အဖေ အလုပ်မသွားသော စနေ၊ တနင်္ဂနွေနေ့မျိုးတွင် ခိုတောင်မုန့်တီကို ထမင်းနှင့် နယ်ကာ နေ့လည်စာ အဖြစ်စားကြသည်။ နေ့လည်ခင်းတွင် ခိုတောင်သည်တို့ လာကြသည်။ အဖေ အကြိုက်ဆုံးက ဦတာရဲဈေးထဲတွင် စခန်းချသော ဒေါ်ရွှေကြီး၏ ခိုတောင်မုန့်တီဖြစ်သည်။ “သူ့ ခိုတောင်မုန့်တီက ငံပြာရည် အခရာကွ” ဟု အဖေ မကြာခဏ ချီးမွမ်းခန်း ဖွင့်သည်။ အဘွားက အစပ်မစားနိုင်သောကြောင့် ဆီနီ မထည့်။ ဆီဝါနှင့်သာ သုပ်သော ခိုတောင်မုန့်တီ နှစ်ကျပ်ဖိုးကို အဖေအပါအဝင် တစ်မိသားစုလုံး စားနိုင်ရန် ဇလုံထဲတွင် ထမင်းနှင့်ရောနှယ်ကာ ခွဲဝေစားကြရသည်မှာ ကြည်နူးစရာပင်။ မှတ်မှတ်ရရ ထိုစဉ်က ဇလုံဝါသည် ဆိုရှယ်လစ်ခေတ် သမဝါယမက ထုတ်ပေးသော ပြည်တွင်းဖြစ် ဇလုံဖြစ်သည်။ အပေါ်ယံဆေးသားများ ကွာသည့် အခါ အောက်က သံများ ပေါ်နေတတ်သည်။
ခိုတောင်ရွာမှ မန္တလေး မြို့ပေါ်သို့ တက်ကာ ရောင်းကြသော မုန့်တီကို ခိုတောင်မုန့်တီဟု ခေါ်ကြသည်။ အသားမပါ။ ပဲမုန့်၊ ဆီနီ၊ ဆီဝါ၊ ကြက်သွန်ကျော်၊ ငံပြာရည်၊ အချိုမှုန့်၊ မှုန့်ကြွပ်ကျော်လေးဖြင့်သာ သုပ်သော မုန့်တီသည်များကို နေ့လည် နေ့ခင်းအချိန် မကျည်းပင်အောက်၊ ကုက္ကိုလ်ပင်အောက် စသည့် အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများ အောက်တွင် တွေ့ရတတ်သည်။ ပိန်းရိုး၊ ကြာစွယ်တို့ဖြင့် ပြုတ်ထားသော ဟင်းချိုရည်ကို မြေအိုးထဲတွင်ထည့်ကာ အမြဲပူနွေးနေစေရန် အဝတ်ဖြင့် လုံအောင်ပတ်လျက် သူရို့၏ ခေါင်းရွက်ဗန်းထဲတွင် အတူတပါတည်း ယူလာကြသည်။
ကျွန်တော်တို့ ရပ်ကွက်၏ နေ့လည် နေ့ခင်း အချိန်တွင် စားစရာသည်များ စုံလင်လှသည်။ ဈေးသည်တို့၏ အော်ဟစ်ရောင်းချသံများကို သူ့အချိန်နှင့်သူ ကြားရတတ်သည်။ စားချင်သည့်အစားအစာ အာသီသပေါ်လာပါက သူ့အချိန်နှင့်သူ စောင့်နေပါလျှင် ဗန်းရွက်ဈေးသည်များ၊ တွန်းလှည်းနှင့် ဈေးသည်များ အား ဖမ်းမိနိုင်ပါသည်။
“သာကူယို၊ နွားနို့ ထမင်း”ဟူသော အသံသည် ၁၂-နာရီခွဲနှင့် နာပြန်တစ်ချက်တီး အကြားတွင် ပေါ်လာတတ်သည်။ ထိုဈေးသည် မိန်းမသည် “သာ” ဆိုသည့် အသံကို ခပ်အစ်အစ် အသံဖြင့် အော်ကာ “ယို” နှင့် “မင်း” ဆိုသည့် အသံကို တော်တော်ကြီး ဆွဲပြီး အော်လေ့ရှိသည်။ ထို့ ကြောင့် ဤအသံနှင့် ဆိုလျှင် သည်မိန်းမ၊ အခြားအသံနှင့် ဆိုလျှင် အခြား မိန်းမဟု အိမ်ထဲမှနေ၍ အလွယ်တကူ ခွဲခြားလို့ ရသည်။
နေ့လည် နှစ်ချက်တီးချိန်တွင် ရေခဲချောင်းသည်လူကြီးတစ်ဦး စက်ဘီးနောက်တွင် ရေခဲပုံးတင်ကာ ခေါင်းလောင်းသံ တင်..တင်..တင်..မြည်စေလျက် အိမ်ရှေ့လမ်းမကြီးမှ ဖြတ်သွားသည်။ ခေါင်းလောင်းသံ၊ ရေခဲချောင်းတင်သည့် စက်ဘီး၊ အမြဲနေလောင်ထားသည့် မွဲပြာရောင် အသားရေ၊ ခန္ဓာကိုယ် ပိန်ပိန် ပါးပါးနှင့် အနားများ ဖွာနေသော မြက်ဦးထုပ်ကို ဆောင်းထားတတ်သည့် ထိုရေခဲချောင်းသည် ဦးလေးကြီးသည် အမြဲဒွန်တွဲနေတတ်သော ပုံရိပ်များဖြစ်သည်။သူသည် သူ့ရေခဲချောင်းကို အော်ဟစ် ရောင်းချခြင်းမရှိ။ သူ့ခေါင်းလောင်းသံ လွင်လွင်ကလေးကသာ သူ့ကို ကိုယ်စားပြုထားသည်။
ထိုရေခဲချောင်းသည်ကြီးနှင့် မရှေးမနှောင်းတွင် ပြောင်ဖူးပြုတ်သည် အဖိုးကြီးတစ်ဦး ပေါ်လာသည်။ သူ၏ အသံကို ခုနစ်အိမ်ကျော်၊ ရှစ်အိမ်နီးပါးဆီမှ စတင်ကြားရတတ်သည်။
“ရှမ်းပြောင်းဆို စီးစီးလေး…ငချိတ်” ဟု နားခေါင်းသံကို တမင် လုပ်ယူကာ မြင့်မားသော အသံနှုန်းဖြင့် တစ်မိနစ်ခြား တစ်ခါအော်လေသည်။”ရှမ်းပြောင်းဆို စီးစီးလေး…”ဆိုသည့် စကားစုကို တဆက်တည်း တောက်လျှောက်အော်လျက် “ငချိတ်” ကို ပြုတ်ကျသွားကာ တုံးတိဖြတ်ချလိုက်သော ပုံစံဖြင့် အဆုံးသပ်သည်။ သူသည် သုံးဘီးတပ် လက်တွန်းလှည်းကလေးဖြင့် ပြောင်းဖူးပြုတ်ရောင်သည်။ သူ့မျက်နှာသည် အငြိမ့်ထဲမှ လူပျက်တစ်ယောက်လို မကြာခင် ဟာသပျက်လုံးများ လုပ်တော့မည် မယောင်။ သူသည် အမြဲတမ်း ပြုံးနေလေ့ရှိသည့် မျက်နှာကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်သည်။
“မှောင်..မှောင်..မှောင်” ဆိုသည့်မောင်းသံလေးနှင့် အတူ သီးစုံ အချဉ်ပေါင်းရောင်းသည့် လက်တွန်းလှည်းကလေးများလည်း ထိုအချိန်မျိုးတွင် ပေါ် လာတတ်သည်။ဂွေးသီး၊ သရက်သီး၊ ဇီးဖြူသီး၊ မက်မန်းသီး၊စောင်းလျှားသီး၊ စသည့် အသီးတို့ကို သဂျက်ဆီ(သကြားအဆီ သို့မဟုတ် ဆေးသကြား) ဖြင့်နယ်ထားသည်။ ပလတ်စတစ်အိတ် သေးသေးလေးတွင် ထည့်ကာ ငပိကြော် ငရုတ်သီးမှုန့်ကြော်တို့ဖြင့် အပေါ်မှ ဖြူးကာ စားကြရသည်။ ထိုစဉ်က ချဉ်ပေါင်းတစ်ထုပ်ကို တစ်မတ်။ အချဉ်ပေါင်းသည်များသည် လူငယ်ယောင်္ကျားများသာ ဖြစ်ကြသည်။
မန္တလေး၏ နေ့လည်ခင်း အချိန်သည် တစ်ဆယ်နှစ်ရာသီပတ်လုံး ပူပြင်းနေတတ်သည်။ နွေရာသီတွင်ကာ အထူးပြောစရာ မရှိပြီ။ အိမ်ရှေ့ လမ်းတဖက်မှ ကုက္ကိုလ်ပင်ကြီးသည် လမ်းမကြီးကို မိုးကာ အရိပ်ပေးထားသည်။ ဖြတ်သန်းသွားလာသူတို့ ကုက္ကိုလ်ပင်ရိပ်အောက်တွင် နားခို အမောဖြေကြရသည်။ ခရီးဝေး လျှောက်လမ်းသည့် ဈေးသည်တို့ ခရီးတစ်ထောက်နားခိုရာလည်း ဖြစ်သည်။ ခိုတောင်မုန့်တီသည်တို့လည်း နားခိုတတ်သည်။
ထိုကုက္ကိုလ်ပင်ကြီးကို အမှီပြုကာ အသက်မွေးဝမ်းကြောင်းပြုကြသူများ အထဲတွင် ရပ်ကွက်တကာလှည့်ကာ သစ်ပင်ကြီးများမှ ချိတ်များကို ခွာယူသူများလည်း ပါဝင်ကြသည်။ ကုက္ကိုလ်ပင်ကြီးသည် သက်တန်းကြီးရင့်လာသည်နှင့် အမျှ ချိတ်များ စွဲလာသည်။ ချိတ်များကို ပြန်လည် ရောင်းစားပါက ပိုက်ဆံရသည်။ ထိုသည်အတွက် သူရို့သည် ကုက္ကိုလ်ပင်မှ ချိတ်စွဲနေသည့် သစ်ကိုင်း သစ်ခက်များကို မကြာခဏဆိုသလို ချိုးချယူကြသည်။ ပိုးစွဲသလို စွဲနေသော အနီရင့်ရောင်စေးပျစ်ပျစ် ချိတ်အဖတ်များကို ခွာယူကြသည်။ ထိုချိတ်ခွာသမားများ ကုက္ကိုလ်ပင်ကြီးပေါ်တက် အလုပ်များရှုပ်ကြသည့် အခါများတွင် ဥသြငှက်တို့ ဝေးရာသို့ ရှောင်ပြေးကြရသည်။ ထိုကဲ့သို့ နေ့ခင်းမျိုးတွင် ဥသြတို့၏ ဆွတ်ပျံဖွယ် တွန်းကျုးသံကို မကြားရတော့ပြီ။ သစ်ခက် ချိုးသံ တဖြောင်းဖြောင်း အသံများသာ ကြားရသည်။ ချိတ်ခွာသမားများ ပြန်တော့ ကုက္ကိုလ်ပင်၏ အေးမြသောအရိပ်များ ပြောက်ကွယ်ပြီး ပိုမို ပူပြင်းသော နေရောင်နှင့် ကိုင်းခက် အကျိုးအပြတ်များသာ အပင်ခြေရင်းတွင် ကျန်ရစ်ခဲ့သည်။
ထိုပူပြင်းသော မန္တလေး၏ နေရောင်ကို အံတုလျက် ဝမ်းစာအတွက် တိတ်ဆိတ်စွာ သွားလာနေသော လူတစ်ဦး ရှိနေပါသေးသည်။ သူသည် မြင့်မြတ်သော ဗြဟ္မာမျိုးနွယ်ဝင် ပုဏ္ဏားတစ်ဦးလည်းဖြစ်သည်။ သူသည် သန့်ရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်လျက် လက်ကိုင်ရိုးအကောက် ထီးမဲကို လက်မောင်းတွင် ချိတ်ကာ ရပ်ကွက်တကာ လှည့်လည် ဗေဒင်ဟောလေ့ရှိသည်။ သူစီးထားသော ရာဘာဖိနပ်တို့သည် လမ်းလျှောက်ရဖန် များသောကြောင့် ပါးလျှပ်နေသည့်တိုင်အောင် သူ့အတွက် အသုံးတည့်နေတုန်းပင်။ သူ့အတွက် စနေနံ ဖိနပ်အသစ် ဘယ်တော့များမှ ဝင်ပါမည်နည်းဟု သူကိုယ်တိုင် တွက်ဆမိပါရဲ့လား လို့ တွေးမိခဲ့တယ်။ အဘွားကတော့ ထိုဗေဒင်ဆရာ ပုဏ္ဏားနှင့် ဗေဒင်ပညာ အကြောင်း ဆွေးနွေးလေ့ ရှိတယ်။ ကျွန်တော်က အဘွားနှင့် ကပ်လျက် မဟာဘုတ်တိုင် ထူးနည်းကို လေ့လာသည်။
ထို့နောက် “အုန်းပေါင်း ငှက်ပျော်သီးကြော်” နှင့် “ခေါ်ပဲပေါင်း အကြော်” ဆိုသည့် အသံတို့သည် နေ့လည် သုံးနာရီ ထိုးမှ ပေါ်လာတတ်သည်။ ခေါ်ပဲပေါင်းဆိုသည်မှာ ကောက်ညင်းကို ပဲစဉ်းငုံနှင့် ပေါင်းထားသည်ကို ခေါ်သည်။ ပဲနှင့်ရောကာ ပေါင်းသည့်အတွက် ကောက်ညင်းသည် ပဲ၏အညိုရောင် သမ်းသွားသည်။ ခေါ်ပဲပေါင်းအပေါ် ဆီဆမ်း၊နှမ်းဖြူကာ အကြော်နှင့် စားကြရသည်။ အများအားဖြင့် ဘရာကြော်(မတ်ပဲကြော်)၊ ကုလားဘရာကြော်၊ ပဲစဥကြော်၊ မြင်းခွာရွက်ကြော်တို့ ဖြစ်သည်။ တချို့ ဈေးသည်တို့က ငါးအရေခွံကြော်တို့ပါ တွဲရောင်းတတ်သည်။ ကောက်ညင်းပေါင်းကို အုန်းသီးဖြူးကာ ဖီးကြမ်းငှက်ပျော်သီးကြော်နှင့်လည်း စားတတ်ကြသည်။ ထိုကဲ့သို့ နေ့လည်အစာပြေ စားတတ်ကြသည်မှာ ကျွန်တော်တို့ မန္တလေးရပ်ကွက်၏ ဓလေ့ ထုံးစံဖြစ်သည်။
နေ့လည်နေ့ခင်း နေမင်း ၏ အပူပြင်းဆုံး အချိန်တို့တွင် ကျွန်တော်တို့ ရပ်ကွက်သည် ခပ်ငြိမ်ငြိမ် ခပ်ဆိတ်ဆိတ် သာ ရှိသည်။ အိမ်ရှေ့က လမ်းမကြီးသည်လည်း ပူပြင်းသော နေရောင်အောက်တွင် ပျင်းရိစွာ လှဲလျောင်းနေလေ့ရှိသည်။ အရာရာသည် လေးလံ ဖင့်တွဲလျက် ရှိသည်ဟူ ထင်ရသည်။ ရံဖန် ရံခါ ကြိုကြား ကြိုကြား ပေါ်လာတတ်သော ပလပ်စတစ်ကောက်သည့် ကောင်းလေးများကြောင့် ခွေဟောင်သံများ ကြားရသည်။ ထိုအခါ အိပ်မောကျနေသော ကျွန်တော်တို့ ရပ်ကွက်ကို လန့်နိူးလိုက်သလို တခဏတာမျှ အင်း.အဲ.နှင့် လှုပ်ရှားသွားသည်။ ဟိုအိမ် ဒီအိမ်မှ ခေါင်းထောင်ကြည့်ကြသည်။ ထို့နောက် ပြန်လည် အိပ်မောကျသွားသကဲ့သို့ တိတ်ဆိတ်သွားတတ်ပြန်သည်။
တဖြည်းဖြည်းနှင့် ညနေ နေစောင်းလို့ အပူရှိန် သက်သာစ လေးနာရီ ခန့်တွင် အိမ်တွင်းမှ သက်ကြီးပိုင်းများ ဟိုမှ ဒီမှ အပြင်ထွက်ကာ အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်လျက် ညနေခင်း၏ အေးမြသည့် ရှု့ခင်းကို ခံစားကြသည်။ကျောင်းဖွင့် ချိန် ဆိုလျှင် သည်အချိန်မျိုးသည် ကျောင်းဆင်းချိန် ဖြစ်သည့် အားလျော်စွာ လမ်းမပေါ်တွင် အထက်တန်း ကျောင်းသူ ကျောင်းသားများ၊ မူလတန်း ကျောင်းသားလေးများ ဥဒဟို ပျားပန်းခတ်မျှ လှုပ်ရှား သွားလာကြသည်။ နေမင်းသည်လည်း အနောက်ဖက် ယွန်းယွန်းဆီသို့ အိကာ ကျနေတတ်သည်။ နေ့ခင်းက ခြောက်ခြောက်သွေ့သွေ့ နှင့် အိပ်မောကျခဲ့သည့်လမ်းမသည်လည်း ဆူဆူညံညံအသံများဖြင့် ပြန်လည် နိုးထလာသည်။
ထို့နောက် မုန့်လုံးကြီး ဆီစိမ်သည် သည် အိမ်ရှေ့လမ်းမပေါ်မှ ဖြတ်သွားတော့သည်။ ထိုဗန်းရွက်ဈေးသည်သည် တစ်ခေါ်ခန့် အကွာမှနေ ၍ “မုန့်လုံးကြီး ဆီစိမ်” ဟု အသံ ခပ်မှန်မှန်နှင့် တစ်ခါသာ အော်သည်။ ထိုတစ်ခါတည်းအော်သည့် အသံ မကြားလိုက်ပါက ထိုနေ့အဖို့ မုန်းလုံးကြီး ဆီစိမ်ဝယ်စားဖို့ မဖြစ်နိုင်တော့။ ကျွန်တော် ငယ်ငယ်က မုန်းလုံးကြီး ဆီစိမ် စားချင်သည့် အခါတွင် ဈေးသည်မိန်းမကို လေးနာရီနှင့် ငါးနာရီ အကြားတွင် လည်ပင်း ရှည်ထွက်အောင် မျှော်ရသည်။ သို့ပေသည့် အဘွားက ဝယ်မကျွေးနိုင်သည်က များသည်။ ကောက်ညင်းပြား ပျော့ပျော့လေးကို ဆီစိမ်ထားကာ အုန်းသီကြော် ကြွပ်ကြွပ်လေး နှင့် သကြား ဖြူးထားသော မုန့်လုံးကြီး ဆီစိမ်ကို ထိုစဉ်က တစ်ခု ငန်းမူ(ငါးမူး) ပေးရသည်။
ညနေ နေဝင်ရီသရောအချိန်တွင် လေပုတ်ထုတ်ဆေးရောင်းသည့် အဖိုးကြီးနှင့် အဘွားကြီး လင်မယား အထမ်းကိုယ်စီနှင့် ရောက်လာသည်။ သူရို့သည် ကိုယ်ပိုင် ဗမာ့နည်း ဗမာ့ဟန်ဖြင့် ဖော်စပ်ထားသော အစာကြေလျက်ဆား၊ လောက်စာလုံးခန့် လေပုတ်ထုတ်ဆေးလုံး တို့ကို သတင်းစာ စက္ကူဖြင့် ထုပ်ကာ တစ်ထုပ်ကို တစ်မတ်ဖြင့် ရောင်းကြသည်။ ထိုစဉ်က စားလို့ရတာမှန်သမျှသည် ကျွန်တော့်အတွက် သရေစာပင်။
ထိုအချိန်တွင် ကုက္ကိုလ်ပင်အောက်မှ အကြော်ဆိုင်သည် ခင်ကျင်းပြင်ဆင်ပြီးကာ မီးဖိုက မီးခိုများ ပင် စတင် အူတက်လာပြီ။ ကျွန်တော်တို့ ရပ်ကွက်၏ ထုံစံအတိုင်း ဘရာကြော်(မတ်ပဲကြော်)၊ ကုလား ဗရာကြော်တို့သည် အဓိက အကြော်များ ဖြစ်ကြသည်။ ပြီးမှ တို့ဖူးကြော်၊ ငါးကလေးကြော်၊ ဘူးးသီးကြော်၊ မြင်းခွာရွက်ကြော် တို့ကို ကြားဖြတ် အလျင်းသင့်သလို တစ်ဒယ်စီခန့် ကြော်သည်။
ကျွန်တော်တို့ ညစာသည် အများအားဖြင့် အိမ်ရှေ့ အကြော်ဆိုင်မှ ဘူးသီးကြော်၊ ဘရာကြော်တို့ကို ဟင်းလုပ်စားကြသည်။ အိမ်ကို ဧည့်သည်လာလျင် ဘူးသီးကြော် ဝယ်ကြွေးကြသည်။ ငှက်ပျောသီး၊ သရက်သီးတို့နှင့် ထမင်းစားတတ်သော အဖေသည် တခါတရံ ငှက်ပျောသီးဖြင့် ညစာထမင်းစားသည်။ အဖေ အလုပ်ပြန်ချိန်သည် မိုးစုန်းစုန်းချုပ်လို့ မှောင်မှ အိမ်ပြန်ရောက်တတ်သည်။ ဝါတွင်းဆိုလျှင် ဓမ္မာရုံဆီမှ အော်လံ အသံစမ်းသံများ စတင် ကြားရတတ်သည်။ အိတ်တန်းတက်ရန် ငှက်တသိုက်တို့လည်း ကုက္ကိုလ်ပင်ကြီးဆီသို့ ကွန်းခိုလာကာ မအိပ်ခင် ငှက်သဘင်ကျင်းပနေကြသည့် အလား ဆူညံပွက်လောရိုက်လျက် ရှိသည်။ အဘွားသည် ပုတီးကို စိတ်လျက် အဖေ ပြန်လာချိန်ကို မျှော်ရရှာသည်။ အဘွားဆီမှ ပရိတ်ကြီး ဆယ်တစ်သုတ် တီးတိုးရွတ်ဆိုသံသည် အဖေအိမ်ပြန်ရောက်မှ ပိုမို တည်ငြိမ် ပီပြင်သွားလေ့ရှိသည်။ ထို့နောက်တွင် ကျွန်တော့်အတွက် ပုံပြင် နားထောင်ဖို့ အချိန်ရောက်လေသည်။
အဘွားပုံပြင် ပြောပြချိန်တွင် လရောင်သည် ရွန်းလဲ့နေတတ်သည်။ တခါတရံ ကြယ်ရောင်များ ပြိုးပြိုး ပြက်ပြက် လင်းလက်လျက် အဆုံးအစမဲ့ ကောင်ကင်ပြင်ကြီးကို ပြတင်းပေါက်မှ ငေးမောကြည့်ရင်း စာကျက်ဖို့ကို သတိမေ့နေတတ်သည်။ အတန်းကြီးလာတော့ စာကျက်ချိန်တွေလည်း ပိုလာတတ်သည်။ ညလေပြေလာတော့ ဇီးကွက်တို့ အသံစပေးလေသည်။ အိမ်နောက်ဖက် ခြံဆီမှ ညမွှေးပန်းရနံ့သည် လေအသုတ်တွင် ပါလာတတ်သည်။ ထိုညလေကြောင့်ပင် ဓမ္မာရုံမှ ဓမ္မစင်္ကြာ ရွတ်ဖတ်သံတို့သည် ဝေးလာလိုက် နီးသွားလိုက် ရှိတတ်၏။ တခါတရံ အိမ်နောက်ဖေးမှ ကြွက်စုတ်တို့ ရန်ဖြစ်သံများ ကြားရတတ်သည်။ အိမ်ရှေ့လမ်းမပေါ်တွင် အိမ်အပြန် မြင်းလှည်းများမှ မြင်းခွာသံ လေးလေးပင်ပင်များလည်း ရှိသည်။ နှစ်အိမ်ကျော်မှ ဆယ်တန်းကျောင်းသူ ကောင်မလေးတစ်ယောက် စာအကျယ်ကြီး ကျက်လျက်လည်းရှိတတ်သည်။
ညဉ့်နက်လာသည်နှင့် အမျှ ရပ်ကွက်ဓမ္မာရုံမှ ဓမ္မစင်္ကြာ ရွတ်ဖတ်သံသည် တိတ်ဆိတ်သွားခဲ့ပြီ။ညသည် တစ်စစနှင့် ပင်ပန်းနွမ်းနယ်လာကာ ဆိတ်ငြိမ်ခြင်းသို့ ဝတ်ဆင်း တွားသွားနေတော့သည်။ တစ်ဖြည်းဖြည်းနှင့် ပကတိ ငြိမ်သက်ခြင်းသို့ ရောက်လာသည်။ ရပ်ကွက်တစ်ခုလုံးသည် တိတ်ဆိတ်ခြင်း မက တိတ်ဆိတ်သွားသည်။ ကျွန်တော် စာကျက်ပြီးလို့ အိပ်ရာ ဝင်ခါနီးတော့ “ထာပနာထုပ် ပြန်ပေါင်းထုပ် ပူချိုမွှေး” ဆိုသည့် ဈေးသည် ကောင်းလေး၏ အသံကို တိတ်ဆိတ်ညထဲမှာ အဝေးကပင် သဲ့သဲ့ကြားရသည်။ အလွန်တိတ်ဆိတ်နေသော ည သန်းခေါင် ရောက်လု ရောက်ချိန် ကျွန်တော်တို့ အိမ်ရှေ့ရောက်သည် အခါ သူ့ အသံက စူးရှစွာ ထွက်ပေါ်တတ်သည်။ သူ့အသံအရ သူသည် လူကြီးသံ မပေါက်သေးသည်ကို သိသာသည်။ ကျွန်တော့်စိတ်ထဲတွင် သူ့အသံသည် တောင်းပန်းခယ ငိုးကြွေးသံတို့ ရောယှက်နေတတ်သည်ဟု ထင်သည်။ ဝမ်းစာအတွက် ပူနွေးသော ထာပနာထုပ်များကို ပုဆိုးထုပ်ထဲတွင်ထည့်ကာ ကျော်ပေါ်ထမ်းလျက် တစ်ညလုံး လှည့်လည် ရောင်းနေရမည်လား မသိ။ ကျောက်ဆစ်မီးသတ်က ထိုအချိန်ဆိုလျှင် တစ်ဆယ်နှစ်နာရီ သံချောင်း ခေါက်သည်။ မာရှယ်လောများ ထုတ်သည့် ခေတ်တွင် သူ့ကို သတိရမိသေးသည်။
ကျွန်တော်တို့ အိမ်ရှေ့ကလမ်းမကြီးအပေါ် ဘဝပေါင်း စုံလင်စွာ ဖြတ်သန်းသွားခဲ့ကြသည်။ နောင်တွင်လည်း ထိုကဲ့သို့ ဘဝတွေ နင်းလျှောက်သွားကြလိမ့်အုံးမည်။ ထိုလမ်းမ၏ ဘေးတစ်ဖက်တွင် အဖေသည် ယနေ့ အချိန်ထိ မနက်ခင်း၏ နွေးထွေးသည့် နေရောင်အောက်၌ နေ့စဉ် ဆွမ်းလောင်းနေမြဲပင်။ အမေကတော့ ဆွမ်းဟင်းများ ချက်ပြုတ်ကာ သားဖြစ်သူ နေကောင်းကျန်းမာစေရန် ဆုတောင်းပေးလျက်ရှိသည်။ လွမ်းတတ်သော အမေသည် ငိုရှိုက်သံနှင့် သားကို လွမ်းနေရကြောင်း အမြဲပြောရှာသည်။ ကျွန်တော်ကိုယ်တိုင်လည်း တဖန်ပြန်ပြီး အိမ်ရှေ့က လမ်းမကြီးအပေါ် လှုပ်ရှားနေသော ရင်ခုန်သံ စည်းချက်များနှင့်အတူ ခြေလှမ်းများ လှမ်းလျက် ကျွန်တော့် အမေ့အိမ်ကို ပြန်ချင်လှသည်။ ကျွန်တော့်ကို အမေ ပြုံး ၍ ကြိုဆိုနေမှာ အမှန်ပင်။ ထို့ပြင် အရင်ကလို တံခါးတိုင်များ နောက်ကွယ်တွင် တိတ်တဆိတ် ရပ်ကာ အိမ်ရှေ့မှ ဖြတ်သန်းသွားသမျှ လူတို့အကြောင်းကို ဘာသာပြန်ကြည့်ချင်သည်။ ကျွန်တော် ချစ်မြတ်နိုးသော၊ မြော်လင့်တကြီး စောင့်စားကာ ဝယ်စားရလေ့ရှိသော မုန့်သည်၊ ခေါင်းရွက်သည်များကို တစ်ယောက်ပြီး တစ်ယောက် ခေါ်ကာ စကားတွေပြော၊ မုန့်တွေ ဝယ်စားချင်လှပါပြီ။ ပြီးဆုံးသွားခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ နိဗ္မာန်ဘုံကို ပြန်လည် အသက်သွင်းပါရစေလား။
အနန္တမေတ္တာဖြင့်
ဘကောင်း