ဗိသုကာ အနုပညာရှင်


(ငယ်စဉ်အခါက စိတ်ကူးစိတ်သန်းတွေ၊ အိမ်မက်တွေ၊ ရည်ရွယ်ချက် ရည်မှန်ချက်တွေနဲ့
လူတစ်ယောက် အကြောင်းပါ။ တွန့်လိမ်ကောက်ကွေး အသွင်ပြောင်းသွားတဲ့ ဒီစိတ်ကူး အိမ်မက်တွေ ကို Surrealism ပုံစံ ရေးကြည်တာပါ။ Sur ဆိုတာ ကျော်လွန် လွန်မြောက်သွားတဲ့ သဘောပါ။ realism ဆိုတာတော့ သရုပ်မှန်၊ အဖြစ်မှန်ကို ဆိုလိုတာပေါ့။ ကျွနု်ပ်တို့ အများသူငှာ ပြောတဲ့ Surrealism ဆိုတာတော့ သရုပ်လွန် လို့ ခေါ်ဆိုမှာပါ။ ပန်ချီဆွဲတဲ့ အခါ သဘာဝထက်ကျော်လွန်ပြီး၊ နဂိုရှိတဲ့ ပုံသဏ္ဍာန် သရုပ်ကို လွန်မြောက်ကာ စိတ်ကူးယဉ်ဆန်ဆန်၊ အိမ်မက်ဆန်တွေရှိတဲ့ ပုံတွေကို surrealism လို ခေါ်ကြမှာပေါ့။ ထို့အတူ ရုပ်ရှင်၊ ပန်းပု အစရှိတဲ့ ဖန်တီးမှု အရာတွေဟာ ရံဖန်ရံခါ လက်တွေ့ကျတဲ့ စိတ်ကူးဘောင်းထဲကနေ ကျော်လွန်သွားတတ်တယ်။ ဒါကို တစ်ချို့က စိတ်ကူးယဉ်ဆန်တယ်။ စိတ်ကူးယဉ်သမားလို့ တံဆိပ်တပ် သမုတ်တတ်ကြလေ့ရှိတယ်။ လက််တွေ့ကျခြင်းနှင့် စိတ်ကူးယဉ်ဆန်မှုတို့သည် ကိုယ့်အပေါ် တစ်ပါးသူတို့က ကိုယ်ပိုင်ပုဂ္ဂိလိကသဘောဆန်သော ဘာသာပြန်မှု တစ်ခုပင် ဖြစ်ချေမည်။
ဝတ္ထုလည်း မဟုတ်ပါဘူး။ သတိရလို့ကြည့်လိုက်တော့ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေတဲ့ ဘလော့ကို ဒီညတော့ မဖြစ်ချေဘူးဆိုပြီး ဆေးထိုးလိုက်တဲ့ သဘောပါ။)

သူသည် ထူးချွန်ပြောင်မြောက်သော ဗိသုကာ အနုပညာရှင်တစ်ယောက်ဖြစ်သည်။ သူ၏ ဗိသုကာ တည်ဆောက်ခြင်း လုပ်ငန်းကို ငယ်စဉ်ကလေးဘဝ သိတတ်၊မြင်တတ်၊ ကြားတတ်၊ နားလည်တတ်သည့် အရွယ်မှစ၍ စတင်ဆောက်လုပ်တတ်ခဲ့သည်။ ထိုစဉ်က ဆောက်လုပ်ခဲ့သော သူ၏ အနုပညာလက်ရာ အိမ်များ၊ အဆောက်အဦးများသည် ခိုင်ခိုင်ခံခံ မရှိလှသော်လည်း အလွန်တရာ လှပ ဆန်းကြယ်ကာ လောကနတ်နန်းဘုံတွင် အကောင်းဆုံးသော ပုံစံများ တည်ဆောက်နိုင်ခဲ့သည်။ သူ ဖန်တီးခဲ့သော အိမ်များသည် အမြင့်ဆုံးသော တောင်တန်း အထွတ်အဖျား တို့ကို ကျော်လွန်ကာ တိမ်တောင် တိမ်စွယ်တို့ဖြင့် ရစ်သိမ်းခြုံလွှမ်းထားလေ့ရှိကာ ရဲတိုက်ကြီးသဖွယ် အံ့မခန်းရှိလှသည်။ ထိုမှတဆင့် မိုးတိမ်တို့အပေါ်တွင် မှေးမှိတ် ငြိမ်သက်လျက် ကမ္ဘာမြေပြင်ပေါ်သို့ လျှပ်တိုက် စီးမျောကာ ငြိမ့်ငြိမ့်ငြောငြော ဆင်းသက်ရလေ့ရှိသည်။ ရံဖန်ရံခါ လေညင်းတို့ ညိမ်သက် အနားယူသည့် ညဉ့်နက်သန်းခေါင် ညအချိန် စာကျက်လို့ ငြီးငွေ့ ပင်ပန်းသည့် အခါ ကောင်ကင်ဆီသို့ ငေးမောကြည့်လျက် ကြယ်စင် ကြယ်ဖူးတို့ကို တစ်လုံးခြင်း ခူးဆွတ်ကာ သူတည်ဆောက်သော အိမ်ကို အလှဆင်လေ့ရှိသည်။

သူငယ်စဉ် အခါတုန်းက သစ်ပင်၊ပန်းပင်တို့ တစ်စတစ်စ တဖြည်းဖြည်း ကြီးထွားဖွံ့ဖြိုး ပြောင်းလဲသော ဖြစ်စဉ်ကို အလွန်စိတ်ဝင်စားလေ့ရှိသောကြောင့် သူတည်ဆောက်သော အိမ်နံရံများတွင် မေးခွန်းပေါင်းမြောက်မြားစွာကို ရေးခြစ်ခဲ့လေသည်။ ပန်းကလေးတွေ ဘယ်အချိန်တွင် ဘယ်လို ပွင့်သလဲဆိုတာ မေးထားသည်။ ပုရွက်ဆိတ်ကလေးတွေ ဘာကြောင့် တန်းစီပြီး သွားကြသလဲ ဟု ဆိုသော မေးခွန်းများလည်း ပါသေးသည်။ ရွှေငါးလေးများ ကူးခတ်နေသည်ကို မျက်လုံး မမှိတ်မသုန် ထိုင်ကြည့်လျက် လေ့လာခဲ့သေးသည်။ သို့ရာတွင် သူ၏ မေးခွန်းများကို မည်သူတစ်ဦးမျှ မဖြေနိုင်သောအခါ ထိုမေးခွန်းများသည် နံရံပေါ်တွင် တဖြည်းဖြည်းနှင့် မှိုတက် ခြစားလာကာ မှေးမိန်ပြောက်ကွယ်သွားသည်။ ထို့နောက် သူသည် သူ၏ မေးခွန်းများကို ထိုနံရံပေါ်တွင် ဘယ်တော့မှ မရေးခြစ်တော့ပဲ စိတ်ကူးလှောင်အိမ်တွင် တိတ်တဆိတ် သိမ်းဆည်းထားကာ ထူးချွန်ပြောင်မြောက်သော ဗိသုကာ လက်ရာများကို ညာဖက်လက်ဖြင့် တည်ဆောက်နေချိန်တွင် ဘယ်ဖက်လက်က ပန်းပင်တို့ကို ပြုစုပျိုးထောင်သောလက်၊ ငါးကလေးများ၊ ငှက်ကလေးများကို စည်းပွား များပြားစေသော လက်ပိုင်ရှင်တစ်ယောက် ဖြစ်စေခဲ့လေသည်။

အခြေခံ အတန်းပညာများ ကို လေ့လာ သင်ကြားနေချိန်တွင် သူတည်ဆောက်သော ဗိသုကာ အဆောက်အဦးများသည် အခြေခိုင်လေ့ မရှိချေ။ ဘောင်ခတ်ထားသော လူတို့၏ အဖွဲ့အစည်းက သူ့အား ခံစားချက်များများ ခံစားနိုင်ခွင့် မပေးထားချေ။ သူ့အတွက် ဘယ်လို နေထိုင်ရမည်။ ဘယ်လို့ ပြုမူပြောဆို နေထိုင်ရမည် အစရှိသဖြင့် သတ်မှတ်ချက်များ ချမှတ်ထားပြီးသာ ဖြစ်နေသည်။ မလူးသာ မလွန့်သာ၊ အချူပ်အနှောင်တို့ဖြင့် ပြည့်ကျပ်နေသော ပတ်ဝန်းကျင်တွင် သူသည် ထူးချွန်သော ဗိသုကာ အတတ်ပညာရှင် ပီသစွာ အလွန်တရာ မြင့်မားကာ ချွန်ထက်သော အမိုးများဖြင့် သူ၏ အဆောက်အဦးများကို တည်ဆောက်လေ့ရှိသည်။ သို့ရာတွင် သူ၏ အဆောက်အဦးများသည် တစ်ဆင့်ပြီး တစ်ဆင့် မြင့်မားစွာ တိုးတက်သွားခွင့် မရလိုက်ချေ။ သူအား ဖုံးကာ အုပ်မိုးထားသော စည်းကမ်း ဥပဒေတို့သည် သူ၏ အဆောက်အဦးတို့ကို ဖိသိပ်ချေမွ ပစ်လေ့ရှိသည်။

ရံဖန်ရံခါ သူ၏ ပန်ဝန်းကျင်မှ လူတို့က သူအား အကျိုးအကြောင်း၊ အကောင်းအဆိုး တို့ကို ဝေဖန်ပိုင်းခြားတတ်ရသည် အသိပညာတို့ရှိဖို့လိုသည်ဟုု ဆိုသည်။ ထိုသည်အတွက် ဘယ်လို လုပ်ရမည်။ အဘယ်ကဲ့သို့သော ယဉ်ကျေးမှု ဘောင်အတွင်းတွင် နေထိုင်ရမည် အစရှိသဖြင့် တင်းကျပ်ထားလေ့ရှိသည်။ ပုံမှန်အားဖြင့် ထိုအရာများသည် ယေဘူယျ မှန်ကန်သည်ဟု ထင်ရသော်လည်း သူ့အတွက် လေ့လာစူးစမ်းခွင့်၊ တွေ့ခွင့်၊ မြင်ခွင့်၊ ကြားခွင့် စသည့် အတွေ့အကြုံများ ဆုံးရှုံးသွားလေသည်။ သူသည် အများသူငှာ လုပ်ဖူး၊ သိဖူး၊ ကြားဖူး ထားသည်အရာများကို ပျင်းရိငြီးငွေ့စွာ လေ့လာ သင်ယူခဲ့ရလေသည်။

သူတည်ဆောက်သည့် အိမ်များ ပြိုလဲဖျက်ဆီးခံရသည့် အခါတိုင်း သူသည် နာကျင်ရသည်။ ရင်သွေးငယ်တစ်ယောက် ဆုံးရှုံးသွားသော သားသည်မိခင်ကဲ့သို့ ကြေကွဲရလေ့ရှိသည်။ ဤသို့ဖြင့် သူသည် ဓါးတစ်လက်ဖြင့် တစ်ချက်ခြင်း အမွန်းခံရသော ဒဏ်ရာရ ကျားနာတစ်ကောင်ကဲ့သို့ ဖြစ်လာသည်။ တဖြည်းဖြည်းနှင့် ကြီးပြင်း အရွယ်ရောက်ကာ လူငယ်လူရွယ်တစ်ယောက် ဖြစ်လာချိန်တွင် သူတည်ဆောက်မည့် ဗိသုကာလက်ရာများကို ဖျက်ဆီး ခြေမွမည့် လူများက နေရာမျိုးစုံ၊ ထောင့်ကွယ်အမျိုးမျိုးမှနေ ၍ မှောင်ရိပ်ခို ချောင်းမြောင်း တိုက်ခိုက်ကြလေ့ရှိသည်။

အဖန်ဖန် အခါခါ ဆုံးရှုံး ချေမွခံလိုက်ရသော အခါ သူသည်လည်း တန်ပြန် တွန်းကန် တုံ့ပြိုင်နိုင်သည် ဟူသော အခြေခံ အုပ်မြစ်ကို တစ်စတစ်စ လေ့လာ တွေ့ရှိလာသည်။ တွန်းတွန်းတိုက်တိုက် မီးဇာကုန် ရေခန်း၊ ဘုရင်နောင် ဖောင်ဖျက်သည့် စိတ်ဓါတ်တို့ စတင် မွေးဖွားလာခဲ့သည်။ ဆုံးရှုံး ထိုးနှက် ခံရဖန်များသော အခါ ကိုယ်ပိုင် အစစ်အမှန်ကို လျို့ဝှက်တတ်သော အလေ့အကျင်တို့ ကျင့်သုံးလာသည်။ သူ၏ လျို့ဝှက်စွာ နေတတ်လာမှုတို့ကြောင့် နောက်ဆုံး ၌ သူ၏ ဖခင်သည်ပင်လျှင် သူသည် အဘယ်ကဲ့သို့သော လူစားမျိုး ဖြစ်သည်ကို ပင် မသိတော့ချေ။

“မင်းဆိုတဲ့ ကောင်က လမ်းဘေးရောက်မှာ..ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်လာမှာ မဟုတ်ဘူး” လို့ သူ့ အဖေက သူ့ကို ပြောတော့ ဘိန်းစားရုပ်၊ ခန္ဓာကိုယ် ပိန်ပိန်ခြောက်ခြောက် နဲ့ ဆံပင်အရှည် အလည်ခွဲ အောက်မှ သူ့၏ မျက်လုံးက တချက် လက်ကနဲ ဖြစ်သွားတယ်။ အဆောက် အဦးပေါင်း မြောက်မြားစွာကို ဆောက်လုပ်နေသော သူ၏ လက်ဖဝါး အစုံတွင် အဘယ်ကဲ့သို့သော ခွန်အားများ ကိန်းအောင်းနေမည်ကို ထိုစဉ်က သူကိုယ်တိုင်ပင် မစမ်းသပ် မစစ်ဆေးရသေးချေ။

သူ၏ အိမ်များသည် ပုံစံ အမျိုးမျိုး စုံလင်လှသည်။ နုနုညံ့ညံ့ ပျော့ပြောင်းသော ဖယောင်းတို့ဖြစ်တည်ဆောက်ရသည့် အိမ်များလည်းရှိသည်။ သံမဏိတို့ဖြင့် အတိပြီးသော လေးထောင့် စပ်စပ် အိမ်များလည်းရှိသည်။ အချို့သည် အလွန်တရာ ဆန်းကြယ်လွန်းသောကြောင့် ကမ္ဘာမြေပေါ်မှ လူအများပင် မမြင်ဖူးသေးသော ပုံစံဆန်းများဖြစ်သည်။ သူသည် သူတည်ဆောက်ထားသော အိမ်များကို ရောင်းဖို့ ကြိုးစားသည်။ သူ၏ ပြခန်းသို့ လူအများ လာရောက် ကြည့်ရှုကြသောအခါ ထိုသူတို့ကို လေ့လာရသေးသည်။

“ခင်ဗျာမှာ နည်းပညာ အသစ်အဆန်းတွေ နဲ့ဆောက်ထားတဲ့ ပုံစံ ဆန်းဆန်းလေး အိမ်လေးတွေ မရှိဘူးလား” လို့ မေးတဲ့လူရှိတဲ့ အခါဆို သူရဲ့ လျို့ဝှတ်တဲ့ နည်းပညာနဲ့ ဆောက်ထားတဲ့ အိမ်ပုံစံတွေကို ထုပ်ပြရလေ့ရှိတယ်။ သူရဲ့ နောက်ကြောင်း ရာဇဝင်ကို မသိတဲ့ လူတချို့ကတော့ သူ့အပေါ်ကို ကြွားကြွားဝါဝါနဲ့ ငွေကြေးအမြောက်အမြားပေးပြီး သူ့ရဲ့ အိမ်တွေအကုန်လုံးကို ဝယ်ယူမယ် ဆိုတဲ့ အကြောင်း၊ သူတို့သည်သာ အကောင်းဆုံးသော လူတန်းစားများ ဖြစ်ကြသည် ဆိုတဲ့ အကြောင်း အကျယ်တဝင့် လာပြောတတ်ကြတယ်။ တစ်ပါးသူကို စိတ်ဝင်တစား လျို့ဝှက် လေ့လာတတ်လေ့ရှိတဲ့ သူကတော ပြုံးပဲ ကြည့်နေလိုက်တယ်။ မိန်းကလေးတွေအကြောင်း၊ မိန်းမလှလေးတွေကိုမှ စိတ်ဝင်စားတဲ့ ယောကျာင်္းဘသားတွေကြသော မိန်းမချော၊ မိန်မလှလေးတွေနဲ့ တန်ဆာဆင်ထားတဲ့ အိမ်မျိုးကို ထုတ်ပြရတယ်။ သူတို့လို လူမျိုးတွေက အိမ်ဆို နုနုရွရွ ကယုကယ ကနုတ်ပန်းလေးတွေနဲ့ ဖော်ကျုးထားမှ စိတ်ဝင်စားကြတာကိုး။

သူဟာ သူရဲ့ အိမ်တွေရဲ့ အပြင်ပန်းကို သင့်တော်ရာ ပုံစံ အမျိုးမျိုးနဲ့ မှုန်းချယ်ထားပြီး သူ့ရဲ့ လျို့ဝှက်တဲ့ တကယ့် ကိုယ်ပိုင် အခန်းကို မျက်စိရှုပ်စေတဲ့ ဆေးရောင်စုံ အမျိုးမျိုး ချယ်သထားပြီး ကာကွယ် ဖုံးအုပ်ထားတယ်။ ဒါမှလည်း သူတစ်ယောက်တည်း သူရဲ့ အိပ်ခန်းမှာ ထိုင်ပြီး လူတွေအကြောင်းကို မမြင်ကွယ်ရာကနေ အသေးစိတ်လေ့လာနိုင်မှာဖြစ်တယ်လို့ ဆိုလေ့ရှိသည်။ အိပ်ခန်းလို့ ဆိုပေမယ့်လည်း သူမှာ ပိုင်ဆိုင်ထားတာဆိုလို့ အလွန်တရာ များပြားပြီး အံ့မခန်း အဖိုးတန်တဲ့ အကာင်းဆုံးသော စာအုပ်စဉ်ကြီးတွေ၊ ရှာဖွေ စုဆောင်းထားတဲ့ တံဆိပ်ခေါင်းအဟာင်းတွေပဲရှိတယ်။ တံဆိပ်ခေါင်းဆိုတာ တကယ်တော့ သူတို့ဟာ လှပစွာ ဘောင်လေးတွေ ခတ်ထားတဲ့ သေးကွေးလှတဲ့ ပန်းချီကားလှလှလေးတွေပဲ မဟုတ်ဘူးလား။

သူ၏အဖေက သူ့ကို အသက်မွေးဝမ်းကြောင်း ပညာတစ်ခုတတ်စေချင်သည်။ အသက်မွေးဝမ်းကြောင်းပညာဆိုသည်မှာ ဘာကို ဆိုလိုမှန်း သူနားမလည်။ သူတည်ဆောက်ထားသော အိမ်များ၊ အဆောက်အဦးများအကြောင်း ပြောပြရန် စကားစကြည့်သည်။ သို့ရာတွင် မည်သူတစ်ဦးမှ နားမလည်သော အခါ ကိုယ့်အကြောင်းကို တစ်ပါးသူတို့အား ပြောပြ ဖေါ်ပြခြင်းထက် သူ့တို့ အကြောင်းကို ပြဇာတ် ဝတ္ထု ဖတ်သလို လေ့လာ ဖတ်ရှုတော့သည်။ ဤသို့ဖြင့် သူသည် လျို့ဝှက်သော လူတစ်ယောက်ဖြစ်လာသည်။ ထို့နောက် သူသည် ခမ်းနားဆန်းကြယ်သော အိမ်ကြီး အိမ်ကောင်းများကို အလျင်အမြန် တည်ဆောက်ခြင်းထက် အိမ်ဆောက်ရန်အတွက် လိုအပ်သော ကျယ်ပြန့်သည့် အခြေခံ အခင်းအကျင်းကို လိုက်လံရှာဖွေရတော့သည်။

သူ တည်ဆောက်ထားသော အိမ်များတွင် ရေးဆွဲထားသော ရုပ်ပုံလွှာများ တွင် အချို့သည် နှစ်ပရိစ္ဆေဒ ကြာမြင့်လာသည်နှင့် အမျှ ပျောက်ကွယ်သွားကြသည်။ ငယ်စဉ်ကလေးဘဝကတည်းက စဉ်ဆက်မပြတ်ရေးဆွဲလေ့ရှိသော ဆံပင်ရှည်ရှည်နှင့် တရုပ်မကောင်မလေးတစ်ယောက်သည် သူကြီးပြင်လာသောအခါ မှေးမှိန်ပျောက်ကွယ်သွားသည်။ မူလတန်းကျောင်းသား ဘဝက သူငယ်ချင်းနှင့် အတူတကွ ရေးဆွဲလေ့ရှိသည့် ကာတွန်းစာအုပ်သည့် သေတ္တာထဲတွင် အသေပိတ်ဆို့ကာ ဘယ်တော့မှ ပြန်လည် ဖွင့်မကြည့်တောချေ။ အချို့ ပုံကြမ်းတို့သည် အရည်ပျော် စီးကျကာ ပုံဏ္ဍာန် ပျက်သွားကြသည်။
အချို့သော ပုံရိပ်တို့သည်ကား အချိန်ကာလအပေါ် မူတည်လျက် တစ်စတစ်စပီပြင်လာသော သဘောရှိသည်။ သူ့အတွက် မှတ်မှတ်ရရ ပီပြင်လာသော ပုံရိပ်ပေါင်းများစွာထဲမှ ပီပြင်လာသော လက်ရာတစ်ခုမှာ မုန်တိုင်းဒဏ် ခံနိုင်သော တောင့်တင်းခိုင်မာသည့် အိမ်ဆောက်ရန်ဖြစ်သည်။

ငယ်ရွယ်စဉ်အခါက မာန်မာနတို့ ပြည့်လျံ ဖြိုးမောက်လျက် ခွန်အားတို့ဖြင့် ကျားကန်ထားသော အချိန်၊ ဖိသိပ် ချိုးနှိမ်မှုတို့နှင့် ထိတ်တိုက် ရင်ဆိုင်တွေ့ကြရသည့် အခါတွင် သူသည် အဝေးသို့ လွင့်စင်သွားခဲ့ရသည်။ ဖြူစင် အားနည်းသူတို့ အပေါ် အနိုင်ယူ၊ ကြီးစိုးကြလေ့ရှိသည့် လူတို့၏ အဖွဲ့အစည်းထဲသို့ သူရောက်သွားချိန်သည် အားလုံးက သူ့အပေါ် လွှမ်းမိုးနိုင်ရန် ကြိုးစားကြသည်။ ထိုအခါ သူသည် တိုက်ပွဲဝင် တိုက်ဆင်တစ်ကောင်ကဲ့သို့ နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ခွန်အားတို့ကို ပြင်ဆင်ရတော့သည်။ လျို့ဝှက်တတ်သော သူ၏ သဘာဝကြောင့် လူတို့က သူ့အပေါ် လွှမ်းမိုးနိုင်ကြပြီဟု ထင်ကြလေသည်။ သူ့အပေါ် လူတို့၏ ထင်မြင်ယူဆချက် ဘာသာပြန်ချက်တို့က ပုံသဏ္ဍာန်မျိုးစုံ ရောင်ပြန်ဟတ်နေချိန်တွင် သူသည် ခွန်အားအပြည့်ဖြင့် ထိုးစစ်ဆင် နိုင်ခဲ့သည်။ သူသည် ရုန်းကန် ထကြွခဲ့သည်။

ထို့နောက် သူ၏ ဗိသုကာ လက်ရာများကို တစ်ခုပြီး တစ်ခု စျေးကွက်တင် ရောင်ချဖို့ ကြိုးစားကြည့်သေးသည်။ သူ၏လက်ရာများကို တာဝန်ယူ တည်ဆောက်ပေးမည့် လူ တစ်ယောက်ပြီး တစ်ယောက် တွေ့ကြည့်သည်။

ဓနရှင် စီးပွားရေးသမားတစ်ယောက်သည် ဆုံလည်ကုလားထိုင်တွင် ထိုင်လျက် စီးကရက်ကို ဟန်ပါပါ တစ်ချက်ဖွာကာ သူကို မျက်လုံးမှေးကြည့်သည်။
“အင်း….မင်းရဲ့ လက်ရာတွေက မဆိုးပါဘူး. ဒါပေမယ့် မင်းရဲ့ ဖန်းတီးမှုလက်ရာတွေအပေါ် ငါက ကိုးဆယ်ရာခိုင်နှုန်း အကျိုးအမြတ်ယူမယ်. ပြီးတော့ ငါ့ခိုင်းသမျှ မင်လုပ်ပေးရမယ်.”
ထိုစဉ်က သူ့၏ လက်ဖဝါးတို့သည် တုန်ခါလျက် ထိုင်ခုံတွင် ထိုင်နေသူကို ဘယ်ပြန်ညာပြန် နဘန်ကျင်းလိုလှသည်။ အကျိုးအမြတ်တွက်ချက်လေ့ရှိကြသော စီးပွားရေးသမား သကောင့်သားတို့၏ သဘာဝကို ရွံမုန်းခဲ့သည်။

အခြား စီးပွားရေး သမားတစ်ယောက်က လူကြီးလူကောင်းဆန်ဆန် ဝတ်ဆင်လျက် နုညံ့သော စကားကို ဆိုသည်။
“မင်းရဲ့ ဘဝတက်လမ်းတွေ အတွက် ငါမြေတောင် မြှောက်ပေးမယ်. ငါ့ဆီမှာဆိုရင်တော့ လူရည်သန့်တွေနဲ့ပဲ ပြောဆိုဆက်ဆံရမှာ. မင်းလာခဲ့တဲ့ သူခိုး၊ ကြမ်းပိုးတွေ အသိုင်းအဝိုင်းမျိုးတော့ မဟုတ်ဘူး.”
“အလဲ့…ဒီလူက တယ်ဟုတ်ပါလား…ငါ့ရဲ့ သူခိုး၊ ကြမ်းပိုး အကျင့်တွေနဲ့ ဘီးလူးဇာတ် မခင်း ခင် ပြန်မှပဲ”
ဒါတောင် သူသည် ငါးခူတစ်ကောင်လို လှောင်ပြုံးတစ်ခုကို နူတ်ခမ်းတစ်ဖက်တွင် အသာအယာ ကွေးတင်လျက် ကိုယ်ကို မတ်ထားကာ ပြောဖြစ်အောင်ကို ပြောလိုက်သေးသည်။
“ခင်ဗျား ပြောတဲ့ လူရည်သန့်တွေဆိုတာ ဆင်းရဲနွမ်းပါး အားနည်းတဲ့ လူတွေအပေါ် ပညာရှိနည်းနဲ့ တဖက်လှည့် ဂုတ်သွေးစုတ် အကျိုးအမြတ်ယူနေတဲ့ လူတွေကို ပြောတာလား..”

လူတွေက ခက်ပါတယ်။ အမှန်ကို တည့်တည့်ပြော၊ အရှိုက်ကို ထိသွားသော ရှုးရှုးရှဲရှဲနဲ့ လူကြီးလူကောင်း အရည်ခွံကွာပြီး နင်ပဲငဆ၊ မင်းကဘာကောင်းလဲ၊ ဘာအားကိုးရှိလို့ လာပြောတာလဲ။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ သူ့ကို အခန်းထဲက နှင်ထုတ်ပါလေရော။

ဤသို့ဖြင့် သူသည် သူ၏ ဗိသုကာ လက်ရာများကို ပြန်လည် တည်ဆောက်ဖို့ အတွက် ရင်းနှီး ပေးဆပ်မှုများ ဖြင့် စတေးရတော့မည်ကို လေ့လာခဲ့ရသည်။ သူသည် အထူးအခွင်အရေးများ ရလေ့ရှိသည့် စစ်ဗိုလ်၊ ဝန်ကြီးတို့၏ မိသားစုတွင် လူဖြစ်မလာခဲ့ချေ။ သူ၏ မိဘများသည်လည်း ရေပွက်ရာ ငါးစာချတတ်သည့် အခြားစီးပွားရေးကဲ့သို စီးပွားရေး အမြင်လည်း မရှိခဲ့။ အနှစ်နှစ်ဆယ်ကျော် အင်္ကျီ အသစ်ဝယ် မဝတ်ဖူးသော မိသားစုတွင် ကြီးပြင်းလာသော သူ့တွင် စိတ် ဓါတ်ခွန်အားတစ်ခုသာလျှင် ကိုးကွယ် အားထားရာ ဖြစ်ခဲ့သည်။

တစ်နေ့တွင် သူ၏ သူငယ်ချင်း မိန်းကလေးတစ်ယောက်က သူမ၏အစ်ကိုအတွက် အမှတ်တရ ဘုန်းကြီး ဆွမ်းကပ်မည့် ပွဲကို ဖိတ်သဖြင့် သူရောက်သွားသည်။ သူရယ်၊ ဆွပ်ကပ်မည့် မိန်းကလေးနှင့်၊ အခြား မိတ်ဆွေ အနည်းငယ်မျှသာ ရှိသည်။ သာမန် သေးငယ်သော ပွဲနေ့လေးတစ်ခုဖြစ်ခဲ့သည်။ သူငယ်ချင် မိန်းကလေးက ၁၉၈၈-ခုနစ် တွင် မြန်မာပြည် စစ်တပ်၏ ဖမ်းဆီး သုတ်သင်မှုကြောင့် ပျောက်ဆုံးသွားခဲ့ရသော သူမ၏ အစ်ကို တက္ကိုလ်ကျောင်းသားအတွက် နှစ်ပတ်လည် ဆွမ်းကပ်သည့် ပွဲဖြစ်သည်။ ထို့နေ့က သူမကြောင့်၊ သူမအတွက် အိမ်လေး တစ်အိမ်ဆောက်ဖြစ်ခဲ့သေးသည်။

ဟိုတလောက သူဆီမှ အဆောက်အဦး ပုံကြမ်းတွေကို ခဏဆိုပြီး ငှားရမ်းသွားသော လူတစ်ယောက် ယနေ့ထက်တိုင် လိုက်ရှာလို့ မရသေးချေ။ သူ၏ လက်ရာများကို ယူဆောင်သွားလျက် ဘယ်ကမ္ဘာ၊ ဘယ်လောကတွင် ပုန်းရှောင်နေသည် မသိ။ ပေးလိုက်ပြီ ဖြစ်သော ထိုလက်ရာ ဖန်းတီးမှုများအတွက် သူ့တွင် ဒုတိယအကြိမ် ထပ်မံ၍ ဖန်တီးလိုစိတ် မရှိချေ။

တစ်နှစ်လျှင် တစ်ကြိမ်ခန့် သူရေးခြစ်ထားသော အဆောက်အဦး ပုံကြမ်းတို့ကို လှန်လှောရှာဖွေကြည့်သည့် အခါ အသက်ကြီးလှသည်နှင့် အမျှ သိပ်ပြီး မကျန်တော့သည်ကို တွေ့ရသည်။ ငှားရမ်းပြီး ပြန်မပေးသူတွေ လည်း ရှိသည်။ လမ်းခရီး တလျှောက်တွင် တစ်ချို့လည်း ကျရစ်ခဲ့ကာ ဘယ်ရာတွင် ဘာတွေ ကျန်ရစ်ခဲ့သည်ကို မသိရတောချေ။

အနန္တမေတ္တာဖြင့်
ဘကောင်း

တရုတ်ပြည် အား ဘယ်လိုအုပ်ချုပ်ထားသနည်း။ (၃)


ပါတီ အငြိမ်းစား လူကြီးများ

ပါတီ၏ အထက်ပိုင်းခေါင်းဆောင်များသည် အာဏာရှိသည့် ရာထူးရာခံ အလုပ်များမှ တရားဝင် အနားယူပြီးသွားခဲ့ကြသော်လည်း တစ်ခါတရံ ပါတီတွင်း၌ နေရာခန့်ထားမှုများ နှင့် အခြားဆုံးဖြတ်ချက်များအပေါ် ဆက်လက် ဝင်ရောက်စွတ်ဖက်နေကြကာ သြဇာလွမ်းမိုးကြသည်။

အကောင်းဆုံး ဥပမာသည် တိန့်ရှောင်ဖိန် ပင်ဖြစ်သည်။ သူ့တွင် တရားဝင် ရာထူးအနေဖြင့် တရုတ်ပြည် တံတား အဖွဲ့အစည်း၏ ဥက္ကဋ္ဌအဖြစ် သာရှိတော့ပေသည့် ကွန်မြူနစ်ပါတီ၏ အရေးပါ အရာရောက်ဆုံး ခေါင်းဆောင်အဖြစ် ဆက်လက် တည်ရှိနေသည်။

ပြောရမည် ဆိုလျှင် သြဇာ အာဏာ ဆက်လက် လွှမ်းမိုးနေသည်မှာ တိန့် နှင့် ရာထူးမှ အနားယူနေသော အခြား ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်ကြသည်။ သူတို့သည် တိုင်းပြည်ကို တုန်လှုပ်စေမည့် အရေးကြီးဆုံးသော ဆုံဖြတ်ချက်များကို ချကြသည်။ ညမထွက်ရ ဥပဒေ နှင့် ၁၉၈၉-ခုနှစ် တိယန်မင်း ရင်ပြင် ဆန္ဒပြမှုကို ဖြိုခွင်ရန် စစ်တပ်ကို စေလွှတ်စေခဲ့သူများလည်း ဖြစ်သည်။ ထိုဆုံဖြတ်ချက်သည် တကယ်တော့ ပေါလစ်ဗြူရို ၏ အမြဲတမ်း အလုပ်အမှုဆောင်အဖွဲ့ မဟုတ်ချေ။ တိန့်အပါအဝင်၊ ရာထူးမှ အနားယူနေသော ထိပ်ပိုင်း ခေါင်းဆောင်များ ဝင်ရောက်ကာ အမိန့်ပေး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ အကြောင်းအရာများသည် ယနေ့ထက်တိုင်အောင် အရေးကြီးလှလေသည်။ တရုတ်ပြည် သမ္မတ ဟူကျင်တောင်း သည် ယခင်သမ္မတဟောင်း ကျန်ဇီမင်း၏ သြဇာအာဏာ လွမ်းမိုးမှု နည်းပါးစေရန် ကြိုးစားနေသူဟု ထင်မြင်ယူဆရသည်။ တရုတ်ပြည်၏ အငြိမ်းစား ခေါင်းဆောင် လူကြီးများ လက်ဆက်၍ အာဏာကို တည်မြဲအောင် လုပ်ထားနိုင်ခြင်း၏ အကြောင်းအရင်းမှာ တရုတ်ပြည် နိုင်ငံရေးသည် အာဏာနှင့် စည်းစိမ်ကြွယ်ဝသူများက အဆင့်ဆင့် လက်ဆင့်ကမ်း တည်ဆောက်လာသည့် သဘောသဘာဝကြောင့် ဖြစ်လေသည်။

ကျန်ဇီမင်းနှင့် သူ၏ လက်ဆင့်ကမ်း အမွေဆက်ခံသည့် အခြား ပါတီ အဖွဲ့ဝင်များသည် နည်းပရိယာယ် အကွက်ဆင်ကာ ပေါလစ်ဗြူရိုနှင့် အစိုးရ ဗြူရိုကရေစီ အတွင်းသို့ သူတို့၏လူူများ ထည့်သွင်းခဲ့သည်။

ဤနည်းဖြင့် သူတို့သည် နောက်တက်လာမည့် မျိုးဆက်သစ်များ အပေါ် သြဇာလွမ်းမိုးမှုအား ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။ နောက်တက်လာသည့် ခေါင်းဆောင်တို့သည် ထိုကဲ့သို့ အဖြစ်အပျက်များ အပေါ် ပါးနပ်နားလည်ကာ အတွေ့အကြုံများရှိသော်လည်းပဲ သူတို့သည် ထို နည်းပရိယာယ်များကို ဆက်လက် အသုံးချကာ အာဏာကို ဆက်လက် အဓွန့်ရှည်စေခဲ့သည်။

ပုံမှန်အားဖြင့် အာဏာအတွက် အာဏာဖြင့် ထိန်းချုပ်ထားကြရုံပင် မဟုတ်ကြချေ။ တရုတ်ပြည်တွင် အငြိမ်းစား ခေါင်းဆောင်များ၏ စည်းစိမ်ဥစ္စာကို ကျားကန်ပေးထားသော ဥပဒေသည် တချိန်ချိန် ၌ ပြန်ပြောင်း လှည့်လည်သွားနိုင်ကြောင်း အငြိမ်းစား ခေါင်းဆောင်များ ကိုယ်တိုင် သိထားကြသည်။ ထို့ပြင် သူတို့သည် သူတို့၏ သားသမီး၊ မြေးမြစ် များကို ကြည့်ရှု့ စောင်မကြရသေးသည်။ အကယ်၍ သူတို့၏ သြဇာ အာဏာ သက်ရောက်မှုသည် မှေးမှိန်သွားပါက သူတို့၏ မျိုးဆက် သားသမီးများ၏ ဥစ္စာ ဓန ကြွယ်ဝ ချမ်းသာမှုတို့သည့် ထိခိုက် ပျက်ဆီးသွားနိုင်လေသည်။

နိုင်ငံအတွက် အလုပ်လုပ်ခဲ့သည့် အတွက် ပြန်လည် အခွင့်အရေးယူသည့် အနေဖြင့် အငြိမ်းစား ခေါင်းဆောင်တို့သည် အထူးအခွင့်အရေးများ နှင့် ပြည့်စုံကောင်းမွန်သော အငြိမ်းစားမှုများ ရှိကြလေသည်။ သူတို့သည် အကောင်းစား အစောင့်အကြပ်များ၊ အိမ်ကြီး ယာကြီးများ၊ ကိုယ်ပိုင် အတွင်းရေးမှုများ၊ ယာဉ်မောင်းများ ဖြင့် နေကြသည်။ ထို့ပြင် သူတို့သည် နိုင်ငံ၏ အရေးကြီးသော စာရွက်စာတမ်းများနှင့် သတင်းအချက်အလက်များကိုလည်း ကြည့်ရှု့ ဖတ်ယူနိုင်စွမ်းလည်း ရှိကြသေးသည်။

စစ်မှုရေးရာ အမှုဆောင် ကော်မရှင်

တရုတ်ပြည်၏ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး(China People’s Liberation Army) သည် တိုင်းပြည်၏ နယ်မြေ ဒေသများကို ကာကွယ်ရသလို ပါတီကိုလည်း အမြဲတန်း ကျားကန် ကာကွယ် ထားရသည်။

ကွန်မြူနစ် တို့၏ အုပ်ချုပ်မှု ကနဦးစ နှစ်များ၊ ပြည်တွင်းစစ်များ ဖြစ်ကြသည်တွင် တိုင်းပြည်၏ ခေါင်းဆောင်များသည် တမ်မတော် အောင်မြင်ကျော်ကြားရေးအတွက် သူတို့ထိန်းချုပ်ထားသော ရာထူးများကို စစ်တပ်မှ လူများအားပေးအပ်ကြသည်။ ထို့နောက် နိုင်ငံခေါင်းဆောင်များနှင့် တရုတ်ပြည် ပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် ချိတ်ဆက်ပေါင်းစည်းကြလျက်၊ အနီးကပ် ဆက်လျက် တည်ရှိခဲ့သည်။

သို့ရာတွင် အရင်တုန်းက မျိုးဆက်ဟောင်းများ ပြီးဆုံးသွားပြီး၊ တပ်မတော် အင်အားကို ပိုမို၍ ပညာတတ်များဖြင့် ဖြည့်တင်းလာကာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာကြသည်တွင် နိုင်ငံခေါင်းဆောင်ဟောင်များနှင့် တပ်မတော်၏ ကူးလူးပေါင်းစည်းမှုသည် အလွန် သိသာထင်ရှားမှု မရှိတော့သည့် အသွင်သို့ ပြောင်းလဲသွားသည်။

တပ်မတော်၏ အထောက်အပံ့ မရှိပဲ ပါတီ၏ခေါင်းဆောင်များ မရပ်တည်နိုင်ကြောင်း ၎င်းတို့ ကိုယ်တိုင်လည်း သိကြသည်။ ၁၉၈၉-ခုနှစ် တီယန်မင်အရေးတော်ပုံ ဆန္ဒပြသည့် အဖြစ်အပျက်တွင် စစ်တပ်ဖြင့် ဖြိုခွင်ခဲ့ရကြောင်း သက်သေပြလျက် ရှိသည်။ တချိန်တည်းမှာပင် တပ်မတော်၏ ထိပ်ပိုင် ခေါင်းဆောင်များ ကိုယ်တိုင်လည်း သူတို့အား ပါတီ၏ ခေါင်းဆောင်များက ကျောထောက်နောက်ခံ ပေးထားမှု လိုအပ်ကြောင်း သုံးသပ်မိကြသည်။ အဘယ်ကြောင့် ဆိုသော် ပါတီ၏ ခေါင်ဆောင်များကသာ တပ်မတော် အင်အားကို ခေတ်မီအောင် အပြောင်းအလဲ အစီအစဉ်များချမှတ်ကာ တပ်မတော်ခေါင်းဆောင်များ အား တာဝန်ပေးအပ်ကြရသည်။

တပ်မတော် အပေါ် ပါတီ၏ ထိန်းချုပ် ထားမှုနှင့် သူတို့၏ နယူကလီးယား အင်အားတည်ဆောက်မှုများကို ဗဟို စစ်မှုရေးရာ အမှုဆောင် ကော်မရှင်မှ စနစ်တစ်ကျ အဆင့်ဆင့် ချုပ်ကိုင်ထားသည်။ အဖွဲ့ဝင် တစ်ဆယ်တစ်ဦးဖြင့် ဖွဲ့စည်းထားသော ကော်မရှင်သည် ပြည်သူလွတ်မြောက်ရေး တပ်ဦးနှင့် ပတ်သက်သည့် နောက်ဆုံးဘိတ် ဆုံးဖြတ်ချက်များ၊ စစ်တပ်၏ အထက်ပိုင် ခေါင်းဆောင်များ၊ တပ်မတော်ကို ရွှေ့ပြောင်းမှုများ၊ အင်အားတိုးချဲမှုများကို ဆုံးဖြတ်ကြသည်။ ကော်မရှင်၏ အဖွဲဝင်များသည် ထိပ်ပိုင်မှ အရာရှိ စစ်ဗိုလ်ချုပ်များ ဖြစ်ကြသည်။ သို့သော် ပိုမို ၍ အရေးကြီးသည့် ရာထူးနေရာများကို ပါတီ၏ ပိုမို၍ ထိပ်ပိုင်းကျသော ခေါင်းဆောင်များကသာ ချုပ်ကိုင်ထားကြသည်။
အရေးကြီးသော အချိတ်အဆက်များ
ကော်မရှင်သည် ပြည်သူ့ ရဲတပ် လုံထိန်းတပ်ဖွဲ့ဝင်များ ကိုလည်း ထိန်းချုပ်ထားသည်။ ထို ပြည်သူ့ ရဲ့တပ် လုံထိန်းတပ်ဖွဲ့များသည် အစိုးအရ၏ ဗဟို အဆောက်အဦးများ၊ ပီကင်းတွင် ရှိသော အဓိက ခေါင်ဆောင်များ၏ ဠာနချုပ် ဖြစ်သော ကျုံးနန်းဟိုင် ကို ကာကွယ်စောင့်ရှောက်ရသည့် အတိန်းအစောင်းမခံသော တာဝန်ကို ယူထားရသည်။

ထုံးစံအရ ကော်မရှင်၏ ဥက္ကဌ ရာထူးကို အမျိုးသား ပြည်သူ့ လွှတ်တော်မှ ရွေးကောက် တင်မြောက်ရသည်။ သို့ရာတွင် တကယ့်လက်တွေ့၌ ထိုအလုပ်သည် ပါတီ၏ အာဏာ အရှိဆုံးသော အလုပ်ဖြစ်သွားသည်နှင့် အမျှ ထိုနေရာသည်ပင် ကာကွယ်ရေး ဦးစီးချုပ်(Commander-in-chief) ဖြစ်လာသည်။

ဥက္ကဌ ရာထူးကို မော်စီတုံးက ယူခဲ့ပြီးနောက် တိန့်ရှောင်ဖိန်က ဆက်လက် တာဝန်ယူခဲ့သည်။ တကယ့်တကယ်တွင် တိန့်သည် အခြားရာထူးများမှာ အနားယူခဲ့သော်လည်း ကော်မရှင်၏ ဥက္ကဌ ရာထူးတွင် ဆက်လက် တည်ရှိနေခဲ့သည်။ လေ့လာသူများ အဆိုအရ တရုတ်ပြည်၏ တကယ့် အာဏာသည် ထိုရာထူးတွင်သာ တည်ရှိသည်ဟု ဆိုကြသည်။

၁၉၈၉-ခုနစ် တွင် ကျန်ဇီမင်း ဥက္ကဌ ဖြစ်လာသောအခါ သူ့တွင် စစ်တပ် ကျောထောက်နောက်ခံ နှင့် ထူးခြားသော အထောက်အပံ့ဟောင်းများ မရှိခဲ့ချေ။ သို့ရာတွင် ၎င်းကို ထောက်ခံသူများအား အသေအချာ ရွေးချယ်လျက် ရာထူးများတိုးပေးကာ၊ ဘဏ္ဍာရေးကိုလည်း တိုးမြင့်ပေးခဲ့သည်။ ဤသို့ဖြင့် ကော်မရှင်အတွင်း နှင့် စစ်တပ်မှ ထောက်ခံသူများကို တိုးပွားစေခဲ့သည်။

၂၀၀၄ ခုနစ် ကျန်ဇီမင်း အနားယူသွား ပြီးနောက် ဥက္ကဌ ရာထူးကို စစ်တပ်နှင့် အချိတ် အဆက် ပိုမိုနည်းပါးသူ ဟူကျင်တောင်းကို လွဲအပ်ပေးခဲ့သည်။ ဟူကျင်တောင်း ကိုယ်တိုင်လည်း ဥက္ကဌရာထူးကို လက်ခံယူပြီးသည့်အခါမှ သူ၏အာဏာကို စစ်တပ်တွင် အခြေပြုလျက် တည်ဆောက်ရန် ကြိုးစားခဲ့သည်။

ဆက်လက်ဖေါ်ပြရန်..

အမေရိကန်တို့၏ ရွေးကောက်ပွဲနှင့် မြန်မာတို့ အခွင့်အရေးများ (၂)


အမေရိကန် နိုင်ငံသည် အင်အား ကြီးမားလှသည်။ အမေရိကန်နိုင်ငံသားတို့သည် ကောင်းပေ ညွှန့်ပေ၊ အကောင်းတကာ့ အကောင်းဆုံးတို့ကို မှီဝဲ သုံးကြသည်။ သူတို့သည် စားနိုင်၊ သောက်နိုင်ကြသည့် အပြင် အိမ်ယာများ၊ ပညာရေးနှင့် ကျန်းမားရေး စသည့် အခြေခံ လူနေမှု စနစ်ကို ပြည့်ပြည့်ဝဝ ရှိကြသည်။ပြည့်ဝသည်ထက် ပိုလျှံ၍ ပင်နေတော့သည်။ သက်တန်းအားဖြင့် နှစ် နှစ်ရာ ကျော်ကျော်သာ ရှိသေးသော အမေရိကန် နိုင်ငံသည် အဘယ်ကဲ့သို့ သော အကြောင်းကြောင်း ကြောင့် အကောင်းဆုံးများကို သုံးစွဲနေကြရပါသနည်။ အမေရိကန်တို့၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် လူသားတိုင်းအတွက် တန်းတူ တူညီသော အခွင့် အရေးကို ဦးစာပေးထားသည်။ လူတိုင်းအတွက် ကိုယ်ပိုင် လွတ်လပ်ခွင့် ပေးထားသည်။ ထို့ အခြေခံ အကြောင်းအရာများကြောင့် အမေရိကန်တို့၏ အခြေခံ ဥပဒေသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ရေးဆွဲခဲ့ကြသော်လည်း ယနေ့ထက်တိုင် မှန်ကန်ကြောင်း သက်သေပြလျက် ရှိသည်။

အမေရိကန်တို့၏ ဒီမိုကရက်တစ် ပါတီ နှင့် ရီပတ်ပလေကန် ပါတီတို့သည် လက်ရှိ နိုင်ငံရေး အခြေအနေနှင့် မိမိတို့၏ အာဘော်ကို လိုက်လျက် အခြေခံ ဥပဒေအပေါ် အနည်းငယ်မျှသော ဖြည့် စွက်ချက်များ ဖြင့် သီးခြား အခြေခံ ဥပဒေကို ပြဒါန်း တင်သွင်းကြသည်။

လက်ရှိ အမေရိကန် သမ္မတ ဂျော့ဘွတ်ရှ်၏ ရှစ်နှစ်တာ ကာလာ အုပ်ချုပ်မှု လက်ထက်တွင် စစ်သုံးစရိတ်သည် အလွန် ကြီးမြင့်လာသည်။ အခွန်အထုတ်သည် လည်း ကြီးမြင့်သည်။ စီပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများသည် ကြီးမြင့်သော အခွန်အထုတ်တို့ကြောင့် အခြားတိုင်းပြည်တို့တွင် ပြောင်းရွှေ့ဖွင့်လှစ်ကြသည်။ ထို့ အတွက် အမေရိကန်တွင် အလုပ်လက်မဲ့ ဦးရေတိုးပွားလာသည်။ အလုပ်မရှိသည့် အတွက် အကြွေးနှင့် ဝယ်ယူထားသော အိမ်များကို အရှုံးခံ ပြန်ပေးကြသည်။ နယ်များတွင် အိမ် ခြံ မြေဈေး တဟုန်ထိုး ကျဆင်းသွားသည်။ ဘဏ္ဍာရေး အင်းအားလည်း ချိနဲ့နေသည်။ ထိုသည်အတွက် နိုင်ငံခြားမှ ပညာရှင်များအား အလုပ် အကိုင်အတွက် ခေါ်ယူသည့် နှုန်းနည်းသွားခဲ့သည်။ ကျောင်းများတွင် ပညာသင်ကြားရန်အတွင် ထောက်ပံ့ကြေးများလည်း နည်းသွားသည်။ ထောက်ပံ့ကြေးဖြင့် ကျောင်းတက်ရန် လာမည့် နိုင်ငံခြားမှ ကျောင်းသူကျောင်းသားများအတွက် အခွင့်အလမ်များလည်း နည်းသွားသည်။ သမ္မတ ဂျော့ဘွတ်ရှ်၏ နောက်ဆုံး သက်တမ်း ကာလာများတွင် လူကြိုက်နည်း လာကြသည်။

ဒီမိုကရက် ခေါင်းဆောင် အိုဘာမားသည် အသက်အားဖြင့် ငယ်ရွယ်သေးသော်လည်း စူးရှထက်မြက်သော လူမည်း ခေါင်းဆောင် တစ်ဦးဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုများကို အလိုရှိသည်။ လက်ရှိ သမ္မတ ဂျော့ဘွတ်ရှ်၏ မပြီးဆုံးသေးသော အီရတ်နှင့် အာဖကန်နစ်စတန် စစ်ပွဲများမှ အမေရိကန် စစ်တပ်ကို ဆွဲထုတ်လျက် အဆုံးသတ်လိုသည်။ အမေရိကန်တွင် အခြေချ နေထိုင်လျက်ရှိသော လူတန်းစားအားလုံးအတွင် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် တို့ကို ထောက်ပံပေးမည်ဟု လည်း ကတိပေးသည်။ တရိပ်ရိပ် ကျဆင်းနေသော အမေရိကန်တို့၏ စီပွားရေးနှင့် စစ်စရိတ်ကြောင့် ကုန်ခန်းနေသော အမေရိကန်တို့၏ ဘဏ္ဍာရေး အင်အား ပြန်လည် တောင့်တင်းလာစေရန် အလုပ် အကိုင် များ ဖန်တီးပေးမည်ဟု ဆိုသည်။ ဒီနေရာမှာ ဒီမိုကရက်တို့က လူတန်းစား အားလုံးဟုဆိုထားသည်။ ဒါကလည်း မှန်ပေသည်။ ဒီမိုကရက်တို့၏ အာဘော်သည် လူတိုင်း၊ အခြေခံ လူတန်းစားများ အပါအဝင် အားလုံးကို ကျန်းမားရေး၊ ပညာရေး၊ အလုပ်အကိုင် ထောက်ပံဖို့ ဖြစ်သည်။

ဤတွင် အထက်တန်းစား အမေရိကန်တို့သည် ဒီမိုကရက်တို့၏ အာဘော်ကို မကြိုက်ကြ။ အလုပ်လုပ်သော အမေရိကန်တို့၏ အခွန်အထုတ်မှ ရလာသော ငွေကြေးတို့ဖြင့် အလုပ် မလုပ်၊ ကလေးမွေးနေသော မိခင်များကို အလကား ထောက်ပံနေသည်ကို မလိုလားကြ။ အခြားတိုင်းပြည်မှ အခြေလာချသော၊ ခိုလှုံခွင့်ဖြင့် လာကြသော သူများကို ငွေကြေး များ ထောက်ပံ့နေကြသည်ကိုလည်း မကြိုက်ကြ။ အမေရိကန်တွင် အခြေချတာ ကြာမြင့်လျက် အမေရိကန် နိုင်ငံသား ဖြစ်သွားသော မြန်မာများကို တွေ့ဖူးပါသည်။ တစ်ချို့ ရီပတ်ပလစ်ကန်ဖက် ရိမ်းကြသည်။ သူတို့ အဆိုအရ သူတို့၏ အခွန် အထုပ်များဖြင့် အမေရိကန်ကို ဝင်ရောက် အခြေလာချသူများကို လုပ်ကြွေးနေကြရသည်ဟု ဆိုသည်။ သူရို့၏ တိုင်းပြည်သည် အမေရိကန်နိုင်ငံဖြစ်သွားကြသလေား။

ရီပတ်ပလစ်ကန်ခေါင်ဆောင် ဂျွန်မက်ကိန်းသည် နိုင်ငံခြားရေးရာတွင် ဝါရင့်ခေါင်းဆောင်တစ်ယောက် ဖြစ်သည်ဟု ကြွေးကြော်ထားသည်။ သူ၏ ပါတီသည် အမေရိကန်တို့၏ လုံခြုံမှုကို ဦးစားပေး လုပ်ဆောင်သွားမည် ဟု ဆိုသည်။ ပြိုင်ဖက် ဒီမိုကရက် ခေါင်ဆောင် အိုဘာမားကိုလည်း ဂျွန်မက်ကိန်းနှင့် စာလျင် ဝါနုသေးသည်ဟု ထောက်ပြကာ ပါတီအတွက် မဲဆွယ်နေလျက် ရှိသည်။ အီရတ်နှင့် အာဖကန်နစ်စတန် စစ်ပွဲများတွင် အမေရိကန်တို့ စစ်ရှုံးကာ ဆုတ်ခွာကြရမည်ကို မလိုလားချေ။ ရီပတ်ပလစ်ကန်တို့သည် ပြုပြင်ပြောင်းလဲမှုကို မလိုလားကြ။ ထို့အပြင် အသစ်ခန့်အပ်လိုက်သော ရီပတ်ပလစ်ကန်တို့၏ အမျိုးသမီး ဒုတိယ သမ္မတလောင်း ဆာရာပေးလင်း သည် ဒီမိုကရက်ဖက်မှ အမျိုးသမီး ဆီနိတ်တာ ကလင်တန်(သမ္မတ ဟောင်း ဘဲလ် ကလင်တန်၏ ဇနီး) ၏ မဲများကို သိမ်းကြုံးယူနိုင်ဖွယ်လည်း ရှိသည်။ ဆာရာပါလင်း သည် စကားပြာဆိုရာတွင် ထက်မြက်သလို့ အုပ်ချုပ်မှု အသစ်မှလာသော ဆီနိတ်တာလည်း ဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်မှုအဟောင်းများနှင့် ပြုပြင် ပြောင်းလဲမှု မရှိသော ရီပတ်ပလစ်ကန်တို့၏ အာဘော်ကို ထောက်ပြရန် ဒီမိုကရက်တို့ အခက်အခဲ ကြုံနိုင်လေသည်။

အသာစီးရှိလျက် ရှိသော ဒီမိုကရက်တို့သည် အသစ်ခန့်အပ်ထားသော ရီပတ်ပလစ်ကန်တို့၏ အမျိုးသမီး ဒုတိယ သမ္မတလောင်း ဆာရာပေးလင်း ကြောင့် အခြေအနေ တစ်မျိုး ပြောင်လဲသွားဖွယ် ရှိသည်။ ထို့ အတူ တကယ်တမ်း နင်လား ငါလား မဲပေးကြသည်တွင် ရီပတ်ပလစ်ကန်တို့ နိုင်သွားနိုင်ပေသေးသည်။ ပြီးခဲ့သည့်လေးနှစ် ရွေးကောက်ပွဲတွင် ထိုကဲ့သို့ အဖြစ်အပျက်က ဖြစ်ခဲ့ ဖူးပြီးပြီ။ ထိုစဉ်က ဒီမိုကရက်တို့ နိုင်မလိုလိုနှင့် နောက်ဆုံးတော့ ဂျော့ဘွတ်ရှ်၏ ရီပတ်ပလစ်ကန် ပါတီက နိုင်သွားခဲ့သည် မဟုတ်ပါလော။

ထို ဒီမိုကရက်နှင့် ရီပတ်ပလစ်ကန် တို့ အာဘော်သည် မြန်မာ နိုင်ငံနှင့် ကျွန်တော်တို့ မြန်မာ နိုင်ငံသားတို့ အပေါ် ဘယ်လို့ အကျိုး သက်ရောက် နိုင်မလဲ ဆိုတာ ကြည့် ကြရအောင်။ ရီပတ်ပလစ်ကန်တို့သည် စစ်ကို နိုင်အောင် တိုက်သွားကြမည်ဟု ဆိုသည်။ ဘဏ္ဍာရေး အင်အား ချိနဲ့ နေသော အမေရိကန်သည် မြန်မာနိုင်ငံရေးအပေါ် အကျိုး အမြတ် မရှိပဲ ငွေးကြေးအရ အကူ အညီ ပေးဖို့ မဖြစ်နိုင်ချေ။ ထို့ ကြောင့် အမေရိကန်တို့၏ ထောက်ပံစရိတ်ကို မှီခိုရန် ရည်ရွယ်နေကြသော မြန်မာ နိုင်ငံရေးသမားမျာနှင့် ခိုလှုံခွင့်ရရန် အခွင့် အလန်းရှာကြသော မြန်မာများ ခက်ခဲနိုင်သည်။ အလုပ်အကိုင်တို့ ကား ခက်ခဲလျက် စီးပွားရေးက ကျဆင်းနေဆဲ။ ထိုသည့် အတွက် ထူးချွန် ထက်မြက်သော မြန်မာများ H1-B ဟု ခေါ်သော အလုပ်သမား ပြည်ဝင်ခွင့်ဖြင့် အမေရိကန်နိုင်ငံ သို့ အလုပ်ရှာရန် လာဖို့ ခက်ခဲပေလိမ့်မည်။ အခုတောင် ကျွန်တော်၏ မိတ်တွေ သူငယ်ချင်း တော်တော်များ များ H1-b ပြည်ဝင်ခွင့် ဗီဇာယူထားပြီး အလုပ်ဖြင့် လာရန် ခက်ခဲနေကြရသည်။ တော်သေးသည်။ သူရို့သည် အိုင်တီ သမားများ ဖြစ်ကြသည်။ လိန်ဖယ် လိန်ဖယ်နှင့် ရသွား နိုင်ပါသေးသည်။

ကျွန်တော်သည် အမေရိကန် နိုင်ငံသား မဟုတ်။ မြန်မာလူမျိုး အမေရိကန်နိုင်ငံတွင် ကိုယ်တတ်သည့် ပညာဖြင့် အလုပ်လုပ်မည့် သူ ဖြစ်သဖြင့် လူတန်းစား မရွေး လူတိုင်းကို အခွင့်အရေး ပေးမည့် ဒီမိုကရက်တို့ ၏ အာဘော်ကို သဘောကျသည်။ နောင်တွင်လည်း မြန်မာပညာတတ်များ၊ သူငယ်ချင်းများ အလုပ်လာလုပ်နိုင်ရန် အလုပ်အကိုင် အခွင့် အလမ်းများကို ဖန်တီးပေးမည့် ဒီမိုကရက်ကို ထောက်ခံသည်။ အမေရိကန် နိုင်ငံသားတို့ ရီပတ်ပလစ်ကန်ကို ထောက်ခံကာ သူတို့ တိုင်ပြည် လုံခြုံရေးကို ရှေးရှု့သည်ကာ သဘာဝကျသည်။ သို့ရာတွင် အမေရိကန်နိုင်ငံသည် လူမျိုး ပေါင်းစုံနှင့် ဖွဲ့စည်းထားကာ ကျွန်တော်တို့လို နိုင်ငံခြားသားများလည်း ရှိသည်။ ထို့ပြင် ဝင်ငွေနည်းသော နိုင်ငံခြားသားများလည်း ကျန်းမားရေး ထောက်ပံမှုများ ရမည်ဆိုလျင် မကောင်းပါလော့။

အမေရိကန်တို့ မြန်မာနိုင်ငံရေး အပေါ် အကျိုး သက်ရောက်နိုင်မည်ကို ကျွန်တော် အယုံအကြည် မရှိ။ နိုင်ငံရေးကို အကြောင်းပြလျက် အကျိုး ခံစားနေကြသော နိုင်ငံရေး သမားများကို လည်း အထင်မကြီး။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကျင်းပကြတော့မည်ဆိုလျင် အနီးကပ်မှ ထအော်ကြမည့် လူများလည်း ရှိပေလိမ့်မည်။ ကျွန်တော်တို့ မြန်မာနိုင်ငံရေးသည် ပြည်သူလက်ထဲတွင် ရှိကာ ပြည်သူတွေ ဆုံးဖြတ်ရသည်။ ကျွန်တော့် အနေဖြင့် အခြားနိုင်ငံများမှ နိုင်ငံရေး ဇာတ်ခုံများနှင့် မြန်မာ နိုင်ငံရေး ဇာတ်ခုံတို့ မတူညီ သည်များကို ပြောပြရုံသာ ဖြစ်သည်။ တိုင်ပြည်အတွင်း ပိတ်ဆို့ခံရလျက် နိုင်ငံတကာ အမြင်နည်းနေသောမြန်မာများအတွက် နိုင်ငံတကာတွင် ဘာတွေဖြစ်ပျက်နေသလဲ၊ မြန်မာပြည်နဲ့ ဘာတွေ ခြားနားသလဲ၊ ဘယ်လိုမျိုး အခွင့်အရေးတွေဆုံးရှုံးနေကာ၊ ဘယ်လို့မျိုး အခွင့်အရေးတွေ တောင်ဆိုသင့်သလဲလို့ ကိုယ်မြင်သည့် ရှု့ထောင့်မှ ပြောပြရုံပင် ဖြစ်သည်။ အထူးသဖြင့် ဘယ်လိုမျိုး နိုင်ငံခေါင်းဆောင်ကို တင်မြောက်ကြမလဲပေါ့။

အနန္တမေတ္တာဖြင့်
ဘကောင်း

အမေရိကန်တို့၏ ရွေးကောက်ပွဲနှင့် မြန်မာတို့ အခွင့်အရေးများ (၁)


ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ နိုင်ငံတကာက နိုင်ငံရေးပြောင်းလဲမှုတွေ အလျင်းသင့်ရင် သင့်သလို့ စောင့်ကြည့် အကဲခတ်ကြည့်နေရင်းနဲ့ ဒီရက်တွေမှာ အရှိန်အဟုန် ပြင်းအားကောင်းလာတဲ့ အမေရိကန်တို့ရဲ့ သမ္မတရွေးကောက်ပွဲတွေ နဲ့ သူတို့ရဲ့ သဘောထားရေးရာ၊ စီးပွားရေး အခြေအနေတွေက အနာဂတ်ရဲ့ ကမ္ဘာနိုင်ငံရေး ဇာတ်ခုံမှာ ဘယ်လိုနည်းတွေနဲ့ ဝင်ရောက် ကပြအသုံးတော်ခံမလဲလို့ တွေးတေားကြည့်မိတာပါ။ ကျွန်တော် လွန်ခဲ့တဲ့ ရှစ်နှစ်ကျော် ကာလ ကစပြီး အမေရိကန်တွေရဲ့ ရွေးကောက်ပွဲ ကာလတွေမှာ အမေရိကန်နိုင်ငံကို အခြားသောအကျိုး အကြောင်းညီညွတ်ပြီး ရောက်နေလေ့ ရှိတယ်။ ရောက်တိုင်းလည်း ဂရုတစိုက် လေ့လာမိတယ်။ ဒါပါနဲ့ဆိုရင် သုံးကြိမ်မြောက်ပေါ့။

အမေရိကန်တို့ရဲ့ နိုင်ငံရေးတွေက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတွေနဲ့ စာရင် ရှေ့ကို တော်တော်ပြေးနေပြီး အခြေကျ တည်ငြိမ်နေပြီ။ ရွေးကောက်ပွဲတွေဆိုရင်လည်း တစ်နယ်ပြီး တစ်နယ် စနစ်တစ်ကျနဲ့ လုပ်သွားလိုက်တာ ဟော.. အခုဆိုရင် ဒီမိုကရက် နဲ့ ရီပတ်ပလစ်ကန် ပါတီနှစ်ခုလုံးက သူတို့ရဲ့ အမျိုးသားညီလာခံကို ကိုယ်စီ တစ်သီးတစ်ခြားကျင်းပပြီးသွားခဲ့ပြီ။

သိကြတဲ့ အတိုင်း ပါတီနှစ်ရပ်လုံးကတော့ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ထိုးနှက်ချက်တွေ၊ အမေရိကန် ပြည်သူပြည်သားတွေ အပေါ် ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် အစရှိတဲ့ ကတိပေးချက်တွေနဲ့ စွဲဆောင်ကြတာကိုး။ တော်တော်လေးလည်း စိတ်ဝင်စားစရာ ကောင်းသလို့ အလွန်တရာ ထူးချွန်ထက်မြက်တဲ့ နိုင်ငံခေါင်းဆောင်ကောင်းတွေ ဒုနဲ့ ဒယ်နဲ့ မြောက်မြောက်မြားမြား တွေ့ရတာပဲ။ ဒါတွေကြည့် ပြီး ကျွန်တော့်တို့ နိုင်ငံအတွက်လည်း ထူးချွန်ထက်မြက်ပြီး နည်းပရိယာယ်တွေ ကြွယ်ဝတဲ့ နိုင်ငံ ခေါင်းဆောင်ကောင်းတွေ ရာနဲ့ ထောင်နဲ့ ချီပြီး လိုအပ်နေသေးတယ်ဆိုတာ သတိရမိတယ်။

တကယ်တော့ တိုင်းပြည်တစ်ပြည်တို စီမံအုပ်ချုပ်တယ်ဆိုတာ သြဇာအာဏာနဲ့ လက်ညိုးထိုး ဟိုခိုင်း ဒီခိုင်း လုပ်ရတဲ့ အလုပ်မှ မဟုတ်ပဲ။ ခေါင်းဆောင်တွေဟာ ကိုယ်ရဲ့ စိတ်ဝိညာဉ်၊ ကိုယ်ခန္ဓာနှစ်မျိုး လုံးကို တိုင်းသူ ပြည်သားတွေရဲ့ကောင်းကျိုးအတွက်သာ ရှေးရှု့ပြီး ကိုယ်ကျိုးစွန့် တစ်စိုက်မတ်မတ်လုပ်ဆောင်ရတာကိုး။ သာမန်လောက်သာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေဆိုရင်တော့ ကိုယ်ကျိုးစွန့်ဖို့ သွားပြောရင် ဘယ်လုပ်နိုင်ကြမလဲ။ ဒါမျိုးခေါင်းဆောင်တွေဆိုရင်လည်း အသိပညာရှင်၊ အတတ်ပညာရှင် ပြည်သူတွေကလည်း လက်မခံဘူး။ အထင်လည်း မကြီးဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံကိုကြည့်။ ယုတ်စွအဆုံး ခေတ်မှီ တိုးတက်ပြောင်းလဲလာတဲ့ ကမ္ဘာကြီးမှာ နိုင်ငံတကာနဲ့ ကူလူးဆက်ဆံမှုလုပ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်ပြည်ခေါင်းဆောင်တွေကိုယ်၌က အနည်းဆုံး အင်္ဂလိပ်စကားကို လေးလုံးကွဲအောင်တောင် မပြောတတ်ကြရင် ဘယ်လိုလုပ်မလဲ။ နိုင်ငံတကာ နိုင်ငံရေး မျက်နှာစာမှာ စကားတွေ ပြောကြရအောင်ဆိုရင် ခွေးအကြီး လှည်းနင်းသလို အထစ် အထစ်နဲ့။ စောင့်ကြည့်နေတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေက တခွိခွိနဲ့ ရယ်ကြမှာပဲ။ ဘယ်..အထင်ကြီးကြမလဲ။

ကျွန်တော် အမြဲတမ်းလိုလို စိတ်ဝင်တစားနဲ့ မျက်ခြေမပြတ် စောင့်ကြည့်လေ့ရှိတာက အမေရိကန်၊ပြင်သစ်၊ ရုရှားတို့ရဲ့ သမတရွေးကောက်ပွဲ၊ အင်္ဂလန်၊ ဂျပန်၊ သြစတြေလျ၊တရုတ်၊ ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်တွေရဲ့ အာဘော်နဲ့ သူတို့ကို ရွေးကောက်တင်မြောက်လိုက်ပုံပါပဲ။ အဲဒီ နိုင်ငံခေါင်းဆောင်တွေရဲ့ အကြမ်းဖြင်း အာဘော်နဲ့ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ယနေ့ ကျွန်တော်တို့ ကမ္ဘာရဲ့ လူမှုရေး၊ စီးပွားရေး အစရှိတဲ့ နယ်ပယ် ဒေသမျိုးစုံကို ရိုက်ခတ်နိုင်စွမ်းရှိကြတယ်။ ဒီနေရာမှာ အကြမ်းဖျင်း အာဘော်ဆိုတာ သူတို့ပြောဆိုသမျှ အားလုံးကို လုံးဝ ယုံကြည်စိတ်ချမှု မထားပဲ ဘက်စုံ ရှု့ထောင့် အမျိုးမျိုးကနေ ချိန်ထိုးပြီး အကြမ်းဖျင်း ယူဆတဲ့ သဘောပါ။

ခေတ်မီတိုးတက်နေတဲ့ နိုင်ငံ အသီးသီးမှာ လက်ခံကျင့်သုံးနေတဲ့ နိုင်ငံရေး စနစ်တွေ အမျိုးမျိုး ရှိကြတယ်။ အနောက်တိုင်း နိုင်ငံတွေမှာ အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ကိုက်ညီ ဆုံဆည်းအခြေကျသွားတဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ်ရှိတယ်။ အရှေ့တိုင်း နိုင်ငံတွေမှာလည်း အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ ချိန်ထိုးပြီး တဖြည်းဖြည်း ပြုပြင်ပြောင်းလဲသွားတဲ့ ဒီမိုကရေစီ နိုင်ငံရေး စနစ်တွေလည်း ရှိတယ်။ ဒီနေရာမှာ တိုင်းပြည်ခေါင်းဆောင်တွေက ခေါင်းဆောင်နိုင်စွမ်း အရည်အချင်းရှိဖို့လိုတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံကို ထပ်ကြည့်ရအောင်။ လက်ရှိတိုင်းပြည်ခေါင်းဆောင်တွေက ပြည်သူပြည်သားတွေ အပေါ် အရာရာ မျက်စိပိတ် နားပိတ်လုပ်ပြီး၊ ထိန်းချုပ်ထားတာကိုး။ ဟိုး..တုန်းက ရဲစိတ်ရဲမာန် သတ္တိပြောင်ခဲ့တယ်ဆိုတဲ့ ကျွန်တော်တို့ မြန်မာတွေလည်း တိုင်းပြည်ထဲမှာ အနှစ်လေးဆယ်ကျော်လောက် လှောင်ပိတ် ခံခဲ့ရတယ်။ အဲဒီရလဒ်က ဘာလဲဆိုတော့ မြန်မာလူမျိုးတွေ နိုင်ငံတကာထွက်တဲ့ အခါမှာ စိုးရိမ်စိတ်တွေ၊ မပြောရဲ မဆိုရဲတဲ့ စိတ်တွေ၊ သိမ်ငယ်မှုတွေဟာ မြန်မာတွေရဲ့ စိတ်မှာ လွမ်းမိုးနေခဲ့တဲ။ စိတ် ပိုလီယို ရောဂါ စွဲကပ်နေရတဲ့ သဘောပေါ့။ စိတ်ဓါတ် အင်းအားက ခနော်နီ ခနော်နှဲ့ နဲ့ အခြေမခိုင်တော့ပဲ ယိမ်းယိုင်နေတော့တာပေါ့။ ကိုယ့်ဒူး ကိုယ်ချွန်လာတဲ့ လူတွေကတော့ ပေါက်ရောက် အောင်မြင်သွားကြပေမယ့် လူဦးရေ သန်းငါးဆယ်ကျော်ရှိတဲ့ လူတွေအတွက်ကတော့ ခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။ ပြုပြင်ပေးပါ။ နည်းလမ်းတွေဖွင့်ပေးပါ။ ခေါင်း မမာပါနဲ့။

နိုင်ငံတကာမှာ ကျွန်တော်တို့ မြန်မာတွေ ဂုဏ်သရေ မှေးမှိန်နေတာ ကြာလှပါပြီ။ မြန်မာ အများစုကလည်း နိုင်ငံခြားကို အထင်ကြီးစိတ် ဝင်သွားပြီ။ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ဖို့အတွက် ဆိုင်းဘုတ်ကြီးတွေတင်၊ ရုပ်မြင်သံကြားတွေ၊ သတင်းစာနယ်ဇင်းတွေကနေ လှုံ့ဆော်ပေမယ့် အရာမရောက်ပါဘူး။ ဘာလို့လဲ့ဆိုတော့ လူဆိုတဲ့ သတ္တဝါက လွတ်လပ်လို့တဲ့ သဘာဝကို စဉ်းစားပြီး ဝမ်းတခါး ဝဖို့ အတွက် အရင် ကြိုးစားအားထုတ်ကြလေ့ရှိတယ်။ အဲဒီ အခွင့် အရေးတွေ မရှိရင် လူတော်တွေ မရပ်တည်နိုင်ဘူး။ သဘောကို ပြောပြတာပါ။ တိုင်းပြည်ကို အုပ်ချုပ်ပုံ၊ ချဉ်းကပ်ပုံ ချဉ်းကပ်တဲ့ နည်းလမ်းတွေ မှားနေတယ်ဆိုတာ။ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ဖို့ အတွက် လမ်းကြောင်းတွေ ဖွင့်ပေးပြီး လုပ်နိုင်စွမ်းတဲ့ အစွမ်းအစတွေ ပေးရမှာပေါ့။ သာတူညီမျှတဲ့ အခွင့်အရေးတွေသာ ရမယ်ဆိုရင် အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေက ဂုဏ်ယူဝင့်ကြွားစွာ ကိုယ့်လူ့မျိုး၊ ကိုယ့်တိုင့်ပြည်အတွက် လုပ်ကြပါလိမ့်မယ်။

ခေါင်းဆောင်တွေသာ တော်ကြမယ်၊ ထူးချွန်ထက်မြက်ကြမယ်ဆိုရင် မြန်မာဆိုတာ ကမ္ဘာမှာ မျက်နှာပွင့်ပြီပေါ့။ အရပ်စကားပြောရမယ်ဆိုရင်တော့ ကိုယ့်တိုင်းပြည်က လူတွေ နိုင်ငံတကာမှာ မျက်နှာ မငယ်ရတော့ဘူး။ မြန်မာတွေ နိုင်ငံတကာရဲ့ ပြည်ဝင်ခွင့်ယူရင် စိုးရိမ်သောက စိတ်တွေ မရှိတော့ဘူး။ မြန်မာလူမျိုးတွေ မိမိကိုယ်ကိုယ် ယုံကြည်ကိုယ်စား စိတ်တွေ ရှိလာမယ်။ မိမိကိုယ်ကိုယ် ယုံကြည် ကိုးစားစိတ်ဆိုတာ ယေဘုံယျအားဖြင့် တစ်ခုခု မအောင်မြင်လို့ ဆုံးရှုံးသွားရင် နောက်ဘာဆက်လုပ်မလဲဆိုတဲ့ အစီအစဉ်ရှိတဲ့ လူတွေက မိမိကိုယ်ကိုယ် ယုံကြည် ကိုးစားလို့ ရတယ်လို့ ဆိုရမယ်။ တည်ငြိမ်တယ်ပေါ့။ နိုင်ငံ တကာမှာ ရှိတဲ့ ကျွန်တော်တို့ မြန်မာတွေ အများစုအတွက်ကတော့ နိုင်ငံခြားမှာ အလုပ်ရဖို့ စိုးရိမ်ကြရတယ်။ အလုပ်ရရင်လည်း အလုပ်မြဲဖို့ စိုးရိမ်ကြရပြန်တယ်။ ကိုယ့်တိုင်ပြည်မှာက ကျောထောက် နောက်ကန် အလုပ်မှ မရှိတာ။ ဒီတော့ ပြည်ဝင်ခွင့်အတွက်၊ အလုပ်ရဖို့အတွက် စိုးရိမ်တတ်ကျတာ ထူးဆန်းတဲ့ အရာတစ်ခုလို့ မထင်တော့ဘူး။

ကိုယ့် တိုင်းပြည်ကို ကိုယ် မစွန့် ခွာရပဲ တိုင်းပြည် အတွင်းမှာ မကြောင်းမကြ မတောင်းမတ လူတိုင်း အလုပ်အကိုင်တွေ ကိုယ်စီနဲ့လုပ်နိုင်ဖို့အတွက် တိုင်းပြည်တွေရဲ့ နိုင်ငံခေါင်းဆောင်တွေက ပြည်သူတွေရဲ့ အကျိုးကိုး ဦးစားပေးပြီး အလုပ်အကိုင်တွေ ဖန်တီးနိုင်စွမ်း အရည်အချင်းရှိကြရတယ်။ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကို ဘယ်လို ရမလဲ။ ဘယ်လို ရှာကြမလဲ။ ရှင်းပါတယ်။ တိုင်းသူ ပြည်သားတွေက ရွေးကောက် တင်မြောက်တာပေါ့။

ဟိုတလောက ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲ အကြောင်းကို ရေးထားခဲ့ပြီးပြီ။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာလည်း လာမည့် ရွေးကောက်ပွဲမှာ ဘယ်လိုနည်းတွေနဲ့ စခန်းသွားကြမလဲဆိုတာ ပညာရှင်တွေ အခုကတည်းက စနစ်တကျနဲ့ ပြင်ဆင်ချဉ်းကပ်ဖို့ လိုပြီ။ အခု အမေရိကန်နိုင်ငံမှာလည်း ပြည်သူတွေ နင်လား ငါလား အပြိုင်အဆိုင် နဲ့ ခေါင်းဆောင်တွေ စကာတင် ရွေးချယ်လာ လိုက်တာ နောက်ဆုံး ဒီမိုကရက် ပါတီက အိုဘားမာ ဆိုတဲ့ လူမဲ ခေါင်းဆောင် တစ်ဦးနဲ့ ရီပတ်ပလစ်ကန် ပါတီက ဂျွန်မက်ကိန်းဆိုတဲ့ လူဖြူ ဝါရင့် နိုင်ငံရေး ခေါင်းဆောင် တစ်ဦး စီ ရလာတယ်။

အမေရိကန် အမ္မတ တစ်ဦးရဲ့ တခိုးအာဏာနဲ့ အစွမ်းအစက ကမ္ဘာမှာ အလွန်တရာ စွမ်းပကားကြီးမာ လှသည်။ ထို့အတူ နိုင်ငံခေါင်းဆောင်တို့သည်လည်း လူသန်းပေါင်းများစွာ တို့၏ အသက်ကို သေစေနိုင်သလို၊ ကယ်တင်နိုင်စွမ်းရှိသည်။ ငွေသန်းပေါင်းများစွာတို့ကို ထိန်းချုပ် ကိုင်တွယ် နိုင်စွမ်းလည်းရှိသည်။ ထိုကဲ့သို့ တခိုးအာဏာ တို့နှင့် နိုင်ငံ တစ်နိုင်ငံကို အုပ်ချုပ်ဖို့ အတွက် အဘယ်ကဲ့သို့သော လူမျိုးကို ပေးအပ်အုပ်ချုပ် စေမည်နည်း။ ကျွန်တော်တို့ မြန်မာ နိုင်ငံတွင် ထိုကဲ့သို့သော လွတ်လပ်စွာ မဲဆွယ်ခွင့်၊ လွတ်လပ်စွာ ရွေးကောက်တင်မြောက် ပိုင်ခွင့် စသည့် လွတ်လပ်သည့် အခွင်အရေးတွေ ဆုံးရှုံးနေသလောက် အမေရိကန်နိုင်ငံ အပါအဝင် အခြားသော ဒီမိုကရေစီ တိုင်းပြည်တို့တွင် ထိုအခွင့် အရေးတို့ရှိကြလေသည်။ ထိုအခွင့်အရေးသည်ကာ တိုင်းပြည်၏ အနာဂတ်ကို ပြောင်လဲပစ်နိုင်စွမ်း ရှိလေသည်။

မိညို (၃)


ထို့နောက် မိညိုအား ဦးလှမောင်တို့ အိမ်တွင် မတွေ့ရတော့ချေ။ ဦးလှမောင်ကို အမေမေးကြည့်တော့ ရွာ ခဏပြန်ပို့ထားသည်ဆိုသည့် အဖြေသာရသည်။ ဤသို့ဖြင့် မိညိုသည် ကျွန်တော်တို့ ရပ်ကွက်မှ နှစ်နှစ်ကျော်ခန့် ပျောက်သွားခဲ့သည်။ ရပ်ကွက်တကာ လှည့်လည်နေတတ်သော မိညိုအား ပုဏ္ဏာကုန်း၊ သေတ္တာဝင်း၊ ပေါက်ပေါက်တန်း စသည့် ရပ်ကွက်မှ လူများအကြားတွင် မေ့မေ့လျောလျော ဖြစ်လာသည်။ ဦးလှမောင်တို့သည် နေ့စဉ် ပုံမှန် လေဘေး အဝတ်များကို လျှော်ဖွတ်လုပ်ကိုင်ဆဲပင်။ ဒူးမှတ်ကြီး၊ လှိုင်ဘွားနှင့် ကျွန်တော်တို့ ကလေးတစ်သိုက်သည် ပုရစ်ပေါ်ချိန်တွင် ပုရစ်နိုက်မြဲ နိုက်လျက်၊ ညအချိန် တောက်တဲ့တို့ အော်မြည်သည့် အခါ မိုးလား၊ လေလားဟု တောက်တဲ့ ဗေဒင် ညစဉ် မေးတတ်ကြလျက် မေ့လွယ်ပျောက်လွယ် ကလေးဘဝကို ဖြတ်သန်းနေချိန်ဖြစ်သည်။ ဦးလှမောင် ကျွန်တော်တို့အိမ် လာသည့် အခါတွင် အမေသည်လည်း မိညို အကြောင်း စကားဝိုင်းထဲတွင် တစ်ခွန်းမှ မဟတော့။ အမေသည် မိညိုကလေး အပေါ် ခင်မင်ရင်းစွဲရှိပေသည့် လူစုံ ပြဿနာစုံလှသော ဦးလှမောင်တို့ အိမ်မှ အကြောင်းအရာများကို လိုအပ်သည့်ထက် ပိုမိုကာ စပ်စပ်စုစု မမေးမြန်းတော့ချေ။ တခါတရံ ကျွန်တော်တို့ အိမ် ပြောင်းဖူးများ ပြုတ်စားကြသည်တွင် ပြောင်းဖူး ကြိုက်တတ်သော မိညိုကို သတိရမိတတ်သေးသည်။

အချိန် နာရီ စက္ကန့်တို့သည့် တရွေ့ရွေ့ တဖြည်းဖြည်းနှင့် သွားနေသည်ဟု ထင်ရပေသည့် နောက်ပြန်ဆုတ်တတ်သည့်၊ ရပ်တန့်နေတတ်သည့် ဖြစ်စဉ်များ မဟုတ်ကြချေ။ ရာသီစက်ဝန်းသည်လည်း နွေမှ မိုး၊ မိုးမှ ဆောင်း အလီလီ ပြောင်းသွားခဲ့သည်။ အိမ်အနားမှ ကုက္ကိုလ်ပင်ကြီးတွင် တောက်တဲ့တို့ စီးပွားလာကြသည်။ တောက်တဲ့ အကောင်ရေ တိုးလာသည်။ ရပ်ကွက်ထဲမှ လူဟောင်းအချို့ ရပ်ကွက်ကို စွန့်ခွာကာ မြို့သစ်သို့ ပြောင်းသွားကြသည်တွင် လူသစ်များ အစားထိုးဝင်ရောက်လာသည်။ အဖေ နာမည် ပေးထားသော မိုရှိဒါရန်းဆိုသည့် ခွေးမသည်ပင် ခွေးသားပေါက် တစ်သိုက်နှင့် လမ်းထဲ၌
တရုံးရုံးဖြစ်နေသည်။ ရပ်ကွက်ထဲတွင် မွေးခါစ ကလေးငိုသံတို့ ဟိုတစ်စ ဒီတစ်စ ပျံ့လွင့်လာတတ်သည်။ အိမ်ရှေ့က မြောင်းထဲတွင် ဗေဒါပင်တို့ ပြည့်နှက်လျှံတက်နေကြသည်။ မြောင်းငါးတို့ ပျော်ရွှင်မြူးတူးစွာ သားပေါက်ကြသည်။ ဤကမ္ဘာကြီးသည် အစစ အရာရာ စည်ပင်ပွားများနေသော လောကကြီးဖြစ်သည်။

နွေကာလ နေ့တစ်နေ့၏ သစ်သားစို အနံ့များ မွန်ထုံနေသော သေတ္တာဝင်း၏ လမ်းမထဲတွင် ကျွန်တော်တို့ တစ်တွေ ကျီသားရိုက်တန်း ကစားနေကြချိန်၌ ထီးနက်ကို ဆောင်းလျက် ပူပြင်းလှသောနေရောင်ကို အံတုလာနေသော ဦးလှမောင်နှင့် သူ့နောက်တွင် ခြေလှမ်းမှန်မှန် လိုက်လာ သော မိညိုကို တွေ့လိုက်ရသည်။ တကယ်တော့ သူမ အသွင်အပြင်သည် မိညိုကြီး လို့ သမုတ်ရမည့် ပုံပင်။ အဘယ်ကြောင့် ဆိုသော် မိညိုသည် သူမနှင့် အတူ သူမ၏သားကလေးပါ တစ်ပါးတည်း ခေါ်ယူလာခဲ့သည်။ ဟိုရင်အခါ ရွာက ခေါ်လာကာစ မျက်လုံး ညိုပြာညက်နှင့် ပျိုရွယ်စ မိညိုသည် ယခုအခါမှာတော့ ပြည့်ပြည့်ဖြိုးဖြိုး ကြီးရင့်သည့် အသွင်ကို တွေ့ရသည်။ အရင်တုန်းက ဂျစ်တီးဂျစ်ကန်၊ အရာရာကို တွန်းလှန် ပုံကန်မည့် ဟန်ရှိခဲ့သော မိညိုကို အခု ပြန်တွေ့တော့ ခေါင်းငိုက်စိုက်လျက် လောကဒဏ်ကို ပြည့်ပြည့်ဝဝ ခံစားခဲ့ရသည်ထင့်။

ဘာပဲပြောပြော အဲဒီလိုနဲ့ပဲ မိညို ဦးလှမောင်တို့ အိမ် ပြန်ရောက်လာခဲ့သည်။ သူမနဲ့ အတူ သူမသားလေးပါ အဆစ်ပါလာခဲ့သည်။ ကျွန်တော်တို့ ရပ်ကွက်သည် မိညိုကို ကြိုဆိုမြဲ ကြိုဆိုလျက် ရှိသည်။ အချိန်နာရီတို့ တိုက်စားမှုအောက်တွင် မေ့မေ့လျော့လျော့ ရှိခဲ့ ကြသော်လည်း ယခုတဖန် ပြန်လည်တွေ့သည့် အခါ ယခင်ကကဲ့သို့ ဂရုတစိုက် ရှိကြသည်။ ဟော..အခု သားကလေးပါ အဆစ်ပါလာတယ် ဆိုတော့ ပိုပြီး မိညို၏သားကလေးကို ပါ ဂရုတစိုက် စောင့် ကြည့် ကြသည်။ အချိန်တန်တော့လည်း သူကလေးသည် ကျွန်တော်တို့ ရပ်ကွက်၏ ရှေ့မှောက်တွင် တဖြည်းဖြည်း ကြီးပြင်းလာခဲ့သည်။

မိညိုကို ရပ်ကွက်က မိညိုဟု သိထားကြသည်။ အခု မိညိုရဲ့သားကြတော့ မိညိုသားဟုပင် ခေါ်ကြသည်။ သူ့သားကို နာမည်မပေးရသေးချေ။ မိညိုကို ခင်မင်မြဲ ခင်မင်လျက်ရှိသော အမေသည် မိညို သားလေးရလာတော့ သူ့သားလေးကိုပါ ခင်မင်ရသည်။

မိညိုသားသည် မျောက်ရှုံးအောင် ခုန်ပေါက်ဆော့သည်။ အိမ်လည်း မကပ်။ အမေဗီဇ ပါသည်ထင့်။ ဟိုအရင်တုန်းက ဒေါ်သိန်းတန်သည် မိညို ကို အိမ်ပြန်မိုးချုပ်လို့ ရပ်ကွက်တကာလှည့် လိုက်လံရှာခဲ့ရသည်။ အခု မိညို ဝဋ်လည်ပြီ။ မိညိုကိုယ်တိုင် ရပ်ကွက်တကာ၏ လမ်းထောင့်များတွင် သူမသားအား တကြော်ကြော် ဟစ်အော် ရှာဖွေသံကို ညနေတိုင်းတွင် ကြားရတတ်သည်။ သူမသားအား ရုတ်တရက် ခေါ်လို့မရတတ်သည့် အခါများတွင် သူမ၏ အော်ခေါ်သံတို့သည် ငိုသံများ ပါနေတတ်သည်။ မျက်ရည်တစ်ရွှဲရွှဲနှင့် စိတ်လွယ်သော မိညိုကို ရပ်ကွက်ထဲမှလူအားလုံးက စုပ်တသပ်သပ်နှင့် သနားဂရုဏာလည်း ဖြစ်ကြသည်။

ကျွန်တော်သည် မိခင်၏ မေတ္တာကို မိညိုနှင့် ပတ်သက်ပြီး နားလည် ခံစားခဲ့ရသည်။ ပါးပြင်တွင် မျက်ရည်စီးကြောင်းတို့ ယိုစီးကြလျက် သားပျောက်ကို ရှာဖွေနေလေ့ရှိသော မိညိုကို တွေ့တိုင်း ရင်နင့်အောင် ခံစားရသည်။ သူမ၏ ဝမ်းနည်းမှုသည် တပါးသူတို့ကို ကူးစူးတတ်လေ့ရှိသည်။ မိခင်တို့သည် သားသမီးတို့နှင့် ပတ်သက်ပြီး ပူပင်သောကများကြရသည်။ ငယ်ရွယ်သူ ကလေးတို့သည်ကား နားမလည် တတ်သေးချေ။ သူရို့အား စကားလုံးများဖြင့် မိဘမေတ္တာအား နားလည်အောင် ပြောပြခြင်းသည် အရာရောက်မည် မဟုတ်။ မိဘများ ကိုယ်တိုင် မေတ္တာပြ အမူအရာ၊ အတုယူစရာ စံနမူုနာများ လုပ်ဆောင်ပြသခြင်းဖြင့်သာ ကလေးများအား မိဘ၏ မေတ္တာ နားလည် သဘောပေါက်စေသည်။ မေတ္တာသည် နူညံသိမ်မွေ့သည့် သဘောကို ဆောင်သည့် အတွက် နူညံသိမ်မွေ့စွာ ပြုမူပြောဆို ဆက်ဆံသင့်ပေသည်။

ငယ်ရွယ်စဉ် အခါက နှလုံးသားကို နက်ရှိုင်းစွာ ထိတွေ့ခဲ့သော အဖြစ်အပျက် အကြောင်းအရာတို့သည် ကြီးလာသည်အထိ စွဲမြဲနေတတ်သည်။ မိညိုသည် နမ(နွားမ) ကလေး တစ်ကောင်သာ ဖြစ်သည်။ တိရိစ္ဆာန်တစ်ကောင်သာ ဖြစ်ပေသည့် သူမတွင်ခံစားချက် ရှိသည်။ လူတွေကဲ့သို့ မေတ္တာတရားလည်း ရှိသည်။ နှလုံးသားပူဆွေးသောကရောက်လျက် မျက်ရည်စီးကြောင်းတို့ဖြင့် သားပျောက်ရှာနေရသော မိညို၏ အော်သံ ခေါ်သံတို့သည် ယနေ့ထက်တိုင် ကျွန်တော့် အာရုံအထဲတွင် စွဲမြဲနှစ်ဝင်လျက် ရှိသည်။

မိညို ကဲ့သို့ပင် မျက်ရည်စီးကြောင်းတို့ဖြင့် ပြည့်နက်နေတတ်သော အခြား အခြားသော နွားများအား လည်း တွေ့ဖူးခဲ့ပါသည်။ ထိုစဉ်က သူရို့အား သားသတ်ရုံသို့ ခေါ်ဆောင်သွားကြသည်ကို တွေ့ရှိခဲ့ဖူးသည်။ အသားစားကျုးသော လူတို့အတွက် သူရို့၏ အသွေး အသား အသက် နှင့် ခံစားမှုအားလုံးတို့ ကို ပေးဆပ်ကြရသည်။ သူရို့၏ အသွေးအသားနှင့်အရိုးတို့သည် ထမင်းစားပွဲရှေ့သို့ ရောက်သောအခါ နာကျင်စွာ ငိုကြွေးသံ၊ နာကျည်းစွာ ဟစ်အော်သံတို့သည် တိတ်ဆိတ်နေတော့သည်။ သို့တည်းမဟုတ် သူရို့၏ အော်သံများက လူသားတို့ နားဖြင့် မကြားနိုင်တော့သည် အထိ တိုးတိတ်သွားသည်လော မပြောတတ်ချေ။ အကယ်၍သာ ထိုအသံတို့အား လူသားတို့သာမန်နားဖြင့်ကြားနိုင်စွမ်းရှိပါက သူရို့၏ အသွေး၊ အသား၊ အရိုးတို့ဖြင့် ပွဲတော်တည်သော ထမင်းစားပွဲများပေါ်ထိ ဆူညံစွာဟစ်အော်နေပေလိမ့်မည်။

လူသားတို့၏ စိတ်ဝိဉာဉ် သည်ကာ ရုန်းကန်ရှင်သန် အသက်ဆက်ရေးအတွက် တပါးသူတို့၏ အသွေးအသားတို့ဖြင့် အသက်ဆက်ရှင်သန်ရသည် ဟူသော အတွေးအခေါ် အယူအဆတို့ဖြင့်လွှမ်းမိုးထားသည်။ လူတို့၏ အစားအစာရွေးချယ်မှုတို့သည် မိမိတို့၏ အာသီသ တပ်မက်သည့် အပေါ်အခြေခံလေ့ရှိကာ အသွေးအသားတို့ကို မှီဝဲစားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကလပ်စည်းတို့ကိုလည်း အလွယ်တကူ ပျက်ဆီးစေလေသည်။ နိုင်ရာ စား လောကကြီးတွင် တစ်ဦးကို တစ်ဦး ဆင့်ကဲဆင့်ကဲ စားသုံးကြခြင်းဖြင့် ခန္ဓာကိုယ်ကို တည်ဆောက်ကြလေသည်။

ဤကမ္ဘာကြီးတွင် မိညိုကဲ့သို့ မိဘမေတ္တာ အခြေခံလျက် သားသမီးတို့အတွက် ငိုကြွေးကြရသော မိခင်များ၊ လူတို့၏ ရက်စက်တတ်သော စိတ်နှလုံးဖြင့် တစ်ပါးသူတို့အား အလွယ်တကူ သတ်ဖြတ်ခြင်းများ ပပြောက်သွားပါစေလို့ ဆုတောင်းပေးပါသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

မိညို (၂)


ဦးလှမောင်တို့ကလည်း ဒိုဘီလုပ်ငန်းနဲ့ပဲ မိသားစု တစ်ခုလုံးကို ကျားကန်ထားရတာဆိုတော့ သာမန် ရရာစားစား ဘဝပဲ။ ဦးလှမောင်တို့တင် မဟုတ်ပါဘူး။ ပုဏ္ဏာကုန်းက မိသားစုတွေ အားလုံးက တစ်နေ့လုပ် တစ်နေ့စား ရရာစားစား ဘဝတွေချည်းပဲ။ သူရို့ ဘဝတွေနဲ့ စာရင် သေတ္တာဝင်းထဲက လူတွေကပိုပြီး အဆင်ပြေ ချောမွေ့တယ်လို့ ပြောရမှာပဲ။ အမေ့ အသိ သေတ္တာဝင်းထဲက ဒေါ်စိန်မြင့်ဆိုရင် ရွှေဆွဲကြိုးတောင် ဝယ်နိုင်တယ်။ သူရို့ အိမ်ရှေ့မှာလည်း ထင်းရှုးသေတ္တာတွေ ပုံလို့၊ သစ်သားပြားတွေကလည်း အိမ်နံရံတွေမှာ မှီပြီး ထောင်ထားတာ သစ်သားနံ့က မွန်နေတတ်တယ်။ ကျွန်တော် တို့အတွက် အဲဒီ သစ်သားအနံ့တွေက မွှန်တယ်၊ အနံ့ပြင်းတယ်လို့ ပြောရပေမယ့်၊ ဒေါ်စိန်မြင့်တို့ မိသားစုအတွက် အဲဒီ သစ်သားနံ့တွေ များများမွှန်လေ၊ စီးပွားရေ ကောင်းလေပဲ။

မိညိုကို ကြည့်မရတဲ့သူကတော့ အဲဒီ ဒေါ်စိန်မြင့်ပါပဲ။ တစ်ခါတရံဆိုသလို မိညိုက ဒေါ်စိန်မြင့်တို့ အိမ်က လှမ်းထားတဲ့ သစ်သားပြားတွေကို တွန်းလှဲပစ်တတ်တယ်။ အဲဒါကြောင့် မိညိုဆို ဒေါ်စိန်မြင့် က သိပ်ပြီး မျက်နှာသာ မပေးဘူး။ သိပ် မကြည်ဘူးပေါ့။ မိညို အိမ်လာလည်ပြီဆိုရင် လက်မခံဘူး။ ပြန်မောင်းထုတ်ပစ်တယ်။ ဒေါ်စိန်မြင့် အတွက် စည်းပွားရေး အရ အနှောက်အယှက် ဖြစ်တာကိုး။ မိညိုကတော့ အမှတ်သည်းချေ မရှိတာလား။ သေသေချာချာ အရွဲ့တိုက်ပြီး လုပ်တာလား မသိဘူး။ ဒေါ်စိန်မြင့်ရဲ့ သစ်သားပြားတွေ ကြုံရင် ကြုံသလို တွန်းလှဲပစ်လိုက်တာပဲ။ သဘောကတော့ ငါ့ကို မောင်းထုတ်တာ မှတ်ကရောဆိုတဲ့ လက်တုန့်ပြန်တဲ့ သဘောပေါ့။

ဦးလှမောင် တို့က ဆင်းရဲကြတယ် ဆိုပေမယ့် ဆွေမျိုး အင်အားက ကြီးတယ်။အဲဒီ ဆွေမျိုးတွေက လောက်လောက်လားလား အားကိုးရမလားဆိုတော့လည်း တစ်ယောက်မှ အားမကိုးရဘူး။ သူ့ဆွေမျိုးတွေက ဦးလှမောင်ဆီပဲ ခိုကပ်စားသောက်နေကြတာ။ ရွာက ဦးလှမောင်ရဲ့အဒေါ်ဆိုတာ လာလည်ပြီး ဆယ်လကိုးသီတင်း ဘာအလုပ်မှ မလုပ်ပဲ ဦးလှမောင်တို့နဲ့ကပ်ရပ်ပြီး စားသောက်နေတတ်တယ်။ အဲဒီအဒေါ်ပြန်သွားလို့ ဘာမှ မကြာခင်မှာပဲ ဒေါ်သိန်းတန်ရဲ့ ဘိန်းစွဲနေတဲ့ တူတစ်ယောက် အလုပ်မရှိလို့ အိမ်က နှင်ချခံထားရတာ ဦးလှမောင်တို့ဆီပဲ ရောက်လာတယ်။ ရွာက ဦးလှမောင်ရဲ့ တူဝမ်းကွဲတစ်ယောက် မိန်းမခိုးပြေးရင် ဦးလှမောင်ဆီပဲ။ ဒေါ်သိန်းတန်ရဲ့ အစ်ကို အကြီးဆုံး ဦးဇော်ထွန်းက ထောင်ကထွက်လာတော့ ဦးလှမောင်တို့ အိမ်မှာပဲ နေတယ်။ ဒေါ်သိန်းတန် ရဲ့ မောင် အငယ်ဆုံး အရက်သမားက ပြဿနာဖြစ်ပြီး ရပ်ကွက် အချုပ်ခန်းရောက်တော့ ဦးလှမောင်ပဲ အာမခံနဲ့ အချုပ်ထဲက ထုပ်ပေးရတယ်။ ဟိုဖက် ဆွေမျိုး၊ ဒီဖက်ဆွေမျိုးတွေရဲ့ ပြဿနာတွေကို ဒိုင်ခံဖြေရှင်းပေးနေရတဲ့ ဦးလှမောင်တို့ ဒိုဘီလင်မယား ကြာတော့ ထိုဒဏ်တွေနှင့် ဆင်းရဲတွင်း နက်သထက် နက်လှသည်။

ဦးဇော်ထွန်းသည် ရပ်ကွက်၏ လူ့ချဉ်ဖတ်တစ်ယောက်လည်း ဖြစ်သည်။ ဒေါ်သိန်းတန် တစ်ယောက် ထိုအစ်ကိုဖြစ်သူနှင့် မောင်ဖြစ်သူတို့ နှစ်ယောက်၏ မိုက်တွင်းနက်မှုဒဏ်ကို ခါးစည်းခံရသည်။ အေးအေးဆေးဆေး နေတတ်သော ဦးလှမောင်သည် သားနှစ်ယောက်ဖြစ်သော လှိုင်ဘွားနှင့် ဒူမှတ်ကြီးတို့၏ ပညာရေး ထူးချွန်ဖို့အတွက်သာ အာရုံစိုက်သည်။ မိန်းမဘက်မှ ထိုလူမိုက်ညီအစ်ကို နှစ်ယောက်နှင့် ပြဿနာ ကင်းရှင်းအောင် နေသည်ထင်ပါရဲ့။ လင်မယားနှစ်ယောက် စလုံး မိုးလင်းမှ မိုးချုပ်အထိ လေဘေးထည်များ လျှော်တန်သည်ကို လျှော်၊ မီးပူတန်သည်တို့ကို မီးပူတိုက် အစရှိသဖြင့် တရစက် အလုပ်လုပ်ရသည်။ ကံကောင်းလျှင် နိုင်ငံခြား ပိုက်ဆံများ အဝတ်အစား အိပ်ထောင်(အိပ်ကပ်) များထဲပါလာပါက သူရို့ ရတတ်သည်။ ဂျပန်ပိုက်ဆံ ယန်းငွေများ၊ အမေရိကန် ဒေါ်လာများ ရံဖန်ရံခါ လေဘေးထည်များထဲတွင် ပါလာတတ်သည်။

ဒိုဘီလုပ်ငန်းဆိုတာ လေဘေးဈေးသည်တွေကို မှီခိုပြီး လုပ်ကိုင်စားသောက်ရတာကိုး။ ရပ်ကွက်ထဲက လူတွေက တကူးတက ပိုက်ဆံအကုန်ခံပြီး ဒီုဘီသည်တွေကို အဝတ် ဘယ်လျှော်ခိုင်းမလဲ။ ကိုယ်တိုင် လျှော်ကြမှာပေါ့။ လေဘေးဈေးသည်တွေကသာ စီးပွားရေး အရ အထည်တစ်ရာ နှစ်ရာအစရှိသဖြင့် လျှော်ခိုင်းကြတာ။ ဒီတော့ လေလေးသည်တွေ စီးပွားရေး အတက်အကျပေါ် မူတည်ပြီး ဒိုဘီသည်တွေ အလုပ်အကိုင် ရမှု၊ မရမှု ဖြစ်ရတာ။ လေးဘေးသည်များ အရောင်း အဝယ်ကောင်းပါက ဒိုဘီသည်များထံ အဝတ်အထည်များ စဉ်ဆက်မပြတ် အပ်နှံကာ အလုပ်ပေးနိုင်သည်။ တဖန် လေဘေးအဝတ်အထည်များ ရောင်းဝယ်ဖောက်ကား မှု များလာခြင်းသည် လူအများ အဝတ်အထည်အသစ်များကို ဝယ်နိုင်မှုအင်းအား နည်းပါးလာခြင်းဖြစ်သည်။ တနည်းအားဖြင့် ဆင်းရဲသား လူတန်းစား များပြားလာခြင်း ဖြစ်သည်။ ကျွန်တော့် အမေ၏ လေဘေးလုပ်ငန်းသည် အောက်ခြေ အခြေခံလူတန်းစာ ဆင်းရဲသားများနှင့် အများဆုံး ထိတွေ ဆက်ဆံရသော လုပ်ငန်းလည်း ဖြစ်သည်။ ထို့ပြင် လေဘေးလုပ်ငန်းသည်လည်း ဆင်းရဲသား လုပ်ငန်းပင် ဖြစ်သည်။ စတိုးဆိုင်ကြီးများ၊ တရုတ်ဖြစ် အဝတ်အထည် ဈေးကွက်နှင့် စာလျင် တစ်နိုင်တစ်ပိုင် လုပ်ငန်းလေးမျှသာ ဖြစ်သည်။ ဆင်းရဲသား လူတန်းစား အတွက် လေဘေးထည်များသည် ဈေးနှုန်းသက်သာသော အဝတ်အထည်များ ဖြစ်သလို၊ လေဘေးသည်များ နှင့် ဒိုဘီသည်များသည်လည်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အကျိုးပြုကြရသည့် လုပ်ငန်းသဘော သဘာဝ ဖြစ်ကြသည်။

ဒီတော့ ဦးလှမောင်တို့ လင်မယားသည် ကျွန်တော်တို့ အိမ်သို့ မကြာခဏ ဆိုသလို ရောက်လေ့ ရှိသည်။ အမေအပ်သည့် အထည်များ လျှော်ဖို့လာယူသည့် အခါ လာယူသလို၊ လျှော်ဖွတ်ပြီး မီးကြွေ(မီးပူ)တိုက်ပြီးသား အထည်များကို အစီအရီခေါက်ကာ ပလပ်စတစ်ကြိုးဖြင့် စည်းလျက် လာပြန်အပ်သည့် အခါလည်း လာပြန်အပ်သည်။ ကျွန်တော်တို့အိမ်မှ ဦးလှမောင် ပြန်သည့်အခါ ရံဖန်ရံခါဆိုလျှင် အမေသည် မိညိုစားဖို့ ပြောင်းဖူးများ ထည့်ပေးတတ်လေ့ ရှိသည်။ မိညို အပေါ် ခင်မင်ရင်းစွဲရှိနေပြီဖြစ်သော အမေသည် မိညိုအတွက် အမြဲ စိတ်ပူတတ်လေ့ရှိသည်။ မိညို နေမကောင်းဘူးဟု ဆိုလျှင် မိညိုအား ဆရာဝန်ပြရန် ဆေးဖိုးများ ဦလှမောင်အား ပေးလေ့ရှိသည်။

မိညိုသည် ခံစားလွယ်၊ ငိုလွယ် ရယ်လွယ် အမျိုးအစားမျိုးဖြစ်သည်။ သူမနေမကောင်းလျှင် မျက်နှာကလေး ညိုးညိုးငယ်ငယ်နှင့် မျက်ရည်များ ကျကာ ငိုနေတတ်သည်။ အမြဲတမ်းလိုလို တစ်ယောက်ယောက်က သူမအား ချော့ချော့မော့မော့ ကြင်ကြင်နာနာ အဖေါ်လုပ်ကာ အားပေးနေမှ စိတ်ကျေနပ် ပျော်ရွှင်လေ့ရှိသည်။ ထိုအချိန်မျိုးတွင် သူမအနားတွင် ရှိနေတတ်သည်က ဦးလှမောင် သို့မဟုတ် ဒေါ်သိန်းတန် သာ ဖြစ်သည်။ “ဟဲ့ ငါ့ သမီး လေး..မငိုပါနဲ့” ဆိုပြီး မိညိုကို ဂရုတစိုက်နဲ့ အားပေးနေတဲ့ ဒိုဘီသည်လင်မယားအား သူရို့အိမ်သွားသည့် အခါနှင့် ကြုံလျှင် တွေ့ရတတ်သည်။ ဦးလှမောင်တို့ လင်မယားက မိညိုအပေါ် ကြင်နာစွာ ဆက်ဆံတတ်သလောက် ဒေါ်သိန်းတန်၏ ထောင်ထွက် အစ်ကိုကြီး ဦးဇော်ထွန်းက စိတ်မထင်လျှင် မထင်သလို့ မိညိုများ ရိုက်တတ်သေးသည်။ မိညိုလေးသည် ဦးဇော်ထွန်းအား ကြောက်ရရှာသည်။ ကျွန်တော်တို့သည် သဘောကောင်း စိတ်ထားနူညံ့သော မိညိုကို ခင်မင်ရင်းနှီးကြသလောက် ရက်စက်ကြမ်းတမ်းသော ဦးဇော်ထွန်းကိုတော့ ရွံရှာမုန်းတီးကြသည်။

ဦးလှမောင်တို့ လင်မယားနှစ်ယောက်၏ ဒိုဘီလုပ်ငန်းမှ ဝင်ငွေတစ်ခုတည်းဖြင့် ရပ်တည်နေကြရသော မိသားစုသည် ကြပ်တည်းလွန်းလှသည်။ ဦးလှမောင်တို့ လင်မယား၊ ဦးဇော်ထွန်း၊ မိညို၊ လှိုင်ဘွား၊ ဒူမှတ်ကြီး၊ ထို ပါးစပ်ပေါက် ခြောက်ပေါက်ရှိသော မိသားစုသည် တဖြည်ဖြည်းနှင့် ကြပ်တည်းလွန်းမက ကြပ်တည်းလာသည်။ ဦးဇော်ထွန်းသည် အလုပ်အကိုင်ဟူ၍ ဘာမှ မယ်မယ်ရရ မလုပ်။ သူသည် လူ့ပေါက်ပင်မျှ။ လှိုင်ဘွားနှင့် ဒူမှတ်ကြီးတို့က အတန်းပညာများ အောင်မြင်ဖို့ ကြိုးစားနေကြသည်။ ထိုဆင်ရဲသား မိသားစုထဲမှာပင် မိညိုသည် တဖြည်းဖြည်းနှင့် မိခင်လောင်းတို့ အရွယ်ပင် ရောက်လာခဲ့သည်။

မိညို (၁)


ကျွန်တော်တို့က သူမကို မိညိုလို့ပဲခေါ်ကြသည်။ကျွန်တော်တို့ဆိုတာ ရပ်ကွက်ထဲက ကလေး၊လူကြီးတွေ အားလုံးကို ပြောတာပါ။ သူကိုတွေ့စက မျက်လုံး ညိုပြာညက်နဲ့ ပျိုရွယ်စ အရွယ်ကလေး ဖြစ်သည်။ မိညိုတို့ ရပ်ကွက်က ပုဏ္ဏာကုန်း။ ကျွန်တော်တို့ ရပ်ကွက်က ပေါက်ပေါက်တန်း။ မိညိုတို့ ရပ်ကွက်ကို သွားလျင် ကြားက သေတ္တာဝင်း ကို ဖြတ်သွားရသည်။ ပုဏ္ဏာကုန်း က ရပ်ကွက်လို့သာ ဆိုရတယ် တရားဝင် နာမည် မဟုတ်။ မျက်နာစာ လမ်းမကြီးနှင့် ကပ်လျက်ရှိသည့် လူနေအိမ်များ၏ အနောက်တွင် လမ်းကြိုလမ်းကြားလေးများဖြင့် ဖွဲ့စည်းထားသော တဲအိမ်လေးများရှိသည့် အုပ်စုကို ပုဏ္ဏာကုန်းလို့ အများက ခေါ်ကြသည်။ ပုဏ္ဏာကုန်းမှ လမ်းကြိုလမ်းကြားများသည် လူတစ်ယောက်စာ လမ်းလျှောက်လို့ရရုံသာ ရှိသည်။ လမ်းတဖက်ထိပ်မှ စက်ဘီးတစ်စီးလာလျှင် အခြားလမ်းတဖက်ထိပ်မှ လူက စောင့်ပေးရသည်။ လမ်းကျဉ်းတယ် ဆိုတာ အဲဒီလောက် အထိကျဉ်းတာ။ပုဏ္ဏာကုန်းလို့ ဆိုသည့် အတိုင်း ပုဏ္ဏား အများစု နေကြသည်။

သေတ္တာဝင်း ဆိုတာလည်း တရားဝင် ရပ်ကွက် နာမည် မဟုတ်။ သစ်သား သေတ္တာများ လုပ်ရောင်းသော စီးပွားရေးလုပ်ငန်းများ စုစုဝေးဝေးရှိကြသည့် အတွက် ထိုမိသားစုများ နေကြသည့် အပိုင်းကို သေတ္တာဝင်းလို့ သမုတ်လိုက်ကြသည်။ သေတ္တာဝင်းကို ဖြတ်သွားလျင် သစ်သားပြား အစိုများကို လမ်းနဘေးတွင် ဟိုဟိုဒီဒီ နေလှမ်းထားကြသည့် အတွက် ထင်းရှုးသား အနံ့၊ ကညင်သား အနံ့ စသည့် သစ်သားနံ့များကို ရှုရှိုက်ရသည်။ ရိုက်ထားပြီးသား သေတ္တာများကို ဆင့်ထားကြသည်မှာလည်း တောင်ပုံရာပုံ။ မိုးတွင်းဆိုလျင် သစ်သားစိုတို့၏ အနံ့များသည် ပိုမို စူးရှနေတတ်ကြသည်။ ပျဉ်ပြားများကို ဖြတ်တောက်ရာမှထွက်လာသော ပျဉ်စ အမှုန့်များကလည်း လမ်းဘေး တဖက် တချက်တွင် စုပုံ ပြန့်ကျဲနေတတ်သေးသည်။ ထိုပျဉ်မှုန့်များသည် နွေရာသီတွင် ခြောက်ခြောက်သွေ့သွေ့ လေအပွေ့တွင် ဖုန်ထတတ်လျက်၊ မိုးရာသီတွင် စိုစိုစိစိရွှံ့ဗွက်များ အပေါ်မှ ဖို့ရာတွင် အသုံးပြုကြသည်။ ဆောင်ရာသီတွင်ကား နေရောင်လည်း နည်း၊ အပူချိန်လည်း နည်းသောကြောင့် အစိုဓာတ်များ အလွယ်တကူ မခြောက်တတ်ချေ။ တနည်းအားဖြင့် သေတ္တာဝင်းသည် တစ်ဆယ်နှစ်ရာသီပတ်လုံး သစ်သားဓာတ်များ ခြုံလွှမ်းထားသည့် ရပ်ကွက်လည်းဖြစ်သည်။

မိညိုကို ကျွန်တော် စတွေ့တုန်းက သေတ္တာဝင်းထဲမှာပင် ဖြစ်သည်။ အဲဒီတုန်းက ကျွန်တော်တို့ ကလေးတစ်သိုက်က လေတံခွန်(စွန်) လိုက်ကြသည်တွင် နယ်ကျွံ၍
သေတ္တာဝင်းထဲသို့ ရောက်သွားကြသည်။ ထိုအချိန် မိညိုကို တွေ့ရသည်မှာ သူမသည် ဒိုဘီသည်ကုလားဦးလှမောင် ခေါ်ဆောင်ရာနောက်မှ ဂျစ်တီးဂျစ်ကန် ပုံစံဖြင့် ခပ်စွာစွာ လမ်းလျှောက်လျက်ရှိသည်။ ပျိုမျှစ်စ အရွယ်လေးဆိုတော့ ငယ်ရွယ်သူတို့ ထုံးစံအတိုင်း မာန်လေးတွေက ရှိတတ်ကြသည်။ ခွန်အားတွေ မာန်တွေနှင့် အရာရာကို တွန်းလှန် ပုံကန်မည့် ဟန်တွေ အပြည့်။ ကျွန်တော်တို့ ကလေးတွေကို ပေးစောင်းစောင်းနှင့် တချက် ချက်လှမ်းကြည့်လိုက်တတ်သေးသည်။ အဲတုန်းက သူမကို မိညိုလို့ မခေါ်တတ်ကြသေး။ နောက်မှ သူမကို မိညိုလို့ ခေါ်မှန်း တစ်ယောက်စကား တစ်ယောက်နားဖြင့် သိလာရသည်။ သူ့မ အသားရောင် ညိုညိုညက်ညက်လေးကြောင့် ထင်ပါရဲ့။ ထိုစဉ်က အပျိုဖြန်းကလေး မိညိုရဲ့ အဆက်အပေါက်ကလည်း ပြေပြစ်သန့်စင်လှသည်။

ဦးလှမောင်အား ရပ်ကွက်ထဲတွင် ဒိုဘီကုကား ဦးလှမောင် အဖြစ် သိထားကြသည်။ သူရို့ လင်မယား နှစ်ယောက်လုံးက ကျွန်တော့် အမေ၏ လေးဘေးအဝတ်အထည်များကို ပင်တိုင်လျှော်ကြသည်၊ ရှေးတုန်းက အဆိုအရဆိုရင်တော့ သူရို့ကခဝါသည်တွေပေါ့။
လေဘေး ဈေးလောကတွင် လေဘေးအထည်သည်များ ကိုယ်စီ၌ ပင်တိုင် လက်စွဲ ဒိုဘီသည်များရှိကြသည်။မိမိတို့ အပ်သည့် အထည်များအား အခြားအထည်သည်များ၏ အဝတ်အထည်များနှင့် မရောနှောမိစေရန် ကိုယ်ပိုင် လက်စွဲဒိုဘီကုကားများသာ ထားရှိတတ်ကြသည်။ ဦးလှမောင်တို့ လင်မယားက အမေ၏ ပင်တိုင် ဒိုဘီသမား။

ကလေးအရွယ် သားနှစ်ယောက်နှင့် ဦးလှမောင်တို့ မိသားစုအတွက် မိညိုသည် မိသားစုဝင် အသစ်လည်း ဖြစ်လာသည်။ ဦးလှမောင်သား အငယ်ကောင် ဒူးမှတ်ကြီးအား ပုရစ်နှိုက်ထွက်ဖို့ သွားခေါ်တိုင်း မိညိုအား တွေ့ရတတ်သည်။ တစ်နှစ်သာ ကြီးသော ဒူးမှတ်ကြီးအစ်ကို လှိုင်ဘွားကလည်း ကျွန်တော်တို့နှင့်အတူ ကစားလေ့ရှိသည်။ နောက်အတော်အတန်ကြာမှ မိညိုသည် ကျွန်တော်တို့ ကလေးတစ်သိုက်အပေါ် ခင်ခင်မင်မင် ရှိလာသည်။ သူမ၏ မျက်လုံး ရွဲရွဲလေး နှစ်လုံးက ကျွန်တော်တို့ အပေါ် ချစ်ကြောင်း ခင်ကြောင်းပြတတ်၊ ကြည့်တတ်သည်။ ထိုနောက် မိညိုက ကျွန်တော်တို့ ကလေးတစ်သိုက်အနား ကပ်ကာ ရစ်သီရစ်သီ လုပ်နေတတ်သည်။ ခမြာမှာ တစ်ယောက်ထဲ ပျင်းရှာရော့ပေါ့။ ကလေးများဖြစ်ကြသော ကျွန်တော်တို့ အမြင်တွင် မိညိုသည် ကြင်နာတတ်သည့် အသည်းနှလုံး ပိုင်ရှင်မှန်း သိသာလှသည်။

ဦးလှမောင်တို့ အိမ်သို့ အမေက အထည်တွေ သွားအပ်တိုင်း ကျွန်တော်က လိုက်သွားတတ်သည်။ သူရို့ အိမ် ၌ ကစားနေကြဖြစ်သော ကျွန်တော်က မိညိုကို အမေထက် အရင် သိကျွမ်းရသည်။ ပထမဦးဆုံး အကြိမ် မိညိုကို အမေတွေ့တော့ တအံတသြနှင့်။ အဆစ်အပေါက် ကြည့်ကောင်းလွန်းလို့တဲ့။ မိညိုက အမေ့ကို ခင်ခင်မင်မင်နဲ့ နေတော့ သဘောကျလို့ မဆုံး။ “အမလေးဟဲ့..ကိုလှမောင်တို့ မိညိုကတော့ ငါ့ကို ခင်ရှာတယ် တော့” လို့ အမေကိုယ်တိုင် ကျေကျေနပ်နဲ့ ပြောရတယ်။ နောက်တော့ အမေလည်း မိညိုကို ချစ်သွားတယ်။ ကျွန်တော်က “မိညို” လို့ ခေါ်တော့ အမေက “ဟဲ့ နင့် က ဘယ်လိုလုပ် သူနဲ့ သိနေရပြန်တာတုန်း” လို့ မေးပြီး အားလုံးက ဝိုင်းရယ်ကြတယ်။ အဲဒီလို ရယ်မောသံတွေ လွင့်ပြန့်နေတတ်တဲ့ ဧည့်သည်တွေ တရုံးရုံးရှိတဲ့ အချိန်တွေဆိုရင် မိညိုတို့ သိပ်ပျော်ပေါ့။ မိညိုျမှာ အပေါင်းအဖေါ်တွေအပေါ် ခုံမင်တဲ့ ဗီဇကပါလာတယ်။

အဲဒီ အပေါင်းအဖေါ် မက်တဲ့ ဗီဇကြောင့်ပဲ ထင်ပါရဲ့ မိညိုလည်း ဦးလှမောင်တို့အိမ်ရောက်ပြီး သုံးလလောက်ကြာတော့ လည်လည်ဝယ်ဝယ်ရှိလာတယ်။ ပုဏ္ဏာကုန်းတစ်ခုလုံးကလည်း မိညိုကို သိသည်။ သိမှာပေါ့ ပုဏ္ဏာကုန်းက အိမ်ဆိုတာက ခြံစည်းရိုးကာတယ် ဆိုရုံလေး ကာထားတာ။ တစ်အိမ်နဲ့ တစ်အိမ်က မိသားစုဝင်တွေလို့ အလွယ်တကူ ဝင်ထွက် သွားလာကြတယ်။ နောက် ဦးလှမောင်တို့ အိမ်ကလည်း လမ်းထောင့်ဆိုတော့ လမ်းမကြီးဘက် ထွက်ချင်ရင် သူရို့အိမ်ထောင့်က ဖြတ်သွားရတာ။ ဖြတ်သွားတဲ့ လူတိုင်း ဟိုလူကလည်း “ဟေ့ မိညို”၊ ဒီလူကလည်း “ဟေ့ မိညို” နဲ့ နူတ်ဆက် သွားတတ်ကြတယ်။ နောက်တော့ ဟိုဘက်ရပ်ကွက်၊ ဒီဘက်ရပ်ကွက်က လူတော်တော်များများနဲ့လည်း မိညို သိလာတယ်။

မိညို ပိုပြီး လည်လည်ဝယ်ဝယ် ရှိလာတဲ့ အခါ ဘယ်တော့မှ အိမ်မကပ်တော့ဘူး။ နီးစပ်ရာ ရပ်ကွက်တွေထဲ ဟိုရှောက်သွား၊ ဒီလျှောက်သွား လုပ်နေတတ်သည်။ ဦးလှမောင်တို့ လင်မယားကလည်း ဒီရက်ကွက် ပတ်ဝန်းကျင်ကို ယုံကြည်စိတ်ချတဲ့ အတွက် သိပ်ပြီး မိညိုကို တင်းတင်းကျပ်ကျပ် လုပ်မထားဘူး။ ညနေပိုင်း အချိန်တန်လို့ အိမ်ပြန်မလာတော့မှသာ ဦးလှမောင် မိန်းမ ဒေါ်သိန်းတန် ကိုယ်တိုင် မိညိုကို လိုက်ခေါ်ရတာ။ မိညိုကို မနက်ပိုင်း ဘယ်အိမ်ရှေ့မှာတွေ့လိုက်တယ်။ နေ့ခင်ပိုင်းမှာ ဟိုဘက်ရပ်ကွက်က မကျီးပင်အောက်မှာ ကလေးတွေနဲ့ မိညိုကို တွေ့လိုက်ရတယ်။ အစရှိသဖြင့် အဲဒီလို ဟိုအိမ်ကအပြော၊ ဒီအိမ်ကအပြော နဲ့ လိုက်ရှာရသည်။ မိညိုက ရပ်ကွက်ထဲ လျှောက်သွားနေလေ့ရှိတော့ အိမ်တိုင်းက မိညိုကို သိကျွမ်းနေကြတယ်လေ။

မိညိုကို ဦးလှမောင်တို့ ဘယ်က ဘယ်လို ခေါ်လာတယ် ဆိုတာ ဘယ်သူမှ တိတိကျကျ မသိကြဘူး။ ကျောက်ဆည် ကုန်းရွာမှာရှိတဲ့ ဦးလှမောင်တို့ ဆွေမျိုး နီးစပ်တွေ အမွေခွဲကြတဲ့ ပြဿနာဖြစ်လို့ ခေါ်လာတာလို့ ရိုးတိုးရိတ်တိပ် ပြောသံတွေ လောက်ပဲ ကြားဘူးတယ်။ ရွာက ခေါ်လာခါကစ အရိုင်းဆန်ဆန် မိညိုလေးက မကြာခင်မှာပဲ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ လျှောက်သွားနေတတ်တဲ့ မိညို အယဉ်လေး ဖြစ်သွားတယ်။ ဒီရပ်ကွက်တွေနဲ့ ဒီပတ်ဝန်ကျင်က လူတွေ အကြားမှပဲ ကျင်လည်ပြီး မိညို အရွယ်ရောက်ခဲ့တယ်လို့ ပြောရမှာပဲ။