မောင်ဘကောင်း စာရေးရင် အကြောင်းအရာတွေက တစ်ခုနှင့် တစ်ခု အချိန်အတော်ကြာမှ ဆက်စပ်ယူရတယ်လို့ ပြောကြမှာပဲ။ပြောစရာ အရေးကလည်း ရှိနေပြီကိုး။ နဂိုအခံကလည်း ခေါင်းချရာ အိမ်ဖြစ်တဲ့ လူမျိုးဆိုတော့ အာရုံကလည်း လူနဲ့အတူ လွင့်လွင့်နဲ့ပါပဲ။
ဒီဟာကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ရေးခဲ့တာကို ဆက်ရေးလိုက်တာပါ။
-----------------------------------------------------------------------------------
Project Charter တွင် ပရောဂျက် အကြောင်းအရာ ကို အတိုချုပ် ဖော်ပြထားပြီး၊ ပရောဂျက်၏ ရည်ရွယ်ချက်၊ မည်သူက ပရောဂျက်ကြီးတစ်ခုလုံးကို ငွေကြေးအင်အားဖြင့် ကျောထောက်နောက်ခံပေးထားသနည်း။ တနည်အားဖြင့် ပရောဂျက် စပွန်စာ(Sponsor) ကဖြင့် ဘယ်သူ ဘယ်ဝါလို့ ဖေါ်ပြထားပါတယ်။
ထို့အပြင် ပရောဂျက် သည် မည်သည့်နေ့တွင် စပြီး၊ မည်သည့်နေတွင် အဆုံးသတ်ရမည်၊ ပရောဂျက်တွင် မည်သူတွေ ပါဝင်ပတ်သက်ကြမည်ကို ဖေါ်ပြထားရသည်။ ပရောဂျက်၏ ရည်ရွယ်ချက်သည် တိုးတောင်းရှင်းလင်းဖို့ လိုအပ်သည်။ ဝိဟာရကွဲ အဓိပ္ပာယ်နှစ်ခွထွက်နေသော ဖွင့်ဆိုချက်များ ရှောင်ရှားရပါသည်။
တချို့သော ပရောဂျက်များမအောင်မြင်ရသည်မှာ ရည်မှန်းချက်(Objective) ရှင်းလင်းမှုမရှိပဲ ရှိနေသောကြောင့်ဖြစ်သည်။
ပရောဂျက်တစ်ခုတွင် ပရောဂျက်မန်နေဂျာ ပါဝင်စွတ်ဖက်၍မရနိုင်သော ကိစ္စများ၊ ဘတ်ဂျက် အခက်အခဲပေါ်လာသည့် အခါ၊ ပရောဂျက်မန်နေဂျာကိုယ်တိုင် ဆုံးဖြတ်ချက်ချ၍ မရနိုင်တော့သည့် အခါတွင် PMO ကို အကြောင်းကြား တင်ပြရသည်။ PMO မှတဆင့် ပရောဂျက် စပွန်စာ ဆီသို့ တင်ပြရကာ၊ အကယ်၍ ပရောဂျက် စပွန်စာက ငွေကြေးထောက်ပံ့ပေးမှုရပ်ဆိုင်းပါက ပရောဂျက်တစ်ခုလုံး ရပ်ဆိုင်းသည်ပင်။
ပရောဂျက်တွင် မည်သူတွေက ပါဝင်ပတ်သက်မည်ကို ခြုံငုံစွာ သိထားဖို့လိုအပ်သည်။ မည်သူကဖြင့် ပရောဂျက်ကို ဘယ်လောက် အတိုင်းအတာထိ လွှမ်းမိုးမည်နည်း။ ထိုလွှမ်းမိုးနိုင်မည့်သူများအား ပရောဂျက် စတင်ချိန်၊ အစီအစဉ်ရေးဆွဲချိန်တွင် ပါဝင် နားလည်ထားဖို့လိုအပ်သည်။
ထိုကဲ့သို့ အစပိုင်း အချိန်များတွင် ပရောဂျက်အပေါ် လွမ်းမိုးသည့် ပမာဏ များမည်။ ပြုပြင်တာတွေ၊ ပြောင်းလဲတာတွေများ မည်။ သို့ရာတွင် ပရောဂျက်သည် အချိန်နှင့် တကွ တိုးတက် လာသည်နှင့်အမျှ ထိုလွမ်းမိုးမှု ပမာဏ နည်းသွားဖို့ လိုအပ်သည်။ ပရောဂျက် ပြီးဆုံးခါအနီးထိ ပြင်ဆင်တာတွေ၊ ပြောင်းလဲတာတွေ လွှမ်းမိုးမှု ရှိနေသေးလျှင် ရေးဆွဲထားသည့် ပရောဂျက် အစီအစဉ် ကို ထိခိုက်ပေလိမ့်မည်။
Preliminary Project Scope Statement ကို ရေးသားပြင်ဆင်သည်တွင် ပရောဂျက်တွင် မည်သည်တို့ကို ပြီးမြောက်အောင်လုပ်ရမည်၊ မည်သည့် အတိုင်းအတာထိအောင် သိုတည်းမဟုတ် မည်သည့်အတိုင်းအတာထိသာ ပြီးမြောက်အောင် လုပ်ဆောင်ရမည်၊ မည်သည့် နည်းလမ်း ဆုံးဖြတ်ချက်က ပရောဂျက်အောင်မြင်စွာ ပြီးမြောက်ကြောင်း ဆုံးဖြတ်မည် တို့ကို အကြမ်းဖျင်း ထည့်သွင်းရေးသားရပါသည်။
ပရောဂျက်တစ်ခုကို ဘယ်လိုနည်းလမ်း နိဿယျများဖြင့် ချဉ်းကပ်ကာ အဘယ်ကဲ့သို့ ပြုမူလုပ်ဆောင်မည်နည်းဟု ရှင်းလင်းပြတ်သားသော သတ်မှတ်ချက်ရှိရပါသည်။ စာရေးသူလုပ်ခဲ့သော ပရောဂျက်တစ်ခု၏ လုပ်ဆောင်ပုံနည်းလမ်း သတ်မှတ်ချက်ကို ဥပမာပေးရလျင်

၂။ အစီအစဉ် များ ပြုလုပ်ခြင်း၊ ရေးဆွဲခြင်း (Planning)
ပရောဂျက် အစပျိုးခြင်း စတင်ပြီးသည်နှင့် အစီအစဉ်များပြုလုပ်ရေးဆွဲခြင်း Planning အဆင့်သို့ ကူပြောင်း ရောက်ရှိပါသည်။ ထိုအဆင့်တွင် လုပ်ဆောင်ရမည့်အရာသည် ပရောဂျက် စီမံခန့်ခွဲခြင်း အစီအစဉ် ရေးဆွဲခြင်း(Develop Project Management Plan) ဖြစ်သည်။
အစီအစဉ်များ ပြုလုပ် ရေဆွဲခြင်းသည် ပရောဂျက်တစ်ခုလုံးအတွက် အခရာဖြစ်သလို့၊ အစီအစဉ်များ ပြုလုပ်ရေးဆွဲချိန်သည် အခြားသောလုပ်ဆောင်ချက်များထက် ပိုမိုပြီး အချိန်ယူရပါသည်။ ထိုသို့ အစီအစဉ်များ ရေးဆွဲနိုင်ရန် အတွက် အစပျိုးခြင်းအဆင့်တွင် ရရှိခဲ့သော Project Charter, Preliminary Project Scope Statement, Methodology များကို အသုံးပြုရပါသည်။
မည်သည်များကို အစီအစဉ်ပြု ရေးှဆွဲ ရပါမည်နည်း။
၁။ ပရောဂျက် အတိုင်းအဆပမာဏအား စီမံခန့်ခွဲရန် (Scope Planning)
၂။ ပရောဂျက် အချိန်ဇယားရေးှဆွဲရန် (Schedule Development)
၃။ ကုန်ကျမည့် စရိတ် ငွေကြေး ပမာဏအား စီမံခန့်ခွဲ တွက်ချက်ရန် (Cost Estimating and Budgeting)
၄။ အရည်အသွေးကောင်းမွန်သော အောင်မြင်မှုရရှိစေရန် (Quality Planning)
၅။ လူများကို စီမံခန့်ခွဲခြင်း (Human Resource Planning)
၆။ ဆက်သွယ်ရေး လမ်းကြောင်းများကို စီမံခန့်ခွဲခြင်း (Communication Planning)
၇။ ဖြစ်နိုင်ခြေ ရှိသော၊ နောင်ဖြစ်လာနိုင်သော အနှောက် အယှက်၊ အဖျက်အဆီး များအား တင်ကြိုခန့်မှန်း စီမံခန့်ခွဲမှု (Risk Management Planning)
၈။ ပြင်ပမှ လိုအပ်သော သဘောတူညီချက်များ၊ အကူအညီများ၊ စီပွားရေးဆိုင်ရာ အဆက်အသွယ် များကို စီမံခန့်ခွဲမှု (Plan Purchases and Acquisition)
များကို ပြုလုပ်ရပါမည်။
အထက်ပါ ပြုလုပ်ရမည့် အချက်အလက်များကို သုံးသတ်ခြင်းအားဖြင့် အစီအစဉ် များ ပြုလုပ်ခြင်း၊ ရေးဆွဲခြင်း အဆင့် ပရောဂျက်နည်းဗျုဟာများကို အားလုံး ပါဝင် အသုံးချရန် လိုအပ်သည်ကို တွေ့ရှိရပါသည်။
Project Management Plan သည် Project တစ်ခုလုံး မပြီးမချင်း လုပ်ဆောင်နေသည့် ကာလအတွင်း အမြဲတမ်း အသုံးချနေရမည့် အစီအစဉ်များ ဖြစ်ပါသည်။
လုပ်ဆောင်ရမည့် အစီအစဉ်ကောင်းမှသာလျင် လုပ်ဆောင်ရမည့် အရာများ အံဝင်ခွင်ကျ သူ့နေရာ၊ သူ့အချိန်ကိုက်နှင့် ကွင်းဆက်များကဲ့သို့ အစီအစဉ်အတိုင်း အလိုက်သင့် လုပ်ဆောင်သွားရုံပင် ဖြစ်သည်။ အစီအစဉ်ညံ့လျင် နောက်ပိုင်မနိုင်သော ပြဇတ်တစ်ပုဒ် ကရလို့ လမ်းခုလပ်အလည်၌ တောင်မင်းမကယ်နိုင်၊ မြောက်မင်းမကယ်နိုင် ဖြစ်ချေလိမ့်မည်။
ပရောဂျက်၏ အတိုင်းအဆ ပမာဏကို သေးငယ်သော အတိုင်းအဆ လုပ်ငန်းငယ်လေးများ အဖြစ်သို့ ခွဲခြမ်း စိပ်ဖြာပစ်လိုက်ပါ။ဤသည်ကို Break down structure ဟု ခေါ်ပါသည်။ ဥပမာ ဟင်းတပွဲချက်မည် ဆိုပါက လိုက်အပ်သည့် ကြက်သွန်ခွာရမည့် အလုပ်၊ ခရမ်းချဉ်သီး လှီးရမည့် အလုပ်၊ ဆား၊ အချိုမှုန့် လိုအပ်သည်များကို အပိုင်းလိုက် ခွဲခြမ်းပစ်ကာ အလုပ်များကို ခွဲဝေ လုပ်ဆောင်ရပါမည်။ ကြက်သွန်ဖြူ ခွာသည့် အလုပ်နှင့် ဆီအပူပေးသည့် အလုပ် အဆင်သင့်ဖြစ်ပါက ကြက်သွန်ဖြူ ဆီသပ်သည့် အလုပ်ကို ဆက်လက် လုပ်ဆောင်ရန် အဆင်သင့် ဖြစ်ပါလိမ့်မည်။ ထိုမှတဆင် ဆနွင်းမှုန့် ထည့်လျင် ဆီဝါ ရကာ၊ အရောင်တင်မှုန့်ထည့်လျင် ဆီနီရပါသည်။
လိုအပ်သည်ကိုသာ လုပ်ပါ။ မလိုအပ်သည်ကို လုပ်ပါက အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းပါသည်။ ပရော့ဂျက်တိုင်းတွင် အချိန်၊ ငွေ နှင့် လုပ်အား တို့သည် လိုက်လျောညီထွေ ချိန်ဆ အကျိုးသက်ရောက်နေလေ့ရှိသည်။
အချိန်တိုတိုနှင့် အလုပ်ပြီးမြောက်လိုလျင် လုပ်အားများများ ထည့်ရမည်။ ထိုအခါ ငွေအင်အား ပိုသုံးရပြီး လုပ်အားများများကို ငှားရမ် အသုံးချရတော့မည်။ ထို့ကြောင့် အချိန်၊ ငွေ၊ လုပ်အား တစ်ခုခု အပြောင်းအလဲဖြစ်ပါက ကျန်သည့် အရာနှစ်ခုကို လိုက်လျောညီထွေစွာ ချိန်ဆ အကျိုးသက်ရောက်ပေးရပါမည်။
သေးငယ်သော လုပ်ငန်း အစိတ်အပိုင်းလေးများ အဖြစ်သို့ ခွဲခြမ်းပြီးသည်နှင့် ထိုလုပ်ငန်းအသီးသီးအား ပြီးမြောက် အောင်မြင်အောင် အချိန်မည်မျှ ပေးရပါမည်နည်း။ဤအတွက် လိုအပ်သည့် အချိန်ပမာဏကို မည်သူက ဆုံးဖြတ် သတ်မှတ်ပေးရသနည်း။
ယခင် မူလက လုပ်ဆောင်ခဲ့ဘူးသော ဆင်တူရိုးမှား ပရောဂျက် နမူနာများ ရှိပါက ထိုစဉ်က လုပ်ဆောင်ခဲ့ဖူးသော မှတ်တမ်း မှတ်ရာများသည် အသုံးဝင်ပါလိမ့်မည်။ သို့ရာတွင် အသုံးချဖွယ် မှတ်တမ်း မှတ်ရာများ မရှိသောအခါ ပရောဂျက် မန်နေဂျာက တင်းကျပ်သော အချိန်အနည်းငယ်မျှဖြင့် အဖွဲ့ဝင်များကို အလုပ်ခိုင်းပါက လက်အောက်ငယ်သားများ မကျေမနပ်ဖြစ်ကျလိမ့်မည်။ မတရားသော အုပ်ချုပ်မှု ချဉ်းကပ်ပုံဖြစ်သည်။ ထို့အတူ လက်အောက်ငယ်သားများက ပြောသမျှ အလုပ်အချိန်အတိုင်း ခေါင်းငြိမ့်ကာ အစီအစဉ်ရေးစွဲပါလျှင်လည်း ပရောဂျက် မန်နေဂျာသည် အချိန်ကို မခန့်ခွဲတတ်။ ပရောဂျက်တွင် မလိုအပ်ပဲ အချိန်များ ကုန်ဆုံးသွားနိုင်သည်။ အချိန်များ ပိုကုန်ခြင်းသည် ပရောဂျက်အတွက် ပိုက်ဆံများ ပိုကုန်ခြင်း မည်လေသည်။
အချိန်ကို စီမံခန့်ခွဲရန် ချဉ်းကပ်ရမည့် ဖေါ်မျူလာများ၊ နည်းများ ရှိပါသည်။ အရိုးရှင်းဆုံးကို ပြောရလျှင် သင့် နေအိမ်မှ လေဆိပ်သို့ အမှီ သွားရန် ဘယ်နှစ်နာရီကြာမည်ကို တွက်ချက်ကြည့်ပါ။ တက်စီငှားမည်၊ ကံကောင်းလျှင် ချက်ချင်းရမည်။ လမ်းတွင် ကားမကြပ်၊ မီးပွိုင့်မမိပဲ တောက်ရှောက် အဆင်ပြေ ချောမွေ့စွာ ရောက်သည် ဆိုကြပါစို့။ ဥပမာ နာရီဝက်ကြာမည် ပေါ့။
အကယ်၍ ထိုကဲ့သို့ ဖြစ်မလာပဲ လမ်းတွင် ကားကြပ်မည်၊ မီးပွိုင်မိမည် (ဤ နေရာတွင် Risk factors များကို ခဏ ဘေးချိတ်) ဆိုပါက အလွန်ဆုံး တစ်နာရီ ကြာမည်ပေါ့။ ပရောဂျက် မန်နေဂျာ တစ်ယောက်အနေဖြင့် အကြမ်းဖျင်း ယေဘူယျ အနိမ့်ဆုံး နှင့် အမြင့်ဆုံး ကြာချိန်ကို ပေါင်းကာ ၂-ဖြင့် စားခြင်းဖြင့် ပမာဏ အချိန်တန်ဖိုးကို သတ်မှတ်နိုင်သည်။ ထို့ကြောင့် အိမ်မှ ၄၅-မိနစ် စောထွက်လျင် လေဆိပ်သို့ အမှီရောက်အောင် သွားနိုင်သည်ဟု ယူဆနိုင်ပေသည်။
၃။ပြုမူ လုပ်ဆောင်ခြင်း (Executing)
ပရောဂျက်တစ်ခုအတွက် အစီအစဉ်များ ရေးဆွဲပြီးသည်နှင့် ထိုအစီအစဉ်အတိုင် ပြုမူ လုပ်ဆောင်ရန် လိုအပ်ပါသည်။ တနည်းအားဖြင့် အလုပ်သမားများ စတင် အလုပ်လုပ်ကြရသည်။ စက်ပစ္စည်းများလည်း စတင်လည်ပတ် မောင်းနှင်သည်။ ထိုသို့ ပြုမူလုပ်ဆောင်နေစဉ် ကာလအတောအတွင်း အသုံးချရမည့် နည်းဗျုဟာများသည် အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ Project Charter မှ သတ်မှတ်ပေးထားသော Methodology အား အသုံးချခြင်း
၂။ ပြုမူလုပ်ဆောင်နေစဉ် ရရှိလာမည့် အရည်အသွေးအား စမ်းသပ် စစ်ဆေးခြင်း (Quality Planning)
၃။ ပြုမူလုပ်ဆောင်မူ အဆင့်တွင် လုပ်ဆောင်ရမည့် လူများအား စီမံခန့်ခွဲခြင်း (Human Resource Planning)
၄။ ဆက်သွယ်ရေး လမ်းကြောင်းများအား စီမံခန့်ခွဲခြင်း (Communication Planning)
၅။ ပြင်ပမှ လိုအပ်သော သဘောတူညီချက်များ၊ အကူအညီများ၊ စီပွားရေးဆိုင်ရာ အဆက်အသွယ် များကို စီမံခန့်ခွဲမှု (Procurement Management)
ဤ အဆင့်တွင် အသုံးချရမည့် နည်းဗျုဟာ ၅-ခု မျှ ရှိပါသည်။
ဤ အပိုင်းတွင် ပရောဂျက် မန်နေဂျာ တစ်ယောက်အတွက် နည်းနည်းပါးပါး အသက်ရှု အနားရချိန်လည်း ဖြစ်သည်။ သို့ရာတွင် စဉ်ဆက်မပြတ် ပရောဂျက်အတွင်း ပါဝင်သူများနှင့် ဆက်သွယ်နေရကာ လူအများအား စီမံခွဲနေရပေလိမ့်မည်။
အလုပ်မလုပ်ချင်သူကို လုပ်ချင်လာအောင်၊ မတတ်သူများကို တတ်ကျွမ်းလာအောင်၊ အလုပ်လုပ်နေသူများကို ရှေ့အနာဂတ် အတွက် မျှော်လင့်ချက်များ ထားရှိလာနိုင်ရန် အမြဲတမ်း တွန်းပို့ ပံ့ပိုးပေးနေရလိမ့်မည်။
ထို့နောက် သူတို့ လုပ်ငန်းခွင်မှ ထွက်လာသော အလုပ်ရလဒ်များအား လိုအပ်သော အရည်အသွေးကောင်းမွန်မှု ရရှိစေရန် သင့်တော်သော အရည်အသွေး စစ်ဆေးသည် များကို လုပ်ဆောင်ပေးရပါသည်။
၄။စောင့်ကြည့်နေခြင်း နှင့် လမ်းကြောင်းမှန်သို့ တည့်မတ်ပေးနေခြင်း (Monitoring and Controlling)
ဤ အဆင့် တွင် အားလုံးသော စီမံခန့်ခွဲ့မှုနည်းဗျုဟာများကို အသုံးချရပါသည်။ ပြုမူလုပ်ဆောင်ခြင်းမှ ရရှိလာသော အကျိုးရလဒ်များကို အရည်းအသွေး စံချိန်ပြည့်မှီ စေရန် စမ်းသပ် ကြည့်ရှု့ခြင်း၊ မိမိလိုအပ်သော အကျိုးရလဒ်ကို ရရှိစေရန် သေချာစွာ စစ်ဆေးခြင်း၊ ပိုမိုကောင်းမွန်သော နည်းလမ်းများကို တီထွင်ကြံဆခြင်း၊ အစရှိသည့် စောင့်ကြည့်ခြင်း လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရပါသည်။
အရည်အသွေးညံ့သည့် ရလဒ်ရှိပါက ပြန်လည် ကောင်းမွန်အောင်လုပ်ကာ သင့်တော်သော မှတ်တမ်း မှတ်ရာများ ရေးမှတ် ထားရပါသည်။ သို့မှသာ နောင်တချိန် အမှားများကို လေ့လာ သင်ခန်းစာ ယူနိုင်ပေမည်။
ထို့နောက် ပရိုဂျက်ကြီး တခုလုံးအတွက် ပြီးမြောက်သွားသော အရာ ရလဒ်များကို အတည်ပြုပေးရသည်။
၅။ပြီးဆုံးခြင်း(Closing)
ပရောဂျက် တစ်ခု အောင်မြင်စွာ ပြီးဆုံးနိုင်ရန် လိုအပ်သော အတည်ပြုခြင်းများကို အဆင့်ဆင့် ဖြတ်သန်းရပါသည်။ သဘောတူညီထားသည့်အတိုင်း ပြီးမြောက်သည်များကို Customer မှ အတည်ပြု လက်မှတ်ထိုးပေးပြီးမှ သက်ပြင်း ဟင်း…. ချနိုင်သည်။
သို့ရာတွင် ပြီးဆုံးပြီး ဆိုပြီး စိတ်ဒုံးဒုံးချကာ စိတ်လိုလက်ရ အပန်းဖြေ ခရီးထွက်၊ အနာယူလို့ မရသေးပါ။ ငှားရမ်းထားသည့် စက်ကိရိယာများ၊ အလုပ်သမားများ၊ ဘဏ် စာရင်းရှင်းတမ်း ပိတ်ခြင်းများ ပြီးဆုံးသည် အထိ ဆက်လက် လုပ်ဆောင် သွားရပါသည်။ သို့မဟုတ် လျှင် မလိုအပ်သော ကုန်ကျစရိတ်များ က မှန်းထားသော ပရော့ဂျက်၏ ဘတ်ဂျက်ကို ထိခိုက်နိုင်ပါသေးသည်။
ဤသည် မှာ စီမံခန့်ခွဲခြင်း နည်းပညာ Project Management ၏ အကြမ်းဖျင်း သဘောပင် ဖြစ်သည်။ ဤအရာများ၊ ထိုအရာများ ရှိသည်ဟု ပြောပြရုံပင်ဖြစ်သည်။ ကျယ်ပြန့်သော ပညာရပ် တစ်ခု ဖြစ်သည့် အားလျော်စွာ သေသေချာချာ စနစ်တကျနှင့် ချဉ်းကပ်လေ့လာစေချင်ပါသည်။ ပညာရပ်တစ်ခု ကို ချဉ်းကပ် လေ့လာတော့မည် ဆိုလျင်လည်း တဖြည်းဖြည်းနှင့် လေ့လာ တည်ဆောက်ယူရသည်။
ဝါးပင်တို့သည့် နုနယ်စဉ်က မျှစ်စို့ကလေးများ ဖြစ်ကာ ပျော့ပျော့ ဖတ်ဖတ် ကလေးများ ဖြစ်ကြသည်။ အလွယ်တကူ ချိုးဖဲ့၍ ကျေလွယ် ပျက်လွယ်သည်။ သို့ရာတွင် အချိန်ကာလ ကြာမြင့် လာသည်နှင့် အမျှ ကျစ်လစ် မာကျောသော ဝါးသဖွယ် အသွင်ပြောင်သွားကြသည်။
ထို့အတူ သိန်း စွန်ရဲတို့ မည်သည် ငှက်အပေါင်း၏ အမြင့်တွင်သာ ပျံဝဲကြသည်။ ငယ်စဉ် အခါက အခြားငှတ်များ လှောင်ပြောင် ရယ်မောကာ ကဲရဲ့ကြချိန်တွင် အသိုက်အိမ်၌ အားမွေး အရှိန်ယူကြသည်။ ဟော… အချိန်တန်ကာ ပျံမည့်ပျံတော့ ဟော..ဟို အမြင့်ဆုံးမှာ။
ကျွန်တော် တို့ မြန်မာပြည်မှ လူငယ်များ အောင်မြင် ကြီးပွား တိုးတက်ကြပါစေ။ တုတ်ခိုင်သော ပညာ ဝါးစိမ်းတုတ်များနှင့် ဘဝစက်ဝန်းကို ကျားကန် နိုင်ကြသလို့ သိန်း စွန်ရဲများကဲ့သို့ အများတကာတို့ အထက်၌ ဝဲပျံနိုင်ကြပါစေ။
အနန္တမေတ္တာဖြင့်
ဘကောင်း




