မြကြည်


ဆီဆေး
ရေးဆွဲ - ၂၀၀၂-ခုနှစ်

ပတ်ဝန်းကျင် တစ်ခုလုံးက မဲမှောင် တိတ်ဆိတ်နေသည်။ ဆယ်ပေ ပတ်လည် အခန်း အဖြူရောင် နံရံ၏ ဖြော့တော့တော့ ဖြာထွက်နေသော မှုံပြပြ အရောင်သည် ညဉ့် ကို အံတုနေသည့်နယ်။ ညဉ့်၏ ပိန်းပိတ် နက်မှောင်မှုက တဖြည်းဖြည်းနှင့် ထုထည်ကြီးမားစွား ဖိသိပ်လာ သော်လည်း အဖြူရောင် အခန်းငယ်အား လွမ်းမိုးမသွားနိုင်ခဲ့။ လောကဝန်ကျင် တစ်ခုလုံး၏ သက်ရှိ အရာများ တိုးတိတ်ဖြည်းညင်းစွာ တစ်စတစ်စနှင့် ည၏ အမှောင်ထု အောက်တွင် ကျရှုံးသွားကြသော်လည်း မြကြည် တစ်ယောက် ကြံကြံခံ နေစဲပါ။ လရောင် ကြယ်ရောင်များ ပျောက်ကွယ်နေသော ဤ ကဲ့သို့သော ညမျိုးသည် ရက်စက်လွန်းတတ်သည်။ လမင်း အလင်းရှိမှ ပွင့်သော ပန်းများ ညိုးငယ်စွာ ပွင့်ချပ်လွှာများကို သိမ်းဆည်းထားကြရ၏။ ဖားအော်သံ၊ ပုရစ်အော်သံတို့ လည်း ဆိပ်သုဉ်း ပျောက်ကွယ်ကုန်၏။ အားနည်းသော အလင်းမှိန်မှိန်များအားလုံး ည၏ ဝါးမြိုခြင်းကို ခံရ၏။ ညဉ့်၏ အဆုံးစွန်း တိတ်ဆိတ်မှု နှင့် အဆုံးစွန်း မှောင်မိုက်မှုကို မြကြည် တစ်ယောက်သာ တိတ်တဆိတ် ထိုင်၍ အံတုနေသည်။ သေချာ နားထောင်ကြည့်ပါမှ ခတ်ဟဟလေး ပွင့်နေသည့် တစ်ခုတည်းသော တစ်ခါးချပ်မှ လေတိုးသံ သဲ့သဲ့ကို ကြားရသည်။ အခန်းထဲမှ ပူနွေးသော လေထုနှင့် ညင်သာစွာ တစိမ့်စိမ့် ချဉ်းနင်းဝင်ရောက်လာသော အပြင်မှာ ညလေဆိုင်တို့ ရောယှက်က အလွန် သက်တောင့်သက်သာရှိသော အပူချိန်ကို ဖန်တီးထားသည်။

မြကြည် ပိုင်သော ဤအဖြူရောင် အခန်းငယ်သည် ရိုးစင်းလွန်းလှသည်။ မြကြည် အရပ် တစ်မြင့်စာ တစ်ခါးပေါက်တစ်ခု နှင့် အဖြူရောင်လေးဘက်လေးတန် နံရံများနှင့် လိုက်ဖက်ညီစွာ အဖြူရောင် ခုံတစ်လုံးသာရှိသည်။ တစ်ခုတည်းသော အခန်းထောင့် တစ်နေရာတွင် တစ်ဝက်တစ်ပျက် ဆွဲလက်စ ပိတ်ဖျင် ပန်ချီးကား တစ်ချပ်က ထောင်လျက်ရှိကာ အချိန်ကာလကြာမြင့်စွာ လျစ်လျုရှုထားခြင်း ခံနေရကြောင်းကို ခြောက်သွေ့နေပြီဖြစ်သော ဆီဆေးတောင့်များ သက်သေပြနေသည်။ တဝက်တပြတ်နှင့် ဆွဲလက်စ ပန်ချီကားထဲမှ ဝလ္လစ္စလစ် မိန်းမပုံသည် မြကြည်ပင် ဖြစ်သည်။ ဤအဖြူရောင် အခန်းထဲသို့ မြကြည် ရောက်တိုင်း အဝတ်အစားအားလုံးကို ချွတ်ချထားကာ ပင်ကို ပကတိ လွတ်လပ်စွာ နေလေ့ရှိသည်။ အခန်းငယ်သည် မြကြည်၏ လွတ်လပ်မှုကို ကာကွယ်ရာ၊ ကိုယ်ပိုင် သီးခြားကမ္ဘာ တစ်ခုဖြစ်သည်။ အဆုံးစွန်း လွတ်မြောက်ရာ နှင့် အဆုံးစွန်း လွတ်လပ်ရာလည်း ဖြစ်သည်။ ဒီအခန်းကို မြကြည် စိတ်တိုင်းကျ ပြင်ဆင်ထားခဲ့သည်။ ပြင်ဆင်သည်ဟု ဆိုရာထက် ထိုအခန်းထဲတွင် ရှိနေသော ရုပ်မြင်သံကြားစက်၊ တယ်လီဖုန်း၊ ကတ်ဆက် အစရှိသည့် အသုံးအဆောင် ပစ္စည်းများကို ထိုအခန်းထဲမှာ ထုတ်ပြစ် လိုက်ခြင်းဖြစ်သည်။ ယခင်က ထိုအခန်း သည် အလွန်းကောင်းသည် ဟု ပြောကြကာ နေချင်ကြသည့် လူများ တန်းစီနေကြသည်။ ကြိုတင်၍ စားရင်းပေးထားကြသည်။ ကံကောင်းထောက်မစွာ ထိုလူများကို ကျော်လွန်၍ မြကြည် သည်အခန်းကို ရခဲ့သည်။ရတော့လည်း ရသည့် နေ့မှာပင် အခန်းရှင်းလင်းရေးလုပ်ခဲ့သည်။ အခန်း၏ သုံပုံတစ်ပုံမျှ နေရာယူထားသော ဘုရားစဉ်ကြီးအား အခြားအခန်းကို ပြောင်းရွှေ့လိုက်သည်။ ထိုင်စရာ ထိုင်ခုံတစ်လုံးသာ ချန်၍ ရှိရှိသမျှ အရာများကိုအခြား သူများအားပေးလိုက်သည်။ မြကြည် မည်သည့်အရာကိုမျှ မတွယ်တာချင်။ ကြီးမားသော စာနာမှုနှင့် နားလည်မှုတို့ အောက်တွင် တွယ်တာမှုသည် ငုတ်လျိုးနေရသည်။ ထိုကဲ့သို့ ဝလ္လစ္စလစ်နှင့်လွတ်လပ်စွာ နေရသည့် လွတ်လပ်ခြင်းမျိုးကို ကြိုက်သည်။ လုံခြုံမှုကို လွတ်လပ်စွာ ခံစားရသည်။ ဤအခန်းသည် ချည်နှောင်မှုတို့ လွတ်မြောက်ရာ၊ ငှက်ငယ်တစ်ကောင်၏ အဆုံးအစမဲ့ လေဟာနယ်တစ်ခုပါပဲလေ။

ခုံပေါ်တွင် ထိုင်နေမိသည်မှာ အတော်ပင် ကြာသွားသည်။ ဆွဲလက်စ ပန်ချီကားကို လည်း အပြီးသတ်ရန် စိတ်ကမပါတော့။ သဘာဝက ဖန်တီးထားသော မိန်းမပီသသည့် ခန္ဓာကိုယ် အချိုးအဆစ် ကောက်ကြောင်းများကို ဖေါ်ထုတ်ရန် ကြိုးစားခဲ့သည်။ မအောင်မြင်။ ခန္ဓာကိုယ်အား ဖုံးအုပ်ကာကွယ်ထားသော အနှောင်အဖွဲ့မှ လွတ်မြောက်သွားရန် ရှိသမျှ အဝတ်အစားများကို ချွတ်ချထားခဲ့သည်။ သို့ရာတွင် အချိုးအဆစ် ကောက်ကြောင်းများက လူသားတစ်ယောက် ခံစားနေရသည့် ရင်းတွင်မှ နာကျင်မှု၊ ပျော်ရွှင်မှု၊ မွန်းကျပ်မှု၊ လွတ်မြောင်မှုတို့ကို ထိုပိတ်စများပေါ်တွင် မဖေါ်ပြနိုင်ခဲ့ချေ။ ကိုယ့်မှာ အတ္တတွေ သိပ်များနေပြီလား။ ငယ်စဉ်အခါက ကလေးငယ်တစ်ယောက်၏ ရိုးသားစွာ ဖေါ်ပြတတ်မှုတွေကို ကြီးပြင်းလာတော့ အတ္တတွေက နင်းခြေဖျက်ဆီးပြစ်လိုက်ပြီလား။

မြကြည် ဘုရား မရှိခိုးတာ ၁၀-နှစ် ကျော်ကြာပြီကော။ ငယ်စဉ်က အဖွားသည် ဘုရားစာများကို ညနေတိုင်း အမြဲရွတ် လေ့ရှိသည်။ အဖွားကို သတိရတိုင်း အဖွားအမြဲရွတ်လေ့ရှိသော ဘုရားစာများကို တခါတရံ သတိရမိသည်။ ကိုကို နှင့် အတူနေစဉ် တုန်းက ကိုကိုက မြလေး ကို ကိုကို ကဲ့သို ဘာသာရေးကို ယုံကြည်သူဖြစ်အောင် လုပ်ပေးမည် ဟု ပြောဘူးသည်။ မြကြည် ကိုကို ကို ပြုံးပဲ ပြုံးပြခဲ့သည်။ ထိုစဉ်က ကိုကိုသည် ညနေတိုင်း တစ်နာရီခန့် ဘုရားရှိခိုးသည်။

ထိုသို့ ကိုကို ဘုရားရှစ်ခိုး နေပြီဆိုလျှင် မြကြည် ဤအခန်းလေးထဲသို့ လာပြီး ပန်ချီဆွဲနေလေ့ရှိသည်။ ကိုကိုသည် မြကြည်ကို ချစ်လွန်းသည်ဟု မြကြည်ထင်သည်။ သူ့အတွက် လုပ်စရာအလုပ်များ မရှိတော့ဘူး ဆိုလျှင် သူ့အနားတွင် မြကြည် ရှိနေစေချင်သည်။ ဒါကို ကိုကိုက မြကြည်ကို ချစ်လွန်းလို့ပါဟု ပြောသည်။ ဒါပေမယ့် ကိုကို့မှာ အတ္တတွေများလွန်းသည် ဟုမြကြည်ထင်သည်။ တခါတရံ မြကြည် ကိုကို အိပ်နေသည့် အချိန် ကိုကို ဖတ်သည့် တရားစာအုပ်ထဲတွင် ကိုကို့ အချစ်အတ္တတွေ လျော့ပါးအုံးဟု ဖြေ့စွက်ရေးလေ့ရှိသည်။ မြကြည်၏ ကိုယ်ပိုင် အချိန်၊ မိမိ ပိုင်ဆိုင်ရာ လွတ်လပ်မှုလေးတွေကို မြကြည် လိုချင်သည်။ ကိုကိုနှင့် ခွဲခွာခဲ့သည်မှာ နှစ်အတော်ပင် ကြာလေပြီ။ ကိုကိုက လက်ထပ်ချင်သည်ဟု ပြောသည့်နေ့တွင် မြကြည် တုန်လှုပ်ခြောက်ခြားခဲ့သည်။ မိမိ၏ လွတ်လပ်မှုတွေ အားလုံး ဒီလူတစ်ယောက်လုံးဆီမှာ ပေးဆပ်ရတော့မှာပါလားဟု။ ထိုနေ့ပဲ ကိုကို နှင့် စိတ်မကောင်းခြင်းကြီးစွာ လမ်းခွဲ ခဲ့ကြသည်။ ကိုကို ငိုပါသည်။ မြကြည်နားလည်ပေးပါသည်။ လူတစ်ယောက်သည် မည်မျှ တရားဓမ္မများလုပ်ဆောင်ပါစေ ထိုလူသည်အသက်ရှင်နေသမျှ လူသားဆန်စွာ ခံစားချက်များကို ခံစားနေရအုံးမည်သာ။ မြကြည်လည်း ခံစားခဲ့ရပါသည်။

ထို့နောက် မြကြည် ဘဝသည် ကြမ်းတမ်းခဲ့သည်။ မြကြည် မှောင်ခို ကုန်ကူး အလုပ် လုပ်ခဲ့သည်။ မိမိအား စော်ကားရန်ကြံစည်သော လူတစ်ယောက်အား သတ်မှုနှင့် ထောင်ကျခဲ့သည်။ ထောင်မှ ထွက်လာသောအခါ ပြည်တန်ဆာ အလုပ် လုပ်ခဲ့သည်။ ပြည့်တန်ဆာ လုပ်ခဲ့စဉ်က ရခဲ့သော ရောဂါ ဝေဒနာကို နှစ်ရှည်လများ ဆေးရုံပေါ်တွင် ကုသခဲ့ရသည်။ အကယ်၍သာ ကိုကို လိုချင်သည့် အိမ်ထောင်ကို အတူတကွ ထူထောင်ခဲ့ပါက ထိုကဲ့သို့ သော ဘဝကြမ်းများကို တွေ့ရလိမ့်မည်မဟုတ်။ သာယာဖြောင့်ဖြူး သော ဘဝကို ကိုကိုနှင့် အတူလက်တွဲ၍ ပျော်ရွှင်နေရမည်သာ။ သို့ရာတွင် မြကြည် ကျေနပ်သည်။ မိမိ ဖြတ်သန်းခဲ့သည် ဘဝသည် မျဉ်းဖြောင့် တစ်ကြောင်းတည်း မဖြစ်ခဲ့။ အနိမ့်အမြင့် လှိုင်းတွန့်များဖြင့် ပြည့်နက်နေသော ဘဝကို မြကြည် ကျေနပ်သည်။ ထိုဘဝက ရရှိသော ခံစားချက်များ သည် ယနေ့ ပြန်လည် ဆန်းသပ်ကြည့်လျင် အိမ်မက်ပမာ။ သို့ရာတွင် မြကြည် ရှင်သန်ခဲ့သည်။ ထိုအရာများသည် ခါးသည်းသည်ဟု ဆိုပေမယ့် ယခုအခါ ချိုမြိန်သည်။ ထိုခံစားချက်များ သည် မြကြည် ဆိုသည့် လူတစ်ယောက် ရှင်သန်နေစေရန် မောင်းနှင်ပေးနေသော စက်ကိရိယာများ၊ စက်သွားများ ဖြစ်ကြသည်။ မြကြည် သည် အစဉ် ရှေ့သို့ ဆက်နေမည့် မိန်မစား။ မြကြည် ငိုလျှင် ရင်ထဲမှာ ငိုသည်။ မြကြည် နာကျင်လျှင် ရင်ထဲမှာ နာကျင်သည်။ အသက်ကြီးလာသည့် အတွက် ငယ်ငယ် ကလေးဘဝလို ဟက်ဟက်ပက်ပက် လွတ်လပ်စွာ ရယ်မောတတ်ခြင်း မရှိတော့။ တခါတရံ အပြစ်ကင်းစင်စွာ ကလေးကဲ့သို ဟားတိုက်ရယ်လိုက်ချင်သည်။ သို့ရာတွင် ထိုကဲ့သို မရယ်တတ်တော့။ လောက၍ ဖြစ်လာသည့် အခြေအနေ အကောင်းအဆိုးတို့အားလုံးကို ကြောင်းကျိုးများဆက်စပ် နားလည်းပေးထားခြင်းသည် မြကြည်အား လိုအပ်သည်ထက် တည်ငြိမ် ရင့်ကျက်စေသည်။

ထိုင်ရာမှ ထ၍ အခန်းထောင့်တွင် ပုံထားသော အဖြူရောင် ဝတ်ရုံကို ကောက်ဝတ်လိုက်သည်။ အခန်းထဲတွင် ထိုင်နေတာ တော်တော် ကြာသွားပြီပဲဟု တွေးလိုက်မိသည်။ ပြည့်တန်ဆာမ တစ်ယောက်အတွက် ဤအခန်းသည် လုံခြုံသည်။ လွတ်မြောက်မှုကို ပေးစွမ်းနိုင်သည်။ ဤအခန်း၏ တံခါး တဖက်ခြား သည် အခြား ကမ္တာ။ မြကြည် လူအသစ်များကို တွေ့ရအုံးမည်။ ပြောင်းလဲနေသော လူ့အဖွဲ့အစည်းတွင် လိုက်လျောညီစွာ ရှင်သန်ရအုံးမည်။ မျက်နှာဖုံးမြောက်မြားစွာကို ဝယ်ယူရအုံးမည်။ တစ်ခါတစ်ရံ လူတွေအား မုန်းမိသည်။ ထိုအခါ လူအားလုံး ကိုကိုကဲ့သို မြင့်မြတ်သူ ဖြစ်ပါစေဟု ဆုတောင်းမိသည်။ မဖြစ်နိုင်ပါ။ သို့ပေမယ့် လူတွေအများကြားတွင် မြကြည် ဆိုသော ပြည့်တန်ဆာမ တစ်ယောက် ရှိနေအုံးမည်သာ။ ဤအရာသည် အလွန်တရာခန်းနားကြီးကျယ်သော ကိုကို၏ အတွေးအခေါ်များထက် မှန်ကန်ပေအုံးမည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

2 comments:

စိုးထက် - Soe Htet ! said...

ကိုဘကောင်းရေ ကောင်းတယ်ဗျ .... ဆက်ရေးပါဗျို့ .. လာလာဖတ်နေပါမယ် ... :)

Anonymous said...

ဦးဘကောင်း…။
ပန်းချီပြီးသွားပြီနော်။
ရှင့် မြကြည်ကတော့ ဂန္တ၀င်ပါပဲလား။
ဒါမျိုးတွေ များများဆက်ရေးနိုင်ပါစေလို့…။

အော်.. ဒါနဲ့ စကားမစပ်
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေတော်။

Post a Comment