ရေသန့်ဘူး


(က)
လေးတွဲနေသော မျက်ခွံကို အတင်းအားယူဖွင့်ကြည့်လိုက်တော့ နေရောင် အလင်းစစ ပျိုးလို့ အိမ်ထရံ အပေါက် တွေထဲကနေတောင် နေပျောက်လေးတွေ အတင်းတိုးဝင်ရောက်နေကြပြီ။ နှင်းက သိပ်ပြီးတော့ မကွဲချင်သေး။ ရထားဝင်လာတော့မယ့် အချိန်က နီးနေပြီကော။

ဒီနှစ် မန္တလေး ဆောင်းက ခါတိုင်းနှစ်တွေထက် ပိုလို့တောင် အေးတယ် ထင်ပါရဲ့။ နှင်းမှုံ ဝေ့ဝေ့ ဝါးဝါးကို ဆောင်းနံနက်ခင်း အာရုံတက် နေက မနည်း ဖြိုခွဲပြီး အလင်းရောင်တန်း မျှင်မျှင်စစ တွေက တဖြည်းဖြည်း တိုးဝင်ကာ နေရာယူနေသည်။ ရထား လမ်းဘေးတစ်လျှောက် ဟိုတစ်စ ဒီတစ်စ ကိုယ်စီ မီးလှုံနေကြတဲ့ မီးဖိုတွေဆီက မီးခိုးတွေကလည်း ဝေ့ကာ ဝေ့ကာနဲ့ လေထုထဲက နှင်းတွေကို မောင်းထုတ်ပစ်နေသည်။

ဟိုဟိုဒီဒီ မြက်ခင်းပြင်စုက တစ်ညလုံး ဖမ်းဆုပ်ယူထားသော နှင်းရည်စက်ကလေးများကို ရွက်ဖျားလေးများအပေါ်တွင် တွဲလောင်း ချိတ်ခိုစေလျက် နံနက်ခင်း နေတက် အလာကို စောင့်စားကာ နေခြည် နွေးနွေးထွေးထွေအောက်တွင် တလက်လက် တောက်ပနေလေ့ရှိသည်။

လယ်ကွင်း ရိုးပြတ်ကို ဖြတ်ပြီး တသွေ့သွေ့ တိုက်ခတ်လာတဲ့ ဆောင်းလေက စိမ့်ကနဲ့ စိမ့်ကနဲ့ အရိုးထိအောင် ကျဉ်ပြီး အေးလွန်းလှသည်။ တစ်ညလုံ အအေးဒဏ် ကြံကြံခံခဲ့ရသည့် အိမ်ခေါင်းမိုးနှင့် အိမ်နံရံတို့သည်လည်း နှင်းရည်တို့နှင့် စိုစိုစွတ်စွတ် ဖြစ်နေသည်။ အိမ်လိုသာ ဆိုရတယ် တကယ်တော့ တဲပါ။ အဝင်းအကာလည်း မရှိ။ တဲ နံရံကလည်း ကျိုးတို့ကျဲတဲ အပေါက်တွေနဲ့။ ဝါးကပ်ကို ဂုန်နှီအိပ်နဲ့ တွဲပြီး ကာရုံလေး ကာထားရတာ ဆိုတော့ အအေးဓာတ်က ဝင်ချင်တိုင်း စိမ့်စိမ့်ပြီး ဝင်တော့တာပေါ့။

အိမ်အင်္ဂါရပ် နဲ့ ညီတာဆိုလို့ ကိုယ်တစ်ပိုင်းပေါ် အိမ်သာလေး တစ်ခုတော့ ရှိပါတယ်။ တဲ အနောက်ဖက်မှာ။ ကျင်းတူးပြီး ဝါးတိုင် လေးတိုင် နဲ့ ထိုင်စရာ နေရာကို ဂုန်နှီအိပ်ကလေးနဲ့တွဲပြီး ကားထားရုံလေးပါ။ အိမ်သာ ဆောက်ခါစတုံးက ဝါးကပ်ကလေး တစ်ချပ်စီတော့ ဘေးနှစ်ဖက်မှာ ကားထားပါရဲ့။ ဒါပေမယ့် စက္ကူအစား ဝါးကပ်က ဝါးချောင်းတွေ ချိုး ချိုးပြီး အိမ်သာ နောက်ဖေး ကိစ္စကို ဖြေရှင်း ကြရတော့ ဝါးကပ်လည်း တဖြည်းဖြည်းနဲ့ ကုန်ပြီး ဂုန်နှီအိပ်ပဲ ကျန်တော့တယ်။

ဟိုဘက်အိမ်က လှမောင်တို့ မွေးထားတဲ့ လင်းကြက်ကလည်း တွန်ပြီးသွားပြီ။ အိမ်ဘေးနား ဘုံးကြီးကျောင်းဆီက အုံးမောင်းလည်း ခေါက်ပြီးသွားပြီ။ အိပ်ရာက မထချင်သေး။ ဆောင်လေနဲ့ အတူ လှမောင်တို့ အိမ်နောက်ဖေး ဝက်ခြံက ဝက်ချေးနံ့က သုတ်ကနဲ ဝေ့ပြီး ပါလာတယ်။ တဲအနောက်က အိမ်သာ အနံ့ကလည်း တခါတရံ တွဲပြီးပါလာတတ်သေးတယ်။ လေ ဘယ်ဘက်က ဘယ်လို ဝေ့ပြီး ဖြတ်သန်းလာတယ်ဆိုတာ ကျင့်သားရပြီး ယဉ်ပါးနေတဲ့ နားခေါင်းက အလိုလို သိနေသည်။

ကိုယ့်အိမ်က အိမ်သာနံကို ရှုရှိုက်မိတော့မှာ အိမ်သာကျင်း အသစ် တူးရအုံးမှာ ပါလားလို့ သတိရမိတယ်။ နေရာလွတ်တွေကတော့ အများကြီး။ ဒါပေမယ့် ဒီတစ်ခါတော့ ရထားဖြတ်သွားရင် မမြင်ရတဲ့ ဖက် ကွယ်ပြီးတော့ ဆောက်မှ။ အခုအိမ်သာက အိမ်သာတက်နေတုံး ရထားဖြတ်သွားရင် ကိုယ်က ငုတ်တုန်ကြီး ကိုယ်တစ်ပိုင်းပေါ် ထိုင်နေတာကို ရထားပေါ်ကလူတွေက မြင်နေရတာ။ အဲဒါကို မိန်းမဖြစ်သူက တဗျစ်တောက်တောက် ပြောလို့ကို မပြီးနိုင်ဘူး။

(ခ)
အအေးဒဏ်ကြောင့် ခြေထောက် နှစ်ခုလုံးကလည်း တင်းပြီး တောင့်တောင့်ကြီး ဖြစ်နေသည်။ ရှိစုမဲ့စု ဆောင်စုတ်ကလေးကို ကွေးကွေးလေး အတင်းလုခြုံထားတဲ့ အငယ်ကောင် နဲ့ အကြီးမ ကို ကြည့်ပြီး ငယ်ငယ်တုန်းကလည်း သူတို့လို ခြုံခဲ့ရတာ သတိရမိသည်။ တကယ်တော့ ဘကောင်းတို့လို့ ရထားသံလမ်းမ နံဘေး မြို့အပြင် ရွာနီးချုပ်စပ်မှာ နေရတဲ့ဘဝက ဘာမှ မပြောင်းလဲသေးဘူး။ ကိုယ်တွေတုံးကလည်း ဒီလို ဘဝ။ နောက် ကိုယ်က မွေးထားတဲ့ သားသမီးတွေလည်း ဒီလိုဘဝပဲပေါ့။ ဘာထူးဆန်းတာ လိုက်လို့။

ကိုယ်က လယ်ထွန်ရအောင် လယ်သမားလည်း မဟုတ်။ လယ်မြေ၊ လယ်ထွန်နွား၊ ထွန်တုံး၊ လယ်အကြောင်း ဘာမှ နားမလည်။ ဒီတော့ လယ်မလုပ်။ အတန်းပညာလည်း မတတ်တော့ လုပ်ကိုင် မစားတတ်ဘူး။ တကယ်တော့ ဘကောင်းဘဝက အိမ်ခြေမဲ့ သာသာပါပဲ။ မိန်မနဲ့ ကလေးနှစ်ယောက် ရှိနေလို့သာ မိသားစု တစ်စုကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံမှာ နေတဲ့ မြန်မာ နိုင်ငံသားလို့ ခေါ်လို့ရတာ။ နေစရာက မရှိတော့ မြို့ အပြင်ထွက်၊ လယ်ကွက်တွေ နားက မြေကွက်လပ် တစ်ခုမှာ တဲလေးထိုးပြီး နေကြရတာပေါ့။

နောက်တော့ ကိုယ်လို ဆင်းရဲမွဲပြာကျနေတဲ့လူတွေ သိပ်ပြီး များသွားတော့ ရပ်ကွက်ဖြစ်လာတော့တာပဲ။ လှမောင်ကတော့ နောက်မှ ရောက်လာတာ။ ဒါပေမယ့် ဝက်ပိုင်ရှင်တောင် ဖြစ်နေပြီ။ ဒီကောင့် မိသားစုက နည်းနည်း လည်လည်ဝယ်ဝယ် ရှိတယ်။ ဒီကောင့် သမီးတွေဆိုရင် ရပ်ကွက်ဘေး ဘုန်းကြီးကျောင်းမှာ နေ့ခင်းဖက် ဘုန်းကြီးတွေ ဆွမ်းကျန်စွန့်တဲ့အချိန်ဆိုရင် အမြဲ အရင် ရောက်နေလေ့ ရှိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကောင့် မိသားစုက ကိုယ့်မိသားစုထက်စာရင်တော့ ဗိုက်ထဲကို ဖြည့်ဖို့ ထမင်းလေး တစ်လုပ် နှစ်လုပ် ဘုန်းကြီး စွန့်တာရတတ်တယ်။

ဒီကောင့် ဝက်ကလည်း အိမ်တကာ လှည့်ပြီး တွေ့ရာစား၊ တခါတရံ လယ်ကွင်းထဲအထိ ရောက်သွားပြီး လယ်သမားတွေရဲ့ ပြောင်းဖူးခင်းတွေကို မွှေလေ့ ရှိတယ်။ ဘယ်တော့ ဟင်းအိုးထဲ ရောက်သွား မလဲ မသိဘူး။ ဟိုတလောဆီကပဲ လယ်သမား ဦးအောင်ထက်က ဒီကောင့်ဝက်ကို ဓားကြိမ်း ကြိမ်းထားပြီးပြီ။လှမောင် ကလည်း ဘယ်ခံမလဲ။ သူ ချမ်းသာသမျှ ဒီဝက်ကလေး တစ်ကောင်ပဲ ရှိတာ။ ဒီဝက် ဝမ်းဝဖို့ ကိုလည်း သူစဉ်းစားရအုံးမှာပေါ့။

ဘကောင်းတို့ အဲဒီနေ့တုန်းက ငါးသွား ထောင်နေတော့ ပွဲကြီးပွဲကောင်း ရန်ဖြစ်တာ လွတ်သွားတယ်။ ဘယ် ဘကောင်းသာရှိရင် လှမောင်ကို ကူပြီး နှက်ပြီးသာပဲ။ ဒီကောင် ဝက်ပေါ်ရင် ကိုယ်လည်း ရောယောင် ဝင်ပြီး လက်ဝေခံလို့ ရတာပေါ့။

ဒီဝက်ကလေးကလည်း စုဖူး စုသလို ငယ်ငယ်လေးကတည်းက မွေးလာတာ အခုဆိုရင် တော်တော် ကြီးပြီး စူစူဖြိုးဖြိုးတောင်ဖြစ်နေပြီ။ ဒီကောင် ဝက်ပေါ်မယ် ပေါ်မယ်နဲ့ ပြောပြောနေတာ ဘယ်တော့ ပေါ်မလဲ မသိဘူး။

လှမောင်အိမ်က ဝက်ချေးနံ့ကို အိပ်ရာ မထခင် တချက် ရှုရှိုက်လိုက်ပြီး အငယ်ကောင် နဲ့ သမီး အကြီးမကို မန္တလေး ရထား အမှီ နိုးရတော့မယ်။ ဆောင်ရာသီရဲ့ ချမ်းအေးလှတဲ့ နံနက်ခင်းမှာ အခုလို ဆက်အိပ်ရရင်တော့ ထမင်းငတ်မှာ အသေအချာပဲ။

“အေးမ… ချမ်းသာ… ထတော့.. မင်းဘိုးအေ ဟိုမှာ ရထား ဝင်လာတော့မယ်”


(ဂ)
အဓိက က အငယ်ကောင် ချမ်းသာ။ ဒီကောင်က အခုဆိုရင် ခြောက်နှစ်ပြည့်ပြီး ခုနစ် နှစ် ထဲ ရောက်နေပြီ။ အမြဲ ဆာလောင်နေတဲ့ ဗိုက်ကလေးနဲ့ အစာရေစာ ကောင်းကောင်း မစားရတော့ လူကောင်က ထွားသင့် သလောက် မထွားပဲ ပိန်လှီနေတာ။

ဘကောင်း ဘဝက မိဘအစဉ် အဆက် ဆင်းရဲလွန်းလို့ အငယ်ကောင်မွေးတော့ ဒီကောင့်ကို ဆင်းရဲတွင်းထဲက လွတ်ပါစေတော့ ဆိုပြီး နာမယ်ကို ချမ်းသာ လို့ ပေးခဲ့တာ။ မိဘအနေနဲ့ ချမ်းသာတဲ့ အမွေ ပေးနိုင်တာဆိုလို့ နာမယ် ပဲ တတ်နိုင်တာလေ။

ဒါပေမယ့် ဒီကောင့် ဆိုရင် ဘယ်လို စန်းပါမှန်းမသိဘူး လူတိုင်းက ချစ်ပြီး သနားကြတယ်။ မျက်လုံး မျက်ဆံ နက်နက် ဝိုင်းဝိုင်း၊ ဆီနဲ့ ဝေးနေလို့ နီကြောင်ကြောင် ဆံပင် ကွေးကွေးကောက်ကောက် လေးတွေနဲ့ ကလေးသဘာ၀ အရာရာကို အပြစ်ကင်းစင်တဲ့ မျက်လုံးနဲ့ ပဲ ကြည့်ရှုတတ်တယ်။

အကြီးမ အေးမနဲ့ ချမ်းသာ က အထက်အောက် နှစ်နှစ်ပဲ ကွာတယ်။ အေးမက ချမ်းသာလောက်တော့ စန်းမကောင်းဘူး။ ဒါပေမယ့် အငယ်ကောင် ချမ်းသာကို သူလိုက်ပြီး ကြည့်ပေးဖော်ရတယ်။ သူတို့ မောင်နှမ နှစ်ယောက် ပေါင်းရင်တော့ မန္တလေး ရထားတစ်စင်း ဝင်လာတိုင်း ရေသန့်ဘူးခွံလေးတွေ အနည်းဆုံး ငါးဘူး၊ခြောက်ဘူးလောက်တော့ ရတတ်တယ်။ ကံကောင်းတဲ့ နေ့တွေဆိုရင် သူတို့ လက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ အိမ်ပြန်လာတယ်။ ဆယ်ဘူးကျော်ကျော်လောက်တော့ စီတာပေါ့။

ရေသန့်ဘူးခွံတွေကလည်း ရိုးရိုးသာမန် ဘူးအခွံအကျွတ်ဆိုရင်တော့ ငါးကျပ်၊ အခွံအပျော့ ပလပ်စတိပ်သား အနှောက်ဆိုရင် နှစ်ဆယ်ကျပ်လောက် အထိ ရတတ်တယ်။ သောက်ရေသန့်အပြည့်ပါတဲ့ ရေသန့်ဘူး တစ်ဘူး အနိမ့်ဆုံး ငွေတစ်ရာကျပ်လောက် ရှိတဲ့ ခေတ်ကြီးထဲမှာ၊ ဘူးခွံတွေက ပြန်ရောင်းစားလို့ရတာတယ်။ ဘကောင်းတို့မိသားစုကတော့ အလကားရတဲ့ မြစ်ရေပဲသောက်ပြီး သူများတွေ ရေသန့် သောက်ပြီး စွန့်ပစ်တဲ့ ဘူးခွံတွေကို လိုက်ကောက်၊ ရောင်းရငွေနဲ့ တစ်ဝမ်းတစ်ထွား ရသလောက် ဖြည့်ပေါ့။

ကိုယ်ကိုယ်တိုင်လည်း အတင်းမနည်း မျက်လုံးကို အားယူဖွင့်ကြည့်ရင်း ချမ်းလွန်းလို့ ကိုယ်ငွေ့နဲ့ နွေးအောင် တစ်ယောက်ကို တစ်ယောက် ဖက်ကာ ကွေးကွေးလေး အိပ်နေကြရတဲ့ မောင်နှမ နှစ်ယောက်ကိုလည်း လှုပ်နိုးရသည်။ လေဘေး သကတ်လတ်အနွေးထည်ကိုယ်စီ ဝတ်ထားတဲ့ မောင်နှမ နှစ်ယောက်၊ အနွေးထည်ကလည်း အရောင်အဆင်းမဲ့လို့ ဂျီးအထပ်ထပ်စွဲကာ ညိုညစ်ညစ်ရောင်ဖြစ်နေ၏။ စောင် မကာနိုင်တဲ့ သူတို့ရဲ့လက်ချောင်း၊ ခြေချောင်းလေးတွေရဲ့ အသားတွေက ထိလိုက်တော့ အေးစက်လို့နေတော့သည်။

ကိုယ့် လက်တွေကလည်း ဘာထူးမှာတုံး။ ထုံကျဉ်နေတဲ့ လက်ချောင်းတွေကို ကွေးချည် ဆန့်ချည် လုပ်ကာ လက်ဖဝါးချင်း ပွတ်လျက် အပူဓာတ်ကို တတ်နိုင်သလောက် ထုတ်ယူရသည်။ ဘေးမှာ ပါးစပ်ဟလျက် ကုလားသေ ကုလားမော အိပ်နေတဲ့ မိန်းမကို တချက်ကြည့် ကာ စောင်တစ်ခုလုံးကို သူ့အပေါ်သို့ ခြုံလွှမ်းပေးလိုက်သည်။ သူလည်း တစ်နေကုန် တစ်နေခန်း သန်းခေါင်တလွဲအထိ ဘူတာရုံမှာ ဈေးရောင်းရတာ ပင်းပန်းရှာသည်ပဲ။

(ဃ)
သံလင်ဗန်းထဲမှာ ထည့်ထားတဲ့ လက်ကျန် မြေပဲပြုတ်တွေက ဘကောင်းကို လှောင်ပြောင်နေသလိုပင်။ ဘကောင်း ညကတည်းက ဘာမှ မစားရသေး။ မိန်းမလုပ်တဲ့သူက မနေ့ညက အိမ်ပြန်ရောက်တော့ အမိန့်ပေးထားပြီးပြီ။
"ဒါပဲနော်.. ကျုပ် အရင်းမရသေးဘူး။ဒါတွေ ကုန်အောင် မနက်ဖြန် ဆက်ရောင်းရမှာ.. စားလို့မရဘူးတော့"
အငယ်နှစ်ကောင်ကတော့ မြေပဲပြုတ် တစ်ဘူးစီ ညစာအဖြစ် စားလိုက်ရသေးသည်။

ဆာလောင်နေတဲ့ ဗိုက်ကို အသာအယာ လစ်လျုရှု့ရင်း အိပ်ရာမှ ထကာ ရထားအမှီ ပြေးရပေအုံးမည်။ နောက်ကျလို့ မဖြစ်။ အတတ်နိုင်ဆုံး ရေသန့်ဘူးခွံ ဆယ်ဘူးလောက်တော့ ရအောင် လုပ်ရမည်။ အဆင်ပြေရင် ရရာအတွဲအပေါ်တက်လိုက်သွားမည်။ ပစ္စည်း အလေးအပေါ့ အနည်းအများ ရှိသည့် ခရီးသည်များ ကို လိုက်လံ အကဲခတ်ကာ အထမ်းအမား လိုမလို မေးမြန်းရင်း၊ ကံကောင်းလျှင် ပစ္စည်းထမ်းပိုးခ ငါးရာလောက်တော့ စီနိုင်သည်။

ဒီတစ်ခေါက် ပစ္စည်းထမ်းပိုးခရရင်တော့ ရာဘာ ဖိနပ်ကလေး တစ်ရံလောက်တော့ ဝယ်စီးချင်သည်။ ဘကောင်းတွင် စီးစရာ ဖိနပ် မရှိသည်မှာ ကြာပြီကော။ အေးမ နဲ့ ချမ်းသာ အတွက်လည်း ဝယ်ပေးရအုံးမည်။ "ဟူး......." သက်ပြင်းကို အားရပါးရ မှုတ်ထုပ်လိုက်ပြီး ဖိနပ် ကိစ္စကို ခေါင်းထဲမှာ ထုတ်လိုက်သည်။ လှုပ်လီ လှုပ်လဲ့နှင့် နိုးလာကြသော မောင်နှစ်မ နှစ်ယောက်လည်း အိပ်မှုန်စုံမွားဖြင့် နေ့စဉ် လုပ်ကြရသည့် လုပ်ငန်းစဉ်အတွက် သွားရန် တာစူးနေကြရသည်။

အေးလွန်းလို့ မျက်နှာ မသစ်နိုင်။ ကလေးနှစ်ယောက်ကို ဦးဆောင်ပြီး ဘကောင်း ကိုယ်တိုင် ရထားသံလမ်းမဘက် ဦးတည်ထွက်လာခဲ့သည်။ အကွက်အကွင်းကောင်းပြီး ကျောက်တုံးကျောက်ခဲ မရှိသော ဘက်ကို အေးမနှင့် ချမ်းသာ အား ထားရစ်ခဲ့ပြီး ကိုယ် ကိုယ်တိုင် အတွဲပေါ် ခုန်တက်နိုင်မည် နေရာကောင်းကို ရွေးရသည်။

သူလိုကိုယ်လို ရထားအလာကို စောင့်နေကြသော အိမ်နီးနားချင်းမှ ကလေးငယ်များ၊ ကလေးကြီးများ၊ လူကြီးများ တော်တော်များများဖြင့် စုံစုံလင်လင်ရှိလှသည်။ လှမောင် သမီးနှစ်ယောက်လည်း ရောက်နှင့်နေကြပြီ။ ဝက်တစ်ကောင် ပိုင်ထားသော လှမောင်ကတော့ မနက်အစောပိုင်းဝင်သည့် ရထားတွေအတွက် သိပ်ပြီး ဒုက္ဓခံကာ မစောင့်။ အိပ်ရာထက်တွင် အိပ်ကောင်းနေအုံးပေါ့။ အပျိုပေါက် အရွယ် သူ့ သမီး နှစ်ယောက်ကိုတော့ ပလပ်စတစ်ဘူးခွံလာကောက်ခိုင်းထားသည်။

ဟိုတစ်စ ဒီတစ်စ မီးလှုံနေကြသော သက်ကြီးရွယ်အို အဘိုးကြီး အဘွားကြီးများလည်း မြေးငယ်များ၊ ဆွေမျိုးသားချင်းများဖြင့် လှုပ်လှုပ်ရွရွ အသက်ဝင်နေသော ရထားလမ်းဘေး ဝဲယာ နံနက်ခင်း မြင်းကွင်းကို ငေးမော ကြည့်ရှု့နေကြ၏။

လယ်လုပ်ငန်းခွင်သို့ သွားကြသည့် လယ်သမားများ၊ နွားလည်းများကလည်း ခလောက်သံ တင်တင် ဒေါင်ဒေါင်နှင့် ဆောင်းနံနက်ခင်းကို အသက်သွင်းနေကြ၏။ နွားလည်းမရှိသူ သူရင်းငှားတို့ကတော့ ပေါက်ပြား၊ ပေါက်တူး၊ တံစဉ်များ ထမ်းကာ ရိုးပြတ်ကို ဖြတ်လျက် လမ်းလျှောက်ကြသည်။


(င)
“ဘော်……..” ဟူုသော ကျယ်လောင်သော ရထားဥသြဆွဲသံ သဲ့သဲ့ကို အဝေးမှာ ကြားနေရပြီ။ တွင်းထဲမှ ထွက်လာသော မြွေတစ်ကောင်း ပမာ လယ်ကွင်းနှစ်ဖက် အကြား နှင်းထု ဝေ့ဝေ့ ဝါးဝါးကို ဖြတ်လျက် ရန်ကုန်-မန္တလေး ရထား တရွေ့ရွေ့လာနေသည်ကို မြင်နေရပြီ။

အေးမနှင့် ချမ်းသာ တို့ကို လှမ်းကြည့်လိုက်တော့ သူတို့လည်း အခြား ကလးတစ်သိုက်နှင့် အတူ လှုပ်လှုပ်ရွရွ နှင့် ရထားအလာကို စိတ်လှုပ်ရှားစွား မျှော်ကြည့် နေကြသည်။ ဘကောင်းလို ရထားအတွဲ ခိုလိုက်ပြီး ကူလီထမ်းကြမည့် ယောင်္ကျားသားများက ပုဆိုးကို ခပ်တိုတို ပြင်ဝတ်ကြလျက် အသင့် နေရာယူကြ၏။

တဖြည်းဖြည်းနှင့် ရထားတစ်စင်းလုံး ရုပ်လုံးပေါ်လာသည်။ ဤကဲ့သို့ ကလေးများ၊ လူကြီးများ နှင့် စောင့်မျှော်နေကြသော ဘကောင်းတို့လို ရပ်ကွက်မှစပြီး မန္တလေးမြို့နယ်ထဲသို့ ဝင်လာသည်နှင့် ရထားလည်း အရှိန်လျှော့ရသည်။
“ဘော်…..” ဟူသော ဒုတိယ အကြိမ် ရထားဥသြသံက ကျယ်လောင်စွာ အော်မြည်လျက် ရထားခေါင်းက အစပြုကာ ဂျူန်းဂျူန်းဂျက်ဂျက် အသံပေးလျက် သံလမ်းပေါ် တဖြည်းဖြည်းချင်း လိမ့်ဆင်းလာသည်။

ခွေးများကလည်း ဟောင်လျက်၊ သနပ်ခါး ပါးကွက်ကြားများနှင့် လယ်သူမ လုံမေပျိုများကလည်း လက်ဝှေ့ရမ်းပြကြလျက်၊ ပတ်ဝန်ကျင် တစ်ခုလုံး အရာရာ ဆူညံလှုပ်ရှားသွားသည်။ ကလေးငယ်များ က ခုန်ပေါက်ကြ၊ လူကြီးများက ရထားစီးနေသည့် လူများကို ငေးမောကြည့်ရှု့၊ သက်ကြီးရွယ်အိုများ၏ အကြည့်များကလည်း မှိုင်းမှိုင်းညို့ညို့.. ဤပြရုပ်သည်ပေလျှင် အသက်အရွယ်အပိုင်အခြား၊ ဘဝလူနေမှု အဆင့် ကွာခြားမှုတို့၏ ပုံရိပ်ရောင်များ ဖြစ်လေသည်။

ကလေးငယ်၊ ကလေးကြီးများ အားလုံး ရထားနှင့် အမှီ ပြေးကြလေပြီ။ အေးမနှင့် ချမ်းသာတို့ မောင်နှမ နှစ်ယောက်လည်း အခြားကလေးငယ်များနှင်အပြိုင် ရထားနှင့် ရင်ဘောင်တန်းကာ ပြေးလိုက်ကြ၏။ ထို့နောက် နေစဉ် အမြဲ အကျင့်ဖြစ်နေသော တောင်းပန်းသနားခံသည့် အော်သံများ ဖြင့် ဟိုဟိုဒီဒီ စူးစူရှရှ ရထားခုတ်မောင်းသံနှင့် အပြိုင် အော်ကြလေသည်။

“ရေသန့် ဘူးလေးတွေ ချပေးခဲ့ပါ ခင်ဗျာ” “ ရေသန့် ဘူးခွံလေးတွေ ချပေးခဲ့ပါ ရှင်” “သားတို့ကို ရေသန့်ဘူးလေးတွေ ချပေးခဲ့ပါ” “သမီးတို့ကို ရေသန့် ဘူးလေးတွေ ချပေးခဲ့ပါ”

ဖိနပ် မပါ၊ ခြေထောက် ဗလာကျင်း။ မည်းမည်း ချိတ်ချိတ် နှင့် ကလေးငယ်များ၊ ခလုတ်တိုက်လဲပြိုကာ ငိုယို ကျန်ရစ် ခဲ့သူများလည်း ရှိသည်။ ဇွဲကောင်းစွာ ဖြင့် ရထားအတွဲအပေါ်မှ လူများကို တောင်ပန်း အသနားခံလျက် ပြေးလိုက်နေသူများလည်း ရှိသည်။ ခွေရော လူပါ ရထားနောက်ကို လိုက်ကြသည်။

ဆောင်းရာသီ အအေးဓာတ်ကြောင့် ရထားစီး ခရီးသည်တော်တော်များများသည် ရထားတံခါးကို အလုံပိတ်ထားကြသည်။ အချို့လည်း ရေသန့်ဘူးများ ချပေးရန် အော်သံများကြောင့် တံခါးဖွင့်လျက် ရေသန့်ဘူးခွံများကို ပစ်ချပေးကြသည်။ တစ်ချို့ က စားစရာ မုန့်ထုပ်များပါ ပစ်ချပေးသည်။

ကလေးငယ်များ၏ အသက်အန္တရာယ်က လက်တစ်ကမ်း အတွင်းမှာ ရှိနေသည်။ ရထားသံလမ်းအပေါ် တလိမ့်လိမ့်နှင့် မောင်းနှင် သွားနေသာ ရထားသံဘီးလုံးများ၏ ကြိတ်ချေသံများက သေမင်းတမန် ခေါ်သံများလို ရေသံဘူးခွံနှင့် စားစရာနောက် အငမ်းမရလိုက်ကြရသော ကလေးငယ်များ၏ နုနယ်လှသည့် လက်ချောင်း လေးများသည် စိုးရိမ်ဖွယ် အတိ။

(စ)
ရထားအတွဲ တစ်တွဲအပေါ်မှ ရေသန့် ဘူးခွံ ပစ်ချပေးမည့် အရိပ်အယောက် ရုတ်တရက် တွေ့လိုက်ရသည်နှင့် အေးမ ခြေလှမ်းကို မြန်နိုင်သမျှ မြန်အောင် ပြေးကာ ထိုရထား အတွဲကိုသာ အာရုံစိုက်ပြီး ပြေးလိုက်လေသည်။ ချမ်းသာက နောက်မှ အမှီလိုက်လျက် မောင်နှမ နှစ်ယောက် အစွမ်းကုန်ပြေးလိုက်ရသည်။ ဦလှမောင်၏ သမီးအငယ်မကလည်း လျင်သည်။ ချက်ခြင်း ပြေးလိုက်လာသည်။

ကျောက်ခဲ သလဲ အချွန် အငုတ်တို့ကို ကျော်ဖြတ်ရသည်။ ဖိနပ်မစီးတာ ကြာပြီဖြစ်သော ခြေဖဝါးတို့လည်း အသမာများတက်ကာ တော်ရုံတန်ရုံ ကျောက်ခဲ အကြမ်းတို့ကို မမှုတော့။

“ ရေသန့် ဘူးခွံလေးတွေ ချပေးခဲ့ပါ ရှင်” “ ရေသန့် ဘူးခွံလေးတွေ ချပေးခဲ့ပါ” ပါးစပ်မှ အဆက်မပြတ် တိုးရှိုးတောင်းပန် ဟစ်အော်လျက် အေးမ နှင့် ချမ်းသာ ရထားအတွဲနောက်သို့ ပြေးလွှား လိုက်နေစဉ် ရထားပေါ်မှ ရေသန့်ဘူး နှစ်ဘူး ဝဲပျံကျလာသည်။

ကြည့်လိုက်တော့ ရေသန့်ဘူးတွေက ဘူးကြီးတွေ။ ပြီးတော့ ဈေးကောင်းရမည့် ဘူးခွံအပျော့စား။ အေးမ ဝမ်းသာသွားသည်။ ရှေ့ ခြေလှမ်း ဆယ်လှမ်းအတွင်းမှာပင် ရေသန့်ဘူးကြီးနှစ်ဘူးက ဝင့်ဝင့်ကြွားကြွား။ လာယူပါ၊ ကောက်လှဲ့ပါ ခေါ်နေသည်။

ရုတ်တရက် “အား…..” ဟု နာကျင်စွာနှင့် ချမ်းသာ ရဲ့ အော်သံ အနောက်မှာ ကြားလိုက်ရသည်။ မောင်နှမ နှစ်ယောက် တစ်ယောက် အသံ တစ်ယောက် အလိုလို သိနေသည်။ လှည့်ကြည့်လိုက်တော့ သံလမ်းနဘေးက ကျောက်ခဲပုံလေးတွင် ခွေခွေလေး လဲနေသော ချမ်းသာကို တွေ့လိုက်ရ၏။ ဘေးမှာက တဂျိန်းဂျိန်းနှင့် ကြိတ်ဝါးသွားနေသော ရထားသံဘီးလုံးများက ချမ်းသာနှင့် လက်တကမ်း အကွာတွင် ရှိနေသည်။

ချမ်သာတစ်ယောက် အနောက်က ပြေးလိုက်လာရင်း ကျောက်ခဲနှင့် ခလုပ်တိုက် လဲကာ သံလမ်းဘေးတွင် လဲချေပြီ။ တော်သေးသည်။ ရထားဘီလုံး နှင့် ညှိပြီး ပါမသွားတာ။ ဒါတောင် ရထားအတွဲ၏ ကိုယ်ထည်များက ချမ်းသာ အပေါ်တွင် မိုးနေကာ တရိပ်ရိပ်နှင့် ဖြတ်သန်း သွားနေသည်။

အေးမလည်း ပြေးနေဆဲ ခြေလှမ်းကို တုံ့ကနဲ ရပ်ကာ ချမ်းသာကို ရထားလမ်းနှင့် ဝေးရာသို့ ဆွဲထုပ်ရန် အနောက်သို့ ပြန်လှည့်ရတော့သည်။ထိုစဉ် ဦးလှမောင်၏ သမီးအငယ်မသည် ရုတ်တရက် အေးမကို ကျော်ဖြတ်ကာ ရေသန့်ဘူးနှစ်ဘူး ရှိရာသို့ ရောက်သွားသည်။ သွားပြီ။ အေးမတို့ မောင်နှမအတွက် ပစ်ချပေးခဲ့သော ရေသန့်ဘူးတွေ သူများ ရသွားပြီ။

“ဟီး..ဟီး…….ဟီး နာတယ်..နာတယ်”
ကလေးငယ် သဘာဝ ကျယ်လောင်စွာ ငိုးကြွေးနေသော ချမ်းသာ၏ အသံကြောင့် ရထားအပေါ် မှ အစောင့်များ ခေါင်းထုတ်ကြည့်ကြသည်။ ရထားနှင့် ထိခိုက်မိခြင်း မရှိသည်က တကြောင်း၊ ထိုအပြင် လူတစ်ကိုယ်လုံး ရထားအောက်သို့ ရောက်သွားခြင်း မဟုတ်သည်က တကြောင်း ရထားကို ရပ်ရန် အချက်မပြတော့ပဲ ကြည့်ရုံသာ ကြည့်နေကြသည်။

(ဆ)
ရထားအပေါ်သို့ ခုန်တက်ရန် အားယူ ပြင်ဆင်နေသော ဘကောင်းတစ်ယောက်လည်း ရုတ်တရက် သားအငယ် ချမ်းသာ လဲကြနေကာ အော်ဟစ်ငိုကြွေးသံကြောင့် သားရှိရာသို့ အပြေးသွားကာ သံလမ်းနှင့် ဝေးရာလို့ ဆွဲထုတ်ရသည်။

ခလုတ်တိုက်ကာ ကျောက်ခဲများနှင့် ရိုက်မိ၍ နာကျဉ်သည့်အပြင်၊ ရထားဘီလုံးများဖြင့် အသက်အန္တရာယ် နီးကပ်စွာ သေခြင်းတရား၏ လက်တကမ်း အတွင်း ရောက်ခဲ့ရသည့် ချမ်းသာ ကလေးသည် တုန်ယင်နေသည်။ အဖေလုပ်သူ ဘကောင်း၏ လက်ကို တဖက်က ဆုပ်ကိုင်လျက်၊ တဖက်က အစ်မဖြစ်သူ အေးမကို ဆုပ်ကိုင်ထားကာ သားအဖ သုံးယောက်သား တဖြည်းဖြည်း ဝေးသွားသော ရထားကြီးကို ငေးမော ကြည့်ရှု့နေကြရလေသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

3 comments:

စိုးထက် - Soe Htet ! said...

အစ်ကို ရေ သရုပ်ဖေါ် အရမ်း ပီပြင် တယ် ဗျာ :) နာနာကျင်ကျင် ခံစား ရပါတယ် :)

:P said...

Very good and touching!!!!!!!!

Unknown said...

အရမ်းကောင်းတယ်ဗျာ သဘောကျတယ်။

Post a Comment