ညောင်ပင်ဈေးသစ်မှ လေဘေးလောက


ယနေ့ ညောင်ပင်ဈေးသစ် လေဘေးတန်းသည် လွန်ခဲ့သော ၁၉-နှစ်၊ အနှစ် ၂၀ ခန့်က အိမ်တော်ရာ ဘုရား လေဘေးတန်းမှ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါသည်။ အိမ်တော်ရာ ဘုရားမှ လေဘေးတန်းကြီး ရွှေ့ပြောင်းရတော့မည်ဟု ဆိုသည်နှင့် နှစ်ပေါင်းများ စွာ အရိုးစွဲ လုပ်ကိုင် နေကြသော ကျွနု်ပ်၏ မိဘများ အပါအဝင် လေဘေးလောကမှ လူများ ဒုက္ခရောက်ကြပါသည်။ တစ်ချို့ ပိုက်ဆံ တတ်နိုင်သူများသည် လေဘေးလုပ်ငန်းကို စွန့်ခွာကာ တရုတ်တန်းဈေး(ယနေ့ခေတ် မန္တလေး ရတနာဘုံဈေး) သို့ပြောင်းရွှေ့လုပ်ကိုင်ကြပါသည်။ ထိုစဉ်က ကျွန်ုပ် မိခင်ကြီးသည် ရှိစုမဲ့ ငွေကြေး အင်းအားကို ခြစ်ချုပ် စုစည်းကာ အသစ်ပြောင်းရွှေ့ရမည့် ညောင်ပင်ဈေးသစ် ဆိုင်ခန်းကို ဝယ်ယူရပါသည်။ ညောင်ပင်ဈေးသစ် ဟု ခေါ်ဆိုရသည်မှာ လေးဘေးတန်းမရောက်ခင် က ညောင်ပင်ဈေးသည် ရှိနှင့် နေပြီသားပါ။ ထိုညောင်ပင်ဈေးသည် အိမ်ရှင်မများ အားထားရသော အသီးအရွက် အသားငါးများ ရောင်းချသော သာမန် ဈေးကလေး တစ်ခုသာဖြစ်သည်။ ထိုဈေးနှင့် ယှဉ်၍ လေဘေးတန်းအတွက် ဈေးရုံတစ်ခုတည်ဆောက်သော အခါ ဈေးရုံအသစ်ကို ညောင်ပင်ဈေးသစ် ဟု ခေါ်တွင်လိုက်ကြသည်။ ထို ညောင်ပင်ဈေးနှင့် ညောင်ပင်ဈေးသစ် နှစ်ခုစလုံးသည် ရွှေတစ်ချောင်မြောင်း ဘေးတွင် တည်ရှိကြပါသည်။

ညောင်ပင်ဈေးသစ်သို့ ပြောင်းရွှေ့ ရသည် အခါတွင် ကျွနု်ပ်သည် ၁၀-တန်းစာမေးပွဲအား ဖြေဆိုပြီးခါစ ဖြစ်ကာ မိဘများအား ကူညီ၍ ဈေးလိုက်ပေးရပါသည်။ ကျွနု်ပ်သည် မနက်စောစော ၇-နာရီခန့် အိမ်မှ ဈေးသို့ စက်ဘီကလေးနှင့် ထွက်ကာ ဆိုင်ခင်းရပါသည်။ အဝတ်အထည်များကို သင့်တင့်လျောက်ပတ်သည့် နေရာများတွင် အတန်းများ တန်းကာ ခင်းကျင်းပြင်ဆင်ရပါသည်။ ထိုညောင်ပင်ဈေးသစ် လေဘေးတန်းသို့ ရောက်သောအခါ ယခင် အိမ်တော်ရာ ဘုရားမှ သိကျွမ်းခဲ့သော မိတ်ဆွေဟောင်းများနှင် ကွဲကွာသွားခဲ့သည်။ လေးဘေးလုပ်ငန်း အရောင်းအဝယ်လုပ်သည့် လူဦးရေလည်း နည်းသွားခဲ့သည်။ ကျွန်ုပ်အတွက် မှတ်မှတ်ရရ ပြောင်းလဲခြင်းသည် မနက်တိုင်း ဆိုင်ခင်းချိန်တွင် ကျွနု်ပ်ကြိုက်နှစ်သက်သော ဦးဘို၏ မုန့်တီ မစားရတော့ခြင်းပေတည်း။ ထို မုန့်တီရောင်းသည့် ဦးဘိုသည်လည်း မုန့်တီရောင်းခြင်းကို စွန့်လွှတ်ရပ်နားကာ လေးဘေးရောင်းရန် ကျွနု်ပ်တို့ဆိုင်ခန်းနှင့် မျက်စောင်းထိုးခန့်တွင် ဆိုင်ခန်းတစ်ခန်း ဝယ်ယူလိုက်ပါသည်။ ညောင်ပင်ဈေးဆိုင်ခန်များသည် အုတ်ပါးပါးလေးများနှင့် တည်ဆောက်ထားသော နှစ်ပေခွဲ၊ သုံးပေခန့်မြင့်သည် အုတ်အဆင့်များပေါ်တွင် အခန်းလေးများ ကန့်ထားသည့် အတန်းများဖြစ်သည်။

မနက်တိုင်း ဆိုင်ခင်းချိန်တွင် ကျွန်ုပ်အတွက် အသစ်အဆန်းအရာ တစ်ခုမှာ ကျွန်ုပ်ဆိုင်ရှေ့မှာ ဖြတ်သန်းသွားသော အိမ်ရှင်မများဖြစ်ပါသည်။ အိမ်ရှင်မ ပုံစံ အမျိုးမျိုး သည် မနက်ချိန်ခါ ဟင်ချက်စရာများ ဝယ်ချမ်းရန် အလို့ငှာ လေဘေးတန်း ဈေးအသစ်ကို ဖြတ်ကာ ညောင်ပင်ဈေးသို့ ဈေးဝယ်သွားကြသည်။ အိမ်ရှင်များ၏ ပုံစံသည် သူတို့ ဝယ်ယူလာသော ချက်ပြုတ်စရာ ဟင်းအမယ်များ၊ အထုတ်အကြီးအသေးကို လိုက်၍ အကဲဖြတ် ခွဲခြားလို့ရပါသည်။ တစ်ချို့သည် ပါတိတ်ထမီ အကောင်းစာများ ဝတ်ဆင်ကာ ရွှေလက်ကောက်များ ဆင်မြန်းထားသော အဆီအစ်နေသည့်လက်ဖြင့် ကြက်သားထုတ်၊ ငါးကြင်းထုတ်များ ကို ဆွဲကိုင်၍ ဈေးမှာ ပြန်လာလေ့ရှိကြပါသည်။ ထိုကဲ့သို့သော မိန်းမကြီးများသည် တစ်ခါတစ်ရံ ပိုက်ဆံအိတ်အကြီးကြီးမှလွဲ၍ ဈေးဝယ်ခဲ့သည် အထုတ်များကို ကိုယ်တိုင်မဆွဲပါ။ ပိန်ပိန်ပါးပါး ခပ်မွဲမွဲ ကောင်မလေး တစ်ယောက်က မိမိအိမ်ရှင်၏ အဆီများအစ်နေသော တင်ပဆိုင်ကြီးများကို ကြည့်ကာ အနောက်မှ ခပ်ကုပ်ကုပ်အလေး လိုက်ကြရသည်ကို တွေ့ရသည်။ တစ်ချို့ အမျိုးသမီးများသည် မဲခြောက်သော အသားအရည်ရှိကာ ခါးလုံရုံ အဝတ်ကို ဝတ်လျက် ဝမ်းဗိုက်ပူပူ ကလေးငယ်ကို ဆွဲကာ ဆူးပုတ်ရွက်၊ ကစွန်းရွက်ကိုသာ ကိုင်လျက် ဈေးပြန်ကြရသည်။ တစ်ခါတစ်ရံ ထို ဝမ်းဗိုက်ပူလေးကို တစ်ယောက်တည်း ဈေးလာဝယ်သည်ကို တွေ့ရတတ်သည်။ တစ်ချို့ အသက်အလွန်တရာကြီးရင့်နေသည့် အဘိုးအို၊ အဘွားအိုများပင် တုန်ချိ တုန်ချိနှင့် ဈေးဝယ်ထွက်ကြရသည်ကို တွေ့ရသည်။ ထိုကဲ့သို့သော မနက်ချိန်ခါ ဆိုင်ခင်းချိန်တွင် ဖြတ်သန်းသွားကြသော အိမ်ရှင်မ ပုံစံမျိုးစုံအား နေစဉ်မြင်တွေ့ဖန်များလာသော အခါ ထိုသူများ၏ အိမ် စီပွားရေး အခြေအနေ၊ ထိုသူများ၏ ပျော်ရွှင်မှု ဝမ်းသာမှု၊ မိသားစုဝင်များ အကြောင်းကို သူတို့၏ ဈေးခြင်းတောင်းများက ဟစ်အော်ကြွေးကြော်နေသည့်ကို စိတ်ဝင်တစား လေ့လာမိသည်။

ထိုစဉ်က ကျွန်ုပ် ဈေးရောင်းရသော အလုပ်သည် လူများကို အကဲခတ်ရခြင်း၊ သင့်တင့်လျောက်ပတ်သော လူမှုရေးနည်ပိရိယာယ်များဖြင့် ချဉ်းကပ်ရခြင်းများ ပြုလုပ်ရသော အလုပ်ဖြစ်ပါသည်။ ဤသို့ဖြင့် ဈေးအရောင်းသည်၏ မျက်လုံး တချက်အဝေ့သည် အခြားလူတစ်ယောက် ဝတ်ဆင်ထားသည့် ဟန်ပန် အမှုအရာ အဝတ်အစားများ ခေါင်းဖျားမှ ခြေအဆုံး အားလုံးကို ဘာသာပြန်ပြီး ဖြစ်သွားပါသည်။အစ်ကိုတန်သည်ကို အစ်ကိုခေါ်၊ အစ်မတန်သည်ကို အစ်မခေါ်၊ တစ်ခါတစ်ရံ ဦးဇင်း၊ ဆရာလေး၊ အဘ အစရှိသည်ဖြင့် ခေါ်ရပါသည်။ တစ်ချို့ဈေးဝယ်သူများသည် မိမိကြိုက်နှစ်သက်သော အထည်ကို ယတိပြတ် ဆုံးဖြတ်ချက် ချ၍ မဝယ်တတ်ပါ။ တစ်ချို့က ဈေးမဆစ်တတ်ပါ။ တစ်ချို့က ချိုးချိုးနှိမ်နှိမ် ဈေးဆစ်ကြပါသည်။ဈေးလောကမှ လူများသည် မနက်စောစော ဈေးဦးပေါက်တွင် မိမိမရောင်းနိုင်သော ဈေးဆစ်ခြင်းခံရပါက ထိုနေ့အတွက် ကံမကောင်းဟု ယူဆကြသည်။ ထို့ကြောင့် ဈေးဦးပေါက် တွင် အတတ်နိုင်ဆုံး ရောင်းနိုင်အောင် ကြိုးစားကြရပါသည်။ ထိုကဲသို့ ဈေးဦပေါက်ရောင်းရသော ငွေဖြင့်အခြား အဝတ်အထည်များကို တဖြတ်ဖြတ်ဖြင့် လိုက်လံပုတ်ကာ ထိုအထည်များ ရောင်းရစေရန် လာဘ်ခေါ်လေ့ရှိသည်။

ကျွန်ုပ်တို့ လေဘေးလောကမှ လူငယ်ယောင်္ကျားအများစုသည် နာမည်ကြီးသော တံဆိပ်(brand) များကို ဝတ်ဆင်ခြင်းဖြင့် အလွန်တရာဂုဏ်ယူလေ့ရှိကြသည်။နာမည်ကြီးသော တံဆိပ်များဖြင့် အင်္ကျီများကို ကွာလတီ(quality) သို့မဟုတ် ကွာတီ ၊ သို့မဟုတ် ကွာ ဟုခေါ်ဆိုကြသည်။ ထိုကဲ့သို့သော အဝတ်အထည်များကို ဝတ်ဆင်သူကို ကွာလတီသမား၊ ကွာတီ သို့မဟုတ် ကွာသမားဟု ခေါ်တွင်ကြသည်။ ကျွန်ုပ် တက္ကသိုလ်တက် ၍ စာမေးပွဲပြီးကာ မန္တလေးပြန်သည့် အခေါက်တွင် တစ်ည မိခင်ကြီးနှင့် စကားစပြီး ပြောဆိုနေစဉ်
"ငါ့သား.. မင်း မောင်စိုး ကို သိလား" ဟု မိခင်ကြီးက မေးပါသည်။
"ဘယ် မောင်စိုး လဲ အမေ"
"မုန့်တီရောင်းတဲ့ ဦးဘို သားလေး"
"သြော်....သိပြီ ဟို ရွာသား ဆန်ဆန် တစ်ယောက်မလား"
"အေး..မင်း...သူတောင် ကွာလတီ ဖြစ်သွားပြီ"
ထိုစဉ်က ကျွနု်ပ်က "ဟုတ်လား" ဟုသာ သာမန် ကောက်ချက် ချခဲ့ပါသည်။ ကျွန်ုပ် မိခင်ကြီးသည် အတန်းပညာ သုံးတန်းမျှသာ အောင်မြင်ခဲ့ပါသည်။ သို့ရာတွင် သူသည် ထီးတံဆိပ်လေးများ၊ YSL တံဆိပ်ကလေးများ၊ Liberty Bell တံဆိပ်ကလေးများ အစရှိသဖြင့် နာမည်ကြီးသော တံဆိပ်များ ကို ခွဲခြား သိကာ ဈေးကောင်းရအောင် ရောင်းတတ်ပါသည်။ လေးဘေးထုပ် တစ်ထုပ်ဖောက်လျှင် ဈေးသည်ခြင်း ကွာဘယ်နှစ်ထည် ပါသလဲ၊ ဂေါင်ထည် ဘယ်နှစ်ထည် ပါသလဲဟု ယေဘူယ မေးကြလေ့ရှိကြသည်။ ထိုအရာများက ဈေးကောင်းရသော အရာများပေကိုး။ တဖြည်းဖြည်းနှင့် တရုတ်ပြည်ဘက်မှာ အင်္ကျ ီများ တစ်ဆိပ်အတုများနှင့် ဝင်လာသော အခါ တစ်ချို့ ဆိုင်များသည် တကယ့် မူရင်း တံဆိပ်နှင့် တူအောင် ရောနှောကာ ရောင်းလေ့ရှိသည်။ ၎င်းကို အင်ထု သည်ဟု ခေါ်သည်။ အင် သည် Made in Myanmar အသုံးအနှုန်း အယူအဆမှ လာကာ အတိုအားဖြင့် အင် ဟု ခေါ်လိုက်ကြသည်။ ထုသည်မှာ ဈေးဝယ်အား ပစ္စည်းအတု ရောင်းချခြင်းအားဖြင့် ထုနှက်လိုက်သည်၊ ထုထောင်းလိုက်သည် ကို ရည်ညွှန်းပါသည်။ တစ်စုံတစ်ယောက်က ပစ္စည်းအတု ဝယ်မိလျှင် ထိုသူအား မင်းတော့ အင်မိသွားပြီ၊ ဒီပစ္စည်းက အင်ကြီး အစရှိသဖြင့် ရှုတ်ချလေ့ရှိသည်။

လေဘေးထည်များသည် ခိုင်ခန့်သည်၊ ဒီဆိုင်းများ ဆန်းသည်၊ ဈေးပေါသည်။ ထို့ကြောင့် အများအားဖြင့် လူငယ်များ၊ အခြေခံလူတန်းစားများ ဝယ်ယူလေ့ရှိကြသည်။ ထိုစဉ်က ကျွနု်ပ်နှင့် ပေါင်းသင်း နေသော သူငယ်ချင်းများ ရှိပါသည်။ သူတို့သည် တခါတရံတွင် ဆေးဝါး သုံးစွဲလေ့ရှိကြပါသည်။ ကျွန်ုပ် မိခင်ကြီး သည် ကျွနု်ပ်အား အမြဲအစဉ် စောင့်ကြည့်နေကာ ဆေးဝါး မသုံးစွဲမိစေရန် ကြတ်မတ်နေလေ့ ရှိသည်။ ထိုစဉ်က ကျွနု်ပ် နေရသည်မှာ မလွတ်လပ်ဟု ခံစားရပါသည်။ ကျွန်ုပ် တက္ကသိုလ်တက် ၍ အဆောင်နေသည်အထိ မန္တလေးမှ ဆေးသုံးစွဲသည့် သူငယ်ချင်း တစ်ယောက် ပါလာ သေးသည်။ ထိုစဉ်က ဆေးသုံးစွဲသည့် လူငယ်များ အကြားတွင် လေဘေးတန်းကို ဘွန် ဟုခေါ်ပါသည်။ ဘာကြောင့် ခေါ်သည် ကို မသိတော့ပါ။ ဆေးခြောက်ရှုသည်ကို စကားလိမ်သုံး ၍ ကုတ်မိုကို ကုတ်ဖြို သည်ဟု ပြောကြသည်။ ဆေးခြောက်ကို မုန့်ဟု ခေါ်သည်။ ၎င်းကို ဆေးလိပ်အထဲတွင့် ထည့်၍ သုံးစွဲခြင်းကို မုန့်ဖြုတ် သည်ပေါ့။ သို့မဟုတ် မုန့်စားသည်ဟုလည်းပြောသည်။ မုန့်ကို ဖြုတ် သည်ဟု စကားလိမ် "ကို" ကို သုံး၍ပြောလိုလျှင် ကုတ်မို ကို ကုတ်ဖြို သည်ဟု ပြောရသည်။ စကားလိမ်များ အများ အပြား ရှိပါသည်။ မိမိတို့ ကျင်လည်ရာ၊ ပတ်ဝန်ကျင်အပေါ် မူတည်၍ ကွဲပြားကြသည်။ ကျွနု်ပ် မန္တလေး ဖိနပ်များ ရောင်းစဉ်က "စန်" စကား ပြောပါသည်။ မိန်းမလျာ အခြောက်များ ပြောသော စကားသည် "တကော်" စကားဖြစ်သည်။ အခြော်တစ်ကောက် ဆိုသည်မှာ အခြောက်ကို ခေါ်ခြင်းဖြစ်သည်။ ထိုစဉ်က မိခင်ကြီးနှင့် ဖခင်ကြီးတို့၏ ပြတ်သားသော အုတ်ချုပ်မှုအောက်တွင် ကျွနု်ပ် ဆေးဝါသုံးစွဲခြင်းသို့ မရောက်ခဲ့ပါချေ။ ထိုသူငယ်ချင်းများဖြင့်လည်း ဇတ်လမ်းများ ပြတ်သွားခဲ့ကြရသည်။

လေဘေးအထည်များသည် ဆောင်းတွင်း တွင် အလွန်တရာရောင်းကောင်းကာ၊ အမြတ်များများကျန်သော ကာလဖြစ်ပါသည်။ အမြတ်များများဆိုသည် မှာ စီပွားရေးလုပ်ငန်းရှင်ကြီးကဲ့သို့သော အမြတ်များများကို ဆိုလိုခြင်းမဟုတ်ပါ။ မိမိရင်းထားသည်ထက် အတော်အတန်း ပိုလျံသော အမြတ်အစွန်းကို ခေါ်ဆိုပါသည်။ ထိုသို့ ဆောင်းတွင်းကာလမှ လွန်မြောက်လျှင် နွေရာသီနှင့် မိုးရာသီသည် အလွန်အရောင်းပါးသော ကာလများဖြစ်ပါသည်။ တစ်ခါတရံ တစ်ထည်မျှ မရောင်းရသော နေ့ရက်များလည်း ရှိပါသည်။ ထို့ကြောင့် ဆောင်းတွင်း ကာလများတွင် လေဘေးသည်များသည် အလုပ်ကို ကြီုးစားလုပ်ကာ ငွေကြေးများကို စုဆောင်းကြရသည်။ ဆောင်းတွင်း တွင် ဂျာကင်ထုတ်၊ ကုတ်အင်္ကျီထုတ်၊ သိုးမွှေးထုတ် အစရှိသည် ဆောင်ထည် များကို ဖောက်ကြသည်။ သင်္ကြန်ရက်များ နီးလျှင် ဂျင်းဘောင်းဘီထုတ်ကို ဖောက်ကြရသည်။ နွေရာသီ ရက်များတွင် ရှပ်အင်္ကျီထုတ်ကို ဖောက်ကြသည်။

တစ်နှစ်သော ဆောင်းတွင်းတွင် မိခင်ကြီးသည် မေမြို့ ညမ်တောပွဲသို့ သွားကာ ကျန်ရှိနေသေးသော ဆောင်ထည်များကို အကုန်ရောင်းရန် အတွက် ပြင်ဆင်ပါတော့သည်။ မိခင်ကြီးသည် နှားစီလေ့ရှိသည့် အတွက် တော်တန် ပင်ပန်းသည့် ခရီးများကို ထွက်ခဲလေ့ရှိသည်။ သို့ရာတွင် ထိုနှစ်ဆောင်တွင်း၌ လေဘေးတန်းမှ လူအများအပြား မေမြို့သို့ သွားရောက်မည့် အတွက် မိခင်ကြီးလည်း လိုအပ်သော အခန်းကို မှာယူကာ ကျွနု်ပ်အား အဖေါ်အဖြစ် ခေါ်၍ သားအမိနှစ်ယောက် မေမြို့ ညမ်တောဈေးပွဲတော်သို့ ဈေးရောင်းထွက်ခဲ့ကြပါသည်။ ထိုပွဲသည် တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိကာ ရှမ်းတောင်တန်းများမှ တောင်သူ များ၊ လယ်ယာလုပ်သူများသည် မေမြို့သို့ဆင်းလာကာ တစ်နှစ်တာ စုဆောင်းထားသည့်ငွေကြေးများဖြင့် လိုအပ်သည်များကို ဝယ်ခြမ်းကြရသည်။ မေမြို့ဆောင်းသည် အလွန်အေးပါသည်။ ကျွနု်ပ်တို့ သားအမိသည် မြေကြီးပေါ်တွင် ပလပ်စတစ် မိုးကာစများ ခင်ကျင်းကာ ထိုအပေါ်တွင် အဝတ်များ ပုံလျက် အိပ်စက်ကြရပါသည်။ ထိုညမ်တောပွဲ ရောက်စ နှစ်ရက်ခန့်အထိ ကျွနု်ပ် ဝမ်းချုပ်ပါတော့သည်။ အကြောင်းအရင်းမှာ ပွဲဈေးတွင် ဈေးရောင်းသူများသည် ရေးချိုးခြင်း၊ နောက်ဖေးသွားခြင်းများကို ပွဲဈေး၏ ဘေးတွင်ရှိသော ဘုန်းကြီးကျောင်းကို အားကိုးရပါသည်။ ကျွနု်ပ်ရောက်သည့်နေ့က နောက်ဖေးသွားရန် နေရာကို မေးမြန်း၍ ဘုန်းကြီးကျောင်းဝင်းသို့ ရောက်သွားပါသည်။ အလွန်တရာ ကျယ်ပြန့်သော ဘုန်းကြီးကျောင်းပါ။ နောက်ဖေးသွားရန် အိမ်သားများသည် အမျိုးသားများနှင့် အမျိုးသမီး ဘက်ဟူ၍ ရှိပါသည်။ ကျွနု်ပ် အမျိုးသားများဘက်သို့ နောက်ဖေးသွားရန် အတွက် ဝင်သွားသည့်အခါ အိမ်သာများ တန်းစီလျက် ဆယ်လုံးကျော်ခန့် အုတ်များနှင့် အခိုင်အမာ ဆောက်ထားသည်ကိုတွေ့ရသည်။ သို့ရာတွင် တံခါးမရှိပါ။ ယောင်္ကျား အားလုံး အပြင်ဘက်ကို ကျောပေး၍ အတိုင်းသား တန်းစီထိုင်ကာ မိမိတို့ ကိစ္စ ဝိစ္စများကို ဖြေရှင်းနေသည်ကို တွေ့ရသည်။ကျွနု်ပ် သည် ထိုနေရာတွင် ပျို့အန့်ကာ ပြန်လှည့်လာခဲ့သည်။ နှစ်ရက်ခန့်မျှ ဝမ်းချုပ်ခံကာ နောက်ဆုံး ခွန်အားအပြည့်သွင်း၍ ကိစ္စများကို ဖြေရှင်းရပါသည်။ ထိုစဉ်အခါက ရှမ်ပြည်မှ အထက်သို့ ဆက်တက်သွားလျှင် အချို့ နယ်များတွင် အိမ်သာသည် အကာအကွယ်တောင် မပါဟူ သိရပါသည်။ သတင်းစာ ခပ်ကြီးကြီးတစ်စောင်နှင့် မိမိမျက်နှာကို ကာကွယ်ကာ ကျန်သည့် အပိုင်းကို လေသလပ်ခံ ကိစ္စများကို ဖြေရှင်းရပါသည်။ ထိုစဉ်က မေမြို့ ညမ်တော်ပွဲ လေဘေးရောင်းခဲ့စဉ်က ကြုံခဲ့ရသော အတွေ့အကြုံပါ။

ညောင်ပင်ဈေးသစ်တွင် ကျွနု်ပ် ကြွေပစ်ခြင်းကို စွဲသွားခဲ့သေးသည်။ ဆိုင်ခင်းကျင်းပြီးသည်နှင့် မိခင်ကြီးနှင့် ဖခင်ကြီး ဈေးရောက်လာ လျှင် ကျွနု်ပ်ကြွေပစ်ရန် အဖေါ်လိုက်ရှာ ကာ နေ့ခင်းအထိ ကြွေထိုင်ပစ်ပါတော့သည်။ လေဘေးတန်းသည် အလွန်တရာ စည်းကားနေလေ့ရှိပြီး ကြွေဝိုင်း၊ ကျားဝိုင်း၊ စစ်တုရင်ဝိုင်း၊ ဈေးဝယ်များ ကို ခေါ်သံ၊ ဈေးရောင်းသံများဖြင့် ဆူညံနေလေ့ရှိသည်။ တစ်ခါတစ်ရံတွင် ဟောဒီမှာ ကွာတီအင်္ကျီတွေ အလကားပေးနေတယ် ဟု အော်သံများ ကြားရတတ်သည်။ တကယ် အလကား ပေးခြင်းမဟုတ်ပါ။ ဈေးဝယ်များအား ညာ၍ခေါ်ခြင်းဖြစ်ပါသည်။ ကြွေတွင် တစ်ဆယ်၊ တစ်ပါ၊ သုံးလုံး၊ လေးလုံး၊ အစိတ်၊ တစ်ခြောက်ဆိုပြီ ရှိကာ မိမိတို့ အလိုရှိသော အပွင့်ကို မာန်ပြင်၍ ပစ်ရပါသည်။ ထို့ကြောင့် တစ်ဆယ်ကွာ၊ တစ်ဘို တို့တယ် အစရှိသည့် အသံများလည်း ကြားရပါသည်။ ကျွနု်ပ် ထိုကဲ့သို လတ်လျားလတ်လျားနေသည် ကို မိခင်ကြီးနှင့် ဖခင်ကြီးက မကြည့်ရှု့နေနိုင်သည့် အဆုံးတွင် ကျွနု်ပ်အား ဈေးချို တိုက်တန်း ရှုမဝဖိနပ်ဆိုင်သို့ မန္တလေး ဖိနပ်များ ရောင်းရန်း အလို့ငှာ အလုပ်သမား အဖြစ် ပို့လိုက်ပါတော့သည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

ဆက်နွယ်နေသော အခြား အကြောင်းအရာ
  • [ အိမ်တော်ရာဘုရားမှ လေဘေး လောက ]
  • 9 comments:

    MELODYMAUNG said...

    လေဘေးတန်းကို ဘွန်ခေါ်တာတော့ သိဘူး လေဘေးထည်ကိုတော့ တကိုက်တပေထည်လို့တော့ ခေါ်ဘူးတယ် အဟိ :P လာဖတ်သွားပါတယ်ဗျာ ဆီဗုံးမတွေ့လို့ ကွန့်မန့်ထဲ ၀င်အော်သွားတာပါ

    Sai Linn Thu said...

    မိုက်တယ်ဗျာ...ကျွန်တော် က မန်းလေးအကြောင်းရေးထားရင် ထမင်းမေ့ဟင်းမေ့ ဖတ်ဖတ်ပြီး လွမ်းတတ်တဲ့ ကောင်ဗျ...

    hnin said...

    I read your posts. It's the firstly for me. This is a nice blog. carry on! I'm encouraging you. Here has no mm font. It's the trouble for me. sorry.

    MELODYMAUNG said...

    Hi Ko Bakaung,
    No c-box?

    Just wishing, Happy Thadingyut Fullmoon day naw.

    Anonymous said...

    Thank you so much for visiting my blog and leaving your sincere comments. Wish everyone to have a wonder full Thadingyut event!

    I will try to revamp and update my blog time to time.

    Metta,
    Ba Kaung

    Anonymous said...

    ဟိုင်း ကိုဘကောင်းး
    သီတင်းကျွတ် မင်္ဂလာပါ.. :)
    လည်လည်လာတဲ့.. ကျေးဇူးတင်ပါတယ်..

    အိမ့်ချမ်းမြေ့ said...

    U BaKaung
    :)
    MinGalarbar shinn
    cbox? please?

    Mintasay said...

    I am delighted because of your comment. By the way, I am still looking for my own style by practicing it. Your blog is great too, bro.

    NSA said...

    မသိသေးတာတွေ..သိရတယ်...
    သရုပ်ပါအောင်ရေးတတ်ပါပေ့

    Post a Comment