အမေရိကန်တို့၏ ရွေးကောက်ပွဲနှင့် မြန်မာတို့ အခွင့်အရေးများ (၁)


ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ နိုင်ငံတကာက နိုင်ငံရေးပြောင်းလဲမှုတွေ အလျင်းသင့်ရင် သင့်သလို့ စောင့်ကြည့် အကဲခတ်ကြည့်နေရင်းနဲ့ ဒီရက်တွေမှာ အရှိန်အဟုန် ပြင်းအားကောင်းလာတဲ့ အမေရိကန်တို့ရဲ့ သမ္မတရွေးကောက်ပွဲတွေ နဲ့ သူတို့ရဲ့ သဘောထားရေးရာ၊ စီးပွားရေး အခြေအနေတွေက အနာဂတ်ရဲ့ ကမ္ဘာနိုင်ငံရေး ဇာတ်ခုံမှာ ဘယ်လိုနည်းတွေနဲ့ ဝင်ရောက် ကပြအသုံးတော်ခံမလဲလို့ တွေးတေားကြည့်မိတာပါ။ ကျွန်တော် လွန်ခဲ့တဲ့ ရှစ်နှစ်ကျော် ကာလ ကစပြီး အမေရိကန်တွေရဲ့ ရွေးကောက်ပွဲ ကာလတွေမှာ အမေရိကန်နိုင်ငံကို အခြားသောအကျိုး အကြောင်းညီညွတ်ပြီး ရောက်နေလေ့ ရှိတယ်။ ရောက်တိုင်းလည်း ဂရုတစိုက် လေ့လာမိတယ်။ ဒါပါနဲ့ဆိုရင် သုံးကြိမ်မြောက်ပေါ့။

အမေရိကန်တို့ရဲ့ နိုင်ငံရေးတွေက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတွေနဲ့ စာရင် ရှေ့ကို တော်တော်ပြေးနေပြီး အခြေကျ တည်ငြိမ်နေပြီ။ ရွေးကောက်ပွဲတွေဆိုရင်လည်း တစ်နယ်ပြီး တစ်နယ် စနစ်တစ်ကျနဲ့ လုပ်သွားလိုက်တာ ဟော.. အခုဆိုရင် ဒီမိုကရက် နဲ့ ရီပတ်ပလစ်ကန် ပါတီနှစ်ခုလုံးက သူတို့ရဲ့ အမျိုးသားညီလာခံကို ကိုယ်စီ တစ်သီးတစ်ခြားကျင်းပပြီးသွားခဲ့ပြီ။

သိကြတဲ့ အတိုင်း ပါတီနှစ်ရပ်လုံးကတော့ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ထိုးနှက်ချက်တွေ၊ အမေရိကန် ပြည်သူပြည်သားတွေ အပေါ် ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် အစရှိတဲ့ ကတိပေးချက်တွေနဲ့ စွဲဆောင်ကြတာကိုး။ တော်တော်လေးလည်း စိတ်ဝင်စားစရာ ကောင်းသလို့ အလွန်တရာ ထူးချွန်ထက်မြက်တဲ့ နိုင်ငံခေါင်းဆောင်ကောင်းတွေ ဒုနဲ့ ဒယ်နဲ့ မြောက်မြောက်မြားမြား တွေ့ရတာပဲ။ ဒါတွေကြည့် ပြီး ကျွန်တော့်တို့ နိုင်ငံအတွက်လည်း ထူးချွန်ထက်မြက်ပြီး နည်းပရိယာယ်တွေ ကြွယ်ဝတဲ့ နိုင်ငံ ခေါင်းဆောင်ကောင်းတွေ ရာနဲ့ ထောင်နဲ့ ချီပြီး လိုအပ်နေသေးတယ်ဆိုတာ သတိရမိတယ်။

တကယ်တော့ တိုင်းပြည်တစ်ပြည်တို စီမံအုပ်ချုပ်တယ်ဆိုတာ သြဇာအာဏာနဲ့ လက်ညိုးထိုး ဟိုခိုင်း ဒီခိုင်း လုပ်ရတဲ့ အလုပ်မှ မဟုတ်ပဲ။ ခေါင်းဆောင်တွေဟာ ကိုယ်ရဲ့ စိတ်ဝိညာဉ်၊ ကိုယ်ခန္ဓာနှစ်မျိုး လုံးကို တိုင်းသူ ပြည်သားတွေရဲ့ကောင်းကျိုးအတွက်သာ ရှေးရှု့ပြီး ကိုယ်ကျိုးစွန့် တစ်စိုက်မတ်မတ်လုပ်ဆောင်ရတာကိုး။ သာမန်လောက်သာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေဆိုရင်တော့ ကိုယ်ကျိုးစွန့်ဖို့ သွားပြောရင် ဘယ်လုပ်နိုင်ကြမလဲ။ ဒါမျိုးခေါင်းဆောင်တွေဆိုရင်လည်း အသိပညာရှင်၊ အတတ်ပညာရှင် ပြည်သူတွေကလည်း လက်မခံဘူး။ အထင်လည်း မကြီးဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံကိုကြည့်။ ယုတ်စွအဆုံး ခေတ်မှီ တိုးတက်ပြောင်းလဲလာတဲ့ ကမ္ဘာကြီးမှာ နိုင်ငံတကာနဲ့ ကူလူးဆက်ဆံမှုလုပ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်ပြည်ခေါင်းဆောင်တွေကိုယ်၌က အနည်းဆုံး အင်္ဂလိပ်စကားကို လေးလုံးကွဲအောင်တောင် မပြောတတ်ကြရင် ဘယ်လိုလုပ်မလဲ။ နိုင်ငံတကာ နိုင်ငံရေး မျက်နှာစာမှာ စကားတွေ ပြောကြရအောင်ဆိုရင် ခွေးအကြီး လှည်းနင်းသလို အထစ် အထစ်နဲ့။ စောင့်ကြည့်နေတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေက တခွိခွိနဲ့ ရယ်ကြမှာပဲ။ ဘယ်..အထင်ကြီးကြမလဲ။

ကျွန်တော် အမြဲတမ်းလိုလို စိတ်ဝင်တစားနဲ့ မျက်ခြေမပြတ် စောင့်ကြည့်လေ့ရှိတာက အမေရိကန်၊ပြင်သစ်၊ ရုရှားတို့ရဲ့ သမတရွေးကောက်ပွဲ၊ အင်္ဂလန်၊ ဂျပန်၊ သြစတြေလျ၊တရုတ်၊ ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်တွေရဲ့ အာဘော်နဲ့ သူတို့ကို ရွေးကောက်တင်မြောက်လိုက်ပုံပါပဲ။ အဲဒီ နိုင်ငံခေါင်းဆောင်တွေရဲ့ အကြမ်းဖြင်း အာဘော်နဲ့ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ယနေ့ ကျွန်တော်တို့ ကမ္ဘာရဲ့ လူမှုရေး၊ စီးပွားရေး အစရှိတဲ့ နယ်ပယ် ဒေသမျိုးစုံကို ရိုက်ခတ်နိုင်စွမ်းရှိကြတယ်။ ဒီနေရာမှာ အကြမ်းဖျင်း အာဘော်ဆိုတာ သူတို့ပြောဆိုသမျှ အားလုံးကို လုံးဝ ယုံကြည်စိတ်ချမှု မထားပဲ ဘက်စုံ ရှု့ထောင့် အမျိုးမျိုးကနေ ချိန်ထိုးပြီး အကြမ်းဖျင်း ယူဆတဲ့ သဘောပါ။

ခေတ်မီတိုးတက်နေတဲ့ နိုင်ငံ အသီးသီးမှာ လက်ခံကျင့်သုံးနေတဲ့ နိုင်ငံရေး စနစ်တွေ အမျိုးမျိုး ရှိကြတယ်။ အနောက်တိုင်း နိုင်ငံတွေမှာ အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ကိုက်ညီ ဆုံဆည်းအခြေကျသွားတဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ်ရှိတယ်။ အရှေ့တိုင်း နိုင်ငံတွေမှာလည်း အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ ချိန်ထိုးပြီး တဖြည်းဖြည်း ပြုပြင်ပြောင်းလဲသွားတဲ့ ဒီမိုကရေစီ နိုင်ငံရေး စနစ်တွေလည်း ရှိတယ်။ ဒီနေရာမှာ တိုင်းပြည်ခေါင်းဆောင်တွေက ခေါင်းဆောင်နိုင်စွမ်း အရည်အချင်းရှိဖို့လိုတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံကို ထပ်ကြည့်ရအောင်။ လက်ရှိတိုင်းပြည်ခေါင်းဆောင်တွေက ပြည်သူပြည်သားတွေ အပေါ် အရာရာ မျက်စိပိတ် နားပိတ်လုပ်ပြီး၊ ထိန်းချုပ်ထားတာကိုး။ ဟိုး..တုန်းက ရဲစိတ်ရဲမာန် သတ္တိပြောင်ခဲ့တယ်ဆိုတဲ့ ကျွန်တော်တို့ မြန်မာတွေလည်း တိုင်းပြည်ထဲမှာ အနှစ်လေးဆယ်ကျော်လောက် လှောင်ပိတ် ခံခဲ့ရတယ်။ အဲဒီရလဒ်က ဘာလဲဆိုတော့ မြန်မာလူမျိုးတွေ နိုင်ငံတကာထွက်တဲ့ အခါမှာ စိုးရိမ်စိတ်တွေ၊ မပြောရဲ မဆိုရဲတဲ့ စိတ်တွေ၊ သိမ်ငယ်မှုတွေဟာ မြန်မာတွေရဲ့ စိတ်မှာ လွမ်းမိုးနေခဲ့တဲ။ စိတ် ပိုလီယို ရောဂါ စွဲကပ်နေရတဲ့ သဘောပေါ့။ စိတ်ဓါတ် အင်းအားက ခနော်နီ ခနော်နှဲ့ နဲ့ အခြေမခိုင်တော့ပဲ ယိမ်းယိုင်နေတော့တာပေါ့။ ကိုယ့်ဒူး ကိုယ်ချွန်လာတဲ့ လူတွေကတော့ ပေါက်ရောက် အောင်မြင်သွားကြပေမယ့် လူဦးရေ သန်းငါးဆယ်ကျော်ရှိတဲ့ လူတွေအတွက်ကတော့ ခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။ ပြုပြင်ပေးပါ။ နည်းလမ်းတွေဖွင့်ပေးပါ။ ခေါင်း မမာပါနဲ့။

နိုင်ငံတကာမှာ ကျွန်တော်တို့ မြန်မာတွေ ဂုဏ်သရေ မှေးမှိန်နေတာ ကြာလှပါပြီ။ မြန်မာ အများစုကလည်း နိုင်ငံခြားကို အထင်ကြီးစိတ် ဝင်သွားပြီ။ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ဖို့အတွက် ဆိုင်းဘုတ်ကြီးတွေတင်၊ ရုပ်မြင်သံကြားတွေ၊ သတင်းစာနယ်ဇင်းတွေကနေ လှုံ့ဆော်ပေမယ့် အရာမရောက်ပါဘူး။ ဘာလို့လဲ့ဆိုတော့ လူဆိုတဲ့ သတ္တဝါက လွတ်လပ်လို့တဲ့ သဘာဝကို စဉ်းစားပြီး ဝမ်းတခါး ဝဖို့ အတွက် အရင် ကြိုးစားအားထုတ်ကြလေ့ရှိတယ်။ အဲဒီ အခွင့် အရေးတွေ မရှိရင် လူတော်တွေ မရပ်တည်နိုင်ဘူး။ သဘောကို ပြောပြတာပါ။ တိုင်းပြည်ကို အုပ်ချုပ်ပုံ၊ ချဉ်းကပ်ပုံ ချဉ်းကပ်တဲ့ နည်းလမ်းတွေ မှားနေတယ်ဆိုတာ။ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ဖို့ အတွက် လမ်းကြောင်းတွေ ဖွင့်ပေးပြီး လုပ်နိုင်စွမ်းတဲ့ အစွမ်းအစတွေ ပေးရမှာပေါ့။ သာတူညီမျှတဲ့ အခွင့်အရေးတွေသာ ရမယ်ဆိုရင် အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေက ဂုဏ်ယူဝင့်ကြွားစွာ ကိုယ့်လူ့မျိုး၊ ကိုယ့်တိုင့်ပြည်အတွက် လုပ်ကြပါလိမ့်မယ်။

ခေါင်းဆောင်တွေသာ တော်ကြမယ်၊ ထူးချွန်ထက်မြက်ကြမယ်ဆိုရင် မြန်မာဆိုတာ ကမ္ဘာမှာ မျက်နှာပွင့်ပြီပေါ့။ အရပ်စကားပြောရမယ်ဆိုရင်တော့ ကိုယ့်တိုင်းပြည်က လူတွေ နိုင်ငံတကာမှာ မျက်နှာ မငယ်ရတော့ဘူး။ မြန်မာတွေ နိုင်ငံတကာရဲ့ ပြည်ဝင်ခွင့်ယူရင် စိုးရိမ်သောက စိတ်တွေ မရှိတော့ဘူး။ မြန်မာလူမျိုးတွေ မိမိကိုယ်ကိုယ် ယုံကြည်ကိုယ်စား စိတ်တွေ ရှိလာမယ်။ မိမိကိုယ်ကိုယ် ယုံကြည် ကိုးစားစိတ်ဆိုတာ ယေဘုံယျအားဖြင့် တစ်ခုခု မအောင်မြင်လို့ ဆုံးရှုံးသွားရင် နောက်ဘာဆက်လုပ်မလဲဆိုတဲ့ အစီအစဉ်ရှိတဲ့ လူတွေက မိမိကိုယ်ကိုယ် ယုံကြည် ကိုးစားလို့ ရတယ်လို့ ဆိုရမယ်။ တည်ငြိမ်တယ်ပေါ့။ နိုင်ငံ တကာမှာ ရှိတဲ့ ကျွန်တော်တို့ မြန်မာတွေ အများစုအတွက်ကတော့ နိုင်ငံခြားမှာ အလုပ်ရဖို့ စိုးရိမ်ကြရတယ်။ အလုပ်ရရင်လည်း အလုပ်မြဲဖို့ စိုးရိမ်ကြရပြန်တယ်။ ကိုယ့်တိုင်ပြည်မှာက ကျောထောက် နောက်ကန် အလုပ်မှ မရှိတာ။ ဒီတော့ ပြည်ဝင်ခွင့်အတွက်၊ အလုပ်ရဖို့အတွက် စိုးရိမ်တတ်ကျတာ ထူးဆန်းတဲ့ အရာတစ်ခုလို့ မထင်တော့ဘူး။

ကိုယ့် တိုင်းပြည်ကို ကိုယ် မစွန့် ခွာရပဲ တိုင်းပြည် အတွင်းမှာ မကြောင်းမကြ မတောင်းမတ လူတိုင်း အလုပ်အကိုင်တွေ ကိုယ်စီနဲ့လုပ်နိုင်ဖို့အတွက် တိုင်းပြည်တွေရဲ့ နိုင်ငံခေါင်းဆောင်တွေက ပြည်သူတွေရဲ့ အကျိုးကိုး ဦးစားပေးပြီး အလုပ်အကိုင်တွေ ဖန်တီးနိုင်စွမ်း အရည်အချင်းရှိကြရတယ်။ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကို ဘယ်လို ရမလဲ။ ဘယ်လို ရှာကြမလဲ။ ရှင်းပါတယ်။ တိုင်းသူ ပြည်သားတွေက ရွေးကောက် တင်မြောက်တာပေါ့။

ဟိုတလောက ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲ အကြောင်းကို ရေးထားခဲ့ပြီးပြီ။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာလည်း လာမည့် ရွေးကောက်ပွဲမှာ ဘယ်လိုနည်းတွေနဲ့ စခန်းသွားကြမလဲဆိုတာ ပညာရှင်တွေ အခုကတည်းက စနစ်တကျနဲ့ ပြင်ဆင်ချဉ်းကပ်ဖို့ လိုပြီ။ အခု အမေရိကန်နိုင်ငံမှာလည်း ပြည်သူတွေ နင်လား ငါလား အပြိုင်အဆိုင် နဲ့ ခေါင်းဆောင်တွေ စကာတင် ရွေးချယ်လာ လိုက်တာ နောက်ဆုံး ဒီမိုကရက် ပါတီက အိုဘားမာ ဆိုတဲ့ လူမဲ ခေါင်းဆောင် တစ်ဦးနဲ့ ရီပတ်ပလစ်ကန် ပါတီက ဂျွန်မက်ကိန်းဆိုတဲ့ လူဖြူ ဝါရင့် နိုင်ငံရေး ခေါင်းဆောင် တစ်ဦး စီ ရလာတယ်။

အမေရိကန် အမ္မတ တစ်ဦးရဲ့ တခိုးအာဏာနဲ့ အစွမ်းအစက ကမ္ဘာမှာ အလွန်တရာ စွမ်းပကားကြီးမာ လှသည်။ ထို့အတူ နိုင်ငံခေါင်းဆောင်တို့သည်လည်း လူသန်းပေါင်းများစွာ တို့၏ အသက်ကို သေစေနိုင်သလို၊ ကယ်တင်နိုင်စွမ်းရှိသည်။ ငွေသန်းပေါင်းများစွာတို့ကို ထိန်းချုပ် ကိုင်တွယ် နိုင်စွမ်းလည်းရှိသည်။ ထိုကဲ့သို့ တခိုးအာဏာ တို့နှင့် နိုင်ငံ တစ်နိုင်ငံကို အုပ်ချုပ်ဖို့ အတွက် အဘယ်ကဲ့သို့သော လူမျိုးကို ပေးအပ်အုပ်ချုပ် စေမည်နည်း။ ကျွန်တော်တို့ မြန်မာ နိုင်ငံတွင် ထိုကဲ့သို့သော လွတ်လပ်စွာ မဲဆွယ်ခွင့်၊ လွတ်လပ်စွာ ရွေးကောက်တင်မြောက် ပိုင်ခွင့် စသည့် လွတ်လပ်သည့် အခွင်အရေးတွေ ဆုံးရှုံးနေသလောက် အမေရိကန်နိုင်ငံ အပါအဝင် အခြားသော ဒီမိုကရေစီ တိုင်းပြည်တို့တွင် ထိုအခွင့် အရေးတို့ရှိကြလေသည်။ ထိုအခွင့်အရေးသည်ကာ တိုင်းပြည်၏ အနာဂတ်ကို ပြောင်လဲပစ်နိုင်စွမ်း ရှိလေသည်။

မိညို (၃)


ထို့နောက် မိညိုအား ဦးလှမောင်တို့ အိမ်တွင် မတွေ့ရတော့ချေ။ ဦးလှမောင်ကို အမေမေးကြည့်တော့ ရွာ ခဏပြန်ပို့ထားသည်ဆိုသည့် အဖြေသာရသည်။ ဤသို့ဖြင့် မိညိုသည် ကျွန်တော်တို့ ရပ်ကွက်မှ နှစ်နှစ်ကျော်ခန့် ပျောက်သွားခဲ့သည်။ ရပ်ကွက်တကာ လှည့်လည်နေတတ်သော မိညိုအား ပုဏ္ဏာကုန်း၊ သေတ္တာဝင်း၊ ပေါက်ပေါက်တန်း စသည့် ရပ်ကွက်မှ လူများအကြားတွင် မေ့မေ့လျောလျော ဖြစ်လာသည်။ ဦးလှမောင်တို့သည် နေ့စဉ် ပုံမှန် လေဘေး အဝတ်များကို လျှော်ဖွတ်လုပ်ကိုင်ဆဲပင်။ ဒူးမှတ်ကြီး၊ လှိုင်ဘွားနှင့် ကျွန်တော်တို့ ကလေးတစ်သိုက်သည် ပုရစ်ပေါ်ချိန်တွင် ပုရစ်နိုက်မြဲ နိုက်လျက်၊ ညအချိန် တောက်တဲ့တို့ အော်မြည်သည့် အခါ မိုးလား၊ လေလားဟု တောက်တဲ့ ဗေဒင် ညစဉ် မေးတတ်ကြလျက် မေ့လွယ်ပျောက်လွယ် ကလေးဘဝကို ဖြတ်သန်းနေချိန်ဖြစ်သည်။ ဦးလှမောင် ကျွန်တော်တို့အိမ် လာသည့် အခါတွင် အမေသည်လည်း မိညို အကြောင်း စကားဝိုင်းထဲတွင် တစ်ခွန်းမှ မဟတော့။ အမေသည် မိညိုကလေး အပေါ် ခင်မင်ရင်းစွဲရှိပေသည့် လူစုံ ပြဿနာစုံလှသော ဦးလှမောင်တို့ အိမ်မှ အကြောင်းအရာများကို လိုအပ်သည့်ထက် ပိုမိုကာ စပ်စပ်စုစု မမေးမြန်းတော့ချေ။ တခါတရံ ကျွန်တော်တို့ အိမ် ပြောင်းဖူးများ ပြုတ်စားကြသည်တွင် ပြောင်းဖူး ကြိုက်တတ်သော မိညိုကို သတိရမိတတ်သေးသည်။

အချိန် နာရီ စက္ကန့်တို့သည့် တရွေ့ရွေ့ တဖြည်းဖြည်းနှင့် သွားနေသည်ဟု ထင်ရပေသည့် နောက်ပြန်ဆုတ်တတ်သည့်၊ ရပ်တန့်နေတတ်သည့် ဖြစ်စဉ်များ မဟုတ်ကြချေ။ ရာသီစက်ဝန်းသည်လည်း နွေမှ မိုး၊ မိုးမှ ဆောင်း အလီလီ ပြောင်းသွားခဲ့သည်။ အိမ်အနားမှ ကုက္ကိုလ်ပင်ကြီးတွင် တောက်တဲ့တို့ စီးပွားလာကြသည်။ တောက်တဲ့ အကောင်ရေ တိုးလာသည်။ ရပ်ကွက်ထဲမှ လူဟောင်းအချို့ ရပ်ကွက်ကို စွန့်ခွာကာ မြို့သစ်သို့ ပြောင်းသွားကြသည်တွင် လူသစ်များ အစားထိုးဝင်ရောက်လာသည်။ အဖေ နာမည် ပေးထားသော မိုရှိဒါရန်းဆိုသည့် ခွေးမသည်ပင် ခွေးသားပေါက် တစ်သိုက်နှင့် လမ်းထဲ၌
တရုံးရုံးဖြစ်နေသည်။ ရပ်ကွက်ထဲတွင် မွေးခါစ ကလေးငိုသံတို့ ဟိုတစ်စ ဒီတစ်စ ပျံ့လွင့်လာတတ်သည်။ အိမ်ရှေ့က မြောင်းထဲတွင် ဗေဒါပင်တို့ ပြည့်နှက်လျှံတက်နေကြသည်။ မြောင်းငါးတို့ ပျော်ရွှင်မြူးတူးစွာ သားပေါက်ကြသည်။ ဤကမ္ဘာကြီးသည် အစစ အရာရာ စည်ပင်ပွားများနေသော လောကကြီးဖြစ်သည်။

နွေကာလ နေ့တစ်နေ့၏ သစ်သားစို အနံ့များ မွန်ထုံနေသော သေတ္တာဝင်း၏ လမ်းမထဲတွင် ကျွန်တော်တို့ တစ်တွေ ကျီသားရိုက်တန်း ကစားနေကြချိန်၌ ထီးနက်ကို ဆောင်းလျက် ပူပြင်းလှသောနေရောင်ကို အံတုလာနေသော ဦးလှမောင်နှင့် သူ့နောက်တွင် ခြေလှမ်းမှန်မှန် လိုက်လာ သော မိညိုကို တွေ့လိုက်ရသည်။ တကယ်တော့ သူမ အသွင်အပြင်သည် မိညိုကြီး လို့ သမုတ်ရမည့် ပုံပင်။ အဘယ်ကြောင့် ဆိုသော် မိညိုသည် သူမနှင့် အတူ သူမ၏သားကလေးပါ တစ်ပါးတည်း ခေါ်ယူလာခဲ့သည်။ ဟိုရင်အခါ ရွာက ခေါ်လာကာစ မျက်လုံး ညိုပြာညက်နှင့် ပျိုရွယ်စ မိညိုသည် ယခုအခါမှာတော့ ပြည့်ပြည့်ဖြိုးဖြိုး ကြီးရင့်သည့် အသွင်ကို တွေ့ရသည်။ အရင်တုန်းက ဂျစ်တီးဂျစ်ကန်၊ အရာရာကို တွန်းလှန် ပုံကန်မည့် ဟန်ရှိခဲ့သော မိညိုကို အခု ပြန်တွေ့တော့ ခေါင်းငိုက်စိုက်လျက် လောကဒဏ်ကို ပြည့်ပြည့်ဝဝ ခံစားခဲ့ရသည်ထင့်။

ဘာပဲပြောပြော အဲဒီလိုနဲ့ပဲ မိညို ဦးလှမောင်တို့ အိမ် ပြန်ရောက်လာခဲ့သည်။ သူမနဲ့ အတူ သူမသားလေးပါ အဆစ်ပါလာခဲ့သည်။ ကျွန်တော်တို့ ရပ်ကွက်သည် မိညိုကို ကြိုဆိုမြဲ ကြိုဆိုလျက် ရှိသည်။ အချိန်နာရီတို့ တိုက်စားမှုအောက်တွင် မေ့မေ့လျော့လျော့ ရှိခဲ့ ကြသော်လည်း ယခုတဖန် ပြန်လည်တွေ့သည့် အခါ ယခင်ကကဲ့သို့ ဂရုတစိုက် ရှိကြသည်။ ဟော..အခု သားကလေးပါ အဆစ်ပါလာတယ် ဆိုတော့ ပိုပြီး မိညို၏သားကလေးကို ပါ ဂရုတစိုက် စောင့် ကြည့် ကြသည်။ အချိန်တန်တော့လည်း သူကလေးသည် ကျွန်တော်တို့ ရပ်ကွက်၏ ရှေ့မှောက်တွင် တဖြည်းဖြည်း ကြီးပြင်းလာခဲ့သည်။

မိညိုကို ရပ်ကွက်က မိညိုဟု သိထားကြသည်။ အခု မိညိုရဲ့သားကြတော့ မိညိုသားဟုပင် ခေါ်ကြသည်။ သူ့သားကို နာမည်မပေးရသေးချေ။ မိညိုကို ခင်မင်မြဲ ခင်မင်လျက်ရှိသော အမေသည် မိညို သားလေးရလာတော့ သူ့သားလေးကိုပါ ခင်မင်ရသည်။

မိညိုသားသည် မျောက်ရှုံးအောင် ခုန်ပေါက်ဆော့သည်။ အိမ်လည်း မကပ်။ အမေဗီဇ ပါသည်ထင့်။ ဟိုအရင်တုန်းက ဒေါ်သိန်းတန်သည် မိညို ကို အိမ်ပြန်မိုးချုပ်လို့ ရပ်ကွက်တကာလှည့် လိုက်လံရှာခဲ့ရသည်။ အခု မိညို ဝဋ်လည်ပြီ။ မိညိုကိုယ်တိုင် ရပ်ကွက်တကာ၏ လမ်းထောင့်များတွင် သူမသားအား တကြော်ကြော် ဟစ်အော် ရှာဖွေသံကို ညနေတိုင်းတွင် ကြားရတတ်သည်။ သူမသားအား ရုတ်တရက် ခေါ်လို့မရတတ်သည့် အခါများတွင် သူမ၏ အော်ခေါ်သံတို့သည် ငိုသံများ ပါနေတတ်သည်။ မျက်ရည်တစ်ရွှဲရွှဲနှင့် စိတ်လွယ်သော မိညိုကို ရပ်ကွက်ထဲမှလူအားလုံးက စုပ်တသပ်သပ်နှင့် သနားဂရုဏာလည်း ဖြစ်ကြသည်။

ကျွန်တော်သည် မိခင်၏ မေတ္တာကို မိညိုနှင့် ပတ်သက်ပြီး နားလည် ခံစားခဲ့ရသည်။ ပါးပြင်တွင် မျက်ရည်စီးကြောင်းတို့ ယိုစီးကြလျက် သားပျောက်ကို ရှာဖွေနေလေ့ရှိသော မိညိုကို တွေ့တိုင်း ရင်နင့်အောင် ခံစားရသည်။ သူမ၏ ဝမ်းနည်းမှုသည် တပါးသူတို့ကို ကူးစူးတတ်လေ့ရှိသည်။ မိခင်တို့သည် သားသမီးတို့နှင့် ပတ်သက်ပြီး ပူပင်သောကများကြရသည်။ ငယ်ရွယ်သူ ကလေးတို့သည်ကား နားမလည် တတ်သေးချေ။ သူရို့အား စကားလုံးများဖြင့် မိဘမေတ္တာအား နားလည်အောင် ပြောပြခြင်းသည် အရာရောက်မည် မဟုတ်။ မိဘများ ကိုယ်တိုင် မေတ္တာပြ အမူအရာ၊ အတုယူစရာ စံနမူုနာများ လုပ်ဆောင်ပြသခြင်းဖြင့်သာ ကလေးများအား မိဘ၏ မေတ္တာ နားလည် သဘောပေါက်စေသည်။ မေတ္တာသည် နူညံသိမ်မွေ့သည့် သဘောကို ဆောင်သည့် အတွက် နူညံသိမ်မွေ့စွာ ပြုမူပြောဆို ဆက်ဆံသင့်ပေသည်။

ငယ်ရွယ်စဉ် အခါက နှလုံးသားကို နက်ရှိုင်းစွာ ထိတွေ့ခဲ့သော အဖြစ်အပျက် အကြောင်းအရာတို့သည် ကြီးလာသည်အထိ စွဲမြဲနေတတ်သည်။ မိညိုသည် နမ(နွားမ) ကလေး တစ်ကောင်သာ ဖြစ်သည်။ တိရိစ္ဆာန်တစ်ကောင်သာ ဖြစ်ပေသည့် သူမတွင်ခံစားချက် ရှိသည်။ လူတွေကဲ့သို့ မေတ္တာတရားလည်း ရှိသည်။ နှလုံးသားပူဆွေးသောကရောက်လျက် မျက်ရည်စီးကြောင်းတို့ဖြင့် သားပျောက်ရှာနေရသော မိညို၏ အော်သံ ခေါ်သံတို့သည် ယနေ့ထက်တိုင် ကျွန်တော့် အာရုံအထဲတွင် စွဲမြဲနှစ်ဝင်လျက် ရှိသည်။

မိညို ကဲ့သို့ပင် မျက်ရည်စီးကြောင်းတို့ဖြင့် ပြည့်နက်နေတတ်သော အခြား အခြားသော နွားများအား လည်း တွေ့ဖူးခဲ့ပါသည်။ ထိုစဉ်က သူရို့အား သားသတ်ရုံသို့ ခေါ်ဆောင်သွားကြသည်ကို တွေ့ရှိခဲ့ဖူးသည်။ အသားစားကျုးသော လူတို့အတွက် သူရို့၏ အသွေး အသား အသက် နှင့် ခံစားမှုအားလုံးတို့ ကို ပေးဆပ်ကြရသည်။ သူရို့၏ အသွေးအသားနှင့်အရိုးတို့သည် ထမင်းစားပွဲရှေ့သို့ ရောက်သောအခါ နာကျင်စွာ ငိုကြွေးသံ၊ နာကျည်းစွာ ဟစ်အော်သံတို့သည် တိတ်ဆိတ်နေတော့သည်။ သို့တည်းမဟုတ် သူရို့၏ အော်သံများက လူသားတို့ နားဖြင့် မကြားနိုင်တော့သည် အထိ တိုးတိတ်သွားသည်လော မပြောတတ်ချေ။ အကယ်၍သာ ထိုအသံတို့အား လူသားတို့သာမန်နားဖြင့်ကြားနိုင်စွမ်းရှိပါက သူရို့၏ အသွေး၊ အသား၊ အရိုးတို့ဖြင့် ပွဲတော်တည်သော ထမင်းစားပွဲများပေါ်ထိ ဆူညံစွာဟစ်အော်နေပေလိမ့်မည်။

လူသားတို့၏ စိတ်ဝိဉာဉ် သည်ကာ ရုန်းကန်ရှင်သန် အသက်ဆက်ရေးအတွက် တပါးသူတို့၏ အသွေးအသားတို့ဖြင့် အသက်ဆက်ရှင်သန်ရသည် ဟူသော အတွေးအခေါ် အယူအဆတို့ဖြင့်လွှမ်းမိုးထားသည်။ လူတို့၏ အစားအစာရွေးချယ်မှုတို့သည် မိမိတို့၏ အာသီသ တပ်မက်သည့် အပေါ်အခြေခံလေ့ရှိကာ အသွေးအသားတို့ကို မှီဝဲစားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကလပ်စည်းတို့ကိုလည်း အလွယ်တကူ ပျက်ဆီးစေလေသည်။ နိုင်ရာ စား လောကကြီးတွင် တစ်ဦးကို တစ်ဦး ဆင့်ကဲဆင့်ကဲ စားသုံးကြခြင်းဖြင့် ခန္ဓာကိုယ်ကို တည်ဆောက်ကြလေသည်။

ဤကမ္ဘာကြီးတွင် မိညိုကဲ့သို့ မိဘမေတ္တာ အခြေခံလျက် သားသမီးတို့အတွက် ငိုကြွေးကြရသော မိခင်များ၊ လူတို့၏ ရက်စက်တတ်သော စိတ်နှလုံးဖြင့် တစ်ပါးသူတို့အား အလွယ်တကူ သတ်ဖြတ်ခြင်းများ ပပြောက်သွားပါစေလို့ ဆုတောင်းပေးပါသည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

မိညို (၂)


ဦးလှမောင်တို့ကလည်း ဒိုဘီလုပ်ငန်းနဲ့ပဲ မိသားစု တစ်ခုလုံးကို ကျားကန်ထားရတာဆိုတော့ သာမန် ရရာစားစား ဘဝပဲ။ ဦးလှမောင်တို့တင် မဟုတ်ပါဘူး။ ပုဏ္ဏာကုန်းက မိသားစုတွေ အားလုံးက တစ်နေ့လုပ် တစ်နေ့စား ရရာစားစား ဘဝတွေချည်းပဲ။ သူရို့ ဘဝတွေနဲ့ စာရင် သေတ္တာဝင်းထဲက လူတွေကပိုပြီး အဆင်ပြေ ချောမွေ့တယ်လို့ ပြောရမှာပဲ။ အမေ့ အသိ သေတ္တာဝင်းထဲက ဒေါ်စိန်မြင့်ဆိုရင် ရွှေဆွဲကြိုးတောင် ဝယ်နိုင်တယ်။ သူရို့ အိမ်ရှေ့မှာလည်း ထင်းရှုးသေတ္တာတွေ ပုံလို့၊ သစ်သားပြားတွေကလည်း အိမ်နံရံတွေမှာ မှီပြီး ထောင်ထားတာ သစ်သားနံ့က မွန်နေတတ်တယ်။ ကျွန်တော် တို့အတွက် အဲဒီ သစ်သားအနံ့တွေက မွှန်တယ်၊ အနံ့ပြင်းတယ်လို့ ပြောရပေမယ့်၊ ဒေါ်စိန်မြင့်တို့ မိသားစုအတွက် အဲဒီ သစ်သားနံ့တွေ များများမွှန်လေ၊ စီးပွားရေ ကောင်းလေပဲ။

မိညိုကို ကြည့်မရတဲ့သူကတော့ အဲဒီ ဒေါ်စိန်မြင့်ပါပဲ။ တစ်ခါတရံဆိုသလို မိညိုက ဒေါ်စိန်မြင့်တို့ အိမ်က လှမ်းထားတဲ့ သစ်သားပြားတွေကို တွန်းလှဲပစ်တတ်တယ်။ အဲဒါကြောင့် မိညိုဆို ဒေါ်စိန်မြင့် က သိပ်ပြီး မျက်နှာသာ မပေးဘူး။ သိပ် မကြည်ဘူးပေါ့။ မိညို အိမ်လာလည်ပြီဆိုရင် လက်မခံဘူး။ ပြန်မောင်းထုတ်ပစ်တယ်။ ဒေါ်စိန်မြင့် အတွက် စည်းပွားရေး အရ အနှောက်အယှက် ဖြစ်တာကိုး။ မိညိုကတော့ အမှတ်သည်းချေ မရှိတာလား။ သေသေချာချာ အရွဲ့တိုက်ပြီး လုပ်တာလား မသိဘူး။ ဒေါ်စိန်မြင့်ရဲ့ သစ်သားပြားတွေ ကြုံရင် ကြုံသလို တွန်းလှဲပစ်လိုက်တာပဲ။ သဘောကတော့ ငါ့ကို မောင်းထုတ်တာ မှတ်ကရောဆိုတဲ့ လက်တုန့်ပြန်တဲ့ သဘောပေါ့။

ဦးလှမောင် တို့က ဆင်းရဲကြတယ် ဆိုပေမယ့် ဆွေမျိုး အင်အားက ကြီးတယ်။အဲဒီ ဆွေမျိုးတွေက လောက်လောက်လားလား အားကိုးရမလားဆိုတော့လည်း တစ်ယောက်မှ အားမကိုးရဘူး။ သူ့ဆွေမျိုးတွေက ဦးလှမောင်ဆီပဲ ခိုကပ်စားသောက်နေကြတာ။ ရွာက ဦးလှမောင်ရဲ့အဒေါ်ဆိုတာ လာလည်ပြီး ဆယ်လကိုးသီတင်း ဘာအလုပ်မှ မလုပ်ပဲ ဦးလှမောင်တို့နဲ့ကပ်ရပ်ပြီး စားသောက်နေတတ်တယ်။ အဲဒီအဒေါ်ပြန်သွားလို့ ဘာမှ မကြာခင်မှာပဲ ဒေါ်သိန်းတန်ရဲ့ ဘိန်းစွဲနေတဲ့ တူတစ်ယောက် အလုပ်မရှိလို့ အိမ်က နှင်ချခံထားရတာ ဦးလှမောင်တို့ဆီပဲ ရောက်လာတယ်။ ရွာက ဦးလှမောင်ရဲ့ တူဝမ်းကွဲတစ်ယောက် မိန်းမခိုးပြေးရင် ဦးလှမောင်ဆီပဲ။ ဒေါ်သိန်းတန်ရဲ့ အစ်ကို အကြီးဆုံး ဦးဇော်ထွန်းက ထောင်ကထွက်လာတော့ ဦးလှမောင်တို့ အိမ်မှာပဲ နေတယ်။ ဒေါ်သိန်းတန် ရဲ့ မောင် အငယ်ဆုံး အရက်သမားက ပြဿနာဖြစ်ပြီး ရပ်ကွက် အချုပ်ခန်းရောက်တော့ ဦးလှမောင်ပဲ အာမခံနဲ့ အချုပ်ထဲက ထုပ်ပေးရတယ်။ ဟိုဖက် ဆွေမျိုး၊ ဒီဖက်ဆွေမျိုးတွေရဲ့ ပြဿနာတွေကို ဒိုင်ခံဖြေရှင်းပေးနေရတဲ့ ဦးလှမောင်တို့ ဒိုဘီလင်မယား ကြာတော့ ထိုဒဏ်တွေနှင့် ဆင်းရဲတွင်း နက်သထက် နက်လှသည်။

ဦးဇော်ထွန်းသည် ရပ်ကွက်၏ လူ့ချဉ်ဖတ်တစ်ယောက်လည်း ဖြစ်သည်။ ဒေါ်သိန်းတန် တစ်ယောက် ထိုအစ်ကိုဖြစ်သူနှင့် မောင်ဖြစ်သူတို့ နှစ်ယောက်၏ မိုက်တွင်းနက်မှုဒဏ်ကို ခါးစည်းခံရသည်။ အေးအေးဆေးဆေး နေတတ်သော ဦးလှမောင်သည် သားနှစ်ယောက်ဖြစ်သော လှိုင်ဘွားနှင့် ဒူမှတ်ကြီးတို့၏ ပညာရေး ထူးချွန်ဖို့အတွက်သာ အာရုံစိုက်သည်။ မိန်းမဘက်မှ ထိုလူမိုက်ညီအစ်ကို နှစ်ယောက်နှင့် ပြဿနာ ကင်းရှင်းအောင် နေသည်ထင်ပါရဲ့။ လင်မယားနှစ်ယောက် စလုံး မိုးလင်းမှ မိုးချုပ်အထိ လေဘေးထည်များ လျှော်တန်သည်ကို လျှော်၊ မီးပူတန်သည်တို့ကို မီးပူတိုက် အစရှိသဖြင့် တရစက် အလုပ်လုပ်ရသည်။ ကံကောင်းလျှင် နိုင်ငံခြား ပိုက်ဆံများ အဝတ်အစား အိပ်ထောင်(အိပ်ကပ်) များထဲပါလာပါက သူရို့ ရတတ်သည်။ ဂျပန်ပိုက်ဆံ ယန်းငွေများ၊ အမေရိကန် ဒေါ်လာများ ရံဖန်ရံခါ လေဘေးထည်များထဲတွင် ပါလာတတ်သည်။

ဒိုဘီလုပ်ငန်းဆိုတာ လေဘေးဈေးသည်တွေကို မှီခိုပြီး လုပ်ကိုင်စားသောက်ရတာကိုး။ ရပ်ကွက်ထဲက လူတွေက တကူးတက ပိုက်ဆံအကုန်ခံပြီး ဒီုဘီသည်တွေကို အဝတ် ဘယ်လျှော်ခိုင်းမလဲ။ ကိုယ်တိုင် လျှော်ကြမှာပေါ့။ လေဘေးဈေးသည်တွေကသာ စီးပွားရေး အရ အထည်တစ်ရာ နှစ်ရာအစရှိသဖြင့် လျှော်ခိုင်းကြတာ။ ဒီတော့ လေလေးသည်တွေ စီးပွားရေး အတက်အကျပေါ် မူတည်ပြီး ဒိုဘီသည်တွေ အလုပ်အကိုင် ရမှု၊ မရမှု ဖြစ်ရတာ။ လေးဘေးသည်များ အရောင်း အဝယ်ကောင်းပါက ဒိုဘီသည်များထံ အဝတ်အထည်များ စဉ်ဆက်မပြတ် အပ်နှံကာ အလုပ်ပေးနိုင်သည်။ တဖန် လေဘေးအဝတ်အထည်များ ရောင်းဝယ်ဖောက်ကား မှု များလာခြင်းသည် လူအများ အဝတ်အထည်အသစ်များကို ဝယ်နိုင်မှုအင်းအား နည်းပါးလာခြင်းဖြစ်သည်။ တနည်းအားဖြင့် ဆင်းရဲသား လူတန်းစား များပြားလာခြင်း ဖြစ်သည်။ ကျွန်တော့် အမေ၏ လေဘေးလုပ်ငန်းသည် အောက်ခြေ အခြေခံလူတန်းစာ ဆင်းရဲသားများနှင့် အများဆုံး ထိတွေ ဆက်ဆံရသော လုပ်ငန်းလည်း ဖြစ်သည်။ ထို့ပြင် လေဘေးလုပ်ငန်းသည်လည်း ဆင်းရဲသား လုပ်ငန်းပင် ဖြစ်သည်။ စတိုးဆိုင်ကြီးများ၊ တရုတ်ဖြစ် အဝတ်အထည် ဈေးကွက်နှင့် စာလျင် တစ်နိုင်တစ်ပိုင် လုပ်ငန်းလေးမျှသာ ဖြစ်သည်။ ဆင်းရဲသား လူတန်းစား အတွက် လေဘေးထည်များသည် ဈေးနှုန်းသက်သာသော အဝတ်အထည်များ ဖြစ်သလို၊ လေဘေးသည်များ နှင့် ဒိုဘီသည်များသည်လည်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အကျိုးပြုကြရသည့် လုပ်ငန်းသဘော သဘာဝ ဖြစ်ကြသည်။

ဒီတော့ ဦးလှမောင်တို့ လင်မယားသည် ကျွန်တော်တို့ အိမ်သို့ မကြာခဏ ဆိုသလို ရောက်လေ့ ရှိသည်။ အမေအပ်သည့် အထည်များ လျှော်ဖို့လာယူသည့် အခါ လာယူသလို၊ လျှော်ဖွတ်ပြီး မီးကြွေ(မီးပူ)တိုက်ပြီးသား အထည်များကို အစီအရီခေါက်ကာ ပလပ်စတစ်ကြိုးဖြင့် စည်းလျက် လာပြန်အပ်သည့် အခါလည်း လာပြန်အပ်သည်။ ကျွန်တော်တို့အိမ်မှ ဦးလှမောင် ပြန်သည့်အခါ ရံဖန်ရံခါဆိုလျှင် အမေသည် မိညိုစားဖို့ ပြောင်းဖူးများ ထည့်ပေးတတ်လေ့ ရှိသည်။ မိညို အပေါ် ခင်မင်ရင်းစွဲရှိနေပြီဖြစ်သော အမေသည် မိညိုအတွက် အမြဲ စိတ်ပူတတ်လေ့ရှိသည်။ မိညို နေမကောင်းဘူးဟု ဆိုလျှင် မိညိုအား ဆရာဝန်ပြရန် ဆေးဖိုးများ ဦလှမောင်အား ပေးလေ့ရှိသည်။

မိညိုသည် ခံစားလွယ်၊ ငိုလွယ် ရယ်လွယ် အမျိုးအစားမျိုးဖြစ်သည်။ သူမနေမကောင်းလျှင် မျက်နှာကလေး ညိုးညိုးငယ်ငယ်နှင့် မျက်ရည်များ ကျကာ ငိုနေတတ်သည်။ အမြဲတမ်းလိုလို တစ်ယောက်ယောက်က သူမအား ချော့ချော့မော့မော့ ကြင်ကြင်နာနာ အဖေါ်လုပ်ကာ အားပေးနေမှ စိတ်ကျေနပ် ပျော်ရွှင်လေ့ရှိသည်။ ထိုအချိန်မျိုးတွင် သူမအနားတွင် ရှိနေတတ်သည်က ဦးလှမောင် သို့မဟုတ် ဒေါ်သိန်းတန် သာ ဖြစ်သည်။ “ဟဲ့ ငါ့ သမီး လေး..မငိုပါနဲ့” ဆိုပြီး မိညိုကို ဂရုတစိုက်နဲ့ အားပေးနေတဲ့ ဒိုဘီသည်လင်မယားအား သူရို့အိမ်သွားသည့် အခါနှင့် ကြုံလျှင် တွေ့ရတတ်သည်။ ဦးလှမောင်တို့ လင်မယားက မိညိုအပေါ် ကြင်နာစွာ ဆက်ဆံတတ်သလောက် ဒေါ်သိန်းတန်၏ ထောင်ထွက် အစ်ကိုကြီး ဦးဇော်ထွန်းက စိတ်မထင်လျှင် မထင်သလို့ မိညိုများ ရိုက်တတ်သေးသည်။ မိညိုလေးသည် ဦးဇော်ထွန်းအား ကြောက်ရရှာသည်။ ကျွန်တော်တို့သည် သဘောကောင်း စိတ်ထားနူညံ့သော မိညိုကို ခင်မင်ရင်းနှီးကြသလောက် ရက်စက်ကြမ်းတမ်းသော ဦးဇော်ထွန်းကိုတော့ ရွံရှာမုန်းတီးကြသည်။

ဦးလှမောင်တို့ လင်မယားနှစ်ယောက်၏ ဒိုဘီလုပ်ငန်းမှ ဝင်ငွေတစ်ခုတည်းဖြင့် ရပ်တည်နေကြရသော မိသားစုသည် ကြပ်တည်းလွန်းလှသည်။ ဦးလှမောင်တို့ လင်မယား၊ ဦးဇော်ထွန်း၊ မိညို၊ လှိုင်ဘွား၊ ဒူမှတ်ကြီး၊ ထို ပါးစပ်ပေါက် ခြောက်ပေါက်ရှိသော မိသားစုသည် တဖြည်ဖြည်းနှင့် ကြပ်တည်းလွန်းမက ကြပ်တည်းလာသည်။ ဦးဇော်ထွန်းသည် အလုပ်အကိုင်ဟူ၍ ဘာမှ မယ်မယ်ရရ မလုပ်။ သူသည် လူ့ပေါက်ပင်မျှ။ လှိုင်ဘွားနှင့် ဒူမှတ်ကြီးတို့က အတန်းပညာများ အောင်မြင်ဖို့ ကြိုးစားနေကြသည်။ ထိုဆင်ရဲသား မိသားစုထဲမှာပင် မိညိုသည် တဖြည်းဖြည်းနှင့် မိခင်လောင်းတို့ အရွယ်ပင် ရောက်လာခဲ့သည်။

မိညို (၁)


ကျွန်တော်တို့က သူမကို မိညိုလို့ပဲခေါ်ကြသည်။ကျွန်တော်တို့ဆိုတာ ရပ်ကွက်ထဲက ကလေး၊လူကြီးတွေ အားလုံးကို ပြောတာပါ။ သူကိုတွေ့စက မျက်လုံး ညိုပြာညက်နဲ့ ပျိုရွယ်စ အရွယ်ကလေး ဖြစ်သည်။ မိညိုတို့ ရပ်ကွက်က ပုဏ္ဏာကုန်း။ ကျွန်တော်တို့ ရပ်ကွက်က ပေါက်ပေါက်တန်း။ မိညိုတို့ ရပ်ကွက်ကို သွားလျင် ကြားက သေတ္တာဝင်း ကို ဖြတ်သွားရသည်။ ပုဏ္ဏာကုန်း က ရပ်ကွက်လို့သာ ဆိုရတယ် တရားဝင် နာမည် မဟုတ်။ မျက်နာစာ လမ်းမကြီးနှင့် ကပ်လျက်ရှိသည့် လူနေအိမ်များ၏ အနောက်တွင် လမ်းကြိုလမ်းကြားလေးများဖြင့် ဖွဲ့စည်းထားသော တဲအိမ်လေးများရှိသည့် အုပ်စုကို ပုဏ္ဏာကုန်းလို့ အများက ခေါ်ကြသည်။ ပုဏ္ဏာကုန်းမှ လမ်းကြိုလမ်းကြားများသည် လူတစ်ယောက်စာ လမ်းလျှောက်လို့ရရုံသာ ရှိသည်။ လမ်းတဖက်ထိပ်မှ စက်ဘီးတစ်စီးလာလျှင် အခြားလမ်းတဖက်ထိပ်မှ လူက စောင့်ပေးရသည်။ လမ်းကျဉ်းတယ် ဆိုတာ အဲဒီလောက် အထိကျဉ်းတာ။ပုဏ္ဏာကုန်းလို့ ဆိုသည့် အတိုင်း ပုဏ္ဏား အများစု နေကြသည်။

သေတ္တာဝင်း ဆိုတာလည်း တရားဝင် ရပ်ကွက် နာမည် မဟုတ်။ သစ်သား သေတ္တာများ လုပ်ရောင်းသော စီးပွားရေးလုပ်ငန်းများ စုစုဝေးဝေးရှိကြသည့် အတွက် ထိုမိသားစုများ နေကြသည့် အပိုင်းကို သေတ္တာဝင်းလို့ သမုတ်လိုက်ကြသည်။ သေတ္တာဝင်းကို ဖြတ်သွားလျင် သစ်သားပြား အစိုများကို လမ်းနဘေးတွင် ဟိုဟိုဒီဒီ နေလှမ်းထားကြသည့် အတွက် ထင်းရှုးသား အနံ့၊ ကညင်သား အနံ့ စသည့် သစ်သားနံ့များကို ရှုရှိုက်ရသည်။ ရိုက်ထားပြီးသား သေတ္တာများကို ဆင့်ထားကြသည်မှာလည်း တောင်ပုံရာပုံ။ မိုးတွင်းဆိုလျင် သစ်သားစိုတို့၏ အနံ့များသည် ပိုမို စူးရှနေတတ်ကြသည်။ ပျဉ်ပြားများကို ဖြတ်တောက်ရာမှထွက်လာသော ပျဉ်စ အမှုန့်များကလည်း လမ်းဘေး တဖက် တချက်တွင် စုပုံ ပြန့်ကျဲနေတတ်သေးသည်။ ထိုပျဉ်မှုန့်များသည် နွေရာသီတွင် ခြောက်ခြောက်သွေ့သွေ့ လေအပွေ့တွင် ဖုန်ထတတ်လျက်၊ မိုးရာသီတွင် စိုစိုစိစိရွှံ့ဗွက်များ အပေါ်မှ ဖို့ရာတွင် အသုံးပြုကြသည်။ ဆောင်ရာသီတွင်ကား နေရောင်လည်း နည်း၊ အပူချိန်လည်း နည်းသောကြောင့် အစိုဓာတ်များ အလွယ်တကူ မခြောက်တတ်ချေ။ တနည်းအားဖြင့် သေတ္တာဝင်းသည် တစ်ဆယ်နှစ်ရာသီပတ်လုံး သစ်သားဓာတ်များ ခြုံလွှမ်းထားသည့် ရပ်ကွက်လည်းဖြစ်သည်။

မိညိုကို ကျွန်တော် စတွေ့တုန်းက သေတ္တာဝင်းထဲမှာပင် ဖြစ်သည်။ အဲဒီတုန်းက ကျွန်တော်တို့ ကလေးတစ်သိုက်က လေတံခွန်(စွန်) လိုက်ကြသည်တွင် နယ်ကျွံ၍
သေတ္တာဝင်းထဲသို့ ရောက်သွားကြသည်။ ထိုအချိန် မိညိုကို တွေ့ရသည်မှာ သူမသည် ဒိုဘီသည်ကုလားဦးလှမောင် ခေါ်ဆောင်ရာနောက်မှ ဂျစ်တီးဂျစ်ကန် ပုံစံဖြင့် ခပ်စွာစွာ လမ်းလျှောက်လျက်ရှိသည်။ ပျိုမျှစ်စ အရွယ်လေးဆိုတော့ ငယ်ရွယ်သူတို့ ထုံးစံအတိုင်း မာန်လေးတွေက ရှိတတ်ကြသည်။ ခွန်အားတွေ မာန်တွေနှင့် အရာရာကို တွန်းလှန် ပုံကန်မည့် ဟန်တွေ အပြည့်။ ကျွန်တော်တို့ ကလေးတွေကို ပေးစောင်းစောင်းနှင့် တချက် ချက်လှမ်းကြည့်လိုက်တတ်သေးသည်။ အဲတုန်းက သူမကို မိညိုလို့ မခေါ်တတ်ကြသေး။ နောက်မှ သူမကို မိညိုလို့ ခေါ်မှန်း တစ်ယောက်စကား တစ်ယောက်နားဖြင့် သိလာရသည်။ သူ့မ အသားရောင် ညိုညိုညက်ညက်လေးကြောင့် ထင်ပါရဲ့။ ထိုစဉ်က အပျိုဖြန်းကလေး မိညိုရဲ့ အဆက်အပေါက်ကလည်း ပြေပြစ်သန့်စင်လှသည်။

ဦးလှမောင်အား ရပ်ကွက်ထဲတွင် ဒိုဘီကုကား ဦးလှမောင် အဖြစ် သိထားကြသည်။ သူရို့ လင်မယား နှစ်ယောက်လုံးက ကျွန်တော့် အမေ၏ လေးဘေးအဝတ်အထည်များကို ပင်တိုင်လျှော်ကြသည်၊ ရှေးတုန်းက အဆိုအရဆိုရင်တော့ သူရို့ကခဝါသည်တွေပေါ့။
လေဘေး ဈေးလောကတွင် လေဘေးအထည်သည်များ ကိုယ်စီ၌ ပင်တိုင် လက်စွဲ ဒိုဘီသည်များရှိကြသည်။မိမိတို့ အပ်သည့် အထည်များအား အခြားအထည်သည်များ၏ အဝတ်အထည်များနှင့် မရောနှောမိစေရန် ကိုယ်ပိုင် လက်စွဲဒိုဘီကုကားများသာ ထားရှိတတ်ကြသည်။ ဦးလှမောင်တို့ လင်မယားက အမေ၏ ပင်တိုင် ဒိုဘီသမား။

ကလေးအရွယ် သားနှစ်ယောက်နှင့် ဦးလှမောင်တို့ မိသားစုအတွက် မိညိုသည် မိသားစုဝင် အသစ်လည်း ဖြစ်လာသည်။ ဦးလှမောင်သား အငယ်ကောင် ဒူးမှတ်ကြီးအား ပုရစ်နှိုက်ထွက်ဖို့ သွားခေါ်တိုင်း မိညိုအား တွေ့ရတတ်သည်။ တစ်နှစ်သာ ကြီးသော ဒူးမှတ်ကြီးအစ်ကို လှိုင်ဘွားကလည်း ကျွန်တော်တို့နှင့်အတူ ကစားလေ့ရှိသည်။ နောက်အတော်အတန်ကြာမှ မိညိုသည် ကျွန်တော်တို့ ကလေးတစ်သိုက်အပေါ် ခင်ခင်မင်မင် ရှိလာသည်။ သူမ၏ မျက်လုံး ရွဲရွဲလေး နှစ်လုံးက ကျွန်တော်တို့ အပေါ် ချစ်ကြောင်း ခင်ကြောင်းပြတတ်၊ ကြည့်တတ်သည်။ ထိုနောက် မိညိုက ကျွန်တော်တို့ ကလေးတစ်သိုက်အနား ကပ်ကာ ရစ်သီရစ်သီ လုပ်နေတတ်သည်။ ခမြာမှာ တစ်ယောက်ထဲ ပျင်းရှာရော့ပေါ့။ ကလေးများဖြစ်ကြသော ကျွန်တော်တို့ အမြင်တွင် မိညိုသည် ကြင်နာတတ်သည့် အသည်းနှလုံး ပိုင်ရှင်မှန်း သိသာလှသည်။

ဦးလှမောင်တို့ အိမ်သို့ အမေက အထည်တွေ သွားအပ်တိုင်း ကျွန်တော်က လိုက်သွားတတ်သည်။ သူရို့ အိမ် ၌ ကစားနေကြဖြစ်သော ကျွန်တော်က မိညိုကို အမေထက် အရင် သိကျွမ်းရသည်။ ပထမဦးဆုံး အကြိမ် မိညိုကို အမေတွေ့တော့ တအံတသြနှင့်။ အဆစ်အပေါက် ကြည့်ကောင်းလွန်းလို့တဲ့။ မိညိုက အမေ့ကို ခင်ခင်မင်မင်နဲ့ နေတော့ သဘောကျလို့ မဆုံး။ “အမလေးဟဲ့..ကိုလှမောင်တို့ မိညိုကတော့ ငါ့ကို ခင်ရှာတယ် တော့” လို့ အမေကိုယ်တိုင် ကျေကျေနပ်နဲ့ ပြောရတယ်။ နောက်တော့ အမေလည်း မိညိုကို ချစ်သွားတယ်။ ကျွန်တော်က “မိညို” လို့ ခေါ်တော့ အမေက “ဟဲ့ နင့် က ဘယ်လိုလုပ် သူနဲ့ သိနေရပြန်တာတုန်း” လို့ မေးပြီး အားလုံးက ဝိုင်းရယ်ကြတယ်။ အဲဒီလို ရယ်မောသံတွေ လွင့်ပြန့်နေတတ်တဲ့ ဧည့်သည်တွေ တရုံးရုံးရှိတဲ့ အချိန်တွေဆိုရင် မိညိုတို့ သိပ်ပျော်ပေါ့။ မိညိုျမှာ အပေါင်းအဖေါ်တွေအပေါ် ခုံမင်တဲ့ ဗီဇကပါလာတယ်။

အဲဒီ အပေါင်းအဖေါ် မက်တဲ့ ဗီဇကြောင့်ပဲ ထင်ပါရဲ့ မိညိုလည်း ဦးလှမောင်တို့အိမ်ရောက်ပြီး သုံးလလောက်ကြာတော့ လည်လည်ဝယ်ဝယ်ရှိလာတယ်။ ပုဏ္ဏာကုန်းတစ်ခုလုံးကလည်း မိညိုကို သိသည်။ သိမှာပေါ့ ပုဏ္ဏာကုန်းက အိမ်ဆိုတာက ခြံစည်းရိုးကာတယ် ဆိုရုံလေး ကာထားတာ။ တစ်အိမ်နဲ့ တစ်အိမ်က မိသားစုဝင်တွေလို့ အလွယ်တကူ ဝင်ထွက် သွားလာကြတယ်။ နောက် ဦးလှမောင်တို့ အိမ်ကလည်း လမ်းထောင့်ဆိုတော့ လမ်းမကြီးဘက် ထွက်ချင်ရင် သူရို့အိမ်ထောင့်က ဖြတ်သွားရတာ။ ဖြတ်သွားတဲ့ လူတိုင်း ဟိုလူကလည်း “ဟေ့ မိညို”၊ ဒီလူကလည်း “ဟေ့ မိညို” နဲ့ နူတ်ဆက် သွားတတ်ကြတယ်။ နောက်တော့ ဟိုဘက်ရပ်ကွက်၊ ဒီဘက်ရပ်ကွက်က လူတော်တော်များများနဲ့လည်း မိညို သိလာတယ်။

မိညို ပိုပြီး လည်လည်ဝယ်ဝယ် ရှိလာတဲ့ အခါ ဘယ်တော့မှ အိမ်မကပ်တော့ဘူး။ နီးစပ်ရာ ရပ်ကွက်တွေထဲ ဟိုရှောက်သွား၊ ဒီလျှောက်သွား လုပ်နေတတ်သည်။ ဦးလှမောင်တို့ လင်မယားကလည်း ဒီရက်ကွက် ပတ်ဝန်းကျင်ကို ယုံကြည်စိတ်ချတဲ့ အတွက် သိပ်ပြီး မိညိုကို တင်းတင်းကျပ်ကျပ် လုပ်မထားဘူး။ ညနေပိုင်း အချိန်တန်လို့ အိမ်ပြန်မလာတော့မှသာ ဦးလှမောင် မိန်းမ ဒေါ်သိန်းတန် ကိုယ်တိုင် မိညိုကို လိုက်ခေါ်ရတာ။ မိညိုကို မနက်ပိုင်း ဘယ်အိမ်ရှေ့မှာတွေ့လိုက်တယ်။ နေ့ခင်ပိုင်းမှာ ဟိုဘက်ရပ်ကွက်က မကျီးပင်အောက်မှာ ကလေးတွေနဲ့ မိညိုကို တွေ့လိုက်ရတယ်။ အစရှိသဖြင့် အဲဒီလို ဟိုအိမ်ကအပြော၊ ဒီအိမ်ကအပြော နဲ့ လိုက်ရှာရသည်။ မိညိုက ရပ်ကွက်ထဲ လျှောက်သွားနေလေ့ရှိတော့ အိမ်တိုင်းက မိညိုကို သိကျွမ်းနေကြတယ်လေ။

မိညိုကို ဦးလှမောင်တို့ ဘယ်က ဘယ်လို ခေါ်လာတယ် ဆိုတာ ဘယ်သူမှ တိတိကျကျ မသိကြဘူး။ ကျောက်ဆည် ကုန်းရွာမှာရှိတဲ့ ဦးလှမောင်တို့ ဆွေမျိုး နီးစပ်တွေ အမွေခွဲကြတဲ့ ပြဿနာဖြစ်လို့ ခေါ်လာတာလို့ ရိုးတိုးရိတ်တိပ် ပြောသံတွေ လောက်ပဲ ကြားဘူးတယ်။ ရွာက ခေါ်လာခါကစ အရိုင်းဆန်ဆန် မိညိုလေးက မကြာခင်မှာပဲ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ လျှောက်သွားနေတတ်တဲ့ မိညို အယဉ်လေး ဖြစ်သွားတယ်။ ဒီရပ်ကွက်တွေနဲ့ ဒီပတ်ဝန်ကျင်က လူတွေ အကြားမှပဲ ကျင်လည်ပြီး မိညို အရွယ်ရောက်ခဲ့တယ်လို့ ပြောရမှာပဲ။

သတိရမိတဲ့ ငယ်ငယ်က မန္တလေး (၃)


အဖေ အလုပ်မသွားသော စနေ၊ တနင်္ဂနွေနေ့မျိုးတွင် ခိုတောင်မုန့်တီကို ထမင်းနှင့် နယ်ကာ နေ့လည်စာ အဖြစ်စားကြသည်။ နေ့လည်ခင်းတွင် ခိုတောင်သည်တို့ လာကြသည်။ အဖေ အကြိုက်ဆုံးက ဦတာရဲဈေးထဲတွင် စခန်းချသော ဒေါ်ရွှေကြီး၏ ခိုတောင်မုန့်တီဖြစ်သည်။ “သူ့ ခိုတောင်မုန့်တီက ငံပြာရည် အခရာကွ” ဟု အဖေ မကြာခဏ ချီးမွမ်းခန်း ဖွင့်သည်။ အဘွားက အစပ်မစားနိုင်သောကြောင့် ဆီနီ မထည့်။ ဆီဝါနှင့်သာ သုပ်သော ခိုတောင်မုန့်တီ နှစ်ကျပ်ဖိုးကို အဖေအပါအဝင် တစ်မိသားစုလုံး စားနိုင်ရန် ဇလုံထဲတွင် ထမင်းနှင့်ရောနှယ်ကာ ခွဲဝေစားကြရသည်မှာ ကြည်နူးစရာပင်။ မှတ်မှတ်ရရ ထိုစဉ်က ဇလုံဝါသည် ဆိုရှယ်လစ်ခေတ် သမဝါယမက ထုတ်ပေးသော ပြည်တွင်းဖြစ် ဇလုံဖြစ်သည်။ အပေါ်ယံဆေးသားများ ကွာသည့် အခါ အောက်က သံများ ပေါ်နေတတ်သည်။

ခိုတောင်ရွာမှ မန္တလေး မြို့ပေါ်သို့ တက်ကာ ရောင်းကြသော မုန့်တီကို ခိုတောင်မုန့်တီဟု ခေါ်ကြသည်။ အသားမပါ။ ပဲမုန့်၊ ဆီနီ၊ ဆီဝါ၊ ကြက်သွန်ကျော်၊ ငံပြာရည်၊ အချိုမှုန့်၊ မှုန့်ကြွပ်ကျော်လေးဖြင့်သာ သုပ်သော မုန့်တီသည်များကို နေ့လည် နေ့ခင်းအချိန် မကျည်းပင်အောက်၊ ကုက္ကိုလ်ပင်အောက် စသည့် အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများ အောက်တွင် တွေ့ရတတ်သည်။ ပိန်းရိုး၊ ကြာစွယ်တို့ဖြင့် ပြုတ်ထားသော ဟင်းချိုရည်ကို မြေအိုးထဲတွင်ထည့်ကာ အမြဲပူနွေးနေစေရန် အဝတ်ဖြင့် လုံအောင်ပတ်လျက် သူရို့၏ ခေါင်းရွက်ဗန်းထဲတွင် အတူတပါတည်း ယူလာကြသည်။

ကျွန်တော်တို့ ရပ်ကွက်၏ နေ့လည် နေ့ခင်း အချိန်တွင် စားစရာသည်များ စုံလင်လှသည်။ ဈေးသည်တို့၏ အော်ဟစ်ရောင်းချသံများကို သူ့အချိန်နှင့်သူ ကြားရတတ်သည်။ စားချင်သည့်အစားအစာ အာသီသပေါ်လာပါက သူ့အချိန်နှင့်သူ စောင့်နေပါလျှင် ဗန်းရွက်ဈေးသည်များ၊ တွန်းလှည်းနှင့် ဈေးသည်များ အား ဖမ်းမိနိုင်ပါသည်။

“သာကူယို၊ နွားနို့ ထမင်း”ဟူသော အသံသည် ၁၂-နာရီခွဲနှင့် နာပြန်တစ်ချက်တီး အကြားတွင် ပေါ်လာတတ်သည်။ ထိုဈေးသည် မိန်းမသည် “သာ” ဆိုသည့် အသံကို ခပ်အစ်အစ် အသံဖြင့် အော်ကာ “ယို” နှင့် “မင်း” ဆိုသည့် အသံကို တော်တော်ကြီး ဆွဲပြီး အော်လေ့ရှိသည်။ ထို့ ကြောင့် ဤအသံနှင့် ဆိုလျှင် သည်မိန်းမ၊ အခြားအသံနှင့် ဆိုလျှင် အခြား မိန်းမဟု အိမ်ထဲမှနေ၍ အလွယ်တကူ ခွဲခြားလို့ ရသည်။

နေ့လည် နှစ်ချက်တီးချိန်တွင် ရေခဲချောင်းသည်လူကြီးတစ်ဦး စက်ဘီးနောက်တွင် ရေခဲပုံးတင်ကာ ခေါင်းလောင်းသံ တင်..တင်..တင်..မြည်စေလျက် အိမ်ရှေ့လမ်းမကြီးမှ ဖြတ်သွားသည်။ ခေါင်းလောင်းသံ၊ ရေခဲချောင်းတင်သည့် စက်ဘီး၊ အမြဲနေလောင်ထားသည့် မွဲပြာရောင် အသားရေ၊ ခန္ဓာကိုယ် ပိန်ပိန် ပါးပါးနှင့် အနားများ ဖွာနေသော မြက်ဦးထုပ်ကို ဆောင်းထားတတ်သည့် ထိုရေခဲချောင်းသည် ဦးလေးကြီးသည် အမြဲဒွန်တွဲနေတတ်သော ပုံရိပ်များဖြစ်သည်။သူသည် သူ့ရေခဲချောင်းကို အော်ဟစ် ရောင်းချခြင်းမရှိ။ သူ့ခေါင်းလောင်းသံ လွင်လွင်ကလေးကသာ သူ့ကို ကိုယ်စားပြုထားသည်။

ထိုရေခဲချောင်းသည်ကြီးနှင့် မရှေးမနှောင်းတွင် ပြောင်ဖူးပြုတ်သည် အဖိုးကြီးတစ်ဦး ပေါ်လာသည်။ သူ၏ အသံကို ခုနစ်အိမ်ကျော်၊ ရှစ်အိမ်နီးပါးဆီမှ စတင်ကြားရတတ်သည်။
“ရှမ်းပြောင်းဆို စီးစီးလေး…ငချိတ်” ဟု နားခေါင်းသံကို တမင် လုပ်ယူကာ မြင့်မားသော အသံနှုန်းဖြင့် တစ်မိနစ်ခြား တစ်ခါအော်လေသည်။”ရှမ်းပြောင်းဆို စီးစီးလေး…”ဆိုသည့် စကားစုကို တဆက်တည်း တောက်လျှောက်အော်လျက် “ငချိတ်” ကို ပြုတ်ကျသွားကာ တုံးတိဖြတ်ချလိုက်သော ပုံစံဖြင့် အဆုံးသပ်သည်။ သူသည် သုံးဘီးတပ် လက်တွန်းလှည်းကလေးဖြင့် ပြောင်းဖူးပြုတ်ရောင်သည်။ သူ့မျက်နှာသည် အငြိမ့်ထဲမှ လူပျက်တစ်ယောက်လို မကြာခင် ဟာသပျက်လုံးများ လုပ်တော့မည် မယောင်။ သူသည် အမြဲတမ်း ပြုံးနေလေ့ရှိသည့် မျက်နှာကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်သည်။

“မှောင်..မှောင်..မှောင်” ဆိုသည့်မောင်းသံလေးနှင့် အတူ သီးစုံ အချဉ်ပေါင်းရောင်းသည့် လက်တွန်းလှည်းကလေးများလည်း ထိုအချိန်မျိုးတွင် ပေါ် လာတတ်သည်။ဂွေးသီး၊ သရက်သီး၊ ဇီးဖြူသီး၊ မက်မန်းသီး၊စောင်းလျှားသီး၊ စသည့် အသီးတို့ကို သဂျက်ဆီ(သကြားအဆီ သို့မဟုတ် ဆေးသကြား) ဖြင့်နယ်ထားသည်။ ပလတ်စတစ်အိတ် သေးသေးလေးတွင် ထည့်ကာ ငပိကြော် ငရုတ်သီးမှုန့်ကြော်တို့ဖြင့် အပေါ်မှ ဖြူးကာ စားကြရသည်။ ထိုစဉ်က ချဉ်ပေါင်းတစ်ထုပ်ကို တစ်မတ်။ အချဉ်ပေါင်းသည်များသည် လူငယ်ယောင်္ကျားများသာ ဖြစ်ကြသည်။

မန္တလေး၏ နေ့လည်ခင်း အချိန်သည် တစ်ဆယ်နှစ်ရာသီပတ်လုံး ပူပြင်းနေတတ်သည်။ နွေရာသီတွင်ကာ အထူးပြောစရာ မရှိပြီ။ အိမ်ရှေ့ လမ်းတဖက်မှ ကုက္ကိုလ်ပင်ကြီးသည် လမ်းမကြီးကို မိုးကာ အရိပ်ပေးထားသည်။ ဖြတ်သန်းသွားလာသူတို့ ကုက္ကိုလ်ပင်ရိပ်အောက်တွင် နားခို အမောဖြေကြရသည်။ ခရီးဝေး လျှောက်လမ်းသည့် ဈေးသည်တို့ ခရီးတစ်ထောက်နားခိုရာလည်း ဖြစ်သည်။ ခိုတောင်မုန့်တီသည်တို့လည်း နားခိုတတ်သည်။

ထိုကုက္ကိုလ်ပင်ကြီးကို အမှီပြုကာ အသက်မွေးဝမ်းကြောင်းပြုကြသူများ အထဲတွင် ရပ်ကွက်တကာလှည့်ကာ သစ်ပင်ကြီးများမှ ချိတ်များကို ခွာယူသူများလည်း ပါဝင်ကြသည်။ ကုက္ကိုလ်ပင်ကြီးသည် သက်တန်းကြီးရင့်လာသည်နှင့် အမျှ ချိတ်များ စွဲလာသည်။ ချိတ်များကို ပြန်လည် ရောင်းစားပါက ပိုက်ဆံရသည်။ ထိုသည်အတွက် သူရို့သည် ကုက္ကိုလ်ပင်မှ ချိတ်စွဲနေသည့် သစ်ကိုင်း သစ်ခက်များကို မကြာခဏဆိုသလို ချိုးချယူကြသည်။ ပိုးစွဲသလို စွဲနေသော အနီရင့်ရောင်စေးပျစ်ပျစ် ချိတ်အဖတ်များကို ခွာယူကြသည်။ ထိုချိတ်ခွာသမားများ ကုက္ကိုလ်ပင်ကြီးပေါ်တက် အလုပ်များရှုပ်ကြသည့် အခါများတွင် ဥသြငှက်တို့ ဝေးရာသို့ ရှောင်ပြေးကြရသည်။ ထိုကဲ့သို့ နေ့ခင်းမျိုးတွင် ဥသြတို့၏ ဆွတ်ပျံဖွယ် တွန်းကျုးသံကို မကြားရတော့ပြီ။ သစ်ခက် ချိုးသံ တဖြောင်းဖြောင်း အသံများသာ ကြားရသည်။ ချိတ်ခွာသမားများ ပြန်တော့ ကုက္ကိုလ်ပင်၏ အေးမြသောအရိပ်များ ပြောက်ကွယ်ပြီး ပိုမို ပူပြင်းသော နေရောင်နှင့် ကိုင်းခက် အကျိုးအပြတ်များသာ အပင်ခြေရင်းတွင် ကျန်ရစ်ခဲ့သည်။

ထိုပူပြင်းသော မန္တလေး၏ နေရောင်ကို အံတုလျက် ဝမ်းစာအတွက် တိတ်ဆိတ်စွာ သွားလာနေသော လူတစ်ဦး ရှိနေပါသေးသည်။ သူသည် မြင့်မြတ်သော ဗြဟ္မာမျိုးနွယ်ဝင် ပုဏ္ဏားတစ်ဦးလည်းဖြစ်သည်။ သူသည် သန့်ရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်လျက် လက်ကိုင်ရိုးအကောက် ထီးမဲကို လက်မောင်းတွင် ချိတ်ကာ ရပ်ကွက်တကာ လှည့်လည် ဗေဒင်ဟောလေ့ရှိသည်။ သူစီးထားသော ရာဘာဖိနပ်တို့သည် လမ်းလျှောက်ရဖန် များသောကြောင့် ပါးလျှပ်နေသည့်တိုင်အောင် သူ့အတွက် အသုံးတည့်နေတုန်းပင်။ သူ့အတွက် စနေနံ ဖိနပ်အသစ် ဘယ်တော့များမှ ဝင်ပါမည်နည်းဟု သူကိုယ်တိုင် တွက်ဆမိပါရဲ့လား လို့ တွေးမိခဲ့တယ်။ အဘွားကတော့ ထိုဗေဒင်ဆရာ ပုဏ္ဏားနှင့် ဗေဒင်ပညာ အကြောင်း ဆွေးနွေးလေ့ ရှိတယ်။ ကျွန်တော်က အဘွားနှင့် ကပ်လျက် မဟာဘုတ်တိုင် ထူးနည်းကို လေ့လာသည်။

ထို့နောက် “အုန်းပေါင်း ငှက်ပျော်သီးကြော်” နှင့် “ခေါ်ပဲပေါင်း အကြော်” ဆိုသည့် အသံတို့သည် နေ့လည် သုံးနာရီ ထိုးမှ ပေါ်လာတတ်သည်။ ခေါ်ပဲပေါင်းဆိုသည်မှာ ကောက်ညင်းကို ပဲစဉ်းငုံနှင့် ပေါင်းထားသည်ကို ခေါ်သည်။ ပဲနှင့်ရောကာ ပေါင်းသည့်အတွက် ကောက်ညင်းသည် ပဲ၏အညိုရောင် သမ်းသွားသည်။ ခေါ်ပဲပေါင်းအပေါ် ဆီဆမ်း၊နှမ်းဖြူကာ အကြော်နှင့် စားကြရသည်။ အများအားဖြင့် ဘရာကြော်(မတ်ပဲကြော်)၊ ကုလားဘရာကြော်၊ ပဲစဥကြော်၊ မြင်းခွာရွက်ကြော်တို့ ဖြစ်သည်။ တချို့ ဈေးသည်တို့က ငါးအရေခွံကြော်တို့ပါ တွဲရောင်းတတ်သည်။ ကောက်ညင်းပေါင်းကို အုန်းသီးဖြူးကာ ဖီးကြမ်းငှက်ပျော်သီးကြော်နှင့်လည်း စားတတ်ကြသည်။ ထိုကဲ့သို့ နေ့လည်အစာပြေ စားတတ်ကြသည်မှာ ကျွန်တော်တို့ မန္တလေးရပ်ကွက်၏ ဓလေ့ ထုံးစံဖြစ်သည်။

နေ့လည်နေ့ခင်း နေမင်း ၏ အပူပြင်းဆုံး အချိန်တို့တွင် ကျွန်တော်တို့ ရပ်ကွက်သည် ခပ်ငြိမ်ငြိမ် ခပ်ဆိတ်ဆိတ် သာ ရှိသည်။ အိမ်ရှေ့က လမ်းမကြီးသည်လည်း ပူပြင်းသော နေရောင်အောက်တွင် ပျင်းရိစွာ လှဲလျောင်းနေလေ့ရှိသည်။ အရာရာသည် လေးလံ ဖင့်တွဲလျက် ရှိသည်ဟူ ထင်ရသည်။ ရံဖန် ရံခါ ကြိုကြား ကြိုကြား ပေါ်လာတတ်သော ပလပ်စတစ်ကောက်သည့် ကောင်းလေးများကြောင့် ခွေဟောင်သံများ ကြားရသည်။ ထိုအခါ အိပ်မောကျနေသော ကျွန်တော်တို့ ရပ်ကွက်ကို လန့်နိူးလိုက်သလို တခဏတာမျှ အင်း.အဲ.နှင့် လှုပ်ရှားသွားသည်။ ဟိုအိမ် ဒီအိမ်မှ ခေါင်းထောင်ကြည့်ကြသည်။ ထို့နောက် ပြန်လည် အိပ်မောကျသွားသကဲ့သို့ တိတ်ဆိတ်သွားတတ်ပြန်သည်။

တဖြည်းဖြည်းနှင့် ညနေ နေစောင်းလို့ အပူရှိန် သက်သာစ လေးနာရီ ခန့်တွင် အိမ်တွင်းမှ သက်ကြီးပိုင်းများ ဟိုမှ ဒီမှ အပြင်ထွက်ကာ အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်လျက် ညနေခင်း၏ အေးမြသည့် ရှု့ခင်းကို ခံစားကြသည်။ကျောင်းဖွင့် ချိန် ဆိုလျှင် သည်အချိန်မျိုးသည် ကျောင်းဆင်းချိန် ဖြစ်သည့် အားလျော်စွာ လမ်းမပေါ်တွင် အထက်တန်း ကျောင်းသူ ကျောင်းသားများ၊ မူလတန်း ကျောင်းသားလေးများ ဥဒဟို ပျားပန်းခတ်မျှ လှုပ်ရှား သွားလာကြသည်။ နေမင်းသည်လည်း အနောက်ဖက် ယွန်းယွန်းဆီသို့ အိကာ ကျနေတတ်သည်။ နေ့ခင်းက ခြောက်ခြောက်သွေ့သွေ့ နှင့် အိပ်မောကျခဲ့သည့်လမ်းမသည်လည်း ဆူဆူညံညံအသံများဖြင့် ပြန်လည် နိုးထလာသည်။

ထို့နောက် မုန့်လုံးကြီး ဆီစိမ်သည် သည် အိမ်ရှေ့လမ်းမပေါ်မှ ဖြတ်သွားတော့သည်။ ထိုဗန်းရွက်ဈေးသည်သည် တစ်ခေါ်ခန့် အကွာမှနေ ၍ “မုန့်လုံးကြီး ဆီစိမ်” ဟု အသံ ခပ်မှန်မှန်နှင့် တစ်ခါသာ အော်သည်။ ထိုတစ်ခါတည်းအော်သည့် အသံ မကြားလိုက်ပါက ထိုနေ့အဖို့ မုန်းလုံးကြီး ဆီစိမ်ဝယ်စားဖို့ မဖြစ်နိုင်တော့။ ကျွန်တော် ငယ်ငယ်က မုန်းလုံးကြီး ဆီစိမ် စားချင်သည့် အခါတွင် ဈေးသည်မိန်းမကို လေးနာရီနှင့် ငါးနာရီ အကြားတွင် လည်ပင်း ရှည်ထွက်အောင် မျှော်ရသည်။ သို့ပေသည့် အဘွားက ဝယ်မကျွေးနိုင်သည်က များသည်။ ကောက်ညင်းပြား ပျော့ပျော့လေးကို ဆီစိမ်ထားကာ အုန်းသီကြော် ကြွပ်ကြွပ်လေး နှင့် သကြား ဖြူးထားသော မုန့်လုံးကြီး ဆီစိမ်ကို ထိုစဉ်က တစ်ခု ငန်းမူ(ငါးမူး) ပေးရသည်။

ညနေ နေဝင်ရီသရောအချိန်တွင် လေပုတ်ထုတ်ဆေးရောင်းသည့် အဖိုးကြီးနှင့် အဘွားကြီး လင်မယား အထမ်းကိုယ်စီနှင့် ရောက်လာသည်။ သူရို့သည် ကိုယ်ပိုင် ဗမာ့နည်း ဗမာ့ဟန်ဖြင့် ဖော်စပ်ထားသော အစာကြေလျက်ဆား၊ လောက်စာလုံးခန့် လေပုတ်ထုတ်ဆေးလုံး တို့ကို သတင်းစာ စက္ကူဖြင့် ထုပ်ကာ တစ်ထုပ်ကို တစ်မတ်ဖြင့် ရောင်းကြသည်။ ထိုစဉ်က စားလို့ရတာမှန်သမျှသည် ကျွန်တော့်အတွက် သရေစာပင်။

ထိုအချိန်တွင် ကုက္ကိုလ်ပင်အောက်မှ အကြော်ဆိုင်သည် ခင်ကျင်းပြင်ဆင်ပြီးကာ မီးဖိုက မီးခိုများ ပင် စတင် အူတက်လာပြီ။ ကျွန်တော်တို့ ရပ်ကွက်၏ ထုံစံအတိုင်း ဘရာကြော်(မတ်ပဲကြော်)၊ ကုလား ဗရာကြော်တို့သည် အဓိက အကြော်များ ဖြစ်ကြသည်။ ပြီးမှ တို့ဖူးကြော်၊ ငါးကလေးကြော်၊ ဘူးးသီးကြော်၊ မြင်းခွာရွက်ကြော် တို့ကို ကြားဖြတ် အလျင်းသင့်သလို တစ်ဒယ်စီခန့် ကြော်သည်။

ကျွန်တော်တို့ ညစာသည် အများအားဖြင့် အိမ်ရှေ့ အကြော်ဆိုင်မှ ဘူးသီးကြော်၊ ဘရာကြော်တို့ကို ဟင်းလုပ်စားကြသည်။ အိမ်ကို ဧည့်သည်လာလျင် ဘူးသီးကြော် ဝယ်ကြွေးကြသည်။ ငှက်ပျောသီး၊ သရက်သီးတို့နှင့် ထမင်းစားတတ်သော အဖေသည် တခါတရံ ငှက်ပျောသီးဖြင့် ညစာထမင်းစားသည်။ အဖေ အလုပ်ပြန်ချိန်သည် မိုးစုန်းစုန်းချုပ်လို့ မှောင်မှ အိမ်ပြန်ရောက်တတ်သည်။ ဝါတွင်းဆိုလျှင် ဓမ္မာရုံဆီမှ အော်လံ အသံစမ်းသံများ စတင် ကြားရတတ်သည်။ အိတ်တန်းတက်ရန် ငှက်တသိုက်တို့လည်း ကုက္ကိုလ်ပင်ကြီးဆီသို့ ကွန်းခိုလာကာ မအိပ်ခင် ငှက်သဘင်ကျင်းပနေကြသည့် အလား ဆူညံပွက်လောရိုက်လျက် ရှိသည်။ အဘွားသည် ပုတီးကို စိတ်လျက် အဖေ ပြန်လာချိန်ကို မျှော်ရရှာသည်။ အဘွားဆီမှ ပရိတ်ကြီး ဆယ်တစ်သုတ် တီးတိုးရွတ်ဆိုသံသည် အဖေအိမ်ပြန်ရောက်မှ ပိုမို တည်ငြိမ် ပီပြင်သွားလေ့ရှိသည်။ ထို့နောက်တွင် ကျွန်တော့်အတွက် ပုံပြင် နားထောင်ဖို့ အချိန်ရောက်လေသည်။

အဘွားပုံပြင် ပြောပြချိန်တွင် လရောင်သည် ရွန်းလဲ့နေတတ်သည်။ တခါတရံ ကြယ်ရောင်များ ပြိုးပြိုး ပြက်ပြက် လင်းလက်လျက် အဆုံးအစမဲ့ ကောင်ကင်ပြင်ကြီးကို ပြတင်းပေါက်မှ ငေးမောကြည့်ရင်း စာကျက်ဖို့ကို သတိမေ့နေတတ်သည်။ အတန်းကြီးလာတော့ စာကျက်ချိန်တွေလည်း ပိုလာတတ်သည်။ ညလေပြေလာတော့ ဇီးကွက်တို့ အသံစပေးလေသည်။ အိမ်နောက်ဖက် ခြံဆီမှ ညမွှေးပန်းရနံ့သည် လေအသုတ်တွင် ပါလာတတ်သည်။ ထိုညလေကြောင့်ပင် ဓမ္မာရုံမှ ဓမ္မစင်္ကြာ ရွတ်ဖတ်သံတို့သည် ဝေးလာလိုက် နီးသွားလိုက် ရှိတတ်၏။ တခါတရံ အိမ်နောက်ဖေးမှ ကြွက်စုတ်တို့ ရန်ဖြစ်သံများ ကြားရတတ်သည်။ အိမ်ရှေ့လမ်းမပေါ်တွင် အိမ်အပြန် မြင်းလှည်းများမှ မြင်းခွာသံ လေးလေးပင်ပင်များလည်း ရှိသည်။ နှစ်အိမ်ကျော်မှ ဆယ်တန်းကျောင်းသူ ကောင်မလေးတစ်ယောက် စာအကျယ်ကြီး ကျက်လျက်လည်းရှိတတ်သည်။

ညဉ့်နက်လာသည်နှင့် အမျှ ရပ်ကွက်ဓမ္မာရုံမှ ဓမ္မစင်္ကြာ ရွတ်ဖတ်သံသည် တိတ်ဆိတ်သွားခဲ့ပြီ။ညသည် တစ်စစနှင့် ပင်ပန်းနွမ်းနယ်လာကာ ဆိတ်ငြိမ်ခြင်းသို့ ဝတ်ဆင်း တွားသွားနေတော့သည်။ တစ်ဖြည်းဖြည်းနှင့် ပကတိ ငြိမ်သက်ခြင်းသို့ ရောက်လာသည်။ ရပ်ကွက်တစ်ခုလုံးသည် တိတ်ဆိတ်ခြင်း မက တိတ်ဆိတ်သွားသည်။ ကျွန်တော် စာကျက်ပြီးလို့ အိပ်ရာ ဝင်ခါနီးတော့ “ထာပနာထုပ် ပြန်ပေါင်းထုပ် ပူချိုမွှေး” ဆိုသည့် ဈေးသည် ကောင်းလေး၏ အသံကို တိတ်ဆိတ်ညထဲမှာ အဝေးကပင် သဲ့သဲ့ကြားရသည်။ အလွန်တိတ်ဆိတ်နေသော ည သန်းခေါင် ရောက်လု ရောက်ချိန် ကျွန်တော်တို့ အိမ်ရှေ့ရောက်သည် အခါ သူ့ အသံက စူးရှစွာ ထွက်ပေါ်တတ်သည်။ သူ့အသံအရ သူသည် လူကြီးသံ မပေါက်သေးသည်ကို သိသာသည်။ ကျွန်တော့်စိတ်ထဲတွင် သူ့အသံသည် တောင်းပန်းခယ ငိုးကြွေးသံတို့ ရောယှက်နေတတ်သည်ဟု ထင်သည်။ ဝမ်းစာအတွက် ပူနွေးသော ထာပနာထုပ်များကို ပုဆိုးထုပ်ထဲတွင်ထည့်ကာ ကျော်ပေါ်ထမ်းလျက် တစ်ညလုံး လှည့်လည် ရောင်းနေရမည်လား မသိ။ ကျောက်ဆစ်မီးသတ်က ထိုအချိန်ဆိုလျှင် တစ်ဆယ်နှစ်နာရီ သံချောင်း ခေါက်သည်။ မာရှယ်လောများ ထုတ်သည့် ခေတ်တွင် သူ့ကို သတိရမိသေးသည်။

ကျွန်တော်တို့ အိမ်ရှေ့ကလမ်းမကြီးအပေါ် ဘဝပေါင်း စုံလင်စွာ ဖြတ်သန်းသွားခဲ့ကြသည်။ နောင်တွင်လည်း ထိုကဲ့သို့ ဘဝတွေ နင်းလျှောက်သွားကြလိမ့်အုံးမည်။ ထိုလမ်းမ၏ ဘေးတစ်ဖက်တွင် အဖေသည် ယနေ့ အချိန်ထိ မနက်ခင်း၏ နွေးထွေးသည့် နေရောင်အောက်၌ နေ့စဉ် ဆွမ်းလောင်းနေမြဲပင်။ အမေကတော့ ဆွမ်းဟင်းများ ချက်ပြုတ်ကာ သားဖြစ်သူ နေကောင်းကျန်းမာစေရန် ဆုတောင်းပေးလျက်ရှိသည်။ လွမ်းတတ်သော အမေသည် ငိုရှိုက်သံနှင့် သားကို လွမ်းနေရကြောင်း အမြဲပြောရှာသည်။ ကျွန်တော်ကိုယ်တိုင်လည်း တဖန်ပြန်ပြီး အိမ်ရှေ့က လမ်းမကြီးအပေါ် လှုပ်ရှားနေသော ရင်ခုန်သံ စည်းချက်များနှင့်အတူ ခြေလှမ်းများ လှမ်းလျက် ကျွန်တော့် အမေ့အိမ်ကို ပြန်ချင်လှသည်။ ကျွန်တော့်ကို အမေ ပြုံး ၍ ကြိုဆိုနေမှာ အမှန်ပင်။ ထို့ပြင် အရင်ကလို တံခါးတိုင်များ နောက်ကွယ်တွင် တိတ်တဆိတ် ရပ်ကာ အိမ်ရှေ့မှ ဖြတ်သန်းသွားသမျှ လူတို့အကြောင်းကို ဘာသာပြန်ကြည့်ချင်သည်။ ကျွန်တော် ချစ်မြတ်နိုးသော၊ မြော်လင့်တကြီး စောင့်စားကာ ဝယ်စားရလေ့ရှိသော မုန့်သည်၊ ခေါင်းရွက်သည်များကို တစ်ယောက်ပြီး တစ်ယောက် ခေါ်ကာ စကားတွေပြော၊ မုန့်တွေ ဝယ်စားချင်လှပါပြီ။ ပြီးဆုံးသွားခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ နိဗ္မာန်ဘုံကို ပြန်လည် အသက်သွင်းပါရစေလား။

အနန္တမေတ္တာဖြင့်
ဘကောင်း

သတိရမိတဲ့ ငယ်ငယ်က မန္တလေး (၂)


ကျွန်တော်တို့အိမ်သည် လမ်းမနှင့် ဦးတိုက်လျက်ရှိသည်။ ထို့ပြင် ရပ်ကွက်ဓမ္မာရုံကလည်း ကျွန်တော့်တို့ အိမ်နှင့် မျက်နှာချင်ဆိုင်တည့်တည့် လမ်း၏ အစတွင်ရှိသည်။ ထိုဓမ္မာရုံမှ လမ်းမအတိုင်း အရှေ့သို့ ဆက်တက်သွားလျှင် ပြည်ကျော်ဈေး(ယခင် ဦးတာရဲဈေး) သို့ ရောက်မည်။ ထိုမှ တဖန် စင်္ကြာသီဟဘုရား၊ ထိုမှ တဖန် ၈၄-လမ်း သို့ ရောက်မည်။ ဓမ္မာရုံမှအရှေ့သို့ မသွားပဲ အနောက်သို့ ဆင်းလာလျှင် ထိုလမ်းမသည် ကျွန်တော်တို့ အိမ်ကို ဦးတိုက်ပြီး အနောက်သို့ ကွေ့ဆင်းသွားသည်။ ထို့နောက် ကိုးလုံးတကာ ဘုရားသို့ ရောက်မည်။ ထိုမှတဆင့် တောင်ဘက်သွားလျှင် စိန်ပန်း၊ အနောက်ဘက် ဆက်သွားလျှင် ချမ်းသာရ ထုံးကုန်းသို့ ရောက်မည်။ အမည် မရှိသော ထိုလမ်းမ၏ ထောင့်တွင် ကျွန်တော်တို့ အိမ်ရှိသည်။ လမ်းမ၏ အခြားတဖက် ထောင့်တွင် သက်တမ်းရင့်လှပြီး ဖြစ်သော ကုက္ကိုလ်ပင်ကြီးတစ်ပင်လည်း ရှိသည်။ ဝါတွင်းကာလအတွင်း ထိုဓမ္မာရုံမှ ညစဉ် ညစဉ် ဓမ္မစကြာတရားကို ရွတ်ဖတ်ကြသည့် အခါ အော်လံကြီးဖြင့် အရပ်ရှစ်မျက်နှာလုံး လူတွေ အိပ်ချိန်အထိ ဖွင့်လေ့ရှိသည်။ ကျွန်တော် ငယ်စဉ် ဘဝတစ်လျှောက်လုံး ကြားရဖန်များလာတော့ ထိုဓမ္မစကြာတရားကို အလိုလို မှတ်မိနေသည်။ ထိုပြင် ထိုရွတ်ဖတ်ကြသူတို့၏ သံနေသံထားအား နားယဉ်နေသည့် အားလျော်စွာ ထိုသူတိုသည့် တရားစာရွတ်ဖတ်ရာတွင် ထူးချွန်ပြောင်မြောက် ပီပြင်လှပေသည်ဟု ချီမွမ်းမိသည်။ သို့ရာတွင် လူရွယ်ဘဝရောက်သည်တွင် အိပ်ရေးပျက်သည့် အခါများ၌ ထိုအော်လံကြီးနှင့် ကြားရသည်ကို နှိတ်စက်လွန်းလှပေသည်ဟု မကျေမနပ်မေတ္တာများ ပို့ပေးလိုက်သေးသည်။

အမေနှင့် အဖေသည် ဘာသာရေးကိုင်းရှိုင်းကြသော မိရိုးဖလာ ဗုဒ္ဒဘာသာဝင်များဖြစ်ကြသည်။ အိမ်၌ နေ့စဉ် မနက်တိုင်း အနည်းဆုံး သံဃာ သုံပါး ဆွမ်းခံကြွသည်။ အမေနှင့် အဖေတို့က ထိုင်ကိုယ်တော်ဟု ခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ထို ထိုင်ကိုယ်တော်များ အပြင် အဖေသည် အိမ်ရှေ့ထွက်၍ ဆွမ်းတစ်ဇလုံခန့်ကိုလည်း ဖြတ်သွားဖြတ်လာ ကိုယ်တော်များအား ဆွမ်းထပ်မံလောင်းသောကြောင့် ဖြစ်သည်။ ထိုင်ကိုယ်တော်များသည် အများအားဖြင့် သက်တော် ဝါတော်ကြီး ဆရာတော်များသာ ဖြစ်ကြသည်။ ထို့ကြောင့် ရက်ကောင်းရက်မြတ် အခါသမယများတွင် ထိုထိုင်ကိုယ်တော်များသာ ကျွန်တော်တို့ အိမ်သို့ တရားလာရောက်ဟောကြသည်။

ကျွန်တော်တို့ ရပ်ကွက်တွင် ရဟန်း သံဃာ ဘုန်းကြီး မရှားလှချေ။ အိမ်အနီးအနားတဝိုက်တွင် စကုတိုက်၊ဂွေးချိုတိုက်၊ မိုးကောင်းတိုက်၊ မကွေးတိုက် အစရှိသည့် ဘုန်းကြီးကျောင်းတိုက်များ စုစုစည်းစည်း တည်ရှိကြသည်။ ထို့ကြောင့် ဘုန်းကြီးကျောင်း ပညာရေးများလည်း ရှိခဲ့သည်။ ကျွန်တော်ဆိုလျှင် ငယ်စဉ်အခါ ပြေးလွှား ဆော့ကစားတတ်သည့် အရွယ်၌ ဧကျောင်း ဘုန်းကြီးကျောင်းတွင်နေရသည်။ မှတ်မှတ်ရရ ဆွမ်းကျန်များစားရသည်တွင် ထမင်းသိုးများ ရော၍ပါလာခဲ့သေးသည်။ ထို ဧကျောင်းတွင် အတော်အသင့် နေပြီး ချမ်းသာရ ထုံးကုန်း အမေဘက်မှ အဘိုးနေသည့် ရပ်ကွက်ထဲမှ စိန်တောင်ကျောင်းသို့ ရောက်သွားသည်။ စိန်တောင်တွင်မှ အစိုးရ အတန်းပညာကို စတင် သင်ကြားရသည်။ နောင်တွင်မှ အမေက စိန်တောင်ကျောင်းမှ ထုတ်ကာ သတ်သတ်မှတ်မှတ် အမှတ် (၁၃) အစိုးရမူလတန်းကျောင်းသို့ ပြောင်းပေးခဲ့သည်။

ကျွန်တော် ငယ်စဉ်က အိမ်တံခါး သစ်သားတိုင်များ အကြားမှ အိမ်ရှေ့လမ်းမ အပေါ် ဖြတ်သွား ဖြတ်လာ လုပ်နေကြသော လူများကို နေစဉ် မပြတ်တမ်း တမေ့တမော စောင့်ကြည့်လေ့ရှိသည်။ ထိုစဉ်တုန်းက ရင်းနှီးခဲ့သော ပုံရိပ်များကို ယနေအချိန်တွင် ပြန်လည် ပုံဖော်ကြည့်သော အခါ ပုံရိပ်တို့၏ နောက်ကွယ်တွင် မပီပြင်သော ဘဝတေးများ ဟစ်ကြွေးနေကြသည်ဟု ခံစားမိသည်။ ရပ်ကွက်ထဲတွင် ဖြတ်သန်းသွားခဲ့သော ကျွန်တော် မြင်တွေ့ခဲ့ရသည့် လူတို့သည် သူရို့၏ ဘဝအခြေအနေ၊ မိသားစု အရေး၊ အစုံစုံကို သူရို့၏ နေ့စဉ် လှုပ်ရှားမှုများက သရုပ်ဖေါ်နေသလိုပင်။ တနည်းအားဖြင့် တစ်လက်မခန့် အကျယ်သာရှိသည့် သစ်သားတိုင်းများ အကြားမှ စိတ်လှုပ်ရှားဖွယ်အတိ၊ ပျင်းရိငြီးငွေ့စရာ မရှိသော ဘဝရုပ်ရှင်ကို ချောင်းမြောင်းကြည့်ရှု့နေရခြင်းပင်။

ကျွန်တော်တို့ ရပ်ကွက်ကို ကျောက်ဆစ်တန်းလို့လည်း ခေါ်သည်။ နောင် အနှစ် ငါးဆယ် တစ်ရာ အတွင်း ထိုနာမည်သည် ပျောက်ဆုံးသွားဖွယ် ရှိသည်။ အဘယ်ကြောင့်ဆိုသော ကျောက်ဆစ်တန်းရပ်သည် တရားဝင် နာမည် မဟုတ်။ အစိုးရ ရုံး ဋ္ဌာန စာရင်းဇယားဝင်သည်က ပေါက်ပေါက်တန်းရပ် နှင့် ဥယျာဉ်တန်းရပ်ဟူသော အမည် နာမများအဖြစ်သာ ဖြစ်သည်။ တောင်ပြင် ဘုရားကြီးတွင် ရှိသော ကျောက်ဆစ်တန်းသည်ကာ တကယ့် ကျောက်ဆစ်တန်းမည်သည်။ သို့ရာတွင် ယခင် အနှစ်သုံးဆယ်ကျော် ကျွန်တော် ငယ်စဉ် ကလေးဘဝ မတိုင်မီကတည်းက သည် ပေါက်ပေါက်တန်းရပ်ကွက်နှင့် ဥယျာဉ်တန်း ရပ်ကွက် အကြားတွင် ဘုရားဆင်းတုများ၊ ကျောက်ဆစ်ရုပ်ထုများ ထုဆစ်ခဲ့ကြသည်။ သို့ရာတွင် ဤနေရာ ၌ ကျောက်ဆစ်လုပ်ငန်းများ လုပ်ကိုင် ခဲ့ကြသည်ကို နောင်တချိန်တွင် မည်သူ သိရှိနိုင်တော့ပါအံ့။ ကျောက်ဆစ်တန်း မီးသတ် ရုံ အဖြစ်သာ အမှတ်တရကျန်ရစ်ခဲ့သည်။ ကျွန်တော် ငယ်စဉ်က ကျောက်ဆစ် ရုပ်တု အကျိုးအပဲ့များ လမ်းထောင့် နေရာများတွင် တွေ့မြင်ရသေးသည်။ တဖြည်းဖြည်း ကျောက်ဆစ် လုပ်ငန်းရှင်များ ရွှေ့ပြောင်း စွန့်ခွာသွားကြသောအခါ ဘာမှ မကျန်ရစ်ခဲ့တော့ပေ။

ကျွန်တော်တို့ အိမ်ရှေ့က လမ်းမကြီးသည် လမ်းထောင့်ဖြစ်သည့် အားလျော်စွာ ဟိုဖက် ဒီဖက်က လာကြသော စက်ဘီးစီးသမားများ၊ မော်တော်ကား၊ မြင်းလှည်း နွားလှည်းများ မျက်နှာချင်းဆိုင် ဦးတိုက်မိကြသည်။ တစ်ဦးနှင့်တစ်ဦး မထိမိ၊ မခိုက်မိ၊ မတိုက်မိအောင် စက်ဘီးသမားများက ကလင် ကလင်နှင့် အသံပေးကြ၊ မော်တော်ကားကြီးများက ဟွန်းသံများ တီးကြ၊ မြင်းလှည်း သမားများက မြင်းရိုက် တုတ်တံအား လည်နေသော ဘီးလုံးအပေါ်တွင်တင်၍ တပ်..တပ်..တပ် နှင့် အသံထွက်စေလျက် မြင်းလှည်းလာနေကြောင်း အသံပေးကြရသည်။ တနည်းအားဖြစ် ကျွန်တော့် အိမ်ရှေ့ လမ်းထောင့်သည် အမြဲတမ်း အသက်ဝင်လှုပ်ရှား ဆူညံနေလေ့ရှိသည် မြင်ကွင်း တစ်ခုဖြစ်သည်။

မနက်အလင်းရောင် မရောက်သေး၊ လင်းအာရုံ မကျင်းလင်းသေးခင်မှာပင် တကျီကျီ၊ တကျွိကျွိနှင့် လက်တွန်းလှည်းသံများကို အိမ်ရာထဲမှ နိုးတဝက်နှင့် စတင်ကြားရတတ်သည်။ စာမေးပွဲနီးလို့ မနက်စောစော စာထကျက်သည့် အခါများတွင်မှ ထိုလက်တွန်းလှည်း သမားများကို ကိုယ်တိုင် ကိုယ်ကျ အိမ်ထဲမှ လှမ်းမြင်ရတော့သည်။ သူရို့သည် အိမ်မှုံစုံမွားဖြင့် လေးကန်သော ခြေလှမ်းများကို တလှမ်းခြင်း လှမ်းလျက် ဈေးချို၏ မနက်ခင်း ကိုင်းတန်းဈေးတန်းများ ဆီသို့ အမှီ သွားကြသည်။ နှစ်ဘီးတပ်လှည်းများသည် ကုန်ပစ္စည်းတင်းသောအခါ ရှေ့ဘက်မှ ဆွဲကြရသော ဆွဲလှည်းများလည်းဖြစ်ကြသည်။ မြင်းလှည်းတွင် ဝန်ကို မြင်းကဆွဲရသကဲ့သို့၊ ဆွဲလှည်းတွင်လည်း ဝန်ကို လူကဆွဲရသည်။ ထိုဆွဲလှည်း သမားတို့နှင့် အတူ အဖေသည် နံနက်ခင်း အလင်းမထွက်ခင် အမှောင်ထုထဲ တိုးဝင်ကာ အလုပ်သွားရသည်ကို မျက်စေ့အောက်မှကွယ်ပျောက်သွားသည်အထိ ငေးမေားကြည့်ခဲ့ဖူးသည်။ အဖေကဲ့သို့ မနက် အာရုဏ်အလင်းရောင်နှင့် အပြိုင် တလှုပ်လှုပ် သွားနေကြသော လူများလည်းရှိသည်။

ထိုကဲ့သို့ အချိန်မျိုးတွင် အိမ်ရှေ့မျက်နှာချင်းဆိုင်မှ ကုက္ကိုလ်ပင်ကြီးပင် မနိုးသေးချေ။ ကုက္ကိုလ်ရွက်တို့သည် တစ်ရွက်နှင့်တစ်ရွက်ပူးကပ်ထားက ရွက်သိမ်းထားတုန်းပင်။ ညက အိပ်တန်းတက်ခဲ့သည့် ငှတ်တို့သည်လည်း ထိုကုက္ကိုလ်ကိုင်းတို့ ပေါ်တွင် အိပ်စက်နေကြတုန်း။ တဖြတ်ဖြတ်နှင့် အတောင်ခတ် ပျံသန်းသွားသော ခင်ဘုတ်နှင့် ဇီးကွက်တို့ကို အရိပ်ပမာသာ လှမ်းမြင်လိုက်ရတတ်သည်။ ထိုအချိန်မျိုးဆိုလျှင် ကျောက်ဆစ်မီးသတ်မှ လေးနာရီ သံချောင်းခေါက်သည်။

အဖေ အိမ်မှ အလုပ်သို့ ထွက်သွားပြီ တစ်နာရီခန့်တွင် ခေါင်းရွက် ငချိတ်ပေါင်း သည်ကို တွေ့ရသည်။ မနက် အလင်းရောင် မရှိတရှိ လင်းအားကြီးချိန်ဖြစ်သည့် အားလျော်စွာ ငချိတ်ပေါင်းသည် သည် ဟစ်အော်ခြင်းမရှိ။ တိတ်ဆိတ်စွာ လမ်းမပေါ်တွင် ဖြတ်သန်းသွားလေ့ရှိသည်။ အဘွားက သေသေချာချာ စောင့်ကြည့်ပြီးမှ ငချိတ်ပေါင်းသည်ကို ခေါ်ကာ ငချိတ်ပေါင်းနှင့် ပဲပြုတ်ကို ဝယ်ယူရသည်။ အဝတ်အိတ်ကြီးထဲတွင် ထည့်ထားသော ငချိတ်ပေါင်းတို့သည် ပူနွေးနေကာ ငချိတ်နံ့တို့က သင်းနေလေ့ရှိသည်။ ထိုစဉ်က ခေါင်းရွက်သည်တို့ ရောင်းသော ငချိတ်ပေါင်း နှင့် ပဲပြုတ်တို့ကို ၅-ကျပ်သား၊ ၁၀-ကျပ်သား အစရှိသဖြင့် အလေးချိန်နှင့် ချင်တွယ်ကာ ဝယ်ယူရသည်။ကျွန်တော် မှတ်မိသမျှ ရပ်ကွက်အတွင်းဖြတ်သန်းသွားသမျှ ခေါင်းရွက်သည်တို့ အထဲတွင် ထို ငချိတ်ပေါင်းသည် သည် အစောဆုံး ဈေးသည်ပင် ဖြစ်သည်။ ထိုစဉ်တုန်းက မန္တလေးတွင် ကောက်ညင်းပေါင်းကို အုန်းသီးနှင့် စားသည့် ဓလေ့နည်းသေးတယ် ထင်သည်။ ငချိတ်ပေါင်းပဲ ရောင်းကြသည်။ ထို့ကြောင့် ယနေ့အချိန်အထိ ကျွန်တော်သည် ငချိတ်ပေါင်းကို ပိုမိုနှစ်သက်တုန်းပင်။ ကောက်ညင်းပေါင်းနှင့်ငချိတ်ပေါင်းကို ရွေးရလျှင် ငချိတ်ပေါင်းပဲ ရွေးဖြစ်မည်။

ထိုခေါင်းရွက်သည် လာပြီးနောက် မကြာခင်တွင် အလင်းရောင်သည် တစစနှင့် တအိအိ ရပ်ကွက်ထဲ ချဉ်းနှင်း ဝင်ရောက်လာသည်။ နေ့သစ်ကို ကြိုဆိုရန် ကုက္ကိုလ်ရွက်တို့ ဖြန့်ခင်းကြလေပြီ။ ညခင်းက တွေ့ရသလို ကျိုးတို့ ကျဲတဲ သစ်ကိုင်းများ မဟုတ်တော့။ အရွက်များ ဖုံးလွှမ်းသွားခဲ့သည်။ ထိုနံနက်ခင်း အလင်းရောင်တို့နှင့် အတူ ကျီးကန်းတို့ အုတ်သြော်သောင်းနင်း ပျိုဆင်းကြသည်။ စာကလေးများ တကျိကျိနှင့် ကပျောကသော ရောက်ရက်ခတ် အော်ဟစ်ကြသည်။ သင်္ဃန်းဝါဝါနှင့် ရဟန်း သံဃာတို့ကိုလည်း ဟိုဟို ဒီဒီမှာ စတင်မြင်ရပြီ။ ထိုအချိန်ဆိုလျှင် အဘွား၏ ထမင်းအိုးလည်း ကျက်ပြီး၊ ထိုင်ကိုယ်တော်များကို ဆွမ်းလောင်းရန် အဆင်သင့်ဖြစ်နေသည်။ အိမ်ရှေ့လမ်းမကြီးသည် တဖြည်းဖြည်း အသက်ဝင် လှုပ်ရှားလာသည်။ ထမင်းအကျန်ကို ဖြန့်ကျဲကာ ခိုစာကျွေးသူတွေကြောင့် လမ်းနဘေးတွေ ခိုတွေ တရုန်းရုန်းနှင့် ရှိနေတတ်သေးသည်။ လမ်းမပေါ်တွင်လည်း စက်ဘီးစီးသူများကို တွေ့ရပြီ။ မြင်းလှည်းနှင့် နွာလှည်းများ မန္တလေး လမ်းမများအပေါ် မောင်းခွင့်ရှိတုန်းက တခွပ်ခွပ် မြင်းခွာသံများနှင့်အတူ မြင်းလှည်းများ၊ တကျီကျီနှင့် လိမ့်နေသော နွားလှည်းဘီးလုံးများသည်လည်း ကတ္တရာလမ်းမ အပျက်အပေါ် ဖိကြိတ်သွားလာကြသည်။ အဖေ မြင်းလှည်းမောင်းတုန်းကဆို ဒီလိုအချိန် မြင်လှည်းမောင်း ထွက်လေမလား ဟု မှန်းဆကြည့်မိသည်။ အိမ်ရှေ့က လမ်းမသည် ထိုစဉ်က နွေရာသီဆိုလျှင် အခြောက်၊ လေပွေ အဝေ့တွင် ဖုန်များ မိုးမွှန်အောင် ထကြွကြသည်။ မိုးရာသီဆိုလျှင် ဖုန်အစား ရွှံဖွက်တို့ အတိသာ ရှိသည်။ယခင်မိုးပြီးလို့ ရွှံဖွက်တို့ ခြောက်လုခြောက်ခင်တွင် နောက်မိုးက ပြန်လည်စိုစွတ် ဖွက်ထစေသည်။ မိုးတွင်းအခါတွင် ရွှံဗွက်များ တော်ရုံနှင့် မခြောက်သော လမ်းမပေတည်း။

မနက်ခင်း အသက်ဝင်ကာ ရပ်ကွက်ကြီးတစ်ခုလုံး နိုးထလာချိတ်တွင် “မုန့်ပစ်သလက် အကြော်” ဆိုသည့် အသံသြသြကြီးနှင့် တစ်ဖြောင့်တည်းအော်သံကို ကြားရသည်။ ထိုအသံကို ကြားရလျှင် အကြော်သည် ယောင်္ကျားကြီးများလာပြီးဆိုတာကို အိမ်ထဲမှနေ၍ သိရသည်။ သူရို့ အသွင်အပြင်သည် မန္တလေး၌ကြာမြင့်စွာ အခြေချနေထိုင်နေသည့် အသွင်အပြင်နှင့် မတူကြချေ။ ချည်ကြမ်းပုဆိုး ပတ်လည်စင်းနှင့် ချည်ကြမ်း ရှပ်အင်္ကျီလက်တို ခပ်နွမ်းနွမ်းကိုသာ ဝတ်တတ်ကြသည်။ တာရာဖိနပ်ကို စီးလျက်လည်း ရှိသည်။ တုတ်ခိုင်သော လက်မောင်း၊ လက်ဖျံကြီးများက နွားနှင့်ရုန်းကာ စစ်ကိုင်း၊ကျောက်ဆည်ဖက်မှ လယ်ထွန်လယ်စိုက်ခဲ့သူလေလား၊ သို့မဟုတ် ဧရာဝတီမြစ်ကမ်းဘက်က ငှက်ခတ်သူပေလေလားမသိ။ မည်သည် အတွက်ကြောင့် မန္တလေးမြို့ပေါ်တက် အကြော်ရောင်းရလေသနည်း။ ငယ်စဉ်တုန်းက ဒါတွေကို မစဉ်းစားတတ်။ သူရို့ရောင်းသည့် မုန်းပစ်သလက်က ရေထူ။ ပါးပါးရှပ်ရှပ် မုန့်ပစ်သလက်မျိုးမဟုတ်။ ဗန်းထဲတွင် ပဲဆီခွက်ကလေးနှင့် ဆားဘူးလေးလည်းပါသည်။ ဒုတ်တံ တိုတိုလေးထိပ်တွင် အဝတ်စပတ်လျက် ပဲဆီခွက်ထဲတွင် နှစ်ထားကာ မုန့်ပစ်သလက်ပေါ်တွင် ဆီသုပ်ပေးသည်။ ထို့နောက် ဆားဖြူးပေးသည်။ ထိုစဉ်က မုန့်ပစ်သလက် တစ်ခု ဆယ်ပြား၊ နောက် ကျွန်တော် နည်းနည်းကြီးလာတော့ တစ်မတ်။

ထိုမုန်းပစ်သလက်သည် ယောင်္ကျားကြီးများနှင့် အပြိုင် ချမ်းသာရထုံးကုံးထဲမှလာသော ခေါင်းရွက်သည် ဒေါ်လှတင်၏ “ကတိုးဝါ…ကျော်” ဆိုသည့် အသံကိုလည်း ကြားရသည်။ “ကတိုးဝါ” ကို အမြန်ဆိုလျက် “ကျော်” ဆိုသည့် စကားလုံးရောက်မှ အသံကို မြှင့်ကာ ဆွဲလိုက်သည်။ ကောက်ညင်း မုန့်နှစ်တို့နယ်ပြီး အထဲတွင် ပဲ၊ထန်းလျက် အချိုတို့ကို ထည့်ကာ ကျော်ထားသည့် အကျော်တစ်မျိုးဖြစ်သည်။ တခါတရံ သူ့အကျော်ဗန်းထဲတွင် မုန်းဆီကျော်များလည်း ပါလာတတ်သေးသည်။ မုန့်ပစ်သလက် တစ်ခု ဆယ်ပြား ခေတ်တွင် သူ့ကတိုးဝါကျော်က တစ်ခု ငန်းမူး(ငါးမူး)။

တဖြည်းဖြည်းနှင့် နေမြင့်ချိန်ရောက်လာလေ စားစရာဗန်းရွက်သည်တို့ အလျိုလျိုအိမ်ပြန် ကုန်ကြလေ ဖြစ်သည်။ ကမ္ဘာလောက အရပ်ရှစ်မျက်နှာတစ်ခွင်လုံးဆီသို့ အလင်းရောင်တို့ ပြည့်စုံစွာ ရောက်ရှိ ဖြန့်ကျက်ခဲ့ပြီးပြီ။ မကြာမီ အလင်းရောင်တို့ ပိုမို တောက်ပလာတော့မည်။ နေမင်းသည် ခေါင်းပေါ်ထိပ်တည့်တည့် ခုန်တက်ဖို့ ကြိုးစားနေသည်။ ထိုအချိန်မျိုးတွင် စားစရာဗန်းရွက်သည်တို့အစား အခြား ဗန်းရွက်ဈေးသည်များက လမ်းမပေါ် ရောက်လာကြသည်။
”ခေါင်း….လျှော်ရည်”
“ခေါင်း” ကို အာလုပ်သံဖြင့် အသံမြင့်မြင့် ဆွဲအော်ကာ “လျှော်ရည်” ကို နိမ့်ဆင်းသွားသော အသံအနေအထားဖြင့် အော်တတ်သည့် ပိန်ပိန်ပါး မိန်းမလတ်တစ်ယောက် အမြဲတမ်း ပေါ်လာတတ်စမြဲ။ ထိုစဉ်တုန်းက ယနေ့ခေတ်လို ခေါင်းလျှော်ရည်ဘူးများ မရှိသေးချေ။ နေ့လည် နေ့ခင်း ရေချိုးချိန် အမှီ တရော်၊ကင်းပွန်းတို့ဖြင့် ရောစပ်ထားသည့် စေစေးပျစ်ပျစ် ညိုညစ်ညစ် ခေါင်းလျှော်ရည်တို့ကို ကျွန်တော့် အဘွား အပါအဝင်၊ ရပ်ကွက်ထဲမှ လူအများ ခေါ်ငင် ဝယ်ယူ သုံးစွဲကြရသည်။ ထိုကဲ့သို့ ခေါင်းလျှော်ရည်မျိုးသည် တကယ့် မြန်မာ့ရိုးရာ ခေါင်းလျှော်ရည် အစစ်ဖြစ်သည်။ ပျစ်ချွဲသော အရည်တို့သည် အမြုပ်အထ နည်းသည်။ သို့ရာတွင် ထိုခေါင်းလျှော်နှင့် လျှော်ထားသော ခေါင်းသည် အလွန်အေးမြ၍ ကြည်လင်နေလေတော့သည်။ သူမ၏ ဗန်းထဲတွင် ရွှေဘိုသနပ်ခါး အတုံးအခဲလေးများ၊ ဘီးစိပ်များ၊ အပ်၊ အပ်ချည် အစရှိသည့် စုံစီနဖာ များလည်း ပါဝင်လေ့ရှိသည်။

ထို အချိန်မျိုးတွင် ဆာလာအိပ်ခပ်ညစ်ညစ်ကို ကိုယ်စီလွယ်လျက် စပုတ်တံသံချွန်တပ် တုတ်ကိုင်ထားကြသည့် ပလပ်စတစ်ကောက် ကောင်လေးများ ကို တွေ့ရတတ်သည်။ နှစ်ယောက်အုပ်စု၊ သုံးယောက်အုပ်စု၊ တခါတရံ ခပ်ကြီးကြီး တစ်ယောက်တည်းသမား ကောင်းလေးကို တွေ့ရတတ်သည်။ ရပ်ကွက်ထဲမှ ခွေးများနှင့် သူရို့သည် အမြဲတမ်း ရန်ဘက်။ တခါတရံ စစ်တလင်းပြင်အလား အလွန်ကြောက်မက်ဖွယ်ကောင်းလောက်အောင် အပြန်အလှန် တိုက်ခိုက်ကြသည်။ ခွေးလေးငါးကောင်းနီးပါက ဝိုင်းဝန် တိုက်ခိုက်သည်။ အစွယ်များ မာန်ဖီလျက် လွတ်ရာကို ကိုက်ခဲရန် ကြိုးစားသည်။သူရို့က ကျောချင်းကပ်လျက် သံချွန်တပ်တုတ်ဖြင့် ဝှေ့ရမ်းကာ ကာကွယ်ကြသည်။ ထွက်မပြေးကြ။ ရပ်ကွက်ထဲမှ လူကြီးများက ဝင်ရောက်ကာ ခွေးများအား မောင်းထုတ်မပေးလျင် ထိုစစ်ပွဲသည် မည်မျှ တာရှည်မည် မသိ။ သူရို့သည် ကျွန်တော်နှင့် သက်တူရွယ်တူ အရွယ်ကလေးများဖြစ်ကြသည်။ ထိုစဉ်က ကျွန်တော်က ရှစ်နှစ် ကိုးနှစ် အရွယ်။ တံခါးတိုင်များနောက်ကွယ်မှ ကြည့်နေသော ကျွန်တော်၏ မျက်လုံးများသည် သူရို့ကို အထင်ကြီး အားကျခဲ့သည်။ သူရို့သည် ငယ်သည်။ ဒါပေမယ့် သတ္တိရှိသည်။

နေမွန်းတည့် မရှိတရှိ အချိန်တွင် မုံရွေးကပ်ကျေးသည် အဖိုးအိုနှင့် သူ့မြေးမတို့ ကျွန်တော်တို့အိမ်ရှေ့ လမ်းမမှ ဖြတ်ကာ အနောက်ရပ်ထဲသို့ ဆက်သွားကြသည်။ အမျိုးမျိုးသော ကပ်ကျေးဆိုက်စုံတို့ကို ထမ်းပိုး ရှေ့ဆိုင်းနှင့် နောက်ဆိုင်းတို့တွင် ထည့်ကာ ခါးကိုင်းကိုင်းနှင့် တအိအိသွားနေသော အဘိုအိုသည် မုံရွေးရွာကပေလော။ မြေးမဖြစ်သူ ကောင်မလေးက ကျွန်တော်နှင့် မတိမ်းမယိမ်း။ ထိုကောင်မလေးက “မုံရွေး ကပ်ကျေး” ဟု စူးစူးရှရှ အသံနှင့် အော်သည်။ ကျွန်တော် အံ့သြသည်က သူ့အသံသည် ကလေးသံ မပေါက်တော့။ ရင့်ကျက်နေသော မိန်မကြီးသံပင် ပေါက်နေသည်။ သူ ဘယ်အရွယ်ကတည်းက အဘိုးနှင့်အတူ ဈေးရောင်းနေရပါလိမ့်။ သူ့ အမေနဲ့ အဖေတွေက ဘယ်မှာလည်းလို့ ကျွန်တော့် တစ်ယောက်တည်း တံခါးတိုင်းတွေ နောက်မှာ တွေးနေမိခဲ့တယ်။ ထိုအချိန်မျိုးတွင် နေမင်းသည် ရက်စက်စွာ ပိုမို ပူပြင်လွန်းလှသည်ဟု ထင်မိသည်။

သတိရမိတဲ့ ငယ်ငယ်က မန္တလေး (၁)


အချိန်ကာလအားဖြင့် တစ်ဆယ့်ငါးနှစ်ကျော် နီးပါးမျှ ရှိလှရော့မယ်။ ဒီအရပ်၊ ဒီပတ်ဝန်းကျင်နဲ့အတူ မြင်နေ တွေ့နေကျ ကိုယ်နဲ့ သိသူတွေရော၊ မသိသူတွေနဲ့ ဝေးနေခဲ့တာ ကြာလှပြီကော။ အဲဒီအတိတ် ငယ်ငယ်တုန်းက ပုံရိပ်တွေကို ပြန်ပြောင်း စဉ်းစား တွေးတေားမိရင် သိပ်ချစ်စရာကောင်းတာပေါ့။ အတွေးစက်ဝန်းက အဆုံးမရှိ အစမရှိ။ တွေးမိရင် တွေးမိတဲ့ နေရာက စပြီး တငြိမ့်ငြိမ့်နဲ့ အတွေးရေအလျင်တွေထဲ ပျော်ဝင် စီးမျော လိုက်ပါသွားလိုက်တာ။တခါတရံ ကံကောင်းရင် ဝေ့ဝေ့ဝါးဝါး မေ့လုမေ့ခင် ငယ်ငယ်က အချို့ဖြစ်ရပ်ကလေးတွေ ပြန်လည် အမှတ်ရလာတတ်တယ်။ အဲဒါကို ကျွန်တော်က ဆေးသားအသစ်တင်တယ်လို့ ပြောလေ့ရှိတယ်။ အတိတ်ရဲ့ ပုံရိပ်တွေကို ပြန်လည် အမှတ်ရလာအောင် သစ်လွင်လာအောင် လို့ပေါ့။

ဦးနှောက်ရဲ့ ချောင်တနေရာမှာ တိတ်တဆိတ် ခိုဝင်နေလေ့ရှိတဲ့ ငယ်ငယ်တုန်းက အဖြစ်အပျက်တွေကို ပြန်လည် တူးဆွပြီး အမှတ်အသားလေးတွေ ပေးထားရတယ်။ သိပ္ပံခေတ်ကာလ လေ့လာစမ်းသစ်မှုတွေ အရ ဦးနောက်ရဲ့မှတ်ညာဏ် အခန်း အကန့်လေးတွေမှာ သူ့နေရာနဲ့သူ မှတ်ထားတဲ့ အချက်အလက်ကလေးတွေရှိတယ်တဲ့။ သိပ်မစဉ်းစား သိပ်မသုံးတဲ့ အကြောင်းအရာတွေက တဖြည်းဖြည်း နောက်ကိုတွန်းပို့ခံရပြီး ချောင်ထဲရောက်သွားတဲ့ သဘောမျိုးပေါ့။ အဲဒါတွေကို ကိုယ်က ပြန်သုံးမယ်ဆိုပြီး ချောင်ထဲကနေ ပြန်ဆွဲထုတ်ရပါတယ်။ နို့မိုဆို လုံးဝပျောက်ကွယ်သွားတတ်တယ်။

အဲဒီလိုမျိုး အတိတ်က ပုံရိပ်တွေကို ဆွဲထုတ်လိုက်တဲ့အခါ တချို့ဆို လန်းဆန်းသစ်လွင်နေလို့ အကြောင်းအရာတွေက ပြက်ပြက်ထင်းထင်း ပြန်လည် မှတ်မိလာတယ်။ ပေါ်လာတဲ့ အတွေးမျှင်စတွေ နောက်ကို တောက်လျှောက်လိုက်သွားကြည့်လိုက်တော့ “သြော် ဟုတ်ပေသားပဲ…အဲတုန်းက ဒီလို ဖြစ်ပျက်ခဲ့တာပဲ။ ဘယ်သူ ဘယ်ဝါတွေလည်း ပါခဲ့ကြတယ်” လို့ ပြန်လည် သြချလို့ရအောင်ကို မှတ်မိလာတယ်။ မနေ့တနေ့က ဖြစ်ပျက်ခဲ့သလိုမျိုး စိတ်ထဲမှာ ခံစားနေရတတ်တယ်။ အဲဒီလို အချိန်အခါမျိုးဆို ရင်ခုန်လွန်းလို့ ဆယ်ကျော်သက် မိန်းမပျိုမလေးသဖွယ် ရင်ထဲမှ တသိမ့်သိမ့် တလျှပ်လျှပ်နဲ့။ စိတ်လှုပ်ရှားရတာကိုး။

ကျွန်တော်မှတ်မိနေသေးတဲ့ အတိတ်က ပုံရိပ်တွေဟာ တကယ်တော့ လွန်ခဲ့တဲ့ တစ်ဆယ့်ငါးနှစ်ကျော် လာလ အချိန်အပိုင်းအခြားလေးမှာတင် ရပ်တန့်မနေခဲ့ဘူး။ တွေးတော စဉ်းစားကြည့်မယ် ကြည့်တော့လည်း အတွေးထဲ၊ ဦးနှောက်ထဲမှာ ဖြတ်ကနဲ ဖြတ်ကနဲ ပေါ်လာတဲ့ ပုံရိပ်တွေက ဓါတ်ပုံ ဖလင်လိပ်တစ်လိပ်ကို တဖြည်းဖြည်းနဲ့ ဆွဲဆန့်ထုပ်လိုက်သလိုပဲ။ ဟောဟိုမှာ ပုံရိပ်တကွက်။ ဟောဒီမှာလည်း ပုံရိပ်တကွက်။ ထွက်လာလိုက်တဲ့ အတိတ်ကအရာတွေ။ ပေါ်လာလိုက်တဲ့ မှတ်ညာဏ်တွေ။ မေ့နေပြီဖြစ်တဲ့၊ သို့မဟုတ် မေ့လုမေ့ခင်ဖြစ်နေတဲ့ အတိတ်ကို တခါတရံ ပြန်ပြီး အလည်သွားရတာ ကြည်နူးစရာပါ။

ကျွန်တော့်ရဲ့ အတိတ်က ပုံရိပ်တွေထဲမှာ ခြေထောက်တဖက် ကျိုးပြီး အရိုးဆက်ထားရလို့ ထော့နဲ့ ထော့နဲ့ လမ်းလျှောက်နေရတဲ့ အဘွားအို တစ်ယောက် နဲ့ အဲဒီအဘွားအိုရဲ့ လက်ဖဝါးတွေကို အားကိုးတကြီး ကိုင်ထားတတ်တဲ့ အသားဖြူဖြူ ကိုယ်လုံးသွယ်သွယ်နဲ့ ကောင်လေးတစ်ယောက်တို့က အမြဲတမ်း ပါလာလေ့ရှိတယ်။ နောက်တော့ သူရို့ နှစ်ယောက်ဟာ မန္တလေးမြို့ ပြင်လေးပြင်ကို ခြေလျင်တစ်မျိုး၊ မြင်းလှည်းဖြင့် တဖုံ၊ ဆိုက်ကားဖြင့် တလှည့် သွားလာနေကြတယ်လို့ မြင်ယောင်နေမိတယ်။

နက်မှောင်နေသော ဆံပင်တစ်ထွေး၊ အသားဖြူဖြူ နဲ့ အဘွားတစ်ယောက်။ အဘွားဒေါ်သစ်ကို တစ်ရပ်ကွက်လုံးက သိကြသည်။ တစ်ရပ်ကွက်လုံးကိုလည်း အဘွားက သိသည်။ အဘွား ရုပ်ရည် ရူပကာက ငယ်စဉ်တုန်းက တင့်တောင်းတင့်တယ်နှင့် မျိုးကောင်းဆွေကောင်းတို့မှ ဆင်းသက်လာကြောင်း သိသာစေသည်။ မျက်လုံး မျက်ဖန် ကောင်းပြီး ကြည်လင်နေသည်။ သန့်ရှင်းသော ရင်ဖုံးအင်္ကျီ၊ သနပ်ခါးအရည်ကျဲနှင့် ပေါင်ဒါမှုန့် နံ့ သင်းသင်းလေးက စိတ်မနောကို ပိုမို ကြည်လင် နေစေသည်။ အပြင်လူတစ်ယောက်အနေ နဲ့ အဘွားဟာ ခြေတဖက် ကျိုးနေတယ်လို့သာ ဆိုရတယ် ကျွန်တော့် စိတ်ထဲမှာ သူမဟာ ပကတိ ကောင်းမွန်ပြီး အားကိုးစရာ အဘွားတစ်ဦးပါ။ ထို့အပြင် သူမဟာ အရာရာကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်တဲ့ အမျိုးသမီး တစ်ဦးဖြစ်ကြောင်း သူမ မရှိတော့တဲ့ နောက်ပိုင်း နောင်တရ ကြေကွဲရတဲ့ အချိန်တွေမှာ သတိပြု သိရှိရခဲ့တယ်။

ဟိုအရင်တုန်းကဆိုရင် သူမဟာ သူမရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓါတ်ကို အေးချမ်းတဲ့ ချစ်ခြင်း မေတ္တာတရားတွေနဲ့ အနားကွပ်ထားလေ့ရှိတယ်။ သူမချစ်တဲ့ မြေးတွေ နဲ့ အတူနေရတဲ့ အချိန်တွေဟာ အမြဲတမ်း လန်းဆန်းလှပနေတယ်။ သူမစုဆောင်းထားသမျှ ပိုက်ဆံ ကျပ်တန်အသစ်ကလေးတွေနဲ့ အကြွေတွေဟာ သူ့မရဲ့ မြေးတွေ သုံးစွဲဖို့ ပဲ ဖြစ်ခဲ့တယ်။

ဒါပေမယ့် ကြည်နူးနေရတဲ့ သူမရဲ့ဘဝဟာလည်း သူမရဲ့ မြေးအကြီးဆုံးက အတောင်အလက်တွေစုံလို့ အသိုက်အမြုံကို မစွန့်ခွာခင် အထိပေါ့လေ။ ညစဉ် ဓမ္မစကြာရွတ်ပြီး မြေးကလေးကို ငါးရာငါးဆယ် ဇာတ်နိပါတ် ပုံပြင်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ၊ ဒုတိယ ကမ္ဘာစစ်အတွင်းက ရုရှား၊ဟစ်တလာ အကြောင်းတွေ၊ သီပေါမင်း ပါတော်မူပုံတွေကို ပြောပြတတ်တဲ့ အဘွားအိုဟာ သူမရဲ့မြေးမရှိတဲ့ နောက်ပိုင်း မြေးရဲ့ နာမည်ကိုသာ တသသ တမ်းတမ်းတတ ဟစ်ကြွေး အော်ခေါ်ပြီး နောက်ဆုံး ဘဝမီးအိမ် ချုပ်ငြိမ်းခဲ့တယ်။

အဘွားရဲ့ ဘဝအတွေ့အကြုံနဲ့ ရင်းပြီး ရလာတဲ့ သင်ခန်းစာကို မြေးဖြစ်တဲ့ ကျွန်တော် ရလာခဲ့တယ်။ နောင်မှ တတတ်ကြတဲ့ နောင်တပါ။ တခါတရံ အပြင်လောက က အဘွားအိုတွေကို စကားပြောခွင့် ကြုံတွေ့လာတဲ့အခါ ဘဝတပါးကို ပြောင်းသွားပြီ ဖြစ်တဲ့ ကိုယ့် အဘွားကို သေသေချာချာ အချိန်ပေး စကား မပြောနိုင်ခဲ့ရပါလားလို့ တွေးတောမိပြန်တယ်။

အသိညာဏ်ရင့်ကျက်သည့်အခါမှ အတိတ်က အရာများ ကိုပြန်လည် ဆင်ခြင် သုံးသပ်သည့်အခါ သင်ခန်းစာဆိုသည်မှာ နောင်တ တရားများ အပေါ်တွင် အခြေခံ၍ ပေါက်ဖွားလာတတ်သည့် ဓမ္မတာရှိသည်ကို လက်တွေ့ကျကျ နားလည်သဘောပေါက်ခဲ့သည်။ သို့ပေသည့် ကျွန်တော်သည် ခေတ်ကာလ၏ ပဲ့ကိုင်ရာ ဘဝရေစီးထဲမှာ စီးမျောနေဆဲပဲ။

ဘဝမြစ်ပြင်ကျယ်၏ ကမ်းနား သောင်ပြင် နေရာ ဒေသအနှံ့တွင် ကွန်းခို နားစက် ခဲ့ဖူးသည်။ ကြုံရာကျပန်း နေခဲ့သည်။ ပလက်ဖောင်းဘေးမှာ ဖိနပ်ခေါင်းခုအိပ်ဖို့ ကြုံလာရင် ဖိနပ်ခေါင်းခုအိပ်ခဲ့သည်။ အဆင့်မြင့်ဟိုတယ်ပေါ်တက် ဆယ်လကိုးသီတင်း အခန့်သား နေဖို့ ကြုံလာတော့ နေခဲ့လိုက်သေးတာပဲ။ သို့သော် ကိုယ်ကြီးပြင်လာခဲ့ရသော အိမ်နှင့် ဝန်းကျင်ကို လွမ်းသည့် စိတ်က နှလုံသား ထောင့်တစ်နေရာတွင် အမြဲကိန်းအောင်းနေသည်။ မြန်မာယဉ်ကျေးမှု အရိပ်အာဝါသအောက်တွင် ကြီးပြင်းလာခဲ့ရသည့်အတွက် မိဘနှင့် အတူနေရသည့် ဘဝကို တမ်းတမိသည်။

ငယ်ရွယ်စဉ်က ပျိုရွယ်မှုတန်းဖိုးကို အသက်ကြီးသည့်အခါမှ သိရသည်။ မိဘနှစ်ပါး၏ ကျေးဇူးတရားများကို အနေဝေးမှ သိရသည်။ ကျွန်တော်၏ မိဘနှစ်ပါးသည် ပညာ အမွေကို သာပေးနိုင်ခဲ့သည်။ သူတို့သည် မြန်မားရိုးရာ ရှေးရိုးစွဲ ထုံးတမ်းအစဉ်အလာများနှင့် ညီစွာ သားသမီးများကို ပျိုးထောင်ပေးခဲ့သည်။

ငယ်စဉ်က ဖိနပ် လျှပ်တိုက်စီးလို့ အသံထွက်လျှင် အဆူခံ အပြောခံရသည်။”ဟဲ့.. ဖိနပ် လျှပ်တိုက် မစီးနဲ့။ အသံမထွက်အောင် လမ်းလျှောက်ရတယ်” လို့ အမေက အော်သည်။ ထမင်းအိုးထဲမှ ထမင်းခူးတာ ပုံစံ မမှန်လျှင် အဖေက “ထမင်းခူးတာ အပေါ်ယံလေး ရှပ်မခူးရဘူး။ နောက်လူတွေက ဂျိုးတွေ စားနေရမှာပေါ့” လို့ ဆူပြန်သည်။ တဖန် အဘွားက “ထမင်းစားရင် လက်မစုပ်နဲ့။ ပြတ် ပြတ် ပြတ် လို့ အသံမထွက်စေနဲ့” လို့ သင်ပြန်တယ်။

အဖေသည် ပိုပြီး စည်းကမ်းတင်းကျပ်လေ့ရှိသည်။ စေ့စေ့ပေါက်ပေါက် အသေးစိတ်ကလေးကအစ အတိန်းအစောင်း မခံ။ မိဘတို့၏ သဘောသဘာဝ အတိုင်း သားသမီးတို့ကို အကောင်းတကာ့ အကောင်းဆုံးသာ ဖြစ်စေချင်သည်။ အတောင် အလက်စုံလင်စွာ အမြင့်တွင် ပျံသန်းနေကြသည်ကို မြင်တွေ့လိုသည်။

အဘွား၏ အမူအကျင့် နှင့်ခံယူချက်တို့ အဖေနဲ့ အဖေ့အစ်ကို တို့တွင် ပါလာခဲ့သည်။ ထို့နောက် အဖေခံယူချက်များလည်း ကျွန်တော့်တွင် ပါလာခဲ့သည်။ အဖေသင်ပေးခဲ့သော အင်္ဂလိပ်စာ လက်ရေးလှရေးနည်းသည် အလွန်အဖိုးတန်ခဲ့သည်။ အဖေသည် လွန်စွာမှ မာနကြီးသည်။ ဘယ်သော အခါမှ အခြားလူထံ လက်ဖြန့် အကူအညီ မတောင်း။ ချမ်းသာသော အမျိုးအဆွေ များနှင့်လည်း ခပ်တန်းတန်းနေသည်။ အဖေက “ငါက အကူအညီလိုချင်လို့ ကပ်တယ် ထင်နေလိမ့်မယ်” ဟု ဆိုသည်။ ရုတ်စွအဆုံး ရန်ကုန်တွင် နေသော သူ့အစ်ကိုနှင့်လည်း အဆက်အဆံမလုပ်။ သူ့အစ်ကိုကလည်း သူ့အမေ ကျွန်တော် အဘွားနှင့် အဖေတို့ကို အဆက်အသွယ် မလုပ်။ ကျွန်တော့် အမြင်တွင် သူတို့သည် ညီအစ်ကို အရင်း မဟုတ်ကြတော့။ တစိမ်းပြင်ပြင်များ ဖြစ်ကြသည်။ အနှစ် နှစ်ဆယ်အတွင်း အဖေ့အစ်ကို ကို ကျွန်တော် တစ်ခါသာ တွေ့ဖူး မြင်ဖူးလိုက်သည်။ အဘွားဆုံးတော့လည်း သူပေါ်မလာခဲ့။ အဖေသည် ကျွန်တော် အပေါ်တွင်လည်း မာနကြီးခဲ့သည်။ ကျွန်တော် ဆယ်တန်းကျောင်းသား ဘဝတွင် အဖေနှင့် ကျွန်တော် စကား အခြေအတင် ဖြစ်ကြသည်တွင် “အေး..ငါက မင်းကောင်းစားစေချင်လို့ စာကြိုးစားခိုင်တာ….မင်းကြီးပွားချမ်းသာလို့ အောင်မြင်ရင် မင်းဆီက ခိုကပ်စားမယ်လို့ ထင်မနေနဲ့။ သားသမီးလုပ်စာ ဘယ်တော့မှ မမျှော်လင့်ဘူး” လို့ ပြောခဲ့သည်။ ယနေ့ အချိန်ထိ အဖေသည် မာနကြီးဆဲ။

ကျွန်တော် ငယ်စဉ်က အဖေသည် မြင်းလှည်းမောင်းသည်။ အမေက ကိုင်းတန်းဈေးထဲတွင် သရက်သီးရောင်းသည်။ အဖေ့ မြင်းဇောင်းက အိမ်နောက်ဖေး သပြေပင်ကြီးအောက်တွင်ရှိသည်။ အဖေရော အမေရော အိမ်မှာရှိသည့် အချိန် ကျွန်တော်က တံပျက်စည်း ရိုးတံကို ရွှေဘိုမြင်း လုပ်တန်းကစားတော့ အမေက အရမ်းရီခဲ့သည်။ ထိုအကြောင်းကို ယနေ့တိုင် ပြော၍ မပြီးတော့။ “ငါ့သား မင်း အဖေ မြင်းလှည်းမောင်းတုန်းက မင်း က ရွှေဘိုမြင်းလို ခုန်ပြီး ကစားတာလေ…”လို ခဏ ခဏပြောသည်။ ကျွန်တော်မှာ အမေပြောမှသာ သိရသည်။

နောက်တော့ အဖေ မြင်းလှည်းမောင်းတာ အဆင် မပြေဘူးထင်ပါရဲ့။ ပုလိပ် ချည်မျှင်စက်သို့ သာမန်အစိုးရ ဝန်ထမ်းအဖြစ်ရောက်သွားသည်။ မနက်ခင်း အလင်းရောင် မထွက်သေးခင် အဖေသည် အိမ်မှ ထွက်ခါ အနောက်ပြင် ပေါက်ပေါက်တန်းရပ်မှ ဈေးချို စစ်ကိုင်း ကားဂိတ်အထိ ဘတ်စကား အမှီ လှမ်းလျှောက်သွားရသည်။ အိမ်ပြန်ရောက်တော့လည်း မိုးစုန်းစုန်း ချုပ်လို့။ ထိုစဉ်က အမေနှင့် အဖေ စကားများ ၍ အမေက သူ့အဖေ ကျွန်တော့် အဘိုးအိမ် သွားနေသည်။ ကျွန်တော်က အဖေ့ အမေ၊ ကျွန်တော့် အဘွားနှင့်သာ နေခဲ့သည်။ အဖေက အိမ်မှာ လူကြီးသူမ မရှိသည့် အချိန်တိုင်းတွင် အိမ်တံခါးကို အမြဲပိတ်ထားရန် မှာလေ့ရှိသည်။ ထိုအလေ့ အကျင့်မှ စ ၍ ကျွန်တော်တို့ အိမ်တံခါးမကြီးသည် ကျွန်တော် ကြီးလာသည်အထိ အမြဲလိုလို ပိတ်ထားသည့် အကျင့်ဖြစ်သွားခဲ့သည်။

အထက်တန်း ကျောင်းသား ဘဝတွင် သူငယ်ချင်းများက “မင်းတို့ အိမ်က ဟို…အမြဲ တံခါးပိတ်ထားတဲ့ အိမ်ကြီးလား”လို့ မေးတတ်ကြလေ့ရှိသည်။

ထို့ကြောင့် ကျွန်တော့် ငယ်စဉ် အတိတ်က အကြောင်းများကို ပြန်စဉ်းစားမိတိုင်း အနီရောင် အိမ်တံခါး သစ်သားတိုင်များ အကြားမှ အပြင်လောကကြီး၏ လွတ်လပ်မှုကို မပြတ်တမ်းငေးမောနေလေ့ရှိသည့် ကလေးလေးတစ်ယောက်၏ မျက်လုံးအစုံကို အမြဲတမ်း မြင်ယောင်နေမိသည်။ ထိုစဉ်ကစ၍ အချုပ်အနှောင်နှင့် အတွယ်အတာ မွန်းကျပ်သည့် ဘဝကို ကြောက်ရွံ့ မုန်းတီးခဲ့သည်။

ကျွန်တော်တို့ ရပ်ကွက်သည် သာမန် လူတန်းစားများသာ နေထိုင်ကြသည်။ ရုပ်မြင်သံကြား ပေါ်သည့် ခေတ်တွင် မည်သူတစ်ဦးမျှ မဝယ်နိုင်ကြသေး။ အခြားရပ်ကွက်သို့ သွားကြည့်ရသည်။ သစ်သားအိမ်လေးနှင့် ရုပ်မြင်သံကြားကို ပိုင်ဆိုင်ထားသော ဦးဟန်ဘော်သည် ရပ်ကွက် အနီးအနားတဝိုက်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။ ထိုစဉ်က ရုပ်မြင်သံကြား ကြည့်ရန် ဝင်ကြေး တစ်မတ် ပေးရသည်။ အနံ့အသက် ပေါင်းစုံ၊ ကလေးငိုသံ၊ ဆူသံ၊ ဆဲသံတွေ အကြား၊ နေကြာစေ့ထုပ်ကိုယ်စီနှင့် ဘဝအမော ဖြေကြသည်။ ပူနောင် ပူနောင်ဟူ ၍ မြန်မာ့ ဆိုင်းသံနှင့်အတူ ည ရှစ်နာရီ သတင်းကြေငြာချိန် ဆိုလျှင် ရုပ်မြင်သံကြားကြည့်သူတို့ အလျိုလျို အနားယူ၊ ခြေလက် ဆန့်ကြသည်။ ထိုအခါကြမှ ကလေးငယ်များ ငိုရန် သတိရကြသည်။ အပျို အအို၊ ကလေး လူကြီး စုံနေအောင်ကြည့်ကြသည်။ ထိုစဉ်က ကျွန်တော်က ကလေးအတန်းအစားဝင်။ သို့ရာတွင် ပရိသတ်အားလုံးက လူကြမ်းနှင့် ဇာတ်လိုက် ရန်ဖြစ်လျင် ဇာတ်လိုက်ဘက်မှ ပါဝင်အားပေးကြသည်။ လူကြမ်းကို ဆူပူ ကြိမ်းမောင်းကြသည်။ ပရိတ်သတ်သည် ရိုးသားစွာ ရုပ်ရှင်ဇာတ်လမ်း အပေါ် စီးမျောရင်း ရိုးသားစွာတုံ့ပြန်ကြသည်။ ကျွန်တော်တို့သည် သာမန်ရပ်ကွက်ကလေးတစ်ခုမှ ရိုးရှင်းသော မိသားစုဝင်များ ဖြစ်ကြသည်။