လေဘေးဆိုသည့် အရာမှာ စာရေးသူ ငယ်စဉ် ကလေးဘ၀ ကတည်းှက အတူတကွကြီးပြင်းလာသော အရာတစ်ခုဖြစ်ပါတယ်။မြန်မာပြည်တွင် လေဘေးထည်ဆိုသည့် အထည်များမှာ နိုင်ငံခြားဖြစ် အဝတ်အထည် အဟောင်းများကို ခေါ်ဆိုတာဖြစ်ပါသည်။ လေဘေးအဝတ်အထည်များသည် သံနန်းကြိုးဖြင့် ပတ်ထားသော ပေါင်၅၀၀ ခန့်လေးသည့် အထုပ်ကြီးများဖြင့်ဘင်္ဂဘားဒေ့ မှတဆင့် မြန်မာနိုင်ငံ စစ်တွေမြို့သို့ စက်လှေဖြင့်ရောက်ရှိပါသည်။ ထိုလမ်းကြောင်းသည် စာရေးသူ ကလေးဘဝမှ သိထားခဲ့သော လမ်းကြောင်းဖြစ်ပါတယ်။ ယနေ့ခေတ်တွင် ပုံစံမျိုးစုံ လမ်းကြောင်းမျိုးစုံဖြင့် ဝင်ရောက်နိုင်ပါသည်။ ပြောပြချင်သည်က မန္တလေးတွင် ရှိသော လေဘေးလောကမှ ဘဝများ၊ အရောင်းအဝယ်လောကသားများ၊ ပြောဟန် ဆိုဟန်များ နှင့် ထိုလောကမှ ဘကောင်း ဘယ်လိုကြီးပြင်းလာသလဲ ဆိုတဲ့ အကြောင်းပါ။
စာရေးသူ ဘကောင်း သိတတ်သည့် အရွယ် ၈-နှစ် ၉-နှစ် ခန့်တွင် မိဘများသည် လေဘေးလုပ်ငန်းများကို လုပ်ကိုင်လျက် ရှိနေပါသည်။ လေဘေးလုပ်ငန်း လုပ်ကိုင်သည်ဟု ဆိုရာတွင် နှစ်မျိုး နှစ်စားရှိပါတယ်။ ပထမတစ်မျိုးသည် လေဘေးထုပ် ကုန်သည်များပါ။ ထိုကုန်သည်များသည် အများအားဖြင့် ရခိုင်လူမျိုးများ ဖြစ်ကာ စစ်တွေ ၊ တောင်ကုတ် လမ်းကြောင်းတွေမှတဆင့် လေဘေးထုပ်များကို ရန်ကုန်၊ မန္တလေး မြို့ကြီးများသို့ သယ်ဆောင် ပို့ယူ ကုန်ကူးကြလေ့ရြှိကပါသည်။ ထိုသူများသည် ကုန်သည်ကြီးများ ဖြစ်ကာ ငွေကြေး အရင်းအနှီး အမြောက်အမြားဖြင့် လေဘေးအထုပ် အမြောက်အမြားကို ကုန်ကူးကြပါသည်။ ၎င်းတို့သည် လေဘေးလောက၏ လေးဘေးထုပ် လက်ကားသည်များ ဖြစ်ကြသည်။ ဒုတိယ အမျိုးအစားမှာ ထိုသူများထံမှ လေဘေး အထုပ်တစ်ထုပ်ခြင်း ဝယ်ယူကာ တစ်ထည်ခြင်း လက်လီရောင်းချခြင်း သော်၎င်း၊ နယ်များသို့ လက်ကား ပြန်လည် ရောင်းချခြင်းများသော်၎င်း ပြုလုပ်ကြရပါသည်။ ကျွန်ုပ်၏ မိဘများသည် ဒုတိယ အမျိုးအစား လေဘေးသည်များဖြစ်ကြသည်။
ကျွန်ုပ်၏ ဘဝတလျှောက်လုံးတွင် မွေးဖွားလာသည်မှ အစ တက္ကသိုလ်ကျောင်းသားဘဝ၊ ထိုမှတဆင့် နိုင်ငံရပ်ခြားဒေသများသို့ သွားရောက် အလုပ်များလုပ်ကိုင်သည် အထိ လေဘေးထည်များကိုသာ ဝတ်ဆင်ခဲ့သည်။ စာရေးသူ ငယ်စဉ်အခါက မန္တလေးမှ လေဘေးရောင်းသည့် ဆိုင်ခန်းများသည် အိမ်တော်ရာဘုရား ကျောင်းဝင်းအထဲတွင် ရှိခဲ့ပါသည်။ ကျွနု်ပ်တို့ လေဘေးလောကမှ လူများက ထိုလေးဘေး ဆိုင်ခန်းအတန်းများကို လေဘေးတန်းဟု ခေါ်ဆိုကြသည်။ ဗုဒ္ဓဘာသာ ဘုရားကျောင်းဝင် အတွင်းတွင် ဖြစ်သော ကြောင့် လေဘေးတန်းများသို့ သွားလိုလျင် ဖိနပ်ချွတ်ပြီး သွားကြရသည်။လေဘေးတန်းသို့ ဈေးလာဝယ်သူများကလည်း မိမိတို့ စီးလာသော ဖိနပ်များ၊ ခြေနင်းများကို လက်တွင် ကိုယ်စီကိုင်၍ လေဘေးတန်း ဈေး အတွင်းတွင် လှည့်လည်ကာ မိမိတို့ ကြိုက်နှစ်သက်ရာ အဝတ်အထည်များကို ဝယ်ယူရပါသည်။ ဘုရားကျောင်းဝင်းအတွင်းတွင် ဖိနပ်မစီးရသောကြောင့် လေဘေးရောင်းသူများသည် မြေကြီးမှ အအေးဓာတ်ကြောင့် ရံဖန်ရံခါ နားစီးရောဂါများ ဖြစ်တတ်ကြလေ့ရှိသည်။ ထိုလေဘေးဆိုင်ခန်းများသည် လွန်ခဲ့သော ၁၉-နှစ်ခန့် လောက်မှစ၍ ဘုရားကျောင်းဝင်းမှ မြောက်ပြင် ညောင်ပင်ဈေးသို့ ရွှေ့ပြောင်းသွားခဲ့ရပြီးပြီ ဖြစ်သော်လည်း စာရေးသူ၏ မိခင်သည် ယနေ့ အချိန်အထိ နားစီးရောဂါ ရံဖန်ရံခါ ဖြစ်လေ့ရှိပါသည်။
ထိုအိမ်တော်ရာ ဘုရားကျောင်းဝင်းအတွင်း လေဘေးရောင်းစဉ် အချိန်ကာလများသည် ယနေ့ ခေတ် လေဘေးလောကမှ ရောင်းဝယ်မှုများနှင့် ခြားနားပါသည်။ စားရေးသူသည် ငယ်စဉ် မူလတန်းကျောင်းသားဘ၀ စွန်လိုက်တတ်သည့် အရွယ်လောက်တွင် မိဘများနှင့် ကျောင်းပိတ်ရက်များ တွင် ဈေးလိုက်ကာ အင်္ကျီများကို ခင်းကျင်းခြင်း၊ ထုတ်ပိုးခြင်း၊ သူငယ်ချင်းများနှင့် လေးဘေးထုပ် ဖေါက်သည့် ဆိုင်ခန်းများသို့ လှည့်လည်ကာ အိပ်ထောင်နှိုက်ခြင်းများ ဖြင့် ကလေးဘဝကို ဖြတ်သန်းခဲ့ဖူးပါသည်။ အိပ်ထောင်နှိုက်သည်ကို အနည်းငယ် ရှင်းလင်းပြောပြပါမည်။ ဟိုတုန်းက လေဘေးထုပ်များ၏ အင်္ကျီအထည် အိပ်ထောင်များတွင် ရာဘာဖြင့်ပြုလုပ်ထားသော နိုင်ငံခြားဖြစ် ကားအရုပ်ကလေးများ၊ သံစက်ရုပ် အရုပ်ကလေးများ ပါလာလေ့ရှိပါသည်။ ယနေ့ခေတ်တွင်တော့ ထိုကဲ့သို့သောအရုပ်ကလေးများကို စတိုးဆိုင်တိုင်းလိုလိုတွင် ကလေးတိုင်း အလွယ်တကူ ဝယ်နိုင်ကြပါသည်။ ဆိုင်ခန်းတစ်ခန်းမှ လေဘေးပါကင်ထုပ်ကို ဖေါက်ပြီဆိုလျှင် ကလေးများက အိပ်ထောင် နှိုက်ကြပါသည်။ ရသည် အရုပ်ကလေးများကို လည်း ယူခွင့်ပေးထားပါသည်။ ထိုစဉ်က လေဘေးအင်္ကျီပုံကြီးများသည် ကလေးများအတွက် ဖိုးကျိုင်းတုတ် ပါပဲ။ ရံဖန်ရံခါတွင် ပါလာတတ်သော နိုင်ငံခြားငွေ စက္ကူ တစ်ရွက်စ၊ နှစ်ရွက်စကိုတော့ ပိုင်ရှင်က ယူပါသည်။ ထိုစဉ်အခါက နိုင်ငံခြားဖြစ် ရာဘာ အရုပ်သေးသေးလေးများ ရလျင် အလွန်ပျော်ကြပါသည်။
ဘုရားကျောင်းဝင်းအတွင်းတွင် ဖြစ်သောကြောင့် မြေကြီး၏ အစိုဓာတ် မှ ခြေဖဝါး အအေးသက်သာစေရန် လေဘေးဆိုင်ခန်းများ၏ အရှေ့မြေကြီးပေါ်တွင် ဝါးကပ်(ဝါးကြပ်)များ ခင်းကျင်းထားကြပါသည်။ မှတ်မှတ်ရရ ထိုစဉ်က လေးဘေးရောင်းသူများသည် ဝါး ကို တော်တော်များများ အသုံးပြုကြလေ့ရှိသည်။ အင်္ကျီချိတ်ရန် တန်းကို ဝါးဖြင့် တန်းရသည်။ အင်္ကျီကို နန်းကြိုးဖြင့် ပြုလုပ်ထားသော ချိတ်များဖြင့် ချိတ်ကြရသည်။ အင်္ကျီတန်းများကို ဝါးလုံများဖြင့် အနည်းဆုံး သုံးတန်း၊ လေးတန်း ဆိုင်၏ ဘေးပတ်လည်တွင် တန်းကာ အင်္ကျီများကို စည်းစနစ်ကျနစွာ တန်းစီချိတ်ကြရသည်။ စာရေးသူ၏ ဖခင်ကြီးသည် ဆိုင်ဖွင့်ချိန်၊ ဆိုင်သိမ်းချိန်များ တွင် အင်္ကျီများကို တစ်ထည်ခြင်း ခင်းကျင်းပုံ၊ ဖြုတ်သိမ်းပုံ၊ အင်္ကျီများ မကြေစေရန် တစ်ထည်နှင့် တစ်ထည် စနစ်တစ်ကျ စီရီ သိမ်းဆည်းပုံများကို သင်ကြားပေးပါသည်။ ဈေးဝယ်သူနှင့် စကားပြောဆို ဆက်ဆံခြင်း၊ မိမိ အလိုရှိသော အင်္ကျီတန်ဖိုးကို ရရှိရန် ဈေးဝယ်သူအား တဖြည်းဖြည်းချင်း သိမ်းသွင်ယူပုံများကိုတော့ အတုမြင် အတတ်သင်ဆိုသလို တဖြည်ဖြည်းနှင့် ပြောဆိုဆက်ဆံသွားတတ်ပါသည်။
စာရေးသူ ရှစ်တန်း စာမေးပွဲ ပြီးသည့် အချိန်တွင် မိခင်ကြီးသည် နာမကျန်းဖြစ်ကာ ဆေးရုံတက်ရပါသည်။ ထိုအချိန်မှစ၍ ကျွန်ုပ်၏ဖခင်သည် စိးပွားရေး လုပ်ငန်းတစ်ခုလုံးကို ကျွန်ုပ်အား လုံး၀ လက်လွှဲထားကာ မိခင်ကြီး ပြန်လည် ကျန်းမာစေရန် အစွမ်းကုန် ကြိုးစာခဲ့ရပါသည်။ ထိုအချိန်အခါများသည် ကျွန်ုပ်အတွက် အလွန်တရာမှ ဝမ်းနည်းစရာကောင်းသော အဖြစ်အပျက်နေ့စွဲများဖြစ်ခဲ့ပါသည်။ တနေ့ ဖခင်ကြီးသည် အိမ်ပြန်လာကာ ငိုပါသည်။ မင့် အမေ ဒီတောင်က မကျော်နိုင်တော့ ဘူးဟု ပြောသည်။ ထိုစဉ်က ကျွန်ုပ် ဖခင်ကြီးအား အားမပေးတတ်ပါ။ သို့ရာတွင် ဖခင်ကြီးနှင့် တူညီသော ခံစားချက်က ကျွန်ုပ်ရင်ထဲတွင် ပြည့်လျံနေခဲ့ပါသည်။ နောက်ရက်များတွင် ကျွန်ုပ် ဈေးကို ပိုမို အားသွန်းခွန်စိုက် ရောင်းကာ အိမ်စရိတ်ကို ဖြည့်ဆည်းရပါသည်။ ကျွန်ုပ်၏ နှမလေးက အိမ်တွင်နေရကာ အဘွားအား ပြုစုရသည်။
ထိုစဉ်က ရှပ်အင်္ကျီတစ်ထည်ကို ၁၅-ကျပ်မှ ၂၅-ကျပ်အထိ ရောင်းပါသည်။ ကျွန်ုပ် မုန့်တီကြိုက်သွားသည်မှာ ထိုစဉ်က ဖြစ်သည်။ အဖေသည် ကျွန်ုပ် အား မနက်တိုင်း မုန့်တီတစ်ပွဲ စားခွင့် ပြုသည်။ ထိုစဉ်က တစ်ပွဲ ၅-ကျပ်ပါ။ အိမ်တော်ရာ ဘုရားထဲတွင် ဦးဘို၏ မုန့်တီသည် အလွန်နာမည် ကြီးပါသည်။ မနက်စာ မုန့်တီကို မြိန်ရေရှက်ရေ စားသုံးကာ ဆိုင်ခင်းခြင်းလုပ်ငန်းကို စတင်လေ့ရှိသည်။ ရံဖန်ရံခါ ကျွန်ုပ် မုန့်တီစားနေခိုက် အဝေးမှ ဖေါက်သည်များ လာလျှင် အလွန် စိတ်မရှည်တတ်ပါ။ ဘေးမှာရှိနေသော မုန့်တီပုကန်နှင့် ဟင်းချိုရည်ခွက်သည် ကျွန်ုပ် အား လှောင်ပြောင်နေ သကဲ့သိုပင်။ ကျွန်ုပ် ဆိုင်ခန်းမှ နှစ်ခန်းကျော် ဆိုင်တွင် လည်း ကောင်လေးတစ်ယောက် မနက်တိုင်း အမြဲ ဆိုင်ခင်းလေ့ ရှိပါသည်။ ထိုကောင်းလေးသည် ဝင်းဦးအသံကို တု၍ စကားပြောခြင်းကို အလွန်ပိုင်ပါသည်။ ယနေ့တွင် ထိုကောင်လေးမရှိတော့ပါ။ သူသည် လူ့ လောကမှ စောစီးစွာ ထွက်သွားခဲ့ပါသည်။
လေဘေးနှင့် ရခိုင်လူမျိုးများ ဆက်နွယ်နေသကဲ့သို လေဘေးတန်းတွင် ရခိုင်လူမျိုး အသိမိတ်ဆွေ၊ ကုန်သည်များ၊ သူရို့၏ စကားသံများကို ကြားရလေ့ရှိသည်။ စိုက်တွေ(စစ်တွေ)၊ အဘောင်၊ သူ့တို့၏ ဟန်ပန်များကို ထိုစဉ်ကတည်းက ရင်းနှီးခဲ့ပါသည်။ ကျားဝိုင်း၊ ကြွေဝိုင်း၊ ပေးသီဝိုင်း တိုင်းတွင် ကျွန်ုပ် က တမော့မော့နှင့် ရှိနေတတ်သည်။ ဝင်းဦးအသံကို တု၍ ပြောတတ်သော ကောင်လေးနှင့် ကျားထိုးကြလျှင် ကျွန်ုပ် အမြဲရှုံးပါသည်။ ထိုစဉ်က တစ်ခုခု ရှုံးလျှင် ကြောင်ကြာကြာ ရေမငုတ်နိုင်ပါဘူး ဟူ ကြုံးဝါကြလေ့ရှိကာ ပွဲသစ်ပြန်စကြသည်။ မည်သူက စပြောလိုက်သည် မသိပါ။
အိမ်တော်ရာ လေးဘေးတန်းကို အမှီပြုလျက် လုပ်စားကြသော ကုလား ဒိုဘီတန်းလည်း ဘုရားကျောင်းဝင်း အထဲတွင် ရှိပါသည်။ ကျွန်ုပ် မိဘများ ပင်တိုင်သုံးသော ကုလားဒိုဘီမှာ ဦးလှမောင် ဒိုဘီဖြစ်သည်။ ကျွန်ုပ် မိခင်ကြီးက လျော်ဖွတ် မီးကြွေတိုက်ပြီးသည့် အထည်များကို ဒိုဘီတန်းမှ သွားရောက် ယူခိုင်းသည့် အခါ ရံဖတ်ရံခါ ကျွန်ုပ် သည် ထိုကုလားဒိုဘီတန်းတွင် အချိန်ဖြုန်းနေလေ့ရှိသည်။ ဒိုဘီကုလား၊ ကုလားမကြီးများထံမှ အင်္ကျီကို ကျယ်သီးမတတ်ပဲ ခေါက်နည်း၊ ကုတ်အင်္ကျီ ခေါက်နည်း၊ အင်္ကျီအမျိုးအစားအလိုက် မီးကြွေတိုက်နည်းများကို လေ့လာရပါသည်။ ထိုသူတို့သည် အလွန် ရောင့်ရဲ တင်းတိမ်တတ်ကြသော လူမျိုးများပါ။သူတို့သည် အလွန်ဆင်းရဲကြပါသည်။ သို့ရာတွင် ဒေဝါလီနေ့မျိုးတွင် ကျွန်ုပ်တို့ အိမ်သို့ချပါတီ များလာပေးပါသည်။
ကျွန်ုပ်သည် ငယ်စဉ်က အလွန်လှချင်ပါသည်။ (ယခုတွင်တော့ အလွန် အရုပ်ဆိုးချင်ပါသည်။) မိခင်ကြီးက ကျွန်ုပ်အတွက် လိုအပ်သည့် အဝတ်အစားများကို ငယ်စဉ်ကတည်းက ရွေးချယ်၍ ဆင်မြန်းပေးပါသည်။ ကျွန်ုပ်ဘဝတွင် နိုင်ငံခြားရောက်သည် အထိ ကိုယ်တိုင် အင်္ကျီမဝယ် ဝတ်ပါ။ ဝယ် ဝတ်ဖို့ လည်း နားမလည်ပါ။ နိုင်ငံခြားသွားရန် စီစဉ်သည့် အခါတွင် မိခင်ကြီး စီစဉ်ပေးလိုက်သော အဝတ်အထည်များဖြင့်သာ နေထိုင်ခဲ့ပါသည်။ ထိုကြောင့် ရံဖန်ရံခါ မိတ်ဆွေအပေါင်း အသင်းများထံမှ အင်္ကျီအသစ်များ လက်ဆောင်ရလျင် မဝတ်ရက်ပါ။ သိမ်းထားပါသည်။ မှတ်မှတ်ရရ ကျွန်ုပ်ဂျပန်သို့ သွားသည့် အခါက လေးဘေးထုပ်ထဲမှာ ပါလာသော ရှပ်အင်္ကျီလေးများကို မိခင်ကြီးက စီစဉ်ပေးထားပါသည်။ ထူဆန်းစွာပင် ရှပ်အင်္ကျီတစ်တည်မှာ မြန်မာနိုင်ငံမှာ ချုပ်လိုက်သော Made in Myanmar ဟု ပါရှိသည့် Export အထည်ဖြစ်နေသည်။ ဘယ့်နှယ် မြန်မာပြည်က ပို့လိုက်ပါတယ် မြန်မာပြည်ထဲကို လေဘေးအနေနဲ့ ပြန်ဝင်လာတယ်။ ငါ ဂျပန်ကို ပြန်ယူသွားပြီး ပြန်ထားခဲ့မယ်ဟု ကြုံးဝါကာ ဂျပန်မှ ပြန်သည့် အခါတွင် ထိုလေဘေးထည်များ အားလုံးကို ထားရစ်ခဲ့ပါသည်။
မန ္တလေးတွင် ထိုစဉ်အခါက လေဘေးတန်းနှင့် အဟောင်းတန်းဟူ၍ နှစ်နေရာ ရှိပါသည်။ ဘယ်နယ့် လေဘေးတန်းက အဟောင်းတန်းမဟုတ်ဘူးလားလို့ မေးဖွယ်ရာရှိပါတယ်။ မဟုတ်ပါ။ လေဘေးတန်းက လေဘေးအဟောင်ထည်များကိုသာ ရောင်းပါသည်။ အဟောင်းတန်းသည် ထိုစဉ်က ဈေးချိုအနောက်ဘက် ၂၆-လမ်း အစနားလောက်တွင် ရှိပါသည်။ ယခုမရှိတော့ဘူးလို့ ထင်ပါသည်။ ထိုအဟောင်းတန်းတွင် ခိုးရာပါပစ္စည်းများ အလွန်တရာများပြားပါသည်။ အဝတ်အထည်များသာမက အခြားလူသုံးပစ္စည်းများလည်း ရောင်းကြပါသည်။ ရံဖန်ရံခါ ထိုအဟောင်တန်းမှ လူများလည်း လေဘေးတန်းသို့ လာကာ အထည်များ ဝယ်တတ်ကြပါသည်။
လေဘေးထည်များသည် ပိုးသတ်ဆေးများ ဖြန်းထား ပရုတ်များ ထည့်ထားသဖြင့် ရောဂါကင်းရှင်းပါသည်။ ကျွန်ုပ် ငယ်စဉ်က လေဘေးထုပ်ဖေါက်လျှင် ထိုအဝတ်ပုံ အဟောင်းထဲတွင် လူးလိမ့် ဆော့ကစားပါသည်။ အဝတ်အထည်များကို ဂေါင်ထည်၊ အလယ်ထည်၊ အကျထည် အဖြစ် သုံးမျိုး သုံးစား ခွဲကာ သန့်စင်ရသည်။ ထို့နောက် သင့်တော်သော တံဆိပ်များကို အင်္ကျီကျယ်သီးတန်း၏ အောက်ခြေ အတွင်းဖက်တွင် ရိုက်နှိတ်ကာ ဒိုဘီပေးရပါသည်။ အိပ်ထောင်နိုက်၍ လွတ်သွားသော အရာမှန်သမျှကို ဒိုဘီကုလားများ ရကြပါသည်။ ထို့နောက် ဒိုဘီခ၊ စက်ချုတ်ခ၊ ပြင်ခ များကို တွက်ချက်ကာ သင့်တင့်လျောက်ပတ်သော ဈေးနှုန်းဖြင့် ရောင်းကြပါသည်။ ဈေးရောင်းခြင်းသည် အလွန်စကားပြောရသော အလုပ်ဖြစ်သည်။ ဈေးဝယ်သူ တစ်ယောက်က ဝတ်ကြည့်၍ မတော်သည့် အင်္ကျီကို တော်သည်ဟု ထင်အောင်၊ မကောင်းသည့် အင်္ကျီကို ကောင်းသည်ဟု ထင်အောင် ပြောရသည်မှာ မလွယ်သော လိမ်ညာရသော အလုပ်တစ်ခုပါ။ ဈေးနှုန်းကိုလည်း ဈေးဝယ်သူ မဆစ် ဆစ်အောင် ဈေးခေါ်ယူရပါသည်။ ထိုစဉ်က ကျွန်ုပ်က ရှစ်တန်းအရွယ်ပါ။ ယနေ့ ထိုကဲ့သို့သော လူမျိူးများ ထံ ကျွန်ုပ်ဈေးဝယ်လျှင် မဆစ်တတ်တော့ပါ။ သူ့တို့၏ နည်းပရိယာယ်များကို သိသည်။ သို့ရာတွင် ထိုဈေးရောင်းနေသူ၏ သမာအာဇီ၀ တဝမ်းတထွာ ရှာစားနေရခြင်းကို သနား၍ မဆစ်ရက်ပါ။ နောက်ပြီး ကျွန်ုပ် ကိုယ်တိုင် ပြောင်းလဲသွားတာလည်း ဖြစ်ပါသည်။ ကျွန်ုပ် ကိုယ်တိုင် စကားပြောနည်းသွား၊ နှေးသွားခြင်းပါ။ ဈေးရောင်းနေသူများကို ယှဉ်ပြိုင်၍ ဈေး မဆစ်ချင်တော့ပါ။
ဈေးဝယ်သူများသည် လူမျိုးစုံလင်ပါသည်။ တောသူ တောင်သား များမှအစ၊ သူခိုး၊ ဘိန်းစား၊ အရက်သမား၊ဖက်ရှင် ဓါတ်ပုံ ဆရာ၊ အဆိုတော်၊ ရုပ်ရှင် မင်းသား၊ မင်းသမီး၊ တိုင်းရင်းသား လူမျိုးများ၊ အစရှိသဖြင့် ပေါများကြပါသည်။ လေဘေးတန်းတွင် ပိတ်ရက်မရှိပါ။ ကျွန်ုပ်မိဘနှစ်ပါး အပါအဝင်၊ အခြားလေဘေးရောင်းသူများသည် တရက်မှ မနားကြပါ။ နေ့စဉ် နေ့တိုင်း ဆိုင်ထွက်ကြပါသည်။ အိမ်တော်ရာ ဘုရား ပွဲဈေးနေ့ အတေားအတွင်းတောင် ဆိုင်ဖွင့် ကြပါသည်။ ကျွန်ုပ် မှတ်မိသမျှ သူတို့ နားကြသည်အချိန်သည် သင်္ကြန်နေ့ရက်များသာ ဖြစ်သည်။
ထို့နောက် အိမ်တော်ရာ လေဘေးတန်းသည် ၁၉၈၉-၉၀ ဝန်းကျင်တွင် ၁၉-လမ်းသို့ ရွှေ့ပြောင်းသွားရကာ ယခုအခါ ညောင်ပင်ဈေး လေဘေးဆိုင်များ ဟု လူအများ သိရှိကြပါသည်။ ထိုညောင်ပင်ဈေးသို့ ရောက်သည့် အချိန်တွင် ကျွန်ုပ်သည် ၁၀ တန်းကို အောင်မြင်ပြီးစ ဖြစ်ကာ ထိုဈေးလောကများ တတ်အပ်သည့် အဋ္ဌာရပ်သ ၁၈-ပါးကို ကျွမ်းကျင် ပိုင်နိုင် တဖက်ကမ်း ခတ်လေပြီ။
အနန္တမေတ္တာဖြင့်
ဘကောင်း
ဆက်နွယ်နေသော အခြား အကြောင်းအရာ
No comments:
Post a Comment