သင်တို့ရဲ့ သမိုင်း


သင်မွေးဖွားရာ
မြန်တိုင်းဌာနီ ပြည်ထောင်စုဝယ်
စပါးပင်လယ် လှိုင်လှိုင်ထွန်းလို့
အင်းအိုင်မြစ်ချောင်း သွင်သွင်စီး၏။
ပုထိုးစေတီ ခေါင်းလောင်းသံလည်း
ဆီးညင်းသွဲ့သို့ လွင့်ပြန့်လျှံထက်
ငြိမ့်ညောင်းသာယာ ရှိတတ်ရာ၏။

လူဖြစ်လာရာ ဤဘဝဝယ်

သင်စီးပွားရာ မျိုးဆွေတသင်း
မြန်ပြည်သားလို့ ဂုဏ်ရည်မြင့်စေ
ရဲမာန်စိတ်ဖြင့် ကြွားကြွားလွင့်ကာ
ယဉ်ကျေးတတ်စေ ချစ်တတ်စေသား။

သင်ပျိုးထောင်ရာ စာသင်ခန်းဝယ်
တပည့်အပေါင်း စုရုံးညီစေ
ပညာရင့်ကာ ပွဲလယ်တင့်လို့
သင့်ထက်သာလွန် ကြီးပွားစေသား။

သင်ဦးရွက်ရာ မြန်ဌာနီလည်း
ပြည်သူအပေါင်း ချမ်းသာအေးစေ
မဆုတ်မနစ် ကိုယ်ကျိုးစွန့်လို့
စီမံတတ်စေ ညီမျှစေသား။

သို့ပါသော်လည်း
မရိုးမကုတ် မကြိုးထုတ်ပဲ
ဒုစရိုက်နဲ့ လူ့ငနွားမိုက်
မှီတွယ်ကပ်ပါး ပျင်းရိငြားက
သင့်ပြည်ထောင်စု ဤဌာနီလည်း
စပါးပင်လယ် ကန္ဓာဖြစ်လို့
အင်းအိုင်မြစ်ချောင်း သောင်ထွန်းရာ၏
ပုထိုးစေတီ ထုံးဖြူခြောက်ခမ်း
သင့်မွေးဖွားရာ ပြည်ဆိပ်ကမ်းလည်း
နွမ်းပါးအတိ ရှိတတ်ပြန်၏။

အသိခေါက်ခက် အဝင်နက်လို့
အမှားလမ်းလိုက် အမိုက်နွံသို့
နစ်ဝင်စီးမျော ပြင်ရန်ခက်သော်
ဆိုးယုတ််ကမ္မည်း နက်နက်ထိုးထွင်း
သမိုင်းပေလွှာ ကျန်ရစ်မည်တည်း။

အနန္တမေတ္တာဖြင့်
ဘကောင်း

ပန်းဥယျာဉ်ထဲမှ ပန်းတစ်ပွင့် (၂)


မသက်သည် ဆင်းရဲသည်။ ငွေကြေးအကျပ်အတည်း အခက်အခဲတို့ဖြင့် နေ့စဉ် ရင်ဆိုင် ကြုံတွေ့နေရသည်။ မိသားစုသည် ဆင်းရဲလွန်းလှသည်။ သို့သော် ထိုကဲ့သို့သော သောက၊ ဒုက္ခတို့မှ ထွက်ပြေးလွတ်မြောက်စေရန် အလိုငှာ အလွယ်လမ်းကို မလိုက်လို။ ဘဝက စိန်ခေါ်လာသော တိုက်ပွဲကို တုန့်ပြန်တိုက်ခိုက်ချင်သည်။ ဘဝကို ရင်ဆိုင်နိုင်ရန် ခွန်အား မရှိတော့ပါဘူး ဖြစ်လိုရာ ဖြစ်ပါစေတော့ဟူသော အကြောင်းပြချက်မျိုးဖြစ် ဒူးထောက် အရှုံးမပေးလို။ သူမတွင် ငယ်ရွယ်သူတို့၏ ခွန်အားရှိသည်။ မာန်ရှိသည်။ မျှော်လင့်ချက် ရှိသည်။ ထို့အပြင် ယုံကြည်ချက်လည်း ရှိသည်။

သူမ၏ မာန်ကို သွေးတိုးစမ်းလာသော ဘဝ၏ ရိုက်ခတ်မှုကို မာန်ဖြင့် ပြန်လည် တုန့်ပြန်သည်။ သူမ၏ ယုံကြည်ချက် ယိမ်းယိုင်အောင် ကိုင်နှဲ့လာသူတို့ကို ယုံကြည်ချက် စွဲစွဲထားလျက် ကာကွယ်သည်။ သူမ၏ ဘဝရှေ့ မျှော်လင့်ချက် ရည်မှန်းချက်တို့ အတွက် အောင်မြင်အောင် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ယှဉ်ပြိုင် တိုက်ခိုက်ရလိမ့်မည်။

ဤသို့ဖြင့် ထို့ ပွဲစား မိန်းမလည်၏ ပါးစပ်ကို မသက် ပိတ်ခဲ့ရသည်။ သို့ရာတွင် ပွဲစားတို့၏ သဘောသဘာဝသည် ပါးစပ်ဟမှ ပိုက်ဆံရ၊ တစ်ဝမ်းတစ်ခါ ဖူလုံရသည့် သူရို့၏ အသက်မွေးဝမ်းကြောင်း အရ မသက်၏ ရုပ်ဆင်းရူပကာကို စျေးကွက်တင် လှည့်လည် ရောင်းချလေသည်။ မိန်းကလေးများ ရောင်းကုန်သဖွယ် အောင်သွယ်လုပ်သည့် စျေးကွက်၊ နိုင်ငံခြားသို့ မိန်းကလေးများ ပို့ကာ လူကုန်ကူသည့် စျေးကွက်၊ နိုင်ငံခြားတွင် အစေခံများအဖြစ် အလုပ်လုပ်ရန် အလို့ငှာ မြန်မာမိန်းကလေး အလုပ်သမများငှားရမ်းသည့် စျေးကွက်၊ ကာရာအိုကေ၊ စားသောက်ဆိုင် အစရှိသည်တို့တွင် မသက်၏ အမည်က တစ်ဆင့်စကား တစ်ဆင့် ရောင်းကုန်ပစ္စည်းသဖွယ် နာမည်ပေါက်နေလေသည်။ ကာယကံရှင် မသက်ကိုယ်တိုင် ဘာမှ မသိပေမယ့် အောင်သွယ် ပွဲစားတို့၏ ပါးစပ်ဖျားတွင် မသက် အမည်ကို ရင်းနှီးနေကြလေသည်။

ဆေးစွဲနေသည့် အစ်ကိုကြီးဖြစ်သူ၏ မလိမ္မာမှု၊ နာတာရှည် ရောပါသည် အစ်မဖြစ်သူအတွက် စိတ်ပင်ပန်းရမှု၊ စိတ်ထောင်းလို့ ကိုယ်ကြေ ခြုံးခြုံးကျကာ ခြစားခံရသလို့ တစ်ဖြည်းဖြည်းဖြင့် ယိုယွင်း ပိန်လှီလာသော အမေအတွက် စိုးရိမ်ပူပန်ရမှု အစရှိသည့်တို့ဖြင့် မသက်၏ စိတ်နှလုံးကို နေ့စဉ် ခြုံလွှမ်းထားလေ့ရှိသည်။ မိမိ၏ အနီးကပ် မိသားစုဝင်တို့၏ အရေး၊ ကျပ်တည်းလာသော စားဝတ်နေရေးတို့ဖြင့် မသက်တစ်ယောက် ဘဝ အထုအထောင်း၊ စိတ်ဆင်းရဲခြင်း ဆေးခါးကြီးကို နေစဉ် သောက်သုံးနေရသော ဝေဒနာသည်လို အားအင်တို့ ဆုတ်ယုတ်ကာ စိတ်ခွန်အားတို့ကို နှုံးချိနေစေတော့သည်။

စိတ်ဆင်းရဲခြင်း တွင်းနက်ထဲသို့ အထိန်းအကွပ်မရှိ တရှိန်ထိုး ကျဆင်းနေသော တစ်နေ့တွင် မသက်ထံသို့ ပွဲစား မိန်းမ ချဉ်းကပ်လာပြန်သည်။
“ဟေ့ မသက်..ငါ့မှာ သတင်းကောင်းပါတယ်..ညည်းသွားချင်တဲ့ အမေရိကန် နိုင်ငံကို သွားဖို့ ဟာလေ..”
“ကျွန်မ သွားချင်တယ်လို့ မပြောခဲ့ပါဘူး။ သွားဖို့ ရွေးရမယ်ဆိုရင်သာ အဲဒီနိုင်ငံကို သွားမယ်လို့ ပြောခဲ့တာပါ.”
“အေးပါဟယ်..ဘယ်လိုပဲဖြစ်ဖြစ်..ငါပြောတာတော့ ဆုံးအောင် နားထောင်ပါအုံး..ဒီမယ်..အမေရိကမှာ နေတဲ့ မြန်မာတစ်ယောက်က အမေရိကကို ခေါ်ပေးမယ်တဲ့။ သိန်း နှစ်ရာပေးရမယ်တဲ့။ အဲဒါ ညည်း စိတ်ဝင်စားမလားလို့ လာပြောတာ”
“သိန်း နှစ်ရာ”

တအံတသြနှင့် နှုတ်ဖျားမှ သိန်း နှစ်ရာဟူသော အရည်အတွက်ကို တီးတိုးရေရွတ်ကြည့်မိသည်။ မသက်အတွက် ထိုကဲ့သို့သော ပိုက်ဆံသည် မြင့်မိုရ်တောင်ကဲ့သို့ မို့မောက်များပြား မြင့်မားလှသည်။ အဲဒီလောက် ပိုက်ဆံတွေ ပေးပြီး အမေရိကသို့ သွားရမည် ဆိုလျှင် သူမ၏ မိသားစုအပေါ် တရားမဲ့ရာလည်း ကျမည်။ အစ်ကို၊ အစ်မ၊ အမေ နှင့် မောင်တို့၏ ဆင်ရဲဒုက္ခ မျက်ရည်စတို့ကို လမ်းခင်းလျက် မသက် ကိုယ်လွတ် မရုန်းချင်။

“ညည်း သေချာ စဉ်းစားပါအေ..ငါက ညည်းတို့ မိသားစု ကောင်းစားစေချင်လို့ ပြောပြတာ..ညည်း ဟိုမှာ အလုပ်လုပ်ပြီး ပြန်ရှာလို့လည်း ရတာပဲ။ နောက်ပြီး ညည်း မလုပ်ချင်တဲ့ ဟိုဟာမျိုး အလုပ်တွေလည်း မလုပ်ရဘူးလေ”
“ဟုတ်ပါတယ်..ဒါပေမယ့် ကျွန်မတို့မှာ သိန်းနှစ်ရာ မပြောနဲ့ သိန်းနှစ်ဆယ်တောင် မရှိဘူး..နောက်ပြီး ကျွန်မက သွားမယ်ဆိုရင် ဘယ်လိုသွားရမှတုံး..ဟိုမှာ တရာဝင်အကြာကြီး နေလို့ရတဲ့ အခြေခိုင်တဲ့ အနေအထားမျိုးမှာ သွားချင်တာ”
“ဒါတော့ မပူနဲ့..ဒီလူနဲ့ ညည်းက ဟန်ဆောင် လက်ထပ်ပြီး အမေရိကကို လိုက်သွားရမယ်…အတူတူ အိပ်စရာလည်း မလိုပါဘူးအေ..လန့်မနေပါနဲ့အုံး..ဟိုရောက်တော့မှ ညည်း လုပ်ချင်တာ ညည်းလုပ်ပေတော့…တရားဝင် ပြန်ကွဲလိုက်လဲ ရာတာပဲ…ပိုက်ဆံအတွက် ညည်းတို့ တိုက်ခန်းကို ပေါင်းလိုက်ပေါ့. ပြီးတော့ လိုတဲ့ ပိုက်ဆံ ငါချေးပေးပါမယ့်အေ့”
“အို….ရှင့်ဟာကလည်း သိပ်စိတ်မချရပါဘူး.. တော်ကြာ အဲဒီလူက ပြန်ကွဲမပေးဘူးဆို ဘယ်နဲု့ လုပ်မလဲ..”
“ဒါကတော့ ညည်းမပူနဲ့ အဲဒီလို လူမျိုးက ဘယ်တော့မှ မိန်းမကို အတည် ယူမထားဘူးအေ့..အဲဒါမျိုးနဲ့ အမေရိကကို လူတွေခေါ်နေတာ..သူက ပိုက်ဆံရရင် ပြီးတာပဲ”
“ကျွန်မ စဉ်းစားပါအုံးမယ်..နောက် အမေနဲ့လည်း တိုင်ပင် လိုက်အုံးမယ်”

ဒီတစ်ခါတော့ ပွဲစားမိန်မသည် မသက်အပေါ် အနိုင်ရလေသည်။ စိတ်ရှုတ်ထွေးမှု များဖြင့် လေးလံသော ခြေလှမ်းများ တစ်လှမ်းခြင်း လှမ်းကာ မသက် အိမ်ပြန်လာရသည်။ အမေကို ပြောပြတော့ အမေက သွားစေချင်သည်။ သူမ၏ မှားယွင်မိသော ဆုံးဖြတ်ကြောင့် သားသမီးများ ဆင်းရဲဒုက္ခရောက်ကြရသည်ကို မကြည့်ရက်နိုင်။ အစ်ကိုဖြစ်သူကလည်း သုံးလို့ မရ။ အစ်မ နှင့် မောင် တို့ကလည်း မိသားစုအတွင်းတွင် တစ်မိပေါက် တစ်ယောက်ထွန်းသလို မသက်ကို အောင်မြင်စေချင်သည်။

လက်ထပ်တယ် ဆိုတာလည်း ဟန်ဆောင် လက်ထပ်တာပဲ။ အတူတူအိပ်စရာလည်း မလိုဘူးတဲ့။ ပြီးတော့ ဟိုနိုင်ငံကြီးတွေမှာ လူအခွင့်အရေး တန်းတူရှိတော့ ဘာအလုပ် မဆို ကြိုးစားလုပ်ရင် နေနိုင် စားနိုင် သောက်နိုင် အဆင့်အတန်းရှိရှိတော့နေရမှာပဲ။ အဲဒီတော့ ငါ ကြိုးစား ပိုက်ဆံရှာပြီး အမေတို့ကို ထောက်ပံ့နိုင်သားပဲ။ ဟုတ်ပါရဲ့..မေ့နေတာ. ငါနဲ့ ဟန်ဆောင် လက်ထပ်ရမဲ့ လူက ဘယ်လို လူမျိုးလဲ။ တော်ကြာ ငါတို့ ပိုက်ဆံတွေ လိမ်ယူသွားရင် ဘယ်နဲ့ လုပ်မလဲ။ ဟိုနိုင်ငံမှာဆိုရင်တော့ ငါ့ကို ရောင်းစားလို့ မရတန်ကောင်းပါဘူးလေ…. အတွေးလေလှိုုင်းတို့ လွင့်ကာလွင့်ကာ မသက်တစ်ယောက် စိတ်ဘဝင် ဘောင်ဘင်ခတ်လျက် ဗြာများနေလေတော့သည်။

ထိုနေ့က မသက်တို့ အိမ်ပေါင်လို့ရသည့်ငွေ၊ ဟိုမှ ဒီမှ ချေးငှားရသည့် ငွေ စုစုပေါင်းငွေသိန်းနှစ်ရာထဲမှ တစ်ဝက်ကို ဟန်ဆောင်လက်ထပ်ရမည့် အမေရိကမှ သကောင့်သား ကိုလူလည်ကို ပေးလိုက်ရသည်။ အဲဒီတုန်းက ထိုသကောင့်သား မသက်အပေါ် ကြည့်သည့် အကြည့်တွေကို မသက် မကြိုက်။ ငါ ဒီလူနဲ့ ဟန်ဆောင်လက်ထပ်ရမှာ မှားများ မှားလေပြီးလားဟု စဉ်းစာမိသေးသည်။ သို့ရာတွင် လုပ်မည်ဟု ဆုံးဖြတ်ပြီးမှ နောက်ဆုတ်လို့မရတော့ချေ။ ငွေသိန်းတစ်ရာသည် သကောင့်သား လက်ထဲတွင် ပါသွားခဲ့ချေပြီ။ ကျန်သည့် သိန်းတစ်ရာကို မသက် အမေရိက ရောက်သည့် အခါမှ ပေးရမည်။

အရာရာသည် မသက်အတွက် စွန့်စားစရာတွေချည်းပင်။ စွန့်စားရသည်တွင် မသက်အတွက် ရင်းနှီးပေးဆပ်မှုများသည် အချိန်မရွေး ကြေလွယ်၊ ပျက်လွယ်သည့် စွန့်စားမှုမျိုးပင်။ သို့လော သို့လောဟူသော မရေရာသည့် အောင်မြင်မှုများအတွက် ဆုံးဖြတ်ချက်များ ချရသည်တွင် သူမ၏ ဘဝ၊ အမေ၊ အစ်ကို၊ အစ်မ၊ မောင်လေး..ထိုသူတို့၏ ဘဝတို့ကိုပါ စတေး ၍ ဘဝ၏ ကစားပွဲတွင် ကြေးတင် လောင်းရသည်။ အောင်မြင်မည်လော။ သို့တည်းမဟုတ် ရှုံးနိမ့် ကျဆုံးသွားရမည်လော။ လောလောဆယ်တွင် မသက် ဘာကိုမှ မခန့်မှန်းနိုင်ပဲ လောင်းကြေးတင်လိုက်ရသည်။ သို့ရာတွင် အသက်ရှင်သန်နေသေးသမျှ၊ ကြိုးစားနိုင်ခွင့် ရှိသေးသည်။ ဘဝတွင် ဖိနှိပ် လာမှုတို့ကို တွန်းထိုးရုန်းကန် ထကြွပုန်ကန်နိုင်ခွင့်ရှိသည်။ မသက် ကြိုးစားမည်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မြန်မာပြည် လေဆိပ်မှ ခွာတော့ အမေသည် လိုက်မပို့နိုင်။ နေမကောင်းသော အစ်မကို ကြည့်ရှု့ရင်း အိမ်မှာ ကျန်ခဲ့သည်။ အစ်ကိုကြီးနှင့် မောင်လေး ဖြစ်သူသာ လိုက်ပို့ခဲ့သည်။ မသက်အတွက် စွန်းစားရမည့် ဘဝခရီးလမ်းသည် ဤတွင် စတင်ရသည်။ ရင်ခုန် စိတ်လှုပ်ရှားရသလို တဖက်မှလည်း စိုးရိန်ပူပန်မှုတို့ဖြင့် ချိန်ခွင်ရှာ ဟိုဖက် အလေးသာလိုက် ဒီဖက် အလေးသာလိုက်ဖြင့် စိတ်အစဉ်ကို မျှတအောင် မလုပ်နိုင်။ မိသားစုတစ်ခုလုံး၏ ဘဝများကို ရင်းနှီးမြှတ်နှံကာ တစ်ခါမှ မသွားဖူးသော နိုင်ငံခြားကို တစ်စိမ်ယောကျင်္ားတစ်ယောက်အား လင်လုပ်၍ သွားရမည့် မသက်၏ အခြေအနေသည် ပူပင်စရာ အတိပင်။

အမိမြန်မာပြည်နှင့် မိုင်ပေါင်းထောင်ချီဝေးသော အမေရိကန်နိုင်ငံသို့ မျက်စိသူငယ်၊ နားသူငယ်ဖြင့် ခြေချရသည်။ စီးပွားရေးသမား ကိုလူလည် သကောင့်သားအား ပေးဆပ်ရန် ကျန်ရှိသည့် ငွေသိန်းတစ်ရာကိုလည်း ပေးဆပ်ရန်အတွက် လိုအပ်သည်များကို ရောက်ရောက်ချင်း စီစဉ်ရသည်။ ထိုနေ့သည်ပင် မသက်အတွက် ကမ္ဘာပျက်သည့် နေ့ပင်။ တထိတ်တထိတ်နှင့် ဘာဖြစ်လာလိမ့် မလဲ၊ ဘာဖြစ်လာလိမ့် မလဲဟု စိုးရိမ်ရသော နေ့ သည့် တကယ်ဖြစ်ပျက် လာခဲ့သည်။ သကောင့်သားသည် ငွေကို ယူသည်။ ထို့အပြင် လူကိုလည်း ယူသည်။ မသက် ဘာများ တတ်နိုင်အုံးမည်နည်း။ သူမ မျှော်လင့်ချက်ကြီးစွာဖြင့် လာခဲ့သော နိုင်ငံခြားတိုင်းပြည်တွင် ကိုယ့်ကိုယ် စော်ကားသူက ကိုယ့်တိုင်းပြည်က ကိုယ့်လူမျိုး။ သြော် ကိုယ်ကသူရဲ့ မယားအဖြစ် နိုင်ငံခြားကို လာခဲ့ရတာကိုး။ ဟန်ဆောင် လက်ထပ်ခဲ့တယ် ဆိုပေမယ့် ယောင်္ကျားဆိုသည့် သတ္တဝါတို့သည် ရသည့် အခွင့်အရေးတို့ကို လက်လွတ် မခံကြချေ။ အို…ဘုရားသခင်…စာနာ ညှာတာ ထောက်ထားတတ်သော၊ သနားကြင်နာတတ်သော စိတ်နှလုံးကို ယောင်္ကျားတို့ နှလုံးသားမှ ထုတ်ပစ်ခဲ့သလော…။

မသက် နိုင်ငံခြားတော့ ရောက်ပါရဲ့။ သူမ စတေးရ၊ ပေးဆပ်လိုက်ရသော တန်ဖိုးတို့သည် တဆစ်ဆစ်ဖြင့် ရင်နာစရာ ကောင်းလှသည်။ နေနှင့် အုံးပေါ့ကွယ်။ မသက် တစ်ချိန်ချိန်မှာ အမြင့်ဆုံး ပျံသန်းနိုင်တဲ့ တစ်နေ့မရောက် မချင်းပေါ့။

ရိုးသား ကြိုးစားလိုစိတ်၊ မြန်မာပြည်ရှိ မိသားစုအား ဆင်းရဲခြင်း နွံထဲမှ ဆွဲထုတ်နိုင်ရန် အလုပ်တို့ကို ကြိုးစားလုပ်နေသော မသက်သည် လူ့ဘဝဇာတ်ခုံပေါ်တွင် မိတ်ကပ် အပြည့် လိမ်းချယ်လျက် ကကြိုး ကဟန် ဝင့်ကာ ဝင့်ကာ ချီပြီးကသော မင်းသမီးတစ်ယောက်သဖွယ် ကပြ အသုံးတော် ခံရသည်။ ထိုဇာတ်ခုံ ကန့်လန့်ကာ၏ နောက်ကွယ်တွင်ကာ အမှောင်တို့ အတိပြီးလျက် မိတ်ကပ်တို့ ပျက်ပြယ်ကာ အလှအပတရားတို့ အရာမရောက် အသုံးမဝင်တော့ချေ။
++++++++++++++++++++++++++++++++++++++++++++++
ထို့နေ့က စားခဲ့ရသော ဆူရှီးတို့သည် ခါးသီးနေသည်ဟု ကျွန်ုပ်ထင်သည်။ အမည် ဖေါ်ပြနိုင်စွမ်း မရှိသော စိတ်ငလျင်တစ်ခု ကျွန်ုပ်၏ စိတ်ဝိဉာဉ်အပေါ် တုန်ခါ လှုပ်ရမ်းသွားခဲ့သည်။ အဘယ်ကဲ့သို့သော ခံစားချက်မျိုးဆိုတာ ကျွနု်ပ်ကိုယ်တိုင် မဖေါ်ပြတတ်ချေ။ သို့သော် ပြောတော့ ပြလိုက်ပါမည်။

ငါတို့ဟာ ရဲရင့် တိုးတက်နေတဲ့ လူငယ်တွေဖြစ်တယ်။ ဘဝဆိုတဲ့ လှံသွားထက်ထက် အချွန် အဖျား ထိပ်မှာ ရင်ကို ဖွင့်၊ ခေါင်းကို မော့ပြီး ရဲရဲဝန့်ဝန့် ရပ်တည်ရဲတဲ့ ငါတို့ရဲ့ အစွမ်းသတ္တိတွေဟာ ငါတို့ရဲ့ သွေကြောတွေ အထဲမှာ ဆူလောင်ပေါက်ကွဲပြီး ခွန်အားတွေဟာ အလျှံညီးညီး မွေးဖွားနေကြတယ်။ ငါတို့တွေရဲ့ အသက် ဝိဉာဉ် ခန္ဓာ ဒွန်တွဲပြီး ရှိနေသရွေ့ပေါ့။

အနန္တမေတ္တာဖြင့်
ဘကောင်း

ပန်းဥယျာဉ်ထဲမှ ပန်းတစ်ပွင့် (၁)


သူမကို စတွေ့တော့ သူမ၏ နောက်ကြောင်း မိသားစု ဘဝ အခြေအနေတို့ကို မသိ။ မိတ်ဆွေတစ်ယောက်က အိမ်တွင်ဆွမ်းကျွေးဖိတ်၍ သွားလည်ရာမှ မိတ်ဖြစ်ဆွေဖြစ် သိကျွမ်းလာရသည်။ သူမ၏ နာမည်ကို မသက်အဖြစ်သာ သိထားရသည်။

မသက်သည် ယဉ်သည်။ ဆံပင် အဖြောင့်စင်းစင်းကို ခါးအထိ အရှည်ချလျက် ကြော့နေအောင်နေသည်။ အသားအရေက ဖြူဖြူ ဖွေးဖွေးဟု မဆိုသာပေသည့် ညိုညိုညက်ညက် လည်း မဟုတ်ချေ။ သူမလိုအသားအရေမျိုးက မိန်းမတိုင်း လိုချင် တောင်းတ တတ်ကြသည့် အနေအထားမျိုးပင်။ အနောက်တိုင်းသူများကဲ့သို့ ဖြူဖြူစွတ်စွတ် အသားဖြူခြင်း မဟုတ်။ အရှေ့တိုင်းသူ တို့၏ အသားအရည် ဖွေးနုချောမွေ့ခြင်းအပေါ် အညာဒေသ၏ ညိုညိုညက်ညက် အသားအရောင်က ထပ်ဆင့် အုပ်ထားသည့် အသားအရောင်မျိုးပင်။ မျက်လုံး မျက်ဆံကလည်း အရည်လဲ့လဲ့နှင့် ဝိုင်းဝိုင်းစက်စက် ရှိလှသည်။ ဆက်ကျော်သက်အရွယ် နုပျိုလန်းဆန်းသည့် ငယ်ဂုဏ် တို့ ကုန်ဆုံးလု ကုန်းဆုံခင်၊ ထိုမှတဖန် ဘဝအတွက် အလေးအနက် စဉ်းစားကာ တည်ငြိမ်ရင့်ကျက်သည့် အသွင်သဏ္ဍာန်သို့ ကူးပြောင်းနေသည့် စပ်ကူးမတ်ကူ အရွယ်လည်း ဖြစ်သည်။ နုပျိုခြင်းတို့ ကျန်ရှိသေးသည်။ တည်ငြိမ်ရင့်ကျက်မည့် ဟန်ကိုလည်း မြင်ရတတ်သည်။

သူမနှင့် စကားစပြောဖြစ်တော့ မိန်းကလေးအများစုတွင် ရှိတတ်သည့် ရှိုးတိုးရှန်းတန်း၊ ရှက်ကိုးရှက်ကန်း အမူအရာမျိုး မရှိပဲ၊ ရင်းနှီးပွင့်လင်းစွာ စကားပြောသည်။ သူမတွင် ဟန်မရှိ။ မာန်မရှိ။ တစ်ဖက်သား စကားပြောဖေါ် ယောကျင်္ားတစ်ယောက်အပေါ် မည်သည့် အမြင်မျိုးမှ ထားရှိချင်း မရှိပဲ တွေ့သည့် ဆုံသည့်အခိုက်အတန့်အတွင်း အရိုးခံအတိုင်း စကားပြောသည်။ ထို့ကြောင့်ပဲထင်သည် ကျွနု်ပ်နှင့် ထိုနေ့က စကားတော်တော်များများ ပြောဖြစ်ကာ သိကျွမ်းခဲ့ရသည်။

သိကျွမ်းတော့လည်း သူမအကြောင်း ပိုမို သိလာရသည်။ သူမသည် ထင်ထားသည်ထက် သွက်လက် ချက်ချာသော မိန်ကလေးတစ်ဦးလည်း ဖြစ်သည်။ ဆူရှီးဟု ခေါ်သော ဂျပန်ရိုးရာ စားစရာများ လုပ်ရောင်းသည့် စားသောက်ဆိုင်တစ်ခုကိုလည်း ဦးစီးလုပ်ကိုင်နိုင်လေသည်။ နိုင်ငံ ရပ်ခြား တိုင်းတစ်ပါး တွင် မြန်မာမိန်းကလေးတစ်ယောက် တစ်နိုင်တစ်ပိုင်ဖြင့် တင့်တင့်တယ်တယ် လုပ်ကိုင်စားသောက်နိုင်သည်ကို တွေ့ရတော့ ဝမ်းသာမိသည်။ အခုလို အသက်အရွယ် အပိုင်းအခြားတွင် အလုပ်တွေ လုပ်ကိုင်နိုင်ပြီးဆိုမှဖြင့် နောင်တွင် တိုးတက်ကြီးပွား ချမ်းသာဖို့ပင် ရှိတော့သည်ဟု ကောင်းချီးပေးရသည်။

မိတ်ဆွေအဖြစ် သိကျွမ်းရတော့ မိတ်ဖြစ် ဆွေဖြစ် သူမ၏ စားသောက်ဆိုင်ကို အလည်လာခဲ့ရန် ဖိတ်ခေါ်လေသည်။ ဂျပန် အစားအစာများကို ခုံမင်စွာ စားလေ့ရှိသော ကျွန်ုပ်အတွက် နောင်ရက်များ၊ အလုပ်ပိတ်ရက်များတွင် အလည်လာမည်ဟု ကတိကျွံရသည်အထိ ဖြစ်ရသည်။ သို့ရာတွင် လွန်ခဲ့သော လများက အလုပ်များ အလွန်တရာ မအားမလပ် ရှိသည်က တစ်ကြောင်း၊ တစ်နေရာနှင့် တစ်နေရာ သွားလာရသည်တွင် အဆင်မသင့် သေးသည်က တစ်ကြောင်း သူမအား ပေးထားခဲ့သည့် ကတိကို မေ့မေ့လျော့လျော့ ရှိသွားခဲ့သည်။

တစ်နေ့တွင် သူမ ဖုန်းဆက်လာသည်။
“အစ်ကို ကျွန်မ ဆူရှီး ဆိုင်ကို ဘယ်တော့ လာလည်မလဲ” ဟု တကူးတကဖြင့် အမေးရှိလာတော့မှ သူမ၏ ဆိုင်အား လာလည်မည်ဟု ကတိပေးထားသည်ကို သတိရမိတော့သည်။
“အဲဗျာ..ဟုတ်ပါရဲ့…အစ်ကိုမေ့နေတာ။ ဒီတစ်ပတ်တော့ လာခဲ့ပါမယ်”
“နေ့လည်လောက် လာခဲ့ပါ အစ်ကို. နေ့လည်လောက်ဆို လူပါးတော့ စကားပြောပြီး ဧည့်ခံလို့ ရတာပေါ့”

ဤသို့ဖြင့် ကျွနု်ပ်သည် ပထမဦးဆုံး အကြိမ် မသက်၏ ဆူရှီးဆိုင်ကို ရောက်သွားဖြစ်ခဲ့သည်။ ရောက်တော့လည်း သူမသည် ဆူရှီး စားသောက်ဖွယ် စုံစုံလင်လင်ဖြင့် အစ်ကို တစ်ယောက်သဖွယ် ပြုမူ ပြောဆို ကျွေးမွေး ဧည့်ခံလေသည်။ နှမကလေးများဖြင့် နှစ်တော်တော်ကြာ ခွဲခွာနေရသော ကျွန်ုပ်အတွက် မသက်သည် ကျွန်ုပ်၏ နှမကလေး အရွယ်ပင် ဖြစ်သည်။ နှမအရွယ် မိန်းမပျိုလေးတစ်ယောက် ဖြစ်သည့်အပြင် မြန်မာ မိန်းကလေး တစ်ယောက် ဖြစ်သည့် အတွက် ရိုးသားစွာ ပြောဆိုဆက်ဆံသည်တွင် သူမသည် ကျွန်ုပ်အပေါ် တဖြည်းဖြည်းဖြင့် ယုံကြည်ကိုးစားမှုရှိလာသည်။

“အစ်ကို..ကျွန်မ ဒီနိုင်ငံ ရောက်လာတာ သုံးနှစ်လောက် ရှိရော့မယ်..မြန်မာပြည် အရမ်းပြန်ချင်တာပဲ”
“အလုပ်တွေ နားတဲ့ အခါပြန်ရမှာပေါ့ကွယ်…အလုပ် လုပ်နိုင်တဲ့ အချိန်မှာ ကြိုးစားပြီး လုပ်လိုက်အုံးပေါ့”
“ဒါပေမယ့် အစ်ကိုရေ…ကျွန်မ အမေနဲ့ မောင်လေးတွေအတွက် ပိုက်ဆံပြန်ပို့ပေးရအုံးမယ်…ကျွန်မနိုင်ငံခြား လာနိုင်ဖို့ အတွက် အိမ်ကို ပေါင်ပြီးလာခဲ့ရတာ”

သည်လိုနှင့် မသက်သည် သူမ၏ မိသားစုနှင့် သူမ၏ဘဝ အခြေအနေကို ရင်ဖွင့်လာသည်။ သူမ၏ အသံတို့ တုန်ရီ မနေခဲ့။ သို့သော် ပူပန်သောကတို့ လွှမ်းနေသည်။ သူမ၏ မျက်ဝန်းတွင် မျက်ရည်တို့ စိုစွတ်မနေခဲ့။ သို့သော် ရီဝေအုံ့မှိုင်းသော မျက်ဝန်ညိုကို မြင်ရတတ်သည်။ သေးသွယ်လှပနေသော သူမ၏ လက်ချောင်းတို့သည် ဘဝရပ်တည်ရေးအတွက် အလုပ်လုပ်နေသော လက်ချောင်းများ ဖြစ်လေသည်။ သြော်..ငါတို့ မြန်မာ မိန်းကလေးတွေများလည်း သူ့အပူ၊ သူ့ဒုက္ခတွေနဲ့ ဖြတ်သန်းလာရ၊ ဖြတ်သန်းနေရ ပါပဲလားဟု စာနာသနားမိခဲ့ရသည်။
+++++++++++++++++++++++++++++++++++++++++++++
မသက်ဘဝတွင် အဖေသည် မသက်သိတတ်သည့် အရွယ် လောက်တုန်းကတည်းက ဆုံးပါးသွားခဲ့သည်။ အားကိုးအားထားရာ မိသားစု ရွှေတောင်ကြီး ပြိုလဲခဲ့သည်တွင် မောင်နှစ်မ လေးယောက်ရှိသော မိသားစုအတွက် အမေသည် ခိုကိုးရာ မဲ့လေသည်။ မောင်နှမ သားချင်း လေးယောက်ထဲတွင် မသက်က တတိယမြောက်။ အကြီးဆုံး အစ်ကိုနာမည်က ကိုသက်နိုင်။ သူက အေးအေးဆေးဆေးရှိလွန်းကာ ဘာတစ်ခုမှ စွမ်းစွမ်းတမံ ပေါက်ပေါက်ရောက်ရောက် မရှိချေ။ မိသားစုအတွက် အားကိုးအားထားရာ အစ်ကိုကြီး အဖအရာတွင် ကိုသက်နိုင် တာဝန်ယူ မရပ်တည်နိုင်ခဲ့ချေ။ ကိုသက်နိုင်အောက်မှ မသက် အစ်မသည် နာတာရှည် ရောဂါသည်။ ထို ရောပါသည် အစ်မအား ပြုစု စောင့်ရှောက်နေရခြင်းဖြင့် မသက်အမေသည် အလုပ်လည်း မလုပ်နိုင်။ အလုပ်လည်း မလုပ်တတ်ချေ။ မသက်အောက်မှ အငယ်ဆုံးမောင်သည် အဖေဆုံးတော့ လူမမယ် အရွယ်လေးပင် ရှိသေးသည်။

အဖေရှိတုန်းက ရပ်ကွက်ထဲတွင် မသက်တို့ အိမ်စီးပွားရေးသည် တောင့်တောင့် တင်းတင်းရှိသည်။ အမေ ဒေါ်သိန်းတန်နှင့် သားသမီး လေးယောက်ကို အဖေဖြစ်သူ ဦးအံ့မောင်က မတောင်းမတ မကြောင့် မကြ ဘဝတွင်ထားသည်။ မသက် အမေ ဘာအလုပ်မှ လုပ်စရာမလို။ အဖေလုပ်သူ ဦးအံ့မောင် တစ်ယောက် စီးပွားရေးနှင့် လုံးချာလည်လိုက်ကာ ငွေနောက် တကောက်ကောက် လိုက်နေချိန်တွင် မသက်တို့ အစ်ကိုကြီးဆုံး ကိုသက်နိုင်သည် အဖေ၏ အုပ်ထိန်းမှုအောက်မှ လွတ်နေလေ့ရှိသည်။ ဦးအံ့မောင်၏ သားအကြီးအပေါ် အုပ်ထိန်းနိုင်မှု စွမ်းပကားသည်် ခပ်ပေါ့ပေါ့ ခပ်ပါးပါး ကျိုးလွယ် ပဲ့လွယ်သော သြဇာသက်ရောက်မှုလောက်သာရှိသည်။ အမေကလည်း ရောဂါသည် သမီးအကြီးကိုသာ တစ်နေကုန် ပြုစုနေရတော့ ကိုသက်နိုင် ဆေးစွဲကာ ဆေးသမား ဖြစ်သွားချိန်တွင် ဘယ်သူမှာ တားဆီးလို့ မရတောချေ။ ကိုသက်နိုင် ဆေးစွဲတော့ ရှစ်တန်းကျောင်းသား အရွယ်ပင် ရှိသေးသည်။

ကိုသက်နိုင် ရှစ်တန်းမှာပင် အဖေဆုံးသည်။ အဖေအသက်ရှင်စဉ်တုန်းက ရှာဖွေစုဆောင်ခဲ့သော ရတနာများ၊ အတွင်းပစ္စည်း အထုပ်အထည်များကို တဖြည်းဖြည်း ထုခွဲရောင်းချရကာ သားအကြီးက ဖြုန်းလိုက်၊ သမီးအကြီး ရောဂါအတွက် ဆေးကုလိုက်နှင့် မသက်တို့ မိသားစုတွင် ဝင်ငွေ မရှိပဲ တအိအိဖြင့် ဦအံ့မောင် ရှိစဉ်က အတိုင်း ဆက်လက် နေလာခဲ့ကြသည်။ ဘီးလုံးတို့သည် အရှိန်ရှိသည့်အခါ တစ်လိမ့် တစ်လိမ့်ဖြင့် သွားနေသော်လည်း အရှိန်ကုန်သည့် အခါတွင် ရောက်သည့်နေရာ၌ လဲကျတတ်လေသည်။ ဒေါ်သိန်တန်တို့ မိသားစု ဘီးလုံးသည်လည်း ဦးအံ့မောင်ရှိစဉ်တုန်းက အရှိန်ဖြင့် ဆက်လက်၍ လိမ့်ကာလိမ့်ကာ သွားနေသေးသော်လည်း အချိန်တန်လို့ အရှိန်ကုန်ကာ ပြိုလဲတော့မည့် အရိပ်အရောင်များ စတင်မြင်ရတော့သည်။

မိသားစု စားဝတ်နေရေးကျပ်တည်လာသည်။ မသက် အရွယ်ရောက်လာချိန်တွင် အိမ်သုံးစရိတ် ပိုမိုများပြားလာသည်။ အိမ်တွင်းပစ္စည်းများ တစ်စတစ်စနှင့် ပေါင်နှံရောင်းချလာခဲ့သည်မှာ ကုန်ခန်းလုနီးပါရှိပြီ။ မသက် ဆယ်တန်းရောက်သည်တွင် အမေ နောက်ထပ် အိမ်ထောင်ပြုခဲ့သည်။ ဆေးသမား လူရွယ်တစ်ယောက်၊ ရောဂါသည် မိန်းကလေးတစ်ယောက်၊ အထက်တန်းကျောင်းသားမောင် တစ်ယောက်နှင့် အပျိုဖြန်းအရွယ် မိန်ကလေးတစ်ယောက်တို့ ရှိသော မသက်တို့ အိမ်ပေါ်သို့ အမေသည် တစိမ်းယောကျင်္ားတစ်ယောက် ခေါ်တင်လာသည်။

အမေ မထိန်းနိုင်သော သားအကြီး ကိုသက်နိုင်ကို ထိန်းကွပ်နိုင်ရန် နှင့် မိသားစု စီးပွားရေး ကျောထောက်နောက်ခံ ရစေရန် ရည်ရွယ်ကာ အမေ နောက်အိမ်ထောင်ပြုခဲ့သည်။ သို့ရာတွင် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ရကာ အမေ့တွက်ဆချက်တို့ မှားယွင်းခဲ့သည်။ အမေနောက်အိမ်ထောင်ပြုပြီး တစ်နှစ်အတွင်းမှပင် ပထွေးလုပ်သူက စီးပွားရေး အရင်းအနှီးလိုသည်ဟုဆိုကာ အဖေထားခဲ့သော အိမ်နှင့်မြေကို ရောင်ချခဲ့သည်။ အိမ်နှင့် ခြံ တွင်နေရသော မသက်တို့ တိုက်ခန်းသို့ ပြောင်းနေကြရသည်။ အိမ်နှင့် ခြံ ရောင်းရငွေကို ပထွေးလုပ်သူက အုပ်စီးလျက် ခြေရာဖျောက် ထွက်ပြေးသွားသည်။ အမေ့ဘဝသည် မသေရုံ တမယ်သာ ကျန်တော့သည်။ သားသမီးတို့ အပေါ်တွင်လည်း အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည့် အပြင် ငွေးကြေးဥစ္စာတို့သည်လည်း ပြုတ်ပြုတ်ပြုန်း ပျက်ဆီးကုန်သည်။

ထိုအချိန်တွင် မသက်သည် ဆယ်တန်းကို နှစ်ကြိမ််ကျပြီးခဲ့လေပြီ။ မိန်းမတို့မည်သည် အဆင်းရှိတတ်ရာ၏ သို့တည်းမဟုတ် အရည်အချင်းသော်လည်း ရှိတတ်ရာ၏။ အဆင်း မရှိ၊ အချင်းလည်း မရှိသော မိန်မတို့သည်ကား ဖွဲစကွဲမျှသာ ဘာမှ အသုံးမဝင် တော့ဟု အမေကပြောလေ့ရှိသည်။ အဆင်းတည်းဟူသော ရုပ်ရည်ရူပကာသည် မသက်တွင် ရှိပါ၏။ အတန်းပညာက ဆယ်တန်းကို နှစ်ခါကျပြီးသည့် နောက်ပိုင်းတွင် ကျောင်းထွက်လိုက်သည်။
အသက် နှစ်ဆယ်ကျော် အရွယ် မသက်အတွက် အိမ်ထောင်ပြုရမည်လော။ သို့တည်းမဟုတ် အသက်မွေး ဝမ်းကျောင်းစရာ ပညာလေး တစ်ခုလောက်သင်ပြီး မိသားစုကို ထောက်ပံ့ရမည်လောဟု အနာဂတ်အတွက် စဉ်းစားစရာ အတွေးစများ တစစနှင့် လွန်ဆွဲ အားကောင်းလာသည့် အချိန်ကာလများလည်း ဖြစ်သည်။

အလုပ်အကိုင် ရှားပါးသော မြန်မာပြည် အနေအထားတွင် အရောင်းဝန်းထမ်းစာရေးမ အလုပ်တစ်ခုရဖို့ရန်ပင် မသက်အတွက် ခက်ခဲလှသည်။ ကိုယ့်တွင် ရှိသော ရုပ်ရည် ရှုပကာကို ငွေးကြေဖြင့် ဝယ်ယူလိုသူတွေလည်း တစ်ပုံတစ်ပင် ပင်။ သို့ရာတွင် မသက် ကိုယ့်ခန္ဓာကိုယ်ကို ထိန်းသိမ်းသည်။ ဆယ်တန်းမအောင်၊ ပညာသာ မတတ်ပေသည့် ညဏ်စွမ်း ညဏ်စ တို့ကို အသုံးချလျက် မိသားစု ဆင်းရဲကျပ်တည်မှ လွတ်မြောက်အောင် ကြိုးစားရမည်ဟု ကိုယ့်ကိုယ်ကို အားပေးထားသည်။ မြေနိမ့်ရာ လှံစိုက်လိုသူတွေက မသက်တို့ မိသားစုအပေါ် မျက်လုံး ဒေါက်ထောက်ကြည့်ကြသည် ကျားသတ္တဝါတို့ က သမင်ငယ်ဖြစ်သော မသက်ကို အသာငန်းငန်း ချောင်းမြောင်းနေကြသည်။ အကွက်ကောင်းကို ချောင်းမြောင်းကာ အာနည်းသူတို့အပေါ် အနိုင်ယူလိုကြသည့် ဥပဒေ အစိုးမဲ့သော လူ့အဖွဲ့အစည်းတွင် မသက်တို့ မိသားစု လူဖြစ်လာကြရသည်။

တစ်နေ့တွင် ရပ်ကွက်ထဲမှ နီးစပ်ရာ ပွဲစားမိန်းမလည်တစ်ယောက်မှ မသက်ကို ချဉ်းကပ်လာသည်။ မသက် နိုင်ငံခြား သွားချင်လျင် နည်းလမ်းတွေရှိကြောင်း၊ နိုင်ငံခြားတွင် အလုပ်လုပ်ပါက အဆင်ပြေကြောင်း စကားလမ်းပေး စပ်ဟပ်လာသည်။ မသက်သိသည်။ ဘန်ကောက်နိုင်ငံ၊ တရုတ်နယ်စပ် နိုင်ငံများသို့ မြန်မာပြည်မှ မိန်ကလေးများအား လူကုန်ကူးကာ ရောင်စားလေ့ရှိသည်ကို မသက် နားလည်ထားသည်။ မိန်းကလေးများအား အတင်းအဓ္ဓမ အနိုင်အထက်ပြုကာ ပြည့်တန်ဆာ လုပ်ခိုင်းကြသည်။ ထို့နောက် ထိုမိန်ကလေးများ အေအိုင်ဒီစက် ရောဂါများရလျက် မိဝေးဘဝေး တစ်ရပ်တစ်ကျေးတွင် မိမိတို့၏ မိဘ နာမည်ကို တလျက် အသက်ဆုံးရှုံးကျရသည်။ သို့အတွက် ထိုကဲ့သို့ နိုင်ငံခြားသွားမည်ဆို့လျင်တော့ မသက် ဘယ်တော့မှ နိုင်ငံခြားမသွားလို။ လူ့အခွင့်အရေး အပြည့်အဝ ပေးစွမ်းသော နိုင်ငံကြီးများဆိုလျင် သွားမည်ဟု ဆုံးဖြတ်ထားသည်။

“မသက်..ဘယ်လိုလဲ။ ညည်း နိုင်ငံခြား သွားချင်လား.. ငါ့မှာ အဆက်အသွယ်တွေရှိတယ်။ ညည်းလို ရုပ်ရည်မျိုးဆိုရင် အလုပ် ကောင်းကောင်းရမှာ အသေအချာပဲ”
“ရှင်ပြောတဲ့ အလုပ်တွေဆိုတာ ကျွန်မသိပါတယ်။ အဲဒီ အလုပ်မျိုးတွေနဲ့ ဆိုရင်တော့ ကျွန်မ မသွားလိုဘူး”
“ညည်း မိသားစုကိုလည်း ညည်းပြန်ကြည့်အုံးလေ..ညည်းတို့မှာ ဒီလောက် ငွေကြေးကျပ်တည်းနေတော..ဘယ်လိုအလုပ်မျိုး မဆို လုပ်မှပေါ့အေ…အခုဟာကလည်း ညည်းကို သဘောကျနေတဲ့ လူက ပိုက်ဆံ အများကြီးပေးမှာတဲ့ အေ့”
“ဟင့်အင်..ကျွန်မ အဲဒီလို အလုပ်မျိုးတော့ မလုပ်လိုဘူး..ကျွန်မ ခွန်အားတွေ အသိညာဏ်တွေ အသုံးချပြီး ကြိုးစားအလုပ်လုပ်တာမျိုး သဘောကျတယ်.”
“အမလေးဟယ်….ညည်း နဲ့ကျမှ အပြောရကျပ်လိုက်တာ..”
“ဟုတ်တယ်..ကျွန်မ သွားရမယ်ဆိုရင်တော့ အမေရိကန်လို နိုင်ငံမျိုးကို သွားမယ်. ဒါဆိုရင် ရှင်ပြောတဲ့ မဟုတ်က ဟုတ်က ပြည့်တန်ဆာ အလုပ်မျိုးတွေလည်း လုပ်စရာ မလိုတော့ဘူး”

ခရီးသွားသူ၏ စာအုပ်(၃)


တလောဆီက ရေးခဲ့တဲ့ ခရီးသွားသူ၏ စာအုပ် မှာ (၁) ဆိုပြီး ထည့်လိုက်တာ သဘောကတော့ (၂) ဆက်ရေးမယ်ပေါ့။ သို့ပေသည့် ပညတ်သွားရာ ဓါတ်သက်ပါ ဆိုသလို ခရီးဆက်သွားဖို့ အကြောင်းက ဖန်လာတော့ ရေးလက်စကို ရပ်လိုက်တာ စာမူက ဓါးစားခံ ကြားထဲမှာ ပျောက်သွားတယ်။ တနေ့ကပဲ စီဒီတစ်ချပ်ထဲမှာ ဖြတ်ကနဲ တွေ့လိုက်ရလို့ အဲဒီ အာရုံက ပြန်ပေါ်လာတာ။ ဒါပေမယ့် လောလောဆယ် အာရုံတံခါးကို ခဏခဏ လာခေါက်ပြီး တံခါးကခေါင်းလောင်းကို တီးနေတာက လတ်တလော ရွှေ့တဲ့ပြောင်းတဲ့ ကိစ္စတွေနဲ့ပဲ ဆိုတော့ အာရုံတံခါးကို အရင်ဖွင့်ပေးလိုက်ပါရစေအုံး ဆိုပြီး ခရီးသွားသူ၏ စာအုပ်(၃) ဆိုပြီး တပ်လိုက်တာပါ။

စာရေးသူ ဂျပန်မှာ နှစ်နှစ်ကျော်လောက် အလုပ်လုပ်ပြီးတော့ မေးခွန်းတစ်ခုက ဂျပန်နိုင်ငံကို ကြိုက်လားပေါ့။ ကြိုက်တယ်ဆိုရင် ဘာဆက်လုပ်မယ်။ မကြိုက်ဘူးဆိုရင် ဘာဆက်လုပ်မယ် အစရှိသဖြင့် ထပ်ဆင့်ကဲ မေးခွန်းကရှိလာတယ်။ အမေပြောသလို ချီးကျရာ ပျော်တတ်တဲ့ ကျွနု်ပ်အတွက် ဘုရားသခင်က ကောင်းကင်ကနေ ကျွန်ုပ်ကို ကမ္ဘာပေါ်မှ ကျရာနေဆိုပြီး ပစ်ချခဲ့သည်တိုင် ကျတဲ့နေရာမှာ ရှိတဲ့ လူတွေရဲ့ ဘာသာစကား၊ ဓလေ့ ထုံးတမ်းအစဉ်အလာ၊ အစားအသောက်တွေနဲ့ အလွယ်တကူ ရောနှောပစ်နိုင်စွမ်း ရှိခဲ့တယ်။ သို့ပေသည့် သုံးနှစ်တစ်ခါ၊ ငါးနှစ်တစ်ခါ၊ ဆယ်နှစ်တစ်ခါ…အစရှိသဖြင့် ရှေ့အနာဂတ်အတွက် အစီအစဉ်ဆွဲလေ့ရှိတဲ့ ကျွနု်ပ်အတွက် နောက် အနှစ်နှစ်ဆယ် အတွင်း ကမ္ဘာပေါ်မှာရှိတဲ့ နယ်မြေတွေကို ကျုးကျော် ခြေဆန့်ချင်သည်က တစ်ကြောင်း၊ တစ်နေရာတည်းမှာ မပြောင်းလဲပဲ အမြဲရပ်မနေချင်သည်က တစ်ကြောင်း ဂျပန်နိုင်ငံ စွန့်ခွာဖို့ ဆုံးဖြတ်လိုက်တယ်။ ကောင်းပြီး ဘယ်သွားမလဲပေါ့။

ကျွနု်ပ်ကိုယ်တိုင်က ကမ္ဘာမြေကြီးကို စိတ်ဝင်စားပြီး မြေကြီး ခြံကျယ်ကျယ်တစ်ခုမှာ ငယ်ငယ်တုန်းက လုပ်ခဲ့ရပြီး ကြီးမှ လုပ်ခွင့် မကြုံတော့တဲ့ အပင်တွေစိုက်ပျိုးတာကို ဝါသနာပါတယ်။ လူတွေက ရီကြအုံးမယ်။ အခြားလူတွေ အတွက်တော့ သိပ်ပြီး ကြီးကျယ်ခန်းနားတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက် တစ်ခုမဟုတ်ပါဘူး။ကျွနု်ပ်အတွက် ဘဝမှာ လုပ်ချင်တာတွေအများကြီးထဲက တစ်ခုပါ။ ကောင်းပြီး ကျွနု်ပ်တတ်ထားတဲ့ ကွန်ပျုတာပညာရပ်ကို အရင်းအနှီးပြုပြီး ခြံကျယ်ကျယ်ကို ဘယ်မှာ ရနိုင်မလဲ။ မိဘကျောထောက်နောက်ခံ ငွေကြေးမရှိဘူး။ အာဏာရှိ လူတန်းစာ အသိုင်းအဝိုင်းနဲ့ အဆက်အစပ်လည်း မရှိ။ ခုခေတ်က ဗိုလ်မှုး၊ ဝန်ကြီးတွေနဲ့ သိကျွမ်းတယ်ဆိုရင်တောင် ပါးစပ်အရသာခံ ပြောနေကြတဲ့ ခေတ်ဆိုတော့ ကျွနု်လို အရာရာ ဆန့်ကျင်ပုန်ကန်လိုတဲ့ စိတ်နဲ့ ဘဝမှာ လုပ်ချင်တာတွေ လုပ်ရဖို့ ဘယ်လိုရပ်တည်ရမလဲ။ မြန်မာပြည်က ပညာတတ်လူငယ်တွေ ကော ဘာလုပ်ကြမလဲ။

ဒီတော့ ဒီလိုသုံးသပ်မိတယ်။ မြန်မာပြည်မှာ အိမ်စျေးမြေစျေးတွေက ခေါင်ခိုက်နေတော့ အလုပ်လုပ်ရင် ရတဲ့ ဝင်ငွေနဲ့ တိုက်ခန်းတောင် မကပ်နိုင်ဘူး။ ဂျပန်မှာ နိုင်ငံကသေးတော့ မြေကလည်း ရှားပါဘိနဲ့။ ကျွနု်ပ်ကို မြေကျယ်ကျယ် ပေးနိုင်မယ့် နိုင်ငံက နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိက၊ သြစတြေးလျ သို့မဟုတ် ကနေဒါ နိုင်ငံတွေကပဲ ပေးနိုင်မယ်။ ဒါကို တစ်ချို့ ပြောကြလိမ့်အုံးမယ်။ တိုင်းတပါးကို အထင်ကြီးတယ်ပေါ့။ အင်း…မသေခင်လေးမှာ လုပ်ချင်တာလေးတွေ၊ လွတ်လပ်စွာ နိုင်စွမ်းရှိတဲ့ အခွင့်အလမ်းတွေနဲ့ လူအမျိုးမျိုး အထွေထွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ၊ လုပ်နည်းလုပ်ဟန်တွေအကြောင်း လေ့လာပါရစေအုံး။

မြန်မာနိုင်ငံသား ဖြစ်တဲ့အလျောက် နိုင်ငံတစ်နိုင်ငံကနေ တစ်နိုင်ငံသွားရတယ် ဆိုတာ ခက်တော့ အခက်သား။ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူး လက်မှတ်လုပ်ရတာ၊ အခြားနိုင်ငံရဲ့ ပြည်ဝင်ခွင့်ယူရတာ၊ ပြည်ပထွက်ခွာခွင့်လုပ်ရတာတွေက ခက်ခဲလွန်းလို့ ဧဝရက်တောင်ကို ချိုင်းထောက်နဲ့ တက်ရတာက လွယ်လိမ့်အုံး။ အထူးသဖြင့် နိုင်ငံကြီးတွေကို သွားတဲ့အခါမှာ အခုလေယာဉ်လက်မှတ်ဝယ်၊ အခု ထသွားလို့ မရဘူး။ အချိန်တွေယူပြီး ပြင်ရဆင်ရအုံးမှာ။ နောက်ပြီး ကျွနု်ပ်တတ်တဲ့ ပညာနဲ့ သွားမယ်လို့ကြည့်လိုက်တော့ စင်ကာပူကနေတဆင့် ခြေကုပ်ယူပြီးမှ သွားလို့ရမယ်လို့ လေ့လာမိတယ်။ ဘာလို့လဲဆိုတော့ တစ်အချက် စင်ကာပူမှာ အင်္ဂလိပ်စကားပြောလို့ရတဲ့အတွက် နိုင်ငံတကာနဲ့ ဆက်သွယ်ရတဲ့ အလုပ်အကိုင်တွေမှာ အခွင့်အလန်းတွေ ပိုများမယ်။ ကနေဒါကို သွားမယ်လို့ ဆုံးဖြတ်ခဲ့ရင် မြန်မာနိုင်ငံသားတွေအတွက် ကနေဒါ သံရုံးက စင်ကာပူမှာ ပဲရှိတယ်။ နောက်ပြီး စင်ကာပူဆိုတဲ့နိုင်ငံ ဘာလဲဆိုတာ မြည်းစမ်းကြည့်လိုက်ချင်သေးတယ်။

အဓိက ကတော့ ကိုယ့်ကိုယ်ကို ကို နိုင်ငံတကာ စျေးကွက်မှာ စျေးကွက်တင်ရောင်းရတာပါပဲ။ ကိုယ်ကိုယ်တိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို အစပျိုး မတည်ထောင်နိုင်းသေးခင် အတောအတွင်းပေါ့။ တစ်နေ့ထက်တစ်နေ့ တိုးတက်ပြောင်းလဲနေတဲ့ ယနေ့ခေတ်ကြီးမှာ မြန်မာပြည်က ပညာတတ်လူငယ်တွေ ရေကြည်ရာ မျက်နုရာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေကြရတယ်။ ဒီနေရာမှာ ပြောပြချင်တဲ့ စျေးကွက်တစ်ခုက အမေရိကန်နိုင်ငံက အလုပ်သမားရှာတဲ့ ကုမ္ပဏီခပ်သေးသေးလေးတွေက စင်ကာပူ အလုပ်သမား စျေးကွက်ကို မျက်စိကျလေ့ရှိကာ H1b ဆိုတဲ့ အမေရိကန်နိုင်ငံမှာ အလုပ်လုပ်ခွင့်ရတဲ့ ပြည်ဝင်ခွင့်ကို ထောက်ခံပေးပြီး အလုပ်သမားတွေကို ငှားရမ်းကြလေ့ရှိတယ်။ လူသားအရင်းအမြစ်နဲ့ပဲ အခြေခံပြီး တည်ဆောက်ထားရတဲ့ စင်ကာပူအလုပ်အမားစျေးကွက်မှာ အရည်အသွေးပြည်ဝတဲ့ အလုပ်သမားတွေကို လွယ်လင့်တကူရနိုင်တယ်။

ဒီတော့ ကိုယ့် ကိုယ်ကို စျေးကွက်တင်ရောင်းဖို့အတွက် ကျွန်ုပ် ကိုယ်တိုင် စင်ကာပူကို ၂၀၀၆-ခုနှစ် အေပြီလ ကုန်လောက်မှာ ရောက်ခဲ့သည်။ အဲဒီ နှစ် အပိုင်အခြား ကာလတွေတုန်းက စင်ကာပူအစိုးရရဲ့ လမ်းဖွင့်ပေးမှု၊ အခွန်အထုတ်နည်းပါးမှု၊ ပညာရှင်များ လွယ်လင့်တကူ ရရှိနိုင်မှုတို့ကြောင့် နိုင်ငံတကာမှ ကုမ္ပဏီများ စင်ကာပူတွင် လာရောက်ကာ ရင်းနှီးမြုတ်နှံ လုပ်ကိုင်ကြသည်။ ကုမ္ပဏီအသစ် စတင်အခြေပြု စာရင်းသွင်းဖို့ အလွန်လွယ်ကူသလို့၊ လိုအပ်သည့် ဆက်သွယ်ရေးလိုင်းများ၊ အင်တာနက်၊ဖုံးလိုင်း အစရှိသည်တို့ကို စင်ကာပူ အစိုးရအနေဖြင့် နေ့ချင်းညချင်း အလျင်အမြန်ထောက်ပံ့နိုင်စွမ်းရှိသည်။ ထိုသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ ပရောဂျက်များ အမြောက်အမြား ပေါ်ပေါက်လာကာ လိုအပ်သည့် အလုပ်အမား အရင်းအမြစ်ကို စင်ကာပူ အစိုးရအနေဖြင့် နိုင်ငံတကာမှ အရည်အသွေးပြည့်ဝသော ပညာရှင်များ ဖြင့် ဖြည့်ဆည်းရတော့သည်။ စင်ကာပူ လူဝင်မှု ကြီးကြပ်ရေးမှလည်း လိုအပ်သည့် အလုပ်လုပ်ခွင့် ကပ်ပြားများကို အလျင်အမြန် အဆင့်ဆင့်ဆောင်ရွက်ပေးကြရသည်။

ကြက်ပေါင်ဘောလုံးတစ်လုံးကို မျက်နှာပြင် အမာတစ်ခုပေါ်သို့ ပစ်ပေါက်လိုက်ပါက ပစ်ပေါက်သည့် အား၊ ထိတွေ့မည့် မျက်နှာပြင် အပျော့အမာပေါ်မူတည်လျက် ပြန်ကန်ထွက်လာမည့် ကြက်ပေါင်ဘောလုံး၏ အမြင့်ပမာဏ မည်မျှမြင့်တက်သွားနိုင်မည်ကို တွက်ဆကြည့်နိုင်သည်။ စင်ကာပူသည် ကျွနု်ပ် ပစ်ပေါက်မည့် ကြက်ပေါင်ဘောလုံးအတွက် မျက်နှာပြင် အမာတစ်ခုဖြစ်လိမ့်မည်ဟု တွက်ဆခဲ့သည်။ ဘောလုံးကို အားအကုန်းသုံး ၍ ပစ်ပေါက်ရမည့် တာဝန်သည် ကျွန်ုပ်၏ တာဝန် ဖြစ်ချေမည်။

နိုင်ငံတစ်နိုင်ငံကို အခြေပြုကာ ထိုမှတဆင့် အခြားနိုင်ငံများသို့ ပြန်လည် ကူးပြောင်းမည်ဟု စဉ်းစားကြသည်တွင် ပညာတတ်လူငယ်အများစုသည် ကနေဒါ၊ သြစတြေးလျ၊ အမေရိကန် နိုင်ငံများကို ရွေးချယ်စဉ်းစားကြသည်။ အချို့လည်း ရောက်သည့် နေရာတွင် တင့်တိမ်ရောင့်ရဲ့ ကျရကာ၊ ဘဝကို အသစ်မှစ ဘုရင်နောင် ဖေါင်ဖျက်ရမည့် အလုပ်မျိုးကို မလုပ်လိုကြတော့။ ငွေကြေးအင်အား၊ ပြောင်းရွှေ့လို့သည့် စိတ်ပါဝင်စားမှု၊ အခွင့်အရေး၊ မိမိကိုယ်ကိုယ် ယုံကြည်ကိုးစားမှု အစရှိသည်တို့ ပေါင်းဆုံးဆည်လာရအောင် ဖန်တီးယူရပေသည်။

ကနေဒါ၊ သြစကြေးလျ နိုင်ငံတို့တွင် အခြေချ ပြောင်းရွှေ့နေထိုင်လိုသည့် ပညာတတ်လူငယ်များအား သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးမှ ဖိတ်ခေါ်လျက်ရှိသည်။ သို့ရာတွင် လိုအပ်သည့် အချက်အလျက်များ ပြည့်စုံရပါလိမ့်မည်။ မိမိတို့ တတ်ထားသည့် ပညာအရည်အချင်းကို အကဲဖြတ်ပေးမည့် အဖွဲ့အစည်းကို ဆက်သွယ်ကာ ကနေဒါ၊ သြစတြေးလျ နိုင်ငံများမှ လက်ခံမည့် စံကို သတ်မှတ် အမှတ်ယူရသည်။ တစ်ချိန်တည်းမှာပင် ကိုယ်တတ်ထားသည့် အင်္ဂလိပ်စာ အဆင့်အတန်း ကို သတ်မှတ်ပေးမည့် IELTS ဟုခေါ်သော အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုရကာ အမှတ် ကောင်းကောင်း ရရှိဖို့ လိုအပ်ပြန်သည်။ လိုအပ်သည်များကို ပြင်ဆင်ပြီးပါက လျှောက်လွှာကြေး အမေရိကန် ဒေါ်လာ သုံးထောင်ကျော်မျှ အကုန်အကျခံကာ ကနေဒါသံရုံး၊ သြစတြေးလျသံရုံ စသည့် ကိုယ် ရွှေ့ပြောင်း အခြေချခွင့် လျှောက်ထားလိုသည့် သံရုံးကို ဆက်သွယ်လျက် လျှောက်လွှာတင်ရသည်။ တစ်နှစ်၊ တစ်နှစ်ခွဲခန့် ကြာတတ်သည်။

စာရေးသူသည် အပျင်းကြီးသည်။ အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုရသည်ကို အမုန်းဆုံး။ IELTS စာမေးပွဲကို ဖြေမည်ဟု စိတ်က အားခဲခဲ့သည်မှာ လွန်ခဲ့သည့် ရှစ်နှစ်ကျော်လောက်က ဖြစ်သည်။ သို့ရာတွင် ဘယ်တော့မှ အကောင်အထည် ပေါ်မလာခဲ့။ ဒီတော့ သက်သက်သာသာ လောလောဆယ် ကိုယ်တတ်ထားသည့် ပညာနဲ့ပဲ အမေရိက ကို နောက်ထပ်တစ်ခါ ပြန်လည် အခြေချဖို့ စဉ်းစားခဲ့သည်။ သို့ရာတွင် ကျွနု်ပ် စင်ကာပူရောက်သည့် ဧပြီလတွင် အမေရိကန် လူဝင်မှုကြီးကြပ်ရေးမှ H1b လျှောက်လွှာလက်ခံသည့် အချိန် ပိတ်သွားပြီး ဖြစ်သည်။ အလုပ်သမားရှာသည့် အမေရိကန်မှ ကုမ္ပဏီများလည်း စျေးကွက်မှ အနားယူသည့် ကာလဖြစ်သည့် အတွက် နှောင်နှစ် ၂၀၀၇-ခုနစ်တွင် လျှောက်မည်ဟု အားခဲထားခဲ့သည်။

စင်ကာပူတွင် MediaCorp ကုမ္ပဏီ၌ နည်းပညာ အသင်းခေါင်းဆောင်(Technical Team Lead) တစ်ယောက် အနေဖြင့် သတင်းနည်းပညာများကို အင်တာနက်တွင် တည်ဆောက်ပုံ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခဲ့သည်။ ထိုမှတဆင့် Frontline Solutions ကုမ္ပဏီ၌ ပရောဂျက် မန်နေဂျာ အဖြစ်လည်းကောင်း၊ Agility Logistic ကုမ္ပဏီတွင် စီနီယာ ပရိုဂရမ်မာ အဖြစ် လုပ်ဆောင်ခဲ့သည်။ MediaCorp တွင် အလုပ်လုပ်နေစဉ် ကာလ အတောအတွင်း ၂၀၀၇-ခုနစ် ဧပြီလအမှီ စင်ကာပူသို့ အလုပ်သမားလာရှာကြမည့် အမေရိကမှ ပွဲစားကုမ္ပဏီများအတွက် ပြင်ဆင်ထားရသည်။ ပြင်ဆင်ထားသည်ဆိုရာလည်း ထွေးထွေးထူးထူးတော့ မဟုတ်ပါဘူး။ ရယ်ဇူမီ(resume)ကို အချောသပ် ပြန်လည်ပြင်ဆင်ကာ dice.com တွင် တင်ထားလိုက်ရုံပင်။ ဖေဖေါ်ဝါရီလ၊ မတ်လ ရောက်သည်တွင် H1b စျေးကွက်သည် လှုပ်လှုပ်ရှားရှားဖြစ်လာကာ ကျွန်ုပ်၏ ရယ်ဇူမီ(resume) ကို စိတ်ဝင်စားသော ကုမ္ပဏီများ ဖုန်းခေါ်လာကြသည်။ ၉၅%သည် အိန္ဒိယကုလား လူမျိုးများ ဖြစ်ကြသည်။ သူရို့သည်ပဲ အိုင်တီ(IT) လောကကို လွှမ်းမိုးထားကြသည်ကိုး။ နေနှင့် အုံးပေါ့ကွယ်။ ငါတို့ မြန်မာတွေ အတွက် လာအုံးမည်ပေါ့။ ကြောင်ကြာကြာတော့ ရေမငုတ်နိုင်ပါဘူးလို့။

အလုပ်သမားရှာသည့် အလုပ်ရှင်နှင့် H1b ဖြင့် အလုပ်လုပ် လိုသောအလုပ်သမား တယ်လီဖုန်း၊ အီးမေးလ်နှင့် ပဲ အလုပ်လုပ်ကြရသည်။ အလုပ်ရှင်ဖက်က ဒီလူကို H1b လျှောက်ပေးဖို့အတွက် လိုအပ်သည့် ပညာ အရည်ချင်း ဘွဲ့လက်မှတ်ရှိလား။ အမေရိကန် စျေးကွက်တွင် ဝင်ဆံနိုင်သည့် အရည်အချင်ရှိလား၊ ပြောဆိုဆက်ဆံ နိုင်ပါ့မလား။ ထိုသည်တို့ကို အရင်ကြည့်သည်။ အလုပ်ရှာသည့် အလုပ်သမားဖက်ကလည်း ကိုယ့်ကိုယ်ကို စျေးကွက် ဝင်ဆံနိုင်ရန်အတွက် အင်တာဗျုး အမြောက် အမြားဖြင့် လေ့ကျင် ပြင်ဆင်ရသည်။ ထိုမှ တဆင့် လစာများ၊ စာချုပ်စာတမ်း၊ သဘောတူညီ မှုများကို ဆက်လက် ပြောဆိုရသည်။

အလုပ်ရဲ့ သဘောတရားက သည်လိုပါ။ အမေရိကတွင် အလုပ်သမားများကို တိုက်ရိုက် မငှားလိုကြသည့် ကုမ္ပဏီကြီးများ မြောက်မြားစွာရှိသည်။ သူရို့သည် ယာယီအလုပ်သမား(consultant) များကိုသာ ငှားရမ်း သုံးစွဲကြသည်။ ပရောဂျက် ပြီးသွားလျင် ထို ကုမ္ပဏီတွင်ဆက်လက်အလုပ် လုပ်စရာ မလိုတော့ချေ။ ပရောဂျက် သဘောတရားသည် ယာယီသာ ဖြစ်သည့် အတွက် ပရောဂျက်အတွက်ငှားရမ်းလိုသည့် ကုမ္ပဏီသည် အလုပ်သမားများအတွက် H1b လျှောက်ထားသည့် ကိစ္စများကို တာဝန်ယူပြီး အရှည်ငှားရမ်း လေ့ မရှိကြချေ။ ဤသည်တွင် ယာယီအလုပ်သမား(consultant) များကို ငှားရမ်း၊ ရှာဖွေပေးသည့် ကုမ္ပဏီများ ရှိလာကြသည်။ အများစုသည် အိန္ဒိယ ကုလားလူမျိုးများပိုင်သည့် ကုမ္ပဏီများ ဖြစ်ကြသည်။ ထို ကြားနေ ပွဲစားကုမ္ပဏီများကပင် အမေရိကန်နိုင်ငံ လူဝင်မှုရုံးအတွက် လိုအပ်သည့် စာရွက် စာတမ်းများ၊ H1b လျှောက်ထားသည့် ကိစ္စများကို တာဝန်ယူ လုပ်ဆောင်ပေးကြရသည်။ ထို့ကြောင့် H1b ဖြင့် အလုပ်လုပ်သည်ဟု ဆိုရာတွင် တကယ်တော့ ထို ယာယီအလုပ်သမား(consultant) သည် မိမိ၏ H1b ကိုတာဝန်ယူ လျှောက်ထားပေးသည့် ကုမ္ပဏီ၏ ဝန်ထမ်းဖြစ်သည်။ အကယ်၍ကုမ္ပဏီတစ်ခုမှ ပရောဂျက် တစ်ခုပြီးသွားလျှင် ပရောဂျက်ရှိသည့် အခြားကုမ္ပဏီသို့ ကူးပြောင်းလုပ်ဆောင်ရသည်။ အလုပ်သမားတို့၏ လုပ်အားခ၊ လစာတို့အား H1b ကိုတာဝန်ယူ လျှောက်ထားပေးသည့် ကြားနေ ပွဲစားကုမ္ပဏီက ပေးသည်။ ယေဘူယျအားဖြင့် အိန္ဒိယ ကုလားကုမ္ပဏီများသည် IT သမားတစ်ယောက်ကို လစာ တစ်နှစ်လျင် အမေရိကန် ဒေါ်လာ ငါးသောင်းခွဲမှ ခုနှစ်သောင်းခွဲ အထိပေးကာ ငှားရမ်းလေ့ရှိသည်။ ဤသည်မှာ အမေရိကန် အိုင်တီ(IT) စျေးကွက်တွင် အနိမ့်ဆုံး ပေါက်စျေးဖြစ်သည်။ ထို့အပြင် H1b သမားတစ်ယောက်သည် အမေရိကန် အစိုးရက သတ်မှတ်ထားသော အနိမ့်ဆုံး ပျမ်မျှလစာ ငါးသောင်းခွဲခန့် ရရှိဖို့ လိုအပ်သည်။

ပွဲစားကုမ္ပဏီကပင် ငှားရမ်းထားသော အလုပ်သမားတစ်ယောက်ကို အမေရိကသို့ လာရန် လေယာဉ်လက်မှတ် လည်း အကုန်အကျ ခံရကာ၊ ပရောဂျက် မရရှိသေးခင် ကြားကာလ(bench time) အတွင်း နေထိုင်စရာ၊ စားစရာများ စီစဉ်ပေးရသည်။ ထို့ကြောင့် အမေရိက၏ စျေးကွက် စီးပွားရေးအခြေအနေ၊ ငှားရမ်းထားသည့် အလုပ်သမား၏ အရည်အချင်း နှင့် ပရောဂျက်များ အလျင်အမြန် ရရှိနိုင်ရေးတို့သည် ပွဲစားကုမ္ပဏီများအတွက် အရေးကြီးသော အရာများဖြစ်ကြသည်။ စျေးကွက် စီးပွားရေး မကောင်းသော အချိန်၊ အလုပ်အကိုင်များ ရှားပါးသည့်အချိန်၌ H1b ဖြင့် ပထမဆုံး အကြိမ်လာမည့်အလုပ်သမားများအတွက် စျေးကွက်တွင် ပရောဂျက် အလုပ်တစ်ခုရရန် ကြာမြင့်တတ်သည်။ ထိုကဲ့သို့သော စီးပွားရေးမကောင်းသောအချိန်တွင် H1b သမားရော၊ ပွဲစားကုမ္ပဏီများပါ အလုပ်စျေးကွက်အတွင်း ဝင်ရောက်ရှာဖွေဖို့အတွက် ချင့်ချိန်ရသည်။

ထို့ကြောင့် အမေရိကန်သို့ H1b ဖြင့် အလုပ်လုပ်မည်ဟု စီစဉ်သည့် အခါတွင် ပထမဦးဆုံး အဆင့်သည် ထို ကြားနေ အိန္ဒိယ ကုလားကုမ္ပဏီများဖြင့် လုပ်ဆောင်ကြရသည်ပင်။ ထို H1b လျှောက်ပေးကြသည့် အမေရိကန်မှ အိန္ဒိယကုလားကုမ္ပဏီများသည် စပေါ်ငွေ(security deposit) အမေရိကန် ဒေါ်လာ ၅၀၀ မှ ၃၀၀၀ အထိ တောင်းတတ်ကြသည်။ ကုမ္ပဏီများ တစ်ခုနှင့် တစ်ခု မတူညီကြ။ ဤနေရာတွင် H1b လျှောက်ပေးရမည့် အလုပ်ရှင် ဖက်ကရော၊ စပေါ်ငွေ ပေးရမည့် အလုပ်အမားများအတွက် စွန့်စားစရာတွေ ဖြစ်လာသည်။

အလုပ်ရှင် ပွဲစားကုမ္ပဏီသည် အမေရိကန် အိုင်တီ(IT) စျေးကွက်အတွက် ဖြစ်နိုင်ချေရှိသော အလုပ်အမားတစ်ယောက်ကို ဒေါ်လာ နှစ်ထောင်ကျော်မျှ အကုန်အကျခံကာ H1b လျှောက်ပေးလျက် ငှားရမ်းရသည်။ အကယ် ၍ ထိုအလုပ်သမားသည် H1b ရသည့် အခါ အမေရိကန်ပြည်ဝင်ခွင့် ယူလျက် အလုပ်ရှင်ထံသို့ အဆက်အသွယ် မလုပ်ဘဲ ကိုယ်အစီအစဉ်ဖြင့် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်သည်။ ထိုအခါ အလုပ်ရှင်ဖက်က နစ်နာရသည်။ ထို့ကြောင့် သူရို့သည် စပေါ်ငွေ တောင်းကြသည်။ အကယ် ၍ စပေါ်ငွေ ပေးထားရသော H1b အလုပ်သမားတစ်ယောက်သည် အလုပ်ရှင်နှင့် သုံးလခန့် သို့မဟုတ် ခြောက်လခန့် လုပ်ပြီးပါက ထိုပေးထားသော စပေါ်ငွွေကို ပြန်ပေးရသည်။

တဖန် စပေါ်ငွေပေးရကာ H1b ဖြင့် အလုပ်လုပ် လိုသော အလုပ်သမား အနေဖြင့်လည်း ထိုပွဲစား ကုမ္ပဏီက ငွေလိမ်သွားမှဖြင့် ဟု တွေးတော ပူပန်ရလိမ့်ရှိရသည်။ အချို့လည်း စပေါ်ငွွေပေးစရာ မလိုသော ပွဲစားကုမ္ပဏီများကို ရှာဖွေကြသည်။ ကျွနု်ပ်ကိုယ်တိုင် လေ့လာမိသမျှတွင် စပေါ်ငွွေပေးစရာ မလိုသော ပွဲစားကုမ္ပဏီများသည် သူရို့၏ H1b အလုပ်သမားများ အမေရိကန်ပြည်ဝင်ခွင့် ယူသည့်အခါ လိုအပ်သည့် စာရွက်စာတမ်းများကို အရေးတယူ ဂရုတစိုက် ဆောက်ရွက်ပေးလေ့ မရှိကြချေ။ စပေါ်ငွေ ပေးထားသော အလုပ်အမားများအတွက်သာ ဦးစားပေး ဆောင်ရွက်ကြရသည်။ အမေရိကန် လူဝန်မှုကြီးကြပ်ရေး ဝက်ဆိုက်ဒ်မှ နှစ်စဉ် H1b ရရှိသော ကုမ္ပဏီများ စာရင်း (database file) ကို ဆွဲယူ(download) လို့ ရနိုင်ကာ ထိုစာရင်းတွင် ကိုယ် အလုပ်လုပ် လိုသော ပွဲစားကုမ္ပဏီ၏ နှစ်စဉ် ရာဇဝင်ကို လေ့လာကြည့်ရှု့နိုင်လေသည်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးမှ ပြဠာန်းထားသည့် ဥပဒေအရ နိုင်ငံခြားမှ ခေါ်ယူမည့် အလုပ်သမားများ အတွက် H1b လျှောက်လွာများကို နှစ်စဉ် ဧပြီလ ၁-ရက်နေ့တွင် စတင်လက်ခံလေ့ရှိသည်။ ထို ဧပြီလ ၁-ရက်နေ့ အမှီလျှောက်လွှာများ တင်နိုင်ရန်အတွက် အလုပ်သမားရှာသည့် ပွဲစားကုမ္ပဏီများ နှင့် H1b လျှောက်လိုသော အလုပ်သမားတို့သည် ဖေဖေါ်ဝါရီလ၊ မတ်လအတေားအတွင်း လိုအပ်သော သဘောတူညီမှုများ၊ စာရွက်စာတမ်းများ အဆင်သင့်ဖြစ်အောင် အပြီးသတ် အလျင်မှီ လုပ်ဆောင်ထားဖို့ လိုအပ်သည်။

အဓိကအားဖြင့် H1b လျှောက်ထားလိုသော အလုပ်သမားသည် ဘွဲ့လက်မှတ် တစ်ခု ရရှိထားဖို့ လိုအပ်သည်။ H1b လျှောက်ထားပေးမည့် ကုမ္ပဏီက H1b အတွက် လိုအပ်သော ပညာရေးအဆင့်အတန်းကို အကဲဖြတ်ပေးသည့် အဖွဲ့အစည်းဖြင့် ဆက်သွယ်ကာ လိုအပ်သည်များကို လုပ်သွားကြရသည်။ စာရွက်စာတမ်း အမြောက်အမြားနှင့် ခေါင်းရှုပ်ခံလေ့ မရှိသော ကျွနု်ပ်အတွက် ထို့ ကဲ့သို့ H1b လျှောက်ပေးသည့် ကုမ္ပဏီများဖြင့် လုပ်ရသည်က အဆင်ပြေသည်။ လိုအပ်သော စာရွက်စာတမ်းများကို အီးမေလ် ကတစ်ဆင့် ပို့ပေးလိုက်ရုံပင်။

ဤသို့ဖြင့် ကျွနု်ပ်သည် H1b ဖြင့် အမေရိကန်နိုင်ငံသို့ ထပ်မံသွားမည်ဟု ဆုံးဖြတ်ကာ ၂၀၀၇-ခုနှစ် ဇန်နဝါရီလတွင် ကျွနု်ပ်၏ ရယ်ဇူမီ(resume)ကို dice.com တွင် တင်လိုက်သည်။ မကြာခင်တွင် အမျိုးအစား စုံလင်လှသော အိန္ဒိယကုလား လူမျိုး အသံနေ အသံထားများစွာဖြင့် ဖုန်းဆက်လာကြကာ အများစုက စပေါ်ငွေ အမေရိကန် ဒေါ်လာ ၂၀၀၀ ပေးရမည်ဟု ဆိုကြသည်။ ကျွန်ုပ်က ၅၀၀ သာ ပေးနိုင်မည်ဟု ဆိုသည့် အတွက် နောက်ဆုတ်သွားသည့် ကုမ္ပဏီများ ရှိသလို့၊ စျေးညှိရန် ကြိုးစားကြသည် ကုမ္ပဏီများလည်း ရှိသည်။ ကျွန်ုပ် အနေဖြင့် ကျွန်ုပ်၏ အတွေ့အကြုံ၊ အတတ်ပညာတို့ကို နှစ်သက်ပါက ငှားရမ်းနိုင်သည်။ စပေါ်ငွေကတော့ အမေရိကန်ဒေါ်လာ ၅၀၀ ပဲ တတ်နိုင်သည်ဟု တင်းခံလိုက်သည့် အတွက် ကုမ္ပဏီ နှစ်ခု သည် လိုက်လျောလာသည်။

လွန်ခဲ့သည့်၂၀၀၆-ခုနှစ်တွင် နိုင်ငံတကာမှ အလုပ်သမားများ H1b လျှောက်လွှာတင်ကြသော အရည်အတွက်သည် ဧပြီလ ၁-ရက် လျှောက်လွှာလက်ခံသည့် ပထမဦးဆုံးရက်အတွင်း သတ်မှတ်ထားသည်ထက် ကျော်လွန်သွားသည့် အတွက် အမေရိကန် လူဝင်မှုကြီးကြပ်ရေးမှ ကွန်ပျူတာဖြင့် အလိုအလျောက် ရွေးချယ်သော စနစ် စတင်ကျင့်သုံးခဲ့သည်။ ကွန်ပျုတာသည် လျှောက်လွှာများထဲမှ ကံကောင်းမည့် ကျရာလျှောက်လွှာ ကို ရွေးချယ် သည်။ ဤသို့ဖြင့် H1b လျှောက်သည့် အခါ အလုပ်သမားတစ်ယောက်အနေဖြင့် အရည်အချင်း ပြည့်မှီသော်လည့် ကံမကောင်း ပါက ကွန်ပျူတာ၏ ရွယ်ချယ်မှုထဲတွင် မပါတော့ချေ။ ထီထိုးရသည့်နှယ်။ ထို H1b ထီမပေါက်ပါက ပွဲစားကုမ္ပဏီများသည် စပေါ်ငွေကို ပြန်ပေးကြရသည်။ နောက်နှစ်များတွင် ထပ်မံကြိုးစား လျှောက်ထားကြပေအုံးပေါ့။ အချိန်တန်တော့ နပိန်ကန်လာလိမ့်မည်။

၂၀၀၆-ခုနစ် ဧပြီလ လျှောက်လွှာတင်ချိန်ကို မမှီလိုက်သော ကျွနု်ပ်အတွက် ၂၀၀၇-ခုနစ် ဧပြီလ အမှီ စတင်လျှောက်ထားနိုင်ခဲ့ရာ ကံကောင်းထောက်မစွာ H1b ကို ရရှိခဲ့သည်။ ဤနေတွင် ပြောပြချင်သည်မှ လျှောက်လွှာ စတင်လျှောက်ထာချိန်မှ စတင် ၍ ဘယ်အချိန်လောက်တွင် မိမိတို့ H1b ကို ရရှိနိုင်မည်နည်း။ ဘယ်အချိန်တွင် အမေရိကန် ပြည်ဝင်ခွင်ကို ဘယ်လို ရယူနိုင်ကာ၊ H1b ပြည်ဝင်ခွင့် ဖြင့် ဘယ်လောက် အတိုင်းအတာ အထိ အလုပ် လုပ်ကိုင် နိုင်သနည်း။ ရှင်းအံ့။ ဧပြီလ ၁-ရက်နေ့မှ စတင် တင်လိုက်သော H1b လျှောက်လွှာသည် ဇူလိုင်လ၊ သြဂုတ်လ လောက်တွင် မိမိတို့ H1b ရွေးချယ်ခံရကြောင်းကို အဖြေသိရှိရသည်။ ထိုအခါ မိမိတို့ ပွဲစား ကုမ္ပဏီက ဝမ်းသာအယ်လဲဖြင့် H1b အရွယ်ခံရကြောင်း အကြောင်းကြားသည်။ နောက်တဆင့်သည် H1b ဖြင့် အမေရိကန်နိုင်ငံ ၌ အလုပ်လုပ်နိုင်ကြောင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးရုံးမှ
ထောက်ခံစာ ရယူနိုင်ရန်ဖြစ်သည်။ ထို အဆင့်သည် သုံးလလောက် ထပ်မံ ကြာမြင့်နိုင်သည်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေးရုံး၏ စိတ်ပျက်စရာ အကောင်းဆုံး နှေးကွေးသည့် လုပ်ငန်းဆောင်ရွက်မှုဖြစ်သည်။ ထိုထောက်ခံစာ၌ H1b သမားတစ်ယောက်သည် အမေရိကန် နိုင်ငံတွင် သုံးနှစ်တိတိ အလုပ်လုပ်နိုင်ကြောင်း ဖေါ်ပြပေးထားသည်။ အကယ်၍ ထပ်မံ အလုပ်လုပ် လိုပါက နောက်ထပ် သုံးနှစ် သက်တမ်းတိုးနိုင်သည်။

ထိုထောက်ခံစာ ရရှိပြီးလျှင် သက်ဆိုင်ရာ အမေရိကန်း သံရုံး၌ ပြည်ဝင်ခွင့် ဗီဇာ ရယူရုံပင်ဖြစ်သည်။ အကယ်၍ အိမ်ထောင်ရှိသူ ဖြစ်ပါက မိမိတို့ အိမ်ထောင်ဖက်ကိုပါ တပါးတည်း အတူတကွ ပြည်ဝင်ခွင့် ဗီဇာ တံဆိပ်ကို ရယူသင့်သည်။ ကိုင်ဆောင်ထားသော နိုင်ငံကူး လက်မှတ်သည်လည်း အမြင့်ဆုံး သက်တမ်းတိုးထားသော စာအုပ်ဖြစ်ရမည်။ ပြည်ဝင်ခွင့် ဗီဇာတစ်နှစ် သက်တမ်း ရရှိမည်။ ဆိုလိုသည်မှာ မိမိတို့ နိုင်ငံကူး လက်မှတ်တွင် ရိုက်နှိတ်ထားသော အမေရိကန် ပြည်ဝင်ခွင့် ဗီဇာသည် တစ်နှစ်အတွင်း အမေရိကန် နိုင်ငံအတွင်း ဝင်နိုင် ထွက်နိုင်သည်။

ပြည်ဝင်ခွင့် လက်မှတ် ရယူပြီးပါက လေယာဉ်လက်မှတ် စီစဉ်ကာ အမေရိကန်နိုင်ငံသို့ ခြေချရုံပင် ဖြစ်သည်။ ဤနေရာတွင် ပြောစရာ ရှိသည်က နိုင်ငံကူးလက်မှတ် သက်တမ်းသည် အနည်းဆုံး သုံးနှစ်လောက် ရှိထားသင့်သည်။ အဘယ်ကြောင့် ဆိုသော နိုင်ငံကူးလက်မှတ် တွင် ရိုက်နှိတ်ထားသော ပြည်ဝင်ခွင့် ဗီဇာသည် တစ်နှစ် ရှိသည်ဆိုသော်လည်း၊ ၄င်းသည် တစ်နှစ်အတွင်း အမေရိကန် နိုင်ငံသို့ ဝင်နိုင်၊ ထွက်နိုင်ကြောင်းကိုသာ ဆိုလိုသည်။ အမေရိကန် နိုင်ငံတွင် နေထိုင်နိုင်ကြောင်း သက်တမ်းကို ကိုင်ဆောင်ထားသောနိုင်ငံကူးလက်မှတ် သက်တမ်းရှိသည့် အပေါ်တွင် မူတည်၍ အမေရိကန် နိုင်ငံသို့ အဝင်တွင် ဆုံးဖြတ်ပေးသည်။ ၄င်း သက်တမ်းကို အဖြူရောင် ကဒ်(white card) ပေါ်တွင် သတ်မှတ်ပေးကာ အမေရိကန်နိုင်ငံမှ ထွက်သည့် အခါ ပြန်လည် ပေးအပ်ရပြီး၊ ဝင်သည့် အခါ အသစ်တစ်ခု ရရှိသည်။ တဖန် H1b သမားတစ်ယောက်သည် အလုပ် လုပ်ခွင့် သက်တမ်း သုံးနှစ် ရှိသည်ဟု ဆိုထားပြန်ရာ အဖြူရောင် ကဒ်တွင် ရရှိသည့် သက်တမ်းနှင့် ဘယ်လို ကွားခြားသနည်း ဟု မေးဘွယ် ရှိပြန်သည်။ မိမိတို့ ကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်တွင် သက်တမ်းသုံးနှစ် ရှိပါက အဖြူရောင် ကဒ်တွင် နေထိုင်ခွင့် သက်တမ်း သုံးနှစ် မည်။ သို့မဟုတ် သုံးနှစ်အောက် နည်းသော သက်တမ်းရရှိပါက အဖြူရောင်ကဒ် သက်တမ်း ကုန်ဆုံးသည့် အခါ ထပ်မံ၍ သက်တမ်းတိုးရပါမည်။ ထို သက်တမ်းတိုးရမည့် အလုပ်တို့ကို ပွဲစားကုမ္ပဏီနှင့် ရှေ့နေတို့ လုပ်ကြရလိမ့်မည်။ သုံးနှစ် ပြည့်၍ ထပ်မံ အလုပ် လုပ်လိုပါက နောက်ထပ် သုံးနှစ် သက်တမ်း တိုးနိုင်ပေ သေးသည်။

ဤသို့ဖြင့် ၂၀၀၆-ခုနှစ် ဧပြီလတွင် စင်ကာပူ ရောက်ရှိခဲ့သော ကျွန်ုပ်သည် ၂၀၀၈-ခုနှစ် ဧပြီလတွင် ဘဝခရီးကို နှင်လျက် အမေရိကန် နိုင်ငံသို့ ထပ်မံ တစ်ခါ ခြေချ ခဲ့ပြန်သည်။
အမေရိကန် နိုင်ငံ အတွင်းသို့ ဝင်သည့် အခါ ကျွနု်ပ်၏ နိုင်ငံကူး သက်တမ်းသည် ခြောက်လ နှင့် နှစ်ရက် သာ ကျန်တော့သည်။ မြန်မာ သံရုံးနှင့် ဘယ်သော အခါမှ အဆက် အသွယ် လုပ်လေ့ မရှိသော ကျွန်ုပ်သည် နိုင်ငံကူး လက်မှတ်ကို သက်တမ်း မတိုးခဲ့ချေ။ သို့ အတွက် ကံဆိုးမသွားရာ မိုးလိုက်ရွာ သလိုပင် အမေရိကန် လူဝင်မှု ကြီးကြပ်ရေး စည်းမျဉ်း စည်းကမ်း ဥပဒေ အရ ခြောက်လ ထက်ပိုသော သက်တမ်းကိုသာ နေထိုင်ခွင့် ပေးသည့် အတွက် ကျွနု်ပ်သည် အမေရိကန်နိုင်ငံတွင် နေထိုင်ခွင့် နှစ်ရက် ရရှိခဲ့သည်။ ဒုက်ခေါ……။

ထို ရသည့် နှစ် ရက် အတွင်း နယူးရောက်ရှိ မြန်မာ သံရုံးနှင့် အမြန်ဆက်သွယ်ကာ နိုင်ငံကူး စာအုပ်ကို သက်တမ်းတိုးရသည်။ တဖန် နိုင်ငံကူး စာအုပ်သည် ၁၀-နှစ် ကျော်နေပြန် သဖြင့် အသစ် တစ်အုပ် ထပ်မံ လုပ်ရကာ စင်ကာပူတွင် စုဆောင်း ခဲ့သမျှ ငွေကြေးတို့သည် အိပ်ကပ်ထဲမှ ကျဆင်းလာသည့် ရေတံခွန်နယ် တဝေါဝေါနှင့် ထွက်ကျ ကုန်တော့သည်။ နိုင်ငံကူး လက်မှတ်ကို သက်တမ်း တိုးပြီးသည်နှင့် ကျွနု်ပ် အလုပ်လုပ်မည့် ကုမ္ပဏီနှင့် ဆက်သွယ်ရကာ ကုမ္ပဏီ၏ ရှေ့နေ နှင့်ပင် ကျွန်ုပ်၏ နေထိုင်ခွင့် သက်တမ်းကို ထပ်မံ တိုးမြှင့် ရသည်။ နိုင်ငံကူး လက်မှတ် သက်တမ်း သုံးနှစ် မရှိ ခဲ့သော ကျွနု်ပ် အတွက် သင်ခန်းစာပင်။ ဤသို့ ဖြင့် ကျွန်ုပ်၏ နေထိုင်ခွင့် သက်တမ်း တိုးမြှင့်ရန် အမေရိကန် လူဝင်မှု ရုံး၌ လျှောက်ထားဆဲ ကာလဖြစ်သည့် အားလျော်စွာ အမေရိကန် နိုင်ငံတွင် မရှိမဖြစ် လိုအပ်သော မှတ်ပုံတင် နံပါတ် (social security number) ကိုလည်း မှတ်ပုံတင် ပိုင်ခွင့် မရှိခဲ့ချေ။ အမေရိကန် လူဝင်မှု ကြီးကြပ်ရေး ရုံး၏ နှေးကွေးလှသော လုပ်ငန်းဆောင်ရွက်မှုကို စောင့်စား နေယင်း ကျွနု်ပ်သည် နယူးယောက်မြို့ အခြေစိုက် ဘာမားပွိုင့်(Burma Point) နိုင်ငံရေး အသင်း အဖွဲ့ ၏အခန်း အပေါ်ထပ်တွင် တစ်လ ငါးရာခုနှစ်ဆယ်ဖြင့် ငှားရမ်း နေထိုင်ကာ သုံးလကျော် မျှ အလုပ် အကိုင် မရှိ သောင်တင် နေခဲ့သည်။

ထို သုံးလကျော် ကာလ အတွင်း အမေရိကန်နိုင်ငံ နယူယောက်ရှိ နိုင်ငံရေး လှုပ်ရှား နေကြသူများ ကို လေ့လာ သုံးသပ် မိခဲ့သည်။ အများစုက နိုင်ငံရေး လုပ်ကြသည် ဆိုရာတွင် နိုင်ငံရေး နှင့် ပတ်သက်သည့် သိပ္ပံပညာရပ်များကို ဆည်းပူး လေ့လာမှုများ ဘာမျှ မရှိ။ ပြောပြန်ရင် လည်း ကျွန်ုပ် လွန်ရာကျမည်။ သူ့ထက်ငါ စကားများ အနိုင်လု ပြောကြလျက်၊ ဂျာအေး သူ့အမေ ရိုက် အပ်ကြောင်းထပ်သည့် နည်းလမ်းများ အဖန်တလဲလဲ ဟောင်ဖွာဟောင်ဖွာ ပြောကြကာ အမေရိကန် အစိုးဆီမှ ငွေများ လိမ်ယူကြသည်။ တကယ့် နယ်စပ် ဒေသများရှိ နိုင်ငံရေး လုပ်နေသူများ၊ နယ်စပ် ဒေသများရှိ စေတနာ အရင်းခံသည့် မြန်မာ ပညာတတ်များ နစ်နာကြသည်။

ဤသို့ဖြင့် တစ်ဖြည်းဖြည်း ဆုပ်ယုတ် ကုန်ခန်းလာသော ငွေးကြေပြဿနာ နှင့် အလုပ်လုပ်ရန် မှတ်ပုံတင် နံပါတ် (social security number) ထုတ်ယူနိုင်ခွင့် မရှိသေးသော ကျွန်ုပ်အတွက် ကယ်လီဖိုးနီးယားသို့ ယာယီ ရွေ့ပြောင်းနေထိုင်ရန် ဆုံးဖြတ်ကာ နယ်ပြောင်းခဲ့သည်။ ကျွနု်ပ် နှင့် အလုပ် လုပ်မည့် ပွဲစား ကုမ္ပဏီက သူတို့ ငှားရမ်းပေးမည့် တိုက်ခန်းတွင် လာရောက် နေထိုင်ရန် ကမ်းလှမ်း လာသော်လည်း အခြားခြားသော အကြောင်းအရာများ ကြောင့် ငြင်းပယ်လိုက်သည်။

အမေရိကန် တို့၏ အလွန်တရာ ဆိုးရွားနေသော ယနေ့အလုပ်သမား စျေးကွက်သည် ကျွနု်ပ်အတွက် စိန်ခေါ်နေသည့် နယ်။ နယူးယောက်တွင် နေထိုင်စဉ် မှတ်ပုံတင် နံပါတ်(social security number) မရှိသည့် အတွက် ကမ်းလှမ်းလာသော အလုပ်များကိုလည်း ပယ်ချခဲ့ရသေးသည်။

ကယ်လီဖိုးနီးယားတွင် နေထိုင်နေစဉ် ကာလအတွင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေး ရုံးမှ ကျွန်ုပ်၏ နေထိုင်ခွင့်ကို သက်တမ်း တိုးမြှင့် ပေးလိုက်သည့် အတွက် နောက်ဆုံးတွင် မှတ်ပုံတင် နံပါတ်(social security number) ကို ထုတ်ယူ နိုင်ခဲ့ကာ အလုပ်လုပ် ရန် အတွက် အဆင်သင့် ဖြစ်ခဲ့လေသည်။ ထိုအချိန်တွင် ကျွန်ုပ်၌ ပိုက်ဆံ တစ်ပြား တစ်ချပ်မျှ မရှိတော့ချေ။ လက်ဗလာဖြင့် ဘဝကို သုံညမှ ပြန်လည် စတင်ရတော့သည်။ ဦးနှောက် ထဲတွင် ရှိသော ကျွန်ုပ်တတ်သည့် ပညာသည်သာလျှင် ကျွန်ုပ်အတွက် အားကိုးရာပင် ဖြစ်တော့သည်။

H1b ဖြင့် အမေရိကန်သို့ လာရောက် ကြသည်တွင် အများစုသည် ပွဲစား ကုမ္ပဏီဖြင့် ချိတ်ဆက်ကာ လာကြရသည်။ အချို့လည်း ပွဲစား ကုမ္ပဏီ မသိအောင် အမေရိကသို့ ဝင်ရောက်လာကာ ခြေချကြသည်နှင့် ကိုယ့် အစီအစဉ်ဖြင့် အလုပ်ရှာဖွေကာ H1b ကို ပိုကောင်းသော ကုမ္ပဏီ ဆီသို့ ပြောင်းလဲ ယူကြသည်။ အချို့ လည်း အမြဲတမ်း နေထိုင်ခွင့် ကဒ် (green card) ရရှိသည့် အထိ ပွဲစား ကုမ္ပဏီတွင် မှေးကာ လုပ်နေကြသည်။ အချို့လည်း H1b ဖြင့် အမေရိက သို့ ခဏလာကာ ပြန်သွားကြသူများ လည်း ရှိကြသည်။ အမျိုးမျိုး ပင်။

စွန့်စားလိုသော၊ အခွင့် အလမ်းများ ရှာဖွေလိုသော မြန်မာ ပညာတတ်များအတွက် H1b ဖြင့် ဤသို့ ဤဖုံ အမေရိကန် နိုင်ငံသို့ လာရောက် အလုပ်လုပ် နိုင်သည် ကို ပြောပြရုံပင်။ ကျွန်ုပ် ၏ အတွေ့အကြုံကို ပြောပြကာ နောက်အခါ လာရောက်လိုသူများ ကျွန်ုပ်ကဲ့သို့ မဖြစ်ရစေရန် ပြင်ဆင်သင့်သည်များကို ပြင်ဆင်တတ်စေရန်လည်း ဖြစ်သည်။

အားလုံး အဆင်ပြေပါစေ။

အနန္တမေတ္တာဖြင့်
ဘကောင်း

ဗိသုကာ အနုပညာရှင်


(ငယ်စဉ်အခါက စိတ်ကူးစိတ်သန်းတွေ၊ အိမ်မက်တွေ၊ ရည်ရွယ်ချက် ရည်မှန်ချက်တွေနဲ့
လူတစ်ယောက် အကြောင်းပါ။ တွန့်လိမ်ကောက်ကွေး အသွင်ပြောင်းသွားတဲ့ ဒီစိတ်ကူး အိမ်မက်တွေ ကို Surrealism ပုံစံ ရေးကြည်တာပါ။ Sur ဆိုတာ ကျော်လွန် လွန်မြောက်သွားတဲ့ သဘောပါ။ realism ဆိုတာတော့ သရုပ်မှန်၊ အဖြစ်မှန်ကို ဆိုလိုတာပေါ့။ ကျွနု်ပ်တို့ အများသူငှာ ပြောတဲ့ Surrealism ဆိုတာတော့ သရုပ်လွန် လို့ ခေါ်ဆိုမှာပါ။ ပန်ချီဆွဲတဲ့ အခါ သဘာဝထက်ကျော်လွန်ပြီး၊ နဂိုရှိတဲ့ ပုံသဏ္ဍာန် သရုပ်ကို လွန်မြောက်ကာ စိတ်ကူးယဉ်ဆန်ဆန်၊ အိမ်မက်ဆန်တွေရှိတဲ့ ပုံတွေကို surrealism လို ခေါ်ကြမှာပေါ့။ ထို့အတူ ရုပ်ရှင်၊ ပန်းပု အစရှိတဲ့ ဖန်တီးမှု အရာတွေဟာ ရံဖန်ရံခါ လက်တွေ့ကျတဲ့ စိတ်ကူးဘောင်းထဲကနေ ကျော်လွန်သွားတတ်တယ်။ ဒါကို တစ်ချို့က စိတ်ကူးယဉ်ဆန်တယ်။ စိတ်ကူးယဉ်သမားလို့ တံဆိပ်တပ် သမုတ်တတ်ကြလေ့ရှိတယ်။ လက််တွေ့ကျခြင်းနှင့် စိတ်ကူးယဉ်ဆန်မှုတို့သည် ကိုယ့်အပေါ် တစ်ပါးသူတို့က ကိုယ်ပိုင်ပုဂ္ဂိလိကသဘောဆန်သော ဘာသာပြန်မှု တစ်ခုပင် ဖြစ်ချေမည်။
ဝတ္ထုလည်း မဟုတ်ပါဘူး။ သတိရလို့ကြည့်လိုက်တော့ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေတဲ့ ဘလော့ကို ဒီညတော့ မဖြစ်ချေဘူးဆိုပြီး ဆေးထိုးလိုက်တဲ့ သဘောပါ။)

သူသည် ထူးချွန်ပြောင်မြောက်သော ဗိသုကာ အနုပညာရှင်တစ်ယောက်ဖြစ်သည်။ သူ၏ ဗိသုကာ တည်ဆောက်ခြင်း လုပ်ငန်းကို ငယ်စဉ်ကလေးဘဝ သိတတ်၊မြင်တတ်၊ ကြားတတ်၊ နားလည်တတ်သည့် အရွယ်မှစ၍ စတင်ဆောက်လုပ်တတ်ခဲ့သည်။ ထိုစဉ်က ဆောက်လုပ်ခဲ့သော သူ၏ အနုပညာလက်ရာ အိမ်များ၊ အဆောက်အဦးများသည် ခိုင်ခိုင်ခံခံ မရှိလှသော်လည်း အလွန်တရာ လှပ ဆန်းကြယ်ကာ လောကနတ်နန်းဘုံတွင် အကောင်းဆုံးသော ပုံစံများ တည်ဆောက်နိုင်ခဲ့သည်။ သူ ဖန်တီးခဲ့သော အိမ်များသည် အမြင့်ဆုံးသော တောင်တန်း အထွတ်အဖျား တို့ကို ကျော်လွန်ကာ တိမ်တောင် တိမ်စွယ်တို့ဖြင့် ရစ်သိမ်းခြုံလွှမ်းထားလေ့ရှိကာ ရဲတိုက်ကြီးသဖွယ် အံ့မခန်းရှိလှသည်။ ထိုမှတဆင့် မိုးတိမ်တို့အပေါ်တွင် မှေးမှိတ် ငြိမ်သက်လျက် ကမ္ဘာမြေပြင်ပေါ်သို့ လျှပ်တိုက် စီးမျောကာ ငြိမ့်ငြိမ့်ငြောငြော ဆင်းသက်ရလေ့ရှိသည်။ ရံဖန်ရံခါ လေညင်းတို့ ညိမ်သက် အနားယူသည့် ညဉ့်နက်သန်းခေါင် ညအချိန် စာကျက်လို့ ငြီးငွေ့ ပင်ပန်းသည့် အခါ ကောင်ကင်ဆီသို့ ငေးမောကြည့်လျက် ကြယ်စင် ကြယ်ဖူးတို့ကို တစ်လုံးခြင်း ခူးဆွတ်ကာ သူတည်ဆောက်သော အိမ်ကို အလှဆင်လေ့ရှိသည်။

သူငယ်စဉ် အခါတုန်းက သစ်ပင်၊ပန်းပင်တို့ တစ်စတစ်စ တဖြည်းဖြည်း ကြီးထွားဖွံ့ဖြိုး ပြောင်းလဲသော ဖြစ်စဉ်ကို အလွန်စိတ်ဝင်စားလေ့ရှိသောကြောင့် သူတည်ဆောက်သော အိမ်နံရံများတွင် မေးခွန်းပေါင်းမြောက်မြားစွာကို ရေးခြစ်ခဲ့လေသည်။ ပန်းကလေးတွေ ဘယ်အချိန်တွင် ဘယ်လို ပွင့်သလဲဆိုတာ မေးထားသည်။ ပုရွက်ဆိတ်ကလေးတွေ ဘာကြောင့် တန်းစီပြီး သွားကြသလဲ ဟု ဆိုသော မေးခွန်းများလည်း ပါသေးသည်။ ရွှေငါးလေးများ ကူးခတ်နေသည်ကို မျက်လုံး မမှိတ်မသုန် ထိုင်ကြည့်လျက် လေ့လာခဲ့သေးသည်။ သို့ရာတွင် သူ၏ မေးခွန်းများကို မည်သူတစ်ဦးမျှ မဖြေနိုင်သောအခါ ထိုမေးခွန်းများသည် နံရံပေါ်တွင် တဖြည်းဖြည်းနှင့် မှိုတက် ခြစားလာကာ မှေးမိန်ပြောက်ကွယ်သွားသည်။ ထို့နောက် သူသည် သူ၏ မေးခွန်းများကို ထိုနံရံပေါ်တွင် ဘယ်တော့မှ မရေးခြစ်တော့ပဲ စိတ်ကူးလှောင်အိမ်တွင် တိတ်တဆိတ် သိမ်းဆည်းထားကာ ထူးချွန်ပြောင်မြောက်သော ဗိသုကာ လက်ရာများကို ညာဖက်လက်ဖြင့် တည်ဆောက်နေချိန်တွင် ဘယ်ဖက်လက်က ပန်းပင်တို့ကို ပြုစုပျိုးထောင်သောလက်၊ ငါးကလေးများ၊ ငှက်ကလေးများကို စည်းပွား များပြားစေသော လက်ပိုင်ရှင်တစ်ယောက် ဖြစ်စေခဲ့လေသည်။

အခြေခံ အတန်းပညာများ ကို လေ့လာ သင်ကြားနေချိန်တွင် သူတည်ဆောက်သော ဗိသုကာ အဆောက်အဦးများသည် အခြေခိုင်လေ့ မရှိချေ။ ဘောင်ခတ်ထားသော လူတို့၏ အဖွဲ့အစည်းက သူ့အား ခံစားချက်များများ ခံစားနိုင်ခွင့် မပေးထားချေ။ သူ့အတွက် ဘယ်လို နေထိုင်ရမည်။ ဘယ်လို့ ပြုမူပြောဆို နေထိုင်ရမည် အစရှိသဖြင့် သတ်မှတ်ချက်များ ချမှတ်ထားပြီးသာ ဖြစ်နေသည်။ မလူးသာ မလွန့်သာ၊ အချူပ်အနှောင်တို့ဖြင့် ပြည့်ကျပ်နေသော ပတ်ဝန်းကျင်တွင် သူသည် ထူးချွန်သော ဗိသုကာ အတတ်ပညာရှင် ပီသစွာ အလွန်တရာ မြင့်မားကာ ချွန်ထက်သော အမိုးများဖြင့် သူ၏ အဆောက်အဦးများကို တည်ဆောက်လေ့ရှိသည်။ သို့ရာတွင် သူ၏ အဆောက်အဦးများသည် တစ်ဆင့်ပြီး တစ်ဆင့် မြင့်မားစွာ တိုးတက်သွားခွင့် မရလိုက်ချေ။ သူအား ဖုံးကာ အုပ်မိုးထားသော စည်းကမ်း ဥပဒေတို့သည် သူ၏ အဆောက်အဦးတို့ကို ဖိသိပ်ချေမွ ပစ်လေ့ရှိသည်။

ရံဖန်ရံခါ သူ၏ ပန်ဝန်းကျင်မှ လူတို့က သူအား အကျိုးအကြောင်း၊ အကောင်းအဆိုး တို့ကို ဝေဖန်ပိုင်းခြားတတ်ရသည် အသိပညာတို့ရှိဖို့လိုသည်ဟုု ဆိုသည်။ ထိုသည်အတွက် ဘယ်လို လုပ်ရမည်။ အဘယ်ကဲ့သို့သော ယဉ်ကျေးမှု ဘောင်အတွင်းတွင် နေထိုင်ရမည် အစရှိသဖြင့် တင်းကျပ်ထားလေ့ရှိသည်။ ပုံမှန်အားဖြင့် ထိုအရာများသည် ယေဘူယျ မှန်ကန်သည်ဟု ထင်ရသော်လည်း သူ့အတွက် လေ့လာစူးစမ်းခွင့်၊ တွေ့ခွင့်၊ မြင်ခွင့်၊ ကြားခွင့် စသည့် အတွေ့အကြုံများ ဆုံးရှုံးသွားလေသည်။ သူသည် အများသူငှာ လုပ်ဖူး၊ သိဖူး၊ ကြားဖူး ထားသည်အရာများကို ပျင်းရိငြီးငွေ့စွာ လေ့လာ သင်ယူခဲ့ရလေသည်။

သူတည်ဆောက်သည့် အိမ်များ ပြိုလဲဖျက်ဆီးခံရသည့် အခါတိုင်း သူသည် နာကျင်ရသည်။ ရင်သွေးငယ်တစ်ယောက် ဆုံးရှုံးသွားသော သားသည်မိခင်ကဲ့သို့ ကြေကွဲရလေ့ရှိသည်။ ဤသို့ဖြင့် သူသည် ဓါးတစ်လက်ဖြင့် တစ်ချက်ခြင်း အမွန်းခံရသော ဒဏ်ရာရ ကျားနာတစ်ကောင်ကဲ့သို့ ဖြစ်လာသည်။ တဖြည်းဖြည်းနှင့် ကြီးပြင်း အရွယ်ရောက်ကာ လူငယ်လူရွယ်တစ်ယောက် ဖြစ်လာချိန်တွင် သူတည်ဆောက်မည့် ဗိသုကာလက်ရာများကို ဖျက်ဆီး ခြေမွမည့် လူများက နေရာမျိုးစုံ၊ ထောင့်ကွယ်အမျိုးမျိုးမှနေ ၍ မှောင်ရိပ်ခို ချောင်းမြောင်း တိုက်ခိုက်ကြလေ့ရှိသည်။

အဖန်ဖန် အခါခါ ဆုံးရှုံး ချေမွခံလိုက်ရသော အခါ သူသည်လည်း တန်ပြန် တွန်းကန် တုံ့ပြိုင်နိုင်သည် ဟူသော အခြေခံ အုပ်မြစ်ကို တစ်စတစ်စ လေ့လာ တွေ့ရှိလာသည်။ တွန်းတွန်းတိုက်တိုက် မီးဇာကုန် ရေခန်း၊ ဘုရင်နောင် ဖောင်ဖျက်သည့် စိတ်ဓါတ်တို့ စတင် မွေးဖွားလာခဲ့သည်။ ဆုံးရှုံး ထိုးနှက် ခံရဖန်များသော အခါ ကိုယ်ပိုင် အစစ်အမှန်ကို လျို့ဝှက်တတ်သော အလေ့အကျင်တို့ ကျင့်သုံးလာသည်။ သူ၏ လျို့ဝှက်စွာ နေတတ်လာမှုတို့ကြောင့် နောက်ဆုံး ၌ သူ၏ ဖခင်သည်ပင်လျှင် သူသည် အဘယ်ကဲ့သို့သော လူစားမျိုး ဖြစ်သည်ကို ပင် မသိတော့ချေ။

“မင်းဆိုတဲ့ ကောင်က လမ်းဘေးရောက်မှာ..ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်လာမှာ မဟုတ်ဘူး” လို့ သူ့ အဖေက သူ့ကို ပြောတော့ ဘိန်းစားရုပ်၊ ခန္ဓာကိုယ် ပိန်ပိန်ခြောက်ခြောက် နဲ့ ဆံပင်အရှည် အလည်ခွဲ အောက်မှ သူ့၏ မျက်လုံးက တချက် လက်ကနဲ ဖြစ်သွားတယ်။ အဆောက် အဦးပေါင်း မြောက်မြားစွာကို ဆောက်လုပ်နေသော သူ၏ လက်ဖဝါး အစုံတွင် အဘယ်ကဲ့သို့သော ခွန်အားများ ကိန်းအောင်းနေမည်ကို ထိုစဉ်က သူကိုယ်တိုင်ပင် မစမ်းသပ် မစစ်ဆေးရသေးချေ။

သူ၏ အိမ်များသည် ပုံစံ အမျိုးမျိုး စုံလင်လှသည်။ နုနုညံ့ညံ့ ပျော့ပြောင်းသော ဖယောင်းတို့ဖြစ်တည်ဆောက်ရသည့် အိမ်များလည်းရှိသည်။ သံမဏိတို့ဖြင့် အတိပြီးသော လေးထောင့် စပ်စပ် အိမ်များလည်းရှိသည်။ အချို့သည် အလွန်တရာ ဆန်းကြယ်လွန်းသောကြောင့် ကမ္ဘာမြေပေါ်မှ လူအများပင် မမြင်ဖူးသေးသော ပုံစံဆန်းများဖြစ်သည်။ သူသည် သူတည်ဆောက်ထားသော အိမ်များကို ရောင်းဖို့ ကြိုးစားသည်။ သူ၏ ပြခန်းသို့ လူအများ လာရောက် ကြည့်ရှုကြသောအခါ ထိုသူတို့ကို လေ့လာရသေးသည်။

“ခင်ဗျာမှာ နည်းပညာ အသစ်အဆန်းတွေ နဲ့ဆောက်ထားတဲ့ ပုံစံ ဆန်းဆန်းလေး အိမ်လေးတွေ မရှိဘူးလား” လို့ မေးတဲ့လူရှိတဲ့ အခါဆို သူရဲ့ လျို့ဝှတ်တဲ့ နည်းပညာနဲ့ ဆောက်ထားတဲ့ အိမ်ပုံစံတွေကို ထုပ်ပြရလေ့ရှိတယ်။ သူရဲ့ နောက်ကြောင်း ရာဇဝင်ကို မသိတဲ့ လူတချို့ကတော့ သူ့အပေါ်ကို ကြွားကြွားဝါဝါနဲ့ ငွေကြေးအမြောက်အမြားပေးပြီး သူ့ရဲ့ အိမ်တွေအကုန်လုံးကို ဝယ်ယူမယ် ဆိုတဲ့ အကြောင်း၊ သူတို့သည်သာ အကောင်းဆုံးသော လူတန်းစားများ ဖြစ်ကြသည် ဆိုတဲ့ အကြောင်း အကျယ်တဝင့် လာပြောတတ်ကြတယ်။ တစ်ပါးသူကို စိတ်ဝင်တစား လျို့ဝှက် လေ့လာတတ်လေ့ရှိတဲ့ သူကတော ပြုံးပဲ ကြည့်နေလိုက်တယ်။ မိန်းကလေးတွေအကြောင်း၊ မိန်းမလှလေးတွေကိုမှ စိတ်ဝင်စားတဲ့ ယောကျာင်္းဘသားတွေကြသော မိန်းမချော၊ မိန်မလှလေးတွေနဲ့ တန်ဆာဆင်ထားတဲ့ အိမ်မျိုးကို ထုတ်ပြရတယ်။ သူတို့လို လူမျိုးတွေက အိမ်ဆို နုနုရွရွ ကယုကယ ကနုတ်ပန်းလေးတွေနဲ့ ဖော်ကျုးထားမှ စိတ်ဝင်စားကြတာကိုး။

သူဟာ သူရဲ့ အိမ်တွေရဲ့ အပြင်ပန်းကို သင့်တော်ရာ ပုံစံ အမျိုးမျိုးနဲ့ မှုန်းချယ်ထားပြီး သူ့ရဲ့ လျို့ဝှက်တဲ့ တကယ့် ကိုယ်ပိုင် အခန်းကို မျက်စိရှုပ်စေတဲ့ ဆေးရောင်စုံ အမျိုးမျိုး ချယ်သထားပြီး ကာကွယ် ဖုံးအုပ်ထားတယ်။ ဒါမှလည်း သူတစ်ယောက်တည်း သူရဲ့ အိပ်ခန်းမှာ ထိုင်ပြီး လူတွေအကြောင်းကို မမြင်ကွယ်ရာကနေ အသေးစိတ်လေ့လာနိုင်မှာဖြစ်တယ်လို့ ဆိုလေ့ရှိသည်။ အိပ်ခန်းလို့ ဆိုပေမယ့်လည်း သူမှာ ပိုင်ဆိုင်ထားတာဆိုလို့ အလွန်တရာ များပြားပြီး အံ့မခန်း အဖိုးတန်တဲ့ အကာင်းဆုံးသော စာအုပ်စဉ်ကြီးတွေ၊ ရှာဖွေ စုဆောင်းထားတဲ့ တံဆိပ်ခေါင်းအဟာင်းတွေပဲရှိတယ်။ တံဆိပ်ခေါင်းဆိုတာ တကယ်တော့ သူတို့ဟာ လှပစွာ ဘောင်လေးတွေ ခတ်ထားတဲ့ သေးကွေးလှတဲ့ ပန်းချီကားလှလှလေးတွေပဲ မဟုတ်ဘူးလား။

သူ၏အဖေက သူ့ကို အသက်မွေးဝမ်းကြောင်း ပညာတစ်ခုတတ်စေချင်သည်။ အသက်မွေးဝမ်းကြောင်းပညာဆိုသည်မှာ ဘာကို ဆိုလိုမှန်း သူနားမလည်။ သူတည်ဆောက်ထားသော အိမ်များ၊ အဆောက်အဦးများအကြောင်း ပြောပြရန် စကားစကြည့်သည်။ သို့ရာတွင် မည်သူတစ်ဦးမှ နားမလည်သော အခါ ကိုယ့်အကြောင်းကို တစ်ပါးသူတို့အား ပြောပြ ဖေါ်ပြခြင်းထက် သူ့တို့ အကြောင်းကို ပြဇာတ် ဝတ္ထု ဖတ်သလို လေ့လာ ဖတ်ရှုတော့သည်။ ဤသို့ဖြင့် သူသည် လျို့ဝှက်သော လူတစ်ယောက်ဖြစ်လာသည်။ ထို့နောက် သူသည် ခမ်းနားဆန်းကြယ်သော အိမ်ကြီး အိမ်ကောင်းများကို အလျင်အမြန် တည်ဆောက်ခြင်းထက် အိမ်ဆောက်ရန်အတွက် လိုအပ်သော ကျယ်ပြန့်သည့် အခြေခံ အခင်းအကျင်းကို လိုက်လံရှာဖွေရတော့သည်။

သူ တည်ဆောက်ထားသော အိမ်များတွင် ရေးဆွဲထားသော ရုပ်ပုံလွှာများ တွင် အချို့သည် နှစ်ပရိစ္ဆေဒ ကြာမြင့်လာသည်နှင့် အမျှ ပျောက်ကွယ်သွားကြသည်။ ငယ်စဉ်ကလေးဘဝကတည်းက စဉ်ဆက်မပြတ်ရေးဆွဲလေ့ရှိသော ဆံပင်ရှည်ရှည်နှင့် တရုပ်မကောင်မလေးတစ်ယောက်သည် သူကြီးပြင်လာသောအခါ မှေးမှိန်ပျောက်ကွယ်သွားသည်။ မူလတန်းကျောင်းသား ဘဝက သူငယ်ချင်းနှင့် အတူတကွ ရေးဆွဲလေ့ရှိသည့် ကာတွန်းစာအုပ်သည့် သေတ္တာထဲတွင် အသေပိတ်ဆို့ကာ ဘယ်တော့မှ ပြန်လည် ဖွင့်မကြည့်တောချေ။ အချို့ ပုံကြမ်းတို့သည် အရည်ပျော် စီးကျကာ ပုံဏ္ဍာန် ပျက်သွားကြသည်။
အချို့သော ပုံရိပ်တို့သည်ကား အချိန်ကာလအပေါ် မူတည်လျက် တစ်စတစ်စပီပြင်လာသော သဘောရှိသည်။ သူ့အတွက် မှတ်မှတ်ရရ ပီပြင်လာသော ပုံရိပ်ပေါင်းများစွာထဲမှ ပီပြင်လာသော လက်ရာတစ်ခုမှာ မုန်တိုင်းဒဏ် ခံနိုင်သော တောင့်တင်းခိုင်မာသည့် အိမ်ဆောက်ရန်ဖြစ်သည်။

ငယ်ရွယ်စဉ်အခါက မာန်မာနတို့ ပြည့်လျံ ဖြိုးမောက်လျက် ခွန်အားတို့ဖြင့် ကျားကန်ထားသော အချိန်၊ ဖိသိပ် ချိုးနှိမ်မှုတို့နှင့် ထိတ်တိုက် ရင်ဆိုင်တွေ့ကြရသည့် အခါတွင် သူသည် အဝေးသို့ လွင့်စင်သွားခဲ့ရသည်။ ဖြူစင် အားနည်းသူတို့ အပေါ် အနိုင်ယူ၊ ကြီးစိုးကြလေ့ရှိသည့် လူတို့၏ အဖွဲ့အစည်းထဲသို့ သူရောက်သွားချိန်သည် အားလုံးက သူ့အပေါ် လွှမ်းမိုးနိုင်ရန် ကြိုးစားကြသည်။ ထိုအခါ သူသည် တိုက်ပွဲဝင် တိုက်ဆင်တစ်ကောင်ကဲ့သို့ နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ခွန်အားတို့ကို ပြင်ဆင်ရတော့သည်။ လျို့ဝှက်တတ်သော သူ၏ သဘာဝကြောင့် လူတို့က သူ့အပေါ် လွှမ်းမိုးနိုင်ကြပြီဟု ထင်ကြလေသည်။ သူ့အပေါ် လူတို့၏ ထင်မြင်ယူဆချက် ဘာသာပြန်ချက်တို့က ပုံသဏ္ဍာန်မျိုးစုံ ရောင်ပြန်ဟတ်နေချိန်တွင် သူသည် ခွန်အားအပြည့်ဖြင့် ထိုးစစ်ဆင် နိုင်ခဲ့သည်။ သူသည် ရုန်းကန် ထကြွခဲ့သည်။

ထို့နောက် သူ၏ ဗိသုကာ လက်ရာများကို တစ်ခုပြီး တစ်ခု စျေးကွက်တင် ရောင်ချဖို့ ကြိုးစားကြည့်သေးသည်။ သူ၏လက်ရာများကို တာဝန်ယူ တည်ဆောက်ပေးမည့် လူ တစ်ယောက်ပြီး တစ်ယောက် တွေ့ကြည့်သည်။

ဓနရှင် စီးပွားရေးသမားတစ်ယောက်သည် ဆုံလည်ကုလားထိုင်တွင် ထိုင်လျက် စီးကရက်ကို ဟန်ပါပါ တစ်ချက်ဖွာကာ သူကို မျက်လုံးမှေးကြည့်သည်။
“အင်း….မင်းရဲ့ လက်ရာတွေက မဆိုးပါဘူး. ဒါပေမယ့် မင်းရဲ့ ဖန်းတီးမှုလက်ရာတွေအပေါ် ငါက ကိုးဆယ်ရာခိုင်နှုန်း အကျိုးအမြတ်ယူမယ်. ပြီးတော့ ငါ့ခိုင်းသမျှ မင်လုပ်ပေးရမယ်.”
ထိုစဉ်က သူ့၏ လက်ဖဝါးတို့သည် တုန်ခါလျက် ထိုင်ခုံတွင် ထိုင်နေသူကို ဘယ်ပြန်ညာပြန် နဘန်ကျင်းလိုလှသည်။ အကျိုးအမြတ်တွက်ချက်လေ့ရှိကြသော စီးပွားရေးသမား သကောင့်သားတို့၏ သဘာဝကို ရွံမုန်းခဲ့သည်။

အခြား စီးပွားရေး သမားတစ်ယောက်က လူကြီးလူကောင်းဆန်ဆန် ဝတ်ဆင်လျက် နုညံ့သော စကားကို ဆိုသည်။
“မင်းရဲ့ ဘဝတက်လမ်းတွေ အတွက် ငါမြေတောင် မြှောက်ပေးမယ်. ငါ့ဆီမှာဆိုရင်တော့ လူရည်သန့်တွေနဲ့ပဲ ပြောဆိုဆက်ဆံရမှာ. မင်းလာခဲ့တဲ့ သူခိုး၊ ကြမ်းပိုးတွေ အသိုင်းအဝိုင်းမျိုးတော့ မဟုတ်ဘူး.”
“အလဲ့…ဒီလူက တယ်ဟုတ်ပါလား…ငါ့ရဲ့ သူခိုး၊ ကြမ်းပိုး အကျင့်တွေနဲ့ ဘီးလူးဇာတ် မခင်း ခင် ပြန်မှပဲ”
ဒါတောင် သူသည် ငါးခူတစ်ကောင်လို လှောင်ပြုံးတစ်ခုကို နူတ်ခမ်းတစ်ဖက်တွင် အသာအယာ ကွေးတင်လျက် ကိုယ်ကို မတ်ထားကာ ပြောဖြစ်အောင်ကို ပြောလိုက်သေးသည်။
“ခင်ဗျား ပြောတဲ့ လူရည်သန့်တွေဆိုတာ ဆင်းရဲနွမ်းပါး အားနည်းတဲ့ လူတွေအပေါ် ပညာရှိနည်းနဲ့ တဖက်လှည့် ဂုတ်သွေးစုတ် အကျိုးအမြတ်ယူနေတဲ့ လူတွေကို ပြောတာလား..”

လူတွေက ခက်ပါတယ်။ အမှန်ကို တည့်တည့်ပြော၊ အရှိုက်ကို ထိသွားသော ရှုးရှုးရှဲရှဲနဲ့ လူကြီးလူကောင်း အရည်ခွံကွာပြီး နင်ပဲငဆ၊ မင်းကဘာကောင်းလဲ၊ ဘာအားကိုးရှိလို့ လာပြောတာလဲ။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ သူ့ကို အခန်းထဲက နှင်ထုတ်ပါလေရော။

ဤသို့ဖြင့် သူသည် သူ၏ ဗိသုကာ လက်ရာများကို ပြန်လည် တည်ဆောက်ဖို့ အတွက် ရင်းနှီး ပေးဆပ်မှုများ ဖြင့် စတေးရတော့မည်ကို လေ့လာခဲ့ရသည်။ သူသည် အထူးအခွင်အရေးများ ရလေ့ရှိသည့် စစ်ဗိုလ်၊ ဝန်ကြီးတို့၏ မိသားစုတွင် လူဖြစ်မလာခဲ့ချေ။ သူ၏ မိဘများသည်လည်း ရေပွက်ရာ ငါးစာချတတ်သည့် အခြားစီးပွားရေးကဲ့သို စီးပွားရေး အမြင်လည်း မရှိခဲ့။ အနှစ်နှစ်ဆယ်ကျော် အင်္ကျီ အသစ်ဝယ် မဝတ်ဖူးသော မိသားစုတွင် ကြီးပြင်းလာသော သူ့တွင် စိတ် ဓါတ်ခွန်အားတစ်ခုသာလျှင် ကိုးကွယ် အားထားရာ ဖြစ်ခဲ့သည်။

တစ်နေ့တွင် သူ၏ သူငယ်ချင်း မိန်းကလေးတစ်ယောက်က သူမ၏အစ်ကိုအတွက် အမှတ်တရ ဘုန်းကြီး ဆွမ်းကပ်မည့် ပွဲကို ဖိတ်သဖြင့် သူရောက်သွားသည်။ သူရယ်၊ ဆွပ်ကပ်မည့် မိန်းကလေးနှင့်၊ အခြား မိတ်ဆွေ အနည်းငယ်မျှသာ ရှိသည်။ သာမန် သေးငယ်သော ပွဲနေ့လေးတစ်ခုဖြစ်ခဲ့သည်။ သူငယ်ချင် မိန်းကလေးက ၁၉၈၈-ခုနစ် တွင် မြန်မာပြည် စစ်တပ်၏ ဖမ်းဆီး သုတ်သင်မှုကြောင့် ပျောက်ဆုံးသွားခဲ့ရသော သူမ၏ အစ်ကို တက္ကိုလ်ကျောင်းသားအတွက် နှစ်ပတ်လည် ဆွမ်းကပ်သည့် ပွဲဖြစ်သည်။ ထို့နေ့က သူမကြောင့်၊ သူမအတွက် အိမ်လေး တစ်အိမ်ဆောက်ဖြစ်ခဲ့သေးသည်။

ဟိုတလောက သူဆီမှ အဆောက်အဦး ပုံကြမ်းတွေကို ခဏဆိုပြီး ငှားရမ်းသွားသော လူတစ်ယောက် ယနေ့ထက်တိုင် လိုက်ရှာလို့ မရသေးချေ။ သူ၏ လက်ရာများကို ယူဆောင်သွားလျက် ဘယ်ကမ္ဘာ၊ ဘယ်လောကတွင် ပုန်းရှောင်နေသည် မသိ။ ပေးလိုက်ပြီ ဖြစ်သော ထိုလက်ရာ ဖန်းတီးမှုများအတွက် သူ့တွင် ဒုတိယအကြိမ် ထပ်မံ၍ ဖန်တီးလိုစိတ် မရှိချေ။

တစ်နှစ်လျှင် တစ်ကြိမ်ခန့် သူရေးခြစ်ထားသော အဆောက်အဦး ပုံကြမ်းတို့ကို လှန်လှောရှာဖွေကြည့်သည့် အခါ အသက်ကြီးလှသည်နှင့် အမျှ သိပ်ပြီး မကျန်တော့သည်ကို တွေ့ရသည်။ ငှားရမ်းပြီး ပြန်မပေးသူတွေ လည်း ရှိသည်။ လမ်းခရီး တလျှောက်တွင် တစ်ချို့လည်း ကျရစ်ခဲ့ကာ ဘယ်ရာတွင် ဘာတွေ ကျန်ရစ်ခဲ့သည်ကို မသိရတောချေ။

အနန္တမေတ္တာဖြင့်
ဘကောင်း

တရုတ်ပြည် အား ဘယ်လိုအုပ်ချုပ်ထားသနည်း။ (၃)


ပါတီ အငြိမ်းစား လူကြီးများ

ပါတီ၏ အထက်ပိုင်းခေါင်းဆောင်များသည် အာဏာရှိသည့် ရာထူးရာခံ အလုပ်များမှ တရားဝင် အနားယူပြီးသွားခဲ့ကြသော်လည်း တစ်ခါတရံ ပါတီတွင်း၌ နေရာခန့်ထားမှုများ နှင့် အခြားဆုံးဖြတ်ချက်များအပေါ် ဆက်လက် ဝင်ရောက်စွတ်ဖက်နေကြကာ သြဇာလွမ်းမိုးကြသည်။

အကောင်းဆုံး ဥပမာသည် တိန့်ရှောင်ဖိန် ပင်ဖြစ်သည်။ သူ့တွင် တရားဝင် ရာထူးအနေဖြင့် တရုတ်ပြည် တံတား အဖွဲ့အစည်း၏ ဥက္ကဋ္ဌအဖြစ် သာရှိတော့ပေသည့် ကွန်မြူနစ်ပါတီ၏ အရေးပါ အရာရောက်ဆုံး ခေါင်းဆောင်အဖြစ် ဆက်လက် တည်ရှိနေသည်။

ပြောရမည် ဆိုလျှင် သြဇာ အာဏာ ဆက်လက် လွှမ်းမိုးနေသည်မှာ တိန့် နှင့် ရာထူးမှ အနားယူနေသော အခြား ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်ကြသည်။ သူတို့သည် တိုင်းပြည်ကို တုန်လှုပ်စေမည့် အရေးကြီးဆုံးသော ဆုံဖြတ်ချက်များကို ချကြသည်။ ညမထွက်ရ ဥပဒေ နှင့် ၁၉၈၉-ခုနှစ် တိယန်မင်း ရင်ပြင် ဆန္ဒပြမှုကို ဖြိုခွင်ရန် စစ်တပ်ကို စေလွှတ်စေခဲ့သူများလည်း ဖြစ်သည်။ ထိုဆုံဖြတ်ချက်သည် တကယ်တော့ ပေါလစ်ဗြူရို ၏ အမြဲတမ်း အလုပ်အမှုဆောင်အဖွဲ့ မဟုတ်ချေ။ တိန့်အပါအဝင်၊ ရာထူးမှ အနားယူနေသော ထိပ်ပိုင်း ခေါင်းဆောင်များ ဝင်ရောက်ကာ အမိန့်ပေး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ အကြောင်းအရာများသည် ယနေ့ထက်တိုင်အောင် အရေးကြီးလှလေသည်။ တရုတ်ပြည် သမ္မတ ဟူကျင်တောင်း သည် ယခင်သမ္မတဟောင်း ကျန်ဇီမင်း၏ သြဇာအာဏာ လွမ်းမိုးမှု နည်းပါးစေရန် ကြိုးစားနေသူဟု ထင်မြင်ယူဆရသည်။ တရုတ်ပြည်၏ အငြိမ်းစား ခေါင်းဆောင် လူကြီးများ လက်ဆက်၍ အာဏာကို တည်မြဲအောင် လုပ်ထားနိုင်ခြင်း၏ အကြောင်းအရင်းမှာ တရုတ်ပြည် နိုင်ငံရေးသည် အာဏာနှင့် စည်းစိမ်ကြွယ်ဝသူများက အဆင့်ဆင့် လက်ဆင့်ကမ်း တည်ဆောက်လာသည့် သဘောသဘာဝကြောင့် ဖြစ်လေသည်။

ကျန်ဇီမင်းနှင့် သူ၏ လက်ဆင့်ကမ်း အမွေဆက်ခံသည့် အခြား ပါတီ အဖွဲ့ဝင်များသည် နည်းပရိယာယ် အကွက်ဆင်ကာ ပေါလစ်ဗြူရိုနှင့် အစိုးရ ဗြူရိုကရေစီ အတွင်းသို့ သူတို့၏လူူများ ထည့်သွင်းခဲ့သည်။

ဤနည်းဖြင့် သူတို့သည် နောက်တက်လာမည့် မျိုးဆက်သစ်များ အပေါ် သြဇာလွမ်းမိုးမှုအား ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။ နောက်တက်လာသည့် ခေါင်းဆောင်တို့သည် ထိုကဲ့သို့ အဖြစ်အပျက်များ အပေါ် ပါးနပ်နားလည်ကာ အတွေ့အကြုံများရှိသော်လည်းပဲ သူတို့သည် ထို နည်းပရိယာယ်များကို ဆက်လက် အသုံးချကာ အာဏာကို ဆက်လက် အဓွန့်ရှည်စေခဲ့သည်။

ပုံမှန်အားဖြင့် အာဏာအတွက် အာဏာဖြင့် ထိန်းချုပ်ထားကြရုံပင် မဟုတ်ကြချေ။ တရုတ်ပြည်တွင် အငြိမ်းစား ခေါင်းဆောင်များ၏ စည်းစိမ်ဥစ္စာကို ကျားကန်ပေးထားသော ဥပဒေသည် တချိန်ချိန် ၌ ပြန်ပြောင်း လှည့်လည်သွားနိုင်ကြောင်း အငြိမ်းစား ခေါင်းဆောင်များ ကိုယ်တိုင် သိထားကြသည်။ ထို့ပြင် သူတို့သည် သူတို့၏ သားသမီး၊ မြေးမြစ် များကို ကြည့်ရှု့ စောင်မကြရသေးသည်။ အကယ်၍ သူတို့၏ သြဇာ အာဏာ သက်ရောက်မှုသည် မှေးမှိန်သွားပါက သူတို့၏ မျိုးဆက် သားသမီးများ၏ ဥစ္စာ ဓန ကြွယ်ဝ ချမ်းသာမှုတို့သည့် ထိခိုက် ပျက်ဆီးသွားနိုင်လေသည်။

နိုင်ငံအတွက် အလုပ်လုပ်ခဲ့သည့် အတွက် ပြန်လည် အခွင့်အရေးယူသည့် အနေဖြင့် အငြိမ်းစား ခေါင်းဆောင်တို့သည် အထူးအခွင့်အရေးများ နှင့် ပြည့်စုံကောင်းမွန်သော အငြိမ်းစားမှုများ ရှိကြလေသည်။ သူတို့သည် အကောင်းစား အစောင့်အကြပ်များ၊ အိမ်ကြီး ယာကြီးများ၊ ကိုယ်ပိုင် အတွင်းရေးမှုများ၊ ယာဉ်မောင်းများ ဖြင့် နေကြသည်။ ထို့ပြင် သူတို့သည် နိုင်ငံ၏ အရေးကြီးသော စာရွက်စာတမ်းများနှင့် သတင်းအချက်အလက်များကိုလည်း ကြည့်ရှု့ ဖတ်ယူနိုင်စွမ်းလည်း ရှိကြသေးသည်။

စစ်မှုရေးရာ အမှုဆောင် ကော်မရှင်

တရုတ်ပြည်၏ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး(China People’s Liberation Army) သည် တိုင်းပြည်၏ နယ်မြေ ဒေသများကို ကာကွယ်ရသလို ပါတီကိုလည်း အမြဲတန်း ကျားကန် ကာကွယ် ထားရသည်။

ကွန်မြူနစ် တို့၏ အုပ်ချုပ်မှု ကနဦးစ နှစ်များ၊ ပြည်တွင်းစစ်များ ဖြစ်ကြသည်တွင် တိုင်းပြည်၏ ခေါင်းဆောင်များသည် တမ်မတော် အောင်မြင်ကျော်ကြားရေးအတွက် သူတို့ထိန်းချုပ်ထားသော ရာထူးများကို စစ်တပ်မှ လူများအားပေးအပ်ကြသည်။ ထို့နောက် နိုင်ငံခေါင်းဆောင်များနှင့် တရုတ်ပြည် ပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် ချိတ်ဆက်ပေါင်းစည်းကြလျက်၊ အနီးကပ် ဆက်လျက် တည်ရှိခဲ့သည်။

သို့ရာတွင် အရင်တုန်းက မျိုးဆက်ဟောင်းများ ပြီးဆုံးသွားပြီး၊ တပ်မတော် အင်အားကို ပိုမို၍ ပညာတတ်များဖြင့် ဖြည့်တင်းလာကာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာကြသည်တွင် နိုင်ငံခေါင်းဆောင်ဟောင်များနှင့် တပ်မတော်၏ ကူးလူးပေါင်းစည်းမှုသည် အလွန် သိသာထင်ရှားမှု မရှိတော့သည့် အသွင်သို့ ပြောင်းလဲသွားသည်။

တပ်မတော်၏ အထောက်အပံ့ မရှိပဲ ပါတီ၏ခေါင်းဆောင်များ မရပ်တည်နိုင်ကြောင်း ၎င်းတို့ ကိုယ်တိုင်လည်း သိကြသည်။ ၁၉၈၉-ခုနှစ် တီယန်မင်အရေးတော်ပုံ ဆန္ဒပြသည့် အဖြစ်အပျက်တွင် စစ်တပ်ဖြင့် ဖြိုခွင်ခဲ့ရကြောင်း သက်သေပြလျက် ရှိသည်။ တချိန်တည်းမှာပင် တပ်မတော်၏ ထိပ်ပိုင် ခေါင်းဆောင်များ ကိုယ်တိုင်လည်း သူတို့အား ပါတီ၏ ခေါင်းဆောင်များက ကျောထောက်နောက်ခံ ပေးထားမှု လိုအပ်ကြောင်း သုံးသပ်မိကြသည်။ အဘယ်ကြောင့် ဆိုသော် ပါတီ၏ ခေါင်ဆောင်များကသာ တပ်မတော် အင်အားကို ခေတ်မီအောင် အပြောင်းအလဲ အစီအစဉ်များချမှတ်ကာ တပ်မတော်ခေါင်းဆောင်များ အား တာဝန်ပေးအပ်ကြရသည်။

တပ်မတော် အပေါ် ပါတီ၏ ထိန်းချုပ် ထားမှုနှင့် သူတို့၏ နယူကလီးယား အင်အားတည်ဆောက်မှုများကို ဗဟို စစ်မှုရေးရာ အမှုဆောင် ကော်မရှင်မှ စနစ်တစ်ကျ အဆင့်ဆင့် ချုပ်ကိုင်ထားသည်။ အဖွဲ့ဝင် တစ်ဆယ်တစ်ဦးဖြင့် ဖွဲ့စည်းထားသော ကော်မရှင်သည် ပြည်သူလွတ်မြောက်ရေး တပ်ဦးနှင့် ပတ်သက်သည့် နောက်ဆုံးဘိတ် ဆုံးဖြတ်ချက်များ၊ စစ်တပ်၏ အထက်ပိုင် ခေါင်းဆောင်များ၊ တပ်မတော်ကို ရွှေ့ပြောင်းမှုများ၊ အင်အားတိုးချဲမှုများကို ဆုံးဖြတ်ကြသည်။ ကော်မရှင်၏ အဖွဲဝင်များသည် ထိပ်ပိုင်မှ အရာရှိ စစ်ဗိုလ်ချုပ်များ ဖြစ်ကြသည်။ သို့သော် ပိုမို ၍ အရေးကြီးသည့် ရာထူးနေရာများကို ပါတီ၏ ပိုမို၍ ထိပ်ပိုင်းကျသော ခေါင်းဆောင်များကသာ ချုပ်ကိုင်ထားကြသည်။
အရေးကြီးသော အချိတ်အဆက်များ
ကော်မရှင်သည် ပြည်သူ့ ရဲတပ် လုံထိန်းတပ်ဖွဲ့ဝင်များ ကိုလည်း ထိန်းချုပ်ထားသည်။ ထို ပြည်သူ့ ရဲ့တပ် လုံထိန်းတပ်ဖွဲ့များသည် အစိုးအရ၏ ဗဟို အဆောက်အဦးများ၊ ပီကင်းတွင် ရှိသော အဓိက ခေါင်ဆောင်များ၏ ဠာနချုပ် ဖြစ်သော ကျုံးနန်းဟိုင် ကို ကာကွယ်စောင့်ရှောက်ရသည့် အတိန်းအစောင်းမခံသော တာဝန်ကို ယူထားရသည်။

ထုံးစံအရ ကော်မရှင်၏ ဥက္ကဌ ရာထူးကို အမျိုးသား ပြည်သူ့ လွှတ်တော်မှ ရွေးကောက် တင်မြောက်ရသည်။ သို့ရာတွင် တကယ့်လက်တွေ့၌ ထိုအလုပ်သည် ပါတီ၏ အာဏာ အရှိဆုံးသော အလုပ်ဖြစ်သွားသည်နှင့် အမျှ ထိုနေရာသည်ပင် ကာကွယ်ရေး ဦးစီးချုပ်(Commander-in-chief) ဖြစ်လာသည်။

ဥက္ကဌ ရာထူးကို မော်စီတုံးက ယူခဲ့ပြီးနောက် တိန့်ရှောင်ဖိန်က ဆက်လက် တာဝန်ယူခဲ့သည်။ တကယ့်တကယ်တွင် တိန့်သည် အခြားရာထူးများမှာ အနားယူခဲ့သော်လည်း ကော်မရှင်၏ ဥက္ကဌ ရာထူးတွင် ဆက်လက် တည်ရှိနေခဲ့သည်။ လေ့လာသူများ အဆိုအရ တရုတ်ပြည်၏ တကယ့် အာဏာသည် ထိုရာထူးတွင်သာ တည်ရှိသည်ဟု ဆိုကြသည်။

၁၉၈၉-ခုနစ် တွင် ကျန်ဇီမင်း ဥက္ကဌ ဖြစ်လာသောအခါ သူ့တွင် စစ်တပ် ကျောထောက်နောက်ခံ နှင့် ထူးခြားသော အထောက်အပံ့ဟောင်းများ မရှိခဲ့ချေ။ သို့ရာတွင် ၎င်းကို ထောက်ခံသူများအား အသေအချာ ရွေးချယ်လျက် ရာထူးများတိုးပေးကာ၊ ဘဏ္ဍာရေးကိုလည်း တိုးမြင့်ပေးခဲ့သည်။ ဤသို့ဖြင့် ကော်မရှင်အတွင်း နှင့် စစ်တပ်မှ ထောက်ခံသူများကို တိုးပွားစေခဲ့သည်။

၂၀၀၄ ခုနစ် ကျန်ဇီမင်း အနားယူသွား ပြီးနောက် ဥက္ကဌ ရာထူးကို စစ်တပ်နှင့် အချိတ် အဆက် ပိုမိုနည်းပါးသူ ဟူကျင်တောင်းကို လွဲအပ်ပေးခဲ့သည်။ ဟူကျင်တောင်း ကိုယ်တိုင်လည်း ဥက္ကဌရာထူးကို လက်ခံယူပြီးသည့်အခါမှ သူ၏အာဏာကို စစ်တပ်တွင် အခြေပြုလျက် တည်ဆောက်ရန် ကြိုးစားခဲ့သည်။

ဆက်လက်ဖေါ်ပြရန်..

အမေရိကန်တို့၏ ရွေးကောက်ပွဲနှင့် မြန်မာတို့ အခွင့်အရေးများ (၂)


အမေရိကန် နိုင်ငံသည် အင်အား ကြီးမားလှသည်။ အမေရိကန်နိုင်ငံသားတို့သည် ကောင်းပေ ညွှန့်ပေ၊ အကောင်းတကာ့ အကောင်းဆုံးတို့ကို မှီဝဲ သုံးကြသည်။ သူတို့သည် စားနိုင်၊ သောက်နိုင်ကြသည့် အပြင် အိမ်ယာများ၊ ပညာရေးနှင့် ကျန်းမားရေး စသည့် အခြေခံ လူနေမှု စနစ်ကို ပြည့်ပြည့်ဝဝ ရှိကြသည်။ပြည့်ဝသည်ထက် ပိုလျှံ၍ ပင်နေတော့သည်။ သက်တန်းအားဖြင့် နှစ် နှစ်ရာ ကျော်ကျော်သာ ရှိသေးသော အမေရိကန် နိုင်ငံသည် အဘယ်ကဲ့သို့ သော အကြောင်းကြောင်း ကြောင့် အကောင်းဆုံးများကို သုံးစွဲနေကြရပါသနည်။ အမေရိကန်တို့၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် လူသားတိုင်းအတွက် တန်းတူ တူညီသော အခွင့် အရေးကို ဦးစာပေးထားသည်။ လူတိုင်းအတွက် ကိုယ်ပိုင် လွတ်လပ်ခွင့် ပေးထားသည်။ ထို့ အခြေခံ အကြောင်းအရာများကြောင့် အမေရိကန်တို့၏ အခြေခံ ဥပဒေသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ရေးဆွဲခဲ့ကြသော်လည်း ယနေ့ထက်တိုင် မှန်ကန်ကြောင်း သက်သေပြလျက် ရှိသည်။

အမေရိကန်တို့၏ ဒီမိုကရက်တစ် ပါတီ နှင့် ရီပတ်ပလေကန် ပါတီတို့သည် လက်ရှိ နိုင်ငံရေး အခြေအနေနှင့် မိမိတို့၏ အာဘော်ကို လိုက်လျက် အခြေခံ ဥပဒေအပေါ် အနည်းငယ်မျှသော ဖြည့် စွက်ချက်များ ဖြင့် သီးခြား အခြေခံ ဥပဒေကို ပြဒါန်း တင်သွင်းကြသည်။

လက်ရှိ အမေရိကန် သမ္မတ ဂျော့ဘွတ်ရှ်၏ ရှစ်နှစ်တာ ကာလာ အုပ်ချုပ်မှု လက်ထက်တွင် စစ်သုံးစရိတ်သည် အလွန် ကြီးမြင့်လာသည်။ အခွန်အထုတ်သည် လည်း ကြီးမြင့်သည်။ စီပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများသည် ကြီးမြင့်သော အခွန်အထုတ်တို့ကြောင့် အခြားတိုင်းပြည်တို့တွင် ပြောင်းရွှေ့ဖွင့်လှစ်ကြသည်။ ထို့ အတွက် အမေရိကန်တွင် အလုပ်လက်မဲ့ ဦးရေတိုးပွားလာသည်။ အလုပ်မရှိသည့် အတွက် အကြွေးနှင့် ဝယ်ယူထားသော အိမ်များကို အရှုံးခံ ပြန်ပေးကြသည်။ နယ်များတွင် အိမ် ခြံ မြေဈေး တဟုန်ထိုး ကျဆင်းသွားသည်။ ဘဏ္ဍာရေး အင်းအားလည်း ချိနဲ့နေသည်။ ထိုသည်အတွက် နိုင်ငံခြားမှ ပညာရှင်များအား အလုပ် အကိုင်အတွက် ခေါ်ယူသည့် နှုန်းနည်းသွားခဲ့သည်။ ကျောင်းများတွင် ပညာသင်ကြားရန်အတွင် ထောက်ပံ့ကြေးများလည်း နည်းသွားသည်။ ထောက်ပံ့ကြေးဖြင့် ကျောင်းတက်ရန် လာမည့် နိုင်ငံခြားမှ ကျောင်းသူကျောင်းသားများအတွက် အခွင့်အလမ်များလည်း နည်းသွားသည်။ သမ္မတ ဂျော့ဘွတ်ရှ်၏ နောက်ဆုံး သက်တမ်း ကာလာများတွင် လူကြိုက်နည်း လာကြသည်။

ဒီမိုကရက် ခေါင်းဆောင် အိုဘာမားသည် အသက်အားဖြင့် ငယ်ရွယ်သေးသော်လည်း စူးရှထက်မြက်သော လူမည်း ခေါင်းဆောင် တစ်ဦးဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုများကို အလိုရှိသည်။ လက်ရှိ သမ္မတ ဂျော့ဘွတ်ရှ်၏ မပြီးဆုံးသေးသော အီရတ်နှင့် အာဖကန်နစ်စတန် စစ်ပွဲများမှ အမေရိကန် စစ်တပ်ကို ဆွဲထုတ်လျက် အဆုံးသတ်လိုသည်။ အမေရိကန်တွင် အခြေချ နေထိုင်လျက်ရှိသော လူတန်းစားအားလုံးအတွင် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် တို့ကို ထောက်ပံပေးမည်ဟု လည်း ကတိပေးသည်။ တရိပ်ရိပ် ကျဆင်းနေသော အမေရိကန်တို့၏ စီပွားရေးနှင့် စစ်စရိတ်ကြောင့် ကုန်ခန်းနေသော အမေရိကန်တို့၏ ဘဏ္ဍာရေး အင်အား ပြန်လည် တောင့်တင်းလာစေရန် အလုပ် အကိုင် များ ဖန်တီးပေးမည်ဟု ဆိုသည်။ ဒီနေရာမှာ ဒီမိုကရက်တို့က လူတန်းစား အားလုံးဟုဆိုထားသည်။ ဒါကလည်း မှန်ပေသည်။ ဒီမိုကရက်တို့၏ အာဘော်သည် လူတိုင်း၊ အခြေခံ လူတန်းစားများ အပါအဝင် အားလုံးကို ကျန်းမားရေး၊ ပညာရေး၊ အလုပ်အကိုင် ထောက်ပံဖို့ ဖြစ်သည်။

ဤတွင် အထက်တန်းစား အမေရိကန်တို့သည် ဒီမိုကရက်တို့၏ အာဘော်ကို မကြိုက်ကြ။ အလုပ်လုပ်သော အမေရိကန်တို့၏ အခွန်အထုတ်မှ ရလာသော ငွေကြေးတို့ဖြင့် အလုပ် မလုပ်၊ ကလေးမွေးနေသော မိခင်များကို အလကား ထောက်ပံနေသည်ကို မလိုလားကြ။ အခြားတိုင်းပြည်မှ အခြေလာချသော၊ ခိုလှုံခွင့်ဖြင့် လာကြသော သူများကို ငွေကြေး များ ထောက်ပံ့နေကြသည်ကိုလည်း မကြိုက်ကြ။ အမေရိကန်တွင် အခြေချတာ ကြာမြင့်လျက် အမေရိကန် နိုင်ငံသား ဖြစ်သွားသော မြန်မာများကို တွေ့ဖူးပါသည်။ တစ်ချို့ ရီပတ်ပလစ်ကန်ဖက် ရိမ်းကြသည်။ သူတို့ အဆိုအရ သူတို့၏ အခွန် အထုပ်များဖြင့် အမေရိကန်ကို ဝင်ရောက် အခြေလာချသူများကို လုပ်ကြွေးနေကြရသည်ဟု ဆိုသည်။ သူရို့၏ တိုင်းပြည်သည် အမေရိကန်နိုင်ငံဖြစ်သွားကြသလေား။

ရီပတ်ပလစ်ကန်ခေါင်ဆောင် ဂျွန်မက်ကိန်းသည် နိုင်ငံခြားရေးရာတွင် ဝါရင့်ခေါင်းဆောင်တစ်ယောက် ဖြစ်သည်ဟု ကြွေးကြော်ထားသည်။ သူ၏ ပါတီသည် အမေရိကန်တို့၏ လုံခြုံမှုကို ဦးစားပေး လုပ်ဆောင်သွားမည် ဟု ဆိုသည်။ ပြိုင်ဖက် ဒီမိုကရက် ခေါင်ဆောင် အိုဘာမားကိုလည်း ဂျွန်မက်ကိန်းနှင့် စာလျင် ဝါနုသေးသည်ဟု ထောက်ပြကာ ပါတီအတွက် မဲဆွယ်နေလျက် ရှိသည်။ အီရတ်နှင့် အာဖကန်နစ်စတန် စစ်ပွဲများတွင် အမေရိကန်တို့ စစ်ရှုံးကာ ဆုတ်ခွာကြရမည်ကို မလိုလားချေ။ ရီပတ်ပလစ်ကန်တို့သည် ပြုပြင်ပြောင်းလဲမှုကို မလိုလားကြ။ ထို့အပြင် အသစ်ခန့်အပ်လိုက်သော ရီပတ်ပလစ်ကန်တို့၏ အမျိုးသမီး ဒုတိယ သမ္မတလောင်း ဆာရာပေးလင်း သည် ဒီမိုကရက်ဖက်မှ အမျိုးသမီး ဆီနိတ်တာ ကလင်တန်(သမ္မတ ဟောင်း ဘဲလ် ကလင်တန်၏ ဇနီး) ၏ မဲများကို သိမ်းကြုံးယူနိုင်ဖွယ်လည်း ရှိသည်။ ဆာရာပါလင်း သည် စကားပြာဆိုရာတွင် ထက်မြက်သလို့ အုပ်ချုပ်မှု အသစ်မှလာသော ဆီနိတ်တာလည်း ဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်မှုအဟောင်းများနှင့် ပြုပြင် ပြောင်းလဲမှု မရှိသော ရီပတ်ပလစ်ကန်တို့၏ အာဘော်ကို ထောက်ပြရန် ဒီမိုကရက်တို့ အခက်အခဲ ကြုံနိုင်လေသည်။

အသာစီးရှိလျက် ရှိသော ဒီမိုကရက်တို့သည် အသစ်ခန့်အပ်ထားသော ရီပတ်ပလစ်ကန်တို့၏ အမျိုးသမီး ဒုတိယ သမ္မတလောင်း ဆာရာပေးလင်း ကြောင့် အခြေအနေ တစ်မျိုး ပြောင်လဲသွားဖွယ် ရှိသည်။ ထို့ အတူ တကယ်တမ်း နင်လား ငါလား မဲပေးကြသည်တွင် ရီပတ်ပလစ်ကန်တို့ နိုင်သွားနိုင်ပေသေးသည်။ ပြီးခဲ့သည့်လေးနှစ် ရွေးကောက်ပွဲတွင် ထိုကဲ့သို့ အဖြစ်အပျက်က ဖြစ်ခဲ့ ဖူးပြီးပြီ။ ထိုစဉ်က ဒီမိုကရက်တို့ နိုင်မလိုလိုနှင့် နောက်ဆုံးတော့ ဂျော့ဘွတ်ရှ်၏ ရီပတ်ပလစ်ကန် ပါတီက နိုင်သွားခဲ့သည် မဟုတ်ပါလော။

ထို ဒီမိုကရက်နှင့် ရီပတ်ပလစ်ကန် တို့ အာဘော်သည် မြန်မာ နိုင်ငံနှင့် ကျွန်တော်တို့ မြန်မာ နိုင်ငံသားတို့ အပေါ် ဘယ်လို့ အကျိုး သက်ရောက် နိုင်မလဲ ဆိုတာ ကြည့် ကြရအောင်။ ရီပတ်ပလစ်ကန်တို့သည် စစ်ကို နိုင်အောင် တိုက်သွားကြမည်ဟု ဆိုသည်။ ဘဏ္ဍာရေး အင်အား ချိနဲ့ နေသော အမေရိကန်သည် မြန်မာနိုင်ငံရေးအပေါ် အကျိုး အမြတ် မရှိပဲ ငွေးကြေးအရ အကူ အညီ ပေးဖို့ မဖြစ်နိုင်ချေ။ ထို့ ကြောင့် အမေရိကန်တို့၏ ထောက်ပံစရိတ်ကို မှီခိုရန် ရည်ရွယ်နေကြသော မြန်မာ နိုင်ငံရေးသမားမျာနှင့် ခိုလှုံခွင့်ရရန် အခွင့် အလန်းရှာကြသော မြန်မာများ ခက်ခဲနိုင်သည်။ အလုပ်အကိုင်တို့ ကား ခက်ခဲလျက် စီးပွားရေးက ကျဆင်းနေဆဲ။ ထိုသည့် အတွက် ထူးချွန် ထက်မြက်သော မြန်မာများ H1-B ဟု ခေါ်သော အလုပ်သမား ပြည်ဝင်ခွင့်ဖြင့် အမေရိကန်နိုင်ငံ သို့ အလုပ်ရှာရန် လာဖို့ ခက်ခဲပေလိမ့်မည်။ အခုတောင် ကျွန်တော်၏ မိတ်တွေ သူငယ်ချင်း တော်တော်များ များ H1-b ပြည်ဝင်ခွင့် ဗီဇာယူထားပြီး အလုပ်ဖြင့် လာရန် ခက်ခဲနေကြရသည်။ တော်သေးသည်။ သူရို့သည် အိုင်တီ သမားများ ဖြစ်ကြသည်။ လိန်ဖယ် လိန်ဖယ်နှင့် ရသွား နိုင်ပါသေးသည်။

ကျွန်တော်သည် အမေရိကန် နိုင်ငံသား မဟုတ်။ မြန်မာလူမျိုး အမေရိကန်နိုင်ငံတွင် ကိုယ်တတ်သည့် ပညာဖြင့် အလုပ်လုပ်မည့် သူ ဖြစ်သဖြင့် လူတန်းစား မရွေး လူတိုင်းကို အခွင့်အရေး ပေးမည့် ဒီမိုကရက်တို့ ၏ အာဘော်ကို သဘောကျသည်။ နောင်တွင်လည်း မြန်မာပညာတတ်များ၊ သူငယ်ချင်းများ အလုပ်လာလုပ်နိုင်ရန် အလုပ်အကိုင် အခွင့် အလမ်းများကို ဖန်တီးပေးမည့် ဒီမိုကရက်ကို ထောက်ခံသည်။ အမေရိကန် နိုင်ငံသားတို့ ရီပတ်ပလစ်ကန်ကို ထောက်ခံကာ သူတို့ တိုင်ပြည် လုံခြုံရေးကို ရှေးရှု့သည်ကာ သဘာဝကျသည်။ သို့ရာတွင် အမေရိကန်နိုင်ငံသည် လူမျိုး ပေါင်းစုံနှင့် ဖွဲ့စည်းထားကာ ကျွန်တော်တို့လို နိုင်ငံခြားသားများလည်း ရှိသည်။ ထို့ပြင် ဝင်ငွေနည်းသော နိုင်ငံခြားသားများလည်း ကျန်းမားရေး ထောက်ပံမှုများ ရမည်ဆိုလျင် မကောင်းပါလော့။

အမေရိကန်တို့ မြန်မာနိုင်ငံရေး အပေါ် အကျိုး သက်ရောက်နိုင်မည်ကို ကျွန်တော် အယုံအကြည် မရှိ။ နိုင်ငံရေးကို အကြောင်းပြလျက် အကျိုး ခံစားနေကြသော နိုင်ငံရေး သမားများကို လည်း အထင်မကြီး။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကျင်းပကြတော့မည်ဆိုလျင် အနီးကပ်မှ ထအော်ကြမည့် လူများလည်း ရှိပေလိမ့်မည်။ ကျွန်တော်တို့ မြန်မာနိုင်ငံရေးသည် ပြည်သူလက်ထဲတွင် ရှိကာ ပြည်သူတွေ ဆုံးဖြတ်ရသည်။ ကျွန်တော့် အနေဖြင့် အခြားနိုင်ငံများမှ နိုင်ငံရေး ဇာတ်ခုံများနှင့် မြန်မာ နိုင်ငံရေး ဇာတ်ခုံတို့ မတူညီ သည်များကို ပြောပြရုံသာ ဖြစ်သည်။ တိုင်ပြည်အတွင်း ပိတ်ဆို့ခံရလျက် နိုင်ငံတကာ အမြင်နည်းနေသောမြန်မာများအတွက် နိုင်ငံတကာတွင် ဘာတွေဖြစ်ပျက်နေသလဲ၊ မြန်မာပြည်နဲ့ ဘာတွေ ခြားနားသလဲ၊ ဘယ်လိုမျိုး အခွင့်အရေးတွေဆုံးရှုံးနေကာ၊ ဘယ်လို့မျိုး အခွင့်အရေးတွေ တောင်ဆိုသင့်သလဲလို့ ကိုယ်မြင်သည့် ရှု့ထောင့်မှ ပြောပြရုံပင် ဖြစ်သည်။ အထူးသဖြင့် ဘယ်လိုမျိုး နိုင်ငံခေါင်းဆောင်ကို တင်မြောက်ကြမလဲပေါ့။

အနန္တမေတ္တာဖြင့်
ဘကောင်း

အမေရိကန်တို့၏ ရွေးကောက်ပွဲနှင့် မြန်မာတို့ အခွင့်အရေးများ (၁)


ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ နိုင်ငံတကာက နိုင်ငံရေးပြောင်းလဲမှုတွေ အလျင်းသင့်ရင် သင့်သလို့ စောင့်ကြည့် အကဲခတ်ကြည့်နေရင်းနဲ့ ဒီရက်တွေမှာ အရှိန်အဟုန် ပြင်းအားကောင်းလာတဲ့ အမေရိကန်တို့ရဲ့ သမ္မတရွေးကောက်ပွဲတွေ နဲ့ သူတို့ရဲ့ သဘောထားရေးရာ၊ စီးပွားရေး အခြေအနေတွေက အနာဂတ်ရဲ့ ကမ္ဘာနိုင်ငံရေး ဇာတ်ခုံမှာ ဘယ်လိုနည်းတွေနဲ့ ဝင်ရောက် ကပြအသုံးတော်ခံမလဲလို့ တွေးတေားကြည့်မိတာပါ။ ကျွန်တော် လွန်ခဲ့တဲ့ ရှစ်နှစ်ကျော် ကာလ ကစပြီး အမေရိကန်တွေရဲ့ ရွေးကောက်ပွဲ ကာလတွေမှာ အမေရိကန်နိုင်ငံကို အခြားသောအကျိုး အကြောင်းညီညွတ်ပြီး ရောက်နေလေ့ ရှိတယ်။ ရောက်တိုင်းလည်း ဂရုတစိုက် လေ့လာမိတယ်။ ဒါပါနဲ့ဆိုရင် သုံးကြိမ်မြောက်ပေါ့။

အမေရိကန်တို့ရဲ့ နိုင်ငံရေးတွေက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတွေနဲ့ စာရင် ရှေ့ကို တော်တော်ပြေးနေပြီး အခြေကျ တည်ငြိမ်နေပြီ။ ရွေးကောက်ပွဲတွေဆိုရင်လည်း တစ်နယ်ပြီး တစ်နယ် စနစ်တစ်ကျနဲ့ လုပ်သွားလိုက်တာ ဟော.. အခုဆိုရင် ဒီမိုကရက် နဲ့ ရီပတ်ပလစ်ကန် ပါတီနှစ်ခုလုံးက သူတို့ရဲ့ အမျိုးသားညီလာခံကို ကိုယ်စီ တစ်သီးတစ်ခြားကျင်းပပြီးသွားခဲ့ပြီ။

သိကြတဲ့ အတိုင်း ပါတီနှစ်ရပ်လုံးကတော့ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ထိုးနှက်ချက်တွေ၊ အမေရိကန် ပြည်သူပြည်သားတွေ အပေါ် ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် အစရှိတဲ့ ကတိပေးချက်တွေနဲ့ စွဲဆောင်ကြတာကိုး။ တော်တော်လေးလည်း စိတ်ဝင်စားစရာ ကောင်းသလို့ အလွန်တရာ ထူးချွန်ထက်မြက်တဲ့ နိုင်ငံခေါင်းဆောင်ကောင်းတွေ ဒုနဲ့ ဒယ်နဲ့ မြောက်မြောက်မြားမြား တွေ့ရတာပဲ။ ဒါတွေကြည့် ပြီး ကျွန်တော့်တို့ နိုင်ငံအတွက်လည်း ထူးချွန်ထက်မြက်ပြီး နည်းပရိယာယ်တွေ ကြွယ်ဝတဲ့ နိုင်ငံ ခေါင်းဆောင်ကောင်းတွေ ရာနဲ့ ထောင်နဲ့ ချီပြီး လိုအပ်နေသေးတယ်ဆိုတာ သတိရမိတယ်။

တကယ်တော့ တိုင်းပြည်တစ်ပြည်တို စီမံအုပ်ချုပ်တယ်ဆိုတာ သြဇာအာဏာနဲ့ လက်ညိုးထိုး ဟိုခိုင်း ဒီခိုင်း လုပ်ရတဲ့ အလုပ်မှ မဟုတ်ပဲ။ ခေါင်းဆောင်တွေဟာ ကိုယ်ရဲ့ စိတ်ဝိညာဉ်၊ ကိုယ်ခန္ဓာနှစ်မျိုး လုံးကို တိုင်းသူ ပြည်သားတွေရဲ့ကောင်းကျိုးအတွက်သာ ရှေးရှု့ပြီး ကိုယ်ကျိုးစွန့် တစ်စိုက်မတ်မတ်လုပ်ဆောင်ရတာကိုး။ သာမန်လောက်သာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေဆိုရင်တော့ ကိုယ်ကျိုးစွန့်ဖို့ သွားပြောရင် ဘယ်လုပ်နိုင်ကြမလဲ။ ဒါမျိုးခေါင်းဆောင်တွေဆိုရင်လည်း အသိပညာရှင်၊ အတတ်ပညာရှင် ပြည်သူတွေကလည်း လက်မခံဘူး။ အထင်လည်း မကြီးဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံကိုကြည့်။ ယုတ်စွအဆုံး ခေတ်မှီ တိုးတက်ပြောင်းလဲလာတဲ့ ကမ္ဘာကြီးမှာ နိုင်ငံတကာနဲ့ ကူလူးဆက်ဆံမှုလုပ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်ပြည်ခေါင်းဆောင်တွေကိုယ်၌က အနည်းဆုံး အင်္ဂလိပ်စကားကို လေးလုံးကွဲအောင်တောင် မပြောတတ်ကြရင် ဘယ်လိုလုပ်မလဲ။ နိုင်ငံတကာ နိုင်ငံရေး မျက်နှာစာမှာ စကားတွေ ပြောကြရအောင်ဆိုရင် ခွေးအကြီး လှည်းနင်းသလို အထစ် အထစ်နဲ့။ စောင့်ကြည့်နေတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေက တခွိခွိနဲ့ ရယ်ကြမှာပဲ။ ဘယ်..အထင်ကြီးကြမလဲ။

ကျွန်တော် အမြဲတမ်းလိုလို စိတ်ဝင်တစားနဲ့ မျက်ခြေမပြတ် စောင့်ကြည့်လေ့ရှိတာက အမေရိကန်၊ပြင်သစ်၊ ရုရှားတို့ရဲ့ သမတရွေးကောက်ပွဲ၊ အင်္ဂလန်၊ ဂျပန်၊ သြစတြေလျ၊တရုတ်၊ ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်တွေရဲ့ အာဘော်နဲ့ သူတို့ကို ရွေးကောက်တင်မြောက်လိုက်ပုံပါပဲ။ အဲဒီ နိုင်ငံခေါင်းဆောင်တွေရဲ့ အကြမ်းဖြင်း အာဘော်နဲ့ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ယနေ့ ကျွန်တော်တို့ ကမ္ဘာရဲ့ လူမှုရေး၊ စီးပွားရေး အစရှိတဲ့ နယ်ပယ် ဒေသမျိုးစုံကို ရိုက်ခတ်နိုင်စွမ်းရှိကြတယ်။ ဒီနေရာမှာ အကြမ်းဖျင်း အာဘော်ဆိုတာ သူတို့ပြောဆိုသမျှ အားလုံးကို လုံးဝ ယုံကြည်စိတ်ချမှု မထားပဲ ဘက်စုံ ရှု့ထောင့် အမျိုးမျိုးကနေ ချိန်ထိုးပြီး အကြမ်းဖျင်း ယူဆတဲ့ သဘောပါ။

ခေတ်မီတိုးတက်နေတဲ့ နိုင်ငံ အသီးသီးမှာ လက်ခံကျင့်သုံးနေတဲ့ နိုင်ငံရေး စနစ်တွေ အမျိုးမျိုး ရှိကြတယ်။ အနောက်တိုင်း နိုင်ငံတွေမှာ အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ကိုက်ညီ ဆုံဆည်းအခြေကျသွားတဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ်ရှိတယ်။ အရှေ့တိုင်း နိုင်ငံတွေမှာလည်း အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ ချိန်ထိုးပြီး တဖြည်းဖြည်း ပြုပြင်ပြောင်းလဲသွားတဲ့ ဒီမိုကရေစီ နိုင်ငံရေး စနစ်တွေလည်း ရှိတယ်။ ဒီနေရာမှာ တိုင်းပြည်ခေါင်းဆောင်တွေက ခေါင်းဆောင်နိုင်စွမ်း အရည်အချင်းရှိဖို့လိုတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံကို ထပ်ကြည့်ရအောင်။ လက်ရှိတိုင်းပြည်ခေါင်းဆောင်တွေက ပြည်သူပြည်သားတွေ အပေါ် အရာရာ မျက်စိပိတ် နားပိတ်လုပ်ပြီး၊ ထိန်းချုပ်ထားတာကိုး။ ဟိုး..တုန်းက ရဲစိတ်ရဲမာန် သတ္တိပြောင်ခဲ့တယ်ဆိုတဲ့ ကျွန်တော်တို့ မြန်မာတွေလည်း တိုင်းပြည်ထဲမှာ အနှစ်လေးဆယ်ကျော်လောက် လှောင်ပိတ် ခံခဲ့ရတယ်။ အဲဒီရလဒ်က ဘာလဲဆိုတော့ မြန်မာလူမျိုးတွေ နိုင်ငံတကာထွက်တဲ့ အခါမှာ စိုးရိမ်စိတ်တွေ၊ မပြောရဲ မဆိုရဲတဲ့ စိတ်တွေ၊ သိမ်ငယ်မှုတွေဟာ မြန်မာတွေရဲ့ စိတ်မှာ လွမ်းမိုးနေခဲ့တဲ။ စိတ် ပိုလီယို ရောဂါ စွဲကပ်နေရတဲ့ သဘောပေါ့။ စိတ်ဓါတ် အင်းအားက ခနော်နီ ခနော်နှဲ့ နဲ့ အခြေမခိုင်တော့ပဲ ယိမ်းယိုင်နေတော့တာပေါ့။ ကိုယ့်ဒူး ကိုယ်ချွန်လာတဲ့ လူတွေကတော့ ပေါက်ရောက် အောင်မြင်သွားကြပေမယ့် လူဦးရေ သန်းငါးဆယ်ကျော်ရှိတဲ့ လူတွေအတွက်ကတော့ ခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။ ပြုပြင်ပေးပါ။ နည်းလမ်းတွေဖွင့်ပေးပါ။ ခေါင်း မမာပါနဲ့။

နိုင်ငံတကာမှာ ကျွန်တော်တို့ မြန်မာတွေ ဂုဏ်သရေ မှေးမှိန်နေတာ ကြာလှပါပြီ။ မြန်မာ အများစုကလည်း နိုင်ငံခြားကို အထင်ကြီးစိတ် ဝင်သွားပြီ။ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ဖို့အတွက် ဆိုင်းဘုတ်ကြီးတွေတင်၊ ရုပ်မြင်သံကြားတွေ၊ သတင်းစာနယ်ဇင်းတွေကနေ လှုံ့ဆော်ပေမယ့် အရာမရောက်ပါဘူး။ ဘာလို့လဲ့ဆိုတော့ လူဆိုတဲ့ သတ္တဝါက လွတ်လပ်လို့တဲ့ သဘာဝကို စဉ်းစားပြီး ဝမ်းတခါး ဝဖို့ အတွက် အရင် ကြိုးစားအားထုတ်ကြလေ့ရှိတယ်။ အဲဒီ အခွင့် အရေးတွေ မရှိရင် လူတော်တွေ မရပ်တည်နိုင်ဘူး။ သဘောကို ပြောပြတာပါ။ တိုင်းပြည်ကို အုပ်ချုပ်ပုံ၊ ချဉ်းကပ်ပုံ ချဉ်းကပ်တဲ့ နည်းလမ်းတွေ မှားနေတယ်ဆိုတာ။ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ဖို့ အတွက် လမ်းကြောင်းတွေ ဖွင့်ပေးပြီး လုပ်နိုင်စွမ်းတဲ့ အစွမ်းအစတွေ ပေးရမှာပေါ့။ သာတူညီမျှတဲ့ အခွင့်အရေးတွေသာ ရမယ်ဆိုရင် အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေက ဂုဏ်ယူဝင့်ကြွားစွာ ကိုယ့်လူ့မျိုး၊ ကိုယ့်တိုင့်ပြည်အတွက် လုပ်ကြပါလိမ့်မယ်။

ခေါင်းဆောင်တွေသာ တော်ကြမယ်၊ ထူးချွန်ထက်မြက်ကြမယ်ဆိုရင် မြန်မာဆိုတာ ကမ္ဘာမှာ မျက်နှာပွင့်ပြီပေါ့။ အရပ်စကားပြောရမယ်ဆိုရင်တော့ ကိုယ့်တိုင်းပြည်က လူတွေ နိုင်ငံတကာမှာ မျက်နှာ မငယ်ရတော့ဘူး။ မြန်မာတွေ နိုင်ငံတကာရဲ့ ပြည်ဝင်ခွင့်ယူရင် စိုးရိမ်သောက စိတ်တွေ မရှိတော့ဘူး။ မြန်မာလူမျိုးတွေ မိမိကိုယ်ကိုယ် ယုံကြည်ကိုယ်စား စိတ်တွေ ရှိလာမယ်။ မိမိကိုယ်ကိုယ် ယုံကြည် ကိုးစားစိတ်ဆိုတာ ယေဘုံယျအားဖြင့် တစ်ခုခု မအောင်မြင်လို့ ဆုံးရှုံးသွားရင် နောက်ဘာဆက်လုပ်မလဲဆိုတဲ့ အစီအစဉ်ရှိတဲ့ လူတွေက မိမိကိုယ်ကိုယ် ယုံကြည် ကိုးစားလို့ ရတယ်လို့ ဆိုရမယ်။ တည်ငြိမ်တယ်ပေါ့။ နိုင်ငံ တကာမှာ ရှိတဲ့ ကျွန်တော်တို့ မြန်မာတွေ အများစုအတွက်ကတော့ နိုင်ငံခြားမှာ အလုပ်ရဖို့ စိုးရိမ်ကြရတယ်။ အလုပ်ရရင်လည်း အလုပ်မြဲဖို့ စိုးရိမ်ကြရပြန်တယ်။ ကိုယ့်တိုင်ပြည်မှာက ကျောထောက် နောက်ကန် အလုပ်မှ မရှိတာ။ ဒီတော့ ပြည်ဝင်ခွင့်အတွက်၊ အလုပ်ရဖို့အတွက် စိုးရိမ်တတ်ကျတာ ထူးဆန်းတဲ့ အရာတစ်ခုလို့ မထင်တော့ဘူး။

ကိုယ့် တိုင်းပြည်ကို ကိုယ် မစွန့် ခွာရပဲ တိုင်းပြည် အတွင်းမှာ မကြောင်းမကြ မတောင်းမတ လူတိုင်း အလုပ်အကိုင်တွေ ကိုယ်စီနဲ့လုပ်နိုင်ဖို့အတွက် တိုင်းပြည်တွေရဲ့ နိုင်ငံခေါင်းဆောင်တွေက ပြည်သူတွေရဲ့ အကျိုးကိုး ဦးစားပေးပြီး အလုပ်အကိုင်တွေ ဖန်တီးနိုင်စွမ်း အရည်အချင်းရှိကြရတယ်။ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကို ဘယ်လို ရမလဲ။ ဘယ်လို ရှာကြမလဲ။ ရှင်းပါတယ်။ တိုင်းသူ ပြည်သားတွေက ရွေးကောက် တင်မြောက်တာပေါ့။

ဟိုတလောက ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲ အကြောင်းကို ရေးထားခဲ့ပြီးပြီ။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာလည်း လာမည့် ရွေးကောက်ပွဲမှာ ဘယ်လိုနည်းတွေနဲ့ စခန်းသွားကြမလဲဆိုတာ ပညာရှင်တွေ အခုကတည်းက စနစ်တကျနဲ့ ပြင်ဆင်ချဉ်းကပ်ဖို့ လိုပြီ။ အခု အမေရိကန်နိုင်ငံမှာလည်း ပြည်သူတွေ နင်လား ငါလား အပြိုင်အဆိုင် နဲ့ ခေါင်းဆောင်တွေ စကာတင် ရွေးချယ်လာ လိုက်တာ နောက်ဆုံး ဒီမိုကရက် ပါတီက အိုဘားမာ ဆိုတဲ့ လူမဲ ခေါင်းဆောင် တစ်ဦးနဲ့ ရီပတ်ပလစ်ကန် ပါတီက ဂျွန်မက်ကိန်းဆိုတဲ့ လူဖြူ ဝါရင့် နိုင်ငံရေး ခေါင်းဆောင် တစ်ဦး စီ ရလာတယ်။

အမေရိကန် အမ္မတ တစ်ဦးရဲ့ တခိုးအာဏာနဲ့ အစွမ်းအစက ကမ္ဘာမှာ အလွန်တရာ စွမ်းပကားကြီးမာ လှသည်။ ထို့အတူ နိုင်ငံခေါင်းဆောင်တို့သည်လည်း လူသန်းပေါင်းများစွာ တို့၏ အသက်ကို သေစေနိုင်သလို၊ ကယ်တင်နိုင်စွမ်းရှိသည်။ ငွေသန်းပေါင်းများစွာတို့ကို ထိန်းချုပ် ကိုင်တွယ် နိုင်စွမ်းလည်းရှိသည်။ ထိုကဲ့သို့ တခိုးအာဏာ တို့နှင့် နိုင်ငံ တစ်နိုင်ငံကို အုပ်ချုပ်ဖို့ အတွက် အဘယ်ကဲ့သို့သော လူမျိုးကို ပေးအပ်အုပ်ချုပ် စေမည်နည်း။ ကျွန်တော်တို့ မြန်မာ နိုင်ငံတွင် ထိုကဲ့သို့သော လွတ်လပ်စွာ မဲဆွယ်ခွင့်၊ လွတ်လပ်စွာ ရွေးကောက်တင်မြောက် ပိုင်ခွင့် စသည့် လွတ်လပ်သည့် အခွင်အရေးတွေ ဆုံးရှုံးနေသလောက် အမေရိကန်နိုင်ငံ အပါအဝင် အခြားသော ဒီမိုကရေစီ တိုင်းပြည်တို့တွင် ထိုအခွင့် အရေးတို့ရှိကြလေသည်။ ထိုအခွင့်အရေးသည်ကာ တိုင်းပြည်၏ အနာဂတ်ကို ပြောင်လဲပစ်နိုင်စွမ်း ရှိလေသည်။

မိညို (၃)


ထို့နောက် မိညိုအား ဦးလှမောင်တို့ အိမ်တွင် မတွေ့ရတော့ချေ။ ဦးလှမောင်ကို အမေမေးကြည့်တော့ ရွာ ခဏပြန်ပို့ထားသည်ဆိုသည့် အဖြေသာရသည်။ ဤသို့ဖြင့် မိညိုသည် ကျွန်တော်တို့ ရပ်ကွက်မှ နှစ်နှစ်ကျော်ခန့် ပျောက်သွားခဲ့သည်။ ရပ်ကွက်တကာ လှည့်လည်နေတတ်သော မိညိုအား ပုဏ္ဏာကုန်း၊ သေတ္တာဝင်း၊ ပေါက်ပေါက်တန်း စသည့် ရပ်ကွက်မှ လူများအကြားတွင် မေ့မေ့လျောလျော ဖြစ်လာသည်။ ဦးလှမောင်တို့သည် နေ့စဉ် ပုံမှန် လေဘေး အဝတ်များကို လျှော်ဖွတ်လုပ်ကိုင်ဆဲပင်။ ဒူးမှတ်ကြီး၊ လှိုင်ဘွားနှင့် ကျွန်တော်တို့ ကလေးတစ်သိုက်သည် ပုရစ်ပေါ်ချိန်တွင် ပုရစ်နိုက်မြဲ နိုက်လျက်၊ ညအချိန် တောက်တဲ့တို့ အော်မြည်သည့် အခါ မိုးလား၊ လေလားဟု တောက်တဲ့ ဗေဒင် ညစဉ် မေးတတ်ကြလျက် မေ့လွယ်ပျောက်လွယ် ကလေးဘဝကို ဖြတ်သန်းနေချိန်ဖြစ်သည်။ ဦးလှမောင် ကျွန်တော်တို့အိမ် လာသည့် အခါတွင် အမေသည်လည်း မိညို အကြောင်း စကားဝိုင်းထဲတွင် တစ်ခွန်းမှ မဟတော့။ အမေသည် မိညိုကလေး အပေါ် ခင်မင်ရင်းစွဲရှိပေသည့် လူစုံ ပြဿနာစုံလှသော ဦးလှမောင်တို့ အိမ်မှ အကြောင်းအရာများကို လိုအပ်သည့်ထက် ပိုမိုကာ စပ်စပ်စုစု မမေးမြန်းတော့ချေ။ တခါတရံ ကျွန်တော်တို့ အိမ် ပြောင်းဖူးများ ပြုတ်စားကြသည်တွင် ပြောင်းဖူး ကြိုက်တတ်သော မိညိုကို သတိရမိတတ်သေးသည်။

အချိန် နာရီ စက္ကန့်တို့သည့် တရွေ့ရွေ့ တဖြည်းဖြည်းနှင့် သွားနေသည်ဟု ထင်ရပေသည့် နောက်ပြန်ဆုတ်တတ်သည့်၊ ရပ်တန့်နေတတ်သည့် ဖြစ်စဉ်များ မဟုတ်ကြချေ။ ရာသီစက်ဝန်းသည်လည်း နွေမှ မိုး၊ မိုးမှ ဆောင်း အလီလီ ပြောင်းသွားခဲ့သည်။ အိမ်အနားမှ ကုက္ကိုလ်ပင်ကြီးတွင် တောက်တဲ့တို့ စီးပွားလာကြသည်။ တောက်တဲ့ အကောင်ရေ တိုးလာသည်။ ရပ်ကွက်ထဲမှ လူဟောင်းအချို့ ရပ်ကွက်ကို စွန့်ခွာကာ မြို့သစ်သို့ ပြောင်းသွားကြသည်တွင် လူသစ်များ အစားထိုးဝင်ရောက်လာသည်။ အဖေ နာမည် ပေးထားသော မိုရှိဒါရန်းဆိုသည့် ခွေးမသည်ပင် ခွေးသားပေါက် တစ်သိုက်နှင့် လမ်းထဲ၌
တရုံးရုံးဖြစ်နေသည်။ ရပ်ကွက်ထဲတွင် မွေးခါစ ကလေးငိုသံတို့ ဟိုတစ်စ ဒီတစ်စ ပျံ့လွင့်လာတတ်သည်။ အိမ်ရှေ့က မြောင်းထဲတွင် ဗေဒါပင်တို့ ပြည့်နှက်လျှံတက်နေကြသည်။ မြောင်းငါးတို့ ပျော်ရွှင်မြူးတူးစွာ သားပေါက်ကြသည်။ ဤကမ္ဘာကြီးသည် အစစ အရာရာ စည်ပင်ပွားများနေသော လောကကြီးဖြစ်သည်။

နွေကာလ နေ့တစ်နေ့၏ သစ်သားစို အနံ့များ မွန်ထုံနေသော သေတ္တာဝင်း၏ လမ်းမထဲတွင် ကျွန်တော်တို့ တစ်တွေ ကျီသားရိုက်တန်း ကစားနေကြချိန်၌ ထီးနက်ကို ဆောင်းလျက် ပူပြင်းလှသောနေရောင်ကို အံတုလာနေသော ဦးလှမောင်နှင့် သူ့နောက်တွင် ခြေလှမ်းမှန်မှန် လိုက်လာ သော မိညိုကို တွေ့လိုက်ရသည်။ တကယ်တော့ သူမ အသွင်အပြင်သည် မိညိုကြီး လို့ သမုတ်ရမည့် ပုံပင်။ အဘယ်ကြောင့် ဆိုသော် မိညိုသည် သူမနှင့် အတူ သူမ၏သားကလေးပါ တစ်ပါးတည်း ခေါ်ယူလာခဲ့သည်။ ဟိုရင်အခါ ရွာက ခေါ်လာကာစ မျက်လုံး ညိုပြာညက်နှင့် ပျိုရွယ်စ မိညိုသည် ယခုအခါမှာတော့ ပြည့်ပြည့်ဖြိုးဖြိုး ကြီးရင့်သည့် အသွင်ကို တွေ့ရသည်။ အရင်တုန်းက ဂျစ်တီးဂျစ်ကန်၊ အရာရာကို တွန်းလှန် ပုံကန်မည့် ဟန်ရှိခဲ့သော မိညိုကို အခု ပြန်တွေ့တော့ ခေါင်းငိုက်စိုက်လျက် လောကဒဏ်ကို ပြည့်ပြည့်ဝဝ ခံစားခဲ့ရသည်ထင့်။

ဘာပဲပြောပြော အဲဒီလိုနဲ့ပဲ မိညို ဦးလှမောင်တို့ အိမ် ပြန်ရောက်လာခဲ့သည်။ သူမနဲ့ အတူ သူမသားလေးပါ အဆစ်ပါလာခဲ့သည်။ ကျွန်တော်တို့ ရပ်ကွက်သည် မိညိုကို ကြိုဆိုမြဲ ကြိုဆိုလျက် ရှိသည်။ အချိန်နာရီတို့ တိုက်စားမှုအောက်တွင် မေ့မေ့လျော့လျော့ ရှိခဲ့ ကြသော်လည်း ယခုတဖန် ပြန်လည်တွေ့သည့် အခါ ယခင်ကကဲ့သို့ ဂရုတစိုက် ရှိကြသည်။ ဟော..အခု သားကလေးပါ အဆစ်ပါလာတယ် ဆိုတော့ ပိုပြီး မိညို၏သားကလေးကို ပါ ဂရုတစိုက် စောင့် ကြည့် ကြသည်။ အချိန်တန်တော့လည်း သူကလေးသည် ကျွန်တော်တို့ ရပ်ကွက်၏ ရှေ့မှောက်တွင် တဖြည်းဖြည်း ကြီးပြင်းလာခဲ့သည်။

မိညိုကို ရပ်ကွက်က မိညိုဟု သိထားကြသည်။ အခု မိညိုရဲ့သားကြတော့ မိညိုသားဟုပင် ခေါ်ကြသည်။ သူ့သားကို နာမည်မပေးရသေးချေ။ မိညိုကို ခင်မင်မြဲ ခင်မင်လျက်ရှိသော အမေသည် မိညို သားလေးရလာတော့ သူ့သားလေးကိုပါ ခင်မင်ရသည်။

မိညိုသားသည် မျောက်ရှုံးအောင် ခုန်ပေါက်ဆော့သည်။ အိမ်လည်း မကပ်။ အမေဗီဇ ပါသည်ထင့်။ ဟိုအရင်တုန်းက ဒေါ်သိန်းတန်သည် မိညို ကို အိမ်ပြန်မိုးချုပ်လို့ ရပ်ကွက်တကာလှည့် လိုက်လံရှာခဲ့ရသည်။ အခု မိညို ဝဋ်လည်ပြီ။ မိညိုကိုယ်တိုင် ရပ်ကွက်တကာ၏ လမ်းထောင့်များတွင် သူမသားအား တကြော်ကြော် ဟစ်အော် ရှာဖွေသံကို ညနေတိုင်းတွင် ကြားရတတ်သည်။ သူမသားအား ရုတ်တရက် ခေါ်လို့မရတတ်သည့် အခါများတွင် သူမ၏ အော်ခေါ်သံတို့သည် ငိုသံများ ပါနေတတ်သည်။ မျက်ရည်တစ်ရွှဲရွှဲနှင့် စိတ်လွယ်သော မိညိုကို ရပ်ကွက်ထဲမှလူအားလုံးက စုပ်တသပ်သပ်နှင့် သနားဂရုဏာလည်း ဖြစ်ကြသည်။

ကျွန်တော်သည် မိခင်၏ မေတ္တာကို မိညိုနှင့် ပတ်သက်ပြီး နားလည် ခံစားခဲ့ရသည်။ ပါးပြင်တွင် မျက်ရည်စီးကြောင်းတို့ ယိုစီးကြလျက် သားပျောက်ကို ရှာဖွေနေလေ့ရှိသော မိညိုကို တွေ့တိုင်း ရင်နင့်အောင် ခံစားရသည်။ သူမ၏ ဝမ်းနည်းမှုသည် တပါးသူတို့ကို ကူးစူးတတ်လေ့ရှိသည်။ မိခင်တို့သည် သားသမီးတို့နှင့် ပတ်သက်ပြီး ပူပင်သောကများကြရသည်။ ငယ်ရွယ်သူ ကလေးတို့သည်ကား နားမလည် တတ်သေးချေ။ သူရို့အား စကားလုံးများဖြင့် မိဘမေတ္တာအား နားလည်အောင် ပြောပြခြင်းသည် အရာရောက်မည် မဟုတ်။ မိဘများ ကိုယ်တိုင် မေတ္တာပြ အမူအရာ၊ အတုယူစရာ စံနမူုနာများ လုပ်ဆောင်ပြသခြင်းဖြင့်သာ ကလေးများအား မိဘ၏ မေတ္တာ နားလည် သဘောပေါက်စေသည်။ မေတ္တာသည် နူညံသိမ်မွေ့သည့် သဘောကို ဆောင်သည့် အတွက် နူညံသိမ်မွေ့စွာ ပြုမူပြောဆို ဆက်ဆံသင့်ပေသည်။

ငယ်ရွယ်စဉ် အခါက နှလုံးသားကို နက်ရှိုင်းစွာ ထိတွေ့ခဲ့သော အဖြစ်အပျက် အကြောင်းအရာတို့သည် ကြီးလာသည်အထိ စွဲမြဲနေတတ်သည်။ မိညိုသည် နမ(နွားမ) ကလေး တစ်ကောင်သာ ဖြစ်သည်။ တိရိစ္ဆာန်တစ်ကောင်သာ ဖြစ်ပေသည့် သူမတွင်ခံစားချက် ရှိသည်။ လူတွေကဲ့သို့ မေတ္တာတရားလည်း ရှိသည်။ နှလုံးသားပူဆွေးသောကရောက်လျက် မျက်ရည်စီးကြောင်းတို့ဖြင့် သားပျောက်ရှာနေရသော မိညို၏ အော်သံ ခေါ်သံတို့သည် ယနေ့ထက်တိုင် ကျွန်တော့် အာရုံအထဲတွင် စွဲမြဲနှစ်ဝင်လျက် ရှိသည်။

မိညို ကဲ့သို့ပင် မျက်ရည်စီးကြောင်းတို့ဖြင့် ပြည့်နက်နေတတ်သော အခြား အခြားသော နွားများအား လည်း တွေ့ဖူးခဲ့ပါသည်။ ထိုစဉ်က သူရို့အား သားသတ်ရုံသို့ ခေါ်ဆောင်သွားကြသည်ကို တွေ့ရှိခဲ့ဖူးသည်။ အသားစားကျုးသော လူတို့အတွက် သူရို့၏ အသွေး အသား အသက် နှင့် ခံစားမှုအားလုံးတို့ ကို ပေးဆပ်ကြရသည်။ သူရို့၏ အသွေးအသားနှင့်အရိုးတို့သည် ထမင်းစားပွဲရှေ့သို့ ရောက်သောအခါ နာကျင်စွာ ငိုကြွေးသံ၊ နာကျည်းစွာ ဟစ်အော်သံတို့သည် တိတ်ဆိတ်နေတော့သည်။ သို့တည်းမဟုတ် သူရို့၏ အော်သံများက လူသားတို့ နားဖြင့် မကြားနိုင်တော့သည် အထိ တိုးတိတ်သွားသည်လော မပြောတတ်ချေ။ အကယ်၍သာ ထိုအသံတို့အား လူသားတို့သာမန်နားဖြင့်ကြားနိုင်စွမ်းရှိပါက သူရို့၏ အသွေး၊ အသား၊ အရိုးတို့ဖြင့် ပွဲတော်တည်သော ထမင်းစားပွဲများပေါ်ထိ ဆူညံစွာဟစ်အော်နေပေလိမ့်မည်။

လူသားတို့၏ စိတ်ဝိဉာဉ် သည်ကာ ရုန်းကန်ရှင်သန် အသက်ဆက်ရေးအတွက် တပါးသူတို့၏ အသွေးအသားတို့ဖြင့် အသက်ဆက်ရှင်သန်ရသည် ဟူသော အတွေးအခေါ် အယူအဆတို့ဖြင့်လွှမ်းမိုးထားသည်။ လူတို့၏ အစားအစာရွေးချယ်မှုတို့သည် မိမိတို့၏ အာသီသ တပ်မက်သည့် အပေါ်အခြေခံလေ့ရှိကာ အသွေးအသားတို့ကို မှီဝဲစားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကလပ်စည်းတို့ကိုလည်း အလွယ်တကူ ပျက်ဆီးစေလေသည်။ နိုင်ရာ စား လောကကြီးတွင် တစ်ဦးကို တစ်ဦး ဆင့်ကဲဆင့်ကဲ စားသုံးကြခြင်းဖြင့် ခန္ဓာကိုယ်ကို တည်ဆောက်ကြလေသည်။

ဤကမ္ဘာကြီးတွင် မိညိုကဲ့သို့ မိဘမေတ္တာ အခြေခံလျက် သားသမီးတို့အတွက် ငိုကြွေးကြရသော မိခင်များ၊ လူတို့၏ ရက်စက်တတ်သော စိတ်နှလုံးဖြင့် တစ်ပါးသူတို့အား အလွယ်တကူ သတ်ဖြတ်ခြင်းများ ပပြောက်သွားပါစေလို့ ဆုတောင်းပေးပါသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

မိညို (၂)


ဦးလှမောင်တို့ကလည်း ဒိုဘီလုပ်ငန်းနဲ့ပဲ မိသားစု တစ်ခုလုံးကို ကျားကန်ထားရတာဆိုတော့ သာမန် ရရာစားစား ဘဝပဲ။ ဦးလှမောင်တို့တင် မဟုတ်ပါဘူး။ ပုဏ္ဏာကုန်းက မိသားစုတွေ အားလုံးက တစ်နေ့လုပ် တစ်နေ့စား ရရာစားစား ဘဝတွေချည်းပဲ။ သူရို့ ဘဝတွေနဲ့ စာရင် သေတ္တာဝင်းထဲက လူတွေကပိုပြီး အဆင်ပြေ ချောမွေ့တယ်လို့ ပြောရမှာပဲ။ အမေ့ အသိ သေတ္တာဝင်းထဲက ဒေါ်စိန်မြင့်ဆိုရင် ရွှေဆွဲကြိုးတောင် ဝယ်နိုင်တယ်။ သူရို့ အိမ်ရှေ့မှာလည်း ထင်းရှုးသေတ္တာတွေ ပုံလို့၊ သစ်သားပြားတွေကလည်း အိမ်နံရံတွေမှာ မှီပြီး ထောင်ထားတာ သစ်သားနံ့က မွန်နေတတ်တယ်။ ကျွန်တော် တို့အတွက် အဲဒီ သစ်သားအနံ့တွေက မွှန်တယ်၊ အနံ့ပြင်းတယ်လို့ ပြောရပေမယ့်၊ ဒေါ်စိန်မြင့်တို့ မိသားစုအတွက် အဲဒီ သစ်သားနံ့တွေ များများမွှန်လေ၊ စီးပွားရေ ကောင်းလေပဲ။

မိညိုကို ကြည့်မရတဲ့သူကတော့ အဲဒီ ဒေါ်စိန်မြင့်ပါပဲ။ တစ်ခါတရံဆိုသလို မိညိုက ဒေါ်စိန်မြင့်တို့ အိမ်က လှမ်းထားတဲ့ သစ်သားပြားတွေကို တွန်းလှဲပစ်တတ်တယ်။ အဲဒါကြောင့် မိညိုဆို ဒေါ်စိန်မြင့် က သိပ်ပြီး မျက်နှာသာ မပေးဘူး။ သိပ် မကြည်ဘူးပေါ့။ မိညို အိမ်လာလည်ပြီဆိုရင် လက်မခံဘူး။ ပြန်မောင်းထုတ်ပစ်တယ်။ ဒေါ်စိန်မြင့် အတွက် စည်းပွားရေး အရ အနှောက်အယှက် ဖြစ်တာကိုး။ မိညိုကတော့ အမှတ်သည်းချေ မရှိတာလား။ သေသေချာချာ အရွဲ့တိုက်ပြီး လုပ်တာလား မသိဘူး။ ဒေါ်စိန်မြင့်ရဲ့ သစ်သားပြားတွေ ကြုံရင် ကြုံသလို တွန်းလှဲပစ်လိုက်တာပဲ။ သဘောကတော့ ငါ့ကို မောင်းထုတ်တာ မှတ်ကရောဆိုတဲ့ လက်တုန့်ပြန်တဲ့ သဘောပေါ့။

ဦးလှမောင် တို့က ဆင်းရဲကြတယ် ဆိုပေမယ့် ဆွေမျိုး အင်အားက ကြီးတယ်။အဲဒီ ဆွေမျိုးတွေက လောက်လောက်လားလား အားကိုးရမလားဆိုတော့လည်း တစ်ယောက်မှ အားမကိုးရဘူး။ သူ့ဆွေမျိုးတွေက ဦးလှမောင်ဆီပဲ ခိုကပ်စားသောက်နေကြတာ။ ရွာက ဦးလှမောင်ရဲ့အဒေါ်ဆိုတာ လာလည်ပြီး ဆယ်လကိုးသီတင်း ဘာအလုပ်မှ မလုပ်ပဲ ဦးလှမောင်တို့နဲ့ကပ်ရပ်ပြီး စားသောက်နေတတ်တယ်။ အဲဒီအဒေါ်ပြန်သွားလို့ ဘာမှ မကြာခင်မှာပဲ ဒေါ်သိန်းတန်ရဲ့ ဘိန်းစွဲနေတဲ့ တူတစ်ယောက် အလုပ်မရှိလို့ အိမ်က နှင်ချခံထားရတာ ဦးလှမောင်တို့ဆီပဲ ရောက်လာတယ်။ ရွာက ဦးလှမောင်ရဲ့ တူဝမ်းကွဲတစ်ယောက် မိန်းမခိုးပြေးရင် ဦးလှမောင်ဆီပဲ။ ဒေါ်သိန်းတန်ရဲ့ အစ်ကို အကြီးဆုံး ဦးဇော်ထွန်းက ထောင်ကထွက်လာတော့ ဦးလှမောင်တို့ အိမ်မှာပဲ နေတယ်။ ဒေါ်သိန်းတန် ရဲ့ မောင် အငယ်ဆုံး အရက်သမားက ပြဿနာဖြစ်ပြီး ရပ်ကွက် အချုပ်ခန်းရောက်တော့ ဦးလှမောင်ပဲ အာမခံနဲ့ အချုပ်ထဲက ထုပ်ပေးရတယ်။ ဟိုဖက် ဆွေမျိုး၊ ဒီဖက်ဆွေမျိုးတွေရဲ့ ပြဿနာတွေကို ဒိုင်ခံဖြေရှင်းပေးနေရတဲ့ ဦးလှမောင်တို့ ဒိုဘီလင်မယား ကြာတော့ ထိုဒဏ်တွေနှင့် ဆင်းရဲတွင်း နက်သထက် နက်လှသည်။

ဦးဇော်ထွန်းသည် ရပ်ကွက်၏ လူ့ချဉ်ဖတ်တစ်ယောက်လည်း ဖြစ်သည်။ ဒေါ်သိန်းတန် တစ်ယောက် ထိုအစ်ကိုဖြစ်သူနှင့် မောင်ဖြစ်သူတို့ နှစ်ယောက်၏ မိုက်တွင်းနက်မှုဒဏ်ကို ခါးစည်းခံရသည်။ အေးအေးဆေးဆေး နေတတ်သော ဦးလှမောင်သည် သားနှစ်ယောက်ဖြစ်သော လှိုင်ဘွားနှင့် ဒူမှတ်ကြီးတို့၏ ပညာရေး ထူးချွန်ဖို့အတွက်သာ အာရုံစိုက်သည်။ မိန်းမဘက်မှ ထိုလူမိုက်ညီအစ်ကို နှစ်ယောက်နှင့် ပြဿနာ ကင်းရှင်းအောင် နေသည်ထင်ပါရဲ့။ လင်မယားနှစ်ယောက် စလုံး မိုးလင်းမှ မိုးချုပ်အထိ လေဘေးထည်များ လျှော်တန်သည်ကို လျှော်၊ မီးပူတန်သည်တို့ကို မီးပူတိုက် အစရှိသဖြင့် တရစက် အလုပ်လုပ်ရသည်။ ကံကောင်းလျှင် နိုင်ငံခြား ပိုက်ဆံများ အဝတ်အစား အိပ်ထောင်(အိပ်ကပ်) များထဲပါလာပါက သူရို့ ရတတ်သည်။ ဂျပန်ပိုက်ဆံ ယန်းငွေများ၊ အမေရိကန် ဒေါ်လာများ ရံဖန်ရံခါ လေဘေးထည်များထဲတွင် ပါလာတတ်သည်။

ဒိုဘီလုပ်ငန်းဆိုတာ လေဘေးဈေးသည်တွေကို မှီခိုပြီး လုပ်ကိုင်စားသောက်ရတာကိုး။ ရပ်ကွက်ထဲက လူတွေက တကူးတက ပိုက်ဆံအကုန်ခံပြီး ဒီုဘီသည်တွေကို အဝတ် ဘယ်လျှော်ခိုင်းမလဲ။ ကိုယ်တိုင် လျှော်ကြမှာပေါ့။ လေဘေးဈေးသည်တွေကသာ စီးပွားရေး အရ အထည်တစ်ရာ နှစ်ရာအစရှိသဖြင့် လျှော်ခိုင်းကြတာ။ ဒီတော့ လေလေးသည်တွေ စီးပွားရေး အတက်အကျပေါ် မူတည်ပြီး ဒိုဘီသည်တွေ အလုပ်အကိုင် ရမှု၊ မရမှု ဖြစ်ရတာ။ လေးဘေးသည်များ အရောင်း အဝယ်ကောင်းပါက ဒိုဘီသည်များထံ အဝတ်အထည်များ စဉ်ဆက်မပြတ် အပ်နှံကာ အလုပ်ပေးနိုင်သည်။ တဖန် လေဘေးအဝတ်အထည်များ ရောင်းဝယ်ဖောက်ကား မှု များလာခြင်းသည် လူအများ အဝတ်အထည်အသစ်များကို ဝယ်နိုင်မှုအင်းအား နည်းပါးလာခြင်းဖြစ်သည်။ တနည်းအားဖြင့် ဆင်းရဲသား လူတန်းစား များပြားလာခြင်း ဖြစ်သည်။ ကျွန်တော့် အမေ၏ လေဘေးလုပ်ငန်းသည် အောက်ခြေ အခြေခံလူတန်းစာ ဆင်းရဲသားများနှင့် အများဆုံး ထိတွေ ဆက်ဆံရသော လုပ်ငန်းလည်း ဖြစ်သည်။ ထို့ပြင် လေဘေးလုပ်ငန်းသည်လည်း ဆင်းရဲသား လုပ်ငန်းပင် ဖြစ်သည်။ စတိုးဆိုင်ကြီးများ၊ တရုတ်ဖြစ် အဝတ်အထည် ဈေးကွက်နှင့် စာလျင် တစ်နိုင်တစ်ပိုင် လုပ်ငန်းလေးမျှသာ ဖြစ်သည်။ ဆင်းရဲသား လူတန်းစား အတွက် လေဘေးထည်များသည် ဈေးနှုန်းသက်သာသော အဝတ်အထည်များ ဖြစ်သလို၊ လေဘေးသည်များ နှင့် ဒိုဘီသည်များသည်လည်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အကျိုးပြုကြရသည့် လုပ်ငန်းသဘော သဘာဝ ဖြစ်ကြသည်။

ဒီတော့ ဦးလှမောင်တို့ လင်မယားသည် ကျွန်တော်တို့ အိမ်သို့ မကြာခဏ ဆိုသလို ရောက်လေ့ ရှိသည်။ အမေအပ်သည့် အထည်များ လျှော်ဖို့လာယူသည့် အခါ လာယူသလို၊ လျှော်ဖွတ်ပြီး မီးကြွေ(မီးပူ)တိုက်ပြီးသား အထည်များကို အစီအရီခေါက်ကာ ပလပ်စတစ်ကြိုးဖြင့် စည်းလျက် လာပြန်အပ်သည့် အခါလည်း လာပြန်အပ်သည်။ ကျွန်တော်တို့အိမ်မှ ဦးလှမောင် ပြန်သည့်အခါ ရံဖန်ရံခါဆိုလျှင် အမေသည် မိညိုစားဖို့ ပြောင်းဖူးများ ထည့်ပေးတတ်လေ့ ရှိသည်။ မိညို အပေါ် ခင်မင်ရင်းစွဲရှိနေပြီဖြစ်သော အမေသည် မိညိုအတွက် အမြဲ စိတ်ပူတတ်လေ့ရှိသည်။ မိညို နေမကောင်းဘူးဟု ဆိုလျှင် မိညိုအား ဆရာဝန်ပြရန် ဆေးဖိုးများ ဦလှမောင်အား ပေးလေ့ရှိသည်။

မိညိုသည် ခံစားလွယ်၊ ငိုလွယ် ရယ်လွယ် အမျိုးအစားမျိုးဖြစ်သည်။ သူမနေမကောင်းလျှင် မျက်နှာကလေး ညိုးညိုးငယ်ငယ်နှင့် မျက်ရည်များ ကျကာ ငိုနေတတ်သည်။ အမြဲတမ်းလိုလို တစ်ယောက်ယောက်က သူမအား ချော့ချော့မော့မော့ ကြင်ကြင်နာနာ အဖေါ်လုပ်ကာ အားပေးနေမှ စိတ်ကျေနပ် ပျော်ရွှင်လေ့ရှိသည်။ ထိုအချိန်မျိုးတွင် သူမအနားတွင် ရှိနေတတ်သည်က ဦးလှမောင် သို့မဟုတ် ဒေါ်သိန်းတန် သာ ဖြစ်သည်။ “ဟဲ့ ငါ့ သမီး လေး..မငိုပါနဲ့” ဆိုပြီး မိညိုကို ဂရုတစိုက်နဲ့ အားပေးနေတဲ့ ဒိုဘီသည်လင်မယားအား သူရို့အိမ်သွားသည့် အခါနှင့် ကြုံလျှင် တွေ့ရတတ်သည်။ ဦးလှမောင်တို့ လင်မယားက မိညိုအပေါ် ကြင်နာစွာ ဆက်ဆံတတ်သလောက် ဒေါ်သိန်းတန်၏ ထောင်ထွက် အစ်ကိုကြီး ဦးဇော်ထွန်းက စိတ်မထင်လျှင် မထင်သလို့ မိညိုများ ရိုက်တတ်သေးသည်။ မိညိုလေးသည် ဦးဇော်ထွန်းအား ကြောက်ရရှာသည်။ ကျွန်တော်တို့သည် သဘောကောင်း စိတ်ထားနူညံ့သော မိညိုကို ခင်မင်ရင်းနှီးကြသလောက် ရက်စက်ကြမ်းတမ်းသော ဦးဇော်ထွန်းကိုတော့ ရွံရှာမုန်းတီးကြသည်။

ဦးလှမောင်တို့ လင်မယားနှစ်ယောက်၏ ဒိုဘီလုပ်ငန်းမှ ဝင်ငွေတစ်ခုတည်းဖြင့် ရပ်တည်နေကြရသော မိသားစုသည် ကြပ်တည်းလွန်းလှသည်။ ဦးလှမောင်တို့ လင်မယား၊ ဦးဇော်ထွန်း၊ မိညို၊ လှိုင်ဘွား၊ ဒူမှတ်ကြီး၊ ထို ပါးစပ်ပေါက် ခြောက်ပေါက်ရှိသော မိသားစုသည် တဖြည်ဖြည်းနှင့် ကြပ်တည်းလွန်းမက ကြပ်တည်းလာသည်။ ဦးဇော်ထွန်းသည် အလုပ်အကိုင်ဟူ၍ ဘာမှ မယ်မယ်ရရ မလုပ်။ သူသည် လူ့ပေါက်ပင်မျှ။ လှိုင်ဘွားနှင့် ဒူမှတ်ကြီးတို့က အတန်းပညာများ အောင်မြင်ဖို့ ကြိုးစားနေကြသည်။ ထိုဆင်ရဲသား မိသားစုထဲမှာပင် မိညိုသည် တဖြည်းဖြည်းနှင့် မိခင်လောင်းတို့ အရွယ်ပင် ရောက်လာခဲ့သည်။

မိညို (၁)


ကျွန်တော်တို့က သူမကို မိညိုလို့ပဲခေါ်ကြသည်။ကျွန်တော်တို့ဆိုတာ ရပ်ကွက်ထဲက ကလေး၊လူကြီးတွေ အားလုံးကို ပြောတာပါ။ သူကိုတွေ့စက မျက်လုံး ညိုပြာညက်နဲ့ ပျိုရွယ်စ အရွယ်ကလေး ဖြစ်သည်။ မိညိုတို့ ရပ်ကွက်က ပုဏ္ဏာကုန်း။ ကျွန်တော်တို့ ရပ်ကွက်က ပေါက်ပေါက်တန်း။ မိညိုတို့ ရပ်ကွက်ကို သွားလျင် ကြားက သေတ္တာဝင်း ကို ဖြတ်သွားရသည်။ ပုဏ္ဏာကုန်း က ရပ်ကွက်လို့သာ ဆိုရတယ် တရားဝင် နာမည် မဟုတ်။ မျက်နာစာ လမ်းမကြီးနှင့် ကပ်လျက်ရှိသည့် လူနေအိမ်များ၏ အနောက်တွင် လမ်းကြိုလမ်းကြားလေးများဖြင့် ဖွဲ့စည်းထားသော တဲအိမ်လေးများရှိသည့် အုပ်စုကို ပုဏ္ဏာကုန်းလို့ အများက ခေါ်ကြသည်။ ပုဏ္ဏာကုန်းမှ လမ်းကြိုလမ်းကြားများသည် လူတစ်ယောက်စာ လမ်းလျှောက်လို့ရရုံသာ ရှိသည်။ လမ်းတဖက်ထိပ်မှ စက်ဘီးတစ်စီးလာလျှင် အခြားလမ်းတဖက်ထိပ်မှ လူက စောင့်ပေးရသည်။ လမ်းကျဉ်းတယ် ဆိုတာ အဲဒီလောက် အထိကျဉ်းတာ။ပုဏ္ဏာကုန်းလို့ ဆိုသည့် အတိုင်း ပုဏ္ဏား အများစု နေကြသည်။

သေတ္တာဝင်း ဆိုတာလည်း တရားဝင် ရပ်ကွက် နာမည် မဟုတ်။ သစ်သား သေတ္တာများ လုပ်ရောင်းသော စီးပွားရေးလုပ်ငန်းများ စုစုဝေးဝေးရှိကြသည့် အတွက် ထိုမိသားစုများ နေကြသည့် အပိုင်းကို သေတ္တာဝင်းလို့ သမုတ်လိုက်ကြသည်။ သေတ္တာဝင်းကို ဖြတ်သွားလျင် သစ်သားပြား အစိုများကို လမ်းနဘေးတွင် ဟိုဟိုဒီဒီ နေလှမ်းထားကြသည့် အတွက် ထင်းရှုးသား အနံ့၊ ကညင်သား အနံ့ စသည့် သစ်သားနံ့များကို ရှုရှိုက်ရသည်။ ရိုက်ထားပြီးသား သေတ္တာများကို ဆင့်ထားကြသည်မှာလည်း တောင်ပုံရာပုံ။ မိုးတွင်းဆိုလျင် သစ်သားစိုတို့၏ အနံ့များသည် ပိုမို စူးရှနေတတ်ကြသည်။ ပျဉ်ပြားများကို ဖြတ်တောက်ရာမှထွက်လာသော ပျဉ်စ အမှုန့်များကလည်း လမ်းဘေး တဖက် တချက်တွင် စုပုံ ပြန့်ကျဲနေတတ်သေးသည်။ ထိုပျဉ်မှုန့်များသည် နွေရာသီတွင် ခြောက်ခြောက်သွေ့သွေ့ လေအပွေ့တွင် ဖုန်ထတတ်လျက်၊ မိုးရာသီတွင် စိုစိုစိစိရွှံ့ဗွက်များ အပေါ်မှ ဖို့ရာတွင် အသုံးပြုကြသည်။ ဆောင်ရာသီတွင်ကား နေရောင်လည်း နည်း၊ အပူချိန်လည်း နည်းသောကြောင့် အစိုဓာတ်များ အလွယ်တကူ မခြောက်တတ်ချေ။ တနည်းအားဖြင့် သေတ္တာဝင်းသည် တစ်ဆယ်နှစ်ရာသီပတ်လုံး သစ်သားဓာတ်များ ခြုံလွှမ်းထားသည့် ရပ်ကွက်လည်းဖြစ်သည်။

မိညိုကို ကျွန်တော် စတွေ့တုန်းက သေတ္တာဝင်းထဲမှာပင် ဖြစ်သည်။ အဲဒီတုန်းက ကျွန်တော်တို့ ကလေးတစ်သိုက်က လေတံခွန်(စွန်) လိုက်ကြသည်တွင် နယ်ကျွံ၍
သေတ္တာဝင်းထဲသို့ ရောက်သွားကြသည်။ ထိုအချိန် မိညိုကို တွေ့ရသည်မှာ သူမသည် ဒိုဘီသည်ကုလားဦးလှမောင် ခေါ်ဆောင်ရာနောက်မှ ဂျစ်တီးဂျစ်ကန် ပုံစံဖြင့် ခပ်စွာစွာ လမ်းလျှောက်လျက်ရှိသည်။ ပျိုမျှစ်စ အရွယ်လေးဆိုတော့ ငယ်ရွယ်သူတို့ ထုံးစံအတိုင်း မာန်လေးတွေက ရှိတတ်ကြသည်။ ခွန်အားတွေ မာန်တွေနှင့် အရာရာကို တွန်းလှန် ပုံကန်မည့် ဟန်တွေ အပြည့်။ ကျွန်တော်တို့ ကလေးတွေကို ပေးစောင်းစောင်းနှင့် တချက် ချက်လှမ်းကြည့်လိုက်တတ်သေးသည်။ အဲတုန်းက သူမကို မိညိုလို့ မခေါ်တတ်ကြသေး။ နောက်မှ သူမကို မိညိုလို့ ခေါ်မှန်း တစ်ယောက်စကား တစ်ယောက်နားဖြင့် သိလာရသည်။ သူ့မ အသားရောင် ညိုညိုညက်ညက်လေးကြောင့် ထင်ပါရဲ့။ ထိုစဉ်က အပျိုဖြန်းကလေး မိညိုရဲ့ အဆက်အပေါက်ကလည်း ပြေပြစ်သန့်စင်လှသည်။

ဦးလှမောင်အား ရပ်ကွက်ထဲတွင် ဒိုဘီကုကား ဦးလှမောင် အဖြစ် သိထားကြသည်။ သူရို့ လင်မယား နှစ်ယောက်လုံးက ကျွန်တော့် အမေ၏ လေးဘေးအဝတ်အထည်များကို ပင်တိုင်လျှော်ကြသည်၊ ရှေးတုန်းက အဆိုအရဆိုရင်တော့ သူရို့ကခဝါသည်တွေပေါ့။
လေဘေး ဈေးလောကတွင် လေဘေးအထည်သည်များ ကိုယ်စီ၌ ပင်တိုင် လက်စွဲ ဒိုဘီသည်များရှိကြသည်။မိမိတို့ အပ်သည့် အထည်များအား အခြားအထည်သည်များ၏ အဝတ်အထည်များနှင့် မရောနှောမိစေရန် ကိုယ်ပိုင် လက်စွဲဒိုဘီကုကားများသာ ထားရှိတတ်ကြသည်။ ဦးလှမောင်တို့ လင်မယားက အမေ၏ ပင်တိုင် ဒိုဘီသမား။

ကလေးအရွယ် သားနှစ်ယောက်နှင့် ဦးလှမောင်တို့ မိသားစုအတွက် မိညိုသည် မိသားစုဝင် အသစ်လည်း ဖြစ်လာသည်။ ဦးလှမောင်သား အငယ်ကောင် ဒူးမှတ်ကြီးအား ပုရစ်နှိုက်ထွက်ဖို့ သွားခေါ်တိုင်း မိညိုအား တွေ့ရတတ်သည်။ တစ်နှစ်သာ ကြီးသော ဒူးမှတ်ကြီးအစ်ကို လှိုင်ဘွားကလည်း ကျွန်တော်တို့နှင့်အတူ ကစားလေ့ရှိသည်။ နောက်အတော်အတန်ကြာမှ မိညိုသည် ကျွန်တော်တို့ ကလေးတစ်သိုက်အပေါ် ခင်ခင်မင်မင် ရှိလာသည်။ သူမ၏ မျက်လုံး ရွဲရွဲလေး နှစ်လုံးက ကျွန်တော်တို့ အပေါ် ချစ်ကြောင်း ခင်ကြောင်းပြတတ်၊ ကြည့်တတ်သည်။ ထိုနောက် မိညိုက ကျွန်တော်တို့ ကလေးတစ်သိုက်အနား ကပ်ကာ ရစ်သီရစ်သီ လုပ်နေတတ်သည်။ ခမြာမှာ တစ်ယောက်ထဲ ပျင်းရှာရော့ပေါ့။ ကလေးများဖြစ်ကြသော ကျွန်တော်တို့ အမြင်တွင် မိညိုသည် ကြင်နာတတ်သည့် အသည်းနှလုံး ပိုင်ရှင်မှန်း သိသာလှသည်။

ဦးလှမောင်တို့ အိမ်သို့ အမေက အထည်တွေ သွားအပ်တိုင်း ကျွန်တော်က လိုက်သွားတတ်သည်။ သူရို့ အိမ် ၌ ကစားနေကြဖြစ်သော ကျွန်တော်က မိညိုကို အမေထက် အရင် သိကျွမ်းရသည်။ ပထမဦးဆုံး အကြိမ် မိညိုကို အမေတွေ့တော့ တအံတသြနှင့်။ အဆစ်အပေါက် ကြည့်ကောင်းလွန်းလို့တဲ့။ မိညိုက အမေ့ကို ခင်ခင်မင်မင်နဲ့ နေတော့ သဘောကျလို့ မဆုံး။ “အမလေးဟဲ့..ကိုလှမောင်တို့ မိညိုကတော့ ငါ့ကို ခင်ရှာတယ် တော့” လို့ အမေကိုယ်တိုင် ကျေကျေနပ်နဲ့ ပြောရတယ်။ နောက်တော့ အမေလည်း မိညိုကို ချစ်သွားတယ်။ ကျွန်တော်က “မိညို” လို့ ခေါ်တော့ အမေက “ဟဲ့ နင့် က ဘယ်လိုလုပ် သူနဲ့ သိနေရပြန်တာတုန်း” လို့ မေးပြီး အားလုံးက ဝိုင်းရယ်ကြတယ်။ အဲဒီလို ရယ်မောသံတွေ လွင့်ပြန့်နေတတ်တဲ့ ဧည့်သည်တွေ တရုံးရုံးရှိတဲ့ အချိန်တွေဆိုရင် မိညိုတို့ သိပ်ပျော်ပေါ့။ မိညိုျမှာ အပေါင်းအဖေါ်တွေအပေါ် ခုံမင်တဲ့ ဗီဇကပါလာတယ်။

အဲဒီ အပေါင်းအဖေါ် မက်တဲ့ ဗီဇကြောင့်ပဲ ထင်ပါရဲ့ မိညိုလည်း ဦးလှမောင်တို့အိမ်ရောက်ပြီး သုံးလလောက်ကြာတော့ လည်လည်ဝယ်ဝယ်ရှိလာတယ်။ ပုဏ္ဏာကုန်းတစ်ခုလုံးကလည်း မိညိုကို သိသည်။ သိမှာပေါ့ ပုဏ္ဏာကုန်းက အိမ်ဆိုတာက ခြံစည်းရိုးကာတယ် ဆိုရုံလေး ကာထားတာ။ တစ်အိမ်နဲ့ တစ်အိမ်က မိသားစုဝင်တွေလို့ အလွယ်တကူ ဝင်ထွက် သွားလာကြတယ်။ နောက် ဦးလှမောင်တို့ အိမ်ကလည်း လမ်းထောင့်ဆိုတော့ လမ်းမကြီးဘက် ထွက်ချင်ရင် သူရို့အိမ်ထောင့်က ဖြတ်သွားရတာ။ ဖြတ်သွားတဲ့ လူတိုင်း ဟိုလူကလည်း “ဟေ့ မိညို”၊ ဒီလူကလည်း “ဟေ့ မိညို” နဲ့ နူတ်ဆက် သွားတတ်ကြတယ်။ နောက်တော့ ဟိုဘက်ရပ်ကွက်၊ ဒီဘက်ရပ်ကွက်က လူတော်တော်များများနဲ့လည်း မိညို သိလာတယ်။

မိညို ပိုပြီး လည်လည်ဝယ်ဝယ် ရှိလာတဲ့ အခါ ဘယ်တော့မှ အိမ်မကပ်တော့ဘူး။ နီးစပ်ရာ ရပ်ကွက်တွေထဲ ဟိုရှောက်သွား၊ ဒီလျှောက်သွား လုပ်နေတတ်သည်။ ဦးလှမောင်တို့ လင်မယားကလည်း ဒီရက်ကွက် ပတ်ဝန်းကျင်ကို ယုံကြည်စိတ်ချတဲ့ အတွက် သိပ်ပြီး မိညိုကို တင်းတင်းကျပ်ကျပ် လုပ်မထားဘူး။ ညနေပိုင်း အချိန်တန်လို့ အိမ်ပြန်မလာတော့မှသာ ဦးလှမောင် မိန်းမ ဒေါ်သိန်းတန် ကိုယ်တိုင် မိညိုကို လိုက်ခေါ်ရတာ။ မိညိုကို မနက်ပိုင်း ဘယ်အိမ်ရှေ့မှာတွေ့လိုက်တယ်။ နေ့ခင်ပိုင်းမှာ ဟိုဘက်ရပ်ကွက်က မကျီးပင်အောက်မှာ ကလေးတွေနဲ့ မိညိုကို တွေ့လိုက်ရတယ်။ အစရှိသဖြင့် အဲဒီလို ဟိုအိမ်ကအပြော၊ ဒီအိမ်ကအပြော နဲ့ လိုက်ရှာရသည်။ မိညိုက ရပ်ကွက်ထဲ လျှောက်သွားနေလေ့ရှိတော့ အိမ်တိုင်းက မိညိုကို သိကျွမ်းနေကြတယ်လေ။

မိညိုကို ဦးလှမောင်တို့ ဘယ်က ဘယ်လို ခေါ်လာတယ် ဆိုတာ ဘယ်သူမှ တိတိကျကျ မသိကြဘူး။ ကျောက်ဆည် ကုန်းရွာမှာရှိတဲ့ ဦးလှမောင်တို့ ဆွေမျိုး နီးစပ်တွေ အမွေခွဲကြတဲ့ ပြဿနာဖြစ်လို့ ခေါ်လာတာလို့ ရိုးတိုးရိတ်တိပ် ပြောသံတွေ လောက်ပဲ ကြားဘူးတယ်။ ရွာက ခေါ်လာခါကစ အရိုင်းဆန်ဆန် မိညိုလေးက မကြာခင်မှာပဲ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ လျှောက်သွားနေတတ်တဲ့ မိညို အယဉ်လေး ဖြစ်သွားတယ်။ ဒီရပ်ကွက်တွေနဲ့ ဒီပတ်ဝန်ကျင်က လူတွေ အကြားမှပဲ ကျင်လည်ပြီး မိညို အရွယ်ရောက်ခဲ့တယ်လို့ ပြောရမှာပဲ။

သတိရမိတဲ့ ငယ်ငယ်က မန္တလေး (၃)


အဖေ အလုပ်မသွားသော စနေ၊ တနင်္ဂနွေနေ့မျိုးတွင် ခိုတောင်မုန့်တီကို ထမင်းနှင့် နယ်ကာ နေ့လည်စာ အဖြစ်စားကြသည်။ နေ့လည်ခင်းတွင် ခိုတောင်သည်တို့ လာကြသည်။ အဖေ အကြိုက်ဆုံးက ဦတာရဲဈေးထဲတွင် စခန်းချသော ဒေါ်ရွှေကြီး၏ ခိုတောင်မုန့်တီဖြစ်သည်။ “သူ့ ခိုတောင်မုန့်တီက ငံပြာရည် အခရာကွ” ဟု အဖေ မကြာခဏ ချီးမွမ်းခန်း ဖွင့်သည်။ အဘွားက အစပ်မစားနိုင်သောကြောင့် ဆီနီ မထည့်။ ဆီဝါနှင့်သာ သုပ်သော ခိုတောင်မုန့်တီ နှစ်ကျပ်ဖိုးကို အဖေအပါအဝင် တစ်မိသားစုလုံး စားနိုင်ရန် ဇလုံထဲတွင် ထမင်းနှင့်ရောနှယ်ကာ ခွဲဝေစားကြရသည်မှာ ကြည်နူးစရာပင်။ မှတ်မှတ်ရရ ထိုစဉ်က ဇလုံဝါသည် ဆိုရှယ်လစ်ခေတ် သမဝါယမက ထုတ်ပေးသော ပြည်တွင်းဖြစ် ဇလုံဖြစ်သည်။ အပေါ်ယံဆေးသားများ ကွာသည့် အခါ အောက်က သံများ ပေါ်နေတတ်သည်။

ခိုတောင်ရွာမှ မန္တလေး မြို့ပေါ်သို့ တက်ကာ ရောင်းကြသော မုန့်တီကို ခိုတောင်မုန့်တီဟု ခေါ်ကြသည်။ အသားမပါ။ ပဲမုန့်၊ ဆီနီ၊ ဆီဝါ၊ ကြက်သွန်ကျော်၊ ငံပြာရည်၊ အချိုမှုန့်၊ မှုန့်ကြွပ်ကျော်လေးဖြင့်သာ သုပ်သော မုန့်တီသည်များကို နေ့လည် နေ့ခင်းအချိန် မကျည်းပင်အောက်၊ ကုက္ကိုလ်ပင်အောက် စသည့် အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများ အောက်တွင် တွေ့ရတတ်သည်။ ပိန်းရိုး၊ ကြာစွယ်တို့ဖြင့် ပြုတ်ထားသော ဟင်းချိုရည်ကို မြေအိုးထဲတွင်ထည့်ကာ အမြဲပူနွေးနေစေရန် အဝတ်ဖြင့် လုံအောင်ပတ်လျက် သူရို့၏ ခေါင်းရွက်ဗန်းထဲတွင် အတူတပါတည်း ယူလာကြသည်။

ကျွန်တော်တို့ ရပ်ကွက်၏ နေ့လည် နေ့ခင်း အချိန်တွင် စားစရာသည်များ စုံလင်လှသည်။ ဈေးသည်တို့၏ အော်ဟစ်ရောင်းချသံများကို သူ့အချိန်နှင့်သူ ကြားရတတ်သည်။ စားချင်သည့်အစားအစာ အာသီသပေါ်လာပါက သူ့အချိန်နှင့်သူ စောင့်နေပါလျှင် ဗန်းရွက်ဈေးသည်များ၊ တွန်းလှည်းနှင့် ဈေးသည်များ အား ဖမ်းမိနိုင်ပါသည်။

“သာကူယို၊ နွားနို့ ထမင်း”ဟူသော အသံသည် ၁၂-နာရီခွဲနှင့် နာပြန်တစ်ချက်တီး အကြားတွင် ပေါ်လာတတ်သည်။ ထိုဈေးသည် မိန်းမသည် “သာ” ဆိုသည့် အသံကို ခပ်အစ်အစ် အသံဖြင့် အော်ကာ “ယို” နှင့် “မင်း” ဆိုသည့် အသံကို တော်တော်ကြီး ဆွဲပြီး အော်လေ့ရှိသည်။ ထို့ ကြောင့် ဤအသံနှင့် ဆိုလျှင် သည်မိန်းမ၊ အခြားအသံနှင့် ဆိုလျှင် အခြား မိန်းမဟု အိမ်ထဲမှနေ၍ အလွယ်တကူ ခွဲခြားလို့ ရသည်။

နေ့လည် နှစ်ချက်တီးချိန်တွင် ရေခဲချောင်းသည်လူကြီးတစ်ဦး စက်ဘီးနောက်တွင် ရေခဲပုံးတင်ကာ ခေါင်းလောင်းသံ တင်..တင်..တင်..မြည်စေလျက် အိမ်ရှေ့လမ်းမကြီးမှ ဖြတ်သွားသည်။ ခေါင်းလောင်းသံ၊ ရေခဲချောင်းတင်သည့် စက်ဘီး၊ အမြဲနေလောင်ထားသည့် မွဲပြာရောင် အသားရေ၊ ခန္ဓာကိုယ် ပိန်ပိန် ပါးပါးနှင့် အနားများ ဖွာနေသော မြက်ဦးထုပ်ကို ဆောင်းထားတတ်သည့် ထိုရေခဲချောင်းသည် ဦးလေးကြီးသည် အမြဲဒွန်တွဲနေတတ်သော ပုံရိပ်များဖြစ်သည်။သူသည် သူ့ရေခဲချောင်းကို အော်ဟစ် ရောင်းချခြင်းမရှိ။ သူ့ခေါင်းလောင်းသံ လွင်လွင်ကလေးကသာ သူ့ကို ကိုယ်စားပြုထားသည်။

ထိုရေခဲချောင်းသည်ကြီးနှင့် မရှေးမနှောင်းတွင် ပြောင်ဖူးပြုတ်သည် အဖိုးကြီးတစ်ဦး ပေါ်လာသည်။ သူ၏ အသံကို ခုနစ်အိမ်ကျော်၊ ရှစ်အိမ်နီးပါးဆီမှ စတင်ကြားရတတ်သည်။
“ရှမ်းပြောင်းဆို စီးစီးလေး…ငချိတ်” ဟု နားခေါင်းသံကို တမင် လုပ်ယူကာ မြင့်မားသော အသံနှုန်းဖြင့် တစ်မိနစ်ခြား တစ်ခါအော်လေသည်။”ရှမ်းပြောင်းဆို စီးစီးလေး…”ဆိုသည့် စကားစုကို တဆက်တည်း တောက်လျှောက်အော်လျက် “ငချိတ်” ကို ပြုတ်ကျသွားကာ တုံးတိဖြတ်ချလိုက်သော ပုံစံဖြင့် အဆုံးသပ်သည်။ သူသည် သုံးဘီးတပ် လက်တွန်းလှည်းကလေးဖြင့် ပြောင်းဖူးပြုတ်ရောင်သည်။ သူ့မျက်နှာသည် အငြိမ့်ထဲမှ လူပျက်တစ်ယောက်လို မကြာခင် ဟာသပျက်လုံးများ လုပ်တော့မည် မယောင်။ သူသည် အမြဲတမ်း ပြုံးနေလေ့ရှိသည့် မျက်နှာကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်သည်။

“မှောင်..မှောင်..မှောင်” ဆိုသည့်မောင်းသံလေးနှင့် အတူ သီးစုံ အချဉ်ပေါင်းရောင်းသည့် လက်တွန်းလှည်းကလေးများလည်း ထိုအချိန်မျိုးတွင် ပေါ် လာတတ်သည်။ဂွေးသီး၊ သရက်သီး၊ ဇီးဖြူသီး၊ မက်မန်းသီး၊စောင်းလျှားသီး၊ စသည့် အသီးတို့ကို သဂျက်ဆီ(သကြားအဆီ သို့မဟုတ် ဆေးသကြား) ဖြင့်နယ်ထားသည်။ ပလတ်စတစ်အိတ် သေးသေးလေးတွင် ထည့်ကာ ငပိကြော် ငရုတ်သီးမှုန့်ကြော်တို့ဖြင့် အပေါ်မှ ဖြူးကာ စားကြရသည်။ ထိုစဉ်က ချဉ်ပေါင်းတစ်ထုပ်ကို တစ်မတ်။ အချဉ်ပေါင်းသည်များသည် လူငယ်ယောင်္ကျားများသာ ဖြစ်ကြသည်။

မန္တလေး၏ နေ့လည်ခင်း အချိန်သည် တစ်ဆယ်နှစ်ရာသီပတ်လုံး ပူပြင်းနေတတ်သည်။ နွေရာသီတွင်ကာ အထူးပြောစရာ မရှိပြီ။ အိမ်ရှေ့ လမ်းတဖက်မှ ကုက္ကိုလ်ပင်ကြီးသည် လမ်းမကြီးကို မိုးကာ အရိပ်ပေးထားသည်။ ဖြတ်သန်းသွားလာသူတို့ ကုက္ကိုလ်ပင်ရိပ်အောက်တွင် နားခို အမောဖြေကြရသည်။ ခရီးဝေး လျှောက်လမ်းသည့် ဈေးသည်တို့ ခရီးတစ်ထောက်နားခိုရာလည်း ဖြစ်သည်။ ခိုတောင်မုန့်တီသည်တို့လည်း နားခိုတတ်သည်။

ထိုကုက္ကိုလ်ပင်ကြီးကို အမှီပြုကာ အသက်မွေးဝမ်းကြောင်းပြုကြသူများ အထဲတွင် ရပ်ကွက်တကာလှည့်ကာ သစ်ပင်ကြီးများမှ ချိတ်များကို ခွာယူသူများလည်း ပါဝင်ကြသည်။ ကုက္ကိုလ်ပင်ကြီးသည် သက်တန်းကြီးရင့်လာသည်နှင့် အမျှ ချိတ်များ စွဲလာသည်။ ချိတ်များကို ပြန်လည် ရောင်းစားပါက ပိုက်ဆံရသည်။ ထိုသည်အတွက် သူရို့သည် ကုက္ကိုလ်ပင်မှ ချိတ်စွဲနေသည့် သစ်ကိုင်း သစ်ခက်များကို မကြာခဏဆိုသလို ချိုးချယူကြသည်။ ပိုးစွဲသလို စွဲနေသော အနီရင့်ရောင်စေးပျစ်ပျစ် ချိတ်အဖတ်များကို ခွာယူကြသည်။ ထိုချိတ်ခွာသမားများ ကုက္ကိုလ်ပင်ကြီးပေါ်တက် အလုပ်များရှုပ်ကြသည့် အခါများတွင် ဥသြငှက်တို့ ဝေးရာသို့ ရှောင်ပြေးကြရသည်။ ထိုကဲ့သို့ နေ့ခင်းမျိုးတွင် ဥသြတို့၏ ဆွတ်ပျံဖွယ် တွန်းကျုးသံကို မကြားရတော့ပြီ။ သစ်ခက် ချိုးသံ တဖြောင်းဖြောင်း အသံများသာ ကြားရသည်။ ချိတ်ခွာသမားများ ပြန်တော့ ကုက္ကိုလ်ပင်၏ အေးမြသောအရိပ်များ ပြောက်ကွယ်ပြီး ပိုမို ပူပြင်းသော နေရောင်နှင့် ကိုင်းခက် အကျိုးအပြတ်များသာ အပင်ခြေရင်းတွင် ကျန်ရစ်ခဲ့သည်။

ထိုပူပြင်းသော မန္တလေး၏ နေရောင်ကို အံတုလျက် ဝမ်းစာအတွက် တိတ်ဆိတ်စွာ သွားလာနေသော လူတစ်ဦး ရှိနေပါသေးသည်။ သူသည် မြင့်မြတ်သော ဗြဟ္မာမျိုးနွယ်ဝင် ပုဏ္ဏားတစ်ဦးလည်းဖြစ်သည်။ သူသည် သန့်ရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်လျက် လက်ကိုင်ရိုးအကောက် ထီးမဲကို လက်မောင်းတွင် ချိတ်ကာ ရပ်ကွက်တကာ လှည့်လည် ဗေဒင်ဟောလေ့ရှိသည်။ သူစီးထားသော ရာဘာဖိနပ်တို့သည် လမ်းလျှောက်ရဖန် များသောကြောင့် ပါးလျှပ်နေသည့်တိုင်အောင် သူ့အတွက် အသုံးတည့်နေတုန်းပင်။ သူ့အတွက် စနေနံ ဖိနပ်အသစ် ဘယ်တော့များမှ ဝင်ပါမည်နည်းဟု သူကိုယ်တိုင် တွက်ဆမိပါရဲ့လား လို့ တွေးမိခဲ့တယ်။ အဘွားကတော့ ထိုဗေဒင်ဆရာ ပုဏ္ဏားနှင့် ဗေဒင်ပညာ အကြောင်း ဆွေးနွေးလေ့ ရှိတယ်။ ကျွန်တော်က အဘွားနှင့် ကပ်လျက် မဟာဘုတ်တိုင် ထူးနည်းကို လေ့လာသည်။

ထို့နောက် “အုန်းပေါင်း ငှက်ပျော်သီးကြော်” နှင့် “ခေါ်ပဲပေါင်း အကြော်” ဆိုသည့် အသံတို့သည် နေ့လည် သုံးနာရီ ထိုးမှ ပေါ်လာတတ်သည်။ ခေါ်ပဲပေါင်းဆိုသည်မှာ ကောက်ညင်းကို ပဲစဉ်းငုံနှင့် ပေါင်းထားသည်ကို ခေါ်သည်။ ပဲနှင့်ရောကာ ပေါင်းသည့်အတွက် ကောက်ညင်းသည် ပဲ၏အညိုရောင် သမ်းသွားသည်။ ခေါ်ပဲပေါင်းအပေါ် ဆီဆမ်း၊နှမ်းဖြူကာ အကြော်နှင့် စားကြရသည်။ အများအားဖြင့် ဘရာကြော်(မတ်ပဲကြော်)၊ ကုလားဘရာကြော်၊ ပဲစဥကြော်၊ မြင်းခွာရွက်ကြော်တို့ ဖြစ်သည်။ တချို့ ဈေးသည်တို့က ငါးအရေခွံကြော်တို့ပါ တွဲရောင်းတတ်သည်။ ကောက်ညင်းပေါင်းကို အုန်းသီးဖြူးကာ ဖီးကြမ်းငှက်ပျော်သီးကြော်နှင့်လည်း စားတတ်ကြသည်။ ထိုကဲ့သို့ နေ့လည်အစာပြေ စားတတ်ကြသည်မှာ ကျွန်တော်တို့ မန္တလေးရပ်ကွက်၏ ဓလေ့ ထုံးစံဖြစ်သည်။

နေ့လည်နေ့ခင်း နေမင်း ၏ အပူပြင်းဆုံး အချိန်တို့တွင် ကျွန်တော်တို့ ရပ်ကွက်သည် ခပ်ငြိမ်ငြိမ် ခပ်ဆိတ်ဆိတ် သာ ရှိသည်။ အိမ်ရှေ့က လမ်းမကြီးသည်လည်း ပူပြင်းသော နေရောင်အောက်တွင် ပျင်းရိစွာ လှဲလျောင်းနေလေ့ရှိသည်။ အရာရာသည် လေးလံ ဖင့်တွဲလျက် ရှိသည်ဟူ ထင်ရသည်။ ရံဖန် ရံခါ ကြိုကြား ကြိုကြား ပေါ်လာတတ်သော ပလပ်စတစ်ကောက်သည့် ကောင်းလေးများကြောင့် ခွေဟောင်သံများ ကြားရသည်။ ထိုအခါ အိပ်မောကျနေသော ကျွန်တော်တို့ ရပ်ကွက်ကို လန့်နိူးလိုက်သလို တခဏတာမျှ အင်း.အဲ.နှင့် လှုပ်ရှားသွားသည်။ ဟိုအိမ် ဒီအိမ်မှ ခေါင်းထောင်ကြည့်ကြသည်။ ထို့နောက် ပြန်လည် အိပ်မောကျသွားသကဲ့သို့ တိတ်ဆိတ်သွားတတ်ပြန်သည်။

တဖြည်းဖြည်းနှင့် ညနေ နေစောင်းလို့ အပူရှိန် သက်သာစ လေးနာရီ ခန့်တွင် အိမ်တွင်းမှ သက်ကြီးပိုင်းများ ဟိုမှ ဒီမှ အပြင်ထွက်ကာ အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်လျက် ညနေခင်း၏ အေးမြသည့် ရှု့ခင်းကို ခံစားကြသည်။ကျောင်းဖွင့် ချိန် ဆိုလျှင် သည်အချိန်မျိုးသည် ကျောင်းဆင်းချိန် ဖြစ်သည့် အားလျော်စွာ လမ်းမပေါ်တွင် အထက်တန်း ကျောင်းသူ ကျောင်းသားများ၊ မူလတန်း ကျောင်းသားလေးများ ဥဒဟို ပျားပန်းခတ်မျှ လှုပ်ရှား သွားလာကြသည်။ နေမင်းသည်လည်း အနောက်ဖက် ယွန်းယွန်းဆီသို့ အိကာ ကျနေတတ်သည်။ နေ့ခင်းက ခြောက်ခြောက်သွေ့သွေ့ နှင့် အိပ်မောကျခဲ့သည့်လမ်းမသည်လည်း ဆူဆူညံညံအသံများဖြင့် ပြန်လည် နိုးထလာသည်။

ထို့နောက် မုန့်လုံးကြီး ဆီစိမ်သည် သည် အိမ်ရှေ့လမ်းမပေါ်မှ ဖြတ်သွားတော့သည်။ ထိုဗန်းရွက်ဈေးသည်သည် တစ်ခေါ်ခန့် အကွာမှနေ ၍ “မုန့်လုံးကြီး ဆီစိမ်” ဟု အသံ ခပ်မှန်မှန်နှင့် တစ်ခါသာ အော်သည်။ ထိုတစ်ခါတည်းအော်သည့် အသံ မကြားလိုက်ပါက ထိုနေ့အဖို့ မုန်းလုံးကြီး ဆီစိမ်ဝယ်စားဖို့ မဖြစ်နိုင်တော့။ ကျွန်တော် ငယ်ငယ်က မုန်းလုံးကြီး ဆီစိမ် စားချင်သည့် အခါတွင် ဈေးသည်မိန်းမကို လေးနာရီနှင့် ငါးနာရီ အကြားတွင် လည်ပင်း ရှည်ထွက်အောင် မျှော်ရသည်။ သို့ပေသည့် အဘွားက ဝယ်မကျွေးနိုင်သည်က များသည်။ ကောက်ညင်းပြား ပျော့ပျော့လေးကို ဆီစိမ်ထားကာ အုန်းသီကြော် ကြွပ်ကြွပ်လေး နှင့် သကြား ဖြူးထားသော မုန့်လုံးကြီး ဆီစိမ်ကို ထိုစဉ်က တစ်ခု ငန်းမူ(ငါးမူး) ပေးရသည်။

ညနေ နေဝင်ရီသရောအချိန်တွင် လေပုတ်ထုတ်ဆေးရောင်းသည့် အဖိုးကြီးနှင့် အဘွားကြီး လင်မယား အထမ်းကိုယ်စီနှင့် ရောက်လာသည်။ သူရို့သည် ကိုယ်ပိုင် ဗမာ့နည်း ဗမာ့ဟန်ဖြင့် ဖော်စပ်ထားသော အစာကြေလျက်ဆား၊ လောက်စာလုံးခန့် လေပုတ်ထုတ်ဆေးလုံး တို့ကို သတင်းစာ စက္ကူဖြင့် ထုပ်ကာ တစ်ထုပ်ကို တစ်မတ်ဖြင့် ရောင်းကြသည်။ ထိုစဉ်က စားလို့ရတာမှန်သမျှသည် ကျွန်တော့်အတွက် သရေစာပင်။

ထိုအချိန်တွင် ကုက္ကိုလ်ပင်အောက်မှ အကြော်ဆိုင်သည် ခင်ကျင်းပြင်ဆင်ပြီးကာ မီးဖိုက မီးခိုများ ပင် စတင် အူတက်လာပြီ။ ကျွန်တော်တို့ ရပ်ကွက်၏ ထုံစံအတိုင်း ဘရာကြော်(မတ်ပဲကြော်)၊ ကုလား ဗရာကြော်တို့သည် အဓိက အကြော်များ ဖြစ်ကြသည်။ ပြီးမှ တို့ဖူးကြော်၊ ငါးကလေးကြော်၊ ဘူးးသီးကြော်၊ မြင်းခွာရွက်ကြော် တို့ကို ကြားဖြတ် အလျင်းသင့်သလို တစ်ဒယ်စီခန့် ကြော်သည်။

ကျွန်တော်တို့ ညစာသည် အများအားဖြင့် အိမ်ရှေ့ အကြော်ဆိုင်မှ ဘူးသီးကြော်၊ ဘရာကြော်တို့ကို ဟင်းလုပ်စားကြသည်။ အိမ်ကို ဧည့်သည်လာလျင် ဘူးသီးကြော် ဝယ်ကြွေးကြသည်။ ငှက်ပျောသီး၊ သရက်သီးတို့နှင့် ထမင်းစားတတ်သော အဖေသည် တခါတရံ ငှက်ပျောသီးဖြင့် ညစာထမင်းစားသည်။ အဖေ အလုပ်ပြန်ချိန်သည် မိုးစုန်းစုန်းချုပ်လို့ မှောင်မှ အိမ်ပြန်ရောက်တတ်သည်။ ဝါတွင်းဆိုလျှင် ဓမ္မာရုံဆီမှ အော်လံ အသံစမ်းသံများ စတင် ကြားရတတ်သည်။ အိတ်တန်းတက်ရန် ငှက်တသိုက်တို့လည်း ကုက္ကိုလ်ပင်ကြီးဆီသို့ ကွန်းခိုလာကာ မအိပ်ခင် ငှက်သဘင်ကျင်းပနေကြသည့် အလား ဆူညံပွက်လောရိုက်လျက် ရှိသည်။ အဘွားသည် ပုတီးကို စိတ်လျက် အဖေ ပြန်လာချိန်ကို မျှော်ရရှာသည်။ အဘွားဆီမှ ပရိတ်ကြီး ဆယ်တစ်သုတ် တီးတိုးရွတ်ဆိုသံသည် အဖေအိမ်ပြန်ရောက်မှ ပိုမို တည်ငြိမ် ပီပြင်သွားလေ့ရှိသည်။ ထို့နောက်တွင် ကျွန်တော့်အတွက် ပုံပြင် နားထောင်ဖို့ အချိန်ရောက်လေသည်။

အဘွားပုံပြင် ပြောပြချိန်တွင် လရောင်သည် ရွန်းလဲ့နေတတ်သည်။ တခါတရံ ကြယ်ရောင်များ ပြိုးပြိုး ပြက်ပြက် လင်းလက်လျက် အဆုံးအစမဲ့ ကောင်ကင်ပြင်ကြီးကို ပြတင်းပေါက်မှ ငေးမောကြည့်ရင်း စာကျက်ဖို့ကို သတိမေ့နေတတ်သည်။ အတန်းကြီးလာတော့ စာကျက်ချိန်တွေလည်း ပိုလာတတ်သည်။ ညလေပြေလာတော့ ဇီးကွက်တို့ အသံစပေးလေသည်။ အိမ်နောက်ဖက် ခြံဆီမှ ညမွှေးပန်းရနံ့သည် လေအသုတ်တွင် ပါလာတတ်သည်။ ထိုညလေကြောင့်ပင် ဓမ္မာရုံမှ ဓမ္မစင်္ကြာ ရွတ်ဖတ်သံတို့သည် ဝေးလာလိုက် နီးသွားလိုက် ရှိတတ်၏။ တခါတရံ အိမ်နောက်ဖေးမှ ကြွက်စုတ်တို့ ရန်ဖြစ်သံများ ကြားရတတ်သည်။ အိမ်ရှေ့လမ်းမပေါ်တွင် အိမ်အပြန် မြင်းလှည်းများမှ မြင်းခွာသံ လေးလေးပင်ပင်များလည်း ရှိသည်။ နှစ်အိမ်ကျော်မှ ဆယ်တန်းကျောင်းသူ ကောင်မလေးတစ်ယောက် စာအကျယ်ကြီး ကျက်လျက်လည်းရှိတတ်သည်။

ညဉ့်နက်လာသည်နှင့် အမျှ ရပ်ကွက်ဓမ္မာရုံမှ ဓမ္မစင်္ကြာ ရွတ်ဖတ်သံသည် တိတ်ဆိတ်သွားခဲ့ပြီ။ညသည် တစ်စစနှင့် ပင်ပန်းနွမ်းနယ်လာကာ ဆိတ်ငြိမ်ခြင်းသို့ ဝတ်ဆင်း တွားသွားနေတော့သည်။ တစ်ဖြည်းဖြည်းနှင့် ပကတိ ငြိမ်သက်ခြင်းသို့ ရောက်လာသည်။ ရပ်ကွက်တစ်ခုလုံးသည် တိတ်ဆိတ်ခြင်း မက တိတ်ဆိတ်သွားသည်။ ကျွန်တော် စာကျက်ပြီးလို့ အိပ်ရာ ဝင်ခါနီးတော့ “ထာပနာထုပ် ပြန်ပေါင်းထုပ် ပူချိုမွှေး” ဆိုသည့် ဈေးသည် ကောင်းလေး၏ အသံကို တိတ်ဆိတ်ညထဲမှာ အဝေးကပင် သဲ့သဲ့ကြားရသည်။ အလွန်တိတ်ဆိတ်နေသော ည သန်းခေါင် ရောက်လု ရောက်ချိန် ကျွန်တော်တို့ အိမ်ရှေ့ရောက်သည် အခါ သူ့ အသံက စူးရှစွာ ထွက်ပေါ်တတ်သည်။ သူ့အသံအရ သူသည် လူကြီးသံ မပေါက်သေးသည်ကို သိသာသည်။ ကျွန်တော့်စိတ်ထဲတွင် သူ့အသံသည် တောင်းပန်းခယ ငိုးကြွေးသံတို့ ရောယှက်နေတတ်သည်ဟု ထင်သည်။ ဝမ်းစာအတွက် ပူနွေးသော ထာပနာထုပ်များကို ပုဆိုးထုပ်ထဲတွင်ထည့်ကာ ကျော်ပေါ်ထမ်းလျက် တစ်ညလုံး လှည့်လည် ရောင်းနေရမည်လား မသိ။ ကျောက်ဆစ်မီးသတ်က ထိုအချိန်ဆိုလျှင် တစ်ဆယ်နှစ်နာရီ သံချောင်း ခေါက်သည်။ မာရှယ်လောများ ထုတ်သည့် ခေတ်တွင် သူ့ကို သတိရမိသေးသည်။

ကျွန်တော်တို့ အိမ်ရှေ့ကလမ်းမကြီးအပေါ် ဘဝပေါင်း စုံလင်စွာ ဖြတ်သန်းသွားခဲ့ကြသည်။ နောင်တွင်လည်း ထိုကဲ့သို့ ဘဝတွေ နင်းလျှောက်သွားကြလိမ့်အုံးမည်။ ထိုလမ်းမ၏ ဘေးတစ်ဖက်တွင် အဖေသည် ယနေ့ အချိန်ထိ မနက်ခင်း၏ နွေးထွေးသည့် နေရောင်အောက်၌ နေ့စဉ် ဆွမ်းလောင်းနေမြဲပင်။ အမေကတော့ ဆွမ်းဟင်းများ ချက်ပြုတ်ကာ သားဖြစ်သူ နေကောင်းကျန်းမာစေရန် ဆုတောင်းပေးလျက်ရှိသည်။ လွမ်းတတ်သော အမေသည် ငိုရှိုက်သံနှင့် သားကို လွမ်းနေရကြောင်း အမြဲပြောရှာသည်။ ကျွန်တော်ကိုယ်တိုင်လည်း တဖန်ပြန်ပြီး အိမ်ရှေ့က လမ်းမကြီးအပေါ် လှုပ်ရှားနေသော ရင်ခုန်သံ စည်းချက်များနှင့်အတူ ခြေလှမ်းများ လှမ်းလျက် ကျွန်တော့် အမေ့အိမ်ကို ပြန်ချင်လှသည်။ ကျွန်တော့်ကို အမေ ပြုံး ၍ ကြိုဆိုနေမှာ အမှန်ပင်။ ထို့ပြင် အရင်ကလို တံခါးတိုင်များ နောက်ကွယ်တွင် တိတ်တဆိတ် ရပ်ကာ အိမ်ရှေ့မှ ဖြတ်သန်းသွားသမျှ လူတို့အကြောင်းကို ဘာသာပြန်ကြည့်ချင်သည်။ ကျွန်တော် ချစ်မြတ်နိုးသော၊ မြော်လင့်တကြီး စောင့်စားကာ ဝယ်စားရလေ့ရှိသော မုန့်သည်၊ ခေါင်းရွက်သည်များကို တစ်ယောက်ပြီး တစ်ယောက် ခေါ်ကာ စကားတွေပြော၊ မုန့်တွေ ဝယ်စားချင်လှပါပြီ။ ပြီးဆုံးသွားခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ နိဗ္မာန်ဘုံကို ပြန်လည် အသက်သွင်းပါရစေလား။

အနန္တမေတ္တာဖြင့်
ဘကောင်း