ကိုယ်ရေးပြီး ကိုယ်ကြိုက်ရာ


မောင်ဟာလေ
လင်းလက်တောက်ပ အာကာထက်က
တိမ်မျှင်တွေကို ဆွဲယူဖမ်းဆုပ်
ရောယှက်မွေနှောက် သဏ္ဍာန်ရုပ်ကို
နု၏တရောင် ရင့်၏တလှည့်
ချည်နှောင်သိမ်းဖွဲ့ နွဲ့ယဉ်ယဉ်သို့
ပြည့်စုံခွန်းအား လက်အစုံဖြင့်
ဖန်ဆင်းထွေချိမ့်
ပြုံးစရူပါ မူရာကြော့ကို
သိမ်ငယ်တုန်လှုပ် ညွှတ်တွားခယ
အလှဘုရား ဖူးမြော်ပါ၏

မောင်ဟာလေ
ှတီတီတာတာ နားရည်ချိုမြ
တောတောင်ရေမြေ နေမင်းလမင်း
လေပြေညင်းသွဲ့ ကြွားကြွားဝင့်ချယ်
ဖူးငုံပွင့်သစ် ပန်းစကားဖြင့်
ဆန်းသစ်ထွေသီ ခွန်းတုံ့ဖွဲ့နွဲ့
မြေခကြယ်ကြွေ ပဉ္စလက်ဖြင့်
ရေးသားချယ်လည်း
ချစ်သူခြေလှမ်း မွမွချီဟန်
သိမ်းနုတ်နုယဉ် ပွင့်ဖတ်ခင်းကျင်း
ဖော်ကျူးဆိုခွင့် မဝန့်မိပါ။

မောင်ဟာလေ
အလွမ်းတွေပေါ် အလွမ်းဆင့်လို့
ဝိုင်ရည်ချိုမြ စိမ့်စိမ့်မက်မက်
မက်မက်ရှိုက်ရှိုက် အိပ်မက်ယောင်ဝါး
သူယောင်လေးလား ချစ်သူလားဟု
ပွေ့ဖက် ယူငင် ဟစ်ကြွေးမြည်တမ်း
လွမ်းတသသ တေးညင်းသီသို့
တီးခတ်ပါလည်း
ပီဘိလျစ်လျုု မျက်ကွယ်ပြုတတ်
ချစ်သူ့ကေသာ ကျော့ပိတုန်းကို
လှုပ်ခတ်နိုင်စွမ်း နွမ်းပါးလှ၏

မောင်ဟာလေ
ပွေ့ပွေ့ဖက်ဖက် ကြင်ကြင်နာနာ
လာလှဲ့ဆွဲယူ ညို့ယူအနမ်း
မိုးစမ်းပန်းမျှ ဖွဲဖွဲသဲလို့
ရွာသွန်းစွေစ လွတ်ကာတိမ်းမူး
ရစ်ယူနှောင်ဖွဲ့ သိမ့်သိမ့်ဝေဆင်း
မျက်တောင်စင်းသို့ ဖမ်းစားသူယောင်
ပြုစားပါလည်း
လွင့်ပါးထွက်ခွာ မှုံဝါးကွယ်ပျောက်
ချိုမြိန်နုတ်ခမ်း ဝတ်ရည်လွှလွှ
လွမ်းတသသ မှန်းဆမိ၏

မောင်ဟာလေ
မြတ်နိုးလွမ်းဒဏ် တိုက်စားချုငင်
ကြမ္မာရဟတ် လေအဝှေ့တက်
ကြွေလင့်နွမ်းလျော် မွေ့ကာပွေလတ်
ရေပြင် ကမ်းပါ သွင်သွင်စီးခက်
တင်သည့် ကမ်းပါ နားသည့်ခိုရာ
ခြေရာမဲ့လို့ ပျောက်ဆုံးလမ်းသွယ်
တည်ရာနှောင်ကြိုး
ထုံးသည့်နှလုံး နေဆဲခိုက်ဝယ်
တွန်းထိုးလှိုင်းခတ် ပင့်ယူခြွေဖျက်
ကြွေမွပျက်သုံး ရော်ရီတိမ်းပါး
သစ်ရွက်ခြောက်ကလေးပါ။

အနန္တမေတ္တာဖြင့်
ဘကောင်း

No comments:

Post a Comment