သတိရမိတဲ့ ငယ်ငယ်က မန္တလေး (၁)


အချိန်ကာလအားဖြင့် တစ်ဆယ့်ငါးနှစ်ကျော် နီးပါးမျှ ရှိလှရော့မယ်။ ဒီအရပ်၊ ဒီပတ်ဝန်းကျင်နဲ့အတူ မြင်နေ တွေ့နေကျ ကိုယ်နဲ့ သိသူတွေရော၊ မသိသူတွေနဲ့ ဝေးနေခဲ့တာ ကြာလှပြီကော။ အဲဒီအတိတ် ငယ်ငယ်တုန်းက ပုံရိပ်တွေကို ပြန်ပြောင်း စဉ်းစား တွေးတေားမိရင် သိပ်ချစ်စရာကောင်းတာပေါ့။ အတွေးစက်ဝန်းက အဆုံးမရှိ အစမရှိ။ တွေးမိရင် တွေးမိတဲ့ နေရာက စပြီး တငြိမ့်ငြိမ့်နဲ့ အတွေးရေအလျင်တွေထဲ ပျော်ဝင် စီးမျော လိုက်ပါသွားလိုက်တာ။တခါတရံ ကံကောင်းရင် ဝေ့ဝေ့ဝါးဝါး မေ့လုမေ့ခင် ငယ်ငယ်က အချို့ဖြစ်ရပ်ကလေးတွေ ပြန်လည် အမှတ်ရလာတတ်တယ်။ အဲဒါကို ကျွန်တော်က ဆေးသားအသစ်တင်တယ်လို့ ပြောလေ့ရှိတယ်။ အတိတ်ရဲ့ ပုံရိပ်တွေကို ပြန်လည် အမှတ်ရလာအောင် သစ်လွင်လာအောင် လို့ပေါ့။

ဦးနှောက်ရဲ့ ချောင်တနေရာမှာ တိတ်တဆိတ် ခိုဝင်နေလေ့ရှိတဲ့ ငယ်ငယ်တုန်းက အဖြစ်အပျက်တွေကို ပြန်လည် တူးဆွပြီး အမှတ်အသားလေးတွေ ပေးထားရတယ်။ သိပ္ပံခေတ်ကာလ လေ့လာစမ်းသစ်မှုတွေ အရ ဦးနောက်ရဲ့မှတ်ညာဏ် အခန်း အကန့်လေးတွေမှာ သူ့နေရာနဲ့သူ မှတ်ထားတဲ့ အချက်အလက်ကလေးတွေရှိတယ်တဲ့။ သိပ်မစဉ်းစား သိပ်မသုံးတဲ့ အကြောင်းအရာတွေက တဖြည်းဖြည်း နောက်ကိုတွန်းပို့ခံရပြီး ချောင်ထဲရောက်သွားတဲ့ သဘောမျိုးပေါ့။ အဲဒါတွေကို ကိုယ်က ပြန်သုံးမယ်ဆိုပြီး ချောင်ထဲကနေ ပြန်ဆွဲထုတ်ရပါတယ်။ နို့မိုဆို လုံးဝပျောက်ကွယ်သွားတတ်တယ်။

အဲဒီလိုမျိုး အတိတ်က ပုံရိပ်တွေကို ဆွဲထုတ်လိုက်တဲ့အခါ တချို့ဆို လန်းဆန်းသစ်လွင်နေလို့ အကြောင်းအရာတွေက ပြက်ပြက်ထင်းထင်း ပြန်လည် မှတ်မိလာတယ်။ ပေါ်လာတဲ့ အတွေးမျှင်စတွေ နောက်ကို တောက်လျှောက်လိုက်သွားကြည့်လိုက်တော့ “သြော် ဟုတ်ပေသားပဲ…အဲတုန်းက ဒီလို ဖြစ်ပျက်ခဲ့တာပဲ။ ဘယ်သူ ဘယ်ဝါတွေလည်း ပါခဲ့ကြတယ်” လို့ ပြန်လည် သြချလို့ရအောင်ကို မှတ်မိလာတယ်။ မနေ့တနေ့က ဖြစ်ပျက်ခဲ့သလိုမျိုး စိတ်ထဲမှာ ခံစားနေရတတ်တယ်။ အဲဒီလို အချိန်အခါမျိုးဆို ရင်ခုန်လွန်းလို့ ဆယ်ကျော်သက် မိန်းမပျိုမလေးသဖွယ် ရင်ထဲမှ တသိမ့်သိမ့် တလျှပ်လျှပ်နဲ့။ စိတ်လှုပ်ရှားရတာကိုး။

ကျွန်တော်မှတ်မိနေသေးတဲ့ အတိတ်က ပုံရိပ်တွေဟာ တကယ်တော့ လွန်ခဲ့တဲ့ တစ်ဆယ့်ငါးနှစ်ကျော် လာလ အချိန်အပိုင်းအခြားလေးမှာတင် ရပ်တန့်မနေခဲ့ဘူး။ တွေးတော စဉ်းစားကြည့်မယ် ကြည့်တော့လည်း အတွေးထဲ၊ ဦးနှောက်ထဲမှာ ဖြတ်ကနဲ ဖြတ်ကနဲ ပေါ်လာတဲ့ ပုံရိပ်တွေက ဓါတ်ပုံ ဖလင်လိပ်တစ်လိပ်ကို တဖြည်းဖြည်းနဲ့ ဆွဲဆန့်ထုပ်လိုက်သလိုပဲ။ ဟောဟိုမှာ ပုံရိပ်တကွက်။ ဟောဒီမှာလည်း ပုံရိပ်တကွက်။ ထွက်လာလိုက်တဲ့ အတိတ်ကအရာတွေ။ ပေါ်လာလိုက်တဲ့ မှတ်ညာဏ်တွေ။ မေ့နေပြီဖြစ်တဲ့၊ သို့မဟုတ် မေ့လုမေ့ခင်ဖြစ်နေတဲ့ အတိတ်ကို တခါတရံ ပြန်ပြီး အလည်သွားရတာ ကြည်နူးစရာပါ။

ကျွန်တော့်ရဲ့ အတိတ်က ပုံရိပ်တွေထဲမှာ ခြေထောက်တဖက် ကျိုးပြီး အရိုးဆက်ထားရလို့ ထော့နဲ့ ထော့နဲ့ လမ်းလျှောက်နေရတဲ့ အဘွားအို တစ်ယောက် နဲ့ အဲဒီအဘွားအိုရဲ့ လက်ဖဝါးတွေကို အားကိုးတကြီး ကိုင်ထားတတ်တဲ့ အသားဖြူဖြူ ကိုယ်လုံးသွယ်သွယ်နဲ့ ကောင်လေးတစ်ယောက်တို့က အမြဲတမ်း ပါလာလေ့ရှိတယ်။ နောက်တော့ သူရို့ နှစ်ယောက်ဟာ မန္တလေးမြို့ ပြင်လေးပြင်ကို ခြေလျင်တစ်မျိုး၊ မြင်းလှည်းဖြင့် တဖုံ၊ ဆိုက်ကားဖြင့် တလှည့် သွားလာနေကြတယ်လို့ မြင်ယောင်နေမိတယ်။

နက်မှောင်နေသော ဆံပင်တစ်ထွေး၊ အသားဖြူဖြူ နဲ့ အဘွားတစ်ယောက်။ အဘွားဒေါ်သစ်ကို တစ်ရပ်ကွက်လုံးက သိကြသည်။ တစ်ရပ်ကွက်လုံးကိုလည်း အဘွားက သိသည်။ အဘွား ရုပ်ရည် ရူပကာက ငယ်စဉ်တုန်းက တင့်တောင်းတင့်တယ်နှင့် မျိုးကောင်းဆွေကောင်းတို့မှ ဆင်းသက်လာကြောင်း သိသာစေသည်။ မျက်လုံး မျက်ဖန် ကောင်းပြီး ကြည်လင်နေသည်။ သန့်ရှင်းသော ရင်ဖုံးအင်္ကျီ၊ သနပ်ခါးအရည်ကျဲနှင့် ပေါင်ဒါမှုန့် နံ့ သင်းသင်းလေးက စိတ်မနောကို ပိုမို ကြည်လင် နေစေသည်။ အပြင်လူတစ်ယောက်အနေ နဲ့ အဘွားဟာ ခြေတဖက် ကျိုးနေတယ်လို့သာ ဆိုရတယ် ကျွန်တော့် စိတ်ထဲမှာ သူမဟာ ပကတိ ကောင်းမွန်ပြီး အားကိုးစရာ အဘွားတစ်ဦးပါ။ ထို့အပြင် သူမဟာ အရာရာကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်တဲ့ အမျိုးသမီး တစ်ဦးဖြစ်ကြောင်း သူမ မရှိတော့တဲ့ နောက်ပိုင်း နောင်တရ ကြေကွဲရတဲ့ အချိန်တွေမှာ သတိပြု သိရှိရခဲ့တယ်။

ဟိုအရင်တုန်းကဆိုရင် သူမဟာ သူမရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓါတ်ကို အေးချမ်းတဲ့ ချစ်ခြင်း မေတ္တာတရားတွေနဲ့ အနားကွပ်ထားလေ့ရှိတယ်။ သူမချစ်တဲ့ မြေးတွေ နဲ့ အတူနေရတဲ့ အချိန်တွေဟာ အမြဲတမ်း လန်းဆန်းလှပနေတယ်။ သူမစုဆောင်းထားသမျှ ပိုက်ဆံ ကျပ်တန်အသစ်ကလေးတွေနဲ့ အကြွေတွေဟာ သူ့မရဲ့ မြေးတွေ သုံးစွဲဖို့ ပဲ ဖြစ်ခဲ့တယ်။

ဒါပေမယ့် ကြည်နူးနေရတဲ့ သူမရဲ့ဘဝဟာလည်း သူမရဲ့ မြေးအကြီးဆုံးက အတောင်အလက်တွေစုံလို့ အသိုက်အမြုံကို မစွန့်ခွာခင် အထိပေါ့လေ။ ညစဉ် ဓမ္မစကြာရွတ်ပြီး မြေးကလေးကို ငါးရာငါးဆယ် ဇာတ်နိပါတ် ပုံပြင်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ၊ ဒုတိယ ကမ္ဘာစစ်အတွင်းက ရုရှား၊ဟစ်တလာ အကြောင်းတွေ၊ သီပေါမင်း ပါတော်မူပုံတွေကို ပြောပြတတ်တဲ့ အဘွားအိုဟာ သူမရဲ့မြေးမရှိတဲ့ နောက်ပိုင်း မြေးရဲ့ နာမည်ကိုသာ တသသ တမ်းတမ်းတတ ဟစ်ကြွေး အော်ခေါ်ပြီး နောက်ဆုံး ဘဝမီးအိမ် ချုပ်ငြိမ်းခဲ့တယ်။

အဘွားရဲ့ ဘဝအတွေ့အကြုံနဲ့ ရင်းပြီး ရလာတဲ့ သင်ခန်းစာကို မြေးဖြစ်တဲ့ ကျွန်တော် ရလာခဲ့တယ်။ နောင်မှ တတတ်ကြတဲ့ နောင်တပါ။ တခါတရံ အပြင်လောက က အဘွားအိုတွေကို စကားပြောခွင့် ကြုံတွေ့လာတဲ့အခါ ဘဝတပါးကို ပြောင်းသွားပြီ ဖြစ်တဲ့ ကိုယ့် အဘွားကို သေသေချာချာ အချိန်ပေး စကား မပြောနိုင်ခဲ့ရပါလားလို့ တွေးတောမိပြန်တယ်။

အသိညာဏ်ရင့်ကျက်သည့်အခါမှ အတိတ်က အရာများ ကိုပြန်လည် ဆင်ခြင် သုံးသပ်သည့်အခါ သင်ခန်းစာဆိုသည်မှာ နောင်တ တရားများ အပေါ်တွင် အခြေခံ၍ ပေါက်ဖွားလာတတ်သည့် ဓမ္မတာရှိသည်ကို လက်တွေ့ကျကျ နားလည်သဘောပေါက်ခဲ့သည်။ သို့ပေသည့် ကျွန်တော်သည် ခေတ်ကာလ၏ ပဲ့ကိုင်ရာ ဘဝရေစီးထဲမှာ စီးမျောနေဆဲပဲ။

ဘဝမြစ်ပြင်ကျယ်၏ ကမ်းနား သောင်ပြင် နေရာ ဒေသအနှံ့တွင် ကွန်းခို နားစက် ခဲ့ဖူးသည်။ ကြုံရာကျပန်း နေခဲ့သည်။ ပလက်ဖောင်းဘေးမှာ ဖိနပ်ခေါင်းခုအိပ်ဖို့ ကြုံလာရင် ဖိနပ်ခေါင်းခုအိပ်ခဲ့သည်။ အဆင့်မြင့်ဟိုတယ်ပေါ်တက် ဆယ်လကိုးသီတင်း အခန့်သား နေဖို့ ကြုံလာတော့ နေခဲ့လိုက်သေးတာပဲ။ သို့သော် ကိုယ်ကြီးပြင်လာခဲ့ရသော အိမ်နှင့် ဝန်းကျင်ကို လွမ်းသည့် စိတ်က နှလုံသား ထောင့်တစ်နေရာတွင် အမြဲကိန်းအောင်းနေသည်။ မြန်မာယဉ်ကျေးမှု အရိပ်အာဝါသအောက်တွင် ကြီးပြင်းလာခဲ့ရသည့်အတွက် မိဘနှင့် အတူနေရသည့် ဘဝကို တမ်းတမိသည်။

ငယ်ရွယ်စဉ်က ပျိုရွယ်မှုတန်းဖိုးကို အသက်ကြီးသည့်အခါမှ သိရသည်။ မိဘနှစ်ပါး၏ ကျေးဇူးတရားများကို အနေဝေးမှ သိရသည်။ ကျွန်တော်၏ မိဘနှစ်ပါးသည် ပညာ အမွေကို သာပေးနိုင်ခဲ့သည်။ သူတို့သည် မြန်မားရိုးရာ ရှေးရိုးစွဲ ထုံးတမ်းအစဉ်အလာများနှင့် ညီစွာ သားသမီးများကို ပျိုးထောင်ပေးခဲ့သည်။

ငယ်စဉ်က ဖိနပ် လျှပ်တိုက်စီးလို့ အသံထွက်လျှင် အဆူခံ အပြောခံရသည်။”ဟဲ့.. ဖိနပ် လျှပ်တိုက် မစီးနဲ့။ အသံမထွက်အောင် လမ်းလျှောက်ရတယ်” လို့ အမေက အော်သည်။ ထမင်းအိုးထဲမှ ထမင်းခူးတာ ပုံစံ မမှန်လျှင် အဖေက “ထမင်းခူးတာ အပေါ်ယံလေး ရှပ်မခူးရဘူး။ နောက်လူတွေက ဂျိုးတွေ စားနေရမှာပေါ့” လို့ ဆူပြန်သည်။ တဖန် အဘွားက “ထမင်းစားရင် လက်မစုပ်နဲ့။ ပြတ် ပြတ် ပြတ် လို့ အသံမထွက်စေနဲ့” လို့ သင်ပြန်တယ်။

အဖေသည် ပိုပြီး စည်းကမ်းတင်းကျပ်လေ့ရှိသည်။ စေ့စေ့ပေါက်ပေါက် အသေးစိတ်ကလေးကအစ အတိန်းအစောင်း မခံ။ မိဘတို့၏ သဘောသဘာဝ အတိုင်း သားသမီးတို့ကို အကောင်းတကာ့ အကောင်းဆုံးသာ ဖြစ်စေချင်သည်။ အတောင် အလက်စုံလင်စွာ အမြင့်တွင် ပျံသန်းနေကြသည်ကို မြင်တွေ့လိုသည်။

အဘွား၏ အမူအကျင့် နှင့်ခံယူချက်တို့ အဖေနဲ့ အဖေ့အစ်ကို တို့တွင် ပါလာခဲ့သည်။ ထို့နောက် အဖေခံယူချက်များလည်း ကျွန်တော့်တွင် ပါလာခဲ့သည်။ အဖေသင်ပေးခဲ့သော အင်္ဂလိပ်စာ လက်ရေးလှရေးနည်းသည် အလွန်အဖိုးတန်ခဲ့သည်။ အဖေသည် လွန်စွာမှ မာနကြီးသည်။ ဘယ်သော အခါမှ အခြားလူထံ လက်ဖြန့် အကူအညီ မတောင်း။ ချမ်းသာသော အမျိုးအဆွေ များနှင့်လည်း ခပ်တန်းတန်းနေသည်။ အဖေက “ငါက အကူအညီလိုချင်လို့ ကပ်တယ် ထင်နေလိမ့်မယ်” ဟု ဆိုသည်။ ရုတ်စွအဆုံး ရန်ကုန်တွင် နေသော သူ့အစ်ကိုနှင့်လည်း အဆက်အဆံမလုပ်။ သူ့အစ်ကိုကလည်း သူ့အမေ ကျွန်တော် အဘွားနှင့် အဖေတို့ကို အဆက်အသွယ် မလုပ်။ ကျွန်တော့် အမြင်တွင် သူတို့သည် ညီအစ်ကို အရင်း မဟုတ်ကြတော့။ တစိမ်းပြင်ပြင်များ ဖြစ်ကြသည်။ အနှစ် နှစ်ဆယ်အတွင်း အဖေ့အစ်ကို ကို ကျွန်တော် တစ်ခါသာ တွေ့ဖူး မြင်ဖူးလိုက်သည်။ အဘွားဆုံးတော့လည်း သူပေါ်မလာခဲ့။ အဖေသည် ကျွန်တော် အပေါ်တွင်လည်း မာနကြီးခဲ့သည်။ ကျွန်တော် ဆယ်တန်းကျောင်းသား ဘဝတွင် အဖေနှင့် ကျွန်တော် စကား အခြေအတင် ဖြစ်ကြသည်တွင် “အေး..ငါက မင်းကောင်းစားစေချင်လို့ စာကြိုးစားခိုင်တာ….မင်းကြီးပွားချမ်းသာလို့ အောင်မြင်ရင် မင်းဆီက ခိုကပ်စားမယ်လို့ ထင်မနေနဲ့။ သားသမီးလုပ်စာ ဘယ်တော့မှ မမျှော်လင့်ဘူး” လို့ ပြောခဲ့သည်။ ယနေ့ အချိန်ထိ အဖေသည် မာနကြီးဆဲ။

ကျွန်တော် ငယ်စဉ်က အဖေသည် မြင်းလှည်းမောင်းသည်။ အမေက ကိုင်းတန်းဈေးထဲတွင် သရက်သီးရောင်းသည်။ အဖေ့ မြင်းဇောင်းက အိမ်နောက်ဖေး သပြေပင်ကြီးအောက်တွင်ရှိသည်။ အဖေရော အမေရော အိမ်မှာရှိသည့် အချိန် ကျွန်တော်က တံပျက်စည်း ရိုးတံကို ရွှေဘိုမြင်း လုပ်တန်းကစားတော့ အမေက အရမ်းရီခဲ့သည်။ ထိုအကြောင်းကို ယနေ့တိုင် ပြော၍ မပြီးတော့။ “ငါ့သား မင်း အဖေ မြင်းလှည်းမောင်းတုန်းက မင်း က ရွှေဘိုမြင်းလို ခုန်ပြီး ကစားတာလေ…”လို ခဏ ခဏပြောသည်။ ကျွန်တော်မှာ အမေပြောမှသာ သိရသည်။

နောက်တော့ အဖေ မြင်းလှည်းမောင်းတာ အဆင် မပြေဘူးထင်ပါရဲ့။ ပုလိပ် ချည်မျှင်စက်သို့ သာမန်အစိုးရ ဝန်ထမ်းအဖြစ်ရောက်သွားသည်။ မနက်ခင်း အလင်းရောင် မထွက်သေးခင် အဖေသည် အိမ်မှ ထွက်ခါ အနောက်ပြင် ပေါက်ပေါက်တန်းရပ်မှ ဈေးချို စစ်ကိုင်း ကားဂိတ်အထိ ဘတ်စကား အမှီ လှမ်းလျှောက်သွားရသည်။ အိမ်ပြန်ရောက်တော့လည်း မိုးစုန်းစုန်း ချုပ်လို့။ ထိုစဉ်က အမေနှင့် အဖေ စကားများ ၍ အမေက သူ့အဖေ ကျွန်တော့် အဘိုးအိမ် သွားနေသည်။ ကျွန်တော်က အဖေ့ အမေ၊ ကျွန်တော့် အဘွားနှင့်သာ နေခဲ့သည်။ အဖေက အိမ်မှာ လူကြီးသူမ မရှိသည့် အချိန်တိုင်းတွင် အိမ်တံခါးကို အမြဲပိတ်ထားရန် မှာလေ့ရှိသည်။ ထိုအလေ့ အကျင့်မှ စ ၍ ကျွန်တော်တို့ အိမ်တံခါးမကြီးသည် ကျွန်တော် ကြီးလာသည်အထိ အမြဲလိုလို ပိတ်ထားသည့် အကျင့်ဖြစ်သွားခဲ့သည်။

အထက်တန်း ကျောင်းသား ဘဝတွင် သူငယ်ချင်းများက “မင်းတို့ အိမ်က ဟို…အမြဲ တံခါးပိတ်ထားတဲ့ အိမ်ကြီးလား”လို့ မေးတတ်ကြလေ့ရှိသည်။

ထို့ကြောင့် ကျွန်တော့် ငယ်စဉ် အတိတ်က အကြောင်းများကို ပြန်စဉ်းစားမိတိုင်း အနီရောင် အိမ်တံခါး သစ်သားတိုင်များ အကြားမှ အပြင်လောကကြီး၏ လွတ်လပ်မှုကို မပြတ်တမ်းငေးမောနေလေ့ရှိသည့် ကလေးလေးတစ်ယောက်၏ မျက်လုံးအစုံကို အမြဲတမ်း မြင်ယောင်နေမိသည်။ ထိုစဉ်ကစ၍ အချုပ်အနှောင်နှင့် အတွယ်အတာ မွန်းကျပ်သည့် ဘဝကို ကြောက်ရွံ့ မုန်းတီးခဲ့သည်။

ကျွန်တော်တို့ ရပ်ကွက်သည် သာမန် လူတန်းစားများသာ နေထိုင်ကြသည်။ ရုပ်မြင်သံကြား ပေါ်သည့် ခေတ်တွင် မည်သူတစ်ဦးမျှ မဝယ်နိုင်ကြသေး။ အခြားရပ်ကွက်သို့ သွားကြည့်ရသည်။ သစ်သားအိမ်လေးနှင့် ရုပ်မြင်သံကြားကို ပိုင်ဆိုင်ထားသော ဦးဟန်ဘော်သည် ရပ်ကွက် အနီးအနားတဝိုက်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။ ထိုစဉ်က ရုပ်မြင်သံကြား ကြည့်ရန် ဝင်ကြေး တစ်မတ် ပေးရသည်။ အနံ့အသက် ပေါင်းစုံ၊ ကလေးငိုသံ၊ ဆူသံ၊ ဆဲသံတွေ အကြား၊ နေကြာစေ့ထုပ်ကိုယ်စီနှင့် ဘဝအမော ဖြေကြသည်။ ပူနောင် ပူနောင်ဟူ ၍ မြန်မာ့ ဆိုင်းသံနှင့်အတူ ည ရှစ်နာရီ သတင်းကြေငြာချိန် ဆိုလျှင် ရုပ်မြင်သံကြားကြည့်သူတို့ အလျိုလျို အနားယူ၊ ခြေလက် ဆန့်ကြသည်။ ထိုအခါကြမှ ကလေးငယ်များ ငိုရန် သတိရကြသည်။ အပျို အအို၊ ကလေး လူကြီး စုံနေအောင်ကြည့်ကြသည်။ ထိုစဉ်က ကျွန်တော်က ကလေးအတန်းအစားဝင်။ သို့ရာတွင် ပရိသတ်အားလုံးက လူကြမ်းနှင့် ဇာတ်လိုက် ရန်ဖြစ်လျင် ဇာတ်လိုက်ဘက်မှ ပါဝင်အားပေးကြသည်။ လူကြမ်းကို ဆူပူ ကြိမ်းမောင်းကြသည်။ ပရိတ်သတ်သည် ရိုးသားစွာ ရုပ်ရှင်ဇာတ်လမ်း အပေါ် စီးမျောရင်း ရိုးသားစွာတုံ့ပြန်ကြသည်။ ကျွန်တော်တို့သည် သာမန်ရပ်ကွက်ကလေးတစ်ခုမှ ရိုးရှင်းသော မိသားစုဝင်များ ဖြစ်ကြသည်။

No comments:

Post a Comment