအင်ဂျာ အရေးသည်လည်း အနောက်အင်အားစုအတွက် လက်နက်အင်အားထောက်ပံ့ပေးဖို့ စဥ်းစားစရာ လက်တွန့်စရာလည်း ဖြစ်သည်။ လူ့အခွင့်အရေး ကျူးလွန်သည့် ကိစ္စများ ထပ်မံပေါ်ပေါက်ခဲ့သော် မျက်နှာပျက်စရာ၊ လက်ညိုးထိုး အပြစ်တင်ခံရဖွယ်ရှိသည်။
ထောက်ပံ့လိုက်သော လက်နက်များက လက်ရှိ တိုင်းရင်းသား လက်နိုင်ကိုင် အုပ်စု လက်ထဲ မရောက်သွားနိုင်ဘူးလို့ ဘယ်သူမှ တာဝန် မခံနိုင်ချေ။ အနောက်အင်အားစုက စစ်ကောင်စီကို အားမပေး၊ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်များကိုလည်း မထောက်ခံသော မူကို ကျင့်သုံးကြသည်။
ထို့ကြောင့် စစ်ရေးကိစ္စတွေအတွက် နိုင်ငံတကာ အထောက်အပံ့ရနိုင်မလားဆိုသည့် မေးခွန်းသည် မဖြစ်နိုင်လို့ပင် သုံးသပ်ရလိမ့်မည်။ မြန်မာနိုင်ငံအရေးသည် နိုင်ငံဒီမိုကရေစီအတွက် အန္တရာယ် အနှောက်အယှက်ပေးနိုင်သည့် အခြေအနေမဟုတ်ဟု အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံတို့က တွက်ဆမိလိမ့်မည်။ စစ်ရှောင်ဒုက္ခသည်များ အိမ်နီးချင်းနိုင်ငံအတွင်းသို့ တိုးဝင်ရောက်ရှိလာခြင်းသာ လတ်တလော ရင်ဆိုင်ရသည့် ခုတည်းသော ပြဿနာအနေဖြင့် သာရှိလိမ့်အုံးမည်။
အဲဒီတော့ ကျွန်တော်တို့ ရွေးချယ်စရာ မြော်လင့်ချက်က ပိုမိုကောင်းမွန်သော ခေါင်းဆောင်မှု၊ ရှင်းလင်းပြတ်သားသော တာဝန်ယူမှု၊ တာဝန်ခံမှုတို့ သာ ကျန်တော့သည်။
(မှတ်ချက်။ အင်္ဂလိပ်လို အရင်ရေးပြီးမှ တဖန် မြန်မာဘာသာအဖြစ် အသွင်ပြောင်းယူ ရေးသားရသည့်အတွက် မြန်မာစာ အရေးအသားတို့ကို စိတ်တိုင်းမကျမိချေ။ သို့သော်ငြားလည်း အချိန်နာရီကို ကြည့်မိသည့်အခါ ညဥ့်နက် သန်းခေါင်ကျော်လို့ မျက်ခွံတို့ လေးလံပြီး ငိုက်မြည်းစ ပြုလာသည်။ စာလည်း ရှည်လှပြီ။ တော်အုံးမည်။)
မေတ္တာဖြင့်
ဘကောင်း
No comments:
Post a Comment